ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း
ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ
ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ
အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်
မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ
ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့
ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”
ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။
မိုးမခ
ထောင်အတွင်းမှ ထောင်အပြင်ရောက်ချိန်အထိ စိတ်မကျန်းမမာ ကိုယ်မကျန်းမမာ
ဖြစ်နေသော ကဗျာဆရာညိုမင်းထက် (ခ) ကိုညိုလေးသို့
Saturday, 19 September 2009
ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို
Posted by ယမုန် at 06:03 1 comments
Labels: ကဗျာ
အကျိုးစီးပွားအတွက် သွင်းကုန်ခွန်စည်းကြပ် တံတိုင်းကာရံခြင်း
The New York Times
Published: September 12,2009
တရုတ်ပြည်မှ ကားတာရာ တင်သွင်းမှုနဲ့ ပတ်သက်ပြီး နာရီပိုင်းအတွင်းချမှတ်လိုက်တဲ့ သမ္မတ အိုဘား မားရဲ့ ဆုံးဖြတ်ချက်ကြောင့် တရုတ်အာဏာပိုင်တွေက အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ကုန် သွယ်မှု ဥပဒေကို ချိုးဖောက်ကျူးလွန်တဲ့အပြင် ကုန်ရောင်းကုန်ဝယ်ဖောက်ကားမှု ပြုလုပ်ရာတွင် ယှဉ် ပြိုင်နိုင်စွမ်းမရှိလို့် နိုင်ငံရေးအင်အားသုံးပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို ကျင့်သုံးခြင်းဖြစ် ကြောင်း စွပ်စွဲပြောဆိုလိုက်တယ်။ စနေနေ့မှာ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမေရိကန်ရဲ့ ကိုယ် ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေငြာခဲ့တယ်။
အမေရိကန်အစိုးရပိုင်း တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအပြင် အီရန် ရဲ့ နျူးကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ထပ်မံပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ရာအတွက် တရုတ်ပြည်ရဲ့ အ ခန်းကဏ္ဍနဲ့ အကူအညီကိုလိုအပ်တဲ့အတွက် ထိရောက်မြန်ဆန်သည့် တုန့်ပြန်မှုတွေကြောင့် မလိုလား အပ်တဲ့ ပြဿနာတွေနှင့် ထိခိုက်မှုတွေထွက်ပေါ်လာမှာကိုတော့ လိုလားခြင်းမရှိကြဘူး။ သမ္မတ အိုဘား မား 9:15p.m မှာ ယဉ်ကျေးသိမ်မွေ့စွာ သုံးနှုန်းထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်ကြေငြာစာတမ်းဟာ အ တော့်ကိုစိတ်ပျက်ဖွယ် တွေးတောစရာတွေ ပြည့်နှက်နေပြီး တရုတ်ပြည်ရဲ့ကားတာရာတင်သွင်းမှုအပေါ် 35% အခွန်စည်းကြပ် ပြဋ္ဌာန်းလိုက်ခြင်းပဲဖြစ်တယ်။
ဒီထုတ်ပြန်ကြေငြာချက်ဟာ ၀ယ်လိုအားကျဆင်းဖို့ရာအတွက် သွင်းကုန်အခွန် စည်းကြပ်လိုက်တာဖြစ် တဲ့အတွက်ကြောင့် သဏ္ဍာန်သစ်တွေနဲ့ တရုတ်ပြည်စီးပွားရေးကို စတင်ယှဉ်ပြိုင် တိုက်ခိုက်လိုက်ခြင်းပဲ ဖြစ်တယ်။ မစ္စတာအိုဘားမားဟာ လွတ်တော်မှာထောက်ခံမှုရဖို့အတွက် သမဂ္ဂတွေဆီကနေ မဲအရေအ တွက်တွေရခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာကြည့်ရှုစောက်ရှောက်မှုစနစ်ကို အောက်ခြေကနေ ပြုပြင် ပြောင်းလဲဖို့ရာအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ ၀ါရင့်အိမ်ဖြူတော်အရာရှိ တယောက်အဆိုအရ ကုန် သွယ်မှုဥပဒေကို တင်းကြပ်လိုက်တာဟာ ကိုယ်ကျိုးစီးပွားကာကွယ်တာ မဟုတ်သလို အသိအမှတ်ပြု ခြင်းမှ ငြင်းပယ်လိုက်တာလည်း မဟုတ်ပါဘူး။
အမေရိကန်အစိုးရဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖို့ရာအတွက် အလေးဂရုပြုသလို တရုတ်ပြည်မှာအခြေစိုက် ရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန် စီးပွားရေးကုမ္ပဏီကြီးတွေထဲမှာ ကားတာရာ ထုတ်လုပ်တဲ့ စက်ရုံတွေလည်းပါဝင်ပြီး တရုတ်ပြည်ရဲ့တိုးတက်များပြားလာတဲ့ လူဦးရေနှင့်ကြီးမားလှ တဲ့ ဈေးကွက်အတွင်း ပို့ကုန်ကျယ်ပြန့်စွာ ထိုးဖောက်နိုင်ရေးအတွက် အမေရိကန်ကုမ္ပဏီ အတော်များ များဟာလည်း ထိုးဖောက်ဝင်ရောက်နေကြတယ်။ ဒီလထဲမှာပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Pitts burgh မြို့မှာ G-20 စက်မှုထိပ်သီး နိုင်ငံမှခေါင်းဆောင်တွေအပါအ၀င် တရုတ်ခေါင်းဆောင်တွေနဲ့ပါ သမ္မတ အိုဘားမားဟာ လက်ခံတွေ့ဆုံဖို့ရှိသလို လာမယ့် နိုဝင်ဘာလ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာရှထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ဖို့ရှိတဲ့အပြင် နောက်ခရီးစဉ်အဖြစ် ပီကင်းကို ၀င်ရောက် မယ်လို့တော့ မျှော်လင့်ရတာပဲ။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Yao Jian ကတော့ တရုတ်ပြည်အနေနဲ့ တရုတ် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအပေါ် အပြည့်အ၀ တာဝန်ယူလုပ်ဆောင်သွားမယ်လို့ အစိုးရပိုင် စင်ဟွာ သတင်းဌာနကနေ ပြောကြားသွားခဲ့တယ်။ ဒီဆောင်းပါးမှာတော့ တန်ပြန်လုပ်ဆောင်မယ့် ထုတ်ပြန်ချက် ကိုတော့ မဖော်ပြထားပါဘူး။ တရုတ်ပြည်ဟာ အမေရိကန်ရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ် သ လို အများဆုံးကြွေးတင်နေသူလည်း ဖြစ်တာကြောင့် သမ္မတအိုဘားမားရဲ့ လုပ်ဆောင်ချက်ဟာ ထိခိုက် မှု တစုံတရာတော့ရှိလာနို်င်တယ်။ အမေရိကန် ကုမ္ပဏီတွေနှင့် အလုပ်သမားထုတွေအတွက် သွင်းကုန် တရစပ် ထိုးဖောက်ဝင်ရောက်လာခဲ့မယ်ဆိုရင် အိုဘားမား အုပ်ချုပ်ရေးကာလ တရုတ်ပြည်နဲ့ ညှိနှိုင်းသ ဘောတူထားတဲ့ သွင်းကုန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး အထူးထောက်ပံ့မှု အခွင့်အရေးအပေါ် အလုပ်သ မားသမဂ္ဂမှ သဘောထား တောင်းဆိုမေးမြန်းခဲ့တယ်။ လွတ်လပ်သည့်အဖွဲ့အစည်း တခုဖြစ်သော နိုင်ငံ တကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ကတော့ တရုတ်ပြည်ရဲ့သွင်းကုန်အပေါ် ဆုံးဖြတ်ချက် ချမှုဟာ ပြည်တွင်းစက်မှုလုပ်ငန်းတွေသာ တကယ်ထိခိုက်ဆုံးရှုံးမှု ရှိတယ်လို့ဆိုတယ်။ သွင်းကုန်ခွန် စည်းကြပ်မှု သက်တမ်းကာလဟာ သုံးနှစ်အကျုံးဝင်မှာဖြစ်ပြီး ကနဦးကာလမှာ ၅၅% ဖြစ်ပြီးနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာမှာဖြစ်တယ်။
တရုတ်ကုမ္ပဏီတွေအပေါ် ထောက်ပံ့မှု ဒါမှမဟုတ် မျှတမှုမရှိတဲ့ ဘယ်လိုယှဉ်ပြိုင်မှုမျိုးကိုမဆို ပြုလုပ်ပါ က အကျသက်သာစေမယ့် အထူးအခွင့်အရေး ခံစားခွင့်မရှိခြင်းကြောင်း ဘာလို့လဲဆိုတော့ တခြားသွင်း ကုန်အပေါ်ဆန့်ကျင်တဲ့ ကာကွယ်မှုဟာ တခြားသောနည်းလမ်းတွေထက် လွယ်ကူအဆင်ပြေလို့ပဲဖြစ် တယ်။ သမ္မတ အိုဘားမားရဲ့ တရုတ်ပြည်အပေါ် အခုလို ရုတ်တရက် လုပ်ဆောင်ဆုံးဖြတ်ချက်ချမှုဟာ စက်ရုံတွေနဲ့ အလုပ်သမား သမဂ္ဂတွေရဲ့ စိတ်သောကကို ပြေလျော့အောင် လုပ်တာလားဆိုတာက တော့ မဖြစ်မနေမေးကို မေးရမယ့်မေးခွန်းတခုလို့တောင်ဆိုလိုက်ချင်တယ်။ တရုတ်ပြည်ရဲ့ပို့ကုန် ကျယ် ပြန့်အောင်မြင်လာတာနဲ့အမျှ တချို့သောအဖွဲ့အစည်းတွေဟာ၂၀၀၁ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု အပေါ် တောင်းဆိုမှုတွေပြုလုပ်လာတဲ့အတွက် နိုင်ငံတကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ရဲ့ ထောက်ခံမှုကိုရခဲ့ပေလို့ အကိုင်းအခက် အဆင့်အဖြစ်အသတ်မှတ်ခံခဲ့ရသလို သမ္မတဘုရှ်ရဲ့ကန့်ကွက်မှု ကြောင့် ကော်မရှင်ရဲ့ထောက်ခံအဆိုပြုချက်ဟာ အဟောသိကံ ဖြစ်ခဲ့ရတယ်။
သမ္မတ ကလင်တန်လက်ထက် အမေရိကန်ပြည်ထောင်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တာဝန်ခံ Charlene Barshefsky ရဲ့ အဆိုအရ ဒီဆုံးဖြတ်ချက်ကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မူဝါဒတွေ ဟာ ဘယ်လိုနည်းနဲ့မှ နောက်ပြန်ဆုတ်စေသည့် အနှုတ်လက္ခဏာမျိုးကို ထင်ဟပ်စေမှာ မဟုတ်ဘူးလို့ ဆိုတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ စီးပွားရေးပြန်လည်ဦးမော့ နလံထူနိုင်ဖို့ရာအတွက် ပြုပြင်ပြောင်းလဲမှုဟာ အခရာကျတယ်ဆိုတာ သံသယဖြစ်စရာမလိုကြောင်း Ms.Barshefsy က အခိုင် အမာပြောဆိုထားတယ်။
China Denounces New Tire Tariffs
By EDMUND L.ANDREWS and EDWARD WONG
Edmund L. Andrews reported from Washington and Edward Wong from Beijing.
................
မန်ဇူး(ဘာသာပြန်သည်)
Posted by HinLinPyin at 03:50 0 comments
Labels: သတင်း
Friday, 18 September 2009
ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ
(ဂါမဏိ)
၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေရပါတယ်။ ပြားသွား တယ်ဆိုတာက တကမ္ဘာလုံးရဲ့စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေးတွေ တဆက် တည်းဖြစ်သွားပြီ လို့ပြောတာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ လာ ဖွင့်ကြတယ်၊ သူဋ္ဌေးတွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင်ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခနိမ့်ကျ ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်းရဲတွင်းကလွတ်လာကြတယ်လို့ ကမ္ဘာ ပြားရှေ့နေတွေက မစားရဝခမန်း ဝါဒဖြန့်ကြော်ငြာနေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။
နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှုလုပ်ငန်းတို့ နေရာမှာ နည်းပညာအဆင့်မြင့်လုပ်ငန်းတွေ၊ အသိဉာဏ်လုပ်ငန်းတွေက အစားထိုးလွှမ်းမိုးသွားပြီ လို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော်နေကြပြန်ပါတယ်။
ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေတွေကို လေ့လာ ကြည့်ကြရအောင်။
စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကိုကြည့်တဲ့အခါ အမေရိကန်နိုင်ငံမှာ အနိမ့်ဆုံးလုပ် အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ၊ တောင်ကိုးရီး ယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင်ဝမ်မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တလကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ ၈ဝဝဝ ရှိကြပါတယ်။
အဲဒီနိုင်ငံတွေက အထည်ချုပ်စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံစတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံ တွေဆီ ရွှေ့ပြောင်းဖွင့်ကြတဲ့အခါ တရုတ်ပြည်မှာသွားဖွင့်ရင် လုပ်အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။
အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေအတွက် ကွန်ပျူတာ အင်တာနက် တယ် လီဖုံးစတဲ့ အဆင့်မြင့်ဆက်သွယ်ရေးဝန်ဆောင်လုပ်ငန်းတွေကို လက်ခွဲလုပ်ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန်နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရပါတယ်။
ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်ကလာတဲ့ အလုပ်သမား တွေရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဋ္ဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက် ပျိုးရေးအလုပ်သမားတွေနေရတဲ့ဘဝက ပိုဆိုးပါတယ်။ တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့်အိပ်လောက်အောက်ဘဲကျယ်တဲ့ တဲအိမ်ကလေးတွေမှာ ကြယ်မြင်လမြင် နေရပါတယ်။ ထရံကို စက္ကူတွေ ဆာလာအိပ်ခွံတွေကာထားပြီး ကျနော်တို့တိုင်းပြည်က လယ်တဲသာသာဘဲရှိပါတယ်။ ပညာရေး ကျန်းမာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကျောင်းကလေး တွေ ပေါ်လာပေမဲ့ ကျန်းမာရေးအတွက်အားကိုးစရာ မယ်တော်ဆေးခန်းကိုတော့ ထိုင်းရဲအဖမ်းခံရမယ့်အန္တရာယ် ကြားက စွန့်စားသွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်းလဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်းသရဲတွေ ငွေညှစ် ဗိုလ်ကျ နှိပ်စက်တာကလည်း ရှိပါသေးတယ်။
ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့လိုက်ရတဲ့ မြန်မာအလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ် စရာခေါင်းရှိသေးလား စမ်းနေရတဲ့ဘဝမှာ ခပ်များများဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာပြားတဲ့အကျိုးအမြတ်အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့စက်ရုံပိုင်သူဋ္ဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်းပိုမြတ်သွားပါတယ်။ တိုင်ဝမ်သူဋ္ဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်းပိုမြတ်ပါလိမ့်မယ်။ မြန်မာအလုပ်သမားတွေအနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ်နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ်အလုပ်သမားတွေဆိုရင် ၂၄ နာရီလျှပ်စစ်မီးနဲ့နေနိုင်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ် တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေပိုလာပြီး မလေးရှားမှာဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အလုပ်သမားရဲ့အစွန်းထွက်လောက်ဘဲ ရတာဖြစ်ပြီး သူတို့ထက် ဒေါ်လာ ၁ဝဝဝဝ ကျော်လျော့နေပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ်ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင်သူဋ္ဌေးတွေအတွက် ဘဲ အဓိကဖြစ်နေပါတယ်။
လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာနက် ဆက်သွယ်ရေး စတဲ့ အသိဉာဏ်ပညာအခြေခံလုပ်ငန်းတွေက ရှေ့ဆောင်အခန်းမှာရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ စက်မှုလုပ်ငန်းကဘဲ အဓိကလွှမ်းမိုးနေပြီး ထမင်းကျွေးနေတာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည်နေရတာဟာ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့ လုပ်ငန်းတွေဘဲဖြစ်ပါတယ်။ အမေရိကန်ရောက် သွားတဲ့ မြန်မာဆရာဝန် ဆူရှီလိပ်နေရတာ၊ ဂျပန်ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာပြား တတိယလှိုင်းဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်းတန်ဖိုးအကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင်စီးပွားရေးနယ်ပယ်မှာ ရေနံထုတ်လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင်စီးပွားရေးနယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက်ကုန်ကူးလုပ်ငန်းနဲ့ မူးယစ် ဆေးကုန်ကူးလုပ်ငန်းတို့ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံးလုပ်ငန်းတွေ မဟုတ်ပါဘူး။ စတော့ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာလုပ်ငန်းက ရှယ်ယာတွေက တန်ဖိုးမြင့်နေပြီး ကွန်ပျူတာလုပ်ငန်းနယ်ပယ်က အလုပ် သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေးလောကတခုလုံးထဲမှာတော့ အင်အားအကြီးဆုံး မဖြစ်သေးပါဘူး။
ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီအီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ်ငန်း) တို့အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့်ဘဲရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့်နည်းပညာ လုပ်ငန်းက အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲပါပါတယ်။
ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ်ရောက်တာတွေဟာ ကျနော်တို့အလုပ်သမားတွေ အထူး သဖြင့် မြန်မာအလုပ်သမားတွေအတွက် လက်တွေ့မကျတဲ့ စိတ်ကူးယဉ်အိပ်မက်တွေသာဖြစ်ပါတယ်။ မဲဆောက်က မြန်မာအလုပ်သမားတယောက်ဟာ အမေရိကန်ကအလုပ်သမားတယောက်နဲ့ တန်းတူလုပ်ခမရသရွေ့၊ အိန္ဒိယက ကွန်ပျူတာပညာရှင်အလုပ်သမားတယောက်ဟာ အမေရိကန်က ကွန်ပျူတာပညာရှင်အလုပ်သမားတယောက် ရတဲ့ လစာ မရသေးသရွေ့ ကမ္ဘာကြီးပြားနေတယ်လို့ မပြောနိုင်သေးပါဘူး။ အလွန်ဆုံးပြောရရင် အပြားလိုက်ကြီး စောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူဋ္ဌေးတွေက ပုံစံသစ်နဲ့ လူလည်ကျတာ လို့ဘဲ ပြောချင်ပါတယ်။
ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှု တွေ လွှမ်းမိုးလာပြီလို့ ပြောနေဟောနေပေမဲ့ ကမ္ဘာ့အလုပ်သမားအများစုကြီးရဲ့ဘဝကတော့ အဲဒီကမ္ဘာပြားတွေ တတိယလှိုင်းတွေနဲ့ အလှမ်းဝေးနေဆဲပါဘဲ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်တွင်းအလုပ်သမားတွေ ဆိုရင် နအဖစစ်အစိုးရလက်ချက်ကြောင့် နိုင်ငံတကာအလုပ်သမားတွေထက်ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။
ဂါမဏိ
သင့်ရဲဘော် ဂျာနယ်၊ အတွဲ(၃) အမှတ်(၁) သြဂုတ် ၂၀၀၉
Posted by HinLinPyin at 22:07 0 comments
Labels: ဆောင်းပါး
Friday, 11 September 2009
မြန်မာပြည်သူတွေအတွက် မလိုအပ်တဲ့ 'ရွေးကောက်ပွဲ'
ဂါမဏိ(ဘာသာပြန်သည်)
မကြာသေးခင်က အထက်လွှတ်တော်အမတ် ဂျိမ်းဝက်ဘ် ကျနော့်တိုင်းပြည်ကို အလည်အပတ်သွား ခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အကျဉ်းကျခံနေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်တို့နဲ့ တွေ့ဆုံစကားပြောခဲ့တာတွေအပေါ် လူတွေက အများကြီးအာရုံစိုက်ခဲ့ကြပါတယ်။ ဝက်ဘ် က မြန်မာပြည်ရဲ့ အုပ်စိုးသူအာဏာပိုင်တွေနဲ့ အဓိပ္ပာယ်ရှိရှိတွေ့ဆုံ ဆွေးနွေးချင်တာကို ကျနော် နား လည်ပါတယ်။ ကံမကောင်းအကြောင်းမလှတာကတော့ သူ့ကြိုးပမ်းချက်တွေဟာ ကျနော်တို့ ဒီမိုက ရေစီလှုပ်ရှားမှုကြီးကို ထိခိုက်နစ်နာစေပြီး မှားယွင်းတဲ့အကြောင်းအရာပေါ်မှာ အလေးထားခဲ့တာဖြစ် ပါတယ်။ အဲဒီ အကြောင်းအရာကတော့ ရေရှည်နိုင်ငံရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါ ဝင်ဆင်နွှဲဖို့ ဝက်ဘ်က ကျနော်တို့ကို စဉ်းစားစေချင်တဲ့ ရှေ့နှစ် "ရွေးကောက်ပွဲ" အလားအလာဖြစ်ပါ တယ်။ ဒါပေမဲ့ စစ်အစိုးရက စီစဉ်ထားတဲ့ ဟန်ပြရွေး ကောက်ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေ လိုလားနေတဲ့လွတ်လပ်ရေးကို သရော်မော်ကားလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ထာဝရတည်တန့် အောင် လုပ်သွားမှာဖြစ်ပါတယ်။
ကျနော်တို့ဆီက နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေဟာ မဲဆန္ဒ အပြတ်အသတ်နဲ့ စစ်တပ်အုပ်စိုးမှုကို ပယ်ချခဲ့ပြီး ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ် တော်နေရာ ၈၀ ရာခိုင်နှုန်း နှင်းအပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့်ပေးဖို့ စစ်အုပ်စု က ငြင်းဆန်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲပြီးနောက် ၁၉ နှစ် အတွင်းမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ် ရှားတက်ကြွသူတွေဟာ တရားမျှတမှု၊ တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြန်မာ ပြည်သူအားလုံးကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရပုံသဏ္ဍာန်တို့ကို ငြိမ်းချမ်းစွာတောင်းဆို ဖော်ပြ နေရင်း အကျဉ်းချမှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက်ဆုံးပါးမှုတို့ကို ကြုံခဲ့ရပါတယ်။
အဖွဲ့ချုပ်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို တခါမှမရပ်နားခဲ့သလို စစ်အစိုးရနဲ့ ထိတွေ့ဆက် ဆံပြီး ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်လေးစားရေးအခြေခံပေါ်မှာ မြန်မာပြည်ရဲ့အချက်အချာ နိုင်ငံရေး ပြဿနာ လူမှုရေးပြဿနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့လည်း တောက် လျှောက်ကြိုးပမ်းခဲ့ပါတယ်။ ဒီကိစ္စနှစ်ရပ်ဟာ ဆက်စပ်နေတာကို လုံးဝသံသယမရှိပါနဲ့။ မြန်မာနိုင် ငံဟာ တချိန်တခါက အာရှတိုက်ရဲ့ စပါးကျီကြီး ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်အစိုးရရဲ့ စီးပွား ရေးအဖျက်ပေါ်လစီတွေနဲ့ စစ်အာဏာထိန်းထားနိုင်ဖို့ ဖိနှိပ်အုပ်ချုပ်နေတာကြောင့် ဆင်းရဲတွင်းနက် နေတဲ့ ဗယုတ်သုက္ခတိုင်းပြည် ဖြစ်နေပါပြီ။
စစ်အစိုးရဟာ ဟန်ပြ "ရွေးကောက်ပွဲ" ကတဆင့် သူ့ကိုယ်သူ တရားဝင်မှုမျက်နှာဖုံးတပ်ဖို့ ကြိုးပမ်း နေပြီး "စည်းကမ်းပြည့်ဝ တဲ့ဒီမိုကရေစီ"ကို လာမယ့်နှစ်မှာထူထောင်မယ်လို့ ကြွေးကြော်နေပါတယ်။ ၂၀၀၈ ခု မေလမှာ ဧရာမလေမုန်တိုင်းကြီး တခုက ဗမာပြည်ကို ထောင်းထောင်းချေ၊ လူ တသိန်း ကျော်အသက်ဆုံးစေခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ စစ်အစိုးရက ရယ်စရာကောင်းတဲ့ လုပ်ဇာတ် တခုသုံးပြီး၊ စစ်အာဏာကို ရာသက်ပန်ဦးထိပ်ထားမယ့်အခြေခံဥပဒေကို မဲဆန္ဒရှင် ၉၃ ရာခိုင်နှုန်းက ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီအခြေခံဥပဒေဟာ အဓိပ္ပာယ်ရှင်းရှင်းလင်းလင်း မရှိလှတဲ့ "နိုင်ငံခြားအဆက်အသွယ်" ရှိသူတွေကို အစိုးရရာထူးမယူစေဖို့ တားမြစ်ထားပြီး ဒေါ်အောင်ဆန်းစု ကြည် နဲ့ ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေ အာဏာမရနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်တားမြစ် ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက်တွေထည့်သွင်း ထားပါတယ်။
တချို့သော နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက ရှေ့နှစ်မှာလုပ်ဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲ တွေကို အခွင့်အလမ်း တခုအဖြစ် မြင်နေကြပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ အခြေခံဥပဒေမှာ ချမှတ် ထားတဲ့ စည်းကမ်းချက်များအရ ရွေးကောက်ပွဲဟာ အတုအယောင်ဘဲဖြစ်ပါလိမ့်မယ်။ မြန်မာပြည်သူ သန်းပေါင်းများစွာတို့ ချီတက်လှုပ်ရှား၊ အဖမ်းအဆီးခံ၊ နှိပ်စက် ညှင်းပန်းခံ၊ အသက်ဆုံးပါးခံ တိုက် ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအခြေခံမူတွေကို ကျနော်တို့တိုင်းပြည်အတွက် လွတ်လပ်မှုဆောင် ကျဉ်းလာ ဖို့ နည်းနည်းလေးမှ မျှော်လင့်ချက်မရှိတဲ့ ဖြစ်စဉ်တခုထဲ သွားပါဝင်ခြင်းအားဖြင့် မစွန့်လွှတ်နိုင်ပါဘူး။
အဖွဲ့ချုပ်ရဲ့တောင်းဆိုချက်တွေဟာ ကျိုးကြောင်းဆီလျော်တရားမျှတပါတယ်။ ဧပြီလတုံးက ကျနော် တို့ဟာ နောက်ထပ် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံဖို့ အားပေးတိုက် တွန်းရင်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံဥပဒေကို အပြည့်အစုံပြန်လည်သုံး သပ်ဖို့၊ အဖွဲ့ချုပ်ရုံးခန်းတွေ ပြန်ဖွင့်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြား လှုပ်ရှားတက်ကြွသူ ၂၀၀၀ ကို ဆက်လက်အကျဉ်းချ၊ တိုင်းရင်းသားတွေကို အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီမို ကရေစီကိုလည်ပင်းညှစ် နှိပ်ကွပ်မယ့်စည်းကမ်းချက်တွေ အတင်းတိုးမြှင့်ကြပ်မတ်တဲ့လုပ်ရပ်နဲ့ တုံ့ပြန်လိုက်ပါတယ်။
ဒီတော့ နိုင်ငံတကာမိသားစုတွေက ဘယ်လိုအခန်းကဏ္ဍတွေကကနေ အကျိုးရှိရှိ ပါဝင်ပတ်သက်ကြ မှာလဲ။ ပထမဦး ဆုံးကတော့ ဂျိမ်းဝက်လိုတာဝန်ရှိလူကြီးတွေက တရုတ်ပြည်နဲ့လှည့်ခြောက်တာကို စွန့်လွှတ်ရပ်တန့်ဖို့ဖြစ်ပါတယ်။ တရုတ်ကို ကန့်သတ်ထိန်းချုပ်ဖို့ မြန်မာစစ်အစိုးရနဲ့လက်တွဲစို့ ဆိုတဲ့ သူ့လေသံဟာ ခေတ်နောက်ကျပြီး လက်တွေ့မကျတဲ့ အယူအဆပေါ် အခြေခံထားပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလိုအယူအဆတွေကိုပယ်ချပြီး ဂျိမ်းဝက်ကို “ကျမတို့က ဘယ်သူ့ကိုဖြစ်ဖြစ် အကြောက်တရားတွေ စိုးရိမ်ကြောင့်ကြစိတ်တွေ အခြေခံပြီး ဆက်ဆံမှာမဟုတ် ဘူး။ ဘယ်သူ့မဆို ဆက်ဆံမှာဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အားလုံးနဲ့ ရင်းရင်းနှီးနှီး တန်း တူညီမျှဆက်ဆံမှာ ဖြစ်တယ်။ ကျမတို့ဟာ ကိုယ့်အိမ်နီးချင်းကို ကိုယ်ရွေးချယ်နိုင်ခွင့်ရှိတာမဟုတ်လို့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နားလည်တယ်” လို့ပြောခဲ့ပါတယ်။
ဒုတိယအချက်ကတော့ အဖွဲ့ချုပ်ကိုယ်တိုင်က တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ် အုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ အားပေးတိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတကာမိသားစုတွေက ဗမာ စစ်ခေါင်းဆောင်တွေကို ကျနော်တို့တတွေရယ် တိုင်းရင်းသားအဖွဲ့တွေရယ်နဲ့ ထိတွေ့ဆက်ဆံအောင် တိုက်တွန်းဖြောင်းဖြပေးဖို့ ထိတွေ့ဆက်ဆံစေချင်တာ ဖြစ်ပါတယ်။ ခုချိန်မှာ အမေရိကန်နဲ့ တခြားနိုင် ငံတော်တော်များများက ဗမာပြည်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။ ဒါဟာ သူတို့ကိုယ် ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော်တို့အားလုံး အလွန်တန်ဖိုးထားတဲ့ ဒီမိုကရေစီတန်ဖိုးတွေအတွက် သူ တို့တွေက ဖြစ်သင့်ဖြစ်ထိုက်စွာ အတူတကွသွေးစည်းရပ်တည်နေတာ ဖြစ်ပါတယ်။ အကယ်၍သာ စစ်အစိုးရက အဖွဲ့ချုပ်နဲ့တကွ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ ထိတွေ့ဆက်ဆံရေးကို ဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် တိုက်ခိုက်ပစ်ခတ်တာတွေ ရပ်စဲမယ်၊ ပြီးတော့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်ဖို့ လို အပ်တဲ့ခြေလှမ်းတွေ လှမ်းလာမယ်ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သင့်တော်တဲ့ အ ချိန်တွေမှာ ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေဝေသံသယစိတ်တွေ မပွားကြ ပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ ရှင် လမ်းမရှိအောင် ချို့ယွင်းပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူးထောက်ပါ ဝင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ အမြဲ အသင့်ရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ အသက်သွေးချွေးတွေ ဘဝတွေ အများကြီးစွန့်လွှတ်ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုး တွေဆွတ်ခူးရ ယူနိုင်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင်တော့ အသင့်ရှိတာထက်တောင် ပိုပါတယ်။
ဦးဝင်းတင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အဖွဲ့ချုပ်စတင်တည်ထောင်သူ တဦး၊ ၁၉၈၉ မှ ၂၀၀၈ အထိ နိုင်ငံရေးအကျဉ်းသား)
စက်တင်ဘာ ၉ ရက် ၂၀၀၉
ဝါရှင်တန်ပို့စ် သတင်းစာ
........
Posted by HinLinPyin at 04:05 0 comments
Labels: ဆောင်းပါး
Wednesday, 2 September 2009
ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း (ရဲဘော်ဖိုးသံချောင်း)
ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ စစ်အစိုးရဆန့်ကျင်သူတွေဟာ လုပ်ငန်းစဉ်တွေ အမျိုးမျိုး ချမှတ်ကြပါတယ်။ ပါတီအဖွဲ့အစည်းတွေအနေနဲ့ရော၊ တပ်ပေါင်းစုတွေအနေနဲ့ပါ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာ မကြာခဏ တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီနေ့အခြေအနေ၊ အထူးသဖြင့် သူ့ဖက်ကိုယ့်ဖက် အခြေအနေကို သုံးသပ်တာ အတော်လေး တွေ့ရခဲပါတယ်။ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ တင်ပြနေတာတွေက ပိုများသလားလို့။
သူ့ဖက်ကိုယ့်ဖက် အနေအထား၊ အင်အားကိုတွက်တာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကို အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို အမှန်အတိုင်း ချမှတ်နိုင်မှာဖြစ်ပါတယ်။ အင်အားချိန်ခွင်လျှာကို တွက်ရာမှာ ရေရှည်သမိုင်းအမြင်နဲ့ လက်ငင်းလက်တွေ့အမြင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ရေရှည်သမိုင်းအမြင်သဘောပြောရရင် ပြည်သူလူထုဟာ မုချအောင်ပွဲခံမှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေဟာ မုချကျဆုံးမှာပါ။ ဒါကြောင့်မို့ ကျနော်တို့ဟာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ ပြည်သူလူထုကြီးနဲ့ လက်တွဲတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့လက်ငင်းအခြေအနေမှာ ပြည်သူလူထုဟာ အောင်ပွဲမခံနိုင်သေးပါဘူး။ ဒါ့အပြင် အင်အားလည်း သေးငယ်ပါသေးတယ်။ ကိုယ့်ဖက်က ထိုးစစ်မဆင်နိုင်ဘဲ စစ်အာဏာရှင်တွေက သူတို့ရဲ့လမ်းပြမြေပုံကို တောက်လျှောက် အကောင်အထည်ဖော်နေနိုင်တာဟာ ဒီလက္ခဏာပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုမြင်သာအောင် ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ကာလကို ယှဉ်ပြောပါ့မယ်။ ရှစ်လေးလုံးအရေးတော်ပုံကနေ ၉ဝ ခုနှစ် ရွေးကောက်ပွဲအထိကာလဟာ စစ်အစိုးရနဲ့ကိုယ်နဲ့ အင်အား ဆတူလောက်လို့ ပြောနိုင်လိုက်တဲ့ ကာလဖြစ်ပါတယ်။ လှုံ့ဆော်ပြီးဖြစ်နေတဲ့ လူထု၊ လှုပ်ရှားမှုအတွေ့အကြုံရှိနေတဲ့ လူထုနဲ့ ရှေ့တန်းက ပါဝင်ခဲ့သူတွေ အသင့်ရှိနေပါတယ်။ စစ်အစိုးရရဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာလည်း အရေးတော်ပုံရဲ့ဂယက်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရောကိုပါ ထည့်တွက်လိုက်ရင် စစ်ရေးမပါ၊ အတွေးအခေါ်ရေး၊ နိုင်ငံရေးမှာ ကိုယ့်ဖက်က သာနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဗကပ ပြိုကွဲတဲ့အတွက် ဒီချုပ်ကို မထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဗကပ ပြိုကွဲတဲ့အတွက် စစ်အစိုးရမှာ စစ်ရေး အချိုးအစားအရ အများကြီး သာသွားပါတယ်။ တပ်တွေလည်း အများကြီး အားသွားပါတယ်။ ထိုင်းနယ်စပ်မှာ သူတို့ရဲ့တပ်တွေ အများကြီး တိုးချဲ့နိုင်သွားပါတယ်။
ဗကပပြိုကွဲပေမယ့် နိုင်ငံရေးအရ ပြည်သူတွေဖက်က အသာစီးရနေပါသေးတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက အထင်ရှားဆုံး သက်သေပြခဲ့ပါတယ်။ ပြည်သူလူထုကြီးက မဲပုံအောထည့်ခဲ့တာကိုကြည့်ရင် ပြည်သူလူထုထဲမှာ တိုက်ပွဲစိတ်ဓာတ်တွေ လွှမ်းမိုးဖြိုးဝေနေဆဲဆိုတာကို ပြနေပါတယ်။ နောက်တပွဲ စမ်းချင်သေးလားဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမယ့် အခုအခါမှာ အခြေအနေက အဲဒီလိုမဟုတ်ပါဘူး။ အချိုးအစားအရ သူ့ဖက်က အများကြီး သာနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအဖအဖို့ ချောချောမွေ့မွေ့ မဟုတ်တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။
ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင်မှာမဟုတ်ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခုလိုအနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာသံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ်အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ်ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေဟာ အထီးကျန် တိုက်ပွဲဝင်ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဖိုးမသေးတဲ့ သင်ခန်းစာပါ။
ပြည်သူလူထုက စားဝတ်နေရေးထဲ နစ်နေတယ်၊ ကြောက်နေတယ်ဆိုတာဟာ ယာယီကိစ္စ ဖြစ်ပါတယ်။ ၁၉၈၇-၈၈ ကာလတွေတုန်းကလည်း ပြည်သူလူထုရဲ့ စီးပွားရေးအခြေအနေဟာ မကောင်းပါဘူး။ ငွေစက္ကူတွေ အလဟဿဖြစ်ကုန်ရတဲ့ အမှောင့်ကြောင့် ပိုဆိုးနေတဲ့အချိန်ပါ။ ဒီလို ပြောနည်းရဲ့ လောဂျစ်အတိုင်းဆိုရင် လူတွေဟာ စားဝတ်နေရေးပြေလည်မှ နိုင်ငံရေးလုပ်ကြမှာလိုလို၊ လမ်းပေါ်ထွက် ဆန္ဒပြကြမှာလိုလို ဖြစ်နေပါတယ်။ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်မယ့် လူတွေကသာ ပြည်သူလူထုကို တကယ်တမ်း သဘောပေါက်အောင်၊ တကယ်ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြလုပ်နိုင်မယ်ဆိုရင် အိမ်ရှင်မတွေတောင်မှ ငြုတ်ဆုံနဲ့ တံမြက်စည်းကို အောက်ချပြီး လမ်းပေါ်ကို ထွက်လာကြမှာပါ။ ကိုယ့်ဖက်က ပြင်ဆင်တာ၊ လုပ်ကိုင်တာမကောင်းတာကို ပြည်သူလူထုအပေါ် ပုံချလို့ အဖြေမထွက်ပါဘူး။ ပြည်သူလူထု နားလည်သဘောပေါက်အောင်၊ ပါဝင်ချင်အောင် ကိုယ်က လုပ်မပြ၊ ပြောမပြနိုင်တာဟာ ကိုယ့်ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှစ်လေးလုံး တုန်းက လူထုကြီးပါလာတာဟာ ရှေ့ကလုပ်ပြတဲ့ လူတွေ များလို့ဖြစ်ပါတယ်။ ပြောတာသက်သက်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို မလိုလားသူတွေအဖို့ ဒီနေ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ အင်အားအချိုးအစား ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ အင်အားအချိုးအစား ပြောင်းလဲရေးဆိုတာမှာ ပြည်တွင်းမှာ အင်အားအချိုးအစား ပြောင်းလဲရေးကို ပြောတာပါ။ ပြည်ပမှာကတော့ အခုတောင်မှ ကိုယ့်ဖက်က အရေအတွက်အရရော၊ နိုင်ငံရေးအရရော အများကြီး သာလွန်နေတာပဲ။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူး မဟုတ်ပါလား။
ကိုယ့်တိုင်းပြည်ကြမ္မာကို ကိုယ့်လက်ထဲမှာထား၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဖန်တီးဖို့ သိပ်အရေးကြီးပါတယ်။ သူတပါးနိုင်ငံက၊ ပြည်ပက ပါဝင်ဖြေရှင်းတာဟာ အကျင့်ပါတတ်ပါတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့လို့ အခုအထိ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ ဖြေရှင်း၊ လုပ်ကိုင်ရာမှာ ပြည်ပနိုင်ငံတွေ ကန့်လန့်ပါနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြား တွေ့နေရဆဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ကြာတော့ ပိုရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။
ပြည်ပအကူအညီဆိုတာ မလိုအပ်ဘူးမဟုတ်၊ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီနေ့ ကာလလိုအခါမှာ ကိုယ့်အတွက်အကျိုးရှိရင် လက်ခံရမှာပါ။ ဒါပေမယ့် ဒါကို အဓိကအခန်း မပို့မိဖို့ သိပ်သတိထားရပါမယ်။ နောက်ပြီး ပြည်ပအကူအညီဆိုတာဟာ ကိုယ်က တောင်းချင်တိုင်း တောင်းလို့ရတာမဟုတ်၊ သူတို့က သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ထင်မှ ပေးတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ တဆက်ထဲမှာ ပြည်ပအကူအညီ လျော့နည်းသွားလို့ စိတ်ပျက်တာ၊ များလာလို့ အားတက်တာ စသဖြင့် မဖြစ်သင့်ပါဘူး။ ဒီတကွေ့မှာ နိုင်ငံတကာအခြေအနေဟာ ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကိုယ့်တပ်ကိုယ် ပြင်ဆင်ထားဖို့လိုသလို ရှေ့ခြေလှမ်းကို ပြည်တွင်းဖက် သေချာဦးတည်ထားဖို့ လိုပါတယ်။
ပြည်တွင်းမှာ ကိုယ့်အင်အားတွေ တိုးပွားသလား၊ ဆုတ်ယုတ်သလားဆိုတာသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အရေးတော်ပုံကို ဒီအချက်က အဆုံးအဖြတ်ပေးမှာပါ။ ဒါကြောင့် အခြေအနေကို ရဲရဲကြည့်ပါ။ အမှန်ကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ အခြေအနေမှန်ပေါ် ကနေ လုပ်ငန်းချမှတ်ပါ။ လက်တွေ့လည်းလုပ်ပါ။
*****
ရဲဘော် ဖိုးသံချောင်း
Posted by HinLinPyin at 18:00 1 comments
Labels: ဆောင်းပါး