Thursday 31 July 2008

ကမ္ဘာလောကရဲ့ သမီး


(ဌေးအောင်)

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

အပြည့်အစုံသို့...

သမီးလေးအတွက် အမှတ်တရ

(ဌေးအောင်)

တနေ့ တနေ့နဲ့
ဒီနေ့ကို ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင် နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ်သမီး။

သမီးရဲ့အမေကတော့
အစိမ်းမှာ အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ အသာအယာပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။

ဒီအချိန်ဆိုရင် ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော် ...
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက် လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓါတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။


ကာတွန်းစာအုပ်လေးတွေကလည်း
သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင် နားထောင်တတ်တဲ့သမီးကို
သတိရနေမှာပါ။

တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
မမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။

သမီးလေးရယ်...
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်။

အပြည့်အစုံသို့...

သမီးလေးအတွက် အမှတ်တရ

(ဌေးအောင်)

တနေ့ တနေ့နဲ့
ဒီနေ့ကို ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင် နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ်သမီး။

သမီးရဲ့အမေကတော့
အစိမ်းမှာ အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ အသာအယာပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။

ဒီအချိန်ဆိုရင် ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော် ...
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက် လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓါတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။


ကာတွန်းစာအုပ်လေးတွေကလည်း
သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင် နားထောင်တတ်တဲ့သမီးကို
သတိရနေမှာပါ။

တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
မမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။

သမီးလေးရယ်...
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်။

အပြည့်အစုံသို့...

Monday 28 July 2008

ရှစ်လေးလုံးအမွေတွေကို ကာကွယ်ကြရမယ်

ရဲဘော်ဖိုးသံချောင်း
http://www.khitpyaing.org ...မှ...


နအဖရဲ့လမ်းပြမြေပုံဟာ (၇) ချက်လို့ ဆိုပေမယ့် ရေးမထားတဲ့ အချက်တချက်ရှိနေတာကို သတိ ထားမိကြသလား မသိပါ။ အဲဒါက တခြားမဟုတ်ပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဇီဝိန်ချုပ်စေ ရေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ လက်ရာမပေါ်ဘဲ ဇီဝိန်ချုပ်စေရေး ဖြစ်ပါတယ်။

သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက “နိုင်ငံရေးပါတီများ” ဆိုတဲ့ အခန်းမှာ နိုင်ငံရေးပါတီတွေကို အချိန်မရွေး အရေးယူ ဖျက်သိမ်းနိုင်အောင် အချက်အလက်တွေ ဖန်တီးထားပါတယ်။ အဲဒီမှာပါတဲ့ အင်မတန်ေ၀၀ါးတဲ့ စာပိုဒ်တွေက နိုင်ငံရေးပါတီတွေကို တောက်လျှောက် ခြိမ်းခြောက်နေမှာ မလွဲ ပါဘူး။ ဥပမာပြရရင် “စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးရမည်” ဆိုတာမျိုး ဖြစ်ပါတယ်။ တကယ်က နိုင်ငံတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံရေးပါတီများရယ်လို့ တခန်းပါနေတာကိုက အတော့်ကို ဆန်းနေတာပါ။ နောက်ပြီး အဲဒီအခန်းမှာပဲ နိုင်ငံရေးပါတီတွေဟာ “(က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်။ (ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်” လို့ ရေးထားပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ ဒါပဲလုပ်နိုင်သလားလို့ မေးစရာဖြစ်လာပါတယ်။

ကိုယ်ယုံတာကို ဟောပြောဝါဒဖြန့်ခွင့် မရှိဘူးလား။ သတင်းစာ၊ ဂျာနယ် ထုတ်ပိုင်ခွင့် မရှိဘူးလား။ လှည့်လည်ဆန္ဒပြဖို့ စည်းရုံးလှုပ်ရှားခွင့် မရှိဘူးလား။ မေးစရာတွေ အများကြီးဖြစ်နေပါတယ်။ နအဖ လိုလားတဲ့ ပါတီအဖွဲ့အစည်းဆိုတာ တစညလို “စစ်သားကဲ့သို့ စည်းကမ်းရှိ၍ စစ်သားကဲ့သို့ နာခံ” တဲ့ ပါတီမျိုးသာ ဖြစ်ပါတယ်။

ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်နေတာတွေဟာ သူတို့ ဖွဲ့စည်းပုံဥပဒေနဲ့ မညီညွတ်ဘူးလို့ အချိန်မရွေး အပြစ်ရှာနိုင်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးပိတ် ပင်ဖို့ တိုက်ရိုက်ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံတော်အကြီးအကဲဆိုတဲ့ အခန်းလိုဟာကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကလေးဆန်လိုက်လေလို့သာ မှတ်ချက်ချရမယ့်ဟာမျိုးပါ။

တလောကတော့ နအဖဟာ ပါတီအဖွဲ့အစည်းတွေ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မှတ်ပုံတင်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေအကြောင်း ဘာမှမပြောပါဘူး။ အရင်လိုပဲ မှတ်ပုံတင်တဲ့ပါတီဟာ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရမယ်၊ မ၀င်ရင် မှတ်ပုံတင် ခွင့် မပေးဘူးဆိုရင် ဒီချုပ်ဟာ ချောက်ကျတော့မှာပါ။ ဒီထုတ်ပြန်ချက်ဟာ ဒီချုပ်ကို တိုက်ရိုက် ဦးတည်တာပဲလို့ဆိုရင် မမှားဘူး ထင်ပါတယ်။ သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်ရတဲ့ “အမျိုးသား ညီလာခံ” မှာ ဒီချုပ်ကို ပြန်ဝင်ခိုင်းလို့ မရတဲ့နောက်မှာ သူတို့အမိန့်ပေးသမျှ ခေါင်းညိတ်ရမယ့် လွှတ်တော်ထဲကို ၀င်ဖို့ ထောင်ခြောက်ဆင်တာ ဖြစ်တယ်ဆိုတာ အင်မတန်မှ မြင်သာပါတယ်။ ဒီချုပ်ကို ရှေ့တိုးလည်း လှည်းတုတ်၊ နောက်ဆုတ်လည်း ထမ်းပိုးဖြစ်အောင် လုပ်ထားတာပါပဲ။

ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တခု ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ပေါက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်မလာ နိုင်ပါဘူး။ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း နိုင်ငံရေး နယ်ပယ်ရဲ့ ရှေ့တန်းကို ရောက်လာ ချင်မှ ရောက်လာမှာပါ။ အခု သေချာပြန်ကြည့်လိုက်တော့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အရေးပါတဲ့ အောင်ပွင့်-အမွေဆိုလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုသာ ကျန်ပါတော့တယ်။ ဒါကြောင့် နအဖ ဘက်က ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းလိုက်နိုင်မယ်ဆိုရင် ရှစ်လေးလုံးရဲ့ အမွေနဲ့ အစဉ်အလာတွေကို တစမကျန် ဖျက်သိမ်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သူတို့စစ်အုပ်စု အဆက်ဆက်အတွက် လက်စားချေလိုက်နိုင်ရာကျသလို သူတို့ရှေ့ရေးအတွက် အကြီးမားဆုံး အနှောင့်အယှက် အတားအဆီးကိုလည်း ဖယ်ရှားလိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

တဆက်တည်းမှာ နအဖဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဘေးထွက်ပစ္စည်းလို့ဆိုရမယ့် ငြိမ်းအဖွဲ့ တွေကို ဖျက်သိမ်းတာလည်း ဆက်လုပ်သွားပါလိမ့်မယ်။ ရှေ့နဲ့ နောက်ပဲကွာမှာပါ။ ဒီနေရာမှာလည်း အတတ်နိုင်ဆုံး လက်သယ်မပေါ်ဘဲ ဘ၀ပြောင်းအောင် လုပ်မှာ သေချာပါတယ်။

စစ်အစိုးရဟာ စစ်တိုက်သလိုပဲ ရန်သူကို အချိန်ဆွဲပြီး ပြုန်းတီးစေတဲ့နောက် ကိုယ့်ဘက်က ပိုင် လောက်ပြီဆိုတော့မှ ရန်သူကို အပြတ်ချေမှုန်းတာ လုပ်မလို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် သူများကို ထိပ်တိုက်မတွေ့ နဲ့လို့ပြောပြီး နအဖက သူ့ ဆန့်ကျင်ဘက်မှန်သမျှကို ထိပ်တိုက်လိုက်တွေ့၊ စိမ်ခေါ်နေတာ ဖြစ်ပါတယ်။

ဒီနေ့ ဗမာပြည် နိုင်ငံရေးတိုက်ပွဲရဲ့ ဗဟိုချက်ဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့အမွေ၊ အကြွင်းအကျန် တွေကို အမြစ်ဖြုတ်ဖို့ လုပ်နေတာနဲ့ အဲဒါကို ပြန်တွန်းလှန်မှုတို့ရဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ နအဖအတွက်ရော၊ သူတို့ရဲ့လုပ်ရပ်ကို ဆန့်ကျင်နေသူတွေအတွက်ပါ အင်မတန်မှ အရေးပါပါတယ်။ ဘယ်သူ့ဘက်ကမှ အရှုံးမခံနိုင်ပါဘူး။ ရှုံးလိုက်ရင် သမိုင်းနဲ့ချီတဲ့ ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်။ အရင် ရရှိထားတာတွေ အကုန်ပြုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီချုပ်ဘက်က ရှုံးတာဟာ ရှစ်လေးလုံး အရေးတော်ပုံ ဘက်တော်သားတွေဘက်က ရှုံးတာဖြစ်မှာမို့ ဒီပဋိပက္ခမှာ ဒီချုပ်နဲ့အတူ တသားတည်း ရပ်တည်ကြဖို့လိုပါတယ်။ တချိန်တည်းမှာပြောဖို့လိုတာက ဒီချုပ် အတွက်ဆိုရင်လည်း အခုအချိန်မှာ ပြည်တွင်းက ပြည်သူလူထုမှတပါး တခြားဘယ်သူ့ကိုမှ မျှော်လင့်အားထားလို့မဖြစ်ပါဘူး။ ကျန်တာ အားလုံးဟာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါတယ်။

နအဖဟာ သူတို့လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတာကို သူများတွေ မသိ သိအောင် ဖော်ပြနေတာကို အားလုံးသတိပြုမိကြပါလိမ့်မယ်။ သူတို့ရဲ့မောက်မာမှု၊ သူတို့ရဲ့ရက်စက်မှုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်ရင် ရလိမ့်မယ်လို့ တွက်ထားကြပါတယ်။ တဘက်မှာလည်း သူတို့ဟာ ရွေးကောက်ပွဲဆိုတဲ့ ဖဲချပ်ကို ချကစားလိုက်ခြင်းအားဖြင့် အတိုက်အခံတွေထဲမှာ၊ ငြိမ်းအဖွဲ့တွေ ထဲမှာ၊ နောက်ပြီး တိုင်းရင်းသားတွေထဲမှာ အက်ကြောင်းတွေ ပေါ်စေချင်တဲ့ သဘောရှိပါတယ်။ ဒီလိုကစားလိုက်ရင် အင်အားနည်းသူတွေ၊ ရပ်တည်ချက် မခိုင်မာသူတွေ စိတ်လှုပ်ရှားတတ်တယ် ဆိုတာကို သူတို့သိပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ကာလတခုမှာ ဒီလိုအချင်းအရာတွေ တော် တော်များများကို နအဖက ဖန်တီးလာမယ့် သဘောရှိပါတယ်။ ဒီတော့ အခုအချိန်မှာ အချင်းချင်း သွေးကွဲအောင် လုပ်တာမှန်သမျှဟာ နအဖအကြိုက် လုပ်တယ်လို့ ပြောရပါမယ်။

တကယ်ကျတော့ နအဖရဲ့ ဖွဲ့စည်းပုံရော၊ ရွေးကောက်ပွဲရောဟာ ပြည်သူတွေအတွက် ဘာမှ အကျိုး မရှိရုံမက အဲဒါတွေ အောင်မြင်သွားလို့လည်း ပြည်သူတွေရဲ့ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ကို လျော့ နည်းစေမှာ မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာတွေဟာ အဲဒီ အာဏာရှင်တွေ နန်းကျရင် ပျောက်သွားတတ်တာပါပဲ။ ဗမာပြည်သမိုင်းမှာ ပေါ်ခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ နှစ်ခုစလုံးဟာ အာဏာသိမ်းသူတွေကြောင့် ရုတ်ချည်းပျောက်ကွယ်ခဲ့ရတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ တိုက်ပွဲကာလ ရှည်ကြာနေတာ၊ အခက်အခဲနဲ့ ပေးဆပ်ရမှုတွေ များလွန်းနေတာတို့ကို စိတ်မရှည်၊ တင်းမခံနိုင်သူတွေကိုတော့ ဒီနအဖရဲ့သဏ္ဍာန် အရ အောင်ပွဲတွေက တွေဝေ၊ တုံ့ဆိုင်းတာတွေ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။

ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရှစ်လေးလုံး အာဇာနည်တွေအပေါ် သစ္စာရှိသူတွေရဲ့ ပိုင်း ဖြတ်ချက်ကိုတော့ နည်းနည်းမှ နှဲ့နိုင်မှာ မဟုတ်ပါဘူး။ ။

အပြည့်အစုံသို့...

မိုး

တစိမ့်စိမ့်စွေ
ပြီးပြီးပျောက်ပျောက် အလွမ်းတွေမှ မဟုတ်တာ…။

ဒီလို …
ဖူးခဲ့ ပွင့်ခဲ့ဖို့
ခေတ်အဆက်ဆက် …
ပေးဆပ် ငွေ့ရည် ဖွဲ့ခဲ့ရတယ်ဆိုတာ …..။

သေချာတယ်
ဟိုး …လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က
ငါတို့ … ရိုးသားစွာတပ်မက်
လက်ချင်းယှက် သဲသဲမဲမဲ ရွာသွန်းခဲ့ပုံများ …။

ကမာပုလဲ
၂ ၀ ၀ ၈။
http://naytthit.com ..မှ..

အပြည့်အစုံသို့...

Sunday 27 July 2008

လ္ဘက်ရည်ဆိုင်က ချေဂွေဗားရား

(ခန့်အောင်)
http://naytthit.com .. မှ


ကျနော်နေတဲ့ လမ်းထိပ်မှာလူငယ်တစု လ္ဘက်ရည်ဆိုင်သစ်တဆိုင်ဖွင့်ကြတယ်။ တရက်တော့ လ္ဘက်ရည် သောက်ချင်တာလဲပါတယ် ဆိုင်သစ်ကိုလေ့လာချင်တာနဲ့ အဲဒီဆိုင်သစ်ဘက်ကိုရောက်ခဲ့တယ်။ ဆိုင်ရှေ့ ရောက်တော့ ဆိုင်းဘုတ်ကိုစတွေ့ရတယ်။ ဆိုင်နာမည်က“အတွေးသစ် ” တဲ့ ... စာလုံးဒီဇိုင်းကို ခိုင်ခိုင်နွဲ့နွဲ့ ဆက်စပ်မှု ရှိရှိ ရေးထားတယ်။

ဆိုင်ထဲဝင်လိုက်တယ် ဆိုရင်ပဲ အရင်ဆုံးစတွေ့ရတာက ဆိုင်နံရံအပေါ်ပိုင်းမှာ ချေဂွေးဗားရားပုံကြီးနှစ်ပုံပါ။ တပုံက သံပုရာခွံဦးထုပ်ဆောင်းပြီး မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးနဲ့ ဒီဇိုင်းလုပ် ထားတာတပုံ၊ နောက်တပုံက မျက်နှာကို နဲနဲမော့ပြီး ဆေးပြင်းလိပ်ခဲနေတဲ့ပုံ၊အဲဒီနှစ်ပုံကို ခန့်ခန့်ထယ်ထယ် ချိပ်ဆွဲထားတယ်။ ဆိုင်အတွင်းရဲ့ အလယ်နေရာ ဒေါင့်နေရာတွေမှာတော့ အရွက်အစိမ်းဖားဖားနဲ့ အဖြူအစက်အပြောက် တွေပါတဲ့ ဂမုံးပင်တွေကို ပန်းအိုးတွေနဲ့ စိုက်ပြီး နေရာချထားသေးတယ်။

ဆိုင်ထဲမှာ ထိုင်နေတဲ့လူငယ်တွေကတော့ သတင်းစာဖတ်သူနဲ့ အာကစားဂျာနယ် ဖတ်သူဖတ် ချက်စ်ထိုးတဲ့ သူကထိုး ဘောလုံးပွဲအကြောင်းပြောတဲ့သူကပြော စကားသံတွေရောထွေးနေတယ်။

ကျနော် လ္ဘက်ရည်သောက်ပြီး ခံတွင်းချဉ်လို့ ရေနွေးကြမ်းသောက်နေတုန်းမှာပဲ အသက် ၂၀ ၀န်ကျင် လောက်ရှိတဲ့လူငယ်တယောက် ဆိုင်ထဲကိုဝင်လာတယ်။ ရောက်ရောက်ချင်းပဲ စားပွဲထိုးကို လ္ဘက်ရည်မှာပြီး မထိုင်သေးပဲ နံရံကပုံတွေကိုလိုက်ကြည့်နေတယ်။ သူ့အကြည့်တွေက ချေဂွေးဗားရားပုံတွေဘက်ကို ရောက်သွားတယ်။ ပထမဆုံးသူစတွေ့တာက သံပုရာခွံဦးထုပ်ကို ဆောင်းထားတဲ့ ချေဂွေးဗားရားပုံ စတွေ့ပြီးသူပြောလိုက်တာက .... “ စောဘဦးကြီးပုံ မိုက်တယ် ” တဲ့ ...

သူ့အထင်နဲ့အမြင်ကတော့လွဲပြီ၊ ဒါပေမဲ့ ဆိုးဆိုးဝါးဝါးကြီးတော့မဟုတ်သေးဘူး၊ နဲနဲပြုံးနိုင်သေးတယ်။ စောဘဦးကြီး ကရင့်တော်လှန်ရေးခေါင်းဆောင်အဖြစ်နဲ့ တော်လှန်ရေးလုပ်နေတုန်းက ချေဂွေဗားရားလို ဒီဇိုင်းမျိုးပဲလေ။ ဒီလိုနဲ့ ချေဂွေဗားရား ဆေးပြင်းလိပ်ခဲနေတဲ့ဓါတ်ပုံကိုလဲမြင် လိုက်ရော “ ဟာ ... သီဟတင်စိုး ဆေးလိပ်သောက်နေတာ မိုက်တယ်ကွာ ” ဆိုပြီး အားရပါးရ ပြောချလိုက်ပါလေရော...

ဒီအချိန်မှာပဲ လ္ဘက်ရည်ဖျော်ခန်းထဲက ဖျော်ဆရာလေးက လှမ်းငေါ့လိုက်ပုံရတယ် ... “ အဲဒါ သီဟတင်စိုး မဟုတ်ဘူး ... ကွ ... အမီတာဘဂျမ်း .. မြဲမြဲမှတ်ထား ” ...

အပြည့်အစုံသို့...

Friday 18 July 2008

ဒုက္ခဟောင်းတို့ချုပ်ငြိမ်းရေးနိဂုံး…ဒုက္ခသစ်တို့ရင်ဆိုင်ရန်နိဒါန်း

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။

နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။


ရှေ့မီးနောက်မီးစုံဖွင့်ပြီးမောင်းလာတဲ့ ကားတန်းကြီးတွေကို မြင်ဖူးကြလား။
ဒါမှမဟုတ် လိုက်ပြီးစီးဖူးကြရဲ့လား….

ဒုက္ခသည်စခန်းအတွင်းသို့ဝင်စဉ်က ထိုသို့ မီးဖွင့်မောင်းသော ကားတန်းကြီးနှင့် စည်စည်ကားကားဝင်ဖို့အရေးတွင်
နံနက်ခင်းနေမထွက်ခင် မြို့ပိုင်ကွင်းဟုခေါ်သော အုပ်ချုပ်ရေးရုံးအတွင်းသို့ သွားကြရသည်။ အဲသည်မှာကတည်းက လူတန်းစား စပြီး ညီလာသည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ၊ စာရေးဆရာ အထီးဖြစ်ဖြစ်….အမဖြစ်ဖြစ်
ရုပ်ရှင်သရုပ်ဆောင်လည်းမကျန်စေရ…
နိုင်ငံ့ခေါင်းဆောင်လည်းပါချင်ပါ..ပဲပြုတ်သည်…စက်ရုံအလုပ်သမ…ဘာသာပေါင်းစုံဖြစ်ချင်ဖြစ်
အားလုံးအတူတကွ ထိုင်းစစ်သားတွေရှေ့မှာ ငုတ်တုပ်လေးတွေ ထိုင်ကြရသည်။

သည်ကြားထဲ ထိုင်းစစ်သားတယောက်ယောက်က တခုခုအတွက် ထ …ဟု အမိန့်ပေးခဲ့သောအခါ
ဒုက္ခသည်တွေက အလွန်ပင်ညီညွတ်သေ၀ပ်စွာ ထလိုက်ကြသည်။
ထိုင်းစကားကိုနားမလည်ကြသည့်တိုင် သူတို့လက်ထဲက နှင်တံ (တုတ်ချောင်း)ကို မြှောက်ပြလိုက်သည်နှင့်
ဒါ…မတ်တပ်ရပ်ခိုင်းတာ ဟု နားလည်ကြသည်။

အမိန့်ပေးသူက ပေးပြီးထွက်သွားသောအခါ မိုးတိုးမတ်တပ်ရပ်ကျန်ရစ်ခဲ့သူတွေကို နောက်စစ်သားတယောက်က
"ဘာဖြစ်လို့ရပ်တာလဲ။ ထိုင်..ထိုင်"… ဆိုပြီး ဒေါသတကြီးအော်ဟစ်ပြန်သည့်အခါ
တယောက်မျက်နှာတယောက်ကြည့်ကာ ထိုင်လိုက်ကြရပြန်သည်။

အဲဒါ ကိုယ့်အသုဘကိုယ်ပြန်ပြီးလိုက်ပို့နေရသလို ခံစားချက်ကိုဖြစ်ပေါ်စေတဲ့ခရီးစဉ်တခု၏နိဒါန်းဖြစ်သည်။

ကားတန်းရှည်ကြီးနှင့် ဒုက္ခသည်အမည်ခံ အသုဘခရီးကို
၂၀၀၆ ခုနှစ်။ စက်တင်ဘာ (၁၉) ရက်နေ့မှာ စတင်ထွက်ခွာပို့ဆောင်ခဲ့ကြသည်။

မီးဖွင့်မောင်းလာသော ကားတန်းပေါ်မှာလိုက်ပါရင်း မိနစ်ဝက်တခါလောက်မှာ ကွေ့ချိုးနေသည့် တောင်တက်လမ်းကြမ်းကြမ်းမှာ
နောက်ကလိုက်ပါနေကြသော ကားတန်းကြီးတွေကို လည်ပြန်ငေးရင်း ဆုံးရှုံးမှုများစွာကို ရင်နှင့်ရင်းပြီး ခံစားနေခဲ့ရသည်။
မြန်မာနိုင်ငံသားဖြစ်မှုသည်လည်းကောင်း…
မြန်မာနိုင်ငံသားတယောက်အနေနှင့် ပြောရေးဆိုခွင့်သည်လည်းကောင်း….
မြန်မာ့မြေနှင့် အနီးဆုံးမှာပင်ကုပ်ကပ်နေနိုင်ခွင့်သည်လည်းကောင်း…
လည်းကောင်းပေါင်းများစွာတို့ဖြင့်ထုံမွှမ်းထားသော ဒုက္ခသည်တို့သည်

တွန့်လိမ် တွန့်လိမ်သွားလာနေသော မြွေတကောင်နှင့်တူသည့် ကားတန်းကြီးသယ်ဆောင်နေသည့်အတိုင်းလိုက်ပါနေခဲ့ကြသည်။

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။

နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။

အားလုံး ဒုက္ခသည်အဖြစ်မှာ တူညီကုန်ကြသော်ငြားလည်း ဒုက္ခသည်အားလုံး၏ စိတ်အတွေးနှင့် ခံစားချက်ခြင်းတို့သည်လည်းကောာင်း၊
မျှော်လင့်ချက်နှင့် အနာဂတ်ပန်းတိုင်တို့သည်လည်းကောင်း တူလိမ့်မည်မထင်။

ထိုသို့ ကားတန်းကြီးနှင့် ပထမဦးဆုံးသော ကိုယ်တိုင်ပို့ခရီးစဉ်၏အဆုံးသတ်တွင် တခါးမရှိ…အကာအရံမလုံမခြုံသော တဲလေးတွေကစောင့်ကြိုနေသည်။
တအိမ်ကို လေးယောက်နှုန်းနေရမည်တဲ့။ တချို့အိမ်လေးတွေ နှစ်ယောက်ပင် အနိုင်နိုင်နေရသည့်အိမ်မည်ကာမတ္တလေးတွေဖြစ်သည်။

ဒုက္ခသည် အတုရော အစစ်ရော အားလုံးတပြေးညီ….
ဖက်မိုးထားသည့် ၀ါးခင်း။ ၀ါးကာ ၀ါးတိုင်နှင့်ဆောက်သောအိမ်မှာ နေပေတော့ အားလုံး အဆင့်တူ…အတန်းတူ….

ချစ်ခြင်းမှာ လူသည်အခါခါသေ၏….ဆိုတာ….
ကြောက်သောသူ နှစ်ခါသေ၏…ဆိုတာတွေကို မကြုံဖူးပါ။
ဒုက္ခသည်တယောက်ဖြစ်ဖို့တော့ ကိုယ့်အသုဘကိုယ် အခါခါပို့တတ်နေရပြီ။

၂၀၀၅ စက်တင်ဘာ (၁၉) ရက်နေ့ က ထိုသို့သော ခရီးစဉ်မျိုးကို ယခု ၂၀၀၈ ခုနှစ် ဧပြီလလောက်မှာ ပြန်စသည်။
သည်တခါတော့ ဒိုင်နာကားအသေးတွေနှင့်မဟုတ်။
အိုင်အိုအမ် (IOM- International Organization for Migration) က ကားပြာကြီးတွေနှင့်ဖြစ်သည်။

ကားက ဘေးခုံနှစ်ခုံသာ ပါသော်လည်း ဗမာများနှင့်အလုပ်တွဲလုပ်ကာ ဗမာ့နည်း ဗမာ့ဟန်နှင့် ရင်းနှီးကျွမ်းဝင်နေသော ထိုင်းနိုင်ငံသားများက
အလယ်တွင် ခုံတန်းတခု ထပ်ထိုးသည့်နည်းပညာကို ရထားကာ လူတွေကို အလယ်တန်းတတန်းထပ်ဖြည့်ပြီးတင်ကြသည်။

မြေပြန့်ခရီးတွင် ထိုသို့စီးရသည်က မထောင်းတာလှသော်လည်း မိနစ်ဝက်လျှင် တကြိမ်ကွေ့နေသော တောင်ဆင်း တောင်တက်ခရီးတွင်မူ
တခါတရံ ပက်လက်ပင်လန်ကာလဲကျတတ်သေးသည်။ ထိုသို့ ပုံဆိုးပန်းဆိုးလဲမကျစေရေးအတွက် ခြေကိုတောင့်ကာကန်ထားရသည့်
တနေ့တာခရီးအဆုံးတွင် တကိုယ်လုံးကိုင်အရိုက်ခံထားရသလို နာကျင်နေကြတော့သည်။

မဲဆောက်နှင့် ဒုက္ခသည်စခန်း အပြန်အလှန်သွားရသောခရီးသည် ဆေးစစ်ချက်အောင်မအောင်နှင့်သက်ဆိုင်သည်။
ဆေးကျပါက ထိုခရီးကို နောက်တကျော့ပြန်ကာသွားရပေမည်။ သည်တော့ လူတွေ ရူုးကုန်သည်။

အဓိကဆေးကျရသည့်အကြောင်းရင်းသည် အဆုတ်တွင် မြစ်ဖျားခံနေသောကြောင့် ဆေးမကျရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ကြသည်။

အဆုတ်မှာ စပေါ့ (အစက်) မထင်အောင် ဓာတ်မှန်မရိုက်ခင် နွားနို့သောက်ရသတဲ့….

ဘယ်က၀ိက ဘယ်ကျမ်းနှင့်ညှိကာထုတ်လိုက်သည့် အယူအဆလည်း မပြောတတ်ပါ။
နွားနို့ဗူးများရောင်းသော ထိုဒုက္ခသည်စခန်းထဲက ကုလားတွေ နို့ဗူးရောင်းရငွေနှင့်ပင် အတော်လေးအလုပ်ဖြစ်ကုန်ကြသည်။
ကလေးအဖေတွေလည်း ကလေးတွေအတွက် နို့ဗူးလုသောက်ကုန်သည်အထိ။
ဆေးလိပ်မသောက်သော ကလေးများထက် ဆေးလိပ်သောက်သောအဖေများ
က ယခုအခါမှာ နွားနို့ပိုပြီးလိုအပ်သည်ဟု မိခင်များကလည်း ဆုံးဖြတ်အတည်ပြုပေးကြသည်။

တချို့ကျတော့လည်း ဓာတ်မှန်ရိုက်ကာနီး ရေမချိုးရ…..တဲ့။

တော်ကြာ အပူခိုးတွေကန်တက်လာကာ ဓာတ်မှန်ပြားမှာ မရှင်းလျှင် ဆေးကျသွားမည်ဆိုကြသည်။

ဒုက္ခသည်ဖြစ်ချင်ကြသူများမို့ပင်လားမသိ။
ဒုက္ခမှန်သမျှကို သည်းခံခြင်းတရားလက်ကိုင်ထားကာ ကျော်ဖြတ်နေတာကို အံ့ဖွယ်သုတအဖြစ်လည်း တွေ့မြင်ကြရသည်။
အိမ်သာနှင့် ထမင်းစားဆောင်ကပ်နေသည့်အတွက် လူ (၈၀၀) ကျော်ထုတ်စွန့်ထားသည့် အစာဟောင်းနံ့များတသင်းသင်းဝင်နေသော
ထမင်းစားဆောင်ထဲတွင် ထမင်းကိုလည်း မြိန်ရည်ယှက်ရည်စားနိုင်ကြသည်။

ကြက်သားမည်ကာမတ္တကို ငှက်ပျောအူနှင့်ရောကြိုထားသည့်ရေလုံပြုတ်ဟင်းကိုလည်း မစားနိုင်သော်ငြားလည်း မည်သူမျှ ကန့်ကွက်သူမရှိ။
မစားနိုင်သောအစာများအားလုံး ပန်းကန်လိုက် အမှိုက်အိပ်ထဲသို့ရွေ့ကုန်ကြသည်။

ဟင်းတိုင်းတွင်ပါဝင်နေသော အုန်းနို့သည် မြန်မာလူမျိုးများအတွက် အစာမကြေသောရောဂါကိုဖြစ်စေသည်။
စပါးလင်။ ဂျင်းစိမ်းနံ့များကဲသောဟင်းတို့အား တနေ့လျှင် သုံးကြိမ်စားကြရသည်။
မစားနိုင်သူများအတွက် ဆန်ပြုတ်ရှိနေသဖြင့်တော်ပါသေးသည်။

အရာရာတန်းတူဖြစ်နေသောအခြေအနေတွင် အိမ်သာနံ့ကိုရှူရှိုက်ရင်း ဆန်ပြုတ်အတူတူသောက်ကြရသည်။

အစ္စလာမ်ဘာသာဝင်ယောက်ကျားများ၏ပုဆိုးတွေနှင့် ကရင်အမျိုးသမီးလုံခြည်များ တန်းတတန်းထဲတွင်ယှဉ်တွဲလှမ်းထားတာကိုလည်းတွေ့ရသည်။
ကျား-မတန်းတူညီမျှရေးအတွက် အစ္စလာမ် ဘာသာဝင်များအနေနှင့် အတော်လေး စိတ်ကသိကအောက်ဖြစ်နေမည်လားတော့ မပြောတတ်ပါ။
တန်းတူညီမျှရေးမှာတော့ အလွန်ပီပြင်သော ပြကွက်ကို ထို ဒီအိပ်ခ်ျအက်စ်အင်တာဗျူးတွင်တွေ့နိုင်သည်။

အစ္စလာမ်ဘာသာဝင်ရော။ ကရင်ခရစ်ယာန်ရော…ဗုဓ္ဒဘာသာဘုန်းတော်ကြီးတွေပါ ခန်းမကျယ်ကြီးထဲမှာ တန်းစီပြီးအိပ်ကြ နေကြရသည်။
မာတုဂါမများနှင့် တမိုးအောက်မှာ အတူမအိပ်ရ….ဆိုသော ဗုဓ္ဒဘာသာအရ ပညတ်ချက်သည်လည်း အမေရိကန်အင်တာဗျူးကာလတွင် အသက်ဝင်ခြင်းမရှိ။
ဘာသာရေးဆိုင်ရာပညတ်ချက်တို့လည်း လူသားအားလုံးတန်းတူအခွင့်အရေးထဲတွင် ပျော်ဝင်သွားခဲ့ပုံပင်။

အသက်ကြီး ငယ်မရွေး…
ကျား- မ မရွေး….
ဘာသာမရွေး…
ဆင်းရဲ ချမ်းသာလည်းမရွေးဘဲ တန်းတူမှ တကယ့်ကို တန်းတူစနစ်ဖြင့် အင်တာဗျူးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းဆိုရပါလိမ့်မည်။
ဦးစားပေးခံရသူများသည် အသက် (၁၈) နှစ်ပြည့်ပြီးသော ကျန်းမာရေးကောင်းသူ သန်စွမ်းသူများသာလျှင်ဖြစ်သည်။
ပင်စင်တန်းထုတ်ပေးရမည့် နိုင်ငံရေးသမားအိုတချို့၏ စိုးရိမ်ပူပန်သံများကို ကြားရစပြုလာသည်။

လုပ်နိုင်လျှင်လုပ်နိုင်သလောက်ပိုက်ဆံရသော အမေရိကန်ကို ဆင်းရဲသောနိုင်ငံတိုင်းက လူတိုင်း လူတိုင်း အိမ်မက် မက်ကြသည်။
ယခု ထိုအိမ်မက်တွင်းသို့ အားလုံးခုန်ဆင်းနေကြပေပြီ။
တကယ်တန်း အကောင်အထည်ပေါ်လာသော ထိုအိမ်မက်ကမ္ဘာတွင်လည်း
ခြောက်လှန့်တတ်သော သွေးပျက်ဖွယ်အိမ်မက်ဆိုးများရှိနေတတ်ကြောင်းကိုတော့ ဒုက္ခသည်အားလုံး အတူတူ စတင်မြင်စပြုလာချိန်လည်းဖြစ်သည်။

ခွာညို
ဂျူလိုင်လ (၁၅) ရက်။ ၂၀၀၈ ခုနှစ်။
(အလင်းအိမ်မဂ္ဂဇင်းသို့ပေးပို့ထားပါသည်။)

အပြည့်အစုံသို့...

Wednesday 16 July 2008

ဒုက္ခသည်ခရီးစဉ်အတွင်း …. အနှစ်သက်ဆုံး ကဗျာနှစ်ပုဒ်

ခွာညို (http://khwanyo2007.blogspot.com)
Wednesday, July 16, 2008

အို …. ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့် ....

ရှင်တော်မြတ်ဘုရားက ဟောကြားတယ်
ပိယေဟိ ၀ိပ္ပယောကော ဒုက္ခော
အပိယေဟိ သမ္ပယောကော ဒုက္ခော … တဲ့
အစက နားမလည်
ဒါလေးများ …
ဘာမီတွန်သောက် ပျောက် … ပေါ့နော် .. ။

အရိုးစင်းဆုံးသော လောကဒဏ် ကဗျာကို ရေးဖွဲ့လိုက်တဲ့သူက

ကဗျာဆရာရဲထွဋ်ပါ။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကဆောင်ရွက်ပေးနေတဲ့ ဒုက္ခသည်တွေအတွက် ဘ၀သစ်ထူထောင်ရေး ... ပြန်လည်နေရာချထားရေးအစီအစဉ်တွေဟာ အခုဆိုရင် ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည်စခန်း (၉) ခုမှာကျယ်ကျယ်ပြန့်ပြန့်စတင်ဆောင်ရွက်နေပါပြီ။

နိုင်ငံရေးလှုပ်ရှားမှုတွေ … ဘာသာရေးဖိနှိပ်မှု၊ လူမျိုးရေးနှိပ်ကွပ်မှုတွေ … ပေါ်တာနဲ့ မုဒိန်းမှုတွေနဲ့ ကင်းဝေးရာ အရပ်တခု ကမ္ဘာပေါ်မှာ ရှိနေသတဲ့ …

နောက်ပြီးတော့လည်း … အဲဒီအရပ်မှာ အလုပ်ကြမ်းသမားတွေလိုအပ်နေပြီးတော့ ဒုက္ခသည်တွေမှာတော့ လုပ်အားကလွဲရင် ဘာမဆိုလိုအပ်နေတဲ့အတွက် အပေးအယူမျှမျှနဲ့ပဲ ခေါ်သူကခေါ် သွားသူကလည်းသွား ကြနဲ့ ဒုက္ခသည်စခန်းတခုလုံး သက်ဝင်လှုပ်ရှားနေကြတယ်။

အိုပီအီး ပီးပီလား
ဒါဆို ဒီအိပ်ခ်ျအက်စ် ကတော့လိုပါသေးတယ်။
ကာချောရှော့မရအောင်
စီအို တက်ရမယ်တဲ့
တက်ကြွစွာသူတို့နှုတ်ဖျားက
အဟုတ်စကားကြွယ်လှ
ဆီမန်း မန်းမလို မန်းနေကြ
ခိုငြီးသံတွေကြားနေရ
ဂရုဏာသက်ရမှာလား
ဥပက္ခောပြုရမှာလား …. ။


အိုပီအီး … Overseas Processing Entity (OPE) ဆိုတာ ဒုက္ခသည်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက စခန်းထဲအရောက် လာရောက်ပြီးစုံစမ်းမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။

ယူအန်အိပ်ခ်ျစီအာကနေ ထိုင်းနိုင်ငံ အာဏာပိုင်များကို တရားဝင်လွှဲပြောင်းပေးအပ်လိုက်ပြီး ဒုက္ခသည် စခန်းရှိရာကို ကားတွေတသီတတန်းနဲ့ပို့ခဲ့ပြီးတဲ့နောက် … စခန်းတွင်းမှာ ဒုက္ခသည်ဖြစ်ကြောင်း တရားဝင် မှတ်ပုံတင်ပြီးတဲ့နောက် …. ဒါဟာ ဒုက္ခသည်များ မျှော်လင့်တောင့်တနေတဲ့ တတိယနိုင်ငံရောက်ရှိရေး အစီအစဉ်လည်း ပိုမိုနီးကပ်လာနေပြီဖြစ်ကြောင်း သိသာထင်ရှားစေတဲ့ အမှတ်သညာတခုဆိုရင်လည်း မမှားတဲ့ အခေါ်အဝေါ်တခုဖြစ်ပါတယ်။

ဒီအိပ်ခ်ျအက်စ် (Department of Homeland Security) ဆိုတာကတော့ ဒုက္ခသည်များက အိုပီအီးတုန်းက ပြောဆိုဖြေကြားချက်တွေကို ထပ်မံအတည်ပြုမေးမြန်းစုံစမ်းခြင်းနဲ့ကျန်းမာရေးဆေးစစ်ခြင်းတို့ကို တဆက် တည်းဆောင်ရွက်ပေးချိန်ပါပဲ။

ဒီအိပ်ခ်ျအက်စ်မှာ စစ်ဆေးသူများရဲ့ စိတ်ကြိုက်ဖြေဆိုပေးနိုင်ရင် အထူးသဖြင့် တီဘီပိုးရှိတယ်လို့လည်း သံသယအဖြစ်မခံရဘူးဆိုရင် … ဒီပတ်ချာဒိတ် (Departure Date) စောင့်နေယုံပါပဲ။

အရှေ့နဲ့ အနောက်ရဲ့ ဆန့်ကျင်ဘက်ပေါင်းစုံဖြစ်တဲ့
ယဉ်ကျေးမှု …
ကိုးကွယ်ယုံကြည်မှု …
ပေါင်းသင်းဆက်ဆံရေး …
ဘ၀နေထိုင်ပုံနည်းစနစ်တွေ …
တောထဲမှာ မျှစ်ချိုးစားနေရသူတွေ ချက်ခြင်းစားရတော့မယ့် ဒိန်ခဲနဲ့
ထောပတ်အပြောင်းအလဲကာလများ ….
တောထဲမှာ တပိုတပါးသွားကျင့်ရှိနေသူများ လေယာဉ်အိမ်သာခန်းထဲမှာ ကြုံတွေ့ရမယ့်
ဒုက္ခတွေအတွက်
ကြိုတင်ပြင်ဆင်ထားရန် စည်းကမ်းချက်တွေ …
ရေပူ ရေနွေးနဲ့ ရေချိုးရန်နည်းစနစ်ပါမကျန် …
ရက်တို သင်တန်း (၃) ရက်နဲ့ ဘ၀တပါးကို
အရှင်လတ်လတ်ကူးပြောင်းရေးကျင့်စဉ်များသင်ကြားပေးခြင်းကိုတော့
(စီအို) လို့ လူသိများပါတယ်။ အဲဒီသင်တန်းကို လူတိုင်း စိတ်ဝင်တစားသွားတက်ကြတယ်၊
( မတက်ရင် လေယာဉ်လက်မှတ်မရနိုင်လို့ပါ … )

ဒုက္ခသည်စခန်းကို နိုင်ငံရေးအသိုင်းအ၀ိုင်းကလူတွေကို ဒုက္ခသည်စာရင်းတင်ထားတဲ့ နံပါတ် (၂၀၈၆) ယောက်ကိုသွင်းစဉ်က ကဗျာဆရာ အေအမ်တီရဲ့ နို့ဖိုး …ဆိုတဲ့ ကဗျာလေးတပုတ်ထွက်လာခဲ့တာကိုလည်း အခုတခါပြန်ပြီးသတိရမိတယ်။

သနားကြပါခင်ဗျာ
သနားကြပါ
နိုင်ငံအဟောင်းလေး တခုလောက်ဆိုပြီး
စားစရာ … နေစရာ
လုပ်စရာတွေ … ကိုင်စရာတွေထားရစ်လို့
ဖုတ်ပူမီးတိုက်
ငါတို့
ဒီနေရာကိုရောက်ရှိခဲ့တယ်။

ဟောဒီ ဘဒ္ဒကမ္ဘာမှာ
ဒုက္ခ ဆိုတာ အတုမရှိဘူး
ဒုက္ခသည်ပဲ အတုရှိတယ်.
တော်လှန်ရေးဆိုတာ အတုမရှိဘူး
တော်လှန်ရေးသမားပဲ အတုရှိတယ်။

တော်လှန်ရေးနယ်ပယ်ထဲမှာ ဒဏ်ခံနိုင်သူတချို့တလေက တတိယနိုင်ငံဆိုတဲ့စကားကို ကြားချင်လေ့ မရှိကြဘူး။ ဒဏ်မခံနိုင်သူအတော်များများကတော့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့…. ဆိုပြီး တတိယနိုင်ငံကို အသွင်ကူးပြောင်းရေးရေယာဉ်ကျောထဲ အလိုက်သင့်ပေါလောပေါ်နိယာမနဲ့ …. အဲဒီထဲက တချို့ တချို့ သောသူတွေကတော့ အနီးဆုံးလက်တွဲဖော်အဖြစ် မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမလေးတွေ လက်ကိုတွဲလို့ ထွက်ခွာခဲ့ကြတယ်။

တချို့ကတော့လည်း တတိယနိုင်ငံကို စရိတ်ငြိမ်းသွားနိုင်ဖို့ I swear to tell the truth…. လို့ …. လက်ယာဘက်လက်ကိုထောင်ပြီး ကျိန်ဆိုထားသည့်တိုင် အစိုးရက နှိပ်စက်လို့ မနေ၀ံ့ တော့လို့ပါ … ဆိုတဲ့ မုသာဝါဒကံနဲ့အတူတူ…

တချို့ကျတော့လည်း အမှန်ကိုသာပြောပါ … လို့ သတိပေးထားတဲ့ အဲဒီ အင်တာဗျူးတာဝန်ရှိသူတွေ ကိုယ်တိုင်ကိုက သူတို့လိုချင်တဲ့အဖြေမရမချင်း ဘောင်သွင်းမေးလွန်းလို့ မလိမ်ချင်ဘဲလည်း လိမ်ပေး လိုက်ရတဲ့သူတွေလည်း ရှိသေးရဲ့။

ဥပမာ တယောက်ကိုထုတ်ပြပေးရမယ်ဆိုရင် --

တော်လှန်ရေးနယ်ထဲမှာနေတဲ့ တယောက် နာတာရှည်ရောဂါဖြစ်တော့ သူ့ညီမက သူ့ကိုစောင့်ရှောက်ဖို့ ဒီဘက်ကို လိုက်လာရတယ်။ အင်တာဗျူးတဲ့အချိန်ရောက်တော့ ထုံးစံအတိုင်း ပုံစံမေးခွန်းတခုကို မေးပါတယ်။ ဘာလို့ထွက်လာရတာလည်း …. ဆိုတာရယ် …. ဘာကြောင့်ပြန်လို့မရတော့ တာလည်း … ဆိုတာရယ် …

အကို့ကို ပြုစုဖို့လာရပါတယ် … ဆိုတဲ့အဖြေကို သူတို့မကြိုက်။ အကိုနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှု မရှိဘူးလား … ဆိုတာကို ထပ်ခါထပ်ခါမေးလာတဲ့အခါ …. ဖြေရတာအာညောင်းလာတော့ ရှိပါတယ် လို့ဖြေလိုက်ရ …. ဘယ်လိုစစ်လည်းမေးတော့ မညာတတ်သူပီပီ မုသားလွတ်အောင် သန်းကောင် စာရင်းခဏ ခဏစစ်တယ်ဖြေလိုက်ပေမယ့် မေးသူကစိတ်တိုင်းမကျ။ အကိုနဲ့ပတ်သက်ပြီး အဖမ်းခံရ သေးလားဆိုတာကို လိုချင်သည့်အဖြေမရမချင်း ထပ်ခါတလဲလဲမေးနေတယ်။

”နောက်ဆုံးကျတော့ အတွေ့အကြုံရနေတဲ့ စကားပြန်က “ကဲပါ ညီမရယ်။ ဒီပုံအတိုင်းဆိုရင် နောက် တရက်ဆက်မေးခံနေရလိမ့်မယ်။ အကို မရှိလို့ ဘယ်သွားလဲမေးတာ မဖြေနိုင်လို့ (၃) ရက်လောက် အချုပ်ခံခဲ့ရတယ်။ အဲဒါကြောင့်ထွက်လာရတယ်လို့ပဲ ကျနော်ပြောလိုက်တော့မယ်နော် … လို့ခွင့်တောင်းပီး ကျနော့်ကို အချုပ်ထဲ သုံးရက်လောက်ထည့်ပေးလိုက်တယ်အမရယ်“ လို့ အင်တာဗျူးကအပြန် မှာအတွေ့ အကြုံရှင်းလင်းပွဲလုပ်ခဲ့တာကို သတိရမိတယ်။

မလိမ်ညာပါဘူး။ အမှန်ကိုပဲပြောပါ့မယ်လို့ … လက်ထောင်ကျိန်ခိုင်းပြီးတော့မှ လိုချင်တဲ့အဖြေရသည့်အထိ မလိမ်မချင်း ချောင်လိုက်ပိတ်နေတာကတော့ စိတ်ခံစားချက်ကို တမျိုးဖြစ်စေတာအမှန် …

တကယ်တန်းက အလုပ်သမားဖြစ်ချင်သူတွေနဲ့ ….. အလုပ်သမားလိုအပ်နေသူတို့ရဲ့တွေ့ဆုံပွဲမှာ သူတို့ ဘက်က ဘာမှ ကျိန်စာတိုက်နေဖို့မလိုပါဘူး။

မြန်မာပြည်ထဲက အဓိကအထွက်အများဆုံးအကြောင်းအရင်းကတော့ အစိုးရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ ကြောင့် လူလိုမနေရတဲ့ဘ၀တွေထဲက ရုန်းကန်ပြေးထွက်လာကြခြင်းပါပဲ။

သည်ထဲမှာမှ စီးပွားဖြစ်လုပ်စားချင်သူ တချို့တလေ ရောနှောညပ်ပါနေတာတော့ ဘယ်နှယ်လုပ် ရွေးထုတ် နိုင်ပါ့မလဲ။ ဒုက္ခသည်အတု တော်လှန်ရေးသမားအတု … တွေရဲ့ အမေရိကန်သို့ စရိတ်ငြိမ်းခရီးစဉ်မှာ လိမ်ညာတာကို ဒါလေးများ …. ဒါလေးများလို့တောင် သီချင်းဆိုနေကြမည့်သူတွေ….. ရှိနေတတ်တာ ဟောဒီဘဒ္ဒကမ္ဘမှာ လူ .. ဆိုတာဖြစ်တည်ကတည်းက ဒွန်တွဲပါလာပြီးသား ကံကြမ္မာတခုလို ….

အို … ဒုက္ခသည်များဆိုင်ရာနတ်
ပဋိပက္ခဆိုင်ရာနတ်
ငတ်မွတ်ခေါင်းပါးဘေးဆိုင်ရာနတ် ..
မျိုးသုဉ်းသတ်ဖြတ်ဘေးဆိုင်ရာနတ် …
ဗဟုသုမဂ္ဂဆိုင်ရာနတ်
အဲန်ဂျီအိုရေးရာ နတ်အပေါင်းတို့ ….
ကြည့်လော့…ရှုလော့ …
ဤပစ္စတရာဇ်သားတို့ရဲ့
ကံကြမ္မာကို …… ။

ဆိုတဲ့အတိုင်း ကူညီလိုတယ် ဆိုသူတွေက ခေါ်နိုင်သလောက်လူတွေကို ခေါ်သွားဖို့ပါပဲ။

အကြောင်းအမျိုးမျိုးနဲ့ …. အမိမြန်မာပြည်ကိုပဲဖြစ်ဖြစ် .. အမိမြေနဲ့အနီးစပ်ဆုံးတော်လှန်ရေးနယ်မြေကပဲ ဖြစ်ဖြစ် … တော်လှန်ရေးနယ်မြေက စီးပွားရေးနယ်မြေသစ်တခုကိုရည်ရွယ်လို့ပဲဖြစ်ဖြစ် … အဲဒီ ပြန်လည် နေရာချထားရေးယဉ်ကျေးမှုစီးကြောင်းထဲမှာ အလိုက်သင့်မျှောပြီး လိုက်ချင်သူတွေက လိုက်ပါသွားကြ ပါလိမ့်မယ်။

ကျန်ရစ်သူတွေထဲမှာတော့ သားတကွဲ … မယားတကွဲတွေရဲ့ နာကျင်မှုတွေ …. မိတ်ဆွေသင်္ဂဟတွေရဲ့ ရွေ့လျားဝေးကွာရတဲ့ အထီးကျန်ဝေဒနာတွေ …. မြန်မာ့အရေးလုပ်စရာတွေတပုံကြီးနဲ့ လုပ်မယ့်သူတွေရဲ့ တကယ့်လက်တွေ့အလုပ်ပုံကြီးအောက်က အနားမရတဲ့နေ့ရက်တွေကြားမှာ …. ထွက်ခွာသွားနိုင်ရေး လုံ့လပြုနေသူတွေအပေါ်မှာလည်း အပြစ်မတင်သာ …. ထွက်ခွာသွားမှာကိုလည်း မလိုလား .. ကျပ်တည်း ခက်ခဲတဲ့အခြေအနေအရပ်ရပ်ကိုလည်း နားလည်နိုင်သော်ငြားလည်း

တဖြေးဖြေးလျော့ပါးလာတဲ့ နိုင်ငံရေးအင်အားစုတွေကို ပြန်လည်အားကောင်းလာအောင်မျှော်လင့်ရင်း ……

အို …. ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်
စွန့်ဦးတည်ထွင်သူတွေထဲမှာ
အမုန်းဆုံးသူ “တစ်” နဲ့ “နှစ်” ဟာ
သူ နဲ့ သူပေါ့
အခုတော့
သူတို့ကြောင့် …. ။

ခွာညို

အပြည့်အစုံသို့...

Tuesday 1 July 2008

သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်...

တစ်ညအတွင်း လူတစ်သိန်းကျော်၏ အသက်ကို ၀ါးမျိုခဲ့သော နာဂစ် လေမုန်တိုင်း သည် မြန်မာ့သမိုင်းတွင် အချိန်တိုအတွင်း အသေအပျောက်အများဆုံးသော သဘာဝဘေး အဖြစ် မှတ်တမ်းဝင်သွားချေပြီ။ မုန်တိုင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက မုန်တိုင်းသင့်ဒေသများသို့ တတ်စွမ်းသရွေ့သွားရောက်လှူဒါန်းရင်း လူ့အသက်များကို ကယ် ဆယ်ခဲ့ကြသည်။

ကျွန်တော်သည်လည်း ပုဂ္ဂလိကစေတနာရှင်တစ်ဦးအနေဖြင့် မုန်တိုင်းသင့်ဒေသများ သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပါသည်။ ထိုကဲ့သို့ အကြိမ်ကြိမ် သွားရောက်သည့် အခါတိုင်း နာဂစ်ကြောင့် ဖြစ်ပေါ်ခဲ့သော အနိဋ္ဌာရုံများ၊ ကြေကွဲဖွယ်ရာများ၊ ဒေါသထွက်ဖွယ် ရာများကို မမြင်ရက်သော်လည်း မြင်ခဲ့ရ၊ မကြားရက်သော်လည်း ကြားခဲ့ရသည်။ မော်လမြိုင်ကျွန်း ဒုက္ခ သည်စခန်းတစ်ခုတွင် ဖခင် လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော သားအဖနှစ်ဦးကို တွေ့ခဲ့ရသည်။

ဖခင်ရောသမီးဖြစ်သူပါ တစ်နာရီ မိုင် ၁၂၀နှုန်းနှင့်တိုက်ခဲ့သော လေပြင်းကြောင့် ခန္ဓာ ကိုယ် အရေပြားများ စုတ်ပြတ်ညိုမည်း မီးလောင်သကဲ့သို့ ဖြစ်နေသည်ကိုတွေ့ရသည်။ ဖခင် ဖြစ်သူ၏အမည်က ကိုဘဦး၊ အလုပ်အကိုင်က ရေလုပ်သား၊ နာဂစ်မုန်တိုင်းအတွင်း ဇနီးနှင့် သား ဆုံးရှုံးခဲ့ရသည်။သူက မုန်တိုင်း၏ ငရဲညကို ယခုလိုပြောပြခဲ့သည်။

"မုန်တိုင်းလာမယ်ဆိုတာကို ရေဒီယိုကလဲ ကြားတယ်။ ကျွန်တော်တို့အတွက်ကတော့ မုန်တိုင်းဆိုတာ မဆန်းပါဘူး။ မုန်တိုင်း ကျမယ်ဆိုတာသိပေမယ့် တွေ့နေကျလို့ပဲ ထင်ခဲ့တယ်။ အဲဒီနေ့က ပင်လယ်ထဲကိုတော့ မထွက်ဘူးပေါ့။ မွန်းလွဲ နှစ်နာရီလောက်မှာတရွှီ ရွှီမြည်သံနဲ့ လေပြင်းစတိုက်သံကို ကြားရတယ်။ ခဏအတွင်းမှာပဲ ကျွန်တော်တို့မိသားစုလည်း ယိမ်းယိုင် နေတဲ့အိမ်ပေါ်က ဆင်းခဲ့ ရတယ်။ ခြံထဲက အုန်းပင်တွေဆီကို ပြေးဖက်ထားရတယ်။ မျက်စိ အောက်မှာတင် ကျွန်တော်တို့အိမ်ကလေးက လေထဲကို တစ်စစီပါ သွားတယ်။ တစ်ပြိုင်တည်း မှာပဲ ရေက တရိပ်ရိပ်တက်လာတယ်။ ဒါနဲ့ အငယ်ဆုံးနှစ်နှစ်သားကလေးကို လည်ပင်းပေါ်မှာ ခွထိုင်ခိုင်း၊ ခြောက်နှစ်သမီးကြီးနဲ့ ငါးနှစ်သားလတ်ကို အုန်းပင်ပေါ်တွန်းတင်ပြီး ဖက်ထားခိုင်းရ တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အုန်းပင်ပေါ် တက်ပြီး ခုနကလေးနှစ်ယောက်ကို ဖက် ထားတယ်။ အဲဒီအချိန်က ကျွန်တော့်မိန်းမ ဘယ်ရောက်သွားမှန်းလဲ မသိလိုက်တော့ဘူး။ အချိန် ကလည်း မှောင်လာတယ်။ အမှောင်ထဲမှာ ကယ်ကြပါဆိုတဲ့ အသံတွေ၊ အဖေရေ၊ အမေ ရေ အသံတွေ ကြားနေရတယ်။ ရေကလဲ တက် လာလိုက်တာ အုန်းပင်ပေါ်က ကျွန်တော့်ခါးဆီ အထိ ရောက်လာတယ်။ သစ်ပင်ကိုဖက်ထားတာ နှစ်နာရီလောက်ကြာတော့ လက်အံ သေလာ တယ်။ လည်ပင်းပေါ်က အငယ်ဆုံးသားလေးက ကြောက်ကြောက်နှင့်ဖက်ထားတော့ လည် ပင်း အစ်ပြီး အသက်ရှူလည်းကျပ် လာတယ်။ ၀တ်ထားတဲ့အ၀တ်လည်း မုန်တိုင်းကြောင့် စုတ် ပြတ်သတ်ကုန်ပြီ။ မျက်လုံးတွေလဲ ဖွင့်လို့မရတော့ဘူး။
ကျွန်တော် လက်အံသေလို့ ပြုတ်ကျရင် မိသားစုလေးယောက်လုံး သေရ တော့မယ်။ လည်ပင်းအပေါ်က အငယ် လေးက အတင်းဖက်ထားတော့ အသက်ရှူလည်း မ၀ တော့ဘူး။ ဒါနဲ့ခေါင်းကိုခါပြီး အသက်ရှူလိုက်ချိန်မှာ ကျွန်တော့်လည်ပင်းပေါ်မှာ ထိုင်တဲ့သား လေးက ရေထဲကို ပြုတ်ကျသွား တယ်။ သွားနှင့်တော့ သားလေးရယ်။ မကြာခင် အဖေတို့လဲ မင်းနောက်ကို လိုက်ရတော့မှာပါလို့ နာနာကြည်းကြည်း အော်လိုက်မိတယ်။ အခုတော့ ကျွန် တော်ရယ်၊ သားရယ်၊ သမီးကြီးရယ်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်နာရီလောက် ကြာပြန်တော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီးမတောင့်ထားနိုင်တော့ဘူး။ စိတ်တစ်ချက် လျှော့ လိုက်တဲ့အခါ ညာဘက်လက်မှာ ဖက် ထားတဲ့ သားလတ် ရေထဲကို ပြုတ်ကျသွားပြန်တယ်။ အဖေလို့ စူးစူးရှရှ အော်လိုက်တဲ့အသံကို ရေလှိုင်းကဖုံးသွားတယ်။ ကျွန်တော်နဲ့ သမီးနှစ် ယောက်တို့ပဲ ကျန်တော့တယ်။ သမီးကြီး က သူ့မောင်လေးနှစ်ယောက်ကို ကျွန်တော်က ရေထဲ ကို လွှတ်ချလိုက်တာ ထင်ပုံရတယ်။ သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်လို့ အော်ရင်းငိုနေ တယ်။ ကျွန်တော့်အသည်းတွေ ပေါက်ထွက် မတတ် ခံစားရတယ်။ ကျွန်တော့်သားတွေကို ကျွန်တော် ရေထဲပစ်ချမလားဗျာ။ ဒါပေမဲ့ ကျွန်တော် သွေးရူးသွေးတန်းနဲ့ ပြောလိုက်ပါတယ်။ သမီးကို ဘယ်တော့မှ အဖေလွှတ်မချဘူး။ သမီးရဲ့ မောင်လေးနှစ်ယောက်ကိုလဲ အဖေ လွှတ်ချ ခဲ့တာ မဟုတ်ဘူးလို့ပြောရင်း ကျွန်တော် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက် အုန်းပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထား ရင်း ရေကတဖြည်း ဖြည်းကျသွားတယ်။ မနက်လင်းတော့ အုန်းပင်တွေကြားမှာ သေနေတဲ့ ကျွန်တော့်သားလေးနှစ်ယောက်အလောင်း နဲ့ အုန်းပင်ပိပြီး သေနေတဲ့ ကျွန်တော့်မိန်းမအလောင်း ကို တွေ့လိုက်ရတယ်။ သားနှစ်ယောက် အလောင်းကို ကျွန်တော်ဖက်ပြီး ဘယ်လောက်ကြာအောင် ငိုနေမိလဲ မသိတော့ဘူး။ အသက် မသေတဲ့ တခြားရွာသားတွေလာပြီး ကျွန်တော့်ကို ဖျောင်းဖျ၊ ကျွန်တော့်လက်ထဲက ကလေး အလောင်းတွေကို ယူသွားတာပဲ မှတ်မိပါတော့တယ်ဗျာ"ဟု ပြောပြသည်။

ဖခင်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်တွင်တွင်ကျနေသော သမီး ဖြစ်သူအား ကျွန်တော်က 'သမီး ဘာလို့ငိုနေတာလဲ၊ ဆာလို့လား၊ ရော့- ဦးဦးဆီကမုန့်တွေကို စား'ဟု ပေးသော်လည်း မယူပါ။ ဆာလို့မဟုတ်ဘူး၊ မောင်လေးတွေကို သတိရလို့ပါဟုပြော ရင်း ငိုနေရှာသည်။ သူတို့သားအဖကိုကြည့်ရင်း ကျွန်တော် မျက်ရည်ကျမိသည်။ သူတို့၏စိတ် ဒဏ်ရာမှာ ဘယ်အချိန်တွင်မှ ပျောက်ကင်းမှာလဲဟု ကျွန်တော် ကိုယ့်ကိုယ်ကို မေးမိသော် လည်း အဖြေကမရှိ။ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်များ၏ ကူညီဖေးမမှု များက သူတို့အတွက် လိုနေသည်ကတော့ အမှန်ပင်။

အပြည့်အစုံသို့...