Monday 24 March 2008

ရန်ရောက်, ငါပျောက်သွားတဲ့ရွာကလေး (သို့) ဟိုကေရုပ်ပုံလွှာ


ရေးသူ...ညိုထက်(လမ်းသစ်ဦး)

(၁)
သံလွင်က ထုံးစံအတိုင်းမာယာများဆဲပင်။ မာယာများသော်လည်း တန်ဖိုးက မြင့်မားဆဲ။
“သံလွင်စစ်တောင်း … ညာလက်မောင်းဟေ့”
ဝဲရိုက်၊ ၀ဲသွင်း၊ ၀ဲပြန်များဖြင့် သံလွင်အော်သံက အရိုင်းဆန်ဆန် ဝေစီနေသည်။ ကျနော်ကတော့ သံလွင်အော်သံကို လူရိုင်းတို့၏ ဗုံသံကဲ့သို့ နာခံနေမိသည်။ စည်းချက်ကလေး၊ နရီကျဲကျဲ တချက်ချင်းတီိးခတ်နေသည့် သံလွင်ဗုံသံ။ အဲဒီ သံလွင်ဗုံသံလေးပင်ပင်ထဲ ရံဖန်ရံခါ စိတ်လိုလက်ရ သံရှည်စွဲမှုတ်သွင်းလိုက်သည့် နှဲခရာသံလို အစုန်အဆန် စက်လှေမောင်းသံများ။ ကျောက်ဆောင်တွေကို ခလုတ်တိုက်စီးဆင်းနေသည့် ရေစီးသံသည်လည်း သံလွင်ရဲ့တိုးညှင်းသည့် ဂီတသံပင်။ ရေကျချိန်ဖြစ်သောကြောင့် ကမ်းစပ်က ငွေရောင်ဖြူလွှမွမွ။ ခြေလှမ်းလှမ်းလိုက်တိုင်း ကျွံဝင်မသွားဘဲ အိအိထွေးထွေးဖြစ်သွားသည်ကပင် သံလွင်ကမ်းပါးလမ်းလျှောက်ခြင်း အနုပညာဟုထင်သည်။
အိထွေးသည့် အဖြူရောင်ကမ်းဘေးအတိုင်း လျှောက်လာခဲ့သည်။ ကျနော်တို့စခန်းနှင့် မလှမ်းမကမ်း ၀ါးရုံပင်တန်း၊ တောအုပ်စိမ်း လန်းကြား ထောင်တက်သွားသည့် သဲဖြူခင်း လမ်းကလေးရှိသည်။ ကျနော် ထိုလမ်းကလေးအတိုင်း တက်လာခဲ့သည်။ ဒီတောင်ကုန်းကလေး အပေါ်မှာ တိတ်ဆိတ်စွာ နောက်ပြီး ရင့်ကျက်စွာတည်နေသည့် ရွာကလေးရှိသည်။
ရွာအမည်က “မငဲလူ”။

(၂)
ကျနော် သဲဖြူလမ်းကလေးအတိုင်း တက်လာခဲ့သည်။ သိပ်အဝေးကြီးတော့ မဟုတ်။ “မငဲလူ” ဟူသည်ကပင် “တောင်ကမူ” ဟု အဓိပ္ပာယ်ရသည့် ကရင်စကားဖြစ်သည်။ သံလွင်ကမ်းပါးမှ တောင်ကမူလေးပေါ်တွင် တည်ထားသောကြောင့် ထိုအမည်ပေးထားသည်ဟု ထင်သည်။
ရွာထိပ်ကိုရောက်သည်နှင့် မြင်ကွင်းပြောင်းနေသည်ကို သတိထားမိသည်။ ယခင်က ရွာကိုတက်လိုက်သည်နှင့် မူလတန်းကျောင်း ကလေးကို တန်းမြင်ရသည်။ ကားခွေကို ကျောင်းတက်ခေါင်းလောင်းအဖြစ် ဖန်တီးထားသည့် စာသင်တဲကျောင်းကလေး။ ထိုတဲကျောင်းက လေး၏နေရာတွင် ၀က်ခြံများကရှိနေသည်။ မေးကြည့်တော့မှ စာသင်ကျောင်းနှင့်ဘုရားကျောင်း တွဲထားကြောင်းသိရသည်။
ရွာက တောင်ပေါ်ကရင်ရွာဖြစ်သည်။ ခွေး၊ ကြက်၊ ၀က်တို့က ရွာလမ်းမ၊ အိမ်အောက်နှင့် ရွာအခြေတောအစပ်များတွင် ဥဒဟို သွားလာနေကြသည်။ သူတို့မွေးသော ၀က်များက တောဝက်မျိုးနွယ်ဟု ထင်သည်။ မျက်နှာချွန်ချွန် အလျှားရှည်ပြီး ဗိုက်ပူနံကားဖြစ်နေသည်။ တချို့ဝက်များဆို အစွယ်များပင် ထွက်နေသည်။ ရွာအခြေ တောအစပ်တွင် ၀က်တချို့ကို မြေတူးနေသည်ကိုပင် တွေ့ရသည်။ အဖီး (အဖွား) တို့က လှမ်းထားသော ငြုပ်ဗန်းများကို လာလာရန်ရှာတတ်သည့် ကြက်များအား တုတ်တချောင်းနှင့် မောင်းထုတ်နေသည်။ တချို့လူတွေက တောင်ယာထွက်သီးနှံများကို ပလိုင်းဖြင့်ထမ်း၍ တောင်ယာမှ ပြန်လာသူများကိုလဲ တွေ့ရသည်။ တချို့သော အမျိုးသားကြီးများကတော့ လွယ်အိတ်တလုံး တူမီးသေနတ်တလက်ဖြင့် ဆေးတံခဲလျှက် တောလည်ထွက်ရန် ပြင်ဆင်နေသည်ကိုလဲ တွေ့ရသည်။ စပါးမှည့်ချိန်ဖြစ်သော ကြောင့် တောဝက်တွေ တောင်ယာမှာ စပါးလာစားတတ်သည်မဟုတ်လား။ ဂျီနှင့်ပွေးများလဲ ဆောင်းဦးပေါက်မှ ထွက်လာတတ်သည်။ သင်းခွေ ချပ်ကတော့ သူတို့အတွက် တန်ဖိုးမြင့်သားကောင်ဖြစ်သည်။ တကီလိုလျှင် ၈၀၀ မှ ၁၂၀၀ ဘတ်အထိ ရတတ်တယ် မဟုတ်လား။
“စေးမူဝါး” တွေကတော့ ဆေးတံခဲရင်း စပါးထောင်းနေကြသည်။ “စေးမူဝါး” တောင်ပေါ်ကရင်များက ၀တ်ဆင်သည့်အင်္ကျီအ ရောင်ဖြင့် အပျိုမ အအိုမကိုခွဲခြားကြသည်။ “စေးမူဝါး” သည် ကရင်သင်တိုင်းရှည် အဖြူရောင်ဝတ်ဆင်ထားသည့် တောင်ပေါ်ကရင်အပျိုမဖြစ် သည်။ အအိုမများက သင်တိုင်းအနက်နှင့် လုံချည်တွဲ၍ ၀တ်ဆင်ကြသည်။
“မငဲလူ” သည် တောင်ပေါ်ကရင်ရွာဖြစ်သော်လဲ ရိုးရာနတ်စားကိုသာ ကိုးကွယ်ယုံကြည်ကြသူချည်းမဟုတ်။ ခရစ်ယာန်နှင့်နတ်စား ပင်ကျော်ပင်ကျ ရက်လုပ်ထားသည့် ဂျက်ခုတ်ထည်နှင့်တူသည့် ရွာကလေးဖြစ်သည်။ “မငဲလူ” တွင် နှစ်ခြင်းခရစ်ယာန်များရော၊ ရိုးရာနတ်စား သူများပါရှိသည်။ ဒီဇင်ဘာတွင် ခရစ္စမတ်ပွဲကျင်းပသလို၊ ၀ါခေါင်လတွင် လက်ချည်ပွဲကျင်းပသည်။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းများတက် သည့်လူများရှိသလို တောင်ယာခုတ်ချိန်၊ တောင်ယာရိတ်သိမ်းချိန်နှင့် ကျန်းမာရေးမကောင်းလျှင် “လိပ်ပြာပွဲ” လုပ်သူများလဲ ရှိသည်။ ရွာတွင် ဓမ္မဆရာရှိသလို ကြက်ရိုးထိုးဆရာလဲရှိသည်။
နတ်စားသည့်ဓလေ့ကတော့ “မငဲလူ” တွင် မရှိသလောက်ဖြစ်သွားပြီ။ ကြက်ရိုးထိုးသည့် ဓလေ့ကတော့ရှိသည်။ တောင်ပေါ်ကရင် များ ကျန်းမာရေးမကောင်းလျှင်၊ အပျိုလူပျိုများအိမ်ထောင်ရက်သားပြုတော့မည်ဆိုလျှင် သူတို့၏ ကံကြမ္မာကိုကြည့်ရန် ကြက်ရိုးထိုးကြသည်။ ကြက်ရိုးထိုးသည့် လုပ်ငန်းစဉ်ကို ရှင်းပြကြသော်လဲ ကျနော်ဘယ်လိုမှ နားမလည်။ ထို့ကြောင့် ကောက်ချက်ချမိသည်။ ကျနော်က လူဗိန်း၊ ကြက်ရိုးထိုးတယ်ဆိုတာက အကဲ့ဒမစ်လုပ်ငန်း၊ ပညာရှင်လုပ်ငန်း။ တချို့ကိစ္စတွေက ပညာရှင်တွေကလွဲလို့ ကျနော်တို့လို သာမန်လူတွေနား မလည်နိုင်။
ရွာကလေးက တကြောင်းထိုးတက်လာပြီး ဘယ်ဘက်သို့ လမ်းတကြောင်း ဖျာဆင်းသွားသည်။ ၀က်ခြံ၊ စပါးကျီနှင့် တဲအိမ်များဖြင့် သိပ်သိပ်ထိုးထိုးတည်ထားသည့် ရွာကလေး။ အိမ်အများစုကို အင်ဖက်ဖြင့်မိုးထားသော်လဲ တချို့အိမ်များက အင်ဖက်မဟုတ်။ ၀ါးပိုးဝါးကို ထက်ခြမ်းခြမ်းကာ အဆစ်ဟပ်ပြီး ပက်လက်မှောက်ခုံလုပ်၍ မိုးထားသည်။ ဘုရားကျောင်းကတော့ သွပ်မိုးဖြင့် …….။
ကလေးငိုသံ၊ ၀က်အော်သံ၊ ကြက်အော်သံ၊ ခွေးဟောင်သံ၊ မောင်းထောင်းသံ၊ ကြက်မောင်းသံ၊ ကရင်ဘာသာစကားဖြင့် တဦး နှင့်တဦး ပြောနေကြသံ၊ ရယ်မောသံ၊ အော်ငေါက်သံတို့ဖြင့် ရွာကလေး “မငဲလူ” က သက်ဝင်လှုပ်ရှားနေတော့သည်။

(၃)
မူလက “မငဲလူ” ကို “ဟိုကေ” ရွာဟု သိထားသည်။ အမှန်ပြောရမည်ဆိုလျှင်လဲ “မငဲလူ” သည် “ဟိုကေ” ပင်ဖြစ်သည်။ “မငဲလူ” ရွာတွင် နေထိုင်ကြသူများသည် မူလ “ဟိုကေရွာ” မှ ပြောင်းလာကြသူများဖြစ်သည်။ “ဟိုကေ” ၏ အဓိပ္ပာယ်က “ရပ်လိုက်တော့” ဟူသော အဓိပ္ပာယ်ဟု သိရသည်။ မည်သည့် အနက်ကောက်မှု အမှတ်အသားဖြင့် ရွာအမည်ကို ထိုသို့ပေးခဲ့ကြသည်မသိ။ ရွာကလေးကတော့ စစ်မြေ ပြင် ကျေးလက်ဒေသရဲ့ ပြောက်ကျားစခန်းဆန်ဆန် ရွေ့ပြောင်းကျေးလက်ရွာဖြင့် သူ့အသက်ဓာတ်ကို ဆန့်ထုတ်ရှင်သန်ခဲ့ရသည်။ “ဟိုကေ” သည် “မငဲလူ” ဘ၀ရောက်သည်အထိ (၃) ကြိမ်တိုင် ရွေ့ပြောင်းအခြေချ ရှင်သန်ခဲ့ရသည်။
ရိုင်းစိုင်းဖောက်ပြန်သည့် ဖိနှိပ်သူနှင့် လူမျိုးပေါင်းစုံအဖိနှိပ်ခံတို့ကြား အကျိုးစီးပွားခြင်း ပြင်းထန်သည့်ပဋိပက္ခဖြစ်နေကြသည့် နိုင်ငံ တိုင်းတွင် လူထုအကျိုးစီးပွားဘက်မှ ရပ်ခံပေးမည့် နိုင်ငံရေးတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်သော တပ်မတော်တရပ်မရှိလျှင် အဖိနှိပ်ခံလူ မျိုးပေါင်းစုံ ပြည်သူလူထုသည် အကြွင်းမဲ့လည်စင်းခံပေးရုံသာ ရှိတော့မည်ဖြစ်သည်။ ထိုနိုင်ငံရေးတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်ရေးတပ် မတော်တို့၏ ကံကြမ္မာနှင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတို့၏ ကံကြမ္မာတို့က တဆက်တစပ်တည်းဖြစ်သည်။ အဖိနှိပ်ခံ ပြည်သူလူထု၏ တည်ငြိမ်မှုသည် လူထုနိုင်ငံရေးတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်သောတပ်မတော်တို့၏ အားကောင်းတည်ငြိမ်မှုနှင့် တထပ်တည်းဖြစ်သည်။ ကရင်အမျိုးသားများအတွက်ကတော့ KNU နှင့် KNLA သည် အမျိုးသားတပ်ဦးနှင့်တော်လှန်သော အမျိုးသားတပ်မတော်ပင်ဖြစ်သည်။ KNU နှင့် KNLA အားကောင်းတည်ငြိမ်လျှင် ကရင်အမျိုးသားများ အေးချမ်းတည်ငြိမ်မည်။ KNU နှင့် KNLA အားနည်းလျှင် ကရင်အမျိုးသားတည်ငြိမ် အေး ချမ်းရေး အားနည်းမည်။ “ဟိုကေ” သည်လဲ ထိုနည်းနှင်နှင်။
“ဟိုကေ”သည် KNU နှင့် KNLA အားကောင်းမောင်းသန်ကာလက “မယ့်ခေါင်” ချောင်းကလေးအား မေးတင်၍ အေးချမ်းစွာနေခဲ့ဖူး သည်။ ၁၉၉၅။ DKBA ၏ အမျိုးသားသစ္စာဖောက်မှုကြီးဖြစ်ခဲ့သည်။ DKBA က တနိုင်ငံလုံး၏ ဘုံရန်သူဖြစ်သော သောင်းကျန်းသူ နအဖနှင့် ပူး ပေါင်းခဲ့သည်။ DKBA နှင့် နအဖတို့မှ အကောက်ကျစ်အစဉ်းလဲဆုံး ထိုးစစ်ဖြင့် KNU အား ထိုးစစ်ဆင်ခဲ့သည်။ KNU ၏ အားကောင်းမောင်းသန် ပျယ်လွင့်ခဲ့ရသည်။ မာနယ်ပလော အခြေခံစခန်းကို စွန့်လွှတ်ရသည်။ အမျိုးသားတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်သော တပ်မတော်အားနည်း သည်နှင့်အမျှ ကရင်တိုင်းရင်းသားတို့၏ အခြေခံဒေသကြီးတခုလုံး တည်ငြိမ်မှုသည်လဲ ပျက်ပြားလာခဲ့သည်။ ကရင်ကျေးရွာပေါင်းများစွာ ပျက်ပြားခဲ့ရသည်။ ကရင်အမျိုးသားပေါင်းများစွာ တောတောင်တွေထဲ ကစဥ့်ကလျားပုန်းအောင်းထွက်ပြေးရသည်။ ရွာပုန်းရွာရှောင်များလဲ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ စစ်ပြေးဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံထဲသို့ ၀ရုန်းသုဉ်းကား ထွက်ပြေးခဲ့ရသည်။ “ဟိုကေ” သည်လဲ ထိုနည်းနှင်နှင်။
“ဟိုကေ”သည် ထိုအချိန်မှစ၍ ရွှေပြောင်းကျေးရွာအဖြစ် ရင်သန်ရေးအတွက် အသက်ဆက်ရသည်။ ထိုစဉ်က “ဟိုကေ”သည် သာတောင့်သာယာ ရွာကလေးတရွာ ဖြစ်ခဲ့ပေလိမ့်မည်ဟု ကျနော်တွေးကြည့်မိသည်။ ကျနော် “ဟိုကေ” ရွာဟောင်းနေရာကို ၂၀၀၄ ခုနှစ် လောက်က ရဲဘော်တွေနှင့် လိုက်သွားရင်း ရောက်ဖြစ်သည်။ ထိုအချိန်အထိတိုင် တောခြိုအုံကြားထဲမှ “ဟိုကေ”၏ ရုပ်ပုံလွှာကို ရေးရေးပါးပါး တွေ့နေရသည်။ အုန်းပင်များ၊ ကွမ်းပင်များ၊ ကွမ်းသီးပင်များ၊ ပိန္နဲပင်များနှင့် ဒညင်းပင်များက ပိုင်သူမဲ့ အထီးကျန်စွာ တိတ်တိတ်ဆိတ်ဆိတ် မားမားရပ်လျက်။ ခြံစည်းရိုးသဏ္ဍာန် ပုံဖေါ်ယူ၍ရရန် သနပ်ခါးစပ်အပင်များ၊ ရွက်လှပန်းပင်များ၊ ဇော်စိမ်းပင်များနှင့် ခြံစည်းရိုးပင်များကို မြင်ခဲ့ရသည်။ လွမ်းစရာ။ သူ့အိမ်၊ သူ့ခြံ၊ သူ့ဝန်းနှင့် နေခဲ့သည့် ရွာကလေး ပျက်စီးခဲ့ရပြီ။ ဆက်ကြည့်ရင်း တွေ့ခဲ့ရသည်က မီးသင့်လောင်မြိုက် ခံထားရသည့် အိမ်တိုင်များ။ ဩော်…သူတို့ “ဟိုကေ”ကို မီးရှို့သတ်ခဲ့ကြတာကိုး။
နအဖနှင့် DKBA စစ်ကြောင်းများ တဖြည်းဖြည်း ပါးလျှကင်းရှင်းလာသည့်အခါ ကစဥ့်ကလျား တောတောင်များအကြား ပုန်းအောင်းပြေးလွှား နေကြသူများ ပြန်လည်စုစည်းပြီး “ဟိုကေ”ကို ရွာပုန်းအဖြစ် ထူထောင်ကြသည်။ ရွာဟောင်းနှင့် ဝေးဝေးလံလံကြီးတော့ မဟုတ်။ တောင်တန်းတကြောအကျော်တွင် ဖြစ်သည်။ သံလွင်နှင့် ပို၍နီးလာသည်။
ဒုတိယ ဟိုကေ ကိုတော့ အသက်ရှင်လျက် မြင်ခဲ့ရောက်ခဲ့ဖူးသည်။ တောင်စောင်းအစောင်းအတိုင်း ကုတ်ကုတ်ကပ်ကပ် ဆောက်ထားသည့် ရွာကလေး။ ခွေးသံ၊ ဝက်သံ၊ ကြက်သံနှင့် မောင်းထောင်းသံများဖြင့် ရွာကလေး။ တောင်ပေါ်ကရင်ကျေးလက်ရနံ့ စူးနစ်နေသည့်ရွာကလေး။ ထိုဒုတိယ“ဟိုကေ”သည်လည်း ၂၀၀၂ ကျောင်းသားတပ်မတော်ကို နအဖစစ်အုပ်စုမှ ထိုးစစ်ဆင်သည့် တိုက်ပွဲတွင် သောင်းကျန်းသူနအဖမှ မီးရှို့ဖျက်ဆီး လိုက်ပြန်သည်။ ရွာသားများကတော့ တော၊ တောင်၊ လျှိုမြောင်များအကြား ပုန်းအောင်း ထွက်ပြေးခဲ့ကာ “ဟိုကေ”ကို ထားခဲ့ရသည်။ ရန်သူစစ်ကြောင်းများ ရှင်းလင်းမှ သံလွင်ကမ်းပါးတွင် ရွာတည်သည်။ ဒီတခါတော့ “ဟိုကေ”ဟု မခေါ်တော့။ ရွာအမည် ပြောင်းသွားသည်။ “မငဲလူ” ဖြစ်သွားသည်။
“ဟိုကေ”ရွာလေး၏ ဖြစ်စဉ်များကို အတိတ်လှန်တူးဆွကြည့်ရင်း ဇာတိချစ်စိတ်ကို ထင်းလင်းမြင်သာ တွေ့ထိလိုက်ရသည်။ “ဟိုကေ”သည် “မငဲလူ” ဘဝထိတိုင် “အခါတရာပျက်၊ အခါတရာတည်ဆောက်” စိတ်ဓာတ်ကို အခိုင်အမာ ထူထောင်သွားခဲ့သည်။ ကရင်အမျိုးသားတို့၏ ဇွဲနှင့် သတ္တိတို့ကိုလည်း တွေ့ရသည်။ ရန်သူများ ရောက်လာသည့်အခါ ရွာသားများပျောက်သွာသည်။ ရန်သူသည် လူသူကင်းမဲ့နေသည့် ရွာအခွံကိုသာ တွေ့ရမည်။ ရန်သူများ ထိုနေရာမှ ထွက်ခွာသွားသည်နှင့် သူတို့ပြန်ရောက်လာကြသည်။ ရွာကို ပြန်တည်ကြသည်။ “ဟိုကေ”က ရန်သူနအဖကို သူ့နည်းသူ့ဟန်ဖြင့် သရော်လှောင်ပြောင် တိုက်ပွဲဝင်နေခြင်းဟုပင် တွေးမိသည်။ ရန်သူစစ်အုပ်စုသည် “ဟိုကေ” ရွာကလေးကိုပင် ပျက်အောင် မဖျက်နိုင်။ ရွာကို ရန်သူစစ်အုပ်စုက မီးရှို့ဖျက်သည်ကို ရွာသားများက စိတ်ဓာတ်မကျ။ အလံမလှဲ။ နည်းပရိယာယ်ကောင်းကောင်းဖြင့် ရန်သူစစ်အုပ်စုကို အံတုတိုက်ပွဲဝင်ခဲ့သည်။
လေးစားမိပါတယ် ရန်ရောက်၊ ငါပျောက်ရွာလေးရယ်…..။

ညိုထက်(လမ်းသစ်ဦး)။

အပြည့်အစုံသို့...

Wednesday 19 March 2008

အင်နဲ့အားနဲ့ ဒုနဲ့ဒယ်နဲ့ မိုးပြိုမြေသိမ့် ကမ္ဘာမြေတုန်သွားအောင် မဲပေးကြစို့

(မောင်ချစ်ခင်)
ဗမာပြည် ပြည်သူများအနေဖြင့် လာမည့်မေလတွင် အားစမ်းပွဲကြီးတရပ်နှင့် ရင်ဆိုင်ရတော့မည်။ (နှိပ်ပြီးဆက်သွားပါ)

အပြည့်အစုံသို့...

အဆင့်တိုင်းမှာရင်ဆိုင်ကြစို့

(ဗသြ)
ဂန်ဘာရီတပ်ခေါက်သွားပြီ နအဖ ဘာတွေစဉ်းစားပြီးလုပ်နေတယ်ဆိုတာ ပေါ်သထက်ပေါ်လွင်လာပြီလို့ပြောနိုင်တယ်။ သူတို့အနေနဲ့ ဂန်ဘာရီမကလို့ ဘန်ကီမွန်းလည်း ဂရုမစိုက်ဘူး ဆိုတဲ့အဓိပ္ပါယ်ကိုဖေါ်ပြလိုက်ပြီပဲ။(နှိပ်ပြီးသက်သွားပါ)

အပြည့်အစုံသို့...

ပြည်တွင်းသို့ပေးစာ(၁)

(ညိုစိန်ဝင်း)
သို့ ကိုတွတ်ရေ...
မိုးသံလေသံကြားပြန်တော့ဆိုသလို နိုင်ငံရေးမိုးလေ၀သအသံတွေ ညံလာပြီပေါ့ဗျာ.... (နှိပ်ပြီးသက်သွားပါ)

အပြည့်အစုံသို့...

Sunday 16 March 2008

ကမ်းစပ်နေခြည်

လမျက်နှာ
မှုံရီဝါ
ကမ္ဘာအပြာ
တခါတစ်ခါ မာယာ။
ပင်လယ်ဟာ
နီဝါပြာထိန်လင်း
ရင်နဲ့ ရင်းတဲ့လှိုင်း
တံပိုးခရာမှုတ်
ဆန့်ထုတ်ပစ်လွှတ်အလင်းတန်း၊

လှိုင်းများ၊ ၀ဲဂယက်များ
ကြမ်းတမ်းလှုပ်ခပ်မရပ်မနား
ကျောက်ဆောင်နဲ့သောင်
တောင်ကမ္ဘားယံနဲ့မုန်တိုင်း
သမိုင်းကားနိဂုံးမချုပ်
ဆုတ်တက်ကစား
ကာလယန္တယား
အရင်းမဲ့သံစဉ်များ
ရသဒုက္ခများနဲ့ခရီးဆက်။

မြဲမြံတဲ့လက်များ
ကျစ်လစ်စွာကိုင်ဆုပ်၊ မဆုတ်မနစ်
ငတ်မွတ်မှုတမ်းခြင်း
ချစ်ခြင်းတို့နီမြန်း
သစ်လွင်ပြည့်သူ့လမ်း
တလှမ်းခြင်း၊ တဆစ်ခြင်းထုဆစ်
ခေတ်သစ်ရနံ့သင်း
ပန်းတခင်းစီ
အဲဒီလမ်း
ကမ်းအလင်းဆီ။ ။

နေလက်
၄၈၂၈ မတ်လ သို့

အပြည့်အစုံသို့...

Friday 14 March 2008

ကြိုးစင်ပေါ်မှ မှတ်တမ်းများ ဂျူးလိယက်ဖူးချစ် (စကားနောက်ဆက်တွဲ)

သတင်းစာလောကမှ အရေးအသားမျိုးပင် ဖြစ်သည်။ သတင်းအချက်အလက်များကို အခြေတည်၍ရေးသော စာဖြစ် သည်။
သို့သော် သတင်းများကို တိုက်ရိုက်ရေးသားဖော်ပြခြင်း မဟုတ်။ ဖွဲ့နွဲ့ထားသည်။ မွမ်းမံထားသည်။ ရသစာပေဆန်သည်။ သို့သော် ရသစာပေလဲ မဟုတ်၊ စာညွှန့်လဲမဟုတ်ဟု စာပေပညာရှင်များက ဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ သတင်းမှတ်တမ်း အရေးအသားသည် အလွန်ထိရောက်သည်။ တိုးတက်သော စာပေများအလည်တွင် စူးရှသော လက်နက်တရပ်လဲ ဖြစ်ပေသည်။
သတင်းစာဆရာ ယူးလိယုစ်ဖူးချစ်သည် သတင်းမှတ်တမ်းများရေးရာ၌ ပြောင်မြောက်သော ကလောင်ရှင်တဦး ဖြစ်လေသည်။ ဤအရေးအသားမျိုး ဖြင့် ပြည်တွင်းရေးရာများကိုလဲ သရုပ်ဖော်ခဲ့သည်။ နိုင်ငံခြားအတွေ့အကြုံများကိုလဲ တင်ပြခဲ့သည်။

“ကြိုးစင်တွင်ရေးခဲ့သောသတင်းမှတ်တမ်း” ကားသူ၏ နောက် ဆုံးလက်ရာဖြစ်သည်။ ထိုစာအုပ်ကို ကြီးမားလှသော အခက်အခဲများအကြား၌ ပြုစုခဲ့သည်။ ကိုယ်တိုင်လဲ ထောင်ထဲသို့ရောက်နေသည်။ လောကကို အကျဉ်းခန်း ထဲမှနေ၍ ကြည့်ရသည်။ သေမင်း၏ ခံတွင်းမှနေ၍ ကြည့်ရသည်။ စာရေးရသည်မှာလဲ မလွယ်လှ။ အပြင်မှ ခိုးသွင်းလာသော စက္ကူအပိုင်းအစကလေးများပေါ်တွင် တိတ်တဆိတ်ရေးသည်။ မိသွားလျှင် သူသာမက၊ သူ့ကို ကူညီနေကြသောသူများပါ သေဒဏ်အထိ မျှော်လင့်နိုင်ကြသည်။ ထိုအခြေအနေများတွင်မှပင် ကမ္ဘာ့ စာပေအတွက် တန်ဘိုးရှိလှသော စာအုပ်တအုပ် ပေါက်ဖွားလာလေသည်။
စာအုပ်မှာ များစွာရှည်လျားသည်မဟုတ်၊ သို့သော် အချို့သောအခဏ်းများကို အကျယ်ချဲ့၍ စာအုပ် လေးငါးတွဲ ရေးနိုင်သည်။ တချို့သော ၀ါကျများ ကိုအခြပြု၍ ၀တ္ထုရှည်ကြီးများ ရေးနိုင်သည်။ အချို့သော စာပိုဒ်တို့မှာ ကျမ်းပြုလောက်သည်။ အချို့သော စာလုံးတို့ကိုလဲ ကဗျာဖွဲ့နိုင်သောအင်အား ပါရှိလေ သည်။ ဤမျှအောင်မြင်ရသည်မှာ ဖူးချစ်၏ ကလောင်စွမ်းကြောင့်လဲ ပါသည်။ သူ၏ အတွေ့အကြုံလဲ ပါသည်။ သို့သော် အဓိကအကြောင်းရင်းကား ပြင်းထန်သည့် ဖောက်ပြန်ရေးမုန်တိုင်းအလည်တွင် ပြတ်သားသောယုံကြည်ချက်၊ ထင်ရှားသော နိုင်ငံရေးသတ္တိတို့ဖြင့် ကြံ့ကြံ့ခံနေပုံကို သရုပ်ဖော်နိုင်သောကြောင့် ဖြစ်သည်ဟု ထင်မိသည်။
ထို့ကြောင့် ဤသတင်းမှတ်တမ်းကို ရေးသားပုံ၊ ဖွဲ့နွဲ့ပုံနှင့် ပတ်သက်၍လဲ လေ့လာအပ်သည်။ သို့သော် အထူးသဖြင့် အခက်အခဲများ ကြုံနေသည့်အခါ ၌ လူ၏သတ္တိ၊ လူ၏ ကျက်သရေတို့ကို မည်သို့ စောင့်ထိန်းရာသည်ဟူသော ဘက်မှနေ၍လဲ လေ့လာအပ်သော စာအုပ်တအုပ်ဖြစ်ပေသည်။
ယူးလိယစ်ဖူးချစ်အား ဂျာမန်နာဇီများက သတ်ဖြတ်ပစ်ခဲ့ကြသည်။ သို့သော် ချက်ကိုစလိုဗားကီးယားပြည် တပြည်လုံးတွင် ဖူးချစ်သည် အသက်ရှင်၍ နေသည်။ စက်ရုံများ၊ သင်္ဘောများ၊ ဥယျာဉ်များ၊ လမ်းများ၊ ကျောင်းသားအသင်းများ၊ အလုပ်သမားအဖွဲ့များသည် ဤသူရဲကောင်း၏အမည်ကို ခံယူထားကြသည်။ ဖူးချစ်၏ စာအုပ်များသည် သောင်းနှင့်သိန်းနှင့်ချီ၍ ပျံ့နှံ့နေသည်။ ကဗျာဆရာ၊ ဂီတဆရာ၊ ပြဇာတ်ဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ပညာသည်များနှင့် သိပ္ပံပညာရှင် များပင် သူ၏အမည်ကို ကျူးရင့်တင်စားနေကြသည်။ လူငယ်တို့သည် ဖူးချစ်၏တံဆိပ်ကို ရင်ဘတ်တွင် တပ်ဆင်ထားကြသည်။
ထိုမျှသာမက ဖူးချစ်၏အမည်မှာ ချက်စကိုဗားကီးယားပြည်၏ နယ်စပ်ကိုကျော်လွှားလျက်၊ ကမ္ဘာအနှံ့အပြားသို့ ရောက်ခဲ့ပြီ။ ဆိုဗီယာက်ယူနီယံမှ နယူးဇီလန်အထိ၊ ပြင်သစ်ပြည်မှ အင်ဒိုနီးရှားအထိ၊ ဘူလ်ဂေးရီးယား၊ ရူမေးနီးယား၊ ဗီယက်နမ် ပြည်များသာမက၊ မက္ကဆီကို၊ အာဂျင်တီးနားပြည်များပါမကျန် ပျံ့နှံ့ခဲ့လေပြီ။ “ကြိုးစင်တွင် ရေးခဲ့သော သတင်းမှတ်တမ်း” ကို ဘာသာပေါင်း ၈၂ ဘာသာအထိ ပြန်ဆိုပြီးလေပြီ။ မျက်မမြင်စာလုံးများဖြင့်ပင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီ။ ကိုရီးယားစစ်သည်တော်များသည် စစ်ချီယင်းဤစာအုပ်ကို ဖတ်ခဲ့ကြသည်။ ချီလီပြည်မှ ကဗျာဆရာကြီး ပါဘလိုနဲရုဒါးသည် ဖူးချစ်အတွက် ကဗျာရှည်ကြီးရေးစပ်ခဲ့သည်။ တရုတ်ပြည်တွင် ဖူးချစ်အကြောင်းပြဇာတ်ကို ရုံတင်ပြသခဲ့သည်။ ဖောက်ပြန်သော အစိုးရတိုင်း ဤစာအုပ်ကို ကြောက်ရွံ့ကြသည်မှာ မထူးဆန်းပေ။ ဖက်ဆစ်များအုပ်စိုးနေသည့် စပိန်လိုတိုင်းပြည်မျိုးတွင် ဤစာအုပ်ကို လျှို့ဝှက်စွာ ထုတ်ဝေဖတ်ရှုကြရသည်။ အချို့တိုင်းပြည်များတွင် မြေအောက်တပိုင်း ဖြန့်ချိကြရသည်။ လူအပေါင်းတို့၏ လွတ်မြောက်ရေးကို ရှေ့ရှုနေသော ဆိုဗီယက်ယူနီယံတွင်ကား မြင့်မားသောတောင်ကြီးတလုံးကို ယူးယိလုစ်ဖူးချစ် ဟု အမည်ပေးထားလေသည်။
ယူးလိယုစ်ဖူးချစ်သည် တကမ္ဘာလုံးက ၀ိုင်း၍ ချစ်ခင်လေးစားခြင်းကို တကယ်ပင် ခံယူထိုက်သော သူတယောက်ဖြစ်ခဲ့လေသည်။ သူသည် ဘ၀ကိုချစ်ခဲ့သည်။ လူကို ချစ်သည်။ လူအပေါင်းတို့ ပျော်ပျော်ရွှင်ရွှင် နေကြသည်ကို မြင်လိုသည်။ လူတို့သည် လူဟူသော ကျက်သရေအပြည့်အ၀ဖြင့် လောကကြီး၏ တိုးတက်မှုအတွက် အလုပ်လုပ်နိုင်ကြရန် စေတနာထားခဲ့သည်။ လူ၏တိုးတက်မှု၊ လူ၏ကျက်သရေ၊ လူ၏ဘ၀တို့ကို တားဆီးချိုးနှိမ်ထားသော လူလူချင်း အညွန့်ခူးမှု၊ သွေးစုတ်မှုတို့ကို မုန်းတီးခဲ့သည်။ ထို့ကြောင့်လဲ အရင်းရှင်စနစ် ဖက်ဆစ်တို့ကို တိုက်ခိုက်ခဲ့သည်။ ချက်နှင့်စလိုဗက်အမျိုးသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သည်။ တကမ္ဘာလုံးရှိ လူအပေါင်းတို့၏ အနာဂတ်အတွက် အသက်ပေးခဲ့လေသည်။
ဖူးချစ်အား ရှာမှရှားသည့် သူရဲကောင်းတယောက်ဟု တင်စားလိုက်လျှင်ကား၊ ခုတ်ရာတခြား ရှရာတခြားဖြစ်သွားပေလိမ့်မည်။ ထိုသို့ အယူလွဲသော သူများသည် ဤစာအုပ်ကို တခေါက်ပြန်၍ ဖတ်ရန်လိုပေလိမ့်မည်။ ယုတ်စွအဆုံး အခဏ်း ၅ မှ ပမာဏစကားများကို ပြန်၍ကြည့်သင့်သည်။ အမှန်မှာ ဖူးချစ်သည် သူရဲကောင်းအမြောက်အများကို ကိုယ်စားပြုသူဖြစ်လေသည်။ သူသည် ချက်ကိုစလိုဗက် တပ်သားကောင်းများကိုလဲ ကိုယ်စားပြုသည်။ နိုင်ငံတကာမှ တပ်သားကောင်းများကိုလဲ ကိုယ်စားပြုသည်။ ဗမာပြည်နှင့်ပင် ဆက်စပ်၍ ကြည့်နိုင်သေးသည်။ ဥပမာ ချက်နှင့်စလိုဗက်လူမျိုးများက ဂျာမန်နာဇီများကို ဆန့်ကျင်တိုက်ဖျက်နေကြသော အချိန်တွင် ဗမာအမျိုးသားများသည်လဲ ဂျပန်ဆက်စစ်များကို တော်လှန်တိုက်ခိုက်နေခဲ့ကြသည် မဟုတ်ပါလော။
ဤသို့သာ ဆက်စပ်၍မနေက၊ ချက်နှင့်စလိုဗက်များမှလွဲ၍ ဖူးချစ်ကို မည်သူမျှနားလည်နိုင်မည် မဟုတ်ပေ။ ယခုသော် ဖူးချစ်သည် ကမ္ဘာသူ ကမ္ဘာသားများ၏ သူရဲကောင်းဖြစ်လာသည်။ ကြိုးစင်တွင်ရေးခဲ့သော သတင်းမှတ်တမ်းမှာလဲ တော်လှန်ရေးသမားများ၏ ဘုံပစ္စည်းဖြစ်လာပေသည်။
……. ……. ……. ……. ……. ……. ……. ……. ……. ……. …….
ယူးလိယုစ် ဖူးချစ်သည် လူမွဲမျိုးရိုးမှ ဆင်းသက်လာခဲ့သည်။ ဖခင်မှာ အလုပ်သမားတယောက်ဖြစ်လျက်၊ မိခင်မှာ အပ်ချုပ်သည်ဖြစ်သည်။ ၁၉၀၃ ခု နှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပရာဟာမြို့တော်၊ စမီးခေါ့ဗ်အရပ်၌ ယူးလိယုစ်ဖူးချစ် ဖွားမြင်လာခဲ့လေသည်။
မိဘများမှာလဲ အလုပ်သမားများဖြစ်လျက် ပတ်ဝန်းကျင်မှာလဲ အလုပ်သမား ပတ်ဝန်းကျင်ဖြစ်ခဲ့ရကား ဖူးချစ်သည် ပစ္စည်းမဲ့တို့၏ ဘ၀ကိုကောင်းစွာ သဘောပေါက်ခဲ့လေသည်။ ပရာဟာမြို့မှ ပလ်ဇဲည်မြို့သို့ ရွေ့ပြောင်းသွားသည့်အခါ၌လဲ အလုပ်သမားအိမ်ထောင်များ၏ ဒုက္ခများကို ကိုယ်တွေ့မျက်မြင် ခံစားခဲ့ရ လေသည်။
ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါတွင် ငယ်ငယ်ရွယ်ရွယ်နှင့် ငတ်ပြတ်သောအရသာကို ကြုံတွေ့လာရသည်။ အလုပ်သမားများ အဖိနှိပ်ခံရ ခြင်းကို မြင်လာရသည်။ တခါ ငတ်ပြတ်နေသောခလေးများသည် အစားအသောက်များ တင်ဆောင်လာသည့် စစ်ကားများကိုဝင်၍လုကြရာ စစ်သားများက ခလေး လူမမယ်များကို ပစ်သတ်ခဲ့ကြသည်။ သို့ဖြင့် မိမိ၏မျက်မှောက်၌ သူငယ်ချင်းငါးယောက် အသက်ပျောက်သွားကြသည်ကို ယူးလိယုစ်ဖူးချစ် တွေ့မြင်ခဲ့ရလေသည်။
ယူးလိယုစ်သည် စာရေးစာဖတ် ၀ါသနာပါသည်။ ထို့ကြောင့် စာအမြောက်အများ ဖတ်သည်သာမက လက်ရေးမဂ္ဂဇင်းကလေးများပင် ရေးနေခဲ့သည်။ ပတ်ဝန်းကျင်ကိုလဲ စူးစူးစိုက်စိုက် အကဲခတ်လေ့ရှိသဖြင့် ထိုခေတ်က ပြဿနာများကို နားလည်နိုင်ခဲ့သည်။ အချိန်မှာ ချက်နှင့်စလိုဗတ်အမျိုးသားများအနေဖြင့် သြစတြီးယား - ဟန်ဂေရီ အင်ပါယာ၏ လက်အောက်သို့ ကျရောက်နေသော အချိန်ဖြစ်သည်။ အလုပ်သမားများနှင့် တိုင်းသူပြည်သားများက လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို တောင်းဆိုနေကြသည်။ အောက်တိုဘာတော်လှန်ရေးကြီး၏ ဂယက်ရိုက်နေသဖြင့်လဲ ဆိုရှယ်လစ်တိုင်းပြည် တည်ထောင်ရေးအတွက် ကြွေး ကြော်နေကြသည်။ နောက် ချက်ကိုစလိုဗတ်ကီးယားပြည် လွတ်လပ်ရေးရလာသည်။ ချက်ကိုစလိုဗတ်ဓနရှင်များက အာဏာသိမ်းပိုက်လိုက်ကြသောအခါတွင် အလုပ်သမားများက ဤသမတနိုင်ငံသည် မိမိတို့ကြိုးစားပန်းစား တိုက်ပွဲဝင်တောင်းဆိုခဲ့သော သမတနိုင်ငံမဟုတ်ဟု ကန့်ကွက်နေကြလေသည်။
ယူးလိယုစ်သည် အစဉ်သဖြင့် တော်လှန်ရေးဘက်တွင် ကြံ့ကြံ့ခိုင်ရပ်တည်နေခဲ့သည်။ ရုရှားတော်လှန်ရေးကို ထောက်ခံယုံကြည်ခဲ့သည်။ အလုပ်သမား လူတန်းစားဘက်သို့ အမြဲလိုက်သည်။ ၁၉၂၁ ခုနှစ်သို့ ရောက်သောအခါတွင် ဆိုရှယ်ဒီမိုကရက်များသည် ပုလိပ်လှံစွပ်များ နောက်မှနေ၍ ပြည်သူ့အရေးတော်ပုံကို သစ္စာဖောက်လိုက်ကြလေသည်။ ထိုအချိန်တွင် ကွန်မြူနစ်ပါတီပေါ်ပေါက်လာသည်။ ၁၈ နှစ်သား ယူးလိယုစ်ဖူးချစ်လဲ ပါတီဝင်တယောက် ဖြစ်လာလေသည်။ ပါတီအတွင်း အချောင်သမားများကတဘက်၊ ဘော်လ်ရှီဗစ် ကွန်မြူနစ်များကတဘက် တိုက်ပွဲဖြစ်ပေါ်လာသည့် အခါ၌လဲ ဖူးချစ်သည် မှန်ကန်တော်လှန်သော လမ်းစဉ်ကို လိုက်ခဲ့လေသည်။
တက္ကသိုလ်ကျောင်းတက်စဉ် ငွေရေးကြေးရေး ချို့ငဲ့သဖြင့် စာသင်ပြခြင်းဖြင့်တမျိုး၊ တိုက်ဆောက်ရာနေရာများ၌ အလုပ်ကြမ်းဝင်လုပ်ခြင်းဖြင့်တဖုံ အလုပ်လုပ်နေခဲ့ရသည်။ စာနယ်ဇင်းများတွင် ဆောင်းပါးများ ရေးခြင်းဖြင့်လဲ ငွေဝင်လမ်းရှာခဲ့သည်။ ကွန်မြူနစ်ပါတီ ဗဟိုသတင်းစာ ရူဒပရားဗောတွင်လဲ သဘင် နှင့် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများ ရေးသားခဲ့သည်။ နောင်သော် နာမည်ကျော် တဗောရဘာဂျာနယ်ကို ကြီးကြပ်ထုတ်ဝေခဲ့လေသည်။
၁၉၃၀ ခုနှစ်တွင်ကိုယ်စားလည်အဖွဲ့တဖွဲ့နှင့် ဆိုဗီယက်ယူနီယံသို့ရောက်ရှိသွားသည်။ ပြန်လာသောအခါတွင် “နံနက်ဖြန်သည် ယမန်နေ့ဟုအဓိပ္ပာယ် ပေါက်နေပြီဖြစ်သော တိုင်းပြည်” ဟူသည့် သတင်းမှတ်တမ်းစာအုပ်ကို ရေးသားထုတ်ဝေသည်။ ဆိုဗီယက်ယူနီယံအကြောင်း သတင်းမှန်များဖြန့်ဖြူးမှုအတွက် ထောင်အကြိမ်ကြိမ်ကျ၊ သတင်းစာ အကြိမ်ကြိမ်အပိတ်ခံရသည်။ ၁၉၄၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံသို့ ရူဒဲပရားဗော သတင်းထောက်အဖြစ် လျှို့ဝှက်စွာ သွား ရောက်လျက်၊ ၂ နှစ်ကြာမျှ နေထိုင်ခဲ့သည်။ ပြန်လာသောအခါတွင် အဆိုပါသတင်းစာ၏ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့လေသည်။
အချိန်မှာ ပြည်တွင်း၌ အလုပ်လက်မဲ့များ တောင်လိုပုံနေသည်နှင့်အမျှ လူများလဲ ငတ်ပြတ်နေသောကာလ ဖြစ်လေသည်။ အိမ်နီးချင်း ဂျာမဏီပြည် ၌လဲ ဟစ်တလာ၏ ဖက်ဆစ်နာဇီများအာဏာရ၍ ချက်ကိုစလိုဗားကီးယားကို သိမ်းမည်တကဲကဲ ခြိမ်းချောက်နေကြသော အခါလဲ ဖြစ်လေသည်။
နောက် ဗြိတိသျှနန်းရင်းဝန်ကြီး ချိဘာလိန်နှင့် ပြင်သစ်ဝန်ကြီးချုပ် ဒလဲဒီးယားတို့က ငြိမ်းချမ်းကို ကာကွယ်ရန်ဟူသော ရှင်းလင်းချက်ဖြင့် ဟစ်တလာ တောင်းဆိုသော မြူးနစ်စာချုပ်ကို လက်မှတ်ထိုးလိုက်ကြသည်။ ချက်ကိုစလိုဗတ်ဓနရှင်များကလဲ တိုင်းပြည်ကို သစ္စာဖောက်လိုက်ကြသည်။ ဟစ်တလာကလဲ ချက်ကိုစလိုဗားကီးယားပြည်ကို သိမ်းပိုက်လိုက်လေသည်။
ထိုအချိန်မှစ၍ ယူးလိယုစ်ဖူးချစ်သည် အခြားကွန်မြူနစ်များ၏နည်းတူ မြေအောက်လျှို၍ နေခဲ့ရသည်။ အစပိုင်းတွင် စာပေနှင့်ရာဇ၀င်ဆိုင်ရာ လေ့ လာစာများ ရေးနေခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မြေအောက်သို့ရောက်နေသော ကွန်မြူနစ်ပါတီ၏ ပထမဗဟိုကော်မတီကို နာဇီများက ဖမ်းမိသွားသည့်အခါတွင် ဗဟို ကော်မတီအသစ်တခုကိုဖွဲ့ရသည်။ ဖူးချစ်သည် အခြားရဲဘော်များနှင့်လက်တွဲ၍ တော်လှန်ရေးအလံကို မြှင့်တင်ထားခဲ့လေသည်။
၁၉၄၂ ခုနှစ် ဧပြီလတွင် ယူးလိယုစ်ဖူးချစ် အဖမ်းခံရလေသည်။ ရက်ရက်စက်စက် အညှဉ်းပမ်းခံရသည်။ သို့စဉ်လျက် အောင်ပွဲတွင် ခိုင်ခိုင်မြဲမြဲယုံ ကြည်ခဲ့သည့်အတိုင်း ဒူးမထောက်ခဲ့၊ အရှုံးမပေးခဲ့။ ထိုမှ ကြပ်တည်းသောအချိန်၌ပင် “ကြိုးစင်တွင် ရေးခဲ့သော မှတ်တမ်း” ကို လျှို့ဝှက်စွာ ရေးသားခဲ့လေသည်။
၁၉၄၃ ခုနှစ် သြဂုတ်လတွင် သူ့အား ဘာလင်မြို့၌ ရုံးတင်စစ်ဆေးကာ သေစားသေစေ အမိန့်ချမှတ်ခဲ့ကြသည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် ကွပ် မျက်ခြင်း ခံရသည်။ ယူးလိယုစ်ဖူးချစ်ကား နောက်ဆုံးအချိန်အထိ ခိုင်မာသောသူရဲကောင်း ပီသခဲ့လေသည်။ ကမ္ဘာ့ပစ္စည်းမဲ့တို့၏ “အင်တာနေရှင်နယ်” သီချင်း ကြီးကို သီဆိုယင်း ကွပ်မျက်ရာနေရာသို့ ရဲဝံ့စွာလျှောက်သွားခဲ့လေသည်။
…………………………………. ……………………………………. …………………………………….. ………………………..
သူရဲကောင်း။
ကျနော်တို့၏ ဗမာပြည်သမိုင်းတွင် သူရဲကောင်းနှင့် ပတ်သက်သော သဘောတရားများကို ရှာ၍တွေ့နိုင်သည်။ အာဇာနည်သူရဲကောင်းရွေးပွဲများပင် ကျင်းပခဲ့ဖူးသည်။ လက်ဖျားထိပ်တွင် အပ်နှင့်အစိုက်ခံဝံ့သောသူကို သူရဲကောင်းဟုခေါ်လျက် မိမိ၏၀မ်းကို မိမိခွဲကာ အူများဆွဲထုတ်ပြသူကို လူမိုက်ဟုခေါ်ခဲ့ကြ သည်။ အမှန်အားဖြင့် ကြမ်းကြုတ်သော လူမိုက်နှင့်သတ္တိရှိသော သူရဲကောင်းကို ခွဲခြား၍ မြင်တတ်ရန်လိုပေသည်။ ယင်းသို့သာ မခွဲခြားတတ်လျှင် တိုက်ရဲ၊ ခိုက်ရဲ၊ ရိုက်ရဲသော လူမိုက်တိုင်းကို သူရဲကောင်းဟု ခေါ်နေကြရပေလိမ့်မည်။ ဘာလုပ်၍ ဘာကိုင်ရနေမှန်းမသိဘဲ တိုက်ပွဲတွင်းသို့ပြေးဝင်ကာ သတ်ရဲ ဖြတ်ရဲသည့် မျက်စိ ကန်း တိုက်ရဲခိုက်ရဲသူတိုင်းကို သူရဲကောင်းဟု ခေါ်နေကြရပေလိမ့်မည်။
ယူးလိယုစ်ဖူးချစ်တွင်လဲ သူရဲကောင်းနှင့်ပတ်သက်သော အယူအဆ သဘောထားများ ရှိခဲ့လေသည်။
၁၉၄၃ ခုနှစ်တွင် ရေးခဲ့သော ဆောင်းပါးတပုဒ်၌ “သူရဲကောင်းဆိုသည်မှာ အဆုံးအဖြတ်ပေးမည့်အချိန်၌ လူ့အဖွဲ့အစည်းကြီးတခုလုံး၏ အကျိုးရှိမှုသို့ ရှေ့ရှုမည့်တာဝန်ကို အချွန်းအချန်မရှိ စွန့်စား၍ ထမ်းဆောင်ရဲသောသူကို ဆိုလိုသည်” ဟု အပိုဒ်တိုင်း အပိုဒ်တိုင်းကို ရှင်းလင်းဆွေးနွေးယင်း ရှင်းတမ်းဖွင့်ခဲ့လေ သည်။ မှန်သည်။ စွန့်စားခဏ်းကိုလဲ ကြည့်ရမည်၊ ဘာ့ကြောင့်စွန့်စားရသည်ဟူသော ဇစ်မြစ်ကိုလဲ ကြည့်ရမည်။ “လူ့အဖွဲ့အစည်းကြီး တခုလုံး၏ အကျိုးရှိမှု” ဟူ သော အပိုဒ်ကို အထူးအာရုံစိုက်ရပေလိမ့်မည်။
မိမိ၏ ရှင်းတမ်းအတိုင်း ယူးလိယုစ်ဖူးချစ်သည်လဲ လူ့အဖွဲ့အစည်းကြီးတခုလုံး၏ အကျိုးရှိမှုအတွက် အသက်ပါမချန် စွန့်စားယင်း အဆုံးသတ်အထိ တိုက်ပွဲဝင်ခဲ့လေသည်။
ထောင်တွင်းမှနေ၍ အသက်နှင့်ခန္ဓာတွဲလျက်သား လွတ်မြောက်ရန်လမ်းမရှိသော အချိန်၌ပင် ဖူးချစ်သည် လူ့ကျက်သရေကို ထိန်းသိမ်းတတ်သည်။ “ကြိုးစင်တွင်ရေးခဲ့သော သတင်းမှတ်တမ်း” ကို ဖတ်ကြည့်သူတိုင်းသည် ကြီးမားလှသော သူ၏သတ္တိ၊ သူ၏ခွန်အားတို့အပေါ် တအံ့တသြဖြစ်ကြရသည်။
သူသည် ကျဉ်းကြပ်လှသော ထောင်ဘ၀တွင် မြက်ပင်ကလေးတပင်၊ ပေါင်မုန့်ကလေးတလုံး၊ စီးကရက်လေးတရှိုက်ကိုပင် ကြီးမားလှသော လူ့ သဘာဝများအဖြစ် မြင်တတ်သည်။ တချိန်တည်း၌ပင် သူ့အား ရိုက်ပုတ်စော်ကားနေကြသည့် ပုလိပ်များကို သနားစရာသတ္တ၀ါများအဖြစ် မြင်တတ်သည်။ ရာထူး တံဆိပ်များဖြင့် ၀င့်ကြွား၍နေကြသော အရာရှိများကို သရော်စရာ၊ ရယ်စရာဟု မြင်တတ်သည်။ ပုဒ်ထီး ပုဒ်မများဖြင့် အလုပ်ရှုပ်နေကြသော တရားသူကြီးများ၏ “ကိုယ်တွင်း၌ သွေးဟူ၍မရှိ၊ ဟင်းချိုရည်ကျဲကလေးသာရှိသည်” ဟု ပြောတတ်သည်။ မိမိအား ဂက်စတာပိုများက ဖမ်းချုပ်၍ စစ်ဆေးနေသည့်အချိန်၌ပင် အဆိုပါ ဂက်စတာပိုတို့သည် တနေ့ ပြည်သူ့ရုံးတော်၏ရှေ့တွင် အစစ်ခံကြရလိမည့်ဟု တထစ်ချ ယုံကြည်နေခဲ့လေသည်။
နာဇီများစစ်ရှုံး၍ ဆိုဗီယက်တပ်နီတော်က ဘာလင်မြို့ကို သိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင် ယူးလိယုစ်ဖူးချစ်၏ အမှုတွဲကိုတွေ့ရှိကြရလေသည်။ နာဇီများက ဆင်လုံးထုတ်ရန် ဖူးချစ်ကို ရုံးတင်စစ်ဆေးခဲ့ကြသည်။ သို့သော် ရုံးခန်းထဲတွင် ယူးလိယုစ်ဖူးချစ်မှာ တရားခံဘ၀မှနေ၍ တရားလိုဖြစ်နေခဲ့သည်။ အမှန် တရားဘက်မှ ပြည်သူလူထုဘက်မှနေ၍ ဖောက်ပြန်ရေးသမား၊ ဖျက်ဆီးရေးသမားတို့အပေါ် စွဲချက်တင်၊ စီရင်ချက်ချခဲ့လေသည်။
“ချက်ကိုစလိုဗားကီးယားသမတနိုင်ငံမှာ ကျုပ်ကွန်မြူနစ်တယောက်ဖြစ်ခဲ့တာဟာ အရင်းရှင်စနစ်ကို မလိုလားလို့ပဲ။ ဒီစစ်ကြီးပြီးတဲ့အခါ ခေတ်သစ် ကြီးတခေတ် ပေါ်ထွန်းလာလိမ့်မယ်လို့ တထစ်ချ ယုံကြည်တယ် …” ဟူ၍ ရဲရဲဝံ့ဝံ့ ထွက်ဆိုခဲ့သည်။ ထိုမျှမကသေး။
“အခု ခင်ဗျားတို့က ကျုပ်အပေါ် စီရင်ချက်ချကြတော့မယ်။ ကျုပ်သိပါတယ်။ လူတယောက်အပါ် သေစားသေစေတဲ့။ ဒါပေမဲ့ ခင်ဗျားတို့အပေါ် ကျုပ် စီရင်ချက်ချထားတာကတော့ ကြာလှပြီ။”
“ဖက်ဆစ်စနစ် သေဆုံးပါစေ။”
“အရင်းရှင် ကျွန်စနစ် သေဆုံးပါစေ။”
“ဘ၀ဟာ လူတွေအတွက် ဖြစ်ရမယ်။”
“အနာဂတ်ဟာ ကွန်မြူနစ်စနစ်အတွက် ဖြစ်ရမယ်” ဟူ၍လဲ စီရင်ချက်များ ချခဲ့လေသည်။
ယုံကြည်ချက်ပြင်းထန်သော ယောက်ျားကောင်း တယောက်ဖြစ်လေသည်။
ယူးလိယုစ်ဖူးချစ်ကား မိမိ၏အမျိုးကို ချစ်ခင်သည်။ မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးသည်။ ဤစာအုပ်ထဲ၌ပင် စာပေဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ပြ ဿနာများကို မဆွေးနွေးဘဲ မနေနိုင်သည့်အထိဖြစ်သည်။ သို့သော် သူ၏ မျိုးချစ်စိတ်ကား ရွေးချယ်စီစစ်မှုမရှိသည့် တမျိုးချစ်စိတ်မဟုတ်ပေ။ ကိုယ့်လူမျိုးတမျိုး တည်းကိုသာ ချစ်တတ်လျှင် ဤမျှမွန်မြတ်သော စာအုပ်မျိုးကို ရေးနိုင်ခဲ့မည်မဟုတ်ပေ။ အမှန်အားဖြင့် ဖူးချစ်သည် ချမ်းသာသော လူတဆုပ်နှင့် မွဲတေနေသော လူထုကြီးကို ခွဲခြား၍ကြည့်ခဲ့သည်။ အလုပ်သမား၊ လယ်သမားများနှင့် လူမွဲများသာလျှင် ယူးလိယုစ်ဖူးချစ်၏ အမျိုးဖြစ်သည်။ ချက်ဓနရှင်တို့ကား သူ၏ ရန်သူများ သာ ဖြစ်ခဲ့လေသည်။
နိုင်ငံတကာမှ အဖြစ်အပျက်များ၊ လှုပ်ရှားမှုများကို လေ့လာခဲ့ရာ၌လဲ ကမ္ဘာ့ပစ္စည်းမဲ့များ၏ဘက်မှ ရပ်တည်နေခဲ့သည်။ ဘာလင်မှ အလုပ်သမားများ၊ မဒရစ်မှ သမတနိုင်ငံဘက်တော်သားများ၊ ဘရက်တာည်မှ ပြင်သစ်တံငါသည်များ အစရှိသောသူများနှင့် တသွေးတည်း၊ တသက်တည်း လက်တွဲနေခဲ့သည်။ ရဲရဲတောက်သော ကမ္ဘာ့တော်လှန်ရေးလှိုင်းများမှလဲ နိုင်ငံရေးယုံကြည်ချက်နှင့် သတ္တိတို့ကို လက်ခံပျိုးထောင်နေခဲ့သူ ဖြစ်လေသည်။
အဟောင်းကို တိုက်ခိုက်၍ အသစ်ကိုမျှော်နေသည့်အခါတွင် ယူးလိယုစ်ဖူးချစ်သည် ဆိုဗီယက်ယူနီယံကို စံပြတိုင်းပြည်အဖြစ် မှန်ကန်စွာ မြင်တွေ့ခဲ့ လေသည်။ အမှန်အားဖြင့် ထိုခေတ်အခါက ဆိုဗီယက်ယူနီယံမှာ ယခုခေတ် ဆိုဗီယက်ယူနီယံနှင့် ကွာခြားလှသည်။ အစားအသောက် အနေအထိုင် များစွာမ ချောင်လည်လှသော တိုင်းပြည်ဖြစ်နေသေးသည်။ မြေစမ်း၍ ခရမ်းပျိုးနေရသည်ဖြစ်၍ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရသည်။ သို့သော ဖူးချစ်မှာ အပေါ်ယံ ကို အရသာခံသူမဟုတ်၊ နက်ရှိုင်းစွာ လေ့လာတတ်သူဖြစ်၍ ဆိုဗီယက်ယူနီယံ၏ မှန်ကန်မှုများ၊ အစွမ်းအင်အားများကို နားလည်ခဲ့သည်။ တောက်ပြောင်သော အ ကာများဖုံးလွှမ်းထားသည့် ဂျာမဏီပြည်စသော အနောက်နိုင်ငံတို့ကို အားမကျဘဲ အနှစ်သာရအရ ခိုင်မာလှသော ဆိုဗီယက်လမ်းစဉ်ကိုသာ ယုံကြည်ခဲ့လေသည်။
ဖူးချစ်၏ အယူအဆအရ လူပုဂ္ဂိုလ်သည် အဖွဲ့အစည်း၏ တစိတ်တပိုင်းဖြစ်သည်။ ထို့အတွက်ကြောင့်လဲ လူပုဂ္ဂိုလ်သည် လူ့လောက၏ တပ်ချီပွဲတွင် နက်နက်နဲနဲပါဝင်ရမည်ဖြစ်လေသည်။ ထို့ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုတို့၏ လွတ်မြောက်ရေးတိုက်ပွဲကို ပွဲကြည့်သမားအနေနှင့်သာ အားမပေးလိုဘဲ သူ ကိုယ်တိုင်လဲ ၀င်ရောက်၍ တာဝန်ထမ်းဆောင်ခဲ့သည်။ တိုင်းပြည်၏ တပ်ဦးတွင် ရပ်တည်နေသော ကွန်မြူနစ်ပါတီသို့ ၀င်ရောက်ကာ တော်လှန်ရေး၊ တိုးတက် ရေးတို့အတွက် ကိုယ့်အုတ်တချပ်ကို ကိုယ်သယ်ခဲ့လေသည်။
………………………………… ………………………………………………… ………………………………………………….
ဖူးချစ်ကဲ့သို့သော ကွန်မြူနစ်မျိုးကို ရန်သူတို့က စက်ဆုတ်ကြသည်မှာ အဆန်းမဟုတ်ပေ။ ထို့ကြောင့်လဲ သူ့အား ဖျောက်ဖျက်ပစ်လိုကြသည်။ သို့ သော် ကွန်မြူနစ်တယောက်အား ဖျောက်ဖျက်ပစ်ရန်အတွက် အကောင်းဆုံးသောနည်းလမ်းကား သေဒဏ်ပေးခြင်းမဟုတ်ပေ။ ထိုအကြောင်းကြောင့် ရန်သူတို့ သည် ဖူးချစ်အား ဂုဏ်ကျက်သရေနိမ့်ကျသွားရန် သစ္စာဖောက်ဘ၀သို့ ရောက်သွားရန် လက်ကိုင်ဒုတ်ဘ၀သို့ ပြောင်းသွားရန် အားထုတ်ကြသည်။ လူကို ရက်စက် စွာညှဉ်းပမ်းကြသည်။ ကိုယ်ခန္ဓာကိုသာမက၊ ထို့ထက်ဆိုးဝါးသော နည်းစနစ်အရ စိတ်ကိုလဲ ညှဉ်းပမ်းခဲ့ကြသည်။ သို့စဉ်လျက် ဖူးချစ်က ဒူးမထောက်ခဲ့သောအခါ တွင် အကြီးဆုံးသော အပြစ်ဒဏ် - ဒါးသွားဖြင့် ခေါင်းဖြတ်သတ်ခြင်းကို ပေးခဲ့ကြလေသည်။
လူ၏အသက်ကိုကား သတ်ဖြတ်နိုင်ကြသည်။ လူ၏ဂုဏ်ကျက်သရေကိုကား မချိုးနှိမ်နိုင်ကြ။ “လူဆိုတာ ခေါင်းတလုံးပြတ်သွားရင်တောင်မှ ကျက်သ ရေလျော့သွားတတ်တဲ့ အစားမျိုးမဟုတ်ပါဘူး” ဟု ဖူးချစ်ကိုယ်တိုင် ရေးသားခဲ့ဘူးလေသည်။
ဖူးချစ်သည် အမှန်တရားဘက်၌ ရပ်တည်နေခဲ့သည်။ လူတို့အချင်းချင်း ချစ်ကြည်ရေး၊ ပျော်ရွှင်ရေး၊ ငြိမ်းချမ်းရေးတို့ကို တောင့်တခဲ့သည်။ လူလူချင်း သွေးစုပ်မှုများရှိနေသမျှကာလပတ်လုံး စစ်များဖြစ်ပွားနေမည်သာ ဖြစ်သည်။ စစ်များဖြစ်နေသမျှကာလပတ်လုံး မေတ္တာတရားသည် ကမ္ဘာအပြည့် လွှမ်းမိုးနိုင်လိမ့် မည် မဟုတ်။ လူများမွဲတေ ငတ်ပြတ်နေသမျှကာလပတ်လုံးလဲ လူပုဂ္ဂိုလ်၏ ကျက်သရေသည် တိုးတက်ဖွံ့ဖြိုးနိုင်မည် မဟုတ်ပေ။
ဖူးချစ်သည် လူအပေါင်းတို့အား နှလုံးထဲ၊ အသည်းထဲမှ ချစ်ခင်ခဲ့သည်။ သာယာသောကမ္ဘာတွင် ပျော်ရွှင်စွာ နေထိုင်ကြစေရန် စေတနာထားသည်။ ငြိမ်းချမ်းရေးရကြစေရန်၊ လူ့လောကတိုးရေးအတွက် အလုပ်လုပ်နိုင်ကြစေရန် စေတနာထားသည်။ သို့သော်လဲ လူ့လောကတွင် အန္တရာယ်များ ၀ိုင်းနေလိမ့်ဦးမည် ကိုလဲ သဘောပေါက်ခဲ့သဖြင့် -
“လူအပေါင်းတို့ နိုးနိုးကြားကြားရှိကြလော့”
ဟူ၍လဲ သတိပေးခဲ့သေးသည်။
လူအပေါင်းတို့လဲ ၁၉၅၀ ခုနှစ်တွင် ဤချစ်စရာကောင်းလှသော ပုဂ္ဂိုလ်အား နိုင်ငံတကာငြိမ်းချမ်းရေးဆုကြီး ချီးမြှင့်လျက်၊ ၎င်းမှာကြားခဲ့သော အထက်ပါစကားတို့ကို ငြိမ်းချမ်းရေးကာကွယ်သူတို့၏ လက်သုံးစကားအဖြစ် လက်ခံခဲ့ကြလေသည်။
လက်ငင်းခေတ်မှာ ငြိမ်းချမ်းရေးနှင့် စစ်တို့ရင်ဆိုင်၍ အားပြိုင်နေကြသော ခေတ်ဖြစ်သည်။ အဖိနှိပ်ခံနိုင်ငံများနှင့် နယ်ချဲ့နိုင်ငံများ အကြိတ်အနယ် တိုက်ခိုက်နေကြသော ခေတ်ဖြစ်သည်။ သွေးစုပ်ခံလူတန်းစားများနှင့် သွေးစုတ်သော လူတန်းစားတို့ နောက်ဆုံးပိတ်တိုက်ပွဲအတွက် ပြင်ဆင်နေကြသော ခေတ် ဖြစ်သည်။ အားသစ်နှင့် အားဟောင်း၊ ဘ၀နှင့်သေမင်းတို့၏ ပဋိပက္ခတို့သည် အသွင်အမျိုးမျိုးဖြင့် ပေါ်နေကြလေသည်။
ဤသို့သော ကာလမျိုးတွင် ကမ္ဘာ့နိုင်ငံရေးကား ရှုပ်ထွေးလှသည်။ ပြည်သူလူထုများ၏ ရန်သူများသည် ပြဿနာများကို ရှုပ်သည်ထက်ရှုပ်အောင် လုပ်ကြသည်။ လူများနားယောင်သွားစေရန် တိုးတက်ဟန်ရှိသော ကြွေးကြော်သံများကိုပင် ဖော်ထုတ်ကြသည်။ ကုန်ကုန်ပြောရလျှင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည့် နာဇီများ၊ ဖက်ဆစ်များကိုပင် ပြန်၍ အသက်သွင်းအားပေးနေကြပြန်လေပြီ။
ဤသို့သောအချိန်မျိုး၌ ကြိုးစင်တွင်းရေးခဲ့သော သတင်းမှတ်တမ်းမှာ အတိတ်နှင့်သာသက်ဆိုင်သော စာအုပ်တအုပ်မဟုတ်တော့ပေ။ ယူးလိယုစ်ဖူး ချစ်နောက်ဆုံးမှာကြားသွားသော စကားများမှာလဲ တန်ဘိုးရှိစွာ အသက်ဝင်၍နေပေသည်။
“လူအပေါင်းတို့ နိုးနိုးကြားကြား ရှိကြလော့”။ ။

၁၉၆၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့။

အပြည့်အစုံသို့...

ကြိုးစင်ပေါ်မှ မှတ်တမ်းများ ဂျူးလိယက်ဖူးချစ် (အခဏ်း ၈)

သမိုင်း၏ တစိတ်တပိုင်း
၁၉၄၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့။
ကျနော့် အကျဉ်းခန်းရှေ့တွင် ခါးပတ်တခုချိတ်ထားသည်။ ကျနော်၏ ခါးပတ်ဖြစ်သည်။ ဤကား ထောင်ပြောင်းမည့်
အထိမ်းအမှတ်ဖြစ်သတည်း။ ကျနော့်အား ရုံးတင်စစ်ဆေးရန် ကျနော့်ကို ရိုခ်သို့ ခေါ်သွားကြတော့မည်၊ ထို့နောက် ဘာလာမည်၊ ညာလာမည် စသည်ဖြင့် ဖြစ်သတည်း။ အချိန်သည် ကျနော်၏ အသက်တချပ်မှ နောက်ဆုံးတလုပ်စာကို အငန်းမရ ကိုက်ဖြတ်လျက်နေပေပြီ။ ပန်းကရာ့စ်တွင် နေခဲ့ရသော ရက်ပေါင်းလေးရာ့တဆယ့်တရက်တို့ လျင်မြန်စွာ ကုန်လွန်သွားပုံမှာ နားမလည်နိုင်အောင်ပင် ရှိသည်။ နောက် ဘယ်နှစ်ရက်ကျန်သေးသလဲ။ ဒီရက်တွေမှာ ကျနော် ဘယ်ကိုရောက်နေမှာလဲ။ ဒီရက်တွေဟာ ဘယ့် နဲ့ နေလိမ့်မလဲ။

မည်သို့ပင်ရှိစေ၊ ထိုရက်များအတွင်း စာရေးနိုင်မည့် အခွင့်အရေးကား မပေါ်ဖို့က များသည်။ ထို့ကြောင့် ကျနော်၏ နောက်ဆုံးသက်သေထွက်ချက်ကို ရေးထားခဲ့ပါသည်။ ဤသည်ကား သမိုင်း၏တစိတ်တပိုင်း ဖြစ်သည်။ ဤအစိတ်အပိုင်းအတွက် သက်သေခံနိုင်မည့်သူများတွင် ကျနော်တယောက်သာ အသက်နှင့် ခန္ဓာမြဲ၍ နေသေးပုံပေါ်ပါသည်။
……. ……. ……. ……. ……. ……. ……. ……. ……. ……. …….
၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချက်ကိုစလို ဗားကီးယားပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတခုလုံး အဖမ်းခံရသည်။ ဤသို့သော် အချိန်ဆိုးမျိုးသို့ ဆိုက်ရောက်လျှင် အစားထိုးရန် ပြင်ဆင်ထားသော အရံခေါင်းဆောင်များလဲ အဖမ်းခံကြရသည်။ ပါတီအပေါ်သို့ ဤမျှပြင်းထန်နက်ရှိုင်းသော ဒဏ်မျိုး အဘယ့် ကြောင့် ကျရောက်လာနိုင်ရသနည်းဟူသောကိစ္စကို ယခုထက်ထိ အကြောင်းရှာ၍ တိတိကျကျမရသေး။ တနေ့ ဂက်စတာပိုအရာရှိများကို စစ်ဆေးမေးမြန်းသည့် အခါ၌ကား ဤကိစ္စနှင့်ပတ်သက်သော သဲလွန်စများ ပေါ်လာနိုင်ပေမည်။ ကျနော်ကြိုးစား၍ စုံစမ်းခဲ့သမျှကား အချည်းအနှီးမျှသာ ဖြစ်ခဲ့သည်။ ပက်ချက်နန်းတော် တွင် ထောင်ဘာယာအဖြစ် လုပ်နေစဉ်ကာပင် ဘာကလေးတခုမျှ အစွန်းအစရှာမတွေ့ခဲ့။ ဤကိစ္စတွင် ရန်သူ၏စနက်လဲ တချို့တ၀က် ပါပေလိမ့်မည်။ သို့သော် ပေါ့လျော့မှုလဲ အတော်များများကြီး ပါဝင်ပေမည်။ မြေအောက်တွင် - ၂ - နှစ်ကြာမျှ အောင်မြင်စွာ အလုပ်လုပ်နိုင်ခဲ့ကြသဖြင့် ရဲဘော်များသည် သတိပေါ့လျော့ လာကြသည်။ ငိုက်လာကြသည်။ မြေအောက်လုပ်ငန်းကား ကျယ်ပြန့်လာခဲ့သည်။ ရဲဘော်သစ်များကိုလဲ တယောက်ပြီးတယောက် ဆွဲသွင်းလာကြသည်။ အခြား ကိစ္စများအတွက် ဘေးဖယ်၍ချန်ထားရမည့် ရဲဘော်များကိုပါ ဆွဲသွင်းလာကြသည်။ ပါတီစက်ယန္တရားလဲ အ၀န်းကျယ်လာကာ ထိန်း၍မရ သိမ်း၍မရအောင်ပင် ရှုပ်ထွေးလာသည်။ ရန်သူတို့သည် ပါတီဌာနချုပ်ကိုထိုးနှက်ရမည့် လက်သီးချက်ကို အချိန်ယူ၍ ပြင်ဆင်နေခဲ့ပုံရသည်။ ဆိုဗီယက်ယူနီယံအား ၀င်တိုက်ရန်ပြင် ဆင်ပြီးသည့်အချိန်တွင်မှ ထိုလက်သီးချက်လဲ ကျရောက်လာလေသည်။
အစက ကျနော်သည် ရဲဘော်ပေါင်းမည်မျှ အဖမ်းခံကြရသည်ကို အပြည့်အစုံမသိခဲ့။ သာမန်အဆက်အသွယ်များကို စောင့်မြဲစောင့်နေခဲ့သည်။ သို့ သော် အဆက်အသွယ်ကား မရတော့။ တလမျှကြာသောအခါ ကိစ္စအကြီးအကျယ်တရပ် ဖြစ်နေပြီဟူသောအချက်မှာ ထင်ရှားလာခဲ့သည်။ အဆက်အသွယ်ကို စောင့်နေရုံနှင့်မပြီးတော့ဟူသော အချက်မှာလဲ ရှင်းလာသည်။ ကျနော်သည် အဆက်အသွယ်ကို ကိုယ်တိုင်လိုက်၍ ရှာပါတော့သည်။ အခြားသူများသည်လဲ ဤ သို့ပင် ရှာဖွေကြလေတော့သည်။
ကျနော်ပထမဦးစွာ ရှာ၍တွေ့သူကား ချက်ခီတိုင်း၊ အလယ်ပိုင်းခရိုင်မှ ခေါင်းဆောင် ဟောန်းဇာ၊ ဗီစကောချီလ် ဖြစ်ပါသည်။ သူကား လက်စွမ်းလက် စ ရှိသူဖြစ်သည်။ ပါတီအနေနှင့် ဗဟိုသတင်းစာတစောင် မရှိဘဲဖြစ်မနေရန်၊ ရူဒဲပရားဗော သတင်းစာထုတ်လိုသည်။ သတင်းစာအတွက် သတင်း၊ စာမူများပင် ပြင်ဆင်ထားသည်။ ကျနော်က ခေါင်းကြီးပိုင်းကို ရေးသည်။ သို့သော် ရရှိထားသောသတင်းများ (၎င်းသတင်းများကို ထိုအချိန်အထိ ကျနော်မကြားဖူးခဲ့) ကို ရူဒဲ ပရားဗော အမည်ဖြင့် မဟုတ်ဘဲ၊ မေဒေးသတင်းစာဟု ထုတ်ပြန်ကြရန် သဘောတူ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အခြားနေရာတနေရာမှ ရူဒဲပရားဗောသတင်းစာကို အရေးပေါ် အချိုးအစားမျိုးဖြင့် ထုတ်ဝေလိုက်သောကြောင့်ဖြစ်လေသည်။
သို့ဖြင့် ပြောက်ကျားလုပ်ငန်းများ တလပြီးတလ ဆက်၍လာလေသည်။ ပါတီကား ပြင်းထန်လှသောဒဏ်ကို ခံလိုက်ရသည်။ သို့သော် ဒဏ်ချက် ကြောင့်သေ၍မသွား။ ရာပေါင်းများစွာသော ရဲဘော်သစ်တို့သည် တပိုင်းတစ ကျန်ရစ်သောအလုပ်တို့ကို ကောက်၍ကိုင်ကြသည်။ ကျဆုံးသွားသော ခေါင်းဆောင် များ၏နေရာသို့ လူသစ်များသည် ခိုင်မာသော သန္ဓိဌာန်များဖြင့် ၀င်လာကြသည်။ စည်းရုံးရေး၏ အခြေခံများမပြိုကွဲရန် ပျော့တီးပျော့ဖတ် ဖြစ်မကုန်ရန် ကြိုးစား အားထုတ်ကြလေသည်။ ဗဟိုဌာနချုပ်သာ လိုမြဲလို၍နေလေသည်။ ပြောက်ကျားလုပ်ငန်းများတွင် အန္တရာယ်များရှိသည်။ ဆိုဗီယက်ယူနီယံအား တိုက်ခိုက်လိမ့် မည်ဟု တွက်ထားကြသောအချိန်၊ ဤသို့သော အရေးကြီးဆုံးအချိန်မျိုး၌ တက်ညီလက်ညီ မလုပ်နိုင်မည်စိုးရသည်။
ကျနော်၏ လက်တွင်းသို့ ပြောက်ကျားစနစ်ဖြင့် ထုတ်ဝေနေသေးသော ရူဒဲပရားဗော သတင်းစာတစောင် ရောက်လာသောအခါတွင် နိုင်ငံရေးဝါ ရင့်သော လက်ရာတခုကို ရိပ်မိခဲ့ပါသည်။ ကျနော်တို့၏ မေဒေးသတင်းစာကား များစွာမစွန်လှ။ သို့သော် အခြားသူများသည် ထိုသတင်းစာကို တွေ့ရသောအခါ တွဲ၍ အလုပ်လုပ်နိုင်လောက်သည့် လူတယောက်ရှိသည်ဟု အကဲခတ်မိကြပြန်လေသည်။ သို့ဖြင့် တဦးနှင့်တဦး လိုက်လံ၍ ရှာဖွေကြပါတော့သည်။
ရှာရသည်ကား တောကြီးမျက်မဲထဲတွင် ရှာရသည်နှင့်တူသည်။ အသံတသံ ပေါ်လာသဖြင့် ထိုအသံနောက်သို့ လိုက်ကြသည် - ထိုခဏ၌ပင် အသံ သည် အခြားတဖက်မှ ပေါ်လာပြန်လေသည်။ ကြီးမားသောဆုံးရှုံးမှုကို ခံခဲ့ရကြရသဖြင့် ပါတီတရပ်လုံးမှာ သတိထားနေကြသည်။ နိုးနိုးကြားကြား ဖြစ်နေကြသည်။ ထို့အတွက်ကြောင့် ဗဟိုဌာနချုပ်မှလူနှစ်ယောက်သည် တယောက်နှင့်တယောက် ဆက်သွယ်မိကြပါမည့်အရေး တယောက်က တယောက်အပေါ်ထားရှိသော အစမ်းအသပ်၊ အစစ်အဆေးပေါင်းစုံတို့ကို ထိုးဖောက်ကြရသည်။ အချင်းချင်းသာမက၊ ဆက်သွယ်ရေးကို ကိုင်ထားကြသော အခြားသူတို့၏ စမ်းသပ်မှုများ၊ အထစ်အထေ့များကိုလဲ ကျော်နင်းကြရသည်။ ပို၍ခက်ခဲသော ကိစ္စမှာ ကျနော်က ကျနော်ရှာနေသောသူကို မသိသလို၊ သူကလဲ ကျနော်မည်သူမှန်း မသိခြင်းပင် ဖြစ်လေသည်။
နောက်ဆုံးတွင်ကား ကျနော်တို့နှစ်ဦးစလုံးသိကြသည့် ကွင်းဆက်တခုကို ရှာ၍တွေ့ကြသည်။ ထိုသူကား ဆရာဝန် မီးလော့ရှ်၊ နဲဒဗြဲဒ် ဟူသောအလွန် တော်သည့် သူငယ်တယောက်ပင် ဖြစ်လေသည်။ ၎င်းသည်ကျနော်တို့၏ ပထမဆုံးသော ဆက်သားဖြစ်လေသည်။ ဤသို့ ကြုံလာရခြင်းသည်ပင်လျှင် မတော်တ ဆ အကြောင်းတိုက်ဆိုင်ခြင်းလဲ ပါသည်။ ဇွန်လအလယ်ပိုင်းတွင် ကျနော်နေမကောင်းဖြစ်သဖြင့် ကျနော်အားဆေးကုရန် လီဒါ့ကိုလွှတ်၍ သူ့အားခေါ်ခဲ့ရပါသည်။ သူကား ဘာ့က်စ်တို့၏ အိမ်သို့ချက်ခြင်းပေါက်လာကာ ထိုနေရာတွင်ပင် သူနှင့်ကျနော် နားလည်မှု ရသွားကြပါသည်။ သူကိုယ်တိုင်ပင် `အခြားသူ´ ကိုရှာဖွေရန် တာဝန်ရထားခဲ့သည်၊ သို့သော် သူရှာရမည့်သူမှာ ကျနော်ဖြစ်မှန်း မရိပ်မိခဲ့။ မရိပ်မိသည်သာမက၊ တဖက်တွင်ရှိသော သူတို့ကဲ့သို့ပင် ကျနော်ကား အဖမ်းခံရသည်၊ သေကောင်းပင် သေဆုံးခဲ့ပြီဟု ယုံကြည်နေလေသည်။
၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဟစ်တလာသည် ဆိုဗီယက်ယူနီယံကို ၀င်ရောက်တိုက်ခိုက်လေသည်။ ထိုနေ့ည၌ပင် ဤအဖြစ်အပျက်သည် ကျနော်တို့အတွက် မည်သို့အဓိပ္ပာယ်ပါနေသည့်အကြောင်း စာတမ်းကလေးတစောင်ကို ဟောန်းဇ်ဗီစကောချီလ်နှင့်အတူ ဖြန့်ချိလိုက်ပါသည်။ ဇွန်လ ၃၁ ရက်နေ့ တွင် ကျနော်ကြာမြင့်စွာ ရှာဖွေနေသောသူနှင့် ပထမဆုံးအကြိမ်တွေ့ရှိရပါသည်။ ကျနော်သတ်မှတ်ထားသော အိမ်သို့ သူလာ၍တွေ့ပါသည်။ သူ့အနေနှင့်မည်သူ့ ကို တွေ့ရမည်ဖြစ်ကြောင်း သိနှင့်ပြီးသောကြောင့် ဖြစ်သည်။ ကျနော့်ဘက်ကမူ မည်သူနှင့် တွေ့ရမည်ကိုမသိသေး။ ထိုနေ့ညကား နွေရာသီ၏ညဖြစ်သည်။ ဖွင့် ထားသော ပြူတင်းပေါက်များမှနေ၍ နန်းလုံးကြိုင်ပန်းရနံ့များ သင်းပျံ့၍နေကြသည်။ ဤသို့အခိုက်အတန့်ကား ချစ်သူများဆုံတွေ့ရန် သင့်တော်လှသော အချိန်ပင် ဖြစ်သည်။ သူရောက်သောအခါတွင် ကျနော်တို့သည် ပြူတင်းပေါက်များမှ လိုက်ကာများကိုဆွဲပိတ်လိုက်ကြကာ ဓာတ်မီးကိုဖွင့်လိုက်ကြသည်။ ဤတွင် ကျနော်တို့ နှစ်ဦးကား တဦးကိုတဦး ပွေ့ဖက်ရင်း နှုတ်ဆက်မိကြသည်။ ထိုသူကား ဟောန်းဇာ၊ ဇိကာ ပင်ဖြစ်သတည်း။
ဤသို့ဆိုလျှင် ၁၉၄၁ - ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဗဟိုကော်မတီတဖွဲ့လုံး အဖမ်းခံခဲ့ရသည် မဟုတ်ပေ။ သို့သော် ဗဟိုကော်မတီဝင် တယောက် တည်း ဇိကာ တယောက်တည်းသာ လွတ်ထွက်လာခဲ့သည်။ ကျနော်တို့ သူ့ကိုသိခဲ့ကြသည်မှာ ကြာပြီ။ ခင်မင်နေခဲ့သည်မှာလဲ ကြာလှပြီ။ သို့သော် ယခုသူနှင့်တွဲ၍ အလုပ်လုပ်ရခါမှ သူနှင့်ရင်းရင်းနှီးနှီး သိကျွမ်းလာရပါသည်။ သူကား ၀တုတ်တုတ်ဖြစ်သည်။ တပြုံးပြုံးနှင့်နေတတ်၍ ဦးလေးကြီးတယောက်၏ အသွင်အပြင်ကို ဆောင်နေတုန်းပင်ဖြစ်သည် - ပါတီလုပ်ငန်းတွင်ကား မာရေကျောရေ ရှိသည်၊ ဈေးလျော့ခြင်းမရှိ၊ သန္နိဌာန်ခိုင်မြဲ၍ ပြတ်လည်းပြတ်သားသည်။ ကိုယ့်တာဝန်မှ တပါး ကိုယ့်အတွက်ဆို၍ ဘာမျှမသိ၊ သိလဲ မသိလို။ တာဝန်ကို အပြည့်အ၀ထမ်းဆောင်နိုင်ရန်အတွက် အခြားကိစ္စအရာရာကို ပစ်ပယ်ထားလေသည်။ လူများကို ချစ်တတ် ခင်တတ်သည်။ သို့သော် လူတို့၏အပြစ်များကို မျက်စိမှိတ် လျစ်လျူထားခြင်းဖြင့် ထိုသူတို့၏ ချစ်ခင်မှုကို ၀ယ်ယူလေ့ မရှိပေ။
မိနစ်အနည်းငယ်အတွင်းပင် ကျနော်တို့နှစ်ဦးသား နားလည်မှုရရှိကြသည်။ နောက်ရက် အနည်းငယ်အတွင်းပင် ကျနော်သည် ပါတီခေါင်းဆောင်မှုအ ဖွဲ့သစ်မှ တတိယအဖွဲ့ဝင်ကို တွေ့ဆုံရသည်။ သူကား ဇိကာနှင့် မေလကတည်းကပင် အဆက်အသွယ်ရနေသူ ဟောန်းဇာ၊ ချာရနီ ဖြစ်သည်။ အရပ်ထောင်ထောင် မောင်းမောင်းနှင့် ခံ့ညားသော လူငယ်တယောက်ဖြစ်သည်။ လူများအပေါ် သဘောထားဖြူဖွေးလှသည်။ စပန်ပြည်တွင် တိုက်ပွဲဝင်ခဲ့သူတယောက်ဖြစ်၍ အဆုပ်ကို ကျည်ဆံတတောင့်က ထုတ်ချင်းခတ်၍ ဖောက်သွားခဲ့သည်။ ကမ္ဘာစစ်ကြီးဖြစ်လာမှ နာဇီဂျာမနနကိုဖြတ်ကာ တိုင်းပြည်သို့ပြန်လာခဲ့သည်။ သူကား အမြဲတမ်းပင် စစ်သားဆန်ဆန်နေသည်။ မြေအောက်လုပ်ငန်းများတွင်လဲ အတွေ့အကြုံကြွယ်ဝသည်။ ဉာဏ်ထက်သည်။ အမြဲတမ်းပင် ကြံတတ် ဖန်တတ်သည်။
အကျဉ်းအကြပ်ထဲတွင် လက်တွဲ၍ လပေါင်းများစွာ တိုက်ပွဲဝင်နေကြရသည့်အလျောက် ကောင်းမွန်လှသော ရဲဘော်စိတ်တို့သည် ကျနော်တို့သုံးဦး အား ရစ်ပတ်သွယ်နှောင်နေပါတော့သည်။ ကျနော်တို့ကား ဗီဇစရိုက်များအနေနှင့်၎င်း တဦးချင်းနိုင်နင်းသောအလုပ်များအရ၎င်း၊ တယောက်လိုသည်ကို တ ယောက်က ဖြည့်မိကြသည်။ ဇိကာကိုကြည့်လျှင် သူကား စည်းရုံးရေးမှူး။ လိုရင်းကို လိုက်တတ်သည်။ လှုပ်၍မရလောက်အောင် တိကျသည်။ မစားရ ၀ခမန်းစ ကားများဖြင့် လှိမ့်၍မရ။ ရရှိသော သတင်းအစအနအတိုင်းကို ဖောက်ထွင်းကြည့်၍ အတွင်းမှအနှစ်သာရ ပေါ်လာသည့်အထိ စီစစ်တတ်သည်။ ပေါ်လာသော အကြံပေးချက်ကို အဘက်ဘက်မှနေ၍ စူးစမ်းလေ့လာသည်။ ဆုံးဖြတ်ချက်အတိုင်း လုပ် မလုပ်ကို စစ်ဆေးသည့်အခါတွင် ကြင်နာသောစိတ်ကို ပြသလောက်၊ တင်းမာမှုကိုလဲပြသည်။ ချာရနီကို ကြည့်လျှင် သူကား ရန်သူကို နှောင့်ယှက်ဖျက်ဆီးရေးနှင့် လက်နက်ကိုင် ပုန်ကန်မှုပြင်ဆင်ရေးအတွက် ခေါင်းဆောင်ဖြစ်သည်။ စစ်သားစကားလုံးများနှင့် တွေးတတ်သည်။ အသစ်ကို ရှာတတ်သည်။ သဘောထားကြီးသလို အကြံအစည်လဲ ကျယ်ပြန့်သည်။ နည်းသစ် လူသစ်များရှာရမည် ဆိုလျှင် မောရမှန်း ပမ်းရမှန်းမသိ၊ ပျော်၍မဆုံး။ ကျနော်ကား လှုံ့ဆော် ၀ါဒဖြန့်ချိရေးသားဖြစ်သည်။ နှာခေါင်းက အနံ့ခံမိရာကို လိုက်တတ်သော သတင်းစာဆရာ ဖြစ်သည်။ စိတ်ကူးအနယ် အနည်းငယ်ကျွံတတ်ခြင်းကို ဝေဖန်ပိုင်းခြားတတ်သော ဓလေ့ဖြင့် ထိန်းထားသည်။
ဌာနခွဲဝေခြင်းကား စင်စစ်အားဖြင့် အလုပ်ခွဲခြားခြင်းမဟုတ်၊ တာဝန်ခံရာကိစ္စများ ခွဲဝေမှုသာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် လိုအပ်လာပြီဆို လျှင် ကျနော်တို့သည် တယောက်ချင်း တယောက်ချင်းအနေဖြင့် နေရာတကာတွင် ကိုယ့်အစွမ်းနှင့်ကိုယ် ၀င်လုပ်ကြရသည်။ အလုပ်လုပ်ရသည်မှာလဲ မလွယ်ကူ လှပေ။ ဖေဖော်ဝါရီလအတွင်း ပါတီပေါ်သို့ ကျရောက်ခဲ့သော ဒဏ်ချက်မှာ ယခုထက်ထိ ဟင်းလင်းပွင့်နေသေးသည်။ အနာကား မကျက်တတ်သေး။ အဆက်အ သွယ်အားလုံးကား ပြတ်သတ်၍နေသည်။ အချို့နေရာများတွင် အဖွဲ့တဖွဲ့လုံး ကျဆုံးသွားသည်။ အချို့နေရာများတွင် အဖွဲ့များသည် လူတော်များဖြင့် တောင့်တင်း ၍နေသော်လဲ ၎င်းတို့နှင့်ဆက်သွယ်ရန်လမ်းမရှိ။ အစုအဝေးတခုလုံး၊ စက်ရုံတရုံလုံး၊ ခရိုင်များပင် ခရိုင်အလိုက်လပေါင်းများစွာ အဆက်ပြတ်နေခဲ့ပြီးသည့် နောက် ပိုင်းမှ အဆက်အသွယ်ကလေးများပွင့်လာသည်။ ကျနော်တို့ကားယုတ်စွအဆုံး သူတို့လက်တွင်းသို့ဗဟိုသတင်းစာ ရောက်လိမ့်မည်၊ ထိုသတင်းစာထဲတွင် ပါသည့် အတိုင်း လိုက်နာကျင့်သုံးကြလိမ့်မည်ဟု မျှော်လင့်၍သာနေခဲ့ကြရသည်။ နေစရာအိမ်လဲမရှိ၊ ယခင်ကသုံးခဲ့သောအိမ်များကို ချဉ်းကပ်ရသည်မှာလဲ အန္တရာယ်များ ၀ိုင်းနေသေးသည်၊ အစပိုင်းတွင် သုံးစရာငွေပင်မရှိ၊ အစားအသောက်ပြဿနာကလဲ အလွန်ခက်ခဲသည်။ ကိစ္စအများအပြားကို စလုံးမှပြန်၍စလာရန် လိုလာသည်။ ပါတီအနေနှင့် ပါတီတည်ဆောက်ရေး၊ ပြင်ဆင်ရေး စသည်တို့နှင့်သာ မဖူလုံနိုင်တော့သည့်အချိန်မျိုးတွင်မှ ဤသို့သော အခက်အခဲများကို လာ၍ကြုံနေရသည်။ ထိုအချိန်ကား ဆိုဗီယက်ယူနီယံကို ရန်သူများက ၀င်တိုက်လိုက်သော အချိန်ဖြစ်သည်။ ပါတီအနေနှင့် တိုက်ပွဲအတွင်းသို့ တိုက်ရိုက်ဝင်ရန် လိုလာသော အချိန်ဖြစ် သည်။ အုပ်စိုးနေသော ရန်သူတို့အား ပြည်တွင်း စစ်မျက်နှာဖွင့်၍ တိုက်ရန်၊ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ ကိုယ်ပိုင်အင်အားများနှင့်သာ မက တမျိုးသားလုံး၏ အင်အားများဖြင့် ရန်သူတို့အား စစ်အငယ်စားတပွဲ ဆင်နွှဲ၍ တိုက်ခိုက်ရမည့် အချိန်ဖြစ်သည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိသော ကာ လမှာ ပြင်ဆင်ရေးအချိန်မျှသာဖြစ်၍ ပါတီသည် မြေအောက်နက်နက်တွင် ခိုအောင်းနေခဲ့သည်။ ဂျာမန်ပုလိပ်များထံမှသာမက တမျိုးသားလုံးထံမှလဲ တိမ်းရှောင် နေခဲ့သည်။ ယခုအခါတွင်ကား ပါတီသည် သွေးရှင်ရှင်ယိုစီးနေသည့်တိုင်အောင် ရန်သူများ၏မျက်ကွယ်တွင် မြေအောက်လုပ်ငန်းကို ခိုင်ခန့်အောင် လုပ်ရသည်။ စနစ်ကျအောင် လုပ်ရသည်။ တချိန်တည်း၌ပင် မြေအောက်မှနေ၍ တမျိုးသားလုံး၏ ရှေ့မှောက်သို့ ထွက်လာရသည်။ ပါတီဝင်မဟုတ်သော သူများနှင့်ဆက်ဆံရ သည်။ လူထုကြီးတရပ်လုံးထံ ချဉ်းကပ်၍ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန်ဆုံးဖြတ်ချက်ချထားသူတိုင်းနှင့် ဆွေးနွေးရသည်။ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေ သေးသောသူများကိုပင် တိုက်ပွဲတွင်းသို့ပါလာအောင် တိုက်ရိုက် ခေါင်းဆောင်မှုပေးရသည်။
၁၉၄၁ ခုနှစ်၊ စက်တင်ဘာလ လဆန်းသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကျနော်တို့သည် မရှုမလှ ပျက်စီးခဲ့ရသော စည်းရုံးရေးကို ပြန်လည်တည် ထောင်ပြီးခဲ့ပြီဟု မဆိုနိုင်သေး - ပြန်လည်တည်ဆောက်မိရန်လဲ အတော်ကြီးပင် လိုနေသေးသဖြင့် စိတ်မကောင်းဖြစ်ရသည် - သို့သော် တာဝန်ကြီးကြီးမားမား များကို ယုတ်စွအဆုံး တပိုင်းတစမျှ ထမ်းဆောင်နိုင်သည့် အမြုတေတခုကို ခိုင်မြဲစွာ ပြန်လည်စည်းရုံးမခဲ့ကြပြီဟု ဆိုနိုင်လာပါတော့သည်။ ပါတီ၏ သြဇာပျံ့နှံ့မှုမှာ လဲ ရုတ်ချင်းပင် သိသာလာသည်။ ရန်သူအား နှောင့်ယှက်ဖျက်စီးရေးများလဲ တိုးပွားလာသည်၊ စက်ရုံသပိတ်များလဲ တိုးပွားလာသည် - စက်တင်ဘာလကုန်တွင် ရန်သူတို့သည် ကျနော်တို့အား ဖိနှိပ်ရန် ဟိုင်းဒရစ်ကို ပို့လွှတ်လိုက်ကြသည်။ ပထမအကြိမ်ကြေညာလိုက်သော မာရှယ်လောကား ကြီးထွားလျက် ခြေသွက်နေပြီ ဖြစ်သော ရန်သူဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကို မချိုးနှိမ်နိုင်ခဲ့ပေ။ သို့သော ထိုလှုပ်ရှားမှု၏အရှိန်ကို သတ်လိုက်နိုင်ပါသည်၊ ပါတီအနေနှင့်လဲ ဒဏ်ရာအသစ်တို့ကို ခံစားလိုက်ရသည်။ အထူးသဖြင့် ပရာဟာခရိုင်နှင့် လူငယ်အဖွဲ့အစည်းတို့မှာ အတော်ပင်ခံလိုက်ကြရသည်။ ပါတီအတွက်တန်ဘိုးရှိလှသော ယန်၊ ကရေးချီ။ ရှတန်စလ်။ မီးလောရှ်၊ ကရားဆနီ နှင့် အခြားပုဂ္ဂိုလ်အများအပြားပင် ကျဆုံးသွားကြသည်။
သို့သော်လဲ ဒဏ်ရာတချက်ရလိုက်တိုင်း ရလိုက်တိုင်းပင် ပါတီသည် မည်သို့ဖျက်ဖျက် မပျက်နိုင်ကြောင်းကို ခင်ဗျားထပ်၍ ထပ်၍ တွေ့ရပြန်သည်။ တိုက်ပွဲဝင်သူတယောက် ကျဆုံးသွားသည် - သူ့နေရာတွင် အခြားလူတယောက် ကိုယ်စားထိုး၍ မရလျှင် သူ၏နေရာသို့ လူနှစ်ယောက် သို့မဟုတ် သုံးယောက် ၀င်လာကြသည်။ နှစ်သစ်သို့ ကူးသောအခါ၌ကား ကျနော်တို့သည် စည်းရုံးရေးကို ခိုင်မြဲစွာ ထူထောင်ပြီးကြလေပြီ။ အစစ အရာရာကို လက်လှမ်း၍ မှီနိုင်သည်လဲ မဟုတ်သေး၊ ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလလောက် ကျယ်ပြန့်သည့် အခြေအနေနှင့်လဲ အတော်ဝေးသည့်တိုင်အောင် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲများတွင် ပါတီ ၏ တာဝန်များကို ကျေပြွန်နိုင်မည့် အဆင့်အတန်းသို့ ရောက်လာခဲ့လေပြီ။ လုပ်ငန်းကို ကျနော်တို့အားလုံးခွဲ၍ တာဝန်ယူခဲ့ကြသည်၊ သို့သော် အောင်မြင်မှုအတွက် အချီးမွမ်း အခံထိုက်ဆုံးသောသူမှာ ဟောန်းဇ်၊ ဇိကာပင် ဖြစ်လေသည်။
ပုံနှိပ်လုပ်ငန်းများအနေနှင့် ဘာတွေလုပ်ခဲ့သည်ကိုကား အထူးပြောပြနေရန်မလို။ ရဲဘော်များ၏ လျှို့ဝှက်သောစာပေ သိုလှောင်ရာနေရာများ၊ အထပ် ခိုးများ၊ မြေအောက်လှောင်ခန်းများတွင် အထောက်အထားများ ဖူဖူလုံလုံတွေ့ကြလိမ့်မည်ဟု မျှော်လင့်သည်။ ကျနော်တို့သည် သတင်းစာများကို ကျယ်ကျယ်ပြန့် ပြန့် ဖြန့်ချိခဲ့ကြသည်။ ၎င်းတို့ကို ပါတီဝင်များသာမက၊ ပါတီဝင်မဟုတ်သူများပါ ဖတ်ရှုခဲ့ကြသည်။ တနေရာနှင့်တနေရာ တင်းကြပ်စွာဖြတ်တောက်ထားသော မြေ အောက် “စက်ရုံ” အများအပြားမှနေ၍ (စာကူးစက်များဖြင့်) စောင်ရေအမြောက်အများ ထုတ်ဝေခဲ့သည်။ ပုံနှိပ်စက်ဖြင့်လဲ ရိုက်နှိပ်ကြသည်။ စာစောင်များကို လိုအပ်သည့်အတိုင်း အချိန်မှန်မှန်နှင့် မြန်မြန်ထုတ်ဝေသည်။ ဥပမာ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ရဲဘော် စတာလင်၏ တပ်မတော်အမိန့် ထုတ်ပြန် ချက်သည် ဖေဖော်ဝါရီလ ၂၄ ရက်ညနေပိုင်းတွင်ပင် ပထမ စာဖတ်ပရိတ်သတ်၏ လက်တွင်းသို့ ရောက်သွားနိုင်ခဲ့သည်။ ကောင်းစွာ အလုပ်လုပ်နေခဲ့သူများမှာ ပုံနှိပ်စက်အလုပ်သမားများနှင့် ဆရာဝန်တို့၏ မြေအောက်စက်ရုံဖြစ်သည်၊ အထူးချွန်ဆုံးကား “ဖူးက်စ်လောရဲန်ဇ်” ခေါ် မြေအောက်စက်ရုံဖြစ်သည်။ ၎င်းတို့ကိုယ် တိုင်လဲ “ဟစ်တလာကို ကမ္ဘာက ဆန့်ကျင်သည်” ဟူသော ပြန်ကြားရေးစာစောင်ကို ထုတ်ဝေနေကြသည်။ ကျန်သမျှကိုကား ကျနော်ချည်း ကြုံး၍လုပ်သည်။ အခြားကေဒါများကို မဖြုန်းချင်သောကြောင့် ဖြစ်သည်။ ကျနော်ကျဆုံးလျှင် တက်ရမည့် အရံရဲဘော်တယောက်ကိုလဲ အသင့်ပြင်ထားသည်။ သူသည် ကျနော် အချုပ်ခံရသည်နှင့် တပြိုင်နက် အလုပ်ကိုဝင်လုပ်ကာ ယခုထက်ထိလဲ အလုပ်လုပ်လျက်ရှိသည်။
အလုပ်တခု လုပ်တော့မည်ဆိုလျှင် လူအနည်းဆုံးသုံး၍ ဖြစ်နိုင်ရန် ပါတီယန္တယားကို အလွယ်ဆုံး အရှင်းဆုံး တည်ဆောက်ကြပါသည်။ ယခင်က သုံး ခဲ့သော ကွင်းဆက်များသံကြိုးရှည်စနစ်ကို စွန့်လွှတ်လိုက်ကြသည်။ ဤစနစ်မျိုးကား ပါတီစက်ယန္တယားကို လုံခြုံစေသည်ထက် အန္တရာယ်များစေသည်ကို ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရှိခဲ့ကြရပေပြီ။ နည်းသစ်ကို ထွင်လိုက်သောအခါ ကျနော်တို့တယောက်ချင်း တယောက်ချင်းအတွက် အန္တရာယ်များ ပိုလာ သည်၊ သို့သော် ပါတီအတွက်ကား အတော်ကြီးပင် ဘေးအန္တရာယ်လျော့ပါးသွားလေသည်။ ဖေဖော်ဝါရီလတွင် ကျရောက်ခဲ့သော ဒဏ်ရာ ဒဏ်ချက်မျိုးကား ထပ်မံ၍ မပေါ်ပေါက်နိုင်တော့ပေ။
ထို့အတွက်ကြောင့်လဲ ကျနော်အဖမ်းခံရသည့်အခါတွင် ဗဟိုကော်မတီသည် လူသစ်တယောက်ကို အစားထိုးလျက် အလုပ်လုပ်မြဲဆက်၍ လုပ်နေနိုင် ခဲ့သည်။ ကျနော်နှင့်အနီးကပ်ဆုံး လုပ်ဖော်လုပ်ဖက်ပင်လျှင် ထိုကိစ္စအကြောင်း မရိပ်မခဲ့ပေ။
ဟောန်းဇာ၊ ဇိကာမှာ ၁၉၄၂ ခုနှစ် မေလ ၂၇ ရက်နေ့ည၌ အဖမ်းခံရသည်။ ထိုကိစ္စမှာလဲ အဖြစ်ဆိုး၍ မတော်တဆဖြစ်ရသော ကိစ္စဖြစ်သည်။ ထိုအ ချိန်မှာ ဟိုင်းဒရစ်အားလုပ်ကြံပြီး နောက်တညဖြစ်သည်။ ရန်သူတို့၏ စက်ယန္တရားတခုလုံးမှာ လှုပ်လှုပ်ရွရွဖြစ်နေလျက် ပရာဟာတမြို့လုံးပိုက်စိတ်တိုက်၍ လူများ ကို လိုက်ဆွဲနေကြသော အချိန်ဖြစ်သည်။ ဇိကာ ခိုအောင်းနေသော စတရဲရှောဗိစဲ အရပ်မှ အိမ်အတွင်းသို့လဲ ဂက်စတာပိုများ ရောက်လာကြသည်။ ဇိကာ၏ မှတ် ပုံတင်လက်မှတ်မှာ နေသားတကျဖြစ်နေ၍ ၎င်းတို့သင်္ကာမကင်းမဖြစ်ဘဲ လွတ်ထွက်သွားနိုင်စရာ အကြောင်းရှိသည်။ သို့သော် ဇိကာသည် အိမ်ရှင်သူတော် ကောင်းများကို ဒုက္ခမရောက်စေလိုသောကြောင့် သုံးထပ်တိုက်ပြူတင်းပေါက်မှနေ၍ လွတ်ရာလွတ်ကြောင်းကို ရှာသည်။ ထိုသို့ကြိုးစားစဉ် အောက်သို့လိမ့်ကျ၍ ကျောရိုးတွင် သေလောက်သော ဒဏ်ရာများရကာ ထောင်ဆေးရုံသို့ရောက်လာသည်။ ရန်သူတို့သည် မိမိတို့၏ လက်တွင်းသို့ မည်သူရောက်လာမှန်း လုံးဝမသိ ကြ။ နောက်ဆယ့်ရှစ်ရက်ကြာမှ ဓာတ်ပုံများ ညှိနှိုင်း၍ကြည့်ယင်း မည်သူ မည်ဝါဖြစ်သည်ကို သိသွားကြသည်။ ထိုအခါမှ သေလုမြောပါးဖြစ်နေသူကို စစ်ဆေးမေး မြန်းရန် ပက်ချက်နန်းတော်သို့ ခေါ်ဆောင်လာကြသည်။ ထိုနေရာတွင် ကျနော်တို့နှစ်ဦးကို မျက်နှာချင်းဆိုင်ပေးကြသည်။ ဤသည်ကား နောက်ဆုံးတွေ့လိုက်ရ ခြင်းပင် ဖြစ်သည်။ ကျနော်တို့လဲ လက်ဆွဲနှုတ်ဆက်ကြသည်။ သူသည် ချစ်စဖွယ်ကောင်းသော ရွှန်းရွှန်းစားစား အပြုံးကြီးဖြင့် ကျနော့်ကိုပြုံး၍ကြည့်ယင်း …..
- ယူလာ နေကောင်းအောင် နေဟေ့။
ဟု ပြောသွားသည်။ ဤစကားတို့ကား ရန်သူများအနေနှင့် သူ့ထံမှ ကြားလိုက်သမျှသော စကားအားလုံး ဖြစ်လေသည်။ နောက်ထပ်၍ကား စကားတ ခွန်းမျှ မဟတော့။ မျက်နှာပေါ်တွင် အရိုက်အနှက် အနည်းခံလိုက်ရသည်နှင့် မေ့မြောသွားသည်။ နောက် နာရီအနည်းငယ်အတွင်း သေဆုံးသွားလေသည်။
သူ အဖမ်းခံရကြောင်းကို မေလ ၂၉ ရက်နေ့ကတည်းက ကျနော်သတင်းကြးရသည်။ တပ်ထောက်များကား ကောင်းမွန်စွာ အလုပ်လုပ်နေကြသည်။ ၎င်းတို့၏ အကူအညီဖြင့် ကျနော်ရှေ့ရှောက် လုပ်ရမည့်လမ်းစဉ်အနက် တချို့တ၀က်ကို ဇိကာနှင့် သဘောတူညီချက် ယူခဲ့ပါသည်။ နောက်ပိုင်းတွင် လမ်းစဉ်တခု လုံးကို ဟောန်းဇာ၊ ချာရနီက မိမိ၏ သဘောတူညီချက် ဖြည့်စွက်၍ ပေးခဲ့ပါသည်။ ဤသည်ကား ကျနော်တို့သုံးယောက်၏ နောက်ဆုံး ဆုံးဖြတ်ချက်လဲ ဖြစ်ပါ သည်။
ဟောန်းဇာ၊ ချာရနီမှာ ၁၉၄၂ ခု၊ နွေရာသီအတွင်း၌ အဖမ်းခံရသည်။ ဤကိစ္စကား မတော်တဆ ဖြစ်ပွားရသော ကိစ္စမဟုတ်တော့၊ သူနှင့်ဆက်သွယ် နေသော ယန်၊ ပေါကောရနီ ဆိုသူ၏ ရမ်းကားသော စည်းကမ်းချိုးဖျက်မှုကြောင့် ဖြစ်လေသည်။ ပေါကောရနီသည် ရှေ့တန်းပါတီကေဒါတယောက်ပီပီ မနေ တတ်ပေ။ နာရီအနည်းငယ်မျှ အစစ်ဆေးခံရသည့်နောက်ပိုင်းတွင် - မှန်သည်၊ အတော်ကြမ်းကြမ်းတမ်းတမ်း လုပ်ကြသည်၊ သို့သော် ဤသည်ကား ထုံးစံအတိုင်း ပင် မဟုတ်လော - နာရီအနည်းငယ်မျှ အစစ်ဆေးခံရသည့် နောက်ပိုင်းတွင် ကြောက်လန့်တကြားဖြစ်ကာ ချာရနီနှင့် ဆုံတွေ့ခဲ့ရာအိမ်ခန်းကို ဖော်ပြောလိုက်လေ တော့သည်။ ထိုနေရာမှတဆင့် ဟောန်းဇာရှိရာသို့ ခြေရာခံမိကြလျက်၊ နောက်ရက်အနည်းငယ်အတွင်း၌ပင် ဟောန်းဇ်လဲ အဖမ်းခ့ရလေတော့သည်။
သူ့အား ခေါ်သွင်းလာကြသည်နှင့်တပြိုင် ကျနော်နှင့် မျက်နှာချင်း ဆိုင်ပေးကြသည်။
- မင်း သူ့ကို သိသလား။
- မသိဘူး။
ကျနော်တို့နှစ်ယောက်စလုံးပင် စည်းဝါးကိုက်စွာ ထွက်ဆိုကြသည်။ နောက်ပိုင်းတွင်ကား သူသည် စကားပြောရန်ပင် လုံးဝငြင်းဆန်လိုက်လေသည်။ ယခင် ဒဏ်ရာဟောင်းကြောင့် ကြာရှည်စွာ အညှဉ်းပမ်းမခံလိုက်ရ။ များမကြာမီပင် သတိလစ်သွားသည်။ ဒုတိယအကြိမ် အစစ်ခံရာသို့ သွားသောအခါတွင်ကား တိကျသော သတင်းအခြေအနေများကို ရရှိပြီးဖြစ်၍ ထို့အတိုင်းလဲ ကျင့်သုံးနိုင်ခဲ့လေသည်။
သူ့ထံမှ ဘာကလေးတချက်မျှ မရလိုက်ကြ။ သူ့အား ချုပ်နှောင်ထား၍ ကြာမြင့်စွာ စောင့်နေခဲ့ကြသည်။ သက်သေ သာဓက အသစ်တခုပေါ်လာလျှင် သူ့ထံမှ စားများပွင့်ထွက်လာလိမ့်မည်ဟု မျှော်ကိုးနေခဲ့ကြသည်။ သို့သော်လဲ သူတို့၏ မျှော်လင့်ချက်များကား အကောင်အထည် ဖြစ်မလာခဲ့။
ထောင်သည် သူ့အား ပြောင်းလဲသွားအောင် မလုပ်နိုင်ခဲ့။ သူသည် သွက်သွက်လက်လက်၊ ရွှင်ရွှင်လန်းလန်း၊ ရဲရဲရင့်ရင့်နှင့်ပင် နေသည်။ သူ၏ ရှေ့ တွင်ကား သေလမ်း တလမ်းတည်းသာရှိသည်။ သို့သော်လဲ အသက်ရှင်နေသည့် သူများအား မျှော်လင့်ချက်များ ဖြန့်ဖြူးပေးနေခဲ့လေသည်။
၁၉၄၃ ခုနှစ်၊ ဧပြီလကုန်လောက်တွင် သူ့အား ပန်းကရာ့စ်ထောင်မှ ဗြုံးကနဲ ခေါ်ထုတ်သွားကြသည်။ ဘယ်သို့ ခေါ်သွားကြမှန်း မသိ။ ဤနေရာမှလူ များ ဤကဲ့သို့ ဗြုံးကနဲပျောက်သွားခြင်းကား ကောင်းသော အတိတ်နိမိတ်မျိုးမဟုတ်ပေ။ ခင်ဗျားတွက်သည်မှာ မှားကောင်း မှားနေပေမည်။ သို့သော်လဲ သူ့အား တခါတလေ ပြန်၍ တွေ့ကြရဦးမည်ဟူ၍ကား ကျနော်မထင်တော့။
ကျနော်တို့ကား သေဘေးကို အမြဲတမ်း ထည့်၍တွက်ထားကြသည်။ ကျနော်တို့သာ ဂက်စတာပို၏ လက်တွင်းသို့ ရောက်သွားလျှင် ပြန်လမ်းဟူ၍ မရှိတော့ကြောင်း ကျနော်တို့သိကြသည်။ ဤနေရာတွင် ကျနော်တို့လဲ ထိုအသိဉာဏ်အတိုင်း ကျင့်သုံးနေထိုင်ခဲ့ကြလေသည်။
……. ……. ……. ……. ……. ……. ……. ……. ……. ……. …….
ကျနော်၏ ပြဇာတ်သည်လဲ အဆုံးသို့တိုင်လုပေပြီ။ ထိုဇာတ်သိမ်းခဏ်းကိုကား ကျနော်မရေးခဲ့တော့။ သိလဲ မသိတော့။ ထိုဇာတ်သိမ်းခဏ်းကား ပြဇာတ်မဟုတ်တော့။ ဘ၀ပင် ဖြစ်လေသည်။
ဘ၀တွင်ကား ပွဲကြည့်သူဟူ၍ မရှိ။
ကားလိပ်လဲ ပွင့်လေပြီ။
လူအပေါင်းတို့ ခင်ဗျားတို့အား ကျနော်ချစ်ခဲ့သည်။ နိုးနိုးကြားကြား ရှိကြလော့။

၉၊ ၆၊ ၄၃။
ယူးလိယုခ် ဖူးချစ်

အပြည့်အစုံသို့...

ကြိုးစင်ပေါ်မှ မှတ်တမ်းများ ဂျူးလိယက်ဖူးချစ် (အခဏ်း ၇)

လူရုပ်သွင်များနှင့် ရုပ်တုကလေးများ (၂)
(ပန်းကရာ့စ်)

ထောင်တွင်း၌ ဘ၀နှစ်မျိုးရှိသည်။ တမျိုးကား အကျဉ်းစခန်းများတွင် ပိတ်လှောင်ထားခြင်း ခံရလျက်၊
တကမ္ဘာလုံးနှင့်လည်း ပြတ်ပြတ်သတ်သတ် ကြီး ဖြတ်တောက်ခြင်း ခံနေရသည်။ သို့စဉ်လျက် နိုင်ငံရေးသမားသာဆိုလျှင်၊ ထိုကမ္ဘာကြီးနှင့် ရင်းနှီးစွာ ဆက်သွယ်မိနေသော ဘဝပင်ဖြစ်သည်။ အခြားဘဝတ မျိုးကား၊ အကျဉ်းစခန်းများ၏ အပြင်ဘက်၊ ရှည်လျားသော စင်္ကြံအူကြောင်းများတလျောက်၊ မလင်းတဝက် လင်းတဝက်ဖြင့်ရှိသော သီးသန့်ကမ္ဘာတရပ်ဖြစ်လေ သည်။ ယူနီဖောင်း ဝတ်ထားသော ဘဝလည်းဖြစ်၍ လောကနှင့် အဆက်ပြတ်နေလိုက်သည်မှာ အကျဉ်းခန်းတွင်းမှ ဘဝထက်ပင်ဆိုးသေးသည်။ ဤသည်ကား ရုပ်ထုကလေး အမြောက်အများ၊ လူရုပ်သွင်အငယ်စားများဖြင့် ပြည့်နေသောကမ္ဘာ ဖြစ်လေသည်။ ထိုအကြောင်းကို ကျနော်ပြောပြလိုသည်။
ထိုကမ္ဘာတွင် ကိုယ်ပိုင် သဘာဝဗေဒလည်း ရှိသည်။ ကိုယ်ပိုင်သမိုင်းပင် ရှိသည်။ ဤဗေဒ၊ ဤသမိုင်းများသာ မရှိခဲ့ပါမူ ကျနော်သည် ထိုလောကကို နက်ရှိုင်းစွာ သိကျွမ်းခဲ့မည်မဟုတ်ပေ။ ကျနော်တို့ဘက်သို့ လှည့်ထားသော ဇာတ်စင်မြင်ကွင်း၊ ၎င်း၏ အပေါ်ယံကြောများ၊ စသည်တို့ကိုသာ မြင်တွေ့ခဲ့ရမည် ဖြစ်လေသည်။ ဤသည်တို့အား အမြင်အားဖြင့် မြဲမြံသည်၊ ခိုင်ခန့်သည်၊ အကျဉ်းခန်းတွင့်၌ နေကြရသူတို့အား ဖိနှိပ်နေသည့် သံလုံးကြီးများသဖွယ်သာ ဖြစ်နေပေ လိမ့်မည်။ လွန်ခဲ့သောတနှစ်က၊ လွန်ခဲ့သောခြောက်လက ဆိုလျှင် ဤသို့သာမြင်နေခဲ့ ရသေးသည်။ ယခုသော် အပေါ်ယံအလွှာကား အက်ကွဲရာများဖြင့် ပြည့်နေ လေပြီ။ ထိုပတ်ကြားအက်ရာများ အကြားမှာလည်း မျက်နှာများပြူ၍ နေကြပြီ။ ထိုမျက်နှာများကား သနားစဖွယ်လည်းရှိသည်။ သောကများသည်လည်း ရှိသည်။ ရယ်စရာလည်း ရှိသည်။ အမျိုးပေါင်းစုံလှသော်လည်း အမြဲပင် လူသတ္တဝါ၏ အသွင်အပြင်ကို ဆောင်နေကြသည်။ အုပ်စိုးသောစံနစ်၏ အကြပ်အတည်းများသည် ဤမှုန်သီသော ကမ္ဘာတိုင်းသားအပေါ် ဖိစီး၍လာလျက်၊ သူတို့၏ ကိုယ်တွင်းမှ လူဆန်သော အရာဟူသ၍ကို အလင်းရောင်သို့ ညှစ်ထုတ် ဖေါ်ပြလာသည်။ ဤလူ ဆန်သောကိစ္စတို့သည် အချို့သူများ၌ နည်းပါးလှသည်။ အချို့တွင်ကား အနည်းငယ်ပိုမိုတက်သည်။ ဤသို့ အနည်းအများကွာခြားခြင်းသည်ပင်လျှင်၊ သူတို့အား တယောက်နှင့်တယောက် ခြားနားစေသည်။ မူကွဲစေသည်။ သူတို့အကြားတွင် ကျပ်ပြည့်ဒင်းပြည့် လူသားအစစ်များကိုပင် ခင်ဗျားရှာ၍ တွေ့ကောင်းတွေ့မည်။ သို့သော် ဤသို့သောသူများသည် ခင်ဗျားရှာနေသည် အထိပင် စောင့်မနေကြ။ သူတို့ကား ကိုယ်တိုင်အကြပ်အတည်းအတွင်းသို့ ကျရောက်မှ၊ အကြပ်အတည်း တွင်းသို့ရောက်နေသော အခြားသူများကို ကူညီတက်သည့် လူစားမျိုးမဟုတ်ကြပေ။
ထောင်ဟူသည်ကား ရွှင်မြူးဖွယ်ရာမကောင်းသော ဌာနတခု ဖြစ်လေသည်။ သို့သော် အကျဉ်းခန်းများ၏ အပြင်ဘက်မှ ကမ္ဘာသည် အကျဉ်းခန်း အတွင်းရှိ ကမ္ဘာထက်ပင် ပို၍ စိတ်မချမ်းသာစရာ ကောင်းသည်။ အကျဉ်းခန်းများ အတွင်း၌ မိတ်ဆွေရင်းချာစိတ်များရှိသည်။ မိတ်ဆွေစိတ်မှ နည်းနည်းနောနော မိတ်ဆွေစိတ်မဟုတ် ရှေ့တန်းစစ်မျက်နှာတွင် အန္တရာယ်များကို ကာလရှည်စွာ ရင်ဆိုင်နေရသည့်အချိန်၊ ယနေ့ခင်ဗျား၏အသက်က ကျနော်၏ လက်တွင်းသို့် ရောက်၊ နက်ဖြန် ကျနော်၏ အသက်က ခင်ဗျား၏လက်တွင်းသို့ရောက်သော အချိန်အခါမျိုးတွင် ဖွဲ့နွဲ့လေ့ရှိသော မိတ်ဆွေရင်းချာစိတ်ဓာတ်မျိုး ဖြစ်လေသည်။ ဤအုပ်ချုပ်ရေးစံနစ်၏ ဂျာမန်ထောင်စောင့်များအကြားတွင်ကား မိတ်ဆွေ စိတ်ဓာတ်ဟူ လွန်စွာခေါင်းပါးလှသည်။ ရှိလည်းမရှိနိုင်ပေ။ သူလျှိုသတင်းပေးများဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်သည် ၎င်းတို့အား ဝိုင်းရံနေသည်။ တယောက်နောက်တယောက်လိုက်၍ ချောင်းကြသည်။ ဂုန်းချောကြသည်။ အလုပ်သဘောအ ရသာ တယောက်နှင့်တယောက် “ ရဲဘော်”ဟုခေါ်ကြသော်လည်း၊ ထို “ရဲဘော်” ၏ ရှေ့တွင်ပင် သတိထားနေရသည်။ လူတိုင်းလူတိုင်း အဖော်မပါပဲ တယောက် တည်း နေကြသည်။ ၎င်းတို့အနက်မှ အကောင်းဆုံးသောသူများကား၊ အဖေါ်အပေါင်း မိတ်ဆွေကောင်းမရှိပဲ မနေတက်။ မနေတက်လျှင် ထိုမိတ်ဆွေများကို လိုက် လံရှာဖွေကြသည်။ အကျဉ်းခန်းများ အတွင်း၌ပင် ရှာဖွေကြရပြန်သည်။
ကျနော်တို့သည် အတော်ကြီးကြာသည်အထိ သူတို့၏ နာမည်အရင်းများကို မသိခဲ့ရပေ။ နာမည်များကိုသိရန်ကား အရေးကြီှးလှသည်မဟုတ်။ ကျနော်တို့အချင်းချင်း အနေနဲ့မူ သူတို့အားနာမည်ပြောင်များဖြင့် ခေါ်ဝေါ်နေခဲ့ကြသည်။ အချို့ နာမည်ပြောင်များကို ကျနော်တို့ကိုယ်တိုင် မှည့်ကြသည်။ အချို့ကို ကျနော်တို့အရင် ဤနေရာများတွင် နေသွားသောသူတို့က ကင်ပွန်းတပ်ခဲ့ကြ၍၊ အကျဉ်းခန်းတွင် ဓလေ့မပျက်ကျန်နေခဲ့သည်။ အချို့သော ထောင်စောင့်တို့ကား အကျဉ်းခန်းတခန်းတွင် နာမည်တမျိုးရနေသည်။ ဤသည်ကားပျမ်းမျှခြင်း သာမန်အမျိုးအစားဖြစ်သည်။ ငါးလဲမဟုတ်၊ ဂဏန်းလဲမဟုတ်။ ဤတနေရာတွင် နံနက် စာပို၍ပေးသည်။ ဘေးအခန်းတွင်မူ မျက်နှာကိုလက်သီးနှင့်ထိုးသည်။ အကျဉ်းသမားများနှင့် ဆုံဆည်းရသောအချိန်မှာ စက္ကန့်အနည်းငယ်မျှသာ ဖြစ်သော်လည်း၊ ထိုအခိုက်အတန့်ကလေးသည် အကျဉ်းခန်း၏ အမှတ်သညာတွင် မြဲမြံစွာစွဲသွားသည်သာ ဖြစ်လေသည်။ သို့နှင့် တဘက်သတ်အမြင်၊ တဘက်သပ်နာမည်ပြောင်များ ပေါ်ပေါက်လာရလေသည်။ တခါတရံတွင်ကား အကျဉ်းခန်းများသည် နာမည်ပြောင်ရွေးချယ်ရာ၌ သဘောတူညီမှုရကြသည်၊ ဤသို့သော နာမည်ပြောင်မျိုးရ သူကား ပိုမို၍ပြတ်သားသည့် အကျင့်င်္အါများရှိသူတည်း။ ဤသို့ လုပ်လျှင်လုပ်သည်။ မလုပ်လျှင် ထိုသို့လုပ်သည်။ ကောင်းလျှင် ကောင်းသည်၊ မကောင်းလျှင် ဆိုးသည်။
ဒီပုံစံတွေကို ကြည့်စမ်းပါ။ ဒီရုပ်တုကလေးတွေကို ကြည့်လိုက်စမ်းပါ။ ၎င်းတို့ကား ခြေချော်လက်ချော် မတော်တဆ စုမိနေကြသည်မဟုတ်။ ဤသည် တို့ကား နာဇီဝါဒ၏ နိုင်ငံရေးတပ်မတော်မှ တစိတ်တပိုင်းဖြစ်လေသည်။ လက်ရွေးစင် ရွေးထားသူများဖြစ်သည်။ အုပ်စိုးသော စနစ်၏မဏ္ဍိုင်များဖြစ်သည်။ ထိုစနစ် ၏ လူမှုရေးအဆောက်အအုံကို ပင့်ထားသည့် ထောက်တိုင်ကြီးများ ဖြစ်လေသည် .....
....... ....... ....... ....... ....... ....... ....... ....... ....... ....... ....... .......

“သူနာပြု”
အရပ်မြင့်မြင့်၊ ၀၀ဖိုင့်ဖိုင့်၊ အသံခပ်ပြာပြာနှင့် “အက်ဆက်စ်အရံတပ်သား” ရွစ္စ ဆိုသူဖြစ်သည်။ ယခင်က ကောလုံမြို့စာသင်ကျောင်း တကျောင်းတွင် ကျောင်းစောင့်လုပ်ခဲ့ဘူးသည်။ အခြားအခြားသော ဂျာမန်စာသင်ကျောင်းစောင့်များ၏နည်းတူ သူသည်လဲ ပထမသူနာပြုစုခြင်းသင်တန်းကို တက်ခဲ့ဖူးသည်။ ထို့ ကြောင့် တခါတရံတွင် ထောင်တွင်းဗိန္ဓောဆရာ၏ နေရာသို့ဝင်၍ အစားထိုးရသည်။ ပန်းကရာ့စ်ထောင်တွင် ကျနော်ပထမဆုံးဆက်ဆံရသူဖြစ်သည်။ သူသည် ကျနော့်အား အကျဉ်းခန်းထဲသို့ဆွဲသွင်း၊ ကောက်ရိုးမွေ့ရာပေါ်သို့တင်၊ ဒဏ်ရာများကိုဆေးထည့်ပေး၍ ပတ်တီးများကို ပထမဆုံးအကြိမ် စည်းနှောင်ပေးသည်။ သူ သည် ကျနော်သေမသွား၇န် အကယ်ပင် အကူအညီပေးခဲ့သည်ဟု ထင်စရာအကြောင်းရှိသည်။ ဤကောင်းမှုသည် ဘာကိုညွှန်ပြသနည်း။ လူစိတ်ကြောင့် ဤသို့ ပြုသလော။ သို့ဟုတ် သူနာပြုသင်တန်းတက်ခဲ့ခြင်းကြောင့်လော။ ဤသည်ကိုမူ ကျနော်မဖြေတတ်။ သို့သော် အဖမ်းခံရသော ဂျူးများ၏သွားများကို ရိုက်ချိုး၍ ထို သူတို့အားဆား သို့မဟုတ်သဲတဇွန်းမောက်မောက်ကို ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာပျောက်သည့်ဆေးအဖြစ်ဖြင့် ဇွတ်အတင်းမြိုချခိုင်းတတ်သည်။ ထို အခါ၌ သူ့ကိုယ်တွင်းမှ ပေါ်ပေါက်လာသည်ကား စင်စစ်အားဖြင့် နာဇီဝါဒပင် ဖြစ်ပေသတည်း။

“ဖိုးစပ်စု”
ဘူဂ်ျယောဗစ်စဲမြို့၊ ဖေဘီယန်ဘီယာချက်ရုံတွင် မြင်းလှည်းမောင်းသမားအဖြစ် အလုပ်လုပ်ခဲ့ဘူးသည်။ အတွင်းသဘော ကောင်းသည်၊ စကားကြော ရှည်သည်။ အကျဉ်းခန်းတွင်းသို့ ပြုံးပြုံးရွှင်ရွှင်ဝင်လာတတ်သည်။ စားစရာများယူလာတတ်သည်။ မည်သူတဦးတယောက်ကိုမျှ အန္တရာယ်ပြုလေ့မရှိ။ ထို့ကြောင့် တံခါးအပြင်ဘက်တွင် တနာရီကုန်တနာခန်းရပ်လျက်၊ အကျဉ်းခန်းအတွင်း ဘာများပြောဆိုနေကြသည်ကို တိတ်တဆိတ်နားထောင်တတ်သည်။ ဘာမဟုတ်သော သတင်းအစအနကလေးများကိုပင် အထက်အရာရှိထံ ပြေး၍တိုင်တတ်သည်ဟူသော အကြောင်းများကို ခင်ဗျားယုံနိုင်မည်ပင် မဟုတ်ပေ။

ကော့ကလာရ်
သူလဲ ဘူဂ်ျယောဗစ်စဲမြို့၊ ဘီယာချက်စက်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသည်။ ထောင်အမှုထမ်းများတွင် သူတို့နှစ်ယောက်သာမက၊ ဆူဒက်တီဒေသမှ အခြားဂျာမန်အလုပ်သမားများလဲ ရှိကြသေးသည်။ “အလုပ်သမားတယောက်က ပုဂ္ဂိုလ်တဦးအနေဖြင့် ယူဆခြင်း၊ လုပ်ကိုင်ခြင်းတို့ကား အရေးမကြီးလှ။ အလုပ်သမားများက သမိုင်းလာတာဝန်ကိုထမ်းဆောင်ရန် လူတန်းစားတရပ်အနေဖြင့် လုပ်ရမည့်လုပ်ငန်းသာလျှင် အဓိကဖြစ်လေသည်” ဟု တခါက မာ့က်စ်ရေးသားခဲ့ဘူးသည်။ ဤနေရာသို့ရောက်နေကြသော အလုပ်သမားများကား မိမိတို့၏ လူတန်းစားတာဝန်ဟူ၍ ဘာကလေးတခုမျှ အကယ်ပင်မသိကြပေ။ ထိုလူတန်းစားမှ ဖဲ့၍အထုတ်ခံထားကြရသည်။ ထိုလူတန်းစားကို ရင်ဆိုင်ရသည့်နေရာတွင် ရောက်နေကြသည်။ သဘောတရားရေးအရဆိုလျှင်လဲ လေထဲတွင် မျောက်သစ်ကိုင်းလွတ် ဖြစ်နေကြသည်။ နောင်တွင်လဲ လေထဲ၌ တွဲလောင်းခိုကြရမည့် အလားအလာများ ရှိနေကြလေသည်။
သူသည် စားပေါက်ချောင်ရန် နာဇီပါဒသို့ ချဉ်းကပ်ခဲ့သည်။ သို့သော် ဤကိစ္စမှာ သူထင်သည်ထက် ပိုမိုရှုပ်ထွေးနေသည်ကို တွေ့ရသည်။ ထိုအချိန်မီ စ၍ မပြုံးတက်မရယ်တက်တော့။ နာဇီဝါဒ အနိုင်ရလိမ့်မည်ဟု အလောင်းကစားပြုခဲ့သည်။ ယခုသော် မြင်းသေပေါ် ငွေပုံမိကြောင်းမှာ ထင်ရှား၍ လာလေသည်။ ထိုအချိန်မှစ၍ စိတ်များသည် ဂယောင်ချောက်ချား ဖြစ်ကုန်လေသည်။ ညဥ့်အချိန်တွင်၊ ဖိနပ်အပျော့များ စီးလျက် စင်္ကြံများတလျှောက် တကိုယ်တည်း ပတ္တရောင် လှည့်ရသည်။ ထိုအခါမျိုးတွင် မိမိ၏ ညစ်ညူးသော စိတ်ကူးစိတ်သန်းတို့မှ သဲလွန်စများကို ဓာတ်မီးအုပ်ဆောင်းများပေါ်ရှိ ဖုံမှုန့်များထဲ၌ အမှန်မထင် ချန်ထားခဲ့မိ လေသည်။
“ အားလုံးအိမ်သာပြွန်ထဲ ရောက်ကုန်ပြီ” ဟူ၍ထိုနေရာတွင် ကဗျာဆန်ဆန်ရေးကာ၊ မိမိကိုယ်ကို မိမိသတ်သေရန် စိတ်ကူးနေလေသည်။
နေ့ခင်းပိုင်းတွင် စူးရှသော အလောသုံးဆယ် အသံကြီးဖြင့် ဟစ်အော်ရင်း၊ အကျဉ်းသမားများကိုသာမက၊ ထောင်စောင့်များကိုပါ မာန်မဲဆူပူနေတက် သည်။ သည်နည်းဖြင့် မိမိ၏ကြောက်စိတ်ကို ဖြေနေလေသည်။

“ရစ္စလဲရ်”
ပိန်ပိန်ရှည်ရှည်၊ အသံသြ အသံကြမ်းကြီးနှင့် လူတယောက်ဖြစ်သည်။ ဤနေရာတွင် သူ့လို တကယ်တမ်း ဟက်ဟက်ပက်ပက် ရယ်နိုင်သူများ အတော်ပင် ခေါင်းပါးသည်။ ယာဘလောနဲ့စ် မြို့ နယ်မှ အထည်စက်အလုပ်သမား တယောက် ဖြစ်သည်။ အကျဉ်းခန်းထဲသို့ ဝင်လာ၍ ဆွေးနွေးတက်သည်။ တနာ ရီကုန် တနာရီခန်း ဆွေးနွေးတက်သည်။
“ ကျုပ်ဒီကို ဘယ့်နှယ့်လုပ်ပြီးရောက်လာတယ် ဟုတ်လား။ ဆယ်နှစ်လုံးလုံး အလုပ်ဆိုလို့ ဟုတ္တိပတ္တိဘာမှ မရှိခဲ့ဘူး။ တအိမ်ထောင်လုံးအတွက် တ ပါတ်ကို အရောင်းနှစ်ဆယ် - ဒါလောက်ပိုက်ဆံလေးနဲ့ ဘာသွားလုပ်ရမှာလည်း။ နောက်သူတို့ ရောက်လာကြတယ်၊ မင်းကိုအလုပ်ပေးမယ်၊ ဒို့နဲ့လိုက်ခဲ့တဲ့။ လိုက် သွားတာပေါ့ - အလုပ်လည်းရလာတယ်။ ကျုပ်အတွက်လည်း အလုပ်ရတယ်။ တခြားလူတွေ အားလုံးလည်းအလုပ်ရတယ်။ အခုတော့ စားနိုင်တယ်၊ သောက်နိုင် တယ်၊ နေနိုင်တယ်၊ ထိုင်နိုင်တယ်။ ဆိုရှယ်လစ်စနစ်လား။ အေးလေ...ဆိုပါတော့ ဆိုရှယ်လစ်စနစ်တော့ မဟုတ်ဘူးပေါ့။ ကျုပ်ကဒီလိုဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ အခုခေတ်က အရင်ခေတ်ထက်တော့ ကောင်းတယ်။”
“ မကောင်းဘူး၊ ဟုတ်လား။ စစ်ကြီးကို ပြောတာလား။ ကျုပ်ကစစ်ကို လိုလားတာ မဟုတ်ပါဘူး။ တခြားလူတွေ မသေစေ့ချင်ပါဘူး။ ကျုပ်လိုချင်တာ က ကျုပ်အသက်ရှင်ပြီး နေနိုင် ထိုင်နိုင်ဖို့”
“ ကျုပ်ကြိုက်ကြိုက် မကြိုက်ကြိုက် လူတွေ မသေသေအောင် ကျုပ်ကကူညီပေးနေတယ်လို့ ဆိုတာလား။ ကျုပ်ဘာတက်နိုင်လို့လဲ။ ကျုပ်ဒီက ဘယ် သူ့ကိုများ ဒုက္ခပေးခဲ့လို့လဲ။ ကျုပ်ဒီကထွက်သွားပြီ ဆိုပါတော့။ ကျုပ်နေရာကို တခြားလူတယောက် ရောက်လာမှာပဲ။ ကျုပ်ထက်ဆိုးရင်တောင်ဆိုးမယ်။ ဒီလိုလုပ် လို့ဘယ်သူ့အတွက် အကျိုးရှိသွာမှာလည်း။ စစ်ပြီးရင်တော့ ကျုပ်က စက်ရုံကိုပြန်မှာပဲ။”
“ ဘယ်သူနိုင်မယ်လို့ ခင်ဗျားထင်သလဲ။ ကျုပ်တို့မနိုင်ဘူး၊ ခင်ဗျားတို့နိုင်မှာတဲ့လား။ ဒါဖြင့်ကျုပ်တို့အတွက် ဘယ်နှယ့်လဲ။”
“ ဘာတဲ့ အဆုံးသတ်ရောတဲ့လား။ အလကားပေါ့လေ။ ကျုပ်တွက်နေခဲ့တာက တမျိုးကိုး - ” သို့နှင့် သူသည် ခြေလှမ်းရှည်ကြီးများကို ပေါ့တီးပေါ့ဆ လွှဲရင်း အခန်းတွင်းမှ ထွက်ခွာသွားလေသည်။
နာရီဝက်လောက် အကြာတွင်ပေါက်လာပြန်၍၊ ဆိုဗီယက်ယူနီယံတွင် အခြေအနေမှန်များ မည်သို့ရှိသနည်းဟု မေးမြန်းလေသည်။

“ သတ္တဝါ ”
ကျနော်တို့ ပက်ချက်နန်းတော်သို့ အစစ်ခံရန်သွာကြရမည် ဖြစ်၍၊ တနေ့သော နံနက်ခင်းတွင် ပန်းကရာ့စ် ထောင်အောက်ထက် ဗဟိုစင်္ကြံထဲ၌ စောင့်နေခဲ့ကြရပါသည်။ နေ့စဉ်နှင့်အမျှ ကျောဘက်၌ ဘာဖြစ်နေမှန်း မသိနိုင်ကြရန်၊ ထရံနားတွင် နဖူးများကိုကပ်လျက် ထုံးစံအတိုင်း မတ်တတ်ရပ်နေ ခဲ့ကြသည်။ ထို့နေ့တွင်ကား၊ ကျနော်မကြားဘူးသေးသော အသံတသံ နောက်ဘက်မှ ပေါ်လာပါသည်။
“ ငါဘာကိုမှ မမြင်ချင်ဘူး။ ဘာကိုမှ မကြားချင်ဘူး။ မင်းတို့ငါ့အကြောင်းကို ဘာမှမသိကြသေးဘူး။ တနေ့ငါ့အကြောင်းကို မင်းတို့သိလာလိမ့်မယ်။”
ကျနော်သည် အသံထွက်အောင်ရယ်လိုက် မိသည်။ ဤသို့သောပုံစံ အနေအထားမျိုးမှာ ဤစကားများနှင့် တကယ်ပင် အံ့ကိုက်နေပါသည်။ ဤစကားများကား “ စစ်သားကောင်းရွှိတ်” ဟူသော ဝတ္ထုမှ လက်ဖတင်နင် ဒူးဘ် ခေါ်၊ သနားစရာ ရူးကြောင်ကြောင် သတ္တဝါ၏ စကားများ ဖြစ်လေသည်။ ယခုထက်ထိ မည်သူ တဦးတယောက်မျှ အသံကျယ်ကျယ်လောင်လောင်နှင့် ဤပျက်လုံးကို မထုတ်ဝံ့ခဲ့သေးချေ။ သို့သော် တွေ့အကြုံများသည့် ဘေးမှ အဖေါ်က၊ တံတောင်ဖြင့် ခပ်ဖိဖိကလေး တွက်လိုက်ကာ၊ မရယ်မောရန် သတိပေးသည်။ ကျနော့် အထင်မှာ လွဲကောင်းလွဲနေမည်။ ပြက်လုံးပျက်သည့် အနေဖြင့် ပြောခြင်း ဖြစ်ချင်မှ ဖြစ်မည်။ အမှန်ကလည်း ပျက်လုံးပျက်နေသည် မဟုတ်။
ကျနော်တို့ နောက်မှနေ၍ ထိုစကားများကိုဆိုလိုက်သည့် အရာရှိကား အက်ဆက်စ် ယူနီဖောင်းဝတ်ထားသော လက်တဆုတ်ခန့် သတ္တဝါလေး တ ကောင် ဖြစ်လေသည်။ ရွှိတ်အကြောင်းကိုလည်း နည်းနည်းလေးမျှပင် သိပုံမရ။ လက်ဖတင်နင် ဒူးဘ် ကဲ့သို့ စကားပြောခြင်းမှာ စိတ်ဓာတ်အရ ဒူးဘ်နှင့် သူနှင့် အ မျိုးချင်း စပ်နေသောကြောင့်သာ ဖြစ်လေသည်။ သူကား နာမည်အားဖြင့် ဗည်ဌာန် ဟုခေါ်သည်။ ယခင်က ချက်ကိုစလိုဗားကီးယား တပ်မတော်တွင် ဗီတန် ဟူသော အမည်ကိုခံကာ တပ်စိပ်ဗိုလ် ရာထူးဖြင့် ကြာမြင့်စွာအမှုထမ်းဖူးသည်။ သူပြောလိုက်သော စကားများသည်လည်း မှန်ကန်လှသည်။ ကျနော်တို့သည် သူ့ အား ကောင်းစွာသိကျွမ်းလာရလျက်၊ ၎င်း၏အကြောင်းကို ပြောကြဆိုကြပြီဆိုလျှင်၊ အမည်ရင်းကိုလည်း မခေါ်၊ နာမည်ပြောင်လည်းမသုံးပဲ “ သတ္တဝါ” ဟူ၍သာ ပြောလေ့ဆိုလေ့ ရှိကြသည်။ အမှန်ကိုဝန်ခံရလျှင် ကျနော်တို့ အနေနှင့် နာမည်ပြောင်များကို မည်မျှပင် ထွင်တက်ထွင်တက်၊ သူနှင့်သင့်တော်မည့် နာမည်ကို ရှာ တိုင်းရှာတိုင်း လက်မှိုင်သာချ၍ နေခဲ့ကြရပါသည်။ သူကား ပန်းကရာ့စ်ထောင် အုပ်ချုပ်ရေးစနစ်၏ အရေးကြီးသော မဏ္ဏိုင်တရပ်လည်း ဖြစ်လျက် တန်ဖိုးမရှိမှု၊ ထုံထိုင်းမှု၊ လေးထွားမှုနှင့် ဆိုးသွမ်းမှုတို့ ခပ်မြိုင်မြိုင်ကြီး ပေါင်းစပ်ထားရာလည်း ဖြစ်နေသောကြောင့်တည်း။
ဤသို့ လေဖေါတက်သည့် နွယ်ပင် အစုတ်အနုတ်ကလေးများ ဆတ်ဆတ်ခါနာသွာအောင် ပြောချလိုက်လိုက၊ ဒူးအောက်က ဝက်ကလေးဟု အရပ် စကားအရ ခေါ်ဝေါ်လေ့ရှိကြသည်။ မိမိ၏ ကိုယ်လုံးကိုယ်ပေါက် သေးသိမ်နေသဖြင့် အမြဲတမ်းစိတ်ဒုက္ခ ရောက်နေတက်သည်ဟု ဆိုလျှင် ထိုသူ၏စိတ်ဓာတ်မှာ လည်း အလွန့်အလွန် သေးသိမ်နေသော ကြောင့်သာ ဤသို့ခံစားရခြင်း ဖြစ်ပေမည်။ ဗည်ဌာန်ကား ယင်းသို့ စိတ်ဒုက္ခ ရောက်နေသူတည်။ ထို့ကြောင့်သူ့ထက် ကာယဗလ အရသော်၎င်း၊ စိတ္တဗလ အရသော်၎င်း၊ ကြီးထွားသူဟူသ၍အပေါ် လက်စားချေလေသည်။ လက်တွေ့အားဖြင့်ကား လူတိုင်းအပေါ် ရန်ညှိုးဖွဲ့သည် လည်း မည်ပေသည်။
လူများကို ရိုက်ပုတ်ခြင်းကား မပြု။ ထို့သို့ ပြုလုပ်လောက်သည့်အထိလည်း သတ္တိမရှိ၊ သို့သော် ထိုသူများအကြောင်း ဂုန်းချောတက်သည်၊ ဗည်ဌာန် ၏ သတင်းပေးခြင်းကြောင့် အကျဉ်းသမားပေါင်းမည်မျှ ကျန်းမာရေးချို့ယွင်းခဲ့ရပြီနည်း။ အကျဉ်းသမားပေါင်းမည်မျှအသက်ပေးခဲ့ရပြီနည်း-အဘယ်ကြောင့်ဆို သော်။ ပန်းကရာ့စ်ထောင်မှ အကျဉ်းစခန်းတခုသို့ ပြောင်းသွားရသည့်အခါ ထောင်မှ မည်သို့သော်မှတ်ချက်များပါလာသည် ဟူသော်ကိစ္စကား အရေးမပါအရာမ ရောက်သော အချက်တခုမဟုတ်ပေ။ သိုမျှသာမကသေး ၊ ပန်းကရာ့စ်မှ အပြင်သို့လုံဝရောက်မှ ရောက်ပါတော့မည်လော ဟူသော အချက်ကလည်းရှိနေသေး သည်။
သူကား အတောမသတ်အောင် သေးဖွဲ့သောသူဖြစ်သည်။ မိမိ၏ အရေးပါ အရာရောက်ပုံများကို စိတ်ကူးယဉ်ယင်း၊ စင်္ကြံတလျှောက်တွင် ကျက်သ ရေပြည့်ဝစွာဖြင့် တကိုယ်ထည်း ရွက်လွှင်လာတက်သည်။ မနုဿလူသားတယောက်နှင့် ရင်ဆိုင်မိသည်နှင့် တပြိုင်နက်လည်း တနေနေရာပေါ်သို့ လှမ်း၍တက် လိုက်ရန် ဆန္ဒပေါ်လာတက်သည်။ ခင်ဗျားအား စစ်ကြောနေသည့်အခါတွင် လက်ကိုင်တန်းများပေါ်သို့ တက်ထိုင်လျက် ဤမျှသက်တောင့်သက်သာမရှိလှသော အနေအထားနှင့်ပင်၊ တနာရီနေရနေရ ပေတေ၍ ထိုင်နေတက်သည်။ ဤနည်းအားဖြင့် သူသည်ခင်ဗျားထက် ခေါင်းတလုံးပို၍ မြင့်သကဲ့သို့ ဖြစ်သွားသောကြောင့် တည်း။ မုတ်ဆိတ်ရိတ်သည့်နေရာ၌ တာဝန်ကျနေသည့်အခါဝယ် ၊ လှေကားထစ်များပေါ်သို့ တက်နေလိုက တက်နေတက်သည်။ သို့မဟုတ် ခုန်တန်းရှည်ပေါ်သို့ တက်၍ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ယင်း ၊ သူ၏နက်နဲတော်မူတက်ထသော သြ၀ါဒကို ရွက်ဆိုနေတက်သည်။
-ငါဘာကိုမှ မမြင်ချင်ဘူး။ ငါဘာကိုမှ မကြားချင်ဘူး။ မင်းတို့ ငါ့အကြောင်းကို ဘာမှမသိကြသေးဘူး........
နံနက်ခင်းကျန်းမာရေးလေ့ကျင့်ရသည့် နာရီဝက်အချိန်တွင် ယုတ်စွအဆုံးမြက်ခင်းပေါ်သို့တက်၍ လျှောက်သည်။ မြက်ခင်းသည် ဘေးပတ်ဝန်းကျင်ထက် သူ့အား နှစ်လက်မ ၊ သုံးလက်မခန့် ပို၍မြှင့်ပေးသည်။ သူသည် အကျဉ်းခန်းအတွင်းသို့ မင်းတရားကြီး၏မျက်နှာပေးဖြင့် ကျက်သရေရှိစွာဝင်လာတော်မူလျက် ၊ ကုလား ထိုင်တလုံးပေါ်သို့ ဗြုံးကနဲတက်၍ ရပ်လိုက်ကာ အမြင့်မှနေ၍ အခန်းကိုစစ်ဆေးတော်မူသတည်း။
သူကားအတိုင်းမသိ သေးဖွဲလှသည်။ သို့သော်- လူ့အသက်များကို ကိုင်တွယ်သောရုံးခန်းရှိ ရူးပေါပေါသတ္တ၀ါတိုင်းကဲ့သို့ပင်- အတိုင်းမသိလောက် အောင် အန္တရာယ်ကြီးလှစွာပေသည်။ သူ၏ ကျဉ်းမြောင်းမူတွင်အရည်အချင်းတရပ်ကို ကြောင်လက်သဲကဲ့သို့ ၀ှက်ထားသည်။ ထိုအရည်အချင်းကား တစိတ်ကိုတ အိတ်ဖြစ်အောင် ၊ ပိုးနှံကောင်ကို ကုလားအုပ်ဖြစ်အောင် ဖန်တီးတက်ခြင်းပင်ဖြစ်လေသည်။ သူသည်အိမ်စောင့်ခွေးတကောင်၏ တာဝန်မှကျော်၍ ဘာကိုမျှမသိ။ ထို့ကြောင့် သတ်မှတ်ထားသောပုံစံမှ အနည်းငယ်ကလေး ချော်သွားသောကိစ္စတိုင်းသည် အလွန်ကြီးမားသောကိစ္စများဖြစ်လာတော့သည်။ ကြီးမားသောကိစ္စများ ဖြစ်လာ၍လည်း သူ၏ ဌာနန္တရနှင့် လျှော်ကန်လျှောက်ပတ်သော အရာဟု သဘောပိုက်တက်သည်။ ထောင်ပုံစံကို ချိုးဖောက်မူများ၊ ထောင်ပုံစံအပေါ် ရာဇ၀တ် ကျူးလွန်မူများ စသည်ဖြင့် အမူများဆင်နေရမှ ၊ ငါသည်ဧရာမပုဂ္ဂိုလ်ကြီးပါကလား ဟူသော အသိဥာဏ်ဖြင့် စိတ်ချမ်းသာစွာ အိပ်ရာဝင်နိုင်လေသည်။ သူပေး သောသတင်းများ မှန်သည်၊ မှားသည်ဟူ၍လည်း ဤထောင်တွင်း၌ မည်သူက စစ်ဆေးလေ့ရှိပါသနည်း။

ဆမဲတောန့်ဇ်
ကိုယ်လုံးကိုယ်ထည် ကြီးကြီးမားမား၊ ထုံထိုင်းသောမျက်နှာပေး၊ အဓိပ္ပါယ်မပါးသော မျက်လုံးများရှိသည်။ ကာတွန်းဆရာ ဂရော့ရှ် ရေးဆွဲသော နာဇီမုန် တိုင်းတပ် သားတယောက်၏ပုံ အသက်ဝင်လာသည်နှင့် တူသည်။ သူသည် လစ်သူဧနီးယား နယ်စပ်တွင် နွားနို့ညှစ်သမားလုပ်ခဲ့ဘူးသည်။ သူကျောင်းခဲ့ရသည့်နွားများ ၊ ထိုလှပသောတိရိစ္ဆာန်များသည် ၊ မိမိတို့၏ မွန်မြတ်လှသော ကျက်သရေများကို သူ့ထံ၌ အရိပ်အငွေ့မျှပင် ချန်မထားခဲ့သည်မှာ အံသြဘွယ်ကောင်း လှပေ သည်။ အထက်ဆရာကြီးများကမူ သူ့အား ဂျာမန်ဂုဏ်ရည်များဖြင့် ပြည့်နေသောသူတယောက်ဟု ယူဆသည်။ သူကား ပြတ်သားသည်၊ မာကျော်သည်၊ လာဘ်မစား (ထောင်ဘာယာများထံမှ စားစရာသောက်စရာများ မတောင်းတက်သော သူ့လို ထောင်စောင့်မျိုးကား အလွန်နည်းပါးလှသည်)။ သို့သော်.......
တခါက ဂျာမန်ပညာရှိတယောက်..... မည်သူဖြစ်သည်ကိုကား ကျနော်မမှတ်မိ.... သတ္တ၀ါတကောင်လျှင် စကားလုံးပေါင်း မည်မျှဖွဲ့နိုင်သနည်း ဟူသောအချက်ပေါ်၌ အခြေတည်၍ အဆိုပါသတ္တ၀ါ၏ ဥာဏ်စွမ်းကို တွက်ကြည့်ခဲ့သည်။ ၄င်း၏ အလိုအရဆိုလျှင် ၊ ဥာဏ်အနည်းဆုံးသော သတ္တ၀ါမှာ အိမ် တွင်း၌ မွေးထားသောကြောင်ပင်ဖြစ်သည်၊ ကြောင်သည် စကားလုံး ၁၂၈-လုံးသာ ဖွဲ့နိုင်သည်ဟု ဆန်းစစ်ခဲ့သည် ထင်သည်။ ဆမဲတောန့်ဇ်နှင့် စာလျှင် ၊ ကြောင် ဟူသော တိရိစ္ဆာန်ကား ပညာရှိကြီးပင်ဖြစ်လေသည်။ ပန်းကရာ့စ်သည် ဆမဲတောန့်ဇ်ထံမှ စကားလေးလုံးမျှသာ ကြားကြရသည်။
- ပါးစ် ဘလော့စ် အောက်ဖ်၊ မဲန့်ရှ်။
သူသည် တပတ်လျှင် နှစ်ကြိမ်သုံးကြိမ်မျှ တာဝန်ကို တပါးသူအား လွှဲအပ်ပေးရသည်။ တပတ်နှစ်ကြိမ်သုံးကြိမ်ပင် တုံးတိုက်ရမလို ၊ ကမ်းတိုက်ရ မလို အခက်ကြုံနေတက်သည်- အဆုံးတွင်လည်းဆိုးဆိုးဝါးဝါးသာ အစဉ်သဖြင့် အဆုံသတ်ရသည်။ တခါ ၊ ပြူတင်းပေါက်များ ဖွင့်မထားသဖြင့် ထောင်ပိုင်က သူ့ အားကြိမ်းမောင်းသည်ကို တွေ့ခဲ့ရဘူးသည်၊ အသား တောင်းလုံးကြီးသည် တိုတောင်းသော ခြေထောက်များပေါ်၌ မအီမသာ ခေတ္တမျှ လူးလွန့်နေလျက်။ ထုံထိုင်း စွာညွတ်နေသော ခေါင်းသည်လည်း ကိုင်းသည်ထက် ကိုင်းသွားကာ ၊ ယခုကလေးတွင် နားနှင့်ကြားလိုက်ရသော စကားလုံးများကို ပါးစပ်မှ ပြန်၍ရွတ်ရန် မချိမ ဆန့် ကြိုးစားယင်း၊ နှုတ်ခမ်းဒေါင့်စွန်းများလည်း နိမ့်ဆင်းသွားပြီးနောက် ..... အစိုင်အခဲကြီးတခုလုံးသည် စက်ဥသြသံကြီးကဲ့သို့ ဗြုံးကနဲ ဟစ်ကြွေးလိုက်လေ သည်။ စင်္ကြံများတလျှောက်လုံး ရုန်းရင်းဆန်ခက် ဖြစ်သွားသည်။ ဘာကိုဆိုလိုသည်ကိုကား မည်သူမျှ နားမလည်လိုက်။ ပြူတင်းပေါက်များလည်း ပိတ်မြဲပိတ်နေ ကာ ဆမဲတောန့်ဇ်အနီးမှ အကျဉ်းသမားနှစ်ယောက်သာ နှာခေါင်းများမှ သွေးများကျဆင်းလာရလေသည်။ ဤနည်းဖြင့် သူသည် ထွက်ပေါက်တပေါက် တွေ့ သွား ပြန်လေသည်။
အမြဲပင် ဤသို့လက်စသိမ်းရလေသည်။ မြင်မြင်ချင်းထိုးရန် ၊ ကြိတ်ရန် ၊ လူသေလျှင် သေသည့်အထိပင် ထိုးကြိတ်ရန်-ဤသည်ကို သူနားလည် သည်။ ဤတခုသာ သူနားလည်သည်။ တခါအကျဉ်းသမားတစုနေထိုင်သော အခန်းကျဉ်းထဲသို့ဝင်လျက် လူတယောက်အား ထိုးလိုက်သည်။ ထိုအကျဉ်းသမား မှာ မမာနေသောသူဖြစ်သဖြင့် ကြမ်းပေါ်သို့ လဲကျသွားကာ ဆန့်ငင်ဆန့်ငင်နှင့် တက်နေလေတော့သည်။ ထိုအခါတွင် ဆန့်ငင် ဆန့်ငင်ဖြစ်နေသည့်စသည်းချက် အတိုင်း ၊ အခြားအကျဉ်းသမားများအား ဒူးကွေးထိုင်ထလုပ်ခိုင်းသည်။ တက်နေသောသူ အားအင်ကုန်ခန်း၍ ပျော့ငြိမ်သွားတော့မှ ရပ်ကြရတော့သည်- ဆမဲတော န့်ဇ်ကား ရူးပေါပေါပြုံးယင်း ခါးထောက်လျက် ကြည်နေခဲ့သည်။ ကြပ်တည်းသောအခြေအနေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည်ဟူ၍လည်း ကြေနပ်နေခဲ့လေ သည်။
သူ့ကိုသင်ပေးခဲ့ကြသည့် အချက်အလက်များအနက် -ရိုက်ပုတ်ထိုးကြိတ်ခွင့်ရှိသည် ဟူသော အချက်တခုထည်းကိုသာ မှတ်မိသောလူရိုင်းတ ယောက်ပင် ဖြစ်လေသည်။
ဤသို့သော် သတ္တ၀ါမျိုး၌ပင် တစုံတရာကား ကျိုးပျက်သွားလေတော့သည်။ လွန်ခဲ့သော တလကဖြစ်သည်။ သူနှင့်“က`တို့သည် ထောင်တွင်းရှိ ဧည့်သည်ခန်းမ၌ နှစ်ယောက်ထည်း အတူထိုင်ကြကာ၊ `က` ကအခြေအနေများကို ရှင်းလင်းပြောပြနေခဲ့သည်။ အချိန်အတော်ပင် ကြာသည်။ အတော်ကြီးကြာ မြင့်သောအခါမှလည်း ဆမဲတောန့်ဇ်အနေနှင့် ရိပ်ဖမ်းသံဖမ်း အနည်းငယ်နားလည်လာသည်။ သူသည်ထိုင်ရာမှ ထ ၊ အခန်းတံခါးကိုဖွင့် ၊ စင်္ကြံတလျှောက် ဟိုဟို သည်သည်ကို လှမ်း၍ စိုးရိမ်တကြီးကြည့်ရူလေသည်။ နေရာတကာမှာ တိတ်ဆိတ်၍နေသည်။ ညဉ့်အချိန်ဖြစ်၍ တထောင်လုံးအိပ်မောကြနေသည်။ သူသည် တံခါးကိုပြန်ပိတ်၊ အတွင်းဘက်မှ သေသေချာချာ သော့ခတ်လိုက်ကာ ၊ ကုလားထိုင်တလုံးပေါ်သို့ ခွေ၍ကျသွားလေ့သည်။
-ဒါဖြင့်မင်းထင်တာက ......
သူသည်ခေါင်းကို မိမိ၏လက်ဝါးနှစ်ဘက်အတွင်းသို့ ထိုးအပ်လိုက်သည်။ ကြီးမားသော ကိုယ်လုံးကိုယ်ထည်ကြီးတဲမှ သေးငယ်သော စိတ်ဓါတ်က လေးပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဘိစီးလာလေသည်။ သူသည်ဤသို့ပင် ကြာမြင့်စွာ ကိုင်းညွတ်၍ နေလေသည်။ နောက်ခေါင်း ကို ထောင်လိုက်ကာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်ပြောလိုက်သည်။
- မင်းပြောတာမှန်တယ်၊ ဒို့မနိုင်တော့ဘူး။
ပန်းကရာ့စ်အနေနှင့် ဆမဲတောန့်ဇ်၏ စစ်ပွဲအောင်သံကြီးကို မကြားရသည်ကား တလမျှ ကြာခဲ့လေပြီ။ အကျဉ်းသမားလူသစ်များသည်လည်း သူ၏ လက်သံ မည်မျှပြောင်သည်ကို မသိကြရတော့ပေ။

ထောင်ပိုင်
ခပ်ပုပု၊ အရပ်ဝတ် အရပ်စားဝတ်ဝတ်၊ အွန်တဲ့ရ် ရှတူးရ်မ်ဖီး ယူနီဖောင်းဝတ်ဝတ် အမြဲတမ်းသပ်သပ်ရပ်ရပ် ၀တ်စားထားလေ့ရှိသည်။ ဖေါဖေါသီသီ သုံးဖြုန်းယင်း ၊ ကိုယ့်ကိုကိုယ်ဟုတ်လှပြီဟု ကြေနပ်၍နေသူဖြစ်သည်။ ခွေးများကို ချစ်တက်သည် ၊ အမဲလိုက်ခြင်းဝါသနာပါသည် ၊ မိန်းမ လိုက်စား သည်- ဤ သည်ကာ တဘက်မှနေ၍ ကြည့်ခြင်း ဖြစ်လျက် ကျနော်တို့နှင့်မဆိုင်။
ဒုတိယတဘက်-ဤသည်ကာ ပန်းကရာ့စ် ထောင်အနေနှင့်သိရသည့်ဘက် ဖြစ်သည်။ သူကား ရုန့်ရင်းကြမ်းတန်းသည်။ ရိုင်းစိုင်သည်။ ပညာမရှိ။ စိုင်ကော်ခြုံပေါ်ရောက်သည့် နာဇီမျိုးဖြစ်သည်။ ကိုယ့်အတွက်သာ အကျိုးရှိမည်ဟုဆိုလျှင် မည်သူ့ကိုမဆို ယာဇ်ပူဇော်ရန်အသင့်ရှိသည်။ သူအမည်ကား - အရေး ကြီးသပဆိုလျှင် ရေးကြစို့- ဆော့ပါးဟုခေါ်သည်။ ပိုလန်ပြည်တွင်မွေးသည်။ သူအနေနှင့် ပန်းဘဲဆရာအလုပ်ကို သင်ကြားခဲ့ဘူးသည်ဟုဆိုသည်။ သို့သော် ဂုဏ် ရှိလှသော ဤပညာသည် သူ၏ ကိုယ်ကာယပေါ်၌ အရာမထင်ရစ်ဘဲ ကွယ်ပျောက်သွားခဲ့သည်။ ဟစ်တလ၏ အလုပ်အကျွေးဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ တပါးကျွန်ပြီးပြီး အမူထမ်းယင်း ဤရာထူးမျိုးကို ရရှိလာခဲ့သည်။ ဤရာထူးကိုလည်း ဖြစ်သည့်နည်းနှင့် ကုပ်ကပ်၍တွယ်နေသည်။ သူကား အကျဉ်း သမားသော ၊ ထောင်အမူထမ်းသော ၊ ကလေးသော ၊ လူကြီးသောမရွေး မည်သူကိုမျှ မညှာ ၊ မည်သူကိုမျှမငဲ့ပေ။ ပန်းကရာ့စ်ထောင်ရှိ ၊ နာဇီစံနစ်က ငှားရမ်းထား သော အလုပ်အကျွေးများ အချင်းချင်းဝယ် မိတ်ဆွေစိတ်ဟူ၍မရှိ။ သို့သော် ဆော့ပါးလောက် မိတ်ဆွေစိတ်ကလေးအရိပ်အငွေ့မျှပင် ကင်းမဲ့နေတက်သူကား တ ယောက်မျှမရှိချေ။ ထောင်တထောင်လုံးတွင် သူသည် လူတယောက်ထည်းကိုသာ နှစ်သက်ပုံအနည်းငယ်မျှပြလျက် မကြာခဏ စကားပြောဘော် ပြောဘက် လည်းပြုသည်။ ထိုသူကား ထောင်တွင်း ဗိန္ဓောဆရာ ၊ ပေါလိစိုင်း မိုင်စတဲရ် ဗိုက်စနဲရ်ဖြစ်သည်။ သို့သော် ဤနေရာ၌ပင် တဦးမေတ္တာတဦးမှာဟု ဆိုနိုင်ကောင်း သည်မထင်ပေ။
သူသည်ကိုယ့်ဘိုသာ ကိုယ်သိတက်သည်။ ဤမျှလောက်ကြီးမားသော ရိုက်ရာကိုခံယူသည်မှာ ကိုယ်ရေးအတွက်သာဖြစ်သည်။ အုပ်စိုးမူစံနစ်အ ပေါ် တွင် နောက်ဆုံးအထိ သစ္စာစောင့်နေမည်မှာလည်း - ကိုယ်ရေးအတွက်သာဖြစ်ပေမည်။ ကိုယ့်ကိုကိုယ်ကယ်ဆယ်နိုင်မည့် အခြားနည်းလမ်းတရပ်ရပ်ကို မတွေး တောမကြံစည်သူမှာ ၊ သူတယောက်သာရှိသည်။ သူ့အနေနှင့် အခြားလမ်းဟူ၍ လုံးဝမရှိကြောင်းကိုသိရသည်။ နာဇီစံစနစ်၏ကျဆုံးခြင်းသည် သူ၏ကျဆုံးခြင်း ဖြစ်မည်။ သူ၏ဖေါသီသောဘ၀၏ အဆုံးသတ် ၊ သူ၏ခန်းနားသော အိမ်ခန်း၏အဆုံးသတ် (စကားစပ်မိ၍ဆိုရလျှင် ၊ ထိုသို့သားသားနားနား ၀တ်စားနိုင်ပါမည့်အ ရေး ၊ အကွပ်မျက်ခံရသော ချက်အမျိုးသားတို့၏ အကျများကိုပင် အရှက်ကင်းမဲ့စွာ ၀တ်ဆင်တက်သည်)။
ဟုတ်သည် ၊ ဤသည်ကား အဆုံးသတ်ပင်ဖြစ်လိမ့်မည်။

ထောင်တွင်းဗိန္ဓောဆရာ
ပေါလိစိုင်း မိုင်စဘဲရ် ဗိုက်စနဲရ်- ပန်းကရာ့စ်ထောင်၏ ပတ်ဝန်းကျင်တွင် ထူးခြားသော ရုပ်ထုကလေးဖြစ်သည်။ သူသည် ဤနေရာနှင့် မအပ်စပ်ဟု ခင်ဗျားအနေနှင့် တခါတရံတွင်ထင်မိသည်။ တခါခါတွင်ကား ပန်းကရာ့စ်ကို သူမပါပဲ စဉ်းစားကြည့်၍ပင် မရလောက်အောင် ဖြစ်ပြန်သည်။ သူသည် လူမမာများ ထားရာ အခန်း၌ ရှိလျှင်ရှိမည်။ မရှိလျှင် ခြေလှမ်း ယိုင်တိယိုင်များဖြင့် လှမ်းရင်း စင်္ကြံများတလျှောက် ကြက်စားနေတက်သည်။ တကိုယ်တည်း စကားပြောရင်း ဟိုဟိုသည်သည်ကို အမြဲမပြတ်မှ အမြဲမပြတ် အကဲခတ်နေတက်သည်။ နေရာတနေရာသို့ ခေတ္တမျှအလည်ရောက်လာ၍၊ ထို တိုတောင်းသောအချိန်ကလေး အ တွင်း အများဆုံးမြင်သွားချင်သော နိုင်ငံခြားသား တယောက်ကဲ့သို့ပင် ဖြစ်လေသည်။ သို့သော်လည်းသူသည် အကျဉ်လည်ဆုံးသော ထောင်မှူးတယောက်ကဲ့သို့ မြန်လည်းမြန်၊ အသံလည်းမမည်စေပဲ၊ သော့ကိုသော့အိမ်ထဲသို့ သွင်းလှည့်ကာ တံခါးကိုဆွဲဖွင့်တက်သော အရည်အချင်း တခုရှိသည်။ သူ့တွင်ခြောက်သွေ့သော ဟာသဥာဏ်ရှိသဖြင့်၊ အဓိပ္ပါယ်နှစ်ခွပါသော စကားများပြောတက်သည်။ ပြောပင်ပြောသော်လည်း အငြိအစွန်းဟူ၍လည်း မရှိစေရကား၊ သူ့ကို သူ၏စကားအရ ဘမ်း၍ မရပေ။ သူသည်လူများထံချဉ်းကပ်သည်။ သို့သော် အခြားလူများက သူ့အား ချဉ်းကပ်ရန်အခွင့် မပေး။ သူသိသမျှကား များပြားလှသည်။ သို့သော် မည်သူ့ ကိုမျှ ဂုန်းချောခြင်း၊ တိုင်တန်းခြင်းမပြု။ သူသည်စီးကရက်ငွေ့များဖြင့် ပြည့်နေသော အကျဉ်းခန်းတခန်း အတွင်းသို့ဝင်လာသည်။ နှာခေါင်းသံဖြင့် အသံမြည်အောင် ရှုံ့ ၍ အနံ့ခံသည်။
- ဟင်း- ပါးစပ်က ပျပ်ကနဲ လုပ်လိုက်သည်- အကျဉ်းခန်းတွေထဲမှာ ဆေးလိပ်သောက်ကြသကိုး - နောက်တကြိမ်ထပ်၍ ပျပ်ကနဲ လုပ်လိုက်ပြန်သည် -ကြပ်ကြပ်တည်းတည်းကြီး တားမြစ်ထားတယ်။
သို့သော် ထိုကိစ္စကို သွားရောက် တိုင်တန်းခြင်းမပြု။ ကြီးမားသည့် သောကတရပ်ကြောင့် စိတ်ညစ်နေသကဲ့သို့၊ သူ၏မျက်နှာမှာ အစဉ်သဖြင့် တွန့်ရှုံ့ ၍နေသည်။ မသာမယာဖြစ်နေသည်။ သူ အလုပ်အကျွေးပြုနေသော ထိုအုပ်စိုးမှုစနစ်၊ သူနေ့စဉ်ပြုစုနေရသော လူများကိုဥာဉ်းပန်းနေသည့် ထိုအုပ်စိုးမှုစနစ်၊ ထိုစနစ်နှင့် မပတ်သတ်လိုဟန်ရှိပေသည်။ သူသည်အဆိုပါ အုပ်စိုးမှုစနစ်ပေါ်၌ အယုံအကြည်မရှိ၊ ထိုစနစ်တည်တံ့လိမ့်မည် ဟူ၍လည်း မယုံကြည်။ ယခင်ကပင် ထိုစနစ်အပေါ် မယုံကြည်ခဲ့။ ထို့အတွက်သာ သူ၏အိမ်ထောင်ကိုပင် ဗရောကဝါ့ဗ် မြို့ မှ ပရာဟာသို့ ရွှေ့ပြောင်း မလာခဲ့ခြင်း ဖြစ်ပေသည်။ အခြားသော ရိုခ် အရာရှိ များသာဆိုလျှင်၊ သိမ်းပိုက်ထားသော တပါးတနိုင်ငံ၌ အဆီရစ်ရန် ဤသို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခဲမည်ဖြစ်လေသည်။ တချိန်တည်း၌ပင်၊ သူသည် အုပ်စိုးရေးစနစ်အား ဆန့်ကျင်တိုက်ခိုက်နေသော သူများနှင့်လည်း မပေါင်းသင်းလို။ ထိုသူများနှင့် တွဲ၍လည်း မကြီးထွားနိုင်ခဲ့ပေ။
ကျနော့်အား ဆေးကုသည့်အခါတွင် သူသည် ကြိုးစားပမ်းစား ပြုစုသည်။ အစွမ်းရှိသ၍ ပြုစုသည်။ အခြားလူနာများအပေါ်တွင်လည်း ထိုနည်းနှင့်သာ ပြုစုလေ့ရှိသည်။ အပြင်းအထန်ဒဏ်ရာ ရထားသူများကို အစစ်ခံရန်ခေါ်သွာကြမည် ဆိုလျှင်လည်း ခေါင်းမာစွာဝင်၍ တားဆီးရဲသည်။ ဤနည်းဖြင့် မလုံသောစိတ် ကို ဖာထေးနေဟန်တူသည်။ တခါတရံ အရေးတကြီးလို နေရာများ၌ပင် လုံးဝအကူအညီမပေး။ ထိုအချိန်များကား ကြောက်စိတ်များ ဖိစီးနေသည့် အခါများဖြစ် ဟန်တူသည်။
သူကားနိုင်ငံသား အသေးစားကလေးတယောက်၏ ပုံစံနမူနာတရပ်ပင် ဖြစ်လေသည်။ လက်ငင်းအုပ်စိုးနေသော အရာကိုလည်းကြောက်သည်။ နောက်ပေါ်ထွန်းလာမည့် အရာကိုလည်း ကြောက်သည်။ ဤကြောက်စိတ် နှစ်မျိုးနှစ်သွယ်၏ အကြားသို့ အဖေါ်မပါ တကိုယ်တည်းသာ ရောက်နေလေသည်။ ဤ အခြေအနေမှ ထွက်လမ်းကိုရှာသည်။ တခုမျှမတွေ့။ သူကားမြွေဆိုးမဟုတ်။ ရေမြွေအသေးစားတကောင်သာ ဖြစ်လျက် ထောင်ချောက်ထဲတွင် ပိတ်၍ မိနေလေသည်။
လွတ်စရာမျှော်လင့်ချက်ဟူ၍ လုံးဝမရှိ။

“ အချောင်ခိုသမား”

ဤသူကား ရုပ်ထုကလေးမျှသာမဟုတ်တော့၊ သို့သော် လူရုပ်သွင် အပြည့်အဝလည်းမဖြစ်သေး။ ဤနှစ်မျိုး၏အကြား စပ်ကူးမတ်ကူးတွင် ရှိသည်။ လူရုပ်သွင် တခုဖြစ်လာရန် သူ့တွင်ပြတ်သားသော အမြင်မှန် လိုနေသေးသည်။
အမှန်အားဖြင့် ဤသို့သော လူနှစ်ယောက်ရှိသည်။ သူတို့ကား ရိုးသားသူများ ဖြစ်သည်။ ထိလွယ်နာလွယ်သည်။ အစကနဦးတွင် အစစအရာရာကို ဥပေက္ခာပြု၍ ဖာသိဖာသာ နေကြသည်။ သူ့တို့ကျရောက်သွားသော ကြောက်မက်ဖွယ် အသိုင်းအဝိုင်းကြီးကို အံ့အားသင့်စွာသာ ကြည့်၍နေခဲ့ ကြသည်။ နောက် ပိုင်းတွင် ထိုလောကမှ ရုန်း၍ထွက်ရန် တောင့်တလာကြသည်။ သူတို့ကား ကိုယ့်ဒူးကိုယ်ချွန်သူများ မဟုတ်ကြသဖြင့် မှီခိုအားထားစရာလူများ ရှာဖွေလာကြသည်။ ရှာယင်းဖွေယင်း၊ နေရာအမှန်သို့ ရောက်လာကြသည်မှာ အသိဥာဏ် အားကိုးခြင်းထက် နှာခေါင်းအနံ့ခံ ကောင်းခြင်းကြောင့် ဆိုက်ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ခင်ဗျားကိုကူညီကြသည်မှာ ခင်ဗျားထံမှ အကူအညီကိုလည်း လိုချင်ကြသောကြောင့် ဖြစ်သည်။ သူတို့အား အကူအညီ ပေးရန်မှာ တရားမျှတသော ကိစ္စ ဖြစ်သည်။ ယခုရော၊ အနာဂတ်တွင်ပါ သူတို့အား အကူအညီ ပေးသင့်ပေသည်။
ဤသူနှစ်ယောက်သာလျှင်....ပန်းကရာ့စ်ရှိ ဂျာမန်အရာရှိများအနက် ဤသူနှစ်ယောက်သာလျှင် ရှေ့တန်းစစ်မျက်နှာသို့လည်း ရောက်ခဲ့ဘူးသည်။
ဟာနောအဲ့ရ် ဆိုသူကား ဇနောယီမောမြို့ မှ စက်ချုပ်သမား၏ ကူဖော်လောင်ဖက် ဖြစ်သည်။ အရှေ့ဘက်စစ်မျက်နှာသို့ ခဏမျှရောက်သွာသည်နှင့် ကိုယ့်ဖာသာကိုယ် ရေခဲစားဒဏ်ရာများ မရရအောင် လုပ်ကာပြန်လာခဲ့သည်။ “စစ်ဆိုတာလူတွေနဲ့ မကိုက်ပါဘူး” ဟု ရွှတ်ဆန်ဆန်ဝိဂြိုလ်ကျင်း၍ လင်းလေသည်။ “ဟိုမှာကိုယ်ဘာသွားလုပ်ရမှာလဲ”။
ဟစ်ဖဲရ် ဆိုသူကား ဘာတာစက်ရုံမှပျော်ပျော် နေတက်သည့် ဖိနပ်ချုပ်သမား တယောက် ဖြစ်သည်။ ပြင်သစ်ပြည်သို့ ချီတက်စဉ်က ပါခဲ့၍၊ နောင် သော်ရာထူးတိုးပေးမည်ဟု ကတိပေးကြသည်ကိုပင် လက်မခံပဲ တပ်တွင်းမှ ထွက်ပြေးလာသူဖြစ်သည်။ ထိုအခါမှ စ၍ နေ့စဉ်နှင့်အမျှ ဂျောက်ကျပြီဆိုတိုင်း၊ လေကို လက်ဖြင့်ခတ်ကာ “အဲ့ခ်၊ ရှိုက်စ်” ဟု ပြောသော အကျင့် ပါလာဟန်တူသည်။ ဂျောက်ကျလိုက်ရသည်မှာလည်း ခဏခဏပင် ဖြစ်သည်။
သူတို့နှစ်ယောက်ကား တယောက်နှင့် တယောက် တူကြသည်။ ကံကြမ္မာအရလည်း တူသည်။ ဗီဇများ အနေနဲ့လည်း တူကြသည်။ သို့သော် ဟစ်ဖဲရ် ကားသူ့အဖော်လောက် မကြောက်တက်။ အမူအရာအားဖြင့် ပို၍ ပြတ်သားသည်။ ပို၍ပြည့်ဝသည်။ အကျဉ်းခန်းတိုင်းလိုလိုပင် သူ့အား နာမည်ပြောင် ပေးရာ၌-အ ချောင်ခိုသမား- ဟူ၍ ရွေးချယ် မိကြသည်။
သူ တာဝန်ကျသောနေ့ကား အကျဉ်းခန်းများ၌ အေးချမ်းလှသော နေ့ ဖြစ်သတည်း။ ခင်ဗျား လုပ်ချင်ရာလုပ်နိုင်သည်။ သူကငေါက်ငန်းပြီ ဆိုလျှင်လည်း ထိုသို့ အော်ဟစ်သည်မှာ ခင်ဗျားအား တကယ် ကြိမ်းမောင်းခြင်း မဟုတ်၊ အောက်ထပ်မှာ အာဏာပိုင်များအနေနှင့် သူ၏စည်းကမ်းကြီးမှုကို ကြားကြ ဟန်သာ ဖြစ်သည်ဟူသော အဓိပ္ပာယ်ဖြင့်မျက်စိ မှိတ်ပြတက်သည်။ သို့သော်လည်း ထိုသို့သော ကြိုးစားမှုကား ဘာမျှ အရာမရောက်။ သူလှိမ့်တိုင်း ဘယ်သူမျှ မလိမ့်တော့သဖြင့်၊ အပြစ်ဒဏ်မကျ တာဝန် ပိုမယူရသော ရက်သတ္တပါတ်ဟူ၍ တပါတ်မျှ မရှိတော့ပေ။
-အဲ့ခ်၊ ရှိုက်- သူသည် လေကိုလက်ဖြင့်ပုတ်လိုက်ကာ၊ ထုံးစံအတိုင်း ဆက်လက်နေထိုင်သွား ပြန်လေသည်။ သူက ထောင်စောင့် မပီသ၊ ဖိနပ်ချုပ်သမား၏ အလုပ်သင်၊ ပေါ့ပေါ့သွား၊ ပေါ့ပေါ့လာနေသည့် လူငယ်တယောက်သာ ဖြစ်နေသေးသည်။ အကျဉ်းခန်းထဲမှ အကျဉ်းသမား သူငယ်များနှင့်အတူ ထရံသို့ ပိုက်ဆံပြားများ ပစ်တန်၊ စိတ်အားထက်သန်စွာ ကစားနေသည်ကိုပင် ဖမ်းမိနိုင်သည်။ တခါတရံတွင်လည်း အကျဉ်းသမားများကို အကျဉ်းခန်းအတွင်းမှ စင်္ကြံထဲသို့မောင်းထုတ်ကာ “အကျဉ်းခန်းစစ်ဆေးရေး” ပြုလုပ်တက်သည်။ စစ်ဆေးရေးကား အတော်ကြီးကြာတက်သည်။ ဘာများ လုပ်နေပါလိမ့်ဟု သိချင်သဖြင့် အခန်းတွင်းသို့ ချောင်းကြည့်မည်ဆိုလျှင်၊ သူသည်စားပွဲ၍ ထိုင်ကာ လက်ပေါ်သို့ ခေါင်းချလျက် အိပ်နေသည်ကို တွေ့ရပေမည်။ အိပ်နေလိုက်သည်မှ နှစ်နှစ်ခြိုက်ခြိုက် စိတ်ချလက်ချ အိပ်နေတက်သည်။ ဤသို့သောနေရာမျိုး၌ အိပ်လျှင် အထက်လူကြီးများက ဖမ်းမိနိုင်မည်မဟုတ်။ အကျဉ်းသမားများကား စင်္ကြံ တွင်း၌ ကင်းစောင့်နေကြသည်။ ကန္တရာယ် တစုံတရာ ပေါ်လာလျှင် သူ့ကိုအကြောင်းကြားရသည်။ လောကကြီးတခုလုံးတွင် သူအချစ်ဆုံးဖြစ်သည့် မိန်ကလေးက၊ သူ အနားယူချိန်တွင် အိပ်ရေးပျက်အောင် ဖျက်လိုကပြီဆိုက ယုတ်စွအဆုံး အလုပ်ချိန်တွင် အိပ်ချင်သည်။
နာဇီစနစ် ရှုံးမှာလား၊ နိုင်မှာလား-အဲ့ခ်၊ ရှိုက်စ်။ ဒီလို ဆပ်ကပ်ပွဲမျိုး မပျက်ပဲ ဘယ်ခံနိုင်ပါ့မလဲ။
သူကား မိမိကိုယ်ကိုနာဇီစနစ်နှင့် တွဲ၍ မတွက်။ ဤ အချက်တချက်တည်းကြောင့်ပင် စိတ်ဝင်စားစရာ ကောင်းနေပေလိမ့်မည်။ ထိုမျှသာမကသေး သူသည် ထိုစံနစ်နှင့်အတူ ပေါင်း၍မနေလို၊ ပေါင်း၍လည်း ရပ်တည်နေသည် မဟုတ်ပေ။ ခင်ဗျား အနေနှင့် ထောင်တွင်းရှိ အခြားဌာနခွဲတခုသို့ လျှို့ ဝှက်သတင်းပို့ ရန် လိုနေသလော။ အချောင်သမားကပင် ဆောင်ရွက်ပေးပါလိမ့်မည်။ ခင်ဗျားတယောက်နှင့် စကားပြောလိုသည်၊ အဆိုပါသူနှင့်မျက်နှာချင်းဆိုင်၍ နားပေါက် အောင် ရှင်းပြခြင်းဖြင့်၊ အခြားသူများကို ကာကွယ်ပေးလိုသည် ဆိုလျှင်လည်း၊ အချောင်ခိုသမားသည် ထိုသူအား အကျဉ်းခန်းအတွင်းသို့ အရောက်ခေါ်လာ၍၊ အ ပြင်မှ ကင်းစောင့်ပေးလိမ့်ဦးမည် - ထိုသို့ လုပ်နေသည့်အခါတွင် တခုခု ဆော်ထည့်လိုက်ရသဖြင့် အကျေနပ်ကြီး ကျေနပ်နေသော လမ်းဂျပိုးဆန်ဆန် အူမြူးနေ တက်သည်။ သတိထား၍လုပ်ရန်ခင်ဗျားကပင် သူ့အား မကြာခဏ ပြောပေးရသည်။ အန္တရာယ်၏ အလည်ဗဟိုသို့ ရောက်နေသောအချိန်၌ပင် ဘေးရန်ကို မမြင် တက်။ သူလုပ်နေသောကောင်းမှုတို့၏ တန်ဖိုးအပြည့်အစုံကို သူအကဲမဖြတ်တက်။ ထိုသို့ မသိတက်သောကြောင့်လည်း သူ့အနေနှင့် အလုပ်ကိုပို၍ပို၍ လုပ်လွယ် လေသည်။ သို့သော် ဤအချက်သည်သူ၏တိုးတက်မှုကို ပိတ်ပင်နေပြန်သည်။ လူရုပ်သွင်ကား ဖြစ်မလာသေး။ သို့သော် စပ်ကူးမတ်ကူးအဆင့် အတန်းတွင်ရှိလေ သည်။

“ကောလင်”
မာရှယ်လောကာလအတွင်း တညနေခင်းက ဖြစ်လေသည်။ အက်ဆက်စ်ယူနီဖောင်းဝတ် ထောင်စောင့်တယောက်သည် ကျနော့်အားအကျဉ်းခန်း အတွင်းသို့ ၀င်မခိုင်းမီ ကျနော်၏အိတ်များကို ရှာဖွေသည်။ ပြီးစလွယ်သာ ရှာဖွေလေသည်။
- ခင်ဗျားအမှု ဘယ့်နဲ့လဲ - သူက တိုးတိုးကလေးမေးသည်။
- မသိဘူး၊ နက်ဖြန် ကျနော့်ကို ပစ်သတ်မယ်လို့ ပြောလိုက်ကြတာပဲ။
- ကြားတော့ အတော်ကြောက်သွားသလား။
- ဒါကို ကျနော်တွက်ပြီးသားပဲဟာ။
သူသည် ကျနော်၏ ကုတ်အင်္ကျီကော်လာများပေါ်သို့ စက်အရုပ်ပမာ ခေတ္တမျှ စမ်းသပ်ပြန်ပါသည်။
-လုပ်ချင်မှလဲ လုပ်ကြမှာပဲ။ နက်ဖြန်တော့ ဟုတ်ချင်မှ ဟုတ်မယ်။ နောက်ကတော့မှ လုပ်ချင်ချင်လုပ်မယ်။ လုံးလုံး ဘာမှ မလုပ်ဘဲနဲ့လဲ နေကောင်း နေမှာပါ။ ဒါပေမဲ့ အခုလိုအချိန်မျိုးမှာတော့ ….. အသင့်ဖြစ်နေတာ အကောင်းဆုံးဘဲ။
တဖန် သူသည် တိတ်ဆိတ်သွားပြန်သည်။
- ဒါပေမဲ့ တကယ်လို့သာဖြစ်နိုင်မယ်ဆိုရင် … ခင်ဗျားလူတယောက်ယောက်ဆီ သတင်းကလေး ဘာကလေးများ မပို့ချင်ဘူးလား။ ဒါမှမဟုတ် စာ တွေ ပေတွေများ မရေးချင်ဘူးလား။ အခုထုတ်ဖို့တော့ မဟုတ်ဘူးပေါ့။ နားလည်တယ်မဟုတ်ဘူးလား။ နောင်အခါအတွက်ဆိုပါတော့ … ခင်ဗျားဒီကို ဘယ်လို ရောက်လာတယ်။ တယောက်ယောက်က ခင်ဗျားကို သစ္စာဖောက်ခဲ့သလား။ ဘယ်သူဟာ ဘယ်လိုကျင့်သုံးနေထိုင်တယ် … ခင်ဗျားသိသမျှ အချက်တွေအားလုံး ခင်ဗျားနဲ့ တပါတည်း ပျောက်မသွားအောင်ဆိုပါတော့ …..
စာတွေ ပေတွေများ မရေးချင်ဘူးလားတဲ့။ သူကား ကျနော်အတောင့်တဆုံးသော ဆန္ဒကို ရိပ်မိသကဲ့သို့ ဖြစ်လေသည်။
မကြာမီပင် သူသည် ကျနော့်ထံသို့ စက္ကူနှင့်ခဲတံကို ယူလာသည်။ ကျနော်လဲအခန်းသို့ မည်သို့လာ၍ စစ်စစ်၊ ရှာမတွေ့နိုင်ကြအောင် လုံခြုံစွာသိမ်း ထားလိုက်ပါသည်။
ထို့နောက်ပိုင်းတွင်ကား ၎င်းတို့ကို ဘယ်သောအခါမျှ ဆွဲ၍မထုတ်ခဲ့ပါ။
ဤသည်ကား ကောင်းလွန်းလှသည် - ယုံရမှာခက်နေသည်။ ကောင်းလွန်းအားကြီးလှသည်။ ဤနေရာ၊ ဤမှောင်မိုက်သော အိမ်ကြီးအတွင်းဝယ် အ ဖမ်းခံပြီးသည့်နောက် ရက်သတ္တပတ်များစွာ မကြာသေးမီပင် ခင်ဗျားအား ငေါက်ဖော် ရိုက်ဖော်သာရသော သူတို့၏ယူနီဖောင်းကို ၀တ်ထားသော လူသတ္တ၀ါတ ယောက်၊ မိတ်ဆွေတယောက်ကို တွေ့ရှိရခြင်းဖြစ်သည်။ ထိုသူသည် ခင်ဗျားအား လက်လှမ်း၍ပေးသည်။ ခင်ဗျားလက်ရာပျောက် ခြေရာပျောက် ကိစ္စတုန်းမသွား ရန် နောင်လာနောက်သားများအတွက် စကားထားခဲ့နိုင်ရန် ဤတောင်ကိုကျော်မည့်သူများ ကျန်ရစ်မည့်သူများနှင့် ယုတ်စွအဆုံး ခေတ္တခဏကလေးဖြစ်ဖြစ် စကား ပြောခွင့်ရရန် အကူအညီကမ်းလာသည်။ စင်္ကြံန်များအတွင်း၌ သင်းတို့သည် အသတ်ခံကြရမည့် သူများ၏ အမည်တို့ကို ဟစ်အော် ခေါ်ထုတ်နေကြသည်။ သွေးဖြင့် ယစ်မူးနေကြ၍လဲ သင်းတို့၏အော်သံမှာ ကြမ်းတမ်းနေသည်။ မအော်နိုင်သောသူတို့၏ လည်ချောင်းများမှာလဲ တုန်လှုပ်ခြင်းကြောင့် ပိတ်ဆို့နေသည်။ ယခုကဲ့သို့သော အချိန်ကြီးမျိုးတွင်မှ ဟယ်၊ ဟုတ်နိုင်ပါဘူး၊ ယုံနိုင်စရာကိုမရှိဘူး။ ဒါမဟုတ်နိုင်ဘူး။ ဒါ ထောင်ချောက်ဆိုတာ သေချာတယ်။ ယခုကဲ့သို့ အခြေအ နေမျိုးတွင် မိမိ၏အလိုအလျောက် ခင်ဗျားထံလက်လှမ်း၍ ပေးလိုက်နိုင်သောသူသည် မည်မျှ ခွန်အားကြီးမားသောသူ ဖြစ်ရမည်နည်း။ မည်မျှလဲ သတ္တိကောင်းရ ပေမည်နည်း။
တလခန့်သော အချိန်လဲ ကုန်လွန်သွားခဲ့သည်။ မာရှယ်လောကိုလဲ ရုတ်သိမ်းလိုက်ပြီ။ အော်သံများလဲ ငြိမ်သွား၍ ရက်စက်ကြမ်းကြုတ်သော အချိန် တို့သည်လဲ သတိရစရာများအဖြစ်သို့သာ ပြောင်းလဲသွားကြပေပြီ။ တဖန် အစစ်ခံရာမှအပြန် တညနေချင်းတွင် အထက်ပါထောင်စောင့်ပင် ကျနော့်အား အကျဉ်း ခန်းအတွင်းသို့သွင်းရန် တံခါးဝအထိ ရောက်လာပြန်ပါသည်။
- ခင်ဗျားတော့ လွတ်သွားပြီထင်ပါရဲ့ - ဟုပြောလိုက်သည်။ ထို့နောက် ကျနော့်အား စူးစူးစမ်းစမ်းကြည့်လိုက်သည် - အစစအရာရာ ချောချောမော မောပဲ မဟုတ်လား။
ကျနော်သည် သူ၏မေးခွန်းမှ အဓိပ္ပာယ်ကို ကောင်းစွာနည်းလည်မိပါသည်။ စိတ်ထဲ၌လဲ နက်နက်နဲနဲပင် နာသွားမိသည်။ သို့သော် ထိုမေးခွန်းသည် သူ၏ရိုးသားဖြောင့်မတ်မှုကို အခြားခြားသော အချက်များထက်ပို၍ သက်သေထူခဲ့ပါသည်။ ဤသို့သော မေးခွန်းမျိုးကို အတွင်းဓာတ်အရ မေးပိုင်ခွင့်ရှိသူသာ မေး နိုင်ပေသည်။ ကျနော်သည် ထိုအချိန်မှစ၍ သူ့အပေါ် ယုံကြည်စိတ်ချသွားပါသည်။ သူကား ကျနော်တို့၏လူ ဖြစ်လေသည်။
အပြန်ပန်းအားဖြင့်သော် သူသည် အတွေးရကြပ်သောအသွင်အပြင်ကို ဆောင်သည်။ စင်္ကြံန်များတွင် တယောက်တည်း လမ်းလျှောက်နေတတ် သည်။ ငြိမ်ငြိမ်သက်သက်နှင့် ရေငုံနေတတ်သည်။ နိုးနိုးကြားကြားနှင့်လဲ အစစအရာရာကို သတိပြုအကဲခတ်နေတတ်သည်။ သူအော်ဟစ်ကို ခင်ဗျားတခါမျှ မ ကြားဘူးခဲ့။ တစုံတယောက်ကို ရိုက်သည်လဲ တခါမျှမတွေ့ဘူးခဲ့။
- ဆမဲတောန့်ဇ် ကြည့်နေတဲ့အချိန်မျိုးမှာ ကျနော့်ကို ပါးဖြစ်ဖြစ် ရိုက်လိုက်စမ်းပါဗျာ - ဘေးခန်းမှ ရဲဘော်များက သူ့အား တိုက်တွန်းကြသည် ခင်ဗျာ ထထကြွကြွကလေးလုပ်နေတာ သူတခါတလေလောက် မြင်သွားအောင်ပေါ့။
သူက ခေါင်းကို ခါပြသည်။
- မလိုပါဘူးဗျာ။
ချက်စကားမှလွဲ၍ အခြားစကားပြောသည်ပင် ခင်ဗျားတခါမျှ မကြားဘူးပေ။ သူ့အား မည်သို့ကြည့်ကြည့် အခြားသူများနှင့် ကွာခြားသည်ကို သိသာ သည်။ သို့သော် ဘယ်အချက်များကြောင့် ကွာခြားသည်ကိုမူ ပြောရန်အတော်ခက်သည်။ သင်းတို့ကိုယ်၌ပင် ဤအကြောင်းကို ရိပ်မိကြသည်၊ သို့သော် အခြေခံကို နားမလည်ကြ။
လိုသည့်နေရာတိုင်းသို့ သူရောက်နေတတ်သည်။ ဗရုသုက္ခဖြစ်နေရာသို့ ငြိမ်ဆိမ်မှုကို ဆောင်ယူလာတတ်သည်။ ခေါင်းများ ငိုက်၍ဆင်းနေလျှင် အား ပေးသမှုပြုတတ်သည်။ ပြတ်သွားသော ကြိုးမျှင်များကြောင့် အပြင်ဘက်မှလူများ အန္တရာယ်ရောက်တော့မည်ဆိုလျှင် သူက ပြန်၍ဆက်သွယ်ပေးသည်။ သူကား အသေးအဖွဲ့များတွင် အနစ်မွန်းမခံ။ စနစ်တကျနှင့် ကျယ်ကျယ်ဝန်းဝန်းလုပ်ကိုင်သည်။
ယခုမှသာ ဤသို့လုပ်သည်မဟုတ်။ အစကနဦးတည်းကပင် ဤသို့လုပ်ခဲ့သည်။ ဤတာဝန်အရလဲ နာဇီများလက်အောက်သို့ ၀င်ရောက်၍ အမှုထမ်း ခြင်းဖြစ်လေသည်။
အဒေါ့လ်ဖ်၊ ကောလင်စကီ ကား မောရာဗာပြည်နယ်မှ ချက်ထောင်စောင့်တယောက်ဖြစ်လေသည်။ ရှေးဟောင်း ချက်မျိုးရိုးမှ ဆင်းသက်လာသော ဤချက်အမျိုးသားသည် ကိုယ့်ကိုယ်ကိုယ် ဂျာမန်တယောက်ဖြစ်သည်ဟု ကျေညာခဲ့သည်။ ထိုနည်းဖြင့် ဟရားဒဲစ်၊ ကရားလောဗဲ ထောင်တွင် ချက်အကျဉ်းသမား များအား သွား၍စောင့်နိုင်ခဲ့သည်။ ၎င်းနောက် ပန်းကရာ့စ်တွင်ထောင်စောင့် လုပ်လာရလေသည်။ ထိုသို့လုပ်သည့်အတွက် သူ၏အသိများသည် သူ့အပေါ်အ တော်ကြီး ချဉ်သွားကြပေမည်။ သို့သော် လေးနှစ်ကြာမျှ အမှုထမ်းပြီးသည့်နောက်ပိုင်းတွင် ဂျာမန်ထောင်ပိုင်သည် သူ၏မျက်လုံးများရှေ့တွင် လက်သီးကိုဝှေ့ရမ်း ယင်း -
- မင်းကိုယ်ထဲမှာရှိတဲ့ ချက်စိတ်ဓာတ်တွေကို အမြစ်ကစပြီး နှုတ်ပစ်မယ်ကွ။
ဟူ၍ ခြိမ်းချောက်ရသည့်အထိ ဖြစ်လာလေတော့သည်။ သို့သော် ထောင်ပိုင်ကား နောက်ကျသွားခဲ့လေပြီ။ အမှန်အားဖြင့် ၎င်း၏အကဲခတ်ပုံမှာလဲ ပါ စင်အောင် လွဲနေလေသည်။ ကောလင်စကီ၏ ကိုယ်တွင်း၌ရှိသည်ကား ချက်ဆန်မှုသာမဟုတ်။ ထောင်ပိုင်အနေနှင့်သူ၏ လူစိတ်ကိုပါ မောင်းထုတ်ပစ်ရပေလိမ့် မည်။ တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ရန်၊ ၀င်ရောက်ကူညီရန်အတွက် တာဝန်ကိုသိတတ်စွာဖြင့် ကိုယ်နှင့်အသင့်တော်ဆုံးသော နေရာသို့ အလိုအလျောက် ထွက်လာသူဖြစ်သည်။ အန္တရာယ်များ အစဉ်မပြတ်ပေါ်နေသည်နှင့်အမျှ ခိုင်မြဲ၍သာ လာသောလူတယောက် ဖြစ်ပေသည်။

ဒို့အမျိုးသားတွေ
၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ - ရက်နေ့တွင် နံနက်စာအဖြစ် ယူလာနေကျ ဘာမှန်းမသိ အဖျော်ရည်မည်းမည်းကြီးအစား၊ ကိုကိုးတခွက်စီသာ လာ ပို့ကြလျှင် ကျနော်တို့သည် အဆိုပါအံ့ဘွယ်သူရဲကို သတိပြုမိကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့၏ အကျဉ်းခန်းရှေ့တွင် ချက်အမျိုးသား ပုလိပ်ယူနီဖောင်းတစု ရိပ်ကနဲ ဖြတ်သွားသောကြောင့်ဖြစ်လေသည်။
ရိပ်ကနဲသာ မြင်လိုက်ရသည်။ ဘောင်းဘီအနက်များနှင့် ဖိနပ်ရှည်များ၏ ခြေလှမ်းတလှမ်း။ အညိုရင့်ရောင် အင်္ကျီလက်မောင်းက သော့ခလောက်ဆီ သို့ ပင့်လိုက်ကာ တံခါးကိုစေ့လိုက်သည်။ ထို့နောက် လူရိပ်ကားပျောက်သွားလေသည်။ အချိန်မှာတိုတောင်းလွန်းလှသဖြင့် နောက်ဆယ့်ငါးမိနစ်ကြာသောအခါ ကျနော်တို့ကား ထိုအရာကို မယုံချင်သလိုလိုပင် ဖြစ်လာမိကြလေသည်။
ပန်းကရာ့စ်လိုထောင်မျိုးမှာ ချက်အမျိုးသားပုလိပ်တယောက် … ဤအချက်ကလေးတချက်ပေါ် အခြေတည်၍ ကျနော်တို့သည် မည်မျှနက်ရှိုင်းသော တွက်ကိန်းများကို ရေးဆွဲနိုင်ကြပေသနည်း။
နှစ်နာရီအတွင်း၌ပင် ကျနော်တို့တွက်ချက်ပြီးကြလေပြီ။ အကျဉ်းခန်းတံခါးလဲ နောက်တဖန်ပွင့်သွားပြန်ကာ ချက်ပုလိပ်တို့၏ ကက်ဦးထုပ်တလုံးလဲ အခန်းတွင်းသို့ ပြူ၍ကြည့်လာလေသည်။ ကျနော်တို့ အံ့အားသင့်နေကြသည်ကို တွေ့သဖြင့်လဲ ပါးစပ်ကြီးဖြဲ၍ ပြုံးရင်းက ကျေညာလေသည်။
- ဖရိုက်ရှတွန်းဒဲ။
ဖရိုက်ရှတွန်းဒဲ - (ဂျာမန်စကား) နံနက်ပိုင်းတွင် အပြင်ဘက်သို့ နာရီဝက်မျှ ထွက်၍ကိုယ်လက်လှုပ်ရှားရေး လုပ်ရန်ခေါ်ဆိုခြင်း။
ကျနော်တို့ကား မမှားနိုင်တော့။ စင်္ကြံန်များအတွင်း၌ အက်ဆက်စ်ထောင်စောင့်တို့၏ မီးခိုးစိမ်းရောင် ယူနီဖောင်းများအကြားတွင် အမဲရောင်အ ပြောက်များ ပေါ်နေသည်။ ဤအပြောက်များကား ကျနော်တို့အတွက် အထူးတလည်ပြောင်လက်၍နေသည်။ ဤသည်ကား ချက်ပုလိပ်များ ဖြစ်ကြလေသည်။
ဤကိစ္စသည်ကျနော်တို့အတွက် မည်သို့အဓိပ္ပာယ်သက်ရောက်သနည်း။ ချက်ပုလိပ်များသည် မည်သို့နေကြမည်နည်း။ မည်သို့ပင်ရှိစေ သူတို့ဤနေ ရာသို့ ရောက်လာကြသည်ဟူသော အချက်တခုတည်းကပင် ရှင်းလင်းသောအကွက်များကို ဖော်ပြနေသည်။ ဤဖိနှိပ်မှု စက်ယန္တရားသည် အုပ်စိုးသူ၏ အားအကိုး ရဆုံးသောဒေါက်၊ သတိထားရဆုံးသော အရှိုက်ဖြစ်သည်။ မိမိတို့ ဖိနှိပ်လိုသောလူမျိုးမှ အမျိုးသားများကို ဤစက်ယန္တရားများအတွင်းသို့ သွင်း၍သုံးရပြီဆိုလျှင် ဤ အုပ်စိုးမှုစနစ်ကား ဘ၀အဆုံးသတ်သို့ ဒလိမ့်ခေါက်ကွေး ဆင်း၍နေပြီဆိုသည်မှာ ထင်ရှားသည်။ အလူးအလဲနှင့် လူအင်အားမလုံမလောက် ဖြစ်နေ၍သာ လူ ကလေးလက်တဆုတ်ခန့် ရပါမည့်အရေး မိမိတို့၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ဤသို့သော်ဌာနမျိုးတွင် အားကိုဖျော့ချလိုက်ခြင်းဖြစ်ပေမည်။ ဤသို့ဆိုလျှင် နောင်မည်မျှကြာကြာ တောင့်ခံနေလိုသေးသနည်း။
မှန်သည်။ ဤပုလိပ်များကား အထူးတလည်ရွေးချယ်ထားသော လက်ရွေးစင်များဖြစ်လိမ့်မည်။ အကျင့်ဆိုးများလဲ ပါနေမည်။ ဂျာမန်ရန်သူများအပေါ် နိုင်နိုင်သည်ဟူ၍လဲ ယုံကြည်မည်မဟုတ်ကြ။ ဂျာမန်ထောင်စောင့်များထက်ပင် ဆိုးကောင်းဆိုးနေကြမည်။ သို့သော်လဲ ဤအချက် သူတို့ဤနေရာသို့ ရောက်လာ ကြရပြီဟူသော အချက်သည်ပင် အဆုံးသတ်ကို မြေကြီးလက်ခတ်မလွဲ ညွှန်ပြနေသည့် အတိတ်နိမိတ်ဖြစ်လေသည်။
ဤသို့ပင် ကျနော်တို့ တွက်ဆနေခဲ့ကြသည်။
သို့သော် အခြေအနေမှန်မှာ အစကနဦးတွင် ကျနော်တို့တွက်ဆ၀ံ့သည်ထက်ပင် ပို၍နေသေးသည်။ အဘယ့်ကြောင့်ဆိုသော် အုပ်စိုးမှုစနစ်သည် လက်ရွေးစင်တို့ကိုပင် မရှာနိုင်တော့။ ရွေးစရာပင် လူမကျန်တော့။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျနော်တို့သည် ချက်ပုလိပ် ယူနီဖောင်းများကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ကြရသည်။
နောက်တနေ့တွင်ပင် ကျနော်တို့သည် ယူနီဖောင်းအတွင်းမှ လူတို့နှင့်သိကျွမ်းလာကြရလေသည်။
ပထမတယောက် ရောက်လာသည်။ အကျဉ်းခန်းအတွင်းသို့ ခေါင်းပြူကာ ခါးပန်းပေါ်တွင် ခြေကိုဟိုရွေ့သည်ရွေ့ဖြင့် အန်းတန်းတန်းဖြစ်နေသည်။ နောက် - ဆိတ်ကလေးတကောင်တွင် မြူးတူးသော အင်အားများပြည့်လာသည်နှင့် တပြိုင်နက် ခြေလေးဘက်စုံပြိုင်၍ ခုန်ပေါက်သကဲ့သို့ ဗြုန်းကနဲပေါ်လာသော ရဲတင်းမှုဖြင့်
- ဘယ့်နဲ့လဲ ကိုယ့်ဆရာတို့ နေကောင်းကြရဲ့လား။
ဟု မေးလိုက်သည်။ ကျနော်တို့က သူ့အား ပြုံး၍ဖြေကြသည်။ သူကလဲ ပြန်၍ပြုံးရင်းက ရှက်အန်းအန်းဖြစ်သွားပြန်သည်။
- ကျနော်တို့အပေါ် စိတ်မရှိကြပါနဲ့ဗျာ။ တကယ်ပါ ဒီမှာခင်ဗျားတို့ကို စောင့်ကြပ်နေကြမယ့်အစား လမ်းမပေါ်မှာ ကင်းစောင့်နေချင်ကြပါသေးတယ်။ ဒါပေမဲ့ မလာဘဲနေလို့ မရဘူးဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ … ဘာပဲဖြစ်ဖြစ် အခုလိုလုပ်ကြရတဲ့အတွက်တော့လဲ အကျိုးလေး ဘာလေး ရှိကောင်းပါရဲ့ …..
ကျနော်တို့က ဤကိစ္စအပေါ် မည်သို့သဘောထားကြသည်၊ သူတို့အပေါ် မည်သို့မြင်သည် စသည်တို့ကို ပြောပြလိုက်သောအခါ ၀မ်းသာသွားလေ သည်။ သို့နှင့် တွေ့တွေ့ချင်းပင် ကျနော်တို့လဲ မိတ်ဆွေများဖြစ်လာခဲ့ကြသည်။ သူ၏အမည်ကား ဗီးတက် ဟုခေါ်သည်။ ရိုးသား၍ သဘောကောင်းသော လူရွယ် တယောက်ဖြစ်သည်။ ယမန်နေ့နံနက်က ကျနော်တို့၏ အကျဉ်းခန်းရှေ့တွင် ရိပ်ခနဲဖြတ်သွားသောသူ ဖြစ်လေသည်။
ဒုတိယတယောက်ကား တူးမာ ဟုခေါ်သည်။ ရှေးရိုးချက်ထောင်မှူးတို့၏ အချိုးအစားနှင့်နေထိုင်သည် - ဘုကျသည်၊ အော်တတ် ဟစ်တတ်သည်၊ သို့သော် အတွင်းသဘော ကောင်းသည်။ ဤသို့သော် ထောင်စောင့်မျိုးကို ယခင်သမတ နိုင်တော်ခေတ်တုန်းက ထောင်များထဲတွင် ကျနော်တို့က “ဖော့တရ်” ဟု ခေါ်လေ့ရှိကြသည်။ ဤသို့ရောက်လာရသည့်အတွက် မနေတတ်၊ မထိုင်တတ် မဖြစ်၊ သူ၏ဓလေ့အလိုက် စကားလုံးကြမ်းကြမ်းများဖြင့် ရွှတ်ယင်း နောက်ယင်း စည်းကမ်းကို ထိန်းသိမ်းလေသည်။ တချိန်တည်း၌လဲ ထိုစည်းကမ်းများကို ဖောက်ဖျက်လေသည်။ ဤနေရာတွင် အကျဉ်းခန်းတွင်းသို့ ပေါင်မုန့်ခိုးသွင်းသည်။ ဟို နေရာတွင် စီးကရက်တလိပ်။ နောက်တနေရာတွင် (နိုင်ငံရေးအကြောင်းမှလွဲ၍) ရောက်တတ်ရာရာ စကားလက်ဆုံ ကျနေတတ်သည်။ ဤအရာများကို လုပ်ရိုး လုပ်စဉ်ဟု ယူဆသည်။ ထောင်စောင့်ဆိုလျှင် ဤသို့နေရမည်ဟူ၍လဲ သဘောပိုက်သည်။ ထိုသဘောထားကိုလဲ ဖုံးဝှက်၍မထား။ ထိုကိစ္စနှင့်ပတ်သက်၍ ပထမ ဆုံးအကြိမ် အပွက်ခံလိုက်ရသောအခါ သူသည်အနေအထိုင် ဆင်ချင်သွားသည်။ သို့သော် ပြောင်းလဲ၍ကား မသွား။ သူကား ထောင်စောင့် ဖော့်တရ် အဖြစ်နှင့်ပင် ဆက်လက်နေထိုင်သွားလေသည်။ သူ့အား ကိစ္စကြီးကျယ်ကျယ်တခုကို ခင်ဗျားလုပ်ခိုင်းရဲမည်မဟုတ်။ သို့သော် သူရှိနေလျှင် အသက်ရှူရချောင်လေသည်။
“ဖော့တရ်” - အဖေ။ ဖားသားကြီး။ အဘိုးကြီး။
တတိယလူကား မျက်မှောင်ကြုတ်နေတတ်သည်။ စကားမပြော မည်သူ့ကိုမျှ အလေးမမူ။ ဤသို့လျှင် အကျဉ်းခန်းတ၀ိုက် လမ်းလျှောက်နေတတ် သည်။ သူနှင့်အဆက်အသွယ်ရရန် သတိထား၍ စမ်းကြည့်၊ တောက်ကြည့်သောအခါ၌လဲ တုံ့ပြန်ခြင်းမပြု။
- ဒီလူနဲ့တော့ ဒို့သိပ်ပြီး အံကိုက်ပုံမရဘူး - အဘသည် တပတ်မျှအကဲခတ်ပြီး ပြောလေသည် - ဒီလူသိုက်ထဲမှာ ဒီလူဟာ ဟန်မကျဆုံးပဲ။
- ဒါပေမဲ့ သူက အလည်ဆုံးဖြစ်ချင်ဖြစ်နေမှာ - အသေးအဖွဲကိစ္စကလေးများတွင် သဘောနှစ်ခွရှိခြင်းကား အကျဉ်းခန်းတွင်းရှိ ဘ၀၏ဟင်းမွှေး မဆ လာများဖြစ်သည်။ ထို့ကြောင့်လဲ အတိုက်အခံမှ ပြုရစေတော့ဟူသည့် သဘောမျိုးဖြင့် ကျနော်က ဆန့်ကျင်လိုက်ပါသည်။
ဆယ့်လေးရက်မျှ အကြာတွင် ဤမည်သော တေမိသည် ကျနော့်အား မျက်လုံးများ ခပ်သွက်သွက် မှိတ်ပြလိုက်သည်ဟု ထင်မိပါသည်။ ဤလှုပ်ရှားမှု မျိုးကား ထောင်တွင်း၌ဆိုလျှင် အဓိပ္ပာယ်ပေါင်း သောင်းခြောက်ထောင် ရှိနိုင်လေသည်။ သို့သော် သူ့ထံမှ အဖြေမရပြန်တော့။ ကျနော့်အထင်မှာ မှားချင်မှားနေပေ မည်။
တလမျှ ကြာသောအခါတွင်ကား ပြဿနာမှာ ရှင်းသွားလေတော့သည်။ ပိုးအိမ်အတွင်းမှ လိပ်ပြာကလေးတကောင် ဖောက်ထွက်လာသကဲ့သို့ ဗြုန်းကနဲ ပေါ်ထွက်လာသည်။ ပိတ်နေသော ပိုးအိမ်လဲ ပေါက်ကွဲသွားလျက် သက်ရှိသတ္တ၀ါတကောင်လဲ ပေါ်ထွက်လာသည်။ ၎င်းကား လိပ်ပြာကလေးတကောင် မဟုတ်၊ လူတယောက်ပင် ဖြစ်လေသည်။
….. ….. ….. ….. ….. ….. ….. ….. ….. ….. …..
- ကိုယ့်လူက ကျောက်တိုင်ကလေးတွေ ထူနေတာကိုး - ကျနော်ရေးနေသည့် အချို့သောလူကို လေ့လာချက်များနှင့် ပတ်သက်၍ အဘကပြောလေ့ ရှိပါသည်။
ဟုတ်သည်။ အပြင်ဘက်တွင်သာမက၊ ဤနေရာတွင်လဲ သစ္စာရှိရှိနှင့် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့လျက် ကျဆုံးသွားသူများကို မေ့မသွားကြစေလို။ ထို့နည်း တူ အခက်အခဲဆုံးသော အခြေအနေများတွင် ထို့ထက်မနည်းသော သစ္စာရှိမှု၊ ထို့ထက်မလျော့သော ရဲရင့်မှုဖြင့် ကျနော်တို့အား ကူညီခဲ့ကြကာ အသက်နှင့်ကိုယ် မြဲလျက်သား ကျန်ရစ်ကြမည့်သူများကိုလဲ မေ့မသွားကြစေလိုပါ။ ကောလင်စကီကဲ့သို့ ရုပ်သွင်များ၊ ဤချက်ပုလိပ်ကဲ့သို့သော ရုပ်သွင်များသည် ပန်းကရာ့စ်ထောင် စင်္ကြံန်များရှိ မလင်းတ၀က် လင်းတ၀က်ဒေသမှနေ၍ ဘ၀၏အလင်းရောင်ပေါ်သို့ ပေါ်ထွက်လာကြစေလိုသည်။ သူတို့အား ဂုဏ်ပြုလိုကားမဟုတ်။ အခြားသူများ အတုခိုးကြရန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော လူသတ္တ၀ါတို့၏ တာဝန်သည်ကား လက်ငင်းတိုက်ပွဲဖြင့်သာ အဆုံးသတ်သွားမည် မဟုတ်။ တလောကလုံးရှိ လူများသည် ကျပ်ပြည်ဒင်ပြည့်လူများ ဖြစ်မလာကြသမျှကာလပတ်လုံး လူဟူသော အမည်ကိုခံယူလိုလျှင် ရဲရင့်သော အသည်းနှလုံးရှိရန် လိုနေလိမ့်ဦးမည်သာ ဖြစ်သောကြောင့်တည်း။
အရင်းကို စစ်လိုက်မည်ဆိုလျှင် ထောင်စောင့်ယာရောစလာ့ဗ်၊ ဟောရ၏ အကြောင်းကား ဇာတ်လမ်းတိုတိုကလေးမျှသာ ဖြစ်လေသည်။ သို့သော် ဤအတ္ထုပ္ပတ္တိတွင် လူကျပ်ပြည့်တယောက်၏ သမိုင်းကို ခင်ဗျားတွေ့မြင်နိုင်သည်။
ရဒ်ညစ္စကော။ ဤသည်ကားကမ္ဘာ၏ ချောင်ကျသောနေရာကလေး တနေရာဖြစ်သည်။ လှပသောတောနယ်၊ ဆွေးချင့်စရာနှင့်ဆင်းရဲသော ဒေသလဲ ဖြစ်သည်။ အဖေဖြစ်သူမှာ ဖလ်ထည်အလုပ်သမားဖြစ်သည်။ သူတို့၏ဘ၀ကား ခက်ခဲကြပ်တည်းလှသည်။ အလုပ်ရှိချိန်တွင် အသေအလဲ အပင်ပမ်းခံကြရသည်။ အလုပ်မရှိချိန်တွင် ဆင်းရဲကြရသည်။ အလုပ်လက်မဲ့အန္တရာယ်ဆိုသည်မှာလဲ ဤဒေသတွင် ကိုယ့်အိုးကိုယ့်အိမ်လို အခြေစိုက်နေသည်။ ထိုသို့သော် အခြေအနေ ဆိုးမျိုးသည် ခင်ဗျားဒူးထောက်သွားလောက်အောင် ချိုးနှိမ်ပစ်လိုက်နိုင်သည်။ သို့မဟုတ် ကမ္ဘာသစ်အကြောင်း စိကူးများပေါ်လာစေ၍ ထိုကမ္ဘာသစ်ကြီး မုချပေါ် လာရမည် ဟူ၍လဲယုံကြည်လျက်၊ ထိုကမ္ဘသစ်အတွက် တိုက်ပွဲဝင်ခြင်းဖြင့်လဲ ခင်ဗျား၏ခေါင်းကို ထောင်လာစေသည်။ ဖခင်ဖြစ်သူသည် ဒုတိယလမ်းကို လိုက်ခဲ့ သည်။ ကွန်မြူနစ်တယောက် ဖြစ်လာလေသည်။
ယာရဒါကလေးသည် မိမိ၏စက်ဘီးမှ ဘီးများတွင် ပန်းစက္ကူ အနီရောင်များကို ထိုးယက်ကာ၊ မေဒေးနေ့လှည့်လည်ပွဲတွင် စက်ဘီးသမားများနှင့်တွဲ၍ လှည့်သည်။ စက္ကူအနီလိပ်ကို ထိုနေရာ၌ပင်မေ့မထားခဲ့ပေ။ ကိုယ့်ဖာသာကိုယ်ပင် မည်သို့လုပ်မှန်းမသိသော်လဲ ထိုအနီလိပ်ကို ကိုယ်တွင်းတနေရာ၌ သယ် ဆောင်ယင်း ကျောင်းသင်တန်းများသို့ တက်ခဲ့သည်၊ တွင်ခုံသို့ ရောက်ခဲ့သည်၊ ရှကိုဒါစက်ရုံများသို့ ပထမဆုံးအကြိမ် အလုပ်ဝင်လုပ်ခဲ့သည်။
စီးပွားရေးကပ်၊ အလုပ်လက်မဲ့ဘ၀၊ စစ်အမှုထမ်းချိန်၊ အလုပ်နေရာကလေး ပေါ်လာသောကာလ၊ ပုလိပ်အတု။ ဤအချိန်တလျှောက်လုံးတွင် သူ့ ကိုယ်တွင်းမှ အနီရောင်ပန်းစက္ကူလိပ် ဘာဖြစ်နေခဲ့သည်ကို ကျနော်မသိ၊ တနေနေရာတွင် လိပ်ကောင်း လိပ်နေခဲ့မည်။ ဘေးသို့ရောက်၍ မေ့တ၀က်၊ မမေ့တ၀က် နှင့်လဲ ဖြစ်ကောင်း ဖြစ်နေမည်။ သို့သော် လုံးဝပျောက်လုံးသွားသည်ကား မဟုတ်။ တနေ့သော် သူ့အား ပန်းကရာ့စ်ထောင်သို့ တာဝန်ချလိုက်ကြသည်။ သူကား ကောလင်စကီကဲ့သို့ မိမိကိုယ်ကိုယ်မိမိ တာဝန်ပေးကာ ဤနေရာသို့ အလိုအလျောက် ရောက်လာသူမဟုတ်ပေ။ သို့သော် အကျဉ်းခန်းတခန်းအတွင်းသို့ ၀င်၍ ကြည့်မိသည်နှင့်တပြိုင်နက် ကိုယ့်တာဝန်ကို ကိုယ်သိလာလေသည်။ အနီရောင်စက္ကူလိပ်ကား ပြန့်၍ထွက်လာလေပြီ။
သူသည် မြေအနေအထားကို စစ်ဆေးအကဲခတ်သည်။ ကိုယ့်အားကို ကိုယ်စမ်းကြည့်သည်။ ဘယ်နေရာတွင် ဘယ်လိုစလုပ်ရလျှင် ကောင်းမည် နည်းဟူ၍ ပြင်းထန်စွာ တွေးတောနေခြင်းကြောင့် မျက်နှာမှာ သုန်မှုန်နေခဲ့သည်။ သူကား အချိန်ပြည့်နိုင်ငံရေးသမားတယောက် မဟုတ်။ ပြည်သူတို့၏ သာမန် သားတယောက် ဖြစ်လေသည်။ သို့သော်လဲ ၎င်းတွင် ဖခင်ဖြစ်သူ၏အတွေ့အကြုံများ ပါလာသည်။ ခိုင်မာသော အမြုတေရှိသည်။ အမြုတေ၏ ပတ်ဝန်းကျင်တွင် စိတ်ပိုင်းဖြတ်မှုများ ၀န်းရံ၍နေသည်။ ထို့အတိုင်းလဲ ဆုံးဖြတ်ချက်ချခဲ့သည်။ သို့ဖြင့် ပိတ်နေသော ပိုးအိမ်အတွင်းမှ လူတယောက် ဖောက်ထွက်လာလေသည်။
ဤသူကား အတွင်းသဘာဝအရ အလွန်လှပသည်။ စိတ်သန့်ရှင်းရာ၌လဲ ရှာမှရှားသည်။ စိတ်ထိခိုက်လွယ်၍ ရှက်လဲ ရှက်တတ်သည့်တိုင်အောင် ယောက်ျားပီသသော သူတယောက်ဖြစ်သည်။ ဤနေရာတွင် လိုသပဆိုလျှင် ဘာမဆိုလုပ်ရဲသောသူ ဖြစ်သည်။ သေးဖွဲသောကိစ္စများလဲ လိုသည်၊ ကြီးမားသော ကိစ္စများလဲ လိုသည်၊ သူသည် သေးဖွဲသောကိစ္စများကိုလဲ ဆောင်ရွက်သည်။ ကြီးမားသော ကိစ္စများကိုလဲ ဆောင်ရွက်သည်။ သူသည် ဟိတ်ဟန်မပြဘဲ တိတ် တိတ်ဆိတ်ဆိတ်နှင့် သတိထား၍အလုပ်လုပ်ရသည်။ ကြောက်စိတ်မပါဘဲ အလုပ်လုပ်သည်။ အစစအရာရာကို လုပ်ရိုးလုပ်စဉ်လို လုပ်သည်။ အမိန့်၏စေခိုင်းချက် ကို ရင်ဝယ်ပိုက်ထားသည်။ ဒါ လုပ်ဖို့လိုတယ်မဟုတ်လား - ဒါဖြင့် ဘာများပြောနေဖို့ လိုသေးသလဲ။
ဤသည်ကား အမှန်အားဖြင့် ဤသည်ကား ပြောစရာရှိသမျှ အကုန်ပင်ဖြစ်လေသည်။ ဤသည်ကား လူရုပ်သွင်တရပ်၏ ဇာတ်ကြောင်းအကုန်ပင် ဖြစ်သည်။ သို့စဉ်လျက် ဤရုပ်သွင်ကား ငါလူအချို့၏ အသက်များကို ကယ်ဆယ်ပေးခဲ့သည်ဟု ယူဆနိုင်သောသူဖြစ်လေသည်။ ပန်းကရာ့စ်ထော်အတွင်းမှ ယောက်ျားတယောက်အနေနှင့် မိမိ၏လူ့တာဝန်ကို ကြေပြွန်ခဲ့ခြင်းကြောင့်သာ အဆိုပါလူများသည် အပြင်ဘက်၌ နေထိုင်ကာ အလုပ်လုပ်နေနိုင်ကြခြင်း ဖြစ်လေ သည်။ ထိုသူများသည် သူ့အားမသိ၊ သူကလဲ ထိုသူများကိုမသိပေ။ ကောလင်စကီကို မသိကြသလိုပင်ဖြစ်သည်။ အနည်းဆုံး နောင်အခါတွင် သူတို့အား သိလာ ကြစေလိုသည်။ ဤသူနှစ်ယောက်သည်လဲ တယောက်နှင့်တယောက် လျင်မြန်စွာ တွဲမိသွားကြသည်။ တွဲမိကြသောကြောင့်လဲ သူတို့၏ လုပ်အားမှာ အဆပေါင်း များစွာ တိုးတက်ခဲ့လေသည်။
သူ့တို့အား စံနမူနာအဖြစ် သတ်မှတ်ထားကြပါ။ (နေရာမှန်တွင် ကိုယ့်ခေါင်းကို နေရာချတတ်သော လူများအဖြစ် စံနမူထားကြပါ) အထူးသဖြင့် နှလုံး သားကိုနေရာမှန်တွင် ထားတတ်သောသူများဖြစ်ကြလေသည်။

အေဖႀကီး စေကာယ်က္ပါ
မတော်တဆ သူတို့သုံးယောက်သားကို တွဲလျက်သားတွေ့ရမည်ဆိုလျှင် ခင်ဗျားသည် သွေးသောက်အသင်းအပင်းတခုကို အသက်ဝင်လျက်သား မြင်ရပေလိမ့်မည်။ အက်ဆက်စ် ထောင်စောင့်၏ မီးခိုးစိမ်းရောင်ယူနီဖောင်းနှင့် ကောလင်စကီ။ ချက်ပုလိပ် ယူနီဖောင်းအနက်ရောင်နှင့် ဟောရ။ အရောင်နုသော် လည်း စိတ်ချမ်းသာစရာမရှိသော ထောင်ဘာယာယူနီဖောင်းနှင့် အဖေကြီးစကောယျက်ပါ။ သို့သော် သူတို့သုံးယောက်အား တွဲလျက်သား မြင်ရခဲသည်။ အတော့် ကို မြင်ရခဲသည်။ တဂိုဏ်းတည်းသားများ ဖြစ်သောကြောင့်လဲ တူတူတွဲ၍ မနေကြခြင်းဖြစ်လေသည်။
ထောင်၏ စည်းကမ်းများတွင် ထောင်စင်္ကြံန်များအတွင်း သန့်ရှင်းရေးအစားအသောက်များ လိုက်လံဝေငှရေးစသော အလုပ်များအတွက် “အထူးယုံ ကြည်စိတ်ချရ၍ စည်းကမ်းလဲသေ၀ပ်ကာ အခြားသူများနှင့် လုံးဝအဆက်ဖြတ်ထားသော အကျဉ်းသမားများကိုသာလျှင်” အသုံးချရမည်ဟု ပါရှိလေသည်။ ဤ သည်ကား စာ၏အလိုမျှသာ ဖြစ်သည်။ မျက်နှာငယ်ကလေးနှင့် အသက်မပါ အသေဖွားလာသော စာသွားမျှသာဖြစ်သည်။ ဤသို့သော ထောင်ဘာယာမျိုး ဟူ သည်ကားမရှိ၊ ယခင်ကလဲ မရှိခဲ့။ အထူးသဖြင့် ဂက်စတာပိုတို့၏ ထောင်တွင်ဤသို့သော ဘာယာမျိုးမရှိပေ။ မရှိသည်မက၊ ဤနေရာမှ ထောင်ဘာယာများကား အကျဉ်းခန်းများအတွင်းရှိ အကျဉ်းသမားတို့၏ အစုအပေါင်းက လွတ်လပ်သောကမ္ဘာနှင့် နီးကပ်စွာနေနိုင်ရန်၊ တည်တံ့နိုင်ရန်၊ အချင်းချင်း နားလည်မှုရနိုင်ရန် လွှတ်ထားသော တပ်ထောက်များပင် ဖြစ်နေခဲ့လေသည်။ ပေါက်ကြားသွားသော သတင်းစကားအတွက် ကိုယ်ပေါ်တွင်မိသွားသော လျှို့ဝှက်စာတစောင်အတွက် အသက်ပေးခဲ့ရသော ထောင်ဘာယာပေါင်း မည်မျှရှိပြီနည်း။ သို့သော်လဲ အကျဉ်းသမားတို့၏ အစုအပေါင်းမှ ဥပဒေကား၊ ထိုကျဆုံးသွားသော သူတို့၏နေရာသို့ ရောက်လာသူတိုင်းအား အန္တရာယ်ကြီးမားလှသော အဆိုပါအလုပ်ကို ဆက်လက်လုပ်ကိုင်ကြရန် တင်းကြပ်စွာ တောင်းဆိုလေသည်။ ဒီအလုပ်ကို သတ္တိနဲ့လုပ် ရင်လုပ်၊ ဒါမှမဟုတ် ကြောက်ဆုတ် ကြောက်ဆုတ်လုပ်ချင်လုပ် - ရှောင်လို့တော့ ရမှာမဟုတ်ဘူး။ ကြောက်နေရင် မဟုတ်တယုတ်တွေ လျှောက်လုပ်မိမယ်၊ ပျက်စီးကုန်မယ်၊ အစစအရာရာမှာတောင် လူးသွားနိုင်တယ် - မြေအောက်လုပ်ငန်းဆိုတာ ဒီလိုချည့်ပဲ။
ဤသို့သော အလုပ်မှာလဲ မြေအောက်လုပ်ငန်းများတွင် သရဖူဆောင်းသော လုပ်ငန်းမျိုးဖြစ်လေသည်။ ထိုလုပ်ငန်းကို ဖျက်ဆီးလိုသော သူတို့၏ လက်တွင်း ထောင်စောင့်များ၏ မျက်စိအောက်၊ သူတို့ထားရာနေရာ၊ သူတို့ရွေးချယ်သည့် စက္ကန့်အတွင်း သူတို့ဖန်တီးသည့် အခြေအနေများအလည်တွင်ပင် လုပ် ရသောကိစ္စများ ဖြစ်လေသည်။ အပြင်ဘက်တွင် ခင်ဗျားလေ့လာခဲ့သမျှသော အရာတို့ကား ဤနေရာတွင် မဖူလုံတော့။ သို့သော်လဲ ခင်ဗျားထမ်းဆောင်ရမည့် တာဝန်ကို မည်သူကမျှ လျှော့မပေး။
အပြင်ဘက်တွင် မြေအောက်လုပ်ငန်းများ၌ ပါရဂူမြောက်သောသူများရှိသည်။ ထောင်ဘာယာများ၏ အကြားတွင်လဲ မြေအောက်လုပ်ငန်း ပါရဂူများ ရှိကြသည်။ အဖေကြီး စကောယျက်ပါသည်လဲ ပါရဂူတဦးဖြစ်လေသည်။ သူသည် ထောင်လွှားခြင်းမရှိ၊ လောဘမပြ၊ အပြင်ပန်းအရ တိတ်ဆိတ်သော သူတ ယောက်ဖြစ်လျက် - ငါးကလေးတကောင်ကဲ့သို့လဲ လှုပ်လှုပ်ရှားရှား ရှိလှသည်။ ထောင်စောင့်များက သူ့အား ချီးမွမ်းကြသည် - ကြည့်စမ်း၊ ချွေးဒီးဒီးကျတဲ့အထိ ဘယ်လောက်ကြိုးစားသလဲ။ ဘယ်လောက်စိတ်ချရသလဲ။ ကိုယ့်တာဝန်ကိုသာ ကိုယ်လုပ်ပြီး၊ ခွင့်မပြုထားတဲ့ဟာမျိုးဆိုရင် ဘယ်တော့မှ လက်နဲ့မတို့ဘူး။ ဟေ့ … ထောင်ဘာယာတွေ … သူ့ကို အတုခိုးကြ။
အေးဟေ့ … ထောင်ဘာယာတွေ သူ့ကိုအတုခိုးကြ။ သူကား အကျဉ်းသမားတယောက် နားလည်နိုင်သည့်အဓိပ္ပာယ်အရ အကယ်ပင် စံပြဘာယာတ ယောက် ဖြစ်လေသည်။ အကျဉ်းသမားများ၏ အစုအပေါင်းအတွက် အခိုင်အမာဆုံး၊ အထိရောက်ဆုံးသော တပ်ထောက်တယောက် ဖြစ်လေသည်။
သူသည် အကျဉ်းခန်းတိုင်းတွင် နေသူဟူသ၍ သိသည်။ လူသစ်တယောက် ရောက်လာလျှင်လဲ ချက်ခြင်းသိသည်။ အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာရသည်၊ မည်သူများနှင့်ဆက်သွယ်ခဲ့သည်၊ မည်သို့သော လူစားဖြစ်သည်၊ သူ၏အဆက်အသွယ်များသည်လဲ မည်သို့သော လူစားမျိုးဖြစ်ကြသည် စ သည်တို့ကိုသိသည်။ သူသည် “ကိစ္စ” များကို လေ့လာ၍ ထိုကိစ္စများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်နိုင်ရန် ကြိုးစားလေသည်။ သူ့အနေနှင့် အကြံဉာဏ်များ ပေးလိုလျှင်၊ သို့မဟုတ် သတင်းစကားများကို မှန်ကန်စွာ ပို့ပေးရမည်ဆိုလျှင် ဤအချက်ကား အရေးကြီးလှပေသည်။
သူကား ရန်သူကို သိတတ်သည်။ ထောင်စောင့်တိုင်းကို သေချစေ့ငုစွာ အကဲခတ်သည်။ ထိုထောင်စောင့်၏ အလေ့အထများ၊ သန်ရာ သန်ရာ၊ နုရာ နုရာ၊ မည်သည့်နေရာများတွင် သူ့အား အထူးသတိထားရမည်၊ မည်သည့်နေရာတွင် အသုံးချရမည်၊ မည်သို့ အငိုက်ဖမ်းရမည်၊ မည်သို့တပတ်ရိုက်ရမည် ဟူ၍ သေချာစွာလေ့လာထားလေသည်။ ကျနော်အသုံးပြုခဲ့သောလူကို လေ့လာချက်များအနက် အများအပြားမှာ အဖေကြီးစကောယျက်ပါက ကျနော့်အားပြောပြခဲ့ သော အချက်များဖြစ်လေသည်။ သူသည် ထောင်စောင့်အားလုံးကိုသိသည်၊ လူတိုင်းလူတိုင်းကို သီးသန့်၍ ပုံကြမ်းဆွဲပြနိုင်သည်။ ကောင်းစွာ သရုပ်ဖော်နိုင်သည်။ သူ့အနေနှင့် စင်္ကြံန်များတလျှောက် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ၍ ထိရောက်စွာလဲ အလုပ်လုပ်ရမည်ဆိုလျှင် ဤအရည်အချင်းကား အရေးကြီးလှပေ သည်။
အထူးသဖြင့်ကား သူသည် မိမိ၏တာဝန်ကိုသိတတ်သည်။ ကွန်မြူနစ်တယောက်ဟုဆိုလျှင် ပါတီဝင်အဖြစ်မှ ရပ်တန့်သွားသောနေရာ “လှုပ်ရှားခြင်း ကိုရပ်စဲ” ၍ လက်ပိုက်နေနိုင်ခွင့်ရှိသောနေရာဟူ၍ လောကတွင်တနေရာမှ မရှိကြောင်းကိုသိတတ်သော ကွန်မြူနစ်တယောက်ဖြစ်ပေသည်။ ဤကဲ့သို့ အန္တရာယ် အကြီးဆုံးနေရာ၊ ဖိနှိပ်ခြင်းအပြင်းထန်ဆုံးနေရာကား သူနှင့်အသင့်တော်ဆုံးသော နေရာဖြစ်သည်ဟူ၍ပင်၊ ကျနော်ပြောလောက်သည်။ သူကား ဤနေရာတွင်ပင် ရင့်ကျက်လာလေသည်။
သူကား ညွှတ်လွယ် ကွေးလွယ်သည်။ နေ့စဉ်နှင့်အမျှ၊ နာရီနှင့်အမျှ အခြေအနေသစ်များပေါ်လာ၍ နည်းသစ်လမ်းသစ်များလဲ လိုအပ်လာသည်။ သူ သည် ထိုလုပ်ဟန်အသစ်များကို စူးစူးရှရှ၊ လျင်လျင်မြန်မြန် ရှာ၍တွေ့တတ်သည်။ သူ့အနေနှင့်အချိန်ဆို၍ တမိနစ်၏ တစိတ်တပိုင်းကလေးသာ ရတတ်သည်။ အကျဉ်းခန်းတံခါးကိုခေါက်၊ အသင့်ပြင်ထားသော သတင်းစကားကို နားထောင်၊ ပထမအထပ်သို့ ကင်းစောင့်အသစ်များ တက်မလာမီကလေးတွင် စင်္ကြံန်၏ တဘက်အစွန်သို့ပြေး၍ သတင်းစကားကို တိုတိုတုတ်တုတ်နှင့် ပြတ်ပြတ်သားသား ပြန်ကြားသည်။ သူကား သတိလဲ ကြီးသည်၊ လျင်လဲ လျင်သည်။ ရာပေါင်းများ စွာသော လျှို့ဝှက်စာများသည် သူ့လက်တွင်းမှ ဖြတ်သွားခဲ့သည် - တခုမျှ ပေါ်မသွား၊ မသင်္ကာမှုပင် ဖြစ်မလာခဲ့ပေ။
သူကား အထူးသိတတ်သည်။ မည်သည့်နေရာတွင် မည်သူအကြပ်ရိုက်နေသည်ကို သိတတ်သည်။ မည်သည့်နေရာသို့သွား၍ အားပေးရမည်၊ မည် သည့်နေရာသို့သွား၍ အပြင်ဘက်မှ သတင်းတိတိကျကျ ကိုပေးရမည်၊ မည်သည့်နေရာတွင် စိတ်ဓာတ်ကျနေသော် လူတယောက်အား မိမိ၏တကယ်တန်း ဖခင် ဆန်သော မျက်လုံးများဖြင့်ကြည့်လိုက်လျှင် ထိုသူ့အနေနှင့်အင်အားများ တိုးတက်လာနိုင်သည်၊ မည်သည့်နေရာတွင် ပေါင်မုန့်ကလေးတလုံး သို့မဟုတ် စွတ်ပြုတ် ကလေးတယောက်ချိုမျှ ပို၍ပေးလျှင် “ထောင်တွင်းမှ အငတ်” ဘ၀သို့ အပြောင်း ခင်ခဲလှသော ကြားဖြတ်ကာလကို ကျော်လွန်နိုင်စေသည် - သူကား ဤအချက် တို့ကို သိသည်။ ကျင်နာသော အလိုက်သိမှု၊ နက်နဲသော အတွေ့အကြုံများအရလဲ အကခဲတတ်သည်။ ထို့အတိုင်းလဲ လိုသ၍ကို ဆောင်ရွက်ပေးလေသည်။
သူသည် တိုက်ပွဲဝင်တပ်သားတယောက် ဖြစ်သည်။ ကြံ့ခိုင်၍ ကြောက်စိတ်လဲ မရှိ။ သူကား ကြေးမရောသော လူစင်စစ်ပင်ဖြစ်သည်။ ဤသည်ကား အဖေကြီး စကောယျက်ပါ ဖြစ်လေသည်။
တနေ့ ဤစာကို ဖတ်ကောင်း ဖတ်ရမည့် ခင်ဗျားတို့သည် သူ့အား တွေ့ကြသည့်အခါ၌ အဖေကြီးစကောယျက်ပါ အဖြစ်ဖြင့်သာ မမြင်ကြစေလိုပါ။ ဖိ နှိပ်သူများက မိမိတို့၏ကိုယ်ကျိုးအတွက် သူ့အားအလုပ်လုပ်ခိုင်းရာတွင် ထိုအလုပ်သည် အဖိနှိပ်ခံရသူများအတွက် အကျိုးရှိစေအောင် လုံးဝပြောင်းပစ်သူ တယောက်၊ ကောင်းမွန်သော စံနမူနာကိုပြသည့် ထောင်ဘာယာတယောက်အနေဖြင့် မြင်ကြစေလိုပါသည်။ အဖေကြီး စကောယျက်ပါ ဟူသည်ကား သူတ ယောက်တည်းသာ ရှိသည်။ သို့သော် သူ့လိုလုပ်ကြသောလူမျိုးကား အများအပြားရှိသည်။ လူအလိုက် အမူအရာများ ကွဲပြားသော်လည်း၊ လူရုပ်သွင်အဖြစ်ကား သူ့ထက်သေးငယ်ကြသည် မဟုတ်ပေ။ ဤသို့သော် သူများကို ပန်းကရာ့စ်တွင်လဲ တွေ့နိုင်သည်။ ပက်ချက်နန်းတော်တွင်လဲ တွေ့နိုင်သည်။ ကျနော်သည် ၎င်းတို့ ၏ ပုံပန်းရုပ်သွင်များကို ရေးဆွဲပြလိုသည်၊ သို့သော် အချိန်ကားမရှိတော့။ “အကြာကြီးခံစားနေရတဲ့အကြောင်းကို တိုတိုကလေးပဲ ဖွဲ့လိုက်ရတဲ့သီချင်း” အတွက်ပင် အချိန်ကား တိုတောင်းလှပေသည်။
သို့ဖြစ်သည့်အတွက် နာမည်အနည်းငယ်၊ နမူနာကလေးအချို့လောက်သာ ရေးပြလိုက်မည်။ မမေ့အပ်သောသူအားလုံးတို့၏ စာရင်းအပြည့်အစုံကား မဟုတ်။
ဆရာဝန် မီးလော့ရှ်၊ နဲဒဗြဲဒ်။ ကောင်းမွန်၍ စိတ်ထားမြင့်မြတ်သော သူငယ်တယောက်ဖြစ်သည်။ ထောင်ကျနေသော ရဲဘော်များအား နေ့စဉ်နှင့်အမျှ အကူအညီပေးခဲ့သဖြင့် သြရှဗြဲန်ကျင် အကျဉ်းစခန်းတွင် အသက်ဆုံးရှုံးရသည်။
အာရနော့ရှ်၊ လောရဲန်ဇ်။ မိမိ၏ရဲဘော်များ၏ အမည်တို့ကိုဖော်ထုတ်ရန် ငြင်းဆိုနေခဲ့သဖြင့် သူ၏ဇနီးကို နာဇီတို့က သတ်ဖြတ်ပစ်လိုက်ကြသည်။ တနှစ်မျှကြာသောအခါ နံပါတ်လေးရာရှိ လုပ်ဖော်လုပ်ဖက် ထောင်ဘာယာများနှင့် အစုအပေါင်းကြီးတခုလုံးကို ကာကွယ်ရန်၊ တယောက်တည်း ကြိုးစင်သို့ တက် သွားခဲ့လေသည်။
ဉာဏ်ရွှင်သည့်နေရာတွင် ထူးလဲထူးချွန်၊ အချိုးနှိမ်လဲ မခံသော ဗားရှက်။ စကားလဲ များများမဟ၊ အနစ်နာလဲ ခံတတ်သော အန်ကာ၊ ဗိကောဗား - သူ ကား မာရှယ်လောခေတ်က အသတ်ခံရသည်။ ထထကြွကြွရှိလှသော အမြဲတန်းရွှင်ရွှင်လန်းလန်း ပေါ့ပေါ့ပါးပါး နေတတ်၍ လမ်းသစ်၊ နည်းသစ်များ ရှာတွေ့တတ် သည့် “စာကြည့်တိုက်မှူး” စပရင်ဂဲရ်။ သိမ်မွေ့၍ ငယ်ရွယ်လှသော ဘီးလက် …..
ဥပမာများသာဖြစ်သည် နမူနာများဖြစ်သည်။ လူရုပ်သွင်များအနေနှင့် ကြီးသူကကြီးသည် ငယ်သူကငယ်သည်။ သို့သော်လဲအားလုံးပင် လူရုပ်သွင် များ ဖြစ်ကြသည်။ မည်သူ့ကိုမျှ ရုပ်တုကလေးဟု မခေါ်နိုင်ပေ။

အပြည့်အစုံသို့...