Thursday, 31 January 2008

မမေ့နိုင်တဲ့ပုံရိပ်များ(၁)(၂)(၃)

(မာယာဘလော့ခ် မှ ကူးယူခဲ့ပါသည်)

မမေ့နိုင်တဲ့ပုံရိပ်များ(၁)
ရေးသူ-ကျွန်းပြန်ရဲဘော်တဦး
၁၉၆၂ ခု စစ်တပ်မှ တော်လှန်ရေးအစိုးရ အမည်နဲ့ တက်လာကတည်းက ၁၀ စုနှစ်တွေအတွင်းမှာ မေ့မရတဲ့ လူသိထင်ရှား သမိုင်းမှတ်တိုင်ကြီးများ၊ လူမသိ သူမသိ မှတ်တိုင်များ ပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်တော် မှတ်မိသလောက် ဖော်ပြရမယ်ဆိုရင် ၁၉၆၂ခု ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ။ ၁၉၆၅ ခု သံဃာ့အရေးအခင်း။ ၁၉၆၇ ခု ဆန်ပြသနာ၊ တရုတ်ဗမာအရေးအခင်း (မော်စီတုန်းတဆိပ် ပြသနာ)။ ၁၉၆၈ ခု ရခိုင်လေဘေး။ ဒါတွေက လူသိရှင်ကြား ထင်ထင်ပေါ်ပေါ် ဖြစ်ခဲ့တာတွေပါ။ လူမသိ သူမသိ သေးတဲ့ အရေးအခင်းတခုကတော့ ကျွန်တော်တို့ နိုင်ငံရေးသမားတွေကို စမ်းသပ်တဲ့ အနေနဲ့ ကိုကိုးကျွန်းကို ပို့တဲ့ အရေးအခင်းပါပဲ။ နှစ်ကတော့ ၁၉၆၉ ခုနှစ်ပါ။
နေ့ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ၁၉၆၉ခု နှစ်ဦးပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရေးသမား (ထိမ်းသိမ်းပုဒ်မ) ၃၅ ယောက်ဟာ မန္တလေးအချုပ်ထောင်ကနေ စစ်အချုပ်ထောင်မှာ တညအိပ်ပြီး နောက်တနေ့ နံနက် ၄ နာရီလောက်မှာ ရထားတွဲပေါ် တက်ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမား တွေကို ဘယ်အချိန်၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာ ပြည်သူတွေကို မသိစေချင်လို့ ရထားတွဲကို ဘယ်အချိန်ကရင်း နန်းတွင်းထဲ တွဲလာထိုးထားတယ် မသိပါ။ ရထားပေါ်မှာလဲ အရပ်ဝတ်အရပ်စားနဲ့ အရပ်စုံထောက်တွေ၊ စစ်ယူနီဖောင်းနဲ့ စစ်စုံထောက်တွေ စုစုပေါင်း ၁၅ ယောက်၊ အယောက် ၂၀ လောက် ရှိမယ်ထင်ပါတယ်။ တချို့လူတွေများဆိုရင် ခြေလက်တွေ ဟိုရမ်းဒီရမ်းနဲ့ မျက်နှာတွေ အကြောဆွဲသလို ပါးရွဲ့လည်ရမ်း သွက်ချာပါဒ လိုက်သလို ဖြစ်နေတာတွေလဲ တွေ့မြင်ရပါတယ်။ ကျွန်တော် သတိပြုမိသမျှ ဒီလူတွေဟာ အပြင်လောကမှာ တိုက်ကြိုတိုက်ကြား၊ မြောင်းကြိုမြောင်းကြား အိတ်စုတ်တလုံး တုတ်တချောင်းနဲ့ အမှိုက်ပုံမှန်သမျှ လှန်လှောရှာပြီး ပလပ်စတစ်ကောက်နေကြတဲ့ သူတွေပါ။ ဒါပေမဲ့ သူတို့ကို တွေ့ရတာကတော့ ရထားပေါ်မှာပါ။
ကျွန်တော်တို့ကို စစ်အချုပ်ထောင်ကနေ ခေါ်သွားတာ ရိုးရိုးလေးနဲ့ ခေါ်သွားခံရတာ မဟုတ်ပါ။ နှစ်ယောက်တတွဲစီ လက်ထိပ်ခတ်၊ အလယ်ခေါင်က လက်မလုံးလောက် ကြိုးနဲ့ တွဲချီထားပြီး နွားကူးများ နွားမောင်းသလို မောင်းပြီး ခေါ်သွားတာပါ။ ရထားပေါ် ရောက်ပြီးမကြာပါ။ ရထားခေါင်းတွဲက လာဆက်လိုက်လို့ (ဂျိမ်း) ဆိုတဲ့ အသံ ကြားရပါတယ်။ ရထားဟာ ကျွန်တော်တို့တွဲကို မန္တလေး ဘူတာကြီးဆီ ခေါ်သွားပြီး တွဲရှည်ကြီးရဲ့နောက်ဆုံးမှာ ဆက်ပေးလိုက်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ကျွန်တော်တို့ကို အစောဆုံးရထားနဲ့ ရန်ကုန်ကို ပို့တယ်လို့ ထင်ပါတယ်။
ရထားပေါ်မှာပဲ ကျွန်တော်တို့ကို ထမင်းထုပ် တထုပ်စီပေးလို့ စားခဲ့ရပါတယ်။ ရကုန်ဘူတာကြီးထဲ ရောက်တော့ တော်တော်ကြီးမှောင်နေပါပြီ။ ဒါတောင်မှ ရထားတွဲပေါ်မှာ တနာရီဝက်လောက် နေရပါသေးတယ်။ နောက်မှ အလုံပိတ် ဘတ်စ်ကားတစင်းနဲ့ ကျွန်တော်တို့ကို အင်းစိန်ထောင်ကို ပို့ပါတယ်။ ထောင်ဗူးဝမှာ စစ်ယူနီဖောင်းဝတ် လက်နက်ကိုယ်စီနဲ့ ဆီးကြိုနေတာ တွေ့ရပါတယ်။ အဲဒီမှာပဲ ဘယ်သူဘယ်ဝါ အဖအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ ဘာမှုနဲ့ ရောက်တယ်ဆိုတာကအစ ကိုယ်ရေးရာဇ၀င် ယူပါတယ်။ မှတ်မိနေပါသေးတယ်။ ကျွန်တော်တို့ကို ကိုယ်ရေးရာဇ၀င် ရေးမှတ်နေတဲ့ သူဟာ ပခုံးပေါ်မှာ ဘားခေါ်တဲ့ အစင်း၃ချောင်းနဲ့ပါ။ ဘေးက စစ်သားတွေကလဲ ဗိုလ်ကြီးကို မှန်မှန်နဲ့ မြန်မြန်ပြော၊ အချိန်သိပ်မရှိဘူး ဘာဘူးညာဘူးနဲ့ ဟိန်းဟောက် ချိန်းချောက်ပြီးနေပါတယ်။ ကျွန်တော်တို့က မြန်မြန် ပြောချင်ပေမယ့်လည်း ရေးမှတ်ယူနေတဲ့ ဗိုလ်ကြီးဆိုသူဟာ မြန်မြန် လိုက်မရေးနိုင်ပါ။ စာလုံးတွေကလည်း မပီမသနဲ့ ပဲတီပင်ပေါက်လို မညီမညာ လိုက်ရေးနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ စိတ်ထဲကတော့ မြန်မာစာမှ သွက်လက်ချက်ချာတောင် မရေးတတ်ပါ လားလို့ ထင်မိပါတယ်။
ကျွန်တော်တို့ ကိုယ်ရေးမှတ်တမ်း အကျဉ်းယူနေတာ နာရီဝက်လောက်တော့ ကြာမယ် ထင်ပါတယ်။ အဲဒီကနေ ကျွန်တော်တို့ကို စောင်အုပ်ပြီး အထဲကို ခေါ်သွားပါတယ်။ ခေါ်ပုံက လူတယောက်ကို စောင်အုပ်၊ ဘေးတဖက်တချက်ကနေ ဘယ်လက်တယောက်ကိုင်၊ ညာလက် တယောက်ကိုင်၊ ဒီနည်းနဲ့ ခေါ်သွားတာပါ။ ညကလဲမှောင်၊ စောင်ကလဲအုပ်လိုက်တော့ ဘာကိုမှ မမြင်ရတော့ပါ။ တော်တော်လှမ်းလှမ်း ကွက်လပ်ကို လျှောက်မိတော့ အပေါ်ကိုတက်လိုက်၊ လှေကားရှိတယ်၊ ဘယ်နှစ်ဆင့်ရှိတယ်ပေါ့။ နောက်အခန်းတခုလို့ ယူဆရတဲ့ နေရာတခုကို ခေါ်သွားတယ်။ ရှေ့မှာတန်း ရှိတယ် ခြေထောက်ကို မြှောက်လိုက်၊ ရှေ့နားသွား၊ အဲဒီလိုအမိန့်ပေးပြီး ထိုင် လို့ဆိုလိုက်တော့ ထိုင်ချလိုက်တယ်။ အုပ်လာတဲ့စောင်ကို ဖွင့်လိုက်တော့ ကျွန်တော့်ရှေ့မှာ ထမင်းပန်းကန်နဲ့ ဟင်းခွက် အချို့တွေ့ရပါတယ်။ အလားတူ ကျွန်တော့်လိုပဲ ခေါ်လာတဲ့ ရဲဘော်တွေ ရောက်နေနှင့်တာ တွေ့ရပါတယ်။ အားလုံး ထမင်းပန်းကန်ရှေ့မှာ ငုတ်တုပ်ထိုင်နေကြတာ တွေ့ရတယ်။ ထမင်းတော့ မစားခိုင်းသေးပါ။ ကျန်ရှိနေသေးတဲ့ ရဲဘော်အချို့မရောက်သေးလို့ စောင့်နေကြရပါတယ်။
ကျွန်တော်တို့ ရောက်နှင့်နေတဲ့ ရဲဘော်တွေက ထိုင်နေကြတုန်း ကျွန်တော်တို့လိုပဲ စောင်အုပ်ခေါ် လာတဲ့ ရဲဘော်တွေ ရောက်ရောက်လာပါတယ်။ အဲဒီထဲက ရဲဘော်တယောက်ကို ခေါ်လာတော့ အစောင့်တွေက ရှေ့မှာတန်းရှိတယ် တိုက်မိမယ် ခြေထောက်ကိုမြှောက်လို့ဆိုတော့ သူလဲ တန်းတိုက်မိမှာစိုးလို့ ခြေထောက်ကို တအားကုန်မြှောက်လိုက်ပါတယ်။ တကယ်တော့ တန်းက တခန်းနဲ့တခန်း ခြားထားတဲ့ ၄x၂ ပျဉ်ချောင်းလေးပါ။ ခေါ်လာတဲ့သူတွေက အမယ်လေးကွာ အဲဒီလောက် မြှောက်စရာ မလိုပါဘူးလို့ ပြောကြလို့ ရောက်နှင့်နေတဲ့ ကျွန်တော်တို့က အဲဒီလူရဲ့အဖြစ်ကို ကြည့်ပြီး ရီကြတာပေါ့။ နေရာကို ရောက်လို့ ထိုင်ခိုင်းပြီး စောင်ဖွင့်လိုက်တော့ ကျွန်တော်တို့ ရဲဘော်ကိုမာဆင် ဖြစ်နေမှန်း သိရတယ်။
သူက မန္တလေးတက္ကသိုလ်ကပါ။ နာမယ်ကလဲ မာဆင်၊ ရုပ်ကြည့်တော့လဲ အသားက ခပ်မဲမဲနဲ့ ကျွန်တော်က မွတ်ဆလင်ထင်နေတာ၊ နောက် သူနဲ့ စကားပြောကြတော့မှ မွတ်ဆလင်မဟုတ်မှန်း သိရတယ်။ မြင်းခြံသား၊ သူ့မိဘတွေက မွေးတိုင်းမတင်လို့။ တင်အောင်လို့ မာလဲမာ ဆင်ကောင်လောက်လဲ ကိုယ်လုံးထွားကြိုင်းအောင် မာဆင်လို့ နာမည်ပေးတဲ့အကြောင်း သိရပါတယ်။
ကျွန်တော်တို့ အဲဒီညက စားရတဲ့ ထမင်းဟင်းကို မှတ်မိနေပါသေးတယ်။ ချဉ်ရည်ဟင်း၊ ငရုပ်သီးနဲ့ ငါးခြောက်ကြော်၊ ထမင်းက ဆန်လုံးရှည်ရှည်နဲ့ ငကျွဲဆန်ပါ။ မနက်ထဲကရင်း၊ နေခင်းရထားပေါ်မှာ (စာရေးသူရဲ့လေသံ စာလုံးပေါင်းအတိုင်း) မ၀တ၀ ထမင်းထုပ်ကလေးပဲ စားရတော့ ထမင်းကလဲ ဆာဆာနဲ့ဆိုတော့ တော်တော့်ကို စားကောင်းပါတယ်။ ည ၁၀ နာရီကျော်ကျော်လောက် ရှိပြီ ထင်ပါတယ်။ အချိန်ကလဲ လွန်နေပြီ မဟုတ်လား။
ဒီလိုနဲ့ တဖွဲဖွဲ ရောက်လာလိုက်ကြတာ မသိတဲ့ရဲဘော်တွေရော၊ သိတဲ့ရဲဘော်တွေရော၊ ကြာလေ များလာလေဘဲ။ ဒီအထဲက ကျွန်တော်တို့ရဲ့ရောင်းရင်း ရဲဘော်ကြီး အမရပူရက ဦးလေးဦးခင်မောင် ရောက်လာတယ်။ ပိန်ပိန်ပါးပါး မုတ်ဆိတ်မွေးကလဲ တထွာလောက်နီးပါးနဲ့၊ ကျွန်တော်တို့အထဲမှာ အသက် အကြီးဆုံး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဘိုးတော်လို့ ခေါ်ကြတယ်။ မန္တလေးထောင်မှာ အတူနေ ကတည်းက ခွဲခွါသွားလိုက်ကြတာ၊ အခုမှ ပြန်တွေ့ရတော့ အားရ၀မ်းသာ မေးကြမြန်းကြ တာပေါ့။ ဒါကို အာဏာပိုင်တွေက အခုမှ မင်းတို့ ဟိုချီမင်းနဲ့တွေ့ကြလို့ သိတ်ဝမ်းမသာနေနဲ့၊ အိမ်မဟုတ်ဘူး၊ မအေရိုးတွေ၊ နှမရိုးတွေနဲ့ ဆဲဆိုတာ ခံရပါသေးတယ်။
