Saturday, 19 September 2009

ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို

ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း
ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ
ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ
အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်
မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ
ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့
ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”
ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။

မိုးမခ

ထောင်အတွင်းမှ ထောင်အပြင်ရောက်ချိန်အထိ စိတ်မကျန်းမမာ ကိုယ်မကျန်းမမာ
ဖြစ်နေသော ကဗျာဆရာညိုမင်းထက် (ခ) ကိုညိုလေးသို့

အပြည့်အစုံသို့...

အကျိုးစီးပွားအတွက် သွင်းကုန်ခွန်စည်းကြပ် တံတိုင်းကာရံခြင်း

The New York Times
Published: September 12,2009

တရုတ်ပြည်မှ ကားတာရာ တင်သွင်းမှုနဲ့ ပတ်သက်ပြီး နာရီပိုင်းအတွင်းချမှတ်လိုက်တဲ့ သမ္မတ အိုဘား မားရဲ့ ဆုံးဖြတ်ချက်ကြောင့် တရုတ်အာဏာပိုင်တွေက အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ကုန် သွယ်မှု ဥပဒေကို ချိုးဖောက်ကျူးလွန်တဲ့အပြင် ကုန်ရောင်းကုန်ဝယ်ဖောက်ကားမှု ပြုလုပ်ရာတွင် ယှဉ် ပြိုင်နိုင်စွမ်းမရှိလို့် နိုင်ငံရေးအင်အားသုံးပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို ကျင့်သုံးခြင်းဖြစ် ကြောင်း စွပ်စွဲပြောဆိုလိုက်တယ်။ စနေနေ့မှာ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမေရိကန်ရဲ့ ကိုယ် ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေငြာခဲ့တယ်။

အမေရိကန်အစိုးရပိုင်း တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအပြင် အီရန် ရဲ့ နျူးကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ထပ်မံပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ရာအတွက် တရုတ်ပြည်ရဲ့ အ ခန်းကဏ္ဍနဲ့ အကူအညီကိုလိုအပ်တဲ့အတွက် ထိရောက်မြန်ဆန်သည့် တုန့်ပြန်မှုတွေကြောင့် မလိုလား အပ်တဲ့ ပြဿနာတွေနှင့် ထိခိုက်မှုတွေထွက်ပေါ်လာမှာကိုတော့ လိုလားခြင်းမရှိကြဘူး။ သမ္မတ အိုဘား မား 9:15p.m မှာ ယဉ်ကျေးသိမ်မွေ့စွာ သုံးနှုန်းထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်ကြေငြာစာတမ်းဟာ အ တော့်ကိုစိတ်ပျက်ဖွယ် တွေးတောစရာတွေ ပြည့်နှက်နေပြီး တရုတ်ပြည်ရဲ့ကားတာရာတင်သွင်းမှုအပေါ် 35% အခွန်စည်းကြပ် ပြဋ္ဌာန်းလိုက်ခြင်းပဲဖြစ်တယ်။

ဒီထုတ်ပြန်ကြေငြာချက်ဟာ ၀ယ်လိုအားကျဆင်းဖို့ရာအတွက် သွင်းကုန်အခွန် စည်းကြပ်လိုက်တာဖြစ် တဲ့အတွက်ကြောင့် သဏ္ဍာန်သစ်တွေနဲ့ တရုတ်ပြည်စီးပွားရေးကို စတင်ယှဉ်ပြိုင် တိုက်ခိုက်လိုက်ခြင်းပဲ ဖြစ်တယ်။ မစ္စတာအိုဘားမားဟာ လွတ်တော်မှာထောက်ခံမှုရဖို့အတွက် သမဂ္ဂတွေဆီကနေ မဲအရေအ တွက်တွေရခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာကြည့်ရှုစောက်ရှောက်မှုစနစ်ကို အောက်ခြေကနေ ပြုပြင် ပြောင်းလဲဖို့ရာအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ ၀ါရင့်အိမ်ဖြူတော်အရာရှိ တယောက်အဆိုအရ ကုန် သွယ်မှုဥပဒေကို တင်းကြပ်လိုက်တာဟာ ကိုယ်ကျိုးစီးပွားကာကွယ်တာ မဟုတ်သလို အသိအမှတ်ပြု ခြင်းမှ ငြင်းပယ်လိုက်တာလည်း မဟုတ်ပါဘူး။

အမေရိကန်အစိုးရဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖို့ရာအတွက် အလေးဂရုပြုသလို တရုတ်ပြည်မှာအခြေစိုက် ရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန် စီးပွားရေးကုမ္ပဏီကြီးတွေထဲမှာ ကားတာရာ ထုတ်လုပ်တဲ့ စက်ရုံတွေလည်းပါဝင်ပြီး တရုတ်ပြည်ရဲ့တိုးတက်များပြားလာတဲ့ လူဦးရေနှင့်ကြီးမားလှ တဲ့ ဈေးကွက်အတွင်း ပို့ကုန်ကျယ်ပြန့်စွာ ထိုးဖောက်နိုင်ရေးအတွက် အမေရိကန်ကုမ္ပဏီ အတော်များ များဟာလည်း ထိုးဖောက်ဝင်ရောက်နေကြတယ်။ ဒီလထဲမှာပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Pitts burgh မြို့မှာ G-20 စက်မှုထိပ်သီး နိုင်ငံမှခေါင်းဆောင်တွေအပါအ၀င် တရုတ်ခေါင်းဆောင်တွေနဲ့ပါ သမ္မတ အိုဘားမားဟာ လက်ခံတွေ့ဆုံဖို့ရှိသလို လာမယ့် နိုဝင်ဘာလ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာရှထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ဖို့ရှိတဲ့အပြင် နောက်ခရီးစဉ်အဖြစ် ပီကင်းကို ၀င်ရောက် မယ်လို့တော့ မျှော်လင့်ရတာပဲ။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Yao Jian ကတော့ တရုတ်ပြည်အနေနဲ့ တရုတ် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအပေါ် အပြည့်အ၀ တာဝန်ယူလုပ်ဆောင်သွားမယ်လို့ အစိုးရပိုင် စင်ဟွာ သတင်းဌာနကနေ ပြောကြားသွားခဲ့တယ်။ ဒီဆောင်းပါးမှာတော့ တန်ပြန်လုပ်ဆောင်မယ့် ထုတ်ပြန်ချက် ကိုတော့ မဖော်ပြထားပါဘူး။ တရုတ်ပြည်ဟာ အမေရိကန်ရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ် သ လို အများဆုံးကြွေးတင်နေသူလည်း ဖြစ်တာကြောင့် သမ္မတအိုဘားမားရဲ့ လုပ်ဆောင်ချက်ဟာ ထိခိုက် မှု တစုံတရာတော့ရှိလာနို်င်တယ်။ အမေရိကန် ကုမ္ပဏီတွေနှင့် အလုပ်သမားထုတွေအတွက် သွင်းကုန် တရစပ် ထိုးဖောက်ဝင်ရောက်လာခဲ့မယ်ဆိုရင် အိုဘားမား အုပ်ချုပ်ရေးကာလ တရုတ်ပြည်နဲ့ ညှိနှိုင်းသ ဘောတူထားတဲ့ သွင်းကုန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး အထူးထောက်ပံ့မှု အခွင့်အရေးအပေါ် အလုပ်သ မားသမဂ္ဂမှ သဘောထား တောင်းဆိုမေးမြန်းခဲ့တယ်။ လွတ်လပ်သည့်အဖွဲ့အစည်း တခုဖြစ်သော နိုင်ငံ တကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ကတော့ တရုတ်ပြည်ရဲ့သွင်းကုန်အပေါ် ဆုံးဖြတ်ချက် ချမှုဟာ ပြည်တွင်းစက်မှုလုပ်ငန်းတွေသာ တကယ်ထိခိုက်ဆုံးရှုံးမှု ရှိတယ်လို့ဆိုတယ်။ သွင်းကုန်ခွန် စည်းကြပ်မှု သက်တမ်းကာလဟာ သုံးနှစ်အကျုံးဝင်မှာဖြစ်ပြီး ကနဦးကာလမှာ ၅၅% ဖြစ်ပြီးနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာမှာဖြစ်တယ်။

တရုတ်ကုမ္ပဏီတွေအပေါ် ထောက်ပံ့မှု ဒါမှမဟုတ် မျှတမှုမရှိတဲ့ ဘယ်လိုယှဉ်ပြိုင်မှုမျိုးကိုမဆို ပြုလုပ်ပါ က အကျသက်သာစေမယ့် အထူးအခွင့်အရေး ခံစားခွင့်မရှိခြင်းကြောင်း ဘာလို့လဲဆိုတော့ တခြားသွင်း ကုန်အပေါ်ဆန့်ကျင်တဲ့ ကာကွယ်မှုဟာ တခြားသောနည်းလမ်းတွေထက် လွယ်ကူအဆင်ပြေလို့ပဲဖြစ် တယ်။ သမ္မတ အိုဘားမားရဲ့ တရုတ်ပြည်အပေါ် အခုလို ရုတ်တရက် လုပ်ဆောင်ဆုံးဖြတ်ချက်ချမှုဟာ စက်ရုံတွေနဲ့ အလုပ်သမား သမဂ္ဂတွေရဲ့ စိတ်သောကကို ပြေလျော့အောင် လုပ်တာလားဆိုတာက တော့ မဖြစ်မနေမေးကို မေးရမယ့်မေးခွန်းတခုလို့တောင်ဆိုလိုက်ချင်တယ်။ တရုတ်ပြည်ရဲ့ပို့ကုန် ကျယ် ပြန့်အောင်မြင်လာတာနဲ့အမျှ တချို့သောအဖွဲ့အစည်းတွေဟာ၂၀၀၁ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု အပေါ် တောင်းဆိုမှုတွေပြုလုပ်လာတဲ့အတွက် နိုင်ငံတကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ရဲ့ ထောက်ခံမှုကိုရခဲ့ပေလို့ အကိုင်းအခက် အဆင့်အဖြစ်အသတ်မှတ်ခံခဲ့ရသလို သမ္မတဘုရှ်ရဲ့ကန့်ကွက်မှု ကြောင့် ကော်မရှင်ရဲ့ထောက်ခံအဆိုပြုချက်ဟာ အဟောသိကံ ဖြစ်ခဲ့ရတယ်။

သမ္မတ ကလင်တန်လက်ထက် အမေရိကန်ပြည်ထောင်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တာဝန်ခံ Charlene Barshefsky ရဲ့ အဆိုအရ ဒီဆုံးဖြတ်ချက်ကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မူဝါဒတွေ ဟာ ဘယ်လိုနည်းနဲ့မှ နောက်ပြန်ဆုတ်စေသည့် အနှုတ်လက္ခဏာမျိုးကို ထင်ဟပ်စေမှာ မဟုတ်ဘူးလို့ ဆိုတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ စီးပွားရေးပြန်လည်ဦးမော့ နလံထူနိုင်ဖို့ရာအတွက် ပြုပြင်ပြောင်းလဲမှုဟာ အခရာကျတယ်ဆိုတာ သံသယဖြစ်စရာမလိုကြောင်း Ms.Barshefsy က အခိုင် အမာပြောဆိုထားတယ်။

China Denounces New Tire Tariffs
By EDMUND L.ANDREWS and EDWARD WONG
Edmund L. Andrews reported from Washington and Edward Wong from Beijing.
................
မန်ဇူး(ဘာသာပြန်သည်)

အပြည့်အစုံသို့...

Friday, 18 September 2009

ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ

(ဂါမဏိ)
၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေရပါတယ်။ ပြားသွား တယ်ဆိုတာက တကမ္ဘာလုံးရဲ့စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေးတွေ တဆက် တည်းဖြစ်သွားပြီ လို့ပြောတာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ လာ ဖွင့်ကြတယ်၊ သူဋ္ဌေးတွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင်ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခနိမ့်ကျ ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်းရဲတွင်းကလွတ်လာကြတယ်လို့ ကမ္ဘာ ပြားရှေ့နေတွေက မစားရဝခမန်း ဝါဒဖြန့်ကြော်ငြာနေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။

နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှုလုပ်ငန်းတို့ နေရာမှာ နည်းပညာအဆင့်မြင့်လုပ်ငန်းတွေ၊ အသိဉာဏ်လုပ်ငန်းတွေက အစားထိုးလွှမ်းမိုးသွားပြီ လို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော်နေကြပြန်ပါတယ်။

ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေတွေကို လေ့လာ ကြည့်ကြရအောင်။

စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကိုကြည့်တဲ့အခါ အမေရိကန်နိုင်ငံမှာ အနိမ့်ဆုံးလုပ် အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ၊ တောင်ကိုးရီး ယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင်ဝမ်မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တလကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ ၈ဝဝဝ ရှိကြပါတယ်။

အဲဒီနိုင်ငံတွေက အထည်ချုပ်စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံစတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံ တွေဆီ ရွှေ့ပြောင်းဖွင့်ကြတဲ့အခါ တရုတ်ပြည်မှာသွားဖွင့်ရင် လုပ်အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေအတွက် ကွန်ပျူတာ အင်တာနက် တယ် လီဖုံးစတဲ့ အဆင့်မြင့်ဆက်သွယ်ရေးဝန်ဆောင်လုပ်ငန်းတွေကို လက်ခွဲလုပ်ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန်နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရပါတယ်။

ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်ကလာတဲ့ အလုပ်သမား တွေရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဋ္ဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက် ပျိုးရေးအလုပ်သမားတွေနေရတဲ့ဘဝက ပိုဆိုးပါတယ်။ တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့်အိပ်လောက်အောက်ဘဲကျယ်တဲ့ တဲအိမ်ကလေးတွေမှာ ကြယ်မြင်လမြင် နေရပါတယ်။ ထရံကို စက္ကူတွေ ဆာလာအိပ်ခွံတွေကာထားပြီး ကျနော်တို့တိုင်းပြည်က လယ်တဲသာသာဘဲရှိပါတယ်။ ပညာရေး ကျန်းမာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကျောင်းကလေး တွေ ပေါ်လာပေမဲ့ ကျန်းမာရေးအတွက်အားကိုးစရာ မယ်တော်ဆေးခန်းကိုတော့ ထိုင်းရဲအဖမ်းခံရမယ့်အန္တရာယ် ကြားက စွန့်စားသွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်းလဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်းသရဲတွေ ငွေညှစ် ဗိုလ်ကျ နှိပ်စက်တာကလည်း ရှိပါသေးတယ်။

ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့လိုက်ရတဲ့ မြန်မာအလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ် စရာခေါင်းရှိသေးလား စမ်းနေရတဲ့ဘဝမှာ ခပ်များများဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပြားတဲ့အကျိုးအမြတ်အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့စက်ရုံပိုင်သူဋ္ဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်းပိုမြတ်သွားပါတယ်။ တိုင်ဝမ်သူဋ္ဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်းပိုမြတ်ပါလိမ့်မယ်။ မြန်မာအလုပ်သမားတွေအနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ်နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ်အလုပ်သမားတွေဆိုရင် ၂၄ နာရီလျှပ်စစ်မီးနဲ့နေနိုင်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ် တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေပိုလာပြီး မလေးရှားမှာဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အလုပ်သမားရဲ့အစွန်းထွက်လောက်ဘဲ ရတာဖြစ်ပြီး သူတို့ထက် ဒေါ်လာ ၁ဝဝဝဝ ကျော်လျော့နေပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ်ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင်သူဋ္ဌေးတွေအတွက် ဘဲ အဓိကဖြစ်နေပါတယ်။

လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာနက် ဆက်သွယ်ရေး စတဲ့ အသိဉာဏ်ပညာအခြေခံလုပ်ငန်းတွေက ရှေ့ဆောင်အခန်းမှာရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ စက်မှုလုပ်ငန်းကဘဲ အဓိကလွှမ်းမိုးနေပြီး ထမင်းကျွေးနေတာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည်နေရတာဟာ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့ လုပ်ငန်းတွေဘဲဖြစ်ပါတယ်။ အမေရိကန်ရောက် သွားတဲ့ မြန်မာဆရာဝန် ဆူရှီလိပ်နေရတာ၊ ဂျပန်ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာပြား တတိယလှိုင်းဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်းတန်ဖိုးအကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင်စီးပွားရေးနယ်ပယ်မှာ ရေနံထုတ်လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင်စီးပွားရေးနယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက်ကုန်ကူးလုပ်ငန်းနဲ့ မူးယစ် ဆေးကုန်ကူးလုပ်ငန်းတို့ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံးလုပ်ငန်းတွေ မဟုတ်ပါဘူး။ စတော့ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာလုပ်ငန်းက ရှယ်ယာတွေက တန်ဖိုးမြင့်နေပြီး ကွန်ပျူတာလုပ်ငန်းနယ်ပယ်က အလုပ် သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေးလောကတခုလုံးထဲမှာတော့ အင်အားအကြီးဆုံး မဖြစ်သေးပါဘူး။

ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီအီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ်ငန်း) တို့အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့်ဘဲရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့်နည်းပညာ လုပ်ငန်းက အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲပါပါတယ်။

ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ်ရောက်တာတွေဟာ ကျနော်တို့အလုပ်သမားတွေ အထူး သဖြင့် မြန်မာအလုပ်သမားတွေအတွက် လက်တွေ့မကျတဲ့ စိတ်ကူးယဉ်အိပ်မက်တွေသာဖြစ်ပါတယ်။ မဲဆောက်က မြန်မာအလုပ်သမားတယောက်ဟာ အမေရိကန်ကအလုပ်သမားတယောက်နဲ့ တန်းတူလုပ်ခမရသရွေ့၊ အိန္ဒိယက ကွန်ပျူတာပညာရှင်အလုပ်သမားတယောက်ဟာ အမေရိကန်က ကွန်ပျူတာပညာရှင်အလုပ်သမားတယောက် ရတဲ့ လစာ မရသေးသရွေ့ ကမ္ဘာကြီးပြားနေတယ်လို့ မပြောနိုင်သေးပါဘူး။ အလွန်ဆုံးပြောရရင် အပြားလိုက်ကြီး စောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူဋ္ဌေးတွေက ပုံစံသစ်နဲ့ လူလည်ကျတာ လို့ဘဲ ပြောချင်ပါတယ်။

ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှု တွေ လွှမ်းမိုးလာပြီလို့ ပြောနေဟောနေပေမဲ့ ကမ္ဘာ့အလုပ်သမားအများစုကြီးရဲ့ဘဝကတော့ အဲဒီကမ္ဘာပြားတွေ တတိယလှိုင်းတွေနဲ့ အလှမ်းဝေးနေဆဲပါဘဲ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်တွင်းအလုပ်သမားတွေ ဆိုရင် နအဖစစ်အစိုးရလက်ချက်ကြောင့် နိုင်ငံတကာအလုပ်သမားတွေထက်ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။

ဂါမဏိ
သင့်ရဲဘော် ဂျာနယ်၊ အတွဲ(၃) အမှတ်(၁) သြဂုတ် ၂၀၀၉

အပြည့်အစုံသို့...

Friday, 11 September 2009

မြန်မာပြည်သူတွေအတွက် မလိုအပ်တဲ့ 'ရွေးကောက်ပွဲ'

ဂါမဏိ(ဘာသာပြန်သည်)
မကြာသေးခင်က အထက်လွှတ်တော်အမတ် ဂျိမ်းဝက်ဘ် ကျနော့်တိုင်းပြည်ကို အလည်အပတ်သွား ခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အကျဉ်းကျခံနေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်တို့နဲ့ တွေ့ဆုံစကားပြောခဲ့တာတွေအပေါ် လူတွေက အများကြီးအာရုံစိုက်ခဲ့ကြပါတယ်။ ဝက်ဘ် က မြန်မာပြည်ရဲ့ အုပ်စိုးသူအာဏာပိုင်တွေနဲ့ အဓိပ္ပာယ်ရှိရှိတွေ့ဆုံ ဆွေးနွေးချင်တာကို ကျနော် နား လည်ပါတယ်။ ကံမကောင်းအကြောင်းမလှတာကတော့ သူ့ကြိုးပမ်းချက်တွေဟာ ကျနော်တို့ ဒီမိုက ရေစီလှုပ်ရှားမှုကြီးကို ထိခိုက်နစ်နာစေပြီး မှားယွင်းတဲ့အကြောင်းအရာပေါ်မှာ အလေးထားခဲ့တာဖြစ် ပါတယ်။ အဲဒီ အကြောင်းအရာကတော့ ရေရှည်နိုင်ငံရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါ ဝင်ဆင်နွှဲဖို့ ဝက်ဘ်က ကျနော်တို့ကို စဉ်းစားစေချင်တဲ့ ရှေ့နှစ် "ရွေးကောက်ပွဲ" အလားအလာဖြစ်ပါ တယ်။ ဒါပေမဲ့ စစ်အစိုးရက စီစဉ်ထားတဲ့ ဟန်ပြရွေး ကောက်ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေ လိုလားနေတဲ့လွတ်လပ်ရေးကို သရော်မော်ကားလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ထာဝရတည်တန့် အောင် လုပ်သွားမှာဖြစ်ပါတယ်။

ကျနော်တို့ဆီက နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေဟာ မဲဆန္ဒ အပြတ်အသတ်နဲ့ စစ်တပ်အုပ်စိုးမှုကို ပယ်ချခဲ့ပြီး ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ် တော်နေရာ ၈၀ ရာခိုင်နှုန်း နှင်းအပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့်ပေးဖို့ စစ်အုပ်စု က ငြင်းဆန်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲပြီးနောက် ၁၉ နှစ် အတွင်းမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ် ရှားတက်ကြွသူတွေဟာ တရားမျှတမှု၊ တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြန်မာ ပြည်သူအားလုံးကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရပုံသဏ္ဍာန်တို့ကို ငြိမ်းချမ်းစွာတောင်းဆို ဖော်ပြ နေရင်း အကျဉ်းချမှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက်ဆုံးပါးမှုတို့ကို ကြုံခဲ့ရပါတယ်။

အဖွဲ့ချုပ်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို တခါမှမရပ်နားခဲ့သလို စစ်အစိုးရနဲ့ ထိတွေ့ဆက် ဆံပြီး ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်လေးစားရေးအခြေခံပေါ်မှာ မြန်မာပြည်ရဲ့အချက်အချာ နိုင်ငံရေး ပြဿနာ လူမှုရေးပြဿနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့လည်း တောက် လျှောက်ကြိုးပမ်းခဲ့ပါတယ်။ ဒီကိစ္စနှစ်ရပ်ဟာ ဆက်စပ်နေတာကို လုံးဝသံသယမရှိပါနဲ့။ မြန်မာနိုင် ငံဟာ တချိန်တခါက အာရှတိုက်ရဲ့ စပါးကျီကြီး ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်အစိုးရရဲ့ စီးပွား ရေးအဖျက်ပေါ်လစီတွေနဲ့ စစ်အာဏာထိန်းထားနိုင်ဖို့ ဖိနှိပ်အုပ်ချုပ်နေတာကြောင့် ဆင်းရဲတွင်းနက် နေတဲ့ ဗယုတ်သုက္ခတိုင်းပြည် ဖြစ်နေပါပြီ။

စစ်အစိုးရဟာ ဟန်ပြ "ရွေးကောက်ပွဲ" ကတဆင့် သူ့ကိုယ်သူ တရားဝင်မှုမျက်နှာဖုံးတပ်ဖို့ ကြိုးပမ်း နေပြီး "စည်းကမ်းပြည့်ဝ တဲ့ဒီမိုကရေစီ"ကို လာမယ့်နှစ်မှာထူထောင်မယ်လို့ ကြွေးကြော်နေပါတယ်။ ၂၀၀၈ ခု မေလမှာ ဧရာမလေမုန်တိုင်းကြီး တခုက ဗမာပြည်ကို ထောင်းထောင်းချေ၊ လူ တသိန်း ကျော်အသက်ဆုံးစေခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ စစ်အစိုးရက ရယ်စရာကောင်းတဲ့ လုပ်ဇာတ် တခုသုံးပြီး၊ စစ်အာဏာကို ရာသက်ပန်ဦးထိပ်ထားမယ့်အခြေခံဥပဒေကို မဲဆန္ဒရှင် ၉၃ ရာခိုင်နှုန်းက ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီအခြေခံဥပဒေဟာ အဓိပ္ပာယ်ရှင်းရှင်းလင်းလင်း မရှိလှတဲ့ "နိုင်ငံခြားအဆက်အသွယ်" ရှိသူတွေကို အစိုးရရာထူးမယူစေဖို့ တားမြစ်ထားပြီး ဒေါ်အောင်ဆန်းစု ကြည် နဲ့ ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေ အာဏာမရနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်တားမြစ် ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက်တွေထည့်သွင်း ထားပါတယ်။

တချို့သော နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက ရှေ့နှစ်မှာလုပ်ဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲ တွေကို အခွင့်အလမ်း တခုအဖြစ် မြင်နေကြပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ အခြေခံဥပဒေမှာ ချမှတ် ထားတဲ့ စည်းကမ်းချက်များအရ ရွေးကောက်ပွဲဟာ အတုအယောင်ဘဲဖြစ်ပါလိမ့်မယ်။ မြန်မာပြည်သူ သန်းပေါင်းများစွာတို့ ချီတက်လှုပ်ရှား၊ အဖမ်းအဆီးခံ၊ နှိပ်စက် ညှင်းပန်းခံ၊ အသက်ဆုံးပါးခံ တိုက် ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအခြေခံမူတွေကို ကျနော်တို့တိုင်းပြည်အတွက် လွတ်လပ်မှုဆောင် ကျဉ်းလာ ဖို့ နည်းနည်းလေးမှ မျှော်လင့်ချက်မရှိတဲ့ ဖြစ်စဉ်တခုထဲ သွားပါဝင်ခြင်းအားဖြင့် မစွန့်လွှတ်နိုင်ပါဘူး။

အဖွဲ့ချုပ်ရဲ့တောင်းဆိုချက်တွေဟာ ကျိုးကြောင်းဆီလျော်တရားမျှတပါတယ်။ ဧပြီလတုံးက ကျနော် တို့ဟာ နောက်ထပ် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံဖို့ အားပေးတိုက် တွန်းရင်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံဥပဒေကို အပြည့်အစုံပြန်လည်သုံး သပ်ဖို့၊ အဖွဲ့ချုပ်ရုံးခန်းတွေ ပြန်ဖွင့်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြား လှုပ်ရှားတက်ကြွသူ ၂၀၀၀ ကို ဆက်လက်အကျဉ်းချ၊ တိုင်းရင်းသားတွေကို အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီမို ကရေစီကိုလည်ပင်းညှစ် နှိပ်ကွပ်မယ့်စည်းကမ်းချက်တွေ အတင်းတိုးမြှင့်ကြပ်မတ်တဲ့လုပ်ရပ်နဲ့ တုံ့ပြန်လိုက်ပါတယ်။

ဒီတော့ နိုင်ငံတကာမိသားစုတွေက ဘယ်လိုအခန်းကဏ္ဍတွေကကနေ အကျိုးရှိရှိ ပါဝင်ပတ်သက်ကြ မှာလဲ။ ပထမဦး ဆုံးကတော့ ဂျိမ်းဝက်လိုတာဝန်ရှိလူကြီးတွေက တရုတ်ပြည်နဲ့လှည့်ခြောက်တာကို စွန့်လွှတ်ရပ်တန့်ဖို့ဖြစ်ပါတယ်။ တရုတ်ကို ကန့်သတ်ထိန်းချုပ်ဖို့ မြန်မာစစ်အစိုးရနဲ့လက်တွဲစို့ ဆိုတဲ့ သူ့လေသံဟာ ခေတ်နောက်ကျပြီး လက်တွေ့မကျတဲ့ အယူအဆပေါ် အခြေခံထားပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလိုအယူအဆတွေကိုပယ်ချပြီး ဂျိမ်းဝက်ကို “ကျမတို့က ဘယ်သူ့ကိုဖြစ်ဖြစ် အကြောက်တရားတွေ စိုးရိမ်ကြောင့်ကြစိတ်တွေ အခြေခံပြီး ဆက်ဆံမှာမဟုတ် ဘူး။ ဘယ်သူ့မဆို ဆက်ဆံမှာဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အားလုံးနဲ့ ရင်းရင်းနှီးနှီး တန်း တူညီမျှဆက်ဆံမှာ ဖြစ်တယ်။ ကျမတို့ဟာ ကိုယ့်အိမ်နီးချင်းကို ကိုယ်ရွေးချယ်နိုင်ခွင့်ရှိတာမဟုတ်လို့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နားလည်တယ်” လို့ပြောခဲ့ပါတယ်။

ဒုတိယအချက်ကတော့ အဖွဲ့ချုပ်ကိုယ်တိုင်က တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ် အုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ အားပေးတိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတကာမိသားစုတွေက ဗမာ စစ်ခေါင်းဆောင်တွေကို ကျနော်တို့တတွေရယ် တိုင်းရင်းသားအဖွဲ့တွေရယ်နဲ့ ထိတွေ့ဆက်ဆံအောင် တိုက်တွန်းဖြောင်းဖြပေးဖို့ ထိတွေ့ဆက်ဆံစေချင်တာ ဖြစ်ပါတယ်။ ခုချိန်မှာ အမေရိကန်နဲ့ တခြားနိုင် ငံတော်တော်များများက ဗမာပြည်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။ ဒါဟာ သူတို့ကိုယ် ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော်တို့အားလုံး အလွန်တန်ဖိုးထားတဲ့ ဒီမိုကရေစီတန်ဖိုးတွေအတွက် သူ တို့တွေက ဖြစ်သင့်ဖြစ်ထိုက်စွာ အတူတကွသွေးစည်းရပ်တည်နေတာ ဖြစ်ပါတယ်။ အကယ်၍သာ စစ်အစိုးရက အဖွဲ့ချုပ်နဲ့တကွ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ ထိတွေ့ဆက်ဆံရေးကို ဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် တိုက်ခိုက်ပစ်ခတ်တာတွေ ရပ်စဲမယ်၊ ပြီးတော့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်ဖို့ လို အပ်တဲ့ခြေလှမ်းတွေ လှမ်းလာမယ်ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သင့်တော်တဲ့ အ ချိန်တွေမှာ ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေဝေသံသယစိတ်တွေ မပွားကြ ပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ ရှင် လမ်းမရှိအောင် ချို့ယွင်းပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူးထောက်ပါ ဝင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ အမြဲ အသင့်ရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ အသက်သွေးချွေးတွေ ဘဝတွေ အများကြီးစွန့်လွှတ်ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုး တွေဆွတ်ခူးရ ယူနိုင်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင်တော့ အသင့်ရှိတာထက်တောင် ပိုပါတယ်။

ဦးဝင်းတင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အဖွဲ့ချုပ်စတင်တည်ထောင်သူ တဦး၊ ၁၉၈၉ မှ ၂၀၀၈ အထိ နိုင်ငံရေးအကျဉ်းသား)
စက်တင်ဘာ ၉ ရက် ၂၀၀၉
ဝါရှင်တန်ပို့စ် သတင်းစာ
........

အပြည့်အစုံသို့...

Wednesday, 2 September 2009

ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း (ရဲဘော်ဖိုးသံချောင်း)

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ စစ်အစိုးရဆန့်ကျင်သူတွေဟာ လုပ်ငန်းစဉ်တွေ အမျိုးမျိုး ချမှတ်ကြပါတယ်။ ပါတီအဖွဲ့အစည်းတွေအနေနဲ့ရော၊ တပ်ပေါင်းစုတွေအနေနဲ့ပါ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာ မကြာခဏ တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီနေ့အခြေအနေ၊ အထူးသဖြင့် သူ့ဖက်ကိုယ့်ဖက် အခြေအနေကို သုံးသပ်တာ အတော်လေး တွေ့ရခဲပါတယ်။ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ တင်ပြနေတာတွေက ပိုများသလားလို့။

သူ့ဖက်ကိုယ့်ဖက် အနေအထား၊ အင်အားကိုတွက်တာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကို အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို အမှန်အတိုင်း ချမှတ်နိုင်မှာဖြစ်ပါတယ်။ အင်အားချိန်ခွင်လျှာကို တွက်ရာမှာ ရေရှည်သမိုင်းအမြင်နဲ့ လက်ငင်းလက်တွေ့အမြင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ရေရှည်သမိုင်းအမြင်သဘောပြောရရင် ပြည်သူလူထုဟာ မုချအောင်ပွဲခံမှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေဟာ မုချကျဆုံးမှာပါ။ ဒါကြောင့်မို့ ကျနော်တို့ဟာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ ပြည်သူလူထုကြီးနဲ့ လက်တွဲတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့လက်ငင်းအခြေအနေမှာ ပြည်သူလူထုဟာ အောင်ပွဲမခံနိုင်သေးပါဘူး။ ဒါ့အပြင် အင်အားလည်း သေးငယ်ပါသေးတယ်။ ကိုယ့်ဖက်က ထိုးစစ်မဆင်နိုင်ဘဲ စစ်အာဏာရှင်တွေက သူတို့ရဲ့လမ်းပြမြေပုံကို တောက်လျှောက် အကောင်အထည်ဖော်နေနိုင်တာဟာ ဒီလက္ခဏာပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုမြင်သာအောင် ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ကာလကို ယှဉ်ပြောပါ့မယ်။ ရှစ်လေးလုံးအရေးတော်ပုံကနေ ၉ဝ ခုနှစ် ရွေးကောက်ပွဲအထိကာလဟာ စစ်အစိုးရနဲ့ကိုယ်နဲ့ အင်အား ဆတူလောက်လို့ ပြောနိုင်လိုက်တဲ့ ကာလဖြစ်ပါတယ်။ လှုံ့ဆော်ပြီးဖြစ်နေတဲ့ လူထု၊ လှုပ်ရှားမှုအတွေ့အကြုံရှိနေတဲ့ လူထုနဲ့ ရှေ့တန်းက ပါဝင်ခဲ့သူတွေ အသင့်ရှိနေပါတယ်။ စစ်အစိုးရရဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာလည်း အရေးတော်ပုံရဲ့ဂယက်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရောကိုပါ ထည့်တွက်လိုက်ရင် စစ်ရေးမပါ၊ အတွေးအခေါ်ရေး၊ နိုင်ငံရေးမှာ ကိုယ့်ဖက်က သာနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဗကပ ပြိုကွဲတဲ့အတွက် ဒီချုပ်ကို မထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဗကပ ပြိုကွဲတဲ့အတွက် စစ်အစိုးရမှာ စစ်ရေး အချိုးအစားအရ အများကြီး သာသွားပါတယ်။ တပ်တွေလည်း အများကြီး အားသွားပါတယ်။ ထိုင်းနယ်စပ်မှာ သူတို့ရဲ့တပ်တွေ အများကြီး တိုးချဲ့နိုင်သွားပါတယ်။

ဗကပပြိုကွဲပေမယ့် နိုင်ငံရေးအရ ပြည်သူတွေဖက်က အသာစီးရနေပါသေးတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက အထင်ရှားဆုံး သက်သေပြခဲ့ပါတယ်။ ပြည်သူလူထုကြီးက မဲပုံအောထည့်ခဲ့တာကိုကြည့်ရင် ပြည်သူလူထုထဲမှာ တိုက်ပွဲစိတ်ဓာတ်တွေ လွှမ်းမိုးဖြိုးဝေနေဆဲဆိုတာကို ပြနေပါတယ်။ နောက်တပွဲ စမ်းချင်သေးလားဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါမှာ အခြေအနေက အဲဒီလိုမဟုတ်ပါဘူး။ အချိုးအစားအရ သူ့ဖက်က အများကြီး သာနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအဖအဖို့ ချောချောမွေ့မွေ့ မဟုတ်တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။

ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင်မှာမဟုတ်ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခုလိုအနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာသံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ်အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ်ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေဟာ အထီးကျန် တိုက်ပွဲဝင်ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဖိုးမသေးတဲ့ သင်ခန်းစာပါ။

ပြည်သူလူထုက စားဝတ်နေရေးထဲ နစ်နေတယ်၊ ကြောက်နေတယ်ဆိုတာဟာ ယာယီကိစ္စ ဖြစ်ပါတယ်။ ၁၉၈၇-၈၈ ကာလတွေတုန်းကလည်း ပြည်သူလူထုရဲ့ စီးပွားရေးအခြေအနေဟာ မကောင်းပါဘူး။ ငွေစက္ကူတွေ အလဟဿဖြစ်ကုန်ရတဲ့ အမှောင့်ကြောင့် ပိုဆိုးနေတဲ့အချိန်ပါ။ ဒီလို ပြောနည်းရဲ့ လောဂျစ်အတိုင်းဆိုရင် လူတွေဟာ စားဝတ်နေရေးပြေလည်မှ နိုင်ငံရေးလုပ်ကြမှာလိုလို၊ လမ်းပေါ်ထွက် ဆန္ဒပြကြမှာလိုလို ဖြစ်နေပါတယ်။ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်မယ့် လူတွေကသာ ပြည်သူလူထုကို တကယ်တမ်း သဘောပေါက်အောင်၊ တကယ်ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြလုပ်နိုင်မယ်ဆိုရင် အိမ်ရှင်မတွေတောင်မှ ငြုတ်ဆုံနဲ့ တံမြက်စည်းကို အောက်ချပြီး လမ်းပေါ်ကို ထွက်လာကြမှာပါ။ ကိုယ့်ဖက်က ပြင်ဆင်တာ၊ လုပ်ကိုင်တာမကောင်းတာကို ပြည်သူလူထုအပေါ် ပုံချလို့ အဖြေမထွက်ပါဘူး။ ပြည်သူလူထု နားလည်သဘောပေါက်အောင်၊ ပါဝင်ချင်အောင် ကိုယ်က လုပ်မပြ၊ ပြောမပြနိုင်တာဟာ ကိုယ့်ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှစ်လေးလုံး တုန်းက လူထုကြီးပါလာတာဟာ ရှေ့ကလုပ်ပြတဲ့ လူတွေ များလို့ဖြစ်ပါတယ်။ ပြောတာသက်သက်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို မလိုလားသူတွေအဖို့ ဒီနေ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ အင်အားအချိုးအစား ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ အင်အားအချိုးအစား ပြောင်းလဲရေးဆိုတာမှာ ပြည်တွင်းမှာ အင်အားအချိုးအစား ပြောင်းလဲရေးကို ပြောတာပါ။ ပြည်ပမှာကတော့ အခုတောင်မှ ကိုယ့်ဖက်က အရေအတွက်အရရော၊ နိုင်ငံရေးအရရော အများကြီး သာလွန်နေတာပဲ။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူး မဟုတ်ပါလား။

ကိုယ့်တိုင်းပြည်ကြမ္မာကို ကိုယ့်လက်ထဲမှာထား၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဖန်တီးဖို့ သိပ်အရေးကြီးပါတယ်။ သူတပါးနိုင်ငံက၊ ပြည်ပက ပါဝင်ဖြေရှင်းတာဟာ အကျင့်ပါတတ်ပါတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့လို့ အခုအထိ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ ဖြေရှင်း၊ လုပ်ကိုင်ရာမှာ ပြည်ပနိုင်ငံတွေ ကန့်လန့်ပါနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြား တွေ့နေရဆဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ကြာတော့ ပိုရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။

ပြည်ပအကူအညီဆိုတာ မလိုအပ်ဘူးမဟုတ်၊ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီနေ့ ကာလလိုအခါမှာ ကိုယ့်အတွက်အကျိုးရှိရင် လက်ခံရမှာပါ။ ဒါပေမယ့် ဒါကို အဓိကအခန်း မပို့မိဖို့ သိပ်သတိထားရပါမယ်။ နောက်ပြီး ပြည်ပအကူအညီဆိုတာဟာ ကိုယ်က တောင်းချင်တိုင်း တောင်းလို့ရတာမဟုတ်၊ သူတို့က သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ထင်မှ ပေးတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ တဆက်ထဲမှာ ပြည်ပအကူအညီ လျော့နည်းသွားလို့ စိတ်ပျက်တာ၊ များလာလို့ အားတက်တာ စသဖြင့် မဖြစ်သင့်ပါဘူး။ ဒီတကွေ့မှာ နိုင်ငံတကာအခြေအနေဟာ ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကိုယ့်တပ်ကိုယ် ပြင်ဆင်ထားဖို့လိုသလို ရှေ့ခြေလှမ်းကို ပြည်တွင်းဖက် သေချာဦးတည်ထားဖို့ လိုပါတယ်။

ပြည်တွင်းမှာ ကိုယ့်အင်အားတွေ တိုးပွားသလား၊ ဆုတ်ယုတ်သလားဆိုတာသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အရေးတော်ပုံကို ဒီအချက်က အဆုံးအဖြတ်ပေးမှာပါ။ ဒါကြောင့် အခြေအနေကို ရဲရဲကြည့်ပါ။ အမှန်ကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ အခြေအနေမှန်ပေါ် ကနေ လုပ်ငန်းချမှတ်ပါ။ လက်တွေ့လည်းလုပ်ပါ။

*****

ရဲဘော် ဖိုးသံချောင်း

အပြည့်အစုံသို့...

Monday, 10 August 2009

စစ်အာဏာရှင်တွေက တောင်းဆိုလာတဲ့ ဖောင်ဖျက်တိုက်ပွဲ

စိုးနေလင်း
post by Monday, August 10, 2009
www.naytthit.com မှ ကူးယူဖေါ်ပြသည်



၂၀၀၉ ခုနှစ် မေလ၁၈ရက်နေ့က စတင်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်စည်းမျဉ်းဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူတရားစွဲဆိုခဲ့တဲ့အမှုဟာ ၂ လခွဲ လောက် ကြာတဲ့အချိန်မှာ စစ်အစိုးရက ခန့်ထားတဲ့တရားသူကြီးမင်းနဲ့ တရားရုံးက စီရင်ချက် ချတော့မယ့်အဆင့်ကို ရောက်လာခဲ့ပါပြီ။ ဇူလိုင်လ ၃၁ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ရက်ချိန်းပေးထားခဲ့တဲ့ အတွက် တရားစွဲဆိုခံထားရတဲ့ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နိုင်ငံတကာနဲ့ ပြည်တွင်းက ပြည်သူလူထုအများစုက သူ့ကိုအပြစ်ရှိတယ်လို့ စီရင်ဆုံးဖြတ်ပြီး ထောင်ဒဏ်ချမှတ်မှာပဲလို့ ယုံကြည်ထားကြသလိုပဲယူဆပြီး အကျဉ်း ထောင်ထဲမှာ သူ့အတွက်လိုအပ်မယ့် စာအုပ်စာတမ်းနဲ့ ဆေးဝါးတွေကို သူမရဲ့ရှေ့နေလည်းဖြစ် ပါတီတာဝန်ရှိပုဂ္ဂိုလ်လည်းဖြစ် သူကို စာရင်းပေးမှာကြားထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရားရုံးက စီရင်ချက်ချမယ့်ရက်ကို သြဂုတ်လ ၁၁ ရက်နေ့ကို ရုံးချိန်း ပြောင်းလဲလိုက်ပါတယ်။ နေပြည်တော်က ဗိုလ်ချုပ်ကြီးများရဲ့ ညွှန် ကြားချက်အရဆိုတာကတော့ သေချာပါတယ်။ မြင်သာထင်ရှားရှိတဲ့အကြောင်း ကတော့ ၈၊၈၊၈၈ လူထုဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ၂၁ နှစ် မြောက် နှစ်ပတ်လည်နေ့ကို ကြောက်ရွံ့ထိတ်လန့်ပြီး ရှောင်လွှဲချင်တဲ့အကြောင်း ဖြစ်ပါတယ်။ နောက်မြင်သာထင်ရှားမဟုတ်ပေမယ့် စစ်အစိုးတာဝန်ရှိ ဗိုလ် ချုပ်တွေကိုတိုင်က ၀န်ခံပြောဆိုခဲ့တဲ့ မီးစင်ကြည့်ကဖို့ အချိန်နည်းနည်း ထပ် ယူလိုက်တာပါပဲ။ ဒါတွေဟာတကယ်တော့ စစ်အစိုးရ အဆက်ဆက် လုပ်ခဲ့ဖူး လှပါပြီ။ ထုံးစံအတိုင်း ဖမ်းလွှတ်ကစားနည်းနဲ့ ဆက်ပြီးနိုင်ငံတကာနဲ့ ပြည်သူလူထုကိုလှည့်စားမယ်။ နိုင်ငံတကာနဲ့ ပြည်သူလူထုရဲ့ တုန့်ပြန်မှုတွေကို ကြည့်ပြီး အလျှင်းသင့်သလို ဖြေရှင်းမယ်။ ပြောင်လိမ် ပြောင်စားလုပ်မယ်။ ဒါပါပဲ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိကတာဝန်ရှိပုဂ္ဂိုလ်ကြီးဖြစ်တဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင်လည်းလာရောက် မေတ္တာ ရပ်ခံ ဖျောင်းဖျ ပြောဆိုခဲ့ပြီးပါပြီ။ အထူးသံတမန်ဆိုတာကတော့ အကြိမ်ကြိမ်အခါခါ နှပ်ပစ်ခံရပြီး ဖြစ်ပါတယ်။ အာဆီယံဆိုတဲ့ ဒေသ ဆိုင်ရာအဖွဲ့အစည်းကြီးကလည်း အရင့်အရင်တုံးကနဲ့မတူ အတော်ကြီးဝေဖန်ပြောဆို တိုက်တွန်းခဲ့ပါပြီ။ ကျနော်ဒီဆောင်းပါးမတိုင်ခင် ဆောင်းပါးတပုဒ်မှာ ရေးခဲ့သလိုပါပဲ၊ စစ်အာဏာရှင်အစိုးရဟာ သူတို့အနေနဲ့ ဘယ်သူကိုမှ အရေးစိုက်နေစရာမလိုဘူး၊ အာဆီယံနဲ့ တခြားကမ္ဘာ့နိုင်ငံတွေက သူတို့နဲ့မဆက်ဆံလို့ မရဘူး၊ လာကိုဆက်ဆံရမယ်လို့ အခိုင်အမာယုံကြည်ထားသလို၊ ကုလသမဂ္ဂနဲ့နိုင်ငံ တကာက ဘယ်လောက်ပဲဖိအားပေးပေး သူတို့ကို အင်အားသုံးပြီး အတင်းအာဏာကုလားထိုင်က ဆွဲချပစ်လို့တော့မရဘူး ဆိုတာကို လည်း အသေအချာနားလည်ထားပြီး ဖြစ်ပါတယ်။

အခု လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကိစ္စကိုလည်း သူတို့အာဏာတည်မြဲရေး အကျိုးစီးပွားအတွက် နိုင်ဖဲတချပ် (Trump card) တခုအဖြစ် ကိုင်ထားတာပါ။ နိုင်ငံတကာက အလေးဂရုပြုအာရုံစိုက်ပြီး တောင်းဆို ကြရ မေတ္တာရပ်ခံနေကြရတဲ့ အမှုတခုဖြစ်တဲ့အတွက် ဒီအမှုကို ပရိယယ်ကြွယ်ကြွယ်၀၀နဲ့ ကိုင်တွယ်နိင်ရင် သူတို့အကျိုးစီးပွား အတွက် အများကြီးအကျိုးရှိနိုင်တယ် ဆိုတာကို အသေအချာတွက်ထားပြီး ဖြစ်ပါတယ်။ မကြာမတင်ကမှပြီးသွားတဲ့ ထိုင်းနိုင်ငံဖူးခက် ကမ်းခြေမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆွေးနွေးဖက်နိုင်ငံအဖြစ် တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဝေဖန်ပြောဆို တောင်းဆိုရင်း အပေးအယူသဘောမျိုး ပြောဆိုသွားတာမျိုးကို စစ် အာဏာရှင်အစိုးရက ကြေနပ်သဘောကျနေတာပါ။ နောက်ဥရောပသမဂ္ဂ၀င်နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေက ဘာတွေများ ဘယ်လိုများ အပေးအယူလုပ်လာအုံးမလဲ။ အာဆီယံနိုင်ငံတွေကရော ဘာလိုက်လျှောမှုတွေ လုပ်လာအုံးမလဲ။ အဲဒီလို စစ်အစိုးရက မျှော်လင့်နေ တာပါ။ တနည်းအားဖြင့် ပြောရရင် ဈေးကစားချင်နေတာလို့ ပြောရမှာပါပဲ။

တကယ်တော့ စစ်အစိုးရဟာ ရက်စက်ကြမ်းတမ်းသလောက် ကောက်ကျစ်စဉ်းလဲပါတယ်။ နိုင်ငံတကာကတောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရင် လွှတ်ပေးနိုင်မှာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ခုချိန်မှာလွှတ်ပေးဖို့ဆိုတာကတော့ စစ် အစိုးရက လိုက်လျှောဖို့ ဖြစ်နိုင်ခြေသိပ်နည်းတယ်လို့ ပြောရမှာပါပဲ။ လွှတ်ပေးလိုက်ပြီဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို ထိမ်းချုပ်ကိုင်တွယ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သလို၊ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ထိတွေ့ဆက်ဆံ လာမှာကိုလည်း စစ်အစိုးရက လုံးဝ မလိုလားပါဘူး။ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအတိုက်အခံတယောက် အဖြစ်ထက် ပုဂ္ဂိုလ်ရေးအရ၊ လိင်အရ ရန်သူလိုသဘောထားခဲ့၊ ထားနေဆဲဖြစ်တယ်ဆိုတာ သူတို့ အာဏာသိမ်းသက်တမ်းအတွင်း ပြောခဲ့လုပ်ခဲ့တာတွေကို ပြန်ကြည့်ရင် မြင်သာထင်ရှား ဖြစ်ပါလိမ့်မယ်။

စစ်အာဏာရှင်အစိုးရဟာ ၁၉၈၈ လူထုဒီမိုကရေစီအရေးတော်ပုံကြီးလို လူထုအုံကြွမှုကြီးတခု ထပ်ဖြစ်ပေါ်လာမှာကို တကယ်ပဲ ကြောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ နိုင်ငံရေးအရှိန်အ၀ါ သြဇာသက်ရောက်မှုတွေကိုလည်း ကြောက် ပါတယ်။ ရွံရှာမုန်းတီးပါတယ်။ နိုင်ငံတကာရဲ့ဖိအားပေးမှုနဲ့ ကုလသမဂ္ဂက မလုပ်မနေရ ဆုံးဖြတ်ချက်(Binding Resolution) တခု ချမှတ်လာမှာကိုလည်း ကြောက်ပါတယ်။ ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ ဒီမိုကရေစီရေး လူ့အခွင့် အရေး အဖွဲ့အစည်းတွေက စုဆောင်းရရှိလာတဲ့ စစ်အစိုးရကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်ပေါ်မှာ ဖောက်ဖျက် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေရဲ့ သက်သေခံအထောက်အထားတွေအရ ကုလလုံခြုံရေးကောင်စီက သဘောတူလက်ခံပြီး အပြည် ပြည်ဆိုင်ရာရာဇ၀တ်တရားရုံး(ICC)က ၀ရမ်းထုတ်ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်ခံရမှာကိုလည်း ကြောက်ပါတယ်။ အဲဒီကြောက်ရွံ့မှုတွေ ထဲက စစ်အစိုးရအကြောက်ဆုံးကတော့ လူထုအုံကြွမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပေါင်းစည်းမိသွားမှာကိုပဲ ဖြစ်ပါတယ်။

အဲဒီအကြောက်တရားတွေဟာ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်တွေကို မိနစ်နာရီနဲ့အမျှ ဖိစီးခြောက်လှန့်နေပါ တယ်။ အဲဒီလိုအခြေအနေမျိုးဖြစ်မလာရအောင် စစ်အာဏာရှင်အစိုးရဟာ ဘာပဲလုပ်ရလုပ်ရ ဘယ်လိုရက်စက်ကြမ်းတမ်းတဲ့ နည်းနာ ကိုပဲ သုံးရသုံးရ အသုံးပြုသွားမှာပဲ ဆိုတာကတော့ အသေအချာပါပဲ။ အဲဒီနည်းလမ်းတွေထဲက သူတို့ရွေးချယ်ထားတဲ့ နည်းလမ်းက တော့ ပြည်သူလူထုကို လုံးဝခေါင်းမထောင်ရဲအောင် အလိုတော်ရိတွေကို မက်လုံးပေး စည်းရုံးသိမ်းသွင်းပြီး နှိမ်နှင်းခိုင်း၊ တိုင်းရင်းသား လက်နက်ကိုင်အပစ်ရပ်အဖွဲ့တွေကိုလည်း အခွင့်အရေးပေးသိမ်းသွင်း၊ စည်းရုံးသိမ်းသွင်းလို့မရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို အပြီးသတ်ခြေမှုန်း၊ တပြိုင်နက်ထဲမှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို နိုင်ငံရေးအရ စည်းးရုံးလှုပ်ရှားလို့မရအောင် နိုင်ငံရေးသေသွားအောင် လုပ်ထားပြီး သူတို့စိတ်ကြိုက်ရေးဆွဲ အတင်းအကျပ် အတည်ပြု ပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်မှာ မလွတ်လပ် တရားမမျှတသော ရွေးကောက်ပွဲ ကြီးတခုကို လူမြင်ကောင်းအောင် ကျင်းပပေးပြီး တရားမ၀င် စစ်အာဏာရှင်အဖြစ်က တရားဝင် စစ်အာဏာရှုင်အစိုးရအဖြစ် မြန်မာ နိုင်ငံကို စစ်အာဏာရှင် အဆက်ဆက် လူထုကိုကျွန်ပြုအုပ်ချုပ်သွားနိုင်ရေးပဲ ဖြစ်ပါတယ်။

ဒါတွေကို အတော်အတန် နိုင်ငံရေးအသိရှိတဲ့ ပြည်သူလူထုကအစ အတိုက်အခံ ဒီမိုကရေစီ အင်အားစုအားလုံး စစ်အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးရော အပစ်အခတ်ရပ်စဲရေးလုပ်မထားတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းးတွေအားလုံး သိမြင်နားလည်ပြီး ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစဉ်တစိုက် တွေ့ ဆုံဆွေးနွေးအဖြေရှာရေးလမ်းကို လိုက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ နောက်ဆုံးမှာ သူတို့ဟန်ပြခန့်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆက်သွယ်ဆောင်ရွက်ရေး ၀န်ကြီးဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ဟန်ပြသဘောဆက်သွယ်ဆွေးနွေးမှုတောင် သိပ်လုပ်ပြမနေနိုင်တော့ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးစရာအကြောင်းမရှိဘူးလို့ မအောင့်နိုင်မထိန်းနိုင် ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့ပါတီအနေနဲ့ စစ်အစိုးရကို လုပ်ဆောင်စေချင်တာတွေ၊ သူတို့လိုက်လျှောလုပ်ဆောင်ပေးနိုင်တာတွေ အားလုံးကိုရွှေဂုံတိုင်ကြေငြာချက်ထုတ်ပြန်ပြီး စစ်အစိုးရကိုရော ပြည်သူလူထုကိုပါအသိပေးပြီး ဖြစ်ပါတယ်။ စစ်အစိုးရကတော့ ထုံးစံ အတိုင်း ဘာတခုမှအကြောင်းပြန်ကြား တုန့်ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။ သူတို့လုပ်ဖို့ စီစဉ်ထားတဲ့အတိုင်းပဲ ဘယ်သူရဲ့ မေတ္တာရပ်ခံ ပြောဆိုဆွေးနွေးတာကိုမှ လက်မခံပဲ ဆက်ပြီးခေါင်းမာမာနဲ့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်အစိုးရဘာကို ရည်ရွယ် ဦးတည်ပြီး လုပ်နေတယ်ဆိုတာ ထင်ထင်ရှားရှား သိနားလည်ထားပြီးဖြစ်တဲ့အတွက် စစ်အာဏာရှင်တွေ သူတို့ထင်သလို မလုပ်နိုင် အောင် ကာကွယ်တားဆီးကြရပါမယ်။ ခုခံဆန့်ကျင်လို့ ရနိုင်သမျှနည်းလမ်းအားလုံးနဲ့ခုခံဆန့်ကျင်ကြရပါလိမ့်မယ်။

ဒီတာဝန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုထဲမှာသာမဟုတ်ပါဘူး အတိုက်အခံ ဒီမိုကရေစီ အင်အားစုအားလုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ အဖိနှိုပ်ခံပြည်သူလူထုကြီးတရပ်လုံးမှာ ရှိပါတယ်။ ပြည်သူ လူထုက တညီတညွတ်တည်း မဲဆန္ဒပေး တာဝန်ပေးအပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် ခိုင်မာအားကောင်းတဲ့ မဟာဗျူဟာတရပ် ချမှတ်ပြီး လူထုကို ဦးဆောင်လမ်းညွှန်မှုပေးဖို့ လိုအပ်ပါလိမ့်မယ်။ တခြားပြည်တွင်းပြည်ပ အတိုက်အခံ ဒီမိုကရေစီအင်အားစုအားလုံးဟာလည်း လုပ်နည်းလုပ်ဟန်အရ ကွဲပြားနိုင် ပေမယ့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချေမှုန်းဖယ်ရှားရေးဆိုတဲ့ တခုတည်းသော ဦးတည်ချက်အောက်မှာ အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေအားလုံးကို အသုံးပြုပြီး ဘုံရန်သူစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက် ကြရပါလိမ့်မယ်။

စစ်အစိုးရကတော့ ပြည်တွင်းပြည်ပက ဒီမိုကရေစီအင်အားစုအားလုံးရဲ့ ဖောင်တွေအားလုံးကို ဖျက်ပစ်ဖို့ တောင်းဆိုနေပါပြီ။ ။

စိုးနေလင်း

အပြည့်အစုံသို့...

Sunday, 5 July 2009

“ဇူလိုင် မိုးမည်း”

http://www.franksanford.com


(မြင့်ဇေ )
(ခေတ်ပြိုင် ... မှ)

မိုးမှာပဲ မွေးခဲ့တယ်၊ တပြိုင်နက်တည်းလည်းမိုးမှာပဲ ထွက်ခွာခဲ့တယ်။
၁၉၈၉ ဇွန်-ဇူလိုင်လများအတွင်း…။ မိုးနှင့်အပြိုင် မြန်မာပြည်နိုင်ငံရေး အခြေအနေကလည်း သည်းသန် ပြင်းထန်လွန်းလှသည်။ န၀တ၏ အဖမ်းအဆီးကလည်း လက်သံပြောင်သည်။ ကိုမိုးသီး တောခိုသွားခြင်း၊ ကိုမင်းကိုနိုင် အဖမ်း ခံရခြင်း၊ ကိုကိုကြီး စသဖြင့် နာမည်ကြီး ခေါင်း ဆောင်များ၊ ဆက်စပ်နေသည့်လူများကို ဖမ်းဆီး ခြင်းများ၊ မန္တလေးတွင် ဗကသ၊ မကသတို့၏ အပြိုင်ညီလာခံများ၊ ကိုညိုထွန်း အဖမ်းခံရမှု၊ ပြန်လွတ် လာမှု စသဖြင့်…။ ဒီအခါ ကျနော်တို့ ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ခဲ့ကြ။ အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု (မနတ)၊ ပြည်သူ့တိုးတက်ရေးပါတီ၊ ဦးဂွယ်လမ်းတို့ကို လွန်းပြန်ပြေးလွှားကြ။ တရားဟောစင်မြင့်က ဒေါ်စု၊ အန်အယ်လ်ဒီနှင့် ဒေါ်စု ၀န်းရံရေး၊ အာဏာဖီဆန်ရေး၊ “မတရားတဲ့ ဥပဒေမှန်သမျှ တာဝန်အရ ဖီဆန်ကြ”။


အဲဒီနှစ်ရဲ့ မိုးရေများနဲ့ အတူ… သတင်းများက တပုဒ်ပြီးတပုဒ် ၀င်လာခဲ့တယ်။ ဘယ်သူတော့ အဖမ်းခံရပြန်ပြီ။ ဘယ်သူဘယ်ဝါတော့ ဘယ်နေရာမှာ ဆွဲသွားပြီ။ နေ့စဉ်ရက်ဆက် ကြားနေရတဲ့ အဖြစ်များ။ ကျနော်လည်း ဘယ်နေ့ပါမယ်ဆိုတာ မသိ။

ထိုကာလက ကျနော့်ကို လုပ်ဖော်ကိုင်ဘက်တချို့က သတိပေးခဲ့ကြတယ်။ ပေါ်နေတဲ့ အနေ
အထားကို ပြန်ငုတ်ရန်။ ကျနော်ကတော့ ငုတ်ငုတ်၊ မငုတ်ငုတ် သိပ်မထူးတော့။ တယောက်ကျလျှင် တယောက်အစားထိုးရမယ် မဟုတ်လား။

ထိုညက အိမ်ပြန်မအိပ်ဖြစ်။ ကြည့်မြင်တိုင်ကလုပ်တဲ့ အစည်းအဝေးတခုမှာ အတော်လေး ညဥ့်နက်သွားခဲ့တယ်။ ကျနော်တို့အိမ်က မင်္ဂလာဒုံလေယာဉ်ကွင်း၏ အနိမ့်ဘက်။ မိုးရွာရင် လေယာဉ်ကွင်းမှ ကျလာတဲ့ ရေတွေက တခါတရံ အိမ်ကြမ်းပြင်အထိ။ မိုးကရွာ၊ ရေကကြီး၊
မီးကမဲ့၊ ပုဆိုးဂွင်းသိုင်းပြီး လျှောက်ရမယ့်ကိန်းကိုမြင်ပြီး အစည်းအဝေးလုပ်ရာ နေရာမှာပဲ ကျောခင်းလိုက်တယ်။ မှတ်မှတ်ရရ… ဇူလိုင် (၁၁) ရက်ည။

ထိုညကုန်လွန်သည်အထိ ဘာမှ မသိသေး။ အိမ်က လက်ဘက်ရည်ဆိုင်ဖွင့်ထားတဲ့ လှိုင်မြို့နယ်ကို
သွားတယ်။ ဆိုင်ရောက်တော့ ပုံမှန်သောက်နေကျသူတွေအကြား ဘာလုပ်ရမှန်းမသိတဲ့ မျက်နှာနဲ့ ကျနော့်ညီ။ မေမေ့ကို မတွေ့ရ။ အဖေလည်း မတွေ့။ အဖျော်ဆရာကလည်း ဘာသာရေးအရ အကျရည်စပ်ပေးပြီး ဘုရားတက်၊ ပုတီးစိပ်ရန် ထွက်သွားပြီ။ ကိုယ်တိုင်ဝင်ဖျော်ပြီး ညီလေးကို စားပွဲထိုးခိုင်း။ အားလုံးက အလွဲလွဲ အချော်ချော်။ ကော်ဖီသောက်မည့်သူကို လက်ဘက်ရည်ချပေး စသဖြင့် ။ ပြီးမှ ညီလေးကပြောသည်။ ညက အဖေ့ကို ဆွဲသွားပြီဆိုသည့်အကြောင်း။ ကျနော် ရုတ်တရက် မှင်သက်မိသွားခဲ့တယ်။

နေ့လည် အမေရောက်ချိန်မှ ဖြစ်ပျက်ပုံအလုံးစုံကို သိရတယ်။ ဖြစ်ပုံက မနက် (၃) နာရီခွဲလောက် အိမ်ရှေ့ကအဖေ့နာမည်ကိုခေါ်တော့ အဖေကလည်း သူ့ကို လာဖမ်းသည်ထင်ပုံမရ။ ကျနော့်ကို လာရှာတယ်လို့ပဲ ထင်ပုံရတယ်။ ခြံတံခါးဖွင့်ပေးတော့ “ဦး……ဆိုတာ ခင်ဗျားမဟုတ်လား” မေးပြီး “ခဏလိုက်ခဲ့ပါ၊ စုံစမ်းစရာရှိလို့” လို့ပြောတယ်။ ပါလာတဲ့ ရပ်ကွက် ရ၀တတွေက မျက်နှာ
ခပ်ပျက်ပျက်။

ပြီးတော့ ထုံးစံအတိုင်း ၀င်စစ်ပါရစေ။ မည်သည့်အရာမှ မတွေ့။ ဟာသတခုတော့ ဖြစ်သွားသေး
တယ်။ ကျနော့်ညီမလေးက စာရေးဝါသနာပါတယ်။ အဖေပြောသမျှကို ဒိုင်ယာရီမှာ စာစီစာကုံး ဆန်ဆန် ရေးတတ်တယ်။ အဲဒီစာအုပ်ကိုတွေ့တော့ ထောက်လှမ်းရေးများမျက်နှာ ၀င်းလက်သွားပြီး အလျင်အမြန် လှန်ကြတယ်။ ဖြစ်ချင်တော့ ညီမလေးက ဂေါ်ဘာချော့ဗ်အကြောင်းကို သူသိ သလောက် ရေးထားတယ်။ ဂေါ်ဘာချော့ဗ်ဆိုတာနဲ့ “တွေ့ပြီ၊ တွေ့ပြီ” အော်ကြတယ်လို့ ပြန်ကြား ရတယ်။ သက်သေခံရပြီပေါ့လေ။

ပြီးတော့ အဖေ့ကို အလုအယက် မေးကြတယ်။ ခင်ဗျားရေးတာမဟုတ်လား ဆိုပြီး၊ အိပ်ချင်
မူးတူးနှင့် ညီမလေးက သမီးရေးတာပါ ပြောတော့လည်း မယုံကြ။ လက်ရေးတူမတူ စစ်သေး
သည်။ နောက် စာအုပ်ထားသွားပြီး အဖေ့ကို ခေါ်သွားခဲ့တယ်။

အဲဒီနေ့ကစလို့ အမေတို့ရဲ့ တမိုးတမြေ ပြန်လည်ဖြစ်မြောက်ဘို့အတွက် အမေဟာ အဖေ့ကို
(၁၆) နှစ်ကျော် စောင့်ခဲ့ရတယ်။

အဖြစ်အပျက်ကို သိပြီးတော့ ကျနော်လည်း ဆိုင်ဝိုင်းသိမ်းပေးပြီး (ကျနော်တို့ဆိုင်က နေ့တပိုင်းပါ) ဆုံရပ်ကို သွားခဲ့တယ်။ ရောက်တော့ အားလုံးလိုလိုက သိပြီးသူချည်း။ သတင်းတွေက ၀င်လာမစဲ တသဲသဲ။ အဲ့ဒီညတညတည်း အယောက် (၃၀) ခန့် ပါသွားခဲ့တယ်။ ကျနော့်ကို လေးလေးနက်နက် စဉ်းစားဖို့ ထပ်မံအကြံပေးကြပြန်တယ်။ ငုတ်နေရန်။ ကျနော့် စိတ်ထင်တော့ သိပ်မထူးလှ။ အနှေးနှင့် အမြန် ကျနော့်ထံ ရောက်လာမယ်ဆိုတာကို သိနေတယ်။

ဒါပေမယ့် အရွယ်မရောက်သေးတဲ့ (အဲဒီအချိန်က ကျနော်လည်း အရွယ်ရောက်ခါနီး) မောင်နှမ
များနှင့် ကျနော့်အမေအတွက် ။ အမေက ဘာမှနားလည်သည်မဟုတ်။ တောသူ၊ နောက်
ကျန်သည်က ဥမမယ် စာမမြောက်၊ သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေများရှိနေကြမလဲ။ နုငယ်စဉ်
ဘ၀မှာ၊ ရိုးသားသည့်ဘ၀မှာ အမဲစက်များ ထင်ကျန်ရစ်နေခဲ့လျှင်။

ကျနော်စဉ်းစားပြီး ငြိမ်ရန် ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကာလတခုအထိသာ။ ဖမ်းသည်မှာ ဘာကြောင့်ဖမ်းသည်ကို သိရသည်အထိ။

ဒီနောက်တော့ လက်ဘက်ရည်ဆိုင်လုပ်ငန်းအပေါ် အာရုံစိုက်လုပ်တယ်။ လုပ်ဖော်ကိုင်ဘက်များကို ဖြတ်ထားလိုက်တယ်။ အဲဒီကာလမှာပဲ တိုက်ပွဲဟာ အရှိန်အမြင့်ဆုံးကို ရောက်လာတော့တယ်။
န၀တကလည်း အာဇာနည်နေ့မှာ ဖော်ဆောင်မယ့် အာဏာဖီဆန်ရေးကို နှိမ်နှင်းဘို့ ဒေါင်းတင် မောင်းတင် ပြင်ဆင်နေပြီ။

ဇူလိုင် (၁၉) ရက် အာဇာနည်နေ့…။ ကျန်ခဲ့တဲ့နေ့တွေက လူထုကို လှုံ့ဆော်ထားခဲ့ကြတယ်။
ဒါပေမယ့် ဒေါ်စုက အဲဒီနေ့မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြီး ရန်သူက အဆုံးစွန်ရမ်းတော့မယ် ဆိုတာကို သိလို့ အာဇာနည်ကုန်း ချီတက်မှုကို မလုပ်ဘို့ တားပါတယ်။ နောက်ကျသွားခဲ့ပါပြီ။ လူထုဟာ စုရပ်အသီးသီးရောက်ပြီး ထွက်သွားခဲ့ကြတယ်။ ရန်သူ့တုံ့ပြန်မှုက မဲမဲမြင်ရာကိုက်တဲ့ ခွေးလိုပါဘဲ။ ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံကအထွက် ဗီယက်နမ်သံရုံးရှေ့၊ ရိုက်လိုက်ကြ
တာ။ အာဇာနည်နေ့မှာပဲ အာဇာနည်တွေ ထပ်ပေါ်ခဲ့တယ်။ ကောင်းကင်ကတော့ အာဇာနည်နေ့မို့ လို့လား၊ မကြည့်မမြင်ရက်လို့လား မိုးတိမ်ညိုညိုတွေ ဖုံးနေတယ်။ မိုးကလည်းဖွဲဖွဲ ဖွဲဖွဲနဲ့။ သွေးစ
တွေက ကတ္တရာလမ်းပေါ်မှာ စီးနေတဲ့ရေတွေနဲ့ မျောပါသွားတယ်။ မျက်လုံးထွက်သွားတဲ့ ကျောင်းသားလေး၊ အရှေ့က ကျောင်းသူမလေးကို မထိအောင် ကာရင်း နံရိုးကျိုးသွားတဲ့ ကျောင်းသားကြီးတွေ၊ လူဂုဏ်တန်ရပ်ကွက်ဆိုတော့ ခြံဝန်းအမြင့်ကြီးတွေ ပတ်ပတ်လည်မှာ ဘယ်နေရာမှာ သွားခိုပုန်းရမှန်းမသိဘဲ အရိုက်ခံရမှာကို ဟိုပြေးဒီပြေးနဲ့ စောင့်နေရတဲ့အဖြစ်များ။
အဲဒီ အဖြစ်အပျက်များနဲ့အတူ ကိုမွန်းအောင်ရဲ့ သွေးမုန်တိုင်းကို ကိုရဲနည် (ဧရာဝတီ) က သံစဉ်သွင်းခဲ့လေသလား။

အဲဒါပြီးတော့ တမြို့လုံး ကျီးလန့်စာစား။ မာရှယ်လော၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင်
အကျယ်ချုပ်၊ ကျန်အန်အယ်လ်ဒီခေါင်းဆောင်များ၊ အတိုက်အခံအင်အားစုများ ဖမ်းပွဲ။
မိုးကြောင့် နဂိုကတည်းက မှောင်နေတဲ့ညဟာ ပိုမိုပြီး သိပ်သိပ်သည်းသည်း အမှောင်တိုက် ကျနေသလို။ အမှန်ကတော့ တိုင်းပြည်ကိုက အမိုက်တိုက်ထဲ ရောက်နေတာမဟုတ်လား။

အဲဒီညက ကျနော် လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ သူငယ်ချင်းနဲ့စကားပြောပြီး ပြန်လာတော့
ည (၇) နာရီခွဲလောက်ရှိနေပြီ။ အဖမ်းအဆီးသတင်းတွေတော့ ကြားရတယ်။ ကိုယ်နဲ့မဆိုင်ဘူးပေါ့။ မနက်ဆိုရင် လက်ဘက်ရည်ဖျော်မယ်။ စားပွဲထိုးမယ်။ ဆိုင်ပိတ်ချိန်ကျရင် သော့ခတ်ပြီး
အိမ်ပြန်မယ်။ ညီအငယ်ဆုံးကို ကျောင်းဝင်ကြိုမယ်။ ဖြစ်ပျက်နေတဲ့ ပစ္စုပ္ပန်အခြေအနေကို ဘေးကထိုင်ကြည့်နေသူတဦးလိုပေါ့။

ဖြစ်ချင်တော့ ကျနော်က အိပ်ရာစောစောမ၀င်တတ်ဘူး။ စာဖတ်ရမှ ကျေနပ်တယ်။ အဲဒီအလေ့ အထကိုပဲ ကျေးဇူးတင်ရမှာ။ အိမ်ပြန်ရောက်ပြီး စာဖတ်တော့ အမေနဲ့ မောင်နှမတွေလည်း အိပ်ရာ
ဝင်ကုန်တယ်။ မိုးကတော့ ဖျောက်ဖျောက် ဖျောက်ဖျောက် ကျနေတယ်။

စာဖတ်နေရင်းနဲ့ ကျနော့်နားမှာ ကားစက်သံတိုးတိုးလေး လှိမ့်မောင်းလာတာကို သတိသွားပြုမိ
တယ်။ တော်တော်ညက်ပါတယ်။ ညက်လွန်းလို့လည်း သတိထားမိတာ ဖြစ်မယ်ထင်တယ်။
ကားသံက ကျနော်တို့အိမ်နဲ့ နှစ်အိမ်လောက်ကွာတဲ့ လမ်းဆုံမှာ ရပ်လိုက်တာကိုလည်း သတိပြု
မိတယ်။ အဲဒါနဲ့ ဖတ်လက်စကိုခဏထားပြီး မီးအားလုံးကို ပိတ်လိုက်တယ်။ ခဏစောင့်တော့
အိမ်ရှေ့ ခြံတံခါးရှေ့က ခေါ်သံကြားရတယ်။ အမေ့နာမည်ပေါ့။ အဖေမှ မရှိတော့တာ။

အဲဒါနဲ့ အမေ့ကို နှိုးတယ်။ ဘယ်သူလဲဆိုတာ မေးတဲ့အခါကျတော့ ရ၀တကပါ ဆိုတာနဲ့ အသင့်ဖွင့် ထားတဲ့ နောက်ဖေးတံခါးကနေ ခုန်ချပြီး တဘက်ခြံနဲ့ လုပ်ထားတဲ့မလွယ်ပေါက်ကနေ ခြံဝင်းထဲ အပြေးဝင်ပြီး အိမ်သာထဲ ၀င်ထိုင်နေရတယ်။

သူတို့နဲ့ အမေ ပြောတဲ့စကားတွေကို အတိုင်းသားကြားနေရတယ်။ အမေက ဒီမှာ ပြန်မအိပ်ဘူး ပြောတော့ ညနေကတောင် တွေ့သေးတယ်၊ ဒီအိပ်ရာက ဘယ်သူ့အတွက်ခင်းထားတာလဲ
စသဖြင့် သူတို့ပြန်ပြောကြတာ ကြားနေရတယ်။ အသံတွေစဲသွားပြီး တော်တော်ကြာမှ အိမ်နီး
နားချင်းတွေကိုခေါ်။

တခု ကံကောင်းသွားတာက အဲဒီအိမ်မှာရှိတဲ့ အပျိုမနှစ်ယောက် တပို့တပါးမသွားတာကိုဘဲ။ သူတို့က မမြင်ရတဲ့ လောကကို ကြောက်တတ်ကြတာ။ ခေါ်လို့ရတော့မှ အခြေအနေကို ဆက်ကြည့်ပြီးတော့ အမေ့ကို သွားမေးခိုင်းရတော့တယ်။ အဲဒီညက အိမ်ဘေးအိမ်က မိသားစုရဲ့ ကျေးဇူးကတော့ အမှတ်ရစရာပါ။

နောက်တနေ့မနက်ကျတော့ အမေက လက်ဘက်ရည်ဆိုင် သွားဖွင့်တယ်။ ကျနော်က အိမ်ရှေ့
တံခါးနဲ့ ခြံဝင်းတံခါးကို အပြင်ဘက်က သော့ချပြီး အိမ်ထဲမှာနေတယ်၊ အနီးဆုံးပြတင်းပေါက်တော့ ဖွင့်ထားတယ်။ ညီတွေ၊ ညီမတွေကတော့ ကျောင်းသွား၊ အမေ့ကူပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဖမ်းခံရမှာ စိုးရိမ်ရ။ ကျန်လုပ်ဖော်ကိုင်ဘက်တွေလည်း လွတ်မလွတ်တွေး။ အမေတို့အတွက် ဘယ်လိုလုပ်ပေးရမလဲ။ အဲဒီ အတွေးတွေနဲ့ပဲ တနေ့တာ ကုန်လွန်သွားစေခဲ့တယ်။

နောက်ညနေပိုင်း အမေပြန်လာတော့ လုပ်ဖော်ကိုင်ဘက်တယောက်ပါလာတယ်။ ကျနော်
တနေရာမှာ ရှောင်ဘို့လိုပြီလေ။ ညီတွေ ညီမတွေလည်း တဖွဲဖွဲ ပြန်ရောက်လာကြတယ်။ သူတို့
အသိက ငယ်ပါသေးတယ်။ ဒါပေမယ့် အရှေ့မှာ အဖေ့ရဲ့အတွေ့အကြုံက ရှိပြီးသားမဟုတ်လား။ ကျနော် တနေရာ သွားနေရဦးမယ်ဆိုတဲ့ စဉ်းစားထားမှုတော့ အမေ့မှာ တွေးပြီးသားဖြစ်မှာပါ။ ပြန်ရောက်ကတည်းက သူ့မှာ ထမင်းဟင်းချက်လိုက်၊ ကျနော့်အ၀တ်အစားတွေ ၊ အသုံး
အဆောင်တွေ ထုပ်ပိုးလိုက်နဲ့ မအားပါဘူး။ ညနေ တော်တော်စောင်းတော့ ထမင်းစားကြတယ်။

ပြီးတော့ အမေပြင်ပေးထားတဲ့ ခရီးဆောင်အိတ်ကိုယူပြီး အဖော်နဲ့အတူ ကျနော်ထွက်လာခဲ့တယ်။ ပြန်လာမယ်ဆိုတဲ့အကြောင်းတော့ တဖွဖွပြောခဲ့တယ်။ မောင်နှမတွေကိုလည်း အမေ့ကို ကူညီဖို့ ပြောခဲ့တယ်။ အဲဒီကစပြီး ကျနော် အခုထက်ထိ အိမ်ကို ပြန်မရောက်ဖြစ်သေးဘူး။

အဖေပြန်ရောက်နေပြီဖြစ်တဲ့ အမေ့ရဲ့ တမိုးတမြေအောက်မှာ ကျနော်က အခုထိ ပြန်မရောက်နိုင်ဖြစ် နေဆဲ။

အဲဒီ အိမ်ကထွက်တဲ့နေ့က တမိသားစုလုံးရဲ့ မှတ်မှတ်ရရ အကြောင်းအရာတခုကို မေ့ချင်ယောင် ဆောင်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဇူလိုင် (၂၀) ဆိုတာ ကျနော့်ကို အမေမွေးဖွားတဲ့နေ့၊ ပြီးတော့ ကျနော့်ရဲ့ (၁၇) နှစ် တင်းတင်းပြည့်တဲ့နေ့လေ။

အဲဒီနေ့မှာပဲ ထွက်လာခဲ့တယ်။ မိုးစက်တွေ ကျမကျတော့ မမှတ်မိတော့ဘူး။ အဲဒီနေ့က အမေ
ကျခဲ့တဲ့ မျက်ရည်ကတော့ ကျနော့်တဘ၀လုံးစာအတွက် ရလိုက်တဲ့ မေတ္တာတရားပါပဲ။

အပြည့်အစုံသို့...

Tuesday, 9 June 2009

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး

(မောင်ချစ်ခင်)
ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအ ခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာ မှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။

၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။

နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေသည်။ ဤသည် မှာ တိုက်ဆိုင်မှု လုံးဝမဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။

ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။

လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာ ထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။

ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ် မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။

သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ် သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။

အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲနိုင်သည်၊ အတည်ပြုနိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ်လျှင် အာဏာကိုလွှဲမ ပေးဘဲ နေနိုင်သည်။

ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည် ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။

ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။

သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက် တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင် ဖို့ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။

ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး စစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော် လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။

တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိက ကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှ ခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။

ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။

သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိ မည်။

တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန် ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။

လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။

ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ် ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။

တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ် တို့ကိုလည်း စွဲမြဲစေရမည်။

နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြောလျှင်လည်း လက်ခံကြမည်မဟုတ်။

သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင် စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရ မည်။

ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။

ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက် ဦးမှုမဲ့စေခဲ့သည်။

ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်း နေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။

လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ် အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှသာ လုပ်နိုင်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။

ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက် ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။

မောင်ချစ်ခင်

အပြည့်အစုံသို့...

Monday, 8 June 2009

ဗိုလ်ချုပ်တစုနဲ့ ဒီအမှု

ဗသြ

ဒီ အမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီ အစိုးရ က ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိ ရစေပါတယ်။...... အပြည့်အစုံသို့

အပြည့်အစုံသို့...

Monday, 1 June 2009

ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း

(၀င်းတင့်ထွန်း)

ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ် သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ် ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီအလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ် တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။


မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဆင် ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ်သမား တိုက် ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြိုခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေ ကျရမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သမိုင်းချည်စက်ရှေ့ မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေး နက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …

မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန် လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။

ဒို့အရေး - ဒို့အရေး …

ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ...’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’

‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’

‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုးလုံးညံ အောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတလျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ် စက်ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေတဲ့အတွက် ခဏရပ်ကြည့် လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာ တော့ ‘သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ ’။

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’

‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’

‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေကွက် လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့အနီးမှာ တထပ်တိုက်အဆောက်အဦရှည်ကြီးတခု ရှိပါတယ်။ အဲဒီအ ဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ် တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့ အခန်းရှိပါတယ်။ အဲဒါတွေ ပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံနဲ့သူ အစီအရီ တန်း စီ တည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအတွင်းစက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေးက ဂိတ်ပေါက်ဝကြီးဆီ ရောက်လာ တာ တွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါတယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာချောင်ချိရေး ကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်မပေး တဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ်ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါ တယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန်ကို ရရှိ ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မတန်မှ တရား မျှတပြီး အင်မတန်မှ ကြောင်းကျိုးကျတဲ့ တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်းဖြည်း များလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါတယ်။ အလှူခံတောင်း ကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ်သမား သပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည်ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေသတဲ့၊ ဆပ်ပြာစက်ရုံကလဲ သပိတ်မှောက် နေသတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေသတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံကနေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက်ရွာကျလာပါတယ်။ ဇွန်လရဲ့မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည် စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကား တွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်းတင်းနဲ့ လက် နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ်ကျင်းတခုခုကို အတင်းဝင်ရောက် သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကားတွေပေါ်က ပေပါခွံကြီးတွေကို ကားအောက်ချ လိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ် ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တတန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကား ရှေ့ ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့ အယူတွေ လုပ်နေတယ်။ ကားပေါ်မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အပြင် ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ် ကြည့် နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိသတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမော နေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်း ချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတစွာ တောင်း ဆိုနေတာဖြစ်တယ်...’ ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန် ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊ တိမွေးကုတက္ကသိုလ် စက်မှုတက္ကသိုလ် တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်း ဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်းကြီးမျိုးကို မြင်လိုက်ကြရ တော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ် သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြတဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီသပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက်ဝံ့အောင် အကြမ်းမဖက် နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြ ပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေးများများလာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူလာနဲ့ လမ်းဟာ ပလက်ဖေါင်း ဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လို မြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက်က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရအောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ်ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရ ပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိပါ တယ်။ လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချတမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ်တွေကို ကိုယ်စီကိုင်ပြီး ထွက် လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာ ရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ် ဖြစ်သွား ပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက်ရည် ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီအချိန်မှာ သေ နတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -

‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …

‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ

တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက် ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတယောက်ကို လူ သုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့တွေ ဟပ်မိပြီး၊ မျက် ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူ အုပ် ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူအုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲ တွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့်တည့်တလျောက် ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူ အုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူတွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီ ဝီ ဖြတ်လာပါတယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်း တွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတနာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်း ဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရတယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက်ထွက် လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွား တိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက်ကြီးဟာ လည် ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်းက ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာရသူရဲ့ ညီ တော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...

‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည် အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင်ခတ်မျှ ထွက်ပေါ် လာနေခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ ...

‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ် စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံ တရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါတယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှုကြီးကြောင့် သွေးမြေကျရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြရသူ တွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေးယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျခဲ့ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရနိုင်မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ် ခဲ့ပါတယ်။

ဇွန်လ (၆) ရက်အကျော် (ရ) ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်း ဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေ ကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံတိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီ စက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ်သမားတွေ အများ ဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေးဆရာ ဖိုးကျော့ တို့လဲ ပါခဲ့ ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်း နိုင်ပြီးပြီလို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာဏာရှင် ဘီလူးသရုပ်ကို အစွယ် တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုးဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်းအရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါပြီ။

အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...

ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉


မှတ်ချက်။ ။ ဇွန် (၆) အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။
http://naytthit.com

အပြည့်အစုံသို့...

Wednesday, 27 May 2009

‘ သံတိုင်ကြားက လရောင် ဆီ ... ’

( ဝင်းတင့်ထွန်း )


ထောင်နန်းစံ ရ အောင်
ထောင်ဖမ်းကာ အမှု အလီလီဆင် လို့
အာဏာရှင် ထင်ရာစိုင်းပုံ က
ရာဇဝင် စာတင်အောင် ရိုင်းပြီ မို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ...၊၊

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်း ရှု့ချီ ရာ လတမင်း ပေမို့
လမင်းကို တိမ်အို ဖုံး သော်လဲ
တိမ်ဖုံးပေမဲ့ သာ မြဲ သာ ... ၊၊

နအဖ ဆိုတာ ကလိမ်ယုတ်တွေ မို့
တိမ်ပုပ် ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ် ကနေ ထောင်ထဲသွင်းပါ လို့
လမင်းကို ထောင်ဒဏ်ချ ပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရ ရင်း ... ၊၊

ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင် ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေ နဲ့
လမင်းအနား အတူယှဉ် လို့
ဒီ ကောင်းကင် ကြည်စင်သစ်ရ အောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ် တို့ကို
တောထုတ် ဖြို ခွင်း ...
( ကိုင်း - ) ပြ ကြ အလင်း ... ၊၊ ၊၊

( ဝင်းတင့်ထွန်း )
၂၇ - ၅ - ၂ဝဝ၉


(မတရားသဖြင့် အမှုဆင် ရုံးတင် တရားစွဲဆိုခြင်း ခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..သို့ )
http://www.naytthit.com ... မှ

အပြည့်အစုံသို့...

Saturday, 23 May 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့နအဖ

ဓါတ်ပုံ...ဒေါက်တာလွဏ်းဆွေ မှ...


(ရဲဘော်ဖိုးသံချောင်း)
နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ - ဒါမှမဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွားတယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေပါ တယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက်ကိုယ့်တသက်လုပ်ရမယ့်ကိစ္စလို့ သတ် မှတ်ထားကြဟန် တူပါတယ်။ ဒါကြောင့် နေအိမ်ချုပ်သက်တမ်းစေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာ အိမ်ရှင်ကို စွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ်သန်းရွှေတယောက် ထိုင်နေအကောင်းသားလို့ ဆိုရမလိုဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေလမ်းငွေလမ်းတော့ဖြင့် ပေါက် တော့မယ်လို့ မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်” ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလို အပြစ်တင်တာခံလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ် တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက်ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်း ခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံတကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ် နစ်နာရတဲ့ ဘယ်သူမပြုမိမိမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူ နေရတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကို တုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ်လို့ သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေး လို့ စသဖြင့် ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်း ပေါ် ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။ ဒီလို တိုင်း ပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့ နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရတာပါ။ ဒါကြောင့်မို့ သံတမန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံး တက်ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက်က ကျိုးကြောင်း မခိုင်လုံ ကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင်ရပါတယ်။

အခုတော့ အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေး ဆို တဲ့ တောင်းဆိုချက်ဟာ ကျယ်လောင်သထက်ကျယ်လောင် လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ ဖက်က သက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြ သက်သေတွေကိုတောင် စစ်နေဖို့ မလိုလောက်အောင် ဖြစ် ပါတယ်။ ဒါပေမဲ့ နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင် တဲ့ ဝံပုလွေလိုပဲ “နင်မဟုတ် နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးတဲ့ ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက် နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက်မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့အပြင် လူတိုင်းသဘော တူနိုင်တဲ့ တောင်းဆိုချက် ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံ ဖြစ်ပါတယ်။

ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်နေတဲ့လူတွေအတွက်တော့ အတော် လေး အကြပ်ရိုက်သွားမှာ ဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်းတယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ သာ သူတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံး ခေါင်းရှောင် ချင်ကြမှာပါ။ နအဖအလိုကို လိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှ ရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော်တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်တွေဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက် ကွဲထွက်နိုင်တယ်ဆိုတာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ဆင်ပြီးတင်တာ ဟုတ်မဟုတ်ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေးမနေကြတော့ပါဘူး။ ဘာကို-ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါ ဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အတွက် အနည်းဆုံးရွေးကောက်ပွဲ ပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါ တယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီး-ရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေ ဘယ်လောက် ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။

(ရဲဘော်ဖိုးသံချောင်း)
http://naytthit.com မှ ..

အပြည့်အစုံသို့...

" ဖိနပ်အသစ်နဲ့ စပျစ်သီးချဉ်များ "




လမ်း ... ကြည့်စမ်းပ
လရောင်မဲ့လျှ ကြယ်စပျပျမှုန်ရီထဲ
အေးခဲလွန် ပူပြင်းလွန်
မိုးမည်းသွန်ကြဲ မုန်တိုင်းမစဲ
တိုးရှဲလျှောက်လှမ်းနေဆဲမှာပင်။

စပျစ်သီးကိုချဉ်ပစ်လိုက်ချင်သူတွေက
ပဲဝက်ပညာစွယ်ရောင်ပြ
“ ခက်ပ ...
ဒီဟာလည်း လမ်းပါပဲ
ငါးမရလည်း ရေချိုးလိုက်ကြရုံသာ ” တဲ့။



ခြေဖနောင့်တို့ကို တိုအောင်ဖြတ်
ဖိနပ်သစ် ကိုစီးချင်ကြသူများ
ဈေးကွက်ကြားမှာ ခြေချင်းထပ်
ပွဲခစပ်နေကြပုံများ။

ခြုံထွင်တတ်သူ မုဆိုးကတော့
ယုန်ကောင်ရေကိုခွဲတမ်းချ
ပွဲတော်ည ကိုစိတ်ကူးရင်း
သီချုင်းတပုဒ်ကို ဆိုငြီးလို့။

ဝင်စို့ထွက်စို့ အညှို့မခံသူတို့သာ
ကန္တာရ ခရီးလမ်းအဆုံး
ရွာပုန်းလေး တရွာလောက်များ
မှုန်ဝါးဝါးတွေးဆ
ညတာရှည်နေကြဆဲကာလ။ ။

(စိုးနေလင်း)

http://www.naytthit.com ... မှ...

အပြည့်အစုံသို့...

Sunday, 17 May 2009

စစ်အာဏာရှင်အစိုးရဲ့သက်ကယ်ဆေးလား သက်ပျောက်ဆေးလား

(စိုးနေလင်း)
တိုက်ဆိုင်တာကလည်း အတော်လေးတိုက်ဆိုင်တယ်လို့ ဆိုရပါ မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချုပ်နှောင် ထားတဲ့ ဥပဒေပုဒ်မက တရားဝင်ခွင့်ပြုထားတဲ့ ကာလကလည်း ပြည့်လုဆဲဆဲဖြစ်နေပြီဆိုတာ အားလုံးအသိဖြစ်ပါတယ်။ စပြီးဖမ်း ဆီးချုပ်နှောင်ထားတဲ့ အချိန်တုံးကလည်း ဥပဒေနဲ့ညီညွတ်ခဲ့တာ တော့မဟုတ်ပါဘူး။ ဒါပေမယ့် လက်နက်နဲ့အာဏာကိုချုပ်ကိုင်ပြီး ဥပဒေအရလုပ်တာပါလို့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ဇွတ်လိမ် လည်ထားတဲ့အတွက် အဲဒီသူတို့သုံးထားတဲ့ ဥပဒေဆိုတာအရပဲ တရားဥပဒေကို လေးစားလိုက်နာတတ်ကြတဲ့ ပြည်သူလထုနဲ့ နိုင်ငံတကာက ကန့်ကွက်တောင်းဆိုနေခဲ့ကြ တာလည်း ကာလကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် တနှစ်ပြီးတနှစ်သက်တမ်းတိုးလာခဲ့တာ ခုသက်တမ်းထပ်တိုးဖို့ ဥပဒေအရကိုပဲ လုပ်လို့မရတော့တဲ့အခြေအနေ ရောက်လာခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ ပညာရှင်တွေနဲ့ နိုင်ငံတကာကလည်း ဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆို ဖိအားပေးနေခဲ့ပါပြီ။ အဲဒီအချိန်နဲ့ကွက်တိ တိုက်ဆိုင်နေတာတွေ့ရပါတယ်။ ... အပြည့်အစုံသို့

အပြည့်အစုံသို့...

Thursday, 14 May 2009

သခင်ကိုယ်တော်မှိုင်းနဲ့တိုင်းရင်းသားအရေး


(ဂါမဏိ)
ရခိုင်တိုင်း ရင်းသားတွေ အကြီးအကျယ်ကြိုဆို ထောက်ခံတဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ဘဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုးသမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီး တွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာလမ်းမှာ ဆံပင်ဖြန့်ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းကတိုင်းရင်းသားတွေနဲ့ သခင်ကိုယ်တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူသိ နိုင်ပါတယ်။ ... အပြည့်အစုံသို့

အပြည့်အစုံသို့...

၂ဝ၁ဝ၊ အရာရှိငယ်နဲ့ အသိဂလိုဘယ်

(ဂါမဏိ)
၁၉၉ဝ ရွေးကောက်ပွဲ၊ ၁၄ နှစ်ကြာအမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲအတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စုဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှနေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမမြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင်လက်ကိုင်ဒုတ်တွေကိုတောင် နေရာပေး မယ့်အလားအလာ မရှိပါဘူး၊ အချိန်တခု အသုံးချ လူမိုက်မွေး တာလောက်ဘဲလုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင် ပါသေးတယ်။ စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြား ဘယ်သူ့ကိုမဆို ဦး ၄ စာရင်းထဲထည့်တဲ့ အစွန်းရောက်စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတ လျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ် အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ် တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု NLD)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလအတွင်းရေးမှူးအဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည်-ဗိုလ်ကျော်ဘနဲ့ နဝတတိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး(တွင်း-၂)၊ ဗိုလ်နေဝင်း နဲ့ မဆလ-တစညတပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။ အခု ၂ဝ၁ဝ အတွက်ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အဲန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မ ဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေးမြို့တော် သစ်ကြီးက မဟာလွှတ်တော်သစ်ကြီးမှာ စတိသ ဘောတောင် ခြေချခွင့်မပေးဖို့ အညှိုးတကြီးနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်စီစဉ်ထားပါတယ်။ ဒါပေမဲ့ အခုတော့ ဒီ့ထက်ဆိုးတဲ့ ပြဿနာကို ဗိုလ်သန်းရွှေတယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။ ... အပြည့်အစုံသို့

အပြည့်အစုံသို့...

Wednesday, 6 May 2009

သမာသတိနဲ့ သတ္တိရှိတဲ့ဆုံးဖြတ်ချက်

(စိုးနေလင်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စကတော့ အရေးအကြီးဆုံး ဆုံးဖြတ်ရတဲ့ ကိစ္စပါ။ တရားဝင်ပါတီဖြစ်တဲ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ တပါတီထဲအစိုးရဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက်ထက် အများ ကြီးပိုရရှိခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီတရပ်အနေနဲ့ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကို ၀င်မလား မ၀င်ဘူးလား လို့ဆုံးဖြတ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးပါတီတခုအနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းရ မှာဟာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် ... အပြည့်အစုံသို့ new

အပြည့်အစုံသို့...

Saturday, 2 May 2009

Monday, 27 April 2009

အမေရိကန်မြန်မာဆက်ဆံရေးတင်းမာမှု လျော့ကျလာမှုအပေါ် တရုတ်၏စိုးရိမ်မကင်းဖြစ်မှု

http://naytthit.com မှ ကူးယူဖေါ်ပြပါသည်။
(အီးမေးမှရသော ဘာသာပြန်ဆောင်းပါးတပုဒ်ဖြစ်ပါတယ်)

(The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo ရဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို သုံးသပ်ထားတဲ့ ဆောင်းပါးကို ပရိတ်သတ် တဦးက ဘာသာ ပြန်ပြီး သူ့ သုံးသပ်ချက်နဲ့အတူ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ တချို့ နေရာတွေမှာတော့ စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ စာဖတ် ရတာ ပိုချောအောင် ပြင်ထားပါတယ်။)

၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ်စေဖို့အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှု ကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု နှင့် အပြင်းအထန် ဆန့်ကျင် ရှုံ့ချမှု တို့သာ ရှိခဲ့သည်။

လက်ရှိ အခြေအနေတွေ အရ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ အရင် သမ္မတ လက်ထက်က မြန်မာ နှင့် "axis of evil" ဟု ဘုရှ်က ခေါ် ခဲ့သော အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ မူဝါဒနဲ့ လုံးဝ ပြောင်းလဲ ကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင် ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကို လည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှု နှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို လည်းကောင်း အာရုံစိုက် လာကြောင်းကို ပြသခဲ့ သကဲ့သို့ ကျူးဘား ကိုလည်း အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တဦးကို စေလွှတ်ခဲ့သည်။

အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဟာ ၎င်းအရင် သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေ အားလုံးဟာ အုပ်ချုပ်မှုနည်းဗျူဟာ ပုံစံအသစ်၏ အစိတ်အပိုင်း တချို့သာ ဖြစ်ပါသည်။ အိုဘား မား လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒဟာ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီး ယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံတကာဆိုင်ရာ တရားမျှတမှု နှင့် သမ္မတဘုရှ် လက်ထက်မှာ လျော့နည်း ဆုတ်ယုတ် လာခဲ့ရသည် ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည်တည်ဆောက်ရေးကို ဦးတည် လာခဲ့သည်။

အိုဘားမားက သမ္မတဘုရှ် လက်ထက်မှာ များစွာအားနည်း လာခဲ့ရတဲ့ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြား ဦးတည်ချက်ကို ဦးတည်ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှု အပိုင်း၏ အဓိက အားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ်အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာ နှင့် အခြေအနေ တွေအရ ပြောင်းလဲမှု များသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည် ရရှိဖို့ အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ်စစ်ပွဲ ပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ဖို့ ဆိုတာကို မြင်သာ နိုင်ပါသည်။

ပထ၀ီနိုင်ငံရေး အရလဲ အိုဘားမား၏ မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှ ဒေသတွင်း အင်အားညီမျှမှုကို စိန်ခေါ်မှု တရပ် ဖြစ်လေမလားဟု မေးခွန်း ထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၎င်းအပြင် အမေရိကန်၏ မူဝါဒဆိုင်ရာ ပြောင်းလဲမှုများဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ တနည်းအားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ ပုံရိပ်ကို ကြီးမြင့်လာစေရုံသာမက ၀ါရှင်တန်က ညီညွတ်အဆင်ပြေစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်သော ဒေသတွင်းပထ၀ီနိုင်ငံရေး တည်ဆောက်မှု ပုံစံအတွက် ပြောင်းလဲမှုတရပ်လဲ ဖြစ်ပေသည်။

မကြာသေးခင် နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန်နှင့် အချို့နေရာရှိ စစ်ပွဲတို့ဖြင့် အလုပ်များ နေခဲ့သည်။ ၎င်း အခြေအနေများကပင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော် ဆောင်ရေးနှင့် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှု များနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေး လိုသော မူဝါဒမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန် အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန် နိုင်ငံများကို လက်လျော့ လိုက်လျောစေမှု အပါအ၀င် မည်သည့် အကျိုးအမြတ်ကိုမျှ မရ ရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရ အပေါ် ဖိနှိပ်အုပ်ချုပ်သော အစိုးရ တရပ်ဟု ယူဆခဲ့ချိန်မှ စ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံအပေါ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ အကူအညီ ပေးရေးကိုလည်း ငြင်းပယ်ထားခဲ့ပါ သည်။

ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာ အသုံးချပြီး နိုင်ငံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကျောထောက် နောက်ခံအ တွက် အရေးပါသော မြန်မာနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို တိုးတက်အောင် ဆောက်ရွက်ခဲ့သည်။ လက်ရှိ အခြေ အနေအရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန် မှီတည် ဆက်နွယ် နေမှုသည် နှစ်နိုင်ငံလုံး အကျိုးအတွက် လက်တွေ့ကျကျ အ ကောင်အထည် ပေါ်နေပြီ ဖြစ်သည်။ အပေါ်ယံ အားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို ပြန် လည် ရယူနိုင်ရန် ကြိုးစားမှုဟာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့နည်းစေနိုင်သော သို့တည်းမဟုတ် အဆုံးသတ် စေနိုင်သော စိန်ခေါ်မှု တရပ်လေလားဟု မေးခွန်းထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများအပေါ် အင်းအားကြီး နိုင်ငံကြီးများ ၏ ပထ၀ီနိုင်ငံရေး လွှမ်းမိုးမှုကို ရယူရန် ကြိုးစားမှုသည် ဒေသတွင်း နိုင်ငံတွေအတွက်တော့ ကောင်းမွန်သော အချက်မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့်ကတော့ မြန်မာနှင့် အလွန်ကြီးမားသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက် နေပြီ ဖြစ်သည့်အတွက် လက်လျှော့ ဆုတ်ခွါမည့် ဟန်မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်း ပစ္စည်းများကို ရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှု အတွက် ဆိပ်ကမ်းတခုနှင့် ကြားခံစခန်းတခု ရရှိရန် လိုနေပေသည်။

(စာရေးသူမှတ်ချက်။ ။ တရုတ်က အာဖရိက နှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် တွင်းထွက်များကို ရခိုင်ကမ်းရိုးတမ်းမှတဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မ အတွင်းသို့ သယ်ယူလိုပြီး ၎င်း လမ်းကြောင်းမှပင် တရုတ် ထွက်ကုန်များကို အဆိုပါ နိုင်ငံများသို့ မြန်မာနိုင်ငံကို ဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့် အင်ဒိုနီးရှားကြား မလက်ကာရေလက်ကြားမှဖြတ်ကာ စင်္ကာပူ ဆိပ် ကမ်းမှ ပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်းအားဖြင့်လဲ အလွန်လုံခြုံ စိတ်ချရပြီး ပထ၀ီနိုင်ငံရေးကိုလဲ တဘက်တလမ်းက အကျိုးသက်ရောက်နိုင်သည်ဟု တရုတ် အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည် မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အရေးသာမှုဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများအပေါ် လွှမ်းမိုးမှု အတော်အ တန်ကြီးမားနေသည်ကို မြန်မာတိုင်း ဂရုထားသင့်သည်ဟုလည်း ယူဆမိသည်။)

အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို ပြနေသော မူဝါဒ အသစ်ဖြစ်သော ပထ၀ီနိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှုများကို ဦးတည် စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒေသတွင်း နိုင်ငံတကာ မူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာ မူဝါဒ ရေးရာ၏ အစိတ်အပိုင်း တခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒ အသစ်နှင့် ပတ်သက်၍ အကျိုးဆက်များကို စမ်းစစ် မလေ့လာမှီ “အမေရိကန် အနေနှင့် မြန်မာနှင့် မည်သို့မည်ပုံ နားလည်သဘောတူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။

ပထမတနည်းနေနှင့် အမေရိကန်ဟာ မြန်မာ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မူဝါဒရေးဆိုင်ရာ အကူအညီများ၊ စီးပွားရေးဆိုင်ရာ အကူအညီများ နှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီဆောင်ရွက် ပေးခြင်းဖြင့် နည်းလမ်းရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တခုအ တွင်း ကန့်သတ်ထိန်းချုပ်မှုကို ဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့မှာတော့ တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါ။ မြန်မာ အနေနှင့်လည်းပဲ ၎င်း၏ နိုင်ငံရေးမူဝါဒစနစ်ကို ၀ါရှင်တန်မှ ချပေးသော ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲမည် မဟုတ် သကဲ့သို့ ၎င်း၏ ပြည်တွင်းရေး ကိစ္စရပ်များကိုလည်းပဲ အမေရိကန်နှင့် ဆွေးနွေးလိမ့်မည် မဟုတ်ပါ။

ဒုတိယ တနည်း အနေနှင့် အမေရိကန်ဟာ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိ စစ်အုပ်ချုပ်ရေး စနစ်ကို ဖြုတ်ချလိုသော အတိုက်အခံ အုပ်စုများနှင့် တွေ့ဆုံ သဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်း ပြောရလျှင်တော့ ဤကဲ့သို့သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစားကျင့်သုံးပြီးဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမနည်းလမ်းလောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုးသက်ရောက်မှု မရှိကြောင်း ကိုလဲ ၀န်ခံ သက်သေပြပြီးဖြစ်သည်။

တတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူ ငွေရေးကြေးရေး ဆိုင်ရာ အကူအညီများ ပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တဖက်ကလည်း အမေရိကန် အနေနှင့်လဲ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက်များကလဲ ရှိနေသေးပေသည်။ မြန်မာ အနေနှင့် ကလည်းပဲ တခြား ရရှိနေသော စီးပွားရေးဆိုင်ရာ အထောက်အကူများ ကလဲ ရရှိ နေပေသေးသည် ဥပမာ အားဖြင့် တရုတ် ထံမှဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာက အခြေအနေအရ ဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှု အကူအညီကို လက်ခံလိမ့်မည် မဟုတ်ပေ။ တဖန် အမေရိကန်အနေနှင့်ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေးမပါသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၎င်း၏ မြန်မာနိုင်ငံအပေါ် မူဝါဒရေး ပြောင်းလဲမှု၏ ရည်ရွယ်ချက်နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါ၏ အဓိက ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ သို့ပေမယ့်လဲ အမေရိကန် အနေနှင့် မြန်မာအပေါ် ပိုမို ပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ၎င်းကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုကို မျှော်လင့်နေပေသည်။

အမေရိကန်ဟာ မြန်မာနှင့် သဘောတူညီမှုရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ် အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှ ဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ပထ၀ီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေမျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့် လဲပဲ ၎င်း၏ မဟာဗျူဟာ ပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက်ပုံတူကူးချရန် တိုက်တွန်း မှုနှင့် သြဇာလွှမ်းမိုးမှုအတွက် မည်သည့် သဘောတူညီမှုမျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော နိုင်ငံတွင်း ဆူပူအုံကြွမှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။

သို့သော် တရုတ်အနေ နှင့် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ သဘောတူညီမှု များကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေး တည်ငြိမ်မှုရှိပြီး ဥစ္စာဓန ပေါကြွယ်ဝသော မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဆိုင်ရာ အောင်မြင် ဖြစ်ထွန်းမှုကို အကူအညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ASEAN ၏ စည်းလုံးမှုနှင့် အကျိုး သက်ရောက်မှုရှိခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ် အနေနှင့်လဲ ဤအချက် ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။


အတုန့်အပြန် အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ပြည်တွင်းရေး စွက်ဖက်မှုပိုင်း ဆိုင်ရာ နည်းဗျူဟာများဟာ အပြုသဘော ဆောင်နေခဲ့လျှင်တောင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်ပါက တရုတ် အနေနှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ် သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမည် ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည် ဆိုတာကို အသိအမှတ် ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒအသစ်ဖြင့် မြန်မာကို တရုတ် နိုင်ငံနှင့် ဖယ်ကြဉ်စေရန် ဆောင်ရွက်မည် ဆိုပါက အလွန့်အလွန် ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အမေရိကန် အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယား ကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေး ကိစ္စလိုမျိုး အသွင်ဖြင့် မကြိုးပမ်း သင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ထုတ်ဖော်ပြောကြား ခဲ့သော်လည်း တရုတ်၊ မြန်မာ နှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယား ကဲ့သို့ အခြားနိုင်ငံများကို ခြိမ်းခြောက်နေသော နိုင်ငံ မဟုတ်ပါ။ မြန်မာ့ အရေးဟာ နိုင်ငံတကာ လုံးဆိုင်ရာ ၀င်ရောက်ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့ အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေး သုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။

မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှုရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င် တော့ဘဲ ခေတ်နောက်ကျနေပြီ ဖြစ်သော ချဉ်းကပ်မှုမျိုးကို နောက်တကြိမ် ထပ်သုံးဦးမည်ဆိုလျှင် အမေရိကန်အတွက် လွယ်ကူလိမ့် မည် မဟုတ်ပေ။ တရုတ် အနေနှင့်လဲ ၎င်းကိစ္စ မျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် သန့်ရှင်းသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်သဘောမျိုး ရရှိရန်အတွက် ကြိုးပမ်းခဲ့မည် ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာစွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာ ကတော့ တခြားနိုင်ငံတွေရဲ့ ၎င်း ချဉ်းကပ်မှု နည်းလမ်းအပေါ် ထင်မြင်ယူဆချက်ထက် အမေရိကန် ကိုယ်တိုင် အသုံးပြုသော နည်းလမ်း က ပို၍ အရေးပါ ပေလိမ့်မည်။

မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:
စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်းပထ၀ီနိုင်ငံရေး အတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက်ဆက်စပ်နေပုံနှင့် တရုတ်၏ တုန့်ပြန်သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ်နှင့်အညီ သုံး သပ်တင်ပြထားသည်။

တရုတ်က အမေရိကန်ဟာ မြန်မာကို ကူညီလျှင်တောင် ကိုယ်ကျိုးမဖက်ဘဲ သီးခြားကူညီဖို့ ခက်တယ်ဆိုတာကို မြန်မာကို ပြောချင်ပုံရ သည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိက မိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေအရ ဖန်တီးလာသော ညှိနှိုင်း ဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေးချင်ဟန် ရှိပေသည်၊ ၎င်းကိုယ်တိုင်ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှု တခုခုကို ဦးတည်သွားမှာ ကိုလည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၎င်းကပင် သြဇာ လွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။

သို့သော် အမေရိကန်၏ မြန်မာအပေါ် ချဉ်းကပ်မှုပိုင်းဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်းသုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယနည်းလမ်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကျင်သုံးပြီးဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီးဖြစ်သည်။ သို့သော် ပထမ နှင့် တတိယနည်း တို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်ပေသည်။ သို့သော် Dr Jian Junbo ကမူ ၎င်း ပထမ နှင့် ဒုတိယ အချက်တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ပေသည်။ တကယ်တမ်းကျ တော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၎င်းနည်းလမ်းများအတိုင်း ဖြစ်လာမှာကို တရုတ်က အလွန်စိုးရိမ်လျက်ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့ လျှင်တောင် တရုတ် အနေနှင့် ပထ၀ီ နိုင်ငံရေးနှင့် ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုး ကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှု နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန် အနေနှင့် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်ဟု တရုတ်က ပြောနေသော်လည်း၊ ချဉ်းကပ်မှု နည်းလမ်းများ မအောင်မြင်ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ ချဉ်းကပ်မှုများ အောင်မြင်ခဲ့ လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲများဟာ အမေရိကန်အတွက် မဟုတ်ဘဲ ၎င်း တရုတ်နိုင်ငံ အတွက်သာ ဖြစ်ပေ လိမ့်မည်ဟု စာရေးသူ ယူဆမိသည်။

ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေမှာ အခြေဆိုက် ဆိပ်ကမ်း တခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများနှင့် ကုန်သွယ်မှု အတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်း လမ်းကြောင်းကို မြန်မာနှင့် အကျိုးတူ အသုံးပြု လိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာ လွှမ်းမိုးမှုကို အမေရိကန် ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေး လိုလိမ့်မည် မဟုတ်ပေ။ ၎င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်ပြီး လုံးခြုံ စိတ်ချရသော လမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စများသည် စစ်အေးခေတ် နှောင်းပိုင်း လက်ရှိ မျက်မှောက်ရေးရာ ကမ္ဘာ့ ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှ အခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှု တို့ပင် ဖြစ်ပေသည်။

၎င်းအပြင် စာရေးသူ အနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများ အပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက်များ ရှိနေပေကြောင်း ကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံ တည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့နှင့် ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ၊ ကပ္ပလီပင်လယ် မှတဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး စင်္ကာပူမှပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်း နိုင်ငံများသို့ ဦးတည် လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၎င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်းကဲ့သို့ တူးမြောင်းမျိုး ကိုသာ ဖောက်ခဲ့မည် ဆိုလျှင် ၎င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်း ရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာ ကျမှုတို့ဟာ ပို၍ အရေးပါလာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေးနေသော စင်္ကာပူကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင်ပေသည်၊ လက်ရှိ မျက်မှောက် အခြေအနေမှာပင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် အချို့သော ပင်လယ်ကူးသင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူမှ တထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက်ပျံသန်းသွားလာ နေတဲ့အတွက် စင်္ကာပူရဲ့လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက် တဲ့ အနေအထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွား နိုင်ပေသည်။

ထိုင်းကသာ တူးမြောင်း တူးဖော်မှုကို အကောင်အထည်ဖော်ခဲ့လျှင် ပို၍ဆိုးပေဦးမည်။ သို့သော် ထိုင်း၏ တူးမြောင်းသည် ကုန်သွယ်မှု လမ်းကြောင်းကို မြန်မာနှင့် ပို၍ နီးကပ်လာစေမည်ဖြစ်တဲ့အ တွက်ကျယ်ပြန့်သော ကမ်းရိုးတမ်းအရှည်နှင့် သဘာဝသယံဇာတ အပါအ ၀င် မြိတ်ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍အရေးပါ လာပေလိမ့်ဦးမယ်။ ထိုင်း အနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကိုယူပြီး အ ကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်း အနေနှင့် မြန်မာနှင့်သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ၎င်း၏ စစ်သင်္ဘောများကို ဘင်္ဂလားပင် လယ်အော်သို့ ရောက်ဖို့အတွက် မလက္ကာရေလက်ကြားမှတဆင့် စင်္ကာပူကိုပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ် အတွက် အလွန့်အလွန် ကြီးမားပြီး ခရီးဖင့်နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၎င်းအခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေးအရလဲ တွက်ခြေကိုက်အောင် စီစဉ်လျက် တချက်ခုတ်နှစ်ချက်ပြတ် စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်း တူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပေသည်။ သတင်း အတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)

စာရေးသူ အနေနှင့် လက်ရှိ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝမှု အပြင် ပထ၀ီ နိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာ ကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏ တန်ဖိုးကို ဖော်ထုတ်လိုသောကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက်များဖြင့် သုံးသပ် တင်ပြခြင်း ဖြစ်ပေသည်။ လက်ရှိ အစိုးရကို သော်လည်းကောင်း၊ အတိုက်အခံများကို သော်လည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြု လိုပါ။ မိမိနိုင်ငံ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထား ထိန်းသိမ်းသင့်သော၊ သွေးစည်း ညီညွတ်သင့်သော အမြင်၊ အမျိုးသား နိုင်ငံရေး အမြင် ဖြင့် တင်ပြလိုက်ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေ များတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာ ပင် ဖြစ်နေရပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွ နေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည် တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေး ဖြစ်ထွန်းတည်ရှိမှု တို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသား အားလုံး ကို ဆိုလိုသည်) က နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင် တို့ဖြင့် ထိန်းသိမ်းသွားသင့်ပေသည်ဟု တင်ပြလိုက်ရပေသည်။


ထိုင်းတူးမြောင်းသာ အကောင်အထည် ပေါ်လာခဲ့လျှင် ဖြစ်လာနိုင်သော လမ်းကြောင်းနှင့် မြေပုံကို အောက်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသို့...