Monday 22 September 2008

အိမ်နီးနားချင်း ချေဂွေဗားရားများ

(ခန့်အောင်)
http://naytthit.com ... မှ


ထာဝရတော်လှန်ရေးသမား၊ ကမ္ဘာ့တော်လှန်ရေးသမား၊ ရဲခေါင်ပြောက်ကျား၊ ကမ္ဘာ့အရင်းရှင် နယ်ချဲ့အစိုး ရတိုင်းက ကြောက်ရတဲ့ ဒေါက်တာအာနက်စတိုချေဂွေဗားရား၊ မတရားအနိုင်ကျင့် ကျူးကျော်စော်ကားမှု ဖိနှိပ်မှုမှန်သမျှကို ဆန့်ကျင်တော်လှန်သူတိုင်းက စံပြုရတဲ့ ပုဂ္ဂိုလ်၊ ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေး၊ ဦးထုပ်ကအစ သူ့ရဲ့အမှတ်တံဆိပ်အဖြစ် ကျန်ရစ်ခဲ့သူ။ ဖိနှိပ်စော်ကားမှုရှိလေရာ နေရာတိုင်းသွားရောက် တော်လှန်ပစ်မယ် ဆိုတဲ့ လူဖြစ်တယ်။ အခုတော့ သူမရှိတော့ပါဘူး။ သူကျဆုံးသွားခဲ့တယ်။ ဘိုလီးဗီးယားတောနက်ထဲမှာ တော်လှန်စစ်ကိုဆင်နွှဲရင်းနဲ့ သူရဲကောင်းပီသစွာ ကျဆုံးခဲ့တာပါ။ သူကျဆုံးသွားပေမဲ့ သူ့အကြောင်းနဲ့ သူ့ ရုပ်ပုံတွေကတော့ တော်လှန်သူတို့ရဲ့ ရင်ထဲကအမှတ်တံဆိပ်အဖြစ် ထင်ကျန်ရစ်ခဲ့တယ်။ နေရာအတော် များများမှာ သူပုံကားချပ်တွေ အတော်တွေ့ရတယ်။ အင်္ကျီ၊ ပိုစတာ၊ လက်ကိုင်ပ၀ါ၊ လည်စည်း၊ ဆွဲပြားတွေ မှာ ပုံစံမျိုးစုံနဲ့တွေ့ရတယ်၊၊ သေးသေးယူမလား၊ ကြီးကြီးယူမလား ရတယ်။ ထိုင်းမှာလည်း ချေပုံကိုအတော် ကလေး တွေ့ရတယ်။ ထိုင်းက ဒီမိုကရေစီနည်းနည်းရှိတော့ ချေနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ပေါပေါ များများ ဘာသာပြန်ထုတ်ဝေကြတော့ ချေအကြောင်းကိုလူတိုင်းက သိနေကြတယ်၊ ကျနော် တို့ဗမာပြည်မှာ တော့ ချေအကြောင်း ဘာသာပြန်တွေရှိပေမဲ့ သိပ်ရှားပါးပါတယ်။ ချေဘာလဲဆိုတာ သိသူရှိသလို မသိသူ များတယ်။ မသိသူထဲမှာ ကျနော်ကိုယ်တိုင်ပါတယ်၊ ကျနော်လည်း ဟိုရောက်ဒီရောက် ဟိုလူနဲ့တွေ့ ဒီလူနဲ့ တွေ့ နေလာရင်းနဲ့ ချေအကြောင်းကို အနည်းအကျဉ်းတော့ သိလာခဲ့ရတော့တာပဲ။


အဲဒီလိုနဲ့ လူငယ်အတော်များများ ချေခရေဇီဖြစ်လာတာ တွေ့မြင်လာရတယ်။ ဗမာလူငယ် အတော်များများ ဟာ ချေဂွေဗားရား တီရှပ်၊ ပ၀ါ၊ လည်စည်း၊ ပိုစတာတွေသုံးစွဲ လာကြတယ်၊ တချို့လည်း ချေကို သိပ်ချစ် လွန်းတော့ ကိုယ်ပေါ်မှာ ဆေးမင်ရေနှင့် ချေအရုပ်တွေ ထိုးလာကြတယ်။ တချို့က လက်မောင်း၊ တချို့က လက်ဖျံ၊ တချို့က လက်ခုံ၊ တချို့က ကျောကုန်း၊ တချို့က ရင်ဘတ် စသည့်နေရာတွေမှာ ချေအရုပ်တွေကို အမည်းရောင်တမျိုး၊ အစိမ်းရောင်တသွယ်၊ အနီရောင်နဲ့တနည်း၊ ကာလာစုံနဲ့တမျိုး အမျိုးမျိုး အလှထိုး ကြတယ်။ တကယ်လည်း တူတယ်။ တကယ်လည်း ခန့်ခန့်ထည်ထည် ရှိပါတယ်။ ချေရဲ့ ဆေးမင်ကြောင် ပုံကို အများဆုံးတွေ့ရတာကတော့ အကိုကာလသားများရဲ့ ဖုဖုထစ်ထစ် လက်မောင်းကြီးတွေပေါ်မှာပါ။ အားနည်းတဲ့ဘက်က ရပ်တည်တာ၊ အဖိနှိပ်ခံဘက်က ရပ်တည်တာ၊ ကျူးကျော်စော်ကားတာကို ခေါင်းငုံ့မခံ တတ်တဲ့ စံပြပုဂ္ဂိုလ်ကို လူငယ်တွေ အမြတ်တနိုးနှင့် ကိုယ်ခန္ဓာမှာ ဆင်မြန်းကြတာ၊ မြတ်မြတ်နိုးနိုးရှိကြတာ ကောင်းတဲ့လုပ်ရပ်ပါ။ ကျနော့် အိမ်နီးနားချင်း တယောက်ကလည်း ချေကိုသိပ်လေးစားတာ။ နောက်ဆုံး ချေရဲ့ရုပ်ပုံကို သူရဲ့ လက်မောင်းအရေပြားမှာ ဆေးမင်ကြောင်နှင့် ရေးထိုးဖြစ်တဲ့အထိ လေးစားသူ ဖြစ်တယ်။ တွေ့တဲ့ခင်တဲ့ သူတိုင်းကို သူ့လက်မောင်းက အရုပ်ကို ပြပြနေရတာအမော။ သူပုံစံက ကိုယ်လုံး ကိုယ်ပေါက် ခပ်တောင့်တောင့် မျက်နှာပေါက်က ခပ်တင်းတင်း။ အ၀တ်အစားဆိုရင် စွပ်ကျယ်လက်ပြတ်ပဲ ၀တ်တယ်။ ဒါမှ လက်မောင်းပေါ်က ချေရဲ့ပုံက ပေါ်မှာကိုး။ လမ်းသွားရင်လည်း ရင်ကွဲဖွင့် လက်ကားကား ခေါင်းကလည်း မော့ထားလိုက်သေး။ ရပ်ကွက်ထဲက လူတွေကတော့ အဲဒီပုဂ္ဂိုလ်ဒီဇိုင်းကို ကြည့်ပြီး ဖြုံကြ တာပေါ့။ လူကောင်ကလည်းတောင့်တောင့်၊ နှုတ်ခမ်းမွှေးကားကား၊ လက်မောင်းမှာလည်း ခန့်ညားလှတဲ့ ချေရဲ့ ပုံတူ ဆေးမင်ကြောင်နဲ့ဆိုတော့ တွေ့တဲ့လူတိုင်းက သူ့ကို ကြာကြာစိုက် မကြည့်ရဲကြဘူး၊ ရန်အလုပ် ခံရမှာ စိုးရတယ်လေ။ လမ်းသွားရင်းနဲ့ တည့်တည့်တိုးရင်လည်း ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်သွားကြတယ်။ ဒါပေမဲ့ သူ့ ပုံစံက လူမိုက်ပုံပေါက်နေပေမယ့် သူ့မိန်းမကိုတော့ အတော်ချစ်ပုံရတယ်။ လူပုံကြည့်တော့သာ လူမိုက်ဂိုက်။ အိမ်မှာ သူ့မိန်းမနဲ့စကားပြောရင် အသံက ကလေးသံလိုလို၊ ကြောင်ကလေးတွေရဲ့ ချွဲသံလိုလို၊ လူမတွေ့ရင် ဒီပုဂ္ဂိုလ် မဟုတ်ဘူးလို့တောင် ထင်ရတယ်။ တခါတလေ သူတို့ ခြံနောက်ဘက်ကဖြတ်သွား တိုင်း သူ့လှုပ်ရှားမှုတွေကို ခြံစည်းရိုး ၀ါးခြမ်းပြားအကာတွေကြားက ရိုးတိုးရိတ်တိတ် တွေ့ရတယ်။ အိပ်ယာ ခင်း တွေ၊ စောင်တွေ၊ ခြင်ထောင်တွေကိုလျှော်ဖွပ်ပြီး ကြိုးတန်းမှာ နေပူလှန်းနေတာ တွေ့ရတတ်တယ်။ တခါတရံ မီးဖိုချောင်ထဲမှာ ထိုင်ပြီး ထမင်းရည် ငှဲ့နေတာတွေ့ရတယ်။ သူ့ကိုတွေ့တိုင်း သူ့လက်မောင်းက ချေဂွေဗားရားကို မျက်လုံးက ရောက်ရှိမြင်တွေ့နေရတယ်။

တရက်တော့ သူ့အိမ်က ပေါက်တူးငှါးချင်လို့ သူ့ခြံထဲထိဝင်သွားတယ်။ အိမ်ပေါ်မှာလည်း လူရှိပုံမရဘူး။ ဘာသံမှ မကြားရဘူး။ ဒါနဲ့ နောက်ဘက်က ရေချိုးခန်းဘက်သွားကြည့်တော့ ရေချိုးခန်းထဲမှာ အ၀တ်လျှော် သံ ကြားနေရတယ်။ ကျနော်က အသံပေးလိုက်တော့ အ၀တ်လျှော်သံရပ်သွားပြီး ရေချိုးခန်းတံခါး ပွင့်လာတယ်။ ချေဂွေဗားရားပုံနဲ့ပုဂ္ဂိုလ်ဟာ တံခါးဝမှာခန့်ခန့်ကြီးရပ်ပြီး ကျနော့်ကိုမေးတယ်။

“ဘာကိစ္စလဲ”

ကျနော်ကလည်း လာတဲ့ကိစ္စကိုပြောရင်းနဲ့ ရေချိုးခန်းထဲကို မျက်စေ့ကစားကြည့်မိတော့၊ “အားပါးပါး ချေဂွေဗားရားတယောက် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံနေရပါလား” လို့ စိတ်ထဲ ချက်ချင်းတွေးလိုက်မိ ပါတော့တယ်။ ရေထည့်တဲ့ ကော်ဇလားအကြီးကြီးထဲမှာ အ၀တ်အစားတွေ မနည်းမနောစိမ်ထားတာ တွေ့ရ တယ်။ ကြမ်းပေါ်မှာလည်း လျှော်လက်စ ဘရာစီယာတွေ၊ ရေစိမ်ပြီးညှစ်ထားတဲ့ ထမိန်တွေကို တွေ့လိုက်ရ တော့တယ်။ ကျနော် သူ့ကိစ္စတွေကို တွေ့သွားပြီဆိုတာ သူသိတော့ …

“ဟီး ဟီး ”

ဆိုပြီး သမိန်ပေါသွပ်ရှက်နေတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ မဆီမဆိုင် ရှက်ကိုးရှက်ကန်းနဲ့ နောက်ထပ်ပြော လိုက်သေးတယ်။

“အိမ်ကမိန်းမ သိပ်နေမကောင်းဘူးဗျ”လို့

ပြောလိုက်သေးတယ်။ ကျနော်လည်း သူပေးလိုက်တဲ့ ပေါက်တူးကိုယူပြီး ပြန်ထွက်လာခဲ့ပါတယ်၊ ဒီနေ့တော့ လျှော်လိုက်ပေဦးတော့ ချေရေလို့ စိတ်ထဲက ပြောလိုက်မိပါတော့တယ်။

နောက်တဦးကတော့ လမ်းထိပ်ကားဂိတ်က ချေဂွေဗားရားပါ။ သူလည်း ချေ ခရေဇီတယောက်ပဲ။ သူ ထိုးထားတာကမှ တကယ့်ရှယ်။ ကျောကုန်းအပြည့် ချေပုံကို ကာလာနဲ့ထိုးထားတာ။ ပုံထဲမှာ ချေ ဆောင်းတဲ့ဦးထုပ် က အနီရောင်ဆိုတော့ ပုံကစိုပြီး အရောင်ပိုတောက်တာပေါ့။ ထိုးတဲ့လူရဲ့ အသားအရေ ကလည်း ဖြူ၊ အရပ် ကမြင့်၊ ရင်အုပ်ကြီးက ကားကား၊ ကျောပြင်ကြီးက ကျယ်ကျယ်နဲ့ဆိုတော့ ပိုလှနေ တာပေါ့ဗျာ။ သူ့ကြည့် လိုက်ရင် အမြဲတမ်း အင်္ကျီကျွတ်နဲ့ ဒါမှလည်း ချေရဲ့ပုံကို လူမြင်နိုင်မှာကိုး။ ဒီလူက လက်ဘက်ရည်ဆိုင် ထိုင်တာတောင် လမ်းမဘက်ကို ကျောပေးပြီးမှထိုင်တာ။ ဆိုင်ရှေ့က ဖြတ်သွားတိုင်း ဆိုင်ထဲကို လှမ်းကြည့် လိုက်လို့ ချေ ရဲ့ပုံကိုတွေ့ရင် ဒီလူရှိနေတာ သေချာနေပြီ။

သူ့ အလုပ်အကိုင်က ကားဂိတ်မှာ။ လူမိုက်လုပ်ရတယ်။ ကားဂိတ်မှူးက မွေးထားတဲ့ လူဖြစ်တယ်။ ဂိတ်မှာ အလုပ်အားရင်လည်း တခါတလေ ကားနောက်လိုက်ပြီး စပါယ်ယာ လိုက်လုပ်သေးတယ်။ ကားနောက် လိုက်တဲ့ နေ့တွေဆိုရင် သူ့ပုံစံအတိုင်း အပေါ်ပိုင်းက ဗလာကျင်းလို့။ လက်ထဲမှာလည်း ဂျမ်းတုံးကြီး။ ကျောကုန်းမှာက ချေဂွေဗားရားနဲ့။ ကား နောက်ပြန်မလိမ့်အောင် ဂျမ်းတုံးလိုက်ခုနေတဲ့အခါ နောက်ကနေ မြင်နေရတဲ့ ချေဂွေဗားရားပုံဟာ အတော့်ကို မသက်မသာ နိုင်လှတယ်။ နေပူကြီးထဲ ချေဂွေဗားရား ကိုယ်တိုင် လက်မှာ ဂျမ်းတုံးကြီး ကိုင်ပြီး ကားဘီးကို လိုက်လိုက်ခုပေးနေရသလိုပဲ။

အော် ချေဂွေဗားရားကို ကိုယ့်လူတွေက ခုထိ အနားမပေးကြသေးဘူး။ သူ့ခမျာ ကြုံရင်ကြုံသလို အ၀တ် လည်း လျှော်ပေးနေရ။ ကားစပါယ်ယာလည်း လုပ်ရ။ ဂျမ်းတုံးလည်း လိုက်ခုရ။ ဒါနဲ့တောင် မပြီးသေးဘူး ကားဂိတ်ကြေးကို မိုက်ကြေးခွဲပေးနေရတယ်။

ဒါဟာ ကျနော်တို့ဆီက အစွဲအလမ်း ရှေးအယူအဆတခုနဲ့ ကြည့်မယ်ဆိုရင် သူဟာမကျွတ်သေးဘူး။ ကမ္ဘာမှာ ဖိနှိပ်မှုတွေ၊ ကျူးကျော်မှုအသစ်တွေ သွေးစုပ်မှုတွေ ရှိနေသေးတယ်။ အဲဒီတော့ အဖိနှိပ်ခံတွေကို ထားသွားဖို့ စိတ်မချနိုင်ဖြစ်နေလို့ ခုလို အိမ်နီးနားချင်း ချေဂွေဗားရားတွေကို အကူအညီတွေ လိုက်လုပ် ပေးနေရတယ်လို့ တလွဲလိုရာ ထင်မှတ်ပြောဆိုနေကြရင် ခက်မယ်။ အဲဒါကြောင့် သူ့ခရဇီတွေစုပြီး ဆွမ်းကပ် အမျှဝေမယ့်အစား ချေဂွေဗားရားရဲ့တန်ဖိုးကို အသေအချာ သိဖို့ လိုအပ်နေပြီပေါ့။ အဲဒီလိုမှမလုပ်ရင်တော့ ကျနော်တို့ဆီက အိမ်နီးနားချင်း ဆေးမင်ကြောင် ချေဂွေဗားရားတွေကြောင့် သူရဲကောင်း ချေဂွေဗါးရား အစစ်ခမျာမှာ မသက်သာ ….။

ခန့်အောင်

No comments: