Thursday 31 January 2008

စစ်တပ်နဲ့နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း) တတိယပိုင်းနှင့် နိဂုံးပိုင်း

ကောက်ရိုးသင်္ခါရနဲ့ သံသင်္ခါရ
အခုပြောမှာက ကျနော့်တင်ပြချက်ရဲ့ နိဂုံးပိုင်းဖြစ်ပါတယ်။ နိဂုံးပိုင်းဆိုပေမဲ့ ဒီအပိုင်းမှာ ပြောစရာတွေက အများကြီးပါ။ ဒါပေမဲ့ ဒီအခန်းထဲမှာ ၁၉၈၈ ခုနှစ်ကနေ ဒီကနေ့အထိအကြောင်းတော့ မပြောသေးပါဘူး။ ဒီကိစ္စက န၀တ - နအဖနဲ့ ပွဲမပြတ်သေးတဲ့အတွက် နောင်မှာမှ ပြောတော့မယ်လို့ စိတ်ကူးပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာလဲ အကြောင်းသင့်ရင် သင့်သလို ထည့်ပြောသွားမှာပါ။ တကယ်ကျတော့ သူတို့ချင်းကခုမှ ချလို့ကောင်းကြတုန်းပါ။ မလဆ စစ်အုပ်စုရဲ့ အစ - အလယ် - အဆုံး အကြောင်းပြောလိုက်ရင် န၀တ - နအဖ လဲနောင်မှာ ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာကို ဟောကိန်းထုတ်သလို ဖြစ်သွားမှာပါ။
၁၉၆၂ ခုနှစ်၊ အာဏာသိမ်းတဲ့အခါမှာ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေ စစ်အုပ်စုဟာ တပ်မတော်ကို နိုင်ငံရေးအရကိုယ်စားပြုနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီတုန်းကအာဏာသိမ်းရာမှာ အခရာဟာသူတို့ပါပဲ။ ဒါပေမဲ့ဆိုရှယ်လစ်ပါတီက ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နဲ့ သံယောဇဉ်မပြတ်တဲ့ ဗိုလ်အောင်ကြီး က တက်တက်ကြွကြွသိပ်မရှိပါဘူ။ ဗိုလ်တင်ဖေက တက်ကြွပါတယ်။ သူတို့နှစ်ဦးရဲ့ ပဋိပက္ခကိုဗိုလ်နေ၀င်းက ကောင်းကောင်းအသုံးချပြီးတော့ သူ့ကိုပခုံးချင်း မယှဉ်အောင် လုပ်ထားတာပါ။ (သူတို့နှစ်ယောက်အကြောင်း နောက်မှပဲ နည်းနည်းထပ်ပြောပါမယ်။)
၁၉၆၂ ခုနှစ်ကဖြစ်တာဟာ စစ်အုပ်စုအနေနဲ့နိုင်ငံရေးအာဏာကို လိုချင်လို့ကိုသိမ်းတဲ့ အာဏာသိမ်းပွဲဖြစ်ပါတယ်။ အင်မတန် ရှင်းပါတယ်။ ဒီအတွက် သူတို့အကြောင်းပြချက်ရှာတဲ့အခါကျတော့ ဗမာပြည်လိုတိုင်းပြည်မှာက အကြောင်းပြချက်ရှာရတာ အင်မတန်လွယ်ပါတယ်။ တောထဲကကွန်မြူနစ်ကို လက်ညှိုး ထိုးမလားရတယ်။ လူမျိုးစုတွေကို လက်ညှိုးထိုးမလားရတယ်။ တခြားလဲအကြောင်းပြစရာတွေက အများကြီးပါ။ မြေပေါ်နိုင်ငံရေးလဲ လက်ညှိုးထိုးလို့ ရသေးတယ်။
၁၉၆၂ ခုနှစ်မှာကျတော့ မြေပေါ်ကလူမျိုးစုတွေကို လက်ညှိုးထိုးပါတယ်။ ဒါကလဲ ဗိုလ်နေ၀င်းရဲ့စိတ်အထာ (mood) အပေါ် တည်တာပါ။ သူမျက်စေ့ ဆံပင်မွှေးစူးနေတာက (အဲဒီတုန်းကဆိုရင်) ရှမ်းပြည်က တောင်ကြီးဦးထွန်းမြင့်၊ သူရ (ရှမ်းပြည်) ခေါ် ဦးထွန်းဖေ၊ အင်းလေးဦးစိုးမောင်၊ အဲဒီလို တိုးတက်တဲ့ လူတွေနဲ့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ စော်ဘွားတွေတပူးတွဲတွဲ နိုင်ငံရေးလှုပ်ရှားနေကြတဲ့ကိစ္စပါ။ နောက်ပြီးအဲဒီကြားထဲမှာ ဦးနုကလဲ နိုင်ငံရေးကစားနေပါတယ်။ ဒါကို သူကကြည့်မရဘဲ ဖြစ်နေတယ်။ နေ၀င်းက ငိုချင်ရက် - လက်တို့ ဖြစ်စေတာ အဲဒါတွေပါပါတယ်။
အဲဒီလို နေ၀င်းရဲ့စိတ်အထာအပြင် အခြေခံအကြောင်းရင်းတခုလဲ ရှိပါသေးတယ်။ အဲဒါက ဒီလိုပါ။
စစ်ဗိုလ်ရှိသမျှအားလုံးဟာ သူတို့စစ်ဆင်ရေးလုပ်ရာဒေသမှာတော့ စစ်ဘုရင်တွေပါ။ သူတို့ဟာ အစဉ်အလာထုံးစံအတိုင်း ဒေသန္တရဘုရင်ဖြစ်တဲ့ စော် ဘွားတွေနဲ့ ပဋိပက္ခဖြစ်ပါတယ်။ စစ်ဗိုလ်တွေမှာက လူမျိုးကြီးဝါဒကလဲ လွှမ်းနေတာပါ။ စော်ဘွားဆိုတာက သူ့ဒေသမှာဘုရင်ငယ်တဆူပါ။ ဒါကြောင့် စစ်ကြောင်း တွေရဲ့လုပ်ရပ်နဲ့ စော်ဘွားတွေရဲ့အာဏာအကြား မကြာခဏ ပြဿနာပေါ်ပါတယ်။ ဒီပဋိပက္ခဟာ တချို့နေရာတွေမှာ အင်မတန်ပြင်းပါတယ်။ အာဃာတတွေလဲ ဖြစ်ကြပါတယ်။ အဲဒီလိုနဲ့ ၆၂ အာဏာသိမ်းပြီးတဲ့နောက်မှာ သီပေါစော်ဘွားကို လမ်းမှာတင်အပြတ်ဖြောင်ပစ်လိုက်တာဟာ အဲလိုရန်ငြိုးမီးကြောင့် ဖြစ်ပါတယ်။
ခုနကကျနော်ပြောခဲ့တဲ့ တောင်ကြီးဦးထွန်းမြင့်၊ သူရ (ရှမ်းပြည်)၊ အင်းလေး ဦးစိုးမောင် စတဲ့ တိုးတက်သူတွေကိုတော့ စစ်အစိုးရက မြေပေါ်ကွန်မြူနစ် လို့ သတ်မှတ်ထားတာပါ။ ဦးထွန်းမြင့်တို့က တရားဝင်ထုတ်နေတဲ့ ဂျာနယ်မှာ ... “ရှမ်းပြည်မှာအရင်က ‘ယူနီယံဂျက်’ အလံအစားအခု ‘ပြည်ထောင်စုဗမာ’ အလံ ရောက်နေပြီ၊ စစ်ကားပေါ်မှာ အင်္ဂလိပ်တွေရဲ့ဘေးမှာ ရှမ်းပျိုဖြူတွေတွေ့နေရာကနေ အခုဆိုရင် ဗမာစစ်ဗိုလ်တွေဘေးမှာ ရှမ်းပျိုဖြူတွေတွေ့နေရပြီ။” နောက် ရှမ်း ကျောင်းသားတွေတောခိုလာပြီး SSPP ခေါင်းဆောင်တွေ ဖြစ်လာကြတော့ သူတို့ပြောတာက ... “အိမ်စောင့်အစိုးရခေတ် မယ်ရွေးပွဲတွေဟာ စစ်ဗိုလ်တွေတော် ကောက်ဖို့အလှမယ်တွေ တန်းစီပြရတာဖြစ်တယ်” လို့ပြောပါတယ်။ “ရှမ်းပြည်က မယ်တွေအတော်များများဆိုရင်လဲ စစ်ဗိုလ်ကတော်တွေ ဖြစ်ကုန်ပြီ” လို့ပြောပါ တယ်။ သူတို့ပြောတာ ဟုတ်သလောက်လဲ ဟုတ်တယ်လို့ထင်ပါတယ်။
အထက်မှာပြောခဲ့သလိုပဲ စစ်တပ်ဟာ ‘ကြံ့ခိုင်ရေးအဖွဲ့’ ဆိုတာလဲ ဖွဲ့ပါတယ်။ နယ်တွေမှာ ကြံ့ခိုင်ရေးအဖွဲ့တွေဟာ ယောက်ျားတွေ ကြီးကြီးငယ်ငယ် အားလုံးကိုနှစ်ဖက်ချွန် ၀ါးချွန် ၀ါးရင်းတုတ်တပ်ဖွဲ့၊ ဒူးလေးတပ်ဖွဲ့ဆိုတာတွေ ဖွဲ့ခိုင်းပါတယ်။ အိမ်ထဲမှာ ကျောက်ခဲတွေစုပုံထားရတယ်။ ငရုတ်ရည်ပုလင်းတွေ ထားရတယ်။ ရှိမရှိလဲ အမြဲတမ်းစစ်ဆေးတယ်။ သူတို့ပြောတာက ကွန်မြူနစ်တွေရွာထဲဝင်လာရင် ငရုတ်ရည်နဲ့ပက်မယ်၊ ကျောက်ခဲနဲ့ထုမယ်၊ အဲဒီလိုပါ။ အဲဒီ အတွက် လေ့ကျင့်ခန်းတွေလဲ အကြိမ်ကြိမ်လုပ်ရပါတယ်။ တပ်ကြပ်တွေကလာပြီး ဆရာလုပ်ကြပါတယ်။ ကွန်မြူနစ်ကို အဲဒါမျိုးနဲ့တိုက်ရင် မရဘူးဆိုတာ လူမှန်ရင် သိပါတယ်။ စစ်ဗိုလ်တွေလဲ သိပါတယ်။ ဒါပေမဲ့ သူတို့တကယ်လုပ်ချင်တာက လူထုကိုနံနှိမ်ချင်နေတာပါ။ စိတ်ဓာတ်ချိုးနှိမ်နေတာပါ။ သူတို့ခိုင်းတိုင်း လုပ်လို့ရ တယ်ဖြစ်အောင် နံနှိမ်တာပါ။ နောက်ပြီး စစ်တပ်တခုလုံးကို သူခိုးသေဖော်ညှိ လုပ်တယ်လို့ပြောရင်လဲ ရမယ်ထင်ပါတယ်။ အဲဒီတုန်းက ဖဆပလ တလက်ကိုင် ပျူစောထီးနဲ့ ကြံ့ခိုင်ရေးကို သူတို့စစ်တပ်ရဲ့ ကိုင်ပိုင်အင်အားတရပ် ထူထောင်တာလို့လဲ စဉ်းစားရင်ရမယ်ထင်ပါတယ်။ အဲဒီတုန်းက အမျိုးသမီးကြီးကြီးငယ်ငယ် အားလုံးကလဲ ကြံ့ခိုင်ရေးတပ်ဖွဲ့တွေ ဖွဲ့ရပါတယ်။ သူတို့ကတော့ ဧည့်ခံရေး၊ ကြိုဆိုရေး၊ ချက်ပြုတ်ကျွေးမွေးရေးတွေအပြင် အနင်းအနှိပ်လုပ်ပေးဖို့ အဖွဲ့တွေပါ ဖွဲ့ရပါတယ်။ မဖွဲ့မနေရပါ။
တချို့ကွန်မြူနစ်ဒေသတွေမှာဆိုရင် ဂေါ်ရခါးဗိုလ်ဦးစီးတဲ့တပ်တွေနဲ့ ထိုးစစ်ဆင်ပါတယ်။ အဲလို ထိုးစစ်ဆင်တဲ့တပ်တွေက အနင်းအနှိပ်အဖွဲ့က မိန်းက လေးတွေကို အနိုင်ကျင့်ပါတယ်။ အဲလို အနိုင်ကျင့်ပြီးတော့ တောမယား ကိုယ်ဝန်ရဆိုတာမျိုးဖြစ်ပါတယ်။ ကလေးတွေ မွေးကြပါတယ်။ အဲဒီလို ကလေးတွေကို လူထုက ‘ဂေါ်ရခါးသီး’ လို့ ပြောင်ပြီးခေါ်ကြပါတယ်။ အဲဒီလိုပဲ အနင်းအနှိပ်တပ်ဖွဲ့ထဲမှာရှိတဲ့ ပျိုဖြူရွယ်တွေအားလုံးဟာ ဗိုလ်တွေရဲ့အခန်းတွေမှာ နှိပ်ပေးရတာပါပဲ။ တောမယားအဖြစ် တော်ကောက်တဲ့သဘောပါပဲ။ မြို့မှာတော့ မယ်ရွေးပွဲတွေကဗိုလ်က တော်ကောက်တယ်။ တောမှာတော့ ကြံ့ခိုင်ရေးအနင်းအနှိပ်အဖွဲ့တွေနဲ့ တောမယားရွေးတယ်။ သူတို့လုပ်ချင်တိုင်း လုပ်ကြတာပါ။ ပြည်နယ်ပြည်မ မခွဲပါဘူး။ လူမျိုးစုဒေသတွေမှာဆိုတော့ သဘာဝကျစွာပဲ ဒါတွေဟာ ဗမာလူမျိုးမုန်းတီး ရေးစိတ်ဓာတ်တွေ ဖြစ်လာပါတယ်။
အခုပြောခဲ့တာက အာဏာသိမ်းရတဲ့ ဗိုလ်နေ၀င်းရဲ့ အကြောင်းပြချက်နဲ့ပတ်သက်လို့ ရှင်းပြတာပါ။
အာဏာသိမ်းရခြင်းရဲ့ အဓိကအကြောင်းရင်းက ဒီလိုလို့ထင်ပါတယ်။ တည့်တည့်ပြောရရင် ဒီစစ်အုပ်စုဟာ ၁၉၅၈ ခုနှစ်က စားထားရတဲ့ အမဲသားကို မစားရမနေနိုင်လို့ သိမ်းတာပါ။ အဲဒီချိန်မှာ စစ်အုပ်စုဟာ အမဲသားကိုစွဲလမ်းနေပါပြီ။ အဲဒီအရူးကို အမဲသားကျွေးခဲ့သူတွေကတော့ ဖဆပလ နှစ်ခြမ်းပါ။ တည်မြဲ ရော သန့်ရှင်းပါ။ နှစ်ဖွဲ့လုံး တာဝန်ရှိပါတယ်။ အဲဒီတုန်းက ကန့်ကွက်သူက မြေပေါ်ကွန်မြူနစ်ပါတီဆိုတဲ့ ပမညတ ပါ။ ဒါကြောင့်လဲ ပမညတတွေ၊ ကျောင်းသားတွေ ကိုကိုးကျွန်းကို အပို့ခံရပါတယ်။ (အဲဒီ ကိုကိုးကျွန်းကို ကွန်မြူနစ်တွေနဲ့ပဲ ဖွင့်ခဲ့ပြီးကွန်မြူနစ်ပါတီတွေကပဲ ပြန်တိုက်ပြီးပိတ်ပစ်ခဲ့တယ်လို့ ပြောရင်မမှားပါဘူး။)
စစ်အုပ်စုတိုင်းဟာ အမဲသားမစားရ မနေနိုင်ပါဘူး။ ဒီစစ်အုပ်စုတိုင်းမှာ အာဏာရူးရောဂါ အမြစ်တွယ်နေပါတယ်။ ၆၂ ခုနှစ်၊ အာဏာသိမ်းတုန်းက ၆၀ ခုနှစ်၊ ရွေးကောက်ပွဲမှာနိုင်ထားတဲ့ ပထစ အစိုးရဆီကသိမ်းတာပါ။ အရပ်သားအစိုးရ၊ အရပ်သားပါတီဆီက သိမ်းရတာဖြစ်လို့ သွေးထွက်သံယို မရှိသလောက် နည်းပါတယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းပွဲနဲ့မတူပါဘူး။ ၈၈ ခုနှစ်အာဏာသိမ်းပွဲကတော့ စစ်တပ်ပါတီ (မဆလ) ဆီကသိမ်းရတာပါ။ လူထုကြီး သွေးထွက်သံယိုရှိ ပါတယ်။ ဒါကလဲ ကျနော်တို့ ဗမာပြည်ရဲ့ ထူးခြားချက်လို့ ပြောနိုင်ပါတယ်။
အားလုံးသိပြီးသားပေမဲ့ ကျနော်ထပ်ပြောပါဦးမယ်။ မဆလ အစိုးရကလူထုအုံကြွမှုကြောင့် မြောင်းထဲမှာတပိုင်းရောက်နေပါပြီ။ (ကျနော်ဆိုလိုတာက ၈၈ ခုနှစ်အခြေအနေပါ။) သူတို့ အစိုးရယန္တရားကြီးတခုလုံး သွက်ချာပါဒလိုက်နေပါပြီ။ လူထုလက်ထဲမှာလဲ အာဏာတစိတ်တပိုင်း ရောက်နေပါပြီ။ လက်နက် တောင်ရောက်နေပါပြီ။
ဒါပေမဲ့ အဲဒီတုန်းကအစိုးရအစားထိုးစရာ Alternative တခုမရှိပါဘူ။ Alta လို့ပြောကြပါတယ်။ အခုကျမှ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ အပြစ် တင်လို့လဲ အကျိုးမရှိပါဘူး။ ဒါပေမယ့် ကျနော်ပြောချင်တာက တကယ်လို့သာ အစားထိုးစရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတခု ရှိနေမယ်ဆိုရင် လူထုသွေးထွက်သံယို မှု နည်းနိုင်ပါတယ်။ တဖက်သတ်ခံရတာ မရှိနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ စစ်တပ်အတော်များများဟာ ကိုယ့်ဘက်တောင်ပါနေကြပြီလေ။ အများစုကြီးက တွေဝေနေပြီ။ ဒါကြောင့်လည်း ဒီလိုအခါမှာ ဗိုလ်အောင်ကြီးက “တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားကြနဲ့” လို့ လူထုကို တောင်းပန်တာဖြစ်ပါတယ်။ သူက တပ်မပြိုကွဲအောင် ၀င်ပြီးတော့ ထိန်းတာပါ။ ကာကွယ်တာပါ။ လူထုကို အပြစ်တင်တဲ့သဘောပါ။ (တကယ်က) နောက်ဆုံး သူ့ရဲ့ ဗိုလ်နေ၀င်းဆီရေးတဲ့ စာတစောင်မှာ သူဟာ နိုင်ငံရေးအသေခံပြီး သူ့ဂုဏ်သိက္ခာသူ အနစ်နာခံပြီးအဲဒီ “စိတ်နဲ့ တောင်မပြစ်မှားနဲ့” ဆိုတာကြီးကို ပြောခဲ့ရတာပါလို့ ဗိုလ်နေ၀င်းဆီ မျက်ရည်ခံထိုး အသနားခံတာ ဖတ်လိုက်ရပါ သေးတယ်။
တကယ်ကျ ၈၈ ခုနှစ် အာဏာသိမ်းပွဲဟာ “လုပ်အာဏာသိမ်းပွဲ” ပါ။ အာဏာသိမ်းပွဲ အစစ်မဟုတ်ပါဘူး။ မဆလ CEC ထဲက ၀ါအနုဆုံး ၂ ယောက် ကို အာဏာသိမ်းခိုင်းလိုက်တာဖြစ်လို့ လုပ်အာဏာသိမ်းပွဲလို့ ပြောတာပါ။ တကယ့် အာဏာသိမ်းပွဲသာဆိုရင် သူတို့စစ်တပ်ချင်း ချကုန်မီးပွင့်ကုန်မှာပါ။
ဒါနဲ့ပြောင်းပြန်။ တကယ်လို့သာ (တကယ်လို့နော်) ညောင်နှစ်ပင် အောင်မြင်ပါတယ်ဆိုပါစို့။ အဲဒီက အခြေခံဥပဒေပေါ်ပြီဆိုပါစို့။ သူတို့ပြောတဲ့ စည်း ကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ပေါ်ပြီဆိုပါစို့။ ဘာဖြစ်မလဲ။ လုပ်အာဏာသိမ်းပွဲ မဖြစ်ပါဘူး။ တကယ့် အာဏာသိမ်းပွဲပဲဖြစ်မှာပါ။ တက်နေတဲ့အစိုးရကို နောက်ပေါက် စစ်အုပ်စုကအာဏာသိမ်းတဲ့ အစစ်အာဏာသိမ်းပွဲ ထပ်ဖြစ်ဦးမှာပါ။ အမဲသားစားချင်တဲ့ အုပ်စုနှစ်စုရဲ့ရန်ပွဲ၊ မီးပွင့်မယ့်ရန်ပွဲ၊ သွေးထွက်တဲ့ရန်ပွဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကွန်မြူနစ်တွေက ၁၀၄ ချက် အခြေခံဥပဒေကို ဆန့်ကျင်နေတာပါ။
ဗမာပြည်ရဲ့ ပဒေသရာဇ်သမိုင်း ကိုကြည့်ပါ။ ဘုရင်တပါးသေရင် မင်းလောင်းတွေ အာဏာလုကြတယ်။ မသေရင်လည်း ခေါင်းအုံးနဲ့ ဖိသတ်တယ်။ သတ်ကြဖြတ်ကြတာ မနည်းပါဘူး။ အဖေကိုသတ်၊ ဘထွေးဘကြီးကိုသတ်၊ တူကိုသတ်၊ အစ်ကိုကိုသတ်၊ ညီအစ်ကိုသတ်။ မန္တလေးနန်းတွင်းမှာကျလည်း အုံနဲ့ ကျင်းနဲ့ သတ်တာ။ ဒါဟာ ဗမာ့နည်း ဗမာ့ဟန်လို့တောင် ဖြစ်နေခဲ့တာပါ။ အဲတော့ ညောင်နှစ်ပင်သာ အောင်မြင်ရင် စစ်အုပ်စုချင်း နှောင်ဂျိန်ချတဲ့ခေတ်ကြီးကို ကန့်လန့်ကာဖွင့်ပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒါ အလွန်သေချာပါတယ်။
၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိဟာ “ဗိုလ်နေ၀င်းခေတ်” လို့ အတိအကျပြောရင်ရပါတယ်။ သူ့ဘုန်းမီးနေလ အတောက်ပဆုံးကာလပါ။ ၆၂ ခုနှစ် မှာဗိုလ်နေ၀င်းဟာ ပြည့်စုံတဲ့တဦးတည်းသော အာဏာရှင်ဖြစ်လာပြီ။ ၈၈ ခုနှစ်မှာသူနန်းပေါ်ကနေ ငိုပြီးဆင်းရတယ်။ သူ့နန်းသက်တလျှောက်မှာ မင်းသမီးထည် လဲတွဲခဲ့တယ်ဆိုတာလို သူ့ဘေးကလူတွေကို သူထင်သလိုခန့်၊ သူထင်သလိုဖြုတ်။ သူကတော့ သေတပန်သက်တဆုံး မင်းမူသွားဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ သေတပန်သက်တဆုံး မလုပ်ရပါဘူး။ သူလည်း ရေပွက်ပမာ ဖြစ်သွားရတာပါ။
ဒီနေရာမှာ အလေးထားထောက်ပြရမှာက အဲဒီလို သေတပန်သက်တဆုံး မင်းမူဖို့ ကြံစည်ထားတဲ့ ဗိုလ်နေ၀င်းကို ကိုယ့်သျှောင်ကိုယ်ဆွဲ နန်းထဲက ဆင်းသွားအောင် လုပ်လိုက်တာဟာ လူထုကြီးဖြစ်တယ်ဆိုတဲ့အချက်ပါ။ သူတို့ အချင်းချင်းဖြုတ်ချလို့ သူဆင်းတာမဟုတ်ပါဘူး။ ပြည်သူလူထုအားကြောင့် သူ ဆင်းသွားရတာပါ။ ဆိုလိုတာက ပြည်သူလူထုရဲ့အားဟာ ဗိုလ်နေ၀င်းလိုအာဏာရှင်ကိုတောင် ဖြုတ်ချနိုင်တယ်ဆိုတာကျန်ာတို့ရဲ့ “၁၃၅၀ ပြည့်နှစ် အရေးတော်ပုံ” လို့ခေါ်ရမယ့် ၈၈ ခုနှစ် အရေးတော်ပုံကြီးက သက်သေပြနေပါတယ်။
စစ်အုပ်စုဟာ တခုကိုဖယ်လိုက်ရင် အပြတ်ဖယ်တာပါ။ ဆိုရှယ်လစ်စစ်ဗိုလ်တွေကို အပြတ်ဖယ်ရှားခဲ့တဲ့ ဗိုလ်နေ၀င်းတယောက် သူဆင်းရပြီဆိုတော့ လည်း သူ့အိမ်တော်ပါတွေပါ တယောက်ပြီးတယောက်ပြုတ်၊ နောက်ဆုံး မြေးတွေအထိအနှိမ်ခံရပါတယ်။ ပဒေသရာဇ်မင်းများလိုပဲ ကျူငုတ်တောင်မချန်တဲ့ ဖယ် ရှားနည်းမျိုးနဲ့ သူလည်းကြုံရပါတယ်။
၆၂ ခုနှစ်မှာ အာဏာသိမ်းတော့ ဗိုလ်နေ၀င်းဟာ အငြင်းပွားစရာမရှိတဲ့ နံပါတ်ဝမ်းဖြစ်နေပြီဖြစ်ကြောင်း ကျနော်ခုနကပြောခဲ့ပါပြီ။ ဒါပေမယ့် ၈၈ ခုနှစ် ဒီဘက်မှာကျတော့ အဲဒီနံပါတ်ဝမ်းဆိုတာ ယာယီဆိုတာမျိုးသာဖြစ်နေပါတယ်။ ဗိုလ်စောမာင်ကို နံပါတ်ဝမ်းလို့မပြောနိုင်ခဲ့ပါဘူး။ အခုဗိုလ်သန်းရွှေ နံပါတ်ဝမ်းဘ၀ ဘယ်လောက်ခံသလဲ စောင့်ကြည့်ရဦးမှာပါ။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလို ပခုံးခြင်းယှဉ်မယ့်လူမရှိတဲ့ နံပါတ်ဝမ်းမဟုတ်ပါဘူး။ သင်္ခါရတော့ သင်္ခါရချည်းပါပဲ။ ဒါပေမယ့် ကောက်ရိုးသင်္ခါရနဲ့ သံသင်္ခါရ ကွာတယ်ဆိုတာမျိုးလို ဗိုလ်နေ၀င်းကိုတော့ ဗိုလ်သန်ရွှေတို့မမီနိုင်ပါဘူး။ နံပါတ်ဝမ်း အစစ်သာဆိုရင် ကျန်တဲ့အလောင်း အလျာတွေရဲ့ ခြိမ်းခြောက်မမှုလည်း မခံရဘူး။ နောက်မျိုးဆက်တွေက သူ့နောက်ကနေ တိုးတာမျိုးလည်း မခံရပါဘူး။


“စစ်အုပ်စုရဲ့ နိုင်ငံခြားရေး”
ဒီနေရာမှာ ကမ္ဘာ့စနစ်ကြီး (World Order) ကနေ အာဏာရ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးအတွေးအခေါ်ကို ပြဌာန်းတယ်ဆိုတာ ပြောပြချင်ပါတယ်။
စစ်အုပ်စုတိုင်းမှာ နိုင်ငံခြားရေးအတွေးအခေါ် ရှိကြတာချည်းပါပဲ။ နိုင်ငံရေးအဏာရထားတဲ့ စစ်အုပ်စုရဲ့ နိုင်ငံရေးအတွေးအခေါ် ကိုပြဌာန်းတာက တည်ရှိနေတဲ့ ကမ္ဘာ့စနစ်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစတုန်းက ဗိုလ်နေ၀င်းစစ်အုပ်စုရဲ့ ဆိုရှယ်လစ်အလံဟာပြည်တွင်းမှာ မှိုင်းတိုက်ရေးသက်သက်အတွက် မဟုတ်ပါ ဘူး။ အဲဒီတုန်းက အာဏာသိမ်းပြီးစ စစ်အုပ်စုရဲ့လက်ဦးဆုံးလိုအပ်ချက်က သူတို့ရဲ့အာဏာကို ကမ္ဘာကအသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ ဒါ သူတို့မှမဟုတ်ပါဘူး။ အာ ဏာသိမ်းတဲ့အစိုးရတိုင်း၊ အာဏာသိမ်းတဲ့စစ်အုပ်စုတိုင်း ဒီလိုချည်းပါပဲ။ သူတို့ အလိုချင်ဆုံးအချက်ဟာ ကမ္ဘာကသူတို့ကို အသိအမှတ်ပြုဖို့ပါ။ ပြည်သူလူထုက ရွေးကောက်ပြီး တက်လာတဲ့ အစိုးရဆိုရင် ဒါကို တောင့်တနေစရာမလိုပါဘူး။ အလိုလို ဖြစ်သွားတာပါ။
ပြည်တွင်းမှာကျတော့ စစ်အုပ်စုအနေနဲ့ ငြိမ်ဝပ်ပိပြားအောင်လုပ်ထားနိုင်ရင် ကြောက်စရာမရှိတော့ဘူးလို့ သူတို့ယူဆပါတယ်။ ပြည်ပ နိုင်ငံတကာကျ တော့ မျက်နှာချိုသွေးရတာတွေ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဘယ်နိုင်ငံခြားနဲ့မှ အာဏာသိမ်းစမှာ ထိပ်တိုက်မတွေ့ချင်ကြပါဘူး။
၁၉၆၂ ခုနှစ်တုန်းကရှိနေတဲ့ ကမ္ဘာ့စနစ်ဟာစစ်အေးခေတ် ကမ္ဘာ့စနစ်ပါ။ ကိုရီးယားစစ်ပွဲမှာ တချီတမောင်းတိုက်လိုက်ပြီးတဲ့နောက် မောနေကြပြီး ကိုယ်ရှိန်သတ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဗီယက်နမ်ကလည်း အဲဒီတုန်းက နည်းနည်းငြိမ်နေပါသေးတယ်။ ကမ္ဘာ့ဂိုဏ်းကြီးနှစ်ဂိုဏ်း အနားယူနေကြတဲ့အချိန် ဖြစ် တယ်လို့ထင်ပါတယ်။ အထူးသဖြင့် အာရှတိုက်မှာပါ။
ဒါကြောင့် ဗိုလ်နေ၀င်းစစ်အုပ်စုဟာ ဆိုရှယ်လစ်အလံကိုထူလိုက်ပါတယ်။ ဘယ်ဂိုဏ်းကမှ မကန့်ကွက်ပါဘူး။ ကြည့်နေလိုက်ကြပါတယ်။ အနောက် ကလည်း လူ့အခွင့်အရေးစွပ်စွဲချက်တွေ မတင်ပါဘူး။ တော်လှန်ရေးကောင်စီအစိုးရကို မြန်မြန်ပဲအသိအမှတ်ပြုပေးလိုက်ကြတယ်။ ဆိုရှယ်လစ်အလံထူလို့ ဆိုဗီ ယက်ဂိုဏ်းကလည်း ကြိုက်တယ်။ အမေရိကန်ဂိုဏ်းကလည်း “မြန်မာ့နည်းမြန်မာ့ဟန်” ဆိုတာကိုကြိုက်တယ်။
ဗိုလ်နေ၀င်းရဲ့ ကြေးစားကွန်မြူနစ်ပျက်တွေရေးတဲ့ “သဘောတရား” ဆိုတာကလည်း ရောကြော်ဖြစ်တယ်။ “မင်းတို့ ရေးချင်ရာရေး။ ငါ ဗိုလ်နေ၀င်း လုပ်ချင်ရာလုပ်မှာပဲ” ဆိုပြီး ဗိုလ်နေ၀င်း လုပ်ချင်ရာလုပ်လို့ရအောင် ဖန်တီးထားတာမှန်းလည်း အားလုံးကသိကြတော့ အလေးမထားကြပါဘူး။ ဒါကြောင့်မို့လို့ အဲဒီတုန်းက အာဏာသိမ်းစစ်အစိုးရဟာ အနေချောင်ခဲ့ပါတယ်။ အဲဒါ စစ်အေးခေတ် ပြီးဆုံးချိန်အထိပါပဲ။ ၁၉၈၈ ခုနှစ်မှ အာဏာသိမ်းတဲ့ န၀တလို မဟုတ်ပါဘူး။ အခုထိပါပဲ။
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးလို့ ပြဿနာစပြီးပေါ်တာက အဲဒီဂိုဏ်းကြီးနှစ်ဂိုဏ်းကြောင့် မဟုတ်ပါဘူး။ ပြဿနာစပေါ်တာက တပ်မတော်ကို စတင် မွေးဖွားပေးတယ်လို့ပြောနိုင်တဲ့ ဂျပန်ပါ။ ဂျပန်ဆိုတာ ဒီစစ်အုပ်စုကို သူ့တပည့်သားမြေးလောက်လို့ သဘောထားတာပါ။ စစ်လျော်ကြေးနဲ့မွေးထား ခွံ့ထားနိုင်တယ် လို့လည်း သူတို့ယုံကြည်ပါတယ်။ ဒီစစ်အုပ်စုဟာ ကွန်မြူနစ်တွေလို ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေ မဟုတ်ဘူးဆိုတာလည်း ဂျပန်ကကောင်းကောင်သိပါတယ်။ နောက်ပြီး ဒီခေါင်းဆောင်တွေဟာ နိုင်တဲ့ဘက်ပြေးကပ်တဲ့ သာယာစီးတွေပဲဆိုတာလည်း သူတို့က သမိုင်းအရသိနေတယ်။
အဲဒါကြောင့် စစ်လျော်ကြေးကိစ္စနဲ့ ဂျပန်ပြည်ကိုရောက်နေတဲ့ ဗိုလ်အောင်ကြီးကိုဂျပန်က သြ၀ါဒပေးပါတယ်။ စစ်တပ်ကနိုင်ငံရေးအာဏာ ကြာကြာ ကိုင်ထားရင် တိုင်းပြည်ဒုက္ခရောက်တတ်တယ်လို့ ပြောတယ်။ ဂျပန်က သူ့အတွေ့အကြုံနဲ့သူ ပြောတာပါ။ ဗိုလ်အောင်ကြီးကလည်း သံတမန်ပရိယာယ်နဲ့လေလိုက် ပြီး ထောက်ခံလိုက်မိတယ်။ ပြဿနာက အဲဒီမှာစတာပါ။ ဗိုလ်အောင်ကြီး အဖြုတ်ခံထိတာတော့ ကျနော်အထက်မှာပြောခဲ့ပါတယ်။ ဓါတ်ရိုက်နဲ့နတ်သိုက် တွေ့တာ လည်း ဖြစ်နိုင်ပါတယ်။
ဗိုလ်နေ၀င်းက ဗိုလ်အောင်ကြီးကို ဦးဗဆွေ၊ ဦးကျော်ငြိမ်းဘက်သားလို့ နဂိုကတည်းက သတ်မှတ်ထားတာပါ။ နောက်အကြောင်းတခုကလည်း အဲဒီ တုန်းက ဗိုလ်နေ၀င်းအနေနဲ့ တောထဲကလူတွေနဲ့ ငြိမ်းချမ်းရေးစေ့စပ်ပွဲလုပ်တမ်း ကစားကြည့်ချင်နေတဲ့ဆန္ဒလည်း ရှိနေတယ်။ အဲဒီအကြောင်းလည်းပါ ပါလိမ့် မယ်။ အဲဒါကြောင့် ဗိုလ်အောင်ကြီးကို အာဏာပလ္လင်ပေါ်က ဖယ်ရှားလိုက်ပြီးတဲ့နောက် မကြာဘူး၊ စေ့စပ်ဆွေးနွေးပွဲ ခေါ်လိုက်ပါတယ်။ အဒီအခါမှာ ဘေးမဲ့ပေး ထားတဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ထောင်ထဲဆွဲထဲ့လိုက်ပါတယ်။ ဒါဟာ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့ရဲ့ပဋိပက္ခကို ဗိုလ်နေ၀င်းက အသုံးချလိုက်တာလို့ပြော ရင်ရပါတယ်။ အဲဒီတုန်းက ဗိုလ်နေ၀င်းရဲ့ စိတ်အထာ ဘာဖြစ်နေတယ်ဆိုတာကို သူ့မိန်းမ (ဒေါ်ခင်မေသန်း) နဲ့ သူ့သမီးတွေပဲ သိကောင်းသိမှာပါ။
၁၉၆၂ခု၊ အာဏာသိမ်းပွဲမှာ ဗိုလ်နေ၀င်းဟာသူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပြီဖြစ်ပါတယ်။ ဖဆပလထဲက ဆိုရှယ်လစ်ပါတီကို အားကိုးစရာမလို တော့ဘူး။ ဦးနုကိုလည်း မှုစရာမလိုတော့ဘူး။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေကိုလည်း အလေးထားစရာမလိုဘူးဆိုတဲ့ ယုံကြည်ချက်တွေအပြည့်ရှိနေပြီဖြစ်ပါတယ်။
အဲဒီလို ဗိုလ်အောင်ကြီးကို ဖြုတ်ပြီးကတည်းကသူ့မှာ ဘ၀ရှင်မင်းတရားကြီးစိတ်၊ အဓိပတိစိတ်၊ အာဏာရှင်စိတ်ဝင်နေပါပြီ။ အဲဒီလိုနဲ့ပဲ ၂၆ နှစ်လုံး လုံး တယောက်ပြီးတယောက် လှည့်သုံးသွားလိုက်တာနောက်ဆုံး သူ့ငယ်ကျွန် ဗိုလ်ကျော်ထင်၊ ဗိုလ်အေးကို၊ ဗိုလ်စိန်လွင်တို့ပဲ ကျန်တော့တာပါ။ ဒါပေမယ့် ပြောရ ရင် ဗိုလ်နေ၀င်းဟာ ယုံကြည်မှုအပြည့်ရှိတဲ့ အာဏာရှင်၊ ဗိုလ်သန်းရွှေက မရဲတရဲအာဏာရှင်လို့ပြောရမှာပါ။ ဗိုလ်နေ၀င်းက ဖြုတ်ရင်လည်းရဲရဲဖြုတ်၊ မြှင့်တင်ချင် လည်း ပြတ်ပြတ်မြှင့်တင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ ဘယ်ကိစ္စမှ တ၀က်တပျက်မလုပ်ဘူး။ သူအာဏာသိမ်းပြီးတဲ့နောက်မှာ ဖြုတ်ပြီဆိုရင် သံ အမတ်တို့၊ စစ်သံမှူးတို့ ခန့်မနေတော့ပါဘူး။ အမှုရှာပြီး ထောင်ထဲဆွဲထည့်ပစ်လိုက်တယ်။ ဒါဟာ ဗိုလ်အောင်ကြီးကိစ္စက စတယ်လို့ပြောရင်တောင် ရတယ်။
ဗမာပြည်လို တိုင်းပြည်မှာ အာဏာရစစ်ဗိုလ်တွေအပေါ် အမှုလုပ်ချင်ရင် အလွယ်လေးပါ။ အိမ်ထဲမှာတရားမ၀င် နိုင်ငံခြားပစ္စည်းတွေရှိတယ်၊ ဘိန်းပစ် ဖမ်းစရာတောင်မလိုဘူး။ လောင်းကစားဝိုင်းတွေမှာ သူတို့အိမ်သူ၊ အိမ်သားတဦးဦးပါနေတာချည်းပဲ။ အမှုဆင်ရင်အလွယ်လေး။ ဒါကြောင့်လည်း ဗိုလ်ချုပ်တလှည့်၊ ၀န်ကြီးတလှည့်၊ သာမန်အရပ်သားတလှည့် ဖြစ်နေတာတွေမနည်းပါဘူး။ အဲဒီလိုနဲ့ လူထုအုံကြွမှုပေါ်၊ နိုင်ငံရေးအခွင့်ကောင်းတွေပေါ်လာတော့ သူတို့ထဲကအများ တကာ့အများစုကြီးဟာ အတိုက်အခံတွေဖြစ်လာကြတာ။ NLD ထဲရောကလာကြတာ။ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်လှမော်ကြီး၊ ဗိုလ်စိုးမောင်တို့နဲ့ ဗိုလ်နေ၀င်း လမ်းခွဲပြီးတဲ့နောက် တပ်မတော်ထဲမှာ ဗိုလ်နေ၀င်း အတော်ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်တယ်၊ ငြိမ်သွားပြီလို့ပြောလို့ရပါတယ်။
ဒါပေမယ့် ဗိုလ်နေ၀င်းကြောင့်ပဲ တပ်မှူးကြီးတွေဟာ အတိုက်အခံတွေ ပြန်ဖြစ်လာပါတယ်။ အထူးသဖြင့် ပြည်ပကိုထွက်မသွားသူတွေကို ဆိုလိုတာ ပါ။ ၁၃၅၀ ပြည့်နှစ်အရေးတ်ာပုံလို့ဆိုရမယ့် ၈၈၈၈ အရေးတော်ပုံနောက်ပိုင်းမှာ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာကြတဲ့ တပ်မှူးဟောင်းကြီးတွေ နည်းမှမနည်း ဘဲ။ သူတို့ထဲကအများကြီးဟာ အတိုက်အခံအဖြစ် ရပ်တည်နေကြဆဲပါ။ ဗိုလ်နေ၀င်းပြတ်သလို၊ သူတို့လည်းပြတ်ပါတယ်။ သူတို့ထဲမှာ ဗိုလ်အောင်ကြီးတယောက် ပဲ ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်မွှန်နေလို့ နိုင်ငံရေးအတိုက်အခံတယောက် ဖြစ်မလာတာပါ။
န၀တ - နအဖ အနေမချောင်တဲ့အကြောင်း ကျနော်ရှေ့မှာပြောခဲ့ပါတယ်။ အဲတော့ သူတို့ဘာကြောင့် အနေမချောင်တာလဲဆိုတာ ဆက်ပြောပါမယ်။ အဓိကအားဖြင့်ဆိုရင် ဒီနေ့အခါမှာ ကမ္ဘာ့စနစ်သစ်တခု သတ်သတ်မှတ်မှတ် မရှိသေးပါဘူး။ အဲဒါကြောင့် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဗိုလ်တဗိုလ်ထဲလား ၊ ဗိုလ်တွေ အများကြီးလား ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား မဖြစ်သေးပါဘူး။ ဘယ်သူ့ကိုကပ်မှ အနေချောင်မလဲ၊ ဒါတွေလည်း ထင်ထင်ရှားရှား မတွေ့နိုင်သေးပါဘူး။ ဒါကြောင့်မို့လို့ ဗမာပြည်က စစ်အုပ်စု (ဗိုလ်သန်းရွှေတို့ တတွေ) ဘယ်သူ့ဖါးရမှန်းမသိ ဖြစ်နေတာပါ။
ဗိုလ်နေ၀င်းတုန်းက ဗိုလ်နှစ်ဗိုလ်ပဲရှိတယ်။ အဲဒီဗိုလ်နှစ်ဗိုလ်ရဲ့ အားစမ်းပွဲကလည်း အဓိကအားဖြင့်ဥရောပမှာဖြစ်နေတာ။ ကိုယ်ကကြားညှပ်ခံချင်လို့ တောင် ခံလို့မရဘူး။ ဒါကြောင့် အနေချောင်ပါတယ်။ ဗိုလ်သန်းရွှေကတော့ အနေမချောင်ပါဘူး။ အားစမ်းပွဲက အာရှတိုက်မှာဖြစ်နေတာ။ ကြာလေ ကိုယ်နဲ့နီးလေ တောင် ဖြစ်လာတယ်။ နောက်ပြီး ကိုယ်နဲ့အစဉ်အလာ အဆက်အဆံရှိတဲ့လူတွေကလည်း တရုတ်၊ အိန္ဒိယကလွဲရင် အမေရိကန်ရဲ့ ရင်းနှီးတဲ့မဟာမိတ်တွေ ဖြစ်နေ တယ်။ ဒါဟာ ဗိုလ်သန်းရွှေရဲ့ ဒုက္ခပါ။ သူ ဗိုလ်နေ၀င်းလို အနေမချောင်တဲ့ အကြောင်းအရင်းတခုပါ။

“၆၂ နဲ့ ၅၈-၈၈”

ဆက်ပြောရရင် ၆၂ ခုနှစ်၊ အာဏာသိမ်းပွဲနဲ့ ၅၈၊ ၈၈ အာဏာသိမးပွဲတွေကို နှိုင်းယှဉ်ပြချင်ပါတယ်။ အာဏာသိမ်းပွဲတွေဟာ တခုနဲ့တခု မတူပါဘူး။ အလွယ်ဆုံးပြောရရင့့် 
၁။ ဦးစီးဦးရွက်ပြုသူတွေ မတူပါဘူး။ ၁၉၅၈ ခုနှစ်၊ အာဏာသိမ်းပွဲကို အစပြုသူတွေက စစ်ရုံးချုပ်ကဗိုလ်တွေမဟုတ်ပါဘူး။ မြောက်ပိုင်းတိုင်းက ဖြစ်ပါ တယ်။ အဲဒီတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို ချေမှုန်းရေးလုပ်နေတဲ့ ဆိုရှယ်လစ်တပ်မှူးတွေက ဦးစီးဦးရွက်ပြုတာပါ။ မန္တလေးနန်းတွင်း၊ ရတနာပုံရိပ်သာကနေ ကွပ်ကဲနေတာဖြစ်ပါတယ်။ အဲဒီတုန်းက ရှမ်းပြည်နယ်ထဲမှာပဲကွက်ပြီး ငြိမ်းချမ်းရေးယူဖို့ လျှို့ဝှက်ဆွေးနွေးနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ်ကို အဲဒီ တုန်းက တိုင်းမှူးဗိုလ်အောင်ရွှေကိုယ်တိုင်ကိုက ရတနာပုံရိပ်သာမှာသူတို့ အာဏာသိမ်းတော့မှာဖြစ်ကြောင်း ပြောပါတယ်။ ညကြီးမင်းကြီးမှာ ပြန်ရောက်လာတဲ့သူ က စစ်အရာရှိတွေကို ပြောပြတာပါ။ သူ့ပုံက ရှေ့တန်းစစ်မြေပြင်မှာ အကြံအစည်အောင်မြင်ခဲ့လို့ သူ့အောင်မြင်မှုကို ပြန်ပြောနေတဲ့ပုံလို အင်မတန်တက်ကြွနေပါ တယ်။ ဦးနုက အာဏာလွှဲပေးမယ်ဆိုတာကို အတိအကျသိမှ ရန်ကုန်ကနေညကြီးမင်းကြီး ပြန်လာတာဖြစ်ပါတယ်။ သူ့အကြံကို ရတနာပုံရိပ်သာကနေ ကျန်တဲ့ တပ်မှူးကြီးတွေကထိုင်စောင့်နေကြတာဖြသစ်ပါတယ်။ ဦးနုက အာဏာလွှဲပေးတယ်လို့ဆိုတယ်။ ဒါပေမယ့် ၆ လအတွင်း ရွေးကောက်ပွဲလုပ်ပေးပါ။ အခြေခံဥပဒေ အရ အာဏာလွှဲပေးမယ်ဆိုတဲံအချက်နဲ့ လွှဲပေးတာဖြစ်ပါတယ်။ ဒါကို ကျနော်တို့က “ခြေမန်းကွင်းအစွပ်ခံရတဲ့ အာဏာသိမ်းပွဲ” လို့သတ်မှတ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ အာဏာသိမ်းပွဲဟာလည်း ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိခြေမန်းကွင်း အစွပ်ခံရတဲ့ အာဏာသိမ်းပွဲပါ။
၁၉၆၂ ခုနှစ်၊ အာဏာသိမ်းပွဲကျတော့ နိုင်ငံရေးအာဏာလိုချင်လို့ကို သိမ်းတဲ့အာဏာသိမ်းပွဲ။ သိပ်ရှင်းတယ်။ သူတို့အနေနဲ့ဘာခြေမန်းကွင်းမှ မပါဘူး လို့ပြောရင်ရတယ်။ အာဏာသိမ်းပွဲကို စစ်ရုံးချုပ်က ကမကထပြုပြီးလုပ်တာပါ။ ဘယ်လိုအခြေအနေကမှ တွန်းပို့လို့ မဟုတ်ပါဘူး။ အာဏာသိမ်းချင်လို့ကို သိမ်း တာ။ ငါ့ဝမ်းပူဆာ မနေသာလို့ဆိုတာမျိုး။ ၁၉၆၂ အာဏာသိမ်းပွဲသာ တိုင်းပြည်ကို ဘာကတိမှမပေးရတဲ့ အာဏာသိမ်းပွဲဖြစ်လို့ အာဏာသိမ်းပွဲ ပီသတယ်လို့ဆို နိုင်ပါတယ်။
၅၈ ခုနှစ် အာဏာသိမ်းပွဲနဲ့ ၈၈ အာဏာသိမ်းပွဲနှစ်ခုလုံးက ခြေမန်းကွင်းစွပ်ထားတဲ့ အာဏာသိမ်းပွဲတွေ ဖြစ်ပါတယ်။ဒါပေမယ့် ဒီနှစ်ခုမှာလည်း ဦးစီး ဦးရွက်ပြုသူတွေ မတူပြန်ပါဘူး။ ၈၈ ခုနှစ်အာဏာသိမ်းတာဟာ အထက်ကသိမ်းခိုင်းလို့ သိမ်းရတဲ့အာဏာသိမ်းပွဲဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်တုန်းက ၆ လပြည့်ခါနီး မှာ “ရွေးကောက်ပွဲ လုပ်လို့မဖြစ်နိုင်ဘူး၊ အချိန်တိုးပေးပါ” လို့ ဗိုလ်နေ၀င်းကအကြပ်ကိုင်တဲ့အတွက် အခြေခံဥပဒေကိုပြင်ပြီး နောက်ထပ် ၆ လ နှစ်ခါ တိုးပေးရပါ တယ်။ ခြေမန်းကွင်းကိုတော့ ချွတ်မပေးပါဘူး။ တထစ်လျှော့ပေးတဲ့ သဘောပါ။ ၁၉၆၀ မှာရွေးကောက်ပွဲလုပ်ပြီးစစ်တပ်က စစ်တန်းလျားကိုပြန်တယ်လို့ လုပ်ပါ တယ်။
၁၉၈၈ အာဏာသိမ်းပွဲမှာလည်း ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ အချက်အလက်ပါပေမယ့် အခြေခံဥပဒေမရှိတော့ ဘယ်တော့လုပ်ပေးမယ်၊ ဘယ် လိုအာဏာလွှဲပေးမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ဘာမှမပါလာဘူး။ ဟိုတခါတုန်းကလိုပဲ သူတို့ကအာဏာသိမ်းပြီး ၂ နှစ်လောက်နေတော့ ရွေးကောက်ပွဲလုပ်ပေး တယ်။ ဒါပေမယ့်ကတိဖျက်ပြီး စစ်တန်းလျားကိုမပြန်ဘဲနေတယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ခြေမန်းကွင်းနောက်တထပ် အစွပ်ခံရတဲ့သဘောဖြစ်သွား တယ်။ အဲဒီခြေမန်းကွင်းဟာ ဒီနေ့အထိ စစ်အုပ်စုမှာစွပ်လျက်ဖြစ်နေပြီးတော့ သူတို့မှာ ဖိစီးမှုကြီးတခုဖြစ်နေရတာ တောက်လျှောက်ပါ။
အဲတော့ ကလေးတွေ “ ရွှေတံခါးကြီး ဖွင့်ပါဦး” ကစားတမ်းလုပ်သလို “ဟိုဟာလေး လုပ်ပါရစေဦး၊ ဒီဟာလေးလုပ်ပါရစေဦး” နဲ့ အချိန်ဆွဲလာ လိုက်တာ ညောင်နှစ်ပင်ပြီးတော့မှပဲ ပြန်မယ်ဆိုတာမျိုး အခုလုပ်လာနေပြန်ပါပြီ။ ဒါဟာ ညောင်နှစ်ပင်နဲ့ ခြေမန်းကွင်းနှစ်ထပ် ဖြုတ်ပစ်ချင်နေတာဖြစ်ပါတယ်။
၅၈ နဲ့ ၆၀ အကြားမှာ တပ်မတော်အကြီးအကဲတွေ အပြောင်းအလဲသိပ်မရှိပါဘူး။ အခု န၀တ/နအဖ ကျတော့ အပြောင်းအလဲ သိပ်များပါတယ်။ အခု အကြီးအမှူးတွေက ခြေမန်းကွင်းအစွပ်ခံရတဲ့အထဲ မပါကြပါဘူး။ သူတို့က တပ်မှူးငယ်အဆင့်ပဲ ရှိပါသေးတယ်။ ခြေမန်းကွင်း အစွပ်ခံထားရတာထဲက တိုက်ရိုက် ပါတာက ဗိုလ်သန်းရွှေ၊ (ဗိုလ်ခင်ညွန့် ) တို့ပါ။ ဗိုလ်မောင်အေးတောင် မပါဘူးလို့ပြောနိုင်ပါတယ်။ အဲတော့ ဘယ်လိုလှည့်ကွက်ထပ်လုပ်ကြဦးမလဲဆိုတာ ကျနော် တို့ စောင့်ကြည့်ရဦးမှာပါ။
ညောင်နှစ်ပင်ကို ကြီးမှူးနေသူတွေဟာ “၈၈ တုန်းက ခြေမန်းကွင်းအစွပ်ခံရတဲ့အထဲ တို့ပါတာမဟုတ်လို့ တို့ကအသိအမှတ်မပြုဘူး” လို့ပဲ လုပ်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အဲဒီလိုသာ သူတို့က လုပ်ပြီဆိုရင်တော့ ပြည်သူလူထုကို စစ်ကြေညာတာပဲလို့ အောက်မေ့ရမှာ ဖြစ်ပါတယ်။

(နိဂုံး)
နိဂုံးပိုင်းကို ကျနော်ပြောပါ့မယ်။ တချိန်က ကျနော်တို့နိုင်ငံမှာ ပါတီတွေက ပါတီအလုပ်လုပ်၊ တပ်မတော်က တပ်မတော်အလုပ်လုပ်၊ အမျိုးသားညီ ညွတ်ရေးတပ်ပေါင်းစုဖွဲ့၊ အဲလို တက်ညီလက်ညီလုပ်ခဲ့ကြလို့ လွတ်လပ်ရေးရခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို အကဲဖြတ်တဲ့နေရာမှာသူဟာ ဗကသ ခေါင်းဆောင်၊ တို့ဗမာအစည်းအရုံးခေါင်းဆောင်၊ ဗကပ ခေါင်းဆောင်၊ ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်၊ အဲဒါတွေပြီးတော့မှ တပ်မတော်ခေါင်းဆောင် ဖြစ်လာသူပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ အာဏာနိုင်ငံရေးလုပ်မယ်ဆိုတော့လဲ တပ်ကထွက်ပြီး ပြတ် ပြတ်ပဲ ဖဆပလ ခေါင်းဆောင်လုပ်ပါတယ်။ စစ်တပ်ကို အာဏာနိုင်ငံရေးအတွက် အသုံးမချပါဘူး။ အမျိုးသားရေးအတွက်ပဲ သူသုံးပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက်မှာကျတော့ အမြော်အမြင်မဲ့တဲ့ နိုင်ငံရေးသမားတွေက စစ်တပ်ကို ပါတီနိုင်ငံရေးထဲ ဆွဲသွင်းလာခဲ့ကြတယ်။ ပါတီနိုင်ငံ ရေးရဲ့ လက်ကိုင်တုတ်ဖြစ်အောင် လုပ်ခဲ့ကြတယ်။
ဒါပေမယ့် အဲဒီရဲ့အကျိုးဆက်ဟာ ပုလင်းထဲကဘီလူးကြီးကို အပြင်ထုတ်ပေးသလို ဖြစ်ခဲ့ရပါတယ်။ စစ်ဗိုလ်ကြီးတွေ အောက်ခြေလွတ်ပြီး စစ်တပ်အာ ဏာသိမ်းပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပွဲတွေရဲ့ ခေတ်ဟာ အနှစ် ၄၀ တောင်ကျော်ခဲ့ပါပြီ။ ကျနော်တို့တိုင်းပြည်လဲ အဆင်းရဲဆုံးနိုင်ငံစာရင်း ၀င်အဖြစ်ကနေ “ဆုံးရှုံးသွားသောနိုင်ငံ” ဆိုတာမျိုးဖြစ်ဖို့ အတော်နီးနေပါပြီ။ ဆက်မမိုက်သင့်တော့ပါဘူး။
ဒီအကြပ်အတည်းထဲကနေ မြန်မြန်ထွက်နိုင်ရင်ထွက်။ မထွက်နိုင်ရင် တိုင်းပြည်ချောက်ထဲကျတော့မှာ မြေကြီးလက်ခတ်မလွဲပါပဲ။ မျက်မှောက်နိုင်ငံ တကာ့ရေးရာကို လေ့လာ၊ အတိတ်နိုင်ငံတကာ့ရေးရာက သင်ခန်းစာတွေထုတ်ကြဖို့ အများကြီးလိုပါတယ်။ အဲလိုမဟုတ်ကြရင် အမှားရဲ့ဒဏ်ကို ခံရပါလိမ့်မယ်။ နောက်ပြီး အမှားကို ပြင်ရမယ့်အချိန်ကလဲ သိပ်ပြီးကြာပါလိမ့်မယ်။
နအဖရဲ့ လမ်းပြမြေပုံဆိုတာဟာ တပ်မတော်ကို နိုင်ငံရေးအာဏာထဲ ဆွဲနှစ်တဲ့လမ်းတလမ်း၊ အဲဒီလမ်းတလမ်းတည်းကိုသာ ပြနေတာဖြစ်ပါတယ်။ အာဏာရူး ဗိုလ်ချုပ်တွေအချင်းချင်းစစ်ခင်းတဲ့လမ်းဆီကို ညွှန်နေပါတယ်။
ကျနော်နိဒါန်းမှာ ပြေခဲ့တဲ့အတိုင်းပဲ နိဂုံးချုပ်မှာထပ်ပြီးပြောပါမယ်။
လွတ်လပ်တဲ့တိုင်းပြည်မှန်ရင် တပ်မတော်တရပ် ရှိရမှာပါ။ တိုင်းပြည်ရဲ့တပ်မတော် ပြန်ဖြစ်အောင်လုပ်မလား၊ စစ်အုပ်စုရဲ့အာဏာနိုင်ငံရေးလုပ်တဲ့အ ထဲ ဆက်ပြီးနေပါမလား။ ဒါကို တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေ စဉ်းစားစေချင်ပါတယ်။ စဉ်းစားဖို့အချိန်က သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ ASEM ဆွေးနွေးပွဲ မှာ ရရာအပေါက်က ခွေးတိုးဝက်ဝင် ၀င်ခဲ့ရတာဟာကျနော်တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို အင်မတန်ဆုတ်ယုတ်စေပါတယ်။ နောင်တချိန်မှာ ASEAN ခေါင်းဆောင် ဖြစ်လာသူတွေက ‘လူရာအသွင်းမခံရတဲ့ ဗမာပြည်ကို တို့ကယ်တင်ထားခဲ့ရတယ်’ လို့ပြောတာ ခံချင်ကြသလားမသိပါဘူ။ တပ်မတော်သည် အမျိုးသားရေးတာဝန် ကျေပွန်ခဲ့တယ်လို့ အပ်ကြောင်းထပ်အောင် ပြောနေကြတဲ့ စစ်အုပ်စုဝင်တွေ မရှက်ပေမယ့် ကျနော်တို့ ဗမာပြည်သားတွေက ရှက်ပါတယ်။ စစ်အုပ်စုဝင်တွေက ASEM ထဲမှာ ပါဝင်ခွင့်ရလို့ အောင်ပွဲလို့သူတို့ကိုယ်သူတို့ ထင်နေကြပေမယ့် ကျနော်တို့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကတော့ အဲဒီမှာ အဆုံးရှုံးကြီးဆုံးရှုံးခဲ့ရပါတယ်။ တန်းတူ မဆက်ဆံပါဘူး။ နောင်မှာဆိုရင် အစရှိအနောင်နောင် ကိုယ်နဲ့တန်းတူများကတောင် ကိုယ့်ကိုနှိမ့်ချစော်ကားတာ ခံရတတ်ပါတယ်။ ဒါကို တိုင်းချစ် ပြည်ချစ် တပ်မှူးတပ်သားများ အမျှော်အမြင်ရှိကြစေချင်ပါတယ်။ စဉ်းစားကြစေချင်ပါတယ်။ ကျနော်ပြောချင်တာ ဒါပါပဲ။ ။

၊ ရဲဘော် ဖိုးသံချောင်း ၊

အပြည့်အစုံသို့...

မမေ့နိုင်တဲ့ပုံရိပ်များ(၁)(၂)(၃)

(မာယာဘလော့ခ် မှ ကူးယူခဲ့ပါသည်)

မမေ့နိုင်တဲ့ပုံရိပ်များ(၁)
ရေးသူ-ကျွန်းပြန်ရဲဘော်တဦး
၁၉၆၂ ခု စစ်တပ်မှ တော်လှန်ရေးအစိုးရ အမည်နဲ့ တက်လာကတည်းက ၁၀ စုနှစ်တွေအတွင်းမှာ မေ့မရတဲ့ လူသိထင်ရှား သမိုင်းမှတ်တိုင်ကြီးများ၊ လူမသိ သူမသိ မှတ်တိုင်များ ပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်တော် မှတ်မိသလောက် ဖော်ပြရမယ်ဆိုရင် ၁၉၆၂ခု ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ။ ၁၉၆၅ ခု သံဃာ့အရေးအခင်း။ ၁၉၆၇ ခု ဆန်ပြသနာ၊ တရုတ်ဗမာအရေးအခင်း (မော်စီတုန်းတဆိပ် ပြသနာ)။ ၁၉၆၈ ခု ရခိုင်လေဘေး။ ဒါတွေက လူသိရှင်ကြား ထင်ထင်ပေါ်ပေါ် ဖြစ်ခဲ့တာတွေပါ။ လူမသိ သူမသိ သေးတဲ့ အရေးအခင်းတခုကတော့ ကျွန်တော်တို့ နိုင်ငံရေးသမားတွေကို စမ်းသပ်တဲ့ အနေနဲ့ ကိုကိုးကျွန်းကို ပို့တဲ့ အရေးအခင်းပါပဲ။ နှစ်ကတော့ ၁၉၆၉ ခုနှစ်ပါ။
နေ့ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ၁၉၆၉ခု နှစ်ဦးပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရေးသမား (ထိမ်းသိမ်းပုဒ်မ) ၃၅ ယောက်ဟာ မန္တလေးအချုပ်ထောင်ကနေ စစ်အချုပ်ထောင်မှာ တညအိပ်ပြီး နောက်တနေ့ နံနက် ၄ နာရီလောက်မှာ ရထားတွဲပေါ် တက်ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမား တွေကို ဘယ်အချိန်၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာ ပြည်သူတွေကို မသိစေချင်လို့ ရထားတွဲကို ဘယ်အချိန်ကရင်း နန်းတွင်းထဲ တွဲလာထိုးထားတယ် မသိပါ။ ရထားပေါ်မှာလဲ အရပ်ဝတ်အရပ်စားနဲ့ အရပ်စုံထောက်တွေ၊ စစ်ယူနီဖောင်းနဲ့ စစ်စုံထောက်တွေ စုစုပေါင်း ၁၅ ယောက်၊ အယောက် ၂၀ လောက် ရှိမယ်ထင်ပါတယ်။ တချို့လူတွေများဆိုရင် ခြေလက်တွေ ဟိုရမ်းဒီရမ်းနဲ့ မျက်နှာတွေ အကြောဆွဲသလို ပါးရွဲ့လည်ရမ်း သွက်ချာပါဒ လိုက်သလို ဖြစ်နေတာတွေလဲ တွေ့မြင်ရပါတယ်။ ကျွန်တော် သတိပြုမိသမျှ ဒီလူတွေဟာ အပြင်လောကမှာ တိုက်ကြိုတိုက်ကြား၊ မြောင်းကြိုမြောင်းကြား အိတ်စုတ်တလုံး တုတ်တချောင်းနဲ့ အမှိုက်ပုံမှန်သမျှ လှန်လှောရှာပြီး ပလပ်စတစ်ကောက်နေကြတဲ့ သူတွေပါ။ ဒါပေမဲ့ သူတို့ကို တွေ့ရတာကတော့ ရထားပေါ်မှာပါ။
ကျွန်တော်တို့ကို စစ်အချုပ်ထောင်ကနေ ခေါ်သွားတာ ရိုးရိုးလေးနဲ့ ခေါ်သွားခံရတာ မဟုတ်ပါ။ နှစ်ယောက်တတွဲစီ လက်ထိပ်ခတ်၊ အလယ်ခေါင်က လက်မလုံးလောက် ကြိုးနဲ့ တွဲချီထားပြီး နွားကူးများ နွားမောင်းသလို မောင်းပြီး ခေါ်သွားတာပါ။ ရထားပေါ် ရောက်ပြီးမကြာပါ။ ရထားခေါင်းတွဲက လာဆက်လိုက်လို့ (ဂျိမ်း) ဆိုတဲ့ အသံ ကြားရပါတယ်။ ရထားဟာ ကျွန်တော်တို့တွဲကို မန္တလေး ဘူတာကြီးဆီ ခေါ်သွားပြီး တွဲရှည်ကြီးရဲ့နောက်ဆုံးမှာ ဆက်ပေးလိုက်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ကျွန်တော်တို့ကို အစောဆုံးရထားနဲ့ ရန်ကုန်ကို ပို့တယ်လို့ ထင်ပါတယ်။
ရထားပေါ်မှာပဲ ကျွန်တော်တို့ကို ထမင်းထုပ် တထုပ်စီပေးလို့ စားခဲ့ရပါတယ်။ ရကုန်ဘူတာကြီးထဲ ရောက်တော့ တော်တော်ကြီးမှောင်နေပါပြီ။ ဒါတောင်မှ ရထားတွဲပေါ်မှာ တနာရီဝက်လောက် နေရပါသေးတယ်။ နောက်မှ အလုံပိတ် ဘတ်စ်ကားတစင်းနဲ့ ကျွန်တော်တို့ကို အင်းစိန်ထောင်ကို ပို့ပါတယ်။ ထောင်ဗူးဝမှာ စစ်ယူနီဖောင်းဝတ် လက်နက်ကိုယ်စီနဲ့ ဆီးကြိုနေတာ တွေ့ရပါတယ်။ အဲဒီမှာပဲ ဘယ်သူဘယ်ဝါ အဖအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ ဘာမှုနဲ့ ရောက်တယ်ဆိုတာကအစ ကိုယ်ရေးရာဇ၀င် ယူပါတယ်။ မှတ်မိနေပါသေးတယ်။ ကျွန်တော်တို့ကို ကိုယ်ရေးရာဇ၀င် ရေးမှတ်နေတဲ့ သူဟာ ပခုံးပေါ်မှာ ဘားခေါ်တဲ့ အစင်း၃ချောင်းနဲ့ပါ။ ဘေးက စစ်သားတွေကလဲ ဗိုလ်ကြီးကို မှန်မှန်နဲ့ မြန်မြန်ပြော၊ အချိန်သိပ်မရှိဘူး ဘာဘူးညာဘူးနဲ့ ဟိန်းဟောက် ချိန်းချောက်ပြီးနေပါတယ်။ ကျွန်တော်တို့က မြန်မြန် ပြောချင်ပေမယ့်လည်း ရေးမှတ်ယူနေတဲ့ ဗိုလ်ကြီးဆိုသူဟာ မြန်မြန် လိုက်မရေးနိုင်ပါ။ စာလုံးတွေကလည်း မပီမသနဲ့ ပဲတီပင်ပေါက်လို မညီမညာ လိုက်ရေးနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ စိတ်ထဲကတော့ မြန်မာစာမှ သွက်လက်ချက်ချာတောင် မရေးတတ်ပါ လားလို့ ထင်မိပါတယ်။
ကျွန်တော်တို့ ကိုယ်ရေးမှတ်တမ်း အကျဉ်းယူနေတာ နာရီဝက်လောက်တော့ ကြာမယ် ထင်ပါတယ်။ အဲဒီကနေ ကျွန်တော်တို့ကို စောင်အုပ်ပြီး အထဲကို ခေါ်သွားပါတယ်။ ခေါ်ပုံက လူတယောက်ကို စောင်အုပ်၊ ဘေးတဖက်တချက်ကနေ ဘယ်လက်တယောက်ကိုင်၊ ညာလက် တယောက်ကိုင်၊ ဒီနည်းနဲ့ ခေါ်သွားတာပါ။ ညကလဲမှောင်၊ စောင်ကလဲအုပ်လိုက်တော့ ဘာကိုမှ မမြင်ရတော့ပါ။ တော်တော်လှမ်းလှမ်း ကွက်လပ်ကို လျှောက်မိတော့ အပေါ်ကိုတက်လိုက်၊ လှေကားရှိတယ်၊ ဘယ်နှစ်ဆင့်ရှိတယ်ပေါ့။ နောက်အခန်းတခုလို့ ယူဆရတဲ့ နေရာတခုကို ခေါ်သွားတယ်။ ရှေ့မှာတန်း ရှိတယ် ခြေထောက်ကို မြှောက်လိုက်၊ ရှေ့နားသွား၊ အဲဒီလိုအမိန့်ပေးပြီး ထိုင် လို့ဆိုလိုက်တော့ ထိုင်ချလိုက်တယ်။ အုပ်လာတဲ့စောင်ကို ဖွင့်လိုက်တော့ ကျွန်တော့်ရှေ့မှာ ထမင်းပန်းကန်နဲ့ ဟင်းခွက် အချို့တွေ့ရပါတယ်။ အလားတူ ကျွန်တော့်လိုပဲ ခေါ်လာတဲ့ ရဲဘော်တွေ ရောက်နေနှင့်တာ တွေ့ရပါတယ်။ အားလုံး ထမင်းပန်းကန်ရှေ့မှာ ငုတ်တုပ်ထိုင်နေကြတာ တွေ့ရတယ်။ ထမင်းတော့ မစားခိုင်းသေးပါ။ ကျန်ရှိနေသေးတဲ့ ရဲဘော်အချို့မရောက်သေးလို့ စောင့်နေကြရပါတယ်။
ကျွန်တော်တို့ ရောက်နှင့်နေတဲ့ ရဲဘော်တွေက ထိုင်နေကြတုန်း ကျွန်တော်တို့လိုပဲ စောင်အုပ်ခေါ် လာတဲ့ ရဲဘော်တွေ ရောက်ရောက်လာပါတယ်။ အဲဒီထဲက ရဲဘော်တယောက်ကို ခေါ်လာတော့ အစောင့်တွေက ရှေ့မှာတန်းရှိတယ် တိုက်မိမယ် ခြေထောက်ကိုမြှောက်လို့ဆိုတော့ သူလဲ တန်းတိုက်မိမှာစိုးလို့ ခြေထောက်ကို တအားကုန်မြှောက်လိုက်ပါတယ်။ တကယ်တော့ တန်းက တခန်းနဲ့တခန်း ခြားထားတဲ့ ၄x၂ ပျဉ်ချောင်းလေးပါ။ ခေါ်လာတဲ့သူတွေက အမယ်လေးကွာ အဲဒီလောက် မြှောက်စရာ မလိုပါဘူးလို့ ပြောကြလို့ ရောက်နှင့်နေတဲ့ ကျွန်တော်တို့က အဲဒီလူရဲ့အဖြစ်ကို ကြည့်ပြီး ရီကြတာပေါ့။ နေရာကို ရောက်လို့ ထိုင်ခိုင်းပြီး စောင်ဖွင့်လိုက်တော့ ကျွန်တော်တို့ ရဲဘော်ကိုမာဆင် ဖြစ်နေမှန်း သိရတယ်။
သူက မန္တလေးတက္ကသိုလ်ကပါ။ နာမယ်ကလဲ မာဆင်၊ ရုပ်ကြည့်တော့လဲ အသားက ခပ်မဲမဲနဲ့ ကျွန်တော်က မွတ်ဆလင်ထင်နေတာ၊ နောက် သူနဲ့ စကားပြောကြတော့မှ မွတ်ဆလင်မဟုတ်မှန်း သိရတယ်။ မြင်းခြံသား၊ သူ့မိဘတွေက မွေးတိုင်းမတင်လို့။ တင်အောင်လို့ မာလဲမာ ဆင်ကောင်လောက်လဲ ကိုယ်လုံးထွားကြိုင်းအောင် မာဆင်လို့ နာမည်ပေးတဲ့အကြောင်း သိရပါတယ်။
ကျွန်တော်တို့ အဲဒီညက စားရတဲ့ ထမင်းဟင်းကို မှတ်မိနေပါသေးတယ်။ ချဉ်ရည်ဟင်း၊ ငရုပ်သီးနဲ့ ငါးခြောက်ကြော်၊ ထမင်းက ဆန်လုံးရှည်ရှည်နဲ့ ငကျွဲဆန်ပါ။ မနက်ထဲကရင်း၊ နေခင်းရထားပေါ်မှာ (စာရေးသူရဲ့လေသံ စာလုံးပေါင်းအတိုင်း) မ၀တ၀ ထမင်းထုပ်ကလေးပဲ စားရတော့ ထမင်းကလဲ ဆာဆာနဲ့ဆိုတော့ တော်တော့်ကို စားကောင်းပါတယ်။ ည ၁၀ နာရီကျော်ကျော်လောက် ရှိပြီ ထင်ပါတယ်။ အချိန်ကလဲ လွန်နေပြီ မဟုတ်လား။
ဒီလိုနဲ့ တဖွဲဖွဲ ရောက်လာလိုက်ကြတာ မသိတဲ့ရဲဘော်တွေရော၊ သိတဲ့ရဲဘော်တွေရော၊ ကြာလေ များလာလေဘဲ။ ဒီအထဲက ကျွန်တော်တို့ရဲ့ရောင်းရင်း ရဲဘော်ကြီး အမရပူရက ဦးလေးဦးခင်မောင် ရောက်လာတယ်။ ပိန်ပိန်ပါးပါး မုတ်ဆိတ်မွေးကလဲ တထွာလောက်နီးပါးနဲ့၊ ကျွန်တော်တို့အထဲမှာ အသက် အကြီးဆုံး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဘိုးတော်လို့ ခေါ်ကြတယ်။ မန္တလေးထောင်မှာ အတူနေ ကတည်းက ခွဲခွါသွားလိုက်ကြတာ၊ အခုမှ ပြန်တွေ့ရတော့ အားရ၀မ်းသာ မေးကြမြန်းကြ တာပေါ့။ ဒါကို အာဏာပိုင်တွေက အခုမှ မင်းတို့ ဟိုချီမင်းနဲ့တွေ့ကြလို့ သိတ်ဝမ်းမသာနေနဲ့၊ အိမ်မဟုတ်ဘူး၊ မအေရိုးတွေ၊ နှမရိုးတွေနဲ့ ဆဲဆိုတာ ခံရပါသေးတယ်။
၁၉၆၇ ခု ဆန်ရှားတဲ့နှစ်က အပြင်လောကမှာ ပြည်သူတွေ ဆန်ရှာမရလို့ အတော့်ကို ဒုက္ခရောက်ကြတယ်။ အလားတူစွာပဲ ကျွန်တော်တို့ မန္တလေးထောင်ထဲမှာလဲ အကျဉ်းသားတွေ ထမင်း၀၀ မစားကြရလို့၊ နောက်ပီး ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ထိထိရောက်ရောက် ကုသခြင်း မခံရကြလို့ အကျဉ်းသားတွေထဲမှာ သေသူ အတော်များလာတယ်။ ထောင်တွင်းဆရာဝန်ကို မကျေနပ် တာလဲ ရှိတယ်။ ဆရာဝန်နာမည်က ဖေဇော်တဲ့။ လ နဲ့ ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ၇ လ ပိုင်း၊ ၈ လ ပိုင်းလောက် ဖြစ်မယ်ထင်ပါတယ်။ မန္တလေးထောင်တခုလုံး ဆူတာပါပဲ။ ကျွန်တော်တို့ နေရတဲ့ အဆောင်ကြီးက ထောင်ထဲမှာ အကြီးဆုံး။ အဆောင်ရှည်ကြီးမှာ ခန့်မှန်းခြေအာဖြင့် ကိုက်သုံးရာကျော် လေးရာလောက် ရှည်မယ်ထင်ပါတယ်။ အဆောက်အဦပုံစံက အထပ်နှစ်ထပ်ပါ။ ပြီးတော့ လေးကန့် ကန့်ထားပါတယ်။
ကျွန်တော်တို့ နိုင်ငံရေးသမားတွေကို အပေါ်ထပ်မှာထားပါတယ်။ တခန်းကို ၄၀ ကျော် ၅၀ နီးပါးရှိတယ်။ အောက်ခန်းလေးခန်းမှာတော့ ဒီကရီ ကျပြီးသား အကျဉ်းသားတွေ ထားတယ်။ တခန်းတခန်းကို ရာကျော်နေရတယ်လို့ သိရတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေနဲ့ စကားပြောခြင်း၊ ပစ္စည်းပေးခြင်း လုံးဝမလုပ်ရပါ။ ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ ၁ တိုက်နဲ့ ၂ တိုက်ဆိုပြီး အခန်း ၁၀ခန်းပါ တိုက်နှစ်တိုက် ရှိပါတယ်။ တိုက်သမားတွေ နေထိုင်တဲ့ရှေ့က အုတ်နံရံအမြင့်ကြီး ကာထားတာမို့ သူတို့နဲ့ လုံးဝ တွေ့ဆုံစကားပြောနိုင်ခြင်း မရှိပါ။ ဒါပေမဲ့ အစောင့်တွေ အလစ်မှာ လက်ဟန်ခြေဟန်နဲ့ (သူတို့ ရေချိုး ဒါမှမဟုတ် မိလ္လာသိမ်း၊ ထမင်းကျွေးချိန်) ရတုန်းရခိုက်မှာ အုတ်နံရံပေါ်တက်ပြီး စကားပြောကြပါတယ်။ ကြာလာတော့လဲ ဘယ်တိုက်မှာ ဘယ်သူရှိတယ်ဆိုတာ သိလာရပါတယ်။ ရဲဘော်သံချောင်း၊ ရဲဘော်ဌေးလှ(ထောင်တွင်းကျဆုံး)၊ ရဲဘော်လေးမောင် (ကျွန်းမှာ ကျဆုံး)၊ ရဲဘော်ဘမူ၊ ရဲဘော်လှရွှေ အစရှိတဲ့ အရေးကြီးတဲ့ ခေါင်းဆောင်လို့ ယူဆတဲ့ ရဲဘော်တွေကို တိုက်ထဲမှာ ထားတာ သိရပါတယ်။
ကျွန်တော်တို့ နေတဲ့ အပေါ်ထပ် နံပါတ် ၁ ခန်းက သံဃာတော်တွေ ထားပါတယ်။ ၂ ၃ ၄ ခန်းက နိုင်ငံရေးသမားတွေ ထားတယ်။ ကျွန်တော်က နောက်ဆုံး အခန်း ၄ မှာနေရတယ်။ ကျွန်တော် နေရတဲ့အခန်းက ကျွန်တော်တို့လို လူငယ်တွေ နည်းပါတယ်။ မှတ်မိသမျှ ပျဉ်းမနားက ရဲဘော်စိုးမြင့် (နားလေးစိုးမြင့်) လို့လဲခေါ်တယ်။ သူက နားမကောင်းဘူး။ လူက အသားညိုညို ပုပု။ နောက် မန္တလေးတောင်ခြေ မြရတနာ ပုံနှိပ်စက်က ကိုချစ်ဦး၊ ကိုလှမြင့်၊ ကိုသိန်း၊ ပေါင်း ၇ ယောက် ၈ ယောက်ပဲ ရှိမယ်။ ကျန်လူအားလုံးက လူကြီးတွေချည်းပဲ။ အသက်အားဖြင့် ၆၀ ကျော် ၇၀ကျော်တွေပါ။ အသက် ၅၀ ကျော်ဆိုတာ အင်မတန် နည်းပါတယ်။ ကျွန်တော်မှတ်မိသမျှပြောရရင် ၀ါးတန်း ဦကျော်၊ မြစ်သား ဖဆပလ အမတ် ဦးဥာဏ်ဖေ၊ မင်းဘူး ဖဆပလအမတ် သခင်မောင်မောင်၊ အလုပ်သမားအစည်းအရုံးက ဦးညွန့်၊ ရေချို ဦးအေးမောင်၊ မေမြို့က သခင်အုံးဖေ၊ ဒုဗိုလ်မှူးကြီး ဘကြင်၊ နေရှင်နယ်ဦးဘသိန်း၊ ဦးပွကြီး၊ မန္တလေးက ဗိုလ်မှူးသန်းအောင်၊ ပိုက်ကျုံးသစ်စက်က ကိုတင်မောင်ညွန့် (ဒီပုဂ္ဂိုလ်ကတော့ အခန်းထဲမှာ သောက်ရေအိုးရေဖြည့်၊ တံပျက်လှည်း၊ လူမှုလုပ်ငန်း မပျက်သူ)၊ အလံနီနဲ့ ပါတ်သက်လို့ အဖမ်းခဲရတဲ့ ဦးညွန့်တင်၊ ရဲမင်းကြီးဟောင်းဦးမောင်မောင်၊ မစ္စတာ စမစ်၊ ဖဆပလအတွင်းဝန် သခင်မောင်မောင်လေး၊ စသူတို့ ဖြစ်ကြပါတယ်။ တခြားမမှတ်မိတော့တာတွေ အများကြီးပါ။ ထောင်ထဲရောက်တော့ ကျွန်တော်ကလည်း မေမြို့ကဆိုတော့ သခင်အုံးဖေတို့က ဂရုတစိုက် ရှိကြတယ်။ ဘာမှ အားမငယ်ဘို့ အားပေးစကားပြောပြီး သူတို့မှာရှိတဲ့ မုံ့ပဲသရေစာတို့ကို ချကျွေးပါတယ်။ တတ်နိုင်သလောက် ကူညီကြပါတယ်။
ဒီလို ကူညီတာဟာ ကျွန်တော်တယောက်ထဲမှ မဟုတ်ပါဘူး။ လူသစ်ရောက်လာရင် ဘယ်မြို့ ဘယ်နယ်ကဖြစ်ဖြစ် ဆီးကြိုအားပေး၊ တတ်နိုင်သလောက်ကူညီ၊ ပြင်ပလောကအကြောင်း သတင်း မေးကြတာဟာ ကျွန်တော်တို့လို ထောင်ထဲရောက်နေတဲ့ အထိမ်းသိမ်းခံ၊ နိုင်ငံရေးသမားတွေရဲ့အလုပ် ပါ။ အရင်ရောက်နှင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ၁၉၆၅ခု သံဃအရေးအခင်းမှာ တနိုင်ငံလုံးဖမ်းဆီးခံရတဲ့ အထဲက တချို့ပါ။ သူတို့ ရောက်ခါစက ဒုက္ခရောက်ကြလို့ မျက်ရည်တောင် ကျကြပုံကို ပြောပြကြပါ တယ်။ ဟုတ်မှာပါ။ ဒီလူတွေဟာ တချိန်က နိုင်ငံရေးနယ်မှာ ကြီးကြီးမားမားတွေ မဟုတ်လား။ အမတ်တွေ၊ ၀န်ကြီးတွေ၊ ၀န်ကလေးတွေ၊ မြို့မျက်နှာဖုံးတွေ မဟုတ်လား။ ရောက်စ သူတို့ ခံစားရတာနဲ့ ပါတ်သက်လို့ ရွှေမန်းတောင်သို့ သီချင်းအသွားကို စာသားထိုးပြီး စပ်ဆိုထားတာ ရှိခဲ့ပါတယ်။
ကျွန်တော်ဟာ အပြင်ဂါတ်အချုပ်မှာ တလနီးပါး နေခဲ့ရပါတယ်။ အဲဒီကနေ ထောင်ထဲပို့လိုက်တာ ပါ။ ထောင်ထဲရောက်တော့ စိတ်ထဲမှာ လွတ်သလောက်နီးပါး ဖြစ်သွားမိပါတယ်။ ဘာကြောင့်လဲဆို တော့ အပြင်အချုပ်မှာနေရတာ စိတ်ကျဉ်းကြပ်ပါတယ်။ အချုပ်ထဲမှာ အမှုနဲ့ပါတ်သက်လို့ ကြီးကြီး မားမား မရှိပါ။ အထူးသဖြင့် ညနေညနေ ရောက်လာရင်၊ ရပ်ကွက်ကနေ မူးပြီး ရန်ဖြစ်တာတို့၊ တယောက်နဲ့တယောက် စကားများပြီး ဓါးနဲ့ခုတ်လို့ ၀ိုင်းဖမ်းပြီး ပို့တာတို့၊ ခိုးမှု၊ လုယက်မှု လောက်သာ ရှိပါတယ်။ ကျွန်တော်ကတော့ အေးအေးသမား ဆူဆူပူပူသံ မကြားချင်တဲ့သူဆိုတော့ နေရတာ သိပ်မနိပ်ဘူးလေ။ ရဲတွေကလဲ ကျွန်တော့်ကို ကြောက်ကြတယ်။ ဘာပြုလဲဆိုတော့ ဖမ်းပြီးထည့်ထား တာက M.I.S စစ်စုံစမ်းထောက်လှမ်းရေးကကိုး။ ဒီလူကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပါနဲ့၊ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ပါစေနဲ့။ တခုခုဖြစ်ရင် ခင်ဗျားတို့တာဝန်ဘဲလို့ ပြောပြီးထားခဲ့တော့ ကျွန်တော့်ကို ဒိပြင်သူနဲ့စာရင် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ တွေ့ရပါတယ်။
၁၉၆၇ ဆန်ရှားပြီး တပြည်လုံး ဒုက္ခရောက်ကြတော့ အဲဒီ ဂယက်ဟာ ထောင်ထဲမှာလဲ ရိုက်ခတ် လာပါတယ်။ အကျဉ်သားတွေ ထမင်း၀၀မစားရတဲ့ ဒုက္ခတွေ၊ ထောင်ထဲမှာ လူလိုသူလို မထားလို့ အဖျားအနာထူပြောလာတာတွေ၊ နာမကျန်းဖြစ်တဲ့ အကျဉ်းသားတွေကို ထိထိရောက်ရောက် ဆေးဝါးမကုသပေးတာတွေ၊ ထောင်ဆရာဝန်ပေါ့လျော့မှုကြောင့်မို့ အသေအပျောက် များပြားလာတာ တွေ၊ အဲဒီလို အထွေထွေ မကျေနပ်မှုတွေက ထောင်ဆူဖို့အတွက် အကြောင်းရင်းတွေ ဖန်တီးလာတာပါ။ နောက်ဆုံးကောက်ချက်ချလိုက်ရင် ထောင်အာဏာပိုင်တွေရဲ့လူမဆန်တဲ့ လုပ်ရပ်တွေ၊ နှိပ်ကွပ်မှုတွေကြောင့်မို့ အရေးအခင်း ပေါ်လာရတာပါ။
ဒေါက်တာဖေဇော် အလိုမရှိ။ လူသတ်သမားဖေဇော် အလိုမရှိ။ ထမင်းပုံစံအပြည့်ရရေး ဒို့အရေး၊။ နာမကျန်းအကျဉ်းသားများ ကောင်းမွန်အောင် ကုသပေးရေး ဒို့အရေး စသဖြင့် ည ၇ နာရီလောက်မှာ အောက်ထပ်က အကျဉ်းသားတွေဆီက အော်သံ ကြားရပါတယ်။
အောက်ထပ်အခန်းတွေက တခန်းပြီးတခန်းဆိုသလို အော်လိုက်ကြတာ ကျွန်တော်တို့ အပေါ်ထပ် က နိုင်ငံရေးသမားတွေလဲ ထောက်ခံတဲ့အနေနဲ့ လိုက်ပြီးအော်ကြပါတယ်။ နောက်တနေ့မနက်လဲ ၆ နာရီ ၇ နာရီလောက်မှာ စပြီး အော်ကြပါတယ်။ ၆ နာရီ အခန်းတံခါးလာဖွင့်တော့၊ ၀ါဒါတွေဟာ ဖွင့်ပြီး ပျောက်ကုန်ပါတယ်။ အဲဒီလို ဘယ်နားမှာမှ အစောင့်တွေ မရှိတော့ ကျွန်တော်တို့ထဲက ရဲဘော်တချို့တံခါးဖွင့်ပြီး အခန်းတွေ တခန်းပြီးတခန်းကူး၊ တိုက်တွေထဲ သွားတွေ့၊ ဆွေးနွေးချင်တဲ့ ရဲဘော်များနဲ့ ဆွေးနွေးတိုင်ပင်နဲ့၊ ထောင်ထဲ အတော်ကို လွတ်လပ်သွားတယ်။ ဘယ်နေရာမှာမှ အစောင့်ဆိုတာ မတွေ့ရပါဘူး။ အဲဒီနေ့က တနေ့လုံးလဲအော်ကြ ပြုကြတာ ပါဘဲ။ သူတို့ တောင်ယာဘုတ်တို့၊ လက်သမားတို့ စသဖြင့်ပေါ့ ဘာကိုမှ အလုပ်မခိုင်းဘူး။ ထောင်ကျ အကျဉ်းသားတွေလဲ စည်းစည်း လုံးလုံးနဲ့ပဲ တောင်းဆိုတိုက်ပွဲ ၀င်ကြပါတယ်။
(ကျွန်တော့စိတ်ထင်) သုံးလေးရက်လောက် ကြာမယ်ထင်ပါတယ်။ နောက်ဆုံးရက်ကြတော့ နံနက် ၆ နာရီထိုးပေမယ့် အခန်းလာမဖွင့်ပေးဘူး။ ၇ နာရီ ၈ နာရီလဲ လာမဖွင့်ဘူး။ ၉ နာရီလောက်မှာတော့ လက်နက်အပြည့်အစုံနဲ့ (တကယ့်ရန်သူနဲ့တိုက်မဲ့ပုံစံမျိုးနဲ့) အင်အားခန့်မှန်း သုံးရာမှငါးရာလောက် ထောင်ထဲဝင်လာပြီး၊ အဆောက်အဦးတွေကို လက်နက်တွေနဲ့ ချိန်ရွယ်လိုက်တယ်။ မရှေးမနှောင်းမှာပဲ မန္တလေးထောင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးမောင်မြင့်ဟာ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး ၀ါဒါ ခြံရံပြီး ကျွန်တော်တို့ အခန်းတွေဆီ ရောက်လာပါတယ်။
တခန်းဝင်တခန်းထွက်နဲ့ သူပြောပုံက မင်းတို့အော်ကြအုန်းလေ၊ မင်းတို့ လိုချင်တာပေးမလို့ ရောက် လာပြီ၊ ဘာညာနဲ့ ဆူပူ ကြိမ်းမောင်းပါတော့တယ်။ မင်းတို့ထဲက ခေါင်းဆောင် ဘယ်သူလဲ ပြော။ ဘယ်သူ စအော်တာလဲပြော။ အဲဒီလို တကယ့် စစ်တိုက်ထွက်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့နေတဲ့ နေရာတွေကို ၀ိုင်းထားပြီး ချိန်းခြောက် ဟိန်းဟောက် ပါတယ်။ အဲဒီလို တခန်းပြီးတခန်း ဟောက်လာ လိုက်တာ ကျွန်တော်တို့ အခန်းကိုရောက်လာပါတယ်။ ကျွန်တော်တို့ အခန်းက သူ့ထက်ကြီးတဲ့ လူကြီးတွေ ဆိုတော့ တမျိုးဖြစ်သွားတယ်။ အသံကတော့ မာလျက်ပဲ။
ထောင်တွင်းအရေးအခင်း ဖြစ်ပွါးပြီးနောက်၊ အဲဒီနောက်ဆုံးနေ့မှာပဲ အခန်းအသီးသီး၊ တိုက်ခန်း အသီးသီးက သူတို့ အမာခံခေါင်းဆောင်လို့ ယူဆတဲ့ သူတွေကို ခေါ်ထုတ်သွားပြီး နယ်ထောင်တွေဆီ ဖြန့်ခွဲလိုက်ပါတယ်။ ကျွန်တော်တို့ အဆောင်က အလုပ်သမားအစည်းရုံးက ကိုသန်းမြင့်၊ သခင်အုံးဖေ၊ ဗိုလ်မှူးသန်းအောင်၊ အခန်း ၃ က ဒေါက်တာညီညီ နဲ့ ကျန်အဆောင်တွေက ရဲဘော်တချို့ဖြစ်ပါတယ်။ ကျန်တဲ့ ထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ ထောင်ကြီးချုပ်လို့ခေါ်တဲ့ အဆောက်အဦးတခုမှာ စုစည်းထားလိုက်ပါတယ်။ ဒီထဲမှာ သံဃာတော်တွေလည်း ပါတယ်။ ထောင်ကျတွေနဲ့ ခွဲထုတ်လိုက်တဲ့ သဘောပါပဲ။
ထောင်ကြီးချုပ်က နှစ်ထပ်ဆောင်ပါ။ ဘယ်အဆောက်အဦနဲ့မှ တွဲမထားတဲ့ သီးခြားဆောင်ပါ။ အုတ်နံရံ လေးဘက်ကာထားတယ်။ အတွင်းမှာ အတွင်းမှာ ဘော်လီဘောကစားဖို့နဲ့ ရေဒီယိုနားထောင် ဖို့ အခွင့်အရေး ပေးထားတယ်။ စာအုပ်စာတမ်းတချို့၊ သတင်းစာ အိမ်ကိုမှာပြီး ဖတ်ခွင့်ပေးတယ်။ ပေးတယ်ဆိုတာလဲ အများဆုံးစာအုပ်ကတော့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်များပါတယ်။ ဒါတွေက ထောင်တွင်းတိုက်ပွဲရဲ့ရလဒ်တွေပါ။
ဒီနေရာမှာ သတင်းစာနဲ့ပါတ်သက်လို့ ရေးစရာလေးတခု သတိရလို့ ရေးရအုန်းမယ်။ ကျွန်တော်တို့ အဆောင်ကြီးမှာ နေတုန်းကလဲ သတင်းစာ ဖတ်ရတယ်။ ဖတ်ရပုံက ကျွန်တော်တို့ကို အကောင်းပေးတာ မဟုတ်ဘူး။ အိမ်သာသုံးစက္ကူအဖြစ်နဲ့ သတင်းစာကို `ရှစ်စိပ်စိတ်ပြီး ပေးတာ။ ဒါကို ကျွန်တော်တို့က မသုံးသေးပဲ အားလုံးကို ပြန်စဉ်ပါတယ်။ ပြီးတော့ ဒေါင့်လေးတွေကို ထမင်းလုံးနဲ့ ကပ်ပြီး သတင်းစာ မူလအတိုင်းဖြစ်အောင် ဖန်တီးယူရပါတယ်။ သတင်းစာတွေက တပါတ် ၈ ရက်လောက် သတင်းစာတွေ ပါသလို တချို့ဆိုရင် အစဉ်အတိုင်းမဟုတ်ပဲ ရောပြီး အခန်းတွေကို ပေးတာ။ ဒါကို ကျွန်တော်တို့က ဒို့အခန်းမှာတော့ ဘယ်နေ့ရက်စွဲနဲ့ အပိုင်းပြတ်တွေပါတယ်။ မင်းတို့အခန်းမှာ ဒီက အပိုင်းနဲ့တူတဲ့ သတင်းစာရွက်တွေ ရှိလား။ အဲဒီလိုမေးပြီး တောင်းပြီး သတင်းစာ ဖြစ်အောင် ဖတ်လို့ရအောင် လုပ်ရပါတယ်။
ကျွန်တော်တို့ ထောင်ထဲမှာ အသိချင်ဆုံးဆန္ဒက အပြင်လောကက သတင်းစကားတွေပါ။ ဒါကြောင့်မို့ သတင်းစာ ဒါမှမဟုတ် လောလောလတ်လတ် ရောက်လာတဲ့လူတွေဆီက အပြင်မှာ ဘာထူးသလဲ။ ဘာသတင်းများကြာသလဲ စသဖြင့်ပေါ့။ အပြင်လောကရဲ့အခြေအနေကို သိပ်သိချင်ကြ ပါတယ်။ တကယ်တော့ ထောင်ဆိုတာ အပြင်လောကနဲ့ ခြားထားတဲ့ သီးခြားကမ္ဘာလေးတခုပါ။ မျက်စိပိတ်၊ နားပိတ်၊ စိတ်ဓါတ်ကျ ရောဂါရ။ နောက်ဆုံး ရုပ်ရောနာမ်ပါ ချွတ်ခြုံကျ၊ လူလုံးမလှအောင် နှိပ်စက်ညှင်းပမ်းတဲ့ နေရာတခုပါ။
ထောင်ကြီးချုပ်မှာ ကျွန်တော်တို့ ၁ နှစ်ခွဲနီးပါး နေခဲ့ရပြီးနောက်၊ အခုလို အင်းစိန်ကို ပို့လိုက်တာ ပါဘဲ။ ထောင်ထဲမှာ နေစဉ်တုန်းကရင်း၊ တနေ့မှာ လေဒီယိုထဲက သတင်းတပုဒ် ကြားလိုက်ရပါတယ်။ အဲဒါကတော့ ကိုကိုးကျွန်းနဲ့ ပါတ်သက်တဲ့ သတင်းပါ။ အလျား ၇ မိုင်၊ အနံ ၃ မိုင်ရှိတဲ့ ကျွန်းအကြောင်းပါ။ ရန်ကုန်မြို့ရဲ့အမှတ် (၁၃)နယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း။ ကျွန်းမှာ ဘုန်းကြီးကျောင်းတကျောင်း၊ မူလတန်း စာသင်ကျောင်းတကျောင်း၊ ပပကဆိုင်၊ အုံးဆံကြိုးကျစ်စက်ရုံ၊ လေယဉ်ကွင်း စသဖြင့်ပေါ့ သတင်းထဲမှာ ကြားလိုက်ရပါတယ်။ ဒီသတင်းလဲကြားရော ကျွန်တော်တို့ ရဲဘော်တွေကြားမှာ အလိုလို သတိထားမိလိုက်တာက ဒါဒို့ နိုင်ငံရေးသမားတွေကို ကျွန်းပို့ဖို့ ဖြစ်နိုင်တယ်လို့ တွက်ကြပါတယ်။ ဘာကြောင်မို့ တွက်မိကြသလဲဆိုတော့ ရန်သူဟာ တခုခု မကောင်းတာ လုပ်တော့မယ်ဆိုရင် လက်ဦးဆုံးပြည်သူတွေကို လိမ်လည်လှည့်ဖြား လုပ်တတ်လို့ပါဘဲ။ လူကြားကောင်း သူကြားကောင်းအောင် အပေါ်ယံ သနပ်ခါးလိမ်းပြရတာပါ။ ဒါကို ကျွန်တော်တို့ နိုင်ငံရေးသမားတွေက သူတို့ ဒီလိုရေးရင်၊ ပြောရင် ဆန့်ကျင်ဘက် အနေအထားရ တခုခုဖြစ်တော့မယ်၊ တခုခု ကြံနေပြီဆိုတာ နိုင်ငံရေးအရ သိနေကြပါပြီ။
ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေ ဘော်လီဘောပုတ်ရင် မင်းတို့ ဒို့ကို နိုင်အောင်ပုတ်၊ မပုတ်နိုင်ရင် မင်းတို့ကို ကိုကိုးကျွန်းကို ခြေလျင်လျှောက်ခိုင်းမယ်လို့ နောက်ပြောင် ကျီစယ်ကြပါတယ်။

အပိုင်း(၁) ပြီး။

မမေ့နိုင်တဲ့ပုံရိပ်များ (၂)
ကျွန်တော် အင်းစိန်ထောင်ကို ရောက်တဲ့အကြောင်း အထက်တနေရာမှာ ရေးခဲ့ပါတယ်။ အဲဒီမှာ မန္တလေးထောင်တွင်းတိုက်ပွဲ ဖြစ်ပွါးပြီးကတည်းက ခွဲခွါသွားကြရတဲ့ ရဲဘော်တွေ တချို့ပြန်ဆုံတွေ့ကြရ တော့ အားရ၀မ်းသာ နှုတ်ဆက်ကြ စကားတွေပြောလိုက်ကြနဲ့ပေါ့။ ဒါကို အာဏာပိုင်တွေက မလိုလား ပါဘူး။ ဆဲဆို ကြိမ်းမောင်းပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ အကျဉ်းသားတွေ ရွှင်ရွှင်ပြပြနဲ့ ရန်သူကို ဘာမထီအနေအထားနဲ့ စိတ်ဓါတ်မကျပဲ ကြံ့ခိုင်အောင် နေပြတာကို သူတို့ မျက်စိ စပါးမွေး စူးကြပါတယ်။ စိတ်ဓါတ်ကျ၊ ကျန်းမာရေးမကောင်း၊ သူတို့ဆီမှာ မဟုတ်က ဟုတ်က မျက်နှာလိုအားရ သတင်းပေး၊ ဒီလိုဟာမျိုးကို လိုလားတာပါ။ ဒီလိုပုဂ္ဂိုလ်တွေလဲ ရှိခဲ့တာကိုး။ ဒါပေမဲ့ အနည်းစုပါ။
အင်းစိန်ထောင်ကို ရောက်လာကြတဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသမားတွေဟာ နယ်စုံ၊ ထောင်စုံ ကပါ။ အထက်ဗမာပြည် မြစ်ကြီးနားထောင်၊ ဗန်းမော်ထောင်၊ ရွှေဘိုထောင်၊ မုံရွာထောင်၊ မြင်းခြံထောင်၊ မန္တလေးထောင်၊ သရက်ထောင် စသဖြင့် ထောင်အသီးသီးကပါ။
အင်းစိန်ထောင်မှာ သိတ်မကြာလိုက်ပါ၊ ရန်သူက သူတို့လိုချင်တဲ့ ပို့ချင်တဲ့ နိုင်ငံရေးသမားတွေ စုံလောက်ပြီလို့ထင်ပါတယ်။ ရက်ပေါင်း ၂၀ ကျော် ၂၅ ရက်လောက်ပဲ ကြာမှာပါ။ ကျွန်တော်တို့ မန္တလေးထောင်မှာနေစဉ်က ကိုကိုးကျွန်းကို ခြေလျင်ပို့မယ်လို့ တယောက်နဲ့တယောက် ပြောခဲ့ကြတာဟာ အခုတော့ တကယ်ပဲ ဆိုက်ရောက်လာပါတယ်။
၁၉၆၉ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်ည တော်လှန်ရေးကောင်စီက ရန်ကုန်ကျိုက္ကစံကွင်းမှာ ပြည်ထောင်စုပွဲတော် ခြိမ့်ခြိမ့်သဲ ကျင်းပနေတယ်။ ပြည်သူတွေကို ဒီပွဲလမ်းသဘင်နဲ့ လှည့်ဖျားပြီး ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို ကျွန်းပို့ဖို့ စီစဉ်တာပါ။ ရန်သူဟာ သူတို့ မဟုတ်တာလုပ်တာကို ပြည်သူတွေသိမှာ သိတ်စိုးရိမ်ပါတယ်။ တနည်းပြောရရင် သိတ်ကြောက်ပါတယ်။ ဒါကြောင့် လူသိမခံရဲပါ။ ဖေဖော်ဝါရီလ ၁၁ ရက် ညနေထမင်းစားပြီး ၄ နာရီလောက်မှာ ကျွန်တော်တို့တတွေကို မိမိရှိ ပစ္စည်းအားလုံးကို သိမ်းပြုထားကြဖို့၊ လာခေါ်ရင် အဆင်သင့် ဖြစ်နေအောင် ကြိုတင်ပြောထား ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လဲ ဘယ်ပို့မယ်ဆိုတာ မသိသလို သိသလိုတော့ စိတ်ထဲမှာ ဒွိဟဖြစ်နေကြပါတယ်။ လွှတ်တာတော့ မဖြစ်နိုင်ဘူး၊ တနေရာကို ပို့ဖို့ပဲ ဖြစ်မယ်၊ ပို့ရင်လဲ ကိုကိုးကျွန်း ပို့မှာက ပိုဖြစ်နိုင်တယ် စသဖြင့် ထင်ရာမြင်ရာ ပြောဆိုနေကြတယ်။ ထောင်ပြောင်းလာစဉ်က ကိုယ်စီကိုယ်စီ မိမိအ၀တ်အစားကလေးတွေကို သေသေချာချာ ထုပ်ပိုးပြင်ဆင်ကြရင်း ဆေးလိပ် သောက်သူသောက်၊ စကားဖောင်ဖွဲ့ပြောနေကြသူပြောနဲ့ပေါ့။ ဒီလိုနဲ့ ၉ နာရီ အခါတိုင်း အိပ်ချိန်ရောက်လဲ လာမခေါ်သေး၊ ၁၀ နာရီ ၁၁ နာရီရောက်လာလဲ လာမခေါ်သေးပါ။ ကျွန်တော်မှတ်မိတာတော့ ၁၂ နာရီ လောက်မှာ လာခေါ်တယ် ထင်ပါတယ်။ လာခေါ်တော့ နှစ်ယောက်စီ တန်းပြီး ထိုင်ခိုင်းပါတယ်။ မိမိပါလာတဲ့ အထုတ်ကိုယ်စီနဲ့ ထိုင်နေကြရတယ်။ ကျွန်တော့ စိတ်ထဲကတော့ မီးဘေး၊ လေဘေး၊ ရေဘေး ဒုက္ခသည်၊ စစ်ပြေးဒုက္ခသည် တွေလဲ ဒီလိုနေမှာပဲလို့ ခံစားရပါတယ်။ အမှန်တော့ ကျွန်တော်တို့ တတွေဟာ နိုင်ငံရေးဒုက္ခသည်တွေပါ။ ကျွန်တော်တို့ကို နှစ်ယောက်တတွဲ၊ တယောက် လက် တယောက်ကိုင်ခိုင်းပြီး၊ ကျန်လက်တဖက်က မိမိပါလာတဲ့ အ၀တ်ထုတ်ကို ဆွဲရပါတယ်။
ဒီလိုနဲ့ ထောင်ဗူးဝရောက်တော့ အပြင်မှာ မှန်လုံကား လေးငါးစီးလောက် ရပ်ထားတာ တွေ့ရတယ်။ ကားမှန်တွေကို အပြင်က မြင်မှာစိုးလို့လား၊ ဒါမှမဟုတ် အထဲက ကျွန်တော်တို့က အပြင်ကို ကြည့်ရင် မမြင်နိုင်အောင်လားတော့ မပြောတတ်ပါ။ ကားမောင်းတဲ့သူ ရှေ့က မှန်ကလွဲလို့ အားလုံးကို ထုံးသုတ်၊ တချို့စာရွက်တွေနဲ့ ကပ်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့အားလုံးလဲ ကားပေါ်ရောက်ရော ကားစထွက်ပါတယ်။ ရန်သူက မမြင်နိုင်အောင် ထုံးသုတ် စက္ကူကပ်ထားပေမဲ့ ကားမောင်းသမားရဲ့ရှေ့မှန်ကနေ ကျွန်တော်တို့ လမ်းဘေးဝဲယာကို ကြည့်မိအောင် ကြည့်ကြပါတယ်။ လမ်းကွေ့တိုင်း၊ လမ်းဆုံတိုင်းမှာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ ၄-၅ ယောက်တတွဲ စောင့်နေတာ တွေ့ရတယ်။
လမ်းသွားလမ်းလာ အချို့ကတော့ မြို့လယ်ခေါင်မှာ ဟိုနား ဒီနား တွေ့ရတယ်။ မြို့လယ်ခေါင်ကို ကားဖြတ်မောင်းတော့ လူသူ တဦးစ နှစ်ဦးစ ကြိုးကြား ကြိုးကြားတွေ့ရတာကလွဲလို့ ပကတိ တိတ်ဆိပ် ငြိမ်သက် နေတာတွေ့ရတယ်။ ဒါကို စဉ်းစားကြည့်ရင် ဒီကိစ္စဟာ လူမသိုသမသိ ခိုးကြောင်ခိုးဝှက် လုပ်ကြောင်းပေါ်လွင်ပါတယ်။ ကားပေါ်က နှစ်ယောက်တတွဲ ဆင်းတော့ ဘေးဘက်ဝဲယာမှာ စစ်သား တွေ နေရာယူထားပြီး လူသွားစရာ လမ်းကလေးနည်းနည်းပဲ ပေးထားပါတယ်။ ဆိပ်ကမ်းကတော့ ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်း လို့ သိရတယ်။
ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို သင်္ဘောဝမ်းပိုက် (ကုန်ပစ္စည်းတွေ ထားတဲ့နေရာနဲ့ တူပါတယ်) မှာထားပါတယ်။ အပေါက်ဝမှာလဲ ဂျီ ၃- ဂျီ ၄ ဆိုတဲ့ သေနတ်တွေနဲ့ ချိန်ထားကြတယ်။ ကျွန်တော်တို့ကတော့ မတွေ့တာ ကြာတဲ့လူတွေ ပြန်တွေ့ကြရတော့ ၀မ်းသာကြတာပေါ့။ တယောက်ကို တယောက် နှုတ်ဆက်ကြ၊ စကားစမြည်ပြောကြ၊ အူလှိုက်သဲလှိုက် ပွေ့ဖက်နှုတ်ဆက်ကြနဲ့။ ဒီအထဲမှာ မသိ မမြင်ဘူးတဲ့ ရဲဘော်တွေလဲပါတယ်။ အရင်က ထောင်မှာ အတူတူနေရပြီး အကြောင်းအမျိုးမျိုး ကြောင့် ခွဲခွါနေခဲ့ကြရတဲ့ သူတွေ ပြန်တွေ့ကြတာလဲ ရှိပါတယ်။ အားလုံး (၂၃၃) ယောက် ဖြစ်ပါတယ်။
ဒီလို စကားစမြည်တွေ ပြောကြ နှုတ်ဆက်ကြနဲ့ ၀မ်းသာလိုက်ကြတာ ရန်သူ့ လက်ထဲမှာပါလား ဆိုတဲ့ အသိတောင် လွတ်သွားတယ်။ အသက်အရွယ်ကတော့ မျိုးစုံပဲ။ အသက် ၆၀ ကျော် ၇၀ တွေပါသလို၊ အသက်၁၄-၁၅ နှစ်အရွယ်လဲပါတယ်။ အင်းစိန်ထောင်က ပါလာတဲ့ ရဲဘော်လှဌေးဆိုရင် သူ့ဦးလေးကို ဖမ်းလို့ သူပါ ဖမ်းတဲ့အထဲ ပါလာတာ။ ထောင်ထဲရောက်တော့ ၁၀ နှစ်သားလောက်ပဲ ရှိအုန်းမယ်။
အင်းစိန်ထောင်က ဦးလေးဦးအုန်းမောင်(လေထီး)၊ ဆရာရာဂျန်၊ စာရေးဆရာများဖြစ်ကြတဲ့ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်၊ ကအစ သခင်ခင်အောင်၊ ကေတီဦးကျော်တင့်၊ ပမညတ ဗိုလ်တင့်တယ်၊ ဗိုလ်မျိုးထွတ် တို့တွေ့ရတယ်။ ကျွန်တော်တို့ကို ပို့တဲ့အထဲမှာ လက်ဝဲအယူအဆ ရှိသူတွေများတယ်။ ဘာမှ မယ်မယ်ရရ မရှိသူတွေလဲပါတယ်။ အဲဒါကတော့ မန္တလေး ၂၆ ဘီလမ်းမှာ ဆေးတိုက်ဖွင့်ထားတဲ့ ဒေါက်တာ ကူးမားဖြစ်တယ်။ သူလိုပုဂ္ဂိုလ်မျိုးက ၃-၄ ယောက်လောက် ပါတာပါ။
ဒီလိုနဲ့ သင်္ဘောပေါ်မှာ စကားကောင်းနေကြတုန်း ရုတ်တရက် စက်သေနတ်နဲ့ ပစ်လိုက်သလို အသံမျိုး ပေါ်ထွက်လာပါတော့တယ်။ စကားသံတွေဟာ ချက်ချင်းဆိုသလို ရပ်သွားပြီး၊ တချို့ခေါင်းငုံ့ထားတဲ့သူ ငုံ့ထား၊ တချို့လဲ ပစ်လှဲလိုက်သူပစ်လှဲ၊ တချို့လဲ လှည့်ပတ်ပြီး မျောက်ခုံသလို ၃-၄ ပတ်ခုန်ပစ်၊ ဂျွမ်းထိုးပစ်တွေ ဖြစ်ကုန်တယ်။ ကျွန်တော်ထင်တာက ကျွန်တော်တို့ကို သင်္ဘောဝမ်းပိုက်ထဲ ထည့်ပြီး သေနတ်နဲ့ပစ်သတ်ပြီလို့ ထင်တာကိုး။ အတော်ကလေး ကြာတော့မှ တယောက်ကို တယောက်ကြည့်ပြီး ဘာမှ မဖြစ်ကြတော့မှ ဟာ ဒါ သင်္ဘောကျောက်ချထားလို့ ကျောက်တင်တဲ့ အသံပဲလို့ စဉ်းစားမိကြပါတယ်။ ကျွန်တော်တို့ကို ထားတဲ့အခန်းက သင်္ဘောဦးပိုင်းမှာဆိုတော့ ကျောက်သံကြိုးနဲ့ သင်္ဘောကိုယ်ထည်နဲ့ ပွတ်တိုက်တဲ့အသံက တကယ့်ကို စက်သေနတ်ပစ်သံနဲ့ တူပါတယ်။
သင်္ဘောကျောက်တင်ပြီး ဆိပ်ကမ်းက ထွက်ခွါတာ ၂ နာရီ ၃ နာရီလောက် ရှိမယ်လို့ ခန့်မှန်းမိ ပါတယ်။ အခန်းက ကျဉ်းကျဉ်း အလုံပိတ်ထားတော့ အသက်ရှူမ၀ပါ။ ခေါင်းပေါ် လေပေါက်ကလေးက လေလွှတ်ထားပေမဲ့ တချို့လဲ ပျက်လို့ လေကောင်းကောင်း မရကြပါ။ ပူအိုက်လာပါတယ်။ ကျွန်တော်တို့က အစောင့်တွေကို လေရအောင် လေပေါက်ဖွင့်ပေးဖို့ ပြောတာ မရပါ။ ဒီလိုနဲ့ ကျွန်တော်တို့ သင်္ဘောဟာ ထွက်လာလိုက်တာ တဖြေးဖြေးနဲ့ အမှောင်ကနေ အလင်းရောင်မြင်လာ ရပါပြီ။ ဒါလဲ သင်္ဘောကိုယ်ထည်မှာ ဖောက်ထားတဲ့ သံဇကာတပ်ထားတဲ့ အပေါက်ကနေ မြင်ရတာပါ။ ငါးဖမ်းလှေကလေးတွေလည်း ခပ်ဝေးဝေးမှာ အတော်များများ တွေ့ရပါတယ်။
အလင်းရောင်ဟာ တဖြေးတဖြးနဲ့ အားပိုကောင်းလာပါတယ်။ မြင်ရတဲ့ ရေပြင်ဟာလဲ လက်ဖက် ရည်ချိုရောင်။ အဲဒီကနေ နဲနဲ ဝေးသွားတော့ ရေရောင်ဟာ တမျိုးဖြစ်သွားပါတယ်။ ကြည်သလို၊ အပြာနုရောင်လိုလိုနဲ့ နောက်လုံးဝ ပြာသွားတယ်။ ငါးဖမ်းလှေကလေးတွေလဲ စောစောက အများကြီး တွေ့တာ တဖြေးဖြေး နဲနဲသွားပါတယ်။ ဒီတော့မှ စောစောက ပူလို့ အိုက်လို့၊ အသက်ရှူမ၀လို့ ဖွင်းခိုင်းတဲ့လေပေါက်တွေကို လာဖွင့်ပေးပါတယ်။ သူတို့ စိတ်ချရတဲ့ ပင်လယ်ထဲ ရောက်ပြီကိုး။ ကမ်းမမြင် လမ်းမမြင် နေရာပါ။
ကျွန်တော်တို့ကို ပို့တဲ့ သင်္ဘောက ရန်ကုန်နဲ့ ရခိုင်ဘက်ကို သွားတဲ့ ကမ်းရိုးတန်းသွား ပြည်တော် ညွန့် သင်္ဘောလို့ နောက်မှ သိရတယ်။ သင်္ဘောပေါ်မှာ ထမင်းကျွေးတယ်။ သင်္ဘောဟာ တနေကုန်ခုတ်တာပဲ။ တဖြေးဖြေး ဝေးသွားလေလေ၊ ပင်လယ်ရေပြင်ဟာ နက်ပြာလာလေလေပဲ။ ကျွန်တော်က ကုန်းသက်သက်ကလူဆိုတော့ ပင်လယ်ဆိုတာဝေးရော၊ မြစ်တောင် ကောင်းကောင်းမြင် ဖူးတာ မဟုတ်တော့ သင်္ဘောသာစီးရတာ ပင်လယ်ရေပြင်ကြီးကို ကြည့်ပြီး သိပ်ကြောက်တာပဲ။ မတော်တဆ သင်္ဘောသာ တခုခုဖြစ်ပြီး မှောက်လိုက်ရင်တော့ ဒုက္ခပဲ ဆိုတဲ့အတွေးက လွှမ်းမိုးနေပါ တယ်။ နေရတာကလဲ သင်္ဘောဝမ်းပိုက်ထဲမှာဆိုတော့ ဖြစ်လိုက်ရင် သေဖို့တလမ်းပဲ ရှိပါတော့တယ်။
ခန့်မှန်းခြေ ညနေ ၄နာရီ ၅ နာရီလောက်လို့ ထင်ပါတယ်။ ဟိုး ခပ်ဝေးဝေးမှာ ရေပြာပြာထဲက မဲမဲသဏ္ဍန် အတန်းကလေးတခုကို လှမ်းမြင်ရတယ်။ ပင်လယ်ကူးသင်္ဘောတွေလည်း မကြာမကြာ လှမ်းတွေ့ရတယ်။ ဆေးဖြူသုတ်ထားတော့ ပင်လယ်ပြင် ရေပြာပြာနဲ့ အရောင်မှာ ထင်ထင်ရှားရှားပေါ့။ တော်တော်ဝေးဝေးကရင်း လှမ်းမြင်ရပါတယ်။ ကျွန်တော်တို့ စီးလာတဲ့ သင်္ဘောဟာ တဖြေးဖြေးနဲ့ စောစောက လှမ်းမြင်ရတဲ့ မဲမဲသဏ္ဍန်ဆီကို ဦးတည်ခုတ်မောင်းနေတာ တွေ့ရပါတယ်။ ပင်လယ်ရေပြင် ပြာလဲ့လဲ့ပေါ်မှာ မြွေလိုအကောင်တွေ၊ ခပ်လှမ်းလှမ်းမှာ ငါးလိုလို မဲမဲကြီးတွေ၊ ၀ါးတွေ၊ သစ်လုံးတွေ မြောပါနေတာလဲ တွေ့ကြရပါတယ်။
စောစောက မဲမဲသဏ္ဍန်ကြီးဟာ ပိုပြီးထင်ရှားလာပါတယ်။ ဒါကတော့ ကျွန်တော်တို့ကိုပို့မဲ့ ကိုကိုးကျွန်းပါ။ ကျွန်းဟာ ရှည်မြောမြော သဏ္ဍာန်ပါ။ ကျွန်းခြေရင်းက သောင်ပြင်ဖွေးဖွေးကိုလဲ လှမ်းမြင်ရသလို အုန်းပင်တန်းရေးရေးကိုလဲမြင်ရ၊ အဆောက်အဦလို့ထင်ရတဲ့ အရာလေးများကိုလဲ မြင်ရပါတယ်။ အဲဒီနေ့မှာ ကျွန်တော်တို့ ကျွန်းပေါ်ကို ခြေမချရသေးပါဘူး။
ကျွန်းနဲ့ မလှမ်းမကမ်းမှာ သင်္ဘောကျောက်ချ ရပ်နားပါတယ်။ သင်္ဘောပေါ်မှာ အိပ်ကြရတယ်။ နောက်တနေ့ မနက် ၉ နာရီ ၁၀ နာရီ လောက်မှာ သင်္ဘေားနားကို ကမ်းတက်ရေယဉ်ကပ်လာပြီး တခေါက်ကို လူ ၃၀-၄၀ လောက်တင်ပြီး ကမ်းကိုပို့ပါတယ်။ ဒီမှာလဲ ကျွန်တော်တို့အတွက် ရီစရာတခု ဖြစ်ခဲ့ကြရပါတယ်။ နှစ်- လ- ရက်ပေါင်းများစွာ နံရံလေးဘက် ကာထားတဲ့ အခန်းကျဉ်းကလေးတွေ၊ အချုပ်ဆောင်တွေမှာ နေခဲ့ကြရတော့ အပြင်လောကနဲ့ ကင်းကွာခဲ့ကြရပါတယ်။ ရေယဉ်ဟာ သောင်ပြင်နဲ့ ၄-၅ လံအကွာမှာ ထိုးဆိုက်ပြီး လူတွေကို ဆင်းခိုင်းပါတယ်။ ရေထဲ ပေါင်လယ် ဒူးခေါင်းလောက်တော့ ဆင်းရတယ်။ အဲဒီတွင် ကျွန်တော်တို့ စီးလာကြတဲ့ ဂျပန်ဖိနပ်တွေ ရေထဲမှာ ခြေကကျွတ်ပြီး ပေါလောမြောပါတယ်။ ဒါကို တချို့ရဲဘော်တွေ က မြင်ပြီး ဖိနပ်ရေပေါ်ပေါ်တယ်ဟ ဆိုပြီး အထူးအဆန်းလို ဖြစ်နေကြတာကို မှတ်မိနေပါသေးတယ်။
ကျွန်တော်တို့ ကျွန်းပေါ်ရောက်တော့ နှစ်ယောက်တတွဲစီထိုင်ခိုင်းပြီး ဒုဗိုလ်မှူးကြီးထွန်းရင်လော ဆိုသူက စကားပြောပါတယ်။ သူ့စကားက ခင်ဗျားတို့ ပြည်မမှာလို ဟိုဟာတောင်းမယ် ဒီဟာတောင်း မယ် မကြံနဲ့။ ခင်ဗျားတို့အတွက် အပြည့်အစုံ ပို့ထားပြီးသား ကိုယ်ထူကိုယ်ထစနစ်မို့လို့ ချက်ပြုတ်တာ ကိုတော့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ကြရမယ်။ ဒါကြောင့်မို့ ထားသလို ကောင်းကောင်းမွန်မွန် နေဖို့ ပအို့ဝ်သံဝဲ၀ဲနဲ့ မိန့်ခွန်းချွေပါတယ်။ ၁၅ မိနစ် မိနစ်၂၀ လောက် စကားပြောပြီးတော့ ထောင်ပိုင်ထောင်မှူး တွေကို အပ်ပါတယ်။ သူတို့က ဘေးက ၀ါဒါတွေ ခြံရံပြီး ကျွန်တော်တို့ နေရမဲ့ စခန်းကို ခေါ်သွားပါတယ်။
သုံးဖာလုံလောက်တော့ ဝေးမယ်ထင်ပါတယ်။ ကျွန်တော်တို့ နေရမဲ့ နေရာက စစ်တပ်အဆောက် အဦ ဘားတိုက်တွေပါ။ မျက်နှာချင်းဆိုင် ဘာတိုက် ၆ လုံးစီ၊ အားလုံး ၁၂ လုံးပါ။ ဘားတိုက်တခုကို လူ ၂၀ က ၃၀ အထိ ထားပါတယ်။ အလွတ် နှစ်လုံးလောက်ရှိပါတယ်။ နောက်ပြီး ထမင်းစားဆောင်နဲ့ တွဲလျက်ထမင်းချက်ဖိုနှစ်ခု ထားပေးပါတယ်။ အပြင်က သံဆူးကြိုးနှစ်ထပ်ကာထားတယ်။
ကျွန်းအနေအထားက တောင်မြောက်အရှည်ပြီး ကျွန်တော်တို့က ကျွန်းရဲတောင်ဘက်စွန်း အကျဉ်း ဆုံးနေရာမှာ နေရတယ်။ ပင်လယ်ပြင်ကို မျက်နှာမူထားပါတယ်။ ရေတက်ရင် အဆောက်အဦကို ကာထားတဲ့ သံဆူးကြိုးတိုင်တွေနားအထိ ရေရောက်တတ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပင်လယ် လှိုင်းလုံးကြီးတွေဟာ ကျွန်တော်တို့ နေတဲ့အဆောက်အဦကို ရိုက်ခတ်ဝါးမျိုသွားနိုင်သလိုပဲ။ ကမ်းစပ်က ကျောက်တုံးကြီးတွေဟာ တချို့ယာတဲလောက်နီးနီး ကြီးပါတယ်။ ကျောက်တန်းကြီးတွေ။ ဒီကျောက်တန်းကြီးတွေကို လေမုန်တိုင်းထန်လို့ လှိုင်းလုံးကြီးတွေ ၀င်ရိုက်လိုက်ရင် ၀ါးတပြန်လောက် မြင့်တက်သွားတတ်ပါတယ်။ လှိုင်းရိုက်သံတွေကလဲ နေ့ရောညပါ တ၀ုန်းဝုန်းနဲ့ လှိုင်းကြီးရင်ကြီးသလို အသံကလဲ ကျယ်လောင်ပါတယ်။ တကယ်ကို စိတ်ချောက်ခြားစရာပါ။
ကျွန်တော်တို့ နေတဲ့ အဆောက်အဦရဲ့ရှေ့တည့်တည့်မှာ စက်ပျက်ပြီး မီးလောင်သောင်တင်နေတဲ့ ကုန်တင်သင်္ဘောကြီးတစီးလဲ ရှိတယ်။ အလျားပေ ၉၀၀ လောက်ရှိမယ်ထင်ပါတယ်။ ပိုင်ရှင်ကတော့ ဂရိက အိုနာစစ်ခေါ်တဲ့ ကမ္ဘာကျော် သူဌေးကြီးရဲ့သင်္ဘောလို့ ပြောပါတယ်။ ဒီသင်္ဘောကြီး ဒီနေရာမှာ ဘာဖြစ်လို့ သောင်တင်နေရတယ်၊ ဘာကုန်တွေ တင်ထားတယ်ဆိုတာ နောက်ကျတော့ သိရတာက ၁၉၆၇ ဗမာပြည်မှာ ဆန်ရှားတုန်းက ရခိုင်ကနေ ဆန်တွေတင်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေကို ခုတ်မောင်းသွားရင်း ဒီကိုကိုးကျွန်းနားရောက်တော့ စက်ခန်းမီးလောင်လို့ ကမ်းကို ရသမျှ စက်အားနဲ့ အားကုန်မောင်းပြီး ကမ်းပေါ် လူလွတ်ထွက်ခဲ့ကြရတယ်လို့ သိရပါတယ်။
ရေတက်တဲ့အခါ ပင်လယ်ကမ်းနဲ့ သင်္ဘောပျက်ဟာ ကိုက် ၂၀၀ ကျော် ၃၀၀လောက်မှာရှိပြီး ရေကျသွားတဲ့အခါ ကိုက် ၁၀၀ လောက်သာ ရှိမယ် ထင်ပါတယ်။ အဲဒီအခါမှာ ရေကူးပြီး သင်္ဘောပေါ် တက်ကြည့်ရင် ရပါတယ်။ ကျွန်တော်တို့ရောက်စက သင်္ဘောရဲ့ပဲ့ပိုင်းမှာ ကြိုးလှေခါးလေးတခု တပ်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့အထဲက ရေကူးကျွမ်းကျင်တဲ့လူ ၃-၄ယောက်လောက် အဲဒီ ကြိုးလှေခါးကနေ တက်ကြတယ်။ နောက်တော့ ကျွန်းမှာရှိတဲ့ ရေတပ်က ကြိုးလှေခါးကို လာဖြုတ်သွားတယ်။ ကျွန်တော်တို့ကို မတက်စေချင်တဲ့ သဘောပေါ့။
ကျွန်တော်လည်း အဲဒီသင်္ဘောပျက်ပေါ် ရောက်ဖူးပါတယ်။ ရောက်သွားတာက ကိုယ့်အစွမ်းကြောင့် မဟုတ်ပါဘူး။ ရဲဘော်တွေရဲ့ကူညီအားပေးမှုနဲ့ပါ။ ကျွန်တော်က ရေမှ မကူးတတ်ပဲကိုး။ ဒီတော့ ရဲဘော်တွေက သစ်တုံးတတုံးကိုကိုင်ပြီး မျှောလိုက်ခိုင်းတယ်။ သူတို့က ရှေ့က ရေကူးပြီး ခေါ်သွား တယ်။ ဒီလိုနဲ့ သင်္ဘောပေါ် ရောက်ဖူးသွားတာပါ။
ကျွန်တော်တို့ ကျွန်းပေါ်ကိုရောက်စက ဒုက္ခနဲ့ စတွေ့ပုံကလေး သတိရလို့ ပြောပါရစေ။ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော်တို့ သင်္ဘောပေါ်က ဆင်းပြီး နေရမယ့်နေရာကို နေ့လယ် ၁၀ နာရီ ၁၁ နာရီ လောက် ရောက်မယ်ထင်ပါတယ်။ အဆောင်ကလေးတွေ (ဘားတိုက်)မှာ သူ့နေရာ ကိုယ့်နေရာ သတ်မှတ်ပြီး ကိုယ်ပါလာတဲ့ ပစ္စည်းတွေ နေရာချ၊ နားတဲ့လူနားပေါ့။ ဒါပေမယ့် နေ့လည်ဝမ်းရေးက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်ရမှာ။ ကျွန်တော်တို့ထဲမှာ ပါလာတဲ့ လူကြီးတွေက ချက်ချင်းစီစဉ်ကြပါတယ်။ ထမင်းချက်ဖို့ ထင်းရှာတဲ့လူကရှာ၊ ရေခပ်တဲ့လူခပ်။ တချို့လဲ ရိက္ခာဂိုဒေါင်မှာ ဆန် ဆီ ဆား ငပိ ကြက်သွန် လက်ဘက်ရည်ဖန် ချိုခြောက် စသဖြင့် သွားထုတ်ဖို့ ပြင်ဆင်တဲ့သူက ပြင်ဆင်၊ လိုက်ပြမဲ့ ထောင်ဝါဒါနဲ့ အတူ ရိက္ခာတိုက်လိုက်ကြနဲ့ပေါ့။ ဒီအထဲမှာ ကျွန်တော်လဲ ပါပါတယ်။ သွားထုတ်ရမဲ့ ဆန်က ကျွန်တော်တို့ နေတဲ့စခန်းနဲ့ ၃ ဖာလုံလောက် ဝေးမယ် ထင်ပါတယ်။
ဟိုရောက်လို့ ဂိုဒေါင်ဖွင့်လိုက်တော့ ထပ်ထားတဲ့ ဆန်အိပ်တွေပေါ်မှာ ဖုံမှုံ့လိုလို သဲတွေ လိုလိုနဲ့။ တချို့လဲ ပေါက်ကျလို့ သံမံတလင်းပေါ်မှာ ပျံ့ကျဲနဲ့၊ ကြည့်မကောင်းအောင်ပါပဲ။ ကျွန်တော်တို့လဲ ဆန်အိပ်တွေပေါ်က အမှုန်တွေကို လက်နဲ့ သပ်ချတော့ ဆန်တွေစားထားတဲ့ ပိုးချီးမှုန့်တွေ ဖြစ်နေတာ တွေ့ရတယ်။ အချိန်ကလဲ သိတ်မရှိတော့ ချက်ရအုန်းမယ်ဆိုရင် ဘိုက်က သိတ်မနေချင်ဘူး၊ တဂျုတ်ဂျုတ်နဲ့ မြည်နေ အော်နေပြီ။ ခပ်မြန်မြန်ပဲ ရဲဘော် ၃-၄ ယောက်နဲ့ ဆန်သယ်ကြတယ်။ ထမင်းချက်ဖိုရောက်တော့ သယ်လာတဲ့ဆန်ကို လူနှစ်ယောက် သုံးယောက် မရတဲ့ ဒန်အိုးထဲ သွန်ထည့်တော့ အား..လား...လား...။ ဆန်စားတဲ့ ဆင်နှမောင်းပါတဲ့ ပိုးမဲကလေးတွေဟာ ဆန်တ၀က် သူတို့တ၀က်ဆိုသလိုပဲ။ ဆန်ကလဲ အလုံးပျက်နေပါပြီ။ တခါရေဆေးလဲ ဒီပိုးတွေဟာ ကုန်တယ် မရှိဘူး။ နှစ်ခါ ဆေးလဲ မကုန်ဘူး။ ၄-၅ ထပ်ဆေးတာတောင် ဒီပိုးတွေဟာ ရှိမြဲ ရှိနေတုန်းပဲ။ ဒီလိုနဲ့ ပိုးနိုင်းချင်းနဲ့ ထမင်းချက်လိုက်ရပါတယ်။
ထမင်းတင်ပဲ အဆင်မပြေတာလားဆိုတော့ ကုလားပဲ ပြုတ်တဲ့နေရာမှာလဲ ဒီအတိုင်းပါပဲ။ ပိုးထွေးထွေးနဲ့ပါ။ ပိုဆိုးတာက မနူးတာပါ။ ရေဘယ်လောက်ထည့်ပြီး၊ မီးဘယ်လောက်ထိုးထိုး ပဲဟာ မပြုတ်ရသေးတဲ့ အတိုင်းပါဘဲ။ အချိန်ကြာလာတာနဲ့အမျှ ဘိုက်တွေလည်းဆာလာပြီး နာရီကြည့်တော့ နာရီပြန် တချက်ခွဲ နှစ်ချက်လောက် ရှိပြီလေ။ အဲဒီ နေ့လည်ကတော့ ထမင်းပိုးထွေးထွေး၊ ကုလားပဲ မနပ်၊ ငပိပုတ်ငြီဟောင်ဟောင်နဲ့ ၀မ်းဗိုက်ဖြည့်လိုက်ရပါတယ်။ ညနေစာအတွက်ကလဲ အချိန်က သိတ်မရှိတော့ ချက်ချင်းစီမံရပါတယ်။ ဆန်က ဒီဆန်၊ ပဲက ဒီပဲ၊ ငပိက ဒီဟာဘဲဆိုတော့ နဲနဲပါးပါး စားဖြစ်အောင် ထောင်အာဏာပိုင်တွေနဲ့ လူကြီးတွေ သွားတွေ့တယ်။ ရိက္ခာတွေ မကောင်းတော့တဲ့ အကြောင်း၊ ဒိထက်ကောင်းတဲ့ ရိက္ခာထုတ်ပေးဖို့အကြောင်း၊ ဒီအတိုင်းသာဆိုရင် ရောက်လာတဲ့လူတွေ သေဘို့သာရှိကြောင်း၊ ခင်ဗျားတို့ ရိက္ခာခင်ဗျာတို့ပဲ စားကြည့်ဖို့ ပြောဆိုကြတော့၊ အာဏာပိုင်တွေက သူတို့လဲ မတတ်နိုင်ကြောင်း၊ အထက်ကို တင်ပြမဲ့အကြောင်း၊ မရသေးခင်မှာ သည်းခံပြီး နေကြဖို့နဲ့ သူတို့ အတတ်နိုင်ဆုံး ကူညီမဲ့အကြောင်း။ ဒါကြောင့်မို့ လောလောဆယ် ဆန်အတွက် ဇကောတို့ ဇကာတို့ ရှာပေးမဲ့အကြောင်း၊ ပဲကိုတော့ သူတို့ရိက္ခာထဲက အတတ်နိုင်ဆုံး ထုတ်ပေးမဲ့အကြောင်း ပြောဆိုကြပါတယ်။
ထောင်အာဏာပိုင်တွေဟာ ပြည်မမှာလို မဟုတ်ပဲ၊ စကားပြောချိုပြီး မျက်နှာအမူအယာလဲ ချိုကြ တယ်။ ဒီလို နှုတ်အမူအယာ ချိုကြတာကတော့ အကြောင်းရှိပါတယ်။ ကျွန်တောတို့ဟာ နိုင်ငံရေးသမားတွေ၊ မဟုတ်ရင်မခံဘူး ဆိုတာ သူတို့ ထောင်အတွေ့အကြုံအရ သိထားကြပါတယ်။ သူတို့ အထက်က စစ်အာဏာရှင်တွေက တင်းရင် သူတို့လဲ လိုက်တင်းတယ်။ ဒါပေမဲ့ နေရာဒေသကို ကြည့်ပြီး ဆက်ဆံရတာလဲ ရှိပါတယ်။ အခုကျွန်တော်တို့ ရောက်နေတဲ့နေရာက အရပ်စကားနဲ့ ပြောရရင် သေမထူး နေမထူးတဲ့နေရာ၊ ပိုဆိုးတာက မိဝေးဖဝေး နောက်ဆုံး တိုင်းပြည်နဲ့ပါ ဝေးတဲ့နေရာ။ အားလုံးနဲ့ အဆက်ဖြတ်၊ ကိုယ်ထူကိုယ်ထစနစ်နဲ့ နိုင်ငံရေးသမားတွေကို နိုင်ငံရေးဦး ကျိုးအောင်ချိုးတဲ့ သဘောပါ။ ဒီလို စိတ်ထဲမှာ သူသူကိုယ်ကိုယ် ခံစားချက်တွေ ရှိကြတော့၊ ရန်သူအပေါ် မကျေနိုင်အောင် ဖြစ်ကြတယ်။ ဖိရင်ကြွမယ်၊ ထိရင်ချမယ် ဆိုတဲ့ စကားနဲ့ အညီပဲ။ စိတ်ဓါတ်တွေဟာ တက်ကြွ လှုပ်ရှားနေကြပါတယ်။
ထောင်ဝါဒါ(ထောင်စောင့်၊ ထောင်ပုလိပ်)တွေပြောတယ်၊ မထူးပါဘူးဗျာတဲ့-ခင်ဗျားတို့က ဘယ်နေ့ ဘယ်ရက် ပြန်ရမယ်ဆိုတာ မသိတာနဲ့၊ ကျွန်တော်တို့က အိမ်က သားမယားနဲ့ ခွဲခွါပြီး ဒီမှာ လာပြီး တနှစ်အမှုထမ်းပြီးမှ ပြန်ရမှာပါ။ ဒါပဲ ကွာပါတယ်။ ဒီကြားထဲ အိမ်က သားမယားနေထိုင်မကောင်းလို့ ရှိရင်လဲ သွားခွင့်မရှိဘူး။ ကျွန်တော်တို့ကို ဒီမရောက်ခင် တလ ကြိုတင်ပြီး သင်တန်းပေးတယ်။ လုံခြုံရေးအရလို့ ပြောတယ်။ ဘယ်ပို့မယ်ဆိုတာလဲ မသိရဘူး။ ဒီနေရာလို့သာ သိရင် ကျွန်တော်တို့ အလုပ်က ထွက်ပါတယ် စသဖြင့် ပြောဆိုကြပါတယ်။ သူတို့မျက်နှာမှာလဲ တကယ့်ကို ခံစားနေကြရတာ တွေ့ရတယ်။

အပိုင်း(၂) ပြီး။

မမေ့နိုင်တဲ့ပုံရိပ်များ (၃)
------ကျွန်တော်တို့ ရောက်ပြီး တလမပြည့်ခင်မှာပဲ ထောင်တွင်းတိုက်ပွဲငယ်ကလေး စတင်ပါတယ်။ တိုက်ပွဲက ငပိအကောင်းစားရရေး တိုက်ပွဲပါ။ ငပိပုတ်တိုက်ပွဲလို့ ခေါ်ရင်လဲ ရပါတယ်။ ရိက္ခာဂိုဒေါင် ထဲမှာ ဘယ်တုန်းကရင်း ပို့ထားတဲ့ ပစ္စည်းတွေမသိပါ။ ဆန်တွေ ပိုးထိုး၊ ပဲတွေ ပိုးထိုး၊ ကြက်သွန်တွေ ဟာ ကိုင်ကြည့်လိုက်ရင် ၁၀လုံးမှာ ၁ လုံးလောက်ပဲ စားလို့ဖြစ်တော့တယ်။ အဲဒီအထဲ ငပိဟာ အဆိုးဆုံးပါ။ စဥ့်အိုးနဲ့ထည့်ထားတဲ့ ငပိဟာ၊ ငပိရောင်မဟုတ်တော့ပဲ မဲညစ်ညစ်နဲ့၊ လောက်ကောင်တွေ ဆိုတာ အိုးနှုတ်ခမ်းကရင်း တထွေးကြီးနဲ့ပါ။ လက်နဲ့နှိုက်ပြီး တခါကော်ချလိုက်လဲ အကောင်းမတွေ့ရပါ။ နောက်ထပ်ကော်လဲ အကောင်းမတွေ့ရပါ။ ကျွန်တော်တို့ နေ့စဉ်စားသောက်နေရတဲ့ ဟင်းဟာ ပဲနဲ့ငပိပါ။ ငပိကို အားပြု အဟာရပြုနေရပါတယ်။ ကျွန်းကို ပို့လိုက်တဲ့သူတွေထဲမှာ ပြည်မထောင်မှာ အမျိုးမျိုး ညှင်းပမ်းနှိပ်စက်ပြီးမှ ပို့လိုက်ကြတာပါ။ ဒီအထဲမှာ အင်းစိန်ထောင်က အဆိုးဆုံးခံကြရတာပါ။ ရောက်လာပြန်တော့လဲ အစာအဟာရကချို့တဲ့၊ ရေစိမ်းမြေစိမ်းဆိုတော့ ပိုခံရပါတယ်။



------ဒါကြောင့် အသားဝါရောဂါတွေ ဖြစ်ကြတာများတယ်။ ဒီရဲဘော်တွေကို ကျန်းမာတဲ့ ရဲဘော်တွေက ပင်လယ်ရေချိုးထွက်ရတဲ့အခါ သားငါးဖမ်းပြီး ကျွေးကြရတယ်။ ခရုတို့ ကနန်းတို့ ရရာ မိမိတို့ တတ်စွမ်းသမျှ အဟာရ ဖြည့်ပေးကြတယ်။ ရေထွက်ခပ်ရတဲ့ ရဲဘော်ကလဲ ထောင်စောင့်အလစ်မှာ ကျွန်းစောင့်ပုလိပ်အိမ်ထောင်စုတွေ သောက်ပြီး ပစ်ထားတဲ့ အုံးသီးတွေ ပုဆိုးနဲ့ ထုတ်ယူခဲ့ပြီး၊ အဆောင်ရောက်တော့ ခွဲကျွေးကြရတယ်။ ကျွန်တော်တို့ကို အုန်းသီးမခူးရဘူးတဲ့လေ။ ခူးတာတွေ့ရင် ဒဏ်ငွေ ၅ကျပ် တပ်မယ်တဲ့။ ရီတော့ ရီစရာကြီးဘဲ။
ထောင်ထဲရောက်နေတာ ကျွန်တော်တို့မှာ ဘယ်ကလာ ပိုက်ဆံရှိမှာလဲ။ ကျွန်းရောက်စ စည်းကမ်း တွေ အမျိုးမျိုး ထုတ်ထားတယ်။ ညရေးညတာ သွားတာတောင် ဖန်မီးအိမ်ထွန်းပြီး ဘယ်သူဘယ်ဝါပါ။ အပေါ့အလေးသွားတာပါ စသဖြင့် ဒေါင့်လေးဒေါင့်မှာ ကင်းကျတဲ့ အစောင့်ကို ပြောကြရတယ်။ ပြီးတော့ စခန်းထဲမှာ ပေးထားတဲ့ ရေဒီယိုကို ဒိပြင်သတင်း နားထောင်လို့ မရအောင် ရေဒီယိုကို သစ်သားအိမ်နဲ့ ပိတ်ပြီး သော့ခပ်ထားတယ်။ လာပေးကတည်းက မြန်မာ့အသံကို ဖွင့်ပေးထားတယ်။ ကိုးနာရီကျော်ရင် လေဒီယို လာသိမ်းသွားတာပဲ။


ဂိတ်ပေါက်က အပြင်ထွက်ရတဲ့ ရေခပ်အဖွဲ့၊ ထင်းခွေအဖွဲ့၊ တောင်ယာလုပ်ရတဲ့အဖွဲ့ ရယ်လို့ ရှိပါတယ်။ တဖွဲ့ကို ၅ယောက်၊ ဒါမှမဟုတ် ၇ ယောက်လောက်၊ အဲဒီမှာ ထောင်စောင့်တယောက် လိုက်တယ်။ ရေခပ်ရတာကတော့ တဖာလုံသာသာလောက်မှာ ရေတွင်းရှိတယ်။ ရေတွင်းနဲ့ မနီးမဝေး မှာ ကျွန်းစောင့်ပုလိပ် အိမ်ထောင်စုတွေ ရှိတယ်။ ကျွန်တော်တို့က ထောင်ထဲမှာ ၃-၄ နှစ်၊ တချို့လဲ ဒိထက်ကြာကြာ နေလာခဲ့ရတာတကြောင်း၊ ပြည်မထောင်လို မိသားစုနဲ့ မတွေ့ရတာကတကြောင်းမို့ ၊ အဲဒီ ကျွန်းစောင့် အိမ်ထောင်စုတွေက ကလေးငယ်ကလေးတွေကိုတွေ့ရင်တော့၊ ကျွန်တော်တို့ထဲက အိမ်ထောင်ရှိသူတွေက အိမ်ကိုသတိရပြီး၊ ကလေးတွေကို ပွေ့ဖက်ကြ၊ စကားပြောကြ။ အိမ်ထောင်မရှိ သေးတဲ့ လူလွတ်တွေကလဲ ကိုယ့်ညီ၊ ကိုယ့်ညီမ၊ တူ တူမကလေးတွေကို သတိရပြီး စကားပြောကြ ပွေ့ဖက်ကြတာပေါ့။
မင်းတို့ ဒီမှာနေရတာ မပျင်းဘူးလား? ပြည်မကို မပြန်ချင်ဘူးလားနဲ့ပေါ့။ ဒီတော့ ကလေးတွေက ဘာပြောလဲဆိုတော့ ပြည်မကို မပြန်ချင်ဘူးတဲ့၊ ပြည်မမှာ လူတွေများ အသံတွေက တအားဆူတာတဲ့။ ဟုတ်မှာပါ။ သူတို့က ဒီမှာမွေး ဒီမှာပဲ ကြီးလာကြတော့ ကျင့်သားရနေပြီလေ။ ကျွန်တော်တို့ကသာ ရေစိမ်းမြေစိမ်းဆိုတော့ အနေရခက်တာ။ ရောက်ပြီးတပါတ်လောက်ကများ ပင်လယ်ပြင်က တိုက်လာ တဲ့လေက ညှီစို့စို့နဲ့။ နှာခေါင်းထဲမှာ အသက်ရှူမ၀သလိုပဲ။ သိပ်မကြာပါဘူး၊ ကျွန်တော်တို့နဲ့ စကား မပြောစေချင်လို့နဲ့တူတယ် ကျွန်းစောင့်ပုလိပ်အိမ်ထောင်စုတွေကို သူတို့ချည်း သပ်သပ်နေတဲ့ ကျွန်းရဲ့မြောက်ဘက်အစွန်းကို ပို့လိုက်တယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ် မလုပ်စေချင်တဲ့ သဘောပေါ့။
အာဏာပိုင်ဆိုသူတွေက နိုင်ငံရေးသမားဆိုရင် သိတ်ကြောက်တာ။ ကျွန်တော် အထက်ကပြောခဲ့ တဲ့ တိုက်ပွဲအကြောင်းကို ဖြစ်လာပုံကို ပြောပြရရင် ရိက္ခာပြသနာပါ။ စစ်သားတွေလို တရက်ကို လူတယောက်အတွက် ဆန် ဆီ ဆား ငရုတ် ကြက်သွန် နို့ဆီ လက်ဖက်ခြောက်ကအစ စကေးနဲ့ တွက်ပြီး ပေးတာ။ ဒီအချိုးကျအတိုင်း သွားသွားထုတ်ရပါတယ်။ တပါတ်တခါ နှစ်ပါတ်တခါ ဖြစ်တယ်။ တပါတ်ကို အသားဗူး တရက်ပါတယ်။ အသားမစားတဲ့သူ ပဲဗူးပေါ့။ မန္တလေးဗာကင် စည်သွတ်စက်ရုံက ထွက်တာပါ။ ဒီဗူးတွေကလဲ နှစ်ကြာနေလို့ စားမဖြစ်တော့ပါဘူး။ အမဲဗူးတဗူးကို ၃ ယောက်၊ ဒါမှမဟုတ် ၄ ယောက် တွဲစားရတယ်။ ဗူးကိုဖောက်လိုက်လို့ သွန်ချလိုက်တာနဲ့ အနံ့အသက်က မလပ်ဆတ်တော့ ဘူးဆိုတာ ပြပါတယ်။ အမဲသားတုံးဟာ ပျက်နေပါပြီ။ အရသာလဲ မရှိတော့ပါ။ ပဲဗူးဆိုလဲ ဒီအတိုင်းပဲ။ ဆီရောင်နဲ့ မဆလာနံ့ပဲ ရှိတယ်။ စားလိုက်ရင် ချဉ်နေပြီ။ ဒီတော့ ၀မ်းပျက် ၀မ်းလျှောကြတယ်။
ဆန်တို့ ပဲတို့ကလဲ မကောင်းဆိုတော့ ကျွန်တော်တို့ထဲက လူကောင်းတွေတောင် တနေ့တခြား အဟာရချို့တဲ့ပြီး ဖျားနာမှုတွေ များလာပါတယ်။ ဒီအထဲမှာ လူထုကိုစိန်ဝင်းဟာ ထမင်းချက်ရာကနေ အသက်ရှူကြပ်သလိုဖြစ်ပြီး မူးလဲသွားပါတယ်။ ကျွန်တော်တို့ထဲက ကျောင်းမပြီးသေးပဲ အဖမ်းခံရတဲ့ ဆရာဝန်လောင်းတွေရဲ့ပြုစုကုသမှုကြောင့် အခြေအနေကောင်းလာပါတယ်။ အာဏာပိုင်တွေကို ငပိအကောင်းလဲပေးဘို့ တောင်းဆိုလာတာ ကြာပါပြီ။ ရောက်ကတည်းကပါ။ ရိုးရိုးတောင်းလို့မရတော့ တိုက်ယူမှ ရမယ်ဆိုတဲ့ သဘောဖြစ်လာပါတယ်။ နေ့ရက်တော့ မမှတ်မိတော့ပါ။ ရောက်ပြီးမကြာခင် ဖြစ်တာမို့ တလအတွင်းလို့ တွက်ဆလို့ ရပါတယ်။ ကျွန်တော်တို့ထဲက လူကြီးတွေက ညှိနှိုင်းပြီး သက်ဆိုင်ရာ အာဏာပိုင်နဲ့တွေ့ တင်ပြခဲ့တာ ကြာပြီ။ ငပိမကောင်းတာလဲ ခင်ဗျားတို့ မျက်မြင်ပဲ။ ငပိကို အားပြု စားနေရတာ အဆောင်တွေမှာလဲ ဖျားကြ နာကြတာ များလာပြီ။ ဒီတော့ ဒီနေ့ကစပြီး ငပိ အကောင်း မရမချင်း သေတဲ့အထိ အစာငတ်ခံမယ်လို့ ဗူးဝသွားပြီး ကြေညာလိုက်ပါတယ်။
ဒီ အစာငတ်ခံတဲ့ အထဲမှာ ကျန်းမာတဲ့ လူကြီးပိုင်းပါသလို လူငယ်ပိုင်းကလဲ ပါပါတယ်။ အရေ အတွက်ကိုတော့ မမှတ်မိတော့ပါ။ အစာငတ်ခံတိုက်ပွဲဟာ တပါတ်ကျော် ၈ ရက်လောက်နဲ့ပဲ မိမိတို့ တောင်းဆိုချက်ကို အာဏာပိုင်တွေက လိုက်လျှောလိုက်လို့ ပြီးဆုံးသွားပါတယ်။
ကျွန်တော်တို့ ကျွန်းရောက်တာ ၁၉၆၉ ခု ဖေဖော်ဝါရီလ ၁၃ ရက်မှာပါ။ ကျွန်းမှာ ၃ နှစ်နီးပါး နေခဲ့ရပါတယ်။ ဒီ ၃နှစ်တာ ကာလမှာ ရန်သူနဲ့ ကျွန်တော်တို့အဖိနှိပ်ခံတွေကြားမှာ ဘ၀ကို ရုန်းကန်တိုက်ပွဲ ၀င်ခဲ့ရတဲ့ ရက်တွေဟာ မနည်းပါ။ ဒီရက်တွေထဲမှာ မှတ်မိသမျှ အဖြစ်အပျက်များကို ကျွန်တော်ပြောပြသွားမှာ ဖြစ်ပါတယ်။ မကြာမီ ဧပြီလကို ရောက်လာတော့မယ်။ ကျွန်တော်တို့ကလဲ မိမိတို့ရဲ့ပြည်မထောင်မှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေ ဆုံးရှုံးပြီး ရေစိမ်းမြေစိမ်း အပို့ခံထားရတာကို တနည်းနည်းနဲ့ တောင်းဆို တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ အနိမ့်ဆုံး ဖြစ်နိုင်တဲ့ဘက်ကနေ အနုနည်းရော အကြမ်းနည်းရော(အကြမ်းနည်းသုံးတာက ထောင်ထဲမှာ အမြင့်ဆုံးလို့ဆိုရင် ပိုမှန်ပါလိမ့် မယ်၊ အဲဒါက အစာငတ်ခံ တိုက်တဲ့နည်းပဲ) သုံးဘို့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြပါတယ်။ တချို့လဲ သဘောတူသလို တချို့လဲ ရန်သူကိုကြောက်ပြီး သဘောမတူ ဘေးထွက်ထိုင်တာများလဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုလဲ ရန်သူဘက်မပါသွားအောင် ရန်သူ့အကြိုက်မဖြစ်ရအောင် အတတ်နိုင်ဆုံး စည်းရုံးသိမ်းသွင်း ရပါတယ်။
ငပိတိုက်ပွဲ အောင်မြင်စွာပြီးဆုံးသွားပြီးတဲ့နောက် ကျွန်တော်တို့က အာဏာပိုင်တွေကို လာမယ့် တန်ခူးလ သင်္ကြန်မှာ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့အတွက် ရွာမက (ရွာမဆိုတာ ကျွန်းရဲ့မြောက်ပိုင်းမှာနေကြတဲ့ ၊ ကြားသိရသမျှ ရေတပ် တပ်ခွဲတခွဲလောက် ကျွန်းလုံခြုံရေး အတွက် တပ်စွဲ ထားတယ်၊ ပပကဆိုင်တဆိုင်၊ စာသင်ကျောင်းတကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းတကျောင်း၊ အုန်းဆံကြိုးကျစ်စက်ရုံ၊ လေယဉ်ကွင်း၊ မီးပြတိုက် စသဖြင့် ရှိကြောင်း သိရတယ်) ဘုန်းတော်ကြီးကို ပင့်ပြီး ကုသိုလ်လုပ်လိုကြောင်း။ ဒါကြောင့်မို့ ယခုကရင်း မိမိတို့ ရရှိတဲ့ ကိုတာထဲက သကြားနိုဆီကို စုထားပြီး မုန့်လုပ်လိုကြောင်း၊ ဒီအတွက် အုန်းသီးလိုမှာ ဖြစ်တဲ့အတွက် အုန်းသီးရလိုကြောင်း။ ကျွန်တော်တို့ထဲမှာ အုန်းပင်တက်တတ်တဲ့သူပါကြောင်း၊ ဒါကြောင့် အာဏာပိုင်များအနေနဲ့ အုန်းသီး အတွက် စီစဉ်ပေးဖို့လိုကြောင်း ပြောဆိုကြပါတယ်။
အာဏာပိုင်များကလဲ အထက်ကို တင်ပြပြီး ၃ ရက်အတွင်း အကြောင်း ပြန်မဲ့အကြောင်း ပြောပါ တယ်။ ငပိတိုက်ပွဲရဲ့အောင်မြင်တဲ့ အရှိန်ကြောင့် ကျွန်တော်တို့ တောင်းဆိုချက်များ ရရှိခဲ့တယ်။ ကျွန်တော်တို့ထဲမှာ အုန်းပင်တက်တတ်တဲ့ သူလဲပါသလို မတက်တတ်တဲ့ ရဲဘော်များကလဲ အားလုံး အတွက် ဖြစ်တာကြောင့် စိတ်ထက်သန်စွာနဲ့ တက်နိုင်အောင် ကြိုးစားတက်ကြ၊ အုန်းသီးခူးကြပါတယ်။
ကျွန်တော်ဆိုရင် ကုန်းခေါင်ခေါင် တောင်ပေါ်ဒေသကပါ။ တောင်ပေါ်မှာ ယာလုပ်ရင်း နွားကျောင်း၊ ကျွဲကျောင်းရင်းနဲ့ သစ်ပင်တက်ခဲ့ဖူးပေမဲ့၊ အခုလို ပင်လယ်ကမ်းမှာ ပေါက်ရောက်နေတဲ့ မမြင်ဘူး မတွေ့ဘူးတာ အမှန်ပါ။ သစ်ပင်ချင်း မတူပေမယ့် စိတ်ကတော့ ရဲနေပါတယ်။ အုန်းပင်က ပြောင်ချောကြီးဆိုတော့ မောလို့နားဖို့ ရာ ဒိပြင် သစ်ပင်တွေလို အကိုင်းအခက်မရှိလေတော့ ထိပ်ကို မရောက်မချင်း ပင်စည်ကို ဖက်ထားပြီး အနားယူ အားမွေးရပါတယ်။ မတက်တတ်ခင်က တော်တော် ပင်ပမ်းပါတယ်။ နောက် တက်တတ်သွားတော့လဲ အခက်အခဲ မရှိတော့ပါဘူး။ ဘယ်အရာမျိုးမဆို မတတ်ခင်မှာ ခဲရင်းပင်ပမ်းပေမဲ့ တတ်မြောက်ကျွမ်းကျင်သွားတော့လဲ ဘာမှမဟုတ်တော့ပါဘူး။
ကျွန်တော်တို့ရဲ့ရိုးရာပွဲတော်သင်္ကြန်ရက်လဲ နီးလာပါပြီ။ ခူးထား စုထားတဲ့ အုန်းသီးတွေလဲ ၂၀၀ ကျော် ၃၀၀ လောက် ရပါပြီ။ ဆန်ကို အမှုံ့ထောင်း၊ စုထားတဲ့ နို့ဆီသကြားကို အုန်းသီးကို ဂျစ်နဲ့ ခြစ် ညှစ်ရတဲ့ အုန်းရည်နဲ့ ရောပြီး ဆနွင်းမကင်း လုပ်ကြမှာပါ။ မုန့်ဖုတ်ဖို့ အိုးကင်းတွေလဲလုပ်ပြီးကြပြီ။ မုတ်ဖုတ်ဖို့ အိုးကင်းက လွယ်လွယ်နဲ့ ရကြတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောပြတဲ့ စခန်းရှေ့က မီးလောင်သင်္ဘောပျက်က အထောက်အကူရပါတယ်။
သင်္ဘောဝမ်းဗိုက်ထဲမှာ မီးလောင်ကျွမ်းထားတဲ့ ဆန်အိပ်တွေဟာ မြင်မကောင်း ရှုမကောင်းပါပဲ။ အထပ်လိုက် အထပ်လိုက် မီးသွေးတုံးတွေလို မဲနေတာ တွေ့ရတယ်။ သင်္ဘောပုံစံက ကြယ်ငါးပွင့် သင်္ဘောက ပုဂံ ပုံစံပါ။ သင်္ဘောပေါ်မှာ မီးလောင်ထားတဲ့ သံထည်ပစ္စည်း၊ မီးဟပ်ထားတဲ့ ပစ္စည်း၊ မိမိတို့ လိုရာသုံးနိုင်တဲ့ ပစ္စည်းတွေ တက်ဖြုတ်ကြတယ်။ တချို့သံကြိုးခွေတွေဆိုရင် သုံးရပါသေးတယ်။ ဒီတော့ အတီးအမှုတ် ၀ါသနာပါတဲ့ ရဲဘော်တွေက မယ်ဒလင်ကြိုး၊ တယော ဒုံမင်းကြိုးလုပ်ဖို့ အတွက် အသုံးပြုကြတယ်။ တချို့သံထည်တွေက ပင်လယ်ပြင် သားငါးရှာရာမှာ သုံးဘို့ မှိန်းတို့၊ ကျောက်တုံးကြီး တွေကို ကလော်ဘို့ တူးရွင်းတို့ လုပ်ကြတယ်။
ကျောက်တုံးကြီးတွေကို လှန်လိုက်ရင် ခရုတို့၊ ဂနန်းတို့၊ ငါးကျွတ်တို့ ရှိတော့ တူရွင်းက တော်တော် အသုံးဝင်ပါတယ်။ ကိုယ်လိုချင်တဲ့ အသုံးအဆောင်ရဘို့အတွက် စခန်းမှာ ပန်းပဲဖိုပါ လုပ်လာကြတယ်။ ဒါး၊ မှိန်း၊ သံတူရွင်း စသဖြင့် လက်ဖြစ် လက်နက်ပစ္စည်းတွေဟာ တော်တော်များလာလို့ ထောင်အာဏာ ပိုင်တွေဟာ ကျွန်တော်တို့ကို လန့်လာပါတယ်။ စခန်းနဲ့ ပို့ထားတဲ့ လူဦးရေနဲ့ ဘယ်လိုမှ သူတို့အတွက် မလုံခြုံတော့ပါ။ ကာထားတဲ့ သံဆူးကြိုးတွေဟာ နေရာတိုင်းမှာ အပေါက်တွေ ဖြစ်ကုန်ပါတယ်။ ရောက်ခါစက ထုတ်ထားတဲ့ အမိန့်တွေဟာ ပျက်ကုန်ပါပြီ။ သူတို့ဟာ ကျွန်တော်တို့ကို စကားမာမာ မပြောနဲ့ မလွှဲသာလို့သာ တာဝန်အရ ပြောရတယ်၊ မျက်နှာသေကလေးတွေနဲ့ သနားစရာ သတ္တ၀ါ ကောင်တွေလို ဖြစ်နေကြတယ်။ အရင်က ပင်လယ်ရေချိုးထွက်ရင် လူ ၃၀-၄၀ လောက်ထွက်ပြီး နာရီဝက်လောက် ချိုးရတယ်။ ပင်လယ်ကပြန်တက် စခန်းထဲဝင်၊ နောက်တသုတ်ထွက်ချိုး၊ ဒီလို အလှည့်ကျ ချိုးရတယ်။ အခုတော့ ဒီစနစ်က လွတ်ပြီး ပင်လယ်ပြင်မှာ လွတ်လပ်စွာ ရေချိုး၊ သားငါးရှာ လုပ်နိုင်ကြပါပြီ။ ဒီလွတ်လပ်မှုဟာ ငပိတိုက်ပွဲရဲ့ရလဒ်တွေပဲ။
သင်္ကြန်ရက် မတိုင်မီ ၂ရက် ၃ ရက်က ကြိုပြီး အုန်းသီးခြစ်ကြ၊ ဆန်ထောင်းကြနဲ့ ရဲဘော်တွေ အလုပ်ရှုပ်နေကြတယ်။ သင်္ကြန်ကျတော့ ကျွန်တော်တို့ လုပ်ထားတဲ့ မုန့်နဲ့ စခန်းမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်။ ပြည်မမှာ ပျော်ခဲ့တာတွေလဲ သတိရကြတာပေါ့။ စခန်းနဲ့ အနီးအနားက သောင်ပြင်မှာ ဟိုတစု ဒီတစု သွားလာ လှုပ်ရှားနေကြတာလဲ တွေ့ရတယ်။ တချိုလဲ ကမ်းစပ်မှာ ခရုအလှကလေးတွေ ကောက်နေကြတာ တွေ့ရသလို တချိုလဲ ဆပ်သဖူးပင်က ပန်းတွေခူးကြနဲ့ စိတ်ပေါ့ပါးစွာနဲ့ သွားလာနေကြတယ်။ မကြာခင် မိုးဦးရာသီက မေလလောက်မှာ စပါတော့မယ်။ ကျွန်းမှာ ပြည်မထက် မိုးဦးစောပါတယ်။ မိုးလာတော့မယ်ဆိုတော့ မိုးရဲ့ရှေ့ပြေး လေမုန်တိုင်းဟာ တိုက်ခတ်လာပါတယ်။ လေက မိုင် ၃၀-၄၀ နှုန်းလောက်ရှိမယ်။ မုန်တိုင်းကျရင် အနည်းဆုံး ၇ ရက်၊ တပါတ်လောက်ကြာ တတ်ပြီး၊ စခန်းမှာ စိုက်ထားတဲ့ ဗူး၊ ဖရုံ၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေ၊ ငြုတ်၊ ချဉ်ပေါင် စတဲ့ အပင်တွေဟာ မီးမြိုက်ခဲရသလို လေမုန်တိုင်း ဒဏ်ကြောင့် မဲခြောက်ကုန်ပါတယ်။ လေထဲမှာ ဆားရေငွေ့တွေ ပါလာတော့ ဒီဒဏ်ကို အပင်တွေက မခံနိုင်ပါ။ ဒါကြောင့်မို့ စားရမဲ့ဆဲဆဲ ဗူးသီးတို့ ဖရုံသီးတို့ အသီးအရွက်မှန်သမျှ အကုန်ပျက်စီးကုန်လို့ မစားလိုက်ရပါဘူး။
မုန်တိုင်းရိုက်ခတ်လို့ ကျွန်တော်တို့ထဲက ကိုထွန်းရှိန်ဆိုတဲ့ မန္တလေးက ကျောင်းဆရာ ပင်လယ်ပြင် ထဲကျပြီး ရေနစ်သေသွားတာ အလောင်းတောင် ရှာမတွေ့ပါ။ မုန်တိုင်းနဲ့အတူ ပင်လယ်ပြင်ဟာလဲ ဒေါသပုန်ထပြီး လှိုင်းလုံးတွေဟာ ကမ်းခြေမှာရှိတဲ့ ကျောက်တန်းတွေ၊ ကျောက်တုံးကြီးတွေကို ရိုက်ခတ်ပါတယ်။ လှိုင်းလုံးတွေဟာ ပင်လယ်ပြင်ကနေ ပြေးပြေးတက်လာပြီး ကျောက်တန်းတွေ ကျောက်တုံးတွေကို ပြေးပြေးဆောင့်တာကြောင့် ရေသိမ်ရေမွှားတွေဟာ ၀ါးတပြန်အထက် ဖွားကနဲ ဖွားကနဲတက်တာ အတော်ကြောက်စရာကောင်းပါတယ်။
ခုလို ကိုထွန်းရှိန်သေဆုံးရတာဟာ မုန်တိုင်းဒဏ်ကြောင့် ရေနစ်သေဆုံးတာမှန်ပေမဲ့ စစ်အာဏာရှင် တွေရဲ့နိုင်ငံရေးသမားတွေကို ကျွန်းပို့ ဖိနှိပ်သတ်ဖြတ်ရေးအစီစဉ်ကြောင့် သေဆုံးရတာ ဖြစ်ကြောင်း၊ ဒါကြောင့် ရှုံ့ချကြောင်း၊ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြောပြီး သူကျသွားတဲ့နေရာမှာ ကျောက်တုံး ကျောက်ခဲများနဲ့ မှတ်တိုင်ပြုပြီး တရက်အစာငတ်ခံခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ စခန်းတွင်းက ရဲနီတယောက် (ကိုတင်ငြိမ်း)ဟာ အစာ အဟာရ ချို့တဲ့ပြီး ကျန်းမာရေးမကောင်းလို့ ဆုံးပါတယ်။ အခုလို သေဆုံးရတာဟာ အာဏာပိုင်တွေက ဂရုတစိုက် ဆေးမကုသပေးလို့၊ ပေးထားတဲ့ရိက္ခာတွေ မကောင်းလို့၊ ပြည်မထောင်မှာလို အစား အသောက်ကောင်းဘို့၊ အသားငါးစားရဘို့၊ ပြည်မထောင်မှာ ရနေကျဖြစ်တဲ့ မိဘနဲ့ စာရေးဆက်သွယ် ခွင့်၊ သတင်းစာ ဂျာနယ် စာအုပ်စာတန်းဖတ်ခွင့်ရဘို့၊ ကျွန်းမှာ မကုနိုင်တဲ့ ရောဂါဝေဒနာရှင်တွေကို ပြည်မခေါ်ယူ ဆေးကုသခွင့် ရဘို့၊ စသဖြင့် အချက်အတော်များများ တောင်းဆိုကြတယ်။ ဒီတောင်းဆို ချက်တွေဟာလဲ အသစ်အဆန်း တောင်းဆိုတာ မဟုတ်ကြောင်း၊ ရရှိပြီးသား ပေးပြီးသား အခွင့်အရေး ကိုသာ တောင်းဆိုတာ ဖြစ်ကြောင်း၊ အာဏာပိုင်တွေဘက်ကလဲ မပေးနိုင်စရာ အကြောင်းမရှိကြောင်း၊ ပြောဆိုတင်ပြ တောင်းဆိုကြတယ်။
သေဆုံးသွားတဲ့ သူကိုတော့ စခန်းသွင်းမှာပဲ ခေါင်းသွင်းထားပြီး အာဏာပိုင်တွေနဲ့ အရေးဆိုပါ တယ်။ တနေ့မှာ အာဏာပိုင်တွေက အင်အားသုံးပြီး အလောင်းကို စခန်းကလုယူကာ မီးရှို့လိုက် ကြတယ်။ ဒီတော့ ကျွန်တော်တို့လဲ ပိုပြီး စိတ်ထိခိုက်ကြတယ်။ ရန်သူကို အနုနည်းနဲ့ တိုက်လို့မရတော့ နောက်ဆုံး အစာငတ်ခံတိုက်ပွဲနဲ့ တုံ့ပြန်ဖို့ ဆွေးနွေးတိုင်ပင်ကြတယ်။ မကြာခင် ရက်ပိုင်းမှာပဲ ရန်သူကို ကြေညာပြီး တိုက်ပွဲ ၀င်ပါတယ်။ ဒီတိုက်ပွဲဟာ ရက်ပေါင်း ၄၀ ကြာလို့မို့ ရက် ၄၀တိုက်ပွဲလို့လဲ ခေါ်ကြပါတယ်။ ဒီတိုက်ပွဲဟာ ပထမ ငပိတိုက်ပွဲထက် လူအင်အားများတယ်။ လူပေါင်း၂၀ ကျော် ၃၀ လောက် ရှိမယ်။ တိုက်ပွဲပြီးတော့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အားလုံးနီးပါးလောက် ရတယ်။ စာရေးခွင့်၊ စာဖတ်ခွင့်၊ အသားစို (အသားစိမ်း) ရရှိကြတယ်။ ရာသီဥတု ကောင်းလို့ သင်္ဘောလာရင် အထက်က အခွင့်အရေးတွေ ရပါတယ်။ အသားစိမ်းနဲ့ ပါတ်သက်လို့ ၀က် ဘဲ ဆိတ် အကောင်လိုက် တင်လာပေးတယ်။ ဒီသားငါးနဲ့ ပါတ်သက်လို့ကတော့ မကြာပါဘူး။ ၂လ-၃လလောက်ပဲ စားရပြီး ဒုံရင်း ဒုံရင်း ဖြစ်သွားတာပါဘဲ။ ကျွန်းမှာ ၃ နှစ်နီးပါးနေခဲ့ရတာ အာဏာပိုင်တွေနဲ့ တခါမဟုတ်တခါ ပြသနာက ပေါ်ပေါ်နေပါတယ်။
ကျွန်တော်တို့ ထွက်မပြေးနိုင်အောင် ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းမှာထားပြီး၊ ထောင်က ထုတ်ပေး တဲ့ အ၀တ်အစားကလဲ အားလုံးအဖြူရောင်တွေ။ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ပုဆိုး၊ အတွင်းခံဘောင်းဘီ အဆုံး ဆေးမဆိုးထားတဲ့ အဖြူရောင် ပိတ်ကြမ်းတွေချည်းပါ။ အခုလို အဖြူရောင်တွေချည်းပေးတာ အကြောင်းရှိပါတယ်။ ပင်လယ်ပြင် ပြာပြာမှာ အဖြူရောင်ဟာ တော်တော် ဝေးဝေးက မြင်နိုင်ပါတယ်။ ဒါကြောင့် ပင်လယ်မှာ အရပ်ဘက် သွားလာလှုပ်ရှားတဲ့ ကုန်တင်သင်္ဘော၊ ငါးဖမ်းလှေတို့ဟာ ဆေးဖြူရောင် သုတ်ထားကြတာပါ။ စစ်တပ်ရေတပ်ဆိုရင် သဘာဝအရောင်နဲ့ လိုက်လျောညီထွေအောင် ရေတပ်သားအတွက် ၀တ်စုံအပြာ၊ သုံးတဲ့သင်္ဘော စက်လှေတို့ကိုလည်း ဆေးပြာ သုတ်ထားကြတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့ ထွက်ပြေးလို့ ရှိရင် တွေ့နိုင်မြင်နိုင် အောင်လို့ တကိုယ်လုံး အဖြူဆင်ပေးထားတာ။
ဒါပေမဲ့ ကျွန်တော်တို့ကလဲ မလွှဲသာ မရှောင်သာ သားငါးရှာ နယ်ကျွံပြီး သွားရတဲ့အခါ သူတို့မတွေ့ အောင် အင်္ကျီလုံချည်ကို အရောင်ပြောင်းကြရတယ်။ ဘာနဲ့ပြောင်းလဲ ဆိုတော့ စိုက်ပျိုးထားတဲ့ ကြက်ဟင်းခါးပင်၊ သင်္ဘောပင်က အရွက်ကိုခူးပြီး အင်္ကျီလုံချည်ကို ပွတ်တိုက်ကြတယ်။ အစိမ်းရောင် ဖြစ်ကုန်တယ်။ ကြာကြာတော့မခံပါ။ တချို့အုန်းသီးခြောက် အပေါ်ခွံတွေကို အိုးထဲထည့် ရေနဲ့ ပြုတ်၊ အင်္ကျီလုံချည်ကိုထည့်နှစ်၊ ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ အိုးထဲကဆယ်။ အရောင်က ပင်နီရောင် ထွက်လာတယ်။ တခါ တောထဲသွားလို့ သစ်ကနက်သားတွေ့ရင် ယူလာ၊ ခုတ်ထစ်ပြီး အိုးနဲ့ပြုတ်၊ စိမ်းညိုရောင် ရတယ်။ ရန်သူကပေးတဲ့ အဖြူရောင် အင်္ကျီလုံချည်တို့ဟာ အရောင်တွေနဲ့ ဖြစ်ကုန်ကြပါတယ်။
ကျွန်တော်တို့ရဲ့စခန်းနဲ့ မလှမ်းမကမ်းမှာ ဆိုင်းဘုတ်စိုက်ထားတယ်။ ရေးထားတဲ့စာကတော့ တဖက်က ဖွံ့ဖြိုးရေးနယ်မြေတဲ့။ ကျန်တဖက်က စစ်တပ်နယ်မြေတဲ့။ ဖွံ့ဖြိုးရေးနယ်မြေဆိုတာက ကျွန်တော်တို့ကို ထားတဲ့နေရာပါ။ နယ်မြေ တခုလုံးကို မိုင်နဲ့တွက်ရင် တမိုင်ပတ်လည်လောက် ရှိပါ မယ်။ ကျန်တဲ့နယ်မြေက စစ်တပ်နယ်မြေပါ။ ရန်သူက အသား၊ ငါး အစိမ်း ကြာကြာမပေးနိုင်တော့ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ဖြေရှင်းကြရတယ်။ ဥပမာ- ငါးဆိုရင် ကမ်းခြေကနေ သိတ်မဝေးဘဲ သွားလာနေကြတာ တွေ့ရပါတယ်။ တချို့ကြီးတဲ့ ငါးများဆိုရင် ကျွဲလောက်ကြီးပြီး ကိုယ်လုံးကြီးတွေ ပေါ်လာလိုက်၊ ဆူးတောင်ကြီးတွေ ပေါ်လာလိုက်၊ အမြီးကြီးတွေ ပေါ်လာလိုက်နဲ့။ တချို့ကြတော့လဲ အတန်းလိုက် သွားနေကြတာ ရေပေါ်မှာ ကြိုးကြီးတချောင်း ချထားသလိုပဲ။ မဲမဲတန်းကြီးကို လှမ်းမြင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖမ်းစရာ ဘာလက်နက်မှ မရှိတော့ မြင်နေရပေမဲ့ ဘာမှမတတ်နိုင်ပါဘူး။
ဒီတော့ တတ်နိုင်တဲ့ အရာကို လုပ်ကြရပါတယ်။ ဒါကတော့ ရန်သူ့နယ်မြေမှာ ရှိတဲ့ လိပ်သောင်ကို သွားကြရပါတယ်။ ကျွန်တော်တို့ အထဲက ကျန်းမာရေးကောင်းပြီး ဖျတ်လတ် လျင်မြန်တဲ့ ရဲဘော်တွေ က ဒီတာဝန်ကို ယူရပါတယ်။ နေ့စဉ်နဲ့အမျှ ပဲနဲ့ငပိဟာ ကျွန်တော်တို့ စခန်းမှာ နေရတဲ့ သူတွေအတွက် မလုံလောက်ပါဘူး။ ရက်တွေ လတွေ နှစ်တွေ ကြာလာတာနဲ့အမျှ တမိုင်ပတ်လည်လောက် ရှိတဲ့ ကျွန်တော်တို့ နေရတဲ့ ဖွံ့ဖြိုးရေးနယ်မြေဟာ မဖွံ့ဖြိုးနိုင်တော့ပါ။ ဘယ်ကျောက်တုံး လှန်လှန် ဘာ ခရု ကနန်း ငါးကြွက်မှ မရှိတော့ပါဘူး။ အုံးပင်က အုံးသီးတွေလဲ လုံလောက်အောင် မသီးနိုင်ကြတော့ ဘူးလေ။ အခြေအနေက တဖြေးဖြေး ဆိုးလာနေပါပြီ။
ရန်သူဟာ ကျွန်တော်တို့ကို နယ်နှင်သလို မိဝေးဖဝေးတဲ့ နေရာမှာထား၊ မ၀ရေစာကျွေးပြီး၊ တဖြေးဖြေးနဲ့ ကျန်းမာရေးချို့တွေတဲ့၊ စိတ်ဓါတ်တွေ ကျကုန်အောင်၊ သူတို့ဆီ ဒူးထောက်လာအောင်၊ ကြိုးပမ်းတာဘဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သာမန်လူတွေမှ မဟုတ်တာ။ နိုင်ငံရေးသမားတွေကို ဒီလိုနည်းနဲ့ ဦးချိုးလို့ ရလိမ့်မယ်လို့ တွက်ထားတဲ့တွက်ကိန်းဟာ မမှန်တော့ဘူးဆိုတာ ကျွန်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက သက်သေပြ နေပါတယ်။

အပိုင်း(၃)ပြီး။




အပြည့်အစုံသို့...

ကျနော်နဲ့ဦးလေးဦးတင်အောင်



ရေးသူ- ဖိုးသံ(လူထု)
ကျနော့ စာဖတ်တတ်ကာစ ကာလတွေမှာ ကျနော်အဖတ်များဆုံး စာတွေက ရွှေဥဒေါင်း(စုံထောက် မောင်စံရှားစသည်)၊ ဒဂုန်ရွှေမျှား(အမ်ကြာရိုးစသည်)နဲ့ ဇ၀န(ဆိုးပေစသည်) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလမှာကိုပဲ ကျနော်အလေးစား၊ အထင်အကြီးဆုံးစာရေးဆရာဟာ ဗန်းမော်တင်အောင်ပါ။ ကျနော် သူ့အကြောင်းကို စသိတဲ့အချိန်မှာ သူဟာ ထောင်ထဲရောက်နေပါပြီ။ သူပုန်ကြီး၊ ပြည်တော်သာ ခင်ခင်ဦး စတဲ့ဝတ္ထုတွေကြောင့် ဖြစ်ပါတယ်။ သူ့စာရဲ့ အရသာနဲ့ တန်ဘိုးကို မသိခင်ကတည်းက သူ့ရပ်တည်ချက်ကြောင့် လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။
အဲဒီတုန်းက ကျနော့်ပတ်ဝန်းကျင်က လူကြီးတွေဟာ ကျနော်ဖတ်နေတဲ့ စာပေတွေအကြောင်း မဆွေးနွေး၊ မပြောဆိုကြပဲ ဗန်းမော်တင်အောင်ရဲ့ စာပေနဲ့ သူ့အကြောင်းကိုပြောတာ မကြာခဏ ကြားရပါတယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း သူ့အမှုနဲ့ ပတ်သက်လို့ မကြာမကြာ ဖတ်နေရပါ တယ်။ သူ့စာအုပ်တွေ၊ အထူးသဖြင့် ဖဆပလအစိုးရက ပိတ်ပင်တဲ့ စာအုပ်တွေကို တခုတ်တရ စုံစမ်းစုဆောင်းတာတွေလည်း တွေ့နေရပါတယ်။ ဒါကြောင့်လည်း ကျနော့အနေနဲ့ အဲဒီစာအုပ်တွေကို နာမည်နဲ့လွမ်းခဲ့ရတာ အကြာကြီးပါ။နောက်တော့ မထင်မှတ်ပဲ ဦးလေးဗန်းမော်တင်အောင်ကို သွားတွေ့ပါတယ်။ နွေရာသီကျောင်း ပိတ်ရက်ကာလ တခုမှာပါ။ ဘယ်မှာလဲဆိုတော့ ရန်ကုန်ထောင်ကြီးအထဲမှာပါ။ ဘယ့်နှယ်၊ ၁၉၅၅ ခုလောက်အချိန်မှာ ကျနော်က အသက်ဘယ်နှနှစ် ရှိလိုမို့ ထောင်ထဲရောက်သွားရတာလဲလို့ မေးစရာရှိ ပါတယ်။ ဟုတ်ပါတယ်။ မဆလခေတ်နောက်ပိုင်းမှာ လူဖြစ်လာသူတွေအဖို့ လုံးဝနားမလည်စရာ ဖြစ်မှာပါ။
အဲဒီတုန်းက ကျနော့အဖေကို ဖဆပလအစိုးရက ပုဒ်မ(၅)နဲ့ ထောင်ထဲထည့်ထားတုန်း ကျနော်က သွားတွေ့ပါတယ်။ ကျနော့်အဖေဟာ ထောင်သားတွေအတွက် သာရေးနာရေး၊ ဘာသာရေးတွေမှာ၊ အကုန်လုပ်ကိုင်ပေးနေလို့ ထောင်အာဏာပိုင်များကလည်း သူ့ကို လေးစားပါတယ်။ ဒါနဲ့ ကျနော်သူ့ကို သွားတွေ့တဲ့အခါမှာ ထောင်အထဲ၊ အဆောင်အထဲထိ သွားတွေ့လို့ ရခဲ့ပါတယ်။ မနက်မှာ ၀င်သွား၊ ညနေထောင်မပိတ်ခင် ပြန်ထွက်လာ၊ အဲဒီအထဲမှာပဲ နေ့လည်စာစား၊ ကလေးဆိုတော့ နေချင်သလိုနေ၊ သွားချင်ရာကို သွားခွင့်ရခဲ့ပါတယ်။
ရန်ကုန်ထောင်ကြီးကို ၆၀ ခုနှစ်တ၀ိုက်လောက်မှာ ထောင်အဖြစ်ကနေ ကောက်ပဲသီးနှံဌာန ဆန်ဂို ဒေါင်တွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ နောက်တော့ ၇၀ ခုနှစ်များထဲမှာ ဖျက်ပစ်လိုက်ပါတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးနဲ့ပတ်သက်တာ၊ ပုဒ်မ (၅)နဲ့ ဆွဲတာ၊ စတာတွေကို အင်းစိန်ထောင်မှာ မထားလေ့ပါဘူး။ ရန်ကုန်ထောင်ကြီးထဲမှာ ထားလေ့ရှိပါတယ်။ ကျနော့်အဖေကို ပုဒ်မ(၅)အဆောင်လို့ ခေါ်တဲ့ အဆောင်ကြီးထဲမှာ ထားပါတယ်။ အဲဒီအထဲမှာတော့ နိုင်ငံရေးလောကသားတွေနဲ့ စာနယ်ဇင်း လောကသားတွေချည်းလို ဖြစ်နေပါတယ်။ အဲဒီတုန်းက ဘယ်သူတွေ ရှိတယ်ဆိုတာ ကျနော်အကုန် မသိခဲ့၊ မမှတ်မိခဲ့ပေမယ့်၊ တွေ့ခဲ့ သိခဲ့အထဲမှာတော့ နိုင်ငံရေးလောက ကဆိုရင် ဗကပက ဗိုလ်အုန်း မောင်၊ အလံနီက သခင်ဖေဌေး၊ ပြည်သူ့ရဲဘော်က ဗိုလ်ထိန်လင်း၊ စသူတွေ ရှိပါတယ်။ စာနယ်ဇင်း သမားတွေ အထဲကတော့ ကျနော့်အဖေအပါ ဦးလေးဗန်းမော်တင်အောင်၊ မောင်နေ၀င်း(လူထု)၊ ရွှေဒါး၊ စသူတွေ ရှိပါတယ်။ ဒီမှာ တောထဲက မိလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးအမျိုးက လူတွေ အတော်များပါတယ်။ စစ်မော်တော်ယဉ်တစင်းကို မောင်းပြီးတောခိုလာတဲ့ ကွန်မြူနစ်ပါတီက ဗိုလ်ဖုန်း၊ ထောင်ထဲမှာကျသွားတဲ့ တကသ ကိုတင်မောင်ဝင်း(ခရမ်း)ရဲ့ အကို ပြည်သူ့ရဲဘော်က ဗိုလ်စက်စိန် စတဲ့ လူမျိုးတွေပါ။
ပုဒ်မ(၅) အဆောင်ကြီးထဲကို ရောက်သွားတယ်ဆိုတော့ အဲဒီတုန်းက သတင်းစာတွေထဲမှာ မျက်နှာဖုံးက ပါလေ့ရှိတဲ့ သခင်ဖေဌေးတို့၊ ဗိုလ်အုန်းမောင်တို့လို ပုဂ္ဂိုလ်တွေကို တွေ့ရတော့ ကျနော် အတော်ကျေနပ်သွားပါတယ်။ ဒါပေမယ့် အာသာမပြေပါဘူး။ ကျနော် အတွေ့အမြင်ချင်ဆုံးလူကို မတွေ့ရ သေးလို့ပါ။ ဒါကြောင့် ကျနော်က အဖေ့ကို "အဖေ၊ ဗန်းမော်တင်အောင် ဘယ်မှာလဲဟင်"လို့ တဖွဖွ မေးနေမိပါတယ်။ ဒါကြောင့် ကျနော်တို့ သတင်းစာတိုက်မှာ လက်ထောက်အယ်ဒီတာနဲ့ သတင်းထောက်လုပ်တဲ့ ကိုနေ၀င်းက ကျနော့်ကို အဆောင်အောက်ထပ်၊ အ၀င်ပေါက်ကနေဆိုရင် ဘယ်ဘက်တန်းမှာနေတဲ့ ဦးလေးဦးတင်အောင်ဆီကို လိုက်ပို့ပါတယ်။ ဟောဒါ မင်းတွေ့ချင်တဲ့ ဗန်းမော်တင်အောင်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ကျနော်က ကလေးပေမယ့် ဦးလေးဦးတင်အောင်က သူ့ အမှတ်တဆိပ်ဖြစ်တဲ့ ကြည်လင်ရွှင်ပြတဲ့ အပြုံးနဲ့ ကြိုဆိုပါတယ်။ သူ့အပြုံးက တသက်မမေ့နိုင်တဲ့ အပြုံး မျိုးပါ။ နောင်ဆယ်စုနှစ်တွေ လွန်တော့လည်း မပြောင်းလဲတဲ့ အပြုံးဖြစ်ပါတယ်။
နောက်တော့သူ ကျနော်တို့အိမ်၊ ကျနော့်မိဘများဆီကို လာတာ နှစ်ခါ၊ သုံးခါလောက်တွေ့ဖူး ပါတယ်။ ဒါပေမယ့် အရွယ်ကွာတော့ အဲဒီစကားဝိုင်းထဲမှာ ကျနော်မပါနိုင်ပါဘူး၊ ရေနွေးကြမ်းချရင်း၊ လက်ဖက်ချရင်း ခိုးကြည့်ရတာမျိုးပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တယောက် သူ့စာတွေနဲ့ ရင်းနှီး နေပါပြီ။ အထက်မှာပြောခဲ့တဲ့ စာအုပ်တွေသာမက မြိုင်၊ ဒေါက်တာရေချမ်း၊ ချောကလက်ဗိုလ်ကြီး၊ ပါမောက္ခအုန်းကျော်၊ မုန်တိုင်းထဲကလူ၊ ပြောရရင် စာရင်းက အရှည်ကြီးပါ။ ကျနော့်ပတ်ဝန်းကျင်က လူတွေကလည်း သူ့စာတွေနဲ့ ရင်းနှီးတဲ့ လူတွေချည်း ဖြစ်ပါတယ်။ တနည်း-ကျနော်က သူ့စာတွေကို ဖတ်တဲ့လူမျိုးတွေနဲ့မှ အပေါင်းများလာတယ်လို့ ဆိုရမယ်ထင်ပါတယ်။ မိတ်သစ်ဖွဲ့ရင် ဒါမှမဟုတ် လူတယောက်ကို ကိုယ်က နိုင်ငံရေးအရ စည်းရုံးချင်ရင် ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေကို အရင်ဆုံး ပေးဖတ်ကြည့်ပါတယ်။ ပြီးမှ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပြီး ဆက်လှမ်းတာပါ။ ဒါကို နိုင်ငံရေး လုပ်ဖူးသူတိုင်း ကြုံဖူးမယ်လို့ ယုံပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ်ကကြိုက်တဲ့ မိန်းကလေးကိုတောင်မှ စာဖတ်စေချင်ရင် ဦးလေးရဲ့ 'မြိုင်' ကို ပေးဖတ်ပါတယ်။ အခုကျနော်နေတဲ့မြို့ကို သူများက ဘယ်မှာရှိတာလဲလို့မေးရင် ကျနော်က ဗန်းမောင်တင်အောင်ရဲ့ ငွေနှင်းမှုန်မှုန် ထဲကမြို့ ကလေးလို့ ပြောလေ့ရှိပါတယ်။
ကာလတခုရောက်တော့ ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေဟာ ရောင်းအကောင်းဆုံး စရင်းမှာပါ နေတာ မှတ်မိနေပါတယ်။ ဖေတော့မောင်တော့ ၀တ္ထုတွေ၊ အလွယ်ဖတ် အပေါ့ဖတ်စာတွေအကြားမှာ သူ့စာအုပ်လိုဟာတွေ ထိပ်ဆုံးရောက်ခဲ့တာဟာ ကျနော်တို့ ဗမာစာပေလောကရဲ့ ထူးခြားချက် လည်းဖြစ်၊ ဂုဏ်ယူစရာလည်း ဖြစ်တယ်လို့ အောက်မေ့မိပါတယ်။ တခြားနိုင်ငံတွေမှာ ဒါမျိုးကို တွေ့ရခဲလှပါတယ်။ ကျနော်တို့နိုင်ငံဟာ ဆင်းရဲလှ၊ နောက်ကျလှပေမယ့် နိုင်ငံရေးနိုးကြားမှုနဲ့ စာပေကို တန်ဘိုးထားမှုတို့မှာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ ဆိုရဲပါတယ်။ ဦးလေးဦးတင်အောင်ဟာ ဗမာစာဖတ်ပရိသတ်ကို အဲဒီလို အဆင့်မြင့်အောင် ကူညီတွန်းပို့ခဲ့သူတွေထဲက တဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
နောက်တခါ ဦးလေးဦးတင်အောင်နဲ့ တွေ့တာကတော့ တသက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့ည။ ကျနော်တို့ကို ကိုကိုးကျွန်းပို့တဲ့ ပြည်တော်အေး သင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။ တွဲဖက်ထောင်ထဲက ခေါ်လာတဲ့ အညာဖက်က နိုင်ငံရေးအကျဉ်းသမားတွေကို သင်္ဘောဝမ်းထဲဆင်းခိုင်းလို့ ဆင်းလိုက်တော့ ၀ပ်လေးဆယ်အား လောက် မီးလုံးတွေ ထွန်းထားတဲ့ သင်္ဘောဝမ်းခန်းထဲမှာ ကိုယ့်အရင်ရောက်နှင့်တဲ့ အောက်ပြည်က ဘ၀တူတွေကို တွေ့ရပါတယ်။ အဲဒီတော့ ကိုယ်အရင်ဆုံး လုပ်တာဟာ ထောင်ထဲရောက်နေသူတွေ လုပ်လေ့ရှိတဲ့အတိုင်း ကိုယ်သိတဲ့လူ ဘယ်သူများပါလေသလဲလို့ စူးစမ်းတာပါ။ မေးတော့တာပေါ့။ အဲဒီတော့ ကိုယ့်ဘေးမှာရှိတဲ့ ကိုယ့်အရင် သင်္ဘောဝမ်းထဲရောက်နေသူက "ဗန်းမောင်တင်အောင်၊ မြသန်းတင့်....." စသဖြင့် ပြောပြပါတယ်။ သင်္ဘောဝမ်းခန်းက ကျယ်လှတာ မဟုတ်ပေမဲ့ သူသူကိုယ်ကိုယ် ပင်ပမ်းငြီးငွေ့နေ၊ လူတွေ ပြွတ်သိပ်ကျပ်နေ စတဲ့အကြောင်းတွေကြောင့် အစမှာ လူရုပ်တွေကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒါကြောင့် သူလက်ညှိုးထိုးပြတဲ့ ဖက်ကို လှမ်းကြည့်လိုက်တော့ သင်္ဘောဝမ်းခေါင်း နံရံကိုမှီပြီး ထိုင်နေကြတဲ့ သခင်ခင်အောင်(နောင်ကျတော့ ကျွန်းမှာ အားလုံးက အန်ကယ်ကြီးလို့ ချစ်ချစ်ခင်ခေါ်တာ ခံရသူ)၊ ဦးလေးဦးတင်အောင်နဲ့ ဦးလေးမြသန်းတင့်။
သူတို့သုံးယောက်စလုံးဟာ ဈာန်သမာပတ် ၀င်စားနေသလား ထင်ရလောက်အောင် အင်မတန် အေးဆေး တည်ငြိမ်တဲ့ မျက်နှာထားတွေနဲ့ ထိုင်နေကြပါတယ်။ ဒါဟာ နောင်မှာ ကျနော် အနီးကပ် ထပ်တွေ့ရမယ့် ဦးလေးဦးတင်အောင်ရဲ့ သမာဓိရုပ်ပုံလွှာပဲ ဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတဲ့အခါပဲ ဖြစ်ဖြစ် စမ်းသပ်မှုတွေကို ရင်ဆိုင်တဲ့အခါပဲ ဖြစ်ဖြစ်၊ သူဟာ အဲဒီလို တည်ငြိမ်ရင့်ကျက်မှုမျိုးနဲ့ ရင်ဆိုင်တာချည်း တွေ့ရပါတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံတိုက်ပွဲတွေ ကျင်းပတယ်ဆိုရင် တိုက်ပွဲစတယ် ဆိုတာနဲ့ ပထမအသုတ် တိုက်ပွဲဝင်တွေကို တိုက်ပွဲဆောင်ရဲ့ အရှေ့မှာ ရပ်စေပြီး ကျန် အကျဉ်းသားများနဲ့ မိတ်ဆက်ပေးလေ့ ရှိပါတယ်။
"ရက် ၄၀ တိုက်ပွဲ" မှာ ပထမအသုတ် တိုက်ပွဲဝင်တွေကို မိတ်ဆက်ပေးတုန်းက အရပ်မြင့်မြင့်နဲ့ မားမားရပ်နေတဲ့ ဦးလေးဦးတင်အောင်ရဲ့ တည်ငြိမ်ခိုင်မာ ပြတ်သားတဲ့ သဏ္ဍန်ကို အခုထိ မြင်ယောင်နေ ပါတယ်။ ဒါနဲ့ သူတို့ရှိရာကို ကျနော်က သွားပြီး ကိုယ့်ကိုယ်ကို ဘယ်သူပါလို့ ပြောပြ ဂါရ၀ပြုတော့မှ ဦးလေးဦးတင်အောင်ရဲ့ မျက်နှာမှာ ကျနော်မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ ၁၃-၁၄နှစ်က တွေ့ဖူးတဲ့ အပြုံးကို ပြန်တွေ့ရပါတယ်။ မတူတာ တခုက အခုတခါမှာတော့ သူ့အပြုံးမှာ ဂရုဏာအရိပ်အယောင်တွေ သန်းနေပါပဲ။
ကိုကိုးကျွန်းကို ရောက်တော့ သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို ဒုက္ခသည်တွေလို အထုပ်အပိုးတွေ တိုးလို့တွဲလောင်းနဲ့ လှိုင်းတွေအကြားမှာ အလဲလဲ အကွဲကွဲ လျှောက်လာခဲ့ကြပြီးတဲ့နောက် ခြစ်ခြစ်တောက် ပူလောင်နေတဲ့ သဲသောင်ပြင်ပေါ်မှာ ကျနော်တို့ကို ထိုင်စောင့်ခိုင်းထားပါတယ်။ အဲဒီနောက် အကျဉ်းထောင်အထူးအရာရှိ ဒုဗိုလ်မှူးကြီး ထွန်းရင်လောဆိုသူက သတိပေးခြိမ်းခြောက် တဲ့ မိန့်ခွန်းတခုခြွေပါတယ်။ မိန့်ခွန်းပြောပြီးတော့ သူက- ဒီထဲမှာ စာရေးဆရာဗန်းမော်တင်အောင် ပါတယ်လို့ သိရတယ်။ ရပ်ပြစမ်းပါလို့ တောင်းဆိုလို့ ဦးလေးဦးတင်အောင်က ရပ်ပြရပါတယ်။ ရန်သူ လေးစားအသိအမှတ်ပြုရတဲ့ ကျနော်တို့ ဦးလေးပါလား။
ကျွန်းပေါ်ကိုရောက်တော့ သဘာဝကျစွာပဲ တခြားအဖွဲ့အစည်းကလူတွေနဲ့ ထောင်အမှုထမ်းတွေ အပါအ၀င် လူတိုင်းဟာ သူလိုပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုကို ဂရုတစိုက် ကြည့်ကြပါတယ်။ ကျနော်လည်း ခြွင်းချက် မဟုတ်ပါဘူး။ ကျနော် ပထဆုံးသတိထားမိတာက ဦးလေးဟာ အနေအထိုင် အင်မတန် စည်းကမ်းရှိ၊ သပ်ယပ်တာပါ။ နောက်တော့ ဆက်သတိထားမိတာက သူဟာ အပြောအဆိုမှာလည်း အင်မတန် စည်းကမ်းရှိ သပ်ယပ်တာပါပဲ။ ဒါဟာ အတွေ့အကြုံ၊ အသိပညာ ပြည့်ဝတယ်ဆိုတဲ့ လက္ခဏာသာမကပဲ ပုဂ္ဂိုလ်ရေး မာန်မာနလည်း ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သူဒေါသထွက်တယ် ဆိုတာ တွေ့ရခဲလှပါတယ်။ ကျနော်တော့ တခါမှ မတွေ့ဖူးပါ။ လူငယ်တွေနဲ့ စကားပြောတဲ့အခါ လေးလေးစားစား၊ သိမ်သိမ်မွေ့မွေ့၊ လေအေးလေးနဲ့ ပြောတတ်တဲ့ ဦးလေးဟာ ပြင်းပြင်းထန်ထန် ငြင်းခုန်ရပါတယ်ဆိုတဲ့ အစည်းအဝေးတွေမှာလည်း အလားတူပဲ အေးအေးဆေးဆေး ပြောတတ် ပါတယ်။ ဒီနေရာတွေမှာ ကျနော့်အဖေနဲ့ တူလိုက်လေလို့ အောက်မေ့မိခဲ့ပါတယ်။
ဦးလေးက နိစ္စဓူဝလို မပျက်မကွက်လုပ်တဲ့ အလုပ်တွေကတော့ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ ညမှာ ရေဒီယိုသတင်း နားထောင်တာ၊ နောက်ပြီး အဲဒီသတင်းကို နောက်မနက်မှာ ကျောက်သင်ပုန်းပေါ်မှာ အများဖတ်ရအောင် ရေးပြတာပါပဲ။ ရေဒီယိုကို အိပ်ဆောင် ၁၁ ဆောင်က တညစီ အလှည့်ကျ ယူနား ထောင်ကြတာဆိုတော့ သူများအဆောင်တွေကို သွားပြီးနားထောင်ရတဲ့ ဇွဲမျိုး ရှိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဦးလေးကတော့ တခြားအဖွဲ့အစည်းက အဆောင်တွေကိုပါ ညစဉ်သွားပြီး မှန်မှန်နားထောင်၊ မှန်မှန် သတင်းရေးပါတယ်။ မနက်စာ သွားစားတဲ့အခါ ဦးလေးရဲ့ ကျောက်သင်ပုန်းသတင်းကို ကျနော်တို့ နေ့စဉ် စောင့်ဖတ်ခဲ့ကြတာကိုလည်း မှတ်မိနေပါတယ်။ အစာအိမ်ရောဂါ ဆိုးဆိုးဝါးဝါးရှိတဲ့ ဦးလေးဟာ သတင်းရေးတာ ပျက်ကွက်ခဲလှပါတယ်။
ကိုကိုးကျွန်းမှာ အယူအဆရေးရာတိုက်ပွဲ အင်မတန်ပြင်းထန်ခဲ့တယ်ဆိုတာကို လူအတော်တော် များများ ကြားဖူးကြမှာပါ။ ဦးလေးဟာ အဲဒီအရှုပ်အထွေးပေါင်းစုံ အကြားမှာ သူလုပ်စရာရှိတာကို မယိမ်းမယိုင်လုပ်သွားတာဟာ အတုယူစရာပါ။ မှန်တာပြောရရင် ဦးလေးရဲ့ တချို့အရည်အချင်းတွေကို ကျနော့်အနေနဲ့ အသက်လေးရလာမှ ပိုသဘောပေါက်လာတာ ဖြစ်ပါတယ်။ သူတပါးရင့်ကျက်တာကို သဘောပေါက်ဖို့အတွက် ကိုယ်ကလည်း တစုံတရာတော့ ရင့်ကျက်ဖို့လိုတယ်လို့ ဆိုရမယ်ထင်ပါရဲ့။ သူနဲ့ နီးနီးနေရတုန်းက နားမလည်လိုက်တာတွေအတွက်လည်း နှမြောဝမ်းနည်းရပါတယ်။
ခုဒီစာကိုရေးတော့ ကျနော့ခေါင်းထဲမှာ နောင်တလိုလို၊ ဦးလေးကို တောင်းပန်ချင်စိတ်လိုလိုတွေ ပေါ်နေတာ အမှန်ပါပဲ။ မှန်တာပြောရရင် ကျွန်းပေါ်တုန်းက ကျနော်ဦးလေးကို မကောင်းပြောခဲ့တာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော့်အလေ့တခုက လူကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှာ နေတတ်တာပါ။ ဒါကြောင့် ကျနော့်မိဘဆီကို စာရေးဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လာလည်ရင် ကျနော်က ရှောင်လို့သာ နေပါတယ်။ ဒီတော့ ဦးလေးဦးတင်အောင်နဲ့ ကျနော် သုံးနှစ်နီးပါးနေခဲ့တဲ့ ကိုကိုးကျွန်းပေါ်မှာ စကားများများ မပြောခဲ့ရပါဘူး။ အဲဒီအကျင့်ကြောင့် ကျနော်ဦးလေးနဲ့ နောက်ဆုံးတွေ့တဲ့တခါမှာလည်း စကားမပြောလိုက်ရပဲ ဖြစ်သွားခဲ့ပါတယ်။
အဲဒါက ကျနော် ထောင်ကလွတ်လာတဲ့ ၁၉၇၂ခုနှစ်၊ ဇွန်လအဆန်းပိုင်းမှာပါ။ ကျနော် အင်းစိန်ထောင်က လွတ်တော့ ကျနော့်အဖေနဲ့အမေက ထောင်ဗူးဝမှာ လာကြိုပါတယ်။ ပြီးတော့ နောက်တနေ့ညမှာ လူတချို့ကိုဖိတ်ပြီး တရုတ်ထမင်းဆိုင်တဆိုင်မှာ ထမင်းကျွေးပါတယ်။ ညစာပါ။ အဲဒီတုန်းက အဖိတ်ခံရသူတွေက သခင်လွင်၊ သခင်လှကျွေနဲ့ ဦးလေးဦးတင်အောင်၊ ဦးလေး မြသန်းတင့်တို့ပဲ ဖြစ်ပါတယ်။ စီစဉ်ပေးသူက ကျနော့်အကိုဝမ်းကွဲတော်တဲ့ ၀င်းမော်ဦး ဦးတင်မောင် ဖြစ်ပါတယ်။ အဲဒီလို ထမင်းအတူစားကြရာမှာ ကျနော့်အနေနဲ့ စကားတခွန်းမှ မပြောခဲ့ပါဘူး။ လူကြီးတွေနဲ့ ကျနော့်ကို မိတ်ဆက်ပေးတဲ့အခါမှာ ကျနော်က ပြုံးပြတာလောက်ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော်သူ့ကို နောက်ဆုံးတွေခဲ့တာပါပဲ။ သူကတော့ ကျနော် ၁၀နှစ်သားလောက်တုန်းက တွေ့ဖူးတဲ့ အပြုံးနဲ့ပဲ ကျနော့်ကို နှုတ်ဆက်ပါတယ်။ လူကြီးဝိုင်းမို့ ကျနော်က ဘယ်သူ့ကို ဘာစကားမှ မပြောခဲ့ပါ။ ဘေးက နားထောင်သူသာ လုပ်နေခဲ့ပါတယ်။ အဲဒါ ကျနော်နဲ့သူ နောက်ဆုံးအကြိမ် တွေ့တာပါပဲ။
သူကွယ်လွန်တယ်လို့ ကြားတော့ ကျနော်က ၀နယ်၊ ပန်ဆန်းမှာပါ။ ကြားတဲ့အခါမှာ ကျနော် စကားမပြောနိုင်ပဲ ငိုင်သွားခဲ့ပါတယ်။ စောလိုက်၊ မြန်လိုက်တာလို့ တွေးမိပြီး ပြည်သူ့အရေးတော်ပုံ အတွက် စာပေစစ်မြေပြင်က တပ်မှူးကြီးတယောက် လျော့သွားရပြီလို့ ၀မ်းနည်းမိပါတယ်။ တဆက်တည်း သူ့အကြောင်းတွေကို ကျနော်ပြန်စဉ်းစားတော့ ကျနော့်ဘ၀မှာ သူ့စာပေတွေ၊ သြဇာညောင်းခဲ့ပုံကို ပြန်တွေးမိနေပါတယ်။ ဒီနေရာမှာ သူ့စာပေတွေကို ဆွေးနွေးဖို့ မရည်ရွယ်တာမို့ အကျယ်မပြောတော့ပါဘူး။ ဒါပေမယ့် ကျနော့်အပေါ် သူ့ကျေးဇူးကိုတော့ ချန်လို့မဖြစ်တာနဲ့ အနည်းအပါး ထောက်ပြချင်ပါတယ်။
ဦးလေးဦးတင်အောင်ရဲ့ ကျေးဇူးတွေထဲမှာ အင်မတန်အရေးကြီးတဲ့ တချက်က သူဟာ လူငယ်တွေ အတွက် စံပြပုံစံတွေ ထုဆစ်ပြသွားခဲ့တာပါပဲ။ ဒီဖက်မှာ သူ့လောက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူဟာ မရှိသလောက်နီးပါးပါ။ သူဟာ အချစ်အတွက် အရက်ပုလင်းထဲ ခေါင်းနှစ်ပြီး ဘ၀ကို အရှုံးပေးဖို့ အားမပေးခဲ့ပါဘူး။ လူငယ်ပဲ၊ လောကကြီးမှာ ပျော်ပျော်နေသေခဲ ဆိုသလို ထင်သလိုနေ၊ လုပ်ချင်သလိုလုပ်တဲ့ လမ်းမျိုးဆီကိုလည်း တွန်းမပို့ပါဘူး။ ငွေဟာ အရာရာကို ဖန်တီးနိုင် တယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်း တည်ဆောက်မပေးပါဘူး။ သူ့ခေတ်က စာပေနယ်မှာ အဲဒီလို အယူအဆတွေကို သင်ပေးနေတဲ့ ကျော်ကြားတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ အဲဒီလူတွေက ဦးလေးဦးတင်အောင်ကို လူပုဂ္ဂိုလ်အရ တိုက်ခိုက်လို့မရတော့ လက်ဝဲဆိုပြီး အယူအဆကို ဖိတိုက်ခဲ့ကြ ပါတယ်။ အဲဒီနောက် ရာစုနှစ်တ၀က်မှ မကြာဘူး၊ ပတ္တမြားမှန်ရင် နွံမှာမနစ်ကြောင်း တွေ့ခဲ့ကြရပါတယ်။
အဲဒီခေတ်တုန်းက ဗန်းမော်တင်အောင် ဇာတ်လိုက်ပုံ လိုက်ဖမ်းတယ်ဆိုတဲ့ လူတွေ ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို လိုက်လုပ်သူတွေဟာ လူ့သိက္ခာ၊ လူကျင့်ဝတ်တွေကို စောင့်စည်းရတာမို့ တယ်မသက်သာလှတာတော့ အမှန်ပါ။
သူ့စာတွေကိုဖတ်ပြီး၊ သူ့အကြောင်းတွေကိုကြားပြီး၊ လူတယောက်ဟာ အဖိနှိပ်ခံတွေဘက်က ရပ်တည်ရမယ်၊ ကိုယ့်ယုံကြည်ချက်အတွက် အနစ်နာခံရမယ်ဆိုတဲ့ ခံယူချက်တွေ စွဲမြဲစေပါတယ်။ နိုင်ငံရေးကြောင့် ထောင်ထဲရောက်တာ ဂုဏ်ယူစရာဖြစ်တယ်လို့ ယုံကြည်လာစေပါတယ်။ ပြည်သူတွေ၊ လူငယ်တွေ၊ ကနေ့အထိ မျိုးဆက်လိုက်ချီပြီး ဖိနှိပ်သူတွေကို ရင်ဆိုင် အံတုနေကြတာဟာ ဦးလေးဦးတင်အောင်ရဲ့ စာမျိုးတွေရဲ့ ကျေးဇူးအများကြီး ပါပါတယ်။
တလောဆီတုန်းက ဗမာပြည်စာပေလောကနဲ့ နီးစပ်တဲ့ နိုင်ငံခြားသား အမျိုးသမီးကြီးတဦးက ကျနော့်ဆီကို သူဗမာပြည်က ၀တ္ထုရေးဆရာတွေအကြောင်း စာတမ်းတစောင် ရေးနေတဲ့အကြောင်း ပြောပြရင်း ဗမာပြည်က စာရေးဆရာတွေအထဲမှာ ဘယ်သူတွေဟာ သြဇာကြီးခဲ့တယ် ထင်သလဲလို့ မေးပါတယ်။ ကျနော်က တင့်တယ်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ (နာမည်တွေ ရှေ့မှာ ဆရာ-ဦးမတတ်ခဲ့တာကို နားလည်ပါ)စသူတွေဟာ ပေါ်ပြူလာအဖြစ်ဆုံးပဲ။ ဒါပေမယ့် လူငယ်တွေအပေါ် သြဇာအညောင်းဆုံးကတော့ ဗန်းမော်တင်အောင်ပဲလို့ ပြန်ရေးပြလိုက်ပါတယ်။
ဒီတော့ သူက ဗန်းမော်တင်အောင်ရဲ့စာဟာ ဒီလောက် သြဇာကြီးနိုင်ပါ့မလား၊ သူ့စာအရေးအသား ဟာဆိုပြီး အတတ်ပညာပိုင်းတချို့ ပြောပြပါတယ်။ အဲဒီတော့ ကျနော်က တခြားတော့ မသိဘူး၊ သူ့ အသုဘနဲ့ ပါတ်သက်ပြီး ရေးကြတာတွေ၊ အထူးသဖြင့် ဆရာပါရဂူရေးတဲ့ ဆောင်းပါးကို ဖတ်ပြီး ဦးလေးဦးတင်အောင် သေရပုံကို ကျနော်သိတ်အားကျမိတယ်လို့ ပြန်ရေးလိုက်ပါတယ်။ နိုင်ငံရေးနဲ့ လုံးဝမပါတ်သက်တဲ့ အနောက်နိုင်ငံသူ ပညာရှင်တယောက်အနေနဲ့ ကျနော်ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်ရဲ့လား မပြောတတ်ပါ။ ကျနော်သာ အဲဒီအသုဘကို ရောက်ရင် သူတကာလိုပဲ ပန်းခွေတွေက ပန်းတပွင့်ကို နှုတ်ယူပြီး ရင်ပတ်မှာ အမြတ်တနိုး ထိုးလာခဲ့မှာပါ။

-ဖိုးသံ(လူထု)-
[ ၁၃၆၇ ၀ါဆိုလဆန်း၂ရက်၊ သက္ကရာဇ် ၂၀၀၅ ဇူလိုင် ၇ ရက်ထုတ် မာယာမဂ္ဂဇင်းက ပြန်လည် ကူးယူဖော်ပြပါတယ်]
မာယာဘလော့ခ် မှ ကူးယူခဲ့ပါသည်။

အပြည့်အစုံသို့...

မဲဇာတောသို့ ဒုတိယတခေါက်ပြန်ရောက်ရခြင်း


ရေးသူ- လေထီးအုန်းမောင်

[ဗမာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ သူရဲကောင်းတဦးဖြစ်တဲ့ လေထီးအုန်းမောင်(အသက် ၈၂ နှစ်) ဟာ သက္ကရာဇ် ၂၀၀၀ပြည့်၊ ဒီဇင်ဘာ ၂၈ မှာ ကွယ်လွန်ခဲ့ပါတယ်။ ခုဆိုရင် (၇) နှစ်တိုင်ခဲ့ပြီ။
ဦးအုန်းမောင်ဟာ လေထီးဆင်း ဖက်ဆစ်တော်လှန်ရေးသမား၊ ကိုလိုနီနယ်ချဲ့အပါအ၀င် ဖိနှိပ်တဲ့ အုပ်စိုးသူတွေကို လက်နက်နဲ့ရော၊ လက်နက်မဲ့ပါ ဆန့်ကျင်တိုက်ခိုက်ခဲ့သူ၊ ကိုကိုးကျွန်း နှစ်ခေါက်၊ ဂေါ်တူးကျွန်းတခေါက် ပြန်ခဲ့သူ၊ အသက် (၇၀) နီးမှ ရှစ်လေးလုံးလူထုအုံကြွမှုကြီးမှာ ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်တယ်။
မာယာ ၂၀၀၁ မတ်လထုတ်မှာ ဖော်ပြခဲ့တဲ့ မိုးဂျာနယ်၊ အတွဲ (၈)၊ အမှတ် (၂)၊ မတ်လ ထုတ်က ရဲဘော်လေထီးဦးအုန်းမောင်ရဲ့ "မဲဇာတောသို့ဒုတိယတခေါက်ပြန်ရောက်ရခြင်း" ဆောင်းပါးကို ဒုတိယ အကြိမ်အဖြစ် မာယာက အမှတ်တရ ပြန်လည်ဖော်ပြပါတယ်။]

[မိုးဂျာနယ်နှင့်.....သို့၊
အခြေအနေမပေးလို့ ခွင့်ပြုချက်မတောင်းခံလိုက်ရတာကို နားလည်ခွင့်လွှတ်ပါရန် လေးစားစွာဖြင့် အနူးအညွတ် တောင်းပန်အပ်ပါတယ်။]

ကျွန်တော်တို့သည် မန္တလေးတွင် ကျင်းပသော လူထုဒေါ်အမာ၏ ၈၂ နှစ်မြောက် မွေးနေ့ပွဲသို့ တက်ရောက်ပြီးနောက် မန္တလေးမှ အင်းတော်နှင့် ကသာမြို့များသို့ ခရီးဆန့်ခဲ့ကြ၏။
ကျွန်တော်တို့ အဖွဲ့တွင် သခင်အုန်းမြင့် (တိုးတက်ရေး)နှင့် သခင်သိန်းမောင်(၀ါးခယ်မ)တို့လည်း ပါကြပါသည်။
မန္တလေးမှ မြစ်ကြီးနားသို့ ရထားဖြင့် ညနေ ၅ နာရီထွက်ခဲ့ရာ ညမှောင်စပျိုးချိန်တွင် ရွှေဘိုသို့ ရောက်သည်။ ရွှေဘိုမှ ထွက်လာကတည်းက အညာဆောင်း၏ အအေးဓါတ်က ပို၍ ကဲလာသည်။ အညာဆောင်း၏ အအေးဒဏ်ကို မခံနိုင်သဖြင့် ရထားပြူတင်းပေါက် တံခါးများကို ပိတ်၍ အနွေးထည်များ ၀တ်ကာ ကာကွယ်နေရသည်။ ရထားသည် မှောင်ကြီးမဲမဲတွင်တဘူတာရပ် တဘူတာထွက်ဖြင့် ခုတ်မောင်း လာခဲ့ရာ ကျွန်တော်လည်း မပျော်တချက် ပျော်တချက်ဖြင့် မှေး၍ လိုက်ပါလာခဲ့သည်။

မဲဇာတော

နံနက်လင်း၍ ရထားပြူတင်းပေါက် တံခါးများကို ဖွင့်ကြည့် လိုက်သောအခါ နန်းခမ်း၊ ဘုံချောင်း၊ မဲဇာ၊ ဆည်ရွာ စသော ဘူတာများကို တဘူတာပြီး တဘူတာ တွေ့ရသည်။ ဘေးပတ်ဝန်းကျင် တခုလုံး တွင်ကား နှင်းများဝေနေသည်။ ရထားပြူတင်းပေါက်မှ အဝေးသို့ မျှော်ကြည့် လိုက်သောအခါ ညှို့ဆိုင်း အုံ့မှိုင်းနေသော သစ်တောကြီးများ၊ တောင်တန်းကြီးများကို မှုန်ဝါးဝါး တွေ့ရသည်။ မဲဇာတော၊ မဲဇာတောင်၊ မင်းဝံတောင်တန်းကြီးများဖြစ်ကြောင်း၊ ဘေးမှ ခရီးသည်တဦးက ပြောပြသည်။
ထိုတော ထိုတောင်တန်းများသည် ဒုတိယ ကမ္ဘာစစ်အတွင်းက သခင်ဗိုလ်၊ မန်းဝင်းမောင်တို့ ခေါင်းဆောင်သော ကျွန်တော်တို့ ရဲဘော်တစု ဖက်ဆစ်တော်လှန်ရေး တာဝန်ဖြင့် အိန္ဒိယသို့ သွားခဲ့ရာ တွင် ကုန်းကြောင်းဖြတ်သန်း လျှောက်လှမ်းခဲ့ကြသော တောတောင်များပင် ဖြစ်၏။ ကျွန်တော်တို့သည် အဝေးတွင် မြင်နေရသော မဲဇာတော၊ မင်းဝံတောင်များကို ငေးမျှော်ကြည့်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အဖြစ်အပျက်များကို တွေးတောနေမိခဲ့သည်။

အင်းတော်
မကြာခင်မှာပင် ကျွန်တော်တို့ စီးလာသော ရထားသည် အင်းတော်ဘူတာသို့ ဆိုက်သည်။ ဘူတာတွင် အင်းတော်မှ မိတ်ဆွေများက လာရောက်ကြိုဆိုပြီး ကျွန်တော်တို့ တည်းခိုရမည့် ဦးစောလှိုင် (ဗဟိုတရားရုံးရှေ့နေ)၏ အိမ်သို့ ခေါ်ဆောင်သွားသည်။ ဦးစောလှိုင်တို့ မိသားစုမှာ သဘောကောင်းပြီး အလွန်ဖော်ရွေသည်။ ကျွန်တော်တို့ အင်းတော်တွင် နေစဉ်အတွင်း ဧည့်ဝတ်ပြုကြသည်မှာ အားနာစရာပင် ကောင်းလှသည်။ ကျွန်တော်တို့ အဖွဲ့မှ သခင်သိန်းမောင် တယောက်သာ အင်းတော်၊ ကသာမြို့များသို့ ရာက်ဖူးပြီး ကျွန်တော်နှင့် သခင်အုန်းမြင့်မှာ တခါမှ မရောက်ဖူးပေ။
ကျွန်တော်သည် အင်းတော်သို့ မရောက်ဖူးသော်လည်း အင်းတော်ဆိုသော နာမည်ကိုကား ကြားဖူးနေ၏။ အင်းတော်အမည်ကို စ,ကြားဖူးသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်က ဖြစ်သည်။

ဝင်းဂိတ်၏ခရီးဝေးထိုးဖောက်ရေး
၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလလောက်က ဗြိတိသျှ စစ်တပ်မှ မေဂျာဂင်နရယ် ၀င်းဂိတ်သည် အင်အား ၃၀၀၀ ဖြင့် မြန်မာပြည်မြောက်ပိုင်းရှိ ဂျပန်အုပ်ချုပ်ထားသော နယ်မြေအတွင်း ခရီးဝေးထိုးဖောက်၍ ပြောက်ကျားစစ် ဆင်နွှဲခဲ့သည်။ ၀င်းဂိတ်၏ ရန်သူဂျပန်နယ်မြေအတွင်းသို့ ခရီးဝေးထိုးဖောက် တိုက်ခိုက်ရေး ရည်ရွယ်ချက်မှာ-
ရန်သူ၏ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန်အတွက် မန္တလေး-မြစ်ကြီးနား ရထားလမ်းနှင့် တံတားများကို ဖောက်ခွဲ ဖျက်ဆီးပစ်ရန်၊
ဂျပန်တို့ သိုလှောင်ထားသော ရိက္ခာနှင့် လက်နက်ကျည်ဆံများ သိုလှောင်ရေးစခန်းများကို ဖျက်ဆီးရန်၊
ရန်သူကို တိုက်ပွဲငယ်ကလေးများ ဆင်နွှဲပြီး အနှောက်အယှက်ပေးရန် တို့ဖြစ်သည်။
ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် ၀င်းဂိတ်တပ်များသည် အင်းတော် ပတ်ဝန်းကျင် တ၀ိုက်တွင် စစ်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
ကျွန်တော်တို့ ရထားစီးလာစဉ်က တွေ့ခဲ့ရသော နန်းခန်း၊ ဘုံချောင်း၊ မဲဇာ မီးရထားလမ်းများ၊ မဲဇာချောင်း တံတားများသည် ၀င်းဂိတ်တပ်များ ဖောက်ခွဲ ဖျက်ဆီးခဲ့ဖူးသော ရထားလမ်းများ၊ တံတားများပင် ဖြစ်သည်။ ၀င်းဂိတ်တပ်များသည် ထီးချိုင့်မြို့ထဲကိုပင် ၀င်ရောက်ခဲ့သေးသည်။
၁၉၄၄ ခုနှစ်ကလည်း ၀င်းဂိတ်၏ ခရီးဝေးထိုးဖောက်ရေး တပ်များသည် အင်းတော်၊ ဗန်းမော်၊ မိုးကောင်း တြိဂံနယ်မြေများအတွင်း လေထီးစစ်သားများဆင်းကာ ခံတပ်မြို့များ တည်ဆောက်၍ ခံတပ် စစ်ဆင်ရေးကို နောက်တကြိမ် ဆင်နွှဲခဲ့သေးသည်။ ထိုအကြိမ်တွင် ၀င်းဂိတ်တပ်များသည် အင်းတော်ကိုပင် အလစ်ဝင်ရောက် တိုက်ခိုက်ကာ ရိက္ခာနှင့်လက်နက်များ သိုလှောင်ရာ စခန်းများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ထိုကြောင့်လည်း အင်းတော်သည် ၀င်းဂိတ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် စစ်အတွင်းက လူသိများပြီး ထင်ရှားသော မြို့လေးတမြို့ ဖြစ်လာသည်။
ထိုစဉ်က ကျွန်တော်တို့သည် အင်းတော်နှင့် အင်းတော်နယ်မြေအတွင်း လှုပ်ရှားနေသော ၀င်းဂိတ်၏ စစ်ရေးလှုပ်ရှာမှုသတင်းများကို တဆင့်စကား တဆင့်နားဖြင့် လည်းကောင်း၊ ထိုစဉ်က ထုတ်ဝေသော ဂျပန်စစ်တပ်က ချုပ်ကိုင်ထားသည့် မြန်မာသတင်းစာ များတွင် တစွန်းတစ ဖတ်ရသဖြင့် လည်းကောင်း၊ အင်းတော်ဆိုသော နာမည်ကို ကြားဖူးနေခြင်း ဖြစ်သည်။
အင်းတော်တွင် ရောက်နေစဉ်အတွင်း ဦးစောလှိုင်၊ ဦးညွန့်လွင် စသော မိတ်ဆွေများက အင်းတော် မှ တန်ခိုးကြီးဘုရားများကို လိုက်လံပို့ဆောင်၍ ဖူးမျှော်ကြည်ညိုစေသည်။ အင်းတော်လေးကန်ကို ကြည့်ရှုစေသည်။ ထီးချိုင့်မြို့ကိုလည်း လေ့လာရေးခရီးအဖြစ် ပို့ဆောင်ပေးသည်။ ထီးချိုင့်မြို့မှာ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး သာယာလှပသော မြို့ကလေးတမြို့ ဖြစ်သည်။ မန္တလေး-ထီးချိုင့် ကားလမ်း၊ မန္တလေး-ထီးချိုင့် သင်္ဘောလမ်းများ ပေါက်သဖြင့် စီးပွါးရေးလုပ်ငန်း ကောင်းမွန်သော ကြောင့်လည်း မြို့ကလေးမှာ စည်ကားနေသည်။

မဲဇာကမ်းမှလွမ်းစေတီများကို ပြုပြင်တည်ဆောက်သောဆရာတော်

ထီးချိုင့်မြို့သို့ ရောက်စဉ် တည်တောဆရာတော်အား သွားရောက်ဖူးမျှော်ကြသည်။ တည်တော ဆရာတော်မှာ သက်တော် ၈၀ ကျော်ပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းလျက်ပင် ရှိနေသေးသည်။
တည်တောဆရာတော်သည် စစ်ကြိုခေတ်က စာနယ်ဇင်းများတွင် 'ထီးချိုင့်နတ်ဆိုး' ကလောင် အမည်ဖြင့် ဆောင်းပါး၊ ကဗျာ၊ လေးချိုးများကို ရေးသားခဲ့သော ဆရာတော် ဖြစ်သည်။ ကျွန်တော်တို့ ကျောင်းသားဘ၀က 'ထီးချိုင့်နတ်ဆိုး' ၏ ကဗျာ ဆောင်းပါးများကို ဖတ်ခဲ့ရဖူးသည်။
လက်ဝဲသုန္ဒရ အမတ်ကြီး မင်းပြစ်မင်းဒဏ်ကြောင့် မဲဇာသို့ အပို့ခံခဲ့စဉ်အတွင်း စေတီပုထိုးများကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီများမှာ နှစ်ပေါင်း ၂၀၀ ကျော်လာခဲ့ပြီ ဖြစ်သည်။ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော စေတီပုထိုးများကို ဆရာတော်က ဦးဆောင်၍ ပြုပြင် တည်ဆောက်နေသည်။ ယခုအခါ ဆရာတော်၏ ကောင်းမှုကြောင့် ထုံးဖြူဖွေးဖွေးနှင့် ကြည်ညိုသပ္ပါယ် ဖွယ် ကောင်းနေပါပြီ။
ဆရာတော်ရေးသော 'မင်းလက်ဝဲသုန္ဒရ၏ မဲဇာကမ်းမှ လွမ်းစေတီများ' အမည်ရှိ စာအုပ်ကို ကျွန်တော်တို့အား ဆရာတော်က လက်ဆောင်ပေးပါသည်။

ဂျုံးဂျုံးကျရွာ
ဦးစောလှိုင်နှင့် ဦးညွန့်လွင်တို့သည် ကျွန်တော့်အား ထီးချိုင့်သို့ ပို့ပြီးနောက် ကျွန်တော်သွားချင် သော မဲဇာတောမှ ဂျုံးဂျုံးကျရွာသို့လည်း ပို့ပေးသည်။ မဲဇာတောမှ ဂျုံးဂျုံးကျရွာကလေးသို့ သွားလိုခြင်း မှာ ဂျုံးဂျုံးကျရွာကလေးသည် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် တနည်းမဟုတ် တနည်းဖြင့် ပါတ်သက်နေသော ရွာကလေး ဖြစ်သောကြောင့်ပင်။
၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်များက မောင်းထုတ်လိုက်သဖြင့် အင်္ဂလိပ်တပ်များနှင့် တရုတ်တပ်များ ဒရောသောပါးနှင့် ဆုတ်ခွါထွက်ပြေး သွားခဲ့ရသည်။ ထိုသို့ ဆုတ်ခွါထွက်ခဲ့ရာတွင် ဖက်ဆစ် ဆန့်ကျင် ရေးသမားများ ဖြစ်သော ကိုသိန်းဖေ(ဦးသိန်းဖေမြင့်)၊ သခင်မြသွင် နှင့် သခင်ကျော်စိန် တို့သည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် မဟာမိတ်များနှင့် ဆက်သွယ်မှုရယူရန် ချန်ကေရှိတ်တရုတ်တပ်များနှင့် လိုက်ပါသွားခဲ့ကြသည်။ ဤသို့ လိုက်ပါရာတွင် ချန်ကေရှိတ်တပ်များနှင့် ဆက်ဆံရေး အဆင်မပြေ သဖြင့် ဆက်၍မလိုက်တော့ပဲ လမ်းတ၀က်မှနေ၍ ပြန်လည် ထွက်ပြေး ခဲ့ကြသည်။ တရုတ်တပ်မှ ထွက်ပြေးခဲ့ကြပြီးနောက် ပထမဆုံး ပုန်းအောင်း ရှောင်တိမ်းနေရသော ရွာမှာ ထိုဂျုံးဂျုံးကျ ရွာကလေး ပင် ဖြစ်သည်။

ခေတ္တစတည်းချ
ထို့နောက် ၁၉၄၄ ခုနှစ်တွင်လည်း သခင်ဗိုလ် ခေါင်းဆောင်သော ကျွန်တော်တို့ ရဲဘော် ၉ ယောက် သည် ဖက်ဆစ်ဆန့်ကျင်ရေးတာဝန်ဖြင့် အိန္ဒိယသို့ ကုန်းကြောင်းခရီး သွားခဲ့ရာတွင် ခေတ္တစတည်းချ ခဲ့သော ရွာကလေးမှာလည်း ထိုဂျုံးဂျုံးကျ ရွာကလေးပင် ဖြစ်သည်။ သို့ဖြင့် မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးတို့မှာ ကျွန်တော်တို့စိတ်ထဲတွင် အမြဲအမှတ်ရနေသဖြင့် ထိုနေရာ ထိုဒေသများသို့ သွားလိုနေခြင်း ဖြစ်သည်။ သွားသာ သွားလိုသည်။ ထို ဂျုံးဂျုံးကျရွာကလေးမှာ မဲဇာတောထဲတွင် ရှိပြီး လမ်းခရီးကလည်း ခက်ခဲကြမ်းတမ်းသဖြင့် ထိုရွာကလေးသို့ ပြန်ရောက်ဖို့ ဆိုသည်မှာ မလွယ်ကူဟု ထင်မှတ်ခဲ့သည်။ သို့သော် အင်းတော်နှင့် မဲဇာတောမှ ဂျုံးဂျုံးကျရွာကလေးတို့မှာ မော်တော်ကားလမ်း ပေါက်နေပြီ ဖြစ်သဖြင့် စစ်အတွင်းက ကျွန်တော်တို့ ရောက်ခဲ့စဉ်ကလောက် ခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်း မသွားရတော့ပေ။
ကျွန်တော်တို့သည် ကားကလေးဖြင့် အင်းတော်မှ နံနက်၉ နာရီထွက်ခဲ့ကြရာ ဂျုံးဂျုံးကျ ရွာကလေး သို့ နံနက် ၁၀ နာရီသာသာတွင် ရောက်သည်။ အင်းတော်နှင့် ဂျုံးဂျုံးကျ ရွာကလေးမှာ ကားဖြင့် တနာရီ ကျော်ကျော်သာ သွားခဲ့ရတော့သည်။

မဲဇာတောသို့ ဒုတိယတခေါက်

ကျွန်တော့်တသက်တွင် ဘယ်တော့မှ ပြန်ရောက်နိုင်တော့မည် မဟုတ်တော့ဟု ထင်မှတ်ခဲ့သော မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးကို ဒုတိယအကြိမ် ရောက်ခဲ့ရပြန်သည်။ မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးသို့ ပထမအကြိမ် ရောက်ခဲ့သည်မှာ စစ်အတွင်း ဂျပန်ခေတ်က ဖြစ်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးတာဝန်ဖြင့် ရောက်ခဲ့ခြင်းဖြစ်သည်။
ရောက်ခဲ့ပုံမှာ ဤသို့ဖြစ်၏။ သခင်ဗိုလ်(မြန်မာပြည်တွင်းသို့ လေထီးနှင့် ဆင်းရန်အပြန်တွင် ဂျက်ဆိုးလေဆိပ်၌ လေယာဉ်မီးလောင်ပျက်ကျ၍ သေဆုံးခဲ့သူ)၊ မန်းဝင်းမောင် (သမတဟောင်း ဦးဝင်းမောင်-ကွယ်လွန်) တို့ခေါင်းဆောင်၍ ကိုကျော်ရင် (မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း-ကွယ်လွန်)၊ ကိုချစ်ကောင်း(ဗိုလ်မှူးချစ်ကောင်း-တောတွင်းကျဆုံး)၊ ဗိုလ်ဘညွန့်(ပီကင်းပြန်-ကွယ်လွန်)၊ ကိုသန်း(ကွယ်လွန်) နှင့် ကျွန်တော်တို့သည် ဖက်ဆစ်ဆန့်ကျင်ရေးတာဝန်ဖြင့် အိန္ဒိယသို့ သွားရန် မန္တလေးသို့ ခရီးစခဲ့ကြသည်။
မန္တလေးမှတဆင့် အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးဗထူး၏ အစီအစဉ်ဖြင့် အိန္ဒိယသို့ ခရီးဆက်ကြ သည်။ အိန္ဒိယသို့ ကသာ၊ မြစ်ကြီးနားနယ်များမှ ဖြတ်သွားရမည် ဖြစ်သဖြင့် ထိုနယ်များကို ကျွမ်းကျင်သော ဗိုလ်မှူးဗထူး၏ တပ်မှ ဗိုလ်လှဖေနှင့် တပ်သားမောင်ကျောက်တို့ကို လမ်းပြအဖြစ် ကျွန်တော်တို့နှင့် ထည့်ပေးလိုက်သည်။
ကျွန်နော်တို့ အဖွဲ့သည် စစ်ကိုင်းမှကောလင်းသို့ ရထားနှင့် သွားခဲ့ရပြီး ရထား ဆက်မထွက်နိုင်တော့ သဖြင့် ကောလင်းမှစ၍ ကျွန်တော်တို့သည် ကုန်းကြောင်းလျှောက်ခဲ့ကြရသည်။
တတောဝင်၊ တတောထွက်၊ တတောင်တက်၊ တတောင်ဆင်းဖြင့် ကုန်းကြောင်းလျှောက်ခဲ့ကြရာ ကသာနယ်မှ ဂဟဲဆိုသောရွာသို့ ရောက်သည်။ ရောက်သောအခါ ဗိုလ်မှူးဗထူး၏ လမ်းပြအဖြစ်ထည့် ပေးလိုက်သော ဗိုလ်လှဖေမှာ အပြင်းဖျားတော့သည်။ ဗိုလ်လှဖေအား ကျွန်တော်တို့တွင် ပါလာသော ဆေးဝါးများဖြင့် ကြိုးစားကုသကြသည်။ ပျောက်နိုးနိုးနှင့် စောင့်ကြည့်ကြသော်လည်း ရက်သာကြာသွား သည်။ အဖျားကမသက်သာ။ သို့ကြောင့် ကျွန်တော်တို့သည် ကြာကြာမစောင့်နိုင်တော့ဘဲ ဗိုလ်လှဖေ အား သူ့အစ်မရှိရာ တကောင်းသို့ ပြန်ပို့ရန် စီစဉ်ခဲ့ကြသည်။ လူမမာကို မဲဇာချောင်း ကမ်းပေါ်ရှ ဂျုံးဂျုံးကျရွာကလေးသို့ ထမ်းစင်ဖြင့် သယ်ယူခဲ့ကြသည်။ ဂျုံးဂျုံးကျရွာတွင် တရက်နှစ်ရက် နားပြီး စောင့်ကြည့်သေးသော်လည်း ထူးမလာသဖြင့် ရှေ့ခရီးဆက်ရေး ကျွန်တော်တို့ ဆွေးနွေးကြသည်။ အိန္ဒိယသို့ အမြန်ဆုံးရောက်ဖို့ အရေးကြီးသဖြင့် လူနှစ်စုခွဲကာ တစုက အိန္ဒိယသို့ ဆက်လက်သွားခဲ့ကြ ပြီး တစုက လူမမာအား တကောင်းသို့ ပို့ရန် ဆုံးဖြတ်ကြသည်။
ထို့ကြောင့် သခင်ဗိုလ် ခေါင်းဆောင်၍ ကိုကျော်ရင်၊ ကိုဘညွန့်၊ ကိုသန်းနှင့် မောင်ကျောက်တို့က အိန္ဒိယသို့ ခရီးဆက်သွားရန် ဖြစ်သည်။ မန်းဝင်းမောင် ခေါင်းဆောင်၍ ကိုချစ်ကောင်းနှင့် ကျွန်တော်က ဗိုလ်လှဖေအား တကောင်းသို့ သွားပို့ကြရန် ဖြစ်သည်။
နောက်တနေ့တွင် လူစုခွဲကြသည်။ ရဲဘော်အားလုံး၏ မျက်နှာများတွင် စိတ်မကောင်းသည့် အမူအရာများ ပေါ်နေသည်။ သခင်ဗိုလ်တို့ အုပ်စု နံနက်ပိုင်းတွင် ခရီးထွက်သွားပြီးနောက် မန်းဝင်းမောင် ခေါင်းဆောင်သော ကျွန်တော်တို့အုပ်စုက ညနေပိုင်းတွင် ၀ါးဖောင်တခုကို ၀ယ်၍ ဖောင်ပေါ်တွင် လူမမာကိုတင်ကာ ဂျုံးဂျုံးကျရွာချောင်းဆိပ်မှ နေ၍ မဲဇာချောင်းအတိုင်း ဖောင်ဖြင့် မျှောခဲ့ကြသည်။ တညလုံး ဖောင်မျှောလာကြရာ ညနက်လေ ဆီးနှင်းများ တပေါက်ပေါက်ကျလာပြီး အအေးက လွန်ကဲလာသည်။ ကျွန်တော်တို့၏ စောင်များကိုလည်း လူမမာကို ခြုံပေးထားရသဖြင့် ကျွန်တော်တို့ တကိုယ်လုံးမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေသည်။ ရေနွေးအိုးတည်၍ လက်ဖက်ရည် ကြမ်း ပူပူလေးသောက်ကာ အချမ်းကို ကာကွယ်နေကြရသည်။ ဖောင်ကို တအိအိနှင့် မျှောခဲ့ရာ နှစ်ရက်လောက် အကြာတွင် တကောင်းသို့ ရောက်ခဲ့သည်။

ရဲဘော်များကို အောက်မေ့သတိရခြင်း

ကျွန်တော်သည် ယခုတခေါက် ဂျုံးဂျုံးကျရွာသို့ ရောက်သောအခါ ၀မ်းသာအားရစွာဖြင့် ရွာကလေး ကို လှည့်ပတ်ကြည့်သည်။ ကျွန်တော်တို့ စတည်းချခဲ့သော အိမ်ကလေးကို ရှာဖွေကြည့်သည်။ ရွာမှ လူဟောင်းများကို စုံစမ်းကြည့်သည်။ ကျွန်တော်တို့ ဖောင်နှင့်မျှောခဲ့သော မဲဇာချောင်းကိုလည်း သွား၍ ကြည့်သည်။ စစ်အတွင်း ထိုရွာသို့ အတူသွားခဲ့ ရောက်ခဲ့ကြသည့် ရဲဘော်များနှင့်လည်း အဖြစ်အပျက် များမှာ တရေးရေး မြင်ယောင်လာမိပါသည်။
မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးများကို တွေ့ရသောအခါ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အဖြစ်အပျက်များကို ပြန်လည် သတိရလာပြီး စိတ်ထဲတွင် ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ရသည်။
ဝမ်းသာခြင်းမှာ ကျွန်တော်တသက်တွင် ဘယ်တော့မှ ပြန်ရောက်တော့မည် မဟုတ်ဟု ထင်မှတ်ခဲ့ သော မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးကို မမျှော်လင့်ပဲ ပြန်ရောက်ခဲ့ရသောကြောင့် ဖြစ်သည်။
ဝမ်းနည်းခြင်းမှာ မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးသို့ ထိုစဉ်က ရောက်ခဲ့ကြသော ကွယ်လွန်သွားကြသည့် ရဲဘော်များကို အောက်မေ့တသ သတိရသောကြောင့် ဖြစ်သည်။
စစ်အတွင်းက ဤတော၊ ဤရွာကလေးသို့ ရောက်ခဲ့ကြသော ရဲဘော် ကိုးယောက်တွင် သခင်ဗိုလ်၊ မန်းဝင်းမောင်၊ ကိုကျော်ရင်၊ ကိုဘညွန့်၊ ကိုချစ်ကောင်း၊ ကိုသန်း၊ မောင်ကျောက်တို့မှာ မရှိကြတော့ပေ။ ကွယ်လွန်ကုန်ကြပြီ။ ကျွန်တော်နှင့် ကိုလှဖေတို့ နှစ်ယောက်သာ အသက်မသေပဲ ကျန်ရှိတော့သည်။
ကွယ်လွန်သွားကြပြီ ဖြစ်သော ထိုရဲဘော်များကို ကျွန်တော်အောက်မေ့တသ သတိရသကဲ့သို့ သခင်အုန်းမြင့်နှင့် သခင်သိန်းမောင်တို့ကလည်း ထိုရဲဘော်များမှာ သူတို့နှင့် ခင်မင်ရင်နှီးသော ရဲဘော်များ ဖြစ်ကြသဖြင့် အောက်မေ့တသ သတိရကြသည်။
ဂျုံးဂျုံးကျရွာကလေးကို အားရအောင် လှည့်ပတ်ကြည့်ရှု ပြီးနောက် မခွဲချင် မခွါချင်ဖြင့် ထိုရွာ ကလေးမှ ခွဲခွါခဲ့ရသည်။ ခွဲခွါရသော်လည်း မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးကိုကား ကျွန်တော့် စိတ်ထဲတွင် မေ့ပျောက်၍ မရဘဲ အမှတ်ရနေမည်သာ ဖြစ်ပါသတည်း။

လေထီးအုန်းမောင်
[မိုးဂျာနယ်၊ အတွဲ(၈)၊ အမှတ်(၂)၊ ၁၉၉၈ မတ်လ]
မာယာဘလော့ခ် မှ ကူးယူခဲ့ပါသည်။

အပြည့်အစုံသို့...

အဝေးကပေးစာတစောင် (၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ ၂၅ရက်။)

ကိုဟိုဒင်းရေ-
နှင်းလေးတမှုံမှုံ၊ လေအေးလေးတသုန်သုန်နဲ့ ချမ်းလို့များတုန်ပြီဆိုမှဖြင့်
ကျနော်လည်း စာဆိုတော်နေ့တွေအကြောင်းရေးမယ်လို့ စဉ်းစားလိုက်တာနဲ့ ကဗျာလိုလို၊
ကပြောင်လိုလိုတွေ ခေါင်းထဲက ခုန်ထွက်လာတာဗျို့။ စာ အကြောင်းပေအကြောင်းကို လွတ်လွတ်လပ်လပ်ပြော၊ လွတ်လွတ်လပ်လပ်နားထောင်ဆွေးနွေးဆိုတဲ့ အစဉ်အလာလေးတောင်မှ အခုတော့ ဒီနိုင်ငံမှာ သမိုင်း လိုလို၊ အိပ်မက်လိုလိုဖြစ်သွားပြီဆိုတာကို ပြန်တွေးကြည့်ရင် လွမ်းသလိုလို၊ နာကျည်းသလိုလို ဖြစ်နေမိတယ်ဗျာ။
ဗမာပြည်မှာတုန်းက ကိုယ်ကစာရေးဆရာ မဟုတ်ပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ စာပေဟောပြောပွဲတွေကို သွားနားထောင်ခဲ့၊ စာရေး ဆရာတွေ နယ်လှည့်ဟောပြောရာတွေကို လိုက်ပါခဲ့ဖူးတော့ စာဆိုတော်နေ့ရဲ့ နက်နဲသိမ်မွေ့မှု၊ ကြည်နူးစရာတွေကို ကောင်းကောင်းသဘောပေါက်ပြီး သံယောဇဉ် တွယ်မိနေတာပေါ့ဗျာ။ ပြန်စဉ်းစားလိုက်တော့ သမိုင်းကလည်း ကြာခဲ့ပြီကိုး။
ဒုတိယကမြာစစ်၊ ဂျပန်ခေတ်၊ ဖက်ဆစ်ခေတ် တကယ့်အမှောင်ခေတ်ထဲမှာမှ ကျနော်တို့နိုင်ငံက စာရေးဆရာအသင်းဆိုတာ ပေါ်လာတာပါ။ ၁၉၄၄ ခုနှစ်ထဲမှာ ဆရာကြီးပီမိုးနင်းကွယ်လွန်တော့ သူ့ဈာပနမှာ စာရေးဆရာကြီးများဟာ စာရေးဆရာအသင်းတခုတော့ရှိမှလို့ သဘောပေါက်ပြောဆိုမိကြပြီး နောက်တ နေ့ကျတော့ ဆယ်သန်းသတင်းစာတိုက်မှာ ဂျာနယ်ကျော် ဦးချစ်မောင်၊ (ဦး)သင်္ခါ၊ (ဦး)ပဂျီငို၊ ဒီးဒုတ်ဦးဘချို၊ (ဆရာ)မဟာဆွေ၊ (ဆရာ)မြို့မဟိန်စသူတို့ တွေ့ဆုံ ဆွေးနွေးပြီးဖွဲ့လိုက်ကြတယ်လို့ ဖတ်ဖူး၊ မှတ်သားဖူးတယ်ဗျ။ ဥက္ကဋ္ဌက ဦးချစ်မောင်၊ ဒုဥက္ကဋ္ဌက မဟာဆွေ၊ အတွင်းရေးမှူးက သင်္ခါ စသဖြင့်တာဝန်ယူကြတယ်တဲ့။ တဆက်ထဲမှာ နှစ်စဉ်နှစ်တိုင်း နတ္တော်လဆန်း တရက်နေ့မှာစာဆိုတော်နေ့အခမ်းအနားတွေ ကျင်းပကြဖို့လည်း အဲဒီစာရေးဆရာ အသင်းကနေ ဆုံးဖြတ်လိုက်ကြ တယ်ဆိုပဲ။
ဖက်ဆစ်ဂျပန့်လှံစွပ်အောက်မှာ ဒီနေ့ကိုသတ်မှတ်၊ ဖော်ထုတ်၊ ကျင်းပတယ်ဆိုတော့ ဒီစာရေးဆရာတွေဟာ မျက်စိကန်း တစ္ဆေမကြောက်လုပ်ကြ တာလားလို့ မေးစရာရှိပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲဒီတုန်းက ဂျပန်ဖက်ဆစ်က ဗမာပြည်ကိုလွတ်လပ်ရေး ပေးတယ်လို့လုပ်ထားတာ၊ ဒီအခါမှာ အစိုးရအဆောက် အုံထဲမှာ ကိုယ့်လူတွေရှိနေတယ်ဆိုတဲ့ အချက်တွေကိုအခွင့်ကောင်းယူပြီး အမျိုးသားရေးလှုပ်ရှားမှုတရပ်အနေနဲ့ သတ္တိရှိရှိလုပ်ခဲ့တာဖြစ်ပါတယ်။ တဘက်က လည်း စာရေးဆရာတွေဟာ စုစုစည်းစည်းရှိကြောင်း၊ တနည်းစည်းလုံးညီညွတ်ကြောင်း အားလုံးသိအောင်ဖော်ပြရင်း အမျိုးသားရေးအလံကို လွှင့်ထူပြတာလည်း ဖြစ်ပါတယ်။ သူတို့ပထမဆုံးတင်ဆက်ကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်ထဲမှာ ၀ိဇယမင်းသားရဲ့အပေါင်းပါတွေ ရက်စက်ရိုင်းစိုင်းပုံတွေဟာ ဖက်ဆစ်ဂျပန်တွေ လုပ်နေ တာတွေကို ထင်ဟပ်ပြထားတာဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ စာဆိုတော်နေ့လှုပ်ရှားမှုတွေဟာ လွတ်လပ်ရေးတိုက်ပွဲကာလမှာ အားလုံးကအာရုံစိုက်ရတဲ့ကိစ္စတရပ် ဖြစ်လာတာ ပေါ့ဗျာ။ အာရုံစိုက်ကြတဲ့အဓိက အကြောင်းရင်းကတော့ နိုင်ငံရေးအဓိပ္ပာယ်ကြောင့် အာရုံစိုက်ကြတာပါ။ စာပေသမားတွေက နှစ်စဉ်တင်တဲ့ ပြဇာတ်တွေဟာ ဘာနိုင်ငံရေးအဓိပ္ပာယ်ပါသလဲလို့ စဉ်းစားကြရတာကိုက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
နောက်တော့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲ စာရေးဆရာတွေအကြားကွဲကြတာ၊ စင်ပြိုင်အသင်းအပင်းတွေ ထူထောင်ကြတာ၊ စာဆိုတော်နေ့ကို ကိုယ့်ဟာနဲ့ကိုယ်ကျင်းပကြတာစတာတွေ တွေ့လာရပါတယ်။ ဒါတွေဟာကောင်းတဲ့ အချဉ်းအရာတွေလို့ ကျနော့်အနေနဲ့မဆိုလိုပါဘူးဗျာ။ ဒါပေမဲ့ အခုပြန်စဉ်းစား လိုက်တော့ လွတ်လပ်ပြီးနောက်မှာ ကိုလိုနီဘ၀လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြတုန်းကလို လူ့အလွှာ၊ လူတန်းစားတွေအကြား မတူကွဲပြားကြတာဟာ သဘာဝကျတယ်လို့ထင်ပါတယ်။ မတူတာကို မတူတဲ့အတိုင်းရပ်တည် ခွင့်ရကြတာကိုပဲ ကောင်းတဲ့ကိစ္စလို့ သဘောထားရမှာပါ။ ဒီနေ့ကာလလို နအဖခွင့်ပြုတဲ့ စာပေအဖွဲ့အစည်းတခုတည်း တည်ရှိခွင့်ရနေတာနဲ့စာရင် တော်သေးတာပေါ့။ ဖဆပလအစိုးရဟာ စာရေးဆရာ၊ သတင်းစာဆရာတွေကို ဖမ်းတာ၊ ဆီးတာတွေရှိ ပေမဲ့ မဆလတို့ န၀တ-နအဖတို့ထက်တော့ အပုံကြီးတော်သေးတာ အမှန်ပဲဗျ။
မဆလခေတ်ကျတော့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲလေ။ စာဆိုတော်နေ့ကျင်းပတာတွေဟာ လုံးဝပုံသဏ္ဌာန်ပြောင်းသွားတယ်။ ရန်ကုန်မှာက ဘာမှ လုပ်ခွင့်မရတော့ဘူး။ သတင်းစာဆရာ၊ စာရေးဆရာတွေ အသင်းအပင်းပုံစံနဲ့လှုပ်ရှားတယ်ဆိုတာ ပျောက်သလောက်ဖြစ်သွားတယ်။ အထူးသဖြင့် ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲထိုးဇာတ်ကြီးကို ဗိုလ်နေ၀င်းကတော်လောက်ပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် (ဆရာ) ဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ (ဆရာ)မြသန်းတင့်တို့လိုလူတွေ ထောင်ထဲရောက်ကုန်ကြပြီးတဲ့ နောက်မှာပေါ့ဗျာ။ မန္တလေးမှာကတော့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းရယ်လို့ တည်တည် ကြည်ကြည် ရပ်တည်နိုင်ပြီး စာပေ ဟောပြောပွဲတွေ၊ စာပေရေးရာလှုပ်ရှားမှုတွေ အတော်လေးကျင်းပနေနိုင်ခဲ့တာပေါ့။
ဒီနေရာမှာစပ်မိလို့ မဆလလက်ထက် ကာလအတော်ကြာအထိ တည်တံ့နေနိုင်ခဲ့တဲ့ မန္တလေးကျုံးနံဘေးဓမ္မဗိမာန်က စာပေဟောပြောပွဲတွေအ ကြောင်း ပြောချင်သေးတယ်။ နှစ်စဉ်နှစ်တိုင်း ဂရုတစိုက်နဲ့စေ့စေ့စပ်စပ် စီစဉ်ကျင်းပကြတာ။ ဖတ်တဲ့စာတန်းတွေဆိုတာလည်း တခုမှ ကယော်ကမယ်မဟုတ်ဘူး။ စာတစောင်ပေတဖွဲ့ မှတ်တမ်းတင်ထိုက်တဲ့ ဟာတွေချည့်ပဲ။ သဘာပတိတွေ ထိုင်တဲ့နေရာရဲ့နောက်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံကြီးကို ထောင်လို့၊ အထက်မှာတော့ အထက်ဗမာနိုင်ငံစာရေးဆရာ အသင်းဆိုတဲ့ စာတန်းကြီးနဲ့၊ ထိုင်နေသူတွေက ဆရာတော်ရွှေကိုင်းသားခေါ် ဦးသောဘိတ၊ ပါမောက္ခဦးချမ်းမြ၊ လူထုဦးလှ၊ ဒေါက်တာသန်းထွန်းတို့လို ပုဂ္ဂိုလ်တွေ။ အင်မတန်ကျက်သရေရှိတာပေါ့ဗျာ။ (တခါတခါတော့ ဒေါက်တာသန်းထွန်းကြီး အိပ်ငိုက်နေတာ တွေ့ရတယ်)။ ကျနော်မှတ်မိသလောက်တော့ အမေလူထုဒေါ်အမာက နောက်ပိုင်းမှသဘာပတိစားပွဲမှာ ထိုင်တာ၊ အစောပိုင်းတုန်းကတော့ အောက်ကပရိသတ်ထဲမှာပဲ။ အောက် မှာထိုင်နေတဲ့ ပရိသတ်ထဲမှာ သံဃာတော်တွေအပါအ၀င် ကျနော့်အထင် နှစ်စဉ်လာနားထောင်သူက ရာခိုင်နှုန်း ၈၀ ထက်မနည်းဘူးဗျ။ ဒီအထဲမှာ ထောက်လှမ်း ရေးတို့၊ အက်စ်ဘီတို့လည်းပါသပေါ့ဗျာ။ အထက်မှာပြောခဲ့တဲ့ ဂျပန်ခေတ် ဒီမိုကရေစီနဲ့မကွာလှတဲ့ မဆလဒီမိုကရေစီအောက်မှာ ရိုးသားတည်ကြည်မှုဆိုတဲ့ ဂုဏ်နဲ့ ပွတ်သီကပ်သီလေး လှည့်ပတ်ပြီးလုပ်ကြရတဲ့ ရှားရှားပါးပါး အသင်းအပင်းလှုပ်ရှားမှုပေါ့။ ဒါပေမဲ့ ဒီအဖွဲ့အစည်းနဲ့ ဒီလှုပ်ရှားမှုဟာ မဆလ ခေတ်နှောင်းပိုင်းမှာ နိဋ္ဌိ တံသွားပါတော့တာပါပဲဗျာ။
အဲဒီခေတ်က အထက်အောက် ဗမာပြည်မှာလှည့်လည်ဟောပြောတာတွေအပါအ၀င် စာပေဟောပြောပွဲတွေမှာ လူထုဟာ စာပေကိုစိတ်ဝင်စားတာ တင်မက နိုင်ငံရေးငတ်လို့ နိုင်ငံရေးအသံ၊ နိုင်ငံရေးအဓိပ္ပာယ်တွေ ခံစားချင်လို့လာနားထောင်ကြတာလည်း ဖြစ်တယ်ဗျ။ ဗမာပြည်စာပေလောကရဲ့ ထူးခြားချက် တခုကိုက တိုင်းပြည်ရဲ့အခြေအနေနဲ့အတူ နိုင်ငံရေးရဲ့အခန်းဟာ အင်မတန်မှ အရေးပါနေပဲ။ ဒါဟာကိုလိုနီခေတ်ကတည်းက သန္ဓေတည်ခဲ့တာဆိုရင် မမှားပါဘူး ထင်ပါတယ်။ ဒါကြောင့်လည်းပဲ ဒီနိုင်ငံက အာဏာရသူတွေဟာ ကျောင်းသားဆိုတာ နိုင်ငံရေးနဲ့မဆိုင်ဘူး၊ တခြားစီလို့ပြောလေ့ရှိကြသလို၊ စာပေနဲ့နိုင်ငံရေးကို လည်း ခွဲထားရမယ်လို့ပြောတတ်ကြတာပဲ။ ဒါပေမဲ့ ပြောသာပြောတယ်ဗျာ၊ အဲဒီလိုလုပ်လို့မရမှန်းလည်း သူတို့ကောင်းကောင်းသိတယ်ဗျ။ အဲတော့ မဆလခေတ် ကစပြီး သူတို့ဟာ တခြားအသင်းတွေကို ဖျက်သိမ်းခိုင်းပြီး သူတို့သြဇာခံ စာပေလုပ်သားကောင်စီဆိုပြီး အတင်းဖွဲ့တော့တာပဲလေ။
ဒီခေတ်ကြီးမှာတော့ နအဖ က ခွင့်ပြုထားတယ်ဆိုတဲ့ စာရေးဆရာအစည်းအရုံးတို့၊ ထုတ်ဝေသူနဲ့ပုံနှိပ်သူများ အစည်းအရုံးတို့ စတာတွေဟာ အသင်း သားတွေကို နအဖအစိုးရကနေ ချုပ်ကိုင်လို့ကောင်းအောင် ဖွဲ့ထားတာတွေပဲဖြစ်နေတော့တယ်။ အသင်းသားဆိုသူတွေဟာ ခေါ်ရင်လာ၊ ပြောတာနားထောင်၊ ခိုင်း တာလုပ်၊ အလှူခံရင်ထည့်၊ ဒါပဲ လုပ်ရတော့တယ်။ တခြားရုပ်ရှင် အစည်းအရုံး၊ ပန်းချီအစည်းအရုံး စတာတွေဟာလည်း ပန်းချီဆရာကြီး (ဒါရိုက်တာ) ကိုဝင်းဖေရဲ့ ကာတွန်းတခုထဲက စကားအတိုင်းဆိုရင် “ဒီပုတ်ထဲကအခြားပဲ”သာ ဖြစ်ပါတယ်။ ဒီလိုစစ်အုပ်စုဒီမိုကရေစီအောက်မှာ လျှပ်တပြက်မြတ်ခိုင်တို့လို ပန်းပွတ်သည် တွေ ကောင်းစားနေတာအံ့သြစရာတော့ မရှိဘူးလို့ဆိုနိုင်သပေါ့ဗျာ။
ဒါပေမဲ့ ကိုဟိုဒင်းရေ၊ စက်တင်ဘာသံဃာ့အရေးအခင်းနောက်ကျတော့ နအဖဟာကိုယ့်အရိပ်ကိုယ်ပြန်ကြောက်တဲ့စိတ်ရောဂါ ရမလောက်ဖြစ်နေလို့ သူတို့လက်အောက်မှာ သူတို့လက်ညှိုးညွှန်တိုင်းလိုက်နာနေတဲ့ မြန်မာ့တိုင်းမ်တို့၊ လျှပ်တပြက်မြတ်ခိုင်တို့လို ဟာတွေကိုတောင် ခေါ်ပြီးသတိပေးတာ၊ ခဏရပ် ဆိုင်းတာတွေ လုပ်လာရတဲ့ အနေအထားရောက်လာနေပြီ။ တကယ်တော့ စာပေအပါ မီဒီယာလောကဟာ တိုင်းပြည် တပြည်ရဲ့ဒီမိုကရေစီပြဒါးတိုင်ဖြစ်တယ်ဆို တာ အားလုံးလိုလိုက လက်ခံထားကြပြီးပြီပဲ။ ဗိုလ်သန်းရွှေတို့က အဆက်မပြတ်လက်ထိပ်သံပေးနေတဲ့ ပတ်ဝန်းကျင်မှာ တန်ဘိုးရှိတဲ့စာပေတွေ ထုတ်လုပ်နေကြ သူတွေဟာ လေးစားစရာကောင်းလှတယ်လို့ပြောရုံကလွဲလို့ ကျနော်လည်းဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။

ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

အပြည့်အစုံသို့...