၁၉၆၇ ခု ဆန်ရှားတဲ့နှစ်က အပြင်လောကမှာ ပြည်သူတွေ ဆန်ရှာမရလို့ အတော့်ကို ဒုက္ခရောက်ကြတယ်။ အလားတူစွာပဲ ကျွန်တော်တို့ မန္တလေးထောင်ထဲမှာလဲ အကျဉ်းသားတွေ ထမင်း၀၀ မစားကြရလို့၊ နောက်ပီး ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ထိထိရောက်ရောက် ကုသခြင်း မခံရကြလို့ အကျဉ်းသားတွေထဲမှာ သေသူ အတော်များလာတယ်။ ထောင်တွင်းဆရာဝန်ကို မကျေနပ် တာလဲ ရှိတယ်။ ဆရာဝန်နာမည်က ဖေဇော်တဲ့။ လ နဲ့ ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ၇ လ ပိုင်း၊ ၈ လ ပိုင်းလောက် ဖြစ်မယ်ထင်ပါတယ်။ မန္တလေးထောင်တခုလုံး ဆူတာပါပဲ။ ကျွန်တော်တို့ နေရတဲ့ အဆောင်ကြီးက ထောင်ထဲမှာ အကြီးဆုံး။ အဆောင်ရှည်ကြီးမှာ ခန့်မှန်းခြေအာဖြင့် ကိုက်သုံးရာကျော် လေးရာလောက် ရှည်မယ်ထင်ပါတယ်။ အဆောက်အဦပုံစံက အထပ်နှစ်ထပ်ပါ။ ပြီးတော့ လေးကန့် ကန့်ထားပါတယ်။
ကျွန်တော်တို့ နိုင်ငံရေးသမားတွေကို အပေါ်ထပ်မှာထားပါတယ်။ တခန်းကို ၄၀ ကျော် ၅၀ နီးပါးရှိတယ်။ အောက်ခန်းလေးခန်းမှာတော့ ဒီကရီ ကျပြီးသား အကျဉ်းသားတွေ ထားတယ်။ တခန်းတခန်းကို ရာကျော်နေရတယ်လို့ သိရတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေနဲ့ စကားပြောခြင်း၊ ပစ္စည်းပေးခြင်း လုံးဝမလုပ်ရပါ။ ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ ၁ တိုက်နဲ့ ၂ တိုက်ဆိုပြီး အခန်း ၁၀ခန်းပါ တိုက်နှစ်တိုက် ရှိပါတယ်။ တိုက်သမားတွေ နေထိုင်တဲ့ရှေ့က အုတ်နံရံအမြင့်ကြီး ကာထားတာမို့ သူတို့နဲ့ လုံးဝ တွေ့ဆုံစကားပြောနိုင်ခြင်း မရှိပါ။ ဒါပေမဲ့ အစောင့်တွေ အလစ်မှာ လက်ဟန်ခြေဟန်နဲ့ (သူတို့ ရေချိုး ဒါမှမဟုတ် မိလ္လာသိမ်း၊ ထမင်းကျွေးချိန်) ရတုန်းရခိုက်မှာ အုတ်နံရံပေါ်တက်ပြီး စကားပြောကြပါတယ်။ ကြာလာတော့လဲ ဘယ်တိုက်မှာ ဘယ်သူရှိတယ်ဆိုတာ သိလာရပါတယ်။ ရဲဘော်သံချောင်း၊ ရဲဘော်ဌေးလှ(ထောင်တွင်းကျဆုံး)၊ ရဲဘော်လေးမောင် (ကျွန်းမှာ ကျဆုံး)၊ ရဲဘော်ဘမူ၊ ရဲဘော်လှရွှေ အစရှိတဲ့ အရေးကြီးတဲ့ ခေါင်းဆောင်လို့ ယူဆတဲ့ ရဲဘော်တွေကို တိုက်ထဲမှာ ထားတာ သိရပါတယ်။
ကျွန်တော်တို့ နေတဲ့ အပေါ်ထပ် နံပါတ် ၁ ခန်းက သံဃာတော်တွေ ထားပါတယ်။ ၂ ၃ ၄ ခန်းက နိုင်ငံရေးသမားတွေ ထားတယ်။ ကျွန်တော်က နောက်ဆုံး အခန်း ၄ မှာနေရတယ်။ ကျွန်တော် နေရတဲ့အခန်းက ကျွန်တော်တို့လို လူငယ်တွေ နည်းပါတယ်။ မှတ်မိသမျှ ပျဉ်းမနားက ရဲဘော်စိုးမြင့် (နားလေးစိုးမြင့်) လို့လဲခေါ်တယ်။ သူက နားမကောင်းဘူး။ လူက အသားညိုညို ပုပု။ နောက် မန္တလေးတောင်ခြေ မြရတနာ ပုံနှိပ်စက်က ကိုချစ်ဦး၊ ကိုလှမြင့်၊ ကိုသိန်း၊ ပေါင်း ၇ ယောက် ၈ ယောက်ပဲ ရှိမယ်။ ကျန်လူအားလုံးက လူကြီးတွေချည်းပဲ။ အသက်အားဖြင့် ၆၀ ကျော် ၇၀ကျော်တွေပါ။ အသက် ၅၀ ကျော်ဆိုတာ အင်မတန် နည်းပါတယ်။ ကျွန်တော်မှတ်မိသမျှပြောရရင် ၀ါးတန်း ဦကျော်၊ မြစ်သား ဖဆပလ အမတ် ဦးဥာဏ်ဖေ၊ မင်းဘူး ဖဆပလအမတ် သခင်မောင်မောင်၊ အလုပ်သမားအစည်းအရုံးက ဦးညွန့်၊ ရေချို ဦးအေးမောင်၊ မေမြို့က သခင်အုံးဖေ၊ ဒုဗိုလ်မှူးကြီး ဘကြင်၊ နေရှင်နယ်ဦးဘသိန်း၊ ဦးပွကြီး၊ မန္တလေးက ဗိုလ်မှူးသန်းအောင်၊ ပိုက်ကျုံးသစ်စက်က ကိုတင်မောင်ညွန့် (ဒီပုဂ္ဂိုလ်ကတော့ အခန်းထဲမှာ သောက်ရေအိုးရေဖြည့်၊ တံပျက်လှည်း၊ လူမှုလုပ်ငန်း မပျက်သူ)၊ အလံနီနဲ့ ပါတ်သက်လို့ အဖမ်းခဲရတဲ့ ဦးညွန့်တင်၊ ရဲမင်းကြီးဟောင်းဦးမောင်မောင်၊ မစ္စတာ စမစ်၊ ဖဆပလအတွင်းဝန် သခင်မောင်မောင်လေး၊ စသူတို့ ဖြစ်ကြပါတယ်။ တခြားမမှတ်မိတော့တာတွေ အများကြီးပါ။ ထောင်ထဲရောက်တော့ ကျွန်တော်ကလည်း မေမြို့ကဆိုတော့ သခင်အုံးဖေတို့က ဂရုတစိုက် ရှိကြတယ်။ ဘာမှ အားမငယ်ဘို့ အားပေးစကားပြောပြီး သူတို့မှာရှိတဲ့ မုံ့ပဲသရေစာတို့ကို ချကျွေးပါတယ်။ တတ်နိုင်သလောက် ကူညီကြပါတယ်။
ဒီလို ကူညီတာဟာ ကျွန်တော်တယောက်ထဲမှ မဟုတ်ပါဘူး။ လူသစ်ရောက်လာရင် ဘယ်မြို့ ဘယ်နယ်ကဖြစ်ဖြစ် ဆီးကြိုအားပေး၊ တတ်နိုင်သလောက်ကူညီ၊ ပြင်ပလောကအကြောင်း သတင်း မေးကြတာဟာ ကျွန်တော်တို့လို ထောင်ထဲရောက်နေတဲ့ အထိမ်းသိမ်းခံ၊ နိုင်ငံရေးသမားတွေရဲ့အလုပ် ပါ။ အရင်ရောက်နှင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ၁၉၆၅ခု သံဃအရေးအခင်းမှာ တနိုင်ငံလုံးဖမ်းဆီးခံရတဲ့ အထဲက တချို့ပါ။ သူတို့ ရောက်ခါစက ဒုက္ခရောက်ကြလို့ မျက်ရည်တောင် ကျကြပုံကို ပြောပြကြပါ တယ်။ ဟုတ်မှာပါ။ ဒီလူတွေဟာ တချိန်က နိုင်ငံရေးနယ်မှာ ကြီးကြီးမားမားတွေ မဟုတ်လား။ အမတ်တွေ၊ ၀န်ကြီးတွေ၊ ၀န်ကလေးတွေ၊ မြို့မျက်နှာဖုံးတွေ မဟုတ်လား။ ရောက်စ သူတို့ ခံစားရတာနဲ့ ပါတ်သက်လို့ ရွှေမန်းတောင်သို့ သီချင်းအသွားကို စာသားထိုးပြီး စပ်ဆိုထားတာ ရှိခဲ့ပါတယ်။
ကျွန်တော်ဟာ အပြင်ဂါတ်အချုပ်မှာ တလနီးပါး နေခဲ့ရပါတယ်။ အဲဒီကနေ ထောင်ထဲပို့လိုက်တာ ပါ။ ထောင်ထဲရောက်တော့ စိတ်ထဲမှာ လွတ်သလောက်နီးပါး ဖြစ်သွားမိပါတယ်။ ဘာကြောင့်လဲဆို တော့ အပြင်အချုပ်မှာနေရတာ စိတ်ကျဉ်းကြပ်ပါတယ်။ အချုပ်ထဲမှာ အမှုနဲ့ပါတ်သက်လို့ ကြီးကြီး မားမား မရှိပါ။ အထူးသဖြင့် ညနေညနေ ရောက်လာရင်၊ ရပ်ကွက်ကနေ မူးပြီး ရန်ဖြစ်တာတို့၊ တယောက်နဲ့တယောက် စကားများပြီး ဓါးနဲ့ခုတ်လို့ ၀ိုင်းဖမ်းပြီး ပို့တာတို့၊ ခိုးမှု၊ လုယက်မှု လောက်သာ ရှိပါတယ်။ ကျွန်တော်ကတော့ အေးအေးသမား ဆူဆူပူပူသံ မကြားချင်တဲ့သူဆိုတော့ နေရတာ သိပ်မနိပ်ဘူးလေ။ ရဲတွေကလဲ ကျွန်တော့်ကို ကြောက်ကြတယ်။ ဘာပြုလဲဆိုတော့ ဖမ်းပြီးထည့်ထား တာက M.I.S စစ်စုံစမ်းထောက်လှမ်းရေးကကိုး။ ဒီလူကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပါနဲ့၊ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ပါစေနဲ့။ တခုခုဖြစ်ရင် ခင်ဗျားတို့တာဝန်ဘဲလို့ ပြောပြီးထားခဲ့တော့ ကျွန်တော့်ကို ဒိပြင်သူနဲ့စာရင် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ တွေ့ရပါတယ်။
၁၉၆၇ ဆန်ရှားပြီး တပြည်လုံး ဒုက္ခရောက်ကြတော့ အဲဒီ ဂယက်ဟာ ထောင်ထဲမှာလဲ ရိုက်ခတ် လာပါတယ်။ အကျဉ်သားတွေ ထမင်း၀၀မစားရတဲ့ ဒုက္ခတွေ၊ ထောင်ထဲမှာ လူလိုသူလို မထားလို့ အဖျားအနာထူပြောလာတာတွေ၊ နာမကျန်းဖြစ်တဲ့ အကျဉ်းသားတွေကို ထိထိရောက်ရောက် ဆေးဝါးမကုသပေးတာတွေ၊ ထောင်ဆရာဝန်ပေါ့လျော့မှုကြောင့်မို့ အသေအပျောက် များပြားလာတာ တွေ၊ အဲဒီလို အထွေထွေ မကျေနပ်မှုတွေက ထောင်ဆူဖို့အတွက် အကြောင်းရင်းတွေ ဖန်တီးလာတာပါ။ နောက်ဆုံးကောက်ချက်ချလိုက်ရင် ထောင်အာဏာပိုင်တွေရဲ့လူမဆန်တဲ့ လုပ်ရပ်တွေ၊ နှိပ်ကွပ်မှုတွေကြောင့်မို့ အရေးအခင်း ပေါ်လာရတာပါ။
ဒေါက်တာဖေဇော် အလိုမရှိ။ လူသတ်သမားဖေဇော် အလိုမရှိ။ ထမင်းပုံစံအပြည့်ရရေး ဒို့အရေး၊။ နာမကျန်းအကျဉ်းသားများ ကောင်းမွန်အောင် ကုသပေးရေး ဒို့အရေး စသဖြင့် ည ၇ နာရီလောက်မှာ အောက်ထပ်က အကျဉ်းသားတွေဆီက အော်သံ ကြားရပါတယ်။
အောက်ထပ်အခန်းတွေက တခန်းပြီးတခန်းဆိုသလို အော်လိုက်ကြတာ ကျွန်တော်တို့ အပေါ်ထပ် က နိုင်ငံရေးသမားတွေလဲ ထောက်ခံတဲ့အနေနဲ့ လိုက်ပြီးအော်ကြပါတယ်။ နောက်တနေ့မနက်လဲ ၆ နာရီ ၇ နာရီလောက်မှာ စပြီး အော်ကြပါတယ်။ ၆ နာရီ အခန်းတံခါးလာဖွင့်တော့၊ ၀ါဒါတွေဟာ ဖွင့်ပြီး ပျောက်ကုန်ပါတယ်။ အဲဒီလို ဘယ်နားမှာမှ အစောင့်တွေ မရှိတော့ ကျွန်တော်တို့ထဲက ရဲဘော်တချို့တံခါးဖွင့်ပြီး အခန်းတွေ တခန်းပြီးတခန်းကူး၊ တိုက်တွေထဲ သွားတွေ့၊ ဆွေးနွေးချင်တဲ့ ရဲဘော်များနဲ့ ဆွေးနွေးတိုင်ပင်နဲ့၊ ထောင်ထဲ အတော်ကို လွတ်လပ်သွားတယ်။ ဘယ်နေရာမှာမှ အစောင့်ဆိုတာ မတွေ့ရပါဘူး။ အဲဒီနေ့က တနေ့လုံးလဲအော်ကြ ပြုကြတာ ပါဘဲ။ သူတို့ တောင်ယာဘုတ်တို့၊ လက်သမားတို့ စသဖြင့်ပေါ့ ဘာကိုမှ အလုပ်မခိုင်းဘူး။ ထောင်ကျ အကျဉ်းသားတွေလဲ စည်းစည်း လုံးလုံးနဲ့ပဲ တောင်းဆိုတိုက်ပွဲ ၀င်ကြပါတယ်။
(ကျွန်တော့စိတ်ထင်) သုံးလေးရက်လောက် ကြာမယ်ထင်ပါတယ်။ နောက်ဆုံးရက်ကြတော့ နံနက် ၆ နာရီထိုးပေမယ့် အခန်းလာမဖွင့်ပေးဘူး။ ၇ နာရီ ၈ နာရီလဲ လာမဖွင့်ဘူး။ ၉ နာရီလောက်မှာတော့ လက်နက်အပြည့်အစုံနဲ့ (တကယ့်ရန်သူနဲ့တိုက်မဲ့ပုံစံမျိုးနဲ့) အင်အားခန့်မှန်း သုံးရာမှငါးရာလောက် ထောင်ထဲဝင်လာပြီး၊ အဆောက်အဦးတွေကို လက်နက်တွေနဲ့ ချိန်ရွယ်လိုက်တယ်။ မရှေးမနှောင်းမှာပဲ မန္တလေးထောင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးမောင်မြင့်ဟာ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး ၀ါဒါ ခြံရံပြီး ကျွန်တော်တို့ အခန်းတွေဆီ ရောက်လာပါတယ်။
တခန်းဝင်တခန်းထွက်နဲ့ သူပြောပုံက မင်းတို့အော်ကြအုန်းလေ၊ မင်းတို့ လိုချင်တာပေးမလို့ ရောက် လာပြီ၊ ဘာညာနဲ့ ဆူပူ ကြိမ်းမောင်းပါတော့တယ်။ မင်းတို့ထဲက ခေါင်းဆောင် ဘယ်သူလဲ ပြော။ ဘယ်သူ စအော်တာလဲပြော။ အဲဒီလို တကယ့် စစ်တိုက်ထွက်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့နေတဲ့ နေရာတွေကို ၀ိုင်းထားပြီး ချိန်းခြောက် ဟိန်းဟောက် ပါတယ်။ အဲဒီလို တခန်းပြီးတခန်း ဟောက်လာ လိုက်တာ ကျွန်တော်တို့ အခန်းကိုရောက်လာပါတယ်။ ကျွန်တော်တို့ အခန်းက သူ့ထက်ကြီးတဲ့ လူကြီးတွေ ဆိုတော့ တမျိုးဖြစ်သွားတယ်။ အသံကတော့ မာလျက်ပဲ။
ထောင်တွင်းအရေးအခင်း ဖြစ်ပွါးပြီးနောက်၊ အဲဒီနောက်ဆုံးနေ့မှာပဲ အခန်းအသီးသီး၊ တိုက်ခန်း အသီးသီးက သူတို့ အမာခံခေါင်းဆောင်လို့ ယူဆတဲ့ သူတွေကို ခေါ်ထုတ်သွားပြီး နယ်ထောင်တွေဆီ ဖြန့်ခွဲလိုက်ပါတယ်။ ကျွန်တော်တို့ အဆောင်က အလုပ်သမားအစည်းရုံးက ကိုသန်းမြင့်၊ သခင်အုံးဖေ၊ ဗိုလ်မှူးသန်းအောင်၊ အခန်း ၃ က ဒေါက်တာညီညီ နဲ့ ကျန်အဆောင်တွေက ရဲဘော်တချို့ဖြစ်ပါတယ်။ ကျန်တဲ့ ထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ ထောင်ကြီးချုပ်လို့ခေါ်တဲ့ အဆောက်အဦးတခုမှာ စုစည်းထားလိုက်ပါတယ်။ ဒီထဲမှာ သံဃာတော်တွေလည်း ပါတယ်။ ထောင်ကျတွေနဲ့ ခွဲထုတ်လိုက်တဲ့ သဘောပါပဲ။
ထောင်ကြီးချုပ်က နှစ်ထပ်ဆောင်ပါ။ ဘယ်အဆောက်အဦနဲ့မှ တွဲမထားတဲ့ သီးခြားဆောင်ပါ။ အုတ်နံရံ လေးဘက်ကာထားတယ်။ အတွင်းမှာ အတွင်းမှာ ဘော်လီဘောကစားဖို့နဲ့ ရေဒီယိုနားထောင် ဖို့ အခွင့်အရေး ပေးထားတယ်။ စာအုပ်စာတမ်းတချို့၊ သတင်းစာ အိမ်ကိုမှာပြီး ဖတ်ခွင့်ပေးတယ်။ ပေးတယ်ဆိုတာလဲ အများဆုံးစာအုပ်ကတော့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်များပါတယ်။ ဒါတွေက ထောင်တွင်းတိုက်ပွဲရဲ့ရလဒ်တွေပါ။
ဒီနေရာမှာ သတင်းစာနဲ့ပါတ်သက်လို့ ရေးစရာလေးတခု သတိရလို့ ရေးရအုန်းမယ်။ ကျွန်တော်တို့ အဆောင်ကြီးမှာ နေတုန်းကလဲ သတင်းစာ ဖတ်ရတယ်။ ဖတ်ရပုံက ကျွန်တော်တို့ကို အကောင်းပေးတာ မဟုတ်ဘူး။ အိမ်သာသုံးစက္ကူအဖြစ်နဲ့ သတင်းစာကို `ရှစ်စိပ်စိတ်ပြီး ပေးတာ။ ဒါကို ကျွန်တော်တို့က မသုံးသေးပဲ အားလုံးကို ပြန်စဉ်ပါတယ်။ ပြီးတော့ ဒေါင့်လေးတွေကို ထမင်းလုံးနဲ့ ကပ်ပြီး သတင်းစာ မူလအတိုင်းဖြစ်အောင် ဖန်တီးယူရပါတယ်။ သတင်းစာတွေက တပါတ် ၈ ရက်လောက် သတင်းစာတွေ ပါသလို တချို့ဆိုရင် အစဉ်အတိုင်းမဟုတ်ပဲ ရောပြီး အခန်းတွေကို ပေးတာ။ ဒါကို ကျွန်တော်တို့က ဒို့အခန်းမှာတော့ ဘယ်နေ့ရက်စွဲနဲ့ အပိုင်းပြတ်တွေပါတယ်။ မင်းတို့အခန်းမှာ ဒီက အပိုင်းနဲ့တူတဲ့ သတင်းစာရွက်တွေ ရှိလား။ အဲဒီလိုမေးပြီး တောင်းပြီး သတင်းစာ ဖြစ်အောင် ဖတ်လို့ရအောင် လုပ်ရပါတယ်။
ကျွန်တော်တို့ ထောင်ထဲမှာ အသိချင်ဆုံးဆန္ဒက အပြင်လောကက သတင်းစကားတွေပါ။ ဒါကြောင့်မို့ သတင်းစာ ဒါမှမဟုတ် လောလောလတ်လတ် ရောက်လာတဲ့လူတွေဆီက အပြင်မှာ ဘာထူးသလဲ။ ဘာသတင်းများကြာသလဲ စသဖြင့်ပေါ့။ အပြင်လောကရဲ့အခြေအနေကို သိပ်သိချင်ကြ ပါတယ်။ တကယ်တော့ ထောင်ဆိုတာ အပြင်လောကနဲ့ ခြားထားတဲ့ သီးခြားကမ္ဘာလေးတခုပါ။ မျက်စိပိတ်၊ နားပိတ်၊ စိတ်ဓါတ်ကျ ရောဂါရ။ နောက်ဆုံး ရုပ်ရောနာမ်ပါ ချွတ်ခြုံကျ၊ လူလုံးမလှအောင် နှိပ်စက်ညှင်းပမ်းတဲ့ နေရာတခုပါ။
ထောင်ကြီးချုပ်မှာ ကျွန်တော်တို့ ၁ နှစ်ခွဲနီးပါး နေခဲ့ရပြီးနောက်၊ အခုလို အင်းစိန်ကို ပို့လိုက်တာ ပါဘဲ။ ထောင်ထဲမှာ နေစဉ်တုန်းကရင်း၊ တနေ့မှာ လေဒီယိုထဲက သတင်းတပုဒ် ကြားလိုက်ရပါတယ်။ အဲဒါကတော့ ကိုကိုးကျွန်းနဲ့ ပါတ်သက်တဲ့ သတင်းပါ။ အလျား ၇ မိုင်၊ အနံ ၃ မိုင်ရှိတဲ့ ကျွန်းအကြောင်းပါ။ ရန်ကုန်မြို့ရဲ့အမှတ် (၁၃)နယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း။ ကျွန်းမှာ ဘုန်းကြီးကျောင်းတကျောင်း၊ မူလတန်း စာသင်ကျောင်းတကျောင်း၊ ပပကဆိုင်၊ အုံးဆံကြိုးကျစ်စက်ရုံ၊ လေယဉ်ကွင်း စသဖြင့်ပေါ့ သတင်းထဲမှာ ကြားလိုက်ရပါတယ်။ ဒီသတင်းလဲကြားရော ကျွန်တော်တို့ ရဲဘော်တွေကြားမှာ အလိုလို သတိထားမိလိုက်တာက ဒါဒို့ နိုင်ငံရေးသမားတွေကို ကျွန်းပို့ဖို့ ဖြစ်နိုင်တယ်လို့ တွက်ကြပါတယ်။ ဘာကြောင်မို့ တွက်မိကြသလဲဆိုတော့ ရန်သူဟာ တခုခု မကောင်းတာ လုပ်တော့မယ်ဆိုရင် လက်ဦးဆုံးပြည်သူတွေကို လိမ်လည်လှည့်ဖြား လုပ်တတ်လို့ပါဘဲ။ လူကြားကောင်း သူကြားကောင်းအောင် အပေါ်ယံ သနပ်ခါးလိမ်းပြရတာပါ။ ဒါကို ကျွန်တော်တို့ နိုင်ငံရေးသမားတွေက သူတို့ ဒီလိုရေးရင်၊ ပြောရင် ဆန့်ကျင်ဘက် အနေအထားရ တခုခုဖြစ်တော့မယ်၊ တခုခု ကြံနေပြီဆိုတာ နိုင်ငံရေးအရ သိနေကြပါပြီ။
ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေ ဘော်လီဘောပုတ်ရင် မင်းတို့ ဒို့ကို နိုင်အောင်ပုတ်၊ မပုတ်နိုင်ရင် မင်းတို့ကို ကိုကိုးကျွန်းကို ခြေလျင်လျှောက်ခိုင်းမယ်လို့ နောက်ပြောင် ကျီစယ်ကြပါတယ်။

အပိုင်း(၁) ပြီး။

မမေ့နိုင်တဲ့ပုံရိပ်များ (၂)
ကျွန်တော် အင်းစိန်ထောင်ကို ရောက်တဲ့အကြောင်း အထက်တနေရာမှာ ရေးခဲ့ပါတယ်။ အဲဒီမှာ မန္တလေးထောင်တွင်းတိုက်ပွဲ ဖြစ်ပွါးပြီးကတည်းက ခွဲခွါသွားကြရတဲ့ ရဲဘော်တွေ တချို့ပြန်ဆုံတွေ့ကြရ တော့ အားရ၀မ်းသာ နှုတ်ဆက်ကြ စကားတွေပြောလိုက်ကြနဲ့ပေါ့။ ဒါကို အာဏာပိုင်တွေက မလိုလား ပါဘူး။ ဆဲဆို ကြိမ်းမောင်းပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ အကျဉ်းသားတွေ ရွှင်ရွှင်ပြပြနဲ့ ရန်သူကို ဘာမထီအနေအထားနဲ့ စိတ်ဓါတ်မကျပဲ ကြံ့ခိုင်အောင် နေပြတာကို သူတို့ မျက်စိ စပါးမွေး စူးကြပါတယ်။ စိတ်ဓါတ်ကျ၊ ကျန်းမာရေးမကောင်း၊ သူတို့ဆီမှာ မဟုတ်က ဟုတ်က မျက်နှာလိုအားရ သတင်းပေး၊ ဒီလိုဟာမျိုးကို လိုလားတာပါ။ ဒီလိုပုဂ္ဂိုလ်တွေလဲ ရှိခဲ့တာကိုး။ ဒါပေမဲ့ အနည်းစုပါ။
အင်းစိန်ထောင်ကို ရောက်လာကြတဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသမားတွေဟာ နယ်စုံ၊ ထောင်စုံ ကပါ။ အထက်ဗမာပြည် မြစ်ကြီးနားထောင်၊ ဗန်းမော်ထောင်၊ ရွှေဘိုထောင်၊ မုံရွာထောင်၊ မြင်းခြံထောင်၊ မန္တလေးထောင်၊ သရက်ထောင် စသဖြင့် ထောင်အသီးသီးကပါ။
အင်းစိန်ထောင်မှာ သိတ်မကြာလိုက်ပါ၊ ရန်သူက သူတို့လိုချင်တဲ့ ပို့ချင်တဲ့ နိုင်ငံရေးသမားတွေ စုံလောက်ပြီလို့ထင်ပါတယ်။ ရက်ပေါင်း ၂၀ ကျော် ၂၅ ရက်လောက်ပဲ ကြာမှာပါ။ ကျွန်တော်တို့ မန္တလေးထောင်မှာနေစဉ်က ကိုကိုးကျွန်းကို ခြေလျင်ပို့မယ်လို့ တယောက်နဲ့တယောက် ပြောခဲ့ကြတာဟာ အခုတော့ တကယ်ပဲ ဆိုက်ရောက်လာပါတယ်။
၁၉၆၉ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်ည တော်လှန်ရေးကောင်စီက ရန်ကုန်ကျိုက္ကစံကွင်းမှာ ပြည်ထောင်စုပွဲတော် ခြိမ့်ခြိမ့်သဲ ကျင်းပနေတယ်။ ပြည်သူတွေကို ဒီပွဲလမ်းသဘင်နဲ့ လှည့်ဖျားပြီး ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို ကျွန်းပို့ဖို့ စီစဉ်တာပါ။ ရန်သူဟာ သူတို့ မဟုတ်တာလုပ်တာကို ပြည်သူတွေသိမှာ သိတ်စိုးရိမ်ပါတယ်။ တနည်းပြောရရင် သိတ်ကြောက်ပါတယ်။ ဒါကြောင့် လူသိမခံရဲပါ။ ဖေဖော်ဝါရီလ ၁၁ ရက် ညနေထမင်းစားပြီး ၄ နာရီလောက်မှာ ကျွန်တော်တို့တတွေကို မိမိရှိ ပစ္စည်းအားလုံးကို သိမ်းပြုထားကြဖို့၊ လာခေါ်ရင် အဆင်သင့် ဖြစ်နေအောင် ကြိုတင်ပြောထား ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လဲ ဘယ်ပို့မယ်ဆိုတာ မသိသလို သိသလိုတော့ စိတ်ထဲမှာ ဒွိဟဖြစ်နေကြပါတယ်။ လွှတ်တာတော့ မဖြစ်နိုင်ဘူး၊ တနေရာကို ပို့ဖို့ပဲ ဖြစ်မယ်၊ ပို့ရင်လဲ ကိုကိုးကျွန်း ပို့မှာက ပိုဖြစ်နိုင်တယ် စသဖြင့် ထင်ရာမြင်ရာ ပြောဆိုနေကြတယ်။ ထောင်ပြောင်းလာစဉ်က ကိုယ်စီကိုယ်စီ မိမိအ၀တ်အစားကလေးတွေကို သေသေချာချာ ထုပ်ပိုးပြင်ဆင်ကြရင်း ဆေးလိပ် သောက်သူသောက်၊ စကားဖောင်ဖွဲ့ပြောနေကြသူပြောနဲ့ပေါ့။ ဒီလိုနဲ့ ၉ နာရီ အခါတိုင်း အိပ်ချိန်ရောက်လဲ လာမခေါ်သေး၊ ၁၀ နာရီ ၁၁ နာရီရောက်လာလဲ လာမခေါ်သေးပါ။ ကျွန်တော်မှတ်မိတာတော့ ၁၂ နာရီ လောက်မှာ လာခေါ်တယ် ထင်ပါတယ်။ လာခေါ်တော့ နှစ်ယောက်စီ တန်းပြီး ထိုင်ခိုင်းပါတယ်။ မိမိပါလာတဲ့ အထုတ်ကိုယ်စီနဲ့ ထိုင်နေကြရတယ်။ ကျွန်တော့ စိတ်ထဲကတော့ မီးဘေး၊ လေဘေး၊ ရေဘေး ဒုက္ခသည်၊ စစ်ပြေးဒုက္ခသည် တွေလဲ ဒီလိုနေမှာပဲလို့ ခံစားရပါတယ်။ အမှန်တော့ ကျွန်တော်တို့ တတွေဟာ နိုင်ငံရေးဒုက္ခသည်တွေပါ။ ကျွန်တော်တို့ကို နှစ်ယောက်တတွဲ၊ တယောက် လက် တယောက်ကိုင်ခိုင်းပြီး၊ ကျန်လက်တဖက်က မိမိပါလာတဲ့ အ၀တ်ထုတ်ကို ဆွဲရပါတယ်။
ဒီလိုနဲ့ ထောင်ဗူးဝရောက်တော့ အပြင်မှာ မှန်လုံကား လေးငါးစီးလောက် ရပ်ထားတာ တွေ့ရတယ်။ ကားမှန်တွေကို အပြင်က မြင်မှာစိုးလို့လား၊ ဒါမှမဟုတ် အထဲက ကျွန်တော်တို့က အပြင်ကို ကြည့်ရင် မမြင်နိုင်အောင်လားတော့ မပြောတတ်ပါ။ ကားမောင်းတဲ့သူ ရှေ့က မှန်ကလွဲလို့ အားလုံးကို ထုံးသုတ်၊ တချို့စာရွက်တွေနဲ့ ကပ်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့အားလုံးလဲ ကားပေါ်ရောက်ရော ကားစထွက်ပါတယ်။ ရန်သူက မမြင်နိုင်အောင် ထုံးသုတ် စက္ကူကပ်ထားပေမဲ့ ကားမောင်းသမားရဲ့ရှေ့မှန်ကနေ ကျွန်တော်တို့ လမ်းဘေးဝဲယာကို ကြည့်မိအောင် ကြည့်ကြပါတယ်။ လမ်းကွေ့တိုင်း၊ လမ်းဆုံတိုင်းမှာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ ၄-၅ ယောက်တတွဲ စောင့်နေတာ တွေ့ရတယ်။
လမ်းသွားလမ်းလာ အချို့ကတော့ မြို့လယ်ခေါင်မှာ ဟိုနား ဒီနား တွေ့ရတယ်။ မြို့လယ်ခေါင်ကို ကားဖြတ်မောင်းတော့ လူသူ တဦးစ နှစ်ဦးစ ကြိုးကြား ကြိုးကြားတွေ့ရတာကလွဲလို့ ပကတိ တိတ်ဆိပ် ငြိမ်သက် နေတာတွေ့ရတယ်။ ဒါကို စဉ်းစားကြည့်ရင် ဒီကိစ္စဟာ လူမသိုသမသိ ခိုးကြောင်ခိုးဝှက် လုပ်ကြောင်းပေါ်လွင်ပါတယ်။ ကားပေါ်က နှစ်ယောက်တတွဲ ဆင်းတော့ ဘေးဘက်ဝဲယာမှာ စစ်သား တွေ နေရာယူထားပြီး လူသွားစရာ လမ်းကလေးနည်းနည်းပဲ ပေးထားပါတယ်။ ဆိပ်ကမ်းကတော့ ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်း လို့ သိရတယ်။
ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို သင်္ဘောဝမ်းပိုက် (ကုန်ပစ္စည်းတွေ ထားတဲ့နေရာနဲ့ တူပါတယ်) မှာထားပါတယ်။ အပေါက်ဝမှာလဲ ဂျီ ၃- ဂျီ ၄ ဆိုတဲ့ သေနတ်တွေနဲ့ ချိန်ထားကြတယ်။ ကျွန်တော်တို့ကတော့ မတွေ့တာ ကြာတဲ့လူတွေ ပြန်တွေ့ကြရတော့ ၀မ်းသာကြတာပေါ့။ တယောက်ကို တယောက် နှုတ်ဆက်ကြ၊ စကားစမြည်ပြောကြ၊ အူလှိုက်သဲလှိုက် ပွေ့ဖက်နှုတ်ဆက်ကြနဲ့။ ဒီအထဲမှာ မသိ မမြင်ဘူးတဲ့ ရဲဘော်တွေလဲပါတယ်။ အရင်က ထောင်မှာ အတူတူနေရပြီး အကြောင်းအမျိုးမျိုး ကြောင့် ခွဲခွါနေခဲ့ကြရတဲ့ သူတွေ ပြန်တွေ့ကြတာလဲ ရှိပါတယ်။ အားလုံး (၂၃၃) ယောက် ဖြစ်ပါတယ်။
ဒီလို စကားစမြည်တွေ ပြောကြ နှုတ်ဆက်ကြနဲ့ ၀မ်းသာလိုက်ကြတာ ရန်သူ့ လက်ထဲမှာပါလား ဆိုတဲ့ အသိတောင် လွတ်သွားတယ်။ အသက်အရွယ်ကတော့ မျိုးစုံပဲ။ အသက် ၆၀ ကျော် ၇၀ တွေပါသလို၊ အသက်၁၄-၁၅ နှစ်အရွယ်လဲပါတယ်။ အင်းစိန်ထောင်က ပါလာတဲ့ ရဲဘော်လှဌေးဆိုရင် သူ့ဦးလေးကို ဖမ်းလို့ သူပါ ဖမ်းတဲ့အထဲ ပါလာတာ။ ထောင်ထဲရောက်တော့ ၁၀ နှစ်သားလောက်ပဲ ရှိအုန်းမယ်။
အင်းစိန်ထောင်က ဦးလေးဦးအုန်းမောင်(လေထီး)၊ ဆရာရာဂျန်၊ စာရေးဆရာများဖြစ်ကြတဲ့ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်၊ ကအစ သခင်ခင်အောင်၊ ကေတီဦးကျော်တင့်၊ ပမညတ ဗိုလ်တင့်တယ်၊ ဗိုလ်မျိုးထွတ် တို့တွေ့ရတယ်။ ကျွန်တော်တို့ကို ပို့တဲ့အထဲမှာ လက်ဝဲအယူအဆ ရှိသူတွေများတယ်။ ဘာမှ မယ်မယ်ရရ မရှိသူတွေလဲပါတယ်။ အဲဒါကတော့ မန္တလေး ၂၆ ဘီလမ်းမှာ ဆေးတိုက်ဖွင့်ထားတဲ့ ဒေါက်တာ ကူးမားဖြစ်တယ်။ သူလိုပုဂ္ဂိုလ်မျိုးက ၃-၄ ယောက်လောက် ပါတာပါ။
ဒီလိုနဲ့ သင်္ဘောပေါ်မှာ စကားကောင်းနေကြတုန်း ရုတ်တရက် စက်သေနတ်နဲ့ ပစ်လိုက်သလို အသံမျိုး ပေါ်ထွက်လာပါတော့တယ်။ စကားသံတွေဟာ ချက်ချင်းဆိုသလို ရပ်သွားပြီး၊ တချို့ခေါင်းငုံ့ထားတဲ့သူ ငုံ့ထား၊ တချို့လဲ ပစ်လှဲလိုက်သူပစ်လှဲ၊ တချို့လဲ လှည့်ပတ်ပြီး မျောက်ခုံသလို ၃-၄ ပတ်ခုန်ပစ်၊ ဂျွမ်းထိုးပစ်တွေ ဖြစ်ကုန်တယ်။ ကျွန်တော်ထင်တာက ကျွန်တော်တို့ကို သင်္ဘောဝမ်းပိုက်ထဲ ထည့်ပြီး သေနတ်နဲ့ပစ်သတ်ပြီလို့ ထင်တာကိုး။ အတော်ကလေး ကြာတော့မှ တယောက်ကို တယောက်ကြည့်ပြီး ဘာမှ မဖြစ်ကြတော့မှ ဟာ ဒါ သင်္ဘောကျောက်ချထားလို့ ကျောက်တင်တဲ့ အသံပဲလို့ စဉ်းစားမိကြပါတယ်။ ကျွန်တော်တို့ကို ထားတဲ့အခန်းက သင်္ဘောဦးပိုင်းမှာဆိုတော့ ကျောက်သံကြိုးနဲ့ သင်္ဘောကိုယ်ထည်နဲ့ ပွတ်တိုက်တဲ့အသံက တကယ့်ကို စက်သေနတ်ပစ်သံနဲ့ တူပါတယ်။
သင်္ဘောကျောက်တင်ပြီး ဆိပ်ကမ်းက ထွက်ခွါတာ ၂ နာရီ ၃ နာရီလောက် ရှိမယ်လို့ ခန့်မှန်းမိ ပါတယ်။ အခန်းက ကျဉ်းကျဉ်း အလုံပိတ်ထားတော့ အသက်ရှူမ၀ပါ။ ခေါင်းပေါ် လေပေါက်ကလေးက လေလွှတ်ထားပေမဲ့ တချို့လဲ ပျက်လို့ လေကောင်းကောင်း မရကြပါ။ ပူအိုက်လာပါတယ်။ ကျွန်တော်တို့က အစောင့်တွေကို လေရအောင် လေပေါက်ဖွင့်ပေးဖို့ ပြောတာ မရပါ။ ဒီလိုနဲ့ ကျွန်တော်တို့ သင်္ဘောဟာ ထွက်လာလိုက်တာ တဖြေးဖြေးနဲ့ အမှောင်ကနေ အလင်းရောင်မြင်လာ ရပါပြီ။ ဒါလဲ သင်္ဘောကိုယ်ထည်မှာ ဖောက်ထားတဲ့ သံဇကာတပ်ထားတဲ့ အပေါက်ကနေ မြင်ရတာပါ။ ငါးဖမ်းလှေကလေးတွေလည်း ခပ်ဝေးဝေးမှာ အတော်များများ တွေ့ရပါတယ်။
အလင်းရောင်ဟာ တဖြေးတဖြးနဲ့ အားပိုကောင်းလာပါတယ်။ မြင်ရတဲ့ ရေပြင်ဟာလဲ လက်ဖက် ရည်ချိုရောင်။ အဲဒီကနေ နဲနဲ ဝေးသွားတော့ ရေရောင်ဟာ တမျိုးဖြစ်သွားပါတယ်။ ကြည်သလို၊ အပြာနုရောင်လိုလိုနဲ့ နောက်လုံးဝ ပြာသွားတယ်။ ငါးဖမ်းလှေကလေးတွေလဲ စောစောက အများကြီး တွေ့တာ တဖြေးဖြေး နဲနဲသွားပါတယ်။ ဒီတော့မှ စောစောက ပူလို့ အိုက်လို့၊ အသက်ရှူမ၀လို့ ဖွင်းခိုင်းတဲ့လေပေါက်တွေကို လာဖွင့်ပေးပါတယ်။ သူတို့ စိတ်ချရတဲ့ ပင်လယ်ထဲ ရောက်ပြီကိုး။ ကမ်းမမြင် လမ်းမမြင် နေရာပါ။
ကျွန်တော်တို့ကို ပို့တဲ့ သင်္ဘောက ရန်ကုန်နဲ့ ရခိုင်ဘက်ကို သွားတဲ့ ကမ်းရိုးတန်းသွား ပြည်တော် ညွန့် သင်္ဘောလို့ နောက်မှ သိရတယ်။ သင်္ဘောပေါ်မှာ ထမင်းကျွေးတယ်။ သင်္ဘောဟာ တနေကုန်ခုတ်တာပဲ။ တဖြေးဖြေး ဝေးသွားလေလေ၊ ပင်လယ်ရေပြင်ဟာ နက်ပြာလာလေလေပဲ။ ကျွန်တော်က ကုန်းသက်သက်ကလူဆိုတော့ ပင်လယ်ဆိုတာဝေးရော၊ မြစ်တောင် ကောင်းကောင်းမြင် ဖူးတာ မဟုတ်တော့ သင်္ဘောသာစီးရတာ ပင်လယ်ရေပြင်ကြီးကို ကြည့်ပြီး သိပ်ကြောက်တာပဲ။ မတော်တဆ သင်္ဘောသာ တခုခုဖြစ်ပြီး မှောက်လိုက်ရင်တော့ ဒုက္ခပဲ ဆိုတဲ့အတွေးက လွှမ်းမိုးနေပါ တယ်။ နေရတာကလဲ သင်္ဘောဝမ်းပိုက်ထဲမှာဆိုတော့ ဖြစ်လိုက်ရင် သေဖို့တလမ်းပဲ ရှိပါတော့တယ်။
ခန့်မှန်းခြေ ညနေ ၄နာရီ ၅ နာရီလောက်လို့ ထင်ပါတယ်။ ဟိုး ခပ်ဝေးဝေးမှာ ရေပြာပြာထဲက မဲမဲသဏ္ဍန် အတန်းကလေးတခုကို လှမ်းမြင်ရတယ်။ ပင်လယ်ကူးသင်္ဘောတွေလည်း မကြာမကြာ လှမ်းတွေ့ရတယ်။ ဆေးဖြူသုတ်ထားတော့ ပင်လယ်ပြင် ရေပြာပြာနဲ့ အရောင်မှာ ထင်ထင်ရှားရှားပေါ့။ တော်တော်ဝေးဝေးကရင်း လှမ်းမြင်ရပါတယ်။ ကျွန်တော်တို့ စီးလာတဲ့ သင်္ဘောဟာ တဖြေးဖြေးနဲ့ စောစောက လှမ်းမြင်ရတဲ့ မဲမဲသဏ္ဍန်ဆီကို ဦးတည်ခုတ်မောင်းနေတာ တွေ့ရပါတယ်။ ပင်လယ်ရေပြင် ပြာလဲ့လဲ့ပေါ်မှာ မြွေလိုအကောင်တွေ၊ ခပ်လှမ်းလှမ်းမှာ ငါးလိုလို မဲမဲကြီးတွေ၊ ၀ါးတွေ၊ သစ်လုံးတွေ မြောပါနေတာလဲ တွေ့ကြရပါတယ်။
စောစောက မဲမဲသဏ္ဍန်ကြီးဟာ ပိုပြီးထင်ရှားလာပါတယ်။ ဒါကတော့ ကျွန်တော်တို့ကိုပို့မဲ့ ကိုကိုးကျွန်းပါ။ ကျွန်းဟာ ရှည်မြောမြော သဏ္ဍာန်ပါ။ ကျွန်းခြေရင်းက သောင်ပြင်ဖွေးဖွေးကိုလဲ လှမ်းမြင်ရသလို အုန်းပင်တန်းရေးရေးကိုလဲမြင်ရ၊ အဆောက်အဦလို့ထင်ရတဲ့ အရာလေးများကိုလဲ မြင်ရပါတယ်။ အဲဒီနေ့မှာ ကျွန်တော်တို့ ကျွန်းပေါ်ကို ခြေမချရသေးပါဘူး။
ကျွန်းနဲ့ မလှမ်းမကမ်းမှာ သင်္ဘောကျောက်ချ ရပ်နားပါတယ်။ သင်္ဘောပေါ်မှာ အိပ်ကြရတယ်။ နောက်တနေ့ မနက် ၉ နာရီ ၁၀ နာရီ လောက်မှာ သင်္ဘေားနားကို ကမ်းတက်ရေယဉ်ကပ်လာပြီး တခေါက်ကို လူ ၃၀-၄၀ လောက်တင်ပြီး ကမ်းကိုပို့ပါတယ်။ ဒီမှာလဲ ကျွန်တော်တို့အတွက် ရီစရာတခု ဖြစ်ခဲ့ကြရပါတယ်။ နှစ်- လ- ရက်ပေါင်းများစွာ နံရံလေးဘက် ကာထားတဲ့ အခန်းကျဉ်းကလေးတွေ၊ အချုပ်ဆောင်တွေမှာ နေခဲ့ကြရတော့ အပြင်လောကနဲ့ ကင်းကွာခဲ့ကြရပါတယ်။ ရေယဉ်ဟာ သောင်ပြင်နဲ့ ၄-၅ လံအကွာမှာ ထိုးဆိုက်ပြီး လူတွေကို ဆင်းခိုင်းပါတယ်။ ရေထဲ ပေါင်လယ် ဒူးခေါင်းလောက်တော့ ဆင်းရတယ်။ အဲဒီတွင် ကျွန်တော်တို့ စီးလာကြတဲ့ ဂျပန်ဖိနပ်တွေ ရေထဲမှာ ခြေကကျွတ်ပြီး ပေါလောမြောပါတယ်။ ဒါကို တချို့ရဲဘော်တွေ က မြင်ပြီး ဖိနပ်ရေပေါ်ပေါ်တယ်ဟ ဆိုပြီး အထူးအဆန်းလို ဖြစ်နေကြတာကို မှတ်မိနေပါသေးတယ်။
ကျွန်တော်တို့ ကျွန်းပေါ်ရောက်တော့ နှစ်ယောက်တတွဲစီထိုင်ခိုင်းပြီး ဒုဗိုလ်မှူးကြီးထွန်းရင်လော ဆိုသူက စကားပြောပါတယ်။ သူ့စကားက ခင်ဗျားတို့ ပြည်မမှာလို ဟိုဟာတောင်းမယ် ဒီဟာတောင်း မယ် မကြံနဲ့။ ခင်ဗျားတို့အတွက် အပြည့်အစုံ ပို့ထားပြီးသား ကိုယ်ထူကိုယ်ထစနစ်မို့လို့ ချက်ပြုတ်တာ ကိုတော့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ကြရမယ်။ ဒါကြောင့်မို့ ထားသလို ကောင်းကောင်းမွန်မွန် နေဖို့ ပအို့ဝ်သံဝဲ၀ဲနဲ့ မိန့်ခွန်းချွေပါတယ်။ ၁၅ မိနစ် မိနစ်၂၀ လောက် စကားပြောပြီးတော့ ထောင်ပိုင်ထောင်မှူး တွေကို အပ်ပါတယ်။ သူတို့က ဘေးက ၀ါဒါတွေ ခြံရံပြီး ကျွန်တော်တို့ နေရမဲ့ စခန်းကို ခေါ်သွားပါတယ်။
သုံးဖာလုံလောက်တော့ ဝေးမယ်ထင်ပါတယ်။ ကျွန်တော်တို့ နေရမဲ့ နေရာက စစ်တပ်အဆောက် အဦ ဘားတိုက်တွေပါ။ မျက်နှာချင်းဆိုင် ဘာတိုက် ၆ လုံးစီ၊ အားလုံး ၁၂ လုံးပါ။ ဘားတိုက်တခုကို လူ ၂၀ က ၃၀ အထိ ထားပါတယ်။ အလွတ် နှစ်လုံးလောက်ရှိပါတယ်။ နောက်ပြီး ထမင်းစားဆောင်နဲ့ တွဲလျက်ထမင်းချက်ဖိုနှစ်ခု ထားပေးပါတယ်။ အပြင်က သံဆူးကြိုးနှစ်ထပ်ကာထားတယ်။
ကျွန်းအနေအထားက တောင်မြောက်အရှည်ပြီး ကျွန်တော်တို့က ကျွန်းရဲတောင်ဘက်စွန်း အကျဉ်း ဆုံးနေရာမှာ နေရတယ်။ ပင်လယ်ပြင်ကို မျက်နှာမူထားပါတယ်။ ရေတက်ရင် အဆောက်အဦကို ကာထားတဲ့ သံဆူးကြိုးတိုင်တွေနားအထိ ရေရောက်တတ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပင်လယ် လှိုင်းလုံးကြီးတွေဟာ ကျွန်တော်တို့ နေတဲ့အဆောက်အဦကို ရိုက်ခတ်ဝါးမျိုသွားနိုင်သလိုပဲ။ ကမ်းစပ်က ကျောက်တုံးကြီးတွေဟာ တချို့ယာတဲလောက်နီးနီး ကြီးပါတယ်။ ကျောက်တန်းကြီးတွေ။ ဒီကျောက်တန်းကြီးတွေကို လေမုန်တိုင်းထန်လို့ လှိုင်းလုံးကြီးတွေ ၀င်ရိုက်လိုက်ရင် ၀ါးတပြန်လောက် မြင့်တက်သွားတတ်ပါတယ်။ လှိုင်းရိုက်သံတွေကလဲ နေ့ရောညပါ တ၀ုန်းဝုန်းနဲ့ လှိုင်းကြီးရင်ကြီးသလို အသံကလဲ ကျယ်လောင်ပါတယ်။ တကယ်ကို စိတ်ချောက်ခြားစရာပါ။
ကျွန်တော်တို့ နေတဲ့ အဆောက်အဦရဲ့ရှေ့တည့်တည့်မှာ စက်ပျက်ပြီး မီးလောင်သောင်တင်နေတဲ့ ကုန်တင်သင်္ဘောကြီးတစီးလဲ ရှိတယ်။ အလျားပေ ၉၀၀ လောက်ရှိမယ်ထင်ပါတယ်။ ပိုင်ရှင်ကတော့ ဂရိက အိုနာစစ်ခေါ်တဲ့ ကမ္ဘာကျော် သူဌေးကြီးရဲ့သင်္ဘောလို့ ပြောပါတယ်။ ဒီသင်္ဘောကြီး ဒီနေရာမှာ ဘာဖြစ်လို့ သောင်တင်နေရတယ်၊ ဘာကုန်တွေ တင်ထားတယ်ဆိုတာ နောက်ကျတော့ သိရတာက ၁၉၆၇ ဗမာပြည်မှာ ဆန်ရှားတုန်းက ရခိုင်ကနေ ဆန်တွေတင်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေကို ခုတ်မောင်းသွားရင်း ဒီကိုကိုးကျွန်းနားရောက်တော့ စက်ခန်းမီးလောင်လို့ ကမ်းကို ရသမျှ စက်အားနဲ့ အားကုန်မောင်းပြီး ကမ်းပေါ် လူလွတ်ထွက်ခဲ့ကြရတယ်လို့ သိရပါတယ်။
ရေတက်တဲ့အခါ ပင်လယ်ကမ်းနဲ့ သင်္ဘောပျက်ဟာ ကိုက် ၂၀၀ ကျော် ၃၀၀လောက်မှာရှိပြီး ရေကျသွားတဲ့အခါ ကိုက် ၁၀၀ လောက်သာ ရှိမယ် ထင်ပါတယ်။ အဲဒီအခါမှာ ရေကူးပြီး သင်္ဘောပေါ် တက်ကြည့်ရင် ရပါတယ်။ ကျွန်တော်တို့ရောက်စက သင်္ဘောရဲ့ပဲ့ပိုင်းမှာ ကြိုးလှေခါးလေးတခု တပ်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့အထဲက ရေကူးကျွမ်းကျင်တဲ့လူ ၃-၄ယောက်လောက် အဲဒီ ကြိုးလှေခါးကနေ တက်ကြတယ်။ နောက်တော့ ကျွန်းမှာရှိတဲ့ ရေတပ်က ကြိုးလှေခါးကို လာဖြုတ်သွားတယ်။ ကျွန်တော်တို့ကို မတက်စေချင်တဲ့ သဘောပေါ့။
ကျွန်တော်လည်း အဲဒီသင်္ဘောပျက်ပေါ် ရောက်ဖူးပါတယ်။ ရောက်သွားတာက ကိုယ့်အစွမ်းကြောင့် မဟုတ်ပါဘူး။ ရဲဘော်တွေရဲ့ကူညီအားပေးမှုနဲ့ပါ။ ကျွန်တော်က ရေမှ မကူးတတ်ပဲကိုး။ ဒီတော့ ရဲဘော်တွေက သစ်တုံးတတုံးကိုကိုင်ပြီး မျှောလိုက်ခိုင်းတယ်။ သူတို့က ရှေ့က ရေကူးပြီး ခေါ်သွား တယ်။ ဒီလိုနဲ့ သင်္ဘောပေါ် ရောက်ဖူးသွားတာပါ။
ကျွန်တော်တို့ ကျွန်းပေါ်ကိုရောက်စက ဒုက္ခနဲ့ စတွေ့ပုံကလေး သတိရလို့ ပြောပါရစေ။ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော်တို့ သင်္ဘောပေါ်က ဆင်းပြီး နေရမယ့်နေရာကို နေ့လယ် ၁၀ နာရီ ၁၁ နာရီ လောက် ရောက်မယ်ထင်ပါတယ်။ အဆောင်ကလေးတွေ (ဘားတိုက်)မှာ သူ့နေရာ ကိုယ့်နေရာ သတ်မှတ်ပြီး ကိုယ်ပါလာတဲ့ ပစ္စည်းတွေ နေရာချ၊ နားတဲ့လူနားပေါ့။ ဒါပေမယ့် နေ့လည်ဝမ်းရေးက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်ရမှာ။ ကျွန်တော်တို့ထဲမှာ ပါလာတဲ့ လူကြီးတွေက ချက်ချင်းစီစဉ်ကြပါတယ်။ ထမင်းချက်ဖို့ ထင်းရှာတဲ့လူကရှာ၊ ရေခပ်တဲ့လူခပ်။ တချို့လဲ ရိက္ခာဂိုဒေါင်မှာ ဆန် ဆီ ဆား ငပိ ကြက်သွန် လက်ဘက်ရည်ဖန် ချိုခြောက် စသဖြင့် သွားထုတ်ဖို့ ပြင်ဆင်တဲ့သူက ပြင်ဆင်၊ လိုက်ပြမဲ့ ထောင်ဝါဒါနဲ့ အတူ ရိက္ခာတိုက်လိုက်ကြနဲ့ပေါ့။ ဒီအထဲမှာ ကျွန်တော်လဲ ပါပါတယ်။ သွားထုတ်ရမဲ့ ဆန်က ကျွန်တော်တို့ နေတဲ့စခန်းနဲ့ ၃ ဖာလုံလောက် ဝေးမယ် ထင်ပါတယ်။
ဟိုရောက်လို့ ဂိုဒေါင်ဖွင့်လိုက်တော့ ထပ်ထားတဲ့ ဆန်အိပ်တွေပေါ်မှာ ဖုံမှုံ့လိုလို သဲတွေ လိုလိုနဲ့။ တချို့လဲ ပေါက်ကျလို့ သံမံတလင်းပေါ်မှာ ပျံ့ကျဲနဲ့၊ ကြည့်မကောင်းအောင်ပါပဲ။ ကျွန်တော်တို့လဲ ဆန်အိပ်တွေပေါ်က အမှုန်တွေကို လက်နဲ့ သပ်ချတော့ ဆန်တွေစားထားတဲ့ ပိုးချီးမှုန့်တွေ ဖြစ်နေတာ တွေ့ရတယ်။ အချိန်ကလဲ သိတ်မရှိတော့ ချက်ရအုန်းမယ်ဆိုရင် ဘိုက်က သိတ်မနေချင်ဘူး၊ တဂျုတ်ဂျုတ်နဲ့ မြည်နေ အော်နေပြီ။ ခပ်မြန်မြန်ပဲ ရဲဘော် ၃-၄ ယောက်နဲ့ ဆန်သယ်ကြတယ်။ ထမင်းချက်ဖိုရောက်တော့ သယ်လာတဲ့ဆန်ကို လူနှစ်ယောက် သုံးယောက် မရတဲ့ ဒန်အိုးထဲ သွန်ထည့်တော့ အား..လား...လား...။ ဆန်စားတဲ့ ဆင်နှမောင်းပါတဲ့ ပိုးမဲကလေးတွေဟာ ဆန်တ၀က် သူတို့တ၀က်ဆိုသလိုပဲ။ ဆန်ကလဲ အလုံးပျက်နေပါပြီ။ တခါရေဆေးလဲ ဒီပိုးတွေဟာ ကုန်တယ် မရှိဘူး။ နှစ်ခါ ဆေးလဲ မကုန်ဘူး။ ၄-၅ ထပ်ဆေးတာတောင် ဒီပိုးတွေဟာ ရှိမြဲ ရှိနေတုန်းပဲ။ ဒီလိုနဲ့ ပိုးနိုင်းချင်းနဲ့ ထမင်းချက်လိုက်ရပါတယ်။
ထမင်းတင်ပဲ အဆင်မပြေတာလားဆိုတော့ ကုလားပဲ ပြုတ်တဲ့နေရာမှာလဲ ဒီအတိုင်းပါပဲ။ ပိုးထွေးထွေးနဲ့ပါ။ ပိုဆိုးတာက မနူးတာပါ။ ရေဘယ်လောက်ထည့်ပြီး၊ မီးဘယ်လောက်ထိုးထိုး ပဲဟာ မပြုတ်ရသေးတဲ့ အတိုင်းပါဘဲ။ အချိန်ကြာလာတာနဲ့အမျှ ဘိုက်တွေလည်းဆာလာပြီး နာရီကြည့်တော့ နာရီပြန် တချက်ခွဲ နှစ်ချက်လောက် ရှိပြီလေ။ အဲဒီ နေ့လည်ကတော့ ထမင်းပိုးထွေးထွေး၊ ကုလားပဲ မနပ်၊ ငပိပုတ်ငြီဟောင်ဟောင်နဲ့ ၀မ်းဗိုက်ဖြည့်လိုက်ရပါတယ်။ ညနေစာအတွက်ကလဲ အချိန်က သိတ်မရှိတော့ ချက်ချင်းစီမံရပါတယ်။ ဆန်က ဒီဆန်၊ ပဲက ဒီပဲ၊ ငပိက ဒီဟာဘဲဆိုတော့ နဲနဲပါးပါး စားဖြစ်အောင် ထောင်အာဏာပိုင်တွေနဲ့ လူကြီးတွေ သွားတွေ့တယ်။ ရိက္ခာတွေ မကောင်းတော့တဲ့ အကြောင်း၊ ဒိထက်ကောင်းတဲ့ ရိက္ခာထုတ်ပေးဖို့အကြောင်း၊ ဒီအတိုင်းသာဆိုရင် ရောက်လာတဲ့လူတွေ သေဘို့သာရှိကြောင်း၊ ခင်ဗျားတို့ ရိက္ခာခင်ဗျာတို့ပဲ စားကြည့်ဖို့ ပြောဆိုကြတော့၊ အာဏာပိုင်တွေက သူတို့လဲ မတတ်နိုင်ကြောင်း၊ အထက်ကို တင်ပြမဲ့အကြောင်း၊ မရသေးခင်မှာ သည်းခံပြီး နေကြဖို့နဲ့ သူတို့ အတတ်နိုင်ဆုံး ကူညီမဲ့အကြောင်း။ ဒါကြောင့်မို့ လောလောဆယ် ဆန်အတွက် ဇကောတို့ ဇကာတို့ ရှာပေးမဲ့အကြောင်း၊ ပဲကိုတော့ သူတို့ရိက္ခာထဲက အတတ်နိုင်ဆုံး ထုတ်ပေးမဲ့အကြောင်း ပြောဆိုကြပါတယ်။
ထောင်အာဏာပိုင်တွေဟာ ပြည်မမှာလို မဟုတ်ပဲ၊ စကားပြောချိုပြီး မျက်နှာအမူအယာလဲ ချိုကြ တယ်။ ဒီလို နှုတ်အမူအယာ ချိုကြတာကတော့ အကြောင်းရှိပါတယ်။ ကျွန်တောတို့ဟာ နိုင်ငံရေးသမားတွေ၊ မဟုတ်ရင်မခံဘူး ဆိုတာ သူတို့ ထောင်အတွေ့အကြုံအရ သိထားကြပါတယ်။ သူတို့ အထက်က စစ်အာဏာရှင်တွေက တင်းရင် သူတို့လဲ လိုက်တင်းတယ်။ ဒါပေမဲ့ နေရာဒေသကို ကြည့်ပြီး ဆက်ဆံရတာလဲ ရှိပါတယ်။ အခုကျွန်တော်တို့ ရောက်နေတဲ့နေရာက အရပ်စကားနဲ့ ပြောရရင် သေမထူး နေမထူးတဲ့နေရာ၊ ပိုဆိုးတာက မိဝေးဖဝေး နောက်ဆုံး တိုင်းပြည်နဲ့ပါ ဝေးတဲ့နေရာ။ အားလုံးနဲ့ အဆက်ဖြတ်၊ ကိုယ်ထူကိုယ်ထစနစ်နဲ့ နိုင်ငံရေးသမားတွေကို နိုင်ငံရေးဦး ကျိုးအောင်ချိုးတဲ့ သဘောပါ။ ဒီလို စိတ်ထဲမှာ သူသူကိုယ်ကိုယ် ခံစားချက်တွေ ရှိကြတော့၊ ရန်သူအပေါ် မကျေနိုင်အောင် ဖြစ်ကြတယ်။ ဖိရင်ကြွမယ်၊ ထိရင်ချမယ် ဆိုတဲ့ စကားနဲ့ အညီပဲ။ စိတ်ဓါတ်တွေဟာ တက်ကြွ လှုပ်ရှားနေကြပါတယ်။
ထောင်ဝါဒါ(ထောင်စောင့်၊ ထောင်ပုလိပ်)တွေပြောတယ်၊ မထူးပါဘူးဗျာတဲ့-ခင်ဗျားတို့က ဘယ်နေ့ ဘယ်ရက် ပြန်ရမယ်ဆိုတာ မသိတာနဲ့၊ ကျွန်တော်တို့က အိမ်က သားမယားနဲ့ ခွဲခွါပြီး ဒီမှာ လာပြီး တနှစ်အမှုထမ်းပြီးမှ ပြန်ရမှာပါ။ ဒါပဲ ကွာပါတယ်။ ဒီကြားထဲ အိမ်က သားမယားနေထိုင်မကောင်းလို့ ရှိရင်လဲ သွားခွင့်မရှိဘူး။ ကျွန်တော်တို့ကို ဒီမရောက်ခင် တလ ကြိုတင်ပြီး သင်တန်းပေးတယ်။ လုံခြုံရေးအရလို့ ပြောတယ်။ ဘယ်ပို့မယ်ဆိုတာလဲ မသိရဘူး။ ဒီနေရာလို့သာ သိရင် ကျွန်တော်တို့ အလုပ်က ထွက်ပါတယ် စသဖြင့် ပြောဆိုကြပါတယ်။ သူတို့မျက်နှာမှာလဲ တကယ့်ကို ခံစားနေကြရတာ တွေ့ရတယ်။

အပိုင်း(၂) ပြီး။

မမေ့နိုင်တဲ့ပုံရိပ်များ (၃)
------ကျွန်တော်တို့ ရောက်ပြီး တလမပြည့်ခင်မှာပဲ ထောင်တွင်းတိုက်ပွဲငယ်ကလေး စတင်ပါတယ်။ တိုက်ပွဲက ငပိအကောင်းစားရရေး တိုက်ပွဲပါ။ ငပိပုတ်တိုက်ပွဲလို့ ခေါ်ရင်လဲ ရပါတယ်။ ရိက္ခာဂိုဒေါင် ထဲမှာ ဘယ်တုန်းကရင်း ပို့ထားတဲ့ ပစ္စည်းတွေမသိပါ။ ဆန်တွေ ပိုးထိုး၊ ပဲတွေ ပိုးထိုး၊ ကြက်သွန်တွေ ဟာ ကိုင်ကြည့်လိုက်ရင် ၁၀လုံးမှာ ၁ လုံးလောက်ပဲ စားလို့ဖြစ်တော့တယ်။ အဲဒီအထဲ ငပိဟာ အဆိုးဆုံးပါ။ စဥ့်အိုးနဲ့ထည့်ထားတဲ့ ငပိဟာ၊ ငပိရောင်မဟုတ်တော့ပဲ မဲညစ်ညစ်နဲ့၊ လောက်ကောင်တွေ ဆိုတာ အိုးနှုတ်ခမ်းကရင်း တထွေးကြီးနဲ့ပါ။ လက်နဲ့နှိုက်ပြီး တခါကော်ချလိုက်လဲ အကောင်းမတွေ့ရပါ။ နောက်ထပ်ကော်လဲ အကောင်းမတွေ့ရပါ။ ကျွန်တော်တို့ နေ့စဉ်စားသောက်နေရတဲ့ ဟင်းဟာ ပဲနဲ့ငပိပါ။ ငပိကို အားပြု အဟာရပြုနေရပါတယ်။ ကျွန်းကို ပို့လိုက်တဲ့သူတွေထဲမှာ ပြည်မထောင်မှာ အမျိုးမျိုး ညှင်းပမ်းနှိပ်စက်ပြီးမှ ပို့လိုက်ကြတာပါ။ ဒီအထဲမှာ အင်းစိန်ထောင်က အဆိုးဆုံးခံကြရတာပါ။ ရောက်လာပြန်တော့လဲ အစာအဟာရကချို့တဲ့၊ ရေစိမ်းမြေစိမ်းဆိုတော့ ပိုခံရပါတယ်။



------ဒါကြောင့် အသားဝါရောဂါတွေ ဖြစ်ကြတာများတယ်။ ဒီရဲဘော်တွေကို ကျန်းမာတဲ့ ရဲဘော်တွေက ပင်လယ်ရေချိုးထွက်ရတဲ့အခါ သားငါးဖမ်းပြီး ကျွေးကြရတယ်။ ခရုတို့ ကနန်းတို့ ရရာ မိမိတို့ တတ်စွမ်းသမျှ အဟာရ ဖြည့်ပေးကြတယ်။ ရေထွက်ခပ်ရတဲ့ ရဲဘော်ကလဲ ထောင်စောင့်အလစ်မှာ ကျွန်းစောင့်ပုလိပ်အိမ်ထောင်စုတွေ သောက်ပြီး ပစ်ထားတဲ့ အုံးသီးတွေ ပုဆိုးနဲ့ ထုတ်ယူခဲ့ပြီး၊ အဆောင်ရောက်တော့ ခွဲကျွေးကြရတယ်။ ကျွန်တော်တို့ကို အုန်းသီးမခူးရဘူးတဲ့လေ။ ခူးတာတွေ့ရင် ဒဏ်ငွေ ၅ကျပ် တပ်မယ်တဲ့။ ရီတော့ ရီစရာကြီးဘဲ။
ထောင်ထဲရောက်နေတာ ကျွန်တော်တို့မှာ ဘယ်ကလာ ပိုက်ဆံရှိမှာလဲ။ ကျွန်းရောက်စ စည်းကမ်း တွေ အမျိုးမျိုး ထုတ်ထားတယ်။ ညရေးညတာ သွားတာတောင် ဖန်မီးအိမ်ထွန်းပြီး ဘယ်သူဘယ်ဝါပါ။ အပေါ့အလေးသွားတာပါ စသဖြင့် ဒေါင့်လေးဒေါင့်မှာ ကင်းကျတဲ့ အစောင့်ကို ပြောကြရတယ်။ ပြီးတော့ စခန်းထဲမှာ ပေးထားတဲ့ ရေဒီယိုကို ဒိပြင်သတင်း နားထောင်လို့ မရအောင် ရေဒီယိုကို သစ်သားအိမ်နဲ့ ပိတ်ပြီး သော့ခပ်ထားတယ်။ လာပေးကတည်းက မြန်မာ့အသံကို ဖွင့်ပေးထားတယ်။ ကိုးနာရီကျော်ရင် လေဒီယို လာသိမ်းသွားတာပဲ။


ဂိတ်ပေါက်က အပြင်ထွက်ရတဲ့ ရေခပ်အဖွဲ့၊ ထင်းခွေအဖွဲ့၊ တောင်ယာလုပ်ရတဲ့အဖွဲ့ ရယ်လို့ ရှိပါတယ်။ တဖွဲ့ကို ၅ယောက်၊ ဒါမှမဟုတ် ၇ ယောက်လောက်၊ အဲဒီမှာ ထောင်စောင့်တယောက် လိုက်တယ်။ ရေခပ်ရတာကတော့ တဖာလုံသာသာလောက်မှာ ရေတွင်းရှိတယ်။ ရေတွင်းနဲ့ မနီးမဝေး မှာ ကျွန်းစောင့်ပုလိပ် အိမ်ထောင်စုတွေ ရှိတယ်။ ကျွန်တော်တို့က ထောင်ထဲမှာ ၃-၄ နှစ်၊ တချို့လဲ ဒိထက်ကြာကြာ နေလာခဲ့ရတာတကြောင်း၊ ပြည်မထောင်လို မိသားစုနဲ့ မတွေ့ရတာကတကြောင်းမို့ ၊ အဲဒီ ကျွန်းစောင့် အိမ်ထောင်စုတွေက ကလေးငယ်ကလေးတွေကိုတွေ့ရင်တော့၊ ကျွန်တော်တို့ထဲက အိမ်ထောင်ရှိသူတွေက အိမ်ကိုသတိရပြီး၊ ကလေးတွေကို ပွေ့ဖက်ကြ၊ စကားပြောကြ။ အိမ်ထောင်မရှိ သေးတဲ့ လူလွတ်တွေကလဲ ကိုယ့်ညီ၊ ကိုယ့်ညီမ၊ တူ တူမကလေးတွေကို သတိရပြီး စကားပြောကြ ပွေ့ဖက်ကြတာပေါ့။
မင်းတို့ ဒီမှာနေရတာ မပျင်းဘူးလား? ပြည်မကို မပြန်ချင်ဘူးလားနဲ့ပေါ့။ ဒီတော့ ကလေးတွေက ဘာပြောလဲဆိုတော့ ပြည်မကို မပြန်ချင်ဘူးတဲ့၊ ပြည်မမှာ လူတွေများ အသံတွေက တအားဆူတာတဲ့။ ဟုတ်မှာပါ။ သူတို့က ဒီမှာမွေး ဒီမှာပဲ ကြီးလာကြတော့ ကျင့်သားရနေပြီလေ။ ကျွန်တော်တို့ကသာ ရေစိမ်းမြေစိမ်းဆိုတော့ အနေရခက်တာ။ ရောက်ပြီးတပါတ်လောက်ကများ ပင်လယ်ပြင်က တိုက်လာ တဲ့လေက ညှီစို့စို့နဲ့။ နှာခေါင်းထဲမှာ အသက်ရှူမ၀သလိုပဲ။ သိပ်မကြာပါဘူး၊ ကျွန်တော်တို့နဲ့ စကား မပြောစေချင်လို့နဲ့တူတယ် ကျွန်းစောင့်ပုလိပ်အိမ်ထောင်စုတွေကို သူတို့ချည်း သပ်သပ်နေတဲ့ ကျွန်းရဲ့မြောက်ဘက်အစွန်းကို ပို့လိုက်တယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ် မလုပ်စေချင်တဲ့ သဘောပေါ့။
အာဏာပိုင်ဆိုသူတွေက နိုင်ငံရေးသမားဆိုရင် သိတ်ကြောက်တာ။ ကျွန်တော် အထက်ကပြောခဲ့ တဲ့ တိုက်ပွဲအကြောင်းကို ဖြစ်လာပုံကို ပြောပြရရင် ရိက္ခာပြသနာပါ။ စစ်သားတွေလို တရက်ကို လူတယောက်အတွက် ဆန် ဆီ ဆား ငရုတ် ကြက်သွန် နို့ဆီ လက်ဖက်ခြောက်ကအစ စကေးနဲ့ တွက်ပြီး ပေးတာ။ ဒီအချိုးကျအတိုင်း သွားသွားထုတ်ရပါတယ်။ တပါတ်တခါ နှစ်ပါတ်တခါ ဖြစ်တယ်။ တပါတ်ကို အသားဗူး တရက်ပါတယ်။ အသားမစားတဲ့သူ ပဲဗူးပေါ့။ မန္တလေးဗာကင် စည်သွတ်စက်ရုံက ထွက်တာပါ။ ဒီဗူးတွေကလဲ နှစ်ကြာနေလို့ စားမဖြစ်တော့ပါဘူး။ အမဲဗူးတဗူးကို ၃ ယောက်၊ ဒါမှမဟုတ် ၄ ယောက် တွဲစားရတယ်။ ဗူးကိုဖောက်လိုက်လို့ သွန်ချလိုက်တာနဲ့ အနံ့အသက်က မလပ်ဆတ်တော့ ဘူးဆိုတာ ပြပါတယ်။ အမဲသားတုံးဟာ ပျက်နေပါပြီ။ အရသာလဲ မရှိတော့ပါ။ ပဲဗူးဆိုလဲ ဒီအတိုင်းပဲ။ ဆီရောင်နဲ့ မဆလာနံ့ပဲ ရှိတယ်။ စားလိုက်ရင် ချဉ်နေပြီ။ ဒီတော့ ၀မ်းပျက် ၀မ်းလျှောကြတယ်။
ဆန်တို့ ပဲတို့ကလဲ မကောင်းဆိုတော့ ကျွန်တော်တို့ထဲက လူကောင်းတွေတောင် တနေ့တခြား အဟာရချို့တဲ့ပြီး ဖျားနာမှုတွေ များလာပါတယ်။ ဒီအထဲမှာ လူထုကိုစိန်ဝင်းဟာ ထမင်းချက်ရာကနေ အသက်ရှူကြပ်သလိုဖြစ်ပြီး မူးလဲသွားပါတယ်။ ကျွန်တော်တို့ထဲက ကျောင်းမပြီးသေးပဲ အဖမ်းခံရတဲ့ ဆရာဝန်လောင်းတွေရဲ့ပြုစုကုသမှုကြောင့် အခြေအနေကောင်းလာပါတယ်။ အာဏာပိုင်တွေကို ငပိအကောင်းလဲပေးဘို့ တောင်းဆိုလာတာ ကြာပါပြီ။ ရောက်ကတည်းကပါ။ ရိုးရိုးတောင်းလို့မရတော့ တိုက်ယူမှ ရမယ်ဆိုတဲ့ သဘောဖြစ်လာပါတယ်။ နေ့ရက်တော့ မမှတ်မိတော့ပါ။ ရောက်ပြီးမကြာခင် ဖြစ်တာမို့ တလအတွင်းလို့ တွက်ဆလို့ ရပါတယ်။ ကျွန်တော်တို့ထဲက လူကြီးတွေက ညှိနှိုင်းပြီး သက်ဆိုင်ရာ အာဏာပိုင်နဲ့တွေ့ တင်ပြခဲ့တာ ကြာပြီ။ ငပိမကောင်းတာလဲ ခင်ဗျားတို့ မျက်မြင်ပဲ။ ငပိကို အားပြု စားနေရတာ အဆောင်တွေမှာလဲ ဖျားကြ နာကြတာ များလာပြီ။ ဒီတော့ ဒီနေ့ကစပြီး ငပိ အကောင်း မရမချင်း သေတဲ့အထိ အစာငတ်ခံမယ်လို့ ဗူးဝသွားပြီး ကြေညာလိုက်ပါတယ်။
ဒီ အစာငတ်ခံတဲ့ အထဲမှာ ကျန်းမာတဲ့ လူကြီးပိုင်းပါသလို လူငယ်ပိုင်းကလဲ ပါပါတယ်။ အရေ အတွက်ကိုတော့ မမှတ်မိတော့ပါ။ အစာငတ်ခံတိုက်ပွဲဟာ တပါတ်ကျော် ၈ ရက်လောက်နဲ့ပဲ မိမိတို့ တောင်းဆိုချက်ကို အာဏာပိုင်တွေက လိုက်လျှောလိုက်လို့ ပြီးဆုံးသွားပါတယ်။
ကျွန်တော်တို့ ကျွန်းရောက်တာ ၁၉၆၉ ခု ဖေဖော်ဝါရီလ ၁၃ ရက်မှာပါ။ ကျွန်းမှာ ၃ နှစ်နီးပါး နေခဲ့ရပါတယ်။ ဒီ ၃နှစ်တာ ကာလမှာ ရန်သူနဲ့ ကျွန်တော်တို့အဖိနှိပ်ခံတွေကြားမှာ ဘ၀ကို ရုန်းကန်တိုက်ပွဲ ၀င်ခဲ့ရတဲ့ ရက်တွေဟာ မနည်းပါ။ ဒီရက်တွေထဲမှာ မှတ်မိသမျှ အဖြစ်အပျက်များကို ကျွန်တော်ပြောပြသွားမှာ ဖြစ်ပါတယ်။ မကြာမီ ဧပြီလကို ရောက်လာတော့မယ်။ ကျွန်တော်တို့ကလဲ မိမိတို့ရဲ့ပြည်မထောင်မှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေ ဆုံးရှုံးပြီး ရေစိမ်းမြေစိမ်း အပို့ခံထားရတာကို တနည်းနည်းနဲ့ တောင်းဆို တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ အနိမ့်ဆုံး ဖြစ်နိုင်တဲ့ဘက်ကနေ အနုနည်းရော အကြမ်းနည်းရော(အကြမ်းနည်းသုံးတာက ထောင်ထဲမှာ အမြင့်ဆုံးလို့ဆိုရင် ပိုမှန်ပါလိမ့် မယ်၊ အဲဒါက အစာငတ်ခံ တိုက်တဲ့နည်းပဲ) သုံးဘို့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြပါတယ်။ တချို့လဲ သဘောတူသလို တချို့လဲ ရန်သူကိုကြောက်ပြီး သဘောမတူ ဘေးထွက်ထိုင်တာများလဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုလဲ ရန်သူဘက်မပါသွားအောင် ရန်သူ့အကြိုက်မဖြစ်ရအောင် အတတ်နိုင်ဆုံး စည်းရုံးသိမ်းသွင်း ရပါတယ်။
ငပိတိုက်ပွဲ အောင်မြင်စွာပြီးဆုံးသွားပြီးတဲ့နောက် ကျွန်တော်တို့က အာဏာပိုင်တွေကို လာမယ့် တန်ခူးလ သင်္ကြန်မှာ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့အတွက် ရွာမက (ရွာမဆိုတာ ကျွန်းရဲ့မြောက်ပိုင်းမှာနေကြတဲ့ ၊ ကြားသိရသမျှ ရေတပ် တပ်ခွဲတခွဲလောက် ကျွန်းလုံခြုံရေး အတွက် တပ်စွဲ ထားတယ်၊ ပပကဆိုင်တဆိုင်၊ စာသင်ကျောင်းတကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းတကျောင်း၊ အုန်းဆံကြိုးကျစ်စက်ရုံ၊ လေယဉ်ကွင်း၊ မီးပြတိုက် စသဖြင့် ရှိကြောင်း သိရတယ်) ဘုန်းတော်ကြီးကို ပင့်ပြီး ကုသိုလ်လုပ်လိုကြောင်း။ ဒါကြောင့်မို့ ယခုကရင်း မိမိတို့ ရရှိတဲ့ ကိုတာထဲက သကြားနိုဆီကို စုထားပြီး မုန့်လုပ်လိုကြောင်း၊ ဒီအတွက် အုန်းသီးလိုမှာ ဖြစ်တဲ့အတွက် အုန်းသီးရလိုကြောင်း။ ကျွန်တော်တို့ထဲမှာ အုန်းပင်တက်တတ်တဲ့သူပါကြောင်း၊ ဒါကြောင့် အာဏာပိုင်များအနေနဲ့ အုန်းသီး အတွက် စီစဉ်ပေးဖို့လိုကြောင်း ပြောဆိုကြပါတယ်။
အာဏာပိုင်များကလဲ အထက်ကို တင်ပြပြီး ၃ ရက်အတွင်း အကြောင်း ပြန်မဲ့အကြောင်း ပြောပါ တယ်။ ငပိတိုက်ပွဲရဲ့အောင်မြင်တဲ့ အရှိန်ကြောင့် ကျွန်တော်တို့ တောင်းဆိုချက်များ ရရှိခဲ့တယ်။ ကျွန်တော်တို့ထဲမှာ အုန်းပင်တက်တတ်တဲ့ သူလဲပါသလို မတက်တတ်တဲ့ ရဲဘော်များကလဲ အားလုံး အတွက် ဖြစ်တာကြောင့် စိတ်ထက်သန်စွာနဲ့ တက်နိုင်အောင် ကြိုးစားတက်ကြ၊ အုန်းသီးခူးကြပါတယ်။
ကျွန်တော်ဆိုရင် ကုန်းခေါင်ခေါင် တောင်ပေါ်ဒေသကပါ။ တောင်ပေါ်မှာ ယာလုပ်ရင်း နွားကျောင်း၊ ကျွဲကျောင်းရင်းနဲ့ သစ်ပင်တက်ခဲ့ဖူးပေမဲ့၊ အခုလို ပင်လယ်ကမ်းမှာ ပေါက်ရောက်နေတဲ့ မမြင်ဘူး မတွေ့ဘူးတာ အမှန်ပါ။ သစ်ပင်ချင်း မတူပေမယ့် စိတ်ကတော့ ရဲနေပါတယ်။ အုန်းပင်က ပြောင်ချောကြီးဆိုတော့ မောလို့နားဖို့ ရာ ဒိပြင် သစ်ပင်တွေလို အကိုင်းအခက်မရှိလေတော့ ထိပ်ကို မရောက်မချင်း ပင်စည်ကို ဖက်ထားပြီး အနားယူ အားမွေးရပါတယ်။ မတက်တတ်ခင်က တော်တော် ပင်ပမ်းပါတယ်။ နောက် တက်တတ်သွားတော့လဲ အခက်အခဲ မရှိတော့ပါဘူး။ ဘယ်အရာမျိုးမဆို မတတ်ခင်မှာ ခဲရင်းပင်ပမ်းပေမဲ့ တတ်မြောက်ကျွမ်းကျင်သွားတော့လဲ ဘာမှမဟုတ်တော့ပါဘူး။
ကျွန်တော်တို့ရဲ့ရိုးရာပွဲတော်သင်္ကြန်ရက်လဲ နီးလာပါပြီ။ ခူးထား စုထားတဲ့ အုန်းသီးတွေလဲ ၂၀၀ ကျော် ၃၀၀ လောက် ရပါပြီ။ ဆန်ကို အမှုံ့ထောင်း၊ စုထားတဲ့ နို့ဆီသကြားကို အုန်းသီးကို ဂျစ်နဲ့ ခြစ် ညှစ်ရတဲ့ အုန်းရည်နဲ့ ရောပြီး ဆနွင်းမကင်း လုပ်ကြမှာပါ။ မုန့်ဖုတ်ဖို့ အိုးကင်းတွေလဲလုပ်ပြီးကြပြီ။ မုတ်ဖုတ်ဖို့ အိုးကင်းက လွယ်လွယ်နဲ့ ရကြတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောပြတဲ့ စခန်းရှေ့က မီးလောင်သင်္ဘောပျက်က အထောက်အကူရပါတယ်။
သင်္ဘောဝမ်းဗိုက်ထဲမှာ မီးလောင်ကျွမ်းထားတဲ့ ဆန်အိပ်တွေဟာ မြင်မကောင်း ရှုမကောင်းပါပဲ။ အထပ်လိုက် အထပ်လိုက် မီးသွေးတုံးတွေလို မဲနေတာ တွေ့ရတယ်။ သင်္ဘောပုံစံက ကြယ်ငါးပွင့် သင်္ဘောက ပုဂံ ပုံစံပါ။ သင်္ဘောပေါ်မှာ မီးလောင်ထားတဲ့ သံထည်ပစ္စည်း၊ မီးဟပ်ထားတဲ့ ပစ္စည်း၊ မိမိတို့ လိုရာသုံးနိုင်တဲ့ ပစ္စည်းတွေ တက်ဖြုတ်ကြတယ်။ တချို့သံကြိုးခွေတွေဆိုရင် သုံးရပါသေးတယ်။ ဒီတော့ အတီးအမှုတ် ၀ါသနာပါတဲ့ ရဲဘော်တွေက မယ်ဒလင်ကြိုး၊ တယော ဒုံမင်းကြိုးလုပ်ဖို့ အတွက် အသုံးပြုကြတယ်။ တချို့သံထည်တွေက ပင်လယ်ပြင် သားငါးရှာရာမှာ သုံးဘို့ မှိန်းတို့၊ ကျောက်တုံးကြီး တွေကို ကလော်ဘို့ တူးရွင်းတို့ လုပ်ကြတယ်။
ကျောက်တုံးကြီးတွေကို လှန်လိုက်ရင် ခရုတို့၊ ဂနန်းတို့၊ ငါးကျွတ်တို့ ရှိတော့ တူရွင်းက တော်တော် အသုံးဝင်ပါတယ်။ ကိုယ်လိုချင်တဲ့ အသုံးအဆောင်ရဘို့အတွက် စခန်းမှာ ပန်းပဲဖိုပါ လုပ်လာကြတယ်။ ဒါး၊ မှိန်း၊ သံတူရွင်း စသဖြင့် လက်ဖြစ် လက်နက်ပစ္စည်းတွေဟာ တော်တော်များလာလို့ ထောင်အာဏာ ပိုင်တွေဟာ ကျွန်တော်တို့ကို လန့်လာပါတယ်။ စခန်းနဲ့ ပို့ထားတဲ့ လူဦးရေနဲ့ ဘယ်လိုမှ သူတို့အတွက် မလုံခြုံတော့ပါ။ ကာထားတဲ့ သံဆူးကြိုးတွေဟာ နေရာတိုင်းမှာ အပေါက်တွေ ဖြစ်ကုန်ပါတယ်။ ရောက်ခါစက ထုတ်ထားတဲ့ အမိန့်တွေဟာ ပျက်ကုန်ပါပြီ။ သူတို့ဟာ ကျွန်တော်တို့ကို စကားမာမာ မပြောနဲ့ မလွှဲသာလို့သာ တာဝန်အရ ပြောရတယ်၊ မျက်နှာသေကလေးတွေနဲ့ သနားစရာ သတ္တ၀ါ ကောင်တွေလို ဖြစ်နေကြတယ်။ အရင်က ပင်လယ်ရေချိုးထွက်ရင် လူ ၃၀-၄၀ လောက်ထွက်ပြီး နာရီဝက်လောက် ချိုးရတယ်။ ပင်လယ်ကပြန်တက် စခန်းထဲဝင်၊ နောက်တသုတ်ထွက်ချိုး၊ ဒီလို အလှည့်ကျ ချိုးရတယ်။ အခုတော့ ဒီစနစ်က လွတ်ပြီး ပင်လယ်ပြင်မှာ လွတ်လပ်စွာ ရေချိုး၊ သားငါးရှာ လုပ်နိုင်ကြပါပြီ။ ဒီလွတ်လပ်မှုဟာ ငပိတိုက်ပွဲရဲ့ရလဒ်တွေပဲ။
သင်္ကြန်ရက် မတိုင်မီ ၂ရက် ၃ ရက်က ကြိုပြီး အုန်းသီးခြစ်ကြ၊ ဆန်ထောင်းကြနဲ့ ရဲဘော်တွေ အလုပ်ရှုပ်နေကြတယ်။ သင်္ကြန်ကျတော့ ကျွန်တော်တို့ လုပ်ထားတဲ့ မုန့်နဲ့ စခန်းမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်။ ပြည်မမှာ ပျော်ခဲ့တာတွေလဲ သတိရကြတာပေါ့။ စခန်းနဲ့ အနီးအနားက သောင်ပြင်မှာ ဟိုတစု ဒီတစု သွားလာ လှုပ်ရှားနေကြတာလဲ တွေ့ရတယ်။ တချိုလဲ ကမ်းစပ်မှာ ခရုအလှကလေးတွေ ကောက်နေကြတာ တွေ့ရသလို တချိုလဲ ဆပ်သဖူးပင်က ပန်းတွေခူးကြနဲ့ စိတ်ပေါ့ပါးစွာနဲ့ သွားလာနေကြတယ်။ မကြာခင် မိုးဦးရာသီက မေလလောက်မှာ စပါတော့မယ်။ ကျွန်းမှာ ပြည်မထက် မိုးဦးစောပါတယ်။ မိုးလာတော့မယ်ဆိုတော့ မိုးရဲ့ရှေ့ပြေး လေမုန်တိုင်းဟာ တိုက်ခတ်လာပါတယ်။ လေက မိုင် ၃၀-၄၀ နှုန်းလောက်ရှိမယ်။ မုန်တိုင်းကျရင် အနည်းဆုံး ၇ ရက်၊ တပါတ်လောက်ကြာ တတ်ပြီး၊ စခန်းမှာ စိုက်ထားတဲ့ ဗူး၊ ဖရုံ၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေ၊ ငြုတ်၊ ချဉ်ပေါင် စတဲ့ အပင်တွေဟာ မီးမြိုက်ခဲရသလို လေမုန်တိုင်း ဒဏ်ကြောင့် မဲခြောက်ကုန်ပါတယ်။ လေထဲမှာ ဆားရေငွေ့တွေ ပါလာတော့ ဒီဒဏ်ကို အပင်တွေက မခံနိုင်ပါ။ ဒါကြောင့်မို့ စားရမဲ့ဆဲဆဲ ဗူးသီးတို့ ဖရုံသီးတို့ အသီးအရွက်မှန်သမျှ အကုန်ပျက်စီးကုန်လို့ မစားလိုက်ရပါဘူး။
မုန်တိုင်းရိုက်ခတ်လို့ ကျွန်တော်တို့ထဲက ကိုထွန်းရှိန်ဆိုတဲ့ မန္တလေးက ကျောင်းဆရာ ပင်လယ်ပြင် ထဲကျပြီး ရေနစ်သေသွားတာ အလောင်းတောင် ရှာမတွေ့ပါ။ မုန်တိုင်းနဲ့အတူ ပင်လယ်ပြင်ဟာလဲ ဒေါသပုန်ထပြီး လှိုင်းလုံးတွေဟာ ကမ်းခြေမှာရှိတဲ့ ကျောက်တန်းတွေ၊ ကျောက်တုံးကြီးတွေကို ရိုက်ခတ်ပါတယ်။ လှိုင်းလုံးတွေဟာ ပင်လယ်ပြင်ကနေ ပြေးပြေးတက်လာပြီး ကျောက်တန်းတွေ ကျောက်တုံးတွေကို ပြေးပြေးဆောင့်တာကြောင့် ရေသိမ်ရေမွှားတွေဟာ ၀ါးတပြန်အထက် ဖွားကနဲ ဖွားကနဲတက်တာ အတော်ကြောက်စရာကောင်းပါတယ်။
ခုလို ကိုထွန်းရှိန်သေဆုံးရတာဟာ မုန်တိုင်းဒဏ်ကြောင့် ရေနစ်သေဆုံးတာမှန်ပေမဲ့ စစ်အာဏာရှင် တွေရဲ့နိုင်ငံရေးသမားတွေကို ကျွန်းပို့ ဖိနှိပ်သတ်ဖြတ်ရေးအစီစဉ်ကြောင့် သေဆုံးရတာ ဖြစ်ကြောင်း၊ ဒါကြောင့် ရှုံ့ချကြောင်း၊ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြောပြီး သူကျသွားတဲ့နေရာမှာ ကျောက်တုံး ကျောက်ခဲများနဲ့ မှတ်တိုင်ပြုပြီး တရက်အစာငတ်ခံခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ စခန်းတွင်းက ရဲနီတယောက် (ကိုတင်ငြိမ်း)ဟာ အစာ အဟာရ ချို့တဲ့ပြီး ကျန်းမာရေးမကောင်းလို့ ဆုံးပါတယ်။ အခုလို သေဆုံးရတာဟာ အာဏာပိုင်တွေက ဂရုတစိုက် ဆေးမကုသပေးလို့၊ ပေးထားတဲ့ရိက္ခာတွေ မကောင်းလို့၊ ပြည်မထောင်မှာလို အစား အသောက်ကောင်းဘို့၊ အသားငါးစားရဘို့၊ ပြည်မထောင်မှာ ရနေကျဖြစ်တဲ့ မိဘနဲ့ စာရေးဆက်သွယ် ခွင့်၊ သတင်းစာ ဂျာနယ် စာအုပ်စာတန်းဖတ်ခွင့်ရဘို့၊ ကျွန်းမှာ မကုနိုင်တဲ့ ရောဂါဝေဒနာရှင်တွေကို ပြည်မခေါ်ယူ ဆေးကုသခွင့် ရဘို့၊ စသဖြင့် အချက်အတော်များများ တောင်းဆိုကြတယ်။ ဒီတောင်းဆို ချက်တွေဟာလဲ အသစ်အဆန်း တောင်းဆိုတာ မဟုတ်ကြောင်း၊ ရရှိပြီးသား ပေးပြီးသား အခွင့်အရေး ကိုသာ တောင်းဆိုတာ ဖြစ်ကြောင်း၊ အာဏာပိုင်တွေဘက်ကလဲ မပေးနိုင်စရာ အကြောင်းမရှိကြောင်း၊ ပြောဆိုတင်ပြ တောင်းဆိုကြတယ်။
သေဆုံးသွားတဲ့ သူကိုတော့ စခန်းသွင်းမှာပဲ ခေါင်းသွင်းထားပြီး အာဏာပိုင်တွေနဲ့ အရေးဆိုပါ တယ်။ တနေ့မှာ အာဏာပိုင်တွေက အင်အားသုံးပြီး အလောင်းကို စခန်းကလုယူကာ မီးရှို့လိုက် ကြတယ်။ ဒီတော့ ကျွန်တော်တို့လဲ ပိုပြီး စိတ်ထိခိုက်ကြတယ်။ ရန်သူကို အနုနည်းနဲ့ တိုက်လို့မရတော့ နောက်ဆုံး အစာငတ်ခံတိုက်ပွဲနဲ့ တုံ့ပြန်ဖို့ ဆွေးနွေးတိုင်ပင်ကြတယ်။ မကြာခင် ရက်ပိုင်းမှာပဲ ရန်သူကို ကြေညာပြီး တိုက်ပွဲ ၀င်ပါတယ်။ ဒီတိုက်ပွဲဟာ ရက်ပေါင်း ၄၀ ကြာလို့မို့ ရက် ၄၀တိုက်ပွဲလို့လဲ ခေါ်ကြပါတယ်။ ဒီတိုက်ပွဲဟာ ပထမ ငပိတိုက်ပွဲထက် လူအင်အားများတယ်။ လူပေါင်း၂၀ ကျော် ၃၀ လောက် ရှိမယ်။ တိုက်ပွဲပြီးတော့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အားလုံးနီးပါးလောက် ရတယ်။ စာရေးခွင့်၊ စာဖတ်ခွင့်၊ အသားစို (အသားစိမ်း) ရရှိကြတယ်။ ရာသီဥတု ကောင်းလို့ သင်္ဘောလာရင် အထက်က အခွင့်အရေးတွေ ရပါတယ်။ အသားစိမ်းနဲ့ ပါတ်သက်လို့ ၀က် ဘဲ ဆိတ် အကောင်လိုက် တင်လာပေးတယ်။ ဒီသားငါးနဲ့ ပါတ်သက်လို့ကတော့ မကြာပါဘူး။ ၂လ-၃လလောက်ပဲ စားရပြီး ဒုံရင်း ဒုံရင်း ဖြစ်သွားတာပါဘဲ။ ကျွန်းမှာ ၃ နှစ်နီးပါးနေခဲ့ရတာ အာဏာပိုင်တွေနဲ့ တခါမဟုတ်တခါ ပြသနာက ပေါ်ပေါ်နေပါတယ်။
ကျွန်တော်တို့ ထွက်မပြေးနိုင်အောင် ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းမှာထားပြီး၊ ထောင်က ထုတ်ပေး တဲ့ အ၀တ်အစားကလဲ အားလုံးအဖြူရောင်တွေ။ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ပုဆိုး၊ အတွင်းခံဘောင်းဘီ အဆုံး ဆေးမဆိုးထားတဲ့ အဖြူရောင် ပိတ်ကြမ်းတွေချည်းပါ။ အခုလို အဖြူရောင်တွေချည်းပေးတာ အကြောင်းရှိပါတယ်။ ပင်လယ်ပြင် ပြာပြာမှာ အဖြူရောင်ဟာ တော်တော် ဝေးဝေးက မြင်နိုင်ပါတယ်။ ဒါကြောင့် ပင်လယ်မှာ အရပ်ဘက် သွားလာလှုပ်ရှားတဲ့ ကုန်တင်သင်္ဘော၊ ငါးဖမ်းလှေတို့ဟာ ဆေးဖြူရောင် သုတ်ထားကြတာပါ။ စစ်တပ်ရေတပ်ဆိုရင် သဘာဝအရောင်နဲ့ လိုက်လျောညီထွေအောင် ရေတပ်သားအတွက် ၀တ်စုံအပြာ၊ သုံးတဲ့သင်္ဘော စက်လှေတို့ကိုလည်း ဆေးပြာ သုတ်ထားကြတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့ ထွက်ပြေးလို့ ရှိရင် တွေ့နိုင်မြင်နိုင် အောင်လို့ တကိုယ်လုံး အဖြူဆင်ပေးထားတာ။
ဒါပေမဲ့ ကျွန်တော်တို့ကလဲ မလွှဲသာ မရှောင်သာ သားငါးရှာ နယ်ကျွံပြီး သွားရတဲ့အခါ သူတို့မတွေ့ အောင် အင်္ကျီလုံချည်ကို အရောင်ပြောင်းကြရတယ်။ ဘာနဲ့ပြောင်းလဲ ဆိုတော့ စိုက်ပျိုးထားတဲ့ ကြက်ဟင်းခါးပင်၊ သင်္ဘောပင်က အရွက်ကိုခူးပြီး အင်္ကျီလုံချည်ကို ပွတ်တိုက်ကြတယ်။ အစိမ်းရောင် ဖြစ်ကုန်တယ်။ ကြာကြာတော့မခံပါ။ တချို့အုန်းသီးခြောက် အပေါ်ခွံတွေကို အိုးထဲထည့် ရေနဲ့ ပြုတ်၊ အင်္ကျီလုံချည်ကိုထည့်နှစ်၊ ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ အိုးထဲကဆယ်။ အရောင်က ပင်နီရောင် ထွက်လာတယ်။ တခါ တောထဲသွားလို့ သစ်ကနက်သားတွေ့ရင် ယူလာ၊ ခုတ်ထစ်ပြီး အိုးနဲ့ပြုတ်၊ စိမ်းညိုရောင် ရတယ်။ ရန်သူကပေးတဲ့ အဖြူရောင် အင်္ကျီလုံချည်တို့ဟာ အရောင်တွေနဲ့ ဖြစ်ကုန်ကြပါတယ်။
ကျွန်တော်တို့ရဲ့စခန်းနဲ့ မလှမ်းမကမ်းမှာ ဆိုင်းဘုတ်စိုက်ထားတယ်။ ရေးထားတဲ့စာကတော့ တဖက်က ဖွံ့ဖြိုးရေးနယ်မြေတဲ့။ ကျန်တဖက်က စစ်တပ်နယ်မြေတဲ့။ ဖွံ့ဖြိုးရေးနယ်မြေဆိုတာက ကျွန်တော်တို့ကို ထားတဲ့နေရာပါ။ နယ်မြေ တခုလုံးကို မိုင်နဲ့တွက်ရင် တမိုင်ပတ်လည်လောက် ရှိပါ မယ်။ ကျန်တဲ့နယ်မြေက စစ်တပ်နယ်မြေပါ။ ရန်သူက အသား၊ ငါး အစိမ်း ကြာကြာမပေးနိုင်တော့ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ဖြေရှင်းကြရတယ်။ ဥပမာ- ငါးဆိုရင် ကမ်းခြေကနေ သိတ်မဝေးဘဲ သွားလာနေကြတာ တွေ့ရပါတယ်။ တချို့ကြီးတဲ့ ငါးများဆိုရင် ကျွဲလောက်ကြီးပြီး ကိုယ်လုံးကြီးတွေ ပေါ်လာလိုက်၊ ဆူးတောင်ကြီးတွေ ပေါ်လာလိုက်၊ အမြီးကြီးတွေ ပေါ်လာလိုက်နဲ့။ တချို့ကြတော့လဲ အတန်းလိုက် သွားနေကြတာ ရေပေါ်မှာ ကြိုးကြီးတချောင်း ချထားသလိုပဲ။ မဲမဲတန်းကြီးကို လှမ်းမြင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖမ်းစရာ ဘာလက်နက်မှ မရှိတော့ မြင်နေရပေမဲ့ ဘာမှမတတ်နိုင်ပါဘူး။
ဒီတော့ တတ်နိုင်တဲ့ အရာကို လုပ်ကြရပါတယ်။ ဒါကတော့ ရန်သူ့နယ်မြေမှာ ရှိတဲ့ လိပ်သောင်ကို သွားကြရပါတယ်။ ကျွန်တော်တို့ အထဲက ကျန်းမာရေးကောင်းပြီး ဖျတ်လတ် လျင်မြန်တဲ့ ရဲဘော်တွေ က ဒီတာဝန်ကို ယူရပါတယ်။ နေ့စဉ်နဲ့အမျှ ပဲနဲ့ငပိဟာ ကျွန်တော်တို့ စခန်းမှာ နေရတဲ့ သူတွေအတွက် မလုံလောက်ပါဘူး။ ရက်တွေ လတွေ နှစ်တွေ ကြာလာတာနဲ့အမျှ တမိုင်ပတ်လည်လောက် ရှိတဲ့ ကျွန်တော်တို့ နေရတဲ့ ဖွံ့ဖြိုးရေးနယ်မြေဟာ မဖွံ့ဖြိုးနိုင်တော့ပါ။ ဘယ်ကျောက်တုံး လှန်လှန် ဘာ ခရု ကနန်း ငါးကြွက်မှ မရှိတော့ပါဘူး။ အုံးပင်က အုံးသီးတွေလဲ လုံလောက်အောင် မသီးနိုင်ကြတော့ ဘူးလေ။ အခြေအနေက တဖြေးဖြေး ဆိုးလာနေပါပြီ။
ရန်သူဟာ ကျွန်တော်တို့ကို နယ်နှင်သလို မိဝေးဖဝေးတဲ့ နေရာမှာထား၊ မ၀ရေစာကျွေးပြီး၊ တဖြေးဖြေးနဲ့ ကျန်းမာရေးချို့တွေတဲ့၊ စိတ်ဓါတ်တွေ ကျကုန်အောင်၊ သူတို့ဆီ ဒူးထောက်လာအောင်၊ ကြိုးပမ်းတာဘဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သာမန်လူတွေမှ မဟုတ်တာ။ နိုင်ငံရေးသမားတွေကို ဒီလိုနည်းနဲ့ ဦးချိုးလို့ ရလိမ့်မယ်လို့ တွက်ထားတဲ့တွက်ကိန်းဟာ မမှန်တော့ဘူးဆိုတာ ကျွန်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက သက်သေပြ နေပါတယ်။

အပိုင်း(၃)ပြီး။




No comments: