Sunday 5 July 2009

“ဇူလိုင် မိုးမည်း”

http://www.franksanford.com


(မြင့်ဇေ )
(ခေတ်ပြိုင် ... မှ)

မိုးမှာပဲ မွေးခဲ့တယ်၊ တပြိုင်နက်တည်းလည်းမိုးမှာပဲ ထွက်ခွာခဲ့တယ်။
၁၉၈၉ ဇွန်-ဇူလိုင်လများအတွင်း…။ မိုးနှင့်အပြိုင် မြန်မာပြည်နိုင်ငံရေး အခြေအနေကလည်း သည်းသန် ပြင်းထန်လွန်းလှသည်။ န၀တ၏ အဖမ်းအဆီးကလည်း လက်သံပြောင်သည်။ ကိုမိုးသီး တောခိုသွားခြင်း၊ ကိုမင်းကိုနိုင် အဖမ်း ခံရခြင်း၊ ကိုကိုကြီး စသဖြင့် နာမည်ကြီး ခေါင်း ဆောင်များ၊ ဆက်စပ်နေသည့်လူများကို ဖမ်းဆီး ခြင်းများ၊ မန္တလေးတွင် ဗကသ၊ မကသတို့၏ အပြိုင်ညီလာခံများ၊ ကိုညိုထွန်း အဖမ်းခံရမှု၊ ပြန်လွတ် လာမှု စသဖြင့်…။ ဒီအခါ ကျနော်တို့ ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ခဲ့ကြ။ အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု (မနတ)၊ ပြည်သူ့တိုးတက်ရေးပါတီ၊ ဦးဂွယ်လမ်းတို့ကို လွန်းပြန်ပြေးလွှားကြ။ တရားဟောစင်မြင့်က ဒေါ်စု၊ အန်အယ်လ်ဒီနှင့် ဒေါ်စု ၀န်းရံရေး၊ အာဏာဖီဆန်ရေး၊ “မတရားတဲ့ ဥပဒေမှန်သမျှ တာဝန်အရ ဖီဆန်ကြ”။


အဲဒီနှစ်ရဲ့ မိုးရေများနဲ့ အတူ… သတင်းများက တပုဒ်ပြီးတပုဒ် ၀င်လာခဲ့တယ်။ ဘယ်သူတော့ အဖမ်းခံရပြန်ပြီ။ ဘယ်သူဘယ်ဝါတော့ ဘယ်နေရာမှာ ဆွဲသွားပြီ။ နေ့စဉ်ရက်ဆက် ကြားနေရတဲ့ အဖြစ်များ။ ကျနော်လည်း ဘယ်နေ့ပါမယ်ဆိုတာ မသိ။

ထိုကာလက ကျနော့်ကို လုပ်ဖော်ကိုင်ဘက်တချို့က သတိပေးခဲ့ကြတယ်။ ပေါ်နေတဲ့ အနေ
အထားကို ပြန်ငုတ်ရန်။ ကျနော်ကတော့ ငုတ်ငုတ်၊ မငုတ်ငုတ် သိပ်မထူးတော့။ တယောက်ကျလျှင် တယောက်အစားထိုးရမယ် မဟုတ်လား။

ထိုညက အိမ်ပြန်မအိပ်ဖြစ်။ ကြည့်မြင်တိုင်ကလုပ်တဲ့ အစည်းအဝေးတခုမှာ အတော်လေး ညဥ့်နက်သွားခဲ့တယ်။ ကျနော်တို့အိမ်က မင်္ဂလာဒုံလေယာဉ်ကွင်း၏ အနိမ့်ဘက်။ မိုးရွာရင် လေယာဉ်ကွင်းမှ ကျလာတဲ့ ရေတွေက တခါတရံ အိမ်ကြမ်းပြင်အထိ။ မိုးကရွာ၊ ရေကကြီး၊
မီးကမဲ့၊ ပုဆိုးဂွင်းသိုင်းပြီး လျှောက်ရမယ့်ကိန်းကိုမြင်ပြီး အစည်းအဝေးလုပ်ရာ နေရာမှာပဲ ကျောခင်းလိုက်တယ်။ မှတ်မှတ်ရရ… ဇူလိုင် (၁၁) ရက်ည။

