လူရုပ်သွင်များနှင့် ရုပ်တုကလေးများ (၂)
(ပန်းကရာ့စ်)
ထောင်တွင်း၌ ဘ၀နှစ်မျိုးရှိသည်။ တမျိုးကား အကျဉ်းစခန်းများတွင် ပိတ်လှောင်ထားခြင်း ခံရလျက်၊
တကမ္ဘာလုံးနှင့်လည်း ပြတ်ပြတ်သတ်သတ် ကြီး ဖြတ်တောက်ခြင်း ခံနေရသည်။ သို့စဉ်လျက် နိုင်ငံရေးသမားသာဆိုလျှင်၊ ထိုကမ္ဘာကြီးနှင့် ရင်းနှီးစွာ ဆက်သွယ်မိနေသော ဘဝပင်ဖြစ်သည်။ အခြားဘဝတ မျိုးကား၊ အကျဉ်းစခန်းများ၏ အပြင်ဘက်၊ ရှည်လျားသော စင်္ကြံအူကြောင်းများတလျောက်၊ မလင်းတဝက် လင်းတဝက်ဖြင့်ရှိသော သီးသန့်ကမ္ဘာတရပ်ဖြစ်လေ သည်။ ယူနီဖောင်း ဝတ်ထားသော ဘဝလည်းဖြစ်၍ လောကနှင့် အဆက်ပြတ်နေလိုက်သည်မှာ အကျဉ်းခန်းတွင်းမှ ဘဝထက်ပင်ဆိုးသေးသည်။ ဤသည်ကား ရုပ်ထုကလေး အမြောက်အများ၊ လူရုပ်သွင်အငယ်စားများဖြင့် ပြည့်နေသောကမ္ဘာ ဖြစ်လေသည်။ ထိုအကြောင်းကို ကျနော်ပြောပြလိုသည်။
ထိုကမ္ဘာတွင် ကိုယ်ပိုင် သဘာဝဗေဒလည်း ရှိသည်။ ကိုယ်ပိုင်သမိုင်းပင် ရှိသည်။ ဤဗေဒ၊ ဤသမိုင်းများသာ မရှိခဲ့ပါမူ ကျနော်သည် ထိုလောကကို နက်ရှိုင်းစွာ သိကျွမ်းခဲ့မည်မဟုတ်ပေ။ ကျနော်တို့ဘက်သို့ လှည့်ထားသော ဇာတ်စင်မြင်ကွင်း၊ ၎င်း၏ အပေါ်ယံကြောများ၊ စသည်တို့ကိုသာ မြင်တွေ့ခဲ့ရမည် ဖြစ်လေသည်။ ဤသည်တို့အား အမြင်အားဖြင့် မြဲမြံသည်၊ ခိုင်ခန့်သည်၊ အကျဉ်းခန်းတွင့်၌ နေကြရသူတို့အား ဖိနှိပ်နေသည့် သံလုံးကြီးများသဖွယ်သာ ဖြစ်နေပေ လိမ့်မည်။ လွန်ခဲ့သောတနှစ်က၊ လွန်ခဲ့သောခြောက်လက ဆိုလျှင် ဤသို့သာမြင်နေခဲ့ ရသေးသည်။ ယခုသော် အပေါ်ယံအလွှာကား အက်ကွဲရာများဖြင့် ပြည့်နေ လေပြီ။ ထိုပတ်ကြားအက်ရာများ အကြားမှာလည်း မျက်နှာများပြူ၍ နေကြပြီ။ ထိုမျက်နှာများကား သနားစဖွယ်လည်းရှိသည်။ သောကများသည်လည်း ရှိသည်။ ရယ်စရာလည်း ရှိသည်။ အမျိုးပေါင်းစုံလှသော်လည်း အမြဲပင် လူသတ္တဝါ၏ အသွင်အပြင်ကို ဆောင်နေကြသည်။ အုပ်စိုးသောစံနစ်၏ အကြပ်အတည်းများသည် ဤမှုန်သီသော ကမ္ဘာတိုင်းသားအပေါ် ဖိစီး၍လာလျက်၊ သူတို့၏ ကိုယ်တွင်းမှ လူဆန်သော အရာဟူသ၍ကို အလင်းရောင်သို့ ညှစ်ထုတ် ဖေါ်ပြလာသည်။ ဤလူ ဆန်သောကိစ္စတို့သည် အချို့သူများ၌ နည်းပါးလှသည်။ အချို့တွင်ကား အနည်းငယ်ပိုမိုတက်သည်။ ဤသို့ အနည်းအများကွာခြားခြင်းသည်ပင်လျှင်၊ သူတို့အား တယောက်နှင့်တယောက် ခြားနားစေသည်။ မူကွဲစေသည်။ သူတို့အကြားတွင် ကျပ်ပြည့်ဒင်းပြည့် လူသားအစစ်များကိုပင် ခင်ဗျားရှာ၍ တွေ့ကောင်းတွေ့မည်။ သို့သော် ဤသို့သောသူများသည် ခင်ဗျားရှာနေသည် အထိပင် စောင့်မနေကြ။ သူတို့ကား ကိုယ်တိုင်အကြပ်အတည်းအတွင်းသို့ ကျရောက်မှ၊ အကြပ်အတည်း တွင်းသို့ရောက်နေသော အခြားသူများကို ကူညီတက်သည့် လူစားမျိုးမဟုတ်ကြပေ။
ထောင်ဟူသည်ကား ရွှင်မြူးဖွယ်ရာမကောင်းသော ဌာနတခု ဖြစ်လေသည်။ သို့သော် အကျဉ်းခန်းများ၏ အပြင်ဘက်မှ ကမ္ဘာသည် အကျဉ်းခန်း အတွင်းရှိ ကမ္ဘာထက်ပင် ပို၍ စိတ်မချမ်းသာစရာ ကောင်းသည်။ အကျဉ်းခန်းများ အတွင်း၌ မိတ်ဆွေရင်းချာစိတ်များရှိသည်။ မိတ်ဆွေစိတ်မှ နည်းနည်းနောနော မိတ်ဆွေစိတ်မဟုတ် ရှေ့တန်းစစ်မျက်နှာတွင် အန္တရာယ်များကို ကာလရှည်စွာ ရင်ဆိုင်နေရသည့်အချိန်၊ ယနေ့ခင်ဗျား၏အသက်က ကျနော်၏ လက်တွင်းသို့် ရောက်၊ နက်ဖြန် ကျနော်၏ အသက်က ခင်ဗျား၏လက်တွင်းသို့ရောက်သော အချိန်အခါမျိုးတွင် ဖွဲ့နွဲ့လေ့ရှိသော မိတ်ဆွေရင်းချာစိတ်ဓာတ်မျိုး ဖြစ်လေသည်။ ဤအုပ်ချုပ်ရေးစံနစ်၏ ဂျာမန်ထောင်စောင့်များအကြားတွင်ကား မိတ်ဆွေ စိတ်ဓာတ်ဟူ လွန်စွာခေါင်းပါးလှသည်။ ရှိလည်းမရှိနိုင်ပေ။ သူလျှိုသတင်းပေးများဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်သည် ၎င်းတို့အား ဝိုင်းရံနေသည်။ တယောက်နောက်တယောက်လိုက်၍ ချောင်းကြသည်။ ဂုန်းချောကြသည်။ အလုပ်သဘောအ ရသာ တယောက်နှင့်တယောက် “ ရဲဘော်”ဟုခေါ်ကြသော်လည်း၊ ထို “ရဲဘော်” ၏ ရှေ့တွင်ပင် သတိထားနေရသည်။ လူတိုင်းလူတိုင်း အဖော်မပါပဲ တယောက် တည်း နေကြသည်။ ၎င်းတို့အနက်မှ အကောင်းဆုံးသောသူများကား၊ အဖေါ်အပေါင်း မိတ်ဆွေကောင်းမရှိပဲ မနေတက်။ မနေတက်လျှင် ထိုမိတ်ဆွေများကို လိုက် လံရှာဖွေကြသည်။ အကျဉ်းခန်းများ အတွင်း၌ပင် ရှာဖွေကြရပြန်သည်။
ကျနော်တို့သည် အတော်ကြီးကြာသည်အထိ သူတို့၏ နာမည်အရင်းများကို မသိခဲ့ရပေ။ နာမည်များကိုသိရန်ကား အရေးကြီှးလှသည်မဟုတ်။ ကျနော်တို့အချင်းချင်း အနေနဲ့မူ သူတို့အားနာမည်ပြောင်များဖြင့် ခေါ်ဝေါ်နေခဲ့ကြသည်။ အချို့ နာမည်ပြောင်များကို ကျနော်တို့ကိုယ်တိုင် မှည့်ကြသည်။ အချို့ကို ကျနော်တို့အရင် ဤနေရာများတွင် နေသွားသောသူတို့က ကင်ပွန်းတပ်ခဲ့ကြ၍၊ အကျဉ်းခန်းတွင် ဓလေ့မပျက်ကျန်နေခဲ့သည်။ အချို့သော ထောင်စောင့်တို့ကား အကျဉ်းခန်းတခန်းတွင် နာမည်တမျိုးရနေသည်။ ဤသည်ကားပျမ်းမျှခြင်း သာမန်အမျိုးအစားဖြစ်သည်။ ငါးလဲမဟုတ်၊ ဂဏန်းလဲမဟုတ်။ ဤတနေရာတွင် နံနက် စာပို၍ပေးသည်။ ဘေးအခန်းတွင်မူ မျက်နှာကိုလက်သီးနှင့်ထိုးသည်။ အကျဉ်းသမားများနှင့် ဆုံဆည်းရသောအချိန်မှာ စက္ကန့်အနည်းငယ်မျှသာ ဖြစ်သော်လည်း၊ ထိုအခိုက်အတန့်ကလေးသည် အကျဉ်းခန်း၏ အမှတ်သညာတွင် မြဲမြံစွာစွဲသွားသည်သာ ဖြစ်လေသည်။ သို့နှင့် တဘက်သတ်အမြင်၊ တဘက်သပ်နာမည်ပြောင်များ ပေါ်ပေါက်လာရလေသည်။ တခါတရံတွင်ကား အကျဉ်းခန်းများသည် နာမည်ပြောင်ရွေးချယ်ရာ၌ သဘောတူညီမှုရကြသည်၊ ဤသို့သော နာမည်ပြောင်မျိုးရ သူကား ပိုမို၍ပြတ်သားသည့် အကျင့်င်္အါများရှိသူတည်း။ ဤသို့ လုပ်လျှင်လုပ်သည်။ မလုပ်လျှင် ထိုသို့လုပ်သည်။ ကောင်းလျှင် ကောင်းသည်၊ မကောင်းလျှင် ဆိုးသည်။
ဒီပုံစံတွေကို ကြည့်စမ်းပါ။ ဒီရုပ်တုကလေးတွေကို ကြည့်လိုက်စမ်းပါ။ ၎င်းတို့ကား ခြေချော်လက်ချော် မတော်တဆ စုမိနေကြသည်မဟုတ်။ ဤသည် တို့ကား နာဇီဝါဒ၏ နိုင်ငံရေးတပ်မတော်မှ တစိတ်တပိုင်းဖြစ်လေသည်။ လက်ရွေးစင် ရွေးထားသူများဖြစ်သည်။ အုပ်စိုးသော စနစ်၏မဏ္ဍိုင်များဖြစ်သည်။ ထိုစနစ် ၏ လူမှုရေးအဆောက်အအုံကို ပင့်ထားသည့် ထောက်တိုင်ကြီးများ ဖြစ်လေသည် .....
....... ....... ....... ....... ....... ....... ....... ....... ....... ....... ....... .......
“သူနာပြု”
အရပ်မြင့်မြင့်၊ ၀၀ဖိုင့်ဖိုင့်၊ အသံခပ်ပြာပြာနှင့် “အက်ဆက်စ်အရံတပ်သား” ရွစ္စ ဆိုသူဖြစ်သည်။ ယခင်က ကောလုံမြို့စာသင်ကျောင်း တကျောင်းတွင် ကျောင်းစောင့်လုပ်ခဲ့ဘူးသည်။ အခြားအခြားသော ဂျာမန်စာသင်ကျောင်းစောင့်များ၏နည်းတူ သူသည်လဲ ပထမသူနာပြုစုခြင်းသင်တန်းကို တက်ခဲ့ဖူးသည်။ ထို့ ကြောင့် တခါတရံတွင် ထောင်တွင်းဗိန္ဓောဆရာ၏ နေရာသို့ဝင်၍ အစားထိုးရသည်။ ပန်းကရာ့စ်ထောင်တွင် ကျနော်ပထမဆုံးဆက်ဆံရသူဖြစ်သည်။ သူသည် ကျနော့်အား အကျဉ်းခန်းထဲသို့ဆွဲသွင်း၊ ကောက်ရိုးမွေ့ရာပေါ်သို့တင်၊ ဒဏ်ရာများကိုဆေးထည့်ပေး၍ ပတ်တီးများကို ပထမဆုံးအကြိမ် စည်းနှောင်ပေးသည်။ သူ သည် ကျနော်သေမသွား၇န် အကယ်ပင် အကူအညီပေးခဲ့သည်ဟု ထင်စရာအကြောင်းရှိသည်။ ဤကောင်းမှုသည် ဘာကိုညွှန်ပြသနည်း။ လူစိတ်ကြောင့် ဤသို့ ပြုသလော။ သို့ဟုတ် သူနာပြုသင်တန်းတက်ခဲ့ခြင်းကြောင့်လော။ ဤသည်ကိုမူ ကျနော်မဖြေတတ်။ သို့သော် အဖမ်းခံရသော ဂျူးများ၏သွားများကို ရိုက်ချိုး၍ ထို သူတို့အားဆား သို့မဟုတ်သဲတဇွန်းမောက်မောက်ကို ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာပျောက်သည့်ဆေးအဖြစ်ဖြင့် ဇွတ်အတင်းမြိုချခိုင်းတတ်သည်။ ထို အခါ၌ သူ့ကိုယ်တွင်းမှ ပေါ်ပေါက်လာသည်ကား စင်စစ်အားဖြင့် နာဇီဝါဒပင် ဖြစ်ပေသတည်း။
“ဖိုးစပ်စု”
ဘူဂ်ျယောဗစ်စဲမြို့၊ ဖေဘီယန်ဘီယာချက်ရုံတွင် မြင်းလှည်းမောင်းသမားအဖြစ် အလုပ်လုပ်ခဲ့ဘူးသည်။ အတွင်းသဘော ကောင်းသည်၊ စကားကြော ရှည်သည်။ အကျဉ်းခန်းတွင်းသို့ ပြုံးပြုံးရွှင်ရွှင်ဝင်လာတတ်သည်။ စားစရာများယူလာတတ်သည်။ မည်သူတဦးတယောက်ကိုမျှ အန္တရာယ်ပြုလေ့မရှိ။ ထို့ကြောင့် တံခါးအပြင်ဘက်တွင် တနာရီကုန်တနာခန်းရပ်လျက်၊ အကျဉ်းခန်းအတွင်း ဘာများပြောဆိုနေကြသည်ကို တိတ်တဆိတ်နားထောင်တတ်သည်။ ဘာမဟုတ်သော သတင်းအစအနကလေးများကိုပင် အထက်အရာရှိထံ ပြေး၍တိုင်တတ်သည်ဟူသော အကြောင်းများကို ခင်ဗျားယုံနိုင်မည်ပင် မဟုတ်ပေ။
ကော့ကလာရ်
သူလဲ ဘူဂ်ျယောဗစ်စဲမြို့၊ ဘီယာချက်စက်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသည်။ ထောင်အမှုထမ်းများတွင် သူတို့နှစ်ယောက်သာမက၊ ဆူဒက်တီဒေသမှ အခြားဂျာမန်အလုပ်သမားများလဲ ရှိကြသေးသည်။ “အလုပ်သမားတယောက်က ပုဂ္ဂိုလ်တဦးအနေဖြင့် ယူဆခြင်း၊ လုပ်ကိုင်ခြင်းတို့ကား အရေးမကြီးလှ။ အလုပ်သမားများက သမိုင်းလာတာဝန်ကိုထမ်းဆောင်ရန် လူတန်းစားတရပ်အနေဖြင့် လုပ်ရမည့်လုပ်ငန်းသာလျှင် အဓိကဖြစ်လေသည်” ဟု တခါက မာ့က်စ်ရေးသားခဲ့ဘူးသည်။ ဤနေရာသို့ရောက်နေကြသော အလုပ်သမားများကား မိမိတို့၏ လူတန်းစားတာဝန်ဟူ၍ ဘာကလေးတခုမျှ အကယ်ပင်မသိကြပေ။ ထိုလူတန်းစားမှ ဖဲ့၍အထုတ်ခံထားကြရသည်။ ထိုလူတန်းစားကို ရင်ဆိုင်ရသည့်နေရာတွင် ရောက်နေကြသည်။ သဘောတရားရေးအရဆိုလျှင်လဲ လေထဲတွင် မျောက်သစ်ကိုင်းလွတ် ဖြစ်နေကြသည်။ နောင်တွင်လဲ လေထဲ၌ တွဲလောင်းခိုကြရမည့် အလားအလာများ ရှိနေကြလေသည်။
သူသည် စားပေါက်ချောင်ရန် နာဇီပါဒသို့ ချဉ်းကပ်ခဲ့သည်။ သို့သော် ဤကိစ္စမှာ သူထင်သည်ထက် ပိုမိုရှုပ်ထွေးနေသည်ကို တွေ့ရသည်။ ထိုအချိန်မီ စ၍ မပြုံးတက်မရယ်တက်တော့။ နာဇီဝါဒ အနိုင်ရလိမ့်မည်ဟု အလောင်းကစားပြုခဲ့သည်။ ယခုသော် မြင်းသေပေါ် ငွေပုံမိကြောင်းမှာ ထင်ရှား၍ လာလေသည်။ ထိုအချိန်မှစ၍ စိတ်များသည် ဂယောင်ချောက်ချား ဖြစ်ကုန်လေသည်။ ညဥ့်အချိန်တွင်၊ ဖိနပ်အပျော့များ စီးလျက် စင်္ကြံများတလျှောက် တကိုယ်တည်း ပတ္တရောင် လှည့်ရသည်။ ထိုအခါမျိုးတွင် မိမိ၏ ညစ်ညူးသော စိတ်ကူးစိတ်သန်းတို့မှ သဲလွန်စများကို ဓာတ်မီးအုပ်ဆောင်းများပေါ်ရှိ ဖုံမှုန့်များထဲ၌ အမှန်မထင် ချန်ထားခဲ့မိ လေသည်။
“ အားလုံးအိမ်သာပြွန်ထဲ ရောက်ကုန်ပြီ” ဟူ၍ထိုနေရာတွင် ကဗျာဆန်ဆန်ရေးကာ၊ မိမိကိုယ်ကို မိမိသတ်သေရန် စိတ်ကူးနေလေသည်။
နေ့ခင်းပိုင်းတွင် စူးရှသော အလောသုံးဆယ် အသံကြီးဖြင့် ဟစ်အော်ရင်း၊ အကျဉ်းသမားများကိုသာမက၊ ထောင်စောင့်များကိုပါ မာန်မဲဆူပူနေတက် သည်။ သည်နည်းဖြင့် မိမိ၏ကြောက်စိတ်ကို ဖြေနေလေသည်။
“ရစ္စလဲရ်”
ပိန်ပိန်ရှည်ရှည်၊ အသံသြ အသံကြမ်းကြီးနှင့် လူတယောက်ဖြစ်သည်။ ဤနေရာတွင် သူ့လို တကယ်တမ်း ဟက်ဟက်ပက်ပက် ရယ်နိုင်သူများ အတော်ပင် ခေါင်းပါးသည်။ ယာဘလောနဲ့စ် မြို့ နယ်မှ အထည်စက်အလုပ်သမား တယောက် ဖြစ်သည်။ အကျဉ်းခန်းထဲသို့ ဝင်လာ၍ ဆွေးနွေးတက်သည်။ တနာ ရီကုန် တနာရီခန်း ဆွေးနွေးတက်သည်။
“ ကျုပ်ဒီကို ဘယ့်နှယ့်လုပ်ပြီးရောက်လာတယ် ဟုတ်လား။ ဆယ်နှစ်လုံးလုံး အလုပ်ဆိုလို့ ဟုတ္တိပတ္တိဘာမှ မရှိခဲ့ဘူး။ တအိမ်ထောင်လုံးအတွက် တ ပါတ်ကို အရောင်းနှစ်ဆယ် - ဒါလောက်ပိုက်ဆံလေးနဲ့ ဘာသွားလုပ်ရမှာလည်း။ နောက်သူတို့ ရောက်လာကြတယ်၊ မင်းကိုအလုပ်ပေးမယ်၊ ဒို့နဲ့လိုက်ခဲ့တဲ့။ လိုက် သွားတာပေါ့ - အလုပ်လည်းရလာတယ်။ ကျုပ်အတွက်လည်း အလုပ်ရတယ်။ တခြားလူတွေ အားလုံးလည်းအလုပ်ရတယ်။ အခုတော့ စားနိုင်တယ်၊ သောက်နိုင် တယ်၊ နေနိုင်တယ်၊ ထိုင်နိုင်တယ်။ ဆိုရှယ်လစ်စနစ်လား။ အေးလေ...ဆိုပါတော့ ဆိုရှယ်လစ်စနစ်တော့ မဟုတ်ဘူးပေါ့။ ကျုပ်ကဒီလိုဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ အခုခေတ်က အရင်ခေတ်ထက်တော့ ကောင်းတယ်။”
“ မကောင်းဘူး၊ ဟုတ်လား။ စစ်ကြီးကို ပြောတာလား။ ကျုပ်ကစစ်ကို လိုလားတာ မဟုတ်ပါဘူး။ တခြားလူတွေ မသေစေ့ချင်ပါဘူး။ ကျုပ်လိုချင်တာ က ကျုပ်အသက်ရှင်ပြီး နေနိုင် ထိုင်နိုင်ဖို့”
“ ကျုပ်ကြိုက်ကြိုက် မကြိုက်ကြိုက် လူတွေ မသေသေအောင် ကျုပ်ကကူညီပေးနေတယ်လို့ ဆိုတာလား။ ကျုပ်ဘာတက်နိုင်လို့လဲ။ ကျုပ်ဒီက ဘယ် သူ့ကိုများ ဒုက္ခပေးခဲ့လို့လဲ။ ကျုပ်ဒီကထွက်သွားပြီ ဆိုပါတော့။ ကျုပ်နေရာကို တခြားလူတယောက် ရောက်လာမှာပဲ။ ကျုပ်ထက်ဆိုးရင်တောင်ဆိုးမယ်။ ဒီလိုလုပ် လို့ဘယ်သူ့အတွက် အကျိုးရှိသွာမှာလည်း။ စစ်ပြီးရင်တော့ ကျုပ်က စက်ရုံကိုပြန်မှာပဲ။”
“ ဘယ်သူနိုင်မယ်လို့ ခင်ဗျားထင်သလဲ။ ကျုပ်တို့မနိုင်ဘူး၊ ခင်ဗျားတို့နိုင်မှာတဲ့လား။ ဒါဖြင့်ကျုပ်တို့အတွက် ဘယ်နှယ့်လဲ။”
“ ဘာတဲ့ အဆုံးသတ်ရောတဲ့လား။ အလကားပေါ့လေ။ ကျုပ်တွက်နေခဲ့တာက တမျိုးကိုး - ” သို့နှင့် သူသည် ခြေလှမ်းရှည်ကြီးများကို ပေါ့တီးပေါ့ဆ လွှဲရင်း အခန်းတွင်းမှ ထွက်ခွာသွားလေသည်။
နာရီဝက်လောက် အကြာတွင်ပေါက်လာပြန်၍၊ ဆိုဗီယက်ယူနီယံတွင် အခြေအနေမှန်များ မည်သို့ရှိသနည်းဟု မေးမြန်းလေသည်။
“ သတ္တဝါ ”
ကျနော်တို့ ပက်ချက်နန်းတော်သို့ အစစ်ခံရန်သွာကြရမည် ဖြစ်၍၊ တနေ့သော နံနက်ခင်းတွင် ပန်းကရာ့စ် ထောင်အောက်ထက် ဗဟိုစင်္ကြံထဲ၌ စောင့်နေခဲ့ကြရပါသည်။ နေ့စဉ်နှင့်အမျှ ကျောဘက်၌ ဘာဖြစ်နေမှန်း မသိနိုင်ကြရန်၊ ထရံနားတွင် နဖူးများကိုကပ်လျက် ထုံးစံအတိုင်း မတ်တတ်ရပ်နေ ခဲ့ကြသည်။ ထို့နေ့တွင်ကား၊ ကျနော်မကြားဘူးသေးသော အသံတသံ နောက်ဘက်မှ ပေါ်လာပါသည်။
“ ငါဘာကိုမှ မမြင်ချင်ဘူး။ ဘာကိုမှ မကြားချင်ဘူး။ မင်းတို့ငါ့အကြောင်းကို ဘာမှမသိကြသေးဘူး။ တနေ့ငါ့အကြောင်းကို မင်းတို့သိလာလိမ့်မယ်။”
ကျနော်သည် အသံထွက်အောင်ရယ်လိုက် မိသည်။ ဤသို့သောပုံစံ အနေအထားမျိုးမှာ ဤစကားများနှင့် တကယ်ပင် အံ့ကိုက်နေပါသည်။ ဤစကားများကား “ စစ်သားကောင်းရွှိတ်” ဟူသော ဝတ္ထုမှ လက်ဖတင်နင် ဒူးဘ် ခေါ်၊ သနားစရာ ရူးကြောင်ကြောင် သတ္တဝါ၏ စကားများ ဖြစ်လေသည်။ ယခုထက်ထိ မည်သူ တဦးတယောက်မျှ အသံကျယ်ကျယ်လောင်လောင်နှင့် ဤပျက်လုံးကို မထုတ်ဝံ့ခဲ့သေးချေ။ သို့သော် တွေ့အကြုံများသည့် ဘေးမှ အဖေါ်က၊ တံတောင်ဖြင့် ခပ်ဖိဖိကလေး တွက်လိုက်ကာ၊ မရယ်မောရန် သတိပေးသည်။ ကျနော့် အထင်မှာ လွဲကောင်းလွဲနေမည်။ ပြက်လုံးပျက်သည့် အနေဖြင့် ပြောခြင်း ဖြစ်ချင်မှ ဖြစ်မည်။ အမှန်ကလည်း ပျက်လုံးပျက်နေသည် မဟုတ်။
ကျနော်တို့ နောက်မှနေ၍ ထိုစကားများကိုဆိုလိုက်သည့် အရာရှိကား အက်ဆက်စ် ယူနီဖောင်းဝတ်ထားသော လက်တဆုတ်ခန့် သတ္တဝါလေး တ ကောင် ဖြစ်လေသည်။ ရွှိတ်အကြောင်းကိုလည်း နည်းနည်းလေးမျှပင် သိပုံမရ။ လက်ဖတင်နင် ဒူးဘ် ကဲ့သို့ စကားပြောခြင်းမှာ စိတ်ဓာတ်အရ ဒူးဘ်နှင့် သူနှင့် အ မျိုးချင်း စပ်နေသောကြောင့်သာ ဖြစ်လေသည်။ သူကား နာမည်အားဖြင့် ဗည်ဌာန် ဟုခေါ်သည်။ ယခင်က ချက်ကိုစလိုဗားကီးယား တပ်မတော်တွင် ဗီတန် ဟူသော အမည်ကိုခံကာ တပ်စိပ်ဗိုလ် ရာထူးဖြင့် ကြာမြင့်စွာအမှုထမ်းဖူးသည်။ သူပြောလိုက်သော စကားများသည်လည်း မှန်ကန်လှသည်။ ကျနော်တို့သည် သူ့ အား ကောင်းစွာသိကျွမ်းလာရလျက်၊ ၎င်း၏အကြောင်းကို ပြောကြဆိုကြပြီဆိုလျှင်၊ အမည်ရင်းကိုလည်း မခေါ်၊ နာမည်ပြောင်လည်းမသုံးပဲ “ သတ္တဝါ” ဟူ၍သာ ပြောလေ့ဆိုလေ့ ရှိကြသည်။ အမှန်ကိုဝန်ခံရလျှင် ကျနော်တို့ အနေနှင့် နာမည်ပြောင်များကို မည်မျှပင် ထွင်တက်ထွင်တက်၊ သူနှင့်သင့်တော်မည့် နာမည်ကို ရှာ တိုင်းရှာတိုင်း လက်မှိုင်သာချ၍ နေခဲ့ကြရပါသည်။ သူကား ပန်းကရာ့စ်ထောင် အုပ်ချုပ်ရေးစနစ်၏ အရေးကြီးသော မဏ္ဏိုင်တရပ်လည်း ဖြစ်လျက် တန်ဖိုးမရှိမှု၊ ထုံထိုင်းမှု၊ လေးထွားမှုနှင့် ဆိုးသွမ်းမှုတို့ ခပ်မြိုင်မြိုင်ကြီး ပေါင်းစပ်ထားရာလည်း ဖြစ်နေသောကြောင့်တည်း။
ဤသို့ လေဖေါတက်သည့် နွယ်ပင် အစုတ်အနုတ်ကလေးများ ဆတ်ဆတ်ခါနာသွာအောင် ပြောချလိုက်လိုက၊ ဒူးအောက်က ဝက်ကလေးဟု အရပ် စကားအရ ခေါ်ဝေါ်လေ့ရှိကြသည်။ မိမိ၏ ကိုယ်လုံးကိုယ်ပေါက် သေးသိမ်နေသဖြင့် အမြဲတမ်းစိတ်ဒုက္ခ ရောက်နေတက်သည်ဟု ဆိုလျှင် ထိုသူ၏စိတ်ဓာတ်မှာ လည်း အလွန့်အလွန် သေးသိမ်နေသော ကြောင့်သာ ဤသို့ခံစားရခြင်း ဖြစ်ပေမည်။ ဗည်ဌာန်ကား ယင်းသို့ စိတ်ဒုက္ခ ရောက်နေသူတည်။ ထို့ကြောင့်သူ့ထက် ကာယဗလ အရသော်၎င်း၊ စိတ္တဗလ အရသော်၎င်း၊ ကြီးထွားသူဟူသ၍အပေါ် လက်စားချေလေသည်။ လက်တွေ့အားဖြင့်ကား လူတိုင်းအပေါ် ရန်ညှိုးဖွဲ့သည် လည်း မည်ပေသည်။
လူများကို ရိုက်ပုတ်ခြင်းကား မပြု။ ထို့သို့ ပြုလုပ်လောက်သည့်အထိလည်း သတ္တိမရှိ၊ သို့သော် ထိုသူများအကြောင်း ဂုန်းချောတက်သည်၊ ဗည်ဌာန် ၏ သတင်းပေးခြင်းကြောင့် အကျဉ်းသမားပေါင်းမည်မျှ ကျန်းမာရေးချို့ယွင်းခဲ့ရပြီနည်း။ အကျဉ်းသမားပေါင်းမည်မျှအသက်ပေးခဲ့ရပြီနည်း-အဘယ်ကြောင့်ဆို သော်။ ပန်းကရာ့စ်ထောင်မှ အကျဉ်းစခန်းတခုသို့ ပြောင်းသွားရသည့်အခါ ထောင်မှ မည်သို့သော်မှတ်ချက်များပါလာသည် ဟူသော်ကိစ္စကား အရေးမပါအရာမ ရောက်သော အချက်တခုမဟုတ်ပေ။ သိုမျှသာမကသေး ၊ ပန်းကရာ့စ်မှ အပြင်သို့လုံဝရောက်မှ ရောက်ပါတော့မည်လော ဟူသော အချက်ကလည်းရှိနေသေး သည်။
သူကား အတောမသတ်အောင် သေးဖွဲ့သောသူဖြစ်သည်။ မိမိ၏ အရေးပါ အရာရောက်ပုံများကို စိတ်ကူးယဉ်ယင်း၊ စင်္ကြံတလျှောက်တွင် ကျက်သ ရေပြည့်ဝစွာဖြင့် တကိုယ်ထည်း ရွက်လွှင်လာတက်သည်။ မနုဿလူသားတယောက်နှင့် ရင်ဆိုင်မိသည်နှင့် တပြိုင်နက်လည်း တနေနေရာပေါ်သို့ လှမ်း၍တက် လိုက်ရန် ဆန္ဒပေါ်လာတက်သည်။ ခင်ဗျားအား စစ်ကြောနေသည့်အခါတွင် လက်ကိုင်တန်းများပေါ်သို့ တက်ထိုင်လျက် ဤမျှသက်တောင့်သက်သာမရှိလှသော အနေအထားနှင့်ပင်၊ တနာရီနေရနေရ ပေတေ၍ ထိုင်နေတက်သည်။ ဤနည်းအားဖြင့် သူသည်ခင်ဗျားထက် ခေါင်းတလုံးပို၍ မြင့်သကဲ့သို့ ဖြစ်သွားသောကြောင့် တည်း။ မုတ်ဆိတ်ရိတ်သည့်နေရာ၌ တာဝန်ကျနေသည့်အခါဝယ် ၊ လှေကားထစ်များပေါ်သို့ တက်နေလိုက တက်နေတက်သည်။ သို့မဟုတ် ခုန်တန်းရှည်ပေါ်သို့ တက်၍ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ယင်း ၊ သူ၏နက်နဲတော်မူတက်ထသော သြ၀ါဒကို ရွက်ဆိုနေတက်သည်။
-ငါဘာကိုမှ မမြင်ချင်ဘူး။ ငါဘာကိုမှ မကြားချင်ဘူး။ မင်းတို့ ငါ့အကြောင်းကို ဘာမှမသိကြသေးဘူး........
နံနက်ခင်းကျန်းမာရေးလေ့ကျင့်ရသည့် နာရီဝက်အချိန်တွင် ယုတ်စွအဆုံးမြက်ခင်းပေါ်သို့တက်၍ လျှောက်သည်။ မြက်ခင်းသည် ဘေးပတ်ဝန်းကျင်ထက် သူ့အား နှစ်လက်မ ၊ သုံးလက်မခန့် ပို၍မြှင့်ပေးသည်။ သူသည် အကျဉ်းခန်းအတွင်းသို့ မင်းတရားကြီး၏မျက်နှာပေးဖြင့် ကျက်သရေရှိစွာဝင်လာတော်မူလျက် ၊ ကုလား ထိုင်တလုံးပေါ်သို့ ဗြုံးကနဲတက်၍ ရပ်လိုက်ကာ အမြင့်မှနေ၍ အခန်းကိုစစ်ဆေးတော်မူသတည်း။
သူကားအတိုင်းမသိ သေးဖွဲလှသည်။ သို့သော်- လူ့အသက်များကို ကိုင်တွယ်သောရုံးခန်းရှိ ရူးပေါပေါသတ္တ၀ါတိုင်းကဲ့သို့ပင်- အတိုင်းမသိလောက် အောင် အန္တရာယ်ကြီးလှစွာပေသည်။ သူ၏ ကျဉ်းမြောင်းမူတွင်အရည်အချင်းတရပ်ကို ကြောင်လက်သဲကဲ့သို့ ၀ှက်ထားသည်။ ထိုအရည်အချင်းကား တစိတ်ကိုတ အိတ်ဖြစ်အောင် ၊ ပိုးနှံကောင်ကို ကုလားအုပ်ဖြစ်အောင် ဖန်တီးတက်ခြင်းပင်ဖြစ်လေသည်။ သူသည်အိမ်စောင့်ခွေးတကောင်၏ တာဝန်မှကျော်၍ ဘာကိုမျှမသိ။ ထို့ကြောင့် သတ်မှတ်ထားသောပုံစံမှ အနည်းငယ်ကလေး ချော်သွားသောကိစ္စတိုင်းသည် အလွန်ကြီးမားသောကိစ္စများဖြစ်လာတော့သည်။ ကြီးမားသောကိစ္စများ ဖြစ်လာ၍လည်း သူ၏ ဌာနန္တရနှင့် လျှော်ကန်လျှောက်ပတ်သော အရာဟု သဘောပိုက်တက်သည်။ ထောင်ပုံစံကို ချိုးဖောက်မူများ၊ ထောင်ပုံစံအပေါ် ရာဇ၀တ် ကျူးလွန်မူများ စသည်ဖြင့် အမူများဆင်နေရမှ ၊ ငါသည်ဧရာမပုဂ္ဂိုလ်ကြီးပါကလား ဟူသော အသိဥာဏ်ဖြင့် စိတ်ချမ်းသာစွာ အိပ်ရာဝင်နိုင်လေသည်။ သူပေး သောသတင်းများ မှန်သည်၊ မှားသည်ဟူ၍လည်း ဤထောင်တွင်း၌ မည်သူက စစ်ဆေးလေ့ရှိပါသနည်း။
ဆမဲတောန့်ဇ်
ကိုယ်လုံးကိုယ်ထည် ကြီးကြီးမားမား၊ ထုံထိုင်းသောမျက်နှာပေး၊ အဓိပ္ပါယ်မပါးသော မျက်လုံးများရှိသည်။ ကာတွန်းဆရာ ဂရော့ရှ် ရေးဆွဲသော နာဇီမုန် တိုင်းတပ် သားတယောက်၏ပုံ အသက်ဝင်လာသည်နှင့် တူသည်။ သူသည် လစ်သူဧနီးယား နယ်စပ်တွင် နွားနို့ညှစ်သမားလုပ်ခဲ့ဘူးသည်။ သူကျောင်းခဲ့ရသည့်နွားများ ၊ ထိုလှပသောတိရိစ္ဆာန်များသည် ၊ မိမိတို့၏ မွန်မြတ်လှသော ကျက်သရေများကို သူ့ထံ၌ အရိပ်အငွေ့မျှပင် ချန်မထားခဲ့သည်မှာ အံသြဘွယ်ကောင်း လှပေ သည်။ အထက်ဆရာကြီးများကမူ သူ့အား ဂျာမန်ဂုဏ်ရည်များဖြင့် ပြည့်နေသောသူတယောက်ဟု ယူဆသည်။ သူကား ပြတ်သားသည်၊ မာကျော်သည်၊ လာဘ်မစား (ထောင်ဘာယာများထံမှ စားစရာသောက်စရာများ မတောင်းတက်သော သူ့လို ထောင်စောင့်မျိုးကား အလွန်နည်းပါးလှသည်)။ သို့သော်.......
တခါက ဂျာမန်ပညာရှိတယောက်..... မည်သူဖြစ်သည်ကိုကား ကျနော်မမှတ်မိ.... သတ္တ၀ါတကောင်လျှင် စကားလုံးပေါင်း မည်မျှဖွဲ့နိုင်သနည်း ဟူသောအချက်ပေါ်၌ အခြေတည်၍ အဆိုပါသတ္တ၀ါ၏ ဥာဏ်စွမ်းကို တွက်ကြည့်ခဲ့သည်။ ၄င်း၏ အလိုအရဆိုလျှင် ၊ ဥာဏ်အနည်းဆုံးသော သတ္တ၀ါမှာ အိမ် တွင်း၌ မွေးထားသောကြောင်ပင်ဖြစ်သည်၊ ကြောင်သည် စကားလုံး ၁၂၈-လုံးသာ ဖွဲ့နိုင်သည်ဟု ဆန်းစစ်ခဲ့သည် ထင်သည်။ ဆမဲတောန့်ဇ်နှင့် စာလျှင် ၊ ကြောင် ဟူသော တိရိစ္ဆာန်ကား ပညာရှိကြီးပင်ဖြစ်လေသည်။ ပန်းကရာ့စ်သည် ဆမဲတောန့်ဇ်ထံမှ စကားလေးလုံးမျှသာ ကြားကြရသည်။
- ပါးစ် ဘလော့စ် အောက်ဖ်၊ မဲန့်ရှ်။
သူသည် တပတ်လျှင် နှစ်ကြိမ်သုံးကြိမ်မျှ တာဝန်ကို တပါးသူအား လွှဲအပ်ပေးရသည်။ တပတ်နှစ်ကြိမ်သုံးကြိမ်ပင် တုံးတိုက်ရမလို ၊ ကမ်းတိုက်ရ မလို အခက်ကြုံနေတက်သည်- အဆုံးတွင်လည်းဆိုးဆိုးဝါးဝါးသာ အစဉ်သဖြင့် အဆုံသတ်ရသည်။ တခါ ၊ ပြူတင်းပေါက်များ ဖွင့်မထားသဖြင့် ထောင်ပိုင်က သူ့ အားကြိမ်းမောင်းသည်ကို တွေ့ခဲ့ရဘူးသည်၊ အသား တောင်းလုံးကြီးသည် တိုတောင်းသော ခြေထောက်များပေါ်၌ မအီမသာ ခေတ္တမျှ လူးလွန့်နေလျက်။ ထုံထိုင်း စွာညွတ်နေသော ခေါင်းသည်လည်း ကိုင်းသည်ထက် ကိုင်းသွားကာ ၊ ယခုကလေးတွင် နားနှင့်ကြားလိုက်ရသော စကားလုံးများကို ပါးစပ်မှ ပြန်၍ရွတ်ရန် မချိမ ဆန့် ကြိုးစားယင်း၊ နှုတ်ခမ်းဒေါင့်စွန်းများလည်း နိမ့်ဆင်းသွားပြီးနောက် ..... အစိုင်အခဲကြီးတခုလုံးသည် စက်ဥသြသံကြီးကဲ့သို့ ဗြုံးကနဲ ဟစ်ကြွေးလိုက်လေ သည်။ စင်္ကြံများတလျှောက်လုံး ရုန်းရင်းဆန်ခက် ဖြစ်သွားသည်။ ဘာကိုဆိုလိုသည်ကိုကား မည်သူမျှ နားမလည်လိုက်။ ပြူတင်းပေါက်များလည်း ပိတ်မြဲပိတ်နေ ကာ ဆမဲတောန့်ဇ်အနီးမှ အကျဉ်းသမားနှစ်ယောက်သာ နှာခေါင်းများမှ သွေးများကျဆင်းလာရလေသည်။ ဤနည်းဖြင့် သူသည် ထွက်ပေါက်တပေါက် တွေ့ သွား ပြန်လေသည်။
အမြဲပင် ဤသို့လက်စသိမ်းရလေသည်။ မြင်မြင်ချင်းထိုးရန် ၊ ကြိတ်ရန် ၊ လူသေလျှင် သေသည့်အထိပင် ထိုးကြိတ်ရန်-ဤသည်ကို သူနားလည် သည်။ ဤတခုသာ သူနားလည်သည်။ တခါအကျဉ်းသမားတစုနေထိုင်သော အခန်းကျဉ်းထဲသို့ဝင်လျက် လူတယောက်အား ထိုးလိုက်သည်။ ထိုအကျဉ်းသမား မှာ မမာနေသောသူဖြစ်သဖြင့် ကြမ်းပေါ်သို့ လဲကျသွားကာ ဆန့်ငင်ဆန့်ငင်နှင့် တက်နေလေတော့သည်။ ထိုအခါတွင် ဆန့်ငင် ဆန့်ငင်ဖြစ်နေသည့်စသည်းချက် အတိုင်း ၊ အခြားအကျဉ်းသမားများအား ဒူးကွေးထိုင်ထလုပ်ခိုင်းသည်။ တက်နေသောသူ အားအင်ကုန်ခန်း၍ ပျော့ငြိမ်သွားတော့မှ ရပ်ကြရတော့သည်- ဆမဲတော န့်ဇ်ကား ရူးပေါပေါပြုံးယင်း ခါးထောက်လျက် ကြည်နေခဲ့သည်။ ကြပ်တည်းသောအခြေအနေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည်ဟူ၍လည်း ကြေနပ်နေခဲ့လေ သည်။
သူ့ကိုသင်ပေးခဲ့ကြသည့် အချက်အလက်များအနက် -ရိုက်ပုတ်ထိုးကြိတ်ခွင့်ရှိသည် ဟူသော အချက်တခုထည်းကိုသာ မှတ်မိသောလူရိုင်းတ ယောက်ပင် ဖြစ်လေသည်။
ဤသို့သော် သတ္တ၀ါမျိုး၌ပင် တစုံတရာကား ကျိုးပျက်သွားလေတော့သည်။ လွန်ခဲ့သော တလကဖြစ်သည်။ သူနှင့်“က`တို့သည် ထောင်တွင်းရှိ ဧည့်သည်ခန်းမ၌ နှစ်ယောက်ထည်း အတူထိုင်ကြကာ၊ `က` ကအခြေအနေများကို ရှင်းလင်းပြောပြနေခဲ့သည်။ အချိန်အတော်ပင် ကြာသည်။ အတော်ကြီးကြာ မြင့်သောအခါမှလည်း ဆမဲတောန့်ဇ်အနေနှင့် ရိပ်ဖမ်းသံဖမ်း အနည်းငယ်နားလည်လာသည်။ သူသည်ထိုင်ရာမှ ထ ၊ အခန်းတံခါးကိုဖွင့် ၊ စင်္ကြံတလျှောက် ဟိုဟို သည်သည်ကို လှမ်း၍ စိုးရိမ်တကြီးကြည့်ရူလေသည်။ နေရာတကာမှာ တိတ်ဆိတ်၍နေသည်။ ညဉ့်အချိန်ဖြစ်၍ တထောင်လုံးအိပ်မောကြနေသည်။ သူသည် တံခါးကိုပြန်ပိတ်၊ အတွင်းဘက်မှ သေသေချာချာ သော့ခတ်လိုက်ကာ ၊ ကုလားထိုင်တလုံးပေါ်သို့ ခွေ၍ကျသွားလေ့သည်။
-ဒါဖြင့်မင်းထင်တာက ......
သူသည်ခေါင်းကို မိမိ၏လက်ဝါးနှစ်ဘက်အတွင်းသို့ ထိုးအပ်လိုက်သည်။ ကြီးမားသော ကိုယ်လုံးကိုယ်ထည်ကြီးတဲမှ သေးငယ်သော စိတ်ဓါတ်က လေးပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဘိစီးလာလေသည်။ သူသည်ဤသို့ပင် ကြာမြင့်စွာ ကိုင်းညွတ်၍ နေလေသည်။ နောက်ခေါင်း ကို ထောင်လိုက်ကာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်ပြောလိုက်သည်။
- မင်းပြောတာမှန်တယ်၊ ဒို့မနိုင်တော့ဘူး။
ပန်းကရာ့စ်အနေနှင့် ဆမဲတောန့်ဇ်၏ စစ်ပွဲအောင်သံကြီးကို မကြားရသည်ကား တလမျှ ကြာခဲ့လေပြီ။ အကျဉ်းသမားလူသစ်များသည်လည်း သူ၏ လက်သံ မည်မျှပြောင်သည်ကို မသိကြရတော့ပေ။
ထောင်ပိုင်
ခပ်ပုပု၊ အရပ်ဝတ် အရပ်စားဝတ်ဝတ်၊ အွန်တဲ့ရ် ရှတူးရ်မ်ဖီး ယူနီဖောင်းဝတ်ဝတ် အမြဲတမ်းသပ်သပ်ရပ်ရပ် ၀တ်စားထားလေ့ရှိသည်။ ဖေါဖေါသီသီ သုံးဖြုန်းယင်း ၊ ကိုယ့်ကိုကိုယ်ဟုတ်လှပြီဟု ကြေနပ်၍နေသူဖြစ်သည်။ ခွေးများကို ချစ်တက်သည် ၊ အမဲလိုက်ခြင်းဝါသနာပါသည် ၊ မိန်းမ လိုက်စား သည်- ဤ သည်ကာ တဘက်မှနေ၍ ကြည့်ခြင်း ဖြစ်လျက် ကျနော်တို့နှင့်မဆိုင်။
ဒုတိယတဘက်-ဤသည်ကာ ပန်းကရာ့စ် ထောင်အနေနှင့်သိရသည့်ဘက် ဖြစ်သည်။ သူကား ရုန့်ရင်းကြမ်းတန်းသည်။ ရိုင်းစိုင်သည်။ ပညာမရှိ။ စိုင်ကော်ခြုံပေါ်ရောက်သည့် နာဇီမျိုးဖြစ်သည်။ ကိုယ့်အတွက်သာ အကျိုးရှိမည်ဟုဆိုလျှင် မည်သူ့ကိုမဆို ယာဇ်ပူဇော်ရန်အသင့်ရှိသည်။ သူအမည်ကား - အရေး ကြီးသပဆိုလျှင် ရေးကြစို့- ဆော့ပါးဟုခေါ်သည်။ ပိုလန်ပြည်တွင်မွေးသည်။ သူအနေနှင့် ပန်းဘဲဆရာအလုပ်ကို သင်ကြားခဲ့ဘူးသည်ဟုဆိုသည်။ သို့သော် ဂုဏ် ရှိလှသော ဤပညာသည် သူ၏ ကိုယ်ကာယပေါ်၌ အရာမထင်ရစ်ဘဲ ကွယ်ပျောက်သွားခဲ့သည်။ ဟစ်တလ၏ အလုပ်အကျွေးဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ တပါးကျွန်ပြီးပြီး အမူထမ်းယင်း ဤရာထူးမျိုးကို ရရှိလာခဲ့သည်။ ဤရာထူးကိုလည်း ဖြစ်သည့်နည်းနှင့် ကုပ်ကပ်၍တွယ်နေသည်။ သူကား အကျဉ်း သမားသော ၊ ထောင်အမူထမ်းသော ၊ ကလေးသော ၊ လူကြီးသောမရွေး မည်သူကိုမျှ မညှာ ၊ မည်သူကိုမျှမငဲ့ပေ။ ပန်းကရာ့စ်ထောင်ရှိ ၊ နာဇီစံနစ်က ငှားရမ်းထား သော အလုပ်အကျွေးများ အချင်းချင်းဝယ် မိတ်ဆွေစိတ်ဟူ၍မရှိ။ သို့သော် ဆော့ပါးလောက် မိတ်ဆွေစိတ်ကလေးအရိပ်အငွေ့မျှပင် ကင်းမဲ့နေတက်သူကား တ ယောက်မျှမရှိချေ။ ထောင်တထောင်လုံးတွင် သူသည် လူတယောက်ထည်းကိုသာ နှစ်သက်ပုံအနည်းငယ်မျှပြလျက် မကြာခဏ စကားပြောဘော် ပြောဘက် လည်းပြုသည်။ ထိုသူကား ထောင်တွင်း ဗိန္ဓောဆရာ ၊ ပေါလိစိုင်း မိုင်စတဲရ် ဗိုက်စနဲရ်ဖြစ်သည်။ သို့သော် ဤနေရာ၌ပင် တဦးမေတ္တာတဦးမှာဟု ဆိုနိုင်ကောင်း သည်မထင်ပေ။
သူသည်ကိုယ့်ဘိုသာ ကိုယ်သိတက်သည်။ ဤမျှလောက်ကြီးမားသော ရိုက်ရာကိုခံယူသည်မှာ ကိုယ်ရေးအတွက်သာဖြစ်သည်။ အုပ်စိုးမူစံနစ်အ ပေါ် တွင် နောက်ဆုံးအထိ သစ္စာစောင့်နေမည်မှာလည်း - ကိုယ်ရေးအတွက်သာဖြစ်ပေမည်။ ကိုယ့်ကိုကိုယ်ကယ်ဆယ်နိုင်မည့် အခြားနည်းလမ်းတရပ်ရပ်ကို မတွေး တောမကြံစည်သူမှာ ၊ သူတယောက်သာရှိသည်။ သူ့အနေနှင့် အခြားလမ်းဟူ၍ လုံးဝမရှိကြောင်းကိုသိရသည်။ နာဇီစံစနစ်၏ကျဆုံးခြင်းသည် သူ၏ကျဆုံးခြင်း ဖြစ်မည်။ သူ၏ဖေါသီသောဘ၀၏ အဆုံးသတ် ၊ သူ၏ခန်းနားသော အိမ်ခန်း၏အဆုံးသတ် (စကားစပ်မိ၍ဆိုရလျှင် ၊ ထိုသို့သားသားနားနား ၀တ်စားနိုင်ပါမည့်အ ရေး ၊ အကွပ်မျက်ခံရသော ချက်အမျိုးသားတို့၏ အကျများကိုပင် အရှက်ကင်းမဲ့စွာ ၀တ်ဆင်တက်သည်)။
ဟုတ်သည် ၊ ဤသည်ကား အဆုံးသတ်ပင်ဖြစ်လိမ့်မည်။
ထောင်တွင်းဗိန္ဓောဆရာ
ပေါလိစိုင်း မိုင်စဘဲရ် ဗိုက်စနဲရ်- ပန်းကရာ့စ်ထောင်၏ ပတ်ဝန်းကျင်တွင် ထူးခြားသော ရုပ်ထုကလေးဖြစ်သည်။ သူသည် ဤနေရာနှင့် မအပ်စပ်ဟု ခင်ဗျားအနေနှင့် တခါတရံတွင်ထင်မိသည်။ တခါခါတွင်ကား ပန်းကရာ့စ်ကို သူမပါပဲ စဉ်းစားကြည့်၍ပင် မရလောက်အောင် ဖြစ်ပြန်သည်။ သူသည် လူမမာများ ထားရာ အခန်း၌ ရှိလျှင်ရှိမည်။ မရှိလျှင် ခြေလှမ်း ယိုင်တိယိုင်များဖြင့် လှမ်းရင်း စင်္ကြံများတလျှောက် ကြက်စားနေတက်သည်။ တကိုယ်တည်း စကားပြောရင်း ဟိုဟိုသည်သည်ကို အမြဲမပြတ်မှ အမြဲမပြတ် အကဲခတ်နေတက်သည်။ နေရာတနေရာသို့ ခေတ္တမျှအလည်ရောက်လာ၍၊ ထို တိုတောင်းသောအချိန်ကလေး အ တွင်း အများဆုံးမြင်သွားချင်သော နိုင်ငံခြားသား တယောက်ကဲ့သို့ပင် ဖြစ်လေသည်။ သို့သော်လည်းသူသည် အကျဉ်လည်ဆုံးသော ထောင်မှူးတယောက်ကဲ့သို့ မြန်လည်းမြန်၊ အသံလည်းမမည်စေပဲ၊ သော့ကိုသော့အိမ်ထဲသို့ သွင်းလှည့်ကာ တံခါးကိုဆွဲဖွင့်တက်သော အရည်အချင်း တခုရှိသည်။ သူ့တွင်ခြောက်သွေ့သော ဟာသဥာဏ်ရှိသဖြင့်၊ အဓိပ္ပါယ်နှစ်ခွပါသော စကားများပြောတက်သည်။ ပြောပင်ပြောသော်လည်း အငြိအစွန်းဟူ၍လည်း မရှိစေရကား၊ သူ့ကို သူ၏စကားအရ ဘမ်း၍ မရပေ။ သူသည်လူများထံချဉ်းကပ်သည်။ သို့သော် အခြားလူများက သူ့အား ချဉ်းကပ်ရန်အခွင့် မပေး။ သူသိသမျှကား များပြားလှသည်။ သို့သော် မည်သူ့ ကိုမျှ ဂုန်းချောခြင်း၊ တိုင်တန်းခြင်းမပြု။ သူသည်စီးကရက်ငွေ့များဖြင့် ပြည့်နေသော အကျဉ်းခန်းတခန်း အတွင်းသို့ဝင်လာသည်။ နှာခေါင်းသံဖြင့် အသံမြည်အောင် ရှုံ့ ၍ အနံ့ခံသည်။
- ဟင်း- ပါးစပ်က ပျပ်ကနဲ လုပ်လိုက်သည်- အကျဉ်းခန်းတွေထဲမှာ ဆေးလိပ်သောက်ကြသကိုး - နောက်တကြိမ်ထပ်၍ ပျပ်ကနဲ လုပ်လိုက်ပြန်သည် -ကြပ်ကြပ်တည်းတည်းကြီး တားမြစ်ထားတယ်။
သို့သော် ထိုကိစ္စကို သွားရောက် တိုင်တန်းခြင်းမပြု။ ကြီးမားသည့် သောကတရပ်ကြောင့် စိတ်ညစ်နေသကဲ့သို့၊ သူ၏မျက်နှာမှာ အစဉ်သဖြင့် တွန့်ရှုံ့ ၍နေသည်။ မသာမယာဖြစ်နေသည်။ သူ အလုပ်အကျွေးပြုနေသော ထိုအုပ်စိုးမှုစနစ်၊ သူနေ့စဉ်ပြုစုနေရသော လူများကိုဥာဉ်းပန်းနေသည့် ထိုအုပ်စိုးမှုစနစ်၊ ထိုစနစ်နှင့် မပတ်သတ်လိုဟန်ရှိပေသည်။ သူသည်အဆိုပါ အုပ်စိုးမှုစနစ်ပေါ်၌ အယုံအကြည်မရှိ၊ ထိုစနစ်တည်တံ့လိမ့်မည် ဟူ၍လည်း မယုံကြည်။ ယခင်ကပင် ထိုစနစ်အပေါ် မယုံကြည်ခဲ့။ ထို့အတွက်သာ သူ၏အိမ်ထောင်ကိုပင် ဗရောကဝါ့ဗ် မြို့ မှ ပရာဟာသို့ ရွှေ့ပြောင်း မလာခဲ့ခြင်း ဖြစ်ပေသည်။ အခြားသော ရိုခ် အရာရှိ များသာဆိုလျှင်၊ သိမ်းပိုက်ထားသော တပါးတနိုင်ငံ၌ အဆီရစ်ရန် ဤသို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခဲမည်ဖြစ်လေသည်။ တချိန်တည်း၌ပင်၊ သူသည် အုပ်စိုးရေးစနစ်အား ဆန့်ကျင်တိုက်ခိုက်နေသော သူများနှင့်လည်း မပေါင်းသင်းလို။ ထိုသူများနှင့် တွဲ၍လည်း မကြီးထွားနိုင်ခဲ့ပေ။
ကျနော့်အား ဆေးကုသည့်အခါတွင် သူသည် ကြိုးစားပမ်းစား ပြုစုသည်။ အစွမ်းရှိသ၍ ပြုစုသည်။ အခြားလူနာများအပေါ်တွင်လည်း ထိုနည်းနှင့်သာ ပြုစုလေ့ရှိသည်။ အပြင်းအထန်ဒဏ်ရာ ရထားသူများကို အစစ်ခံရန်ခေါ်သွာကြမည် ဆိုလျှင်လည်း ခေါင်းမာစွာဝင်၍ တားဆီးရဲသည်။ ဤနည်းဖြင့် မလုံသောစိတ် ကို ဖာထေးနေဟန်တူသည်။ တခါတရံ အရေးတကြီးလို နေရာများ၌ပင် လုံးဝအကူအညီမပေး။ ထိုအချိန်များကား ကြောက်စိတ်များ ဖိစီးနေသည့် အခါများဖြစ် ဟန်တူသည်။
သူကားနိုင်ငံသား အသေးစားကလေးတယောက်၏ ပုံစံနမူနာတရပ်ပင် ဖြစ်လေသည်။ လက်ငင်းအုပ်စိုးနေသော အရာကိုလည်းကြောက်သည်။ နောက်ပေါ်ထွန်းလာမည့် အရာကိုလည်း ကြောက်သည်။ ဤကြောက်စိတ် နှစ်မျိုးနှစ်သွယ်၏ အကြားသို့ အဖေါ်မပါ တကိုယ်တည်းသာ ရောက်နေလေသည်။ ဤ အခြေအနေမှ ထွက်လမ်းကိုရှာသည်။ တခုမျှမတွေ့။ သူကားမြွေဆိုးမဟုတ်။ ရေမြွေအသေးစားတကောင်သာ ဖြစ်လျက် ထောင်ချောက်ထဲတွင် ပိတ်၍ မိနေလေသည်။
လွတ်စရာမျှော်လင့်ချက်ဟူ၍ လုံးဝမရှိ။
“ အချောင်ခိုသမား”
ဤသူကား ရုပ်ထုကလေးမျှသာမဟုတ်တော့၊ သို့သော် လူရုပ်သွင် အပြည့်အဝလည်းမဖြစ်သေး။ ဤနှစ်မျိုး၏အကြား စပ်ကူးမတ်ကူးတွင် ရှိသည်။ လူရုပ်သွင် တခုဖြစ်လာရန် သူ့တွင်ပြတ်သားသော အမြင်မှန် လိုနေသေးသည်။
အမှန်အားဖြင့် ဤသို့သော လူနှစ်ယောက်ရှိသည်။ သူတို့ကား ရိုးသားသူများ ဖြစ်သည်။ ထိလွယ်နာလွယ်သည်။ အစကနဦးတွင် အစစအရာရာကို ဥပေက္ခာပြု၍ ဖာသိဖာသာ နေကြသည်။ သူ့တို့ကျရောက်သွားသော ကြောက်မက်ဖွယ် အသိုင်းအဝိုင်းကြီးကို အံ့အားသင့်စွာသာ ကြည့်၍နေခဲ့ ကြသည်။ နောက် ပိုင်းတွင် ထိုလောကမှ ရုန်း၍ထွက်ရန် တောင့်တလာကြသည်။ သူတို့ကား ကိုယ့်ဒူးကိုယ်ချွန်သူများ မဟုတ်ကြသဖြင့် မှီခိုအားထားစရာလူများ ရှာဖွေလာကြသည်။ ရှာယင်းဖွေယင်း၊ နေရာအမှန်သို့ ရောက်လာကြသည်မှာ အသိဥာဏ် အားကိုးခြင်းထက် နှာခေါင်းအနံ့ခံ ကောင်းခြင်းကြောင့် ဆိုက်ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ခင်ဗျားကိုကူညီကြသည်မှာ ခင်ဗျားထံမှ အကူအညီကိုလည်း လိုချင်ကြသောကြောင့် ဖြစ်သည်။ သူတို့အား အကူအညီ ပေးရန်မှာ တရားမျှတသော ကိစ္စ ဖြစ်သည်။ ယခုရော၊ အနာဂတ်တွင်ပါ သူတို့အား အကူအညီ ပေးသင့်ပေသည်။
ဤသူနှစ်ယောက်သာလျှင်....ပန်းကရာ့စ်ရှိ ဂျာမန်အရာရှိများအနက် ဤသူနှစ်ယောက်သာလျှင် ရှေ့တန်းစစ်မျက်နှာသို့လည်း ရောက်ခဲ့ဘူးသည်။
ဟာနောအဲ့ရ် ဆိုသူကား ဇနောယီမောမြို့ မှ စက်ချုပ်သမား၏ ကူဖော်လောင်ဖက် ဖြစ်သည်။ အရှေ့ဘက်စစ်မျက်နှာသို့ ခဏမျှရောက်သွာသည်နှင့် ကိုယ့်ဖာသာကိုယ် ရေခဲစားဒဏ်ရာများ မရရအောင် လုပ်ကာပြန်လာခဲ့သည်။ “စစ်ဆိုတာလူတွေနဲ့ မကိုက်ပါဘူး” ဟု ရွှတ်ဆန်ဆန်ဝိဂြိုလ်ကျင်း၍ လင်းလေသည်။ “ဟိုမှာကိုယ်ဘာသွားလုပ်ရမှာလဲ”။
ဟစ်ဖဲရ် ဆိုသူကား ဘာတာစက်ရုံမှပျော်ပျော် နေတက်သည့် ဖိနပ်ချုပ်သမား တယောက် ဖြစ်သည်။ ပြင်သစ်ပြည်သို့ ချီတက်စဉ်က ပါခဲ့၍၊ နောင် သော်ရာထူးတိုးပေးမည်ဟု ကတိပေးကြသည်ကိုပင် လက်မခံပဲ တပ်တွင်းမှ ထွက်ပြေးလာသူဖြစ်သည်။ ထိုအခါမှ စ၍ နေ့စဉ်နှင့်အမျှ ဂျောက်ကျပြီဆိုတိုင်း၊ လေကို လက်ဖြင့်ခတ်ကာ “အဲ့ခ်၊ ရှိုက်စ်” ဟု ပြောသော အကျင့် ပါလာဟန်တူသည်။ ဂျောက်ကျလိုက်ရသည်မှာလည်း ခဏခဏပင် ဖြစ်သည်။
သူတို့နှစ်ယောက်ကား တယောက်နှင့် တယောက် တူကြသည်။ ကံကြမ္မာအရလည်း တူသည်။ ဗီဇများ အနေနဲ့လည်း တူကြသည်။ သို့သော် ဟစ်ဖဲရ် ကားသူ့အဖော်လောက် မကြောက်တက်။ အမူအရာအားဖြင့် ပို၍ ပြတ်သားသည်။ ပို၍ပြည့်ဝသည်။ အကျဉ်းခန်းတိုင်းလိုလိုပင် သူ့အား နာမည်ပြောင် ပေးရာ၌-အ ချောင်ခိုသမား- ဟူ၍ ရွေးချယ် မိကြသည်။
သူ တာဝန်ကျသောနေ့ကား အကျဉ်းခန်းများ၌ အေးချမ်းလှသော နေ့ ဖြစ်သတည်း။ ခင်ဗျား လုပ်ချင်ရာလုပ်နိုင်သည်။ သူကငေါက်ငန်းပြီ ဆိုလျှင်လည်း ထိုသို့ အော်ဟစ်သည်မှာ ခင်ဗျားအား တကယ် ကြိမ်းမောင်းခြင်း မဟုတ်၊ အောက်ထပ်မှာ အာဏာပိုင်များအနေနှင့် သူ၏စည်းကမ်းကြီးမှုကို ကြားကြ ဟန်သာ ဖြစ်သည်ဟူသော အဓိပ္ပာယ်ဖြင့်မျက်စိ မှိတ်ပြတက်သည်။ သို့သော်လည်း ထိုသို့သော ကြိုးစားမှုကား ဘာမျှ အရာမရောက်။ သူလှိမ့်တိုင်း ဘယ်သူမျှ မလိမ့်တော့သဖြင့်၊ အပြစ်ဒဏ်မကျ တာဝန် ပိုမယူရသော ရက်သတ္တပါတ်ဟူ၍ တပါတ်မျှ မရှိတော့ပေ။
-အဲ့ခ်၊ ရှိုက်- သူသည် လေကိုလက်ဖြင့်ပုတ်လိုက်ကာ၊ ထုံးစံအတိုင်း ဆက်လက်နေထိုင်သွား ပြန်လေသည်။ သူက ထောင်စောင့် မပီသ၊ ဖိနပ်ချုပ်သမား၏ အလုပ်သင်၊ ပေါ့ပေါ့သွား၊ ပေါ့ပေါ့လာနေသည့် လူငယ်တယောက်သာ ဖြစ်နေသေးသည်။ အကျဉ်းခန်းထဲမှ အကျဉ်းသမား သူငယ်များနှင့်အတူ ထရံသို့ ပိုက်ဆံပြားများ ပစ်တန်၊ စိတ်အားထက်သန်စွာ ကစားနေသည်ကိုပင် ဖမ်းမိနိုင်သည်။ တခါတရံတွင်လည်း အကျဉ်းသမားများကို အကျဉ်းခန်းအတွင်းမှ စင်္ကြံထဲသို့မောင်းထုတ်ကာ “အကျဉ်းခန်းစစ်ဆေးရေး” ပြုလုပ်တက်သည်။ စစ်ဆေးရေးကား အတော်ကြီးကြာတက်သည်။ ဘာများ လုပ်နေပါလိမ့်ဟု သိချင်သဖြင့် အခန်းတွင်းသို့ ချောင်းကြည့်မည်ဆိုလျှင်၊ သူသည်စားပွဲ၍ ထိုင်ကာ လက်ပေါ်သို့ ခေါင်းချလျက် အိပ်နေသည်ကို တွေ့ရပေမည်။ အိပ်နေလိုက်သည်မှ နှစ်နှစ်ခြိုက်ခြိုက် စိတ်ချလက်ချ အိပ်နေတက်သည်။ ဤသို့သောနေရာမျိုး၌ အိပ်လျှင် အထက်လူကြီးများက ဖမ်းမိနိုင်မည်မဟုတ်။ အကျဉ်းသမားများကား စင်္ကြံ တွင်း၌ ကင်းစောင့်နေကြသည်။ ကန္တရာယ် တစုံတရာ ပေါ်လာလျှင် သူ့ကိုအကြောင်းကြားရသည်။ လောကကြီးတခုလုံးတွင် သူအချစ်ဆုံးဖြစ်သည့် မိန်ကလေးက၊ သူ အနားယူချိန်တွင် အိပ်ရေးပျက်အောင် ဖျက်လိုကပြီဆိုက ယုတ်စွအဆုံး အလုပ်ချိန်တွင် အိပ်ချင်သည်။
နာဇီစနစ် ရှုံးမှာလား၊ နိုင်မှာလား-အဲ့ခ်၊ ရှိုက်စ်။ ဒီလို ဆပ်ကပ်ပွဲမျိုး မပျက်ပဲ ဘယ်ခံနိုင်ပါ့မလဲ။
သူကား မိမိကိုယ်ကိုနာဇီစနစ်နှင့် တွဲ၍ မတွက်။ ဤ အချက်တချက်တည်းကြောင့်ပင် စိတ်ဝင်စားစရာ ကောင်းနေပေလိမ့်မည်။ ထိုမျှသာမကသေး သူသည် ထိုစံနစ်နှင့်အတူ ပေါင်း၍မနေလို၊ ပေါင်း၍လည်း ရပ်တည်နေသည် မဟုတ်ပေ။ ခင်ဗျား အနေနှင့် ထောင်တွင်းရှိ အခြားဌာနခွဲတခုသို့ လျှို့ ဝှက်သတင်းပို့ ရန် လိုနေသလော။ အချောင်သမားကပင် ဆောင်ရွက်ပေးပါလိမ့်မည်။ ခင်ဗျားတယောက်နှင့် စကားပြောလိုသည်၊ အဆိုပါသူနှင့်မျက်နှာချင်းဆိုင်၍ နားပေါက် အောင် ရှင်းပြခြင်းဖြင့်၊ အခြားသူများကို ကာကွယ်ပေးလိုသည် ဆိုလျှင်လည်း၊ အချောင်ခိုသမားသည် ထိုသူအား အကျဉ်းခန်းအတွင်းသို့ အရောက်ခေါ်လာ၍၊ အ ပြင်မှ ကင်းစောင့်ပေးလိမ့်ဦးမည် - ထိုသို့ လုပ်နေသည့်အခါတွင် တခုခု ဆော်ထည့်လိုက်ရသဖြင့် အကျေနပ်ကြီး ကျေနပ်နေသော လမ်းဂျပိုးဆန်ဆန် အူမြူးနေ တက်သည်။ သတိထား၍လုပ်ရန်ခင်ဗျားကပင် သူ့အား မကြာခဏ ပြောပေးရသည်။ အန္တရာယ်၏ အလည်ဗဟိုသို့ ရောက်နေသောအချိန်၌ပင် ဘေးရန်ကို မမြင် တက်။ သူလုပ်နေသောကောင်းမှုတို့၏ တန်ဖိုးအပြည့်အစုံကို သူအကဲမဖြတ်တက်။ ထိုသို့ မသိတက်သောကြောင့်လည်း သူ့အနေနှင့် အလုပ်ကိုပို၍ပို၍ လုပ်လွယ် လေသည်။ သို့သော် ဤအချက်သည်သူ၏တိုးတက်မှုကို ပိတ်ပင်နေပြန်သည်။ လူရုပ်သွင်ကား ဖြစ်မလာသေး။ သို့သော် စပ်ကူးမတ်ကူးအဆင့် အတန်းတွင်ရှိလေ သည်။
“ကောလင်”
မာရှယ်လောကာလအတွင်း တညနေခင်းက ဖြစ်လေသည်။ အက်ဆက်စ်ယူနီဖောင်းဝတ် ထောင်စောင့်တယောက်သည် ကျနော့်အားအကျဉ်းခန်း အတွင်းသို့ ၀င်မခိုင်းမီ ကျနော်၏အိတ်များကို ရှာဖွေသည်။ ပြီးစလွယ်သာ ရှာဖွေလေသည်။
- ခင်ဗျားအမှု ဘယ့်နဲ့လဲ - သူက တိုးတိုးကလေးမေးသည်။
- မသိဘူး၊ နက်ဖြန် ကျနော့်ကို ပစ်သတ်မယ်လို့ ပြောလိုက်ကြတာပဲ။
- ကြားတော့ အတော်ကြောက်သွားသလား။
- ဒါကို ကျနော်တွက်ပြီးသားပဲဟာ။
သူသည် ကျနော်၏ ကုတ်အင်္ကျီကော်လာများပေါ်သို့ စက်အရုပ်ပမာ ခေတ္တမျှ စမ်းသပ်ပြန်ပါသည်။
-လုပ်ချင်မှလဲ လုပ်ကြမှာပဲ။ နက်ဖြန်တော့ ဟုတ်ချင်မှ ဟုတ်မယ်။ နောက်ကတော့မှ လုပ်ချင်ချင်လုပ်မယ်။ လုံးလုံး ဘာမှ မလုပ်ဘဲနဲ့လဲ နေကောင်း နေမှာပါ။ ဒါပေမဲ့ အခုလိုအချိန်မျိုးမှာတော့ ….. အသင့်ဖြစ်နေတာ အကောင်းဆုံးဘဲ။
တဖန် သူသည် တိတ်ဆိတ်သွားပြန်သည်။
- ဒါပေမဲ့ တကယ်လို့သာဖြစ်နိုင်မယ်ဆိုရင် … ခင်ဗျားလူတယောက်ယောက်ဆီ သတင်းကလေး ဘာကလေးများ မပို့ချင်ဘူးလား။ ဒါမှမဟုတ် စာ တွေ ပေတွေများ မရေးချင်ဘူးလား။ အခုထုတ်ဖို့တော့ မဟုတ်ဘူးပေါ့။ နားလည်တယ်မဟုတ်ဘူးလား။ နောင်အခါအတွက်ဆိုပါတော့ … ခင်ဗျားဒီကို ဘယ်လို ရောက်လာတယ်။ တယောက်ယောက်က ခင်ဗျားကို သစ္စာဖောက်ခဲ့သလား။ ဘယ်သူဟာ ဘယ်လိုကျင့်သုံးနေထိုင်တယ် … ခင်ဗျားသိသမျှ အချက်တွေအားလုံး ခင်ဗျားနဲ့ တပါတည်း ပျောက်မသွားအောင်ဆိုပါတော့ …..
စာတွေ ပေတွေများ မရေးချင်ဘူးလားတဲ့။ သူကား ကျနော်အတောင့်တဆုံးသော ဆန္ဒကို ရိပ်မိသကဲ့သို့ ဖြစ်လေသည်။
မကြာမီပင် သူသည် ကျနော့်ထံသို့ စက္ကူနှင့်ခဲတံကို ယူလာသည်။ ကျနော်လဲအခန်းသို့ မည်သို့လာ၍ စစ်စစ်၊ ရှာမတွေ့နိုင်ကြအောင် လုံခြုံစွာသိမ်း ထားလိုက်ပါသည်။
ထို့နောက်ပိုင်းတွင်ကား ၎င်းတို့ကို ဘယ်သောအခါမျှ ဆွဲ၍မထုတ်ခဲ့ပါ။
ဤသည်ကား ကောင်းလွန်းလှသည် - ယုံရမှာခက်နေသည်။ ကောင်းလွန်းအားကြီးလှသည်။ ဤနေရာ၊ ဤမှောင်မိုက်သော အိမ်ကြီးအတွင်းဝယ် အ ဖမ်းခံပြီးသည့်နောက် ရက်သတ္တပတ်များစွာ မကြာသေးမီပင် ခင်ဗျားအား ငေါက်ဖော် ရိုက်ဖော်သာရသော သူတို့၏ယူနီဖောင်းကို ၀တ်ထားသော လူသတ္တ၀ါတ ယောက်၊ မိတ်ဆွေတယောက်ကို တွေ့ရှိရခြင်းဖြစ်သည်။ ထိုသူသည် ခင်ဗျားအား လက်လှမ်း၍ပေးသည်။ ခင်ဗျားလက်ရာပျောက် ခြေရာပျောက် ကိစ္စတုန်းမသွား ရန် နောင်လာနောက်သားများအတွက် စကားထားခဲ့နိုင်ရန် ဤတောင်ကိုကျော်မည့်သူများ ကျန်ရစ်မည့်သူများနှင့် ယုတ်စွအဆုံး ခေတ္တခဏကလေးဖြစ်ဖြစ် စကား ပြောခွင့်ရရန် အကူအညီကမ်းလာသည်။ စင်္ကြံန်များအတွင်း၌ သင်းတို့သည် အသတ်ခံကြရမည့် သူများ၏ အမည်တို့ကို ဟစ်အော် ခေါ်ထုတ်နေကြသည်။ သွေးဖြင့် ယစ်မူးနေကြ၍လဲ သင်းတို့၏အော်သံမှာ ကြမ်းတမ်းနေသည်။ မအော်နိုင်သောသူတို့၏ လည်ချောင်းများမှာလဲ တုန်လှုပ်ခြင်းကြောင့် ပိတ်ဆို့နေသည်။ ယခုကဲ့သို့သော အချိန်ကြီးမျိုးတွင်မှ ဟယ်၊ ဟုတ်နိုင်ပါဘူး၊ ယုံနိုင်စရာကိုမရှိဘူး။ ဒါမဟုတ်နိုင်ဘူး။ ဒါ ထောင်ချောက်ဆိုတာ သေချာတယ်။ ယခုကဲ့သို့ အခြေအ နေမျိုးတွင် မိမိ၏အလိုအလျောက် ခင်ဗျားထံလက်လှမ်း၍ ပေးလိုက်နိုင်သောသူသည် မည်မျှ ခွန်အားကြီးမားသောသူ ဖြစ်ရမည်နည်း။ မည်မျှလဲ သတ္တိကောင်းရ ပေမည်နည်း။
တလခန့်သော အချိန်လဲ ကုန်လွန်သွားခဲ့သည်။ မာရှယ်လောကိုလဲ ရုတ်သိမ်းလိုက်ပြီ။ အော်သံများလဲ ငြိမ်သွား၍ ရက်စက်ကြမ်းကြုတ်သော အချိန် တို့သည်လဲ သတိရစရာများအဖြစ်သို့သာ ပြောင်းလဲသွားကြပေပြီ။ တဖန် အစစ်ခံရာမှအပြန် တညနေချင်းတွင် အထက်ပါထောင်စောင့်ပင် ကျနော့်အား အကျဉ်း ခန်းအတွင်းသို့သွင်းရန် တံခါးဝအထိ ရောက်လာပြန်ပါသည်။
- ခင်ဗျားတော့ လွတ်သွားပြီထင်ပါရဲ့ - ဟုပြောလိုက်သည်။ ထို့နောက် ကျနော့်အား စူးစူးစမ်းစမ်းကြည့်လိုက်သည် - အစစအရာရာ ချောချောမော မောပဲ မဟုတ်လား။
ကျနော်သည် သူ၏မေးခွန်းမှ အဓိပ္ပာယ်ကို ကောင်းစွာနည်းလည်မိပါသည်။ စိတ်ထဲ၌လဲ နက်နက်နဲနဲပင် နာသွားမိသည်။ သို့သော် ထိုမေးခွန်းသည် သူ၏ရိုးသားဖြောင့်မတ်မှုကို အခြားခြားသော အချက်များထက်ပို၍ သက်သေထူခဲ့ပါသည်။ ဤသို့သော မေးခွန်းမျိုးကို အတွင်းဓာတ်အရ မေးပိုင်ခွင့်ရှိသူသာ မေး နိုင်ပေသည်။ ကျနော်သည် ထိုအချိန်မှစ၍ သူ့အပေါ် ယုံကြည်စိတ်ချသွားပါသည်။ သူကား ကျနော်တို့၏လူ ဖြစ်လေသည်။
အပြန်ပန်းအားဖြင့်သော် သူသည် အတွေးရကြပ်သောအသွင်အပြင်ကို ဆောင်သည်။ စင်္ကြံန်များတွင် တယောက်တည်း လမ်းလျှောက်နေတတ် သည်။ ငြိမ်ငြိမ်သက်သက်နှင့် ရေငုံနေတတ်သည်။ နိုးနိုးကြားကြားနှင့်လဲ အစစအရာရာကို သတိပြုအကဲခတ်နေတတ်သည်။ သူအော်ဟစ်ကို ခင်ဗျားတခါမျှ မ ကြားဘူးခဲ့။ တစုံတယောက်ကို ရိုက်သည်လဲ တခါမျှမတွေ့ဘူးခဲ့။
- ဆမဲတောန့်ဇ် ကြည့်နေတဲ့အချိန်မျိုးမှာ ကျနော့်ကို ပါးဖြစ်ဖြစ် ရိုက်လိုက်စမ်းပါဗျာ - ဘေးခန်းမှ ရဲဘော်များက သူ့အား တိုက်တွန်းကြသည် ခင်ဗျာ ထထကြွကြွကလေးလုပ်နေတာ သူတခါတလေလောက် မြင်သွားအောင်ပေါ့။
သူက ခေါင်းကို ခါပြသည်။
- မလိုပါဘူးဗျာ။
ချက်စကားမှလွဲ၍ အခြားစကားပြောသည်ပင် ခင်ဗျားတခါမျှ မကြားဘူးပေ။ သူ့အား မည်သို့ကြည့်ကြည့် အခြားသူများနှင့် ကွာခြားသည်ကို သိသာ သည်။ သို့သော် ဘယ်အချက်များကြောင့် ကွာခြားသည်ကိုမူ ပြောရန်အတော်ခက်သည်။ သင်းတို့ကိုယ်၌ပင် ဤအကြောင်းကို ရိပ်မိကြသည်၊ သို့သော် အခြေခံကို နားမလည်ကြ။
လိုသည့်နေရာတိုင်းသို့ သူရောက်နေတတ်သည်။ ဗရုသုက္ခဖြစ်နေရာသို့ ငြိမ်ဆိမ်မှုကို ဆောင်ယူလာတတ်သည်။ ခေါင်းများ ငိုက်၍ဆင်းနေလျှင် အား ပေးသမှုပြုတတ်သည်။ ပြတ်သွားသော ကြိုးမျှင်များကြောင့် အပြင်ဘက်မှလူများ အန္တရာယ်ရောက်တော့မည်ဆိုလျှင် သူက ပြန်၍ဆက်သွယ်ပေးသည်။ သူကား အသေးအဖွဲ့များတွင် အနစ်မွန်းမခံ။ စနစ်တကျနှင့် ကျယ်ကျယ်ဝန်းဝန်းလုပ်ကိုင်သည်။
ယခုမှသာ ဤသို့လုပ်သည်မဟုတ်။ အစကနဦးတည်းကပင် ဤသို့လုပ်ခဲ့သည်။ ဤတာဝန်အရလဲ နာဇီများလက်အောက်သို့ ၀င်ရောက်၍ အမှုထမ်း ခြင်းဖြစ်လေသည်။
အဒေါ့လ်ဖ်၊ ကောလင်စကီ ကား မောရာဗာပြည်နယ်မှ ချက်ထောင်စောင့်တယောက်ဖြစ်လေသည်။ ရှေးဟောင်း ချက်မျိုးရိုးမှ ဆင်းသက်လာသော ဤချက်အမျိုးသားသည် ကိုယ့်ကိုယ်ကိုယ် ဂျာမန်တယောက်ဖြစ်သည်ဟု ကျေညာခဲ့သည်။ ထိုနည်းဖြင့် ဟရားဒဲစ်၊ ကရားလောဗဲ ထောင်တွင် ချက်အကျဉ်းသမား များအား သွား၍စောင့်နိုင်ခဲ့သည်။ ၎င်းနောက် ပန်းကရာ့စ်တွင်ထောင်စောင့် လုပ်လာရလေသည်။ ထိုသို့လုပ်သည့်အတွက် သူ၏အသိများသည် သူ့အပေါ်အ တော်ကြီး ချဉ်သွားကြပေမည်။ သို့သော် လေးနှစ်ကြာမျှ အမှုထမ်းပြီးသည့်နောက်ပိုင်းတွင် ဂျာမန်ထောင်ပိုင်သည် သူ၏မျက်လုံးများရှေ့တွင် လက်သီးကိုဝှေ့ရမ်း ယင်း -
- မင်းကိုယ်ထဲမှာရှိတဲ့ ချက်စိတ်ဓာတ်တွေကို အမြစ်ကစပြီး နှုတ်ပစ်မယ်ကွ။
ဟူ၍ ခြိမ်းချောက်ရသည့်အထိ ဖြစ်လာလေတော့သည်။ သို့သော် ထောင်ပိုင်ကား နောက်ကျသွားခဲ့လေပြီ။ အမှန်အားဖြင့် ၎င်း၏အကဲခတ်ပုံမှာလဲ ပါ စင်အောင် လွဲနေလေသည်။ ကောလင်စကီ၏ ကိုယ်တွင်း၌ရှိသည်ကား ချက်ဆန်မှုသာမဟုတ်။ ထောင်ပိုင်အနေနှင့်သူ၏ လူစိတ်ကိုပါ မောင်းထုတ်ပစ်ရပေလိမ့် မည်။ တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ရန်၊ ၀င်ရောက်ကူညီရန်အတွက် တာဝန်ကိုသိတတ်စွာဖြင့် ကိုယ်နှင့်အသင့်တော်ဆုံးသော နေရာသို့ အလိုအလျောက် ထွက်လာသူဖြစ်သည်။ အန္တရာယ်များ အစဉ်မပြတ်ပေါ်နေသည်နှင့်အမျှ ခိုင်မြဲ၍သာ လာသောလူတယောက် ဖြစ်ပေသည်။
ဒို့အမျိုးသားတွေ
၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ - ရက်နေ့တွင် နံနက်စာအဖြစ် ယူလာနေကျ ဘာမှန်းမသိ အဖျော်ရည်မည်းမည်းကြီးအစား၊ ကိုကိုးတခွက်စီသာ လာ ပို့ကြလျှင် ကျနော်တို့သည် အဆိုပါအံ့ဘွယ်သူရဲကို သတိပြုမိကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့၏ အကျဉ်းခန်းရှေ့တွင် ချက်အမျိုးသား ပုလိပ်ယူနီဖောင်းတစု ရိပ်ကနဲ ဖြတ်သွားသောကြောင့်ဖြစ်လေသည်။
ရိပ်ကနဲသာ မြင်လိုက်ရသည်။ ဘောင်းဘီအနက်များနှင့် ဖိနပ်ရှည်များ၏ ခြေလှမ်းတလှမ်း။ အညိုရင့်ရောင် အင်္ကျီလက်မောင်းက သော့ခလောက်ဆီ သို့ ပင့်လိုက်ကာ တံခါးကိုစေ့လိုက်သည်။ ထို့နောက် လူရိပ်ကားပျောက်သွားလေသည်။ အချိန်မှာတိုတောင်းလွန်းလှသဖြင့် နောက်ဆယ့်ငါးမိနစ်ကြာသောအခါ ကျနော်တို့ကား ထိုအရာကို မယုံချင်သလိုလိုပင် ဖြစ်လာမိကြလေသည်။
ပန်းကရာ့စ်လိုထောင်မျိုးမှာ ချက်အမျိုးသားပုလိပ်တယောက် … ဤအချက်ကလေးတချက်ပေါ် အခြေတည်၍ ကျနော်တို့သည် မည်မျှနက်ရှိုင်းသော တွက်ကိန်းများကို ရေးဆွဲနိုင်ကြပေသနည်း။
နှစ်နာရီအတွင်း၌ပင် ကျနော်တို့တွက်ချက်ပြီးကြလေပြီ။ အကျဉ်းခန်းတံခါးလဲ နောက်တဖန်ပွင့်သွားပြန်ကာ ချက်ပုလိပ်တို့၏ ကက်ဦးထုပ်တလုံးလဲ အခန်းတွင်းသို့ ပြူ၍ကြည့်လာလေသည်။ ကျနော်တို့ အံ့အားသင့်နေကြသည်ကို တွေ့သဖြင့်လဲ ပါးစပ်ကြီးဖြဲ၍ ပြုံးရင်းက ကျေညာလေသည်။
- ဖရိုက်ရှတွန်းဒဲ။
ဖရိုက်ရှတွန်းဒဲ - (ဂျာမန်စကား) နံနက်ပိုင်းတွင် အပြင်ဘက်သို့ နာရီဝက်မျှ ထွက်၍ကိုယ်လက်လှုပ်ရှားရေး လုပ်ရန်ခေါ်ဆိုခြင်း။
ကျနော်တို့ကား မမှားနိုင်တော့။ စင်္ကြံန်များအတွင်း၌ အက်ဆက်စ်ထောင်စောင့်တို့၏ မီးခိုးစိမ်းရောင် ယူနီဖောင်းများအကြားတွင် အမဲရောင်အ ပြောက်များ ပေါ်နေသည်။ ဤအပြောက်များကား ကျနော်တို့အတွက် အထူးတလည်ပြောင်လက်၍နေသည်။ ဤသည်ကား ချက်ပုလိပ်များ ဖြစ်ကြလေသည်။
ဤကိစ္စသည်ကျနော်တို့အတွက် မည်သို့အဓိပ္ပာယ်သက်ရောက်သနည်း။ ချက်ပုလိပ်များသည် မည်သို့နေကြမည်နည်း။ မည်သို့ပင်ရှိစေ သူတို့ဤနေ ရာသို့ ရောက်လာကြသည်ဟူသော အချက်တခုတည်းကပင် ရှင်းလင်းသောအကွက်များကို ဖော်ပြနေသည်။ ဤဖိနှိပ်မှု စက်ယန္တရားသည် အုပ်စိုးသူ၏ အားအကိုး ရဆုံးသောဒေါက်၊ သတိထားရဆုံးသော အရှိုက်ဖြစ်သည်။ မိမိတို့ ဖိနှိပ်လိုသောလူမျိုးမှ အမျိုးသားများကို ဤစက်ယန္တရားများအတွင်းသို့ သွင်း၍သုံးရပြီဆိုလျှင် ဤ အုပ်စိုးမှုစနစ်ကား ဘ၀အဆုံးသတ်သို့ ဒလိမ့်ခေါက်ကွေး ဆင်း၍နေပြီဆိုသည်မှာ ထင်ရှားသည်။ အလူးအလဲနှင့် လူအင်အားမလုံမလောက် ဖြစ်နေ၍သာ လူ ကလေးလက်တဆုတ်ခန့် ရပါမည့်အရေး မိမိတို့၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ဤသို့သော်ဌာနမျိုးတွင် အားကိုဖျော့ချလိုက်ခြင်းဖြစ်ပေမည်။ ဤသို့ဆိုလျှင် နောင်မည်မျှကြာကြာ တောင့်ခံနေလိုသေးသနည်း။
မှန်သည်။ ဤပုလိပ်များကား အထူးတလည်ရွေးချယ်ထားသော လက်ရွေးစင်များဖြစ်လိမ့်မည်။ အကျင့်ဆိုးများလဲ ပါနေမည်။ ဂျာမန်ရန်သူများအပေါ် နိုင်နိုင်သည်ဟူ၍လဲ ယုံကြည်မည်မဟုတ်ကြ။ ဂျာမန်ထောင်စောင့်များထက်ပင် ဆိုးကောင်းဆိုးနေကြမည်။ သို့သော်လဲ ဤအချက် သူတို့ဤနေရာသို့ ရောက်လာ ကြရပြီဟူသော အချက်သည်ပင် အဆုံးသတ်ကို မြေကြီးလက်ခတ်မလွဲ ညွှန်ပြနေသည့် အတိတ်နိမိတ်ဖြစ်လေသည်။
ဤသို့ပင် ကျနော်တို့ တွက်ဆနေခဲ့ကြသည်။
သို့သော် အခြေအနေမှန်မှာ အစကနဦးတွင် ကျနော်တို့တွက်ဆ၀ံ့သည်ထက်ပင် ပို၍နေသေးသည်။ အဘယ့်ကြောင့်ဆိုသော် အုပ်စိုးမှုစနစ်သည် လက်ရွေးစင်တို့ကိုပင် မရှာနိုင်တော့။ ရွေးစရာပင် လူမကျန်တော့။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျနော်တို့သည် ချက်ပုလိပ် ယူနီဖောင်းများကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ကြရသည်။
နောက်တနေ့တွင်ပင် ကျနော်တို့သည် ယူနီဖောင်းအတွင်းမှ လူတို့နှင့်သိကျွမ်းလာကြရလေသည်။
ပထမတယောက် ရောက်လာသည်။ အကျဉ်းခန်းအတွင်းသို့ ခေါင်းပြူကာ ခါးပန်းပေါ်တွင် ခြေကိုဟိုရွေ့သည်ရွေ့ဖြင့် အန်းတန်းတန်းဖြစ်နေသည်။ နောက် - ဆိတ်ကလေးတကောင်တွင် မြူးတူးသော အင်အားများပြည့်လာသည်နှင့် တပြိုင်နက် ခြေလေးဘက်စုံပြိုင်၍ ခုန်ပေါက်သကဲ့သို့ ဗြုန်းကနဲပေါ်လာသော ရဲတင်းမှုဖြင့်
- ဘယ့်နဲ့လဲ ကိုယ့်ဆရာတို့ နေကောင်းကြရဲ့လား။
ဟု မေးလိုက်သည်။ ကျနော်တို့က သူ့အား ပြုံး၍ဖြေကြသည်။ သူကလဲ ပြန်၍ပြုံးရင်းက ရှက်အန်းအန်းဖြစ်သွားပြန်သည်။
- ကျနော်တို့အပေါ် စိတ်မရှိကြပါနဲ့ဗျာ။ တကယ်ပါ ဒီမှာခင်ဗျားတို့ကို စောင့်ကြပ်နေကြမယ့်အစား လမ်းမပေါ်မှာ ကင်းစောင့်နေချင်ကြပါသေးတယ်။ ဒါပေမဲ့ မလာဘဲနေလို့ မရဘူးဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ … ဘာပဲဖြစ်ဖြစ် အခုလိုလုပ်ကြရတဲ့အတွက်တော့လဲ အကျိုးလေး ဘာလေး ရှိကောင်းပါရဲ့ …..
ကျနော်တို့က ဤကိစ္စအပေါ် မည်သို့သဘောထားကြသည်၊ သူတို့အပေါ် မည်သို့မြင်သည် စသည်တို့ကို ပြောပြလိုက်သောအခါ ၀မ်းသာသွားလေ သည်။ သို့နှင့် တွေ့တွေ့ချင်းပင် ကျနော်တို့လဲ မိတ်ဆွေများဖြစ်လာခဲ့ကြသည်။ သူ၏အမည်ကား ဗီးတက် ဟုခေါ်သည်။ ရိုးသား၍ သဘောကောင်းသော လူရွယ် တယောက်ဖြစ်သည်။ ယမန်နေ့နံနက်က ကျနော်တို့၏ အကျဉ်းခန်းရှေ့တွင် ရိပ်ခနဲဖြတ်သွားသောသူ ဖြစ်လေသည်။
ဒုတိယတယောက်ကား တူးမာ ဟုခေါ်သည်။ ရှေးရိုးချက်ထောင်မှူးတို့၏ အချိုးအစားနှင့်နေထိုင်သည် - ဘုကျသည်၊ အော်တတ် ဟစ်တတ်သည်၊ သို့သော် အတွင်းသဘော ကောင်းသည်။ ဤသို့သော် ထောင်စောင့်မျိုးကို ယခင်သမတ နိုင်တော်ခေတ်တုန်းက ထောင်များထဲတွင် ကျနော်တို့က “ဖော့တရ်” ဟု ခေါ်လေ့ရှိကြသည်။ ဤသို့ရောက်လာရသည့်အတွက် မနေတတ်၊ မထိုင်တတ် မဖြစ်၊ သူ၏ဓလေ့အလိုက် စကားလုံးကြမ်းကြမ်းများဖြင့် ရွှတ်ယင်း နောက်ယင်း စည်းကမ်းကို ထိန်းသိမ်းလေသည်။ တချိန်တည်း၌လဲ ထိုစည်းကမ်းများကို ဖောက်ဖျက်လေသည်။ ဤနေရာတွင် အကျဉ်းခန်းတွင်းသို့ ပေါင်မုန့်ခိုးသွင်းသည်။ ဟို နေရာတွင် စီးကရက်တလိပ်။ နောက်တနေရာတွင် (နိုင်ငံရေးအကြောင်းမှလွဲ၍) ရောက်တတ်ရာရာ စကားလက်ဆုံ ကျနေတတ်သည်။ ဤအရာများကို လုပ်ရိုး လုပ်စဉ်ဟု ယူဆသည်။ ထောင်စောင့်ဆိုလျှင် ဤသို့နေရမည်ဟူ၍လဲ သဘောပိုက်သည်။ ထိုသဘောထားကိုလဲ ဖုံးဝှက်၍မထား။ ထိုကိစ္စနှင့်ပတ်သက်၍ ပထမ ဆုံးအကြိမ် အပွက်ခံလိုက်ရသောအခါ သူသည်အနေအထိုင် ဆင်ချင်သွားသည်။ သို့သော် ပြောင်းလဲ၍ကား မသွား။ သူကား ထောင်စောင့် ဖော့်တရ် အဖြစ်နှင့်ပင် ဆက်လက်နေထိုင်သွားလေသည်။ သူ့အား ကိစ္စကြီးကျယ်ကျယ်တခုကို ခင်ဗျားလုပ်ခိုင်းရဲမည်မဟုတ်။ သို့သော် သူရှိနေလျှင် အသက်ရှူရချောင်လေသည်။
“ဖော့တရ်” - အဖေ။ ဖားသားကြီး။ အဘိုးကြီး။
တတိယလူကား မျက်မှောင်ကြုတ်နေတတ်သည်။ စကားမပြော မည်သူ့ကိုမျှ အလေးမမူ။ ဤသို့လျှင် အကျဉ်းခန်းတ၀ိုက် လမ်းလျှောက်နေတတ် သည်။ သူနှင့်အဆက်အသွယ်ရရန် သတိထား၍ စမ်းကြည့်၊ တောက်ကြည့်သောအခါ၌လဲ တုံ့ပြန်ခြင်းမပြု။
- ဒီလူနဲ့တော့ ဒို့သိပ်ပြီး အံကိုက်ပုံမရဘူး - အဘသည် တပတ်မျှအကဲခတ်ပြီး ပြောလေသည် - ဒီလူသိုက်ထဲမှာ ဒီလူဟာ ဟန်မကျဆုံးပဲ။
- ဒါပေမဲ့ သူက အလည်ဆုံးဖြစ်ချင်ဖြစ်နေမှာ - အသေးအဖွဲကိစ္စကလေးများတွင် သဘောနှစ်ခွရှိခြင်းကား အကျဉ်းခန်းတွင်းရှိ ဘ၀၏ဟင်းမွှေး မဆ လာများဖြစ်သည်။ ထို့ကြောင့်လဲ အတိုက်အခံမှ ပြုရစေတော့ဟူသည့် သဘောမျိုးဖြင့် ကျနော်က ဆန့်ကျင်လိုက်ပါသည်။
ဆယ့်လေးရက်မျှ အကြာတွင် ဤမည်သော တေမိသည် ကျနော့်အား မျက်လုံးများ ခပ်သွက်သွက် မှိတ်ပြလိုက်သည်ဟု ထင်မိပါသည်။ ဤလှုပ်ရှားမှု မျိုးကား ထောင်တွင်း၌ဆိုလျှင် အဓိပ္ပာယ်ပေါင်း သောင်းခြောက်ထောင် ရှိနိုင်လေသည်။ သို့သော် သူ့ထံမှ အဖြေမရပြန်တော့။ ကျနော့်အထင်မှာ မှားချင်မှားနေပေ မည်။
တလမျှ ကြာသောအခါတွင်ကား ပြဿနာမှာ ရှင်းသွားလေတော့သည်။ ပိုးအိမ်အတွင်းမှ လိပ်ပြာကလေးတကောင် ဖောက်ထွက်လာသကဲ့သို့ ဗြုန်းကနဲ ပေါ်ထွက်လာသည်။ ပိတ်နေသော ပိုးအိမ်လဲ ပေါက်ကွဲသွားလျက် သက်ရှိသတ္တ၀ါတကောင်လဲ ပေါ်ထွက်လာသည်။ ၎င်းကား လိပ်ပြာကလေးတကောင် မဟုတ်၊ လူတယောက်ပင် ဖြစ်လေသည်။
….. ….. ….. ….. ….. ….. ….. ….. ….. ….. …..
- ကိုယ့်လူက ကျောက်တိုင်ကလေးတွေ ထူနေတာကိုး - ကျနော်ရေးနေသည့် အချို့သောလူကို လေ့လာချက်များနှင့် ပတ်သက်၍ အဘကပြောလေ့ ရှိပါသည်။
ဟုတ်သည်။ အပြင်ဘက်တွင်သာမက၊ ဤနေရာတွင်လဲ သစ္စာရှိရှိနှင့် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့လျက် ကျဆုံးသွားသူများကို မေ့မသွားကြစေလို။ ထို့နည်း တူ အခက်အခဲဆုံးသော အခြေအနေများတွင် ထို့ထက်မနည်းသော သစ္စာရှိမှု၊ ထို့ထက်မလျော့သော ရဲရင့်မှုဖြင့် ကျနော်တို့အား ကူညီခဲ့ကြကာ အသက်နှင့်ကိုယ် မြဲလျက်သား ကျန်ရစ်ကြမည့်သူများကိုလဲ မေ့မသွားကြစေလိုပါ။ ကောလင်စကီကဲ့သို့ ရုပ်သွင်များ၊ ဤချက်ပုလိပ်ကဲ့သို့သော ရုပ်သွင်များသည် ပန်းကရာ့စ်ထောင် စင်္ကြံန်များရှိ မလင်းတ၀က် လင်းတ၀က်ဒေသမှနေ၍ ဘ၀၏အလင်းရောင်ပေါ်သို့ ပေါ်ထွက်လာကြစေလိုသည်။ သူတို့အား ဂုဏ်ပြုလိုကားမဟုတ်။ အခြားသူများ အတုခိုးကြရန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော လူသတ္တ၀ါတို့၏ တာဝန်သည်ကား လက်ငင်းတိုက်ပွဲဖြင့်သာ အဆုံးသတ်သွားမည် မဟုတ်။ တလောကလုံးရှိ လူများသည် ကျပ်ပြည်ဒင်ပြည့်လူများ ဖြစ်မလာကြသမျှကာလပတ်လုံး လူဟူသော အမည်ကိုခံယူလိုလျှင် ရဲရင့်သော အသည်းနှလုံးရှိရန် လိုနေလိမ့်ဦးမည်သာ ဖြစ်သောကြောင့်တည်း။
အရင်းကို စစ်လိုက်မည်ဆိုလျှင် ထောင်စောင့်ယာရောစလာ့ဗ်၊ ဟောရ၏ အကြောင်းကား ဇာတ်လမ်းတိုတိုကလေးမျှသာ ဖြစ်လေသည်။ သို့သော် ဤအတ္ထုပ္ပတ္တိတွင် လူကျပ်ပြည့်တယောက်၏ သမိုင်းကို ခင်ဗျားတွေ့မြင်နိုင်သည်။
ရဒ်ညစ္စကော။ ဤသည်ကားကမ္ဘာ၏ ချောင်ကျသောနေရာကလေး တနေရာဖြစ်သည်။ လှပသောတောနယ်၊ ဆွေးချင့်စရာနှင့်ဆင်းရဲသော ဒေသလဲ ဖြစ်သည်။ အဖေဖြစ်သူမှာ ဖလ်ထည်အလုပ်သမားဖြစ်သည်။ သူတို့၏ဘ၀ကား ခက်ခဲကြပ်တည်းလှသည်။ အလုပ်ရှိချိန်တွင် အသေအလဲ အပင်ပမ်းခံကြရသည်။ အလုပ်မရှိချိန်တွင် ဆင်းရဲကြရသည်။ အလုပ်လက်မဲ့အန္တရာယ်ဆိုသည်မှာလဲ ဤဒေသတွင် ကိုယ့်အိုးကိုယ့်အိမ်လို အခြေစိုက်နေသည်။ ထိုသို့သော် အခြေအနေ ဆိုးမျိုးသည် ခင်ဗျားဒူးထောက်သွားလောက်အောင် ချိုးနှိမ်ပစ်လိုက်နိုင်သည်။ သို့မဟုတ် ကမ္ဘာသစ်အကြောင်း စိကူးများပေါ်လာစေ၍ ထိုကမ္ဘာသစ်ကြီး မုချပေါ် လာရမည် ဟူ၍လဲယုံကြည်လျက်၊ ထိုကမ္ဘသစ်အတွက် တိုက်ပွဲဝင်ခြင်းဖြင့်လဲ ခင်ဗျား၏ခေါင်းကို ထောင်လာစေသည်။ ဖခင်ဖြစ်သူသည် ဒုတိယလမ်းကို လိုက်ခဲ့ သည်။ ကွန်မြူနစ်တယောက် ဖြစ်လာလေသည်။
ယာရဒါကလေးသည် မိမိ၏စက်ဘီးမှ ဘီးများတွင် ပန်းစက္ကူ အနီရောင်များကို ထိုးယက်ကာ၊ မေဒေးနေ့လှည့်လည်ပွဲတွင် စက်ဘီးသမားများနှင့်တွဲ၍ လှည့်သည်။ စက္ကူအနီလိပ်ကို ထိုနေရာ၌ပင်မေ့မထားခဲ့ပေ။ ကိုယ့်ဖာသာကိုယ်ပင် မည်သို့လုပ်မှန်းမသိသော်လဲ ထိုအနီလိပ်ကို ကိုယ်တွင်းတနေရာ၌ သယ် ဆောင်ယင်း ကျောင်းသင်တန်းများသို့ တက်ခဲ့သည်၊ တွင်ခုံသို့ ရောက်ခဲ့သည်၊ ရှကိုဒါစက်ရုံများသို့ ပထမဆုံးအကြိမ် အလုပ်ဝင်လုပ်ခဲ့သည်။
စီးပွားရေးကပ်၊ အလုပ်လက်မဲ့ဘ၀၊ စစ်အမှုထမ်းချိန်၊ အလုပ်နေရာကလေး ပေါ်လာသောကာလ၊ ပုလိပ်အတု။ ဤအချိန်တလျှောက်လုံးတွင် သူ့ ကိုယ်တွင်းမှ အနီရောင်ပန်းစက္ကူလိပ် ဘာဖြစ်နေခဲ့သည်ကို ကျနော်မသိ၊ တနေနေရာတွင် လိပ်ကောင်း လိပ်နေခဲ့မည်။ ဘေးသို့ရောက်၍ မေ့တ၀က်၊ မမေ့တ၀က် နှင့်လဲ ဖြစ်ကောင်း ဖြစ်နေမည်။ သို့သော် လုံးဝပျောက်လုံးသွားသည်ကား မဟုတ်။ တနေ့သော် သူ့အား ပန်းကရာ့စ်ထောင်သို့ တာဝန်ချလိုက်ကြသည်။ သူကား ကောလင်စကီကဲ့သို့ မိမိကိုယ်ကိုယ်မိမိ တာဝန်ပေးကာ ဤနေရာသို့ အလိုအလျောက် ရောက်လာသူမဟုတ်ပေ။ သို့သော် အကျဉ်းခန်းတခန်းအတွင်းသို့ ၀င်၍ ကြည့်မိသည်နှင့်တပြိုင်နက် ကိုယ့်တာဝန်ကို ကိုယ်သိလာလေသည်။ အနီရောင်စက္ကူလိပ်ကား ပြန့်၍ထွက်လာလေပြီ။
သူသည် မြေအနေအထားကို စစ်ဆေးအကဲခတ်သည်။ ကိုယ့်အားကို ကိုယ်စမ်းကြည့်သည်။ ဘယ်နေရာတွင် ဘယ်လိုစလုပ်ရလျှင် ကောင်းမည် နည်းဟူ၍ ပြင်းထန်စွာ တွေးတောနေခြင်းကြောင့် မျက်နှာမှာ သုန်မှုန်နေခဲ့သည်။ သူကား အချိန်ပြည့်နိုင်ငံရေးသမားတယောက် မဟုတ်။ ပြည်သူတို့၏ သာမန် သားတယောက် ဖြစ်လေသည်။ သို့သော်လဲ ၎င်းတွင် ဖခင်ဖြစ်သူ၏အတွေ့အကြုံများ ပါလာသည်။ ခိုင်မာသော အမြုတေရှိသည်။ အမြုတေ၏ ပတ်ဝန်းကျင်တွင် စိတ်ပိုင်းဖြတ်မှုများ ၀န်းရံ၍နေသည်။ ထို့အတိုင်းလဲ ဆုံးဖြတ်ချက်ချခဲ့သည်။ သို့ဖြင့် ပိတ်နေသော ပိုးအိမ်အတွင်းမှ လူတယောက် ဖောက်ထွက်လာလေသည်။
ဤသူကား အတွင်းသဘာဝအရ အလွန်လှပသည်။ စိတ်သန့်ရှင်းရာ၌လဲ ရှာမှရှားသည်။ စိတ်ထိခိုက်လွယ်၍ ရှက်လဲ ရှက်တတ်သည့်တိုင်အောင် ယောက်ျားပီသသော သူတယောက်ဖြစ်သည်။ ဤနေရာတွင် လိုသပဆိုလျှင် ဘာမဆိုလုပ်ရဲသောသူ ဖြစ်သည်။ သေးဖွဲသောကိစ္စများလဲ လိုသည်၊ ကြီးမားသော ကိစ္စများလဲ လိုသည်၊ သူသည် သေးဖွဲသောကိစ္စများကိုလဲ ဆောင်ရွက်သည်။ ကြီးမားသော ကိစ္စများကိုလဲ ဆောင်ရွက်သည်။ သူသည် ဟိတ်ဟန်မပြဘဲ တိတ် တိတ်ဆိတ်ဆိတ်နှင့် သတိထား၍အလုပ်လုပ်ရသည်။ ကြောက်စိတ်မပါဘဲ အလုပ်လုပ်သည်။ အစစအရာရာကို လုပ်ရိုးလုပ်စဉ်လို လုပ်သည်။ အမိန့်၏စေခိုင်းချက် ကို ရင်ဝယ်ပိုက်ထားသည်။ ဒါ လုပ်ဖို့လိုတယ်မဟုတ်လား - ဒါဖြင့် ဘာများပြောနေဖို့ လိုသေးသလဲ။
ဤသည်ကား အမှန်အားဖြင့် ဤသည်ကား ပြောစရာရှိသမျှ အကုန်ပင်ဖြစ်လေသည်။ ဤသည်ကား လူရုပ်သွင်တရပ်၏ ဇာတ်ကြောင်းအကုန်ပင် ဖြစ်သည်။ သို့စဉ်လျက် ဤရုပ်သွင်ကား ငါလူအချို့၏ အသက်များကို ကယ်ဆယ်ပေးခဲ့သည်ဟု ယူဆနိုင်သောသူဖြစ်လေသည်။ ပန်းကရာ့စ်ထော်အတွင်းမှ ယောက်ျားတယောက်အနေနှင့် မိမိ၏လူ့တာဝန်ကို ကြေပြွန်ခဲ့ခြင်းကြောင့်သာ အဆိုပါလူများသည် အပြင်ဘက်၌ နေထိုင်ကာ အလုပ်လုပ်နေနိုင်ကြခြင်း ဖြစ်လေ သည်။ ထိုသူများသည် သူ့အားမသိ၊ သူကလဲ ထိုသူများကိုမသိပေ။ ကောလင်စကီကို မသိကြသလိုပင်ဖြစ်သည်။ အနည်းဆုံး နောင်အခါတွင် သူတို့အား သိလာ ကြစေလိုသည်။ ဤသူနှစ်ယောက်သည်လဲ တယောက်နှင့်တယောက် လျင်မြန်စွာ တွဲမိသွားကြသည်။ တွဲမိကြသောကြောင့်လဲ သူတို့၏ လုပ်အားမှာ အဆပေါင်း များစွာ တိုးတက်ခဲ့လေသည်။
သူ့တို့အား စံနမူနာအဖြစ် သတ်မှတ်ထားကြပါ။ (နေရာမှန်တွင် ကိုယ့်ခေါင်းကို နေရာချတတ်သော လူများအဖြစ် စံနမူထားကြပါ) အထူးသဖြင့် နှလုံး သားကိုနေရာမှန်တွင် ထားတတ်သောသူများဖြစ်ကြလေသည်။
အေဖႀကီး စေကာယ်က္ပါ
မတော်တဆ သူတို့သုံးယောက်သားကို တွဲလျက်သားတွေ့ရမည်ဆိုလျှင် ခင်ဗျားသည် သွေးသောက်အသင်းအပင်းတခုကို အသက်ဝင်လျက်သား မြင်ရပေလိမ့်မည်။ အက်ဆက်စ် ထောင်စောင့်၏ မီးခိုးစိမ်းရောင်ယူနီဖောင်းနှင့် ကောလင်စကီ။ ချက်ပုလိပ် ယူနီဖောင်းအနက်ရောင်နှင့် ဟောရ။ အရောင်နုသော် လည်း စိတ်ချမ်းသာစရာမရှိသော ထောင်ဘာယာယူနီဖောင်းနှင့် အဖေကြီးစကောယျက်ပါ။ သို့သော် သူတို့သုံးယောက်အား တွဲလျက်သား မြင်ရခဲသည်။ အတော့် ကို မြင်ရခဲသည်။ တဂိုဏ်းတည်းသားများ ဖြစ်သောကြောင့်လဲ တူတူတွဲ၍ မနေကြခြင်းဖြစ်လေသည်။
ထောင်၏ စည်းကမ်းများတွင် ထောင်စင်္ကြံန်များအတွင်း သန့်ရှင်းရေးအစားအသောက်များ လိုက်လံဝေငှရေးစသော အလုပ်များအတွက် “အထူးယုံ ကြည်စိတ်ချရ၍ စည်းကမ်းလဲသေ၀ပ်ကာ အခြားသူများနှင့် လုံးဝအဆက်ဖြတ်ထားသော အကျဉ်းသမားများကိုသာလျှင်” အသုံးချရမည်ဟု ပါရှိလေသည်။ ဤ သည်ကား စာ၏အလိုမျှသာ ဖြစ်သည်။ မျက်နှာငယ်ကလေးနှင့် အသက်မပါ အသေဖွားလာသော စာသွားမျှသာဖြစ်သည်။ ဤသို့သော ထောင်ဘာယာမျိုး ဟူ သည်ကားမရှိ၊ ယခင်ကလဲ မရှိခဲ့။ အထူးသဖြင့် ဂက်စတာပိုတို့၏ ထောင်တွင်ဤသို့သော ဘာယာမျိုးမရှိပေ။ မရှိသည်မက၊ ဤနေရာမှ ထောင်ဘာယာများကား အကျဉ်းခန်းများအတွင်းရှိ အကျဉ်းသမားတို့၏ အစုအပေါင်းက လွတ်လပ်သောကမ္ဘာနှင့် နီးကပ်စွာနေနိုင်ရန်၊ တည်တံ့နိုင်ရန်၊ အချင်းချင်း နားလည်မှုရနိုင်ရန် လွှတ်ထားသော တပ်ထောက်များပင် ဖြစ်နေခဲ့လေသည်။ ပေါက်ကြားသွားသော သတင်းစကားအတွက် ကိုယ်ပေါ်တွင်မိသွားသော လျှို့ဝှက်စာတစောင်အတွက် အသက်ပေးခဲ့ရသော ထောင်ဘာယာပေါင်း မည်မျှရှိပြီနည်း။ သို့သော်လဲ အကျဉ်းသမားတို့၏ အစုအပေါင်းမှ ဥပဒေကား၊ ထိုကျဆုံးသွားသော သူတို့၏နေရာသို့ ရောက်လာသူတိုင်းအား အန္တရာယ်ကြီးမားလှသော အဆိုပါအလုပ်ကို ဆက်လက်လုပ်ကိုင်ကြရန် တင်းကြပ်စွာ တောင်းဆိုလေသည်။ ဒီအလုပ်ကို သတ္တိနဲ့လုပ် ရင်လုပ်၊ ဒါမှမဟုတ် ကြောက်ဆုတ် ကြောက်ဆုတ်လုပ်ချင်လုပ် - ရှောင်လို့တော့ ရမှာမဟုတ်ဘူး။ ကြောက်နေရင် မဟုတ်တယုတ်တွေ လျှောက်လုပ်မိမယ်၊ ပျက်စီးကုန်မယ်၊ အစစအရာရာမှာတောင် လူးသွားနိုင်တယ် - မြေအောက်လုပ်ငန်းဆိုတာ ဒီလိုချည့်ပဲ။
ဤသို့သော အလုပ်မှာလဲ မြေအောက်လုပ်ငန်းများတွင် သရဖူဆောင်းသော လုပ်ငန်းမျိုးဖြစ်လေသည်။ ထိုလုပ်ငန်းကို ဖျက်ဆီးလိုသော သူတို့၏ လက်တွင်း ထောင်စောင့်များ၏ မျက်စိအောက်၊ သူတို့ထားရာနေရာ၊ သူတို့ရွေးချယ်သည့် စက္ကန့်အတွင်း သူတို့ဖန်တီးသည့် အခြေအနေများအလည်တွင်ပင် လုပ် ရသောကိစ္စများ ဖြစ်လေသည်။ အပြင်ဘက်တွင် ခင်ဗျားလေ့လာခဲ့သမျှသော အရာတို့ကား ဤနေရာတွင် မဖူလုံတော့။ သို့သော်လဲ ခင်ဗျားထမ်းဆောင်ရမည့် တာဝန်ကို မည်သူကမျှ လျှော့မပေး။
အပြင်ဘက်တွင် မြေအောက်လုပ်ငန်းများ၌ ပါရဂူမြောက်သောသူများရှိသည်။ ထောင်ဘာယာများ၏ အကြားတွင်လဲ မြေအောက်လုပ်ငန်း ပါရဂူများ ရှိကြသည်။ အဖေကြီး စကောယျက်ပါသည်လဲ ပါရဂူတဦးဖြစ်လေသည်။ သူသည် ထောင်လွှားခြင်းမရှိ၊ လောဘမပြ၊ အပြင်ပန်းအရ တိတ်ဆိတ်သော သူတ ယောက်ဖြစ်လျက် - ငါးကလေးတကောင်ကဲ့သို့လဲ လှုပ်လှုပ်ရှားရှား ရှိလှသည်။ ထောင်စောင့်များက သူ့အား ချီးမွမ်းကြသည် - ကြည့်စမ်း၊ ချွေးဒီးဒီးကျတဲ့အထိ ဘယ်လောက်ကြိုးစားသလဲ။ ဘယ်လောက်စိတ်ချရသလဲ။ ကိုယ့်တာဝန်ကိုသာ ကိုယ်လုပ်ပြီး၊ ခွင့်မပြုထားတဲ့ဟာမျိုးဆိုရင် ဘယ်တော့မှ လက်နဲ့မတို့ဘူး။ ဟေ့ … ထောင်ဘာယာတွေ … သူ့ကို အတုခိုးကြ။
အေးဟေ့ … ထောင်ဘာယာတွေ သူ့ကိုအတုခိုးကြ။ သူကား အကျဉ်းသမားတယောက် နားလည်နိုင်သည့်အဓိပ္ပာယ်အရ အကယ်ပင် စံပြဘာယာတ ယောက် ဖြစ်လေသည်။ အကျဉ်းသမားများ၏ အစုအပေါင်းအတွက် အခိုင်အမာဆုံး၊ အထိရောက်ဆုံးသော တပ်ထောက်တယောက် ဖြစ်လေသည်။
သူသည် အကျဉ်းခန်းတိုင်းတွင် နေသူဟူသ၍ သိသည်။ လူသစ်တယောက် ရောက်လာလျှင်လဲ ချက်ခြင်းသိသည်။ အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာရသည်၊ မည်သူများနှင့်ဆက်သွယ်ခဲ့သည်၊ မည်သို့သော လူစားဖြစ်သည်၊ သူ၏အဆက်အသွယ်များသည်လဲ မည်သို့သော လူစားမျိုးဖြစ်ကြသည် စ သည်တို့ကိုသိသည်။ သူသည် “ကိစ္စ” များကို လေ့လာ၍ ထိုကိစ္စများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်နိုင်ရန် ကြိုးစားလေသည်။ သူ့အနေနှင့် အကြံဉာဏ်များ ပေးလိုလျှင်၊ သို့မဟုတ် သတင်းစကားများကို မှန်ကန်စွာ ပို့ပေးရမည်ဆိုလျှင် ဤအချက်ကား အရေးကြီးလှပေသည်။
သူကား ရန်သူကို သိတတ်သည်။ ထောင်စောင့်တိုင်းကို သေချစေ့ငုစွာ အကဲခတ်သည်။ ထိုထောင်စောင့်၏ အလေ့အထများ၊ သန်ရာ သန်ရာ၊ နုရာ နုရာ၊ မည်သည့်နေရာများတွင် သူ့အား အထူးသတိထားရမည်၊ မည်သည့်နေရာတွင် အသုံးချရမည်၊ မည်သို့ အငိုက်ဖမ်းရမည်၊ မည်သို့တပတ်ရိုက်ရမည် ဟူ၍ သေချာစွာလေ့လာထားလေသည်။ ကျနော်အသုံးပြုခဲ့သောလူကို လေ့လာချက်များအနက် အများအပြားမှာ အဖေကြီးစကောယျက်ပါက ကျနော့်အားပြောပြခဲ့ သော အချက်များဖြစ်လေသည်။ သူသည် ထောင်စောင့်အားလုံးကိုသိသည်၊ လူတိုင်းလူတိုင်းကို သီးသန့်၍ ပုံကြမ်းဆွဲပြနိုင်သည်။ ကောင်းစွာ သရုပ်ဖော်နိုင်သည်။ သူ့အနေနှင့် စင်္ကြံန်များတလျှောက် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ၍ ထိရောက်စွာလဲ အလုပ်လုပ်ရမည်ဆိုလျှင် ဤအရည်အချင်းကား အရေးကြီးလှပေ သည်။
အထူးသဖြင့်ကား သူသည် မိမိ၏တာဝန်ကိုသိတတ်သည်။ ကွန်မြူနစ်တယောက်ဟုဆိုလျှင် ပါတီဝင်အဖြစ်မှ ရပ်တန့်သွားသောနေရာ “လှုပ်ရှားခြင်း ကိုရပ်စဲ” ၍ လက်ပိုက်နေနိုင်ခွင့်ရှိသောနေရာဟူ၍ လောကတွင်တနေရာမှ မရှိကြောင်းကိုသိတတ်သော ကွန်မြူနစ်တယောက်ဖြစ်ပေသည်။ ဤကဲ့သို့ အန္တရာယ် အကြီးဆုံးနေရာ၊ ဖိနှိပ်ခြင်းအပြင်းထန်ဆုံးနေရာကား သူနှင့်အသင့်တော်ဆုံးသော နေရာဖြစ်သည်ဟူ၍ပင်၊ ကျနော်ပြောလောက်သည်။ သူကား ဤနေရာတွင်ပင် ရင့်ကျက်လာလေသည်။
သူကား ညွှတ်လွယ် ကွေးလွယ်သည်။ နေ့စဉ်နှင့်အမျှ၊ နာရီနှင့်အမျှ အခြေအနေသစ်များပေါ်လာ၍ နည်းသစ်လမ်းသစ်များလဲ လိုအပ်လာသည်။ သူ သည် ထိုလုပ်ဟန်အသစ်များကို စူးစူးရှရှ၊ လျင်လျင်မြန်မြန် ရှာ၍တွေ့တတ်သည်။ သူ့အနေနှင့်အချိန်ဆို၍ တမိနစ်၏ တစိတ်တပိုင်းကလေးသာ ရတတ်သည်။ အကျဉ်းခန်းတံခါးကိုခေါက်၊ အသင့်ပြင်ထားသော သတင်းစကားကို နားထောင်၊ ပထမအထပ်သို့ ကင်းစောင့်အသစ်များ တက်မလာမီကလေးတွင် စင်္ကြံန်၏ တဘက်အစွန်သို့ပြေး၍ သတင်းစကားကို တိုတိုတုတ်တုတ်နှင့် ပြတ်ပြတ်သားသား ပြန်ကြားသည်။ သူကား သတိလဲ ကြီးသည်၊ လျင်လဲ လျင်သည်။ ရာပေါင်းများ စွာသော လျှို့ဝှက်စာများသည် သူ့လက်တွင်းမှ ဖြတ်သွားခဲ့သည် - တခုမျှ ပေါ်မသွား၊ မသင်္ကာမှုပင် ဖြစ်မလာခဲ့ပေ။
သူကား အထူးသိတတ်သည်။ မည်သည့်နေရာတွင် မည်သူအကြပ်ရိုက်နေသည်ကို သိတတ်သည်။ မည်သည့်နေရာသို့သွား၍ အားပေးရမည်၊ မည် သည့်နေရာသို့သွား၍ အပြင်ဘက်မှ သတင်းတိတိကျကျ ကိုပေးရမည်၊ မည်သည့်နေရာတွင် စိတ်ဓာတ်ကျနေသော် လူတယောက်အား မိမိ၏တကယ်တန်း ဖခင် ဆန်သော မျက်လုံးများဖြင့်ကြည့်လိုက်လျှင် ထိုသူ့အနေနှင့်အင်အားများ တိုးတက်လာနိုင်သည်၊ မည်သည့်နေရာတွင် ပေါင်မုန့်ကလေးတလုံး သို့မဟုတ် စွတ်ပြုတ် ကလေးတယောက်ချိုမျှ ပို၍ပေးလျှင် “ထောင်တွင်းမှ အငတ်” ဘ၀သို့ အပြောင်း ခင်ခဲလှသော ကြားဖြတ်ကာလကို ကျော်လွန်နိုင်စေသည် - သူကား ဤအချက် တို့ကို သိသည်။ ကျင်နာသော အလိုက်သိမှု၊ နက်နဲသော အတွေ့အကြုံများအရလဲ အကခဲတတ်သည်။ ထို့အတိုင်းလဲ လိုသ၍ကို ဆောင်ရွက်ပေးလေသည်။
သူသည် တိုက်ပွဲဝင်တပ်သားတယောက် ဖြစ်သည်။ ကြံ့ခိုင်၍ ကြောက်စိတ်လဲ မရှိ။ သူကား ကြေးမရောသော လူစင်စစ်ပင်ဖြစ်သည်။ ဤသည်ကား အဖေကြီး စကောယျက်ပါ ဖြစ်လေသည်။
တနေ့ ဤစာကို ဖတ်ကောင်း ဖတ်ရမည့် ခင်ဗျားတို့သည် သူ့အား တွေ့ကြသည့်အခါ၌ အဖေကြီးစကောယျက်ပါ အဖြစ်ဖြင့်သာ မမြင်ကြစေလိုပါ။ ဖိ နှိပ်သူများက မိမိတို့၏ကိုယ်ကျိုးအတွက် သူ့အားအလုပ်လုပ်ခိုင်းရာတွင် ထိုအလုပ်သည် အဖိနှိပ်ခံရသူများအတွက် အကျိုးရှိစေအောင် လုံးဝပြောင်းပစ်သူ တယောက်၊ ကောင်းမွန်သော စံနမူနာကိုပြသည့် ထောင်ဘာယာတယောက်အနေဖြင့် မြင်ကြစေလိုပါသည်။ အဖေကြီး စကောယျက်ပါ ဟူသည်ကား သူတ ယောက်တည်းသာ ရှိသည်။ သို့သော် သူ့လိုလုပ်ကြသောလူမျိုးကား အများအပြားရှိသည်။ လူအလိုက် အမူအရာများ ကွဲပြားသော်လည်း၊ လူရုပ်သွင်အဖြစ်ကား သူ့ထက်သေးငယ်ကြသည် မဟုတ်ပေ။ ဤသို့သော် သူများကို ပန်းကရာ့စ်တွင်လဲ တွေ့နိုင်သည်။ ပက်ချက်နန်းတော်တွင်လဲ တွေ့နိုင်သည်။ ကျနော်သည် ၎င်းတို့ ၏ ပုံပန်းရုပ်သွင်များကို ရေးဆွဲပြလိုသည်၊ သို့သော် အချိန်ကားမရှိတော့။ “အကြာကြီးခံစားနေရတဲ့အကြောင်းကို တိုတိုကလေးပဲ ဖွဲ့လိုက်ရတဲ့သီချင်း” အတွက်ပင် အချိန်ကား တိုတောင်းလှပေသည်။
သို့ဖြစ်သည့်အတွက် နာမည်အနည်းငယ်၊ နမူနာကလေးအချို့လောက်သာ ရေးပြလိုက်မည်။ မမေ့အပ်သောသူအားလုံးတို့၏ စာရင်းအပြည့်အစုံကား မဟုတ်။
ဆရာဝန် မီးလော့ရှ်၊ နဲဒဗြဲဒ်။ ကောင်းမွန်၍ စိတ်ထားမြင့်မြတ်သော သူငယ်တယောက်ဖြစ်သည်။ ထောင်ကျနေသော ရဲဘော်များအား နေ့စဉ်နှင့်အမျှ အကူအညီပေးခဲ့သဖြင့် သြရှဗြဲန်ကျင် အကျဉ်းစခန်းတွင် အသက်ဆုံးရှုံးရသည်။
အာရနော့ရှ်၊ လောရဲန်ဇ်။ မိမိ၏ရဲဘော်များ၏ အမည်တို့ကိုဖော်ထုတ်ရန် ငြင်းဆိုနေခဲ့သဖြင့် သူ၏ဇနီးကို နာဇီတို့က သတ်ဖြတ်ပစ်လိုက်ကြသည်။ တနှစ်မျှကြာသောအခါ နံပါတ်လေးရာရှိ လုပ်ဖော်လုပ်ဖက် ထောင်ဘာယာများနှင့် အစုအပေါင်းကြီးတခုလုံးကို ကာကွယ်ရန်၊ တယောက်တည်း ကြိုးစင်သို့ တက် သွားခဲ့လေသည်။
ဉာဏ်ရွှင်သည့်နေရာတွင် ထူးလဲထူးချွန်၊ အချိုးနှိမ်လဲ မခံသော ဗားရှက်။ စကားလဲ များများမဟ၊ အနစ်နာလဲ ခံတတ်သော အန်ကာ၊ ဗိကောဗား - သူ ကား မာရှယ်လောခေတ်က အသတ်ခံရသည်။ ထထကြွကြွရှိလှသော အမြဲတန်းရွှင်ရွှင်လန်းလန်း ပေါ့ပေါ့ပါးပါး နေတတ်၍ လမ်းသစ်၊ နည်းသစ်များ ရှာတွေ့တတ် သည့် “စာကြည့်တိုက်မှူး” စပရင်ဂဲရ်။ သိမ်မွေ့၍ ငယ်ရွယ်လှသော ဘီးလက် …..
ဥပမာများသာဖြစ်သည် နမူနာများဖြစ်သည်။ လူရုပ်သွင်များအနေနှင့် ကြီးသူကကြီးသည် ငယ်သူကငယ်သည်။ သို့သော်လဲအားလုံးပင် လူရုပ်သွင် များ ဖြစ်ကြသည်။ မည်သူ့ကိုမျှ ရုပ်တုကလေးဟု မခေါ်နိုင်ပေ။
Friday, 14 March 2008
ကြိုးစင်ပေါ်မှ မှတ်တမ်းများ ဂျူးလိယက်ဖူးချစ် (အခဏ်း ၇)
Posted by
HinLinPyin
at
17:59
0
comments
Friday, 7 March 2008
ဆန္ဒနဲ့လက်တွေ့
အခုတလော နအဖစစ်အုပ်စုကို တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင် နိုင်ငံရေးအဖွဲ့အစည်းများ အကြား အတော်ကို လှုပ်ခတ်သွားစေတဲ့ နိုင်ငံရေးလေထုတရပ် ဖြစ်ထွန်းနေပါတယ်။ အဖွဲ့အစည်းအလိုက်သော် လည်းကောင်း၊ တသီးပုဂ္ဂလအရသော်လည်းကောင်း လှုပ်ခတ်တာပါ။ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေကြတဲ့ အဖိနှိပ် ခံပြည်သူများအတွက် အရေးတကြီးဆုံးဖြတ်ရမယ့် နိုင်ငံရေး ပြဿနာတခုပါ။ ပြဿနာကို စတင်လိုက်သူကတော့ စစ်အုပ်စု နအဖပါပဲ။
မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်ကို သံဃာတော်တွေဦးဆောင်တဲ့ စက်တင်ဘာလူထုအုံကြွမှုကြီးက ပုဒ်မ ဖြတ်ပေးလိုက်ပါတယ်။ ၂၀၀၇ ကုန်ဆုံးသွားပေမယ့် ၂၀၀၈ နိဒါန်းဟာ သံဃာတော်တွေ အပါအ၀င် တိုက်ပွဲဝင် လူထုသွေးတွေနဲ့ တအုံ့နွေးနွေး ဖွင့်လှစ်ခဲ့တာပါ။ စစ်အုပ်စု အတော်အကြပ်ရိုက်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားတယ်။ ကုလသမဂ္ဂနဲ့အိပ်ချင်ယောင်ဆောင်နေတဲ့ နိုင်ငံတချို့လည်း အလန့်တကြား ထကြည့်ပြော ဆိုလာရတယ်။ ကုလသမဂ္ဂက သံတမန်နည်းအရ ချဉ်းကပ်ပါတယ်။ ဂမ်ဘာရီလာတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်ရတယ်။ နအဖ ကဗိုလ်အောင်ကြည်ကို ကိုယ်စားလှယ်ခန့်ပြီး နေအိမ်အကျဉ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေတယ်။ ဒိုင်ယာလော့မဟုတ်ပါ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဒေါ်အောင်ဆန်းစုကြည်အား အတင်းအဓမ္မ လက်ခံခိုင်းစေတာပါ။ ချုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်း ထွက်လာပါတယ်။ “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ” ဖြစ်ပါ တယ်။
မြန့်မာ့နိုင်ငံရေးသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီစကားကို ပြောခဲ့ပါတယ်။ အခု ဒေါ်အောင် ဆန်းစုကြည်က ထပ်ပြောပါတယ်။ အခြေအနေခြင်း လုံးဝမတူပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တုန်းက အစစ အရာရာ အသားစီးကပါ။ “ရရင်ရ မရရင်ချ” ပါ။ အဲဒီတုန်းက လွတ်လပ်ရေး “မရ” ရင် “ချ” နိုင်မယ့် အခြေအနေ တွေ အားကောင်းပါတယ်။ ညီညွတ်ရေးအရရော၊ တိုက်ပွဲ(လက်နက်ကိုင်၊လူထု) အရရော အခြေအနေ ကောင်း ပြီးသားပါ။ ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်ခဲ့တာလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် စကားနောက်တရားပါသလို တရားနောက်မှာပါမယ့် အားကလည်း အဆင်သင့်ပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက ဗိုလ်ချုပ် အောင်ဆန်းရဲ့ အခြေအနေနဲ့ ကွာတယ်ဆိုရင် မငြင်းကြဖူးလို့ ထင်ပါတယ်။ ဒါ ပကတိ အရှိတရား ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားမှာပါတဲ့ “အကောင်းဆုံးကိုမျှော်လင့်” ဆိုတာမှာ အဆိုး ဆုံးကို ရင်ဆိုင်ကျော်လွှားပြီးမှ သီးပွင့်လာမှာ ဖြစ်ပါတယ်။ No pain, No game (အနာခံမှ အသာစံရမယ်) လို့ ပြောလိုက်တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ ဆန္ဒစွဲလား၊ ပကတိလက်တွေ့လားဆိုတာတော့ စက်တင်ဘာ အုံကြွမှုကြီးနဲ့ လူထုအရေးတော်ပုံအဆက်ဆက်က သက်သေပြခဲ့ပြီးပါပြီ။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ကျနော်တို့ ဘာတွေ ဘယ်လို ပြင်ဆင်ထားပါသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ အသိဆုံးပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုက (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) ကြေညာချက်များနဲ့ ပြည်သူလူထုကြီးကို စိမ်ခေါ်လိုက်ပါတယ်။ (၁/၂၀၀၈) က နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကို အတည်ပြုဖို့ ဆန္ဒခံယူပွဲလုပ်မယ်။ ၂၀၀၈၊ မေလမှာ ဖြစ်တယ်။ (၂/၂၀၀၈) ကတော့ ရွေးကောက်ပွဲကျင်းပမယ်။ (၂၀၁၀) ခုနှစ်မှာ လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသံတွေ ထွက်လာရပါတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲပေးမလား။ အချိန်ကလည်း (၃) လကျော်ကျော်ပဲ ရှိတော့တာ။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်အကောင်အထည်ဖော်လှုပ်ရှား။ အဓိကအကျဆုံးက အဖိနှိပ်ခံ ပြည်သူ လူထုကြီးကို ဘယ်လို မက်ဆေ့ခ်ျပေးပြီး ဘယ်လို နည်းပရိယာယ်နဲ့ တိုက်ပွဲဝင်မလဲဆိုတာပါ။ အရေးကြီးပြီး အမှား မခံပါဘူး။ ဆန္ဒစွဲနဲ့ ပြောလို့မရပါဘူး။ လက်တွေ့နဲ့ ကိုက်ညီရပါမယ်။ လက်တွေ့ဆိုတာမှာ နအဖစစ်အုပ်စုရဲ့ သန္ဓေ နဲ့ လက္ခဏာ၊ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ အစဉ်အလာနဲ့ လက်ရှိမိမိ တို့ရဲ့ ပကတိအနေအထားတို့ ပါရပါမယ်။ ဖြစ်ချင်တာကို အူထဲ၊ အသည်းထဲကနေ ပြောရရင် နအဖစစ်အုပ်စုနဲ့၊ စစ်အာ ဏာရှင်စနစ်ကို တစက္ကန့်မဆိုင်းအမှုန့်ချေ ဖျက်သိမ်းလိုက်ချင်တာပါ။ ဒါဆန္ဒပါ။ ဘဝကတော့ အဲဒီလို ခွင့်ပြု၊ မပြု အများသိပြီး ဖြစ်ပါတယ်။
မြန်မာပြည်စစ်အုပ်စုနဲ့၊ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ ပြည်သူလူထုကြီးက မစေ့စပ်စတမ်း တိုက်ပွဲဝင် ခဲ့ပါတယ်။ ဒါသမိုင်းပါ။ အကျိုးစီးပွားအရ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရန်ဘက်ပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဒီမိုကရေစီစနစ်နဲ့ အကျိုးစီးပွား မဖြစ်ထွန်းနိုင်ပါ။ ၁၉၈၈ အရေးတော်ပုံကြီးရဲ့ ရလဒ်အဖြစ် ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ မဆလ ပြုတ်ကျခဲ့ရပါတယ်။ ဗိုလ်စောမောင် (နဝတ) စစ်အုပ်စုက (၁၉၉၀) ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို မတတ်သာလို့ ကျင်းပပေးရတယ်။ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ရှင်းပါတယ်။ ဘယ်တော့မှ ဒီမိုကရေစီ မပေးပါဘူး။ ဗိုလ်စောမောင်ကို စိတ္တဇဝေဒနာရှင်အရူးအဖြစ်နဲ့ ရာထူးက ဖယ်ရှားပစ်လိုက်ပြီး ကတိအားလုံးကို ဖျက်ပစ်ပါတယ်။ နအဖက အချိန်ဆွဲတဲ့ ဗျူဟာနဲ့ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်ဆိုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည် စေမယ့် အခြေခံဥပဒေကို အဓမ္မရေးဆွဲပါတယ်။ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို အကောင်အထည် ဖော်ပါ တယ်။ တချိန်ထဲမှာ ပြည်သူလူထုနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်သူများရဲ့ တိုက်ပွဲရလဒ်တွေကို ငြင်းပယ်ပါတယ်။ ရှုပ်ထွေးအောင်လုပ်ပါတယ်။ ဝယ်ယူ၊ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်.....စတဲ့ ချေမှုန်းရေးကိုလည်း အစဉ်တစိုက် လုပ်ပါတယ်။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်အလုပ်ကို လုပ်ပါတယ်။
အဖိနှိပ်ခံပြည်သူလူထုကြီးက နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ပါတယ်။ နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ (၇) ချက်ကို လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အခြေခံဥပဒေကိုလည်း လုံးဝလက်မခံပါဘူး။ ဒီမိုကရေစီရေး အဖွဲ့ အစည်း၊ ခေါင်းဆောင်တွေရဲ့ တိုက်ပွဲဝင် ကြွေးကြော်သံတွေကို အသက်နဲ့ရင်းပြီး အုံကြွတိုက်ပွဲဝင်နေတာ ပြည်သူလူထု ဖြစ်ပါတယ်။ အခု နအဖက (၁/၂၀၀၈) ပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့ ကြေညာချက်နဲ့ ပြည်သူလူထုကို စိန်ခေါ်လိုက်ပါပြီ။ ပြည်သူလူထု ဘာလုပ်မလဲ။ သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲသွားပေးမလား။ ဒါကို ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များက လူထုကို ဘယ်လို မက်ဆေ့ခ်ျပေးပြီး ဘယ်လို ကြွေး ကြော်သံနဲ့ ဦးဆောင်တိုက်ပွဲဝင်ကြမယ်ဆိုတာ အရေးကြီးဆုံး ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီ ခေါင်းဆောင်နှစ်ဦးနဲ့ မီဒီယာအင်တာဗျူးထဲက ကောက်နုတ်ချက်တချို့ကို ကိုးကား ဖော်ပြလိုပါတယ်။ သူတို့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်ကပါ။
NLD အမတ် လည်းဖြစ် MPU ရဲ့ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ ခွန်မြင့်ထွန်းရဲ့အမြင်ကတော့.....
(“ကျနော်တဦးတည်း အမြင်အရ ပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံအသွင်ကူးပြောင်း ရေးဆိုတဲ့ ကာလဆိုတဲ့ အချက်ထဲမှာ အချက်တချက်က ဘာပါသလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက် ကျော်မဲနဲ့ အတည်ပြုပြဌာန်းမယ်လို့ ပါတယ်။ ဟို မဲလာပေးတဲ့ လူထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော်တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့် တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ သူ့ဘဝလက်တွေ့ အခြေအနေမှာ တော့ရင် သေနတ်နဲ့ ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါ ဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေးသွာမှာပါပဲ။ ဒီအခြေ အနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ မြင်ပါတယ်”)။ ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈။ BBC (မြန်မာပိုင်းအစီအစဉ်)
နောက်တဦးကတော့ ဒေါက်တာတင့်ဆွေပါ။ Burma Digest မှာ ဖော်ပြထားတဲ့ ဒေါက်တာတင့်ဆွေရဲ့ “အတုအယောင် လူထုဆန္ဒခံယူပွဲ တိုက်ဖျက်ရန်မှာ (ဒိုင်လင်မာ) မဟုတ်” ဆိုသည့် ဆောင်းပါးမှ ကောက်နုတ် ချက်ပါ။
(အကယ်၍ နအဖ၏ ၂၂/၂/၂၀၀၆ နေ့ထုတ် မြန်မာ့အလင်း စာမျက်နှာ ၆-၇ ကပါ။ ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အမှတ် (၁) အရ “ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့် နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာ တည်သည်” ဟူသည့်အတိုင်း တကယ်လုပ်မည်ဆိုပါက၊ ဆန္ဒခံယူပွဲအား “သပိတ်မှောက်ရန်” ဆော်ဩရပါမည်။ လို့ ဆိုထားပါတယ်။
ဒီနေရာမှာ ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့ နှစ်ဦးစလုံးရဲ့ အာဘော်(နုတ်ထွက်စကား)ဟာ အရေး ကြီးပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ဒီမိုကရေစီခေါင်းဆောင်တွေလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေလည်း ဖြစ်နေလို့ပါပဲ။ ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်က ပြောခဲ့ပါတယ်။ နှစ်ဦးစလုံး ကိုင်တွယ်ပြောဆိုခဲ့တာက နအဖ ရေးဆွဲနေတဲ့ အခြေခံဥပဒေမူကြမ်းပါ အသွင် ကူးပြောင်းရေးကာလ ပြဌာန်းချက်များကို ကိုင်ပြောတာပါ။ ခက်တာက နအဖရဲ့ အခြေခံဥပဒေမူကြမ်းက အတည် မပြုရသေးပါ။ ဆန္ဒခံယူပွဲကို ဖြတ်သန်းရမှာပါ။ အတည်ဖြစ်၊ မဖြစ်ကလည်း ဆန္ဒခံယူပွဲရလဒ်က ဆုံးဖြတ်ရမှာပါ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော်ရဲ့ ဆန္ဒမဲဖြင့် အတည်ပြု၊ မပြုကိုလည်း နအဖက ရှင်းရှင်းလင်းလင်း မကြေညာပါဘူး။ နအဖ ရဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ” ဆိုတာမှာလည်း ဒီအချက်ကို ဘာမှ ပြောမထားပါဘူး။ ဒါကို ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့က “တကယ်လုပ်မည်ဆိုပါက” ကို အခြေခံပြီး နအဖ အနေနဲ့ ဆန္ဒခံယူပွဲဥပဒေ နောက် ဆက်တွဲထပ်ထုတ်လေဦးမလားဆိုပြီး မျှော်လင့်ချက်နဲ့ ပကတိ အပေါ် အခြေမခံဘဲ ဆန္ဒခံယူပွဲကို သပိတ် မှောက်ရေးတိုက်ပွဲနည်းနာ တင်ပြထားတာကတော့ တာဝန်ခံမှုအပိုင်းအရ ပြောရရင် မလုပ်သင့်ဘူးလို့ ထင်ပါ တယ်။ ဥပဒေမဟုတ်တာကို အဟုတ်လုပ်ကိုးကားတဲ့အတွက် လူထုကို မှားယွင်းတဲ့ မက်ဆေ့ခ်ျ ပေးသလို ဖြစ်နေပါတယ်။ ဆန္ဒခံယူပွဲလုပ်မယ့်အချိန်ကလည်း အတော့ကို နီးကပ်နေပါတယ်။ မီဒီယာတွေရဲ့ စွမ်းဆောင်နိုင်မှုကလည်း အချိန်နဲ့တပြေးညီ လူထုဆီကို ရောက်ရှိနေပါတယ်။ မှန်ကန်တဲ့ တိုက်ပွဲနည်းနာ တွေ လူထုဆီကိုရောက်ဖိုအရေးကြီးပါတယ်။ တဦးချင်းသဘောထားလို့ ဆိုရာမှာလည်း ပြည်သူလူထုကို ကိုယ်စားပြု ခဲ့တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့လည်း အရေးပါ၊ အရေးကြီးလွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ အကျဉ်းကျအခြေအနေကနေ ရှားရှားပါးပါး ထွက်ပေါ်လာတဲ့ နှုတ်ထွက်စကားတွေလိုမျိုး တန်ဖိုး ကြီးလို့ပါ။
မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေကို နအဖစစ်အုပ်စုနဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးအကြား “ဘောလုံး” စကားနဲ့ပြောကြတာ ကြားရပါတယ်။ ဘောလုံးက သူ့ဘက်မှာလား၊ ကိုယ့်ဘက်မှာလားပေါ့။ “ဂန္ဒီ” ခန်းမပြီး ကတည်း က ဘောလုံးဟာ ကျနော်တို့ ခြေထဲမှာ မရှိတော့ပါ။ ဒါကို ပြည်သူလူထုကြီးက ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှု စတာတွေနဲ့ ပြန်ရအောင် မနည်းကို လုပ်နေရတာပါ။ နအဖက အဓမ္မ နည်းနဲ့ ကျနော်တို့ ပြည်သူလူထုကြီးဘက်ကို ပယ်နယ်တီချည်း လှိမ့်ကန်နေတာပါ။ ၁၉၉၀ ရွေးကောက်ပွဲလှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးတွေလို (Counter Offensive) ပြန်လှန်ထိုးစစ် အဆင်ခံရလို့ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားရတာပါ။ စက်တင်ဘာ အုံးကြွမှုမှာ လူထုရဲ့ သမိုင်းတာဝန်ကျေမှုက အံ့မခန်းစရာပါ။ တချို့ဆို ဟုတ်မှဟုတ်ရဲ့လားလို့ မှင်တက်မိနေကြတယ် မဟုတ်ပါလား။ မြန်မာပြည် ပြည်သူလူ ထုကြီးက သမိုင်းတလျှောက်လုံး တာဝန်ကျေခဲ့တာပါ။ စစ်အာဏာရှင်စနစ် သန္ဓေစတည်ဖို့ ကြိုးစားခဲ့တဲ့ အချိန် ကာလကစလို့ ယနေ့ အထိပါပဲ။
ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် ဖျက်သိမ်း ပစ်ဖို့ သမိုင်းတာဝန် ကျေကြဖို့ပါပဲ။ ပြည်သူလူထုရဲ့ ပကတိ အနေအထား က စစ်အာဏာရှင်စနစ်ရဲ့ ဓားအောက် မှာ အချိန်နှင့်အမျှ နေနေရတာပါ။ စစ်အုပ်စု အကြောက်ဆုံးကလည်း ပြည်သူလူထုကြီးကိုပါ။ အကြောက်ဆုံး ဖြစ်လို့လည်း မလှန်နိုင်အောင် အနိုင်ကျင့် ဖိနှိပ်ထားပါတယ်။ ဒါဟာ နအဖ စစ်အုပ်စုရဲ့ ပင်ကိုယ်လက္ခဏာ လည်းဖြစ်၊ သွေးရူးသွေးတန်း ရူးသွပ်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ လူထုကြီးက အုံကြွ တိုက်ပွဲ ၀င်လျက်ပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဦးဆောင်သူတွေက လူထုကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးရမှာပါ။ အဲဒီလို ဦးဆောင်မှုပေးဖို့ဆိုရင် လူထုနဲ့ တသားတည်းရှိဖို့ လိုပါတယ်။ ဘယ်လို တသား တည်း ရှိအောင်လုပ် မလဲဆိုတာက ကိုယ့်ပြဿနာပါ။ တော်လှန်ရေးပါတီ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ကြေညာချက်တွေနဲ့ ကန့်ကွက်ဆန္ဒမဲပေးကြဖို့ လူထုကိုရော အဖွဲ့အစည်းအသီးသီးကိုပါ တပ်လှန့် စည်းရုံးလိုက်ပါတယ်။ တကယ်လို့ နအဖရဲ့ အဓမ္မဆန္ဒခံယူပွဲမှာ နအဖ က တဘက်သတ်အနိုင်ယူပြီး ဘယ်သူကမှ လက်မခံတဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ရင် ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်မှုရှိဖို့ကိုလည်း တော်လှန်ရေး သတိ နဲ့ပိုင်းဖြတ်ချက် ရှိရပါမယ်။ လူထုကို လက်တွေ့ကျကျ ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်ပြီး တိုက်ပွဲဝင် ချီတက်သွားဖို့က ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်ပါတယ်။ သမိုင်းက အညှာ အတာကင်းသလို သမိုင်းကိုညာလို့လည်းမရပါဘူး။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရေးဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ သေနင်္ဂဗျူဟာ ဖြစ်ပါတယ်။ ဘယ်လို တိုက်ပွဲဝင်ကြမလဲ ဆိုတာကတော့ နည်းနာပိုင်းပါပဲ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက် နေတာဖြစ်လို့ နအဖရဲ့ လမ်းပြမြေပုံ၊ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖရဲ့ အခြေခံဥပဒေကိုလည်း လုံးဝလက် မခံနိုင်ပါဘူး။ အဲဒီ လက်မခံနိုင်မှုကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်ရမှာပါ။ ဆန္ဒခံယူပွဲကို သပိတ် မှောက်လို့ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ အောင်မြင်မှု ရှိနိုင်၊ မရှိနိုင်ဆိုတာ အရေးကြီးပြီး အချိန်မီဆုံးဖြတ် အကောင် အထည်ဖေါ်ရမှာပါ။ ဒါကို ပြောရတာဟာ လူထုနဲ့ လူထုတိုက်ပွဲကို ယုံကြည်လွန်းလို့ ပြောရတာပါ။ ကျနော်တို့က လူထုအပေါ် တောင်းဆိုရုံသက်သက်နဲ့ တာဝန်မကျေသေးပါဘူး။ လက်တွေ့ဦးဆောင်ပြရမှာပါ။ တောင်းဆိုရာမှာ လည်း ဆန္ဒစွဲနဲ့ တောင်းဆိုလို့ မရပါဘူး။ အချက်အလက်ခိုင်မာဖို့လိုပါတယ်။ ကျနော်တို့ ဘက်က ရှစ်လေးလုံး အရေးတော်ပုံကြီးလို၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးလို လူထုတိုက်ပွဲမျိုး (၃)လအတွင်းမှာ ဖေါ်ဆောင် နိုင်ပါသလား ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဒါကလည်း လူထုနဲ့ တသားတည်းဖြစ်နေတဲ့ လူထုလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေက အသိဆုံးပါ။ ဒါ့ကြောင့် လူထုအနေနဲ့ ကန့်ကွက် ဆန္ဒမဲ ပေးပြီး နအဖရဲ့ အခြေခံဥပဒေကို ရိုက်ချိုးပစ်ရပါလိမ့်မယ်။ ဒီလို လူထုအနေနဲ့ မဲရုံသွားပြီး ကန့်ကွက်ဆန္ဒမဲ ပေးတာကို နအဖရဲ့ လမ်းပြမြေပုံကို အသိအမှတ်ပြုသလို ဖြစ်တယ်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုပစ်ပယ် တာဖြစ်တယ်လို့ တကြောင်းဆွဲ တွေးပြီး ယတိပြတ်ပြောလို့မရပါဘူး။ ကန့်ကွက်မဲပေးပြီး လက်တွေ့ကျကျ သပိတ် မှောက်လိုက်တာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စုကလည်း သူ့စစ်အာဏာရှင် အကျိုးစီးပွားဘက်က နည်းပေါင်း စုံသုံးပြီး အဓမ္မ ချေမှုန်းမှာဖြစ်ပါတယ်။ လူထုကလည်း တိုက်ပွဲကို အဆင့်ဆင့်မြှင့်ပြီး တိုက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကျနော်တို့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အကြားမှာ ညီညွတ်ရေးက အရေးကြီးပါတယ်။ သမိုင်းဝင် နေသူရိန်ခေတ်က ညီညွတ်ရေးမျိုး အထူးလိုအပ်ပါတယ်။ ဒါမှလည်း ဘုံရန်သူ စစ်အာဏာရှင် ကိုတိုက်ဖို့ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ် အခိုင်အမာပေါ်လာနိုင်ပါမယ်။ အဲဒီကနေ တဆင့် အဆင့်ဆင့်မြှင့်လို့ တိုက်ပွဲဝင်လူထုကြီးနှင့် အတူ ..............။
ရဲဘော်ကိုပေါက်
၆၊ ၃၊ ၂၀၀၈။
Posted by
HinLinPyin
at
03:33
0
comments
Labels: မူလစာမျက်မာ, ဆောင်းပါး
Thursday, 28 February 2008
Monday, 25 February 2008
အဝေးကပေးစာတစောင်
၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီ ၂၃။
ကိုဟိုဒင်းရေ-
ကျနော်တို့ဗမာနိုင်ငံသားတွေ အစွမ်းပြရမယ့်အချိန် ရောက်လာပြန်ပါပေါ့လားဗျာ။
မျက်စိလည်မသွားနဲ့အုန်းနော်။ မိတ်ဆွေကြီး၊ ကျနော်ဆိုလိုတာက နအဖကျင်းပတော့ မယ့် လူထုဆန္ဒခံယူပွဲကြီးကိုပြောတာ။ ဘာတဲ့၊ မေလထဲမှာကျင်းပမယ်ဆို မဟုတ်လား။ နအဖ တို့များ လုပ်ချလိုက်တာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာကို ကြေညာတောင် မကြေညာရသေး ဘူး။ အတည်ပြုဖို့အစီအစဉ် ကြေညာနေပြီ။
ကလေးမမွေးခင်ကတည်းက သူ့အတွက် ပုခက် တင်ပွဲဘိတ်စာကမ်းနေ တာနဲ့မတူဘူးလား။ တနည်းပြောရရင် ဗမာပြည်သားတွေဟာ သတို့ သားမျက်နှာတောင် မမြင်ရပဲ အပေးစားခံရမယ့်သဘောဗျ။ နောက်ပြီး ဖွဲ့စည်းပုံမှ အတည်မပြု ရသေးဘူး။ အဲဒီအထဲက ပြဌာန်းတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ်မှတ်နေပြီ။ ငါဘုရင်-ခုတင်ကိုဘယ်နှစ်ပတ်၊ ပတ်-ပတ်၊ ပတ်လို့ရတယ်ဆိုပြီး လုပ်နေကြတာတွေပဲ။ သူတို့နဲ့ အ ကျိုးအကြောင်း ပြောလို့မဖြစ်ပါဘူး။
ဒီတပွဲမှာနအဖဟာ ဘယ့်ကလောက် အပိုင်တွက်ထားသလဲဆိုရင် လူထုကိုနှစ်လပဲ အချိန်ပေးပြီး အပြတ်လုပ်ဖို့ ပြင်ထားယုံမက နောက်ခြေလှမ်းအတွက်တောင် စီမံကိန်းကို ကြေ ညာလိုက်သေးတယ်။ သူတို့ဖက်ကဘာတွေ ဘယ်လိုပြင်ဆင်ထားတယ်တော့ မပြောနိုင်ဘူး။ လုပ်ပုံတွေကတော့ ပုံမှန်မဟုတ်တာအမှန်ပဲဗျ။ ဒီနေ့လိုလူတကာက သူတို့ကို မုန်းတီးမှန်း သိရက်နဲ့ အခုလို ကြေညာလိုက်တော့ လူထုအပေါ် အထင်သေးလှချည့်လားလို့ တွေးရတော့မှာ ပေါ့ဗျာ။
တကယ်က ဒီစစ်ဗိုလ်ချုပ်တွေဟာ ဗမာပြည်က ပြည်သူတွေရဲ့ သဘောထားကို မသိတာ မဟုတ်ပါဘူး။ သိတယ်။ ဒါပေမဲ့သူတို့ လက်ထဲမှာ ဘာဝှက်ဖဲရှိတာကို ကျနော်တို့က မသိဘူး။ ဒီလိုအခြေအနေမှာ သူတို့ဖက်က တင်လာတဲ့ကိစ္စဟာ တိုင်းပြည်ရဲ့အနာဂတ် ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်ကိစ္စ ဖြစ်နေတယ်။ ကျနော်တို့သားစဉ်မြေးဆက်တွေပါ စစ်သံဖနောင့်အောက်မှာ ပြားပြားဝပ်နေရမယ့် ကိစ္စဖြစ်တယ်။ အရင်ကတော့ သူတို့စစ်တပ်ထဲမှာ အောက်ခြေတပ်သားတွေက အထက်အရာရှိတွေကို ဘာမှ လှန်မပြောနိုင်ဘဲ ပြားပြားဝပ်နေရတယ် ဆိုတာမျိုးရှိခဲ့တယ်။ အခုတော့ တနိုင်ငံလုံး၊ တိုင်းရင်းသားလူမျိုးအားလုံး ဆွေစဉ်မျိုးဆက် စစ်ဗိုလ်တွေကို ပြန်မလှန်ဘဲ ပြားပြားဝပ် နေရမယ့် အနေအထားဖြစ်တယ်။
ဒါကြောင့် ပြည်သူလူထုနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအဖို့ ပြောရရင် ဒီတပွဲဟာ အသဲချင်းပေါက်ရမယ့် ပွဲပဲဗျ။ ဒီပွဲမှာ တချက်တွေဝေရင် တသက် ဝေလေလေလုပ် နေရမှာ။ နောက်ပြီး နောင်လာနောက်သားတွေကလည်း ကျနော်တို့တတွေ ဒီအခွင့် အရေးရခဲ့ ရက်သားနဲ့ သူတို့ကိုပါ စစ်အုပ်စုရဲ့ကျေးကျွန်အဖြစ် ထားခဲ့ရကောင်းလားလို့ အပြစ်တင်ကြမှာ။ ကျနော်တို့တတွေ သူတို့ကို ကောင်းမွေ ပေးချင်တယ်ဆိုရင် ဒီကိစ္စကိုပါ ဖြေရှင်းပေးခဲ့နိုင်သင့် တယ်ဗျ။
တကယ်တော့ဗျာ၊ ကျနော်တို့ ပြည်သူတွေဟာ မဲထည့်တယ်ဆိုတာနဲ့ ပတ်သက်လို့ အတွေ့အကြုံလည်းရှိ၊ သတ္တိလည်းရှိ၊ တီထွင်မှုလည်းရှိကြပါတယ်။ အရေးကြီးတာ သူတို့ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုတခု၊ ရှင်းရှင်းလင်းလင်းပေးဖို့ပဲဗျ။ ကျန်တာကို သူတို့ဖာသာသူတို့ လုပ်တတ်တယ်လို့ ကျနော်တော့ ယုံကြည်တယ်။
ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ အင်မတန်အရေးပါပြီး ထူးခြားတဲ့ ၁၉၆၀ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲတွေကိုပဲ ပြန်စဉ်းစားလိုက်ပါဗျာ။ ဒီနှစ်ပွဲစလုံးဟာ စစ်အာဏာရှင် စနစ်နဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကျနော်တို့ ပြည်သူလူထုတွေ ပြတ်ပြတ်သားသား ဖော်ပြခဲ့တဲ့ အောင်ပွဲခံ ရွေးကောက်ပွဲတွေ မဟုတ်ဘူးလား။ တကယ်ဆိုရင် ၁၉၅၆ခုနှစ် ရွေးကောက်ပွဲမှာကိုပဲ ပြည်သူတွေဟာ သူတို့အစွမ်းကို ပြခဲ့ပြီလို့ ပြောနိုင်ပါတယ်။ အဲဒီတုန်းက ဖဆပလ၊ စစ်တပ်နဲ့ ပြူစောထီးတွေကနေ အမျိုးမျိုးညစ်ပတ်၊ သတ်ဖြတ်တဲ့ အကြားကပဲ အတိုက်အခံတွေကို အင်တိုက်အားတိုက် မဲပေးခဲ့ကြသဗျ။ အမတ်အရေအတွက် အနေနဲ့တော့ ဖဆပလက အများကြီးသာတာပေါ့ဗျာ။ ဒါပေမဲ့ စုစုပေါင်းရတဲ့ မဲအရေအတွက် ကျတော့ ဖဆပလက ၁၇သိန်းကျော်၊ အတိုက်အခံတွေက ၁၅သိန်းကျော် ရခဲ့ကြတယ်ဗျ။ အမတ်အရေအတွက်မှာ ပမညတဆိုတဲ့ အဓိကအတိုက်အခံပါတီက ၄၆ နေရာပဲ ရတော့ ၁၄၄ နေရာရခဲ့တဲ့ ဖဆပလခေါင်းဆောင်တွေက ဟားကြတာပေါ့ဗျာ။ ဒါပေမဲ့ ဖဆပလကွဲလို့ အစိုးရ ပြန်ဖွဲ့ကြတော့ အဲဒီ အမတ် ၄၆ဦးကပဲ အဆုံးအဖြတ်ပေးခဲ့တာဟာ သမိုင်းရဲ့ လှောင်ပြောင်မှု တခုသဖွယ် ပြောစမှတ် ဖြစ်ခဲ့တယ်လေ။
နောက်တခါ ဖဆပလကွဲပြီးတဲ့နောက် စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းပြီး ကျင်းပပေးတဲ့ရွေးကောက်ပွဲမှာကျတော့ လူထုဟာ (အဲဒီတုန်းက အသုံးအနှုန်းအတိုင်း ပြောရ ရင်) အသဲကြားကမဲပြားတွေနဲ့ စစ်အာဏာရှင်စနစ်မလိုလားကြောင်း ပြတ်ပြတ်သားသား ဖော်ပြလိုက်ကြတယ်ဗျ။ တကယ်ကျတော့ အဲဒီတုန်းက တည်မြဲနဲ့သန့်ရှင်းအကြားမှာ မူဝါဒအရ တယ်ပြီး ကွာခြားလှတာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားမှု ဆိုတာလည်း ဘယ်ဖက်မှ သိပ်ကင်းကြတာ မဟုတ်ပါဘူးဗျာ။ (အဲဒီတုန်းက သူတို့ချင်း ညောင်မြစ်တူးကြတဲ့စာတွေ သတင်းစာတွေထဲမှာ ဖတ်ခဲ့ရတာကို ခင်ဗျားလည်းမှတ်မိမှာပေါ့) ဒါပေမဲ့ တည်မြဲ-ဆိုရှယ်လစ်-ဗိုလ်နေ၀င်းစစ်အုပ်စုဆိုတဲ့ တြိဂံဆက်စပ်မှုဟာ ရွေးကောက်ပွဲရဲ့အရှုံးအနိုင်ကို ပြဌာန်းသွားတယ်လို့ ပြောရမယ် ထင်ပါတယ်။ အပြတ်အသတ်ပါပဲ။ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်က သေနတ်ထောက် မဲပေးခိုင်းမှုတွေအကြားကပဲ ပထစ(သန့်ရှင်း)က အမတ်နေရာ ပေါင်း ၁၅၉ နေရာ၊ ဖဆပလ (တည်မြဲ)က အမတ်နေရာပေါင်း ၄၂ နေရာရခဲ့ကြပြီး ၁၉၅၆ခုနှစ် ရွေးကောက်ပွဲတုန်းက အဓိကအတိုက်အခံ အင်အားကြီးဖြစ်ခဲ့တဲ့ ပမညတကတော့ တနေရာမှ မရခဲ့ဘူးဗျ။
ကျနော့်တဦးချင်းအနေနဲ့ အခု ပြန်စဉ်းစားလိုက်တော့ အဲဒီတုန်းက တကယ်လို့သာ ဖဆပလ(တည်မြဲ)ဟာ အာဏာသိမ်း စစ်အုပ်စုနဲ့ ကင်းကင်းရှင်းရှင်း ရှိခဲ့ရင် ဒီလောက် အပြတ် အသတ် ဖြစ်ကောင်းမှဖြစ်မယ်၊တန်းတူလောက် ဖြစ်ကောင်းဖြစ်မယ်လို့ တွေးမိနေတယ်။ သေချာတာကတော့ မဲပေးသူလူထုဟာ မဲအရေအတွက် ပြားမထွက်အောင် စုပြီးပုံအော တန်ရင် အောရမယ် ဆိုတာကို နားလည်နေတာပဲဗျ။
ပြည်သူလူထုရဲ့ အဲဒီလို တုန့်ပြန်လိုက်မှုကြောင့် မှတ်လောက်သားလောက်တဲ့ အလှည့် အပြောင်းကြီးနှစ်ခု ဖြစ်ခဲ့တယ်။ တခုက ဆိုရှယ်လစ်စစ်အုပ်စုနဲ့ ဖဆပလကို လူထုအကြားမှာ ပွင့်ကျသွားစေခဲ့တယ်။ တချိန်က အရှိန်သြဇာ အင်မတန်ကြီးမားလှတဲ့ ဖဆပလဆိုတဲ့ နာမည်ဟာ အဲဒီအချိန်ကစပြီး ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အမည်းစက်တွေနဲ့ ချောင်ထဲရောက် သွားတော့တာပဲဗျ။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲကာလမှာ ပြန်ပွဲထုတ်လို့တောင် မရတော့ သလောက်ပဲ မဟုတ်လား။ နောက်တချက်ကတော့ စစ်အုပ်စုထဲမှာ ကွဲထွက်သွားတာ ဖြစ်တယ်။ အာဏာကို တနည်းနည်းနဲ့ ပြန်ယူအုန်းမယ်လို့ သန္နိဌာန်ချထားတဲ့ ဗိုလ်နေ၀င်းဟာ သူ့အနာဂတ်အတွက်ကို ရှည်မျှော်ပြီး တချိန်က သူ့ကို ဒီနေရာရောက်အောင် ပုခုံးနဲ့ ထမ်းတင်ခဲ့ကြတဲ့ ဆိုရှယ်လစ်ပါတီဝင် စစ်ဗိုလ်တွေကို တပ်ထဲက ထုတ်ပစ်လိုက်တယ်။ ဗိုလ်နေ၀င်းဟာ သူ့စစ်အုပ်စုအဖို့ အရင်လူ၊ အရင်မူတွေနဲ့ ဆက်သွားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး စစ်အုပ်စုထိပ်ပိုင်းမှာ မျက်နှာသစ်အများအပြား တင်ပြီး ဆိုရှယ်လစ် စကားတွေနဲ့ စခန်းသွားတော့တာပဲလေ။
အလားတူပဲ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအကြောင်းတော့ အများသိပြီးလို့မို့ ကျနော် အကျယ်မရေးတော့ပါဘူး။ ဒီမှာလည်း လူထုကြီးက မဲပေးပစ်လိုက်တာ စစ်အုပ်စုထဲမှာ ကွဲထွက်သွားပြီး ဗိုလ်နေ၀င်းရဲ့အရှိန်သြဇာတွေ နေ၀င်သွားတော့တယ် မဟုတ်လားဗျာ။
ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲမှာလည်း လူထုဟာ မဲကလေးထည့်ရုံနဲ့ စစ်အစိုးရကို တုန်ခါ သွားစေနိုင်တယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး အစွမ်းပြကြရတော့မယ်ထင်တယ် ကိုဟိုဒင်းရေ။ ကမ္ဘာမှာ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံရေးအသိနဲ့ ပတ်သက်လာရင် ကျနော်တို့ နိုင်ငံသားတွေဟာ တခြား ဘယ်နိုင်ငံသားတွေထက်မှ မနိမ့်ဘူးလို့ ကျနော်မကြာခဏ ပြောလေ့ရှိတယ်ဗျ။ ဒါဟာလည်း ကျနော်တို့နိုင်ငံကိုက လွတ်လပ်ရေး ရတယ်ဆိုကတည်းက နိုင်ငံရေး မတည်ငြိမ်မှုနဲ့ နိုင်ငံရေးတိုက်ပွဲတွေ အဆက်မပြတ်ဆင်နွှဲနေကြရတာနဲ့ တိုက်ရိုက် ဆိုင်တယ်လို့ ထင်တာပဲ။
ဘာပဲဖြစ်ဖြစ်လေ၊ အခုတခါမှာလည်း ကျနော်တို့ ပြည်သူတွေဟာ သူတို့ရဲ့ကြီးမြတ်၊ ဂုဏ်ပြောင်မှုကို ဖော်ပြကြအုန်းမယ်လို့ပဲ ယုံကြည်မျှော်လင့်နေမိတယ် မိတ်ဆွေကြီးရေ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော။
Posted by
HinLinPyin
at
02:42
0
comments
Labels: ဆောင်းပါး
လာနေပြီ
အရယ်ရပ်
အငိုရပ်
အပြောရပ်
အစားရပ်
မျှော်သူမျှော်၊ စွင့်သူစွင့်
ကိုယ့်အသက်ရှူသံ၊ ကိုယ်ပြန်ကြားရတဲ့
ငြိမ်သက်မှုကြီးအကြား
သူတခွန်း၊ ကိုယ်တခွန်း
တိုး-တိုး၊ တိုး-တိုး
မေးထိုးကာ၊ ခေါင်းညိတ်ကာ
“လာနေပြီ၊ လာနေပြီ”တဲ့၊
သူတို့ကြည့်တယ်
မမြင်ရ
ဒါပေမဲ့ သိတယ်၊
သူတို့နားထောင်တယ်
မကြားရ
ဒါပေမဲ့ သိတယ်၊
ခွေးမဟောင်၊ ကြောင်မလန့်
ကြက်မတွန်၊ ကျီးမသာ
ဒါပေမဲ့၊ မလွဲဘူး
ဒို့ သိတယ်၊ မယွင်းဘူး
ဒီခြေသံမျိုး၊ ဒို့ကြားဖူးတယ်
ဒီကြွေးကြော်သံမျိုး၊ ဒို့ အော်ခဲ့ဖူးသပေါ့
သဲ့သဲ့လား၊ တိုးတိုးလား
ဒို့ နားမမှားဘူး၊
ရွာဦးကစေတီယံ၊ ဆည်းလည်းသံတရှဲရှဲနဲ့
ညောင်ရွက်တွေ တ၀ဲဝဲရမ်းနေမှတော့
အနာဂတ်ကိုသယ်လာတဲ့
မုန်တိုင်းနီကြီး လာနေပြီပေါ့
ဒီကို မရောက်သေးလို့သာရယ်၊
လက်တွဲဖို့အတွက်၊ လက်ကုပ်ပြောပါ
ခြေလှမ်းပြင်ဖို့အတွက်၊ ခြေတို့ပြောပါ
မျက်စိလျင်ဖို့၊ မျက်စပစ်ပြပါ
လာတဲ့အခါ
သူတို့လည်းပါလာမယ်
ခွပ်ဒေါင်းနဖူးစည်း
ရှာပြီးပြင်ထားပါ
ပိုစတာကားချပ်
ရေးဖို့ပြင်ထားပါ
ဂျင်ကလိကိုလည်း
မြိနေအောင်သွေးထားပါ
မပူပါနဲ့
နေထွက်ချိန်မှာ နေထွက်
နေတက်ချိန်မှာ နေတက်
နေကျချိန်မှာ နေကျ
နေ၀င်ချိန်မှာ နေ၀င်
နောက်ပြီး သန်းကောင်
သန်းကောင့်ဟိုဘက်မှာ
သမိုင်းသစ်
ဒို့လက်နဲ့ထုဆစ်မယ်။ ။
ဖိုးသံ (လူထု)
Posted by
HinLinPyin
at
00:57
0
comments
Labels: ကဗျာ
Friday, 22 February 2008
Thursday, 21 February 2008
နအဖ ၏ ယုတ်မာပက်စက်သော အခိုင်အမာလုပ်ကြံမှု ရေတိမ်နစ်ကျဆုံးရသူ ကရင့်ခေါင်းဆောင် ဖဒိုမန်းရှာ
--------- Forwarded message ----------
From: "S.H.A.N."
To: shan-eu@onlinehome.de
Date: Wed, 20 Feb 2008 14:19:16 +0700
Subject: Karen leadership takes junta to task for killing
No.15 - 2/2008
20 February 2008
Politics
Karen leadership takes junta to task for killing
Saying 22-more of the top and mid level leaders are on the list of the assassins, the beleaguered Karen National Union (KNU) has pointed an accusing finger at the country’s ruling junta for the Valentine’s Day assassination of its secretary general.
According to a radio conversation intercepted by the KNU, Soe Myint aka San Byoke, a former KNU member, had reported to Col Myat Tun Oo, Burma Army, at 18:37, one and a half hours following the killing of Mahn Sha Laphan, that “the mission” had been “accomplished” and two of his members were now back in Myawaddy, opposite Maesod where the shooting took place.
Two men had taken advantage of the slack in security and shot Mahn Sha to death at his rented house. The two then escaped in a black Toyota truck. It was later discovered by the police at the bank of the Moei that bisects the two countries not far from the Thai-Burma Friendship bridge.
22-more, including himself, are on the hit list, according to Brig-Gen Saw Hsar Gay, a KNU Central Committee member, who was interviewed by SHAN on 18 February during the funeral service.
San Byoke had served as a police major at the KNU’s 7th Brigade until 2003 when he defected to the pro-junta Democratic Karen Buddhist Army (DKBA), he added. He is currently an adviser to the group’s 999th Battalion.
The slain leader’s responsibilities are now shared between his two deputies, Tu Tu Lay, 61, and David Tarkabaw, 73, in accordance with the decisions reached at the ad hoc meeting held by the KNU leadership following his killing.
________________________________________
For further information, please contact S.H.A.N. at:
Shan Herald Agency for News
P.O. Box 15
Nonghoi P.O
Chiangmai 50007
Thailand
e-mail:
Ph: 66-81-5312837
Website:
www.shanland.org, www.bnionline.net,
S.H.A.N. is an independent Shan media group. It is not affiliated to any political or armed organization.
News related to Shan & Burma, including other interested news items are collected and posted from time to time for your information.Those interested are requested to write to "Shan Herald Agency for News"
Posted by
HinLinPyin
at
00:06
0
comments
Tuesday, 19 February 2008
ကြိုးစင်ပေါ်မှမှတ်တမ်းများ(ဂျူးလီးယက်ဖူးချစ်)အခဏ်း(၆)
၁၉၄၂ - ခုနှစ်၊ မာရှယ်လော
၁၉၄၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့။
လွန်ခဲ့သော တနှစ်တိတိက ဖြစ်လေသည်။
သူတို့သည် စစ်ဆေးမေးမြန်းရာဌာနမှ ကျနော့်အား “ဘိုင်စကုပ်ရုံ” သို့ခေါ်ချသွားကြသည်။ ဤသည်ကား နံပါတ်လေးရာမှလူသိုက်၏ နေ့စဉ်ကျင့်ဝတ် ဖြစ်လေသည်။ မွန်းတည့်တွင် ပန်းကရာ့စ်မှ ယူလာကြသော နေ့လည်စာကို ဆင်း၍စားကြရသည်။ မွန်းလွဲပိုင်းတွင် လေးထပ်ပေါ်သို့ ပြန်တက်ကြရသည်။ သို့သော် ထိုနေ့တွင်ကား ကျနော်တို့သည် အပေါ်ထပ်သို့ ပြန်၍ မတက်ကြရပေ။
ခင်ဗျားသည် တနေရာတွင်ထိုင်၍ အစာစားရသည်။ ဇွန်းများဖြင့်တမျိုး၊ ဝါးမြုံ့ ခြင်းဖြင့်တဖုံ၊ အလုပ်များနေကြသော အကျဉ်းသမားတို့သည် ခုံတန်း ရှည်များပေါ်၌ ပြည့်၍နေသည်။ အတော်ကလေးပင် လူ့လောကဆန်နေသည်။ နံနက်ဖြန်တွင် သေကြတော့မည့် သူအားလုံးသည် အရိုးစုများဘဝသို့ ယခုတမ ဟုတ်ချင်း ကူးပြောင်းသွားမည်ဆိုပါက ဇွန်းသံ မြေပန်းကန်သံများသည် အရိုးခြစ်သံ၊ ခြောက်သွေ့သော မေးရိုးရိုက်သံများအလည်တွင်၊ ပျောက်ကွယ်သွားပေလိမ့် မည်။ သို့သော်ထိုအကြာင်းကို မည်သူမျှမရိပ်မိကြသေး။ လူတိုင်းလူတိုင်းသည် ရက်သတ္တပတ်များ၊ လများ၊ နှစ်များကြာမြင့်စွာနေထိုင်ကြရန် ကိုယ်ခန္ဓာကိုအစာခွန့် ၍ နေကြလေသည်။
စည်းစိမ်ရှိလိုက်တာဟူ၍ပင် ပြောနိုင်လောက်ပေသည်။ ထို့နောက် လေအဟုန်သည်ဗြုံးကနဲ ပြင်းထန်စွာတိုးဝင်လာသည်။ ထို့နောက် တဖန်ငြိမ်သက် သွားပြန်သည်။ ထောင်စောင့်များ၏ မျက်နှာရိပ်မျက်နှာကဲများ အရသာတစုံတခုဖြစ်နေပြီကို ခန့်မှန်း၍ရမည်။ ထို့နောက် ကျနော်တို့အား ခေါ်ထုတ်ကြ၍ ပန်းက ရာ့စ် ပြန်ရန်တန်းစီခိုင်းကြသည့်အတွက်၊ တခုခုဖြစ်နေပြီဆိုသည်မှာ ပို၍ပင်ရှင်းလာတော့သည်။ နေ့လည်မွန်းတည့်ကြီးမှာ ပါကလား။ ဒီလိုတခါမှ မဖြစ်ဖူးဘူး။ နေ့ ဝက်မျှ အစစ်အဆေး မခံရတော့ခြင်းဟူသည်မှာ အဖြေပေးရန်မရှိသော မေးခွန်းများကြောင့် ပင်ပန်းနွမ်းနယ်နေဆဲတွင် ထာဝရသခင်၏ မေတ္တာလက်ဆောင် ရောက်လာ သည်နှင့်ပင် တူနေလေသည်။ ထိုသို့လည်း ထင်လောက်ပေသည်။ အမှန်ကား ထိုသို့မဟုတ်။
စင်္ကြံထဲတွင် ကျနော်တို့သည် ဗိုလ်ချုပ်ကြီး အဲလိယာရှ် ကိုတွေ့ကြသည်။ သူ၏ မျက်လုံးများတွင် တုန်လှုပ်မှုများပေါ်နေသည်။ ကျနော့်ကို မြင်သော အခါ ထောင်စောင့်တအုပ်ကြီး၏ အလည်၌ပင် တီးတိုး၍ပြောဖြစ်အောင်ပြောလိုက်သည်။
အဲလိယာရှ် - ဗိုလ်ချုပ်ကြီး အလောအိစ်၊ အဲလိယာ့ရှ် ဆိုသူမှာ ဂျာမန်များထူထောင်သော ရုပ်သေးအစိုးရတဖွဲ့တွင် ၀န်ကြီးချုပ်လုပ်ခဲ့သည်။ တော်လှန်ရေးသမား များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သောကြောင့် ၁၉၄၁ ခုနှစ်တွင် အဖမ်းခံရသည်။ နောက် အသတ်ခံရသည်။
- မာရှယ်လော။
အကျဉ်းသမားများသည် အရေးကြီးသော သတင်းများကို ဖောက်သည်ချရန် စက္ကန့်၏ တစိတ်တပိုင်းမျှသာရကြသည်။ သူကား အသံမထွက်သော မေးခွန်းကိုဖြေရန် အခွင့်အရေးမရတော့။
မာရှယ်လော - စစ်အုပ်ချုပ်ရေး။ မာရှယ်လောကြေငြာထားသော အချိန်တွင် သေးငယ်သောအပြစ်များအတွက်ပင် ကြီးမားသော အပြစ်ဒဏ်များခတ်လေ့ရှိသည်။
ပန်းကရာ့စ်ရှိ ထောင်စောင့်များကား အချိန်မကျမီ ကျနော်တို့ပြန်လာကြသဖြင့် အံ့အားသင့်နေကြသည်။ ကျနော့်အား အကျဉ်းခန်းအတွင်းသို့ ပြန် ခေါ်သွားသည့် ထောင်စောင့်သည် ယုံကြည်စိတ်ချစေလောက်သော အမူအရာကိုပြသည်။ သူ မည်သူမည်ဝါဖြစ်မှန်း ယခုထက်ထိမသိသေး။ သို့သော်ကျနော် ကြားခဲ့ရသောသတင်းကို သူ့အားပြောပြလိုက်သည်။ သူက ခေါင်းခါပြသည်။ ဘာမျှမသိ။ ကျနော် နားကြားလွဲသည် ဖြစ်ကောင်းဖြစ်ပေမည်။ ဟုတ်သည်၊ နာကြား လွဲကောင်း လွဲခဲ့မည်။ ဤအယူအဆကား လူကိုစိတ်သက်သာခွင့် ရစေလေသည်။
သို့သော် ထိုနေ့ညနေပိုင်းတွင်ပင် အထက်ပါထောင်စောင့်သည် အကျဉ်းခန်းတွင်းသို့ ပေါက်လာသည်။
ခင်ဗျားကြားတာ ဟုတ်တယ်။ ဟိုင်းဒရစ် ရဲ့ အသက်ကိုလုပ်ကြံဖို့ ကြိုးစားကြတယ်။ အပြင်းအထန် ဒဏ်ရာရသွားတယ်။ ပရာဟာမြို့မှာမာရှယ်လော။
နောက်တနေ့ နံနက်တွင် စစ်ဆေးရေးဌာနသို့ ခေါ်သွာရန် ကျနော်တို့အား အောက်ထပ်စင်္ကြံထဲ၌ တန်းစီခိုင်းကြသည်။ ကျနော်တို့ လူသိုက်ထဲတွင် ရဲဘော် ဗစ်ကတောရ်၊ ဆင်းနက် လည်းပါသည်။ သူကား ၁၉၄၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အဖမ်းခံရသော ပါတီဗဟိုကော်မတီဝင်များအနက်၊ အသက်နှင့်ခန္ဓာ မြဲ လျက်သား နောက်ဆုံးကျန်ရစ်သောသူဖြစ်သည်။ အက်ဆက်စ် ယူနီဖေါင်းဝတ် ပိန်ပိန်ညှောင်ညှောင် ထောင်မှူးတယောက်သည် သူ၏မျက်လုံးရှေ့တွင် စက္ကူဖြူ တရွက်ကို ဝှေ့ရမ်း၍နေသည်။ စက္ကူပေါ်တွင် “အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” ဟု စာလုံးမဲမဲကြီးများဖြင့် ရိုက်နှိပ်ထားသည်ကို ခင်ဗျားတွေ့နိုင်သည်။
ဟိုင်းဒရစ် - ရိုင်းဟာ့ရ်တ်၊ ဟိုင်းဒရစ်ခ်။ ထင်ရှားသော နာဇီခေါင်းဆောင်တယောက်။ ချက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အထူးဖိနှိပ်ညှဉ်းပမ်းခဲ့သူဖြစ်သည်။ မျိုးချစ်များက ၁၉၄၂ ခုနှစ်၊ မေလတွင် ၎င်းအား လုပ်ကြံသုတ်သင်လိုက်ကြသည်။
“အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” - (ဂျာမန်စကား) လွှတ်မိန့်။
ထောင်စောင့်က ရက်စက်စွာရယ်မောနေသည်။
“ဟေ့၊ ဂျူးအကောင်၊ ဒီမှာတွေ့လား။ အချိန်တန်တော့ နွားပိန်ကန်ပြီလေ။ လွှတ်မိန့်တဲ့ကွ...ဖစ်...”
သူသည် ဗစ်ကတောရ်၏ ဦးခေါင်း လွင့်ထွက်သွာရမည့် နေရာဖြစ်သော လည်ချောင်းကို လက်ညှိုးထိုး၍ ပြလေသည်။ ၁၉၄၁ ခုနှစ်၊ မာရှယ်လော ကြေညာစဉ်က ပထမဆုံး သေဒဏ်ပေးခံရသူမှာ အစ်ကိုဖြစ်သူ အောတော၊ ဆင်းနက် ဖြစ်သည်။ ၁၉၄၂ ခုနှစ် မာရှယ်လောတွင် ၎င်း၏ညီ ဗစ်ကထောရ် ပင် ပထမ ဆုံး သေဒဏ်သင့်လေသည်။ သူ့အား မောင်ထောင်ဇင် သို့ခေါ်သွားကြသည်။ သေနတ်နှင့်ပစ်သတ်ရန်ဟု ဆိုကြသည်။ ဤကားစကားအလှသုံးခြင်း ဖြစ်လေ သည်။
မောင်ထောင်ဇင် - သြစတြီးယားပြည်ရှိ နာဇီများ၏ အကျဉ်းစခန်း။
ပန်းကရာ့စ်မှ ပက်ချက်နန်းတော်သို့ သွားကြပြန်ရာ လမ်းတလမ်းလုံးကား ထောင်ပေါင်းများစွာသော အကျဉ်းသမားတို့အတွက် နေ့စဉ်အမျှ ကားစင် တင်၊ လှံချွန်နှင့် ထိုးရာဖြစ်လာသည်။ လော်လီကားများပေါ်တွင် တာဝန်ကျနေကြသော အက်ဆက်စ်တို့သည် “ ဟိုင်းဒရစ်အတွက်လက်စားချေ” နေကြလေသည်။ အကျဉ်းထောင် မော်တော်ကား တမိုင်မျှမောင်းမသွားရသေးမီပင်၊ အကျဉ်းသမား အများအပြားမှာ အထိုးခံသောပါးစပ်များမှ၎င်း၊ ခြောက်လုံးပြူးဒင်များဖြင့် အဆောင့်ခံရသဖြင့် ကွဲသွားသောခေါင်းများမှ၎င်း၊ သွေးများယိုစီး၍ လာကြရတော့သည်။ လော်လီထဲတွင် ကျနော်ပါလာက အခြားအကျဉ်းသားများ အနေဖြင့် သက်သာခွင့်ရကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်၏မေးမှမုတ်ဆိတ်များသည် အက်ဆက်စ်တို့၏ အာရုံစူးစိုက်ရာများ ဖြစ်လာသည်။ ကြံကြီးစီရာ နောက် ကြပြောင်ကြစရာကြီးဖြစ်လာသည်။ သူတို့ အကြိုက်ဆုံး ပျော်ပွဲတခုကား တဂျုံးဂျုံး တဂျိုင်းဂျိုင်းနှင့် ဆောင့်နေသော လော်လီကားထဲတွင် ကိုယ်ကိုထိန်းသည့် ကြိုး ကွင်းကဲ့သို့ ကျနော်၏ မုတ်ဆိတ်ကို အသုံးချကြခြင်းပင် ဖြစ်လေသည်။ ဤသည်ကား ကျနော့်အတွက်လည်း အသုံးကျသည်။ အစစ်ဆေးမခံရမီ ပြင်ဆင်ထားသ ကဲ့သို့ ဖြစ်နေသည်။ စစ်ဆေးခဏ်းများမှာလည်း “ နက်ဖြန်မှ မလိမ္မာသေးဘူးဆိုရင်တော့ မင်းကို သတ်ပစ်မယ်” ဟူသောစကားများဖြင့် မှန်မှန်ကြီး အဆုံးသတ် တတ်လေသည်။ ညနေတိုင်းညနေတိုင်း အောက်ဆုံးအထပ်ရှိ စင်္ကြံများထဲတွင် နာမည်များ ဟစ်အော်ခေါ်ထုတ်နေသည်ကို ခင်ဗျားဆက်တိုက်ကြီးကြားနေရ သည်။ လူငါးဆယ်၊ တရာ၊ နှစ်ရာ၊ တခဏချင်းတွင်ပင် နွားသတ်ရုံသို့ ပို့ရမည့် ကျွဲ,နွားများပမာ၊ ၎င်းတို့အား ကြိုးများဖြင့် တုပ်နှောင်ကြသည်။ နောက်လော်လီကား များဖြင့် တင်ဆောင်ကာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ရန် ကောဘီလီဆီ သို့ခေါ်သွားကြသည်။ ၎င်းတို့၏ အပြစ်ကား အဘယ်နည်း။ ၎င်းတို့၏ အပြစ်ကား အပြစ် မရှိခြင်းတည်း ဟူသော အပြစ်ပင်ဖြစ်လေသည်။ သူတို့ကား အဖမ်းခံထားရသောသူများ ဖြစ်သည်။ ကြီးမားသော အမှုအခင်းတခုနှင့်မျှ မပတ်သတ်။ သူတို့ အားစစ်ဆေးနေရန် လုံးဝမလို။ ထို့ကြောင့်လည်း သူတို့အား သတ်ပစ်ရန် သင့်တော်လာလေတော့သည်။ ရဲဘော်တစ်ယောက်သည် အခြားလူကိုးယောက်အား ကဗျာပြောင်တပုဒ်ကို ဖတ်ပြသည်။ ထို့ကြောင့် ဆယ်ယောက် စလုံးအဖမ်းခံကြရသည်။ ဤအဖြစ်အပျက်ကား ဟိုင်းဒရစ်ကို မလုပ်ကြံမီ နှစ်လကဖြစ်လေသည်။ ယခုသူတို့အား လုပ်ကြံမှုကိုထောက်ခံသောသူများဟု သေဒဏ်ပေးရန် ခေါ်သွားကြလေသည်။ လွန်ခဲ့သော ခြောက်လက ဥပဒေနှင့်ဆန့်ကျင်သော စာတမ်းများကို ဝေငှသည်ဟု သင်္ကာမကင်း ရှိသောကြောင့် အမျိုးသမီး တဦးအဖမ်းခံခဲ့ရသည်။ သူကမဟုတ်ကြောင်း ငြင်းဆိုနေ ခဲ့သည်။ ယခုသူ၏ညီမများ၊ သူ၏မောင်များ၊ သူ့ညီမများ၏ ယောက်ျားများနှင့် သူ့မောင်များ၏ မိန်းမများပါ ဖမ်းဆီး၍ အကုန်သတ်ပစ် လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မိသားစုအလိုက် မျိုးရိုးအလိုက် အမျိုးဖြုတ်ခြင်းကား ဤမာရှယ်လော၏ ကြွေးကြော်သံ မဟုတ်ပါလော။ မှား၍အဖမ်းခံခဲ့ရသော စာတိုက်မှမင်းစေတယောက်သည် အောက်ထပ်ထရံဘေးတွင်ရပ် လျက်၊ လွှတ်မိန့်ကို စောင့်၍နေသည်။ နောက် အမည်ခေါ်သံကိုကြားသဖြင့် ရှေ့သို့ထွက်လာသည်။ ဤတွင် သူ့အား သေဒဏ်ပေးမည့်သူများ တန်းစီထားရာသို့ သွတ်သွင်းလိုက်သည်။ နောက်အပြင်သို့ ခေါ်ထုတ်သွားကာ ပစ်သတ်လိုက်လေသည်။ နောက်တနေ့ကျတော့မှ သေဒဏ်ခံရမည့်သူမှာ နာမည်ဆင်တူနှင့် အခြား သူတယောက်ဖြစ်ကြောင်း သိလာကြလေသည်။ ထို့အတွက် ကျန်နေသေးသော သူကိုလည်း ကွပ်မျက် လိုက်ကြလေသည်။ သည်တော့မှ အစစအရာရာမှာ နေသားတကျ ဖြစ်သွာလေသည်။ အသတ်ခံရမည့် သူတို့၏ ပုဂ္ဂိုလ်အမှတ်အသားများကို သေချာစေ့ငုစွာ စစ်ဆေးရန် ဒါမျိုးတွေနဲ့ ဘယ်သူကသွားပြီး အချိန်ဖြုန်း နေနိုင်ပါ့မလဲ။ တမျိုးသားလုံးရဲ့ အသက်တွေကို နှုတ်ယူ ပစ်တော့မဲ့အတူတူ၊ ဒီလိုကိစ္စတွေဟာ အပိုတွေပဲ မဟုတ်လား။
ကောဘီလီဆီ - ပရာဟာမြို့ရှိ ရပ်ကွက်တခု။ ၁၉၄၂ ခုနှစ်၊ မာရှယ်လောအချိန်အတွင်းဝယ် နာဇီတို့သည် ဤနေရာ၌ ချက်အမျိုးသားများအများအပြားကို သတ် ဖြတ်ခဲ့ကြသည်။
ညနေခင်း အတော်မှောင်နေမှကျနော်သည် အစစ်ခံရာမှ ပြန်လာသည်။ အောက်ဘက်ထရံဘေးတွင် ဗလာဂျီစလာ့ဗ်၊ ဗန်ချူးရား သည် သူ့ပစ္စည်း ကလေးများပါသော အထုပ်တထုပ်ကို ခြေထောက်များ အနားတွင်ချထားကာ မတ်တတ်ရပ်နေသည်။ အဓိပ္ပါယ်ကို ကျနော်ကောင်းစွာနားလည်သည်။ သူလည်း နားလည်သည်။ ကျနော်တို့ လက်ချင်းဆွဲ၍ နှုတ်ဆက်ကြသည်။ အပေါ်ထပ်စင်္ကြံပေါ်သို့ရောက်သည်အထိ သူ့အားမြင်နေနိုင်သေးသည်။ သူကား ခေါင်းကိုအနည်း ငယ်ညွှတ်လျက်၊ ဘဝတခုလုံး၏အလွန်၊ အဝေး...အဝေးသို့ အာရုံစိုက်နေလေသည်။ နာရီဝက်မျှကြာသော် သူ၏အမည်ကို ခေါ်ထုတ်လိုက်ကြလေသည်။
ထို့နောက် ရက်အနည်းငယ်အတွင်း ထိုထရံ၌ပင် ရပ်၍နေရသူကား မီးလောရှ်၊ ကရားဆနီ။ သူကားရဲရင့်သော တော်လှန်ရေး စစ်သားတယောက် ဖြစ်သည်။ ယခင်နှစ် အောက်တိုဘာလက အဖမ်းခံရသည်။ ညှဉ်းပန်းခြင်း၊ တိုက်ပိတ်ခြင်းတို့၏ နောက်ပိုင်းတွင်ပင် မာန်မကျိုးခဲ့သူဖြစ်သည်။ ထရံဆီမှကိုယ်ကို တဝက်လှည့်လျက် သူ့နောက်တွင် ရပ်နေသော ထောင်စောင့်အား၊ တစုံတရာကို အေးဆေးစွာရှင်းပြနေလေသည်။ ကျနော့်ကို မြင်သောအခါ တချက်မျှပြုံးလိုက်၍ နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့်လည်း ခေါင်းကိုဆက်၍ပြလိုက်သည်။ ပြီးလျှင် ထောင်စောင့်အား ဆက်၍ ပြောပြနေပြန်သည်။
“ ဒီလိုလုပ်လို့ မင်းတို့မှာ ဘာကလေးတခုမှ သက်သာသွားမှာမဟုတ်ဖူး။ ဒို့တတွေထဲကလည်း လူတွေအများကြီး ကျကြလိမ့်အုံးမယ်၊ ဒါပေမယ့်စစ်ရှုံး ကြရမှာကမင်းတို့...”
တဖန်၊ မွန်းတည့်ပိုင်းအချိန်။ ပက်ချက်နန်းတော်အောက်ထပ်တွင် ကျနော်တို့သည် နေ့လည်စာစားရန် ရပ်စောင့်နေကြသည်။ အဲလိယာ့ရှ် အားခေါ် သွင်းလာကြသည်။ သူ၏ချိုင်းအောက်တွင် သတင်းစာတစောင်ပါလာသည်။ သူကပြုံး၍ သတင်းစာကိုညွှန်ပြသည်။ သတင်းစာထဲတွင် ဟိုင်းဒရစ်ကို လုပ်ကြံသူ များနှင့် သူနှင့်အဆက်အသွယ်ရှိကြောင်းကို ယခုပင်ဖတ်ရှုခဲ့ရလေသည်။
- ဖြီးနေတာချည့်ပဲ - သူသည် တိုတိုပဲပြောကာ အစားအသောက်ဘက်သို့ အာရုံစိုက်လေတော့သည်။
ထိုနေ့ညနေ အခြားသူများနှင့် ပန်းကရာ့စ်သို့အပြန်တွင်လဲ ထိုကိစ္စအကြောင်းရယ်မော၍ ပြောဆိုနေခဲ့သေးသည်။ ထောင်သို့ရောက်ပြီး နောက်တ နာရီ အကြာတွင် သူ့အား အကျဉ်းခန်းထဲမှထုတ်၍ ဘောဘီလိဆီသို့ ခေါ်ဆောင်သွားကြလေသည်။
အလောင်းများကား တောင်လိုပုံလာလေသည်။ တခုသော်ကား အလောင်းများကို တဆယ်၊ နှစ်ဆယ်၊ တရာ၊ နှစ်ရာဟု ရေတွက်၍မဖြစ်တော့၊ ထောင်နှင့်ချီ၍ ရေတွက်ရလေပြီ။ အမြဲတမ်းလတ်ဆတ်၍နေသော သွေးနံ့သည် အဟိတ်တိရိစ္ဆာန်တို့၏ နှာဝများကိုဆွနေသည်။ ၎င်းတို့ကား သန်းခေါင်သန်းလွဲအထိ “အလုပ်လုပ်” ကြသည်။ တနင်္ဂနွေနေ့များ၌ပင် “အလုပ်လုပ်” ကြသည်။ ယခုသော် ၎င်းတို့အားလုံးပင် အက်ဆက်စ်ယူနီဖောင်းများကို ၀တ်ဆင်ကြသည်။ ဤသည် ကား သူတို့၏ နေ့ကြီးရက်ကြီး၊ သတ်ဖြတ်ရေးပွဲတော်ကြီး ဖြစ်လေသည်။ အလုပ်သမားများ၊ ကျောင်းဆရာများ၊ လယ်သမားများ၊ စာရေးဆရာများ၊ ရုံးစာရေးများ ကို သေမင်း၏ ခံတွင်းသို့ပို့ကြသည်။ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များကိုပါ သတ်ဖြတ်ပစ်ကြသည်။ အိမ်ထောင်လုံးကျွတ် သတ်ဖြတ်ပစ်ကြသည်။ ရွာလုံး ကျွတ် သတ်ဖြတ်ကြသည်။ မီးတိုက်ပစ်ကြသည်။ ကျည်ဆန္တရကပ်သည် ပလိပ်ရောဂါသဖွယ် တပြည်လုံးတွင် လှည့်ပတ်လျက်ရှိ သည်။ ဘယ်သူဘယ်ဝါဟူ၍ပင် ရွေးချယ်ခြင်း မပြုတော့။
ဤမျှလောက် တုန်လှုပ်ဖွယ်ကောင်းသော အချိန်ကြီးတွင် လူဟူသည်ကား .....
အသက်ရှင်၍ နေလေသည်။
ယုံနိုင်ဖွယ်ရာပင်မရှိ၊ သို့သော် လူသည် အသက်ရှင်နေသည်၊ စားသည်၊ အိပ်သည်၊ ချစ်သည်၊ အလုပ်လုပ်သည်၊ သေခြင်းနှင့် လုံးဝမပတ်သက်သော ကိစ္စပေါင်းတထောင်ကို စဉ်းစားသည်။ သူ၏ ဂုတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဖိစီး၍နေလျှင်နေမည်။ သို့သော် ထိုဝန်ထုပ်ကို သယ်ဆောင်၍ထားသည်၊ ခေါင်းညွှတ်၍မသွား၊ ခွေပျော့၍မသွား။
မာရှယ်လောကျေညာထားသော အချိန်အတွင်းက၊ အရာရှိတယောက်သည် ကျနော့်အား ဘရားညစ်အရပ်သို့ ခေါ်ဆောင်သွားသည်။ လှပသော ဇွန်လသည် သမ္ဘာရာပင်အနံ့များ၊ အချိန်နှောင်းသော နန်းလုံးကြိုင်ပန်းရနံ့များဖြင့် ကြိုင်နေလေသည်။ အချိန်ကား တနင်္ဂနွေနေ့ညနေဖြစ်သည်။ နောက်ဆုံး ဓာတ် ရထားဘူတာရုံအနီးရှိ လမ်းမကြီးမှာ၊ ပျော်ပွဲစားထွက်ရာမှ ပြန်လာကြသော ပျာယီးပျာယာလူအုပ်ကြီးဖြင့် ပြည့်ကြပ်၍နေလေသည်။ နေ၏အကြည်အဖြူ၊ ရေ၏ အယုအယ၊ ချစ်သူတို့၏အပွေ့အပိုက်တို့ကို ခံထားရသူများဖြစ်သည်။ ဆူဆူညံညံ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ကြေနပ်စွာပင်၊ ပင်ပန်းနေကြသည် - သူတို့အကြားတွင် လှည့်လည်ကာ သူတို့အတွင်းမှ လူများကိုလဲ ချိန်ရွယ်နေသည့် သေမင်း၊ ထိုသေမင်းကိုသာ သူတို့၏ မျက်နှာများပေါ်တွင် မတွေ့ရ။ သူတို့သည် ယုန်ကလေးများ ကဲ့သို့ ချစ်စဖွယ်တိုးဝှေ့ခုန်ပေါက်နေကြသည်။ ယုန်ကလေးတွေလိုပဲ။ သူတို့တအုပ်ကြီးထဲကို လက်လှမ်းလိုက်ပြီး တကောင်ကို ဟင်းချက်စားဘို့ ဆွဲထုတ်လိုက်စမ်း - သူတို့ဟာ ထောင့်တထောင့်ကို ကပ်သွားလိမ့်မယ်။ ဒါပေမဲ့ တအောင့်လောက် ကြာရင်တော့ သူတို့ရဲ့သောကတွေ၊ ပျော်စရာတွေနဲ့ ဆက်လက်တိုးဝှေ့ယင်း၊ ဘ၀ရဲ့အရသာကို ခံနေကြဦးမှာပါပဲ။
ကျနော်ကား တံတိုင်းခတ်ထားသော ကမ္ဘာအတွင်းမှနေ၍ ယင်းကဲ့သို့ ဟောကနဲ ဟောကနဲ ဆင်းနေသော ရေစီးအတွင်းသို့၊ ဗြုံးကနဲပြောင်းရွေ့ခြင်း ကို ခံလိုက်ရပါသည်။ ထို့ကြောင့်လဲ အစပထမတွင် သူတို့၏ ချိုဆိမ့်သောပျော်ရွှင်မှုကို ခါးခါးသီးသီး အရသာခံမိပါသည်။
မှားလေစွ၊ မှားလေစွ။
ဤနေရာတွင် ကျနော်မြင်ရသည်ကား ဘ၀ပင်ဖြစ်လေသည်။ ကျနော်ပေါက်ဖွားခဲ့ရာဘ၀ပင်ဖြစ်သည်။ ခြုံ၍ကြည့်က ဤသည်ပင်လျှင် ဘ၀ဖြစ်သည်။ ကြောက်မက်စဖွယ် ဖိနှိပ်ထားသည်ကို ခံနေရသော်လဲ ဖျက်ဆီးတိုင်း မပျက်သည့်အသက်။ တခါအသတ်ခံရလျှင် အကြိမ်တရာပြန်၍ တိုးလာသောအသက်။ သေမင်း ထက်ပို၍ အင်အားကောင်းသော အသက်ဖြစ်လေသည်။ ဤဘ၀၊ ဤအသက်ကို ခါးသည်ဟု ဆိုရမည်လော။
ဤမျှသာ မကသေး။ တုန်လှုပ်ဖွယ်ရာများ၏ ဗဟိုတည့်တည့်၊ အကျဉ်းခန်းအတွင်း၌ နေထိုင်ကြရသော ကျနော်တို့ကိုယ်တိုင်လဲ ပြန်၍ကြည့်ကြဦး လော့ - ဒီအသားနဲ့မလုပ်လို့ ဘယ်အသားနဲ့လုပ်ထားတာမို့လို့လဲ။
တခါတရံ အစစ်ခံရာသို့အသွားတွင် ကျနော်သည် ပုလိပ်မော်တော်ကားဖြင့်သွားရသည်။ ထိုကားမှ အစောင့်ပုလိပ်များကား များစွာမချုပ်ချယ်ကြ။ ထို့ကြောင့် ကျနော်လဲ မော်တော်ကား ပြူတင်းပေါက်များမှနေ၍ လမ်းမများ၊ ဆိုင်ရှေ့မျက်နှာစာများ၊ ပန်းဆိုင်ကလေးတဆိုင်၊ လမ်းသွားလမ်းလာ လူစုလူဝေးများ၊ အမျိုးသမီးများကို ကြည့်ရှုနိုင်ပါသည်။ ခြေသလုံး လှလှကလေး ကိုးစုံကိုသာရှာတွေ့ယင်၊ ငါဒီနေ့အသတ်မခံရဘူးဟု ရေတွက်ကာ၊ စစ်ကာဆေးကာ၊ နှိုင်းကာယှဉ် ကာနှင့် ခြေသလုံးတို့၏ မျဉ်းကြောင်းများကို ကျကျနနလေ့လာနေမိသည်။ စိတ်ဝင်စား အလုပ်များနေမိသည်။ ထိုကိစ္စပေါ်၌ ကျနော်၏ အသက်တည်နေသည်ဟူ သော သဘောနှင့်ကားမဟုတ်၊ အသက်နှင့်လုံးဝ မပတ်သက်သကဲ့သို့ပင် ဖြစ်လေသည်။
ကျနော်သည် အကျဉ်းခန်းသို့ အမြဲတမ်းနောက်ကျ၍ ပြန်ရသည်။ ဘ, ပက်ရှက်ကား ပြန်မှပြန်လာပါ့မလားဟူ၍ အမြဲတစေ စိတ်ပူနေတတ်သည်။ ကျနော်ပြန်လာလျှင် ကျနော့်အား ဆီးဖက်၍နှုတ်ဆက်တတ်သည်။ ကျနော်ကလဲ ဘာသတင်းထူးသည်၊ ကောဘီလိဆီတွင် ဘယ်သူဖြင့် ကျဆုံးပြန်ပြီ စသည်တို့ ကို တိုတိုတုပ်တုပ်ပြောပြသည် - နောက်အံချင့်စဖွယ် ဟင်းရွက်ချောက်များကို လွေးကြမြိုကြ၍၊ လန်းဆန်းသော သီချင်းများကို ဆိုသည့်အခါ ဆိုကြသည်။ သို့မ ဟုတ် ဉာဏ်တုန်းလှသော အံစာလှိမ့်ကစားခြင်းတွင် စိတ်တိုစွာဖြင့်ကစားယင်း စိတ်ဝင်စားသွားကြသည်။ ထိုသို့ပင် ညဥ့်ဦးအချိန်တိုင်း လုပ်နေကိုင်နေတတ်ကြ သည်။ သို့သော် ထိုသို့သောအခါ၌ပင် အကျဉ်းခန်းတံခါးလဲ အချိန်မရွေး ပွင့်ထွက်လာနိုင်ကာ၊ ကျနော်တို့နှစ်ယောက်အနက် တယောက်ယောက်အတွက် သေမင်း ခေါ်သံကြီး ပေါ်လာနိုင်ပေသည်။
- မင်း ... ဒါမှမဟုတ် ... မင်း၊ အောက်ကို ဆင်းရမယ်၊ ရှိသမျှပစ္စည်းတွေအကုန်ယူခဲ့။ မြန်မြန်လုပ် ...
ထိုအခါတွင်ကား ကျနော်တို့ကို ခေါ်မထုတ်ကြ။ ကျနော်တို့ကား ထိုတုန်လှုပ်ဖွယ်ရာ အချိန်ကြီးကို ကျော်လွန်နိုင်ခဲ့ကြသည်။ ယနေ့သော် ကျနော်တို့ သည် ထိုကာလကြီးကို ပြန်လည်သတိရကြလျက် မိမိတို့ ထိပုံတွေ့ပုံခံစားပုံတို့ကိုလဲ အံ့သြနေမိကြသည်။ မခံနိုင်လောက်သော အရာတို့ကိုပင် တောင့်ခံနိုင်သည့် မနုဿလူသားကား ထူးထွေဆန်းကျယ်သော တန်ခိုးများဖြင့် ပြည့်ဝပေသည်တကား။
ကျနော်တို့၏ ကိုယ်၊ ကျနော်တို့၏ စိတ်အတွင်းတနေနေရာ၌ကား ဤအချိန်များသည် နက်ရှိုင်းသော အမှတ်အသားများကို ချန်မထားဘဲ နေမည်မ ဟုတ်ပေ။ ဦးဏှောက်ထဲတွင် ဖလင်လိပ်တလိပ်သဖွယ် ခိုအောင်း၍နေကောင်း နေလိမ့်မည်။ တကယ့် ဘ၀၊ အကယ်၍ ကျနော်တို့သာ တကယ့်ဘ၀သို့ ပြန်ရောက် ကြမည်ဆိုလျှင် တနေ့သောအခါတွင် ဖလင်လိပ်သည် ပြန့်ထွက်လာနိုင်သည်။ လူကို ရူးသွပ်သွားလောက်အောင် ပြန့်ထွက်လာနိုင်သည်။ သို့တည်းမဟုတ်၊ ကျနော်တို့သည် ထိုကာလကြီးကို ကြီးမားသော သုဿန်ကြီးအဖြစ်ဖြင့်သာ မြင်ကောင်း မြင်နေကြပေတာ့မည်။ ထိုသုဿန်ကြီးကား စိမ်းလန်းသော ဥယျာဉ်ကြီး ဖြစ်သည်။ ထိုဥယျာဉ်ထဲတွင် အဖိုးမဖြတ်နိုင်သော မျိုးစေ့များကို ပျိုးကျဲ၍ထားသည်။
အဘိုးမဖြတ်နိုင်သော ထိုမျိုးစေ့များကား အညွန့်အတက်များ ပေါက်လာမည့်မျိုးစေ့များဖြစ်ပေသည်။
Posted by
HinLinPyin
at
04:35
0
comments
ကြိုးစင်ပေါ်မှမှတ်တမ်းများ(ဂျူးလီယက်ဖူးချစ်)အခဏ်း(၅)
လူရုပ်သွင်များနှင့် ရုပ်တုကလေးများ (၁)
ဤခေတ်ကြီးမှ ကျော်ထွက်နိုင်ကြမည့် ခင်ဗျားတို့တတွေအား-တခုဖြင့် ကျနော်တောင်းပန်လိုသည်။ မမေ့ကြပါနဲ့။ အကောင်းကို ရော၊ အဆိုးကိုရော မမေ့ကြပါနှဲ့။ ကိုယ့်အနေနဲ့သာမက၊ ခင်ဗျားတို့ကိုယ်စားပါ အသေခံသွားကြတဲ့ လူတွေအကြောင်း သက်သေအထောက် အထားတွေကို စိတ်ရှည်လက်ရှည် ရှာကြဖွေကြပါ။ တနေ့တွင် ပစ္စုပ္ပန်သည် အတိတ်အဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်။ ထိုအခါတွင် ခေတ် ကြီးတခေတ် အကြောင်း၊ သမိုင်းကိုဖန်တီးခဲ့သော အမည်မဲ့သူရဲ ကောင်းများအကြောင်းတို့ကို ပြောစမှတ်ပြုကြပေလိမ့်မည်။ သို့သော် အမည် မရှိသော သူရဲကောင်းဟူ၍မရှိ၊ ထိုသူတို့သည် အမည်များ၊ မျက်နှာများ၊ ဆန္ဒအာသီသ များ၊ မြှော်လင့်ချက်များ ရှိခဲ့ကြသော သူများဖြစ်သည်၊ ၎င်းတို့အနက် နောက်ဆုံးပိတ်မှပုဂ္ဂိုလ်၏ ဒုက္ခခံစားရမှုသည် အမည်ကျန်ရစ်သော ရှေ့ဆုံးမှပုဂ္ဂိုလ်၏ ခံစားရမှုထက် မသေးငယ်ကြောင်း စ သည်တို့ကို သိကြစေလိုသည်။ ခင်ဗျားတို့ သိကျွမ်းသောသူများ၊ သို့မဟုတ် ခင်ဗျားတို့၏သွေးသားများ၊ သို့မဟုတ် ခင်ဗျားတို့ကိုယ်တိုင်ပင်ဖြစ် ဘိသကဲ့သို့၊ ထိုသူတို့အပေါ် ရင်းနှီးစိတ် အမြဲမပြတ်မွေးကြစေလိုသည်။
အခဏ်း (၅)
သူရဲကောင်းများကား အိမ်ထောင်လုံးကျွတ်အသတ်ခံကြရသည်လည်း ရှိသည်။ ၎င်းတို့အနက်မှ အနည်းဆုံးတယောက်ယောက် အပေါ်ဝယ်၊ သားများသမီးများသဖွယ် ချစ်ခင်ကြပါ။ ထိုသူကား အနာဂတ်အတွက်နေထိုင်ခဲ့သော ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်သည်ဟူ၍ ဂုဏ်ယူ ရစ်ကြပါ။ အနာဂတ်အတွက် သစ္စာရှိစွာနေထိုင်ခဲ့လျက်၊ လှပသောအနာဂတ်အတွက် အသက်ပေးသွားသူတိုင်းကား ကျောက်ဖြင့် ထုထား သော လူရုပ်အသွင်အပြင်များဖြစ်ကြသည်။ အတိတ်မှ ဖုံမှုန့်များကို ရေကာတာပြုလုပ်လျက်၊ တော်လှန်ရေး၏ ဒီရေအ ဟုန်ကို တားဆီးလို သူတိုင်းကား ယခုအခါတွင် ပခုံးများ၌ရွှေချထားသော ရာထူးအဆင့်အတန်းတို့ကို တပ်ဆင်ထားကြသည့်တိုင်အောင် သစ်ဆွေးဖြင့်ထုလုပ် ထားသော ရုပ်တုအငယ်စားကလေးများသာ ဖြစ်ကြသည်။ သို့သော် ဤရုပ်တုကလေးများကို ကြည့်ရှုသည့်အခါ၌ပင် ၎င်းတို့၏ အသုံးမကျမှု နှင့်သေးဖွဲမှု၊ ၎င်းတို့၏ရက်စက်မှုနှင့်ထုံထိုင်းမှုတို့ကို အသက်ဝင်စွာ မြင်တတ်ရန်လိုပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကား အနာဂတ် တချိန်တခါ၊ လက်ငင်းခေတ်ကို ပြန်လည်သရုပ်ဖော်သည့်အခါတွင် အသုံးဝင်လာမည့် အထောက်အထားများ ဖြစ်သော ကြောင့်တည်း။
ကျနော်ရှေ့ဆက်၍ ပြောပြနိုင်သည်တို့ကား၊ သက်သေတယောက်၏ထွက်ချက်၊ ပစ္စည်းအထောက်အထားမျှသာ ဖြစ်လေသည်။ တနေရာ တစိတ် တပိုင်းကလေးမှ ပြောက်ကျားပြောက်ကျား မြင်ခဲ့ရသောအချက်များဖြစ်၍ ဝေဖန်ပိုင်းခြားခြင်းလည်း ပြုလုပ်ထားသည် မ ဟုတ်ပါ။ သို့သော် ကြီးသည်ကကြီး၍ ငယ်သည်ကငယ်သော လူရုပ်သွင်များနှင့် ရုပ်တုကလေးများ၏ တကယ့်ပုံတူမျဉ်းကြောင်းများ ဤမှတ်စု များတွင် ပါရှိပါသည်။
ယဲလီနက်တို့ ဇနီးမောင်နှံ
ယိုးဇက်နှင့် မာရိယယ်၊ သူကဓာတ်ရထားမောင်းသမား၊ သူမကအစေခံ။ သူတို့၏အိမ်ခန်းကို ခင်ဗျားသိဖို့လိုသည်။ ရိုးရိုးနှင့် ခေတ် မီသော အိမ်ထောင် ပရိဘောဂအချောစား။ စာအုပ်စင်၊ ကြွေရုပ်ကလေးတရုပ်၊ ထရံပေါ်တွင်ရုပ်ပုံများ၊ သန့်လိုက်သည်မှ ယုံနိုင်ဖွယ်မရှိအောင် သန့်ပြန့်နေသည်။ ထိုအိမ်မှုကိစ္စများတွင်သာ သူမ၏၀ိညာဉ်တခုလုံးပိတ်ဝင်နေ၍ အပြင်လောကကြီးအကြောင်း ဘာကလေး တခုမျှပင်သိမည် မဟုတ်ဟု ခင်ဗျားအနေနှင့် ဆိုကောင်းဆိုဖွယ်ရာ ဖြစ်သည်။ သို့သော် သူမကား ကွန်မြူနစ်ပါတီဝင်အဖြစ် အလုပ်လုပ်နေခဲ့သည်မှာ ကြာပြီ။ ကိုယ့်သဘာဝအလိုက် တရားမျှတမှုအကြောင်း စိတ်ကူးယဉ်ခဲ့သည်မှာကြာပြီ။ နှစ် ယောက်စလုံးပင် သစ္စာရှိရှိ၊ ငြိမ်ငြိမ်သက်သက်နှင့် အလုပ် လုပ်ခဲ့ကြသည်။ နိုင်ငံခြားရန်သူများပို၍ ကြီးမားလာသည့်အခါ၌လည်း တွန့်ဆုတ်ခြင်းမရှိခဲ့ကြပေ။
သုံးနှစ်မျှကြာသောအခါတွင် သူတို့နှစ်ဦး၏ အိမ်ခန်းအတွင်းသို့ ပုလိပ်များဝင်လာကြလေသည်။ သူတို့သည်လက်များကို ခေါင်းပေါ် အထိမြှောက်ထား ယင်း၊ ယှဉ်တွဲ၍ရပ်နေခဲ့ကြလေသည်။
....... ....... ....... ....... ...... ....... ....... ....... ....... ....... ....... .......
၁၉၄၃ ခုနှစ် မေလ ၁၉ ရက်နေ့။
ယနေ့ည သူတို့သည် ကျနော်၏ဂုစတီနာကို “အလုပ်လုပ်ခိုင်းရန်” ပိုလန်ပြည်သို့ ခေါ်သွားကြပေတော့မည်။ အူရောင်ရောဂါဖြင့် သေရန် ဂယ်လေ များသို့ ခေါ်သွားကြပေတော့မည်။ သူ့အနေနှင့် ရက်သတ္တပတ်အနည်းငယ်၊ သို့မဟုတ် နှစ်လ၊ သုံးလလောက်သာ အသက်ရှင်နေကောင်း ရှင်နေလိမ့်မည်။ ကျနော်၏ အမှုတွဲကိုလည်း ရုံးသို့တင်လိုက်ပြီဟု ပြောသံကြားရသည်။ ပန်းကရာ့စ်တွင် နောက်ထပ် လေးပတ်လောက် အစစ်ခံရလျှင် ခံရဦးမည်၊ ထိုမှတဖန် အဆုံးသတ်အထိ နှစ်လ သုံးလမျှသာ ကျန်ပေတော့မည်။ ဤသတင်းမှတ်တမ်းကား အဆုံးသတ်နိုင်တော့မည် မဟုတ်။ ဤရက်အနည်းငယ်ကလေးအတွင်း အကြောင်းသင့်က ဆက်၍ရေးရန် ကြိုးစားဦးမည်။ ယနေ့အဖို့ကား သတင်းမှတ်တမ်းကို ဆက်၍မရေးနိုင်တော့။ ယနေ့အဖို့ ကျနော်၏ ခေါင်းနှင့်နှလုံးသားတို့ သည် ဂုစတီနာဖြင့်သာ ပြည့်လျှံနေသည်။ သူကား ကျက်သရေရှိသူတယောက်၊ နက်နက်ရှိုင်းရှိုင်းကြီး သဘောထားပြည့်သူတယောက်ဖြစ်သည်။ တိုတောင်း၍ ငြိမ်သက်မှုလည်း မရှိခဲ့သော ကျွန်တော့်ဘ၀တွင် ရှာမှရှား၍ အားထားလောက်သော အပေါင်းအဖော်တယောက်လည်း ဖြစ်ခဲ့ပါသည်။
ဂယ်လေ - အကျဉ်းသမားများ အလုပ်ကြမ်းလုပ်မည့်နေရာကို တင်စား၍ ခေါ်ခြင်းဖြစ်သည်။ ဂယ်လေဆိုသည်မှာ ရှေးကာလတွင် ကျွန်များ၊ အကျဉ်းသမားများ ပင် ပန်းစွာ လှော်ခတ်ရသည့် လှေကြီးတမျိုးဖြစ်သည်။
ညနေတိုင်းညနေတိုင်း ကျနော်သည် သူကြိုက်တတ်သော သီချင်းတပုဒ်ကို ဆိုပြနေပါသည်။ စတဲ့ပ်ကွင်းပြင်ကြီးမှ မြက်ခင်းပြာ လဲ့လဲ့များသည် ပြောက်ကျားတိုက်ပွဲများ၏ မော်ကွန်းတို့ဖြင့် အသံမြည်နေကြသည့်အကြောင်း၊ ယောက်ျားများနှင့်ရင်ဘောင်တန်း၍ လွတ်လပ် ရေးအောင်ပန်းကို ဆွတ်လှမ်းခဲ့ သော ကောဇာ့က် အမျိုးသမီးတယောက်အကြောင်း၊ ထိုအမျိုးသမီး၏ သတ္တိရှိပုံ၊ တိုက်ပွဲတပွဲ၌ကား မည်ကဲ့သို့ “ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” ဟူ၍ ဖြစ်သွားသည့်အကြောင်းများလည်း ပါလေသည်။
ကောဇာ့က် - ရှေးဇာဘုရင်များလက်ထက်က မြင်းတပ်သားများအဖြစ် အသုံးချခဲ့သော လူစုတစု။ အောက်တိုဘာ တော်လှန်ရေးနှင့် ပြည်တွင်း စစ်ခေတ်များတွင် အမြင်မှန်ရသော ကောဇာ့က်တို့သည် တော်လှန်ရေးတပ်သားများ ဖြစ်လာကြသည်။
“ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” - (ရုရှစကား) မထနိုင်ဘဲ မြေပေါ်တွင် လဲ၍နေတော့သည်။
ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ မျက်နှာက ပန်းပုလက်ရာလို ဖြောင့်ဖြောင့်ရှင်းရှင်း၊ ကလေးဆန်တဲ့ မျက်လုံးကြီး တွေမှာ ကြင်နာမှုတွေ အပြည့်၊ ဒါပေမယ့် ဒီလက်တဆုပ် ကိုယ်ခန္ဓာကလေးအတွင်းမှာ သတ္တိတွေ ဘယ်လောက်ရှိသလဲလို့။ တိုက်ပွဲကြောင့်၎င်း၊ မကြာခဏခွဲခွါသွားရခြင်းကြောင့်၎င်း၊ ကျနော်တို့နှစ်ဦးမှာ ထာဝရ သမီးရည်းစားများသဖွယ် ဖြစ်နေခဲ့ကြပါသည်။ သမီး ရည်းစားများသဖွယ် တဘ၀အတွင်း၌ ပထမဆုံးသော အပွေ့အပိုက်၊ ပထမဆုံးသော အထိအတွေ့တို့ကို တကြိမ်တည်းသာမဟုတ်၊ အကြိမ် ပေါင်းတရာ ကြုံတွေ့ခံစားခဲ့ကြရပါသည်။ သို့စဉ်လျက် ကျနော်တို့၏ နှလုံးသားများမှ သွေးတိုးချက်များမှာ တချက်တည်း ညီနေသည်။ ပျော်ရွှင် မှု၊ ကျဉ်းကြပ်မှု၊ စိတ်လှုပ်ရှားမှု၊ သို့မဟုတ် ၀မ်းနည်းမှုတို့ဖြင့် ပြည့်နေသော နာရီများတွင်လည်း တလေတည်းကို ရှူရှိုက်ခဲ့ကြပါသည်။
ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ - (ရုရှစကား) ကြည့်လိုက်စမ်း၊ အဲဒါပဲ ကျုပ်ရဲ့ အချစ်၊ ကျုပ်ရဲ့ ရဲဘော် ရဲဘက်။
ကျနော်တို့သည် နှစ်ပေါင်းများစွာ တွဲဖက်၍ အလုပ်လုပ်ခဲ့ကြသည်။ အချင်းချင်းလည်း ရဲဘော်တယောက်ကသာ ရဲဘက် တ ယောက်ကို ကူညီနိုင် သည့်နည်းမျိုးဖြင့် ကူညီခဲ့ကြပါသည်။ နှစ်ပေါင်းကြာမြင့်စွာပင် ကျနော်ရေးသောစာတိုင်းကို ပထမဆုံးဖတ်၍ ပထမဆုံး ဝေဖန်ခဲ့ပါသည်။ ကျနော်၏ကျောဘက် မှနေ၍ ချစ်စနိုးဖြင့် သူကြည့်နေသည်ကို မခံစား မထိတွေ့ရပါက၊ ကျနော့်အတွက် စာအရေးရခက်နေ တတ်ပါသည်။ ကျနော်တို့အဖို့ လုံးဝမခေါင်းပါးခဲ့သော တိုက်ပွဲများတွင်၊ နှစ်ယောက်သား ယှဉ်တွဲလျက် ရပ်တည်နေခဲ့ကြသည်။ ကျနော်တို့နှစ် သက်သော ဒေသအရပ်ရပ်သို့လည်း၊ နှစ်ပေါင်းများစွာ လက်တွဲ၍လည်ပတ်ခဲ့ကြပါသည်။ ကျနော်တို့သည် အခက်အခဲပေါင်းများစွာကို ခံစားခဲ့ ကြလျက်၊ ရွှင်လန်းမှုကြီးများကလည်း မြောက်များစွာကြုံတွေ့ကြရပါသည်။ ထိုရွှင်လန်းမှု ကြီးများ၏ အရသာတို့ကို ခံစားနိုင်သည်မှာ ကျနော် တို့အနေနှင့် လူဆင်းရဲတို့၏ ပစ္စည်းဥစ္စာ၊ ဆိုလိုသည်မှာ ရင်တွင်း၌ရှိသော ပစ္စည်းဥစ္စာအားဖြင့် ကြွယ်ဝကြ သောကြောင့်လည်း ဖြစ်ပါသည်။
ဂုစတီနာလား။ ကြည့်စမ်းပါအုံး ... ဟောဒါပဲ ဂုစတီနာ ...
လွန်ခဲ့သော ဇွန်လအလည်ပိုင်း၊ မာရှယ်လောကြေညာပြီးစအချိန်က ဖြစ်သည်။ ကျနော်အဖမ်းခံရပြီးနောက် ခြောက်ပတ်မျှအကြာ တွင်ဖြစ်သည်။ သူခမြာ ကျနော်သေပြီဟူသော သတင်းများကို ကြားပြီးသည့်နောက်ပိုင်း၊ တမြုံ့မြုံ့ဆွေးနေခဲ့ရသည့်နေ့များ၏ နောက်ပိုင်းတွင် ကျနော့်အား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ရပါသည်။ ကျနော်စိတ်ပျော့သွားအောင် သူ့အားခေါ်သွင်းလာကြပါသည်။
“ခင်ဗျားယောက်ျားကို နားချစမ်းပါ” ကျနော်တို့နှစ်ဦးအား မျက်နှာချင်းဆိုင်ပေးရင်း၊ ဌာနအကြီးအကဲလုပ်သူက သူ့အားပြောပါ သည်။ “ဉာဏ်ကိုလွှာသုံးဖို့ နားချစမ်းပါ။ ကိုယ့်ကိုယ်ကိုယ်မငဲ့ရင်၊ အနည်းဆုံးခင်ဗျားကိုငဲ့ပါစေ။ ကဲ၊ ခင်ဗျားတို့စဉ်းစားဖို့အချိန်တနာရီပေးမယ်။ ဒီနောက်တောင် သူခေါင်းမာနေအုံး မယ်ဆိုရင်တော့၊ ဒီနေ့ညနေ ခင်ဗျားတို့နှစ်ယောက်စလုံးကို ပစ်သတ်မယ် ... နှစ်ယောက်စလုံး ...”
ဂုစတီနာသည် သူ၏အကြည့်ဖြင့် ကျနော့်အား ယုယနှစ်သိမ့်လိုက်သည်။ ၎င်းနောက် အေးအေးကလေးပင် အဖြေပေးလိုက်သည်။
“အရာရှိကြီးရဲ့ ဒီဟာ ကျွန်မကို ကြောက်သွားအောင် လုပ်နိုင်မယ့်ခြိမ်းချောက်မှုမဟုတ်ပါဘူး။ ဒါဟာကျွန်မရဲ့ နောက်ဆုံးဆန္ဒပါပဲ။ သူ့ကို သတ်မယ်ဆို ရင် ကျွန်မကိုလဲ သတ်ပစ်လိုက်ပါ။”
ကြည့်စမ်း။ ဒါပဲ ဂုစတီနာ။ အချစ်စိတ်နဲ့ တည်ငြိမ်တဲ့စိတ်။ ကိုယ်တို့ကို သူတို့သတ်ချင်သတ်နိုင်ကြတယ်။ ဟုတ်တယ်မဟုတ်လား ဂုစတီနာ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ ဣနြေ္ဒနဲ့ ကိုယ်တို့ရဲ့ အချစ်ကိုတော့ ဘယ်တော့မှ ချေမှုန်းလို့ ရမှာမဟုတ်ဘူး။
အို ... လူအပေါင်းတို့ ဒီကွေကွင်းမှုတွေကို ကျော်လွန်ပြီးကြတဲ့နောက် ကျနော်တို့နှစ်ဟာ ပြန်တွေ့ကြမယ်ဆိုရင် ဘယ်လိုများနေကြမယ်ဆိုတာ ခန့်မှန်းနိုင်ကြပါရဲ့လား။ အချုပ်အချယ်ကင်းပြီး ဖန်တီးတည်ထောင်မှုတွေနဲ့ လှပနေမယ့် လွတ်လပ်တဲ့ဘ၀ကြီး မှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ ကျနော်တို့ တောင့်တခဲ့ကြတာတွေ၊ မရရအောင် တိုက်ပွဲဝင်ခဲ့တာတွေ၊ အခုလဲ ဒီရည်မှန်းချက်တွေအတွက် အသက်ပေးကြတော့မယ်။ အဲဒီဟာတွေအားလုံး တကယ်ပေါ်ထွန်းလာတဲ့အခါမှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ အမှန်အားဖြင့်ဆိုသော် သေပြီး သည့်တိုင်အောင်လဲ ကျနော်တို့သည် ခင်ဗျားတို့၏ ကြီးမားသော ပျော်ရွှင်မှု၏ တနေရာ တစိတ်တပိုင်းကလေးတွင် ဆက်လက်၍ နေထိုင်မြဲ နေထိုင်ကြမည်သာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် ဤပျော်ရွှင်မှုကြီးအတွင်းသို့ ကျနော်တို့၏အသက်များကို ပေး သွင်းခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအချက်ကြောင့်လည်း၊ ခွဲခွါသည့်အခိုက်တွင် ၀မ်းနည်းစရာ ဖြစ်နေသော်လည်း ကျနော်တို့အတွက် ၀မ်း သာအားရစိတ်ပေါ်နေခဲ့ပါသည်။
ဂုစတီနာနှင့်ကျနော့်အား နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန်ပင် ခွင့်မပေးကြ။ ပွေ့ပိုက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့ကိုပင် ခွင့်မ ပြုကြ။ ကာရလောဗာ နှင့် ပန်းကရာ့စ် ထောင်နှစ်ထောင်အကြား ဆက်စပ်ထားသော ထောင်တွင်းအစုအပေါင်းကသာ ကျနော်တို့နှစ်ဦးအ တွက် တယောက်၏သတင်း တယောက်ထံသို့ ဆောင်ကျဉ်းပေးကြသည်။
ကိုယ်တို့ တယောက်နဲ့တယောက် ပြန်မတွေ့ကြဖို့က များတယ်ဆိုတာ မင်းလဲသိတယ်၊ ဂုစတီနာ၊ ကိုယ်လဲသိတယ်။ ဒါနဲ့တောင် မင်းအဝေးကနေပြီး လှမ်းပြောနေတာကို ကိုယ်ကြားနေသေးတယ်။ ပြန်ပြီးတွေ့ကြအုံးစို့ ... အချစ်ရေ ... တဲ့။
ပြန်တွေ့ကြသေးတာပေါ့ ... မောင့် ဂုစတီနာရေ။
....... ....... ....... ....... ....... ....... ....... ....... ....... ....... .......
ကျနော်၏ သေတမ်းစာ။
ကျနော့်တွင် ကိုယ်ပိုင်စာကြည့်တိုက်မှတပါး ပစ္စည်းဟူ၍ ဘာတခုမျှမရှိခဲ့။ ထိုစာကြည့်တိုက်ကိုပင် ဂက်စတာပိုက ဖျက်ဆီးပစ်ခဲ့လေပြီ။
ကျနော်သည် ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆောင်းပါးများ၊ သတင်းမှတ်တမ်းများ၊ စာပေနှင့်သဘင်ဆိုင်ရာ လေ့လာစာတမ်း များ နှင့် အစီရင်ခံစာများကို အမြောက်အများရေးခဲ့သည်။ ၎င်းတို့အနက် အများအပြားမှာ ခေတ်နှင့်သာဆိုင်၍ ခေတ်နှင့်ပင် ဘ၀ဆုံးခဲ့သည်။ ၎င်း တို့ကိုကား ရှိပါစေတော့။ သို့သော်အချို့စာများကား ဘ၀သို့ အကြုံးဝင်သည်။ ယခင်ကသော်၊ ဂုစတီနာက ထိုစာများကို စီစဉ်ထုတ်ဝေလိမ့် မည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် ထိုသို့ဖြစ်နိုင်မည့် အလားအလာကား အလွန်နည်းပါးသွားလေပြီ။ ထို့ကြောင့် အဆိုပါစာများမှ ရွေးချယ် ၍ အောက်ပါအတိုင်း စာအုပ် ငါးအုပ်ဖွဲ့ရန်၊ ရိုးသားဖြောင့်မတ်လှသည့် မိတ်ဆွေ လားဂျာ၊ ရှတောလ် အား တောင်းပန်ခဲ့ပါသည်။
(၁) နိုင်ငံရေးဆောင်းပါးများနှင့် အငြင်းအခုန်စာပေများ။
(၂) ပြည်တွင်းရေးရာများနှင့်ပတ်သက်သော လက်ရွေးစဉ်သတင်းမှတ်တမ်းများ။
(၃) ဆိုဗီယက်ယူနီယံအကြောင်း လက်ရွေးစဉ် သတင်းမှတ်တမ်းများ။
(၄) နှင့် (၅) စာပေနှင့် သဘင်ဆိုင်ရာ ဆောင်းပါးများနှင့် လေ့လာချက်များ။
အများအားဖြင့် ထိုစာများကို တဗောရဘာ ဂျာနယ်နှင့် ရူဒဲပရာဗော သတင်းစာများတွင် တွေ့နိုင်သည်။ အချို့ကို ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယဲလိစတာ၊ အဗန့်တဂါရ်ဒ် စသည်တို့တွင် တွေ့နိုင်သည်။
ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယဲလိစတာ၊ အဗန့်တဂါရ်ဒ် - ဒုတိယ ကမ္ဘာစစ်မဖြစ်မီက ထုတ်ဝေခဲ့သော ဂျာနယ်မဂ္ဂဇင်းများ။
ပုံနှိပ်ထုတ်ဝေသူ ဂီရဂါလ် ထံတွင် (ရန်သူများဝင်ရောက် စိုးမိုးနေသည့်အခါ၌ပင် ကျနော်၏ ဘောဇဲနာ၊ ညဲမစောဗား စာအုပ်ကို မဆုတ်မငြင်း ထုတ် ဝေရဲသော သတ္တိကြောင့် သူ့အား ကျနော်ချစ်ခင်လှပါသည်။)
ဘောဇဲနာ၊ ညဲမစောဗား - ညဲမစောဗား (၁၈၂၀ - ၁၈၆၂) ချက်အမျိုးသမီး စာရေးဆရာ။ ဇဲယဲရ် (၁၈၄၁ - ၁၉၀၁) ချက်ကဗျာဆရာ။ ဆာဘီနာ (၁၈၁၃ - ၁၈၇၇) ချက်သတင်းစာဆရာ၊ စာရေးဆရာ။
ယူးလိယုစ်၊ ဇဲယဲရ်အကြောင်း လေ့လာချက် လက်ရေးစာမူရှိပါသည်။ ယဲလီနက်တို့၊ ဗီဆုရှီလ်တို့၊ ဆူခါးနက်တို့ နေထိုင်ခဲ့ကြသော အိမ်အတွင်း တနေရာရာ၌လည်း ဆာဘီနာအကြောင်း လေ့လာစာနှင့်ယန်၊ နဲရုဒါ အကြောင်းမှတ်ချက်များကို ၀ှက်ထားသည်။ ထိုအိမ်တွင်နေခဲ့သူများ အနက် အများစုကားအနိစ္စရောက်ခဲ့ကြလေပြီ။
ကျနော်သည် ကျနော်တို့၏ခေတ်အကြောင်း ၀တ္ထုရှည်ကြီးတပုဒ်ကို စတင်၍ရေးသားခဲ့သည်။ အခဏ်းနှစ်ခဏ်းမှာ ကျနော်၏မိဘ များထံတွင်ရှိသည်၊ ကျန်သမျှကား အဖျက်ဆီးခံရပြီဟုထင်သည်။ ဂက်စတာပို၏ အမှုဖိုင်တွဲများထဲတွင်၊ ကျနော်၏၀တ္ထုတို လက်ရေးစာမူ အချို့ကို တစေ့တစောင်း မြင်မိပါသည်။
ယန်၊ နဲရုဒါအပေါ် ကျနော်ချစ်ခဲ့သမျှတို့ကို နောင်မွေးဖွားလာမည့် စာပေသမိုင်းဆရာအတွက် အမွေပြု၍ထားရစ်ခဲ့ပါသည်။ နဲရုဒါ သည် ကျနော်၏အကြီးဆုံးသော ကဗျာဆရာကြီးဖြစ်သည်။ ကျနော်တို့ကိုပင် ဖြတ်ကျော်လျက်၊ အနာဂတ်သို့ဝေးလံစွာ မြင်တတ်ခဲ့သော သူဖြစ်သည်။ သို့စင်လျက်သူ့အား သဘောပေါက်လျက် သူ့ကိုလဲတန်ဘိုးထားသော ကျမ်းတစောင်တလေမျှ ထွက်မလာသေး။ နဲရုဒါကို ပစ္စည်းမဲ့အဖြစ်ပြရန်လိုသည်။ ဆရာတို့သည် သူ၏အပေါ်အင်္ကျီ နောက်မြီးတွင် ကြည်နူးစရာ မာလာစတရာနာ ၀တ္ထုတိုများကိုသာ တွယ်ချိတ် ပေးခဲ့ကြသည်။ သို့သော် ရှေးမာလာစတရာနာ ရပ်ကွက်၏ “ကြည်နူးစရာ့” အသိုင်း အ၀ိုင်းတွင်မူ နဲရုဒါမှာ “တေလေဂျပိုးတယောက်ဖြစ်ခဲ့ သည်” ကို မမြင်ကြ။
“တေလေဂျပိုးတယောက်ဖြစ်ခဲ့သည်” - နဲရုဒါက မိမိ၏ကလေးဘ၀ကို ဖော်ပြရေးသားခဲ့သော ၀တ္ထုတိုတပုဒ်၏အမည်။
နဲရုဒါသည် စမီးခေါဗ် ရပ်ကွက်၏ အစွန်အဖျား၊ အလုပ်သမားများနေထိုင်ကြသော ပတ်ဝန်းကျင်၌မွေးဖွားခဲ့သည်။ သူ၏ “သင်္ချိုင်းမှ ပန်းမာလာများ” အတွက် မာ လာစတရာနာသင်္ချိုင်းသို့ သွားရာတွင် ရင်းဂဟောဖဲရ် စက်ရုံကြီးများဘေးမှ ဖြတ်၍သွားရသည်။ ဤသည်တို့ကို မမြင်ကြ။ ဤအချက်တို့ကို မမြင်လျှင် “သင်္ချိုင်းမှ ပန်းမာလာများ” ဟူသော ကဗျာအစုအစ “၁၈၉၀ ခုနှစ် မေလတရက်နေ့” ဟူသော စာညွန့် အဆုံး၊ နဲရုဒါအား ခင်ဗျားသဘောပေါက်နိုင်လိမ့်မည်မဟုတ်။ နဲရုဒါ၏ ကဗျာရေးစပ်ခြင်းများမှာ၊ သူ၏ သတင်းစာဆရာအလုပ်များကြောင့် အရှိန်သေခဲ့ရသည်ဟု မြင်သူက မြင်ကြသည်။ ထိုးထွင်းပေါက်ရောက်စွာမြင်တတ်သော ရှာလဒါ လို ပုဂ္ဂိုလ်မျိုးကပင် ဤသို့ယူဆသည်။
ရှာလဒါ - ရှာလဒါ (၁၈၆၇ - ၁၉၃၇) ချက်စာပေဝေဖန်ရေးဆရာ။
သို့သော် ထိုအယူအဆကား လုံးဝအခြေအမြစ်မရှိ။ သတင်းစာဆရာဖြစ်၍သာလျှင် နဲရုဒါသည် “ရှေးပုံပြင်များနှင့် ဒဏ္ဍာရီများ” ကဲ့သို့ ကောင်း မွန်ခံ့ညားလှသည့် လက်ရာကိုလည်းကောင်း၊ သို့မဟုတ် “သောကြာနေ့သီချင်းများ” ကိုလည်းကောင်း၊ “အကြောင်းအရာရိုးရိုး ကလေးများ” ဟူသော ကဗျာများမှ အများစုကိုလည်းကောင်း၊ ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။ သတင်းစာဂျာနယ်လုပ်ငန်းသည် လူတယောက် တွင်ရှိသော အင်အားဟူသ၍တို့ကို စုပ်ယူတတ်သည်။ စိတ်လေလွင့်ကောင်းပင် လွင့်စေသည်ထင်သည်။ သို့သော်လဲထိုအလုပ်သည် သတင်းစာဆရာ အား စာဖတ်သူနှင့်ဆက်စပ်ပေးသည်၊ ကဗျာစပ်ရာတွင်ပင် ဖန်တီးမှုကိုသင်ပေးသည် သို့သော် သတင်းစာဆရာ ဘက်ကလဲနဲရုဒါ ကဲ့သို့ ဖြောင့်မတ် တည်ကြည်ရန် လိုပေလိမ့်မည်။ ခေတ်နှင့်ဆက်စပ်နေသော သတင်းစာများနှင့်သာ မပေါင်းဖက်လျှင်၊ နဲရုဒါသည် ကဗျာစာ အုပ် အမြောက်အများရေးကောင်းရေးခဲ့မည်။ သို့သော် ထိုစာအုပ်များကား ယခုလက်ရှိ နဲရုဒါ၏စာများကဲ့သို့၊ ရာစုနှစ်အဟောင်းမှ လက်ငင်း အချိန်အထိ သက်ဆိုးရှည်ကြ မည်မဟုတ်ပေ။
ဆာဘီနာအကြောင်း စာတမ်းကိုလဲ တယောက်ယောက်က အဆုံးသတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ လုပ်ထိုက်သော အလုပ်တ ရပ်ပင် ဖြစ်ပါ သည်။
ကျနော်၏မိဘများသည် သူတို့၏အချစ်၊ သူတို့၏ရိုးသားသောကျက်သရေတို့အတွက် နေပွင့်သောဆောင်းဦးရာသီကို မလွဲဧကန်ရ ကြစေရန် ကျနော် ၏လုပ်ငန်းအ၀၀တို့ကို ဦးတည်၍ ထားခဲ့ပါသည်။ သူတို့အတွက်ချည့်လည်း မဟုတ်ပါ။ ကျနော်မရှိတော့သည့် အတွက် ကြောင့် ဤစေတနာအတိုင်း မဖြစ်နိုင်သည် မရှိ ပါစေသတည်း။ “အလုပ်သမားကား အနိစ္စသဘောတရားကို မလွန်ဆန်နိုင်၊ အလုပ်ဟူသည် ကား ဆက်လက်၍အသက်ဝင်နေသည်”။ ထို့ကြောင့် ကျနော့်မိဘများကို ၀န်းရံနေမည့် အနွေးဓာတ်နှင့် အလင်းရောင်ဝယ်၊ ကျနော်လည်း အမြဲမပြတ် လက်ပွန်းတတီး ရှိနေလိမ့်မည်သာတည်း။
ဖေဖေနှင့်မေမေတို့အနေဖြင့် ကျနော်တို့မိသားစုအတွင်း ဟာသွားသောအကွက်ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေရန် မိမိတို့၏ သီချင်းသံများဖြင့် ဖြည့် တင်းပေးကြပါမည့်အကြောင်း၊ နှမဖြစ်သူ လီဘာနှင့်ဗြဲရကာ တို့အား မေတ္တာရပ်ခံခဲ့ပါသည်။ သူတို့နှစ်ယောက်သည် ပက်ချက်နန်းတော်အတွင်းသို့ ထောင်ဝင်စာ ခံလျက် ကျနော်တို့အား လာ၍တွေ့ရာတွင်၊ မျက်ရည်များကို အနိုင်နိုင်မြိုသိပ်ခဲ့ကြရရှာသည်။ သို့သော်လဲသူတို့၏ ကိုယ်တွင်း၌ကား ရွှင်လန်းမှုသည် ရှင်၍နေ သည်။ ထို့အတွက်ကြောင့်လဲ သူတို့အား ကျနော်ချစ်သည်။ ထို့အတွက် ကြောင့်လဲ ကျနော်တို့တယောက်နှင့်တယောက် ချစ်ကြခြင်းဖြစ်သည်။ သူတို့ကား ရွှင်လန်းမှုသည် ပျိုးကြဲသူများဖြစ်ကြသည် - ဤသဘာဝ သည် သူတို့၌အမြဲမပြတ် တည်မြဲနေပါစေသတည်း။
ဤနောက်ဆုံးတိုက်ပွဲကို ဖောက်ထွက်ကြမည့် ရဲဘော်များနှင့် ကျနော်တို့၏နောက်သို့ လိုက်လာကြမည့် ရဲဘော်တို့အား လှိုက်လှဲ စွာ လက်ဆွဲနှုတ်ဆက် ခဲ့ပါသည်။ ကျနော်တို့ကား ကျရောက်လာသော တာဝန်ကို ကျေပြွန်ခဲ့ကြပါပြီ။
ထပ်လောင်း၍ ဆိုပါဦးမည်။ ကျနော်တို့သည် ရွှင်လန်းမှုအတွက် ဤလောကတွင် နေထိုင်ခဲ့ကြသည်။ ရွှင်လန်းမှုအတွက် တိုက်ပွဲ သို့ဝင်ခဲ့ကြ၍၊ ရွှင်လန်းမှုအတွက်ပင် အသေခံခဲ့ကြပါပြီ။ ထို့ကြောင့်ပင် ကျနော်တို့၏ အမည်များနှင့် ပူဆွေးဝမ်းနည်းခြင်းဟူသည်ကား တွဲ လျက်သားမရှိပါစေသတည်း။
၁၉၊ ၅၊ ၄၃။ ယ၊ ဖ။
၁၉၄၃ ခုနှစ်၊ မေလ ၂၂ ရက်။
အဆုံးသတ်၍ လက်မှတ်ထိုးခဲ့ပြီ။ စစ်ဆေးစုံစမ်းသူတရားသူကြီးနှင့်ကား ယမန်နေ့ကပင်ကိစ္စပြီးခဲ့ပြီ။ ကျနော်တွက်ထားသည် ထက်ပင် ပို၍မြန်နေ သည်။ ကျနော်တို့၏အမှုကို တက်သုတ်ရိုက်နေကြပုံပေါ်သည်။ ကျနော်နှင့်တမှုတည်းစွဲချက် အတင်ခံရသူများကား လီဒါ၊ ပလာခါ နှင့် မီးရက် တို့ဖြစ်သည်။ သူရဲဘောကြောင်မှုသည်၊ သည်လူ့အတွက် ဘာကလေးတခုမျှ အကျိုးမထူးခဲ့ပေ။
စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ ရုံးတွင်ကား အစစအရာရာမှာ စည်းကမ်းဥပဒေအရ တိကျလှသည်။ အေးစက်လိုက်သည်မှာလဲ ထုံကျင်နေသည်အထိ ဖြစ်သည်။ ဂက်စတာပိုတွင် ကြုံတွေ့ရသမျှတို့ကား ဘ၀၏တစိတ်တပိုင်းဖြစ်နေခဲ့သေးသည်။ ဆိုးဝါးလှသော်လဲ ဘ၀၏ တစွန်းတစပင်ဖြစ်နေသေးသည်။ စိတ်များမာန်များဟူ၍ ရှိနေခဲ့သေးသည်၊ တဘက်တွင် တိုက်ပွဲဝင်နေသူတို့၏ စိတ်မာန်များရှိသည်၊ ဒုတိယ တဘက်တွင် အမဲလိုက်သူများ၊ သားရဲတိရိစ္ဆာန်များ၊ သို့မဟုတ် သာမန်ဓားပြရိုးရိုးတို့၏ စိတ်မာန်များရှိသည်။ အဆိုပါ ဒုတိယတဘက်မှ အချို့ သောသူတို့တွင် ယုံကြည်ချက်ကလေးအစ ဘာကလေးအစပင် ရှိနေခဲ့သေးသည်။ ဤနေရာ စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ ရုံးခန်းတွင် ကား ရာထူးဌာနန္တရဟူသည်သာရှိသည်။ ကုတ်အင်္ကျီကော်လာများပေါ်မှ စကြာတံဆိပ် ဘိန်းမုန့်ကြီးများက ကိုယ်တွင်း၌မရှိသော ယုံကြည် ချက်ကို ဖော်ပြနေသည်။ ဤဘိန်းမုန့်ကြီးများသည် ဤခေတ်ကြီးအတွင်းမှ ကြံဖန်၍ကျော်ထွက်ရန် အလေ့ကျကြိုး စားနေသော သနားစဖွယ် အရာ ရှိစုတ်ကလေးတယောက်ကို ဒိုင်းသဖွယ်ကာကွယ်ပေးနေသည်။ သူကား တရားခံအပေါ် ဆိုးလဲမဆိုး၊ ကောင်းလဲမကောင်း။ ပြုံးလဲမ ပြုံး၊ မျက်မှောင်လဲမကြုတ်။ ရုံးသာထိုင်တော်မူလေသည်။ သူ၏ကိုယ်တွင်း၌ သွေးဟူ၍မရှိ၊ ဟင်းချို ရေကျဲကလေးသာ ရှိလေသည်။
သွန်၍သာ ရေးကြသည်၊ လက်မှတ်ထိုးကြသည်၊ ဥပဒေပုဒ်များနှင့် ၀င်ဆောင့်မိကြသည်။ စွဲချက်တွင် နိုင်ငံတော်သစ္စာဖောက်ခြင်း ဟူသောစကား ခြောက်ခါလောက် ပါသည်။ ဂျာမန်အင်ပါယာအား လုပ်ကြံခြင်း၊ လက်နက်ကိုင်ပုန်ကန်မှုအတွက် ပြင်ဆင်ခြင်း၊ နောက်ဘာများ လဲ မသိထည့်ထားသေးသည်။ ၎င်း တို့အနက် အချက်တချက်တည်းကပင်လျှင် လိုရင်းသို့ရောက်လောက်ပါပေသည်။
ကျနော်သည် ဆယ့်သုံးလတိုင်တိုင်အခြားသူတို့၏ အသက်များနှင့် မိမိ၏ အသက်အတွက်ပါ လုံးပန်းနေခဲ့သည်။ သတ္တိကိုလဲသုံး သည်။ စဉ်းလဲမှုလဲ သုံးခဲ့သည်။ ရန်သူတို့သည် “ရှေးခေတ်မြောက်ဘက်ဒေသမှ ပင်လယ်ဓားပြတို့၏ ကောက်ကျစ်စဉ်းလဲမှု” ကို အတုယူစရာ တရပ်ဟု မိမိတို့၏ အစီအစဉ်များတွင် ထည့်ထားသည်။ ကျနော်သည်လဲ ဤစဉ်းလဲမှုမျိုးကို သုံးတတ်သည်ဟု ထင်ပါသည်။ သူတို့အနေနှင့် ဤအရည်အချင်းကိုသာမက၊ လက်ထဲ၌ ပုဆိန်ကိုလဲ ကိုင် ထားသောကြောင့်သာ ကျနော်ရှုံးရခြင်းဖြစ်ပါသည်။
သို့ဖြင့် ဤနပမ်းပွဲကား အဆုံးတိုင်လေပြီ။ စောင့်နေရန်သာရှိတော့သည်။ စွဲချက်ရေးဆွဲ၍ မပြီးသေးမီနှစ်ပတ် သုံးပတ်မျှစောင့်၊ နောက် ရိုခ် သို့ ခရီး ထွက်၊ ရုံးချိန်းသည့်ရက်ကိုစောင့်၊ အမိန့်ကျ၊ နောက်ဆုံးတွင် ကွပ်မျက်သည့်နေ့အထိ ရက်ပေါင်း ၁၀၀ စောင့်ဆိုင်းနေရ ပေလိမ့်မည်။
ရိုခ် - အင်ပါယာ။ ဟစ်တလာလက်ထက်က ဂျာမဏီပြည်ကို ရိုခ် ဟု ခေါ်ကြသည်။
ဤကား ရှေ့တွင်မြင်နိုင်သည့် အလားအလာဖြစ်သည်။ နောက်လေးလ သို့မဟုတ် ငါးလကြာလျှင်ကြာမည်။ ဤအချိန်အတွင်း အပြောင်းအလဲ များ၊ များစွာပေါ် ပေါက်လာနိုင်သည်။ ဤအချိန်အတွင်း အစစအရာရာပင် ပြောင်းလဲသွားနိုင်သည်။ ထိုသို့ပြောင်းလဲသွားရန် အခြေအနေများ ရှိကောင်းရှိမည်။ ဤနေရာမှကား ချင့် ချိန်၍မရ။ သို့သော် အပြင်ဘက်မှ အဖြစ်အပျက်များ ခြေသွက်လာခြင်းသည်ပင် ကျနော်တို့၏ အဆုံး သတ်ကို မြန်သည်ထက်မြန်သွားစေနိုင်သည်။ သို့နှင့်ပင် နှစ်ဘက်စလုံး မျှ၍သွားလေသည်။
ဤသည်ကား မျှော်လင့်ချက်နှင့်စစ်တို့၏ အပြေးပြိုင်ပွဲဖြစ်လေသည်။ သေခြင်းနှင့် သေခြင်းတို့၏ အပြေးပြိုင်ပွဲဖြစ်သည်။ မည် သည့်သေခြင်းက အလျင်ရောက်လာမည်နည်း။ ဖက်ဆစ်ဝါဒီတို့၏ သေပွဲလော၊ ကျနော်၏သေပွဲလော။ ဤမေးခွန်းကို မေးနေသည်မှာ ကျနော်တယောက်တည်းသာလော။ ကျနော် တယောက်တည်းကားမဟုတ်၊ သောင်းနှင့်ချီသောအကျဉ်းသမားများကလဲ ဤသို့မေးနေကြ သည်။ ဥရောပတ၀ှမ်းလုံး၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကုဋေနှင့်ချီသော လူအပေါင်းတို့သည်လည်း ဤသို့မေးနေကြသည်။ အချို့တွင် မျှော်လင့်ချက်ပို ၍ကြီးသည်၊ အချို့တွင် ပို၍ငယ်သည်၊ သို့သော်လဲ ဤသည်ကား ထင်ကြေးမျှသာဖြစ်သည်။ ပုပ်ဆွေးပြိုဆင်းနေသော အရင်းရှင်စနစ်က တ ကမ္ဘာလုံးကို လွှမ်းခြုံလိုက်သည့် အန္တရာယ်ကြီးများသည် လူတိုင်းလူတိုင်းအား ဒင်ပြည့်ကျပ်ပြည့် ခြိမ်းခြောက်လျက် ရှိသည်။ နောက်ထပ် လူ ပေါင်းသိန်းချီ၍ ကျဆုံးကြဦးမည် - ဘယ်လောက် တန်ဘိုးရှိတဲ့လူတွေလဲ - ထို့နောက်ပိုင်းတွင်မှ ကျန်ရစ်သောသူများသည် ကျုပ်တော့ ဖက်ဆစ်ခေတ်ကို ကျော်လွန်နိုင်ခဲ့ပြီဟု ဖြေနိုင်ဆိုနိုင်ကြပေလိမ့်မည်။
ယခုအခါတွင် လပိုင်းလောက်ကသာ အဆုံးအဖြတ်ပေးလိမ့်မည်။ မကြာမီတွင်ပင် ရက်ပိုင်းလောက်ကသာ အဆုံးအဖြတ်ပေးပေ တော့မည်။ ထိုရက် များသည်ပင် အရက်စက်အကြမ်းကြုတ်ဆုံးသော နေ့များဖြစ်ပေလိမ့်မည်။ စစ်ပွဲ၏ နောက်ဆုံးစက္ကန့်တွင်မှ၊ နှလုံးသား အတွင်းသို့ နောက်ဆုံးကျည်ဆံအ၀င်ခံလိုက်ရသော စစ်သား၏အဖြစ်သည် ၀မ်းနည်းဘွယ်ကောင်းလေစွဟူ၍ အစဉ်ပင် တွေးတောမိခဲ့ဘူး သည်။ သို့သော် တယောက်ယောက်သည် ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကိုယူမည်သာဖြစ်လေသည်။ ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကို ကျနော်ယူနိုင်သည်ဟု သိရလျှင်ကား၊ ယခုချက်ခြင်းပင် ထွက်ခွာသွားလိုလှပါသည်။
....... ....... ....... ....... ....... ...... ....... ....... ....... ....... .......
ပန်းကရာ့စ်တွင် ဆက်လက်နေထိုင်ရမည့်အချိန်ကား တိုတောင်းနေပြီဖြစ်သောကြောင့် ဤသတင်းမှတ်တမ်းကို မူလကြံရွယ်ရိုးရှိ သည့်အတိုင်းရေးနိုင် တော့မည် မဟုတ်ပါ။ ပို၍ အကျဉ်းချုံ့ ရပေတော့မည်။ ခေတ်တခေတ်လုံးအကြောင်း သက်သေခံခြင်းထက် လူများအ ကြောင်းကို သက်သေခံသည်က ပိုလိမ့်မည်။ ဤကိစ္စကား အရေးကြီးဆုံးဖြစ်သည် ထင်သည်။
ကျနော်သည် ဤလူရုပ်သွင်များကို ရေးသားဖော်ပြရာ၌ ယဲလီနက်တို့ ဇနီးမောင်နှံနှင့်အစပြုခဲ့သည်။ သူတို့ကား ရိုးရိုးတန်းတန်း လူများဖြစ်ကြသည်။ သာမန်အခြေအနေများတွင် ခင်ဗျားအနေနှင့် သူတို့နှစ်ဦးအားသူရဲကောင်းများအဖြစ် မြင်တတ်မည်မဟုတ်ပေ။ အဖမ်းခံရ သောအချိန်က သူတို့သည် လက်များကို ခေါင်းပေါ်အထိ မြှောက်ထားယင်း နှစ်ယောက်သားယှဉ်၍ ရပ်နေခဲ့ကြသည်။ သူကား ဖြူပတ်ဖြူရော်၊ သူမကား နားထင်အောက်တွင် တီဘီရောဂါသွေးများ လျှမ်း နေသည်။ သူမ၏ စံပြုလောက်အောင် သန့်ရှင်းသောအိမ်ခန်းကို ဂက်စတာပိုက ငါးမိနစ်အတွင်း ဇောက်ထိုးမိုးမြှော် လုပ်ပစ်လိုက်ကြသည်ကို မြင်ရသောအခါတွင် မျက်လုံးများ၌ ထိတ်လန့်သော အရိပ်အရောင်များ ပေါ်လာ သည်။ နောက်မိမိ၏ ယောက်ျားဘက်သို့ ခေါင်းကိုဖြည်းညှင်းစွာ လှည့်၍မေးလိုက်သည်။
- ပဲပါ ..... ဘာတွေများဖြစ်အုံးမှာလဲဟင် .....
သူကား စကားနည်းသူတယောက်ဖြစ်သည်၊ စကားလုံးရှာရသည်မှာလဲ သူ့အတွက်အတော်ခက်သည်၊ စကားပြောနေရလျှင် သူ့အနေနှင့် စိတ်မငြိမ်မသက်ဖြစ်နေတတ်သည်။ ယခုသော် မပင်မပန်းအေးအေးသက်သာပင် အဖြေပေးလိုက်သည်။
- သွားပြီး သေကြရတော့မှာပေါ့၊ မားညာ။
သူမသည် အော်လဲမအော်၊ ဣနြေ္ဒလဲမပျက်။ သူတို့အား အစဉ်သဖြင့် ချိန်ထားသော ပစ္စတိုပြောင်းဝများရှေ့တွင်ပင် သူမ၏လက် ကိုညွှတ်၍ သူ့ထံသို့ လှမ်းပေးလိုက်သည်။ ထိုသို့ပြုလုပ်သည့်အတွက် သူရောသူပါပထမဆုံးအကြိမ် ပါးအရိုက်ခံကြရလေသည်။ သူမသည် ပါးကိုပွတ်ယင်း ၀င်ရောက်ကျူးကျော်သော သူများအား အနည်းငယ်အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ ပြီးလျှင် လှောင်သလို ပြောင်သလို နီးနီး အသံနေအသံထားနှင့် .....
- ရုပ်ရည်ကလေးတွေက သနားကမားနဲ့ - ဟုပြောလိုက်သည်။ နောက်သူမ၏အသံမှာပို၍ ကျယ်လာသည် - ရုပ်ရည်ကလေးတွေ က သနားကမားနဲ့၊ ဒါပေမဲ့ မိုက်ကန်းလိုက်တဲ့ အကောင်တွေ။
မားညာ။ - ချက်ကိုယ်ပိုင်အမည်များကိုရင်းနှီးသည့်သဘော။ ချစ်စနိုးသည့်သဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြရာတွင် ယိုးဇက်အစား ပဲပါ။ မာရိယယ်အစား မား ညာ ဟုခေါ်ကြသည်။
သူမသည် ၎င်းတို့အား မှန်ကန်စွာအကဲဖြတ်ခဲ့လေသည်။ နောက်နာရီအနည်းငယ်ကြာသောအခါ သူမအား “အမှုစစ်သူ” အရာရှိ၏ ရုံးခန်းမှခေါ်ထုတ် သွားကြရာတွင် အရိုက်အနှက်များ အပြင်းအထန်ခံရသဖြင့် သတိလစ်နေလေသည်။ သို့သော်သူမထံမှ ဘာတခွန်းမျှမရခဲ့ ကြ။ ဤတခါတွင်လဲ မရ၊ နောက်အခါ များတွင်လဲ ဘာကလေးတချက်မျှ မရခဲ့ကြပေ။
အစစ်မခံနိုင်ဘဲ အကျဉ်းခန်းထဲတွင် ကျနော်လဲနေစဉ်တုန်းက သူတို့ဘာတွေ ဖြစ်ခဲ့ကြသည်ကို ကျနော်မသိ။ ထိုတချိန်လုံးတွင် ဘာတခွန်းမျှမဖောက် ကြားခဲ့ကြသည်ကိုကား ကျနော်သိသည်။ ကျနော့်ကို စောင့်နေကြသည်။ ထို့နောက်ပိုင်းတွင်လည်း ပဲပါကို လက်ပြန် ကြိုးဘယ်နှစ်ခါတုတ်၍၊ ဘယ်နှစ်ခါ ရိုက်နှက်၊ ထိုးကြိတ်၊ကန်ကြောက်ခဲ့ကြပြီနည်း။ စစ်ဆေးမေးမြန်းနေသူများ ရေလိုက်လွဲကုန်ကြရန်မည် သည့်အချက်ကိုပြောနိုင်သည် သို့မဟုတ် မည်သို့ဖြေရမည်စသည်ဖြင့် ကျနော်ကသူ့အားမပြောနိုင်သမျှ၊ ယုတ်စွအဆုံး မျက်ရိပ်ဖြင့်အချက်မ ပေးနိုင်သမျှ ကာလပတ်လုံး စကားတခွန်းမျှ မပြောခဲ့ပေ။
သူမကား ထိလွယ် နာလွယ်ခဲ့သည်၊ ၀မ်းနည်းစိတ် ကြီးခဲ့ဖူးသည်။ အဖမ်းမခံရမီက ဤသို့လျှင် သူမ၏သဘာဝကို အကဲခတ်မိ သည်။ သို့သော် ဂက်စတာပို၏ လက်တွင်းရှိနေသမျှတချိန်လုံးတွင် သူမ၏ မျက်စိများ၌ မျက်ရည်ကလေးတပေါက်တလေမျှပင် မမြင်မတွေ့ ခဲ့ရ။ သူမသည် မိမိတို့၏အိမ်ခန်းအပေါ် သံယောဇဉ်ကြီးသည်။ သို့သော် အိမ်ထောင်ပရိဘောဂများကို မည်သူခိုးယူသည်ကို သိကြောင်း၊ ထိုသူ အား စောင့်ကြည့်နေကြကြောင်းဖြင့် အပြင်မှရဲဘော်များက သူမစိတ်သက်သာစေရန် သတင်းပေးကြသည့်အခါတွင် ဤသို့ ဖြေခဲ့သည်။
အိမ်ထောင်ပရိဘောဂတွေ ဖြစ်ချင်ရာဖြစ်ပစေ၊ ဒါတွေနဲ့ ပတ်သက်ပြီးအချိန်ကုန် ခံမနေကြပါစေနဲ့။ ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေရှိနေကြတဲ့ ကြားထဲမှာ အခုလဲ ကျမတို့ကိုယ်စား ပိုပြီးအလုပ်လုပ်ကြမယ်မဟုတ်လား။ အောက်ခြေသိမ်းကနေပြီး ဆေးကြောပစ်ဖို့က ပထမ။ ဒီအတောအတွင်းမသေဘူးဆိုရင် နောက်တော့မှကျမအိမ်ကို ကျမကိုယ်တိုင်ရှင်းမယ်။
တနေ့သော် သူတို့နှစ်ယောက်အား ခေါ်ထုတ်သွားကြသည်။ တယောက်တကွဲ ခေါ်ထုတ်သွားကြသည်။ သူတို့ဘာတွေဖြစ်ကုန်ကြ သည်ကိုသိရှိရန် ကျနော်စုံစမ်းသမျှကား အချည်းအနှီးပင် ဖြစ်ခဲ့သည်။ ဂက်စတာပိုလက်တွင်းသို့ ကျရောက်သွားသော သူများကား၊ လက်ရာ ပျောက်၊ ခြေရာဆုံး စုန်းစုန်းမြှုပ်သွား ကြသည်သာ ဖြစ်သည်။ သုဿာန်ပေါင်းတထောင်ဝယ် ပျိုးကြဲသလို ပြန့်ဆင်းသွားကြသည်။ ဤတုံလှုပ် ဖွယ်ရာသောပျိုးခင်းမှ မည်သို့သောစပါးများ ပေါ်ပေါက်လာ လိမ့်မည်နည်း။
သူမက နောက်ဆုံးစကား ဤသို့မှာကြားသွားသည်။
ဆရာကြီး၊ ကျမဒီလိုဖြစ်သွားတဲ့အတွက် သနားမနေကြနဲ့၊ ကြောက်မသွားကြနဲ့လို့ အပြင်ကိုသတင်းပို့ပေးပါ။ အလုပ်သမားတာဝန် က လမ်းညွှန်တဲ့အတိုင်း လုပ်စရာရှိတာကိုလုပ်ခဲ့ပြီ၊ ဒီအတိုင်း အသေခံမှာပါပဲ။
သူမကား “အစေခံတယောက်မျှသာ” ဖြစ်လေသည်။ ဂန္ထ၀င်စာပေကို သင်ကြားလေ့လာခဲ့ရသည် မဟုတ်၍လည်း၊ ရှေးယခင်အခါ တရပ်က အောက်ပါ အတိုင်း ဆိုခဲ့ကြဖူးသည်ကို မသိခဲ့ရှာပေ။
အိုဘယ့်ခရီးသည်။ ဥပဒေများက ငါတို့အား ညွှန်ပြခဲ့ကြသည့်အတိုင်း ဤနေရာတွင် ငါတို့တတွေသေကြ လဲလျောင်းနေကြပြီဟူ၍ လာကယ်ဒါ အိမောန် တို့အား ကြေညာလိုက်ပါတော့။
လာကယ်ဒါအိမောန် - ခရစ်မတိုင်မီ သက္ကရာဇ် ၄၈၀ ပြည့်၌ ကြီးမားသောပါရှားစ်စစ်တပ်များကို ခုခံရင်း အသေခံသွားကြသော စပါရတန်စစ် သည်တော်များအား ဂုဏ်ပြုသည့်ကျောက်တိုင်မှ စာတမ်း။
ဗီဆုရှီလ်တို့ ဇနီးမောင်နှံ
သူတို့ လင်မယားသည် ယဲလီနက်တို့နှင့် တတိုက်တည်းကပ်လျက်သားအိမ်ခန်းတွင် နေထိုင်ခဲ့ကြသည်။ နာမည်များမှာလဲ ယိုးဇက် နှင့် မာရိယယ်ပင် ဖြစ်သည်။ အောက်တန်းစာရေး၏ အိမ်ထောင်ကလေးဖြစ်၍၊ ယဲလီနက်တို့ထက် အနည်းငယ်ပို၍အသက်ကြီးသည်။ ဆယ့် ခုနှစ်နှစ်သားအရွယ်က ဤနုစလယ် အရပ်သား ဒေါင်ရှည်ရှည်ကို၊ စစ်ထဲသို့ ဆွဲသွင်းကြ၍ ပထမကမ္ဘာစစ်ကြီးထဲသို့ ထိုးထည့်လိုက်ကြသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း၌ပင် ဒူးတဖက်ကြေလျက် ပြန်ခေါ်လာကြသည်။ ဒူးမှအနာကား ပြန်၍ကျက်မလာတော့ချေ။ သူမမှာ ဘာရနောမြို့ စစ်တပ်ဆေးရုံတွင် သူနာပြုဆရာမအဖြစ် အလုပ်လုပ်နေခဲ့ရာ၊ ဆေးရုံတွင်ပင် နဖူးစာဆုံကြသည်။ သူမက သူ့ထက်ရှစ်နှစ်မျှ ပို၍ ကြီးသည်။ စည်း၊၀ါး မကိုက်သော အိမ်ထောင်ဟောင်းမှ ဖျက်ထွက်လာသူဖြစ်သည်။ စစ်ပြီးသောအခါ ပဲပီက်နှင့် အိမ်ထောင်ကျသည်။ သူမက သူ့အပေါ်ဆက်ဆံပုံမှာ သူနာပြုဆရာသဘော၊ မိခင်သဘောမပျောက်ဘဲ ကျန်နေလေသည်။ ပစ္စည်းမဲ့အိမ်ထောင်များမှ ဆင်းသက်လာ ကြသူများ မဟုတ်သည်သာမက၊ ကိုယ်တိုင်လဲ ပစ္စည်းမဲ့အိမ်ထောင်ကဲ့သို့ မနေကြ။ ပါတီတွင်းသို့ သူတို့ရောက်လာသောလမ်းမှာ ပို၍ရှုပ်ထွေး သည်၊ ပို၍ ခက်ခဲ သည် - သို့သော် ထိုလမ်းကို ရှာ၍တွေ့ကြလေသည်။ ထိုလမ်းကား - အခြားအခြားသောသူများလဲ အသုံးချခဲ့သလို - ဆိုဗီယက်ယူနီယံမှတဆင့် ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသောလမ်းဖြစ်လေသည်။ နိုင်ငံတော်ကို ရန်သူများဝင်ရောက်မစီးနင်းမီ ခပ်စော စောပိုင်းကပင် မိမိတို့လိုလားသော အချက်ကို မိမိတို့သဘောပေါက်ခဲ့ကြ၍ ဂျာမန်ရဲဘော်များကို မိမိတို့၏အိမ်ခန်း၌ ၀ှက်ထားခဲ့ဘူး ကြသည်။
ပဲပီက် - ယိုးဇက်။
ဆိုဗီယက်ယူနီယံကို ဂျာမန်များဝင်ရောက်တိုက်ခိုက်သည့်နောက် အခက်အခဲဆုံးသော အချိန်များတွင်လည်းကောင်း၊ ၁၉၄၁ ခုနှစ် ပထမဆုံးအကြိမ်မာရှယ်လော ကြေညာထားသောကာလတွင်လည်းကောင်း၊ သူတို့၏ အိမ်၌ဗဟိုကော်မတီဝင်များ တွေ့ဆုံလေ့ရှိကြသည်။ ထိုအိမ်တွင် ဟောန်းဇာ၊ ဇိကာနှင့်ဟောန်းဇာ၊ ချာရနီ တို့ အိပ်လေ့ရှိကြသည်။ အထူးသဖြင့် ကျနော်သည်ထိုအိမ်၌ အများဆုံးအိပ်ခဲ့ဘူး သည်။ ဤနေရာတွင် ကျနော်တို့သည် ရူးဒဲပရေားဗော သတင်းစာကိုရေးကြသည်။ ဆုံးဖြတ်ချက်အများအပြားကို ပြုလုပ်ကြသည်။ ဤနေရာ၌ပင် “ကားရဲလ်” ဟု အမည်ပေးထားသော ချာရနီကို ပထမဆုံးအကြိမ် သိကျွမ်းခဲ့ရပါသည်။
သူတို့လင်မယားကား အနေအထိုင်ကျဉ်းကြပ်သည်အထိ အချိန်မှန်တတ်သည်။ အလိုက်သိသည်။ မြေအောက်လုပ်ငန်းတွင် တောင်လိုပုံနေတတ် သော ရှောင်တခင်ပြဿနာများကို မည်သို့ကိုင်ရတွယ်ရမည်ဟု အမြဲသိတတ်ကြသည်။ မှင်သေသေ လုပ်တတ်ကြသည်။ အမှန်အားဖြင့် “မီးရထားဘက်မှ” ဤသို့ သော သဘောကောင်းသည့် အောက်တန်းစားစာရေး အရပ်ရှည်ရှည်နှင့် “မမကြီး” ဗီဆုရှီလောဗာ တို့သည် တရားမ၀င်သော ကိစ္စတရပ်နှင့်ပတ်သက် နေကြမည်ဟု မည်သူကမျှ စိတ်ကူးထဲသို့ ထဲ့မိကြမည်မဟုတ်ပေ။
သို့ပင်ဖြစ်စေကာမူ ကျနော်အဖမ်းခံရပြီး များမကြာမီပင် သူလည်းအဖမ်းခံရလေတော့သည်။ သူ့အားမြင်လျှင်မြင်ချင်း ကျနော့်မှာ အထူးတုန်လှုပ်သွားမိ သည်။ သူ့ဆီကများ ပေါက်ကြားသွားမယ်ဆိုရင် ဘယ့်လောက်များဆိုးလိမ့်မလဲလို့။ သို့သော် သူကား ရေငုံ၍နေခဲ့သည်။ သူသည် မိတ်ဆွေတယောက်အား လျှို့ဝှက်စာတမ်းတချို့ကို ဖတ်ရန်ပေးခဲ့သည်။ ထိုစာတမ်းများကြောင့် ဤနေရာသို့ ရောက်လာသည် - ဂက်စတာပိုကလည်း ထိုစာတမ်းကိစ္စထက်လွန်၍ ဘာမျှမသိရ။
လပေါင်းအနည်းငယ်မျှအကြာတွင် ပေါကောရနီနှင့် ပစ်ကဆောဗာ တို့၏ စည်းကမ်းမသေ၀ပ်မှုတို့ကြောင့်၊ ဗီဆုရှီလ်၏ နှမထံတွင် ဟောန်းဇာ၊ ချာရနီ နေထိုင်ကြောင်းကို ဂက်စတာပိုတို့ သိရှိသွားသည်။ ကျနော်တို့ ဗဟိုကော်မတီမှနောက်ဆုံး မောဟိကန် ဖြစ်သူ၏ ခြေရာ များကို ဖော်ထုတ်ရန် ပဲပီက်အား နှစ်ရက် ဆက်၍ ထုံးစံအတိုင်း “စစ်” ကြလေတော့သည်။ တတိယနေ့တွင် နံပါတ်လေးရာသို့ရောက်လာ သည်။ တင်ပါးချ၍ ထိုင်ရမည်ဆိုလျှင် ဒဏ်ရာအစိုများမှာ အကျိုးနည်း နာကျင်စေသည့်အတိုင်း ခုံတန်းလျားပေါ်တွင် ရွရွကလေးထိုင်ချ လိုက် ပါသည်။ ကျနော်သည်သူ့အား စိတ်ပူစွာကြည့်လိုက်သည်။ ထိုအကြည့်တွင် မေးခွန်းလဲပါသည်၊ အားပေးမှုလဲပါသည်။ သူက ရွှန်းရွှန်းစားစား အဖြေပေးသည်။ နုစလယ်အရပ်သားပီပီ တစ်တစ်ခွခွလဲ ပြောလိုက်သည်။
မောဟိကန် - ပြုတ်ပြုတ်ပြုန်းလုပြီဖြစ်သော အမေရိကန်လူနီမျိုးတမျိုးမှ နောက်ဆုံးကျန်ရစ်သောသူဟု တင်စားရေးသားခြင်းဖြစ်သည်။
- ဘူးလို့သာ ခေါင်းကခါလိုက်ရင်၊ ပါးစပ်ပေါက်ကပြောဖို့နေနေသာသာ စအိုကတောင် မတွန်ဘူး။
ဤလင်မယားကို ကျနော်ကောင်းစွာသိကျွမ်းခဲ့ပါသည်။ သူတို့တယောက်နှင့်တယောက် မည်မျှတွယ်တာကြသည်ကိုလဲ သိသည်။ တရက်လေး နှစ် ရက်ကလေးခွဲခွါနေကြရလျှင်ပင် မည်မျှမနေတတ်မထိုင်တတ် ဖြစ်ကြသည်ကို ကျနော်သိပါသည်။ ယခုသော် လပေါင်းများ စွာရွေ့ခဲ့ပြီ - မိခလယ် အရပ်ရှိ ဖေါ်ရွေ လှသောအိမ်အတွင်းမှ အမျိုးသမီးအတွက် မည်မျှစိတ်မချမ်းသာစရာ ကောင်းနေလိမ့်မည်နည်း။ ယခုလိုအရွယ်တွင် အဖော်ကင်းမဲ့ခြင်းသည် သေခြင်းထက်သုံးပြန်ပို၍ အခံရခက်လေသည်။ တယောက်နှင့်တယောက် ဖေဖေလေး၊ မေမေ လေးဟု ကလေးသလို၊ကလားသလို ခေါ်ဝေါ်နေခဲ့ကြသော အေးရိပ်သာကိုပြန်လည် တည်ထောင်ရန်၊ မိမိ၏ယောက်ျားအား မည်သို့အကူ အညီပေးရန် စသည်များကိုအကြိမ်ပေါင်းမည်မျှ အိပ်မက်မက်ခဲ့ရှာပြီနည်း။ သည်တချိန်တွင်လည်း သူမသည်တခုထီးတည်း ကျန်ရစ်သော လမ်းကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ ထိုလမ်းကား အလုပ်ကိုဆက်လုပ်ရမည်ဟူသည့်လမ်း ဖြစ်လေသည်။ ကိုယ့်အတွက်သာမက ခင်ပွန်း သည် ၏ကိုယ်စားပါ နှစ်ယောက်စာ အလုပ်လုပ်ရန်ဖြစ်လေသည်။
၁၉၄၃ ခုနှစ်သို့ နှစ်ကူးသောညတွင်၊ သူမသည် စားပွဲ၌တယောက်တည်း ထိုင်နေခဲ့သည်။ သူထိုင်လေ့ရှိသောနေရာတွင် သူ၏ ဓာတ်ပုံထောင်ထားသည်။ သန်းခေါင်ယံရိုက်ဆော်၍ နှစ်သစ်ကူးမိသည့်အခါတွင် သူ၏အရက်ဖလ်ခွက်ကို မိမိ၏အရက်ဖလ်ခွက်ဖြင့် ထိခတ် လိုက်ယင်း ကျန်းမာပါစေ၊ ပြန်လာပါစေ၊ လွတ်လပ်သောခေတ်ကို မြင်တွေ့ပါစေဟု မေတ္တာပို့လေသည်။
တလမျှကြာသောအခါ သူမလဲအဖမ်းခံရလေသည်။ နံပါတ်လေးရာရှိ လူအများအပြားပင် တုန်လှုပ်သွားကြသည်။ သူမကား ထောင်တွင်းနှင့်ထောင် ပြင်အဆက်အသွယ်များကို ကိုင်တွယ်နေခဲ့သူတယောက်ဖြစ်လေသည်။ သူမထံမှကား တခွန်းတပါဒမျှ မပေါက်ကြား ခဲ့။
သင်းတို့သည် သူမအား အရိုက်အပုတ်များဖြင့်မညှဉ်းဆဲကြ။ အထူးမမာမကျန်းဖြစ်နေသောကြောင့် သူတို့၏လက်အောက်၌ပင် အသက်ပျောက်သွား နိုင်သည်။ ထို့ကြောင့် ထို့ထက်ဆိုးဝါးသောနည်းဖြင့် ညှဉ်းပန်းကြသည်။ စဉ်းစားခိုင်းကြသည်။
သူမအား မဖမ်းမီရက်အနည်းငယ်ကပင် ခင်ပွန်းသည်အား အလုပ်ကြမ်းလုပ်ခိုင်းရန် ပိုလန်ပြည်သို့ခေါ်သွားကြသည်။ ယခုသူမ အား ဤသို့ဆိုလာကြ သည်။
- စဉ်းစားကြည့်စမ်း၊ ဟိုမှာနေရထိုင်ရတာက အတော်ကြမ်းတာ။ ကျန်းမာတဲ့လူတွေအတွက်တောင် ခပ်ခက်ခက်။ ခင်ဗျား ယောက်ျားက ခြေကျိုးရယ်၊ ဘယ်နည်းနဲ့မှခံနိုင်မှာမဟုတ်ဘူး။ တနေနေရာမှာ ပျက်စီးသွားမှာပဲ၊ ခင်ဗျားလည်း သူ့ကိုဘယ်တော့မှမြင်ရတော့ မှာ မဟုတ်ဘူး။ ခင်ဗျားကကော၊ ခင်ဗျားအရွယ် ရောက်မှ ဘယ့်နဲ့လုပ်ပြီး နောက်တယောက်ရှာနိုင်အုံးမှာလဲ။ ဒီတော့ဉာဏ်ကိုလွှာသုံးပေါ့။ ခင်ဗျား ဘာတွေသိတယ်ဆိုတာ ကျုပ်တို့ကိုပြော၊ ကျုပ်တို့ကသူ့ကိုခင်ဗျားဆီ အရောက် ပြန်ခေါ်လာခဲ့မယ်။
တနေနေရာမှာ ပျက်စီးသွားမှာပဲတဲ့။ သနားစရာကောင်းလိုက်တဲ့ ပဲပီက် ကလေးရယ်။ ဘယ်လိုအသေဆိုးနဲ့ သေရမှာပါလိမ့်။ ကျမ ရဲ့ ညီမကိုလည်း သတ်ပစ်ခဲ့ကြပြီ၊ ကျမယောက်ျားကိုလည်း သတ်ဖြတ်နေကြပြီ။ ကျမတယောက်တည်းပဲ ကျန်ရစ်တော့မယ်။ တယောက် တည်းမှ တယောက်တည်းရယ်။ ဟုတ်တယ်လေ ... ဒီလိုအရွယ်ကြီးမှာ ... ဘယ်မှာသွားပြီးတော့ နောက်တပင် ထူနိုင်ပါ့မလဲ။ ... တယောက် တည်း ... အိုမင်းပြီးသေတဲ့အထိ အဖော်မပါဘဲနဲ့ နေရတော့မှာ ... ကျမ သူ့ကို ကယ်နိုင်တယ်။ ကျမဆီအရောက် သူ့ကိုပြန်ခေါ်လာကြ လိမ့်မယ် ... ဟုတ်တယ် ... ဒါပေမဲ့ ဒါလောက်ကြီးတဲ့တန်ဖိုးကို ပေးရမှာလား။ ဒီလိုလုပ်လိုက်ရင် ကျမဟာ ကျမ မဟုတ်တော့ဘူး။ သူလည်းပဲ ကျမရဲ့ဖေဖေလေး ဟုတ်တော့မှာ မဟုတ်ဘူး ...
တခွန်းတပါဒမျှ ဖွင့်မပြောခဲ့။
သူမသည် ဂက်စတာပို၏ အမည်မဲ့သော သယ်ယူပို့ဆောင်ရေးယာဉ်များအတွင်းတွင် ကွယ်ပျောက်သွားသည်။ များမကြာမီပင် ပဲပီက်သည်လဲ ပိုလန် ပြည်၌ သေဆုံးသွားပြီဟူသော သတင်းရောက်လာလေသတည်း။
လီဒါ
ကျနော်သည် ဘာ့က်စ်တို့၏အိမ်သို့ တညနေခင်းတွင် ပထမဆုံးအကြိမ်ရောက်လာခဲ့သည်။ အိမ်တွင် ယောဈကာ တယောက် တည်းသာရှိလျက်၊ သူ နှင့်အတူ မျက်လုံးကလေးကလယ်ကလယ်နှင့် သတ္တ၀ါအသေးစားကလေးကို တွေ့ရသည်။ ထိုကလေးမအား လီဒါဟု ခေါ်ကြသည်။ အမှန်အားဖြင့်သူကား ကလေးမျှသာရှိသေးသည်။ ကျနော်၏ မုတ်ဆိတ်များကို စပ်စပ်စုစုနှင့်ခိုးကြည့်ရင်း စိတ်ဝင်စားစရာ အသစ်အဆန်းတခု အိမ်တွင်းသို့ရောက်လာသည့်အတွက် အပျင်းဖြေ ဖော်ရလိမ့်မည်ဟု ကျေနပ်နေလေသည်။
သူနှင့်ကျနော် လျင်မြန်စွာပင် မိတ်ဆွေဖွဲ့မိကြလေသည်။ အဆိုပါ ခလေးသူငယ်ကလေးမှာ ဆယ့်ကိုးနှစ်ပင်ပြည့်တော့မည်ဟူ၍ အံ့သြစရာသိရှိ လာရသည်။ ယောဈကာနှင့်ညီမ၀မ်းကွဲတော်လျက်၊ အမည်အားဖြင့် ပလာခါ ဟုခေါ်သည်ဟုလဲသိလာရသည်။ ပလာခါဟူ သောစကားလုံးမှာ ရှက်ကြောက်ခြင်းဟု အဓိပ္ပာယ်ရှိသည်။ သို့သော်လဲ သူ့တွင်ကား ထိုကြန်အင်လက္ခဏာ များစွာမရှိ။ ဇာတ်စင်ပေါ်သို့ တခါတရံတက်၍ အပျော်တန်းကပြတတ်သည်။ လောက၌ သူ အတွယ်တာဆုံးမှာ ဇာတ်သဘင်ဖြစ်ကြောင်းသိရှိလာရသည်။
ကျနော်ကားသူ၏ တိုးတိုးဖော်ဘ၀သို့ ရောက်သွားသည်။ ထိုအကြောင်းကြောင့် ကျနော်မှာ အရင်းစစ်လိုက်လျှင် လူကြီးပိုင်း သို့ ရောက်နေပြီဖြစ်ကြောင်း မိမိဘာသာမိမိရိပ်မိလာပါသည်။ သူကသူမ၏ငယ်ရွယ်သည့် သောကများနှင့်နုပျိုသော စိတ်ကူးယဉ်မှုတို့ကို ကျနော် အားဖွင့်ပြောသည်။ သူမ၏အမနှင့် ဖြစ်စေ၊ ခဲအိုနှင့်ဖြစ်စေ၊ သဘောချင်းမတိုက်ဆိုင်သည့်အခါတွင် ကျနော့်ထံသို့ ဒိုင်လူကြီးသဖွယ် ပြေး၍တိုင် တတ်သည်။ သူကား မိန်းကလေးငယ်ငယ်ရွယ်ရွယ်များနည်းတူ စိတ်ဆတ်သည်။ မိဘများအသက်ကြီးမှ မွေးဖွားလာသော ကလေးပီပီနွဲ့ဆိုး ဆိုးတတ်လေသည်။
အိမ်တွင်း၌ခြောက်လမျှ အောင်းနေပြီးသည့်နောက် ကျနော့်အနေနှင့် ပထမဆုံးအကြိမ် အပြင်သို့လမ်းလျှောက် ထွက်သည့်အခါ ၀ယ် သူသည်ကျနော်၏အဖော်အဖြစ် လိုက်ပါလာခဲ့သည်။ ခြေထော့ကျိုးနှင့်အဘိုးကြီးတယောက်၊ တယောက်တည်း လမ်းသွားသည်ထက် ဘေးတွင်အမျိုးသမီးတယောက်ပါလာက လူများ၏ အာရုံစိုက်ခြင်းမှ ပို၍သက်သာသည်။ လူတိုင်းသည် အဘိုးကြီးကို ကြည့်မည့်အစား မိန်းကလေးကို ပို၍ကြည့်ကြသည်။ ထိုအကြောင်းကြောင့် ဒုတိယအကြိမ်လမ်းလျှောက်ထွက်ရာ၌လဲ သူပါလာခဲ့ပြန်သည်။ ထိုအကြောင်း ကြောင့်လဲ လျှို့ဝှက်စွာချိန်းဆိုထားသော နေရာတနေရာသို့ ပထမဆုံးအကြိမ်သွားရသည့်အခါတွင် ကျနော်နှင့်လိုက်လာခဲ့သည်။ ထို့အ ကြောင်းကြောင့်ပင် မြေအောက်ဂိုဏ်းဝင် အိမ်တအိမ်သို့အသွား၌ သူပါလာခဲ့ပြန်သည်။ သို့နှင့် ယခုစွဲချက်ထဲတွင်ပါ သည့်အတိုင်း ဒုတ်စက်သ လို ဆက်သွား၍ သူလဲကျနော်၏ဆက်သား ဖြစ်လာခဲ့လေသည်။
သူကား တာဝန်ကိုနှစ်သက်စွာ ထမ်းဆောင်ခဲ့လေသည်။ အလုပ်တွင် မည်သို့အဓိပ္ပာယ်ပါသည်၊ မည်သည့်အကျိုးသို့ သက်ရောက် စေသည် စသည် တို့ဖြင့် ခေါင်းအရှုပ်မခံ။ လုပ်ရသောအလုပ်မှာ အသစ်အဆန်း၊ စိတ်ဝင်စားစရာဖြစ်သည်။ လူတိုင်းလုပ်သော အလုပ်မျိုး လည်းမဟုတ်၊ စွန့်စားခန်းအရသာလဲ ပါ သည်။ ဤအချက်တို့ပင် သူ့အတွက် ဖူလုံလေသည်။
အသေးအဖွဲကိစ္စကလေးများကိုသာ လုပ်နေသမျှကာလပတ်လုံး ကျနော်သည် သူ့အားလိုသည်ထက်ပို၍ ပြောမပြလိုခဲ့။ အဖမ်းခံရ မည်ဆိုလျှင် “အပြစ်” ရှိသည်ဟူသော စိတ်မသိုးမသန့်ဖြစ်မှုသည်မကောင်း၊ မသိနားမလည်ခြင်းသည် သူ့အား အကာအကွယ်ပို၍ ပေးနိုင်ပေ လိမ့်မည်။
သို့သော် လီဒါကား လုပ်သက်ရင့်လာသည်။ လီဒါကား ယဲလီနက်တို့အိမ်သို့ မှာလိုက်သောစကားကလေးတခွန်းကိုဝင်၍ ပြောပေး ရုံသာမက၊ ထို့ထက်ကြီးမားသော တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိလာသည်။ သို့သော် ထိုအချိန်အခါတွင်မူ ဘာလုပ်၍ ဘာကိုင်နေမှန်း သဘောပေါက်ရန်လိုလာလေပြီ။ ကျနော်ကလဲ အစပျိုးပါတော့သည်။ သို့နှင့်သင်တန်း ... တကယ့်ကျောင်းသင်တန်းတရပ်ကို ဖွင့်ရတော့သည်။ လီဒါလည်း ကြိုးစားပမ်းစားနှင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး လေ့လာလေသည်။ အပေါ်ရံကြောအရကား လီဒါသည်ယခင်အတိုင်း ပျော်ပျော်ရွှင်ရွှင်၊ ပေါ့တီးပေါ့ဆနှင့် နေတတ်သော ဂျပမိုးမကလေး ကဲ့သို့ပင် ဆက်လက်နေထိုင်လေသည်။ အတွင်း၌ကား တမူကွဲပြား ခြားနားခဲ့လေပြီ။ တွေးတောလေပြီ။ ကြီးပြင်းလာလေပြီ။
အလုပ်လုပ်ယင်း မီးရက်နှင့်သိကျွမ်းလာသည်။ မီးရက်မှာအလုပ်ဘက်တွင် အတော်ဝါရင့်နေပြီဖြစ်လျက် အလုပ်အကြောင်းလဲ နားဝင်ကောင်းအောင် ပြောတတ်သည်။ လီဒါကား သူ့အပေါ်အထင်ကြီးလာသည်။ မီးရက်၏ အတွင်းအမြုတေအစစ်ကိုကား လီဒါ့အနေနှင့်သေသေချာချာ သရုပ်ဖမ်းမိပုံမပေါ်ပေ၊ သို့သော် ဤနေရာတွင် ကျနော်ကိုယ်တိုင်ပင် အမြင်မှန်ကိုမမြင်ခဲ့။ အရေးကြီးသည်မှာ မီးရက်သည် အလုပ်အရ၊ အပြင်ဘန်း ယုံကြည်ချက်အရ၊ အခြားယောက်ျား ကလေးများထက် ပို၍ လီဒါနှင့်နီးစပ်ခဲ့ခြင်း ဖြစ်လေသည်။
ဤစိတ်ဓာတ်သည် ကလေးမ၏ကိုယ်တွင်း၌ ပေါက်ဖွားလာကာ အမြစ်များလဲ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာလေသည်။
၁၉၄၂ ခုနှစ် အစပိုင်းလောက်တွင် သူသည်ပါတီဝင်ရေးကိစ္စနှင့် ပတ်သက်၍မရဲတရဲ မေးစပြုလာသည်။ ယခင်ကဆိုလျှင် သူဤမျှရှက်ကိုး ရှက်ကန်း ဖြစ်သည်ကို တခါမျှမတွေ့ဘူးခဲ့၊ ယခင်က မည်သည့်ကိစ္စကိုမျှ ဤမျှလောက် လေးလေးနက်နက်မယူဆခဲ့။ ကျနော်ကား ဆိုင်းငံ့၍နေခဲ့သေးသည်။ သူ့အား ဆက် လက်၍ သင်ပြမြဲသင်ပြနေသေးသည်။ သူ့အား စမ်းသပ်၍နေခဲ့သေးသည်။
၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဗဟိုကော်မတီက သူ့အားပါတီဝင်အဖြစ် တိုက်ရိုက်လက်ခံခဲ့လေသည်။ ခိုက်ခိုက်တုန်အေးသော ညဥ့်နက်သန်းခေါင် ၀ယ်၊ ကျနော်တို့နှစ်ဦးသား အိမ်သို့ပြန်လာနေကြသည်။ ခါတိုင်းတွင် သူကား စကားတတွတ်တွတ် ပြောနေတတ်သည်။ ယခုသော် တိတ်ဆိတ်နေသည်။ အိမ်အနီး လယ်ကွင်းပြင်များသို့ရောက်တော့မှ ဗြုံးကနဲရပ်လိုက်သည်။ ခပ်တိုးတိုးပြောလိုက်သော လေသံမှာတိုးလွန်းလှသဖြင့် ဘိနပ်များအောက်မှ နှင်းအပွင့်တိုင်း အပွင့်တိုင်းနိမ့်ဆင်းသွားပုံများကိုပင် ကြားနေနိုင်ပါသည်။
- ကျမတသက်မှာ ဒီနေ့ဟာအရေးအကြီးဆုံးနေ့ ဖြစ်တယ်ဆိုတာကို သိပါတယ်။ အခု ကျမကိုယ်ကို ကျမမပိုင်တော့ဘူး။ ရဲဘော်တို့ကို ကတိပေးပါ တယ်။ ရဲဘော်တို့မျှော်လင့်သမျှကို ဘယ်တော့မှ ယောင်းမမြင်းစီး မဖျက်ဆီးပါဘူး။ ဘာကြီးပဲဖြစ်ဖြစ် ...
အမျိုးမျိုးသော ကိစ္စများလည်း ဖြစ်ပေါ်လာခဲ့သည်။ လီဒါကား မဖောက်ပြားခဲ့။
သူသည် ပါတီခေါင်းဆောင်ပိုင်း အတွင်းအကျဆုံးသော အဆက်အသွယ်တို့ကို ကိုင်တွယ်ခဲ့သည်။ အန္တရာယ်အကြီးဆုံးသော တာဝန်များကိုထမ်းဆောင်ရသည်။ ပြတ်သွားသောအဆက်များကိုပြန်ဆက်၍ အန္တရာယ်ဝိုင်းလာသော အဆက်အသွယ်များကို ကာကွယ်ရ သည်။ အထက်ပိုင်း တနေရာရာတွင်ဖြစ် စေ၊ အိမ်တအိမ်၌ဖြစ်စေ မီးများဝိုင်းလာသည့်အခါတွင် လီဒါသည် ထိုနေရာသို့သွား၍ ငါးရှဥ့်သဖွယ် လျှောကနဲလွတ်ထွက်သွားတတ်သည်။ ယခင်ကကဲ့သို့ပင် လုပ်စရာရှိလျှင်လုပ်၍၊ ပူပင်သောကမပါပျော်ရွှင်စွာပင် လုပ်တတ် ကိုင်တတ်သည်။ သို့သော် ထိုအမူအရာ၏အောက်၌ကား တာဝန်သိတတ်ခြင်း တည်းဟူသော အသိဉာဏ်က ခိုင်ခိုင်မြဲမြဲကြီး ၀င်ရောက်၍နေလေပြီ။
ကျနော်တို့အဖမ်းခံရပြီးသည့်နောက် တလမျှအကြာတွင် သူလဲအဖမ်းခံရသည်။ မီးရက်က တောက်လျှောက်ကြီးဖော်၍ စကားပြော နေခိုက်၊ လီဒါ၏ အမည်မှာ ဂက်စတာပိုထံသို့ ပါသွားလေသည်။ ထို့နောက်ပိုင်းတွင်ကား အစ်မနှင့်ခဲအိုဖြစ်သူတို့ ထွက်ပြေးလွတ်မြောက်ကာ၊ မြေအောက်ခိုသွားရန် လီဒါကပင် အကူအညီပေးလိုက်ကြောင်းကို ဆက်စပ်ကြည့်ရန် မခက်တော့ပေ။ သူကား ခေါင်းကလေးကို ဆတ်ကာ၊ တော့ကာနှင့် မလုပ်သင့်သည်ကို လုပ်မိမှန်းမသိ၊လုပ်မိသမျှသည် မိမိအတွက်မည်သို့ အမှုပတ်လာမည်ကိုမသိသော ပေါ့တီးပေါ့ဆ မိန်းက လေးတယောက်၏ အခဏ်းကနေ၍ မာန်ပါပါ အသုံးတော်ခံလေသည်။
သူသိသမျှကား များပြားလှသည်။ ဘာတခွန်းမျှကား ဖွင့်၍မပြောခဲ့။ ထို့ထက် အရေးကြီးသည်ကား ထောင်ထဲ၌ပင် အလုပ်ကို ဆက်၍လုပ်နေခြင်းဖြစ် လေသည်။ ပတ်ဝန်းကျင်ပြောင်းသွားသည်၊ လုပ်နည်းကိုင်နည်းများ ပြောင်းသွားသည်၊ တာဝန်လုပ်ငန်းများသည်လဲ ပြောင်းလဲသွားသည်။ သို့သော် မည်သည့် အစိတ်အပိုင်းသို့ရောက်စေကာမူ လက်ပိုက်၍ ထိုင်မနေရဟူသော ပါတီဝင်တို့၏ နားလည်မှုကား ပြောင်းမသွား။ ညွှန်ကြားချက်များအတိုင်း လုပ်စရာရှိသည်တို့ကို သစ္စာရှိစွာ၊ လျင်မြန်စွာ တိကျစွာ လုပ်ကိုင်သည်။ အပြင်ဘက်မှ လူတ ယောက်ကို ကာကွယ်ရန် သပွတ်အူလိမ်နေသော အခြေအနေတရပ်မှ ကျော်လွှားရမည် ဆိုလျှင် လီဒါသည် သူ၏အပြစ်ကင်းမဲ့သော မျက်နှာ ကလေးနှင့် အခြားသူတယောက်ယောက်၏ “အပြစ်” ကို မိမိခေါင်းပေါ်သို့ ခံယူလေသည်။ ပန်းကရာ့စ်ထောင်တွင်သူသည် စင်္ကြံဘာယာ တယောက် ဖြစ်လာသည်။ သူကြားက ဆောင်ရွက်ပေးခဲ့သော ကျေးဇူးကြောင့် အပြင်ဘက်ရှိလူအများအပြား အဖမ်းမခံကြရချေ။ သူ ကာကွယ်ခဲ့သော အချို့သူများကား လုံးဝလူစိမ်းများဖြစ်ကြသည်။ တနှစ်နီးပါးကြာလုမှ သူ့ကိုယ်ပေါ်တွင် လျှို့ဝှက်စာတစောင်ကို ဖမ်းမိသွား တော့သည်။ ထိုအခါကျ မှသာ သူ၏ “ဇာတ်မင်းသမီးအလုပ်” လဲ တစခန်းသိမ်းလေတော့သည်။
ယခုသူသည် ကျနော်တို့နှင့်အတူ ရုံးအတင်ခံရန် ရိုခ်သို့ ခရီးထွက်ရပေတော့မည်။ ကျနော်တို့၏ အစုအဝေးကြီးတခုလုံးတွင် လွတ်လပ်ရေးရသည့်အ ချိန်အထိ အသက်ရှင်နေရန်၊ အထောက်အထားနှင့်တကွ မျှော်လင့်နိုင်သူကား သူတယောက်သာရှိလေသည်။ သူကား ငယ်သေးသည်။ ကျနော်တို့မရှိကြတော့ လျှင်၊ သူ့အနေနှင့် လမ်းလွဲမသွားပါစေနှင့်။ သူ့အနေနှင့် လေ့လာ ဖွယ်ရာအများအပြား ရှိ သေးသည်။ သင်ပေးကြပါ။ တုံးမသွားပါစေနှင့်။ သူ့အား ခေါင်းဆောင်မှုပေး ကြပါ။ မာန၀င်၍လုပ်ခဲ့သမျှ တင်းတိမ်မသွားပါစေနှင့်။ အခက်အခဲ ဆုံး အချိန်များတွင် မိမိ၏တန်ဘိုးကိုပြခဲ့သည်။ မီးထဲမှ ဖောက်၍သွားခဲ့သည်။ သတ္ထုမျိုးကောင်း ဖြစ်သည်ကို တွေ့ခဲ့ကြရပါပြီ။
ကျနော်၏ အရာရှိ
ဤသည်ကား လူရုပ်သွင်များအတွင်းသို့ အကြုံးမ၀င်တော့။ သို့သော် ရုပ်တုကလေးအနေနှင့်ဆိုက စိတ်ဝင်စားဖွယ်ဖြစ်သည်။ အရွယ်အစားအရလည်း အခြားရုပ်တုကလေးများထက် သိသိသာသာကြီး ပို၍ ထွားလေသည်။
လွန်ခဲ့သောဆယ်နှစ်က ဗီနောဟရာဒီ ရပ်ကွက်၊ ဖလောရာ ကဖီးတွင် ခင်ဗျားသည် အိတ်တွင်းတွင်မှ အကြွေများကို လှုပ်လိုလျှင် လည်းကောင်း၊ သို့မဟုတ် “ဒီမှာဆရာ ... စာရင်းရှင်းကြစို့” ဟူ၍ ခေါ်လိုသောအခါ၌လည်းကောင်း၊ အ၀တ်စုံအနက်ကိုဝတ်ထားသည့် လူပိန်ပိန်ရှည်ရှည်တယောက်သည် ကုလားထိုင်များအကြားဝယ် ရေငုတ်သင်္ဘောပြောင်းတိုင်ကဲ့သို့ အသံမမြည်ဘဲ လျင်မြန်စွာဖြတ်သန်း လာလျက်၊ ခင်ဗျား၏ ဘီလ်စာရွက်ကို ထိုးပေးပေလိမ့်မည်။ သူ့တွင် သားရဲတိရိစ္ဆာန်ကဲ့သို့ လျင်မြန်လျက်နှင့်တိတ်ဆိတ်သော လှုပ်ရှားမှုလဲရှိ သည်။ အစစအရာရာကို မြင်တတ်သော သားရဲတိရိစ္ဆာန်၏ စူးရှသော မျက်လုံးများလဲ ရှိသည်။ ခင်ဗျားလိုသမျှကို မှာနေရန်ပင် မလို။ သူကိုယ်တိုင်ကပင် လက်အောက်ခံစားပွဲထိုးများအား လှမ်း၍ခန့်ခွဲနှင့်သည်။ “တတိယစားပွဲ၊ နို့နဲ့ကာဖီအကြီးစားတခွက်၊ မလိုင်မထည့်နဲ့”၊ “ဘယ်ဘက်ပြူတင်းပေါက်၊ ကိတ်မုန့်နဲ့ပြည်သူ့သတင်းစာ”။ သူကား ဖောက်သည်များအတွက်လဲ ကောင်းမွန်သောလုပ်ဖော်ကိုင်ဖက် တ ယောက်ဖြစ်သည်။
ထိုအချိန်အခါက သူ့အားကျနော်မသိသေးခဲ့။ နောက်အတော်ကြီးကြာတော့မှ ယဲလီနက်တို့၏အိမ်တွင် သူနှင့်သိကျွမ်းလာရသည်။ ဤအခါတွင်ကား သူသည်လက်ထဲ၌ခဲတံကို မကိုင်ဘဲ ပစ္စတိုတလက်ကို ကိုင်ထားသည်။ ကျနော့်အား ညွှန်ပြရင်းလဲ ...
- ဒီလူ့ကို ငါစိတ်အ၀င်စားဆုံးပဲဟေ့
ဟု ပြောခဲ့လေသည်။ အမှန်ကိုဆိုရလျှင် ကျနော်နှင့်သူကား တဦးနှင့်တဦး အပြန်အလှန်စိတ်ဝင်စားခဲ့ကြပါသည်။
သူသည် ပင်ကိုယ်ဉာဏ်ကောင်းသူတယောက်ဖြစ်၏။ လူ့သဘာဝကို နားလည်တတ်သော အရည်အချင်းကြောင့်လည်း အခြား သော ဂက်စတာပိုများထက် တပန်းသာလေသည်။ ရာဇ၀တ်ဖက်ဆိုင်ရာ ပုလိပ်ဖက်တွင်သာ အလုပ်လုပ်မည်ဆိုလျှင် ထိုအရည်အချင်းကြောင့် ကြီးပွားမည့်လူစား ဖြစ်လေသည်။ သူခိုးကလေးများ သို့မဟုတ် လူသတ်သမားများဟူသည်ကား အောက်သို့လျှောကျ၍ မိမိတို့၏ ဂိုဏ်းဝင် များနှင့်လဲ အဆက်ပြတ်သွားကြပြီဆိုလျှင် ကိုယ့်အသားနာမည်ကိုသာ ပူပင်လေ့ရှိကြသည်၊ ထိုအခါမျိုးတွင် မိမိတို့၏ ရင်တွင်း၌ရှိသမျှတို့ကို သူ့အားဖွင့်ပြောရန် ၀န်လေးကြမည်မဟုတ်ဟု ထင်သည်။ သို့သော် နိုင်ငံရေးပုလိပ်အနေနှင့်သော်ကား၊ ဤသို့သော ကိုယ်ရေးကိုယ်သာ ကြည့်တတ်သည့်လူမျိုးကို လက်တွင်းသို့ရနိုင်ခဲကြသည်။ ဤနေရာမျိုးတွင်ကား ပုလိပ်၏လိမ္မာပါးနပ်မှုနှင့်သာ အစွမ်းပြိုင်ရသည်မဟုတ်ပေ။ ထို့ထက်အဆပေါင်းများစွာ ကြီးမားသော အင်အားများနှင့်ပြိုင်ဆိုင်ရလေသည်။ အဖမ်းခံထားရသူ၏ ယုံကြည်ချက်၊ ထိုသူနှင့်ဆက်စပ်နေ သော အဖွဲ့အစည်းတခုလုံး၏ ဉာဏ်ကြီးမှု၊ ဤသည်တို့နှင့် အားချင်းပြိုင်ရသည်။ ထိုသို့ပြိုင်ရမည်ဆိုလျှင် လိမ်မာပါးနပ်မှုလဲ မလုံလောက်၊ ထိုး ကြိတ် ရိုက်နှက်ချင်းများလဲ မဖူလုံပေ။
“ကျနော်၏အရာရှိ”ထံတွင် ခင်ဗျားရှာကြည့်မည်ဆိုပါက၊ ခိုင်မြဲသောယုံကြည်ချက်ဟူ၍ တွေ့ရလိမ့်မည်မဟုတ်ပေ။ အခြားသူများ ထံတွင် တွေ့နိုင်သော ယုံကြည်ချက်မျိုးကို သူ့ထံ၌တွေ့ရမည်မဟုတ်ပေ။ သို့သော် အခြားသူတယောက်ယောက်ထံတွင် ဤသို့သောယုံကြည် ချက်မျိုးရှိသည်ဟုဆိုပြန်က ထိုယုံကြည်ချက်သည် ဖျင်းအထုံထိုင်းမှုတို့နှင့်သာ ရောယှက်နေလေသည်။ လိမ်မာပါးနပ်ခြင်း၊သဘောတရား များတွင် ကျွမ်းကျင်ခြင်း၊ လူ့သဘာဝကိုနားလည်ခြင်းစသော အရည်အချင်းများဖြင့် ပူးပေါင်းနေလေ့မရှိပေ။ ခြုံကြည့်လိုက်သည့်အခါ သူတို့ ဘက်တွင် အောင်မြင်မှုများ တလေးသာနေသည်ဆိုပါက ထိုသို့ဖြစ်ရခြင်းမှာ ကျနော်တို့သည် အခြားအခြားသော မြေအောက်လှုပ်ရှားမှုများနှင့် မနှိုင်းသာလောက်အောင် ခက်ခဲသောအခြေအနေ၀ယ် ကျဉ်းမြောင်းသော ဒေသတွင်း၌ အလွန်ကြာမြင့်စွာ တိုက်ပွဲဝင်နေရသောကြောင့်ဖြစ် သည်။ မြေအောက်လုပ်ငန်းတွင် နှစ်နှစ်ကြာခံနိုင်သောသူသည် လူတော်တယောက်ဖြစ်သည်ဟု ရုရှဘော်လ်ရှီဗစ်များက ဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့အနေနှင့်ဆိုလျှင် မော်စကိုမြို့တွင် မီးများဝိုင်းလာက ပဲတရောဂရဒ် မြို့သို့ကူးသွားနိုင်သည်။ ပဲတရောဂရဒ်မြို့မှတဖန် သြဂျက် ဆာမြို့သို့ပြောင်း၊ လူသန်းပေါင်းများစွာရှိသော မြို့များတွင် မည်သူကမျှလဲ သူတို့အားမသိစေဘဲ ခြေဖျောက်၍နေနိုင်ကြသည်။ ကျနော်တို့ တိုင်းပြည်တွင်ကား ပရာဟာ၊ ပရာဟာနှင့် ပရာဟာ တမြို့တည်းသာ ရှိသည်။ မြို့ပေါ်ရှိ လူတ၀က်ကလဲ ခင်ဗျားကိုသိနေကြသည်။ ရန်သူက လဲ သူလျှိုများကို တအုပ်ကြီးပြုံ၍ ချထားနိုင်သည်။ သို့စဉ်လျက် ကျနော်တို့သည် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံနေခဲ့ကြသည်။ အချို့ရဲဘော်များဆို လျှင် ဂက်စတာပိုက ဖော်မထုတ်နိုင်ဘဲ ငါးနှစ်ကြာသည်အထိ မြေအောက်လျှိုနေခဲ့ကြသည်။ ယင်းသို့နေနိုင်သည်မှာ ကျနော်တို့အနေနှင့် နည်းနာနိသျှအမြောက်အများတို့ကို သင်ကြားခံယူခဲ့ရသောကြောင့်လဲဖြစ်သည်။ ဟုတ်သည်။ တချိန်တည်းတွင်လဲ ရန်သူသည် အင်အားကြီး မားကြမ်းကြုတ်လှသည့်တိုင်အောင်၊ ဖျက်ဆီးခြင်းမှလွဲ၍ အခြားဘာတခုကိုမျှ မလုပ်တတ်သောကြောင့်လဲ ကျနော်တို့ ဤသို့နေနိုင်ကြခြင်း ဖြစ်လေသည်။
ဌာနခွဲ၊ ဒုတိယ - (က) - ၁ - တွင် ကွန်မြူနစ်ဝါဒ အမြစ်ကစ၍ နှုတ်ပစ်ရေးတွင် ထိပ်ထိပ်ကျဲဖြစ်သည်ဟူ၍ လူသုံးယောက် နာမည် ကြီးကြသည်။ ပြည်တွင်းရန်သူအား တိုက်ခိုက်သည့် စစ်မျက်နှာတွင် ရဲရင့်မှုအတွက်ဟူ၍ အနက်၊ အဖြူ၊ အနီရောင်ဖဲပြားကို တင်ဆင်နိုင်ကြ သည်။ ထိုသူတို့ကား ဖရိဒရစ်။ ဇန်ဒဲရ် နှင့်“ကျနော်၏အရာရှိ” ယိုးဇက်၊ ဘဲမ်းတို့ဖြစ်ကြသည်။ သူတို့သည် ဟစ်တလာ ၏ ဓနရှင်ဆိုရှယ်လစ် ၀ါဒအကြောင်းကို များစွာပြောလေ့ပြောမရှိ။ ထိုဝါဒအကြောင်း သူတို့သိသမျှမှာလဲ ထမင်းစားရေသောက်လောက်သာ ဖြစ်သည်။ သူတို့ကား နိုင်ငံရေးသဘောတရားတခုအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ပေ။ ကိုယ်ကျိုးကိုသာ ကိုယ်ရှာနေကြသည်။ ကိုယ်တတ်သလို ကိုယ်လုပ် နေကြသည်။
ဇန်ဒဲရ်ကား သေးသေးနုပ်နုပ်၊ လူပုသလောက်လဲ စိတ်တိုတတ်သည်။ ပုလိပ်နည်းများ၊ လုပ်ဟန်ကိုင်ဟန်များကို အခြားသူများ ထက်ပို၍ တတ်မြောက်သည်။ အထူးသဖြင့် စားပေါက်ထွင်ခြင်း၌ကျွမ်းကျင်သည်။ တခါက ပရာဟာမြို့မှနေ၍ ဘာလင်မြို့သို့ လေးငါးလမျှ နယ်ပြောင်းရသည်တွင်၊ သူတောင်းစား ချွဲ ချွဲကာ ပရာဟာမြို့သို့ ပြန်မရောက်ရောက်အောင်လုပ်ခဲ့သည်။ သူ၏အမြင်အရ ရိုခ်နေပြည်တော် ဘာလင်မြို့တွင် အလုပ်လုပ်ရခြင်းမှာ ရာထူးလျှော့ချသည်နှင့်တူသည်၊ အထူးသဖြင့် ငွေဝင်လမ်းလျော့သွားခြင်း မည်လေသည်။ နက်မှောင် နေသော အာဖရိက တိုက်တွင်လည်းကောင်း၊ ပရာဟာမြို့တွင်၎င်း၊ တာဝန်ထမ်းဆောင်ရသည့် ကိုလိုနီအရာရှိဟူသည်ကား ဧရာမပုဂ္ဂိုလ်ကြီး တယောက်ဖြစ်သည်။ ဘဏ်တိုက်တွင်းသို့ ငွေများသွင်းရန် အလားအလာပို၍ရှိသည်။ ဇန်ဒဲရ်ကား အလုပ်ကြိုးစားသည်။ မိမိဘယ်လောက် ကြိုးစားသည်ကို လူမြင်စေရန် ထမင်းစားယင်းပင် အမှုစစ်တတ်သည်။ ကြိုးစားပုံတို့ကို ထိုသို့လူမြင်ပါမှ၊ တာဝန်၏ အပြင်အပတွင် ထို့ထင်ပင် ကြိုးစားတတ်ကြောင်းကို လူမသိမည်ဖြစ်သည်။ သူ့လက်တွင်းသို့လည်း ရောက်၊ အိမ်တွင်လည်း ငွေစုစာအုပ် သို့မဟုတ် ငွေတန်ဘိုးရှိသော စာချုပ်စာတမ်းများကို ရှိသည့်သူကား နှစ်ထပ်ကွမ်းကံဆိုးလေတော့သည်။ ဤသို့သောသူများကား အမြန်ဆုံးသေရမည်၊ အဘယ့်ကြောင့် ဆို သော် ငွေစုစာအုပ်များနှင့် တန်ဘိုးရှိသော စာချုပ်စာတမ်းများက ဇန်ဒဲရ်တပ်မက်သော အရားများဖြစ်သောကြောင့်တည်း။ သူ့အား အရည်အ ချင်းအရှိဆုံးသော အရာရှိတယောက်ဤသို့သော ကိစ္စမျိုး၌ အရည်အချင်းအရှိဆုံးသော အရာရှိတယောက်ဟု ဟူဆကြလေသည်။ (ဤနေ ရာတွင် သူ၏ကူဖော်လောင်ဖက် စကားပြန်လုပ်သူ ချက်လူမျိုး ဆမောလာ နှင့်ကွာသည်။ ဆမောလာကား လူကြီးလူကောင်းဓားပြ ဖြစ်၍၊ ငွေရလျှင် လူ့အသက်ကို တောင်းဆိုလေ့မရှိပေ။)
ဖရီးဒရစ်ကား ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်လုံးများက ခပ်ဆိုးဆိုး၊ ပြုံးလျှင်လဲ ခပ်ဆိုးဆိုးပြုံးတတ်သည်။ ၁၉၃၇ ခုလောက် ကတည်းက ချက်ကိုစလိုဗားကီးယားပြည်သို့ ဂက်စတာပိုသလျှိုအဖြစ် ရောက်လာကာ၊ တကျွန်းတမြေသို့ ထွက်ပြေးတိမ်းရှောင် လာကြသော ဂျာမန်ရဲဘော်များကို လုပ်ကြံသုတ်သင်ရေး၌ အကူအညီပေးခဲ့သည်။ ထိုသို့လုပ်သည်မှာ အဆန်းမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် လူသေ များကား သူ၏မက်မောရာဖြစ်သောကြောင့်တည်း။ သူ့အနေနှင့်ဆိုလျှင် အပြစ်မရှိသူဟူ၍ မည်သူမျှမရှိ။ သူ့ရုံးခန်း၏ ခါးပန်းကိုကျော်လိုက်မိ သူတိုင်းကား အပြစ်ရှိသူများဖြစ်သွားကြလေတော့သည်။ မိန်းမများအား ၎င်းတို့၏ခင်ပွန်းသည်များသည် အကျဉ်းစခန်း များ၌သေဆုံးသွားကြ ပြီ၊ သို့မဟုတ် အသတ်ခံကြရပြီဟု ပြောရမည်ဆိုလျှင် အထူးအရသာတွေ့နေတတ်သည်။ သူနှစ်ခြိုက်စွာ လုပ်လေ့ရှိသော ကိစ္စတရပ်မှာလဲ အံဆွဲထဲမှ ပြာအိုးကလေး ခုနှစ်အိုးကို ထုတ်၍အချုပ်ခံထားရသူများအား ပြသခြင်းပင်ဖြစ်လေသည်။
- ဟောဒီ ခုနှစ်ယောက်ဟာ ငါကိုယ်တိုင် ငါ့လက်နဲ့ရိုက်သတ်ပစ်လိုက်တာကွ။ မင်း နံပါတ်ရှစ်ဖြစ်သွားလိမ့်မယ်။
(ယခုသော် ယန်၊ ဈိဈကာ ကို ရိုက်သတ်ခဲ့ပြီဖြစ်၍ ပြာအိုးရှစ်လုံးဖြစ်နေလေပြီ။) သူသည် အမှုတွဲဟောင်းများကို လှန်လှောကြည့် ယင်း “လုပ်ပြီးပြီ၊ လုပ်ပြီးပြီ” ဟုဆိုကာ၊ လူသေစာရင်းများဖြင့် ကျေနပ်၍နေတတ်လေသည်။ အထူးသဖြင့် မိန်းမများကို မြိန်မြိန်ယှက်ယှက်ကြီး ညှဉ်းပန်းတတ်သည်။
သူသည် စည်းစိမ်ကိုမက်သည်။ ထိုတပ်မက်မှုသည်ကား သူ၏ပုလိပ်လုပ်ငန်းကို ဘေးပန်းမှကူညီပေးနေသော စက်ကလေးတလုံး ကဲ့သို့ပင် ဖြစ်နေလေသည်။ ခင်ဗျား၏အိမ်သည် ကောင်းကောင်းမွန်မွန် ပြင်ဆင်မွမ်းမံထားသော အိမ်ဖြစ်က၊ သို့မဟုတ် ခင်ဗျားသည်အထည် ဆိုင်တဆိုင်ကိုပိုင်က - ခင်ဗျား မြန်မြန်သေရမည်။ ဤသည်မှလွဲ၍ အခြားဘာမျှမရှိ။
ချက်လူမျိုး၊ ၎င်း၏ ကူဖော်လောင်ဖက် နဲရဂါ ဆိုသူမျာ သူ့ထက်ခေါင်းတ၀က်သာမျှ နိမ့်သည်။ ဤကား အရပ်အမောင်းနှင့် စပ်ဆိုင် သည်။ ထိုမှတပါး သူတို့နှစ်ဦးအကြားတွင် ကွဲပြားခြားနားမှု ဟူ၍မရှိချေ။
ဘဲမ်းဆိုသော ကျနော်တို့၏အရာရှိကား ငွေကို အငန်းမရတပ်မက်လှသည် မဟုတ်၊ လူသေများကိုလဲ မမက်မောလှ။ စာရင်းတွက် ၍ကြည့်လျှင်မူ ဤနေရာများတွင် အထက်ပါလူနှစ်ယောက်ထက် များစွာညံ့ဖျင်းလိမ့်မည် - မဟုတ်ပေ။ သူကား လူကြီးကြီးကျယ်ကျယ်တ ယောက် ဖြစ်လာလိုသောဆန္ဒနှင့် စွန့်စွန့်စားစားကျဲနေသော သူတယောက်ဖြစ်လေသည်။ သူလည်း ဂက်စတာပိုတွင် လုပ်သက်ရှည်လှပြီ ဖြစ်သည်။ နပိုလီယံရိပ်သာတွင် ပြုလုပ်ခဲ့သော ဘဲရန် ၏ လျှို့ဝှက်ဆွေးနွေးပွဲများတွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့သည်။ ဟစ်တလာကို ဘဲရန်က မပြောဘဲကျန်နေသော အချက်ဟူသ၍ ဘဲမ်းက ဖြည့်စွက်ပြောဆိုခဲ့လေသည်။ သို့သော် ဤကိစ္စမျိုးကား သေးနုပ်နေသေးသည်။ သူတပါးကို အမဲလိုက်သလို လိုက်၍ဖမ်းရခြင်း၊ ၎င်းတို့၏ သေရေးရှင်ရေးတည်းဟူသော ပြဿနာတွင် သက်ဦးဆံပိုင်ဖြစ်ရခြင်း၊ အိမ်ထောင် များ၏ကံကြမ္မာကို သူကသာ အဆုံးအဖြတ်ပေးရခြင်း၊ ဤသို့သော ကိစ္စများသာလျှင် ကျေနပ်ဖွယ်ရာ ကောင်းလေသည်။
ဘဲရန် - ရူးဒေါလ်ဖ်၊ ဘဲရန်။ ဖောက်ပြန်သော ချက်ဓနရှင်များ၏ကိုယ်စားလည်။ အမျိုးသားသစ္စာဖောက်။ ဂျာမန်များဝင်ရောက်အုပ်စိုးစက ရုပ်သေးအစိုးရ ၀န်ကြီးချုပ်အဖြစ် တိုင်းပြည်အကျိုးယုတ်စေခဲ့သည်။
သူ၏ စိတ်ကျေနပ်မှုရရန်အတွက် နေရာတကာတွင် မချိမဆန့်ဇာတ်သိမ်းနေရန်မလိုပေ။ သို့သော် သူ့ဘက်က တနည်းနှင့်မဟုတ် တနည်းနည်းနှင့် လက်မထောင်နိုင်လျှင်၊ အခြေအနေများမှာ ထို့ထက်ပင် ပို၍ဆိုးဝါးသွားနိုင်သည်။ ဟဲရောစတရာတောစ် လိုသာ နာမည်ကြီး ရမည်ဆိုရင်၊ ဘာလဲဟဲ့ အလှ၊ ဘာလဲဟဲ့ အသက်။
ဟဲရောစတရာတောစ် - ရှေးဟောင်းဂရိပြည်တွင်၊ ဟဲရောစတရာတောစ်ဆိုသူသည် နာမည်ကျော်ကြားလိုသောကြောင့် အလှပဆုံးဝတ်သော ၀တ်ကျောင်းကြီးတ ကျောင်းကို မီးတိုက်ဖျက်ဆီးခဲ့လေသည်။
သူအကွက်ရိုက်၍ ဖြန့်ချထားသောသူလျှိုစနစ်မှာ အကြီးကျယ်ဆုံးဖြစ်ကောင်းဖြစ်မည်။ သူကား အမဲလိုက်ခွေးတအုပ်ကြီးကိုသုံး သောမုဆိုးဖြစ်လေသည်။ တကယ်လဲ အမဲလိုက်လေသည်။ မကြာခဏလဲ အမဲလိုက်ရခြင်းအရာသာ သက်သက်ကြောင့်သာ လူများကိုလိုက် လံဖမ်းဆီးသည်။ သူ့အနေနှင့်ဆိုလျှင် အမှုစစ်ခြင်းဟူသည်ကား အများအားဖြင့် ငြီးငွေ့စရာကောင်းသော အလုပ်ကြီးတခုဖြစ်လေသည်။ သူ့အ တွက် အရေးကြီးသည်ကား လူများကိုဖမ်းချုပ်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်လျှင် သူ၏ ရှေ့သို့လူအမြောက်အမြား ရောက်လာကြမည်၊ သူ၏ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေကြပုံကို မြင်ရသည်။ တခါက သူသည်ပရာဟာမြို့ရှိ ဓာတ်ရထား၊ ဘတ်စ်ကားနှင့် တရော်လီဘတ်စ်ကား များမှ ဒရိုင်ဘာနှင့်စပယ်ယာပေါင်းနှစ်ရာခန့်ကို ဖမ်းဆီးခဲ့သည်။ လိုင်းများတလျှောက်လိုက်လံ ဖမ်းဆီးသဖြင့်၊ ယာဉ်များလဲရပ်တန့်ကာ လူများ လဲကျီးလန့်စာစား ဖြစ်ခဲ့သည်။ ထိုအခါတုန်းက၊ သူသည်အထူးပျော်ရွှင်၍နေလေသည်။ ၎င်းနောက်ဖမ်းထားသော လူများအနက်မှ လူတရာ့ ငါးဆယ်ကို လွှတ်ပစ်လိုက်ကာ၊ အိမ်ထောင်ပေါင်း တရာ့ငါးဆယ်တွင် သူ့အား သူတော်ကောင်းကြီးအဖြစ် ပြောဆိုနေကြတော့မည် ဟူ၍လည်း ကျေနပ် နေပြန်သည်။
“ငါ့အမှုတွေထဲမှာ မင်းကိစ္စဟာအကြီးဆုံးပဲ” သူသည်ကျနော့်အား မကြာခဏ၊ ပွင့်ပွင့်လင်းလင်းကြီးပြောလေ့ရှိသည်။ ကျနော့်ကိစ္စ ကို အမှုရှိသမျှအ နက်အကြီးဆုံးဟူ၍ အထက်မှစာရင်းသွင်းလိုက်ကြသောအခါ သူ့အနေနှင့်သွေးကြွသွားခဲ့လေသည်။ ဤအကြောင်းကြောင့် ပင် ကျနော့်အနေနှင့် သက်ဆိုးရှည်နေရသည် ဖြစ်ကောင်း ဖြစ်ပေမည်။
သူနှင့်ကျနော်သည် တယောက်နှင့်တယောက် ကြိုးစားပမ်းစား မနားမနေလိမ်ကြသည်။ အသားလွတ်တော့ မလုပ်ကြ။ သူလိမ် သမျှကို ကျနော်အ ကုန်သိသည်။ ကျနော်လိမ်နေသမျှကိုကား သူကတခါတလေမျှသာ ရိပ်မိသည်။ သို့သော်လည်ဆယ်နေသော အချက် တချက်ထင်ရှား၍လာသောအခါ၌လဲ ကျနော်တို့သည် တိုင်ပင်မထားသော သဘောတူညီချက်အရ ကိစ္စကိုကျော်၍သာသွားကြသည်။ ကျနော့် အထင်ကို ပြောရမည်ဆိုလျှင်သူသည် အမှန်ကိုပေါ်လာအောင် စစ်ဆေးရမည်ထက် “သူ၏အမှုကြီး” ပေါ်တွင် အစွန်းအထင်းကလေး တ ပြောက်မျှတင်မသွားရန် ပို၍စိတ်ဝင်စားပုံ ပေါ်လေသည်။
ကြိမ်လုံးနှင့် သံဒုတ်တို့မှာ အမှုစစ်ဆေးရာ၌ အသုံးပြုရမည့်တခုတည်းသော နည်းလမ်းများဖြစ်သည်ဟု သူကမယူဆပေ။ သူသည် “မိမိ၏” လူတ ယောက်အပေါ် မည်သို့တန်ဘိုးဖြတ်သနည်း၊ တန်ဘိုးဖြတ်သည့်အတိုင်းလဲ ဖြောင်းဖျသည့်နေရာတွင် ဖြောင်းဖျသည်၊ ခြိမ်းခြောက်သည့်အခါ ခြိမ်းခြောက်သည်။ ဘယ်သောအခါကမျှ ကျနော့်ကိုနှိပ်စက်ညှဉ်းပမ်းခြင်းမပြုခဲ့ - အဖမ်းခံရသည့် ပထမညတုန်းကမူ သူပါကောင်းပါမည်။ သို့သော် လိုအပ်သည်ဟု ယူဆလာသောအခါ၌မူ ကျနော့်အား အခြားတယောက်ယောက်ထံ ခေတ္တထုတ်၍ ချေးငှား တတ်လေသည်။
သူသည် အခြားသူများထက်ပို၍ စိတ်ဝင်စားဖွယ်ရာကောင်းသည်။ ဤအချက်ကိုကား ယုံမှားသံသယရှိစရာ မလိုပေ။ အခြား သူများထက်လဲ ပို၍စိတ် ကူးစိတ်သန်း ကြွယ်ဝသည်။ ကြွယ်ဝသလိုလဲ အသုံးချတတ်သည်။ တခါသော် လူတယောက်အား ထောင်ဖမ်းရန်ဟု လုပ်ဇာတ်ခင်းကာ၊ သူနှင့်ကျနော် ဘရားညစ် အရပ်သို့သွားကြသည်။ နောင်တွင်လဲ ကျနော်တို့သည် ထိုနေရာသို့မကြာခဏသွားကြ၍ ဘီယာ ဆိုင်တဆိုင်၏ ခြံဝင်းထဲတွင်ထိုင်ကာ ဘေးပတ်လည်မှ အမြှင်မ ပြတ်သွားလာနေကြသော လူများကိုကြည့်နေတတ်ကြသည်။
- မင်းကို ငါတို့ကဖမ်းချုပ်လိုက်တယ် - သူသည် လူများကိုကြည့်ယင်း ဤသို့ဆန်းစစ်ပြလေသည် - ဒါပေမဲ့ ကြည့်စမ်း ဘာတွေများ ပြောင်းလဲသွားသ လဲ။ လူတွေဟာအရင်ကလိုပဲ သွားကြလာကြ ရယ်ကြ မောကြ။ အယင်ကလိုပဲ ကိုယ့်သဘောနဲ့ကိုယ်လဲရှိရဲ့။ လောကကြီး ဟာ ဆက်ပြီးရွေ့လျှားနေလိုက်တာ၊ မင်းလိုလူမျိုးတယောက် ကမ္ဘာပေါ်ကိုမရောက်ခဲ့ဘူးသလိုပဲ။ ဒီလူတွေကြားထဲမှာ မင်းရဲ့စာဖတ်ပရိတ် သတ်တချို့တောင် ပါမှာပဲ - မင်းအတွက်ကြောင့် ဒီလူတွေမှာ ပါးရည်ကလေးတချက်ပိုပြီးတွန့်သွားတယ် ထင်သလား။
တခါတွင်လဲ တနေ့လုံးစစ်ဆေးမေးမြန်းနေခဲ့ပြီးနောက်၊ ကျနော့်အားကားတစင်းပေါ်သို့တင်ကာ ပရာဟာ၏ညနေခင်းကိုဖြတ်လျက် နဲရုဒါလမ်း အ ထက် ဟရဒ်ချန်နီ သို့အရောက်မောင်းနှင်ခေါ်ဆောင်သွားပါသည်။
- မင်း ပရာဟာကိုချစ်တယ်ဆိုတာ ငါသိပါတယ်။ ကြည့်စမ်း ဒီမြို့ထဲကို တခါတလေတော့ ပြန်မသွားချင်ဘူးလား၊ ဘယ့်လောက် လှတဲ့မြို့လဲ။ လှတာမှ မင်းမရှိပြီးတဲ့နောက်တောင်မှ ဒီမြို့ဟာ လှမြဲလှနေမှာ ...
သူသည် အကုသိုလ်ဘက်သို့ဆွဲသော နတ်မိစ္ဆာ၏အခန်းကို ကောင်းစွာကပြတတ်သည်။ နွေရာသီ၏ညနေခင်းသည် ဆောင်းဦး ရာသီ၏ ရှေ့တော်ပြေး အငွေ့အသက်များဖြင့် မြို့တော်ကိုပက်ဖြန်းထားသည်။ မြို့တော်မှာ မှည့်နေသောသပျစ်ညိုသီးကဲ့သို့ ပြာလဲ့လဲ့အရောင် ဖြင့် မှိုင်းနေသည်။ အရက်ကဲ့သို့ ယစ်မူးစေသည်။ ကျနော်ကား ထိုအလှများကို ကမ္ဘာဆုံးသည့်အထိ ငေးကြည့်နေလိုလှသော်လည်း ... သူက စကားကို ကြားကဖြတ်၍ ပြောလိုက်သည်။
- ခင်ဗျားတို့မရှိတော့တဲ့နောက်ဆို၊ ဒီထက်တောင်ပိုပြီးလှလာလိမ့်အုံးမယ်။
သူက တချက်မျှရယ်လိုက်လေသည်။ အဆိုးသဘောနှင့်ရယ်သည်ကား မဟုတ် စိတ်မချမ်းသာသည့်အနေနှင့်ဖြစ်လေသည်။ ထို့နောက်
- မင်းက အပျက်ကချည်း လိုက်ကြည့်နေတဲ့အကောင်ပဲ။
ဟု ပြောလေသည်။
သူသည် ထိုညနေခင်းသို့ မကြာမကြာ ပြန်၍လှည့်လာတတ်သည်။
- ဒို့ဒီမှာ မရှိတော့တဲ့နောက် ... ဟုတ်လား ... ဒီလိုဆိုရင် ဒို့နိုင်မယ်ဆိုတာ မင်းမယုံဘူးပေါ့။
သူက ဤကဲ့သို့မေးသည်။ သူကိုယ်တိုင်လဲ မယုံတော့သောကြောင့် ဤသို့မေးခြင်း ဖြစ်လေသည်။ နောက် ကျနော်က ဆိုဗီယက် ယူနီယံ၏ အင်အား၊ ဆိုဗီယက်ယူနီယံကို မည်သူကမျှ မချေမှုန်းနိုင်ပုံ စသည်တို့ကိုပြောပြသောအခါ သူသည် အာရုံစိုက်၍နားထောင်နေခဲ့ သည်။ စကားစပ်မိ၍ပြောရဦးမည်။ ဤသည် ကား ကျနော်၏ နောက်ဆုံး “အစစ်ခံချက်” တချို့တ၀က်ပင် ဖြစ်လေသည်။
- ချက် ကွန်မြူနစ်တယောက်ကို သတ်တိုင်း သတ်တိုင်း၊ ခင်ဗျားတို့ဟာ ဂျာမန်လူမျိုးရဲ့ မျှော်လင့်ချက်တစိတ်တပိုင်းကို သုတ်သင် ပစ်နေကြတာပဲ ဟု ကျနော်ကသူ့အား ပြောပြခဲ့ပါသည် - ဂျာမန်လူမျိုးရဲ့ရှေ့ရေးကို ကယ်တင်နိုင်တာ ကွန်မြူနစ်ဝါဒ တခုတည်းပဲရှိတယ်။
သူသည် ဖြစ်ချင်ရာဖြစ်ပစေ ဟူသော အမူအရာဖြင့် လေကိုလက်နှင့် ရိုက်ပြပါသည်။
- ဒို့ ရှုံးမယ်ဆိုရင်တော့ ဒို့ကိုဒီဝါဒက ကယ်တင်နိုင်မှာ မဟုတ်ပါဘူးကွာ - ဟု ပြောယင်း အိတ်ထဲမှ ပစ္စတိုကိုထုတ်၍ ပြပါသည် - မြင်လား၊ နောက် ဆုံး ကျည်ဆံသုံးတောင့်ကို ကိုယ့်အတွက်ကိုယ်ချန်ထားတယ်။
... သို့သော် ဤသည်ကား ရုပ်တုကလေးတခုကိုသာ ကိုယ်စားပြနေခြင်း မဟုတ်တော့။ ဤသည်ကား အရွယ်နှောင်း၍ ဟောင်းနေ ပြီဖြစ်သော ခေတ်တခုကို သရုပ်ဖော်ခြင်း ဖြစ်လေသည်။
(ပခုံးသိုင်းကြိုးတစုံ - ကြားဖြတ်တူရိယာသံ)
မျက်နှာချင်းဆိုင် အကျဉ်းခန်း၏ တံခါးဘေးတွင် ပခုံးသိုင်းကြိုးတစုံ ချိတ်ဆွဲထားသည်။ ယောက်ျားဘောင်းဘီများကို ထိန်းသည့် သာမန်ပခုံးသိုင်းကြိုး တစုံမျှသာ ဖြစ်သည်။ ကျနော် ဘယ်တုန်းကမျှမနှစ်သက်ခဲ့ဘူးသည့် ပစ္စည်းတခုဖြစ်သည်။ ယခုသော် ကျနော်တို့၏ အကျဉ်းခန်းတံခါးကို ဖွင့်လိုက်ကြတိုင်း အဆိုပါပစ္စည်းကို ၀မ်းမြောက်စွာ ကြည့်မိသည်။ ထိုပခုံးသိုင်းကြိုးများတွင် မြှော်လင့်ချက်ကလေး တပိုင်းတစမျှ မြင်တွေ့နေမိပါသည်။
ခင်ဗျားအား ဖမ်းဆီးသည့်အခါတွင် သူတို့သည် ခင်ဗျားအားသေသည့်အထိ ရိုက်ကောင်းရိုက်ကြမည်။ သို့သော် ခင်ဗျားဖာသာ ခင်ဗျား ကြိုးဆွဲချ၍ မသေနိုင် ရှေးဦးပထမတွင်ခင်ဗျား၏ ကော်လာစည်း၊ ခါးပတ်၊ သို့မဟုတ် ပုခုံးသိုင်းကြိုးများကို ယူသွားကြသည်။ (အိပ်ရာ ခင်းကို သုံးမည်ဆိုလျှင်ကား လှလှကြီး ကြိုးဆွဲချသေနိုင်သည်။) ၎င်းနောက် ဤမျှအန္တရာယ်ကြီးလှသော သေမင်း၏လက်သုံးကိရိယာများကို ထောင်တွင်းရုံးခန်း၌ သိမ်းထားကြသည်။ နောက် ဂက်စတာပိုရှိ ခင်ဗျားမသိသော ကံကြမ္မာတခုက ခင်ဗျားအား အလုပ်ကြမ်းလုပ်ရန်ဖြစ်စေ၊ ထောင်စခန်းတခုခုသို့ဖြစ်စေ၊ သို့မဟုတ် ကြိုးစင်ပေါ်သို့ဖြစ်စေ၊ တနေနေရာသို့ ပို့ရမည်ဟု ဆုံးဖြတ်သောအခါကျမှ ခင်ဗျားအား ခေါ်ကာ ထိုပစ္စည်းများကိုတခန်းတနားပြန်လည် ပေးအပ်ကြလေသည်။ သို့သော် အကျဉ်းခန်းအတွင်းသို့ကား ပြန်လည်ယူသွားခွင့်မပြု။ အပြင်ဘက် တံခါး၏ ဘေးတွင်ဖြစ်စေ၊ တံခါး၏ရှေ့မှ သံတန်းတွင်ဖြစ်စေ ချိတ်ထားရသည်။ အမိန့်ကျသောအချိန်မှစ၍ တကယ်ပင် ထွက်ခွာသွားရသော အချိန်အထိ ထိုနေရာတွင် တွဲလွဲခိုနေကြရသည်။ ထိုသို့သော ပစ္စည်းများကား အကျဉ်းခန်းအတွင်းမှ တစုံတယောက်သောသူသည် မသွားလို သောလမ်းသို့ ခရီးထွက်ရန် အသင့်ဖြစ်နေရပြီဟူသော အထိမ်းအမှတ်ပင်ဖြစ်သတည်း။
ဂုစတီနာ၏ ကံကြမ္မအကြောင်းကို ကြားရသောနေ့၌ပင် ပခုံးသိုင်းကြိုးတစုံသည် ကျနော်တို့နှင့်မျက်နှာချင်းဆိုင် အကျဉ်းခန်းရှေ့ တွင် ပေါ်ပေါက်လာသည်။ မျက်နှာချင်းဆိုင်အကျဉ်းခန်းမှ မိတ်ဆွေတယောက်သည် သူမနှင့်တသုတ်တည်း အလုပ်ကြမ်းလုပ်ရာသို့ ထွက်ခွာ သွားရမည်ဖြစ်သည်။ ထိုလူသိုက်ကား ယခုထက်ထိ ခရီးမထွက်ရသေး။ ဗြုံးကနဲရက်ရွေ့လိုက်ကြသည်။ သူတို့သွားရမည့်အလုပ်ရုံမှာ ဗုံးကြဲ ခံရသဖြင့် ပျက်စီးကုန်သည်ဟု ကြားရသည်။ (ဤသည်ကား တွက်ကိန်းကိုက်သော အဖြစ်အပျက်တရပ်။) မည်သည့်အချိန်တွင် ခရီးထွက်ရ မည်ကို မည်သူမျှမသိ။ ယနေ့ညနေ သို့မဟုတ် မနက်ဖြန်၊ နောက်အပတ် သို့မဟုတ် ဆယ့်လေးရက်အကြာတွင် သွားကောင်းသွားကြရမည်။ ပခုံးသိုင်းကြိုးများကား တွဲလောင်းခိုမြဲခိုနေကြလေသည်။ သို့နှင့်ကျနော်လည်း သိနေရသည်။ ထိုပစ္စည်းကို မြင်နေရသမျှကာလပတ်လုံး ဂုစတီနာတယောက်ဖြင့် ပရာဟာမြို့တွင် ရှိနေပေလိမ့်ဦးမည်။ ထို့ကြောင့် ထိုပုခုံးသိုင်းကြိုးများသည် သူ့အားကူညီနေသာ ပုဂ္ဂိုလ် တယောက် ဖြစ်ဘိသည့်အလား ၎င်းတို့အား ၀မ်းသာမြတ်နိုးစွာ ကြည့်ရှုနေခဲ့ပါသည်။ သူ့အနေနှင့် တရက်မျှ အချိန်ရလာမည်၊ နှစ်ရက် ... သုံးရက် ... ဒီအ ချိန်ဟာ ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ။ ဒီလိုရလိုက်တဲ့ ရက်ကလေးတရက်ကပဲ သူ့အသက်ကိုကယ်ဆယ် ကောင်း ကယ်ဆယ်မိမှာ ...
ကျနော်တို့အားလုံးသည် ဤသို့သာ နေထိုင်ခဲ့ကြသည်။ ယနေ့လဲ ဤသို့ပင် နေကြသည်။ ယခင်လ၊ ယခင်နှစ်ကလဲ ဤသို့ပင်။ မြှော်လင့်ချက်တည်ရှိ ရာ မနက်ဖြန်သို့ အမြဲတန်းမျက်နှာမူနေကြသည်။ ခင်ဗျား၏ ကံကြမ္မာကိုကား ချိတ်တံဆိပ်ခပ်နှိပ်လိုက်ပြီ။ ခင်ဗျားအား သဘက်ခါတွင် သေနတ်နှင့်ပစ်သတ်ရန် ဆုံးဖြတ်လိုက်ကြပြီ - အမယ် ဒါပေမဲ့ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်ပါ့မလဲ။ နက်ဖြန် ခါအထိသာ အသက်ရှင်နေဦးမည်ဆိုလျှင် ... နက်ဖြန်ကျလျှင် အစစအရာရာ ပြောင်းလဲသွားနိုင်သည်။ အစစအရာရာကား မခိုင်မကျည်ရှိ လှစွာသည်။ မှန်သည်၊ နက်ဖြန်ဘာဖြစ်မည်ကို မည်သူသိသနည်း။ သို့နှင့် နက်ဖြန်ပေါင်း များစွာလဲ ရွေ့လျားသွားသည်။ ထောင်ပေါင်းများစွာ သော လူတို့အတွက်ကား မနက်ဖြန်ဟူ၍မရှိတော့။ သို့ရာတွင် ဆက်လက်၍ နေထိုင်နေကြသည် - နက်ဖြန်ခါ၊ နက်ဖြန်ခါ ဘာဖြစ်တော့မယ် ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။
ဤသို့သော တွက်ကိန်းမျိုးမှ အကြောင်ဆုံးသော ကောလာဟလသတင်းများ ပေါက်ဖွားလာခဲ့သည်။ အပတ်တိုင်း အပတ်တိုင်း ဘယ်တော့စစ်ပြီး တော့မည်ဟူသော နှင်းဆီရောင်သတင်းများပေါ်လာတတ်သည်။ ထိုသတင်းများကို လူတိုင်းသည်ပါးစပ်ကို နားနှစ်ဘက် ထိလုနီးနီးဖြဲရင်း အငန်းမရနားထောင်လေ့ ရှိကြသည်။ အပတ်တိုင်း အပတ်တိုင်း ပန်းကရာ့စ်ထောင်သည် ထူးခြားသော ၀မ်းသာစရာသတင်း တရပ်ကို တိုးတိုးကလေး ဖွင့်ပြောတတ်သည်။ ထိုသတင်းမျိုးကို လူတိုင်းကပင် အားတက်သရောလက်ခံလိုကြသည်။ ခင်ဗျားက ဤကိစ္စမျိုးကို တွန်းလှန်တိုက်ခိုက်သည်။ လွဲမှားသော မြှော်လင့်ချက်များကို ခင်ဗျားကတိုက်ဖျက်သည်။ ဤကိစ္စမျိုးကား လူ၏စရိုက်ကို မကြံ့ခိုင်စေသည် သာမက ပျော့ညံ့စေသည်။ အဆုံးသတ်၌ အစစအရာရာသည် ချောချောမောမော ဖြစ်သွားလိမ့်မည်ဟူသော သဘောထားကို လိမ်လည်ချက် ဖြင့် အစာခွန့်ရန် လိုလဲမလို၊ သင့်လဲမသင့်။ ထိုအကောင်းမျှော် စိတ်ဓာတ်သဘောထားကို အမှန်စကားဖြင့်လည်းကောင်း၊ မြေကြီး လက်ခတ် မလွဲ ရရှိမည့်အောင်ပွဲကို ပြတ်ပြတ်သားသား မြင်တတ်ခြင်းဖြင့်လည်းကောင်း၊ ယင်းသို့သာ အားဖြည့်ထားရပေမည် - သို့သော်လည်း အခြေခံ သဘာဝကား ခင်ဗျား၏ ကိုယ်တွင်း၌လည်း ရှိနေသည်။ သည်ရက်ကလေး တရက်သည်ပင် အဆုံးအဖြတ်ပေးမည့်နေ့ ဖြစ်နိုင်သည်။ ခင်ဗျား အချိန်ရလိုက်သော ရက်ကလေးတရက်သည်ပင် ခင်ဗျားအား ခြိမ်းချောက်နေသော သေဘေး၏နယ်စပ်မှ ခင်ဗျားမစွန့်လွှတ်လိုသော ဘ၀၏ နယ်တွင်းသို့ ဖြတ်ကူးမိရန်ကူညီကောင်း ကူညီနိုင်လိမ့်မည်။
လူတို့၏တသက်တာတွင် ရက်ပေါင်းနည်းပါးလှစွာသည်။ သို့စဉ်လျက် ခင်ဗျားသည်ထိုရက်များကို လျင်မြန်စွာရွေ့လျားသွား စေလို သည်။ ပို၍မြန်လေ၊ အတတ်နိုင်ဆုံးမြန်လေလေ၊ ခင်ဗျားအနေနှင့်ပို၍နှစ်သက်သည်။ အချိန်ကား ဖမ်း၍မရ၊ ပြေး၍နေသည်။ ခင်ဗျား၏ သွေး ကြောများမှ မရပ်မဆိုင်းဘဲ တစိမ့်စိမ့်ယို ထွက်နေသောအချိန်ကား ခင်ဗျား၏မိတ်ဆွေပင် ဖြစ်လေသည်။ အံ့ဘွယ်ကောင်းလေစွ။
နက်ဖြန်သည် ယမန်နေ့ဖြစ်သွားသည်။ သဘက်ခါသည် ယနေ့ဖြစ်လာသည်။ ဤသည်လည်း လွန်ခဲ့ပြန်လေပြီ။
မျက်နှာချင်းဆိုင် အကျဉ်းခန်းတံခါးဘေးမှ ပခုံးသိုင်းကြိုးများကား တွဲလွဲခိုမြဲခိုနေကြလေသည်။
Posted by
HinLinPyin
at
04:17
0
comments
Saturday, 16 February 2008
Friday, 15 February 2008
Thursday, 14 February 2008
ပဒိုမန်းရှာ သို့.... ကြေကွဲအမှတ်တရရုပ်ပုံလွှာ
၁၄ ဖေဖော်ဝါရီလ ၂၀၀၈ ခုနှစ်
ကရင့်အမျိုးသား လွတ်မြောက်မှု
တိုက်ပွဲဝင် အိပ်မက်တခုဆုံးရှုံးခြင်း။
Posted by
HinLinPyin
at
07:29
0
comments