Friday 18 September 2009

ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ

(ဂါမဏိ)
၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေရပါတယ်။ ပြားသွား တယ်ဆိုတာက တကမ္ဘာလုံးရဲ့စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေးတွေ တဆက် တည်းဖြစ်သွားပြီ လို့ပြောတာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ လာ ဖွင့်ကြတယ်၊ သူဋ္ဌေးတွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင်ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခနိမ့်ကျ ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်းရဲတွင်းကလွတ်လာကြတယ်လို့ ကမ္ဘာ ပြားရှေ့နေတွေက မစားရဝခမန်း ဝါဒဖြန့်ကြော်ငြာနေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။

နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှုလုပ်ငန်းတို့ နေရာမှာ နည်းပညာအဆင့်မြင့်လုပ်ငန်းတွေ၊ အသိဉာဏ်လုပ်ငန်းတွေက အစားထိုးလွှမ်းမိုးသွားပြီ လို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော်နေကြပြန်ပါတယ်။

ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေတွေကို လေ့လာ ကြည့်ကြရအောင်။

စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကိုကြည့်တဲ့အခါ အမေရိကန်နိုင်ငံမှာ အနိမ့်ဆုံးလုပ် အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ၊ တောင်ကိုးရီး ယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင်ဝမ်မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တလကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ ၈ဝဝဝ ရှိကြပါတယ်။

အဲဒီနိုင်ငံတွေက အထည်ချုပ်စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံစတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံ တွေဆီ ရွှေ့ပြောင်းဖွင့်ကြတဲ့အခါ တရုတ်ပြည်မှာသွားဖွင့်ရင် လုပ်အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေအတွက် ကွန်ပျူတာ အင်တာနက် တယ် လီဖုံးစတဲ့ အဆင့်မြင့်ဆက်သွယ်ရေးဝန်ဆောင်လုပ်ငန်းတွေကို လက်ခွဲလုပ်ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန်နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရပါတယ်။

ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်ကလာတဲ့ အလုပ်သမား တွေရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဋ္ဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက် ပျိုးရေးအလုပ်သမားတွေနေရတဲ့ဘဝက ပိုဆိုးပါတယ်။ တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့်အိပ်လောက်အောက်ဘဲကျယ်တဲ့ တဲအိမ်ကလေးတွေမှာ ကြယ်မြင်လမြင် နေရပါတယ်။ ထရံကို စက္ကူတွေ ဆာလာအိပ်ခွံတွေကာထားပြီး ကျနော်တို့တိုင်းပြည်က လယ်တဲသာသာဘဲရှိပါတယ်။ ပညာရေး ကျန်းမာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကျောင်းကလေး တွေ ပေါ်လာပေမဲ့ ကျန်းမာရေးအတွက်အားကိုးစရာ မယ်တော်ဆေးခန်းကိုတော့ ထိုင်းရဲအဖမ်းခံရမယ့်အန္တရာယ် ကြားက စွန့်စားသွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်းလဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်းသရဲတွေ ငွေညှစ် ဗိုလ်ကျ နှိပ်စက်တာကလည်း ရှိပါသေးတယ်။

ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့လိုက်ရတဲ့ မြန်မာအလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ် စရာခေါင်းရှိသေးလား စမ်းနေရတဲ့ဘဝမှာ ခပ်များများဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပြားတဲ့အကျိုးအမြတ်အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့စက်ရုံပိုင်သူဋ္ဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်းပိုမြတ်သွားပါတယ်။ တိုင်ဝမ်သူဋ္ဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်းပိုမြတ်ပါလိမ့်မယ်။ မြန်မာအလုပ်သမားတွေအနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ်နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ်အလုပ်သမားတွေဆိုရင် ၂၄ နာရီလျှပ်စစ်မီးနဲ့နေနိုင်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ် တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေပိုလာပြီး မလေးရှားမှာဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အလုပ်သမားရဲ့အစွန်းထွက်လောက်ဘဲ ရတာဖြစ်ပြီး သူတို့ထက် ဒေါ်လာ ၁ဝဝဝဝ ကျော်လျော့နေပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ်ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင်သူဋ္ဌေးတွေအတွက် ဘဲ အဓိကဖြစ်နေပါတယ်။

လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာနက် ဆက်သွယ်ရေး စတဲ့ အသိဉာဏ်ပညာအခြေခံလုပ်ငန်းတွေက ရှေ့ဆောင်အခန်းမှာရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ စက်မှုလုပ်ငန်းကဘဲ အဓိကလွှမ်းမိုးနေပြီး ထမင်းကျွေးနေတာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည်နေရတာဟာ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့ လုပ်ငန်းတွေဘဲဖြစ်ပါတယ်။ အမေရိကန်ရောက် သွားတဲ့ မြန်မာဆရာဝန် ဆူရှီလိပ်နေရတာ၊ ဂျပန်ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာပြား တတိယလှိုင်းဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်းတန်ဖိုးအကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင်စီးပွားရေးနယ်ပယ်မှာ ရေနံထုတ်လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင်စီးပွားရေးနယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက်ကုန်ကူးလုပ်ငန်းနဲ့ မူးယစ် ဆေးကုန်ကူးလုပ်ငန်းတို့ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံးလုပ်ငန်းတွေ မဟုတ်ပါဘူး။ စတော့ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာလုပ်ငန်းက ရှယ်ယာတွေက တန်ဖိုးမြင့်နေပြီး ကွန်ပျူတာလုပ်ငန်းနယ်ပယ်က အလုပ် သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေးလောကတခုလုံးထဲမှာတော့ အင်အားအကြီးဆုံး မဖြစ်သေးပါဘူး။

ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီအီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ်ငန်း) တို့အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့်ဘဲရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့်နည်းပညာ လုပ်ငန်းက အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲပါပါတယ်။

ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ်ရောက်တာတွေဟာ ကျနော်တို့အလုပ်သမားတွေ အထူး သဖြင့် မြန်မာအလုပ်သမားတွေအတွက် လက်တွေ့မကျတဲ့ စိတ်ကူးယဉ်အိပ်မက်တွေသာဖြစ်ပါတယ်။ မဲဆောက်က မြန်မာအလုပ်သမားတယောက်ဟာ အမေရိကန်ကအလုပ်သမားတယောက်နဲ့ တန်းတူလုပ်ခမရသရွေ့၊ အိန္ဒိယက ကွန်ပျူတာပညာရှင်အလုပ်သမားတယောက်ဟာ အမေရိကန်က ကွန်ပျူတာပညာရှင်အလုပ်သမားတယောက် ရတဲ့ လစာ မရသေးသရွေ့ ကမ္ဘာကြီးပြားနေတယ်လို့ မပြောနိုင်သေးပါဘူး။ အလွန်ဆုံးပြောရရင် အပြားလိုက်ကြီး စောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူဋ္ဌေးတွေက ပုံစံသစ်နဲ့ လူလည်ကျတာ လို့ဘဲ ပြောချင်ပါတယ်။

ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှု တွေ လွှမ်းမိုးလာပြီလို့ ပြောနေဟောနေပေမဲ့ ကမ္ဘာ့အလုပ်သမားအများစုကြီးရဲ့ဘဝကတော့ အဲဒီကမ္ဘာပြားတွေ တတိယလှိုင်းတွေနဲ့ အလှမ်းဝေးနေဆဲပါဘဲ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်တွင်းအလုပ်သမားတွေ ဆိုရင် နအဖစစ်အစိုးရလက်ချက်ကြောင့် နိုင်ငံတကာအလုပ်သမားတွေထက်ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။

ဂါမဏိ
သင့်ရဲဘော် ဂျာနယ်၊ အတွဲ(၃) အမှတ်(၁) သြဂုတ် ၂၀၀၉

No comments: