(ခန့်အောင်)
http://naytthit.com ...မှ...
ဗွီဒီယိုရုံဆိုပေမဲ့ သိပ်ကြီးကြီကျယ်ကျယ် အဆောက်အဦတော့ မဟုတ်ပါဘူး။ တဲကြီး တလုံးကို အလုံပိတ်လိုက်ပြီး ရှေ့လူဝင်ပေါက်တခုပါတဲ့ တဲကြီးတခုပါ။ လူဝင်ပေါက်မှာ တံခါးတချပ်နဲ့ လိုက်ကာလုပ်ထားတဲ့ အ၀တ်စဟောင်းတခု ကားထားတယ်။ ရုံရှေ့ အဖီ ကလေးမှာ ကွမ်းယာ ဆေးလိပ့်နဲ့ သရေစာမုန့်ဆိုင်လည်း တွဲထားလိုက်သေးတယ်။ ပျဉ်တချပ်ကို စာပွဲအဖြစ်လုပ်ထားပြီး ကွမ်းယာပစ္စည်းတွေ ဆေးလိပ်တွေ တင်ထား တယ်။ ဇီးထုပ်တွေ သကြားလုံးထုပ်တွေ ကွမ်းပေါင်းထုပ်တွေကို ကြိုးနဲ့သီပြီး ချင်ဝါးမှာ တွဲလောင်း ချိပ်ထားလိုက်သေး၏။ စာပွဲနောက်က ထိုင်ခုံရှည်မှာကတော့ အမိုးဟာ တခုခုကို ငုံ့လုပ်နေတာ တွေ့ရလိမ့် မယ်။
အမိုးက သကြားလုံးတွေကို နှစ်လုံးတအိတ် သုံးလုံးတအိတ် ပလပ်စတစ်အိတ်သေးသေးလေးတွေနဲ့ ပြန် ထုပ်နေတတ်တယ်။ တခါတလေ ကွမ်းရွက်တွေကို အရိုးတွေ ပုပ်နေတဲ့နေရာတွေကို ကပ်ကြေးနဲ့ ကိုက်ဖြတ် ပြီး ကွမ်းရွက်တွေကို စီနေတတ်တယ်။ ကွမ်းယာတွေကိုလည်း လာဝယ်ရင်အဆင်သင့်ဖြစ်အောင် ကြိုတင် ယာထားတတ်သေးတယ်။ အမိုးက တခုခုတော့ လုပ်နေရမှ နေသာထိုင်သာရှိပုံရတယ်။ သူ့ ဗွီဒီယိုရုံရှေ့ လမ်းပေါ် တံမြတ်စည်းလှည်းရင်လည်း လေးငါးအိမ်လောက် အရှိန်လွန်ပြီး လှည်းကျင်းလိုက်သေးတယ်။
အမိုး ဗွီဒီယိုရုံကို သွားလည်ပြီဆိုရင် အမိုးက လာလည်တဲ့လူရဲ့မျက်နှာကို သေချာစိုက်ကြည့်ပြီးမှ ပြုံးပြ တတ်ပါတယ်။ ကိုယ်ကစပြီးပြုံပြရင်တောင် သူက ချက်ချင်းပြန်မပြုံုးပြသေးဘဲ မျက်နှာကိုသေချာကြည့်သေး တယ်၊ ပြီးမှပြုံးပြတာ။
သူ့စီပွားရေးလုပ်ငန်းကတော့ ဗွီဒီယိုရုံနဲ့ ဒီဆိုင်ကလေးပဲဖြစ်တယ်။ အမိုးကသူ့ဆိုင်မှာ ဘယ်လောက်အကြွေး ယူယူ ဘယ်တော့မှာ စာတွေဘာတွေနဲ့မှတ်ထားတယ်ဆိုတာမရှိဘူး။ ဘယ်လောက်ကြာကြာ အမိုးကမှတ် မှတ်ရရနဲ့တောင်းတာပဲ။ မေ့တယ်ဆိုတာမရှိဘူး။ နောက်တခုက အမိုး အကြွေးစာရင်းကို စာနဲ့ပေနဲ့ မှတ်နိုင် လောက်အောင် စာမတတ်ရှာဘူး။
အမိုး ဗွီဒီယိုရုံက တရက်ကို ၆ ကားပြတယ်။ မနက် ၃ ကား ညနေ ၃ ကား။ သုံးကားပေါင်း ငါးဘတ်ယူ တယ်။ နှစ်ဘတ်ပေးပြီး တကားပဲကြည့်လည်းရတယ်။ ကလေးဆို တကားတဘတ်ယူတယ်။ ရုပ်ရှင်တကား ပြီးတာနဲ့နောက်တကားဆက်ပြတယ်။ တကားဖိုးပဲပေးထားတဲ့ လူတွေက ဆက်ကြည့်ချင်ရင် နောက်ကားဖိုး ဆက်ပေးရတယ်။ နောက်တကားဆက်ပြပြီးတအောင့်လောက်ကြာတာနဲ့ အမိုးရုံထဲကို ရောက်လာတော့တာ ပဲ။ ကြည့်နေတဲ့လူတွေထဲက တကားဖိုးပဲပေးရသေးတဲ့လူနားကို ကပ်သွားပြီး လက်တို့တော့တာပဲ။ ရုံဝင်ခ ပေးသွားတဲ့လူတွေက တကားဖိုးပေးတဲလူ၊ နှစ်ကားဖိုးပေးတဲ့လူ၊ သုံးကားပေါင်းပေးတဲ့လူ ဒီလိုရောထွေး နေတဲ့သူတွေထဲကမှ အမိုးက ဘယ်သူ ဘယ်နှစ်ကားဖိုးပေးခဲ့တယ်ဆိုတာ စာနဲ့မမှတ်ထားဘဲတန်းကိုသိနေ တာ။
အမိုး ဗွီဒီယိုရုံ အပေါက်စောင့်ပြီး ရုံဝင်ခကောက်တဲ့ပုံကိုမြင်တော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဘုရားသုံးဆူ ဒေသမှာ ရုပ်ရှင်ခိုးကြည့်ခဲ့ရတာတွေကို အမှတ်ရမိတယ်။
နေရာက ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းလို့ခေါ်တဲ့နေရာပါ။ အဲဒီနေရာမှာ ရေကန် အသေးတခု ရှိတယ်။ အဲဒီ ရေကန်မှာပဲ ကျနော်တို့တတွေ ရေချိုး၊အ၀တ်လျှော်လုပ်ကြတယ်။ အဲဒီရေကန်ကို ဂျပန်ခေတ်က ဂျပန် တွေတူးသွားကြတယ် ဒါကြောင့် ဂျပန်ရေတွင်းလို့ ခေါ်တယ်ဆိုတာကို အနီးအနားက ရှေ့မီနောက်မီ အဘိုး ကြီးတွေက ပြောကြတယ်။ ဂျပန် ရေတွင်းနဲ့ နာရီဝက် လောက်ဝေးတဲ့နေရာမှာ နမ့်ကိတ်ဆိုတဲ့ မွန်လူမျိုး တွေအများစု နေတဲ့ ထိုင်းရွာလေးတရွာ ရှိတယ်။ အဲဒီရွာက သစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ ရုပ်ရှင်ရုံ ကြီးတရုံရယ်၊ ကို့တီယို နဲ့ ကော်ဖီ ရောင်းတဲ့ဆိုင်တဆိုင်ရယ်။ မြေနီနီလမ်းတွေရယ်ကိုတော့ မျက်စိထဲမှာ ခုထိ အမှတ်ရ မြင်ယောင်တုန်းပဲ။
ကျနော့်တို့ငှက်ဖျားတက်ပြီးလို့ ပါးစပ်ပျက်တဲ့အချိန် အဲဒီ နမ့်ကိတ်ရွာက ကို့တီယိုဆိုင်လေးမှာ ပါးစပ်ပျက်တဲ့ ကိစ္စကိုသွားဖြေရှင်းကြတယ်။ သူငယ်ချင်းလေးငါးယောက်လောက် ပိုက်ဆံ ငါးဘတ်ကို ရအောင်ရှာကြ တယ်။ ငါးဘတ်ပြည့်ရင် နမ့်ကိတ်ရွာကိုပြေးကြတယ်။ နမ့်ကိတ်ရွာကိုသွားတဲ့ လမ်းနှစ်လမ်းရှိတယ် ကား လမ်းက သွားရင်လည်းရတယ်။ ရွာထဲကဖြတ် သွားလည်းရတယ်။ ကို့တီယိုဆိုင်ကို သွားတာဆိုရင် ရွာထဲ ကပဲ ဖြတ်သွားတယ်။ အဲဒီမှာ သံပုရာသီးဝင်ကောက်လို့ရမှာကိုး။ ဆိုင်ရောက်တာနဲ့ ငါးယောက်လောက် စားပွဲမှာ ၀ိုင်းထိုင်ပြီး ကို့တီယိုတပွဲ အရင်မှာလိုက်ကြတယ်။ သူတို့ ကို့တီယိုဆိုင်တွေက ကိုယ့်ဟာကိုယ် အစပ်အဟပ် လုပ်စားလို့ရအောင် စာပွဲပေါ်မှာ ချိုချဉ်ငံစပ်တွေ အစုံချထား ပေးတယ်လေ။ အဲဒီလို ချပေးထားတဲ့ အထဲက သကြားနဲ့ ရွာထဲက ကောက်လာတဲ့ သံပုရာသီးတွေကို သံပုရာရည်လုပ်သောက် ကြတယ်။ လာချပေးထားတဲ့ မုန့်ကိုတော့တယောက်နည်း နည်းစားကြတယ်။ ကို့တီယိုကိုတော့ သိပ်စားချင် စိတ်မရှိပါဘူး၊ ဖျားပြီး ခံတွင်းပျက်နေတော့ သံပုရာရည်ကိုပဲ အဓိက သောက်ချင်ကြတာ။ ဆိုင်ရှင် ထိုင်းအမျိုးသမီးကြီက ဘာမှမပြောရှာပါဘူး။ ကျနော်တို့ဖျားပြီး သံပုရာရည် သောက်ချင်ရင် ဒီဆိုင်ကလေး ကို ရောက်လာရစမြဲပါ။
ညဆိုရင် နမ့်ကိတ်ရုပ်ရှင်ရုံက ရုပ်ရှင်ပြပါတယ်။ ပြတဲ့ကားတွေက ထိုင်းရုပ်ရှင်ကားတွေနဲ့ ထိုင်းအသံထွက် အင်္ဂလိပ်ကားတွေဖြစ်ပါတယ်။ ဖိကား ပြတဲ့နေ့ဆို နမ့်ကိတ်ရုံ လူပိုစည် တာပေါ့။ အဲဒီလိုနေ့တွေဆိုရင် ကျနော်တို့တွေလည်း ညအပြင်ထွက်မရတဲ့နေ့ ဆိုရင်တောင် လစ်ပြီး သွားကြည့်ကြတယ်။ မနက်ကျ အပြစ် ဒဏ်ပေါ့။
ညဘက် အပြင်ထွက်လည်ခွင့် ရတဲ့နေဆိုရင် နမ့်ကိတ်မှာ ရုပ်ရှင်သွားကြည့်ကြတယ်။ ရုပ်ရှင် သွားကြည့် တယ် ဆိုပေမဲ့ ရုံဝင်ခပါကြတာ မဟုတ်ဘူး။ ရုံထဲကို ဘယ်ပုံဘယ်နည်းနဲ့ ၀င်ရမယ်ဆိုတာ ခေါင်းထဲတွက် နေရသေးတယ်။ ရုံဝင်ခက ငါးဘတ်ပေးရတယ်။ ရုံရှေ့မှာရောင်းနေတဲ့ အသားကင်ညှော်နံ့နဲ့ ပြောင်းဖူး မီးဖုတ်အနံ့တွေကလဲ ကျနော်တို့ရဲ့ စားချင်စိတ်တွေ ကိုအတော်ကလေး ဒုက္ခပေးလို့ပေါ့။ ပြောင်းဖူးဖုတ်က နှစ်ဖူးမှ တဘတ်ရောင်းတယ်။ အသားကင်ဆိုတာက ကြက်အရိုး အသားတွေကိုစင်း ဆားအချိုမှုန့် အမွှေး အကြိုင်တွေနဲ့နယ် ၀ါးခြမ်းပြားနဲ့ညှပ် မီးနဲ့ကင်ပြီး တကင်သုံးဘတ် နှစ်ကင်ငါးဘတ် ရောင်းတာပါ။ ရုံရှေ့က အနံ့တွေနဲ့ ဝေးတဲ့နေရာမှာ သွားထိုင်ပြီး ရုံထဲဝင်ဘို့အရေး ဗျူဟာကို ၀ိုင်းပြီးစဉ်းစားကြတယ်။ တပတ်မှာ နှစ်ရက်သာ ညဘက် အပြင်ထွက် လည်ခွင့်ရတာ၊ ဒီရက်မှ ရုပ်ရှင်မကြည့်ရရင် နောက်တပတ်လုံး ပြန်စောင့် ရအုံးမယ်။
အရင်ဦးဆုံး ရုံပေါက်ဝကို တယောက်လွှတ်ပြီး လေ့လာခိုင်းလိုက်တယ်။ ရုံပေါက်စောင့် အခြေအနေကိုပေါ့၊ အထဲရောက်ပြီးသားလူ အပြင်မုန့်ထွက်ဝယ်ရင် ဘာအမှတ်အသားလုပ်ပေးလိုက်တယ် ဆိုတာတွေကို အရင် လေ့လာစုံစမ်းရတယ်။ ရုံပေါက်စောင့်တဲ့လူက အပြင်ခဏ ပြန်ထွက်လာတဲ့လူကို ဘောလ်ပင်နဲ့ လက်မှာ လက်မှတ်ထိုးပေးလိုက်တယ်ဆိုရင် အပြင် ခဏပြန်ထွက် လာတဲ့လူတွေထဲက ကိုယ်နဲ့ ရင်းနှီးတဲ့သူကို လိုက်ရှာ လက်မှတ်ထိုးထားတာကိုသေချာကြည့် အသင့်ပါလာတဲ့ ရောင်စုံဘောလ်ပင်တွေထဲက အရောင်တူ တာကိုရွေး ရုံထဲအရင်လွှတ်မယ့် ကိုယ့်လူထဲက သူရဲကောင်းတယောက်ကိုရွေး လက်မှတ်တုထိုးပြီး ရုံထဲ ၀င်ဘို့ အပေါက်ဝကို လွှတ်ပေးလိုက်တယ်။ အခြေအနေုအားလုံးကို ရင် တထိတ်ထိတ်နဲ့ စောင့်ကြည့်နေ ကြတာပေါ့။ ပထမဦးဆုံးလူ အဆင်ပြေပြီဆိုရင် ဖြည်းဖြည်းချင်း တယောက်ပြီး တယောက် ရုံထဲကို လွှတ် တော့တာပဲ။
ရုံပေါက်စောင့်တဲ့လူက ဘောလ်ပင်ကိုမသုံးဘဲ တံဆိပ်တုံးကို လက်မှာရိုက်ပေးတဲ့နေ့ဆိုရင် ရုံဝင်ခ ငါးဘတ် လောက် ရအောင်စုလိုက်တယ်။ တယောက်ကို ရုံဝင်လက်မှတ်ဝယ်ပြီး အမှန်အကန်ကြီး ၀င်ခိုင်းလိုက်တယ်။ ခဏကြာတော့ ခုန၀င်သွားတဲ့လူ ရုံထဲကနေပြန် ထွက်လာတယ်။ ရုံပေါက်စောင့်တဲ့လူက လက်မှာတံဆိပ်တုံး ထုပေးလိုက်တယ်။ တံဆိပ်တုံး ထုပေးပြီးတာနဲ့ ကိုယ့်လူတွေရှိတဲ့နေရာကို မြန်မြန်ရောက်အောင်သွား ရုံထဲ မ၀င်ရသေးတဲ့ ကိုယ့်လူတယောက်နဲ့ လက်လက်ချင်းကပ်ပြီး ကော်ပီပွား ပေးလိုက်တယ်။ သိပ်အပီအပြင် မထင်ဘူးဆိုရင် ပါလာတဲ့ ဘောလ်ပင်နဲ့ နည်းနည်းပါးပါး ထပ်ဖြည့်ဆွဲပေးရသေးတယ်။ ဒီလို ညမျိုး ဆိုရင် တော့ အပေါက်စောင့်တဲ့လူ တံဆိပ်တုံး အတော်ရောင်းကောင်းတဲ့ ညပေါ့။
ကျနော်တို့ အဲဒီလို နည်းတွေနဲ့ ရုံထဲဝင်နေကြတာ ရုံးပိုင်တွေ အပေါက်စောင့်တွေလည်း ရိပ်မိတာပေါ့။ ရုံထဲရောက်နေတဲ့လူနဲ့ ရတဲ့ငွေ ကိုက်ကြည့်ရင်သိတာပဲ။ ဖြစ်နိုင်ရင် ကျနော်တို့လည်း စိတ်အေးလက်အေးနဲ့ လက်မှတ်ဝယ်ပြီး မိန့်မိန့်ကြီး ရင်ကော့ဝင်ချင်တာပေါ့။ ခုလို ရင်တထိတ်ထိတ်နဲ့ ဘယ်ဝင်ချင်ပါ့မလဲ။ အဲဒီ အချိန် ဘ၀တွေက နှစ်ဖူးတဘတ် ပြောင်းဖူးမီးဖုတ်တောင် ခပ်စိမ်းစိမ်းနေရတဲ့ဘ၀ရယ်။
ရုံပိုင်တွေကလည်း ဗျူဟာတွေ ပြောင်းလာပါတယ်။ ကျနော်တို့ဘယ်လိုမှ အင်ထုလို့မရလေအောင် ရုံပြင် ပြန်ထွက်လာတဲ့လူကို သေချာလုပ်ထားတဲ့ဖြတ်ပိုင်းလေးတွေပေးတဲ့နေ့ တွေဆိုရင်တော့ ဇွဲကောင်းကောင်း နဲ့ ရုံဖွင့်တဲ့အချိန်ထိ ပွားရင်းနဲ့ စောင့်ကြတာပေါ့။ ရုပ်ရှင် ကြည့်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ကိုတော့ အပျက်ခံလို့ မဖြစ်ဘူးလေ။
တခါတလေ ကြားထဲက စေ့စပ်ဖြန်ဖြေရေးသမားတွေ ဘာတွေ ထားပြီး ရုံပိုင်နဲ့ ကျနော်တို့ကြား စေ့စပ် ညှိနှိုင်း ပေးရတာတွေတောင် ရှိခဲ့တယ်။ တခါတလေဆိုပေမဲ့ ဖြစ်တောင့်ဖြစ်ခဲ ကြုံတောင့်ကြုံခဲပါ။ သဒ္ဓါ ပေါက်နေတဲ့ ကိုယ့်ရဲ့ လူကြီးတဦးဦးက ဒီလူတအုပ်လုံးကို မုန့်ဘိုး တရာလောက် ပေးသွားတဲ့အခါ ဆိုပါ တော့ လူကရှိတာ ငါးဆယ်လောက်ရှိတာ ပိုက်ဆံက တရာ မုန့်ဝယ်စားလို့ကလဲမဖြစ် ရုပ်ရှင်ကြည့်ဘို့ ကလည်း မလောက်တဲ့ အခါဆိုရင် ကိုယ့်လူထဲမှာလည်း ပိုက်ဆံကို ခွဲပြီး မုန့်မစားအောင် စည်းရုံးရ၊ ရုံပိုင် တွေ အပေါက်စောင့်တွေနဲ့ ညှိနှိုင်းဘို့ စေ့စပ်ရေးသမားတဦးကိုရှာပြီး ရုံပိုင်တွေဆီကိုလွှတ်ရတယ်။ စေ့စပ် ဖြန်ဖြေရေး လုပ်မယ့်သူရဲ့တာဝန်က ရှိတဲ့ငွေ တရာနဲ့ ဒီလူအုပ် ရုံထဲဝင်ရမရ ညှိရမှာ ဖြစ်တယ်။ ရုံပိုင်နဲ့ အပေါက်စောင့်တွေက လာညှိနှိုင်းတာကို လက်မခံရင်လည်း ဒီလူတွေတနည်းနည်းနဲ့ အထဲကို ရောက်မယ် ဆိုတာ သိနေတော့ ဒီလူအုပ်ကို တရာနဲ့ ရုံထဲ ၀င်ခွင့် ပေးလိုက်ရတာပေါ့။ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးကို အဲဒီ ကတည်းက ကောင်းကောင်းအသုံးချတတ်နေကြပြီ။ အဲဒီအချိန်က ၁၉၈၉ ခုနှစ် လောက်ပဲရှိသေးတာ။
ဘုရားသုံးဆူက ရုပ်ရှင်ရုံတွေက နမ့်ကိတ်ရုံလောက် ဗျူဟာတွေသုံးစရာမလိုပါဘူး။ သူတို့ရုံတွေက မိုဘိုင်းရုံ တွေလေ ရုံတွေကိုပိတ်စတွေနဲ့ ပတ်ပြီး ကာထားတာ အထဲဝင်ချင်ရင် ပိတ်စကို လှမ်ဝင်လိုက်ရင် ရတယ်။ သိပ်အလွယ်ကြီးတော့ မဟုတ်ဘူး ကာထားတဲ့ ပိတ်စပတ်ပတ်လည်မှာ အစောင့်တွေ ပတ်ပြီးချထားတယ် ရမ်းဝင်လို့တော့မရဘူး။ အစောင့်တွေ နေရာ တနေရာကို အာရုဏ်စိုက်အောင်လုပ်ပြီးမှ။ တနေရာရာမှာ အစောင့် ကြဲသွားတော့မှ အဲဒီနေရာက၀င်တာ။ သုံးဆူက ရုံတွေမှာ အခြေအနေတွေ ကြပ်မှပဲ ဗျူဟာတွေကို ထုတ်သုံးလိုက်တာ။
အခု အမိုး ဗွီဒိုယိုရုံမှာတော့ ဘာဗျူဟာမှ သုံးရမယ့်ပုံ မပေါ်ဘူး။ မေ့ချင်ယောင် ရူးချင်ယောင် မဆောင်နဲ့ အမိုးက မျက်နှာကို သေချာကြည့်ထားတာ။ တကားကြည့်မလား တဘက်၊ နှစ်ကားကြည့်မလား လေးဘတ်၊ အစအဆုံးကြည့်မလား ငါးဘတ် လာထားပဲ။ အမြည်းကြည့်သလို ဘာလိုနဲ့ ယောင်တောင်ပေါင်တောင် လုပ်ပြီး နည်းနည်းကြာသွားလို့ကတော့ နောက်နားကနေ အမိုး ခါးလာတို့တော့တာပဲ မျက်ခုံးကိုပင့်ပြီး တော့လည်း အမူအရာနဲ့မေးလိုက်သေးတယ်။ နှစ်ဘတ်လား လေးဘတ်လား ငါးဘတ်လား ဆိုတဲ့သဘော လေ။ အမိုးကတော့ ကြားဝင်ဖြန်ဖြေစေ့စပ်တဲ့ သူနဲ့လည်း လက်ခံမယ့်ပုံ မပေါ်ဘူး။
“ရူး .. ချင်ယောင် ဆောင်မနေနဲ့ …”
“ရူး … ချင်ယောင် ဆောင်မနေနဲ့ …”
“ရူး …. ချင်ယောင် ဆောင်မနေနဲ့ …”
“အို့ .. မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့ ….”
အမိုးဗွီဒီယိုရုံထဲက သီချင်းသံကတော့ ပြန့်လွင့်လာပါပြီ။ ဒါကတော့ ပြတော့မယ် စတော့မယ် ဆိုတဲ့သဘော လေ …
(ခန့်အောင်)
ABSDF ဘုရားသုံးဆူ ဂျပန်ရေတွင်းစခန်း တပ်ရင်း(၁၀၁။ ၁၀၂) အမှတ်တရ ကာလများ …
Sunday, 26 October 2008
အမိုး ဗွီဒီယိုရုံနှင့် တခါက နမ့်မကိတ်
Posted by HinLinPyin at 18:25
Subscribe to:
Post Comments (Atom)
No comments:
Post a Comment