ထိုညကုန်လွန်သည်အထိ ဘာမှ မသိသေး။ အိမ်က လက်ဘက်ရည်ဆိုင်ဖွင့်ထားတဲ့ လှိုင်မြို့နယ်ကို
သွားတယ်။ ဆိုင်ရောက်တော့ ပုံမှန်သောက်နေကျသူတွေအကြား ဘာလုပ်ရမှန်းမသိတဲ့ မျက်နှာနဲ့ ကျနော့်ညီ။ မေမေ့ကို မတွေ့ရ။ အဖေလည်း မတွေ့။ အဖျော်ဆရာကလည်း ဘာသာရေးအရ အကျရည်စပ်ပေးပြီး ဘုရားတက်၊ ပုတီးစိပ်ရန် ထွက်သွားပြီ။ ကိုယ်တိုင်ဝင်ဖျော်ပြီး ညီလေးကို စားပွဲထိုးခိုင်း။ အားလုံးက အလွဲလွဲ အချော်ချော်။ ကော်ဖီသောက်မည့်သူကို လက်ဘက်ရည်ချပေး စသဖြင့် ။ ပြီးမှ ညီလေးကပြောသည်။ ညက အဖေ့ကို ဆွဲသွားပြီဆိုသည့်အကြောင်း။ ကျနော် ရုတ်တရက် မှင်သက်မိသွားခဲ့တယ်။

နေ့လည် အမေရောက်ချိန်မှ ဖြစ်ပျက်ပုံအလုံးစုံကို သိရတယ်။ ဖြစ်ပုံက မနက် (၃) နာရီခွဲလောက် အိမ်ရှေ့ကအဖေ့နာမည်ကိုခေါ်တော့ အဖေကလည်း သူ့ကို လာဖမ်းသည်ထင်ပုံမရ။ ကျနော့်ကို လာရှာတယ်လို့ပဲ ထင်ပုံရတယ်။ ခြံတံခါးဖွင့်ပေးတော့ “ဦး……ဆိုတာ ခင်ဗျားမဟုတ်လား” မေးပြီး “ခဏလိုက်ခဲ့ပါ၊ စုံစမ်းစရာရှိလို့” လို့ပြောတယ်။ ပါလာတဲ့ ရပ်ကွက် ရ၀တတွေက မျက်နှာ
ခပ်ပျက်ပျက်။

ပြီးတော့ ထုံးစံအတိုင်း ၀င်စစ်ပါရစေ။ မည်သည့်အရာမှ မတွေ့။ ဟာသတခုတော့ ဖြစ်သွားသေး
တယ်။ ကျနော့်ညီမလေးက စာရေးဝါသနာပါတယ်။ အဖေပြောသမျှကို ဒိုင်ယာရီမှာ စာစီစာကုံး ဆန်ဆန် ရေးတတ်တယ်။ အဲဒီစာအုပ်ကိုတွေ့တော့ ထောက်လှမ်းရေးများမျက်နှာ ၀င်းလက်သွားပြီး အလျင်အမြန် လှန်ကြတယ်။ ဖြစ်ချင်တော့ ညီမလေးက ဂေါ်ဘာချော့ဗ်အကြောင်းကို သူသိ သလောက် ရေးထားတယ်။ ဂေါ်ဘာချော့ဗ်ဆိုတာနဲ့ “တွေ့ပြီ၊ တွေ့ပြီ” အော်ကြတယ်လို့ ပြန်ကြား ရတယ်။ သက်သေခံရပြီပေါ့လေ။

