၂၀၀၈ ခုနှစ် မေလ
---
Thursday, 29 May 2008
ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာ
Posted by HinLinPyin at 21:45 1 comments
Tuesday, 27 May 2008
Monday, 26 May 2008
Posted by HinLinPyin at 03:53 0 comments
Sunday, 25 May 2008
နိုင်ငံအတွက်ရင်နာတယ်
(၀င်းတင့်ထွန်း)
နာဂစ် ... တဲ့
ကမ္ဘာစစ်ထက်တောင်ပြင်းထန်
ဗုံးဒဏ်ကမှ ရှောင်လို့ရနိုင်သေး
ပြေးလို့လဲမလွတ်
ပုန်းလို့လဲမလွတ်
ဘေးလွတ်ရာဆိုတာ နတ္တိ
ကယ်သူဆိုတာလဲ ....---
Posted by HinLinPyin at 04:46 1 comments
Labels: ကဗျာ
Friday, 23 May 2008
မုန်တိုင်းကိုဦးလှည့်ပေးကြစို့
(ဗသြ)
ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ ။
နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။
ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။ .....(နှိပ်ပြီးဆက်သွားပါ)
(မှတ်ချက်။ ဒေါင်းအိုဝေ အတွဲ(၁)၊ အမှတ်(၆) ဧပြီ၊ မေ၊ ဂျွန် စာအုပ်တွင် ပုံနှိပ်ဖေါ်ပြမည့်ဆောင်းပါးဖြစ်ပါသည်)
Posted by HinLinPyin at 00:11 1 comments
Labels: ဆောင်းပါး
Thursday, 22 May 2008
Wednesday, 21 May 2008
Tuesday, 20 May 2008
အမေ.... ၊ နာဂစ်နှင့် မုန်တိုင်းဒဏ်ခံ ဇာတိမြို့ကလေး
Posted by HinLinPyin at 03:52 0 comments
Labels: အက်ဆေး/၀တ္ထုတို
Sunday, 18 May 2008
Friday, 16 May 2008
Thursday, 15 May 2008
Burma's Non-Political Flood
(Pls forward this poem to the world)
Water, water, all around me
But I am so..so… thirsty.
Here, there, human bodies' everywhere
But none alive accompany me and share.
And I look at myself
Broken hopes and empty handed.
And I look further around
Just like a post heavy-battled ground.
Wild cyclone has wiped all things down.
Where are those kids from innocent playground?
Where are students in the green and white uniform?
Where is my town always singing along country rock songs?
Where are my mates who search for freedom and independent?
Where are those local chicks with new-leaf-color lips?
Where are those parents with a too busy habit?
All my questions disappear,
All my answers whisper…and whisper.
Collaborated disaster of the nature and the dictator!
And I constantly hear voices from my empty stomach
Asking me food, forcing me speak out and stand up.
I silently speak with my loudest, to the entire world
Then mankind's sympathies come and knock my door.
Let me now open my door
'Cause those sympathies will help to fix my wounded floor.
Let me invite them with an open heart
'Cause those sympathies will help my life reconstruct.
Hello Mr. Militarists,
Your guns are currently useless,
My demands are urgently needed,
Here, I'm alive, not a corpse yet,
Neither much time left.
Together, let's work out as a nice diplomat!
(Dedicated To My Mother And People Of Burma Who Lost Lives And Who Are Hardly Survived Under Both Natural And Political Weathers!)
Posted by HinLinPyin at 18:17 0 comments
Saturday, 10 May 2008
ဒေါသမြစ်တစင်း၏ သေတမ်းစာ.................
ဟောဟိုမှာ
ဓနိတော၊ လမုတန်းနဲ့ 
ချောင်းတို ၊ချောင်းခွတွေကပေါ
မြစ်အဏ္ဏ၀ါတကြော
ဗေဒါတွေတင်မျောနေကြတာမဟုတ်ဘူးလေ။
ရေမျောပြီး ကမ်းလာတင်ကြ
ထင်းချောင်းသစ်တိုသစ်စ
အဲဒါတွေသည်ပင်လည်းမက
သဘာဝလည်းမကျစွာ။
သည်မှာလေ
အပြာစ အနီ စ အ၀ါစ
အ၀တ်စပါလေရုံ သာသာ
ဝိညာဉ်မဲ့ကိုယ်ခန္ဓာ
သင်္ဂြိုလ်မယ့်သူကိုရှာ
မင်းတို့ ငါတို့ လိုပါ
လူသားအသက်တွေ
ထောင်သောင်းပေါင်းများစွာ။
သူတို့အတွက်မှာ
ဈာပနတေးသံဆိုတာမရှိ
ကြေးစည်သံမရှိ
ခွေးအူသံလည်းမရှိ
ရေချမ်းအိုးငယ်လေးတွေလည်းမရှိ
ဆွမ်းသွပ်မယ့်လူလည်းမရှိ
ဆွေလုံးကျွတ်
မျိုးလုံးကျွတ်
ရွာလုံးကျွတ်မျှ
သည်မြေပေါ်က
လွင့်ပါး ပျက်သုဉ်းကြ
နောက်ဆုံးဘ၀ကူးခရီး
အနှောင်အဖွဲ့ တွေ ကာဆီး။
အစိုးရလုပ်သူကိုယ်တိုင်က
တာဝန်မဲ့မဲ့ ပြောထား
မပြည့်မစုံသတင်းစကား
ဝိုးဝါး ထွေအင်
မုန်တိုင်းဒဏ်လွတ်လေနိုးနိုး ထင်
မိသားစုဝင်တွေ
တယောက်လက်တယောက်တွဲ
ကြိုးနဲ့ချည်နှောင်တည်း
သေပွဲကြီး ၀င်ရရှာ
ရင်နင့်စရာမြင်ကွင်း
မြစ်တစ်စင်းလုံး
ပြည့်လုလု.....။
ပစ္စက္ခ
တို့ သမိုင်းမှာ
မင်းမဲ့၊ တရားမဲ့
တိုင်းပြည်ဘဝ
ဒီလောက် နိမ့်ကျ
တရံတခါ
ရာဇ၀င်တွေလည်းမရိုင်းခဲ့ပါဘူး ကွာ ။
တာဝန်မဲ့မဲ့
သစ္စာပျက်
နင်
ဟဲ့  အစိုးရ
ဆန္ဒ ကန့်ကွက်မဲ
ဖြုတ်နိုင်ခွင့်သည် တခါလွဲ
ဘဒ္ဒ သံသရာထဲမှာ
တို့ 
ဝိညာဉ်တွေ
မလွတ်မကျွတ်ရင် နေပါစေ..............
ကျန်ရစ်သူတို့ရေ
ဒို့ တတွေ အတွက်လေ
အမျှဝေ မနေနဲ့ 
လက်စားသာ ချေလှည့်ကြတော့။ ။
ကိုဝေလင်း
(၁၀၊ ၅၊ ၂၀၀၈)
မှတ်ချက်။ ။ဒေါင်းအိုးဝေ၊အတွဲ(၁)၊အမှတ်(၆)၊ဧပြီ၊မေ၊ဂျွန် စာအုပ်တွင်
ပုံနှိပ်ဖေါ်ပြမည့် ကဗျာဖြစ်ပါသည်။
Posted by HinLinPyin at 22:47 0 comments
Labels: ကဗျာ
Monday, 5 May 2008
အဝေးက ပေးစာတစောင်
၂၀၀၈ခုနှစ၊ မတ် ၂၃။
ကိုဟိုဒင်းရေ -
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့မိတ်ဆွေတယောက်နဲ့ အီးမေးလ်အပြန်အလှန်ရေးကြရင်း
တကယ့်ဂီတ အနု ပညာသည်စစ်စစ်ဖြစ်တဲ့သူက - ဂီတလုလင်မောင်ကိုကိုဆုံးသွားတာ။ ဘယ်သူမှဂုဏ်ပြုစာမရေးကြဘူး။
ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်းဒေါသနဲ့ပြော ပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကိုကိုယ်ချင်းစာမိတာနဲ့ ငိုင်ကျသွားမိတယ်။ ဟုတ်တယ်ဗျာ။ သူနဲ့မတိမ်းမယိမ်းကွယ်လွန်ကြတဲ့ အေ၀မ်းစိုးမြင့်။ ကိုလေးညွန့် စသဖြင့် အစားထိုးမရတဲ့ပညာရှင်တွေ ကွယ်လွန်တာဟာလည်းတကယ်ကို ၀မ်းနည်းစရာပဲ။ ကျနော့်ခေါင်းထဲမှာ (ရင်ထဲမှာလို့လဲ ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြု တဲ့ ဆောင်းပါးလေးတစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသူတို့အကြောင်းကို သူများတကာထက် ပိုသိတာလဲမဟုတ်၊ သူတို့ပညာ ကိုလဲ လိုက်မီတာမဟုတ်ပဲနဲ့။ ရေးလိုက်ပါမှ ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူးတာမျိုးဖြစ်နေမှာစိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြော လိုက်မိပါတယ်။ အခုတော့သူတို့နောက်ကို ထက်မြက်တဲ့ ဂီတာပညာရှင်နောက်တယောက် လိုက်သွားပါပြန်ကောလားဗျာ။
သူကွယ်လွန်တဲ့သတင်းကို ကျေညာပြီးနောက် ရေဒီယိုတွေကနေသူ့ရဲ့ ‘နေရစ်တော့ကွယ်၊ သွားတော့မယ်’ ဆိုတဲ့ သီချင်းလေး ဖွင့်ပေးတော့ ကျနော် ဖြင့်မျက်ရည်ကျလုတဲတဲ ငေးနေမိ။ ပြန်သတိရနေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့အကြီးမားဆုံး အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ဘ၀ အတွင်းဝင်ရောက်လာတဲ့ သီချင်းများနဲ့တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေ့ရက်များနဲ့ မေ့မရတဲ့သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က။
ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ကျနော့်လူငယ်ဘ၀ဟာ သာမန်လူ့လောကမှာတယ်ပြီးနေရတာမှမဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာဖြတ်သန်းရတဲ့ ကာလကပိုများတဲ့ဥစဏာ။ ဒီလိုနဲ့ တခါတော့ခင်ဗျားတို့ သိကြတဲ့အတိုင်း ပစ္စ န္တရစ်အရပ်မှာ ကျနော်ကာလ တခုသွားနေလိုက်ရတယ်။ အဲဒီကပြန်ရောက်လာတော့ အင်းစိန်ထောင်ထဲရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ်စတီရီယိုတေး တွေကိုကြားရတာကိုးဗျ။ ထောင်ပြင်ကနေ လွင့်ပျံလာတဲ့လော်သံတွေကပေါ့။ ကျနော် ဖြင့် ဟာ - ငါ့နားများမှားတာလား။ ဘာသာခြား သီချင်းတွေ လွင့်နေတာလား။ ဂီတကလည်း ဆန်းချင်တိုင်းဆန်း။ စာသားတွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှု ချင်း ဆောင့်မိတာလို့ ဆိုရမလားမသိပါဘူး။ ခေါင်းကိုချာလပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ညီကိုမေးကြည့်ပြီး သူတို့ ပြောပြလို့သိရ တယ်။ အော် - ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့စိမ်းလွန်းလို့ ကျနော်က အလှမ်းဝေးဝေး မှာပဲနေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ထူးထူးခြားခြားချွန်ထွက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားလိုက်မိတယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့သီချင်းက “မန္တလေးရောက်ရှမ်းကလေး တယောက်” ဆိုတဲ့သီချင်း။
အဲဒီနောက်တော့ ကျနော်အိမ်ကိုစွန့်ခွာရရော။ မိဘမောင်နှမနဲ့ ဆွေမျိုးမိတ်ဆွေတွေကို ခွဲခွာရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက် သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနုစတာတွေ နေထိုင်တဲ့တောင်တန်းတွေ၊ လွင်ပြင်တွေမှာပေါ့ဗျာ။ အိုးစည်သံ။ လင်းကွင်းသံတွေမြိုင်လှတဲ့။ အဲ - မဟုတ်ဘူးဗျ။ အိုးစည်သံ - လင်းကွင်းသံဆိုတာက ပွဲလမ်းကျမှကြားရတာ။ ၀ါတွင်းဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်းကြားရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အများဆုံးကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာရောက်ရောက၊ ဘယ်လူမျိုးတွေအကြားရောက်ရောက် ကာလသား။ ကာလသမီးတွေဟာ ကက်ဆက်ပါလာသူကို စိုင်းထီးဆိုင်နဲ့စိုင်းမော်ဝ်တို့ရဲ့ သီချင်းတွေဖွင့်ခိုင်းကြတာပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်းကြိုက်ကြပါရဲ့။ ဒါပေမဲ့ ဒီနှစ်ယောက်၊ အထူးသဖြင့် စိုင်းထီးဆိုင်လောက်ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှမတွေ့ရပေါင်ဗျာ။
ပအို့အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ရှိတာကိုးဗျ။ အပျိုလည်တယ်ဆိုတာ ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ။ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီးတဲ့နောက် ညမှာအပျိုလေးတွေရှိတဲ့အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင်၊ လေကန်ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့အဓိက အခန်း။ ဧည့်ခန်းကြီးထဲမှာရှိတာပါ။ နောက်ပြီးကာလသားနဲ့ ကာလသမီး တယောက်ချင်းစကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင်အပျိုကလာသမျှ ကာလသားကို ဧည့်ခံစကားပြောရတာပါ။ ပြောတာက တဖက်ကအလုပ်လုပ်ရင်း တဖက်ကပြောတာပါ။ ဥပမာကြက်သွန်ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေက နေ အမြှောင်းတွေအဖြစ်ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်ကမျိုးတွေကိုချွေ။ လာတဲ့ကာလသားတွေကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်ကကြက်သွန် မျိုးတွေကိုချွေ။ အဲဒီလိုလေကန်ကြတာပဲဗျ။ အဲ။ ထူးခြားတဲ့ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကိုကြိုက်သလားလို့မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်ဗျ။ မကြိုက်ဘူးလို့မဖြေရဘူး။ ဒါပေမဲ့ဒီလိုစကားဝိုင်းမှာ ပြောတာကို ဘယ်သူမှအတည်မယူရဘူးလေ။ သူတို့ထုံးစံပဲ။ ခုနကပြောနေတာနဲ့ ပြန်ဆက် ရရင် အဲဒီလိုအပျိုလည်ကြရာမှာ တတ်နိုင်တဲ့ကာလသားများက ကက်ဆက်လေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှအပျိုရှေ့မှာဖွင့်ပြ။ နားထောင်ကြ။ ထင်မြင် ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ကြက်သွန်ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓာတ်ခဲအသစ် အဟောင်း။ တပတ်ရစ်၊ ဓာတ်ခဲ မျိုးစုံပါလာ တတ်သဗျ။ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ။ နှင်းကျကျအဲဒီစတိုင်က မပျောက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့သီချင်းတွေကတော့ စိုင်းထီးစိုင်၊ စိုင်မောဝ်တို့ရဲ့ ဟာတွေပေါ့ဗျ။
ကျနော်က။ အဲဒီတုန်းကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့အတူနေ။ အတူစား။ အတူလှုပ်ရှားနေတာဆိုတော့ ရွာတကာလှည့်ပြီး မြို့နယ်အ လုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီကျနော်တို့ရဲ့အဖွဲ့မှာ သေနတ်လိုပဲ မပါမဖြစ်ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက်ခွေတွေပဲဗျ။ သူတို့ကဒေသခံလူထု။ အထူး သဖြင့် လူငယ်ပိုင်းတွေနဲ့စကားပြောပြီးရင် ကက်ဆက်လေးဖွင့်။ ထွေရာလေးပါး ပြောကြတာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား။ ဘယ်သီ ချင်းလေးဖွင့်ပါအုန်း စသဖြင့်ပြောကြ တောင်းဆိုကြတာ။ စိုင်းထီးဆိုင်နဲ့စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေချည်းပဲ။ နောက်ပြီးကျနော်တို့တတွေ တတောင်ကနေတတောင်၊ တရွာကနေတရွာ သွားကြတော့လည်း လက်ထဲပါလာတဲ့ကက်ဆက်က သူတို့သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော့်အဖို့ ရှမ်းပြည်နယ်က ဒီတော။ ဒီတောင်၊ ဒီမြောင်၊ ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့မရဘူးဖြစ်သွားတယ်။ လှေစီးရင်း။ မြင်းစီးရင်း ဒီသီချင်းတွေနဲ့လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေကိုယ်က သူတို့စကားနားမလည်လို့ ကိုယ့်ကိုရွာထဲက အိမ်တအိမ်မှာ သေနတ်တလက်၊ ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ ကက်ဆက်နဲ့ထားခဲ့တယ်ဆိုတာထက် ထီးဆိုင်တို့စိုင်မောဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင်ပိုမှန်မယ်ထင်ပါတယ်ဗျာ။
ကျနော်အဲဒီနေရာတွေကိုခွာရတဲ့အခါမှာ သူတို့သီချင်းတွေခေါင်းထဲရင်ထဲမှာ စွဲကပ်ပြီးပါလာတာပေါ့။ အဲဒါလည်းကြာသွားပြီ။
အခုတော့ကျနော့်လက်ထဲမှာ သေနတ်မရှိတော့ဘူး။ ရင်ထဲမှာစိုင်းထီးဆိုင်ရဲ့သီချင်းတွေတော့ရှိနေတယ်။
ယာတောကသာဗြော
Posted by HinLinPyin at 22:22 0 comments
Labels: ဆောင်းပါး
Friday, 2 May 2008
ဆင်စမ်းနေတဲ့ ပုရောဟိတ်
ဗုဒ္ဓဘုရားရှင်လက်ထက်က ပညာရှိကြီးတယောက် ရှိတယ်လို့ ကြားဖူးတယ်။ ပညာတွေကို ၀မ်းဗိုက်ထဲမှာ သိုမှီး ထားရတာများလွန်းလို့ ပေါက်မထွက်သွားအောင် ခါးပါတ်ကြီးနဲ့
ပါတ်ထားရတယ်ဆိုဘဲ။ ပညာတွေလား၊ ပဲဟင်းတွေလား။ စဉ်းစားစရာပါ။ ဆင်ဆိုတာကြိုးပါလား၊ သစ်ပင်ပါလား၊ ယပ်တောင်ပါလား ဆိုတာမျိုးလည်း ရှိနေတတ်ပါတယ်။
ဘယ်သူကမှ ရိုက်မစစ်ဘဲ ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ်ဆိုရင် ဒေါက်တာ ဦးတင်မောင်သန်းရဲ့ အစီအစဉ်တွေကို ကျော်ပြီးချန်ပြီး ဒီဗွီဘီကို နားထောင်နေတာကြာပါပြီ။ တစ်ခြားပညာရှင်တွေ ဆွေးနွေးတာထက် သူကပညာရှိလေသံ အပေါက် လွန်နေလို့ လားမသိ။ ပညာသိပ်မတတ်လှနဲ့ တောင်မရောက် မြောက်မရောက်ဖြစ်နေတဲ့ ကျုပ်အဖို့က လိုက်မမှီဖြစ်လိုက်၊ နား လျှံလိုက်၊ နားကလောလိုက်ဖြစ်နေလို့ပါ။ ဒေါက်တာ ဦးတင်မောင်သန်းဟာ ထူးချွန်သော ပညာရှင်တစ်ယောက်၊ စာရေးဆရာ ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ တိုင်းပြည်ချစ်တယ်။ တိုင်းပြည်ကောင်း စားစေချင် တယ်။ တိုင်းပြည်ကောင်းအောင် လုပ်ခဲ့တယ်ဆိုတာကို ယုံပါတယ်။
သို့သော်။
ဆရာရဲ့ ကြားမိတွေးမိသမျှ အစီအစဉ်က ဧပြီလ ၄ ရက်နေ့ ၂၀၀၈၊ ဒီဗွီဘီမှာ “လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲအ တွက် သော့ချက်ကျတဲ့အချက်ကို သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးချက်ဟာ ရာသီစာ၊ ဓာတ်စာဖြစ်နေတာမို့ တခုတ် တရ နားထောင်လိုက်မိပါတယ်။ နားထောင်ရင်းနဲ့ စိတ်ထဲမှာ “အော်၊ ဒါ့ကြောင့် ကုန်ရှုံးရင် တခါမှောက်၊ လင်ရှုံးရင် တသက် လုံးမှောက်၊ ဆရာမှားရင် တသံသရာလုံးမှောက်” လို့ ဆိုရိုးရှိပေတာပဲလို့ တွေးမိလိုက်တော့တာပါပဲ၊
ဆရာက လာမယ့်ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံကို သုံးပိုင်း၊ သုံးအုပ်စု ခွဲပြီးဆွေးနွေး ထားပါ တယ်။ ပထမအုပ်က အင်အယ်လ်ဒီနဲ့ အတိုက်အခံတွေဖြစ်ပါတယ်။ သူတို့က ကန့်ကွက်မဲ ပေးကြမယ်လို့ ဆိုပါတယ်၊ ဟုတ်ပါ တယ်။
ဒုတိယအုပ်စုက ကြံ့ဖွတ်နဲ့အပေါင်းအပါတွေဖြစ်ပါတယ်။ သူတို့က ထောက်ခံမဲပေးကြမယ်လို့ဆိုပါတယ်။ ရာခိုင်နှုံးအ တော်များများ မမှန်ဘူးဆိုတာ သေသေချာချာသိပေမဲ့ အတိုင်းအတာတရပ်အထိ ဖြစ်နိုင်ခြေရှိတာမို့ ငြင်းချက် မထုတ်တော့ပါ ဘူး။
အဆုံးအဖြတ်ပေးမယ့် အုပ်စုအဖြစ်နဲ့ ဆရာအလေးအနက်ထား ဆွေးနွေးထားတဲ့ တတိယအုပ်စုကို စိတ်ဝင်စားမိပါ တယ်၊ အဆုံးအဖြတ်ပေးမယ့်အုပ်စုလို့ ဆိုလေတော့ အထင်မသေးရဲပါဘူး။ တတိယအုပ်စုဆိုပြီး ဆရာပေးလိုက်တဲ့ ထင်ရှားတဲ့ ဥပမာတွေက မသိင်္ဂီရယ်၊ ပြည်တွင်းက အကြီးတန်းသတင်းစာဆရာတယောက်ရယ်၊ စစ်တပ်မိသားစုတွေရယ် ဖြစ်နေပါ တယ်၊။ တဖန် ဒီအုပ်စုက အဆုံးအဖြတ်ပေးမယ့် အုပ်စုဖြစ်ပြီး လာမယ့်ဖွဲ့စည်းပုံဥပဒေကို ထောက်ခံမဲပေးကြလိမ့်မယ် ဆိုတဲ့ အပိုင်းကို ထင်ဟပ်ဆွေးနွေးတဲ့အခါမှာ ဆရာက ထောက်ခံကြလိမ့်မယ်ဆိုတဲ့ အယူအဆတရပ်ဟာ လူတွေကြားမှာ ဖြစ်နေ တယ်။ လူတချို့မှာ ဖြစ်နေတယ်။ ပြည်တွင်းက ပညာတတ်တွေမှာ ဖြစ်နေတယ်။ စစ်တပ်မိသားစုတွေမှာ ဖြစ်နေတယ်ဆိုတဲ့ စကားလုံးတွေကို ပညာရှိပီသစွာ လိုသလိုညှပ်ပြီး ပါးပါးနပ်နပ်နဲ့ ထည့်သွင်းပြောဆိုသွားတာကို ကြားလိုက်ရပါတယ်။
ဆရာခင်ဗျား
ဆရာထောက်ပြတဲ့ အုပ်စုသုံးအုပ်စုထဲမှာ အတိုက်အခံပါတီဝင်တွေ မဟုတ်တဲ့၊ ကြံ့ဖွတ်တွေ မဟုတ်တဲ့၊ မသိင်္ဂီ မဟုတ်တဲ့၊ ပြည်တွင်းက အကြီးတန်းစာနယ်ဇင်းသမား မဟုတ်တဲ့၊ စစ်တပ်မိသားစုဝင်တွေ မဟုတ်တဲ့၊ သန်းပေါင်းများစွာသော သာမန် မိဘပြည်သူတွေကို ဘယ်နေရာမှ ကျနော်ရှာမတွေ့ပါဘူး။ ကြံ့ဖွတ်လို၊ မသိင်္ဂီလို၊ အကြီးတန်းစာနယ်ဇင်းသမားလို၊ စစ်တပ်မိသားစုဝင်တွေလို (ဆရာပြောတဲ့အတိုင်း ပြန်ကိုးကားရရင်) တနည်းနည်းနဲ့ သက်သာရာရ အသက်ရှူပေါက်ချောင်ရာ ကို မရှာဘဲ၊ စစ်ဗိုလ်တွေရဲ့ ညံ့ဖျင်းနုံချာတဲ့ အုပ်ချုပ်မှု၊ ဖိနှိပ်မှုကို အဆိုးဝါးဆုံး ခံနေရတဲ့၊ နေထွက်က နေ၀င်စားရေး၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအတွက် သောကပင်လယ်တွေဝေနေတဲ့၊ စစ်တပ်ကိုကြောက်ရလို့ တအိမ်တယောက် ထွက်ပြီး ထမင်းအငတ်ခံ လုပ်အားပေးပွဲတွေ၊ ထောက်ခံပွဲတွေတက်နေရတဲ့ သာမန် မိဘပြည်သူတွေရဲ့ အခန်းကဏ္ဍကို ဆရာ တယောက် ပညာလျှံပြီး ထည့်တွက်ဖို့ မေ့လျော့သွားခဲ့လေသလားလို့ တွေးမိပါတယ်၊ တကယ်တော့ ကြံ့ဖွတ်လို၊ မသိင်္ဂီလို၊ အ ကြီးတန်း စာနယ်ဇင်းသမားလို၊ စစ်တပ်မိသားစုဝင်လို လူတွေထဲမှာ စစ်ဗိုလ်တွေရဲ့ အလိမ်အညာကိုမခံဘဲ ပြတ်ပြတ်သား သား ဆန့်ကျင်မဲပေးကြမယ့်သူတွေ အများအပြား အသေအချာရှိနေတာကိုလည်း၊ ဆရာ တမင်မသိချင်ယောင် ဆောင်ထားခဲ့ ပါတယ်။
အခုအခါမှာ အတိုက်အခံက သုညအဆင့်မှာဖြစ်နေပြီး စစ်တပ်က တစ်ရာရာနှုံးပိုင်စိုးထားတာမို့ ဖွဲ့စည်းပုံကိုထောက် ခံလိုက်ခြင်းအားဖြင့် သုညထက်ပိုသောတစုံတစ်ရာကို မျှဝေရနိုင်တယ်ဆိုတဲ့ စာနယ်ဇင်းသမားရဲ့အမြင်ကို ဆရာ အလေးထား ထောက်ပြဆွေးနွေးသွားပါတယ်၊ ဒီစာနယ်ဇင်းသမားရဲ့အမြင်ကိုပဲ လူတွေကြားမှာ ဖြစ်ပေါ်နေတဲ့အမြင်လို့ ဆရာက ထပ်ဆင့် အတည်ပြု ဆိုလိုက်ပြန်ပါတယ။ ဒီစာနယ်ဇင်းသမားရဲ့အမြင်က ပြည်သူတွေရဲ့အမြင်နဲ့ တထပ်တည်းကျတူနေတယ်လို့ ဆရာ ဘာ့ကြောင့် ပြောနိုင်ပါသလဲ၊ တကယ်တူတာလား။ ဆရာက တူစေချင်တာလား။ ဆရာ ရိုးသားပါရဲ့လား။
အခုအခါမှာ အာဏာကိုလိုသလိုသုံးပြီး ထင်သလိုအုပ်ချုပ်နေတဲ့စစ်ဗိုလ်တွေကို ဖွဲ့စည်းပုံကို အတည်ပြုလိုက်ခြင်း ဖြင့် သူတို့လုပ်ချင်ရာကို အရင်အတိုင်း ဒုံရင်းဆက်လုပ်နိုင်ဖို့ အခြေခံဥပဒေကြီးနဲ့ အကာအကွယ်ပေးလိုက်ရတော့မှာမို့ တရား စွဲလို့လည်းမရ၊ လူထုခုံရုံးလည်းမရှိ၊ နိုင်ငံတကာ ခုံရုံးလည်းပျောက်နဲ့ ချိုတပ်ပေးလိုက်တဲ့မြင်းလို ထိန်းမနိုင် သိမ်းမရဖြစ်သွား မှာကို ဆရာတွေးပူဟန် မရှိပါဘူး။ အရင်တုန်းက အာဏာသိမ်းရင် ဥပဒေကိုဖျက်ပြီး အာဏာသိမ်းရတတ်တဲ့ စစ်ဗိုလ်ချုပ်က အခုဖွဲ့စည်းပုံကို အတည်ပြုလိုက်ရင် ဥပဒေအရ အာဏာသိမ်းရတာဖြစ်သွားပြီး ဒါကို ကန့်ကွက်တဲ့၊ ဆန္ဒပြတဲ့ပြည်သူ တွေကို သတ်ချင်သလောက်သတ် တရားစွဲခွင့်မရှိတော့မှာကို ဆရာစိုးရိမ်ပုံမပြပါဘူး။ အခုနေအခါမှာ ဘယ်လိုမှမရနိုင်တဲ့ တရားဝင် လူသတ်လိုင်စင်ကို လာမယ့်ဖွဲ့စည်းပုံအရ စစ်တပ်က တဦးတည်းမူပိုင်ရသွားမှာကို ဆရာမြင်ပုံမရပါဘူး။ စစ်တပ် တမတ်သား က တနိုင်ငံလုံး ကို ထင်သလိုချယ်လှယ်ပြီး စစ်တပ်သဘောမတူဘဲ ဘာမှပြောင်းလို့ မရတဲ့ အခြေခံဥပဒေကို တိုးတက်တဲ့ မူတရပ်လို့ ပြည်သူကို ဆရာက သတင်းစကားပေး ချင်ပုံရပါတယ်။
ဆွေးနွေးချက်တခုလုံးကို သေသေချာချာ ဆန်းစစ်လိုက်ရင် ဖွဲ့စည်းပုံကို အတည်မဖြစ်သွားမှာကို ဆရာ အလွန်အ မင်း ပူပန်နေပုံရပါတယ။ ဆရာ့သောကနဲ့ စစ်အာဏာရှင်တွေရဲ့သောကနဲ့ စာနယ်ဇင်းသမားကြီးရဲ့ သောကတွေဟာ တထပ် တည်းကျပြီး တူနေတာက မေးခွန်းထုတ်စရာဖြစ်ပါတယ။ အကျိုးစီးပွားများ တူနေလေလို့လား။
အင်အယ်လ်ဒီလုပ်ဆောင်သမျှကို ဆရာက နအဖလိုဘဲ ဘယ်သောအခါကမှ လုံလောက်တယ်လို့ မထင်ခဲ့ပါဘူး။ အင်အယ်လ်ဒီ ဘယ်တော့မှ မမှားဘူးလို့ မဆိုလိုပါဘူး။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူကို တတန်းတည်း ထားတတ်တာဟာ အမြဲမမှန် နိုင်ပါဘူး။ အခုလည်း ဖွဲ့စည်းပုံကို ကန့်ကွက်ပြီးရင် ဘာလုပ်မယ်ဆိုတာ အင်အယ်လ်ဒီက ရှင်းရှင်းလင်းလင်း မပြောနိုင်ပါဘူး ဆိုပြီး ဆရာက စာနယ်ဇင်းသမားကြီးရဲ့ လက်ကိုငှားပြီး ခုတ်ပြန်ပါတယ။
ပညာရှင်ကြီးတဦးဖြစ်တဲ့ ဆရာ့ကိုမေးခွန်းတခု မေးလိုက်ချင်ပါသေးတယ်။ အာဏာရှင်က အာဏာကို တစ်ရာရာ ခိုင်နှုံး ရယူထားပြီး အတိုက်အခံက သုညဖြစ်နေတဲ့ အခြေအနေမျိုးမှာ အာဏာရှင်ကသာ ရွှေ့ကွက်တွေကို ဦးဆောင်နိုင်တယ် ဆိုတာ ဆရာဘာလို့ အသိအမှတ်မပြုနိုင်ရတာလဲ။ အင်အားချိနဲ့နေတဲ့ အတိုက်အခံလုပ်သူက ဘာပြီးရင် ဘာလာမယ်ဆို တာ ကို ဘယ်လိုမှ မသိနိုင်တာမို့ အချို့အခြေအနေတွေမှာ ကိုယ်ကဘာလုပ်မယ်ဆိုပြီး ကြိုတင်မချပြနိုင်တာကို ဆရာဘာလို့ မစာနာနိုင်၊ နားလည်မှု မပေးနိုင်ရတာလဲ။
ဒီဗွီဘီဟာ အမည်အရကိုယ်က စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် ပြည်သူတွေကို သတင်းမှန် အချက်အလက်မှန်တွေကို ပေးဖို့တာဝန်ရှိပါတယ။ နအဖက သူတို့စိတ်ဿကိက်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ကို အတည်ပြုပေးနိုင်အောင် ပြည်သူလူထုကို ချော့လိုက်၊ ချောက်လိုက်လုပ်နေတာကို ဒီဗွီဘီက မသိဘူးဆိုရင် ဖြစ်နိုင်ပါ့ မလား။ ပြည်သူလူထုက စစ်ကျွန်ဖွဲ့စည်းပုံကို အမြင်ရှုတ်ထွေးပြီး အတည်ပြုလာအောင်၊ တခုတည်းသော အထင်ကရအတိုက် အခံပါတီ အင်အယ်လ်ဒီကို လူထုက အယုံအကြည်ကင်းမဲ့လာအောင်၊ အသေခံ၊ အသတ်ခံပြီး ကန့်ကွက်မဲပေးကြဖို့ သက် စွန့်ဆံဖျား ဿကိးစားနေတဲ့ ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေ၊ အင်အယ်လ်ဒီတွေကို နောက်ကြောက ဓားနဲ့ထိုး သလို လိမ်မာပါးနပ်စွာ သွေးထိုးလှုံ့ဆော်နေတဲ့ ဆရာဦးတင်မောင်သန်းကို ဒီဗွီဘီက စင်တင်ပေးပြီး စစ်ဗိုလ်တွေအဿကိက် ထောက်ခံမဲပေးဖို့ အော်နေတာ မရှက်ဘူးလား။
ကျုပ်တို့ဒီဗွီဘီက လွတ်လပ်တဲ့ သတင်းဌာနဖြစ်တယ်၊ အမြင်အားလုံးကို တင်ပြမယ်ဆိုရင် လေးစားပါတယ်၊ မှန် လည်း မှန်ပါတယ်။ ဒါဆို ကျုပ်အမြင်ကိုလည်း တင်ပြခွင့်ပြုပါ၊ ဆရာဦးတင်မောင်သန်း ကိုယ်တိုင်က ကျုပ်ဆောင်းပါးကို ကိုယ် တိုင်ဖတ်ပြီး ဒီဗွီဘီမှာ ရှင်းရဲပါသလား။
အောင်ထီ
ဧပြီလ ၅၊ ၂၀၀၈
Posted by HinLinPyin at 04:20 0 comments
Labels: ဆောင်းပါး
ကိုယ်ကခံစစ်ဆိုပေမဲ့မရှုံးနိုင်
ရက်ပိုင်းမျှသာလိုတော့တဲ့ “ဆန္ဒခံယူပွဲ” အတွက် နအဖဟာ ခက်ခက်ခဲခဲ တက်လှမ်းနေတာ တွေ့နေရတယ်။ ခြိမ်း ခြောက်တာ ချော့မြူတာတွေအပြင်
ဖမ်းချုပ်တာ၊ ချောင်းရိုက်တာတွေပါ ဖောဖောသီသီကြီးလုပ်နေတယ်။ မရှက် - မကြောက် - မကွယ် - မ၀ှက်။
တဖက်မှာတော့ ပြည်သူလူထုတွေထဲမှာတော့ ကန့်ကွက်မဲထည့်ဖို့ ကြက်ခြေခတ်ဖို့ဆိုတဲ့ သဘောထားဟာ ပြတ် ပြတ်သားသားချမှတ်ပြီးသွားပြီ။ ဆိုလိုတာ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီ။ ဘယ်ကမှ ရှောင်ဖယ်လို့မရတော့။
“နအဖဟာ သူတို့နိုင်အောင် တနည်းမဟုတ်တနည်းနဲ့ညစ်မှာပဲ” ဆိုတဲ့စကားတွေ နေရာတကာမှာ ပေါ်နေတယ်။ (ဒီ လေသံကို သူတို့လူတွေကတဆင့် မသိမသာလွှင့်နေတာလဲ ရှိနိုင်တယ်။) ဟုတ်တယ်သူတို့ကတနည်းမက နည်းပေါင်းသောင်း ခြောက်ထောင် ကျင့်သုံးကြလိမ့်မယ်။ သံသယမရှိနဲ့။ အာဏာရသူဖက်က လက်နက်နဲ့ အာဏာနဲ့ပေါင်းပြီး ညစ်တာဖြစ်တဲ့အ တွက် သူတို့က နိုင်ကောင်းနိုင်သွားနိုင်တယ်။ ဒါမဆန်းဘူး။ တိုက်ပွဲတရာ အောင်ပွဲတရာဆိုတာ နာေးထာင်လို့သာ ကောင်းပြီး လက်တွေ့မှာမရှိဘူး၊ ကိုယ်တိုက်ချင်တဲ့ ဂွင်၊ ကိုယ်တိုင်ချင်တဲ့ အချိန်မှာ၊ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီးတိုက်ရရင် တမျိုးဖြစ် တယ်။ ဒီတခါ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီးမှာ အကြီးအကျယ်အထိနာသွားတဲ့ နအဖဟာ နိုင်ငံရေးလက်ဦးမှု ရယူရေးအတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုကဖက်ပြောရရင် ဒီတပွဲဟာ ကိုယ်ကခံစစ်ကနေ လက်ဦးမှုရအောင် ပြန်လုပ်ရတာ ဖြစ်တယ်။
ဒါပေမဲ့ ဒါဟာစစ်ရေးတိုက်ပွဲမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲမှာ မတူတာတွေ အများကြီးရှိတယ်။ စစ်ရေးတိုက်ပွဲမှာ စစ်ရှုံးရင် လူပါ၊ နယ်မြေပါဆုံးရှုံးသွားတာမို့ နာလံမထူအောင် ဖြစ်တတ်တယ်။ နိုင်ငံရေးတိုက်ပွဲမှာ အဲဒီလို အကျအဆုံးမရှိအောင် တိုက်လို့ရတယ်။ ဒီတချီတိုက်ပွဲရဲ့ ထူးခြားမှုတခုကိုက ပြည်သူတွေဖက်က အရင်းအနှီးနည်းနည်းနဲ့ နအဖရဲ့ မသမာမှုကို ဖွင့်ချနိုင်တာ၊ သူတို့ချင်းကွဲလွဲမှုကို ပိုနက်ရှိုင်းစေတာ ဖြစ်တယ်။
ဒီတိုက်ပွဲမှာ နအဖက ထိုးစစ်ဆင်လာတာဖြစ်ပေမယ့် သူ့ဖက်က အခြေအနေကောင်းလှလို့ မဟုတ်ဘူး။ သူ့အဖို့ပြောရရင် ဒါဟာ ပွဲသိမ်းတိုက်ပွဲမဟုတ်ဘူး။ တောင်ကုန်းတကုန်း ရယူရေးတိုက်ပွဲသာ ဖြစ်တယ်။ ဒီခြေလှမ်းကို လှမ်းဖို့အတွက် နအဖထဲမှာ အကြာကြီး ပြင်ဆင်ချိန်ဆနေတဲ့ကြားကနေ နောက်ဆုံးမှာ စွတ်ရွတ်ပြီး ဆုံးဖြတ်ချက်ချလိုက်ရတာ ဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ သူ့အပါးတော်မြဲတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကြေငြာပြီးမှ တခြားနအဖအဖွဲ့ဝင်တွေကို အသိပေးအကောင်အထည် ဖော်ခိုင်းကြတယ်။ တကယ်တော့ စစ်အုပ်စုတခုဆိုတာ ထိပ်သီးပုဂ္ဂိုလ်နဲ့ သူ့ရဲ့အတွင်းစည်းဝိုင်းသာပဲ ဖြစ်တယ်။ ဗမာပြည်မှာဆိုရင် ဗိုလ်သန်းရွှေနဲ့ သူ့ပတ်ဝန်းကျင်က အနည်းစုလေးသာ ဖြစ်တယ်။ သူတို့အထဲမှာ ဒီမိုကရေစီမရှိဘူး။ ဗိုလ်သန်းရွှေလက်ညှိုးညွှန်ရာ ရေဖြစ်ရတာ။ ဒါကြောင့် ဒီတပွဲဟာ ဗိုလ်သန်းရွှေရဲ့ အရှက်ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်နေတာမို့ သူ့လက်စွဲတွေဟာ အပြတ်ကြမ်းရမ်းလုပ်ကိုင်နေကြတယ်။
အခုလာတော့မယ့် ဆန္ဒခံယူပွဲဆိုတာဟာ ဗိုလ်သန်းရွှေအစုက စွတ်ရွတ်လုပ်ချလိုက်တာဖြစ်တဲ့အတွက် အကုန်အိုးနင်းခွက်နင်း ဖြစ်နေတာတွေတွေ့ရတယ်။ ဆန္ဒခံယူပွဲကို နောက်သုံးလမှာ ကျင်းပမယ်ပြောတယ်။ ဖွဲ့စည်းပုံမူကြမ်းဆိုတာက စာအုပ်ဖြစ်မလာသေးဘူး။ စာအုပ်ရယ်လို့ ရိုက်ထွက်လာတော့လဲ အမှားမှားအယွင်းယွင်းတွေ ဖြစ်နေတယ်။ မှားတာမှ စာရိုက်စာစီမှားတာ မဟုတ်ဘူး။ စာရိုက်စာစီမှားတာဆိုရင် စာလုံးမှားတာပဲ ဖြစ်မယ်။ အခုဟာက ၀ါကျလိုက်တွေ မှားနေတာ။ မှားတာမှ အယူအဆအရ ကပြောင်းကပြန်ဖြစ်နေအောင် မှားတာဖြစ်တယ်။ သူတို့ချင်းမှ ပြတ်အောင်ဆွေးနွေးလိုက်ကြရရဲ့လား စဉ်းစားစရာပဲ။ ဒါမှမဟုတ်၊ သူတို့ကိုယ်တိုင်ရော အသေအချာဖတ်ကြရဲ့လား။
ဘာပဲပြောပြော ဒီတချီမှာလဲ နအဖအဖို့ အင်မတန်ကြပ်ကြပ်တည်းတည်း လုပ်နေရတာတွေကို မြင်နေရတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံကို ဝေဖန်ဆန့်ကျင်သူတွေကို တရားဥပဒေအရ အရေးယူမလိုလိုပြောပေမယ့် အခု အရေးမယူရဲဘူးဖြစ်နေတယ်။ ပြည်သူတွေက ဗြောင်ဆန့်ကျင်၊ ဟားတိုက်ပြောနေကြတယ်။ ဒီအစား နအဖဟာ တရားမဲ့ ချောင်းရိုက်တာ၊ ဗြောင်ရိုက်တာ၊ ကားနဲ့တိုက်တာတွေ လုပ်နေတယ်။ တပြည်လုံးကို စည်းရုံးတာကနည်းနည်း၊ ခြိမ်းခြောက်တာကများများ လုပ်နေတယ်။ ရဲဆိုတာကလဲ ဗုံးခွဲတာဖမ်းမမိ၊ လူသတ်တာ၊ လူရိုက်တာအမှုမဖွင့်နဲ့၊ ပေထိုင်နေတယ်။ မီးသတ်က မီးမသတ်၊ လူသတ်နေတယ်။ စွမ်းအားရှင်ဆိုတာတွေက လက်နက်မဲ့ပြည်သူလူထုအပေါ် စွမ်းအားတွေ အမျိုးမျိုးပြနေကြတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲဟာ မင်းမဲ့စိုးမဲ့ နိုင်ငံတခုမှာကျင်းပတာနဲ့ အတူတူပဲဖြစ်မယ်။
တတိုင်းပြည်လုံးကို ဧရာမစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့်အုပ်ချုပ်သလိုပဲ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ဆိုတာတွေကိုလဲ အရေအတွက် ဂဏန်းအကြီးကြီးပြပြီး တပြည်လုံးကို ခြိမ်းခြောက်ပြန်တယ်။ တချို့မသိနားမလည်သူက ယုံပြီးကြောက်ရှာကြတယ်။ တချို့ကတော့ ဒီဂဏန်းတွေကို အသုံးချပြီး နအဖရဲ့ခွင်ထဲကို မောင်းပို့ကြတယ်။ ဒီတိုင်းပြည်က လူတွေလို ဒါလောက်တာရှည် တထိတ်ထိတ် တလန့်လန့် အသက်ရှင်နေထိုင်ရတဲ့ နိုင်ငံသားတွေ တခြားနိုင်ငံတွေမှာ ရှိမှရှိပါ့မလားဆိုတာ စဉ်းစားစရာပဲ။
တဖက်ကပြောရင်လဲ ဒီနိုင်ငံသားတွေလောက် အမှားအမှန်ခွဲခြားတတ်တာ၊ သတ္တိရှိတာ ကမ္ဘာမှာရှားတယ်။ ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲဟာ နအဖဖက်ကစတဲ့ ထိုးစစ်ဖြစ်တာမှန်ပေမယ့် ဒီလိုပြည်သူလူထုနဲ့ရင်ဆိုင်ရတာမို့ သတို့တတွေ ကသောင်းကနင်း၊ မရှက်နိုင်၊ မကြောက်နိုင် လုပ်ကိုင်နေကြတာဖြစ်တယ်။ စိုးရိမ်နေ၊ ကြောက်ရွံ့နေတာဟာ သူတို့ပဲဖြစ်တယ်။
ဒီလိုအခါမှာ နအဖက နည်းမျိုးစုံနဲ့ညစ်မှာမို့ သူတို့နိုင်မှာပဲလို့ တွေးပူနေစရာ မလိုဘူး။ သူတို့ မုချဒီလိုလုပ်မှာပဲ။ သူတို့က ထိုးစစ်ဆင်လာတာကို ရင်ဆိုင်တဲ့ပြည်သူတွေအဖို့ ကိုယ့်ဖက်က အကျအဆုံးနည်းနည်းနဲ့ သူတို့ကို နိုင်ငံရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရင်၊ နောက်ပြီး သူတို့တွင်းမကျေလည်မှုတွေ ပိုများပြားစေနိုင်တယ်ဆိုရင် ဒီတိုက်ပွဲဟာ နိုင်ပြီပဲ။ ဒါ့အပြင် အခြေအနေပေးရင် ဒီထက်ကြီးမားတဲ့အောင်ပွဲတွေတောင် ရနိုင်သေးတယ်။ ကိုယ့်ဖက်က လောဘကြီးလို့ မဖြစ်ဘူး။ သူ့အမှားတွေ များသထက်များလာအောင် ဖန်တီးရမယ်။ ကိုယ့်အတွက် တပ်လေ့ကျင့်ရေးတခုလို သဘောထားသင့်တယ်။ ပြည်သူတွေအဖို့ ဒီတခါဟာ တိုက်ပွဲနည်းမျိုးပေါင်းစုံကို တိုက်နိုင်၊ တိုက်တတ်အောင်လေ့ကျင့်ဖို့ အခွင့်အလမ်းကောင်းတခုပါ။ ဒီတိုက်ပွဲပြီးသွားတဲ့နောက်မှာ လူထုကြီးဟာ ကြောက်သွားတာ မဖြစ်ဘို့နဲ့ သူ့အကြပ်အတည်းက ကိုယ့်အကြပ်အတည်းဖြစ်မသွားဘို့ပဲ အရေးကြီးတယ်။
နအဖစစ်အုပ်စုကို ခြေလှမ်းရှိရှိနဲ့ တလုပ်ချင်းဝါးစားသွားမယ့် သဘောထားချမှတ်ထားရမယ်။
ဗသြ
Posted by HinLinPyin at 04:17 0 comments
Labels: ဆောင်းပါး
တိုင်းရင်းသားပြည်သူများသို့တိုက်တွန်းချက်
ကျွန်ုပ်တို့စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးပါတီများက အလေးအနက် တိုက်တွန်းအပ်ပါသည်။
၁။ ၂၀၀၈-ခုနှစ်၊ မေလ (၁၀)ရက်နေ့တွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲပစ်နိုင် မည့် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်သဘောပေါက်ကာ
မိမိတို့၏ဆန္ဒအစစ်အမှန်ကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ပြသကြပါရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ - ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ပြည်သူသို့ပန်ကြားချက်နှင့် လုပ်ဆောင်ရမည့် အချက်များပါ ကိစ္စရပ်များကိုလည်း တခဲတနက်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည်။
၂။ ယခုဆန္ဒခံယူမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲထားခြင်းမဟုတ်၊ စစ်တပ်က အဓိ က အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားမည့် ဗဟိုကချုပ်ကိုင်သော အစိုးရပုံစံသာဖြစ်ပြီး ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသည့် စစ်မှန်သော ပြည်ထောင်စုကိုလည်း မဖော်ဆောင်နိုင်။ သို့ဖြစ်ပါ၍ ပြည်သူလူထုသည် ၄င်းတို့နှင့် ထိုက်တန်သော အစိုးရကိုသာရရှိသည်ဆိုသည့် နိုင်ငံရေး အဆိုအမိန့်အရ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိရှိသူတိုင်းက မိမိတို့၏ ဆန္ဒမဲတစ်ပြားစီဖြင့် မြန်မာနိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ်သို့ ပို့ ဆောင်ကာ သမိုင်းမှတ်ကျောက်တင်ကြပါရန် ထပ်မံတိုက်တွန်းအပ် ပါသည်။
၃။ မြန်မာ့အရေးကို ကမ္ဘာတစ်ဝန်းလုံးက အာရုံစိုက်စောင့်ကြည့်ကြမည်ဖြစ်ပါ၍ မိမိတို့၏ ဆန္ဒအမှန်ကိုထုတ်ဖော်ခြင်းကြောင့် ဘေး အန္တရာယ်ကြုံတွေ့မည်ကို စိုးရွံ့ရန်မလို။ စိုးရွံ့မှုကြောင့်ဆန္ဒအမှန်ကို မျိုသိပ်ခြင်း၊ မဲရုံသို့သွားရန် ပျက်ကွက်ခြင်း၊ ကြားနေခြင်းတို့သည် ရလဒ် ဆိုးများကို သွယ်ဝိုက်ထောက်ခံရာ ရောက်မည်ဖြစ်ပြီး ပိုမိုဆိုးရွားခါးသီးသော အနာဂတ်နှင့် ရင်ဆိုင်ရလိမ့်မည်ကို အထူးသတိချပ်ရန်လည်း တိုက်တွန်းအပ်ပါသည်။
၎။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ - ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေအခန်း (၈)၊ ပုဒ်မ (၂၂)၊ ပိုဒ်ခွဲ (က)၊ အငယ် (၁) အရ မဲရုံပိတ်ပြီးသည်နှင့် တပြိုင်နက် (၁၀) ဦးထက်မနည်း သော ဆန္ဒမဲပေးခွင့်ရှိသူတို့၏ ရှေ့မှောက်တွင် ဆန္ဒမဲများကိုရေတွက်ရမည်ဟု ဖော်ပြထားပါ၍ ပြည်သူတို့အနေဖြင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲရေ တွက်ချိန်တွင် ပူးပေါင်းပါဝင် စောင့်ကြည့်ကြပါရန်လည်း အလေးအနက်တိုက် တွန်းအပ်ပါသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)
ဇိုမီးအမျိုးသားကွန်ဂရက် (ZNC)
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)
ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD)
ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD)
ကယားပြည်နယ်လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)
ကယန်းအမျိုးသားညီဍွတ်ရေးနှင့်ဒီမိုကရေစီအဖွဲ့ (DOKNU)
မရာပြည်သူ့ပါတီ (MPP)
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)
ရခိုင်ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (APDF)
ရက်စွဲ။ ။ ၂၀၀၈-ခုနှစ်၊ ဧပြီလ (၃၀)ရက်
ရန်ကုန်မြို့။
Posted by HinLinPyin at 04:16 0 comments
Labels: ဆောင်းပါး
Posted by HinLinPyin at 04:11 0 comments
Labels: ကာတွန်း