Sunday, 10 February 2008

ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ


အာဏာရှင်ဖြစ်စေ၊ ရီပတ်ဗလစ်ကင် ဖြစ်ပါစေ၊ အစိုးရမှန်သမျှသည် သူ့အား မိမိတို့နယ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သမားရိုးကျဖြစ်စေ၊ အလွန်အကျွံ ဒီမိုကရက်ဖြစ်စေ ဓနရှင်မှန်သမျှသည် သူ့အားအပြိုင်အဆိုင် ပုတ်ခတ်ခဲ့ကြသည်။ ......
သူ့တွင် ဆန့်ကျင်ဘက်များအမြောက်အများရှိကောင်းရှိမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးရန်သူဟူ၍ တဦးတလေမျှပင်ရှိနိုင်ခဲကြောင်း ရဲဝံ့စွာပြော လိုက်ရပေသည်။

ဖရစ်ဒရစ်အိန်ဂယ်
(ကားလ်မာ့က်စ်၏ဘ၀နှင့် ပတ်သက်၍ပြောကြားချက်)

(၁)
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ...။
စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင် အာဏာမသိမ်းမီကာလ၊
နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။
... ... ... ... ...
မန္တလေးတက္ကသိုလ်ပရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ် မရှိသေး -
ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင် အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက် လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူ ကျောင်းသားများလန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။
ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။ အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။
နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်း တွေကိုလေ့လာကြည့်လိုက် ... နှင့် နောက်ဆုံးပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက် - အထက် ... တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသော လူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထား ကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။
အခန်းထောင့် စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။
“ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ ... ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...”
ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။
ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏ မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။

(၂)
“တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ခ်ျနှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ် သူလျှိုများ ...ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စဉ် မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။”

- ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈) -


ဤတစ္ဆေကြီးသည် အနှစ် ၇၀ မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်နေသော မြန်မာပြည်တွင်မူ အနှစ် ၉၀ ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်၍ တည်ထောင်လိုက်နိုင်ခဲ့ကြသည်။
.........................................................................................................

“ရုပ်ဝါဒ ဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်း မဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများက မှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် ဗဟိန်းအား ....ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟု ထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမား အဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာသည်။”
ဤကား 'လူ' ကိုဗဟိန်း နှင့် ကွန်မြူနစ် ကိုဗဟိန်း အပေါ် ယှဉ်တွဲ ပေါင်းစပ်ကြည့်သောသူ တဦး၏ အမြင်ဖြစ်သည်။
သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ် လုပ် တတ်သည်ကို တွေ့သိကြသော သူများက “ကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလို လုပ်တတ်ပါလား” ဟု ပြောမိကြသည်။ “ကွန်မြူနစ်ဆိုတာ ဖြစ်သလို နေ၊ ဖြစ်သလို စားပြီး အလုပ် အင်မတန် လုပ်သူများ” ဟူ၍သာ သူတို့ သိထားကြသည်။ နယ်ချဲ့ အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏ အလိုတော်ရိ လက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီး နေခဲ့ရသော ကိုလိုနီနိုင်ငံရှိ ပြည်သူများ-ဤသို့ ရောထွေး ထင်ကြ၊ပြောကြသည်မှာ သဘာဝတော့ ကျချေသည်။
အမှန်မှာမူ တော်လှန်ရေး ကိုယ်၌မူက အနုပညာ တရပ် ဖြစ်သည် .....ဟု ကွန်မြူနစ်များ ခံယူထားသည်ကို သူတို့ မသိကြ၍သာ ....။

(၃)

ကိုဗဟိန်းကို လူအဖြစ် တချို့ က ဤသို့ မြင်ကြသည်။
သမဂ္ဂ ပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံ တို့ဖြင့် ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့ စကားပြောထဲတွင် မပါဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။
သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်း ကဲ့သို့ လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲနေသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကျက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး -
( လူစိမ်း တဦးနှင့် မိတ်ဆက်ပေးလိုက်သော အခါ ) သူ၏ ကြာပွင့်ချပ်ကလေး ထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ -
“ ကျနော်တော့ မေရှင်ကို အတော် ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ ....” ဟု မေးတတ်သည်။ နောက်တော့ ....
“ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”....သီချင်းကို ဖွင့်၊ “သော်တာ ငွေမင်း” .... ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့် ပတ်သက်၍ သူ့ ခံယူချက် ကို ဤသို့ ပြောပြပါလိမ့်မည်။)
“ တချို့ ကအင်္ဂလိပ် တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲ ကန့်သတ်ထားတာမဟုတ်ဘူး...”
သူသည်သီချင်း ဓာတ်ပြားတွေကို တပြားပြီးတပြား ဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူးဖော်ထုတ်နေတက်၏။
“ ကျနော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြားဂျပန်ပဲဖြစ်ဖြစ်၊ က္ကုတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့ က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင် ဆိုပြီးနားမထောင်နိုင်ကြတာ အံ့သြစရာပဲ...”
ဤသို့ပြောသံကြားသောအခါ သူငယ်ချင်းတယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့် အတူတွဲ၍ ခေါင်းဆောင်ပါဝင်ခဲ့သော ကိုဗဆွေ(နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ)က...“ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စားချင်နဲ့တော့... မင်းတို့တွေစိတ်ကူးယဉ် သမားတွေကိုး...” ဟု မှတ်ချက်ချသည်။
ဒီအခါ ကိုဗဟိန်းက ... “ လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးပဲ မနေနိုင်ဘူး။ လူဆိုတာမင်းပြောတဲ့ စိတ်ကူး ယဉ်ပဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့ လျော်လာတာ ယဉ်ကျေးလာတာကွ”... ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကို ချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင် ရသလို ဂီတကို ဖက်ပွေ့ တတ်သည်။
ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို ဂီတ၌ အတော်အတန် ဝါရင့်သူများသာရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို အစအဆုံးပင် ဆိုနိုင်သည် မှာ အံ့သြဖွယ် ကောင်းပေသည်။ ပြည်လှဖေ၏ “ နတ်သျှင်နောင်”၊ ဒိုရာသန်းအေး၏ “ လှေကလေး” ကိုလည်း အတော်သဘောကျသည်။ (ချစ်ဒုက္ခ ဦးဘညွှန့် နှင့် ခင်မင်သော ကိုဗဟိန်းသည် “ ဆုထူးရွယ်” သီချင်းကို ဓါတ်ပြား မထွက်မီက ရနှင့်နေသည်။)
တခါတရံ မေရှင်၏ “ ကျောင်းပိတ်ရက်” သီချင်းကို ဆိုလေ့ရှိ၏။
ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲ မနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဗဟိန်းအား “ နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ” ဟုပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။
အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာ တယောက်ဖြစ်မည်။... ဟု ထင်ကြသည်။
သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မာ့က်စ်၏ ကွန်မြူနစ် စာပေ ပရိယတ္တိကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ် သူဖြစ်၏။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။
(ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို “ လေလွင့်သူ” အမည်နှင့် ဗမာလိုဆီလျော်အောင် ဘာသာပြန်၍ လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အ ချင်းချင်း ဆင်းရဲသော ဘဝအကွေ့ ၌ တွေ့ကာရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်ပေသည်။)
ဒဂုဏ်မဂ္ဂဇင်းတွင်ပါသော သူ၏ “ ဘဝခရီး” အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလားဗမာအထိကရုဏ်းကို နောက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။
ထွန်အေး စာအုပ်ဖြန့်ချိရေးဌာနမှ ထုတ်ဝေသော “ ဓနရှင်လောက” ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ ဓနရှင်လောက” သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေးကောင်းသူတယောက် ဖြစ်သည်။
အင်္ဂလိပ်ပြေးခါနီး သူထောင်မကျခင် ချားလ်စ်ဒစ်ကင်း ၏ နာမည်ကျော် “ မျှော်တလင့်လင့်” ဝတ္ထုကြီးကို “လူ့အလို” အမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာရိုက်နှိပ် ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာစာပေလောကတွင် ကျော် စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည်နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ် ဖြန်ချီရေးဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသောဝတ္ထု ဖြစ်သည်။
သူ့မှာဝတ္ထုစာရေးဆရာကြီးတယောက် ဖြစ်နိုင်သော လက္ခဏာအများကြီးရှိသည်ဟု စာရေးဆရာ အချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာ ပြည်ကို လွတ်လပ်ချင်သောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝ ကတည်းကပင် ထောင်ကျ ဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။
ကိုဗဟိန်းသည် လူအဖြစ်ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။
ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့် နေအောင်ချစ်၏။ သူရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင် သိပ်ပေးခဲ့၏။ (သားအပေါ်မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန် ဖြစ်သော်လည်း) ဖခင်ဖြစ်သူဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။
(သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “ သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ ချစ်ခဲ့ရပေမဲ့ သူကမိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး”... ဟုဖွင့်ပြောသည်။ တခါသခင်အောင်ဆန်း ပြန်သွားသောအချိန်၌ “ ကိုအောင်ဆန်းနဲ့ ဗဟိန်းဟာအတူတူဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်” ... ဟု ပြောပြန်လေသည်။
မိခင်နှင့် အမများကလည်း သူ့ကို “ ကိုဟိန်း... ကိုဟိန်း” နှင့် ပါးစပ်ဖျားက မချ။
မိဘများက သူ့ကို ဘယ်လောက်ပင် ချစ်ချစ် သူသည်နိုင်ငံရေး အတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်းရိပ်ငြိမ်သော အရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထရော်၍ မာကျောလှသော အကျဉ်းထောင် နံရံ လေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။

၁၃၀၀ ပြည့်အရေးတော်ပုံ
၁၉၃၈ - အထွေထွေသပိတ်အရေးတော်ပုံ၏ အမှတ်အသား
သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ
တို့ဗမာအစည်းအရုံးသည် နယ်ချဲ့ ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့် ခေါင်းဆောင်ကာ ပြတ်ပြတ်သား သား ဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့် လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ရုံမက၊ တော်လှန်သည့် သဘောတရား ဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့် တိုက်ပွဲများသည် နောက်ဆုံးအောင်ပွဲ မရရှိကြဘဲ ဖြစ်နေကြသည်။
ဤအရင်းခံ အကြောင်းသည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။
ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများ ခံစားနေရသည့် နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ ကုမ္ပဏီများက အကျိုးအမြတ် မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေ အလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့် မဝရေစာ စားနေရသောကာလ၊ ထိုကာလသည် အချိန်အားဖြင့်လည်း ကြာညောင်းခဲ့လေပြီ။
ဤဘဝမှလွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ခု၊ ဇန်နဝါရီလ(၈) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင် “ ရေနံမြေသပိတ်” ကြီးဖြင့် အုံကြွ ဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ များက တခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထု ပစ္စည်းအရ အဖက်ဖက်မှ အားပေးခဲ့ကြသည်။
နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ စတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့ အထိ ဆန္ဒပြ ချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေ ထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။ မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့ အလိုတော်ရိအစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူ အရေးပိုင်ကလည်း မကွေးမြို့ အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက် ၂၀ လောက်သောင်တင်နေကြ၏။ တဖက်တွင် ခြိမ်း ခြောက် တဖက်က ချော့မြှူခြင်းလည်း ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာ တက်လာခဲ့၏။ ထို့ကြောင့် တဝက်လောက်က ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များ လွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကိုတွန်းလှန်ကာ အာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးက ယူဆ၏။
ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြား ကျောင်းသားခေါင်း ဆောင် နှစ်ဦး ရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြော ကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော “ မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်း ဖြစ်သည်။ အသက်သေသော အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အ ရောက် မမှိတ်မသုန် ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် (၄) ဦးစလုံး အဖမ်းခံလိုက်ရ၏။
သို့သော် လမ်းညွှန်ချက် ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များ အတွင်းသို့ ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။
မြို့ သူမြို့ သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ် အဖမ်းခံလိုက်ရသူ အများအပြား ရှိသော်လည်း နောက်မတွန့် ကြတော့ပေ။ ရိုက်နှက်သော နံပါတ်တုတ်ကိုင် ပုလိပ်များ၊ မြို့သူမြို့သားများနှင့် အလုပ်သမားများ အရောရော အနှောနှော ဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရ ဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ ရိုက်ပြန်သည့် အဆုံး မခံမရပ်နိုင် ဖြစ်နေသော မြို့သူမြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီး ခုခံကြသောကြောင့် တပ်လန်ကုန် ကြပြန်သည်။ ထိုသို့ ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့် အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအား လှုံ့ဆော်တရားဟောပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီ ပေးရန် ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့ အပြင်သို့ အရောက်ဖောက်၍ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသည်။ ကျန်လမ်းခရီးကား ချောမောပြေပြစ်၍ သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်း ချီတက်လာကြရာ လယ်သမားနှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။ အလုပ်သမား အရေးအခင်းသက်သက်တိုက်ပွဲသဏ္ဌာန် မဟုတ်တော့ဘဲ အမျိုးသားရေး လက္ခဏာ ဆောင်နေချေပြီ။
တပြည်လုံးရှိ ကျောင်းသားများ ပိုမိုဆူပွက် လာကြသည်။ ရန်ကုန်ရှိအတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏ မြင်းစီးပုလိပ် များလက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ (၂၀၀) ဒဏ်ရာရကြ၏။
မန္တလေးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပတ်လည် အဖြစ် ၁၉၃၉ခု၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့၌ ရဟန်းရှင်လူ (၂) သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများ ပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် (၇) ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေး အပါအဝင် ပြည်သူ (၁၇) ဦး ကျဆုံးခဲ့ပြန်သည်။
အကျိုးဆက်အားဖြင့် ဒေါက်တာဗမော် အမှူးပြုသော ညွှန့်ပေါင်း အစိုးရ ပြုတ်ကျသွား၏။ ဦးပု အစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ် သမားနှင့် ပြည်သူ အသိန်းအသန်း၏ ဘဝကား ထူးခြား မလာခဲ့ပေ။ တို့ဗမာအစည်းအရုံး သည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီး သခင်ကိုယ်တော် မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်-သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။
အခြား အောင်ပွဲမခံလိုက်ရသော ကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲမရခြင်းက - နောက်ဆုံး အောင်ပွဲခံရန် မှန်ကန်သော ပါတီတရပ်၏ ခေါင်းဆောင်မှု လိုအပ်သည်ဟူသော အမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။ ရှေးမဆွကပင် နယ်ချဲ့ ထမ်းပိုးအောက်မှ ရုန်းထွက် နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ အနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကို ရှာဖွေ ကြ၏။ စူးစမ်းကြ၏။ နောက်ဆုံးတွင် တော်လှန်သော ပညာတက်လူငယ်များက တော်လှန်ရေး သဘောတရားများကို အငမ်းမရ ရှာဖွေကြရာမှ သူတို့သည် မာ့က်စ် ဝါဒ၊ လီနင်ဝါဒကို ရှာဖွေ တွေ့ရှိသွားကြခြင်း ဖြစ်သည်။
မာ့က်စ်၊ လီနင်ဝါဒ ကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဋ္ဌသခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ ခုနှစ်၊ မော်လမြိုင် ညီလာခံတွင် “ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ် ဘုံနိုင်ငံ ထူထောင်ရေးလမ်းစဉ်” ကိုပင် ချမှတ်နိုင်ခဲ့သည်။
ဤသို့ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေ လေ့လာရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ် တိုက်၊ နယ်များတွင် ရောင်နီစာဖတ်အသင်း၊ လက်ဝဲစာဖတ်အသင်း ... စသည်ဖြင့် အနှံ့အပြား ဖြစ်နေ၏။ မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ ... ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီး ဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ သည် ဗမာပြည်နိုင်ငံရေး သမိုင်းသစ်ကို ဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ်တွင် ဤလေ့လာရေး အစုများကို စုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပေသည်။ ပါတီစတင် တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေး အတွက် တာဝန်ယူပြီး ပါတီ၏ အထွေထွေ အတွင်းရေး မှူးမှာ သခင်အောင်ဆန်း ဖြစ်သည်။
သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူ တဦးလည်းဖြစ်၊ ပါတီ၏ ပထမဆုံးသော အထွေထွေ အတွင်းရေးမှူး တာဝန် ကိုယူခဲ့ ရသူလည်း ဖြစ်သည်။ ၄င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံး လက်နက်ကိုင်ခေတ်မီ အမျိုးသားတပ်မတော်ကို ထူထောင်သူ တဦးအဖြစ်လည်း အသိအမှတ် ပြုဖို့လည်း လိုပေသည်။
ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဋ္ဌ ဖြစ်စဉ်ကပင် ဗကသ ကြွေးကြော်သံ “ မျိုးညွှန့်မဂ္ဂဇင်း” အယ်ဒီတာချုပ် လုပ်၍ ကျောင်း သားများကို နိုင်ငံရေး ပညာပေး ခဲ့သူဖြစ်၏။ ယခုပါတီ၏ ကျောင်းသားစည်းရုံးရေး တာဝန်ခံ ဖြစ်လာသောအခါ တဆင့်တိုး၍ လုပ်ခဲ့၏။ ဗကသညီလာခံ တက် ရန်ရောက်ရှိလာသော အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို မာ့က်စ်ဝါဒ သင်တန်းများပေးခဲ့၏။ ပါတီခေါင်းဆောင်များ ဖြစ်ကြသော ကိုဗဟိန်းနှင့် ရဲဘော် ဂိုရှယ်တို့က “ ဓနရှင်ခရီးစဉ်သဘောတရား” နှင့် “ မာ့က်စ်ဘောဂဗေဒ” ... တို့ကိုပို့ချခဲ့၏။


ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ

ဗမာပြည်တွင် ကွန်မြူနစ်ပါတီတရပ် ထူထောင်လိုက်နိုင်ခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသော ပြည်သူများ အခွင့်အခါ ကောင်းယူ နိုင်ရန် လက်မတင် အချိန်မီရုံလေး ဖြစ်နေသည်။
ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်၏ ရှေ့ပြေးခြေလှမ်းများ အဖြစ် နာဇီ ဂျာမဏီက ဥရောပတွင် မွှေနေပြီ ဖြစ်သည်။
“ အင်္ဂလိပ်အခက်-ဗမာ့အချက်” ကာလကား ရောက်ခဲ့ချေပြီ။ သို့သော် မည်သည့်အချက် ယူရမည်နည်း ဟူသောနေရာ၌ မတူဘဲ ဖြစ်လာကြသည်။ မြန်မာပြည်ရှိ နိုင်ငံရေးသမားများကြားတွင် လမ်းစဉ်-၃-ခု ခွဲထွက်လာသည်။ ပထမလမ်းစဉ်ကို ကိုယ်စားပြုသူအစုက ဗမာပြည် လွတ်လပ်ရေးရဖို့ မည်သူနှင့် မဆို ပေါင်းမည်ဟု ပြောကြ၏။ (နောက်တော့ ဂျပန်နှင့် ပေါင်းဖြစ်သွားကြသည်။) ဒုတိယ လမ်းစဉ်သမားများက လွတ်လပ်ရေးရဖို့ မည်သူ့မှ မယုံစားရ။ ဂျပန်ရော၊အင်္ဂလိပ် ပါ စစ်မျက်နှာ နှစ်ဖက်ဖွင့်ရမည် ... ဆို၏။ တတိယအုပ်စုကမူ ဆိုဗီယက် ပြည်ထောင်စုကို ဂျာမန်ဖက်ဆစ်များ ဝင်ရောက် တိုက်ခိုက်သည့် အချိန်မှစ၍ ကမ္ဘာ စစ်ရဲ့လက္ခဏာ ပြောင်းသွားပြီး၊ အင်္ဂလိပ် နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ထားနိုင်သည် ... ဟု ယူဆကြ၏။ ထိုအစုတွင် သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီး တို့ပါဝင်၏။
ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမား ဖြစ်၏။ သူတို့က ... “ ဆိုဗီယက်ယူနီယံ လုပ်တာမှန်တယ်။ ဒါပေမဲ့ ဗမာပြည်မှာကျတော့ အင်္ဂလိပ်တို့က ကျုပ်တို့ကို မဟာမိတ်ပြုခွင့် မပေးဘူး။ လွတ်လပ်ရေးပေးရင် ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပြောတာ လက်မခံဘူး။ သခင်တွေကို သိမ်းကြုံးဖမ်းပြီး ထောင် ချထားတယ်။ ဒါကြောင့် သူတို့ကို မထောက်ခံရုံမက ပြည်တွင်းစစ် လုပ်ရမယ်။ စစ်မျက်နှာ နှစ်ဖက်ဖွင့်ကြစို့ ...” ဟူ၍ တင်ပြကြသည်။ သို့သော် စစ်မျက်နှာ နှစ် ဖက်ဖွင့်ရန် မိမိတို့တွင် လုံလောက်သော အင်အားမရှိသည်ကို သူတို့ သတိမထားကြ ... သူတို့ ပြောကြသည့် အချက်အချို့ မှာ မှန်ပါ၏။ ထိုအချိန်က သခင်တော် တော်များများသည် ထောင်ချခံနေရ၏။ ကိုဗဟိန်းဆို စစ်မဖြစ်ခင်က မကွေးထောင်၊ အင်းစိန်ထောင် တို့တွင် နေခဲ့ရ၏။ ဖက်ဆစ်ဂျပန်ပါ စစ်ထဲဝင်လာ၍ အင်္ဂလိပ် အစိုးရမင်းများ ပြေးခါနီးတွင် အဖမ်းခံရပြန်ကာ ထောင်အမျိုးမျိုးပြောင်းပြီး ဒုက္ခခံနေရသူ ဖြစ်၏။
ဂျပန်များ မြန်မာပြည် အတွင်းဝင်လာ၍ မကြာမီ ပထမလမ်းစဉ်သမားများ ကျောချမှ ဓားပြမှန်း သိကုန်ကြ၏။
ကိုဗဟိန်းတို့ ဒုတိယလမ်းစဉ် သမားများမှာမူ - လုပ်ရင်းကိုင်ရင်းမှ တတိယလမ်းစဉ် မှန်ကန်ကြောင်း လက်ခံလာကြ၏။ ဤသို့ဖြင့် ပေါင်းစည်းမိ ကြတော့၏။
ဗမာပြည်ကွန်မြုနစ်ပါတီသည် တည်ထောင်စဉ်ကတည်းက လျို့ ဝှက်မြေအောက်ပါတီ ဖြစ်၏။ လမ်းစဉ် (၃)ခု ကွဲကြသောအခါ ပါတီထဲတွင် အတွေး အခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဖရိုဖရဲ ဖြစ်ကုန်ရာ တဖက်တွင် ကွန်မြူနစ်ပါတီကို ပြန်လည်စုစည်းဖို့ လိုနေ၏။ ၁၉၄၂ ခုနှစ်တွင် ထိုလုပ်ငန်းကို သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း တို့ပင် အောင်မြင်စွာ တာဝန်ယူလုပ်ဆောင်ခဲ့၏။
ဂျပန်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲအတွက် ပြင်ဆင်မှုများ အနှံ့အပြား လုပ်ခဲ့ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ဘီဒီအေ ထဲတွင် ကွန် မြူနစ်များကို စည်းရုံးလုပ်ဆောင်ခွင့် ပေးထား၏။ သခင်စိုးနှင့် လှို့ ဝှက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့၏။ သခင်သန်းထွန်းက ဂျပန်ဝန်ကြီး ဘဝနှင့် ရန်ကုန် တွင် ဗဟိုဌာနချုပ် ပြုလုပ်၍ တပြည်လုံးဆက်သွယ် ရှေ့ဆောင်သည်။ အိန္ဒိယရှိ မဟာမိတ် စစ်ဌာနချုပ်နှင့် လှို့ ဝှက်စွာဆက်သွယ်၍ နိုင်ငံခြား ဆက်သွယ်ရေး လုပ်ငန်းများကို ချုပ်ကိုင်ဆောင်ရွက်သည်။ သခင်စိုးက မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ လိုအပ်သလိုတက်လာ၍ လုပ်ငန်းများကို စစ်ဆေးရှေ့ဆောင်သည်။
ကိုဗဟိန်းကမူ ခပ်စောစောကတည်းက အင်းယားကန်စွန်းရှိ နိုင်ငံခြားရေးဌာန “ အိမ်ဖြူ” တွင်၊ စည်းစိမ်ရှိရှိ “ နှပ်” မနေအားဘဲ၊ မြေလျှိုးသွားခဲ့ပြီ ဖြစ်သည်။ အနုအလှတွေကြား ငြိမ့်၍ မနေနိုင်တော့ပေ။
အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တက်သူ...
သန့်ရှင်းစွာ နေတက်သူ...
ဘန်ကောက်လုံချည် အပြာရောင်ကိုကြိုက်၍ ဂီတကိုချစ်သူ...
စာပေ၌ မွေ့လျော်သူ...
ယဉ်ကျေးသိမ်မွေ့သူ...
တဖက်နှင့် တဖက် အပြန်အလှန် ပုတ်ခတ်၍ပြင်းပြင်းထန်ထန် အကြိတ်အနယ် ပြောဆို စွပ်စွဲနေသော အစည်းအဝေး များ
၌ပင် ပြုံးပြုံးကလေးနားထောင်နေတတ်သူ...။
ထို“သူ”ကိုဗဟိန်းသည် ယခုတော့ တောင်ငူခရိုင်တွင် ဌာနချုပ်ဖွင့်ပြီး ပဲခူး-တောင်ငူဒေသများအတွင်း ဂျပန်ကို လက်နက်ကိုင်ပြီး တိုက်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများကို ဦးစီးလုပ်ကိုင် နေပေပြီ။
ဤသို့ဖြင့် ၁၉၄၅ ခု၊ မတ်လထဲတွင် ပဲခူးရိုးမစခန်းကြီးသည် တော်လှန်ရေးအတွက် အသင့် ဖြစ်ခဲ့လေပြီ။ ထိုစခန်းကြီးကို အုပ်ချုပ် ရှေ့ဆောင်နေသူ မှာ သခင်သန်းထွန်း ဖြစ်သည်။ သူသည် တပြည်လုံး ဂျပန်ကိုတော်လှန်ရာတွင် နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံလည်း ဖြစ်သည်။
ပဲခူးရိုးမ အောက်စခန်းကား ခြင်များပေါများလှ၏။ ညညခြင်ထောင် မရှိလျှင် အိပ်၍မရ၊ ထိုင်နေကြရ၏။ ခြင်တွေမြည်ရာ အောက်စခန်းသည် တောင်ငူ တနယ်လုံး ပြောက်ကျားတပ်များကို ဦးစီး၍ ဂျပန်ကို တိုက်ခိုက်နေသော ကိုဗဟိန်း၏ စခန်း ဖြစ်ပေသည်။ ထိုစခန်းသို့ အိန္ဒိယမှ မဟာမိတ်လေယာဉ်ကို စီးကာ လေထီးဖြင့် ဆင်း၍ရောက်လာသော ဗိုလ်မှူးချစ်ကောင်းက သူ၏ “ အနှစ်နှစ်ဆယ်” စာအုပ်တွင် ဤသို့ဖော်ပြထား၏။
“ ကိုဗဟိန်း၏ ဤအခါက အလုပ်နှင့် သူ၏ရုပ်ရည်သည် လုံးဝဟပ်၍မရ။ သူ၏အလုပ်က တိုက်ရေးခိုက်ရေး၊ ပစ်ရေးခတ်ရေး၊ သတ်ရေးဖြတ်ရေး၊ ချရေးဆော်ရေး၊ သူ့ရုပ်ရည်က ပိန်ပိန်ပါးပါး၊ ဖြူဖြူဖွေးဖွေး၊ သိမ်မွေ့နူးညံ့သောရုပ်ရည်၊ ယင်းသို့သော မင်းသားရုပ်ဖြင့် သူပုန် အလုပ်ကို ပင်ပန်းစွာ လုပ်နေသည်ကို တွေ့ရသည်...”
ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် ကိုဗဟိန်း၊ သခင်သန်းဖေတို့ဦးစီးသော “ ရဲခေါင်ပြောက်ကျားများ” သည် ဂျပန်များကို လက်သံပြောင်ပြောင်နှင့် အကြီးအကျယ် ချေမှုန်း နိုင်ခဲ့၏။ ထွန်းပြောင်သောအောင်ပွဲများကို ရရှိခဲ့ကြ၏။
၁၉၄၅ ခု၊ မတ်လ(၂၇)ရက်နေ့မှ စတင်သော ဖက်ဆစ်တော်လှန်ရေး အင်အားများကို ကြည့်လျှင် ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) သည် အင်အား ၃၀၀၀ မှ သုံး-လေးလ အတွင်း အင်အား ၂၀,၀၀၀ ကျော်ဖြစ်လာ၏။ ကွန်မြူနစ်ပါတီမှ တိုက်ရိုက်ကိုင်တိုက်သော ပြောက်ကျားတပ်အင်အားမှာ ၁၀,၀၀၀ ကျော်၏။ မောင့်ဘက်တန် အစီရင်ခံစာအရ “ ဗမာပြည်တွင် ဂျပန်ဖက်ဆစ်များ သေကြေခဲ့ရသည့် အရေအတွက် ၆၀ ရာခိုင်နှုန်းသည် “ ဗမာမျိုးချစ်ပြောက်ကျား” များ၏ လက်ချက်ကြောင့် ဖြစ်သည်...” ဟု ဖော်ပြထားသည်။
“ ဗမာမျိုးချစ်ပြောက်ကျား” များဟု ဆိုရာတွင် ကိုဗဟိန်းတို့၏ “ ရဲခေါင်ပြောက်ကျား” များသည် အဓိကဖြစ်၏။ သူကားပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်း ဆိုသောလူစားတည်း။


နေသူရိန်ခေတ်(သို့မဟုတ်)ဆန်းနှင့်သန်း ခေတ်

ဂျပန်တော်လှန်ရေးအောင်ပွဲခံပြီးနောက် သခင်သန်းထွန်းက ရန်ကုန်သို့စော၍ ပြန်ရောက်ရာ ဂျပန်ခေတ် ဝန်ကြီးလုပ်စဉ်က နေခဲ့သော အိမ်မှာပင် နေ၏။ သခင်သန်းထွန်းနှင့် အတူ ကိုဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်းနှင့် အခြားရဲဘော်များ လည်းရှိကြ၏။ မကြာမီ ဗိုလ်ချုပ်အောင်ဆန်း ပြန်ရောက်လာရာ သခင်သန်း ထွန်းနှင့် အတူလာနေ၏။ နောက်ဒေါ်ခင်ကြည် ရောက်လာမှ အိမ်ပြောင်း၍သွားခဲ့၏။
လွတ်လပ်ရေးအကြိုခေတ် (သို့မဟုတ်) နေသူရိန်ခေတ်ကို “ ဆန်းနှင့်သန်း” ခေတ်ဟူ၍ ခေါ် ကြ၏။ အနောက်နိုင်ငံ သတင်းစာကြီးများက ဗမာပြည်တွင် “ဆန်းနှင့်သန်း” ဟု ရေးကြ၏။
၁၉၄၅ ခု၊ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ဗမာစစ်တပ်(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်း၍ ဖွဲ့စည်း လိုက်သောအခါ တပ်ထဲမှ ကွန်မြူနစ်ပါတီဝင် တပ်မှူးတပ်သားအချို့ တပ်ထဲတွင် ဆက်လက်အမှု မထမ်းကြတော့ဘဲ ပါတီလုပ်ငန်းများတွင် အချိန်ပြည့် ဝင်လုပ် ကြသည်။
ထိုစဉ်က ကိုဗဟိန်းနှင့် ဗိုလ်မှူးချစ်ကောင်းတို့သည် မြေနုလမ်းမှာနေခဲ့၏။ ပထမဆုံး ‘ပြည်သူ့အာဏာဂျယ်နယ်’ ထုတ်နိုင်ရေးအတွက် သူတို့သည်ငွေရှာကြ၏။ ဆောင်းပါးများကို သူတို့ပင် ရေးကြ၏။ စာပုံနှိပ်ပြီး စာရွက်များကို သူတို့ပင်ခေါက်၏။ ထို့နောက် ဂျာနယ်များကို လက်တွင်ပိုက်ပြီး ဂေါ်နှင့်အော်ကာ တအိမ်တက်ဆင်း သူတို့ပင် လျှောက်၍ရောင်းကြလေသည်။ ကိုဗဟိန်းသည် “ပြည်သူ့အာဏာ” ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ သူတို့၏ ကြိုးပမ်းချက်များဖြင့် ၁၉၄၅ ခု၊ စက်တင်ဘာ (၂၉) ရက်နေ့တွင် ‘ပြည်သူ့အာဏာ’ စ၍ ထွက်ခဲ့၏။
'ဆန်းနှင့်သန်း' ခေတ်ကား ပျော်စရာကြီးပင်ဖြစ်၏ ။ အပြည်လုံး တက်ညီလက်ညီ လုပ်ကြကိုင်ကြသည်မှာ အားရစရာကြီးဖြစ်၏ ။ လူတိုင်းလူတိုင်း ကိုယ်ရေးကိုယ်တာတွေကို ဘေးဖယ်ထားကြပြီး လွတ်လပ်ရေး အတွက်သာ အားသွန်၍ ကြီုးပမ်းကြ၏ ။ ကိုယ်ကျိုးစွန့်ကြ၏ ။ အနာခံကြ၏။ ဒါတွေကိုပင် အရသာဖြစ်ကြ ပီတိဖြစ်ကြ၏။
ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ် အကုန်၊ အလယ်ပစ္စယံတွင် ဖဆပလ၊ ညီလာခံကြီး ပြုလုပ်သောအခါ၌ တခဲနက်သော လူထုကြီးမှာ သိန်းချီ၍ တက်လာကြပြီး အမျိုးသမီးများသည် လွတ်လပ်ရေး ရန်ပုံငွေအတွက် မိမိတို့ကိုယ်တွင် အမြတ်တနိုးဝတ်ဆင်ထားသော ရွှေ၊ ငွေ၊ ရတနာများကို ချွတ်၍ ရက်ရက်ရောရောလှူခဲ့ကြသည်။
ဤသို့ တပြည်လုံး ညီညီညွတ်ညွတ် စုစုစီးစီးနှင့် နှစ်ထောင်းအားရစရာ ကောင်းလောက်အောင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြစဉ် ကိုဗဟိန်း၏ နှလုံးရောဂါမှာ စိုးရိမ်စရာကောင်းသော အခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း စိတ်ဆောင်နေသဖြင့် အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်ဆဲပင် ရှိသေး၏။
သူသည် ကွန်မြူနစ်ပါတီ သဘာပတိဖြစ်၍ လက်ဝဲညီညွတ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်းခဲ့လေသည်။ သူ့ကို ကွန်မြူနစ်ပါတီဝင်များ ကသာမက အခြားလက်ဝဲအင်အားစုများနှင့် အမျိုးသားအင်အားစုများကပင် ချစ်ခင်လေးစားကြ၏။
ပုဂ္ဂိုလ်ရေးအရ သခင်သန်းထွန်းက သူ့ကို အတော်ခင်မင်၏။ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်အားထား၏။ သူ တပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည် ပိုင်းဖြတ်သောအခါ တပ်ထဲတွင် စိတ်မချရသူတချို့ ရှိ၍ တပ်ကိုကိုင်ရန် ကွန်မြူနစ်ပါတီမှ ကိုဗဟိန်းကို တောင်း၏။ ပါတီက ပါတီလုပ်ငန်းများအတွက် မပေးနိုင်ခဲ့ချေ။
ဂျပန်ကို တော်လှန်ကာနီးအချိန်က ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) တို့သည် တော်လှန်ရေးတပ်ဦးအမည်နှင့် တဖွဲ့တည်း ပေါင်း၍ ဖွဲ့စည်းခဲ့ကြ၏။ ထို့နောက် နှစ်ဖွဲ့ပြန်၍ ဖြစ်သွားကြပြန်ရာ ၎င်းတို့ တဖွဲ့တည်း ပြန်လည်ဖြစ်မြောက်ရေး အတွက် ကိုဗဟိန်းသည် အတတ်နိုင်ဆုံး ကြိုးစားလေသည်။ ကိုဗဟိန်း၏ မြေနုလမ်းအိမ်မှာ ကွန်မြူနစ်နှင့် ဆိုရှယ်လစ် ခေါင်းဆောင်များ စေ့စပ်ရာ ဂေဟာဖြစ်နေ၏။ အောင်မြင်မှုကား မရ ---
ဤအထဲ ကွန်မြူနစ်ပါတီတွင်း ကွဲအက်မှုက ဖြစ်လာပြန်၏။ ရဲဘော်များအနေနှင့် သူတို့ အယုံကြည်ဆုံး၊ အားအထားဆုံး၊ ချစ်မြတ်နိုးဆုံး ပါတီကွဲမည်ကို မလိုလားကြပေ။ ပါတီကွဲမှုကြောင့် နောင်အခါတွင် တိုင်းပြည်၌ ဆက်၍ ဆက်၍ ဖြစ်လာမည့် အန္တရာယ်များကိုလည်း စိုးရိမ်မိကြသည်။ ကိုဗဟိန်းကိုပင် အားကိုးကြ၏။ ကွဲရန် ဆုံးဖြတ်ပြီးသည့် အချိန်အထိ အားမလျှော့ကြ။ သခင်စိုးကြီးကို ကိုဗဟိန်း၏ အိမ်သို့ မရမက ခေါ်လာ၏။ သူတို့နှစ်ယောက် စကားပြောလိုက်သည်မှာ ညသန်းကောင် တိုင်သည်အထိဖြစ်၏။ ကိုဗဟိန်းက များများပြော၏။ နောက်ဆုံးတွင် အတော် ပြေပြေလည်လည် ဖြစ်လာကြ၏။ ခေါ်လာသူများ အားတက်ကြရ၏။ ရယ်နိုင် မောနိုင် ဖြစ်လာကြ၏။ သခင်စိုးကို ပြန်ပို့သည်အထိ အဆင်ပြေနေ၏။
သို့သော် သိကြသည့်အတိုင်းပင် ခုတမျိုး ခုတမျိုး ဖြစ်တတ်သည့် သခင်စိုးတို့က ခွဲထွက်ကြ၏။ ကိုဗဟိန်းလည်း မတတ်နိုင်တော့ပေ။ အကျိုးဆက်ကတော့ သူ့ရောဂါမှာ ပို၍ ဆိုးလာခဲ့၏။ သူ့ကို ပါတီမှလည်းကောင်း၊ သူ ဥက္ကဋ္ဌ လုပ်နေသော အလုပ်သမား သမဂ္ဂမှလည်းကောင်း၊ အနားယူခွင့် ပေးထားရတော့၏။ သူသည် အနားယူရင်းကနေ ဂိုဏ်းဂဏ ၀ါဒကို တိုက်ဖျက်သော စာတမ်းများကို ရေးသေး၏။ သူ့ရောဂါမှာ ပို ပိုဆိုးလာ၍ သူ့မိဘရပ်ထံ မန္တလေးသို့ပြန်ပြီး အနားယူ ဆေးကုနေရ၏။ မန္တလေးတွင်မူ ရောဂါ သက်သာလာသေး၏။
ထိုအချိန်က သူစိတ်လှုပ်ရှားမည်စိုး၍ သူ့ကိုဘာသတင်းစာမှ ပေးမမဖတ်၊ သို့သော် တနေ့တွင် ပစ္စည်း ထုပ်လာသော သတင်းစာစက္ကူစ ကလေးကို သူကိုင်ကြည့်မိရာက ဖဆပလ ထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ကြောင်း သတင်းကို သွားတွေ့၏။ ထိုအခါမှ စ၍ သူ၏ ရောဂါမှာ အတက်ဖက်သို့သာ သွားနေခဲ့ရာ နောက်ဆုံး ကွယ်လွန်သည်အထိ ဖြစ်တော့၏။
သူသည် နောက်ဆုံးအချိန်ထိပင် စည်းလုံးညီညွတ်ရေး အတွက် စဉ်းစား တွေးခေါ်နေပေလိမ့်မည်။ ကြိုးလည်းကြိုးစားခဲ့သည်။ လုံးလည်း လုံးပမ်းခဲ့သည်။ သူ့ ရည်မှန်းချက်အတိုင်း ဖြစ်မလာသည်ကတော့ သူ့အတွက်သော်လည်းကောင်း၊ တိုင်းပြည် အတွက်သော်လည်းကောင်း၊ ကြေကွဲရင်နင့်စရာများ ဖြစ်ဖို့ ဖန်လာသည်ဟုသာ ပြောရပါတော့မည်။
၁၉၄၆ခု၊ နိုဝင်ဘာ(၂၀) ရက်နေ့တွင် သူ ကွယ်လွန်ခဲ့ပြီ။ “သူကား တကယ့်ညီညွတ်ရေး ဗိသူကာပင် ဖြစ်လေသည် ”....ဟု ဗိုလ်မှူးချစ်ကောင်းက မှတ်ချက်ပြုခဲ့သည်။


“နိဂုံး”

သမိုင်းတွင် “နိုင်လျှင် အာဇာနည်၊ ရှုံးလျှင် သစ္စာဖေါက်” အဖြစ် မှတ်တမ်းတင်ခြင်း ခံရလေ့ရှိ၏။ ဖဆပလ တွင် ဆိုရှယ်လစ်များ အာဏာရလာချိန်မှ စ၍ ဤသဘောမျိုးတွေ့ရ၏။ တော်လှန်ရေးကောင်စီခေတ်၊ မဆလ ခေတ်တွင် ပို၍ ထင်ရှား၏။ န၀တ/နအဖ ခေတ်တွင်မူ “တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ...” ဆိုပြီး မိမိကိုယ်ကို အထွတ်အထိပ် နေရာသို့ တွန်းတင်လိုက်၏။ သို့သော် သမိုင်းတင်သည်၊ သမိုင်းရေးသည် ဆိုရာမှာ မိမိအာဏာ ရချိန်တွင် မိမိပိုင် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကို အသုံးချပြီး အာဘော်လွှင့်ထုတ်လိုက်ရုံနှင့် ပြီးသည့်ကိစ္စ မဟုတ်ချေ။ ယာယီ အချင်းအရာသာ ဖြစ်သည်ကို သူတို့ မသိ။
ခေတ်သစ် မြန်မာသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် ဖျောက်ဖျက်၍ မရသော ကိစ္စဖြစ်၏။ ထိုအခါ အုပ်စိုးသူများက ယောင်ဝါးကုန်အောင် လုပ်ကြ၏။ တခါတရံ ပြောင်းပြန်ဖြစ်အောင် လုပ်၏။ အဖြူရောင်ကို အနက်ဆိုးခြင်း၊ ဖျောက်ဖျက်ခြင်း၊ ငွေမင်သုတ်ခြင်း ...စသည့် လုပ်ဆောင်ချက်များကား အမှန်တရားကို ရင်မဆိုင်ရဲသောကြောင့် မဟုတ်ပါလော။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များကိုလည်း ရစရာမရှိအောင် ပုံဖျက်ကြ၏။ တဦးစီ ကောင်းမှုမှန်သမျှကို အသိအမှတ် ပြုဖို့ဆိုသည် ...ဝေးစွ။ အတ္ထုပ္ပတ္တိ အကြောင်းချင်းရာ တခုထဲ နာမည်ပါသွားလျှင်ပင် အလွတ်မခံ။ ငွေမင်သုတ်ခြင်း၊ ဆေးနက်ဆိုးခြင်းများ လုပ်နေကြရ၏။ ဤမျှအထိ ကြောက်လန့်တကြား ဖြစ်နေကြချေသည်။ သို့သော် ပါတီနှင့်ခေါင်းဆောင်များကို တိုက်ခိုက်ပုံဖျက်သော စာအုပ်စာတမ်းများထဲတွင်ကား ...ဤနာမည်များကို ဖေါဖေါသီသီ သုံးခွင့်ပြုထား၏။
ကိုဗဟိန်းကိုမူကား ရှိခဲ့ဖူးသည်ဆိုသောအချက်ပင် ပြည်သူတွေကို သိစေချင်ပုံမပေါ်။ အဓိကအားဖြင့် လျစ်လျူရှုသည့်နည်းနာနှင့် ဖျောက်ဖျက်ထား ၏။ မတတ်သာသည့်အခါ သောကောရောကောထဲ ထည့်လိုက်၏။
သို့သော် 'ဗဟိန်း' ဆိုသော နာမည်သည် ပြည်သူတို့ကြားတွင် အတော် 'ဟိန်း' ၏။ ပညာတတ်လူငယ်၊ ကျောင်းသားများ၊ တိုးတက်သူ လူငယ်များကြားတွင် အတုယူစရာ 'သင်္ကေတ' အဖြစ် ကျန်ရစ်၏။ သူ့ကို အားကျခြင်း၊ သူ့လို ပြည်သူတို့၏ 'မျက်ရှု' 'ရင်နှစ်သည်းခြာ' ဖြစ်လိုကြ၏။ 'ဟိန်း' ပါသော နာမည် မှည့်ခေါ် ခြင်းသည် လူငယ်များကြား ခေတ်စား၏။
သူသည် စစ်ကိုင်းကျောင်းသားများ နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်မှောက်ရာတွင် ပါဝင်ရန် မန္တလေးမှ ဆင်း၍ စည်းရုံးသဖြင့် ကျောင်းအုပ်ကြီး အီးစီဒေါင်းက ဘွိုင်းကောက်ကျောင်းသားများအား အရိုက်ခိုင်းခဲ့၏။ နောင် မြူမင်းကြီး ဖြစ်လာမည့် ဗိုလ်မှူးကြီးထွန်းစိန် အပါအ၀င် စကောက်ကျောင်းသားများက စကောက်တုတ်များနှင့် ၀ိုင်းရိုက်ကြရာ မေ့မျောသွားခဲ့ဖူး၏။
ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်သူတဦး ဖြစ်သကဲ့သို့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် တဦးအဖြစ် တော်လှန်ရေးတာဝန်များကို ထက်မြက်ထူးချွန်စွာ ထမ်းဆောင်သွားခဲ့၏။
ပင်ကိုယ် သဘာဝအရ အနုအလှကို သဘောကျပြီး မေတ္တာဓါတ် ကြီးမားသူ၊ ကလေးငယ်များကို ချစ်တတ်သူ၊ ထို 'သူ' ကို မျိုးချစ် ပြည်ချစ်စိတ်က တော်လှန်ရေးသမား ဖြစ်စေ၏။ တိုင်းပြည်လူဦးရေ၏ အများစုကြီးဖြစ်သော ဆင်းရဲသားပြည်သူတို့ကို ချစ်တတ်သောသူမို့ ကွန်မြူနစ်ဖြစ်စေ၏။ သေနတ်ကိုင်စေခဲ့၏။ သမိုင်းတွင် ခေတ်စနစ်တို့က ဤသို့သော လူများကို လမ်းကြောင်း ပြောင်းပေးကြသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။
လရောင်ရွှမ်းမြ၍ လှချင်တိုင်းလှနေသော လားရှိုးမြို့ ၏ ညတညတွင် တောတောင် သဘာဝရှုခင်းတွေကို ကြည့်ရင်း သူသည် အဖေါ်တယောက်နှင့် လမ်းလျှောက်နေ၏။ ပုံမှန်အတိုင်းဆိုလျှင် သူသည် စာပေအကြောင်း၊ ဂီတအကြောင်း ဒါမှမဟုတ် ကျန်ရစ်ခဲ့သော သူ့ချစ်သူ (ဒေါ် )ခင်ကြီး အကြောင်း ကရားရေလွှတ် တတွတ်တွတ် ပြောပြပေလိမ့်မည်။ ခုတော့ သူက “ ဒီလို ငွေလရောင်မြူးခိုက်မှာ ...စိတ်ဟာ ကြည်လင်ရွှင်လန်းလာပြီး xxxx လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင် ...” ဟူ၍ ပြောခဲ့လေသည်။
အမှန်ပင် ထိုအချိန်က သူသွားမည့် ခရီးမှာ ဒုတိယ ကမ္ဘာစစ် ဥရောပတွင် စတင်နေချိန် ...ညီနောင်ပါတီနှင့် အဆက်အသွယ်ယူရန် ထွက်လာသည့် ခရီး .....။
ဤအချိန်တွင် သူသည် တော်လှန်ရေးဘာသာရပ်ကို ကောက်ကိုင်လိုက်သည်မှာ သဘာဝကျသည်။ တကယ်က သူသည် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် ဖြစ်ရုံသာမက နိုင်ငံတကာ့ဝါဒီ တဦးလည်း ဖြစ်ပေသည်။
တော်လှန်ရေးဆိုသည်မှာ အသက်သွေးချွေးမျက်ရည်တို့ ရင်းနှီးရသော လုပ်ငန်းဖြစ်၏။ ဤစကား မှန်ကန်ကြောင်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှသည် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နောက်မဆလ ခေတ်၊ န၀တ (ယ္ခု နအဖ) ခေတ်ထိ မှန်နေကြောင်း ပြည်သူများ သဘောပေါက်ကြသည်။ အမျိုးသား ဂုဏ်သိက္ခာ အတွက်သော်လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အတွက်သော်လည်းကောင်း ... နေ့တကြာင့်ကြကြ၊ ညတကြောင့်ကြကြ ဖြစ်နေရသော ယနေ့ပြည်သူများ က ပိုသဘောပေါက်ကြ ပေလိမ့်မည်။ တခါသေဖူး၍ ပျဉ်ဖိုးနားလည်ကြပြီ ... အရေးအခင်း အဆက်ဆက် အထူးသဖြင့် ၈-၄လုံး အရေးအခင်းတွင် မိမိ၏ မိသားစုများ၊ ဆွေမျိုးရင်းခြာများ၊ မိတ်ဆွေများ၊ အပေါင်းအသင်း ရောင်ရင်းများ၊ အသိအကျွမ်းများ .... အသက်ပေးသွားခဲ့ကြပြီ။ အချို့ ထောင်တန်း ကျခံနေရသည်။ အချို့ တောထဲ၊ တောင်ထဲ၊ တချို့ နယ်စပ်၊ တချို့ နိုင်ငံရပ်ခြားသို့ လွင့်စင်ကုန်ကြပြီ။
ပြည်သူများဘက်မှ ဆုံးရှုံးမှုများ ရှိသကဲ့သို့ ရရှိလိုက်သောအောင်ပွဲ၏ အသီးအပွင့်များလည်း မနည်းလှပေ။ မဆလ အစိုးရ ပြုတ်သွားပြီး နိုင်ငံရေး ပါတီများ ထူထောင်ခွင့် ပေးလိုက်ရခြင်း၊ ပြည်သူများ တောင်းဆိုခဲ့ကြသော ရွေးကောက်ပွဲ လုပ်ပေးခဲ့ရခြင်း၊ စစ်တပ်ပါတီ ရှုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးအကျယ် အနိုင်ရခြင်း ...စသည်တို့ကား ချေဖျက်၍ မရနိုင်သော အောင်သီးအောင်နှံများပင် ....။
ယနေ့ ပြည်သူတို့၏ ရင်ထဲမျက်စိထဲတွင် ပြန်စဉ်းစားတိုင်း ကြည့်မျှော်လေတိုင်း ...အလောင်းများ၊ သွေးများ၊ ဖြူဖတ်ဖြူရော်မျက်နှာများ၊ မီးခိုးများ၊ ယမ်းခိုးများ၊ ၀န်ထုပ်ဝန်ပိုးများ၊ ထောင်နံရံများ၊ အကျဉ်းစခန်းများ၊ ကြာပွတ်များ၊ စီးကရက် မီးရဲရဲများ၊ အက်ဆစ်ငရဲမီးများ၊ကျင်စက်များ၊ လက်သီးများ၊ စစ်ဖိနပ်များ၊ စစ်ယူနီဖေါင်းများ၊ စစ်ကားများ၊ သေနတ်ပြောင်းဝများ၊ လှံစွပ်များသာ ...မြင်ကြရ၊ ခံစားနေကြရသည်။
န၀တ (နအဖ) စစ်ဗိုလ် စစ်သားအချို့ ၊ဂုဏ်ယူလက်မထောင်၊ လက်ညှိုးထိုးပြနေသော ပြည်သူ့ရင်ပြင်၊ ဂုံးကျော်တံတား၊ ကားလမ်း၊ ရထားလမ်း၊ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားတို့ကိုလည်း နရသူ ၏ မှိုင်းညို့ ညို့ ဓမ္မရံကြီး ဘုရားပမာ မြင်နေကြရသည်။ ဤပစ္စည်း၊ အဆောက်အအုံတို့ပေါ်တွင် ပြည်သူတို့၏ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဖုံးလွှမ်းစွတ်စိုခဲ့သည် မဟုတ်ပါလား။ မသမာမှုတွေ၊ လာဘ်စားမှုတွေ၊ နှင့် ပြည့်နှက်နေသည် မဟုတ်ပါလား ...။
ပြည်သူ့သားကောင်းများကား .... ပြည်သူကို အလုပ်အကျွေးပြုရင်း ကွယ်လွန်ကြ-ကျဆုံးခဲ့ကြချေပြီ။ သို့သော် စစ်အာဏာကို အချောင်ရထားသူများ၊ ရလိုက်သူများကတော့ -ခေတ်အဆက်ဆက်တွင် ကားတ၀ီဝီစီး၊ ဟယ်လီကော့ပတာ တငြိမ့်ငြိမ့်ဝဲကာ စည်းစိမ်တက်၊ ဇိမ်ယစ်နေခဲ့ကြသည်။ ယနေ့ စစ်(၃)စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား) သည် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားကြလေပြီ။ နယ်ချဲ့ သမားများ၊ လက်ဝေခံဖယ်ပေးလိုက်ရသော ပြည်သူ့ဂုတ်ပေါ် ခွစီးကာ လက်ညှိုးတညွှန်ညွန် လုပ်နေကြသည်။
မြန်မာပြည်သူများကား တော်လှန်ပုံကန်ရဲသူများ ဖြစ်ကြ၏။ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တိုက်ပွဲအလီလီ၏ အောင်ပွဲများက ဤအချက်ကို သက်သေထူခဲ့ပြီ ဖြစ်သည်။ နယ်ချဲ့ ဗြိတိလျှခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်မှသည် မဆလ ခေတ်အထိ၊ ဖေါက်ပြန်ရေး အုပ်စိုးသူ အဆက်ဆက် ရာဇပလ္လင် ဖင်မမြဲအောင် ကိုင်လှုပ်ခဲ့ကြ၏။ သမိုင်းအမြင်နှင့် ကြည့်လျှင် ပြည်သူနှင့် ကင်းကွာ၍ မည်သည့် အစိုးရများ ရေရှည်မြဲခဲ့ဖူးပါသနည်း။
စစ်သား စစ်ဗိုလ် အချို့ အ၀က်နှင့် သူတို့၏ လက်ဝေခံ တချို့ မှလွဲ၍ ထောက်ခံမှု မရှိသော န၀တ(နအဖ) ကော မည်မျှကြာကြာ ရာဇပလ္လင်ကို တွယ်ကပ်နေနိုင် ပါမည်နည်း။
ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်များတွင် ပြည်သူများထဲမှ 'သခင် ဗဟိန်း' ကဲ့သို့သော 'သူ' များ မွေးထုတ်ပေးခဲ့၏။ 'ဗဟိန်း' သည် တိုက်ပွဲများကြားတွင် လူလားမြောက်ခဲ့၏။ အလားတူ ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်များတွင်လည်း 'ဗဟိန်း' အများအပြား မွေးထုတ်ပေးခဲ့၏။ တော်လှန်ရေးသမားများ ဖြစ်လာကြ၏။ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ်တွင်လည်း အလားတူ 'ဗဟိန်းကလေး' များ မွေးထုတ်ပေးနေ၏။
တော်လှန်ရေး မျိုးဆက်ဟူသည် ကုန်ဆုံးသွားသည် မရှိ။
( ၂ ၊ ၃ ၊ ၁၉၉၄ )
မှတ်ချက် ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ
ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။




အပြည့်အစုံသို့...

Friday, 8 February 2008

ဓားလိုတယ်

ဒီကျွန်းပေါ်မှာ ဆက်နေရင်
ငတ်သေမှာပဲ
ငတ်မသေ ဖျားသေမှာပဲ
မြွေ ကုဋ္ဋေ ကုဋ္ဋာ
ယိမ်းထိုးခေါင်းခါ ပါးပျဉ်းတလှုပ်လှုပ်
ကျားခုန်အုပ် ရေလှိုင်း
ငါးမန်း ၀ိုင်းနေတဲ့
လေရိုင်းထပင်လယ်
ဖြတ်ရမယ် ကိုနန္ဒာ
ကျုပ်တို့ လိုတာတော့
ဓားပါ ခင်ဗျာ့ ဓား
ဓားတချောင်းပဲဗျို့
ဖောင်ကောင်းကောင်းဖွဲ့ဖို့တဲ့
သံချောင်းရဲ့တောင်းဆိုသံ ။
(ဓားတောင်နဲ့မီးပင်လယ်ဖြတ်သူ ဆရာမြသန်းတင့် သို့)

အံ့မောင်
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီလ ယနေ့မန္တလေးစာအုပ်တိုက်)

အပြည့်အစုံသို့...

နောက်ဆုံးပင်လယ်

ပန်းတိုင်ကိုသွားရတယ်ဆိုတာ
လရောင်အောက်မှာ လမ်းလျှောက်တာမဟုတ်ဘူး
(ဓားတောင် ၀တ္ထုမှ)
ကျွန်းရဲ့ထိပ်များမှာ တလူလူအင်္ကျီဟောင်းတထည်
အော်သံကွဲကွဲ ပင်လယ်တဖျပ်ဖျပ် မီးစုန်းတောက်စား
ဒါပဲ အသားကုန်ထိုင်ငေးကြည့်နေရတဲ့ ဖြစ်စဉ်မှာ
ကျောက်ဆောင်များ ကြိမ်ဆူးများ
ငါးကင်လိပ်ဥနဲ့ အုန်းရည်ချိုချိုညစာများ
အလို ဘုတ်မြည်သံဖွဲ့နွဲ့မှုနဲ့ ဒီတက်ပြီလား
တနေ့ ကျောက်တုံးတတုံးကျ နေ့စွဲတွေ ရိုက်နှင်ရတာ
မုန်တိုင်းနဲ့ ငါးမန်းစွယ်ရောင်ဖွေးဖွေးပေါ့
ဝါးရုံပြာဆားနဲ့ ဘ၀ကို ယပ်ခတ်ရင်း
ပင်လယ်ကိုကျော်ဖြတ်ဖို့ ကောင်းကင်အပြာနဲ့ လွဲချော်ရ
သင်္ဘောမလာမီ ထွက်ခွာသွားသူကြီး။ ။
(၁၈-၂-၉၈ မှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာမြသန်းတင့် သို့ ...)

မောင်ဆေးရိုး
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီ၊ ယနေ့မန္တလေးစာအုပ်တိုက်)

အပြည့်အစုံသို့...

ဆရာမြသန်းတင့်(၁၉၂၉ - ၁၉၉၈)ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် အမှတ်တရ


စာရေးဆရာအလုပ်ဟာ ဂုဏ်အရှိဆုံးအလုပ် တခုလို့ ငယ်ငယ်ကတည်းကထင်ခဲ့တာ။ ဂုဏ်ဆိုတာ ပကာသနကို ပြောတာမဟုတ်ဘူး။ ရိုးသားမှန်ကန်တဲ့ ဂုဏ်သိက္ခာကိုပြောတာ။ စာရေးဆရာဆိုတဲ့ဘ၀ကို ဘာနဲ့မှမလဲနိုင်ဘူး။ ခုလည်းမလဲနိုင်ဘူး။ နောင်လည်း မလဲနိုင်ဘူး။ စာရေးခြင်းအလုပ်ကို ယုံကြည်မှု တခု၊ ယုံကြည်းခြင်းတရားတခု အနေနဲ့ ကျနော်ယုံတာ။ သဘောထားတာ။ ဒါ့ကြောင့် ငါကြီးရင် စာရေးဆရာလုပ်မယ်လို့ပဲ ဆုံးဖြတ်ခဲ့တယ်။ စာရေးဆရာအလုပ်ကလွဲလို့ ဘယ်အလုပ်ကိုမှ မလုပ်ခဲ့ဖူးသေးဘူး။
စာရေးခြင်းအလုပ်ဆိုတာ ခဏတဖြုတ်လမ်းကြုံလို့ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ အပျင်းပြေ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ အားအားယားယားရှိလို့ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ တကယ့်ကို စွဲစွဲ မြဲမြဲ လုပ်ရမယ့် အလုပ်။ အချိမ်မရွေး လုပ်နေရမယ့် အလုပ်။ တသက်လုံးလုပ်နေရမယ့် အလုပ်လို့ မြင်တယ်။
မြသန်းတင့်
(ပေဖူးလွှာ မဂ္ဂဇင်း အင်တာဗျူးမှ)

ဆရာမြသန်းတင့် ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိအကျဉ်း
၁၉၂၉။ ဦးပေါတင့်၊ ဒေါ်လှိုင်တို့မှ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉၊ မေ၊ ၂၃ ကြာသပတေးနေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံး ဖြစ်သည်။
၁၉၄၁။ ပဉ္စမတန်းတွင် ပညာသင်သည်။
၁၉၄၂။ ဂျပန်ခေတ်တွင် ကျောင်းပြန်တက်သည်။
၁၉၄၃။ အာရှလူငယ်များအစည်းအရုံး၌ တက်တက်ကြွကြွ ပါဝင်သည်။
၁၉၄၄။ ဂျပန်တော်လှန်ရေး မြေအောက်ကလပ်စည်းများ နှင့်ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင်သည်။
၁၉၄၅။ ဂျပန်တော်လှန်ရေးကာလတွင် စစ်ကိုင်းရှိ ဗိုလ်သိန်းဦး(တော်လှန်ရေးတွင် ကျဆုံး)၊သခင်မော်တင်(ပြည်တွင်းစစ်တွင် ကျဆုံး)နှင့် မြိုင်မြို့ ဘုန်းတော်ကြီးဦးစရိယ(မြိုင်ဖဆပလ အမတ်ဟောင်းဦးသက်ရှည်) တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားသည်။
၁၉၄၅-၄၇။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြင်းခြံခရိုင်တွင် တာဝန်ကျသည်။မန္တလေးခရိုင် အထက်ဗမာပြည် ဖဆပလအဖွဲ့ချုပ်၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်သည်။မြင်းခြံခရိုင် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်၍ ခရိုင်ကော်မတီဝင်အဖြစ် ဆောင်ရွက်သည်။ ကျောက်ပန်းတောင်းတွင် အက်တူး-သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး)နှင့်အတူ ’ လယ်သမားများသီးစားခမပေးရေး တိုက်ပွဲ၊ လက်ငုတ် လယ် ပြန်ထွန်ရေး တိုက်ပွဲ၊ မြေရှင်ကြီးများ၏ လယ်များကို အတင်းဝင်ထွန်ရေး’ တိုက်ပွဲ များကိုဦးဆောင်သည်။ သီးစားခ မပေးရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ သိမ်းယူထားသော လယ်သမားများ၏ ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) ပြစ်ဒဏ်ကျခြင်းခံရသည်။မြင်းခြံခရိုင်တွင် အခြားသော ခေါင်းဆောင်များ နှင့်အတူ သူ့ခေါင်းကိုဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိ နှင့် မြေရှင်များက တိတ်တဆိတ်ဆုငွေထုတ်သည်။ အထွေထွေ သပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အထွေထွေ အလုပ်သမားထုကြီး ပါဝင်ရေးအတွက်တာဝန်ယူသည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ် အမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင်ကိုယ်စား လှယ်’ အဖြစ်တက်ရောက်သည်။
၁၉၄၇။ မကျန်းမာသဖြင့် တာဝန်မှ အနားယူကာ တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုသည်။ ပခုက္ကူခရိုင် ကျောင်းသားများဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်သည်။
၁၉၄၈။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။
၁၉၄၉။ ပထမဦးဆုံးရေးသည့် ‘ဒုက္ခသည်’ ဝတ္ထုတိုကို တာရာမဂ္ဂဇင်း (တွဲ-၃၊ မှတ်-၂၁၊ ၁၉၄၉) တွင်ပုံနှိပ်ဖော်ပြသည်။
၁၉၅၀။ ‘စာပေသည်ပြည်သူ့အတွက်’ ဟူသော ကြွေးကြော်ဖြင့် ‘စာပေသစ်မဂ္ဂဇင်း’ ကို ကိုသန်းတင်၊ ဒဂုံတာရာ၊ မောင်ကြည်လင်း၊ အောင်လင်းတို့နှင့် အတူဦးဆောင်ထုတ်ဝေသည်။
၁၉၅၁။ ပထမဦးဆုံး ဘာသာပြန်လက်ရာအဖြစ် ဂေါ်ကီ၏ ‘မာလ်ဗာနှင့် အခြားဝတ္ထုများ’ ကို ရေးသားထုတ်ဝေသည်။
၁၉၅၂။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင် အဖြစ်ဆောင်ရွက်သည်။ စာရေးဆရာအသင်းမှ ထုတ်ဝေသော ‘စာပေမဂ္ဂဇင်း’ တွင် တာဝန်ခံအယ်ဒီတာအဖြစ် လည်းကောင်း၊ ‘ပြည်တော်သစ်ဂျာနယ်’ တွင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ ‘တိုးတက်ရေးသတင်းစာ’ တွင် နိုင်ငံခြားရေး အယ်ဒီတာအဖြစ် လည်းကောင်း၊ ဒုတိယမြောက် ဘာသာ ပြန်အဖြစ် ဂေါ်ကီ၏ အတ္ထုပ္ပတ္တိ ‘မက္ကဇင်ဂေါ်ကီ’ ကို ဗန်းမော်စာအုပ်တိုက်မှ ထုတ်ဝေသည်။
၁၉၅၃။ ပထမဆုံး ပင်ကိုယ်ရေး လုံးချင်းဝတ္ထု ‘မေတ္တာအသေင်္ချေ’ ကို ရေးသည်။
၁၉၅၄။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။
၁၉၅၅။ သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူး တစ်ဦးအဖြစ်ဆောင်ရွက်သည်။
၁၉၅၆။ ဥပဒေဘွဲ့ရရှိသည်။
၁၉၅၇။ ‘ပြည်သူ့တိုးတက်ရေးပါတီ’ ပေါ်လစ်ဗျူရိုတွင်ပါဝင်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဌာနချုပ်လုပ်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဗျူရိုကရက် အဖွဲ့ ဝင်လူကြီးဖြစ်ခဲ့သည်။
၁၉၅၈။ ပဒေသရာဇ် ဆန့်ကျင်ရေးဝတ္ထု ‘လိုက်ခဲ့တော့မြနန္ဒာ’ ကို မြဝတီမဂ္ဂဇင်း(အယ်ဒီတာ ချုပ် ဇဝနလက်ထက်) တွင်ရေးသားသည်။ အထိန်းသိမ်းခံဘဝဖြင့် ကိုကိုးကျွန်းသို့ရောက် သည်။
၁၉၆၀။ အထိန်းသိမ်းခံ ဘဝမှ လွတ်မြောက်ခဲ့သည်။ စာရေးဆရာကလပ် တွင် အမှုဆောင်ဖြစ်သည်။ အမှောင်ရိပ်ဝယ် ဝတ္ထုကိုရေး သည်။ ဗိုလ်တထောင် သတင်းစာတွင် နေ့စဉ်အခန်းဆက်အဖြစ် ‘နွံထဲကကြာ’ (နှစ်နှစ်နီးပါး)ကို သိန်းဖေမြင့်နှင့် ပူးတွဲရေးသည်။
နွံထဲကကြာ ဝတ္ထုစာအုပ်မှ အစပြု၍ မူလကလောင်နာမည် မြသန်း မှ မြသန်းတင့် သို့ ပြောင်းခဲ့သည်။
၁၉၆၁။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပသော‘ ငြိမ်းချမ်းရေးကောင်စီ’ အစည်းအဝေးသို့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ် အဖြစ်တက်ရောက်သည်။
ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေး ကော်မတီများ၏ ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခ ဦးအောင်လှတို့နှင့် အတူ သွားရောက်သည်။
၁၉၆၃။ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဝင် နှင့် ပြည်သူ့ကော်မတီတစ်ဦး အဖြစ် တာဝန် ယူခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးပွဲ ပျက်သောအခါ အထိန်းသိမ်းခံခဲ့ရပြီး ဒုတိယအကြိမ်မြောက် ကိုကိုးကျွန်း ရောက်ခဲ့သည်။
၁၉၇၂။ အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ခဲ့သည်။ တော်စတွိုင်း၏ ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဝတ္ထုဘာသာပြန်(၁၉၇၂) ခုနှစ်အတွက် ’ အမျိုးသားစာပေဘာသာပြန်ဆု’ ရခဲ့သည်။
၁၉၇၈။ အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်၏ ‘ လေရူးသုန်သုန်’ ဝတ္ထုဘာသာ ပြန်ဖြင့် ’ အမျိုးသားစာပေ ဘာသာပြန်ဆု’ ကိုရခဲ့ သည်။
၁၉၈၈။ တရုတ်စာရေးဆရာကြီး ဆောင်ဇူချင်းနှင့် ကောက်ငိုတို့၏ ‘ခန်းဆောင်နီအိပ်မက်’ ဝတ္ထုဖြင့် ’ အမျိုးသားစာပေ ဘာသာပြန် (ရသ)ဆု’ ကို ရရှိခဲ့သည်။
၁၉၉၂။ ပြင်သစ်စာရေးဆရာ ဒိုမိနိလာပီယဲ၏ ‘သုခမြို့တော်’ ဝတ္ထုဘာသာပြန်(ရသ) ဖြင့် ’အမျိုးသားစာပေ ဘာသာပြန်ဆု’ ကိုရသည်။
၁၉၉၅။ စာရေးဆရာ ဒိုမိနိလာပီယဲ၏ ‘အချစ်မိုးကောင်းကင်’ ဝတ္ထုဘာသာပြန်ဖြင့် ‘အမျိုးသားစာပေ ဘာသာပြန်ဆု(ရသ)ဆု ’ ကို ရခဲ့ သည်။
၁၉၉၈။ ဖေဖော်ဝါရီ ၁၈ရက်၊ ည ၉၊၁၅ တွင် ကွယ်လွန်သည်။

အပြည့်အစုံသို့...

Thursday, 7 February 2008

စစ်တပ်နှင့်နိုင်ငံရေး(နောက်ဆက်တွဲ ဖြည့်စွက်ချက်နှင့်ပတ်သက်၍)

ဒီဗွီဘီမှာပဲ ရဲဘော်ဖိုးသံချောင်းက စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ ပတ်သက်ပြီး အခန်းဆက်တင်ပြမှုတခု ထပ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အကြောင်းအချို့ကြောင့် အပြည့်အစုံအသံလွှင့်ခွင့်မရဘဲ တပိုင်းတစနဲ့ ရပ်တန့်ခဲ့ရပါတယ်။
အပြည့်အစုံကို ဒီစာအုပ်ထဲမှာပဲ နောက်ဆက်တွဲအဖြစ် ဖြည့်စွက်ပုံနှိပ်လိုက်ပါတယ်။ ။
Study Desk Publication

သန်းရွှေစစ်အုပ်စုကို ဘယ်သူတွေက ဖြုတ်ချမလဲ၊ ဘယ်ပုံစံနဲ့ဖြုတ်ချမလဲ

ဒီကိစ္စကို စဉ်းစားခဲ့တာကြပါပြီ။ ဒီမိုကရေစီအင်အားစုတိုင်း စဉ်းစားကြတာပါ။ ကျနော်တို့လဲ စဉ်းစားပါတယ်။ ဒါပေမယ့် ကျနော်တို့က ထိန်းထိန်းချုပ် ချုပ်ပဲ ပြောပါတယ်။
အကျယ်မပြောလို့ တခါတရံ မရှင်းမလင်းဖြစ်တာ ရှိနိုင်ပါတယ်။ တခါတရံတော့လဲ မဖြစ်နိုင်တာကို လွန်လွန်ကျွံကျွံလျှောက်ပြောနေတာပဲလို့ အထင် ခံရတာလဲ ရှိပါတယ်။
ဒီတခါတော့ ကြိုးစားပြီးရှင်းအောင်ပြောပါမယ်။ အကျယ်တ၀င့်လဲ ပြောပါမယ်။ အကြောင်းကတော့ ပြောဖို့လိုပြီ ထင်လို့ပါ။
DVB မှာကျနော်အရင်က ပြောခဲ့တာတွေဟာ အတိတ်ကိစ္စတွေပဲပြောတာ များခဲ့ပါတယ်။ အခု အတိတ်ကိစ္စပြောမှာ မဟုတ်ပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ် ကိစ္စပြောပါမယ်။ အားလုံးသို့ တင်ပြတဲ့သဘောပါ။ အဆိုပြုချက်လို့ သဘောထားစေချင်ပါတယ်။

သန်းရွှေစစ်အုပ်စု ဘာကြောင့်ခေါင်းမာနေသလဲ
ဗိုလ်နေ၀င်းချန်ခဲ့တဲ့ အမွေပုံမှာထိုင်ပြီး မိုက်နေတာပါ။ ဗိုလ်နေ၀င်းချန်ခဲ့တဲ့ အမွေဆိုတာ အာဏာအမွေပါ။ ဒီအာဏာဟာ ဗိုလ်သန်းရွှေ သူ့အစွမ်းနဲ့သူ လုယူနိုင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သူကကာလတခု ထိန်းထားနိုင်တာတော့အမှန်ပါ။ သူ့အရင်က ဗိုလ်စောမောင်ပြုတ်သွားတာဟာ အာဏာအမွေကိုကောင်း ကောင်းမထိန်းနိုင်လို့ပါ။ နေ၀င်းက အမွေထိန်းကောင်းတဲ့ သန်းရွှေနဲ့လူစားထိုးလိုက်တာပါ။ အဲဒီအချိန်အထိ ဗိုလ်နေ၀င်းကဗိုလ်သန်းရွှေကို စိတ်ချပါတယ်။ ဒါပေမဲ့ နောက်တော့ စိတ်မချတော့ပါဘူး။ စိတ်မချတာက အမွေထိန်းတဲ့ကိစ္စမှာ မဟုတ်ပါဘူး။ ဗိုလ်နေ၀င်းက သူရွှေးပေးတဲ့သူကို ဗိုလ်သန်းရွှေက လက်ခံစေချင်ပါတယ်။ ဗိုလ်သန်းရွှေကလဲ သူပဲစိတ်ကြိုက်ရွေးချင်တယ်။ အဲဒီကနေ ပဋိပက္ခပေါက်ကွဲတော့တာပဲ။ သန်းရွှေ - ဗိုလ်မောင်အေးပဋိပက္ခက ကြိတ်ဝိုင်းဖြစ်ဆဲပါ။ နောက်ပြီး တပ်မတော်ထဲက ဒီအနေအထားတွေကို အားမရမကျေနပ်တဲ့ ရိုးသားတဲ့တပ်မှူး တပ်သားတွေ၊ အရင်က မဆလ - န၀တ - နအဖ ခေါင်းဆောင်ဖြစ်ဖူးသူတွေ စတဲ့ လူတွေဟာလဲ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေကြတယ်လို့ ကျနော်တို့နားလည်မိပါတယ်။ ဒါကြောင့် ကျနော်တို့လုတ်တတ်ရင်၊ ဒီပဋိပက္ခကို အသုံးချ တတ်ရင် ဗိုလ်သန်းရွှေနဲ့ နအဖ စစ်အုပ်စုကို ဖြုတ်ချနိုင်မှာပဲ။
ဒီနေရာမှာ ရှင်းအောင်ပြောဖို့လိုတာတခုကလဲ ပြောသင့်လို့ပြောချင်ပါတယ်။ အဲဒါက အခြေအနေတွေကို ထိုင်စောင့်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာအမွေဆိုတာက မက်စရာကြီးပါ။ အာဏာအမွေပုံပေါ် ထိုင်မိရင်ထိုင်မိသူက ပိုသာမိုက်ပြပါလိမ့်မယ်။ နောင်တရတယ်ရယ်လို့ မရှိသလောက် ပါပဲ။
စပ်မိလို့အတိတ်အကြောင်း ပြန်မပြောဘူးဆိုပေမယ့် တချက်တော့ပြောရပါဦးမယ်။ ၁၉၆၂ တုန်းက ‘နေ၀င်း - အောင်ကြီးစစ်အုပ်စု’ လို့တခါမှ ကျနော် တို့မသုံးဘူး။ အကြောင်းက ဗိုလ်အောင်ကြီးက ယာယီပဲဆိုတာသိလို့ပါ။ ‘နေ၀င်း - စန်းယုစစ်အုပ်စု’ လို့သုံးမိခဲ့ပါတယ်။ နောက်ကျတော့ ဗိုလ်စန်းယု နံပါတ်ဝမ်း ဖြစ်မှာမဟုတ်ဘူးလို့ တွက်မိလို့ ‘နေ၀င်းစစ်အုပ်စု’ လို့ပဲ တလျှောက်လုံး သုံးခဲ့ပါတယ်။
‘ဒီပဲယင်း’ မတိုင်မီက ‘သန်း - အေး - ညွန့် တြိဂံစစ်အုပ်စု’ လို့သုံးခဲ့သေးတယ်။ ‘ဒီပဲယင်း’ ပြီးတော့ မသုံးပါဘူး။ ဗိုလ်ခင်ညွန့်နံပါတ်ဝမ်း မဖြစ်နိုင်ဘူးလို့ ပဲ ကျနော်တို့ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ထောက်လှမ်းရေးထိပ်သီးက နိုင်ငံ့အကြီးအကဲ ဖြစ်လေ့မရှိဘူးလို့ ကျနော်တို့က ထောက်ပြခဲ့ပါတယ်။
သန်းရွှေ - မောင်အေး နံပါတ်ဝမ်းဗိုလ်လုပွဲ မပြတ်သေးပါဘူ။ စောင့်ကြည့်ရမှာပါ။ နံပါတ်ဝမ်း စစ်စစ်ကို ကြည့်ချင်ရင် နေ၀င်းကို ကြည့်ပါ။ သူ့ခေတ်က
နအဖခေတ်မှာလို ကောလာဟလတွေ မရှိပါဘူး။ အခုတော့ ကောလာဟလတွေ များလိုက်တာ။ နားမဆံ့အောင်ပါပဲ။ ' ငြိမ်းအဖွဲ့ ' တွေလည်းရတယ်။ ကမ္ဘာအနှံ့ အတိုက်အခံတွေလည်း ရတယ်။ နိုင်ငံခြားသားတွေလည်း ရတယ်။ (သန်းရွှေ အဆက်အသွယ်တွေက လွှင့်တဲ့ ကောလာဟလ၊ ဗိုလ်မောင်အေးဘက်က လွှင့်တဲ့ ကောလာဟလ၊ ဗိုလ်ခင်ညွန့်ကတော့ တဆင့်တက်ပြီး ဗကပနဲ့တောင်မှ ' ငြိမ်းအဖွဲ့ ' ဇာတ်လမ်းတခု က,ချင်သလိုလို လုပ်လာခဲ့တယ်။
အခုတော့အဲဒီ ဗိုလ်ခင်ညွန့်ရဲ့ ' ငြိမ်းချမ်းရေး အကျိုးဆောင်' တွေလည်း ထောင်ထဲရောက်နေပြီ ထင်ပါတယ်။ သူတို့က ဗကပ ဗိုလ်ကျင်မောင်နဲ့ ဆွေး နွေးချင်ပါတယ်လို့ လာဆက်ပါတယ်။ သူတို့ကိုယ်သူတို့ ထလရကပါ၊ ဗိုလ်မှူးအဆင့်ပါလို့ ကြားလူကတဆင့် ပြောပါတယ်။ ကျနော်တို့ကလည်း တာဝန်ရှိတဲ့ကေဒါ နှစ်ဦးနဲ့တွေ့စေပါတယ်။ သူတို့က ဘာနိုင်ငံရေးစကားမှမပြောဘဲ ဒီဘက်ကဘာပြောမလဲဆိုတာကိုပဲ နားထောင်တဲ့သဘောရှိပါတယ်။ သူတို့က ကျနော်တို့ကိုအရင် ကျနော်တို့ရဲ့ အခြေခံဒေသဖြစ်ဖူးတဲ့ နမ့်ခမ်းနဲ့မျက်နှာခြင်းဆိုင်၊ ရွှေလီမြစ်အရှေ့ဖက်က ရွာတွေကိုကျနော်တို့ကို အခုငြိမ်းအဖွဲ့တွေကိုပေးထားတာမျိုး ပေးမယ်ဆို တာမျိုးလည်း တဖက်လှည့်ကပြောပါတယ်။ ဆွေးနွေးရာမှာပြောတာ မဟုတ်ပါဘူး။ သူတို့က ကြားဝင်ခိုင်းတဲ့မူဆယ်မှာနေသူ ကျနော်တို့ တပ်ထွက်တယောက်က တဆင့် တရားမ၀င်ပြောခိုင်းတာပါ။ ကျနော်တို့ကတော့ တိုင်းပြည်နဲ့ပြည်သူအတွက် ရေးကြီးတဲ့ကိစ္စတွေဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ပဲ ပြန်ပြောလိုက်ပါတယ်။
နှစ်ခါလာဆွေးနွေးတာပါ။ နှစ်ခါစလုံးအထက်ကို အစီရင်ခံပါ့မယ်ဆိုပြီး ပြန်သွားတာ။ နောက်တော့ ပြန်ပေါ်မလာတော့ပါဘူး။ ဗိုလ်ခင်ညွန့်ရဲ့ ဉာဏ် ကစားနည်းတမျိုးပါ။
အထက်မှာပြောခဲ့တဲ့ ကောလာဟလတွေ၊ သတင်းတွေကို အခြေခံပြီးဟောစာတမ်းတွေလည်း ထုတ်လေ့ရှိကြပါတယ်။ဒါပေမယ့် ကျနော်တို့ကတော့ ဟောစာတမ်း မထုတ်ဝံ့လို့ မထုတ်ခဲ့ပါဘူး။
ဗိုလ်ခင်ညွန့် 'နံပါတ်ဝမ်း' မဖြစ်နိုင်ဘူးဆိုတဲ့ ဟောစာတမ်း ထုတ်ခဲ့တာကတော့ 'ငြိမ်းအဖွဲ့' တွေကို သတိပေးချင်လို့ပါ။ ဗိုလ်ခင်ညွန့်ကို မျက်မှန် (လန် ဘား) တင်ဦးနဲ့တူတယ်လို့ ကျနော်တို့ဘယ်တုန်းကမှ မသုံးသပ်ပါဘူး။ တင်ဦးမှာလုပ်ပိုင်ခွင့် ဘာမှမရှိခဲ့ပါဘူး။ နံပါတ်ဝမ်းနေ၀င်းအရိပ်က မိုးနေတာပါ။ ဗိုလ်ခင်ညွန့် ကတော့ န၀တ-နအဖ သမစဉ်မှာလည်း နံပါတ်သုံးလို့ သတ်မှတ်ခဲ့ရသူပါ။ လန်ဘားတင်ဦးကတော့ ဒါမျိုးတွေ မရခဲ့ပါဘူး။ ၀န်ကြီးချုပ်လည်း မဖြစ်ခဲ့ပါဘူး။
ဗိုလ်ခင်ညွန့် န၀တ တွင်း (၁) ဖြစ်စကတည်းက လုပ်ပိုင်ခွင့်တွေ အများကြီးရခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၉ ဗကပခွဲထွက်တွေကိစ္စမှာ ရတာပါ။ ရွေးကောက်ပွဲတောင် မလုပ်ရသေးတဲ့အချိန်ကပါ။
အဲဒီကိစ္စ နောက်တခန်းမှာ ပြောပါမယ်။

“ဗိုလ်ခင်ညွန့် နံပါတ်ဝမ်းနီးနီးဖြစ်ခဲ့တဲ့ ကာလ”

၁၉၈၉ နှစ်ပိုင်းက 'ဗကပ' က 'န၀တ' ရဲ့ ဦးတည်ရန်သူပါ။ ရန်သူပါ။ ပြိုင်ဘက် မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်နေတဲ့ ရန်သူပါ။
'ဗကပ' ဗဟိုက ကျောင်းသားတပ်မတော်ကို လက်နက်တသောင်းကူညီဖို့ဆုံးဖြတ်တာကို မကျေနပ်တဲ့ဗဟိုကော်မတီအနည်းစုက ပါတီကနေ ခွဲထွက် ကြပါတယ်။ သူတို့က လူမျိုးစုခေါင်းဆောင်တွေဖြစ်လို့၊ ဗကပ (ဗဟို) ကလည်း 'မှီခိုသူ့ဒုက္ခ' ကြုံနေလို့ခွဲထွက်တဲ့အထဲမှာ တပ်အများစုကြီးကပါသွားပါတယ်။ သွေး ထွက်သံယို မဖြစ်စေဖို့ ဗကပ (ဗဟို) က မြေအောက်ဆင်းပြီး ယူ/ဂျီ ပါတတီအဖြစ် ပြောင်းလိုက်ပါတယ်။
ဒီနောက်တော့ ဗိုလ်ခင်ညွန့်က ဗကပခွဲထွက်တွေရဲ့ 'ဂေါ့ဖားသားကြီး' ဖြစ်သွားပါတယ်။ သူ့ဇာတာ အတက်ဆုံးအချိန်လို့ပြောရမှာပါ။ ဒီလိုနဲ့ 'ငြိမ်းအဖွဲ့' ဆိုတဲ့ ဇာတ်လမ်းတွေ တခုပြီးတခု ပေါ်ပါတယ်။ 'ငြိမ်းအဖွဲ့ တခေတ်ထတဲ့' ကာလတခုရောက်လာပါတယ်။ ငြိမ်းအဖွဲ့အမျိုးမျိုး အလျှိုလျှိုပေါ်လာတာကို ပြောတာပါ။ KNU ခေါင်းဆောင်ဗိုလ်ချုပ်မြ ရန်ကုန်ရောက်တဲ့အထိကာလဟာ 'ငြိမ်းအဖွဲ့ ခေတ်ထချိန်' ပါပဲ။ ၁၀ နှစ်ကျော်တဲ့ကာလပါ။ အဲဒီ ၁၀ နှစ်အတွင်းမှာ အရင်ထောက် လှမ်းရေးခေါင်းဆောင် မျက်မှန်လန်ဘားတင်ဦး မရတဲ့အခွင့်အာဏာတွေ ဗိုလ်ခင်ညွန့်ရတာပါပဲ။ ပြည်တွင်းသာမက ပြည်ပမှာပါ ရပါတယ်။ သူ့ကို 'နံပါတ်ဝမ်းနီးနီး' သတ်မှတ်ကြပါတယ်။ ဗိုလ်သန်းရွှေနဲ့ပြိုင်ဖက်လို့တောင် မြှင့်ပေး၊ မြှောက်ပေးတာတွေလည်း တွေ့ကြခဲ့ရပါတယ်။ မျက်မှန် လန်ဘားတင်ဦးရဲ့ 'တစ်နှစ်ပိုင်းတပိုင်း' ဆိုတာက ဗိုလ်နေ၀င်းရဲ့အိမ်တော်ပါ (ဒေါက်တာမောင်မောင်ပြောတဲ့ coterie) တွေက မနာလိုလို့ပေးတဲ့နာမည်ပါ။ အဲဒီလူတွေကဒီ MI တွင်ကျယ်တာကို နည်းနည်း မှမကျေနပ်ပါဘူး။ တကယ်က နေ၀င်းရဲ့အတွင်းစည်းနေရာကို သူတို့ချင်းလုနေကြတာပါ။ သူတို့က လန်ဘားတင်ဦးရှေ့မှာပဲ 'ဘယ်ခွေးမှ လူမထင်ဘူး' လို့ မူးမူးနဲ့ စိန်ခေါ်လေ့ရှိပါတယ်။
နောက်ဆုံးမှာတော့ မီးဖိုချောင်ကက်ဘိနက် ဒေါ်ခင်မေသန်း ပင်းတဲ့ဘက်က အနိုင်ရပြီး ဗိုလ်တင်ဦး အရာကျသွားတာပါ။
ဗိုလ်ခင်ညွန့်ခေတ်ကောင်းစဉ်က ဘယ်သူမှစိန်ခေါ်တာ မခံရပါဘူး။ 'ဒီပဲယင်း' မတိုင်မီထိပေါ့။ စိန်ခေါ်တာလည်း 'နံပါတ်ဝမ်း' နေရာ အတင်းတက်ယူ နေတဲ့ သန်းရွှေကစိန်ခေါ်တာပါ။ ဒါကြောင့် ပွဲကကြမ်းပါတယ်။ ဗိုလ်ခင်ညွန့်အရေးယူခံရပုံဟာ စစ်အုပ်စုသမိုင်းမှာအပြင်းထန်ဆုံး အရေးယူနည်းမျိုး အရေးယူခံရ တာလို့ပြောရင် ရပါတယ်။ ဗိုလ်နေ၀င်းလက်ထက်မှာ ဆိုရှယ်လစ်ပါတီဝင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ထုတ်ခဲ့တာကလွဲစလို့ အထုတ်တွေ၊ အဖြုတ်တွေ၊ အဖမ်း တွေ အဆီးတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ခင်ညွန့်တို့အပေါ် အရေးယူသလို ရက်ရက်စက်စက် ပြတ်ပြတ်သားသား အရေးယူတာမျိုးတော့ တခါမှမရှိခဲ့ ဖူးဘူးလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေးသံသရာက ရယ်စရာတော့ အကောင်းသား၊ ဗကပကို အလဲထိုးလိုက်နိုင်သူအဖြစ် လက်မထောင်နေတဲ့ ဗိုလ်ခင်ညွန့်ကို အခုတော့ နာလန်ထ ‘ဗကပ’ က သူ့အတွက် ရှေ့နေလိုက်ပေးနေသူ ဖြစ်နေပါတယ်။ ဗိုလ်ခင်ညွန့်ကို တရားရုံးမှာဗြောင်စစ်ဆေးပြီး သူ့ဘက်ကလဲချေပခွင့်ပြုရမယ်လို့ ဗကပက အစောဆုံးပြောခဲ့ပါတယ်။ ရှစ်လေးလုံးပြီးကာနီးမှာ တပ်မတော်ထဲက အင်အားတွေ စပြိုလာတာနဲ့ပါတ်သက်လို့ (ဗိုလ်ခင်ညွန့်က ထင်ပါရဲ့) နောက်ပိုင်းမှာ ပြောတာတခုရှိ တယ်။ အဲဒါက ဗကပဟာ တပ်မတော်ကိုခေါင်းဖြတ်ပြီး ကိုယ်လုံးကိုယူချင်တယ်တဲ့။ တကယ်က တပ်မတော်ကိုခေါင်းဖြတ်ပြီးကိုယ်လုံးချည်း ယူသွားတာက ဗကပ မဟုတ်ပါဘူး၊ သူတို့ စစ်အုပ်စုအဆက်ဆက်ပါ။ သူတို့အချင်းချင်းခေါင်းပိုင်းတွေ ဖြုတ်ချပြီးတပ်မတော်ကို ခါးပိုက်ထဲထည့်ခဲ့ကြတာ ဒီနေ့ဗိုလ်သန်းရွှေအထိပါပဲ။ ကျနော်တို့ကတော့ ဒီနေ့အခါမှာ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မျိုးညွန့်တို့ရဲ့ န၀တဂိုဏ်းဟောင်းနဲ့လဲ နအဖဆန့်ကျင်ရေးအတွက် နားလည်မှုရချင်ပါတယ်။
နိုင်ငံရေးသံသရာရဲ့ လှောင်ပြောင်ချက်ဆိုတဲ့အထဲမှာ ထည့်ပြောသင့်တာတခုက ဗိုလ်ခင်ညွန့်အမှတ်သယ်ခဲ့တဲ့ ငြိမ်းအဖွဲ့တွေကိစ္စပါ။ ဗိုလ်ခင်ညွန့်ဟာ သူ့ရဲ့တီထွင်ချက်ဆိုပြီး လက်မတထောင်ထောင်လုပ်၊ ကျန်တဲ့ န၀တ - နအဖ ခဆတွေအပေါ် အသာစီးနေခဲ့ပါတယ်။ အခုသူ့ကို အရေးယူပြီဆိုတော့ ဒါကို ပုဒ်မတ ခုဖြစ်လာပါတယ်။ ထောက်လှမ်းရေးဟာ ကျနော်တို့ထဲက ခွဲထွက်တဲ့ ၀အဖွဲ့နဲ့စစ်အစိုးရလက်ကိုင် ကာကွယ်ရေးဝအဖွဲ့တို့ကို ပေါင်းပေးပြီး UWSA လို့ ဖွဲ့ပေးခဲ့တယ်။ ဒါပေမဲ့ အခုထောက်လှမ်းရေးတွေ အဖမ်းခံရတော့ မူးယစ်ဆေးဝါးမှု၊ ရွှေချောင်းမှုတွေနဲ့ တရာစွဲခံနေကြရပါတယ်။ အခုနောက်ဆုံး အဖြစ်အပျက်လို့ဆိုရမယ့် ရှမ်း အဖွဲ့တွေထဲက တချို့ကိုလုပ်ကြံဖန်တီးပေးထားတဲ့ လက်နက်ချပွဲတခုနဲ့ ပွဲထုတ်နေပါတယ်။ ဒီအထဲကနေ ဗိုလ်ခင်ညွန့်တို့ကို ပုဒ်မတပ်စရာတွေ ပေါ်လာနိုင်စရာတွေ ရှိနိုင်ပါသေးတယ်။
ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေ အရာကျတော့ ဗကပထဲက BIA, BDA, PBF တပ်မတော်သားဟောင်းကြီးများက ‘အတိတ်ကို အတိတ်မှာထား ခဲ့မည်’ ဗိုလ်ခင်ညွန့်နဲ့ရှိတဲ့အတိတ်ကိုလဲ ထားခဲ့မယ်လို့ကြေညာပါတယ်။ ဗိုလ်ခင်ညွန့်သာ နအဖ စစ်အုပ်စုကိုဆန့်ကျင်ဖို့အတွက် ဘက်ပြောင်းရပ်ရင် နေရာပေး သင့်တယ် ဆိုတဲ့သဘောမျိုးလဲ ကျနော်တို့ကပဲစပြီး အတိအလင်းပြောခဲ့တာပါ။
ကျနော်တို့မျိုးဆက်သစ် ဗကပကတော့ အတိတ်ကိုအတိတ်မှာပဲထားခဲ့ ‘ချင်’ သည်လို့ ပြောပါတယ်။ မျိုးဆက်ဟောင်းလိုဘ၀မျိုး ကျနော်တို့မှာ မရှိလို့ ပါ။ မျိုးဆက်ဟောင်းက တတပ်ထဲမှာအတူနေပြီး အင်္ဂလိပ်နဲ့ဂျပန်ကို တိုက်ခဲ့ကြတာပါ။ ခဏလဲ မဟုတ်ပါဘူး။ ကြာပါတယ်။ မျိုးဆက်သစ်ကတော့ ဘက်တဘက်စီ နေပြီး သူသေကိုယ်သေ တိုက်ကြတာပါ။ ဒါကြောင့် ‘ချင်’ ဆိုတာ ထည့်ထားပါတယ်။
အတိတ်ဆိုတာ မေ့ပစ်လို့မရပါဘူး။ သူကလဲ မမေ့နိုင်၊ ကိုယ်ကလဲ မမေ့နိုင်ပါဘူး။ မေ့ချင်ဟန်ဆောင်နေလို့လဲ ရတာမှ မဟုတ်တာ။ အတိတ်ကို မပြော တမ်း လုပ်ထားဖို့ပါ။
ဒါကလဲ ပစ္စုပ္ပန်နဲ့အနာဂတ်ကို ချီတက်ရာမှာ အတိတ်ကိုကျောပိုးပြီး ချီတက်ရင်ခရီးမတွင်မှာစိုးလို့ပဲ ဖြစ်ပါတယ်။
ဒီနေ့လို ရှုပ်ထွေးလှတဲ့ နိုင်ငံတကာအခြေအနေအကြားမှာ မင်းတုန်းမင်းခေတ်ကလို နန်းလုပွဲကြောင့် ကျွန်ဖြစ်ရတဲ့ကိန်းမဆိုက်အောင် ကျနော်တို့ သတိပေးနေ၊ အကြံပြုနေတာပါ။ ကျဆုံးသွားတဲ့သူတွေကို ကျနော်တို့ သစ္စာဖောက်တာ မဟုတ်ပါဘူး။
နောက် ထောက်ပြချင်တာတခုက ကျနော်တို့ ဗကပအထိနာပြီး ယူ/ဂျီပါတီ ဖြစ်တဲ့အချိန်မှာ NLD ရွေးကောက်ပွဲနိုင်တာပါ။ ဒါပေမယ့် ဒီချုပ်ဟာ ရွေး ကောက်ပွဲသာနိုင်တာ တလျှောက်လုံး အမျိုးမျိုးအနိုင်ကျင့်ခံနေရပြီး တလျှောက်လုံးအောက်စည်းက နေနေရပါတယ်။ တကယ်လို့သာ ဗကပရဲ့ လက်နက်ကိုင် တိုက်ပွဲ ရှိနေရင် ရွေးကောက်ပွဲနိုင် NLD ဒီလို အနိုင်ကျင့်ခံရမှာ မဟုတ်ပါဘူး။ အာဏာရစရာ အကြောင်းတောင်ရှိပါတယ်။ အနည်းဆုံးတော့ အခုလို အနိုင်ကျင့်မခံ ရမှာ သေချာပါတယ်။
နောက်တခန်းမှာ ဘယ်သူတွေက ဖြုတ်ချမလဲဆိုတာ တင်ပြပါမယ်။

ဘယ်သူတွေက ဖြုတ်ချမလဲ
ပထမ NLD/ CRPP၊ ဒုတိယ လူထု၊ တတိယ အမြော်အမြင်ရှိတဲ့တပ်မတော်သားများ။ အဲဒီအစီအစဉ်အတိုင်းပဲ ဖြစ်မယ်လို့ မြင်ပါတယ်။ လူထုထဲမှာ ကျနော်တို့ပါတီက တတပ်တအားပါနေပါတယ်။ ဒီနေရာမှာ ပ၊ ဒု၊ တ ခွဲနေရပေမယ့် တကယ်ဖြုတ်ချတဲ့ပွဲမှာ တပေါင်းတစည်းတည်း ဖြစ်သွားမှာပါ။
ပထမဖြစ်တဲ့ NLD/ CRPP ကို ကျနော်တို့ ဒီလိုသုံးသပ်ပါတယ်။ NLD ကိုပဲ သုံးမှာပါ။ NLD ဟာ အခွင့်ကောင်းကြီးတခုကို လက်လွတ်သွားတယ်။ အဲဒါက ရွေးကောက်ပွဲကို တွန်းတင်လိုက်ဖို့ မ၀ံ့မရဲဖြစ်နေလို့ လက်လွတ်တာဖြစ်တယ်။ နေ၀င်းရော နအတပါ မှင်သက်မိသွားတုန်းကသာ တွန်းတင်နိုင်ရင် အနာအကျင်အနည်းဆုံး အကြမ်းမဖက်ဘဲ လူထုအားနဲ့ စစ်အစိုးကို ဖြုတ်ချနိုင်ခဲ့မယ်လို့ ကျနော်တို့ ထင်ပါတယ်။
အခုတလောမှာ အဲဒီလိုရွေးကောက်ပွဲအောင်မြင်မှုကနေ တွန်းတင်လို့အပြောင်းအလဲဖြစ်သွားတဲ့ နိုင်ငံတွေအကြောင်းကြားရလေလေ ကျနော်တို့စိတ် ထဲမှာမချင့်မရဲဖြစ်ရလေလေပါပဲ။ ဒီလိုအခွင့်အရေးကြီးကို လက်လွတ်ခံလိုက်တာဘာကြောင့်လဲ။ ကျနော်တို့အမြင်က ပြင်သစ်တော်လှန်ရေး ၁၇၈၉ အတိုင်းဖြစ်စေ ချင်တာပါ။ တိုးတိုးတိတ်တိတ်လည်း တချို့ခေါင်းဆောင်တွေကို အကြံပေးခဲ့တယ်။ ဗကပမှာအနာဂတ်မရှိတော့ဘူး။ တခန်းရပ်သွားပြီထင်လို့လား၊ ဗိုလ်စောမောင် ကတိတွေကိုပဲယုံလို့လား၊ ၁၉၄၈ မျိုးဆက်တွေလိုတို့က ကမူးရှူးထိုးမနိုင်ဘူး၊ တည်ငြိမ်တယ်၊ တို့လုပ်ပြမယ်လို့များ အတွေးအခေါ်ရှိနေလို့လား။ နိုင်ငံတကာ့အ သိုင်းအ၀ိုင်းကို အားကိုးလို့လား။ အသေအချာမပြောနိုင်ပါဘူး။ ဗကပ ပေးတဲ့အကြံကို လက်မခံပါဘူး။
NLD ကရွေးမယ့်လမ်း ၃ သွယ်ကို အဖွဲ့လေးတွေဖွဲ့ပေးပြီး တင်ပြစေပါတယ်။ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးရှေ့မှာ တန်းစီပြလိုက်သလို ဖြစ်သွားတယ်။ ဗိုလ်ခင်ညွန့်က ဘယ်သူ့စည်းရုံးရမယ်၊ ဘယ်သူ့ကြားထားရမယ်၊ ဘယ်သူ့ဖိနှိပ်ရမယ်တိုတဲ့ စာရင်းရသွားတယ်။ ဒီလိုနဲ့လက်ဦးမှုက ဗိုလ်ခင်ညွန့်လက်ထဲ ရောက် သွားတာပဲ။ ရွေးကောက်ပွဲအပြီးမှာ ဂျော်ဂျီယာက နှင်းဆီတော်လှန်ရေးမျိုး၊ ယူကရိန်းက လိမ္မော်ရောင်တော်လှန်ရေးမျိုး ဗမာပြည်မှာခမောက်တော်လှန်ရေးလို့သာ ဆင်နွဲလိုက်ရရင် သမိုင်းဟာပြောင်းသွား နိုင်ပါတယ်။ ဗမာပြည်က တော်လှန်ရေးဟာ စံနမူနာတခုတောင် ဖြစ်သွားနိုင်ပါတယ်။
စစ်အုပ်စုရဲ့ ထောက်လှမ်းရေးက လက်တွေ့အလုပ်ဖြစ်ရေးဝါဒသမားတွေပါ။ သတင်းစာရှင်းလင်းပွဲမှာ၊ သတင်းစာထဲမှာ ဗကပဆန့်ကျင်ရေးတွေ ပြော တယ်၊ ရေးတယ်၊ ဗကပရဲ့ ထိပ်တိုက်တွေ့ရေးလမ်းစဉ်၊ တောင်းပွဲတိုက်ပွဲလမ်းစဉ်ဆိုတာတွေ ပြောတယ်၊ ရေးတယ်။ ဗကပနဲ့အမေရိကန် ထမိန်လုပွဲအထိ ခပ်ကြမ်း ကြမ်းရေးတယ်။ အဲဒီလိုနဲ့ ဗကပဆန့်ကျင်ရေးလေရူးကို မြို့ရောတောပါဖြစ်စေတာပဲ။ ကမ္ဘာမှာလည်း ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး လေရူးတိုက်နေချိန်ဖြစ်လို့ 'ဗကပ' က မနည်းလွတ်အောင် ရှောင်နေခဲ့ရပါတယ်။ အဲဒီကတည်းက ဗကပက 'ပွဲက သူတို့ပွဲပဲ'၊ 'ကာယကံရှင်တွေပြီးရင်ပြီးတယ်' လို့ကြေညာတာဖြစ်တယ်။ အရင် ဘယ် တုန်းကမှ ဒီလိုစကားမျိုး ကျနော်တို့ မပြောခဲ့ဘူးပါဘူး။ စေ့စပ်ဆွေးနွေးရေး ဖြစ်စေချင်လွန်းလို့ အပျော့ပျောင်းဆုံးကို ရွေးပြီးပြောပြလိုက် တာဖြစ်တယ်။ 'ပွဲဖျက် တယ်'၊ 'ဆေးရိုးသည်က ကန့်လန့်လုပ်တယ်' အပြောမခံရအောင် နေပြခဲ့ရပါတယ်။
တဖက်မှာလည်း 'မရရင်ချမယ်' ဆိုတဲ့ အတွေးအခေါ်ကိုတော့ အားပေးခဲ့ပါတယ်။ ဒါကို (ပင်မ NLD ကို မထိခိုက်စေဘဲ) NLD (LA) အပါအ၀င် ABSDF စတာတွေနဲ့ ဆွေးနွေးပါတယ်။ လက်နက်တော့ အင်တိုက်အားတိုက် ကူညီနိုင်တဲ့အခြေအနေ မရှိတော့ပါဘူး။ အနည်းအကျဉ်း ရာဂဏန်းနီးနီး ကူညီခဲ့ပါတယ်။ သူ တို့လက်ထဲ ရောက်မရောက် မစစ်ဆေးနိုင်ပါဘူး။ NLD ပင်မရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ ထိပ်တိုက်မတွေ့အောင် ရှေင်ပါတယ်။ NLD က ဘာလုပ်ပါ၊ ညာလုပ်ပါ မပြောမိအောင်ရှောင်ပါတယ်။ ကုန်ကုန်ပြောရရင် စေ့စပ်ဆွေးနွေးပွဲလုပ်ရင် ဘာတွေရအောင် စေ့စပ်ဆွေးနွေးပါလို့တောင် မပြောမိအောင် သတိထားခဲ့ပါတယ်။ ပါတီယူဂျီတွေကိုလည်း NLD လုပ်ငန်းထဲ မရောမိအောင် စည်းတားပေးပါတယ်။
၁၉၆၂ ကနေ၁၉၈၈ အထိမြို့ပေါ်မှာ မဆလ၊ တောထဲမှာ ဗကပပဲရှိတုန်းက မဆလဆန့်ကျင်ချင်ရင် ဗကပနဲ့ဆက်မိတာဟာ မဆန်းပါဘူး။ NLD ပေါ် လာတော့ 'ကြိုက်ရာရွေး၊ တခုခုကိုပဲ' လုပ်ဖို့ ညွှန်ကြားပါတယ်။ ယူဂျီမှာ နှစ်ခုခွပြီးနေရင် ရှုပ်တတ်လို့ပါ။
NLD နဲ့ကင်းအောင် နေပေမယ့် NLD သာလျှင် လူထုကရွေးချယ်တဲ့ တရားဝင် 'အခွင့်အာဏာပိုင်' ဖြစ်တယ်ဆိုတာကို ကျနော်တို့မမေ့ပါ။ ဒါကြောင့် ပထမ NLD လို့ပြောတာပါပဲ။
အခုနောက်ဆုံး NLD ရဲ့ အခြေအနေကိုတော့ ကျနော်တို့အားမရပါ။ အထူးသဖြင့် မျိုးဆက်သစ်သို့ လက်ဆင့်မကမ်းနိုင်သေးတာကြောင့် အခြေအနေ မကောင်းတာပဲလို့ယူဆပါတယ်။ မျိုးဆက်ဟောင်းတွေကမကြာခင် (၁၀နှစ်အတွင်းမှာ) သဘာဝမိခင်ခေါ်တာခံရမှာပါ။ အိမ်ချုပ်ချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပဲ ကျန်နေရင် ခက်ပါလိမ့်မယ်။
ဗိုလ်သန်းရွှေတို့က အသက် ၄၀ ကျော် ၅၀ တန်းတွေကို အာဏာအမွေ ပေးခဲ့ဖို့ လှုပ်ရှားနေပါပြီ။ NLD ဘာမှ ပြင်ဆင်တာမလုပ်ရသေးပါဘူး။ ပြင်ရ ပါမယ်။ တရားဝင်ပါတီအဖြစ်နေရရေးဟာ ရည်ရွယ်ချက်မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီအောင်မြင်ရေး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကရည်ရွယ်ချက်ပါ၊ NLD က တရားဝင်ပါတီဖြစ်ဖြစ်၊ မတရားသင်းဖြစ်ဖြစ် ဒါကအရေးကြီးတာ မဟုတ်ပါဘူး။
“မရရင်ချ အင်အားစု” တွေကိုလည်း တင်ပြချင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲကိုထိန်းနိုင်သမျှ ထိန်းသင့်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ထိန်း မရရင် ကိုယ်ဘယ်မှာနေနေ အရေးမကြီးပါဘူး။ တော်လှန်ရေးသမား တယောက်ဟာ ဘယ်မှာရောက်နေတယ်ဆိုတာထက် အတွေးအခေါ်သာ အရှုံးမပေးရင် လုပ်စရာ တော်လှန်ရေးလုပ်ငန်းတွေကို ဘယ်နေရာပဲရောက်ရောက် လုပ်လို့ရပါတယ်။
ဒုတိယ ဖြစ်တဲ့လူထုကို သုံးသပ်တာ နောက်တပါတ် တင်ပြပါမယ်။

လူထုအခြေအနေ
အမှန်ပါပဲ၊ လူထုကြီးဟာ ငြိမ်နေတာကြာပါပြီ။ ကျနော်တို့ ဗကပဟာ “ဒီမို၂၀၀၆” ထီးရိပ်အောက်မှာနေပြီး တတပ်တအားပါဝင်လုပ်ကိုင်နေပါတယ်။ အတွေ့အကြုံအရပြောရရင် လိုချင်တဲ့အဆင့်ရောက်ဖို့ လိုနေပါသေးတယ်။ ဟိုတုန်းက ၁၉၈၇ ခုနှစ်ကတည်းက အခြေခံပြင်ပြီးပါပြီ။ (RIT မှာဖြစ်တဲ့) တစက်က (တပြည်လုံး) တမျက်နှာဖြစ်အောင် လုပ်နိုင်ခဲ့တာဟာ ပြင်ထားလို့ပါ။ အခုအတော်လေး ပြင်ရဦးမှာပါ။
နိုင်ငံရေးလှုပ်ရှားမှုတရပ်ဆိုတာ အလိုအလျှောက်ဖြစ်ပေါ်မှု spon- taneous movement ကိုပြင်ဆင်ထားတာနဲ့ ပေါင်းစပ်ပေးနိုင်မှ ဖြစ်တာပါ။ ပေါင်း မပေးနိုင်ရင် အလိုအလျှောက်ဖြစ်ပေါ်မှုမှာတင် ရပ်သွားမှာပါ။ ရှေ့မတက်နိုင်ပါဘူး။ တဆင့်တက်မယ်ဆိုရင်လဲ အဓိကရုဏ်းအဆင့်ကို တက်တာပဲဖြစ်တတ်ပါတယ်။
လူထုအခြေအနေနဲ့ ပတ်သက်ပြီးပုဒ်မ ၁၄၄ ကြောင့်မထကြွတာ လို့ပြောရင်မှားပါတယ်။ ၁၃၀၀ ပြည့်က ၁၃၅၀ ပြည့်အထိ လူထုလှုပ်ရှားမှုတိုင်းဟာ ပုဒ်မ ၁၄၄ ကို အံတုကြရင်း ဖြစ်လာတာချည်းပါ။
NLD အကြမ်းမဖက်ရေးမှာ အစက အာဏာဖီဆန်ရေးပါပါတယ်။ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ” ဆိုသလိုပါပဲ။
နောက်တော့ လူထုနဲ့ချီတဲ့ အာဏာဖီဆန်ရေးအနှစ်သာရ ပျောက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တကိုယ်တော်ရဲ့ အာဏာဖီဆန်ရေးဆန်ဆန် လုပ်ပါတယ်။ အဲဒါကလည်း တဖြည်းဖြည်းနဲ့ “ဒီပဲယင်း” အပြီးမှာ ပျောက်သွားပါတယ်။ အခုတော့ရပ်တည်ရေးအတွက် ရပ်တည်နေရသလိုဖြစ်နေလို့ လူထုကို နိုင်ငံရေးအသိ နိုးကြားအောင်လုပ်တာတောင် မရှိတော့ပါဘူး။
နိုင်ငံရေးအသိစိတ်ဓာတ်အရ ၀န်းရံထားတာမပါတဲ့အုံကြွမှုဟာ အလိုအလျှောက်အုံကြွမှုပါ။ အဲဒီလို အလိုအလျှောက်အုံကြွမှုပေါ်မဲ့ အခြေအနေက တော့ ရှိမြဲရှိနေမှာပါ။ အလိုအလျှောက်အုံကြွမှုမှာ ဘယ်သူကနိုင်ငံရေးအသိစိတ်ဓာတ် သွင်းပေးနိုင်သလဲဆိုတာက အရေးကြီးပါတယ်။ လှုပ်ရှားမှုတရပ်ဟာ လူ မျိုးရေး၊ ဘာသာရေး စိတ်ဓာတ်ဝင်သွားရင် အဓိကရုဏ်းဖြစ်တာနဲ့ ဇာတ်သိမ်းပါတယ်။
နိုင်ငံရေးအသိစိတ်ဓာတ်ကို အရင်တုန်းက ပိုစတာကပ်၊ လက်ကမ်းစာစောင်ဝေတဲ့နည်း လုပ်ရပါတယ်။ အရင်းအနှီးပေးစွန့်စားရပါတယ်။ အခုအဲ့ဒီလို လုပ်စရာမလိုပါဘူး။ အသံလွှင့်ရုံကို သတင်းပေးလိုက်ရင် တမဟုတ်ချင်း တပြည်လုံးပြန့်ပါတယ်။ ဒါက ကောင်းတဲ့ဘက်ပါ။
အသံလွှင့်ရုံကို အကူအညီတောင်းရာမှာ မကောင်းတဲ့ဘက်ကတော့ အသံလွှင့်ရုံပေါ်လစီကို ကိုယ်ကကိုင်ရတာမဟုတ်ပဲ ပိုင်ရှင်ကသူ့သဘောနဲ့သူ ကိုင်တာဖြစ်ပါတယ်။
တလောက NLD ပြောရေးဆိုခွင့်ရှိသူနဲ့ “ဗျူး” သမား ကတောက်ကဆ ဖြစ်တာကြားလိုက်ရလို့ စိတ်မချမ်းသာပါဘူး။
ဗိုလ်ခင်ညွန့်နဲ့တွေ့ပြီးပြန်လာတဲ့ KNU ဗိုလ်မြကို “ဗျူး” ကြတော့ လူရိုးကြီးဗိုလ်မြကစိတ်ထဲရှိတာ ပြောထွက်လာပါတယ်။ ဒစ်ပလိုမေစီမသုံးဘဲပြော တာပါ။ မနေနိုင်လို့ နှစ် ၅၀ မိတ်ဟောင်းဆွေဟောင်းတွေအနေနဲ့ “KNU မှာ တရားဝင်ပြောရေးဆိုခွင့်ရှိသူ သတ်သတ်မှတ်မှတ်ရှိသင့်ကြောင်း” အကြံပေးလိုက်ပါ တယ်။ မတတ်နိုင်လို့လုပ်ရတာပါ။ အလွန်အကဲဆတ်တဲ့ အခြေအနေမှာဖြစ်လို့ ရင်းလဲရင်းနှီးလို့အကြံပေးဝံ့တာပါ။ NLD ကိုတော့ အကြံပေးလို့မဖြစ်ပါဘူး။ သူတို့လဲ လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြတာ မှမဟုတ်တာ။ တခါက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဆီကို “ဗျူး” တဲ့စာရွက် တရွက်ရောက်လာပါတယ်။ အသက် ၈၆ နှစ်ရှိသူက ဦးနှောက်လှုပ်ရှားမှု မမြန်ပါဘူး။ လက်တန်း ‘ဗျူး’ တာကိုလက်မခံနိုင်ပါဘူး။ အဲဒီတော့ ‘ဗျူး’ တဲ့သူကိုစာနဲ့မေးခိုင်းပါတယ်။ စာမျက်နှာ ၂ မျက်နှာ လောက် (ထင်ပါရဲ့) အင်္ဂလိပ်လိုမေးခွန်းတွေ ရောက်လာပါတယ်။ မြန်မာပြည်သားချင်းဆိုရင် ဘယ်လိုမှမသုံးနှုန်းတဲ့ မြေးအဖိုးအရွယ်ကို မသုံးတဲ့ဝေါဟာရတွေ ပါ လာပါတယ်။ ချက်ချင်းသိလိုက်ပါတယ်။ ‘ပိုင်ရှင်’ ရဲ့အမေးပဲဆိုတာ။ သူတို့ရဲ့အမေးသက်သက်ပါ။ အဖြေပါတခါတည်း ပါနေတဲ့မေးခွန်းပါ။ မနေနိုင်လို့အမည်ခံနေတဲ့ မြန်မာပြည်သားကို ဒီလိုမေးရကောင်းလားလို့ ဝေဖန်လိုက်တော့သူက အဖြစ်မှန်ပြောတောင်းပန်ပါတယ်။ ဗွေယူစရာမှမဟုတ်တာ ကျနော်တို့ဗွေမယူပါဘူး။ ခွင့် လွှတ်ပါတယ်။
တလောကတော့ ကြားလိုက်ရတာ မသက်သာပါ။ ဖုန်းမော်သိသလား၊ တံတားနီသိသလား၊ ဗိုလ်ချုပ်အောင်ဆန်း ကြားဖူးသလား ထင်ပါရဲ့ မေးခွန်း တွေ၊ ထောင်ထဲတန်းဝင်ချင်တဲ့ ကလေးမှပဲ သူ့စိတ်ထဲရှိတာ ဖြေမှာပါ။ ထောင်တန်တဲ့စကား မပြောဝံ့ပါဘူး။
လူထုဒေါ်အမာ (ကျနော့်အမေ) တောင် တခါက “ဒါမျိုး အမေတို့ကို မမေးပါနဲ့သားတို့ရယ်၊ အမေတို့နေရတဲ့ဘ၀ ကျဉ်းကြပ်ပါတယ်” ဆိုလားပြောတာ ကြားလိုက်ရတယ်။ အဖိုးကြီးတယောက်က သူလဲ ‘ဗျူး’ ဒုက္ခတွေ့နေထင်ပါရဲ့ လူထုဒေါ်အမာကို ချီးကျူးဂုဏ်ပြုတဲ့ ဆောင်းပါးရေးတာဖတ်လိုက်ရတယ်။
အုပ်စိုးသူတွေမှာ မင်းနားတထောင်ဖြစ်ဖို့ လူထုအခြေအနေစနည်းနာဖို့ မင်းကြီးသက်တော်ရှည်ထားမြဲဖြစ်တယ်။ ဦးကျော်ငြိမ်း တန်ခိုးထက်တုန်းက သူ့သူငယ်ချင်း ဦးသိန်းဖေမြင့်ကို (မင်းကြီးသက်တော်ရှည်အဖြစ် ထားတယ်) ကလော်စေ၊ ဆော်စေ ဗွေမယူဘူး။ တခါပဲ ထောင်ထဲထည့်တယ်။ ဦးသိန်းဖေက ဦးနုဆီအသနားခံတော့ ဦးနုကဦးကျော်ငြိမ်းကို လွှတ်ပေးလိုက်ဖို့ ပြောတယ်။ ဦးကျော်ငြိမ်းက “ဒီလူ့အကြောင်း သိပါတယ်။ ထောင်ထဲ ခဏထည့်တာပါ” လို့ ပြောတယ်။ ကျနော်တို့ပါတီဗဟိုက ‘သိန်းဖေ၀ါဒ တွေ့ရာသင်္ချိုင်း’ ညွှန်ကြားထားလို့ ထောင်ထဲခဏထည့်ပြီး ကာကွယ်ဟန်လဲ ရှိပါတယ်။
ယူဂျီနိုင်ငံရေးပါတီက လူထုဆီ တိုက်ရိုက်သွားလို့ မရပါဘူ။ ကြားခံတံတားထိုးပြီး သွားရပါတယ်။ ၁၉၈၈ မတိုင်မီကတည်းက ဗကပက ၁၃၀၀ ပြည့်အရေးတော်ပုံနှစ် ၅၀ ပြည့် အထိမ်းအမှတ် ပို့စစ်ကဒ်တွေကို တိုက်ဖော်တိုက်ဖက်အားလုံးဆီ စာတိုက်ကရော လူကြုံနဲ့ပါပို့ပါတယ်။ တပြည်လုံးအနှံ့ပို့တာပါ။ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးပါမကျန် ဗိုလ်တွေအားလုံး၊ သခင်တွေအားလုံး၊ စာရေးဆရာတွေအားလုံး၊ ရဟန်းပျိုအဖွဲ့ဝင်ဟောင်း၊ သံဃာတွေအားလုံးဆီ ပို့ပါတယ်။ တပါတီအာဏာရှင်စနစ်ဖျက်သိမ်း၊ ပါတီစုံဒီမိုကရေစီထူထောင်နိုင်ဖို့ မသေမီလုပ်သွားကြရအောင်ပဲ ရေးတာပါ။
အဲဒီလို တံတားထိုးလိုက်တော့ သူတို့ကတဆင့် ကျောင်းသားထု၊ လူငယ်ထု၊ လူထုဆီတဆင့် တဆင့်ရောက်သွားပါတယ်။ ၃ နှစ်နေတော့ ၁၉၈၈ အုံ ကြွမှုပေါ်တာပါပဲ။
အဲဒီပို့စ်ကဒ်ကို နေ၀င်းရတယ်ဆိုတော့ ဗိုလ်ခင်ညွန့်သိတာ မဆန်းပါဘူး။ ဒါကြောင့်ပဲ ဗိုလ်ခင်ညွန့်က ဗကပလုပ်တာလို့ပြောတာပါပဲ။ ဗကပက ငါလုပ်တာလို့ ဘယ်တော့မှ မပြောပါဘူး။ လူထုအုံကြွမှုဆိုတာ လူထုကိုယ်တိုင်က လုပ်တာပါ။
အခု အဆင်သင့် မဖြစ်သေးပါဘူး။
'ဒီမို၂၀၀၆' ပထမဆုံး ထုတ်ပြန်ချက်မှာ ဒီတခါမနိုင်လည်း လက်မလျှော့ဘူး၊ထပ်ပြီးတိုက်ပွဲဝင်မယ်ဆိုတာ ပါနေပါတယ်။ ဒါဟာ ရေးရိုးရေးစဉ် မဟုတ် ပါဘူး။ မုချနိုင်ရမယ်လို့ ရေးမြဲပါ။ ဒီတခါ မနိုင်လည်း နောက်တခါကြိုးစားတာပေါ့လို့ ဘယ်တော့မှမရေးပါဘူး။ ဘာကြောင့်လဲ။ NLD ကိုထောက်ထာားရလို့ပါ။
NLD ကလူထူကို ရဲရဲလှုံ့ဆော်မှာမဟုတ်လို့ ခပ်လျှော့လျှော့ရေးပါတယ်။ ဒါပေမယ့် မကြာခင်ကတော့ အခြေအနေအရပ်ရပ်ကြည့်ပြီး တဆင့်တက် လိုက်ပါတယ်။ NLD ကို BBC ကနေ ကျနော်ဝေဖန်လိုက်ပါတယ်။ 'အာဏာဖီဆန်တာမပါတဲ့ အကြမ်းမဖက်ရေး' တောင်မဟုတ်တော့ဘဲ ဘုရားအလောင်းရဲ့ ပါရမီ တော် ၁၀ ပါးကျင့်စဉ်ကျင့်နေသလား အောက်မေ့ရတယ် (အဲဒီလိုဟုတ်ရဲ့လား) လို့ ဝေဖန်လိုက်ပါတယ်။
NLD ကိုအားကိုးလို့ပဲ စစ်အစိုးရပြုတ်ကျရေးမှာ ပထမနေရာပေးနေတာပါ။
ရှေ့ဆုံးမှာလည်းပြောခဲ့ပြီးပါပြီ။ ဗကပက လူထုထဲမှာတတပ်တအားအဖြစ် ပါဝင်မှာပါ။ ဒါကလည်း မပြောမပြီးလို့ပြောရတာပါ။ နောက်တပါတ်မှာ အ မြော်အမြင်ရှိတဲ့ တပ်မတော်သားများအခန်း တင်ပြပါမယ်။


အတိတ်ကိုအတိတ်မှာထားခဲ့ပြီး
ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်ပဲ လုပ်ကြပါစို့

အတိတ်အကြောင်းတွေ ပြောခဲ့တာများပါပြီ။ အခုတော့ ပစ္စုပ္ပန်အကြောင်း အနာဂတ်အကြောင်းပဲပြောပါမယ်။ ပြည်တွင်းပြည်ပကအခြေအနေတွေက တင်းမာလွန်းပါတယ်။ အတိတ်အကြောင်းချည်း ပြောနေရမယ့်အချိန် မဟုတ်ပါဘူး။
ပြည်ပက အင်အားကြီးတွေရဲ့ကလပ်မှာ ဘာလုပ်ကြမလဲ၊ ဘာဖြစ်ကြမလဲဆိုတာက ကြီးမားကျယ်ပြန့်လွန်းပါတယ်။ ကျနော်တို့ လက်လှမ်းမမီလို့ မပြော တော့ပါဘူး။ အတွေ့အကြုံအရပြောရရင်တော့ ကိုယ်စီအကျိုးစီးပွားကို အဓိကထားကြမှာပါ။ အကျိုးစီးပွားတထပ်တည်းကျနေတဲ့ ၂ နိုင်ငံရယ်လို့ ကမ္ဘာမှာမရှိဖူးပါ ဘူး။ သူ့ဒုက္ခငါက မျှဝေခံမယ်ဆိုတာ မရှိပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ဖက်ဆစ်စပိန်နဲ့ ဖက်ဆစ်ပေါ်တူဂီတို့ဟာ ဖက်ဆစ်ဂိုဏ်းဘက်က ၀င်မတိုက်ပါဘူး။ ကြား နေပါတယ်။ ASEAN ဘာလုပ်မလဲ၊ ထိုင်းဘာလုပ်မလဲ၊ အချိန်ကုန်ခံ စဉ်းစားမနေပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ဦးထိပ်ထားကြမှာ သေချာပါတယ်။
ဒါကြောင့် ပြည်တွင်းရေးသက်သက်ပဲ ပြောမှာပါ။ အားလုံးကို တင်ပြတဲ့သဘောပါ။
ကျနော်တို့ပါတီရဲ့ မျိုးဆက်ဟောင်း (အခုသုံးနေတဲ့ဝေါဟာရအရ ဆိုတော့ ‘၀ါရင့်’ ပေါ့)။ သူတို့က ဗိုလ်ခင်ညွန့်အရာကျသွားတော့ ပန်ကြားချက်တခု ထုတ်ပါတယ်။ ‘အတိတ်ကို အတိတ်မှာထားခဲ့မည်’ လို့ပြောပါတယ်။
ကျနော်တို့မျိုးဆက်သစ်ကတော့ ‘အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်သည်’ လို့ပဲ ထုတ်ပြန်ပါတယ်။ ကျနော်တို့ နည်းနည်းကွန့်ထားရတာက ‘၀ါရင့်’ တွေဘ၀နဲ့ ကျနော်တို့ဘ၀ မတူလို့ပါ။ သူတို့က BIA, BDA, PBF နဲ့ တစည်းတလုံးတည်းရှိတဲ့ ဖဆပလကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီဘ၀မျိုး ကျနော်တို့မျိုးဆက် သစ်မှာ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့်ပါ။
ကျနော်တို့နဲ့သူတို့က ဗမာပြည်သားအချင်းချင်းဖြစ်တာလောက်ပဲ တူတာရှိလို့ အချင်းချင်းလို့ သုံးနိုင်ပါတယ်။ ဒါပေမဲ့ သုံးရမှာ ၀န်လေးပါတယ်။
ကျနော်တို့ပြောတဲ့ အတိတ်ဆိုတာ ၁၉၃၉ ကစပြီး အခုအထိ ဖြစ်ပျက်ခဲ့တာတွေကို ပြောတာပါ။ ကမ္ဘာစစ်ကြီး မဖြစ်ခင်အတိတ်၊ စစ်ကြီးအတွင်းက အတိတ်၊ ပြည်တွင်းစစ်ကအတိတ်၊ ကုန်ကုန်ပြောရင် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မျိုးညွန့်တို့ (န၀တ) နဲ့အတိတ်၊ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးဂိုဏ်းနဲ့ အတိတ် အဲဒီအတိတ်တွေကိုပြောတာပါ။
ဘာကြောင့်အတိတ်ကို ထားခဲ့ချင်တာလဲ၊ ဖစ်ဆစ်တပိုင်း အခြေခံဥပဒေမပေါ်အောင် စုစုစည်းစည်းတိုက်ပွဲဝင်ချင်လို့ပါ။ အတိတ်ကို မေ့လိုက်ဖို့မပြော ပါဘူး။ ထားခဲ့ပါလို့ပြောပါတယ်။
ဗိုလ်သန်းရွှေစစ်အုပ်စုဟာ အလျှော့ပေးမယ့်ပုံ မပြပါဘူး။ လမ်းပြမြေပုံ (RM) ကို အဆုံးအထိလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
ဒါပေမဲ့ ကျနော်တို့ အတိုက်အခံတွေဘက်ကတော့ တချို့က အလျှော့ပေးဖို့ပြောတာတွေ ကြားရပါတယ်။ ဘာတွေ လျှော့မှာလဲ၊ ကျနော်တို့ စဉ်းစား ကြည့်ပါတယ်။ ပြည်ပအစိုးရတွေကို စည်းရုံးတဲ့လမ်းစဉ် (လော်ဘီလိုင်း) လုပ်သူတွေက လျှော့ရမှာဆိုရင် တမျိုးဖြစ်မယ်။ ပြည်တွင်း NLD က လျှော့ရမှာဆိုရင် တ မျိုးဖြစ်မယ်။ SNLD စတဲ့ တိုင်းရင်းသားတွေက လျှော့ရင်တမျိုးဖြစ်မယ်။ ‘ငြိမ်းအဖွဲ့’ တွေက လျှော့ရင် တမျိုးဖြစ်မယ်။ ဘာတွေလျှော့ကြမှာလဲ။
လော်ဘီလိုင်းသမားတွေကလျှော့ရင် ဆန္ဒပြတာလျှော့တာ၊ ဒဏ်ခတ်ပိတ်ဆို့ရေးလျှော့တာပဲ ဖြစ်မယ်။ ဒါကလဲ ၁၉၉၀ ရွေးကောက်ပွဲနဲ့ မပတ်သက် သူတွေပဲ လုပ်နိုင်တာဖြစ်တယ်။
ပြည်ပရောက် NLD ထီးရိပ်အောက်တွေက လိုက်လုပ်လို့မရပါဘူး။ NLD နဲ့နအဖကြားက ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် ပြဿနာပဲ။ သူ့ကို NLD က ထုတ်ပစ်ရင် ပြီးတယ်လို့ပြောသံ ကြားဖူးပါတယ်။ မဟုတ်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ပြဿနာကြောင့် ဖြစ်နေတာပါ။ အဲဒီအောင်ပွဲကို NLD ကလျှော့ပေး လိုက်ရင် ပြီးသွားမှာပါ။ ဒါဆို NLD တည်ရှိနေတာလဲ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ပါဘူး။ မြေပေါ်အဖွဲ့အစည်း အဆင့်နေရာကိုထိန်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်တာ၊ အနားပေးတာ တခုခုလုပ်ရင်လဲ ပေးရတဲ့တန်ဖိုးက ကြီးမားလှပါတယ်။ တစညပါတီရဲ့အဆင့်အထိ မိမိကိုယ်ကိုလျှော့ချတာဖြစ်မှာပါ။ NLD ခေါင်း ဆောင်တွေ လုပ်မှာမဟုတ်ပါဘူး။ ကြံ့ခိုင်မယ်လို့ ယုံပါတယ်။
‘ညောင်နှစ်ပင်’ ကိုလျှော့ဈေးနဲ့တက်တာလဲလုပ်လို့မဖြစ်ပါဘူး။ တက်ရင် ‘ငြိမ်းအဖွဲ့’ တွေရဲ့အဆင့်ထိ NLD ကိုလျှော့ချလိုက်တာပဲဖြစ်ပါလိမ့်မယ်။ ‘ငြိမ်း အဖွဲ့’ တွေက O/G တပိုင်း U/G တပိုင်းပါ။ သူ့နယ်မှာသူ ဗိုလ်လုပ်နေတာပါ။ NLD နဲ့မတူပါဘူ။ NLD ခေါင်းဆောင်တွေကလဲ လုပ်မှာမဟုတ်ပါဘူး။ ပြတ်သားပါတယ်။
ကျနော်တို့စိုးရိမ်တာက NLD ခေါင်းဆောင်တွေ ကြံ့ခိုင်ပြတ်သားနေရင် ပြည်ပကဆရာကြီးတွေနဲ့ သူတို့ကိုမှီခိုနေရသူတွေက NLD ဆန့်ကျင်ရေးအာ ဘော် သံပြိုင်လွှင့်လာမှာကို စိုးရိမ်တာပါ။ နအဖ သန်းရွှေစစ်အုပ်စု တအားတက်သွားမှာကို စိုးရိမ်တာပါ။ ဒီလိုအလားအလာဟာ မရှိဘူးမပြောနိုင်ပါဘူး။ တချို့က စောင်းပါးရိပ်ခြည်တောင် ပြောနေကြပါပြီ။
‘ငြိမ်းအဖွဲ့’ တွေက ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့လဲ ဘာမှမပတ်သက်သူတွေပါ။ သူတို့ရဲ့ အကျိုးစီးပွားက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ထိန်းရေး မဟုတ်ပါဘူး။ ‘ရွေးကောက်ပွဲသစ်’ လုပ်ရေးပါ။ လမ်းပြမြေပုံ (RM) ကို ဒါကြောင့် သူတို့ကထောက်ခံနေတာပါ။ ရွေးကောက်ပွဲသစ်လုပ်ရင် သူတို့ဗိုလ်လုပ်တဲ့နယ်မှာ သူ့တို့အမတ်တွေပဲနိုင်မှာ သေချာပါတယ်။
NLD ဟာ ၁၉၈၈ အုံကြွမှုနောက်ပိုင်း တည်ထောင်တဲ့ပါတီဖြစ်ပေမယ့် သူက တခြားမျိုးဆက်သစ်တွေနဲ့ မတူပါဘူး။ နေ၀င်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ မျိုးချစ်ပြည်ချစ်တပ်မှူးကြီးဟောင်းများ ပါတီပါ။ သူတို့လဲ ၀ါရင့်တွေပါ။ မျိုးဆက်သစ်ခေါင်းဆောင်ထဲကဆိုရင် ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲအခုတော့ NLD ထဲမှာ ကျန်နေတာပါ။ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဝံ့တာဟာ မျိုးဆက်သစ်ခေါင်းဆောင်ကို သူကမွေးမြူပေးနေမှာ စိုးလို့ပါ။
မျိုးဆက်သစ်သို့ လက်ဆင့်ကမ်းတဲ့အလုပ် ဗကပ လုပ်ပြီးပါပြီ။ နအဖ လုပ်နေပါတယ်။ ဒါပေမဲ့ ဒီချုပ်က မလုပ်ရသေးပါဘူး။ ကျနော်တို့ စိုရိမ်ပါတယ်။
မျိုးဆက်ဟောင်း (၀ါရင့်) တွေဟာ နောက် ၁၀ နှစ်ဆိုရင် သဘာဝမိခင်ခေါ်လို့ သိပ်ကျန်မှာမဟုတ်ပါဘူး။ အသက် ၉၀ ကျော် ၁၀၀ တန်း၊ ကျန်ကောင်းကျန်ရာ ရှိရင်လည်း သစ်ပင်တပင်ရဲ့ အသက်ရှင်မှုမျိုး အိုမင်းမစွမ်းဖြစ်နေမှာပါ။
မျိုးဆက်သစ်ခေါင်းဆောင်မှုအဖွဲ့ ပေါ်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သော့ချက်အလုပ်တခုလို့ ထင်ပါတယ်။
ပြည်တွင်းပြည်ပအခြေအနေတွေကို ကြည့်ပြီး တင်ပြတာပါ။ အရေးကြီးကာလဖြစ်လို့ သူများတကာအတွင်းရေး ၀င်စွက်သလို ပြောနေရတာပါ။ ဒီချုပ်ဟာ မျက်မှောက်အခါမှာ ဒီမိုကရေစီအလံကိုင်ပါတီ ဖြစ်လို့ပါ။ နို့မို့ရှိရင် ကျနော်တို့ ဘာမှမပြောဘဲ နေမှာပါ။
နောက်တပါတ်မှာ အလျှော့ပေးရေးဟာ အရှုံးပေးရေးပဲဆိုတာကို ပြောပါမယ်။

အလျှော့ပေးရေးဟာ အရှုံးပေးရေးပဲ

နေ၀င်း အရာကျသွားတော့ သူနဲ့အတူ သူ့ကျွန်ယုံတော်တွေ ခေါ်ဆင်းသွားပါတယ်။ သူ့အမွေကို ဆက်ခံဖို့ ၂ ပိုင်းခွဲလိုက်ပါတယ်။ လူထုအုံကြွမှု ရှိနေတုန်း အမွေခွဲရလို့ ၂ ပိုင်းခွဲတာပါ။
အမွေ ၂ ပိုင်းက အာဏာအမွေနဲ့ နိုင်ငံရေးအမွေပါ။
စစ်တပ်ကိုကိုင်ထားသူကမှ အာဏာအမွေကို ထိန်းနိုင်မှာဖြစ်လို့ ဗိုလ်စောမောင်ကို န၀တ ဖွဲ့ပေးပြီးအာဏာအမွေ ပေးပါတယ်။
စစ်တပ်က အငြိမ်းစားယူထားတဲ့ သူတွေကိုတော့ နိုင်ငံရေးအမွေ ပေးပါတယ်။ နိုင်ငံရေးအမွေ ရလိုက်သူတွေကလည်း ထင်တလုံးနဲ့ အမွေကို လိုလိုချင်ချင် လက်ခံပါတယ်။ တစည ဖွဲ့ပါတယ်။ ဗိုလ်စောမောင်လုပ်ပေးတဲ့ ရွေးကောက်ပွဲပြီးရင် သူတို့ဟာ အာဏာအမွေကိုပါ ရမှာပဲလို့ ထင်နေခဲ့ပါတယ်။
ဗိုလ်စောမောင်ကလည်း စကားတွေ အလွန်အကျွံပြောနေတာ ဒီလိုပဲဖြစ်မယ်ထင်လို့ပါ။ တစည နိုင်မယ်ထင်နေတာပါ။ နေ၀င်းကလည်း အဲဒီလိုပဲထင်လို့ ဗိုလ်စောမောင် စကားကျွံနေတာတွေကို လွှတ်ပေးထားပါတယ်။
ဒါပေမယ့် ဖြစ်ချင်တော့ ထင်သလို ဖြစ်မလာပါဘူး။ နှမ်းထွက်မကိုက် ဖြစ်လာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကို ကိုင်လာရတယ်။ ဗိုလ်စောမောင်ကို အရူးဆိုပြီး အပုပ်ချ စတေးပစ်ရတယ်။ တစညသာ နိုင်ကြည့်ပါလား။ ဘာဖြစ်မလဲ။ လွှတ်တော်အမြန်ခေါ်ပေးမယ်။ ဆိုင်းနေမှာမဟုတ်ဘူး။ လွှတ်တော်က ၁၉၇၄ အခြေခံဥပဒေကို နည်းနည်းပါးပါး ပြင်မယ်။ ဗိုလ်စောမောင်ကလည်း စစ်တန်းလျားပြန်မယ်။
ထင်သလို ဖြစ်မလာတော့ နဝတ စစ်အုပ်စုက အကြံထုတ်တယ်။ NLD ကတော့ အောင်မြင်မှုနဲ့ ယစ်မူးနေတယ်။ ရှေ့ က လူကြီးတွေ ( ' ဝါရင့်' တွေ) မလုပ်ခဲ့တဲ့လမ်း၊ ' ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးလမ်း ' ငါတို့ လုပ်ပြလိုက်ပြီဆိုပြီး အောင်မြင်မှုနဲ့ ယစ်မူးတယ်။ ပြည်ပကလည်း အစွမ်းကုန်ချီးမြှင့်တယ်။ မြှောက်စားတယ်။
အဲဒီလိုနဲ့ ၁၅ နှစ် ရှိလာသည်အထိ အာဏာက တဖဝါးမှ မခွာဘူးဆိုတဲ့ ပြတ်သားတဲ့လူက အသာစီးရသွားတာပဲ။ ကျနော်တို့က ဒီပွဲဟာ NLD ရဲ့ ပွဲပဲ ဆိုပြီး နေလာခဲ့တာပါ။ ပြောချင်တာရှိလည်း ပွဲဖျက်တယ် ထင်မှာစိုးလို့ မပြောဘဲ နေပါတယ်။ အခု ပြောဖို့ဖြစ်လာတာလည်း NLD ကို တင်းခံမနေနဲ့၊ လျှော့ပေးလိုက်လို့ ဘေးက လှည်းမောင်းသမားတွေက ပြောလာတာတွေ များလာလို့ပဲ။ စပြောတာက နိုင်ငံခြားသား ဆရာကြီးတွေပါ။ တချို့ ကဗမာပြည်ရေးရာ ပါရဂူလို့ အမည်ခံထားပါတယ်။ သူ့တို့က ' လွန်ခဲ့တဲ့ ၁၅ နှစ်က ရွေးကောက်ပွဲကိစ္စမျိုးကို ကမ္ဘာမှာ ဘယ်သူမှ ပြောလေ့မရှိဘူး ' ဆိုတဲ့အဓပ္ပါယ်မျိုး ပြောပါတယ်။
ဆရာကြီးတွေရဲ့ လေကို နင်းလိုက်သူတချို့ ကတော့ ' လက်တွေ့ကျရမယ် ' လို့ ပြောတယ်။ တချို့ က ကလေးတွေ အရုပ်လုတာလို့ သဘောထားပြီး တယောက်တလှည့်စီ ကစားကြတာပေါ့ဆိုတာမျိုးနဲ့ နအဖကို အာဏာ (ရွေးကောက်ပွဲတပါတ်စာ) တော့ ပေးလိုက်ပါလို့ ပြောတယ်။ အဓိပ္ပါယ်က ၁၀၄ ချက်ကို ခြွင်းချက်နဲ့ အတည်ပြုပေးဖို့ပါပဲ။
ဗိုလ်နေဝင်း ဆိုရှယ်လစ်စစ်အုပ်စုကို ၁၉၈၅ တုန်းက ' အာဏာ ' ခဏပေးကိုင်လိုက်တဲ့အဖြစ်ကို သင်ခန်းစာယူနိုင်ကြသေးဟန် မတူပါဘူး။ နိုင်ငံရေး အာဏာဟာ အငိုတိတ်အောင် ခဏပေးကိုင်ရမယ့် ကလေးကစားတဲ့အရုပ် မဟုတ်ဘူး။ တိုင်းပြည်ရဲ့ သေရေးရှင်ရေးကို အပ်ထားရတာဖြစ်တယ်။ ကမ္ဘာကြီးက တည်ငြိမ်နေတာမဟုတ်ဘူး။ အန္တရာယ်များပါတယ်။ စစ်အာဏာရူးတွေကြောင့် စစ်ဖြစ်မှာ မကြောက်ဘူးလား။ စစ်ွကြီးထဲ ညှပ်ပါသွားမှာ မကြောက်ဘူးလား။ ခဏ ပဲဖြစ်ဖြစ်၊ ရေရှည်ပဲဖြစ်ဖြစ် မအပ်သင့်သူရဲ့ လက်ကိုတော့ အပ်လို့မဖြစ်ပါဘူး။
ကိုယ်က မအပ်လည်း သူတို့ (စစ်အပ်စု)က လုထားတာပဲဆိုတဲ့ စဉ်းစားချက်နဲ့ ပြောတာဆိုရင်တော့ အညွန့်တုံးတယ်လို့ပဲ ပြောပါရစေ။
ကိုယ့်အခက်ပဲမြင်ပြီး သူ့အခက်ကို မမြင်ရင် အလျှော့ပေးရေး ဖြစ်တက်ပါတယ်။ နိုင်ငံခြားဆရာကြီးတွေ လက်တွေ့ကျတာကိုလိုက်ပြီး ကိုယ်က 'လက်တွေ့ကျ' မိရင် ကိုယ်က သူတို့လို မဟုတ်တော့ အရှုံးပေးရေးဝါဒီပဲ ဖြစ်သွားမှာပါ။ သူတို့က မှားလည်း သူများနိုင်ငံသားတွေ ခံရတာပဲ၊ ကိုယ်ခံရတာမဟုတ် ဘူးလို့ သဘောထားတာပါ။ ကိုယ်ကတော့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်မိဘပြည်သူတွေရဲ့ အရေး ဖြစ်နေပါတယ်။ မတတ်ပဲနဲ့ သူများ ရေဒီယိုပြင်သူလို မှားလည်း သင်ခန်း စာရတာပေါ့လို့ သဘောထားလို့ မဖြစ်ပါ။
နောက်အပါတ်မှာတော့ ဗိုလ်သန်းရွှေစစ်အုပ်စုရဲ့ အခက်ကို တင်ပြပါမယ်။


အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့

လက်ရှိအခြေအနေမှာ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ တပ်မတော်သားများရဲ့ လက်ထဲမှာရှိနေသလို ဖြစ်နေပါပြီ။ ဒါကြောင့် စဉ်းစားကြဖို့ အချက် ၂ ချက် ကို ကျနော်တို့ တင်ပြချင်ပါတယ်။
ပထမအချက်က နိုင်ငံရေးအလုပ်ကို နိုင်ငံရေးသမားတွေရဲ့ လက်ထဲထားလို့ မဖြစ်ဘူး။ စစ်တပ်ကဝင်လုပ်မှ ဖြစ်မယ်။ မလုပ်ရင် တိုင်းပြည်ပြိုကွဲမယ် ဆိုပြီး စစ်တပ်က နိုင်ငံရေးဝင်လုပ်ခဲ့တာ ကြာပါပြီ။ နှစ်ပေါင်း ၄၀ တောင်ကျော်ခဲ့ပါပြီ။ အဲဒီလိုလုပ်တော့ တိုင်းပြည် ဘာဖြစ်သွားလဲ။ ပိုကောင်းသွားသလား၊ ပိုဆိုး သွားသလား။
ဒုတိယအချက်က ဒီလို စစ်တပ်က နိုင်ငံရေးလုပ်ခဲ့လို့ တပ်မတော် စည်းလုံးညီညွတ်ရေး ပိုကောင်းလာသလား။ ပျက်သွားသလား။ ကမ္ဘာမှာ ဗမာပြည်
လို စစ်တပ်တွင်း အုပ်စုလိုက်ဖယ်ရှားရ၊ အရေးယူရတာတွေမျိုး မရှိဘူးမဟုတ်၊ ရှိပါတယ်။ အဲဒါဟာ တချိန်က အာဂျင်တီးနားလို စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံမျိုးတွေမှာပါ။ အင်ဒိုနီးရှားမှာ ဆူဟာတို အာဏာသိမ်းတော့လည်း မျိုးချစ်ပြည်ချစ် တပ်မှူးတွေကို အုံလိုက်ကျင်းလိုက် ဖမ်းခဲ့၊ ဖြုတ်ခဲ့ပါတယ်။
ဒါကြောင့် ဒီနှစ်ချက်ကို လေးလေးနက်နက် စဉ်းစားကြစေချင်ပါတယ်။
ကျနော်တို့ အမြင်ကို ပြောပါမယ်။
နိုင်ငံရေးအလုပ် နိုင်ငံရေးသမားတွေလက်ထဲ မထားချင်တဲ့အတွေးအခေါ်ဟာ ၁၉၆၂ ခုနှစ်ကမှစခဲ့တာ မဟုတ်ပါဘူး။ အစောကြီးကတည်းက စစ် ခေါင်းဆောင်တွေထဲရှိတဲ့ အတွေးအခေါ်ပါ။ အဲဒီအတွေးအခေါ်နဲ့ပဲ အာဏာရနိုင်ငံရေးပါတီ (ဖဆပလ) ကို စစ်ဗိုလ်တွေက ဘေးကနေကြိုးကိုင်ခဲ့ပါတယ်။ ဘာလုပ် ပါ၊ ဘာမလုပ်ပါနဲ့လို့ ဘေးကနေအမိန့်ပေးနေခဲ့တာပါ။ အဲဒီလို နိုင်ငံရေးထဲဝင်ရှုပ်လို့ အာဏာရပါတီဖြစ်တဲ့ ဖဆပလကွဲသွားတာပါ။ နိုင်ငံရေးပါတီ ကွဲတော့ 'အိမ် စောင့်ပေးမယ်၊ တို့ အစိုးရ၀င်လုပ်မယ်' ဖြစ်လာပါတယ်။ အဲဒီ အိမ်စောင့်ပေးခဲ့တဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အခုဘယ်ရောက်နေပြီလဲ။ အတိုက်အခံ နိုင်ငံရေး သမား ဖြစ်နေပါပြီ။
၁၉၆၀ ရွေးကောက်ပွဲနိုင် အာဏာရပါတီ (ပထစ)ကိုကျတော့ ၁၉၆၂ ခုနှစ်မှာ 'မင်းဖယ်ပေး၊ ငါလုပ်မယ်' ဆိုပြီး အစိုးရတက်လုပ်ပါတယ်။ အိမ်စောင့် တာ မဟုတ်တော့ပါဘူး။ အိမ်ကိုသိမ်းလိုက်တာပါ။ အဲဒီလို ဗိုလ်မှူးကြီးတွေကော အခုဘယ်ရောက်နေပြီလဲ။ အတိုက်အခံနိုင်ငံရေးသမားတွေ ဖြစ်နေပါပြီ။
န၀တ ဆိုပြီးအာဏာလွှဲယူခဲ့ကြတဲ့ ဒု-ဗိုလ်ချုပ်ကြီးတွေကော အခုဘယ်ရောက်ကုန်ပြီလဲ။ သူတို့ဟာ အတိုက်အခံနိုင်ငံရေးကို ဗြောင်လုပ်ခွင့်မရလို့ တိုးတိုးတိတ်တိတ် အတိုက်အခံနိုင်ငံရေး လုပ်နေကြပါပြီ။ ဗိုလ်သန်းရွှေအကြောင်း ကျနော်တို့ တစွန်းတစသိရတာတွေဟာ သူတို့ဆီကရတာပါ။
အခု ဗိုလ်ခင်ညွန့်အစုကို ထောင်ထဲထည့်လိုက်ပြီ။ သူတို့ဆီက ဗိုလ်သန်းရွှေနဲ့ သူ့မီးဖိုချောင်ကက်ဘိနက်အကြောင်း ကျနော်တို့ ပိုပြီးသိလာရဦးမှာပါ။
ဦးနေ၀င်းလက်ထက်တုန်းက တိုင်းခန်လှည့်တဲ့အခါ ဒေါ်ခင်မေသန်း ပါလေ့မရှိပါဘူး။ သတင်းစာထဲမှာ ဦးနေ၀င်းနဲ့တွဲလျက်ဓါတ်ပုံ ပါဖို့တော့ ဝေးရော။
ဒေါ်ခင်မေသန်းက မီးဖိုချောင်ကက်ဘိနက်အလုပ်ကို အိမ်တွင်းမှာပဲပိပိရိရိလုပ်ပါတယ်။ အခု ဗိုလ်သန်းရွှေကတော့ တအိမ်ထောင်လုံး တိုင်းခန်းလှည့်ရာပါတယ်။ သတင်းစာက မျက်နှာဖုံးမှာဖော်ပြတယ်။ သူတို့ မရှက်ကြဘူးလား။ သတင်းစာဖတ်ပရိသတ်က ဘယ်လိုသဘောထားကြမလဲဆိုတာ သူတို့ မစဉ်းစားမိဘူးလားမ သိဘူး။
ဗိုလ်သန်းရွှေ ဘာကြောင့်အဲဒီလို အောက်ခြေလွတ်သွားတာလဲ။ ဗိုလ်သန်းရွှေရဲ့အရင်သမိုင်းမှာ ဒီလိုမကြားရဖူးပါဘူး။ ရှင်းရှင်းပြောရရင် အခုသူ့ကို အာဏာက ဖျက်ဆီးလိုက်တာပါပဲ။
ဒီနေ့ အတိုက်အခံနိုင်ငံရေးသမားတွေ စာရင်းချကြည့်ပါ။ ဘယ်သူတွေလဲ။ အဓိက အတိုက်အခံနိုင်ငံရေးပါတီ NLD မှာ စစ်ဗိုလ်ကြီးတွေချည်း လောက်ပဲ။ မကြာခင်မှာ အတိုက်အခံနိုင်ငံရေးပါတီ ဖြစ်လာမယ့် 'တစည' ပါတီထဲမှာလည်း စစ်ဗိုလ်ကြီးတွေချည်းပါပဲ။ အတိုက်အခံ စစ်ဗိုလ်တွေတိုးလာဦးမှာပါ။ ဒီ တခါ တိုးမှာက သက်ကြီးရွယ်အိုတွေ မဟုတ်ဘူး။ အရွယ်ကောင်း အားကောင်းမောင်းသန် ဗိုလ်မှူးအောင်လင်းထွဋ် (ငြိမ်း) လို စစ်ဗိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့သဘောထားက 'မိမိကိုယ်ကို လူထူထံပုံအပ်ရင်၊ သန်းရွှေစစ်အုပ်စုအကြောင်း သိသမျှဖွင့်ပြောရင်' ဘယ်သူ့ကိုမဆိုကြိုဆိုမှာပဲ။ တိုင်းချစ်ပြည်ချစ် စာ ရင်းဝင်မှာပဲ။ မျက်မှောက်အခြေအနေအရ တိုင်းပြည်အတွက် အရေးကြီးနေလို့ ဂိုဏ်းဂဏမထားဘဲ စည်းလုံးကြရမှာပါ။ ဒီနေ့ကာလဟာ ပြည်သူလူထုအပေါ် ပြစ် ဒဏ်ကျူးလွန်ဖူးသူတွေ ခ၀ါချဖို့ အချိန်ကောင်းတခုဖြစ်ပါတယ်။
စစ်ဗိုလ်တွေ အာဏာကိုင်ထားရင် အတိုက်အခံထဲမှာ စစ်ဗိုလ်ဟောင်းတွေ များလာမှာပဲဆိုတာလည်း တရားတခုပါ။
ဒီတရားနှစ်ခုကို ဗိုလ်သန်းရွှေစစ်အုပ်စု မလွန်ဆန်နိုင်ပါဘူး။
နိုင်ငံရေးလုပ်ငန်းမှာ နိုင်ငံရေးသမားတွေ လုပ်ခွင့်ရတာ လွန်ရောကျွံရော ၁၀ နှစ်သာသာပါ။ အဲဒီ ၁၀ နှစ်မှာ အာဏာရပါတီကို အတိုက်အခံပါတီက ပွင့်ပွင့်လင်းလင်း ဝေဖန်ပါတယ်။ ထိုးနှက်ပါတယ်။ အာဏာရှိနေတာပဲဆိုပြီး ထင်ရာစိုင်းလို့မရပါဘူး။ ရွေးကောက်ပွဲဝင်ပြီး လူထုအဆုံးအဖြတ်ခံရပါတယ်။ ဖဆပလ ကွဲတာဟာ မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာမဲရှုံးလို့ ဖဆပလအတွင်း ဝေဖန်ရေးလုပ်ရင်းက ကိုယ့်ကိုယ်ကို စစ်ဆေးရင်းကကွဲတာပါ။ စစ်အုပ်စုက ၀င်မရှုပ်ရင် ဗမာပြည်ရဲ့ နိုင်ငံရေးက ဒီမုကရေစီစနစ်နဲ့ အသားကျသွားမှာပါ။
ဖဆပလ အာဏာရပါတီက အာဏာမဲ့အတိုက်အခံကို ဖိနှိပ်တာရှိပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းအစိုးရက ဖိနှိပ်တာလောက် မပြင်းထန်ပါဘူး။ စစ်အာဏာသိမ်းအစိုးရကတော့ ကြာလေကြမ်းလေပါ။ မဆလခေတ်နဲ့ န၀တခေတ်တောင်မတူပါဘူး။ န၀တခေတ်နဲ့ သန်းရွှေနအဖခေတ်လဲမတူပါဘူး။ ကြာလေ ကြမ်းလေပါ။
နိုင်ငံရေးပါတီမှာ ပါတီတွင်းဒီမိုကရေစီရှိပါတယ်။ အထိန်းအချုပ်ရှိပါတယ်။ စစ်တပ်မှာ ဒီမိုကရေစီမရှိပါဘူး။ ဗျူရိုကရေစီပဲ ရှိပါတယ်။ စစ်တပ်တိုင်း ဒီ အတိုင်းဖြစ်ရမှာ ဓမ္မတာပါ။ ဒါပေမယ့် သူ့ရဲ့ အထက်မှာ အာဏာရပါတီအစိုးရတခု ရှိနေပြီး ထိန်းကွပ်ပေးနေတာ ရှိရပါတယ်။
စစ်အာဏာသိမ်းအစိုးရမှာတော့ အထိန်းအကွပ် မရှိပါဘူး။ သူပဲအစိုးရအကြီးအကဲ၊ သူပဲကာကွယ်ရေးဝန်ကြီး။ သူပဲစစ်တပ်ဦးစီးချုပ် လုပ်လုပ်နေတာ ပါ။ အဲဒီတော့ ကမောက်ကမတွေဖြစ်၊ ကြမ်းကြမ်းတမ်းတမ်းကိုင် ဖြစ်ရတာပါပဲ။
ဗိုလ်သန်းရွှေကို ကြည့်ပါ။ နိုင်ငံတော် အကြီးအကဲလုပ်တယ်။ စစ်ဦးစီးချုပ်လုပ်တယ်။ ကာကွယ်ရေးဝန်ကြီးလုပ်တယ်။ အဲဒီတော့ ကမောက်ကမ ဖြစ် တာ ပါပဲ။ နအဖအစိုးရ တန်းစီဇယားမှာ ကာကွယ်ရေးဝန်ကြီးကို ရှေ့ ဆုံးမှာထားရတာဖြစ်လာပြီး ဝန်ကြီးချုပ်က နောက်ကနေတာ ဖြစ်ရရောမဟုတ်လား။
ကာကွယ်ရေးဝန်ကြီးနေရာ သူများပေးလို့လည်း မဖြစ်ဘူးလေ။ ကာကွယ်ရေးဝန်ကြီးလက်အောက်က စစ်ဦးစီးချုပ်နေရာကိုယူထားမှ စစ်တပ်တခုလုံး ကိုကိုင်နိုင် အမိန့်ပေးနိုင် မဟုတ်လား။
အဲဒီကမောက်ကမက ဒီမှာတင် ရပ်နေတာမဟုတ်ပါဘူး။ ရေးဆွဲနေတဲ့ အခြေခံဥပဒေမှာ ပါလာနေပြီ။ အလိုတော်ရိ ဥပဒေပညာရှင်တွေလည်း အခြေခံဥပဒေကို ပြေပြစ်အောင်ရေးဖို့ အတော်ခေါင်းခဲနေတယ်လို့ ကြားရတယ်။ သမ္မတဖြစ်သွားမယ့် စစ်ဦးစီးချုပ် (အဟောင်း) နဲ့ နောက်တက်လာမယ့် စစ် ဦးစီးချုပ် (အသစ်) ကို အာဏာခွဲဝေပေးတာမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် အရေးရခက်နေတယ်လို့ ဆိုပါတယ်။
ညောင်နှစ်ပင်က ပေါ်ထွက်လာမယ့် 'အခြေခံဥပဒေ' ဆိုတာကြီးဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ ကျနော်တို့မျှော်လင့်နေပါတယ်။ ကမောက်ကမ လူရယ်စရာကြီးဖြစ်မှာ သေချာသလောက်ပါပဲ။ ကမ္ဘာ့ဗိုလ်ပုံအလယ်မှာ အရှက်ကွဲတော့မှာပါ။ နှစ်တွေဆယ်စုနှစ်ချီပြီး ဖီးလိမ်းပြင်ဆင်လိုက်တာ ထွက်လာတော့လဲ 'ကြက်တောင်စီး' နဲ့ ဆိုသလို ဖြစ်မှာပါပဲ။
စစ်တပ်က စစ်တပ်အလုပ်ကိုမလုပ်ဘဲ နိုင်ငံရေးအလုပ်လုပ်နေလို့ ခက်နေတာပါ။ နိုင်ငံရေးသမားကွဲလို့က တိုင်းပြည်မနာပါဘူး။ သူတို့အတွင်းရေး သိရလို့ ပြောစရာကြီးတောင်ဖြစ်ပါတယ်။ ဖဆပလအကွဲ မီလိုက်သူတွေသိကြပါတယ်။
အာဏာရ နိုင်ငံရေးပါတီကွဲရင် လူထုကပညာရပါတယ်။ အာဏာရစစ်တပ်ကွဲရင် ပြည်တွင်းစစ်ပဲရမှာပါ။ ဗိုလ်သန်းရွှေစစ်အုပ်စုက နိုင်ငံရေးသမား တွေရဲ့ဂိုဏ်းဂဏကြောင့် တိုင်းပြည်နစ်နာရတယ်လို့ ပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံရေးသမားတွေက ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ဖို့လုပ်လိုက်တိုင်း စစ်တပ်ကကြားက ဝင်ဖျက်တာချည့်ပါ။ ဖဆပလကွဲတာဟာ SAMB ရဲ့ဆန်ကိစ္စမှာ အခြေခံတာဖြစ်ပါတယ်။ အခုလဲ ထောက်လှမ်းရေးနဲ့ ကိစ္စမှာ ဖောက်ခွဲတဲ့ကိစ္စက ဂျီအက်စ်အမ်တယ်လီဖုံးကိစ္စလို့ ပြောနိုင်ပါတယ်။ ဒီလက်ကိုင်ဖုံးလုပ်ငန်းဟာ ဗမာပြည်မှာအာဏာရစစ်ဗိုလ် အသိုင်းအဝိုင်းနဲ့ တိုက် ရိုက်ပတ်သတ်နေတာပါ။ စန္ဒာဝင်းလက်ထက်တုန်းက ရဲလှိုင်ဝင်းတို့ရဲ့စားပေါက်၊ အခု ဗိုလ်သန်းရွှေလက်ထက်ကျတော့ ထူးထရေဒင်က တေဇရဲ့ စားကွက်ဖြစ် သွားပါပြီ။ ဒီလိုပဲစားခွက်လုပွဲဟာ အာဏာလုပွဲတွေသဏ္ဌာန်နဲ့ ဆက်ဖြစ်နေဦးမှာပါ။ ဒါပေမယ့် စစ်အုပ်စုတွင်းပဋ္ဋိပက္ခဟာပြည်တွင်းစစ်ဆီကို ရောက်သွားနိုင်တယ် ဆိုတဲ့အကြောင်း ကျနော်အထက်မှာ ပြောခဲ့ပါပြီ။
ဒါကြောင့် ပြည်တွင်းစစ်မဖြစ်အောင် တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ တားဆီးကြစေချင်ပါတယ်။ ပြည်သူ့လက်ထဲ အာဏာပြန်ရောက်ရေးဟာ ဒီနေ့အတွက် အရေးအကြီးဆုံးပါ။ ဒါကိုနောက်တပါတ် တင်ပြပါမယ်။


ဘယ်လိုလုပ်မလဲ

ဗိုလ်သန်းရွှေ တော်လှန်ရေးနေ့မှာ (တပ်မတော်နေ့ဆိုတာမှာ) ပြောတဲ့အထဲမှာ အထူးအဆန်းတခု သွားတွေ့ပါတယ်။ အရင်က မပါဖူးဘူးထင်တာပါ ပဲ။ အဲဒါကတော့ 'နိုင်ငံရေးအရ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ' ဆိုတာပါ။ အဲဒါရှိမှ ပြည်သူ့လက်အာဏာပြန်အပ်မယ်လို့ ဗိုလ်သန်းရွှေကပြောပါတယ်။ ခါတိုင်း ပြောနေကျက 'နိုင်ငံရေးအရ' ဆိုတာပါလေ့မရှိပါဘူး။ 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ' လို့ပဲတွေ့ဘူးပါတယ်။ အဲဒါကတော့ နဝတ စတက်ကတည်းကကြားရတဲ့ စကားပါ။
သူတို့က ၁၉၈၈ ခုနှစ်လူထုအုံကြွမှုကို မင်းမဲ့စရိုက်သောင်းကျန်းမှုလို့ ပြောနေကျပါ။ ဒါကြောင့် လူထုကိုစည်းကမ်းရှိဖို့ပဲ ပြောပါတယ်။ လူထုကိုပဲ ဦး တည်ဖိနှိပ်ပါတယ်။ ကျိုးနွံသွားအောင် နည်းမျိုးစုံသုံးပါတယ်။ အတင်းအဓမ္မလုပ်အားပေးခိုင်းတာ၊ ပေါ်တာဆွဲတာ၊ ထစ်ခနဲရှိရင်ထောင်ချတာလုပ်ပါတယ်။ ဝန်ထမ်း တွေကိုတော့ စာမေးပွဲဖြေခိုင်းပါတယ်။ တပ်ကြပ်ကြီးကို အလေးပြုတက်အောင် သင်ပေးပါတယ်။ ဗိုလ်ချုပ်တွေကို လက်အုပ်ချီရတဲ့အထိဖြစ်အောင်ပုံသွင်းပါတယ်။ စစ်ဗိုလ်ချုပ်တွေကို ဆွေစဉ်မျိုးဆက် ပြန်မလှန်ဝံ့အောင် လုပ်တာပါ။
လူထုကိုကျိုးနွံအောင်လုပ်ပြီးလို့ အခုတော့နိုင်ငံရေးပါတီတွေဘက် လှည့်လာတာပါ။ NLD ဦးလွင်ရဲ့ပြောစကားအရဆိုရင် NLD ရဲ့ပါတီစည်းကမ်း ထိန်း သိမ်းရေးကို နအဖလုပ်နေတာလားလို့ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်စုကြည်ကိုထုတ်ခိုင်းတာက နအဖ။ အခု NLD ပါတီဝင်တွေကိုထုတ်ခိုင်းတာက လဲ နအဖ။ နိုင်ငံရေးပါတီတွေကို ဦးချိုးနေပါပြီ။ ငြိမ်းအဖွဲ့တွေကို ဦးချိုးတာကတော့ အားလုံးအထင်အရှားတွေ့နေရပါတယ်။ ဒါတွေကြောင့်သန်းရွှေက 'နိုင်ငံရေး အရ' ကိုအထူးပြု ပြောလာတာဖြစ်မှာပါ။
ကျနော်တို့အမြင် ပြတ်ပြတ်ပြောရစေ။ နိုင်ငံ့အရေးကိုဦးထိပ်ထားတဲ့ ပြည်ချစ်များအနေနဲ့ကွန်မြူနစ်များဟာ NLD ဦးချိုးမခံရအောင်အစွမ်းကုန်ဝိုင်းဝန်း ပါမယ်။ စေ့စပ်ဆွေးနွေးရေးတံခါး ပွင့်အောင်ကြိုးစားပါ့မယ်။ အခုတင်ပြနေတာတွေက ပုန်ကန်ဖို့ပြောနေတာမဟုတ်ပါဘူး။ NLD ခေါင်းဆောင်မှု၊ ပြည်သူလူထုပါဝင် မှုနဲ့ တပ်မတော်ထဲကအမြော်အမြင်ရှိသူတွေ ပေါင်းစည်းပြီးစေ့စပ်ရေးတံခါးကို တွန်းဖွင့်ဖို့ပါ။
စေ့စပ်ဆွေးနွေးပွဲလုပ်ရင် NLD မျိုးဆက်ဟောင်းတွေ ခေါင်းဆောင်ပြီးဆွေးနွေးတာအကောင်းဆုံးပါ။ အမှန်ပြောရရင်ဦးအောင်ရွှေ မြောက်ပိုင်းတိုင်းမှူး လုပ်တုံးက ဗိုလ်သန်းရွှေကဗိုလ်ကြီးဖြစ်ကာစပါ။ ဦးတင်ဦး ဦးစီးချုပ်လုပ်တော့ ဗိုလ်သန်းရွှေဟာ အလယ်အလတ်စစ်ဗိုလ်ပါ။ ဦးလွင်ဒု-ဝန်ကြီးချုပ်လုပ်တော့ သူက ခရိုင်အဆင့် လောက်ပဲရှိမှာပါ။
ဗိုလ်ခင်ညွန့်အာဏာရှိတုန်းက သူ့ကိုသွားပြီးဂါရဝပြုရတဲ့ ပုံမျိုးဖြစ်အောင်လုပ်လေ့ရှိပါတယ်။ နံနှိမ်တာပါ။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့် ပုဆိုးဂွင်း သိုင်းနဲ့ဂွေလှိမ့်နေတုန်းက ဝါရင့်တွေက ဂျပန်တော်လှန်ရေးလုပ်နေတာပါ။ အာဏာမာန်တက်ပြီး သူတို့ပြုသမျှ ခံရမယ်ဆိုတာကို ကျနော်တို့ လက်မခံပါဘူး။
၁၉၆၃ စေ့စပ်ဆွေးနွေးတုန်းက ဗကပက အဲဒီလိုနံနှိမ်တာမခံခဲ့ပါဘူး။ အစည်းအဝေးမှာထိုင်ဖို့ နေရာချတာ၊ အစည်းအဝေးခန်းဝင်တာကအစ တန်းတူ ဖြစ်အောင် ကြိုတင်ညှိထားပါတယ်။ 'အာဏာ' ကို ရိုကျိုးပြလို့မဖြစ်ပါဘူး။ ဗိုလ်ခင်ညွန့်ဗြဟ္မာ့ပြည်တဝင်းဝင်း ဘဝတုန်းကထွင်ခဲ့တဲ့ဟာကို အစဉ်အလာအဖြစ်မခံ သင့်ပါဘူး။ ကိုယ့်နောက်မှာ ပြည်သူလူထုရှိတဲ့ဘက်က လက်မထောင်ရမှာပါ။
အဲတော့ အထက်မှာပြောခဲ့တာကို ချုပ်ပြောရရင် .....
နအဖအစိုးရနဲ့ စေ့စပ်ဆွေးနွေးတယ်ဆိုရင် NLD မျိုးဆက်ဟောင်း ခေါင်းဆောင်စုနဲ့ဆွေနွေးတာဟာ အကောင်းဆုံးပါ။ ဘာကြောင့်လဲ ဆိုတာ အထူးမပြောတော့ပါဘူး။
စေ့စပ်ဆွေးနွေးပွဲ ဘယ်လိုမှမဖြစ်တော့တာသေချာရင် NLD မျိုးဆက်သစ်ခေါင်းဆောင်စုကသာ ဒီမိုကရေစီအလံကို သယ်ဆောင်ဖို့သင့်ပါတယ်။ အဖိုးကြီးတွေနဲ့ မဖြစ်ပါဘူး။
ကျနော်တို့အနေနဲ့ အစဉ်အလာလုပ်နည်းတွေကို ဘေးချိတ်ပြီးအခုလို ရေဒီယိုကတဆင့်ပြောတယ်ဆိုတာဟာ အင်မတန်အလေးထားလို့ ဖြစ်ပါတယ်။ အဖက်ဖက်စဉ်းစားပြီးမှ အကောင်းဆုံးနည်းလမ်းအနေနဲ့ အကြံပြုတာဖြစ်ပါတယ်။
ဗကပက NLD ကိုဝိုင်းဝန်းပါမယ်။ မိမိရဲ့သီးခြားလမ်းစဉ်အရလုပ်ငန်းကို မိမိဖာသာသီးခြားလုပ်ပါမယ်။ NLD ကိုဝန်းဝိုင်းတာနဲ့ မရောထွေးစေရပါဘူး။ ဗကပက U/G ပါတီပါ။ မသကာလို့ လက်နက်ကိုင်တိုက်ပွဲ (A/S) ပြန်လုပ်ရလည်း ဒီမိုကရေစီရေးအတွက် တိုက်ဝံ့ပါတယ်။ တိုက်နိုင်ပါတယ်။ တိုက်တက်ပါတယ်။ ငြိမ်းချမ်းစွာကူးပြောင်းရေးကို လိုချင်လွန်းလို့၊ စေ့စပ်ရေးတံခါးတွန်းဖွင့်ဖို့တင်ပြနေတာပါ။ တွန်းဖွင့်နိုင်သူတွေက ရှေ့မှာပြောခဲ့သလို NLD၊ လူထုနဲ့ အမြော်အမြင်ရှိတဲ့ တပ်မတော်သားတွေသာ ဖြစ်ပါတယ်။ အဲဒီလူထုဆိုတဲ့အထဲမှာ ကျနော်တို့ကွန်မြူနစ်တွေကို တွေ့ရပါစေ့မယ်။ ရှေ့ တန်းက တွေ့ရပါစေ့မယ်။

၊ရဲဘော်ဖိုးသံချောင်း၊

SYUDY DESK PUBLICATION မှ မှာယူရရှိနိုင်သော လေ့လာရန်စာအုပ်စာတန်းများ

၁။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနှင့်မီဒီယာလောက အင်တာဗျူးများ
၂။ တော်လှန်ရေးနှင့်ဦးဆောင်မှုပြဿနာ
၃။ အစိုးရလက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ် (မြေယာပြဿနာ)
၎။ ပြည်တွင်းစစ်ပြဿနာ၊ ပြည်ထောင်စုပြဿနာ (၂၀ ရာစုမှ ၂၁ ရာသို့ ယူဆောင်လာခဲ့ရသည့် မပြီးပြတ်သေးသည့် ပြဿနာများ)
၅။ ကျောင်းသား - ထောင် - တော်လှန်ရေးသမား (ရဲဘော်ဖိုးသံချောင်း)
၆။ ပြည်သူ့သူရဲကောင်းများနေ့ အထိမ်းအမှတ်ကဗျာများ
၇။ ဧရာ - မြစ်ဝါ - ဂင်္ဂါ (နိုင်ငံတကာစာပေမဂ္ဂဇင်း)

STUDY DESK PUBLICATION
F - 15, Vikas Puri
New Delhi. 110018 India
sdpublication@yahoo.co.in
maungpauk@yahoo.com

အပြည့်အစုံသို့...

Monday, 4 February 2008

“အကောင်းဆုံးကိုမျှော်လင့်ပါ ၊ အဆိုးဆုံး အတွက်ပြင်ဆင်ပါ”


ဒေါ်အောင်ဆန်းစုကြည်၏ “အကောင်းဆုံးကိုမျှော်လင့်ပါ ၊ အဆိုးဆုံး အတွက်ပြင်ဆင်ပါ” ဟူသည့်မှာကြားချက်အပေါ် ရဲဘော်ဖိုးသံချောင်း၏ သဘောထားရှုမြင်သုံးသပ်ချက်။

ရဲဘော်ဖိုးသံချောင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ ဗမာပြည် ကွန်မြူနစ်ပါတီ)
“ဒေါ်စုပြောတဲ့ ဒီစကားကို အလေးအနက် ထားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့ လဲဆိုတော့ သူဟာ အခြေအနေတခု၊ အထူးသဖြင့် သူစကားပြောနေရတဲ့ အခြေအနေတခု အပေါ်ကနေ ပြောတဲ့စကားပါ။ သူအရင်က မပြောဖူးပါဘူး။ ဒါဟာသူစကားပြောတဲ့ စကားဝိုင်း က တိုးတက်ဖြစ်ထွန်းမှုတခုလို့ ထင်ပါတယ်။
ကျနော်တို့က ပြင်ဆင်သင့်တာကတော့၊ အဆိုး ဆုံးအတွက်ဆိုတာက တတိုင်းတပြည်လုံး နအဖရဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေ ရင်ဆိုင်နိုင်ဖို့ ပြင်ရမှာပါ။ အဲဒီအတွက် ဖွဲ့စည်းမှုသဏ္ဍန်မျိုးစုံကို တည်ဆောက်ရမယ်လို့ ထင်ပါတယ်။ နောက်ပြီး အချင်းချင်းညီညွတ်မှုကို ရှေ့တန်းတင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ အခုပြည်ပ မှာ အချင်းချင်းညီညွတ်ရေး လုံးလုံးမရှိဘူး။ အထဲကနည်းနည်းငြိမ်သွားရင် အပြင်ကပွက် လောညံတာ စိတ်မကောင်းစရာပဲ။ အဲဒါတွေကို ထိန်းချုပ်ပြီးတော့ အချင်းချင်း အငြင်းပွားမယ့် ပြဿနာတွေကို ဘေးချပြီးတော့ အထဲမှာက အချိန် သိပ်မရှိတော့ဘူး၊ ကျနော်တို့ ဖိပြီးလုပ် ကြရမှာ။ နို့မဟုတ်လို့ရှိရင် နအဖက ကြိုက်သလို လုပ်ခွင့်ရသွားရင် ကျနော်တို့ နောက်ထပ်နှစ် ပေါင်းများစွာ တကွေ့တပတ်ကြီး ပြန်လျှောက်နေရအုံးမှာ။
နအဖ အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လုပ်မှာမဟုတ်ဘူး။ ဒါကို ဒေါ်စုကလည်း သိနေတယ်။ ဒါက နိုင်ငံရေးစကားနဲ့ ပြောရင် ဒေါ်စုပြောတာက ဝါဒဖြန့်ချိရေး ကြွေးကြော်သံလို့ ခေါ်ပါတယ်။ ဆိုလိုတာက စစ်အစိုးရရဲ့ သဏ္ဍာန်ကို ဖွင့်ချတဲ့ တင်ပြချက်ဖြစ်တယ်။ တကယ့် တကယ် လုပ်မရဘူးဆိုတာ သူမသိလို့ မဟုတ်ဘူး။ သိတယ်။ ဒါကို သူဖွင့်ပြခြင်းအားဖြင့် တခြားဟာတွေမှာ ပိုအားရှိအောင် တင်တဲ့ဟာ ဖြစ်တယ်။ ကျနော်တို့က ငြိမ်နေလို့ရှိရင် သူတို့ က စည်းရုံးရေးတွေလုပ်၊ လမ်းပြမြေပုံကို အစအဆုံး အကောင်အထည် ဖော်ပြီးတော့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ဖြစ်အောင် လုပ်မှာပဲ။
ကျနော်တို့ လုပ်မယ့်ဟာတွေကို သူတို့က ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေမှာပဲ။ ပြည်သူလူထုထဲ က တက်ကြွတဲ့ အင်အားစုတွေ အနေနဲ့ သဏ္ဍာန်မျိုးစုံသော တိုက်ပွဲမျိုးတွေကို ရင်ဆိုင်ဖို့အ တွက် စနစ်ကျတဲ့ အဖွဲ့အစည်းတွေကို မြေပေါ်သဏ္ဍန်ဖြစ်ဖြစ်၊ မြေအောက်သဏ္ဍန်ပဲဖြစ်ဖြစ် စနစ်ကျကျနဲ့ တည်ဆောက်ထားပြီး အချင်းချင်း ဆက်သွယ်မှု ရှိကြပြီး တပြည်လုံး လက်ခံတဲ့ အဆောက်အဦမျိုး လုပ်ဖို့လိုပြီလို့ ထင်တယ်။ ပြည်သူလူထုကတော့ စားဝတ်နေရေးနဲ့ ခေါင်းမ ဖော်နိုင်ဘူး။ အဲဒီတော့ တက်ကြွတဲ့ အင်အားစုက ဆွဲခေါ်ရင် ပါလာမှာပဲ။ တက်ကြွတဲ့ အင် အားစုတွေအနေနဲ့ အဆိုးဆုံးကို ရင်ဆိုင်ပြီး ပိုမိုအရှိန်အဟုန်မြင့်တဲ့ တိုက်ပွဲတွေဖြစ်ဖို့ ပြင်ဆင်ဖို့ လိုပြီလို့ ထင်ပါတယ်”။

မဇ္ဈိမ internet သတင်းဌာနမှ ကူးယူသည်။
31,january, 2008
interview တင်ဆက်သူ- ကိုထိန်လင်း (မဇ္ဈိမ)

အပြည့်အစုံသို့...

ဗမာပြည်က စစ်အာဏာရှင်များနှင့် လူထုသတင်းစာ



ကျနော်တခါတခါ ကိုယ့်ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ အထူးသဖြင့် အဖမ်းခံနေရတဲ့ ကာလအတွင်း၊ တိုက်ထဲမှာ တယောက်တည်းနေရတုန်းမှာ
ကိုယ့်အကြောင်းတွေကိုယ် ပြန်စဉ်းစားကြည့်တဲ့အခါ ငါ့ဘ၀ရဲ့အစောဆုံး ဘယ်အပိုင်းကိုမှတ်မိသလဲလို့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ကျနော့်ခေါင်းထဲမှာ မှတ်မှတ်ရရပေါ်လာတာတခုက မန္တလေးမြို့ကို သူပုန်တွေကသိမ်းတဲ့အချိန်၊ ကျနော်တို့မိသားစုကို သတ်ဖို့စီစဉ်ကြတဲ့ကိစ္စ၊ ကျနော်တို့အိမ်က ပုံနှိပ်တိုက်ကြီးကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စ၊ အဲဒါ ကျနော်အစောဆုံးမှတ်မိတာပဲ။
ကျနော်တို့မိသားစုကို သတ်ဖို့ပြင်တယ်ဆိုတဲ့ကိစ္စဟာ အခုအခါမှာကြားဖူးသူ အတော်ရှား မယ်ထင်တယ်။ သိတဲ့သူလည်း နည်းမယ်ထင်တယ်။ စာတွေဘာတွေထဲမှာ သိပ်ပြီးမပါဖူးဘူး။ အဲဒီတုန်းက သတ်မယ်လုပ်သူဟာ အဲဒီတုန်းက မန္တလေးမြို့ထဲကိုဝင် ကြတဲ့ သူပုန်တွေမဟုတ်ပါဘူး။ မန္တလေးမြို့ကိုဝင်တဲ့ သူပုန်တွေကမျိုးစုံပါ။ ကျနော် သိသလောက်ဆိုရင် ကွန်မြူနစ်ပါတီလည်းဝင်တယ်။ ကရင်လည်းဝင်တယ်။ ရဲ ဘော်ဖြူလည်းဝင်တယ် (ရဲဘော်ဖြူဆိုတာက ပြည်သူ့ရဲဘော်ကိုပြောတာပါ) ဒါပေမဲ့ သူတို့ကသတ်ဖို့လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့မိသားစုကို သတ်ဖို့လုပ်တာ က အစိုးရတပ်ပါ။
ကျနော့်မျက်စေ့ထဲက မထွက်နိုင်တဲ့ အဲဒီတုန်းကအဖြစ်အပျက်တွေကို ကျနော်ပြန်ပြောပြပါ့မယ်။ အဲဒီတုန်းက ကျနော်တို့နေကြတာဟာ အခု ၈၄ လမ်းနဲ့ ၃၃ လမ်းထောင့်က လူထုတိုက်နေရာမဟုတ်ပါဘူး။ လက်ရှိနေရာမှာက အဲဒီတုန်းက ဒုတိယမ္ဘာစစ်တုန်းက ဗုံးကျထားတဲ့တိုက်ပျက်အုတ်ခဲပုံကြီး။ အဲလို အုတ်ခဲပုံကြီး ပေါ်မှာတဲလေးတလုံးထိုးပြီး ဘလောက်လုပ်ငန်းလုပ်နေတဲ့ မြသီတာ ဘလောက်တိုက်ဆိုတာပဲ ငုတ်တုတ်ရှိပါတယ်။ ကျနော်တို့က အခုဝင်းလိုက် ရုပ်ရှင်ရုံရဲ့တောင်ဘက်က တအိမ်ခြား၊ နောင်မှာ ဦးချမ်းစားသောက်ဆိုင် ဆိုတာဖြစ်လာတဲ့ ရွှေကုန်သည် ဦးသိန်းမောင်တို့ရဲ့တိုက်ကို အောက်ထပ်မှာငှားပြီး နေကြ တာပါ။ သူတို့အိမ်ရှင်များက အပေါ်ထပ်မှာ နေကြပါတယ်။ ကျနော်တို့ တိုက်မျက်နှာစာမှာတော့ အမေတို့အဖေတို့က စာအုပ်ဆိုင်လေးလို လုပ်ထားပါတယ်။ ကိုယ့် တိုက်က ထုတ်တဲ့စာအုပ်တွေရော အခြားစာအုပ်တွေပါရောင်းပါတယ်။ ပုံနှိပ်စက်က ကျနော်တို့နောက်ဖေးက ကျနော့်အဖိုးအဖွားများရဲ့ ဂုန္တန်ဝင်းထဲမှာပါ။ ၀ါးကပ် တဲ အရှည်ကြီးတခုထဲမှာ ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်တုန်း ကပါ၊ ကျနော်ထင်တယ် (၄၉) ခုနှစ် အစောပိုင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်မှာနွေခေါင်ခေါင်ကြီး မဟုတ် သေးပါဘူး။ နွေဦးပေါက်စ ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။ ကျနော် အသက်သုံးနှစ်ကျော်ပေါ့၊ ဒါပေမဲ့ မန္တလေးဆိုတော့ရာသီဥတုက နေ့လည်မှာပူပါတယ်။ အဲဒီရက်က ကျနော့်မိဘတွေက ဘယ်ကနေဘာသတင်းရထားတယ် ကျနော်မသိပါဘူး။ ကျနော်ကသိပ်ငယ်ပါတယ်။ ကျနော်တို့မိသားစုတစုလုံး တထိတ်ထိတ် တလန့်လန့်နဲ့ နေကြတာကိုပဲ ကျနော်မှတ်မိနေတယ်။ အဲဒီနေ့မှာကျတော့၊ ကျနော်တို့အိမ်ထဲကို အစိုးရစစ်သားတွေ ခဏခဏ၀င် ၀င်လာတာလဲ ကျနော်မှတ်မိနေတယ်။ နောက် တခါ ကျနော်တို့တတွေ အဖေနဲ့အမေအိပ်တဲ့ မင်္ဂလာဆောင်ခန်းဝင်ကုတင်ကြီးရဲ့ နောက်မှာအားလုံးထိုင်ပြီး ပုန်းနေကြတယ်။ အဖေနဲ့အမေတို့က မင်္ဂလာဆောင် တာ မန္တလေးမှာဆောင်တာ၊ ဒါပေမယ့် အဖေက ခန်းဝင်ပစ္စည်းတွေကို ရန်ကုန်ဘုံဘေဘားမားကုမ္ပဏီကနေ ၀ယ်လာတာ။ ခုနကပြောတဲ့ ကုတင်ကြီးက ဧရာမ ကျွန်းကုတင်ကြီး။ ခေါင်းရင်းပိုင်းကအကာဟာ ငါးပေလောက်မြင့်မယ်ထင်တယ်။ အဲဒီအကာကြီးနဲ့ အုတ်နံရံအကြားမှာ ကျနော်တို့မိသားစုခြောက်ယောက်။ အဲဒီ တုန်းက ကျနော်ညီအငယ်ဆုံး မမွေးသေးပါဘူး။
ကျနော်တို့အားလုံးထိုင်ပြီးပုန်းနေကြတာ။ အတော်ကြာပါတယ်။ ဘယ်နှနာရီရှိမလဲတော့ မမှတ်မိတော့ဘူး။ ဒီလိုနဲ့အစိုးရစစ်သားတွေ အိမ်ထဲကို ၀င် လာတာ ထပ်ကြားတယ်။ ကျနော်တို့တတွေ မျက်ရိပ်ပြပြီး တိတ်တိတ်ကလေး ထိုင်နေကြတယ်။ ကျနော်တို့အခန်းက ခပ်မှောင်မှောင်ရယ်၊ ဒါပေမဲ့ အခန်းသုံးခန်း ထဲသာရှိတဲ့အဲဒီနေရာမှာ ကျနော်တို့ကိုအဲဒီစစ်သားတွေက ခဏနဲ့ပဲရှာတွေ့သွားတယ်။ သူတို့လက်ထဲမှာ သေနတ်တွေနဲ့ စစ်မြေပြင်ဆင်းတဲ့ပုံစံအပြည့်ပဲ။ ဗိုလ်လုပ် တဲ့သူက ကျနော်တို့ အားလုံးထွက်ခဲ့ပေါ့။ သူတို့နဲ့ လိုက်ခဲ့ဖို့ပြောတယ်။ အဲ့တော့ ပုန်းနေတဲ့ကုတင်နဲ့နံရံကြားက ကျဉ်းကျဉ်းလေးမို့ အဖေတို့အမေတို့ တယောက် ချင်းထွက်ကြရတယ်။ ဒီအခါမှာ ကျနော်နဲ့ ကျနော့်အကိုဟာ တူတူပုန်းတဲ့အခါ ကစားလေ့ရှိတဲ့အတိုင်း တယောက်ကိုတယောက် လှမ်းကြည့်ပြီး အဲဒီကုတင်ကြီးရဲ့ အောက်ထဲကို အသာလှည့်ဝင်ပြီး ပုန်းနေလိုက်ကြတယ်။ အခန်းက ခပ်မှောင်မှောင်ဆိုတော့ စစ်သားတွေလည်း သတိမထားမိလိုက်ကြဘူး။ အဖေနဲ့အမေနဲ့၊ အမနဲ့ နှမပေါ့လေ သူတို့ကိုပဲခေါ်သွားပြီးတော့ ကျနော်တို့နှစ်ယောက်တည်းကျန်နေခဲ့ကြတယ်။ ကျနော်တို့နှစ်ယောက် ကုတင်အောက်မှာ တယောက်မျက်နှာတယောက် ကြည့်ပြီးပြုံးနေခဲ့ကြတယ်။ ဘာရယ်မဟုတ်ဘူး၊ ကလေးပြုံးပြုံး ကြတာပဲ။
နောင်မှာ ကျနော်တို့ကြီးလာကြတော့လည်း ဒီကိစ္စဘာမှ ပြန်မမေးဖြစ်ဘူး။ တယောက်နဲ့တယောက် ဒီအကြောင်း စကားမစပ်ကြတော့ဘူး။ ကျနော် တို့ မိဘတွေနဲ့တောင် ပြန်မပြောမိကြတော့ဘူး။ ပြန်မစဉ်းစားချင်တော့တဲ့ တခုကိစ္စလိုဖြစ်သွားတယ်။ ဒီလိုနဲ့အတော်လေးနေတော့မှ “နှစ်ယောက် လိုသေးတယ်၊ နှစ်ယောက်လိုသေးတယ်” ဆိုပြီး စစ်သားတွေပြန်ဝင်လာတယ်။ အဲဒီကျတော့ ကျနော်တို့ပုန်းလို့မရတော့ဘူး။ တွေ့သွားတော့ ကျနော်တို့နှစ်ယောက်ကို ကုတင့် အောက်ကထွက်လာခိုင်းတယ်။ နောက်အပြင်ကို ထုတ်လာတော့ အပြင်မှာကျနော့်အဖေ၊ ကျနော့်အမေ၊ ကျနော့်အမနဲ့ကျနော့် နှမတို့ကိုတွေ့ရတယ်။ ၀င်းလိုက် ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင် ကျနော့်အဖိုးနဲ့ အဖွားပိုင်တဲ့ အောင်မြန်မာစက္ကူဆိုင် ဆိုတာရှိတယ်။ တထပ်တိုက်တန်းကြီး တခုပါ။ အဲဒီ တထပ်တိုက်တန်းဟာ အုတ်ခုံ အမြင့်ခံပြီး ဆောက်ထားတာပါ။ အဲဒီအရှေ့မှာပဲ အားလုံးကိုတန်းစီပြီး ရပ်ခိုင်းထားတာတွေ့ရတယ်။ ကျနော်တို့ညီအစ်ကိုလည်း ကျန်တဲ့မိသားစုတွေနဲ့ဝင်ပြီး တန်း စီရတာပေါ့။ ကလေးဆိုတော့ ကျနော်တို့ကိုပစ်သတ်ဖို့ ပြင်နေတယ်ဆိုတာ သိပ်ပြီးရှင်းရှင်းလင်းလင်း သိတာမဟုတ်ဘူး။ သဲသဲကွဲကွဲ သိတာမဟုတ်ဘူး။ သဘော တော့ပေါက်တဲ့ပုံရှိတယ်။ ဒါပေမဲ့ ကြောက်ရမှန်းမသိတာ အမှန်ပဲ။
အစိုးရစစ်သားတွေက သေနတ်ကိုကျည်ထိုးပြီး ပစ်မိန့်ကိုစောင့်နေကြပြီ။ အဲဒီတုန်းက ကျနော်တို့ပတ်ဝန်းကျင်မှာ ဒီအဖြစ်တွေကို ၀ိုင်းပြီးကြည့်နေကြ တဲ့လူ (၃၀-၄၀) လောက်ရှိမယ်ထင်တယ်။ ခဏနေတော့ အဲဒီဘေးကကြည့်နေတဲ့သူတွေ၊ အထူးသဖြင့်သံဃာတွေက စစ်သားတွေကိုဒီလိုမလုပ်ဖို့ဝိုင်းပြီး မေတ္တာ ရပ်ခံကြတယ်။ သူတို့အချိန်အတော် လေးပြောရတယ်။ ဘယ်လောက်ကြာလဲတော့ အတိအကျမမှတ်မိတော့ဘူး။ အဓိကဖြောင်းဖြတဲ့အထဲမှာက ဘုရားကြီးအ နောက်ဖက်ကပေပင်ကျောင်းက ဆရာတော်ဦးကောဝိဒပါတယ်၊ အဲဒီတုန်းကတော့ဦးဇင်းပေါ့။ နောက်ဆုံးကျတော့အဲဒီစစ်ဗိုလ်က လက်ခံသွားပြီးကျနော်တို့ကို ပြန် လွှတ်လိုက်တယ်။ ကျနော်တို့မိသားစုဟာ အဲဒီဆရာတော်ကို တသက်လုံးကျေးဇူးရှင်လိုသဘောထားပြီး ကျနော်တို့အိမ်က သူ့ဆီကိုအပတ်တိုင်း ဆွမ်းပို့ပေးပါ တယ်။ စစ်သားက ကျနော်တို့ကိုပြန်လွှတ်ပေးတဲ့ နောက်မှာသံဃာတော်တွေကို ကန်တော့ကြ၊ ၀ိုင်းပြောပေးကြတဲ့ ရပ်ကွက်ထဲကလူတွေကို ကျေးဇူးတင်စကား ပြောကြ၊ အဲဒါတွေတော့ ကျနော်မှတ်မိနေတယ်။ အဲဒီတုန်းက ကျနော်တို့က ဘာမှပြောတတ်တာ၊ သိတတ်တာမဟုတ်တဲ့အခါကျတော့ အမေအဖေတို့ရဲ့ လှုပ်ရှားမှု မှန်သမျှကို မျက်စေ့အ၀ိုင်းသားနဲ့ ကြည့်နေကြတာ။
ကျနော်တို့အိမ်မှာ ကျနော်တို့တွေရဲ့ ဓာတ်ပုံတွေကိုထည့်ထားတဲ့ ဓာတ်ပုံအယ်လ်ဘမ် အညိုရောင်လေး တအုပ်ရှိတယ်။ အတော့်ကို ဟောင်းနေပြီ။ အထဲက ဓာတ်ပုံတွေကလည်း ၀ါတာဝါနေပြီ။ ကျနော်တို့နည်းနည်းကြီးလာတဲ့ အခါကျတော့ အဲဒီအယ်လဘမ်လေးကို မကြာခဏလှန်ကြည့်တတ်ကြတယ်။ ဒါ ဘယ်သူပဲ ဒါဘယ်သူပဲဆိုပြီး ကိုယ့်ပုံကိုယ်လည်းကြည့် အင်မတန်စိတ်ချမ်းသာကြတာပေါ့။ အဲဒီ လူရုပ်ပုံအမျိုးစုံပါတဲ့ အဲ့ဒီအယ်လ်ဘမ်ထဲမှာ လက်ရေးမူ စာတ စောင်ကိုလည်း ဓာတ်ပုံရိုက်ပြီးတော့ညှပ်ထားတာ ထူးထူးခြားခြားတွေ့ရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီစာပါအကြောင်းအရာက ဦးလှနဲ့ဒေါ်အမာတို့ ကို ဒုက္ခမပေးဖို့တပ်တွေကို ညွှန်ကြားထားတဲ့ဟာပါ။ လက်မှတ်ထိုးထားတာက အဲဒီတုန်းက မန္တလေးမြို့သိမ်းတပ်မှူး ဗိုလ်မှူးကြင်ပါ။ ဗိုလ်မှူးကြင်ဆိုတာက ဆိုရှယ်လစ်ပါတီနဲ့ ဘာမှမပတ်သက်ဘူး။ လူရိုးလူကောင်းဆိုပြီး တပ်ထဲမှာနာမည်ကြီးတဲ့ပုဂ္ဂိုလ်။ နောက်ကျတော့ ပြည်တွင်းစစ်မှာပဲ သူကျဆုံးသွားတယ်။ ဗိုလ်မှူး ကြင်လက်မှတ်နဲ့ အဲဒီစာလေးရှိပါတယ်။ ဒီစာကို ကျနော်တို့အိမ်ထဲ အစောပိုင်းဝင်သွားတဲ့ စစ်သားတွေက ပေးသွားတာပါ။ ဒီစာရှိလျက်နဲ့ နောင်မှာဘာဖြစ်လို့ ထုတ်သတ်ဖို့ ဖြစ်လာလဲဆိုတာတော့ ကျနော်လည်း ကျနော့်အဖေ အမေကို မမေးမိလို့ မသိတော့ဘူး။
အဲဒီနောက်မှာတော့ ကျနော်တို့ လူထုသတင်းစာတိုက်ရဲ့ စာပုံနှိပ်စက်ကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စဖြစ်တာပဲ။ ကျနော်ထင်တာတော့ အထက်ကအဖြစ်အပျက် တွေပြီး နောက်တနေ့လောက်လို့ထင်တယ်။ ဆက်တိုက်ပဲ။ ကျနော်တို့စာပုံနှိပ်စက်ကို အစိုးရတပ်က မိုင်းဗုံးနဲ့ခွဲတော့မယ်ဆိုတဲ့အကြောင်း အိမ်ကိုကြိုတင်အ ကြောင်းကြားထားတဲ့ သဘောရှိတယ်။ ကျနော်တို့အိမ်က လူတွေအားလုံး ကြိုသိနေကြတယ်။ ဒီလိုနဲ့ နေ့လယ်ပိုင်းမှာ ကျနော်တို့ နားစွင့်နေတုန်းမှာပဲ ‘၀ုန်း’ ဆိုတဲ့ အသံကြီးတသံကြားလိုက်ရတယ်။ အဖေနဲ့အမေတို့ မျက်နှာတည်သွားတာကျနော် အခုထိမှတ်မိနေတယ်။ ညနေပိုင်းကျတော့ ကျနော် အဲဒီကိုသွားကြည့်တယ်။ ပုံနှိပ်စက်က ကျနော်တို့နောက်ဖေးက ဂုန္တန်ဝင်းထဲမှာ။ အဲဒီတုန်းက ပုံနှိပ်စက်အဆောက်အဦထဲမှာ ကပ်တဲကြီးထဲမှာက သတင်းစာရိုက်တဲ့ အင်္ဂလန်နိုင်ငံလုပ် ‘ပိန်း’ စက်ကြီးရှိတယ်၊ နောက် ‘ချန်’လာ’ ဆိုတဲ့ ပုံနှိပ်စက်အငယ်လေးတွေရှိတယ်။ နောက် စက္ကူဖြတ်စက်ရှိတယ်။ နောက် စာစီခုံတွေအများကြီးရှိတယ်။ ကျနော်ရောက် သွားတဲ့အခါ ကျတော့ကပ်တဲကြီးလဲ ပြိုနေပြီ။ သတင်းစာရိုက်တဲ့စက်ကြီးလဲ ပျက်လို့။ စာစီခုံတွေနဲ့ ခဲစာလုံးတွေကလဲဖရိုဖရဲနဲ့ အင်မတန်ကို ၀မ်းနည်းကြေကွဲစရာ ကောင်းတဲ့ ဒေါသဖြစ်စရာကောင်းတဲ့ မြင်ကွင်းပဲ။
ကျနော့်အသက်က ခုနကပြောခဲ့သလိုပဲ (၃) နှစ်ကျော်လေးပဲ၊ ငယ်ငယ်လေးပဲ။ ဒါပေမဲ့ ဒီလိုလုပ်တာကို အနိုင်ကျင့်တာပဲလို့တော့ ခံစားမိတယ်။ ၀မ်း လည်းနည်း ဒေါသလည်း အင်မတန်ဖြစ်ခဲ့တယ်။ အခုရေးခဲ့တာဟာ ၃ - ၄ နှစ်သားတဦးက ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဒါကျနော် မှတ်မိသလောက်လေးပဲ ဖြစ်တယ်။ လပ်နေတဲ့ကွက်လပ်တွေကို ကျန်တဲ့သူတွေ၊ ခုနက ကျနော့်မိသားစုတွေ ဖြည့်နိုင်ပါလိမ့်မယ်။ အဲဒီလပ်နေတာဟာ ကျနော်ပြောတာရဲ့ (၁၀) ဆ လောက်ရှိမယ်လို့ ထင်ပါတယ်။

ရဲဘော် ဖိုးသံချောင်း

အပြည့်အစုံသို့...

Friday, 1 February 2008

ဂေါ်ကီရဲ့အမေ။ အနှစ်တရာပြည့်ပြီ

ရေး။ရဲဘော် ဖိုးသံချောင်း

မာ့က်စင်ဂေါ်ကီဆိုသူက အမေဆိုသောဝတ္ထုရှည်ကြီးတပုဒ်ကို ၁၉၀၇ခုနှစ်ထဲတွင် ရေး ထုတ်လိုက်သည်။ထိုအချိန်တွင် သူ့အသက်မှာ ၃၉နှစ်ရှိနေပြီ။ယခုအနှစ်တရာတိတိကြာ သော အခါ ဤစာအုပ်ကိုဂုဏ်ပြုနေကြသည်။ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နှင့်လည်းအံဝင် ကြောင်း ပြောနေကြသည်။
ဤစာအုပ်နှင့် ပတ်သက်ပြီး မိမိဘ၀တွင် မှတ်လောက်သားလောက်များ ကျန်ရစ်နေ သည်ကိုပြန်စဉ်းစားမိပါသည်။
ထိုစာအုပ်ကို ကျွန်တော်က ၁၉၆၃ခုနှစ်တွင်မှဖတ်ရသည်။အသက်၁၈နှစ် အရွယ်ပါ။ ကျောင်းသားလှုပ်ရှားမှုများတွင်ပါဝင်မှုကြောင့် ကျွန်တော်ပြေးလွှား၊ ပုန်းအောင်းနေစဉ် အိမ်ကို လှမ်းမှာယူပြီး ဖတ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းမှာ အင်္ဂလိပ်ဝတ္ထု ရှည်ကြီးတအုပ်ကို တသက်တွင် ပထမဆုံးဖတ်ဖူးခြင်းဖြစ်သည်။ လူကလည်း ပြေးလွှားပုန်းအောင်းနေတုန်း၊အားနေတုန်းမို့ စာ မျက်နှာ ၃၀၀ကျော်လောက်ရှိသော စာအုပ်ထူကြီးကို နှစ်ရက်၊သုံးရက်နှင့်အပြီးဖတ်လိုက်နိုင် ခြင်းကြောင့် အင်္ဂလိပ်လိုရေးထားသည့် စာအုပ်ထူကြီးများကိုဖတ်ရန် ကိုယ့်ကိုယ်ကိုယုံ ကြည် မှုရသွားစေခဲ့သည်ကို ကောင်းကောင်းမှတ်မိနေသည်။ ထို့ထက်ပိုအရေးကြီး သည်က ဤစာ အုပ်ကိုဖတ်ပြီးနောက် သရုပ်မှန်စာပေ၏ အစွမ်းနှင့်အင်အားကို ကောင်းကောင်း သဘော ပေါက်ယုံကြည် သွားခြင်းပင်ဖြစ်ပါသည်။ နောက်ပြီး ကိုယ့်နိုင်ငံရေးယုံကြည်ချက်ကိုလည်း အားဖြည့်လောင်းသည့်အလား ခံစားခဲ့ရသည်။
ဤစာအုပ်မတိုင်မီက ပြည်တွင်းက၀တ္ထုပေါင်းများစွာကိုရော နိုင်ငံခြားဝတ္ထုဘာသာ ပေါင်းများစွာကိုပါ ကျွန်တော်ဖတ်ဖူးပါသည်။ အင်္ဂလိပ်လိုဆိုလျင်လည်း အတိုချုပ်ထားသော စာအုပ်တော်တော်များများဖတ်ဖူးပါသည်။ သို့သော်ဤ၀တ္ထုကိုဖတ်ပြီး နောက်ခံစားရသည့် ကျေနပ်မှု။အားတက်မှုမျိုး သည့်အယင်ဘယ်တုန်းကမှ မရရှိခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သည်။ ဤ၀တ္ထုကိုဖတ်ရန် ကျွန်တော်တိုက်တွန်းမိသော လူအရေအတွက်ဆိုလျင်လည်း များလွန်း၍ မှတ်ပင်မမှတ်မိတော့။
‘အမေ’ကို ဗမာပြည်တွင် စာရေးဆရာဂုဏ်ရောင်နှင့် တောင်တွင်းဦးကိုကိုကြီးတို့ ဘာ သာပြန်ဖူးသည်။ နှစ်ဦးပေါင်းလျင် စောင်ရေသောင်းဂဏန်းရှိလောက်သည်။ ယခုပြန်ထုတ်ခွင့် ရလျင်လည်း ရောင်းရမည်ဟုယုံကြည်သည်။ နအဖပြောနေသော “အမေ”ဆိုသော စံနှင့် တိုင်း တာကြည့်သင့်သည်။
ဂေါ်ကီ၏အမေသည် ဖိနှိပ်မှုနှစ်မျိုးကို ရင်ဆိုင်တွန်းလှန်ကာ လူသုံးမျိုးကို ကိုယ်စားပြု သည်ဟုဆိုနိုင်သည်။သူသည် (၁) မိန်းမ။ (၂) မိခင်။ (၃) အလုပ်သမားဆိုသော လူသုံးမျိုး ကိုကိုယ်စားပြုကာ ယောက်ျားတို့၏စိုးမိုးမှုဆိုသော အိမ်တွင်းကျေးကျွန်ပြုမှုနှင့် လုပ်ခ၏ ကျေးကျွန်ပြုမှုဆိုသော စနစ်ဆိုးနှစ်ခုကို ရင်ဆိုင်တွန်းလှန်သူဖြစ်ပေသည်။‘အမေ’သည် နိုင်ငံ ရေးစကားတွေ ဖောင်အောင် ပြောနေသော သာလိကာဇာတ်ကောင်မျိုး မဟုတ်ချေ။ သူသည် မူလက နိုင်ငံရေးဟူ၍ နကန်းတလုံးမှမသိရှာသော။ သူ့သား ပေဗယ်လ်နှင့် သူ့ရဲဘော်တွေ လုပ်သမျှကို မှောင်ရိပ်ထဲမှစိုးရိမ်တကြီးစောင့်ကြည့်ကာ သက်ပြင်းတဖိုဖိုဖြင့် ဘုရားတ’ နေရှာ သော မိန်းမကြီးတဦးသာလျင် ဖြစ်ပေသည်။ သည့်နောက်တွင်မှ သူသည်သူ့သားရဲ့ ရဲဘော် တွေအပေါ် သူ့သားလိုပဲချစ်ခင်လာကာ။ သံယောဇဉ်မွေးမိသော မိခင်တဦးဖြစ်လာသည်။ နောက်တဆင့်တက်တော့ သူသည်သူ့သားနှင့်ရဲဘော်များအတိုင်း သဘောပေါက်ယုံကြည် လာသည်။ ထိုမှထပ်တဆင့်တက်တော့ သူကသူ့သားတို့တတွေ အဖမ်းခံရချိန်တွင် ကျန်ရစ် သောတာဝန်များကို သူက ဆက်လုပ်ခြင်းပင်ဖြစ်လေသည်။
ဤဖြစ်ပေါ်တိုးတက်မှုမှာ အလွယ်တကူဖြစ်ပေါ်လာသည်မဟုတ်။ အတွေးအခေါ်ပဋိ ပက္ခပေါင်းများစွာကို ဖြတ်သန်းပြီးမှ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်။ လူတန်းစား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာလေလေ။ သူ၏အသိပိုတိုးတက်လာလေလေဖြစ်ခဲ့သည်မှ သတိ ပြုစရာဖြစ်သည်။တချိန်က သူ့အဖို့နားစိမ်းရုံမက တုန်လှုပ်စရာဖြစ်သော “နိုင်ငံရေး။ အတွေး အခေါ်။ အုံကြွမှု။ တိုက်ပွဲ။ ဆိုရှယ်လစ်”စသည့် စကားများကို မှောင်ရိပ်ထဲမှနားထောင်ရင်း သူယဉ်ပါးခဲ့ရသည်။နောက်တော့ သူကိုယ်တိုင် အကောင်အထည်ဖော်သူဖြစ်လာတော့သည်။ သူ့မှာသူယုံကြည်သော ဘာသာရေးအတွက် သားဖြစ်သူနှင့်ငြင်းခုံသည်ကိုလည်း ဤစာအုပ် တွင်ဖတ်ကြရသည်။ထို့ကြောင့်ဂေါ်ကီ၏ ‘အမေ’မှာ တခေတ်ထွန်းတယောက်ပေါ်။ လူထူး လူချွန်မဟုတ်။ အင်မတန်သာမာန်ကျသော သဘာဝမိခင်တဦးသာလျင်ဖြစ်နေသည်ကိုက ဤ စာအုပ်၏ အစွမ်းဖြစ်နေပေသည်။
‘အမေ့’အဖို့ သူ့သားနှင့်အပေါင်းပါတွေလုပ်နေ။ပြောနေသမျမှာ အဆန်းချည်းဖြစ်နေခဲ့ သည်။ဝတ္ထုတနေရာတွင် သူက သူ့သား၏ရောင်းရင်း ယူကရိန်းသားကို ဤသို့ပြောသည်။
“မင်းတို့ကလည်းထူးဆန်းလိုက်တာ။ မင်းတို့အားလုံးရဲဘော်တွေလား။ အာမေးနီးယန်း တွေ။ ဂျူးတွေ၊ သြစထရီးယန်းတွေ၊မင်းတို့တတွေစကားပြောနေလိုက်ကြတာဟာ တကယ့် မိတ်ရင်းကျွမ်းဟောင်းတွေလိုပဲ။ မင်းတို့ဟာဝမ်းနည်းစရာရှိလည်း အားလုံးအတွက်ဝမ်းနည်း တယ်။ ၀မ်းသာစရာရှိလည်း အားလုံးအတွက်ဝမ်းသာတယ်၊ ”ဤသည်ကိုယူကရိန်းသားကြီး ရိုင်ဘင်က ယခုကဲ့သို့ ပြန်ပြောသည်-
“ဟုတ်တယ်။ အားလုံးအတွက်ပဲအမေ။ အားလုံးအတွက်ပဲ။ ကမ္ဘာကြီးဟာ ကျွန်တော် တို့အတွက်။ကမ္ဘာကြီးဟာအလုပ် သမားတွေအတွက်ပဲ။ကျွန်တော်တို့မှာ နိုင်ငံမရှိ။ လူမျိုးမရှိ ဘူး။ရဲဘော်နဲ့ရန်သူပဲရှိတယ်။
‘အမေ’ကို ဂေါ်ကီရေးတော့ သူ့အသက်မှာ ၃၉နှစ်ရှိနေပြီ။ထိုအခါတွင် သူသည်နာမည် ရစာရေးဆရာဘ၀ ရောက်နေပြီ ဖြစ်ယုံမက နိုင်ငံရေးလုပ်သက်လည်း အနှစ်နှစ်ဆယ်ရှိ နေပေပြီ။သူသည်ဆင်စွယ်နန်းပေါ်မှာ ငှက်ကလေးတွေပျံနေ။ ပန်းကလေးတွေ ပွင့်နေသည်ကို ကြည့်ကာစာဖွဲ့နေသူမဟုတ်။ပေရေစုတ်ပြတ်နေသည့် အလုပ်သမားများအကြား နေထိုင်ကာ ကမ္ဘာကျော်စာများကို ထုတ်လုပ်နေသူဖြစ်သည်။တကယ်တွင် ဂေါ်ကီ၏ဘ၀သည်ပင် ဂန္တ၀င် ၀တ္ထုကြီးတပုဒ်ဖြစ်သည်။
သူငါးနှစ်သားကတည်းက အဖေသေသည်။ ထို့ကြောင့်သူ့ကိုအမေ့ဘက်က အဖိုးအ ဖွားများကခေါ်ထားခဲ့သည်။ သူ့ကိုခိုင်းစားလို့ရတဲ့အရွယ်ဖြစ်တဲ့ ၈နှစ်သားမှာပဲ သူ့အဖိုးကသူ့ကို ခိုင်းစားသည်။ ဖိနပ်ချုပ်ဆိုင်၊ ဘုရားကားရောင်းသည့်ဆိုင်၊ ပန်းကန်ဆေး၊ ဆေးသုတ်၊ အစုံပင်။ သို့သော်သူသည်ကျောင်းမတက်ဖူးချေ။ သူ၁၂နှစ်သားအရွယ်ရောက်တော့ အဖိုးအိမ်က ထွက် ပြေးတော့သည်။ထိုအခါမှစှုသူသည် ခြေသလုံးအိမ်တိုင်ပြုကာ တနေရာမှတနေရာသို့ သွားလာ ရှာဖွေစားသောက်ရတော့သည်။ ထိုအတွေ့အကြုံများကို သူ၏ “ကျွန်တော်၏ တက္ကသိုလ်များ” စာအုပ်တွင် ဖတ်ရှုကြရသည်။ သူမလုပ်ဖူးသော အလုပ်ဟူ၍မရှိ သလောက်ပင်။ သူသည် သူခိုး၊ ပြည့်တန်ဆာစသည့် လူ့အောက်လွှာဝင်များနှင့်လည်း ပေါင်းသင်းခဲ့ရသည်။ သူများအိမ် တွင် လုပ်ရသောအခါမျာ့း နှိပ်စက်မှုဆိုသည်မှာ သူ့အဖို့မဆန်းသောအရာ သာဖြစ်ခဲ့သည်။ ငတ်တလှည့်ပြတ်တလှည့်နှင့် အသက်ရှင်ရင်း တနေ့၊ သူအသက် ၂၁နှစ် အရွယ်တွင် သူ့ကိုယ် သူ သေနတ်နှင့်ပစ်သေရန် ကြိုးစားခဲ့ဖူးသည်။သေတော့မသေ။ သို့သော် အဆုပ်ကို ဖောက် ထွက်သွားသဖြင့် တီဘီရောဂါဖြစ်ကာ ထိုရောဂါက သူ့ကိုသေသည်အထိ ဒုက္ခပေးသွားသည်။
သူသင်္ဘောပေါ်၌ အလုပ်ကြမ်းလုပ်နေစဉ် စာနာတတ်သော ထမင်းချက်တဦးက သူ့ကို စာသင်ပေးခဲ့သည်။ ထိုပညာနှင့်ပင် သူသည်တော်စတွိုင်း၊ ချက်ကော့ဗ်တို့နှင့် အပေါင်းအ သင်းဖြစ်ကာ ဆိုဗီယက်စာပေထုတ်ဝေရေးဌာန၏ တာဝန်ခံဖြစ်လာခဲ့သည်။
သူသည် လေးကြိမ်မျှအဖမ်းခံရကာ တရပ်တကျေးသို့ နယ်နှင်ဒဏ်လည်းခံရဖူးသည်။ သူသည် ၁၉၀၅ခုနှစ်တော်လှန်ရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။သူ့ဘ၀တသက်တာမှာ ရုရှားနိုင်ငံတွင် ပေါ်ပေါက်သောနိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ သူသည်လန်ဒန့် ကျင်းပသော ပထမအကြိမ်မြောက် ဘော်လ်ရှီဗစ်ပါတီကွန်ဂရက်ကိုတက် ရောက်ကာ အမေရိကန်သို့တကူးတကန့်သွား၍ အလုပ်သမားများအတွက် ရံပုံငွေကောက်ခံ ဖူးသည်။သူ့ခရီးစဉ်ကိုစီစဉ်သူများတွင် အမေရိကန်စာရေးဆရာများဖြစ်သော မာခ်တွိန်း၊ ဂျက်လန်ဒန်၊အာ့ပ်တန်ဆင်ကလဲယား စသူတို့ပါဝင်သည်။
‘အမေ’စာအုပ်ကို အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်ထုတ်လိုက်တော့ နယူး ယောက်တိုင်းသတင်းစာက ဤသို့ဝေဖန် သုံးသပ်သည်ကိုတွေ့ရသည်။“စာဖတ်သူကို ထိုတော် လှန်ရေးသမား အစုလေးနှင့်တရင်းတနှီး ပေါင်းမိသွားစေသည်။ ထို့နောက်တွင် အမေနှင့် အတူသူစာရွက်စာတန်းတွေဖြန့်ရာနောက်က ကောက်ကောက်လိုက်ပါနေမိတော့သည်။ သူက မှတဆင့် သူ့လူတွေကို နားလည်ယူရသည်။”
ပါလာဂွေရာဗလာဆော်ဗာ ဆိုသော ဤမိခင်မျိုးကမ္ဘာမှာ မည်မျရှိသနည်။ တကယ် ကောရှိရဲ့လား။ ဂေါ်ကီက စိတ်ကူးယဉ်ပြီး ဖန်တီးလိုက်လို့သာပေါ်ပေါက်လာတာလား။ မကြုံဖူး သူများအဖို့တွေးတောစရာရှိသည်။သို့သော် ဗမာပြည်ကဲ့သို့ အစိုးရဖိနှိပ်မှုကို ရာစုနှစ်တ၀က် ကျော် ဖြတ်သန်းခဲ့သည့်နိုင်ငံတွင်မူ ဤ‘အမေ’မျိုးပေါင်း များစွာကိုတွေ့ဖူးခဲ့ကြပေပြီ။ ရှစ်လေး လုံးအရေးအခင်းကို ဖြတ်သန်းခဲ့သူများတွင်လည်းဤလိုအမေမျိုးတွေရှိကြသည်။ ဒေါက်တာ မောင်မောင်က မီးဖိုချောင်ထဲကလူတွေမပါသေးဘူးလို့ စိမ်ခေါ်လိုက်တော့ ဤအမေမျိုးတွေ ထောင်နှင့်သောင်းနှင့် လမ်းပေါ်ကိုတက်လာကြသည်။
ဂေါ်ကီ၏အမေသည် ရုရှားနိုင်ငံကအမေမဟုတ်။ တကမ္ဘာလုံးမှအမေဖြစ်သည်။

မှတ်ချက်။ ။ဆရာရဲဘော်ဖိုးသံချောင်း (၂၀၀၇) ခုနှစ် တွင်ရေးခဲ့သောဆောင်းပါးအားပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်၊




အပြည့်အစုံသို့...