ပြီးတော့ အဖေ့ကို အလုအယက် မေးကြတယ်။ ခင်ဗျားရေးတာမဟုတ်လား ဆိုပြီး၊ အိပ်ချင်
မူးတူးနှင့် ညီမလေးက သမီးရေးတာပါ ပြောတော့လည်း မယုံကြ။ လက်ရေးတူမတူ စစ်သေး
သည်။ နောက် စာအုပ်ထားသွားပြီး အဖေ့ကို ခေါ်သွားခဲ့တယ်။

အဲဒီနေ့ကစလို့ အမေတို့ရဲ့ တမိုးတမြေ ပြန်လည်ဖြစ်မြောက်ဘို့အတွက် အမေဟာ အဖေ့ကို
(၁၆) နှစ်ကျော် စောင့်ခဲ့ရတယ်။

အဖြစ်အပျက်ကို သိပြီးတော့ ကျနော်လည်း ဆိုင်ဝိုင်းသိမ်းပေးပြီး (ကျနော်တို့ဆိုင်က နေ့တပိုင်းပါ) ဆုံရပ်ကို သွားခဲ့တယ်။ ရောက်တော့ အားလုံးလိုလိုက သိပြီးသူချည်း။ သတင်းတွေက ၀င်လာမစဲ တသဲသဲ။ အဲ့ဒီညတညတည်း အယောက် (၃၀) ခန့် ပါသွားခဲ့တယ်။ ကျနော့်ကို လေးလေးနက်နက် စဉ်းစားဖို့ ထပ်မံအကြံပေးကြပြန်တယ်။ ငုတ်နေရန်။ ကျနော့် စိတ်ထင်တော့ သိပ်မထူးလှ။ အနှေးနှင့် အမြန် ကျနော့်ထံ ရောက်လာမယ်ဆိုတာကို သိနေတယ်။

ဒါပေမယ့် အရွယ်မရောက်သေးတဲ့ (အဲဒီအချိန်က ကျနော်လည်း အရွယ်ရောက်ခါနီး) မောင်နှမ
များနှင့် ကျနော့်အမေအတွက် ။ အမေက ဘာမှနားလည်သည်မဟုတ်။ တောသူ၊ နောက်
ကျန်သည်က ဥမမယ် စာမမြောက်၊ သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေများရှိနေကြမလဲ။ နုငယ်စဉ်
ဘ၀မှာ၊ ရိုးသားသည့်ဘ၀မှာ အမဲစက်များ ထင်ကျန်ရစ်နေခဲ့လျှင်။

ကျနော်စဉ်းစားပြီး ငြိမ်ရန် ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကာလတခုအထိသာ။ ဖမ်းသည်မှာ ဘာကြောင့်ဖမ်းသည်ကို သိရသည်အထိ။

ဒီနောက်တော့ လက်ဘက်ရည်ဆိုင်လုပ်ငန်းအပေါ် အာရုံစိုက်လုပ်တယ်။ လုပ်ဖော်ကိုင်ဘက်များကို ဖြတ်ထားလိုက်တယ်။ အဲဒီကာလမှာပဲ တိုက်ပွဲဟာ အရှိန်အမြင့်ဆုံးကို ရောက်လာတော့တယ်။
န၀တကလည်း အာဇာနည်နေ့မှာ ဖော်ဆောင်မယ့် အာဏာဖီဆန်ရေးကို နှိမ်နှင်းဘို့ ဒေါင်းတင် မောင်းတင် ပြင်ဆင်နေပြီ။

ဇူလိုင် (၁၉) ရက် အာဇာနည်နေ့…။ ကျန်ခဲ့တဲ့နေ့တွေက လူထုကို လှုံ့ဆော်ထားခဲ့ကြတယ်။
ဒါပေမယ့် ဒေါ်စုက အဲဒီနေ့မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြီး ရန်သူက အဆုံးစွန်ရမ်းတော့မယ် ဆိုတာကို သိလို့ အာဇာနည်ကုန်း ချီတက်မှုကို မလုပ်ဘို့ တားပါတယ်။ နောက်ကျသွားခဲ့ပါပြီ။ လူထုဟာ စုရပ်အသီးသီးရောက်ပြီး ထွက်သွားခဲ့ကြတယ်။ ရန်သူ့တုံ့ပြန်မှုက မဲမဲမြင်ရာကိုက်တဲ့ ခွေးလိုပါဘဲ။ ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံကအထွက် ဗီယက်နမ်သံရုံးရှေ့၊ ရိုက်လိုက်ကြ
တာ။ အာဇာနည်နေ့မှာပဲ အာဇာနည်တွေ ထပ်ပေါ်ခဲ့တယ်။ ကောင်းကင်ကတော့ အာဇာနည်နေ့မို့ လို့လား၊ မကြည့်မမြင်ရက်လို့လား မိုးတိမ်ညိုညိုတွေ ဖုံးနေတယ်။ မိုးကလည်းဖွဲဖွဲ ဖွဲဖွဲနဲ့။ သွေးစ
တွေက ကတ္တရာလမ်းပေါ်မှာ စီးနေတဲ့ရေတွေနဲ့ မျောပါသွားတယ်။ မျက်လုံးထွက်သွားတဲ့ ကျောင်းသားလေး၊ အရှေ့က ကျောင်းသူမလေးကို မထိအောင် ကာရင်း နံရိုးကျိုးသွားတဲ့ ကျောင်းသားကြီးတွေ၊ လူဂုဏ်တန်ရပ်ကွက်ဆိုတော့ ခြံဝန်းအမြင့်ကြီးတွေ ပတ်ပတ်လည်မှာ ဘယ်နေရာမှာ သွားခိုပုန်းရမှန်းမသိဘဲ အရိုက်ခံရမှာကို ဟိုပြေးဒီပြေးနဲ့ စောင့်နေရတဲ့အဖြစ်များ။
အဲဒီ အဖြစ်အပျက်များနဲ့အတူ ကိုမွန်းအောင်ရဲ့ သွေးမုန်တိုင်းကို ကိုရဲနည် (ဧရာဝတီ) က သံစဉ်သွင်းခဲ့လေသလား။

အဲဒါပြီးတော့ တမြို့လုံး ကျီးလန့်စာစား။ မာရှယ်လော၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင်
အကျယ်ချုပ်၊ ကျန်အန်အယ်လ်ဒီခေါင်းဆောင်များ၊ အတိုက်အခံအင်အားစုများ ဖမ်းပွဲ။
မိုးကြောင့် နဂိုကတည်းက မှောင်နေတဲ့ညဟာ ပိုမိုပြီး သိပ်သိပ်သည်းသည်း အမှောင်တိုက် ကျနေသလို။ အမှန်ကတော့ တိုင်းပြည်ကိုက အမိုက်တိုက်ထဲ ရောက်နေတာမဟုတ်လား။

အဲဒီညက ကျနော် လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ သူငယ်ချင်းနဲ့စကားပြောပြီး ပြန်လာတော့
ည (၇) နာရီခွဲလောက်ရှိနေပြီ။ အဖမ်းအဆီးသတင်းတွေတော့ ကြားရတယ်။ ကိုယ်နဲ့မဆိုင်ဘူးပေါ့။ မနက်ဆိုရင် လက်ဘက်ရည်ဖျော်မယ်။ စားပွဲထိုးမယ်။ ဆိုင်ပိတ်ချိန်ကျရင် သော့ခတ်ပြီး
အိမ်ပြန်မယ်။ ညီအငယ်ဆုံးကို ကျောင်းဝင်ကြိုမယ်။ ဖြစ်ပျက်နေတဲ့ ပစ္စုပ္ပန်အခြေအနေကို ဘေးကထိုင်ကြည့်နေသူတဦးလိုပေါ့။

ဖြစ်ချင်တော့ ကျနော်က အိပ်ရာစောစောမ၀င်တတ်ဘူး။ စာဖတ်ရမှ ကျေနပ်တယ်။ အဲဒီအလေ့ အထကိုပဲ ကျေးဇူးတင်ရမှာ။ အိမ်ပြန်ရောက်ပြီး စာဖတ်တော့ အမေနဲ့ မောင်နှမတွေလည်း အိပ်ရာ
ဝင်ကုန်တယ်။ မိုးကတော့ ဖျောက်ဖျောက် ဖျောက်ဖျောက် ကျနေတယ်။

စာဖတ်နေရင်းနဲ့ ကျနော့်နားမှာ ကားစက်သံတိုးတိုးလေး လှိမ့်မောင်းလာတာကို သတိသွားပြုမိ
တယ်။ တော်တော်ညက်ပါတယ်။ ညက်လွန်းလို့လည်း သတိထားမိတာ ဖြစ်မယ်ထင်တယ်။
ကားသံက ကျနော်တို့အိမ်နဲ့ နှစ်အိမ်လောက်ကွာတဲ့ လမ်းဆုံမှာ ရပ်လိုက်တာကိုလည်း သတိပြု
မိတယ်။ အဲဒါနဲ့ ဖတ်လက်စကိုခဏထားပြီး မီးအားလုံးကို ပိတ်လိုက်တယ်။ ခဏစောင့်တော့
အိမ်ရှေ့ ခြံတံခါးရှေ့က ခေါ်သံကြားရတယ်။ အမေ့နာမည်ပေါ့။ အဖေမှ မရှိတော့တာ။

အဲဒါနဲ့ အမေ့ကို နှိုးတယ်။ ဘယ်သူလဲဆိုတာ မေးတဲ့အခါကျတော့ ရ၀တကပါ ဆိုတာနဲ့ အသင့်ဖွင့် ထားတဲ့ နောက်ဖေးတံခါးကနေ ခုန်ချပြီး တဘက်ခြံနဲ့ လုပ်ထားတဲ့မလွယ်ပေါက်ကနေ ခြံဝင်းထဲ အပြေးဝင်ပြီး အိမ်သာထဲ ၀င်ထိုင်နေရတယ်။

သူတို့နဲ့ အမေ ပြောတဲ့စကားတွေကို အတိုင်းသားကြားနေရတယ်။ အမေက ဒီမှာ ပြန်မအိပ်ဘူး ပြောတော့ ညနေကတောင် တွေ့သေးတယ်၊ ဒီအိပ်ရာက ဘယ်သူ့အတွက်ခင်းထားတာလဲ
စသဖြင့် သူတို့ပြန်ပြောကြတာ ကြားနေရတယ်။ အသံတွေစဲသွားပြီး တော်တော်ကြာမှ အိမ်နီး
နားချင်းတွေကိုခေါ်။

တခု ကံကောင်းသွားတာက အဲဒီအိမ်မှာရှိတဲ့ အပျိုမနှစ်ယောက် တပို့တပါးမသွားတာကိုဘဲ။ သူတို့က မမြင်ရတဲ့ လောကကို ကြောက်တတ်ကြတာ။ ခေါ်လို့ရတော့မှ အခြေအနေကို ဆက်ကြည့်ပြီးတော့ အမေ့ကို သွားမေးခိုင်းရတော့တယ်။ အဲဒီညက အိမ်ဘေးအိမ်က မိသားစုရဲ့ ကျေးဇူးကတော့ အမှတ်ရစရာပါ။

နောက်တနေ့မနက်ကျတော့ အမေက လက်ဘက်ရည်ဆိုင် သွားဖွင့်တယ်။ ကျနော်က အိမ်ရှေ့
တံခါးနဲ့ ခြံဝင်းတံခါးကို အပြင်ဘက်က သော့ချပြီး အိမ်ထဲမှာနေတယ်၊ အနီးဆုံးပြတင်းပေါက်တော့ ဖွင့်ထားတယ်။ ညီတွေ၊ ညီမတွေကတော့ ကျောင်းသွား၊ အမေ့ကူပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဖမ်းခံရမှာ စိုးရိမ်ရ။ ကျန်လုပ်ဖော်ကိုင်ဘက်တွေလည်း လွတ်မလွတ်တွေး။ အမေတို့အတွက် ဘယ်လိုလုပ်ပေးရမလဲ။ အဲဒီ အတွေးတွေနဲ့ပဲ တနေ့တာ ကုန်လွန်သွားစေခဲ့တယ်။

နောက်ညနေပိုင်း အမေပြန်လာတော့ လုပ်ဖော်ကိုင်ဘက်တယောက်ပါလာတယ်။ ကျနော်
တနေရာမှာ ရှောင်ဘို့လိုပြီလေ။ ညီတွေ ညီမတွေလည်း တဖွဲဖွဲ ပြန်ရောက်လာကြတယ်။ သူတို့
အသိက ငယ်ပါသေးတယ်။ ဒါပေမယ့် အရှေ့မှာ အဖေ့ရဲ့အတွေ့အကြုံက ရှိပြီးသားမဟုတ်လား။ ကျနော် တနေရာ သွားနေရဦးမယ်ဆိုတဲ့ စဉ်းစားထားမှုတော့ အမေ့မှာ တွေးပြီးသားဖြစ်မှာပါ။ ပြန်ရောက်ကတည်းက သူ့မှာ ထမင်းဟင်းချက်လိုက်၊ ကျနော့်အ၀တ်အစားတွေ ၊ အသုံး
အဆောင်တွေ ထုပ်ပိုးလိုက်နဲ့ မအားပါဘူး။ ညနေ တော်တော်စောင်းတော့ ထမင်းစားကြတယ်။

ပြီးတော့ အမေပြင်ပေးထားတဲ့ ခရီးဆောင်အိတ်ကိုယူပြီး အဖော်နဲ့အတူ ကျနော်ထွက်လာခဲ့တယ်။ ပြန်လာမယ်ဆိုတဲ့အကြောင်းတော့ တဖွဖွပြောခဲ့တယ်။ မောင်နှမတွေကိုလည်း အမေ့ကို ကူညီဖို့ ပြောခဲ့တယ်။ အဲဒီကစပြီး ကျနော် အခုထက်ထိ အိမ်ကို ပြန်မရောက်ဖြစ်သေးဘူး။

အဖေပြန်ရောက်နေပြီဖြစ်တဲ့ အမေ့ရဲ့ တမိုးတမြေအောက်မှာ ကျနော်က အခုထိ ပြန်မရောက်နိုင်ဖြစ် နေဆဲ။

အဲဒီ အိမ်ကထွက်တဲ့နေ့က တမိသားစုလုံးရဲ့ မှတ်မှတ်ရရ အကြောင်းအရာတခုကို မေ့ချင်ယောင် ဆောင်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဇူလိုင် (၂၀) ဆိုတာ ကျနော့်ကို အမေမွေးဖွားတဲ့နေ့၊ ပြီးတော့ ကျနော့်ရဲ့ (၁၇) နှစ် တင်းတင်းပြည့်တဲ့နေ့လေ။

အဲဒီနေ့မှာပဲ ထွက်လာခဲ့တယ်။ မိုးစက်တွေ ကျမကျတော့ မမှတ်မိတော့ဘူး။ အဲဒီနေ့က အမေ
ကျခဲ့တဲ့ မျက်ရည်ကတော့ ကျနော့်တဘ၀လုံးစာအတွက် ရလိုက်တဲ့ မေတ္တာတရားပါပဲ။

No comments: