Sunday 28 September 2008

သစ္စာသေသော်

ဝင်းတင့်ထွန်း
http://naytthit.com ..မှ..


သစ္စာသေသော်
သေတဲ့ သစ္စာ
ထို ဈာပန
ပြာချပစ်တာ အကောင်းဆုံး ။

မြေပုံနေရာ
မမှတ်ပါနဲ့
ထိုနေရာ၌
ပန်းမစိုက်နဲ့
စိုက်တဲ့ပန်းပင် ဂုဏ်ပျက်နိုင် ။

ထူးခြားတာက
ထို ဈာပန ...
ရောက်လာကြသူ ရှုကြသူ နဲ့
ဝိုင်းဝန်းကြသူ ပို့ကြသူကား
ရန်သူဖြစ်ခဲ့ နာကျည်းခဲ့သူ
ခါးသည်းခဲ့ကြ တိုက်ခဲ့ကြသူ
မုန်းတီးသူတွေ ...

မုန်းသူတွေက ပန်းခွေချပြီး
ရန်သူတွေက ဈာပနစကား
မြွက်ကြားသီဟ ဂုဏ်ပြုကြ ပေါ့ ...

တရံခါက
သံယောဇဉ် ဖြစ် ချစ် ခဲ့ကြသူ
ချစ်ဦးသူတွေ ... မိတ်ဆွေတွေ ကား
စကားထဲပင် မထည့်ချင် တော့
ရင်မှာ မေ့လိုက် ဖျောက်ပစ်လိုက်တာ
ကာလကြာပြီ
လာဖို့ ဝေးစွ နှုတ်မဟချင်
ပန်းခွေချဖို့ ဝေလာဝေး ။ ။

( ၀င်းတင့်ထွန်း )
၁၉၈၃။ အင်းစိန်ထောင်တွင်း

အပြည့်အစုံသို့...

Monday 22 September 2008

အိမ်နီးနားချင်း ချေဂွေဗားရားများ

(ခန့်အောင်)
http://naytthit.com ... မှ


ထာဝရတော်လှန်ရေးသမား၊ ကမ္ဘာ့တော်လှန်ရေးသမား၊ ရဲခေါင်ပြောက်ကျား၊ ကမ္ဘာ့အရင်းရှင် နယ်ချဲ့အစိုး ရတိုင်းက ကြောက်ရတဲ့ ဒေါက်တာအာနက်စတိုချေဂွေဗားရား၊ မတရားအနိုင်ကျင့် ကျူးကျော်စော်ကားမှု ဖိနှိပ်မှုမှန်သမျှကို ဆန့်ကျင်တော်လှန်သူတိုင်းက စံပြုရတဲ့ ပုဂ္ဂိုလ်၊ ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေး၊ ဦးထုပ်ကအစ သူ့ရဲ့အမှတ်တံဆိပ်အဖြစ် ကျန်ရစ်ခဲ့သူ။ ဖိနှိပ်စော်ကားမှုရှိလေရာ နေရာတိုင်းသွားရောက် တော်လှန်ပစ်မယ် ဆိုတဲ့ လူဖြစ်တယ်။ အခုတော့ သူမရှိတော့ပါဘူး။ သူကျဆုံးသွားခဲ့တယ်။ ဘိုလီးဗီးယားတောနက်ထဲမှာ တော်လှန်စစ်ကိုဆင်နွှဲရင်းနဲ့ သူရဲကောင်းပီသစွာ ကျဆုံးခဲ့တာပါ။ သူကျဆုံးသွားပေမဲ့ သူ့အကြောင်းနဲ့ သူ့ ရုပ်ပုံတွေကတော့ တော်လှန်သူတို့ရဲ့ ရင်ထဲကအမှတ်တံဆိပ်အဖြစ် ထင်ကျန်ရစ်ခဲ့တယ်။ နေရာအတော် များများမှာ သူပုံကားချပ်တွေ အတော်တွေ့ရတယ်။ အင်္ကျီ၊ ပိုစတာ၊ လက်ကိုင်ပ၀ါ၊ လည်စည်း၊ ဆွဲပြားတွေ မှာ ပုံစံမျိုးစုံနဲ့တွေ့ရတယ်၊၊ သေးသေးယူမလား၊ ကြီးကြီးယူမလား ရတယ်။ ထိုင်းမှာလည်း ချေပုံကိုအတော် ကလေး တွေ့ရတယ်။ ထိုင်းက ဒီမိုကရေစီနည်းနည်းရှိတော့ ချေနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ပေါပေါ များများ ဘာသာပြန်ထုတ်ဝေကြတော့ ချေအကြောင်းကိုလူတိုင်းက သိနေကြတယ်၊ ကျနော် တို့ဗမာပြည်မှာ တော့ ချေအကြောင်း ဘာသာပြန်တွေရှိပေမဲ့ သိပ်ရှားပါးပါတယ်။ ချေဘာလဲဆိုတာ သိသူရှိသလို မသိသူ များတယ်။ မသိသူထဲမှာ ကျနော်ကိုယ်တိုင်ပါတယ်၊ ကျနော်လည်း ဟိုရောက်ဒီရောက် ဟိုလူနဲ့တွေ့ ဒီလူနဲ့ တွေ့ နေလာရင်းနဲ့ ချေအကြောင်းကို အနည်းအကျဉ်းတော့ သိလာခဲ့ရတော့တာပဲ။


အဲဒီလိုနဲ့ လူငယ်အတော်များများ ချေခရေဇီဖြစ်လာတာ တွေ့မြင်လာရတယ်။ ဗမာလူငယ် အတော်များများ ဟာ ချေဂွေဗားရား တီရှပ်၊ ပ၀ါ၊ လည်စည်း၊ ပိုစတာတွေသုံးစွဲ လာကြတယ်၊ တချို့လည်း ချေကို သိပ်ချစ် လွန်းတော့ ကိုယ်ပေါ်မှာ ဆေးမင်ရေနှင့် ချေအရုပ်တွေ ထိုးလာကြတယ်။ တချို့က လက်မောင်း၊ တချို့က လက်ဖျံ၊ တချို့က လက်ခုံ၊ တချို့က ကျောကုန်း၊ တချို့က ရင်ဘတ် စသည့်နေရာတွေမှာ ချေအရုပ်တွေကို အမည်းရောင်တမျိုး၊ အစိမ်းရောင်တသွယ်၊ အနီရောင်နဲ့တနည်း၊ ကာလာစုံနဲ့တမျိုး အမျိုးမျိုး အလှထိုး ကြတယ်။ တကယ်လည်း တူတယ်။ တကယ်လည်း ခန့်ခန့်ထည်ထည် ရှိပါတယ်။ ချေရဲ့ ဆေးမင်ကြောင် ပုံကို အများဆုံးတွေ့ရတာကတော့ အကိုကာလသားများရဲ့ ဖုဖုထစ်ထစ် လက်မောင်းကြီးတွေပေါ်မှာပါ။ အားနည်းတဲ့ဘက်က ရပ်တည်တာ၊ အဖိနှိပ်ခံဘက်က ရပ်တည်တာ၊ ကျူးကျော်စော်ကားတာကို ခေါင်းငုံ့မခံ တတ်တဲ့ စံပြပုဂ္ဂိုလ်ကို လူငယ်တွေ အမြတ်တနိုးနှင့် ကိုယ်ခန္ဓာမှာ ဆင်မြန်းကြတာ၊ မြတ်မြတ်နိုးနိုးရှိကြတာ ကောင်းတဲ့လုပ်ရပ်ပါ။ ကျနော့် အိမ်နီးနားချင်း တယောက်ကလည်း ချေကိုသိပ်လေးစားတာ။ နောက်ဆုံး ချေရဲ့ရုပ်ပုံကို သူရဲ့ လက်မောင်းအရေပြားမှာ ဆေးမင်ကြောင်နှင့် ရေးထိုးဖြစ်တဲ့အထိ လေးစားသူ ဖြစ်တယ်။ တွေ့တဲ့ခင်တဲ့ သူတိုင်းကို သူ့လက်မောင်းက အရုပ်ကို ပြပြနေရတာအမော။ သူပုံစံက ကိုယ်လုံး ကိုယ်ပေါက် ခပ်တောင့်တောင့် မျက်နှာပေါက်က ခပ်တင်းတင်း။ အ၀တ်အစားဆိုရင် စွပ်ကျယ်လက်ပြတ်ပဲ ၀တ်တယ်။ ဒါမှ လက်မောင်းပေါ်က ချေရဲ့ပုံက ပေါ်မှာကိုး။ လမ်းသွားရင်လည်း ရင်ကွဲဖွင့် လက်ကားကား ခေါင်းကလည်း မော့ထားလိုက်သေး။ ရပ်ကွက်ထဲက လူတွေကတော့ အဲဒီပုဂ္ဂိုလ်ဒီဇိုင်းကို ကြည့်ပြီး ဖြုံကြ တာပေါ့။ လူကောင်ကလည်းတောင့်တောင့်၊ နှုတ်ခမ်းမွှေးကားကား၊ လက်မောင်းမှာလည်း ခန့်ညားလှတဲ့ ချေရဲ့ ပုံတူ ဆေးမင်ကြောင်နဲ့ဆိုတော့ တွေ့တဲ့လူတိုင်းက သူ့ကို ကြာကြာစိုက် မကြည့်ရဲကြဘူး၊ ရန်အလုပ် ခံရမှာ စိုးရတယ်လေ။ လမ်းသွားရင်းနဲ့ တည့်တည့်တိုးရင်လည်း ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်သွားကြတယ်။ ဒါပေမဲ့ သူ့ ပုံစံက လူမိုက်ပုံပေါက်နေပေမယ့် သူ့မိန်းမကိုတော့ အတော်ချစ်ပုံရတယ်။ လူပုံကြည့်တော့သာ လူမိုက်ဂိုက်။ အိမ်မှာ သူ့မိန်းမနဲ့စကားပြောရင် အသံက ကလေးသံလိုလို၊ ကြောင်ကလေးတွေရဲ့ ချွဲသံလိုလို၊ လူမတွေ့ရင် ဒီပုဂ္ဂိုလ် မဟုတ်ဘူးလို့တောင် ထင်ရတယ်။ တခါတလေ သူတို့ ခြံနောက်ဘက်ကဖြတ်သွား တိုင်း သူ့လှုပ်ရှားမှုတွေကို ခြံစည်းရိုး ၀ါးခြမ်းပြားအကာတွေကြားက ရိုးတိုးရိတ်တိတ် တွေ့ရတယ်။ အိပ်ယာ ခင်း တွေ၊ စောင်တွေ၊ ခြင်ထောင်တွေကိုလျှော်ဖွပ်ပြီး ကြိုးတန်းမှာ နေပူလှန်းနေတာ တွေ့ရတတ်တယ်။ တခါတရံ မီးဖိုချောင်ထဲမှာ ထိုင်ပြီး ထမင်းရည် ငှဲ့နေတာတွေ့ရတယ်။ သူ့ကိုတွေ့တိုင်း သူ့လက်မောင်းက ချေဂွေဗားရားကို မျက်လုံးက ရောက်ရှိမြင်တွေ့နေရတယ်။

တရက်တော့ သူ့အိမ်က ပေါက်တူးငှါးချင်လို့ သူ့ခြံထဲထိဝင်သွားတယ်။ အိမ်ပေါ်မှာလည်း လူရှိပုံမရဘူး။ ဘာသံမှ မကြားရဘူး။ ဒါနဲ့ နောက်ဘက်က ရေချိုးခန်းဘက်သွားကြည့်တော့ ရေချိုးခန်းထဲမှာ အ၀တ်လျှော် သံ ကြားနေရတယ်။ ကျနော်က အသံပေးလိုက်တော့ အ၀တ်လျှော်သံရပ်သွားပြီး ရေချိုးခန်းတံခါး ပွင့်လာတယ်။ ချေဂွေဗားရားပုံနဲ့ပုဂ္ဂိုလ်ဟာ တံခါးဝမှာခန့်ခန့်ကြီးရပ်ပြီး ကျနော့်ကိုမေးတယ်။

“ဘာကိစ္စလဲ”

ကျနော်ကလည်း လာတဲ့ကိစ္စကိုပြောရင်းနဲ့ ရေချိုးခန်းထဲကို မျက်စေ့ကစားကြည့်မိတော့၊ “အားပါးပါး ချေဂွေဗားရားတယောက် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံနေရပါလား” လို့ စိတ်ထဲ ချက်ချင်းတွေးလိုက်မိ ပါတော့တယ်။ ရေထည့်တဲ့ ကော်ဇလားအကြီးကြီးထဲမှာ အ၀တ်အစားတွေ မနည်းမနောစိမ်ထားတာ တွေ့ရ တယ်။ ကြမ်းပေါ်မှာလည်း လျှော်လက်စ ဘရာစီယာတွေ၊ ရေစိမ်ပြီးညှစ်ထားတဲ့ ထမိန်တွေကို တွေ့လိုက်ရ တော့တယ်။ ကျနော် သူ့ကိစ္စတွေကို တွေ့သွားပြီဆိုတာ သူသိတော့ …

“ဟီး ဟီး ”

ဆိုပြီး သမိန်ပေါသွပ်ရှက်နေတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ မဆီမဆိုင် ရှက်ကိုးရှက်ကန်းနဲ့ နောက်ထပ်ပြော လိုက်သေးတယ်။

“အိမ်ကမိန်းမ သိပ်နေမကောင်းဘူးဗျ”လို့

ပြောလိုက်သေးတယ်။ ကျနော်လည်း သူပေးလိုက်တဲ့ ပေါက်တူးကိုယူပြီး ပြန်ထွက်လာခဲ့ပါတယ်၊ ဒီနေ့တော့ လျှော်လိုက်ပေဦးတော့ ချေရေလို့ စိတ်ထဲက ပြောလိုက်မိပါတော့တယ်။

နောက်တဦးကတော့ လမ်းထိပ်ကားဂိတ်က ချေဂွေဗားရားပါ။ သူလည်း ချေ ခရေဇီတယောက်ပဲ။ သူ ထိုးထားတာကမှ တကယ့်ရှယ်။ ကျောကုန်းအပြည့် ချေပုံကို ကာလာနဲ့ထိုးထားတာ။ ပုံထဲမှာ ချေ ဆောင်းတဲ့ဦးထုပ် က အနီရောင်ဆိုတော့ ပုံကစိုပြီး အရောင်ပိုတောက်တာပေါ့။ ထိုးတဲ့လူရဲ့ အသားအရေ ကလည်း ဖြူ၊ အရပ် ကမြင့်၊ ရင်အုပ်ကြီးက ကားကား၊ ကျောပြင်ကြီးက ကျယ်ကျယ်နဲ့ဆိုတော့ ပိုလှနေ တာပေါ့ဗျာ။ သူ့ကြည့် လိုက်ရင် အမြဲတမ်း အင်္ကျီကျွတ်နဲ့ ဒါမှလည်း ချေရဲ့ပုံကို လူမြင်နိုင်မှာကိုး။ ဒီလူက လက်ဘက်ရည်ဆိုင် ထိုင်တာတောင် လမ်းမဘက်ကို ကျောပေးပြီးမှထိုင်တာ။ ဆိုင်ရှေ့က ဖြတ်သွားတိုင်း ဆိုင်ထဲကို လှမ်းကြည့် လိုက်လို့ ချေ ရဲ့ပုံကိုတွေ့ရင် ဒီလူရှိနေတာ သေချာနေပြီ။

သူ့ အလုပ်အကိုင်က ကားဂိတ်မှာ။ လူမိုက်လုပ်ရတယ်။ ကားဂိတ်မှူးက မွေးထားတဲ့ လူဖြစ်တယ်။ ဂိတ်မှာ အလုပ်အားရင်လည်း တခါတလေ ကားနောက်လိုက်ပြီး စပါယ်ယာ လိုက်လုပ်သေးတယ်။ ကားနောက် လိုက်တဲ့ နေ့တွေဆိုရင် သူ့ပုံစံအတိုင်း အပေါ်ပိုင်းက ဗလာကျင်းလို့။ လက်ထဲမှာလည်း ဂျမ်းတုံးကြီး။ ကျောကုန်းမှာက ချေဂွေဗားရားနဲ့။ ကား နောက်ပြန်မလိမ့်အောင် ဂျမ်းတုံးလိုက်ခုနေတဲ့အခါ နောက်ကနေ မြင်နေရတဲ့ ချေဂွေဗားရားပုံဟာ အတော့်ကို မသက်မသာ နိုင်လှတယ်။ နေပူကြီးထဲ ချေဂွေဗားရား ကိုယ်တိုင် လက်မှာ ဂျမ်းတုံးကြီး ကိုင်ပြီး ကားဘီးကို လိုက်လိုက်ခုပေးနေရသလိုပဲ။

အော် ချေဂွေဗားရားကို ကိုယ့်လူတွေက ခုထိ အနားမပေးကြသေးဘူး။ သူ့ခမျာ ကြုံရင်ကြုံသလို အ၀တ် လည်း လျှော်ပေးနေရ။ ကားစပါယ်ယာလည်း လုပ်ရ။ ဂျမ်းတုံးလည်း လိုက်ခုရ။ ဒါနဲ့တောင် မပြီးသေးဘူး ကားဂိတ်ကြေးကို မိုက်ကြေးခွဲပေးနေရတယ်။

ဒါဟာ ကျနော်တို့ဆီက အစွဲအလမ်း ရှေးအယူအဆတခုနဲ့ ကြည့်မယ်ဆိုရင် သူဟာမကျွတ်သေးဘူး။ ကမ္ဘာမှာ ဖိနှိပ်မှုတွေ၊ ကျူးကျော်မှုအသစ်တွေ သွေးစုပ်မှုတွေ ရှိနေသေးတယ်။ အဲဒီတော့ အဖိနှိပ်ခံတွေကို ထားသွားဖို့ စိတ်မချနိုင်ဖြစ်နေလို့ ခုလို အိမ်နီးနားချင်း ချေဂွေဗားရားတွေကို အကူအညီတွေ လိုက်လုပ် ပေးနေရတယ်လို့ တလွဲလိုရာ ထင်မှတ်ပြောဆိုနေကြရင် ခက်မယ်။ အဲဒါကြောင့် သူ့ခရဇီတွေစုပြီး ဆွမ်းကပ် အမျှဝေမယ့်အစား ချေဂွေဗားရားရဲ့တန်ဖိုးကို အသေအချာ သိဖို့ လိုအပ်နေပြီပေါ့။ အဲဒီလိုမှမလုပ်ရင်တော့ ကျနော်တို့ဆီက အိမ်နီးနားချင်း ဆေးမင်ကြောင် ချေဂွေဗားရားတွေကြောင့် သူရဲကောင်း ချေဂွေဗါးရား အစစ်ခမျာမှာ မသက်သာ ….။

ခန့်အောင်

အပြည့်အစုံသို့...

Thursday 11 September 2008

နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား

ရဲဘော်ဖိုးသံချောင်း
ခေတ်ပြိုင်မှ ....


လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကိုနိုင်ငံတကာအဝန်းအဝိုင်းမှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်း အကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်းပါတယ်။

အရေး တော်ပုံတရပ် အချိန်ကြာမြင့်လာတဲ့အခါမှာ စိတ်ပျက်လာသူ၊ စိတ်ဓာတ်ကျသူ၊ ခွာထွက်သူ၊ လက်နက်ချသူ စတာတွေ ပေါ်ပေါက်လေ့ရှိတာ မဆန်းပါဘူး။ တရားခံရှာကြ၊ တဦးဦးအပေါ် ပုံချဖို့ကြိုးစားကြ၊ စတာတွေလည်း မဆန်းပါဘူး။ တချို့ကတော့လည်း ပက်လက်ကုလားထိုင်ပေါ်မှာ စီးကရက်ရှိုက်၊ ဘီယာ စုတ်ရင်း လေကန် သုံးသပ်တာ လုပ်ကြပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ သမိုင်းမှာပါမယ့် ကိုယ့်အခန်းနဲ့ ကိုယ် အရလို့ပဲ ဆိုကြပါစို့။

ဒါပေမယ့် အရေးတော်ပုံကို ဆက်ခံကြမယ့်၊ အရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်သယ် ဆောင်ကြမယ့် လူတွေကတော့ သုံးသပ်တာကို ဇိမ်ခံတဲ့အလုပ်လို လုပ်မနေပါဘူး။ ကိုယ့်သေရေးရှင်ရေး ကိစ္စလို ဆွေးနွေး သုံးသပ်ကြပါတယ်။ ပြီးခဲ့တာတွေထဲမှာ အမှား၊ ဒါမှမဟုတ် သင်ခန်းစာကို တွေ့ရင် တာဝန်ရှိခဲ့သူကို အပြစ်တင်နေတာထက် ဒီအမှားမျိုးကို ဘယ်လိုရှောင်မယ်၊ ပိုကောင်းတာဘာရှိသလဲဆိုတာကို ရှာဖွေ စူးစမ်း ကြပါတယ်။

တကယ်ပြောရရင် စက်တင်ဘာ အရေးအခင်းလို နအဖစစ်အစိုးရကို တုန်လှုပ်စေခဲ့တဲ့ကိစ္စမျိုး တခုမှမရှိခဲ့ဖူးပါဘူး။ နအဖဟာ ပြည်ပက ဘယ်ဖိအားကိုမှ ပြည်တွင်းက လူထုအားလောက် မကြောက်ဘူး။ ပြည်ပက ဘယ်ပိတ်ဆို့မှု (sanctions) မှ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာလောက် မထိရောက်ဘူးဆိုတာ အားလုံးတွေ့ခဲ့ကြရ ပါပြီ။

၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာ ဖြစ်စဉ်များဟာ နအဖကို ဖယ်ရှားချင်ရင် ပြည်တွင်းကအင်အားကိုသာ အားကိုးရမယ်၊ ပြည်တွင်းလုပ်ငန်းသာ အဓိက ဆိုတဲ့အချက်တွေကို အတည်ပြုပေးခဲ့ပါတယ်။ နောက်ပြီး စစ်အာဏာရှင်လက်အောက် ဗမာပြည်ရဲ့ အခြေအနေမှာ လူထုအုံကြွမှုတွေ အချိန်မရွေး ပေါက်ကွဲနိုင်တယ် ဆိုတာကိုလည်း အထင်အရှား ပြသခဲ့ပါတယ်။

လူထုအုံကြွမှုဟာ ဘယ်နေရာဘယ်ထောင့်ကမဆို ပေါ်နိုင်တယ်။ ကျောင်းသားသာမက အလုပ်သမား၊ လယ်သမား နဲ့ သံဃာတော်များကတောင်မှ နအဖကို ဆန့်ကျင်ဆန္ဒပြချင်ကြတယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။

ဒီလိုဘက်နှစ်ဘက် အင်မတန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ကြားသမား လုပ်ချင်တာ၊ ဖြစ်နိုင်ရင် “နင်လည်းတန်၊ နင်လည်းတန်” ဆိုပြီး ကိုယ့်ဖာသာ ခန့်တဲ့ ပုဏ္ဏားတိုင်လုပ်ချင်တာတွေ ပေါ်လာတာ တွေ တွေ့ရပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် မပြောနဲ့၊ ၁၉၈၈ ခုနှစ်ကနေ ပြန်တွက်လိုက်ရင်ပဲ ဒီလိုလူမျိုးတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့ခဲ့ကြရတာ မနည်းတော့ပါဘူး။

အဆုံးကျတော့ အဲဒီလူတွေကို ပြည်ပတနေရာရာ၊ ဒါမှမဟုတ် ပြည်တွင်းတချောင်ချောင်က အမှိုက်ပုံးထဲမှာ ရောက်နေတာပဲ တွေ့ကြရတယ် မဟုတ်ပါလား။ အဲဒီလို “ပိုနေမြဲ၊ ကျားနေမြဲ” ဆိုတာကို အာဏာရနေတဲ့ လူတွေက အင်မတန်ကြိုက်ပါတယ်။ လက်ခံချင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံနေရသူတွေ၊ မတရားပြု ခံနေရ သူတွေကတော့ ‘နေ မြဲ’ အနေအထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီလိုနဲ့ပဲ အဲဒီပုဏ္ဏားတိုင်မင်းများဟာ နောက်ဆုံးမှာ ဖိနှိပ်သူနဲ့ ပေါင်းမိ၊ ဒါမှမဟုတ် အပြင်ကို လွင့်စင်သွားကြတာဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းမှာ နအဖရဲ့သရုပ်သကန်ကို အပေါ်လွင်ဆုံးဖွင့်ပြတဲ့ သမိုင်းလက္ခဏာ ဆောင်တဲ့အဖြစ်အပျက်ကြီး သုံးခုရှိပါတယ်။ အဲဒါတွေက ဒီပဲယင်းလူသတ်ပွဲ၊ သံဃာတော်များအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းတို့ ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဒီအရေးကိစ္စတွေကြောင့် နအဖဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးတို့မှာ ခံစစ်ဘဝရောက်ခဲ့ပါတယ်။ ဘယ်ခွင်မှာမှ ခေါင်းမမော်နိုင်ပါဘူး။ အခုတော့ သူတို့ဟာ တဘက်က နိုင်ငံရေးအရ သူတို့အတွက် ပုံမှန်အနေအထား ပြန်ရအောင်နဲ့ သူတို့ အစီအစဉ်အတိုင်း ရာသက်ပန် အာဏာ ဆုပ်ကိုင်ရေး လမ်းပြမြေပုံကို အတင်းတွန်း အကောင်အထည်ဖော်နေပါတယ်။

ဒီလိုအခါမှာ ပြည်ပအစိုးရတွေ၊ အန်ဂျီအိုတွေအပါ တချို့လူတွေဟာ ၂ဝ၁ဝ လွန် ဗမာပြည်နိုင်ငံရေးအတွက်ဆိုပြီး စဉ်းစားပြင်ဆင်နေကြတယ်။ ဆိုလိုတာ နအဖရဲ့အခင်းအကျင်းကို အသိအမှတ်ပြု လက်ခံလိုက်ကြဖို့ပဲ။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဗမာပြည်သားတွေအနေနဲ့ မတတ်သာလို့ အောင့်ပြီး လက်ခံထားရတာရှိမယ်။ အသိအမှတ်ပြုတဲ့သဘောတော့ ဘယ်တော့မှ မရှိဘူး။

အမှန်ပါပဲ။ ဒီနေ့အခါမှာ ဗမာပြည်ရဲ့အခြေအနေတွေကို ပြောင်းလဲဖို့အတွက် နအဖနဲ့ အတိုက်အခံအင်အားစု တွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာဟာ နအဖမှတပါး အားလုံး လက်ခံထားတဲ့ နည်းနာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီနည်းနာကို လက်မခံရုံမက ပြည်သူလူထုအပေါ် လက်နက်သုံးတဲ့ နည်း၊ လူမိုက်နဲ့ ဝိုင်းရိုက်တဲ့နည်းအပါ နည်းအမျိုးမျိုးနဲ့ ထိုးစစ်အမျိုးမျိုး ဆင်နေပါတယ်။

အတိုက်အခံအင်အားစုတွေကို ထောင်ထဲ၊ တောထဲနဲ့ ပြည်ပကို မောင်းပို့တာ ဆက်လုပ်နေပါတယ်။ သူတို့ဖြစ် စေချင်တာကို နှုတ်နဲ့ပြောဆိုပြီး တဖက်သားကို လက်ခံအောင်လုပ်တဲ့နည်းအစား အာဏာသုံးတဲ့နည်း၊ အကြမ်း ဖက်တဲ့နည်းနဲ့ အတင်းလက်ခံခိုင်းနေပါ တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ တင်းမာသထက်တင်းမာ၊ ဆိုးဝါးသထက် ဆိုးဝါးလာနေတာ ကမ္ဘာသိပါပဲ။

ဘယ်သူတွေ အသိအမှတ်ပြုပြု၊ မပြုပြု၊ အခြေအနေတွေ ပြသနေတာကတော့ ဗမာပြည်နိုင်ငံရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ရဲ့ နောက်ဆုံးစာရင်းရှင်းပွဲ (final show-down) တခုဆီကို ဦးတည်နေတယ်ဆိုတာပါပဲ။ ဒါဟာ နအဖနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးတဲ့ဘက်ဟာ ကာလတခု၊ ဒါမှမဟုတ် ထာဝရနာလန်မထူ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲစဉ် အဆုံးသတ်ခြင်းကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။

ဒါတွေကြောင့် ဒီတကွေ့ဟာ ဗမာပြည်အတွက် အလွန်တရာမှ အရေးပါကြောင်း ထင်ရှားနေပါတယ်။ ဒီတိုက်ပွဲ ကြီးကို သာမန်တပွဲတိုး စဉ်းစားနည်းနဲ့ စဉ်းစားပြင်ဆင်လို့ မဖြစ်ပါ။ အမြင်ကျယ်ရ၊ ရေရှည်လှမ်းမြင်ရပါမယ်။ မလိုအပ်တဲ့ အချင်းချင်း ပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းချုပ်ထားရပါမယ်။

ရေဒီယိုတွေကနေ အတိုက်အခံတွေရဲ့အသံတွေ ထွက်ခွင့်ရနေချိန်၊ အင်တာနက်ကို ဖောဖောသီသီကြီး သုံးစွဲ နေနိုင်ချိန်မှာ အချင်းချင်းတိုက်နေတာနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဒီအဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ဘက် ပေါင်းစုံကနေ ပြင်ဆင်ရပါမယ်။ နည်းနာပေါင်းစုံကို စဉ်းစားရှာကြံရပါမယ်။ စစ်အစိုးရက လက်နက်နဲ့ သတ်ဖြတ် တာအပါအဝင် နည်းနာပေါင်းစုံနဲ့ ဖိနှိပ်နေချိန်မှာ ပြည်သူတွေဘက်က စစ်အစိုးရကို ဆန့်ကျင်တဲ့အခါ ဘယ်လို နည်းနာတော့ဖြင့် မသုံးသင့်ဘူးဆိုတာမျိုး တရားမပြသင့်ပါ။

လမ်းပေါ်မှာပရိတ်ရွတ်နေတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ်သတ်တဲ့၊ လေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်နေသူတွေကို မျက်စိစုံမှိတ်ထားနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဘယ်နည်းပဲသုံးသုံး တရားပါတယ်။

အကြမ်းဖက်သင့်လည်းဖက်ရမှာပါ။ အကြမ်းဖက်တယ်ဆိုရာမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့၊ ပြည်သူ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးစေတဲ့ အကြမ်းဖက်မှုမျိုးကို မဆိုလိုပါ။ ဒါပေမယ့် စစ်အုပ်စုဝင်တွေ၊ သူတို့ လက်ကိုင် နောက်လိုက်ခွေးတွေ၊ ခေါင်းမာသူတွေကိုတော့ ထိုက်သင့်တဲ့အတိုင်း တန်ပြန်ရပါမယ်။

ပြည်သူတွေ၊ သံဃာတွေ သွေးချောင်းစီးခဲ့တာ၊ စီးနေတာတွေကို မမေ့သင့်ပါဘူး။ မြေပေါ်မြေအောက်၊ ဥပဒေတွင်း ဥပဒေပ နည်းပေါင်းစုံ ဆင်နွှဲရပါမယ်။ နအဖဟာ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ရုံမက ချောင်းရိုက်၊ ချောင်းသတ် တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အထက်လမ်း၊ အောက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတာပါ။ ဒီလိုအခါမှာ သူတို့ရဲ့ဖိနှိပ်မှုက လွတ်မြောက်လိုသူတွေဟာလည်း နည်းမျိုးပေါင်းစုံ ဆင်နွှဲရပါမယ်။ တခုပဲ သတိပြုရပါမယ်။ အဲဒါကတော့ တိုက်ပွဲတခုနဲ့တခု ကဏ္ဋကောစ မဖြစ်စေဖို့ပါ။ တခုကိုတခုက တွန်းအားဖြစ်ဖို့သာ အရေးကြီးပါတယ်။ အချိန်များများမကျန်တော့ပါ။ (၂) နှစ်သာလိုပါတော့တယ်။

အပြည့်အစုံသို့...

Saturday 6 September 2008

မိုးစိမ်း

မိုးတွေ
သည်းသည်းလှုပ်အောင် ရွာသွန်းခဲ့တဲ့
လွန်ခဲ့သော အနှစ်နှစ်ဆယ်က …။

ငါတို့
ဆုလာဘ်အဖြစ် ရထားတဲ့
မြေကမ္ဘာပေါ် …
ဘ၀တွေ ရွှဲရွှဲစိုအောင်
ရွာခဲ့ဖူးတယ်။

အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ …။

ခုတော့
မိုးက …
ရွာပုံလည်း မရိုးဘူး
သည်းပုံကလည်း တိုရေရှားရေ
ဒီလို … တစစနဲ့
ရှားပါးပျောက်ကွယ် ပျော်ရွှင်ဖွယ်ရာနေ့ရက်များ …
အချစ်ရေ …
မိုးကပဲ … ကန္တာရဆန်နေသလား
ဒို့တတွေကပဲ
အိပ်မက်တွေအပေါ် သစ္စာဖောက်နေတာလား
ဖြေကွယ် … ။ ။

ကမာပုလဲ

အပြည့်အစုံသို့...

Thursday 4 September 2008

ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် လွမ်းဆွတ်မှုဆောင်းပါး


ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။

ဟိမ၀န္တာကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း …
ဒေါက်တာလွဏ်းဆွေ

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်သို့ ကျနော်ရောက်သွားချိန်တွင် လူငယ်ကဗျာဆရာတချို့ အချင်းချင်း ဖက်ငိုသူ ငို၊ ကဗျာရွတ်သူရွတ်နှင့် ပေါက်ကွဲနေကြသည်။ မြေလတ်သား ကဗျာဆရာလေးတစ်ဦးက “ဆရာလွဏ်းရေ … ဆရာချော မရှိတော့ဘူးဗျ”ဟု ငိုသံပါကြီးနှင့်ပြောကာ ကျနော့်ကို ပြေးဖက်သည်။ ထို့နောက် သူက ကျနော့်ကို ဆရာမောင်ချောနွယ် ရုပ်ကလာပ် ပြင်ထားသည့် နေရာဆီ ခေါ်သွားသည်။

အခန်းလေးထဲ ကျနော်ဝင်လိုက်ချိန်တွင် မမမြင့်နှင့်သမီးအလတ်က အငိုမျက်နှာကိုယ်စီနှင့်ထလာပြီး ကျနော့် ကို ဖက်ငိုပြန်လေသည်။ မည်သို့နှစ်သိမ့်ရမည်မှန်း ကျနော်မသိ၊ မျက်ရည်မကျမိအောင်လည်း တင်းထားရင်း ဇာပုဝါပါးအဖြူကိုကပ်၍ ဆရာချောကို ကျနော် ငုံ့ကြည့်နေမိသည်။ ဆရာချောမျက်နှာ တော်တော်ချောင်ကျ သွားသည်။ ခန္ဓာကိုယ်ထဲက ကဗျာဓာတ်တွေကို မြေကမ္ဘာပေါ် အကုန်အစင် သွန်ချပေးခဲ့၍လားမသိ၊ ဆရာ ချောကို ကြည့်ရတာ လူလုံးနည်းနည်းပိုသေးသွားသလို ခံစားရသည်။ “အကိုရေ ဒီမှာ အကို တမေးထဲမေးနေ တဲ့ ဒေါက်တာလွဏ်း လာပြီလေ၊ ထကြည့်ပါဦး”ဟု မမမြင့် ဟစ်ငိုလိုက်ချိန်မှာတော့ ကျနော် စိတ်မထိန်းနိုင် တော့ဘဲ မျက်ရည်ပေါက်တွေ စီးကျလာတော့သည်။ ဆရာချောရုပ်ကလာပ်ကို ခပ်ဝါးဝါးမြင်နေရင်း ခွင့်လွှတ်ပါ ဆရာချောရေလို့ပဲ ကျနော် အသံတိတ် တောင်းပန်နေမိတော့သည်။
တကယ်တမ်းလည်း ဆရာချော အခုလောက် ခပ်မြန်မြန်ကြီး ထွက်ခွာသွားလိမ့်မည်ဟု ကျနော်ထင်မထားခဲ့။ သို့သော် ဆရာချောကိုယ်တိုင်က ထိုနှစ်အတွင်း သူ့ကိုယ်သူသိနေသည့် အရိပ်အယောင်တွေ ပြနေခဲ့တာကို ကျနော်အမှတ်ရနေသည်။ ထိုဆုံးမည့်နှစ် ဖေဖော်ဝါရီ (၃)ရက်နေ့တွင် ပြည်မြို့၌ ကျင်းပသည့် အဆိုတော် ခင်ဝမ်း ကွယ်လွန်ခြင်း (၂)နှစ်ပြည့် အခမ်းအနား၌ ဆရာချောနှင့် ကျနော်တို့ ဆုံဖြစ်ကြသည်။ အခမ်းအနား ကျင်းပသည့် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်း ကျနော် ကင်မရာလွယ်ပြီး လျှောက်နေစဉ် ဆရာချောက ကျနော့်ကို လှမ်းခေါ်သည်။ ဘုန်းကြီးကျောင်းအတွင်းရှိ စေတီလေးကို နောက်ခံထားပြီး သမံတလင်းပေါ်ထိုင် လျက် ဒူးထောင်ပြီး ဒူးပေါ်ကနေ လက်နှစ်ဖက်ကို တွဲလောင်းချထားသည့် အနေအထားနှင့် သူ့ကို ဓာတ်ပုံ ရိုက်ခိုင်းသည်။

ဓာတ်ပုံရိုက်အပြီး ဆရာချော ပြောလိုက်သည့် စကားကြောင့် ကျနော်လန့်သွားသည်။ ဆရာချောက ထိုဓာတ် ပုံကို သူသေလျှင် အခေါင်းမှာ ကပ်ပေးဖို့ ကျနော့်ကို ပြောခြင်းဖြစ်သည်။ ကျနော်က နိမိတ်မရှိ နမာမရှိ ဆရာ ချောရယ်ဟု ခပ်ဖော့ဖော့ ပြန်ပြောလိုက်သည်။ ထိုနေရာတွင် ဆရာချော အချိန်အတော်ကြာ ငေးငေးငိုင်ငိုင် ဆက်ထိုင်နေသည်။ ထိုနေ့က အခမ်းအနားအပြီး ထမင်းစားခါးနီးတွင် ဆရာချော ရှိုက်ကြီးတငင် ငိုနေလေ သည်။ ဆရာချော ဘာဖြစ်လဲ မေးလို့မရ။ မရပ်မနား ငိုနေသည်။ ဆရာချော အငိုရပ်အောင် မနည်းလမ်းလွှဲပြီး ဆရာချောနှင့် ဓာတ်ပုံတွေ စုရိုက်ကြသည်။ ထိုကတည်းက ဆရာချော သူ့ကိုယ်သူ သိနေပုံရသည်။ ဟုတ် လည်း ဟုတ်သည်၊ ထိုနှစ် စက်တင်ဘာ (၃)ရက်နေ့မှာပင် ဆရာချော ကွယ်လွန်ခဲ့သည်လေ …။

♠ ♠ ♠ ♠ ♠

ဆရာချောမဆုံးမီ နှစ်ပတ်ခန့်တွင် မြောက်ဒဂုံ၌ အိမ်ငှားနေသည့် ဆရာချောထံမှ ကျနော့်ဆီ စာတိုတစ်စောင် ရောက်လာသည်။

ဒေါက်တာလွဏ်း …
ဒေါက်တာလွဏ်း တွန်းလွှတ်ရှန်တိန်လုပ်လိုက်တဲ့ မောင်ချောနွယ်ဆိုတဲ့ ရထားကြီး မြောက်ဒဂုံမှာ ဆိုက်ကပ် နေပါပြီ။ အသည်းအသန် နာမကျန်းဖြစ်နေပါတယ်။ အဆင်ပြေရင် ဟဲမင်းဝေနဲ့ ဆေးဖိုးဝါးခလေး မစပါဦး။
သင့် …
ချော

ဆရာချောရေးသည့် စာသားအတိအကျကို ကျနော်မမှတ်မိတော့။ သို့သော် စာက ယခုအဓိပ္ပါယ်အတိုင်း တိုတို တုပ်တုပ်ပင်။ ဆရာချောမဆုံးမီ နှစ်ပတ်လောက်တွင် ဟဲမင်းဝေဆိုသည့် စာပေ၀ါသနာရှင်လေးနှင့် ထိုစာတို လေး ကျနော့်ဆီ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုနေ့ညနေက ၀ပ်ကျင်းရှိရာ (၂၇) လမ်း အောက်ဘလောက်ရှိ မြားနတ်မောင်မဂ္ဂဇင်းတိုက်ဆီသို့ ကျနော် ခပ် စောစော ပြန်ရောက်နေသည်။ အခါတိုင်းနေ့များတွင် ညနေ (၅) နာရီခန့်ဆိုလျှင် စာပေသမားများ ဆုံဆည်းရာ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ကျနော် ပုံမှန်ချီတက်နေကျ။ လေထန်ကုန်း လက်ဖက်ရည်ဆိုင်တွင် ချိန်းထားသည့် ဧည့်သည်များနှင့်ရော မချိန်းဘဲတွေ့ရသည့် အနယ်နယ်အရပ်ရပ်မှ ကြုံရာဆုံရာ စာပေမိတ် ဆွေများနှင့်ပါ စကားဖောင်ဖွဲ့နေကျ၊ သို့တည်းမဟုတ် မဂ္ဂဇင်းအတွက် လိုအပ်သည့် ကိစ္စ၀ိစ္စမှန်သမျှ လုပ်စရာရှိ သည်ကို လုပ်၊ ပြီးလျှင် ရင်ဘတ်တူသူ မိတ်ဆွေအနုပညာသမား တစ်ဦးမဟုတ် သုံးလေးဦးနှင့် နေညိုချိန်ကို ဖြတ်သန်းရန် သင့်တော်သည့် စားသောက်ဆိုင် သို့မဟုတ် သေတင်းကုပ်တွေဆီကီု ချီတက်နေကျ။ ညဥ့်နက် နေကျ။

ထိုနေ့က ဘာကြောင့်ရယ် မမှတ်မိတော့။ မြားနတ်မောင်ဝပ်ကျင်းဆီကို ကျနော် စောစောပြန်ရောက်နေခဲ့သည်။ ဟဲမင်းဝေပြသည့် စာတိုလေးကိုဖတ်ရင်း အယ်ဒီတာစားပွဲတွင် ကျနော် ခေတ္တငိုင်နေမိသည်။ ဆရာချောစာ ကိုဖတ်ရင်း မျက်စိထဲတွင် “သတိ ပေါက်ကွဲတတ်သည်၊ တွန်းလွှတ်ရှန်တိန် မလုပ်ရ” ဟုရေးထားသည့် ရထားတွဲကြီးများကို ပြေးမြင်သည်။ ကျနော်အကြံပြုတာ မှားသွားပြီးလား၊ ဆရာချောကို တကယ်ပဲ တွန်း လွှတ်ရှန်တိန် လုပ်လိုက်မိသလား တမဟုတ်ချင်း အတွေးတွေ စီတန်းသွားတော့သည်။ ဖျတ်ကနဲ သတိပြန် အကပ်တွင် အံဆွဲထဲမှ ငွေနှစ်ထောင်ထုတ်ပြီး ဟဲမင်းဝေကို ပေးလိုက်သည်။ သူက ဆရာချောဆီ ဘာမှာဦး မလဲ မေးသည်။ ဆရာချောကို လာကြည့်ဦးမည့်အကြောင်း ကျနော့်ပျက်ကွက်မှုများအပေါ် ဟဲမင်းဝေမှတစ် ဆင့် တောင်းပန်စကား ပါးလိုက်ပါသည်။

ဟဲမင်းဝေး ပြန်သွားပြီးနောက် အယ်ဒီတာစားပွဲတွင် ပြန်ထိုင်ပြီး ဆရာချောပေးလိုက်သည့် စာတိုလေးကို ကျနော် ပြန်ဖတ်နေမိသည်။ ဖတ်နေရင်း စိတ်ထဲကြေကြေကွဲကွဲ ခံစားရသည်။ ထိုစာလေးရပြီး နှစ်ပတ် လောက်အကြာတွင် ဆရာချော ဆုံးသည်။ မဂ္ဂဇင်း ဖောင်ပိတ်ချိန်၊ ရုံးတင်ချိန်တွေနှင့် တိုက်ဆိုင်နေသဖြင့် မဂ္ဂဇင်းကိစ္စတွေ ခေါင်းရှင်းသွားမှ ဆရာချောဆီ အေးအေးဆေးဆေး သွားမည်ဟု ပိုင်းဖြတ်ထားသော်လည်း ကွယ်လွန်ချိန်အထိ ဆရာချောဆီ ကျနော် မရောက်ဖြစ်ခဲ့။

♠ ♠ ♠ ♠ ♠

ထို့နေ့က ကျနော်နှင့် ဆရာချောနှစ်ယောက်တည်း အေးကဖီးတွင် လက်ဖက်ရည်သောက်ရင်း စကားပြောနေ ခဲ့သည်။ အေးကဖီးဆိုသည်က မြားနတ်မောင်မဂ္ဂဇင်းတိုက်ရှိရာ ပထမထပ်နှင့် မျက်စောင်းထိုးရှိ မြေညီထပ် အိမ်ဆိုင်ကလေးဖြစ်သည်။ စကားပြောရတာ အေးအေးဆေးဆေးရှိသည်။ ကျနော်က ဆရာချောကို သူ့မိ သားစုအတွက် အကြံပြုစကားတွေ ပြောနေမိသည်။ ဆရာချောကလည်း ကျနော်ပြောသည်ကို အသံတိတ် နား ထောင်ပြီး ခေါင်းငိုက်စိုက်ချ စဉ်းစားနေသည်။

“ ဒီလိုပါ ဆရာချော … အိမ်ငှားဖို့အတွက် ဆရာချော ခဏခဏ စိတ်ပင်ပန်းနေရတာကို ကျနော် မခံစားနိုင်ဘူး။ ကြည့်လည်း မကြည့်ရက်ဘူး။ ဆရာချောအတွက် ထည့်ဝင်တဲ့ ရဲဘော်အားလုံးက ဆရာချောအပေါ် ရက် ရောပြီးသား၊ ဒါကိုလည်း သံသယ ရှိစရာမလိုဘူး။ ဒါပေမယ့် တစ်ခေါက်တလေ ဆရာချောလိုတဲ့အချိန်မှာ အဆင်မပြေတဲ့သူက မပေးနိုင်ခဲ့ရင် ဆရာချောလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော် အခုလို အကြံပြုတာပါ။ ဆရာချော လက်မခံဘူးဆိုလည်း ဆရာချောလိုတဲ့ အိမ်ငှားခကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျနော်ထည့်ဝင်မှာပါ။ အဲဒီအတွက်တော့ ဆရာချော ကျနော့်အပေါ် သံသ ယမရှိပါနဲ့။ ဒါပေမယ့် စမ်းချောင်းမှာ တစ်လ နှစ်သောင်းနဲ့ ခြောက်လတစ်ခါ ဆရာချော စိတ်ပင်ပန်းနေ ရတာထက်စာရင် ဒီငွေပမာဏပဲလေ ဆရာချော၊ မြောက်ဒဂုံလို နေရာမျိုးမှာ ခြောက်ထောင်လောက်နဲ့ ငှားနေ မယ်ဆိုရင် တစ်နှစ်ခွဲလောက် ဆရာချော စိတ်မပင်ပန်းရတော့ဘူးပေါ့။ အဲဒါဆို ကျနော်တို့လည်း ဆရာချော အတွက် ပိုစိတ်ချမ်းသာရမယ်။ ကျနော်က ဒီသဘော ပြောတာပါ။ ကျနော်ဆိုလိုတာကို ဆရာချော နားလည် မယ်ထင်ပါတယ် ”

စကားပြောနေရင်း ဆရာချောကို ကျနော် အကဲခတ်ကြည့်ရှူနေမိသည်။ ဆရာချောကို ကြည့်ရသည်မှာ အား နည်းနေပြီး နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးရှိပုံ မပေါ်။ တစ်စုံတစ်ခု ဖိစီးနေသည့် အသွင်ပေါ်နေသည်။ ကျနော့် စကားအဆုံးတွင် ခေါင်းငိုက်စိုက်ချပြီး နားထောင်နေသည့် ဆရာချော နဖူးမှ ချွေးစေးတွေကို လက်နှင့်သပ်ချ ရင်း တိုးတိုညှင်းညှင်း စကားဆိုသည်။

“ ဒေါက်တာလွဏ်း စေတနာကို ကျနော်နားလည်ပါတယ်။ နောက်ပြီး ဒေါက်တာလွဏ်းရဲ့ အကြံပြုချက်ဆိုရင် တော့ မမမြင့်ရော သမီးတွေကော လက်ခံမှာပါ။ ကျနော် အိမ်ရောက်ရင် အမြန်ဆုံး အရေးပေါ် အစည်းအဝေး ထိုင်လိုက်ပါမယ်။ ပြီးရင် ဒေါက်တာလွဏ်းဆီကို ပြန်လာခဲ့မယ် ”

တစ်ရက်ခြားအကြာ နေ့လည်ခင်းတွင် မဂ္ဂဇင်းတိုက်ပေါ်သို့ ဆရာချောနှင့် မမမြင့် တက်လာသည်။ လင်မယား နှစ်ယောက်စလုံး အခန်းကျဉ်းလေးထဲရှိ ကျနော့်အယ်ဒီတာစားပွဲရှေ့တွင် ကျပ်ကျပ်တည်းတည်း ထိုင်ကြ သည်။ ထိုင်ထိုင်ချင်းပင် ဆရာချောက “ဒေါက်တာလွဏ်း အကြံပေးတာကို သမီးတွေကော တအိမ်သားလုံး ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပြီ။ အခုမြောက်ဒဂုံမှာ အိမ်ငှားဖို့ သမီးအလတ် စုံစမ်းနေတယ်။ ရတာနဲ့ ပြောင်းကြမယ် … ဒေါက်တာလွဏ်း ၀မ်းသာရအောင် မမမြင့်ကိုပါ ခေါ်လာပြီး လာပြောပြတာ” ဟု ၀မ်းသာ အားရ ပြောလေသည်။ မမမြင့်ကလည်း ပြုံးပြုံးပြုံးပြုံးနှင့် ထောက်ခံပြောဆိုသည်။ ကျနော်လည်း အတိုင်းမသိ ၀မ်းသာသွားပြီး ဆရာချောအား ကတိပြုထားသည့်ငွေကို အံဆွဲထဲမှ ချက်ချင်းထုတ်ပေးလိုက်သည်။ ဆရာ ချောတို့လင်မယား ပြုံးပြုံးရွှင်ရွှင် ပြန်သွားသည်ကို ကြည့်ရင်း ကျနော်ကြည်နူးနေမိပါသည်။

ဆရာချောအိမ်ငှားခါနီးတိုင်း ၀ိုင်းဝန်းထမ်းပိုးကြသည့် ရဲဘော်တစ်ကျိပ်ကျော်လောက်ရှိသည်ဟု ကျနော်မှတ်မိ နေသည်။ ပြည်ကနေ ဖောင်ဖျက်လာပြီး ဆရာချောတို့မိသားစု ပထမဆုံးအခေါက် အိမ်ငှားနေဖို့ ကြိုးပမ်းစဉ်က ဖြစ်သည်။ တစ်ရက်တွင် ဆရာချောနှင့် မမမြင့် မဂ္ဂဇင်းတိုက်ပေါ်ရောက်လာသည်။ အခြေအနေကို အကျဉ်းရုံး ပြောပြသည်။ ထို့နောက် ဆရာချောက ကျနော့်ကို စာရွက်လေးတစ်ရွက် ပေးဖတ်သည်။ စာရွက်ပေါ်တွင် နာမည်တွေ တန်းစီရေးထားပြီး အမည်တစ်ခုချင်းဘေးတွင် ငွေပမာဏတွေကို စီရေးထားတာတွေ့ရသည်။ ကျနော့်နာမည်အပါအ၀င် နာမည်တစ်ဒါဇင်လောက် ရှိမည်ထင်သည်။ ဆရာမောင်သစ်မင်း၊ ဆရာသုခမိန်လှိုင်၊ ဆရာဝင်းမင်းထွေး၊ ဆရာမုတ်သုန်၊ ဆရာမောင်ပြည့်မင်းတို့၏ နာမည်တွေကိုတော့ ကျနော်မှတ်မိနေသည်။ စာဖတ်အပြီးတွင် ဆရာချောက “အဲဒါပဲ ဒေါက်တာလွဏ်းရေ … ကျနော့်မှာလည်း အရေးအကြောင်းဆို စိတ်ချလက်ချ ဖက်တွယ်ရဲတဲ့ ရဲဘော်က တစ်ကျိပ်ပိုပိုရယ်”ဟု ပြောပြီး ကျနော့်ကို နွမ်းနယ်သည့်အပြုံးနှင့် ကြည့်နေလေသည်။ ကျနော် ဆရာချောအပြုံးကို အလျင်အမြန် နားလည်လိုက်ပြီး “အိုကေ ဆရာချော၊ နိုးပရော်ဘလမ် … ဘယ်နေ့လောက်ရရင် ဆရာချော အဆင်ပြေမလဲ၊ အခုလောလောဆယ်တော့ မဂ္ဂဇင်းမဖြန့် ရသေးလို့”ဟု ပြောကာ ရက်ချိန်းသာ ပေးလိုက်ပါတော့သည်။

ထိုမှ တစ်ခေါက် … နှစ်ခေါက် … သုံးခေါက်မြောက်တွင် ဆရာချောအား အထက်က အကြံပြုစကားကို ကျနော် ပြောဖြစ်ခဲ့ခြင်း ဖြစ်မည်ထင်သည်။

♠ ♠ ♠ ♠ ♠

တကယ်တော့ ဆရာချောကို ကျနော်တို့ ထမ်းပိုးနိုင်ခဲ့သည်က နှမ်းတစ်စေ့လောက်တောင် ရှိမည်မထင်။ သို့ သော် ဆရာချော ကျနော်တို့အပေါ် ကြဲချပေးခဲ့သည့် ကဗျာကောင်း၊ စာကောင်းတွေကတော့ နှမ်းပုံကြီးတစ်ပုံ စာမက အတိုင်းအဆမရှိ ထုထည်ကြီးမားလွန်းခဲ့ပါသည်။ ဆရာချော၏ ကဗျာကျေးဇူးတွေကို ဆပ်မည်ဆိုလျှင် မိခင်နို့ဖိုးကို ကျေအောင်ဆပ်ဖို့ ကြိုးစားသလိုပင် ဖြစ်လိမ့်မည်ထင်သည်။ နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ် တွင် ပေးဆပ်သူ သူရဲကောင်းများက ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်း မဖောက်မပြန် မွေးမြူပေးဆပ်ခဲ့ကြ သော်လည်း ရယူခဲ့ကြသည့် ကျနော်တို့က တာဝန်ကျေအောင် မထမ်းပိုးနိုင်ခဲ့ကြ။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ တွင် တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်ခဲ့ကြရသည့် ကျနော်တို့အနေနှင့် ဆရာချောအပေါ် တာဝန်မကျေ နိုင်ခဲ့သလို အခြားအခြားသော ထမ်းပိုးထိုက်သူ အားလုံးအပေါ်လည်း ကျနော်တို့ တာဝန်မကျေနိုင် ဖြစ်ခဲ့ရ သည့်အတွက် တွေးမိတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသည်။ သို့ပေမယ့် ဆရာချောတို့လို ပေးဆပ်သူ တွေက ခွင့်လွှတ်နားလည်ပေးခဲ့ကြသည်လေ။

ဆရာချောတို့က ခွင့်လွှတ်လေလေ ကျနော်တို့မှာ ပိုကြေကွဲရလေ ပိုပြီးလွမ်းဆွတ်ရလေပါ ဆရာချော …
အဲဒီလွမ်းဆွတ်မှုတွေနဲ့ပဲ ဆရာချောတို့အပေါ် ကျနော်တို့ရဲ့ တာဝန်မကျေခဲ့မှုတွေကို ဖြေသိမ့်ပါရစေတော့ … မြားနတ်မောင်မှာ ရေးဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ တာဝန်ခံအယ်ဒီတာစကား (ကဗျာ) လေးနဲ့ပဲ ဆရာချောကို နှုတ် ဆက်ဂုဏ်ပြုပါရစေတော့ …

ကဗျာဆရာ မောင်ချောနွယ်
(သို့မဟုတ်)
ဟိမ၀န္တာကျားသစ်နက်
ဒေါက်တာလွဏ်းဆွေ

ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ အရှားပါးဆုံး
ဟိမ၀န္တာကျားသစ်နက် ဖြစ်ခဲ့ပါတယ်။
မောင်ချောနွယ်
(ရေနံအစမ်းတွင်း တစ်တွင်းရဲ့ အိုင်ထွန်းမှုမှ …)

၅-၉-၂၀၀၂
‘ကိုချောရေ … သွားတော့’
ဒီအသံနက်ကြီးထဲ ကြက်သီးမွေးညင်းထခဲ့
မမေ့နိုင်စရာ
အဘိဓမ္မာတူသူတွေရဲ့ ဆို့နင့်သံ
ယုံကြည်ချက်တူသူတွေရဲ့ ကြေကွဲသံ
ခံစားချက်တူသူတွေရဲ့ ပင့်သက်ရှိုက်သံ
ကဗျာဆရာတွေရဲ့ ပေါက်ကွဲငိုကြွေးသံ
…………….. အသံတွေ
…………….. အသံတွေ
နျူကလီးယား မှိုပွင့်ကြီးအလား
ပေါင်းစည်းလွင့်တက်သွား
ဆရာချော ကောင်းရာသုဂတိလားပါစေ။

၅၃ နှစ်သား
ဟိမ၀န္တာကျားသစ်နက်ကြီးရေ …
မသေချာမှုတောနက်ထဲ ကျင်လည်ကျက်စားရင်း
ကဗျာမြားအစင်းစင်း ပစ်ခွင်းရင်း
သေချာမှုတစ်ခုနဲ့ ထွက်ခွာသွားခဲ့ပြီလား
ကျွန်တော်တို့ နှလုံးသားတွေထဲက
နားလည်မှုတေးသွားတွေကတော့
အပြာရောင်မိုးကောင်ကင်ထက်မှာ
ထာဝရ လွင့်ပျံနေမှာပါ။

ခွေးခြေပုကလေးတွေမှာ ထိုင်ရင်း
ကျနော်တို့ ကျောချင်းကပ်ခဲ့ကြတယ်၊
ဖန်ခွက်ချင်း ထိခတ်သံတွေနဲ့
ကျွန်တော်တို့ ရင်ချင်းအပ်ခဲ့ကြတယ်လေ။

၃၃ လမ်း လေထန်ကုန်းမှာ
မြားနတ်မောင် အယ်ဒီတာစားပွဲမှာ
၂၇ လမ်းက အေးကဖီးမှာ
စမ်းချောင်းက ဆရာချောနဲ့ မမမြင့်တို့ရဲ့ ချစ်ရိပ်မြုံမှာ
၃၅ လမ်းက ငွေနှင်းဖြူနဲ့ ရှမ်းရိုးရာမှာ
ကဗျာစကား စာစကားတွေ
ထွေရာလေးပါး ပြောကြရင်း
နှလုံးသားချင်း ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ချစ်ခြင်းမေတ္တာပေါင်းကူးတံတားတွေ အပြန်အလှန်တည်ဆောက်ရင်း
ကျွန်တော်တို့ နွေးထွေးခဲ့ကြတယ်လေ။

သေခြင်းနဲ့ ရှင်ခြင်းအကြား
ရယူခြင်းနဲ့ ပေးဆပ်ခြင်းအကြား
ဗျာများနေကြတဲ့ လူတွေထဲမှာ
ဆရာချောဟာ
မြေကမ္ဘာကို ကဗျာတွေနဲ့
သေတစ်ပန်သက်တစ်ဆုံး အလုပ်အကျွေးပြုခဲ့သူပါ။

အဖိုးမဖြတ်နိုင်တဲ့
ဆရာချောရဲ့ ကဗျာကျေးဇူးတွေဟာ
တန်ဖိုးသိသူတွေရဲ့ နှလုံးသားမှာ
ထာဝရ မှတ်ကျောက်တင်ရစ်နေမှာပါ။

ကြေကွဲခြင်းများစွာနဲ့
နောက်ဆုံးနှုတ်ဆက်ဆုတောင်းလိုက်ပါတယ်
‘ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှု
ရိုးသားမှုနဲ့ အမှန်တရား
စာနာမှုတရားနဲ့ ချစ်ခြင်းမေတ္တာ
ကဗျာနဲ့ အလှသစ္စာတရား
တစ်ဘ၀လုံး ဖက်တွယ်သွားတဲ့ ဆရာချော
မြင့်မြတ်သောဘုံသို့ ရောက်ရှိစံပျော်နိုင်ပါစေ’။ ။

(၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလထုတ် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ …)

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် လွမ်းဆွတ်မှုဆောင်းပါး


ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။

အမှတ်တရ မောင်ချောနွယ် (သို့) မသေတဲ့ ကဗျာ
ကမာပုလဲ

သူ … မောင်ချောနွယ်။ ကဗျာဆရာမောင်ချောနွယ်။ ပြည်မြို့သား မောင်ချော နွယ်။ သူ့ဘ၀ကို ကဗျာဆရာအဖြစ် ထုဆစ်ပုံသွင်းခဲ့သူ။ လောကဓံတရား ထက်ပြင်းတဲ့ မချစ်ရဲ့အရက်ကိုသောက်ပြီး လောကဓံတရားကို လှောင်ပြောင် သရော်ခဲ့သူ။ ၁၉၇၀ ၀န်းကျင်လောက်ဆီက ကိုလူမှိန်၊ ရွှေရတောင်ကုတ်၊ ပျဉ်းမနား ကိုသင်းခိုင် စသဖြင့် အတွေးအခေါ် ထပ်တူနီးပါးကျခဲ့တဲ့ လူငယ် ကဗျာဆရာတစုက `တော်လှန်ကဗျာ´ ဆိုတဲ့ ကဗျာစာ အုပ်ကလေးကို ပုံနှိပ် ထုတ်ဝေခဲ့တယ်။ အဲဒီ စာအုပ်ကလေးမှာ သူ့ရဲ့ `တော်လှန်ရေး´ ဆိုတဲ့ကဗျာ `ကြွေဒါကိုက ပွင့်ခြင်းပဲ´ ဆိုပြီး အဆုံးသတ်ထားတယ်။ သြော် … ကိုချော နွယ် ခင်ဗျားမရှိတော့ပေမယ့် ခင်ဗျားရဲ့ ကဗျာတွေဟာ ခင်ဗျားသိပ်ချစ်တဲ့ အဖိနှိပ်ခံ လူ့အဖွဲ့အစည်းမှာ ဝေေ၀ဆာဆာ ပွင့်လို့ …

`ဦး … သမီးကို ခေါ်မလား´
ဆူးလေဘုရားနဲ့ ဆူးလေလမ်းမကြီးဟာ မာကျူရီ မီးရောင်တွေအောက်မှာ ချောက်ချောက်ခြားခြား ဆွံ့အသွား တယ်။ အမေးခံရတဲ့ မော်ဒန်ကဗျာဆရာလေးဟာ ဘုရားကိုတလှည့်၊ ဆူညံသွားလာနေတဲ့ ကားတွေ၊ လူတွေကိုတလှည့် ကြည့်တယ်။ မီးရောင်အောက်က သူ့ကိုခေါ်မလားမေးနေတဲ့ အပျိုဖေါ်ဝင်စ ဆယ်ကျော် သက် ကလေးမလေးကို ကြည့်တယ်။ ရင်းရင်းနှီးနှီး မြင်ခဲ့ဖူးသူတယောက်ကို အသေးစိတ် ရှာဖွေနေတဲ့ အ ကြည့်နဲ့ ကြည့်တယ်။ သူပဲ … ဟုတ်တယ် … သူကလေးပဲ … ဆူးလေဘုရားရှေ့မှာ မော်ဒန်ကဗျာဆရာ ကလေး လောကငရဲကို အရှင်လတ်လတ် ရောက်သွားတယ်။ ကဗျာဆရာကလေး သွေးပျက်သွားတယ်။ အံ ကြိတ်ပြီး သူ့အသံကို ကလေးမကြားသာရုံ ပြောချလိုက်တယ်။
Rest of your post

အပြည့်အစုံသို့...

ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် လွမ်းဆွတ်မှုဆောင်းပါး

ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။

စက်တင်ဘာရပ်ဝန်းမှာ ငါတို့ဆုံးခဲ့ရ
ကိုမွှေး

ပြည်မြို့ရဲ့ မင်းမင်းကဖီး ၊ လူထုဆန္ဒ လက်ဖက်ရည်ဆိုင် ၊ ဧရာဝတီမြစ် ဗိုက်သားပေါ်က အဆီတစ်တစ်တွေ နဲ့တူတဲ့ နွေထွန်းသဲသောင်ပြင်များ …
ပြီးတော့ ရွှေဆံတော်၊ မင်းကြီးတောင်၊ ရွှေဘုန်းပွင့် ပိဋကတ်တိုက်၊ ဗိုလ်ချုပ်ကြေးရုပ်ကြီး၊ ဗန်းမော်တင်အောင်၊ ကိုချောနွယ်၊ ကိုခင်ဝမ်း၊ ကိုဆွေ တလမ်းမောင်းကွေ့က လက်ဖက်ရည်ဆိုင်လေး ...
ခုတော့ တလမ်းမောင်းကွေ့က လက်ဖက်ရည်ဆိုင်ကလေးလည်း မရှိတော့။
ထိုဆိုင်မှ ကဗျာချစ်သော ညီအကိုများလည်း ဘယ်ရောက်ကုန်ပီ မသိတော့။ ထို့အတူ ဗန်းမော်တင်အောင်၊ ကိုခင်ဝမ်းနှင့် ကိုချောနွယ်လည်း မရှိတော့။
ပြည်မှာတော့ ရွှေဆံတော်၊ မင်းကြီးတောင်၊ ရွှေဘုန်းပွင့် ပိဋကတ်တိုက်၊ ဗိုလ်ချုပ်ကြေးရုပ်ကြီးနှင့် ကိုဆွေတို့ တော့ ကျန်နေသေးကောင်းကျန်နေပါလိမ့်မည်။

ပြည်မြို့သည် မာယာကော့ဖ်စကီးထက်ခမ်းနားသော အမြည်းအစားနည်းသည့် ကဗျာဆရာကို မွေးထုတ်ပေး ခဲ့သလို မျိုးဆက်နှင့် တော်လှန်သူအပေါင်းကိုလည်း မွေးထုတ်ပေးရန် တာဝန်မပျက်ကွက်ခဲ့သော မြို့ကောင်း မြို့သန့်တစ်မြို့၊ ထိုမြို့ကောင်းမြို့သန့်၏ အလင်းဆိုင်များမှ ဖန်ချောင်းမီးရောင်အောက်မှ ညများသည် ရုရှား ပြည်၊ ပြင်သစ်ပြည်၊ အင်္ဂလန်ပြည်၊ အမေရိကန်ပြည်တို့မှ စာပေချစ်သူတို့၏ ကော်ဖီဆိုင်ညခင်းများနှင့် မခြား နားသော ရင်ခုန်သံတို့ဖြင့် အသက်ဝင်ကြ၏။ ထိုအသက်ဝင်မှုတကာတို့အား ညှို့ယူဖမ်းစားသော ကဗျာတန်ခိုး ရှင်သည်ကား ဂျစ်ကားပေါ်မှာ ပေါင်သားအလှပေါ်အောင် ထိုင်သွားတတ်သော အရာရှိကတော်လိုလည်း နေတတ်သေးသည့် ကိုချောပင်ဖြစ်သည်။

တခါက မောင်သွေးချွန်ဆိုသည့် နိုဘယ်လ်ဆု အင်မတန်လိုချင်ရှာသည့် ပုဂ္ဂိုလ်ထူးတယောက်ကပင် ယုံကြည် ချက် မလုံမလဲဖြင့် ကိုချောနွယ်နှင့်သူ နိုဘယ်လ်ဆု ရသင့် .... ဆိုသလိုမျိုးတောင် ရေးသားဖူး၏။ ထိုအခါ သမယတွင် ကိုချောနွယ်သည် နိုဘယ်ဆုထက် ဆတ်သွားက မချစ်ချက်တဲ့ အရက်ကို ပိုမိုခုံမင်နေခဲ့၏။

မြန်မာ့ဘ၀နှင့် ကျေးလက်ကို သူ့ကြက်ရင်အုပ်သာသာ ရင်အုပ်ထဲ ချောင်ချောင်ချိချိ ထိုးသွင်းရင်း လှလှပပ ပြန်အန်ပြခဲ့၏။ ထိုအန်ဖတ်များသည်ကား ... မသေသောကဗျာအဖြစ် မျိုးဆက်သစ် လူငယ်တို့၏ ရင်ဘတ်ထဲ
စိုရွှဲသွားအောင် လာရောက်ထိခတ်၏။

ကဗျာဆရာတွေချစ်တဲ့ ကိုချော၊ အယ်ဒီတာတွေချစ်တဲ့ ကိုချော၊ ကိုအောင်ချိမ့် စိတ်ညစ်သော်လည်း မပစ် နိုင်သည့် ကိုချော …
ရင်ဘတ်ဆွဲကြိုးနှင့် မဂိုမလေးကို ဇနီးမယားတော်ကာ ချမ်းသာနေသော သုခမိန်လှိုင် မငြီးငြူသည့် ကိုချော …
စာရေးဆရာ၊ အယ်ဒီတာ၊ ရောင်းရင်းကဗျာဆရာတို့ မငြိုငြင်ခဲ့သည့် ကိုချော …
မမမြင့်ရဲ့ ရတနာ၊ တိုင်းပြည်ရဲ့ ရတနာ ကိုချောကို ကျနော်တို့ ကျပျောက်ခဲ့သည်မှာ ခြောက်နှစ်ပင် ပြည့်ခဲ့ပြီ ဖြစ်သည်။

ကိုချောရေ … ငိုသောမျက်ဝန်း သီချင်းဖြစ်ချိန်မှာ ဧရာဝတီကိုယ်တိုင်က သီချင်းတွေကို သယ်ဆောင်တဲ့ မြစ်ဗျ၊ ကျနော်တို့ ရင်ခုန်ခဲ့ရတယ်... ဒီလို ကဗျာမကျ စာမကျပြောတိုင်း ဒန်တီး၏ မြစ်ကို ထမ်းပြန်လာလေ့ရှိသော ကိုချောတယောက် နိဗ္ဗာန်မှာ ငြိမ်သက်ခြင်း မရှိခြင်း နတ္ထိဖြစ်ခြင်းတို့အား ကဗျာဆေးသား ခြယ်နေမည်လော..။ နတ်ဘုံနတ်နန်းမှာ တဖက်နတ်သမီးငါးရာရှေ့မှာ ယက်ဖ်တူရှင်ကိုလို ကဗျာတွေများရွတ်နေမလား။ မဟုတ် သေး ... မောင်ချောနွယ်ဟာ မောင်ချောနွယ်လိုပဲ ကဗျာတွေရွတ်နေမှာပေါ့။

မြန်မာစာပေလောကကို ပြန်ကြည့်လျှင် အခြားအခြားသော အနုပညာလောကများထက် ပိုမိုမွဲတေဆင်းရဲ ကြရ၏။ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ သရုပ်ဖော် ပုံဆွဲဆရာတို့ မွဲလှသည်မှာ ဦးပုည သက်ရှိ ထင်ရှားရှိလျှင် ရေသည်ပြဇာတ်ထက် စာပေလောကပြဇာတ်ကိုပင် ရေးလောက်သည်ထင့် ...။ ထိုမွဲလှသည့်ထဲ ကိုချောလည်း တယောက်အပါပေါ့ ...။ စေတနာတော့ မမွဲလှသော စာပေသမားများ၏ ထုံးစံအတိုင်း ကို ချောနွယ်၏ အိမ်ကလေးသည် ကဗျာဆရာ စာရေးဆရာ ပေါက်စတို့၏ စားအိမ်သောက်အိမ် အနွံတာ အငြို ငြင်ပေးသမျှ မမမြင့်က မညည်းညူရှာခဲ့။

အကယ်၍ ကျနော်တို့ တိုင်းပြည်သည်သာ အခြားတိုင်းပြည်များကဲ့သို့ စာပေပညာရှင်များ ကဗျာဆရာများကို တန်ဖိုးထားတတ်ပါလျှင်၊ အကယ်၍ ကျနော်တို့တိုင်းပြည်သာ အခြားတိုင်းပြည်များကဲ့သို့ ဒီမိုကရေစီနှင့် လူ့အ ခွင့်အရေးပြည့်ဝစွာ လူတန်းစေ့ နေနိုင် စားနိုင် ဖန်တီးရုန်းကန်နိုင်ပါလျှင် ယနေ့ ကျနော့်အနေဖြင့် ဤစာကို ဤကဲ့သို့ ရေးနေဖို့မလို။ ကိုချောတယောက် ကျန်းကျန်းမာမာ ၀မ်းပန်းတသာဖြင့် လောကဓံတရားနှင့် ကမ္ဘာ ကြီးကို ကဗျာတွေ တစ်တစ်ရစ်ရစ်ဖြင့် ပျစ်ပျစ်နှစ်နှစ် သီဖွဲ့ခြယ်သနေဦးမည်ဖြစ်သည်။

ကျနော့်ရင်ထဲတွင်တော့ ....
ငါတို့ မာယာကော့ဖ်စကီးကို မပိုင်ဘူး
တော်လ်စတွိုင်းကို မပိုင်ဘူး
ငါတို့ ဗားတော့ဗရက်ကို မပိုင်ဘူး
ယက်ဖ်တူရှင်ကိုကို မပိုင်ဘူး
ငါတို့ ဂျွန်ကိစ်ကို မပိုင်ဘူး
ငါတို့ ... မောင်ချောနွယ်ကို ပိုင်ခဲ့တယ်
ငါတို့ ... မောင်ချောနွယ်ကို ပိုင်ခဲ့တယ် ...
ငါတို့ကို မောင်ချောနွယ်ပြန်ပေး ... …
ငါတို့ကို မောင်ချောနွယ်ပြန်ပေး ... ဟုသာ ကလေးတယောက်ကဲ့သို့ ......။ ။

ကိုမွှေး

အပြည့်အစုံသို့...

ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၆) နှစ်ပြည့် လွမ်းဆွတ်မှုဆောင်းပါး

ဒေါက်တာလွဏ်းဆွေ ဘလော့မှကူးယူဖော်ပြသည်။
မှတ်မှတ်ရရ … ဆရာချောနွယ်
ညိုထက် (လမ်းသစ်ဦး)

မှတ်မှတ်ရရ …
ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပြုတဲ့ ပွဲလေးကို ကျနော်နဲ့ မိတ်ဆွေတချို့၊ ရဲဘော်တချို့က အမှတ်တရ စကားဝိုင်းလေး လုပ်မယ်ဆိုတော့ စကားဝိုင်းကို အမည်ရွေးဖို့ ကျနော့်ကို တာဝန်ပေးကြတယ်။ သိပ်အများကြီး မစဉ်းလိုက်ရပါဘူး … ဆရာချောနွယ် ရောက်လာတယ်။
ဂျင်းဘောင်းဘီ အိတ်ထဲကို လက်နှိုက်လို့၊ လေလေးချွန်လို့ …
သူပြောတယ် …

လူတွေဟာ ဒီပင်လယ်ကို ကျယ်ပြန့်အောင် နက်ရှိုင်းလှပအောင် မစီးဆင်းတတ်ကြဘူး …
ဝမ်းနည်းမှုနဲ့သာ ကျန်းမာခဲ့ရ … ရွှေအသက်ရှူသံတွေ တုံးလုံးပက်ခေါက်လဲကျ … ၀တ်မှုန်ကူးကြ … သွေးလေမြန်ဆန်တဲ့ မြို့ကြီးတွေနဲ့ … အထူးဝတ်မှုန်ကူးကြ …

ကျနော့်တို့လုပ်မယ့် စကားဝိုင်းလေးရဲ့ အမည်ဟာ လင်းခနဲ ပွင့်လာတယ်။ လိပ်ပြာလေးလို ၀ဲလို့ …။ ပန်းပွင့်လေးတွေက လှုပ်ရမ်းလို့ …။ ပန်းမျိုးသစ်ကလေးတွေက ကမ္ဘာမြေပြင်အလုံးမှာ အမြစ်စွဲလို့ …။ ပန်းရောင်စုံရှုခင်းနဲ့အတူ ကျနော်ရေးချလိုက်တဲ့ ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပြု စကားဝိုင်းရဲ့ ခေါင်းစီးက …

ဂငယ် သုံးခု အုတ်ရှစ်ထု
အနှစ်(၂၀)ကို ၀တ်မှုန်ကူးခြင်း
မှတ်မှတ်ရရ …
သြဂုတ် (၁၂) ရက်နေ့။ ကျနော် သောင်ရင်းကို ရောက်တယ်။ သောင်ရင်းဟာ တောင်ဘက်ကနေ မြောက် ဘက်ကို စီးဆင်းနေတဲ့ သဘာဝလွန်မြစ်။ အဲဒီသဘာဝလွန်မြစ်ရဲ့ ကမ်းနဖူးမှာ ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ ဆက်ဆံရေးကောင်းတက်တဲ့ လူတွေကို စွန့်၊ အမှိုက်တွေ အသိုက်ဖွဲ့နေတဲ့ အရပ်ဒေသကို စွန့်၊ ကိုယ့်နှလုံး သားကိုယ် မီးပုံရှို့ပြီး လှုံရဲခဲ့သူတွေ၊ ကမ္ဘာမြေတခုလုံးကို ဆုံးရှုံးသူသာ ကမ္ဘာမြေကို ပြန်ရပေလိမ့်လို့ ယုံကြည် သူတွေ၊ ငါတို့တတွေ စိုက်မိတဲ့ စိတ်စိုက်ကွင်းတွေဟာ စံကွက်အမှန်တွေပါလို့ ယုံကြည်ကြသူတွေ ရှိကြတယ်။ ကျနော် သူတို့ရှိရာကို ပုလဲလိုနေတဲ့ လယ်ကွက်တခုလို ဆိုက်ရောက်သွားတယ်။ ဘ၀ကို ညှစ်ကြည့်တော့ အချိုရည်လေး ကျန်သေးပါတယ်။ ကျနော်နဲ့အတူ မော်သစ်(ရင်း - ၈)လည်း ပါတယ်။ ကျနော်တို့ရောက်သွားတော့ သောင်ရင်းဟာ ၀၀ဖြိုးဖြိုးပါပဲ။ သူ့တခေါင်းလုံး ကလစ်သေးသေးလေးတွေနဲ့ အလှဆင်ထားတဲ့ အပျိုမတယောက်လို သောင်ရင်းဟာ မောင်းပြန်သေနတ်တွေနဲ့ အလှဆင်ထားတယ်။ အဲဒီ ၀၀ဖြိုးဖြိုး သောင်ရင်းရဲ့ ပုခုံးထက်ကနေ စောမူသာ (ဆေး)က ကျနော်တို့ကို ကြိုတယ်။ ညဘက်ရောက်တော့ မိုက်တွင်းနက်နက် ကဗျာပေါ်ချစ်တဲ့ အချစ်တွေ မြေသြဇာကောင်းကောင်းနဲ့ ထွားကြိုင်းလာခဲ့တယ်။ ဟုတ်ကဲ့ … ကျနော်တို့ ကဗျာတွေကို လုံးတိုက်ကြီး ပြုတ်ကျလာတဲ့ အချစ်တွေနဲ့ အသံထွက် ဖတ်ခဲ့ကြတယ်။ သောင်ရင်းက ပြောင်းပြန်ကြီး စီးနေတယ်။ ကျနော် ပထမဆုံး ကြယ်ပြာလေးနဲ့ ထမင်းစားလိုက်တယ်။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။

ကျနော် ဘ၀ရဲ့ အစိတ်အပိုင်းထဲက အန်အန်ကျလာတဲ့ ကဗျာဆိုချင်စိတ်တွေပေါက်လာတိုင်း ဆရာချောရဲ့ ဒီကဗျာ “ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်” ကဗျာဟာ မီးခိုးတအူအူနဲ့ ဆိုက်ကပ်လာလေ့ ရှိတယ်။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တပစ်စာရယ်ပါ။
သားမှာတော့
ယူဇနာ သန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

ကျနော် ဒီကဗျာကို ဆိုခဲ့တဲ့အကြိမ်တွေများစွာ။ ပြောက်ကြားစစ်ဒေသ လွယ်ဖီတောင်ကြောပေါ်မှာ၊ (အဲဒီအချိန် က လက်ရေးနဲ့ ရေးယူလာတဲ့ ကြယ်ပြာလေးပေါ့)၊ ဒေါင်းဂွင် ဂတ်စ်ဟောက်စ် အင်ဖက်အမိုး အောက်မှာ၊ ခံစစ်ကုန်း နောင်လုံမှာ၊ ရန်ထိုး ငါထိုးဒေသထဲက သာမိတိုက်ရွာကလေးမှာ၊ ဇလားဆိုတဲ့ ဒုက္ခသည်စခန်းမှာ၊ မူယူချောင်းဘေးမှာ၊ မဲဆောက် တိုက်ပျက်ကြီးနောက်က ပြန်/စည်း ရုံးဟောင်းလေးမှာ… အခု ပြောင်းပြန် စီးတဲ့သောင်ရင်းမှာ …

အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော်ဘယ်လောက်မှားယွင်းမိလို့လဲ အမေ …

မှတ်မှတ်ရရ …
ကျနော့်မှာ တော်လှန်တဲ့ သူရဲကောင်းဆိုတဲ့ ဆူးခတ်သရဖူကို မြေအမာဓာတ်ကို ထိုးခွဲတဲ့ မျှစ်တွေလို ရွပ်ရွပ် ချွံချွံ ရယူခဲ့တဲ့ ပြည်မြို့သား ရဲဘော်ကြီးတွေရှိတယ်။ တိမ်ကိုစီး၍ သစ္စာရှာခဲ့သူ ရဲဘော်ကြီး ညိုထွန်းအောင်၊ ဂေါ်ဘာချော့က သူရဲကောင်းဝါဒ ကမ္ဘာလောကမှာ အပြီးတိုင်ကျဆုံးသွားပြီဖြစ်ကြောင်း တင်ပြချက်ကို ငြင်း ဆန်ခဲ့သူ ရဲဘော်ဆေး၊ မိန်းမကြီးတယောက်လို မည်တွန်တောက်တီးတတ်ပေမယ့် ချစ်စရာကောင်းတဲ့ ရဲ ဘော်ဒွန်း၊ လက်နှစ်ဖက်ပြတ်နေပေမယ့် အရှုံးပေးရေးစိတ်ဓာတ် တိုရေရှားရေနိုင်လှတဲ့ ငြိမ်းစု … သူတို့အား လုံးဟာ ကိုဆွေ၊ ကိုခင်ဝမ်းနဲ့ ကိုချောနွယ်ကို ပြည်မြို့ရဲ့ ခြင်္သေ့ကြီးများအဖြစ် အမြဲဂုဏ်ယူခဲ့ကြ။ သူတို့အ ကြောင်းတွေကို မမောတမ်း၊ မပမ်းတမ်း ပြောခဲ့ကြ။ ကိုခင်ဝမ်းရဲ့သီချင်းတွေကို ဆိုခဲ့ကြ၊ ကိုချောနွယ်ရဲ့ ကဗျာတွေကို ဆိုခဲ့ကြ … ကျနော်တို့ရဲ့ ကိုတိုက်မောင်းကတော့ ဆရာချောကဗျာတွေ ဖတ်ပြီး “ကျုပ်တို့ ကျန် ခဲ့ပြီဗျို့”လို အော်ဟစ်ခဲ့တယ်။ နောက်ပိုင်းရေးတဲ့ သူ့ကဗျာတွေဟာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။

ဝယ်ထားလိုက်
ဝယ်ထားလိုက်
အဲဒီ ဆားငန်ရည်တွေဟာလေ
ဝယ်ထားသိမ်းဆည်းရမယ့် အရာတွေပါကွယ်။

မှတ်မှတ်ရရ …
ကျနော်မှာ ကဗျာစာအုပ်ကလေး ၂ အုပ် ရှိခဲ့ဖူးတယ်။ ပဉ္စမအကြိမ်ညီလာခံကို ဂုဏ်ပြုထုတ်ဝေတဲ့ “မချစ်မနှစ် သက်သူတို့နဲ့ ကွေကွင်းပြီးနောက်” ကဗျာစာအုပ်ကို မောင်ချောနွယ်ဆန်တယ်လို့ ဝေဖန်တာ ခံရဖူးတယ်။ ကျနော်ရေးခဲ့တဲ့ ၀ထ္ထု၊ အက်ဆေးတွေမှာ ဆရာချောရဲ့ စာတွေကို ယူသုံးခဲ့တာတွေ ရှိခဲ့တယ်။ ပြောရမယ် ဆိုရင် ဆရာချောဆိုတဲ့ သစ်ပင်ကြီးက ချွေခဲ့တဲ့ အရိပ်အောက်မှာ ဘ၀အမောတွေ ဖြေခဲ့ဖူးတယ် ဆိုတာပါ။ အေးလေ ဘ၀ကိုကလည်း အခြစ်ရေးအဆင်မပြေတဲ့ ကြေးမီးခြစ်ကြီးမဟုတ်လား။ ဆရာချောရဲ့ ကဗျာဆလိုး မိုးရှင်းကို သဘောကျတယ်။
မကျည်းရွက် အဟောင်းအမြည်းတွေက
တစိမ့်စိမ့် တလိမ့်လိမ့်
အနှေးကြွေကျ။
ကျနော် ဆရာချောကဗျာတွေထဲက အမြဲတမ်းအလွတ်ရနေတဲ့ အပိုဒ်လေးတခုရှိတယ်။

တောအလှူတခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲဖိတ်ကျတဲ့
အသားတုံးအကျလေးတောင်မှ
မစားရသူ မေလ။

မှတ်မှတ်ရရ …
ကျနော်နဲ့ ဆရာချော တခါမှ မတွေ့ဖူးဘူး။ ကျနော်က ၀ယ်တိုက်မယ့် ရေခဲစိမ်ဘီယာကို သူ့ခွက်ထဲ အရင် ထည့်ပေး သူ့ကို အလျင်သောက်စေခြင်းနဲ့ သူကို မြောက်စားချင်တဲ့ ဆန္ဒတော့ ရှိခဲ့တယ်။ သူ့လိုပဲ လူသား တယောက်နဲ့ တယောက် နူးညံခြင်းပြိုင်ပွဲ မရှိခဲ့တာတော့ ကျနော်လည်း သူ့လို ရယ်သွမ်းသွေးလိုတဲ့ အာသီ သရှိပါတယ်။ သူ့လိုပဲ သင်္ဘောပျက်တစီးပေါ်က အိပ်မက်တွေကို စာနာတဲ့လူ ဖြစ်ချင်တယ်။ ဘ၀ကို ပွဲတော် လိုတွေးခေါ် အနုပညာမှော်တွေနဲ့ ကန်သွင်းခဲ့တဲ့ သူ့ရဲ့အရိပ်တွေကို ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲတဲ့အထိ ပသာဒ လိုက်ချင်ပါတယ်။ ကြမ်းပိုးများတဲ့ အိပ်ရာမှာ အိပ်ပြီး ဆေးစစ်ခံတဲ့ညတွေမှာ ကိုယ့်ဘ၀ကို မီးပုံရှို့ပြီး လှုံပြရဲတဲ့သတ္တိကို သဒ္ဓါကျခဲ့ပါတယ်။ ကဗျာရေးတာ ကျနော်ရဲ့ ကံနာ ၀ဋ်နာပါလို့ ဆိုသူဟာ ကဗျာကို သားဖွားခန်းရောက် မိန်းမ သူလင်သားကို စိတ်နာသလို နာပေမယ့် တဘ၀လုံး ကဗျာမှော်အောင်ခဲ့တဲ့ ဆရာ ချောရေ … ကျနော်လည်း ဘ၀ရဲ့ အာသီသအဖြစ် သူပုန်မှော်အောင်ချင်တယ်လို့ ရေးခဲ့တယ်။

မှတ်မှတ်ရရ …
ဆရာချောရဲ့ ကဗျာဖြစ်တည်ခြင်းဆိုင်ရာ အယူအဆလေးနဲ့ ဒီစာကို အဆုံးသတ်ချင်ပါတယ်။
“ဆယ့်ခြောက်အောင်စ အလေးချိန်ရှိတဲ့ လူသားရဲ့အသည်းနှလုံးဟာ တနေ့ကို အကြိမ်ပေါင်း တသိန်းတိတိ ခုန်ချက်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာကျမ်းတွေက ဆိုတယ်။ လူတယောက်ရဲ့ တနေ့တာ နှလုံးခုန်ချက်ဟာ အကြိမ်တသိန်းခုန်ချက်ရှိတယ်ဆိုတဲ့ အထက်ပါဆိုလိုချက်ကို ကျနော်လက်ခံပါတယ်။ ဒါပေမယ့် ကျနော့်အလို အရတော့ အကြိမ်တသိန်းတိတိခုန်ချက်ဟာ ထိချက်တချက် မဖြစ်နိုင်ဘူး။ အခိုက်ဓာတ်တခု မဖြစ်နိုင်ဘူး။ ခိုက်ထိချက်တချက် မရနိုင်ဘူး။ ပြီးတော့ ထိချက်တချက်ဟာလဲ မှော်သားဓာတ် မစေးကပ်၊ မပါဝင်နိုင်ပြန်ဘူး။ အဖိတ်အစဉ်ရှိသလို မှော်သားအထူအပါးလဲ ကွဲသွားနိုင်ပါသေးတယ်။ ထားပါတော့၊ ထိချက် တချက်လဲဖြစ်ပြီ၊ အခိုက်ဓာတ်လဲ ဖြစ်ခဲ့ပြီ၊ မှော်သားလဲ ပါဝင်ခဲ့ပြီဆိုရင်တော့ အဲဒါဟာ အနုပညာပဲ။ ကဗျာပဲ။ အစစ်ရတနာပဲပေါ့”

ညိုထက်(လမ်းသစ်ဦး)
(ကျောင်းသားတပ်မတော်)

အပြည့်အစုံသို့...

ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် လွမ်းဆွတ်မှုကဗျာ

ပြီးပါပြီ မောင်ချောနွယ်


ဒေါက်တာလွဏ်းဆွေ ဘလော့မှ


အရက်နဲ့ စီးကရက်ကို ကြိုက်တယ်
ညီမလေး မမမြင့်ကို ချစ်တယ်
အလင်းရောင်ကို မြတ်နိုးတယ်
ကဗျာနဲ့ သစ္စာထားတယ်
အဆုံးအရှုံးများအတွက် ၀မ်းမနည်းဘူး
မကြေကွဲဘူး
နောင်တမရဘူး
ခရီးကြမ်း ဘ၀ကြမ်းတွေကို ကြင်နာတယ်
လဲပြိုနေသူတွေကို စာနာတယ်
ဒဏ်ရာနဲ့ ရက်များကို လှိုက်လှဲစွာ တွေ့ဆုံတယ်
ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေကို ရင်ခုန်တယ်
အမှားတွေနဲ့ သောက်စားမူးယစ်တယ်
ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး
ငါ့ဘ၀ ငါးစာကိုသာ ငါဟပ်ခဲ့တယ်။ ။

မောင်ချောနွယ်
(မြားနတ်မောင်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၂ ခုနှစ်)

Rest of your post

အပြည့်အစုံသို့...

အပြည့်အစုံသို့...

Tuesday 2 September 2008

ဆိုင်ဘာအတိုက်အခံတယောက်၏အရှုံး

http://www.naytthit.com/ ..... မှ
တနေ့တာ ဆူညံလှုပ်ရှားခဲ့ပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကိုင်ရိုမြို့ရဲ့ အင်တာနက်ကဖီးဆိုင်တဆိုင်ထဲမှာတော့ နာရီက သန်းခေါင်ကျော်ပြီး ၁ နာရီ ၄၉ မိနစ်ကိုညွှန်ပြနေပါတယ်။ အသက် ၂၇ နှစ် အရွယ် အာမက်ဒ်မာဟာ ဟာကွန်ပျုတာတလုံးရှေ့မှာ အလုပ်လုပ် နေပါတယ်။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီဟာ ဒီကနေ့ပါဆိုရင် ၃ ရက်ရှိပြီဖြစ်ပါတယ်။
သူ့ဘ၀ရဲ့ အခြေခံအသုံးအဆောင်တွေက ကွန်ပျူတာကီးဘုဒ်ဘေးမှာ ပျံ့ကျဲတည်ရှိနေပါတယ်။ အဲဒါတွေကတော့ ကားသော့၊ စီးကရက်နဲ့ ဆဲလ်ဖုံးတလုံးတို့ဖြစ်ပါတယ်။
မာဟာ ဟာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားရင်း စာရိုက်နေပါတယ်။ သူစိတ်ကူးယဉ်ခဲ့တဲ့ အင်တာနက် ဖေ့စ်ဘွတ်က် အကျိုး ဆောင်ဝက်ဘ်ဆိုက်ကတဆင့် လူထုအုံကြွမှုတခု စည်းရုံးလှုံ့ဆော်ခဲ့တာဟာ အခုတော့ကီးဘုဒ်ပေါ် လူးလာလှုပ်ရှားနေတဲ့ သူ့လက်ချောင်း တွေကြားထဲက ချော်ထွက်သွားနေပါပြီ။ အိဂျစ်နိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွမှုရဲ့ အန္တရာယ်အကျိုးဆက်တွေအပေါ် စိုးရိမ်ပူပန်မှုတွေကို ကွန်ပျုတာမြင်ကွင်းမှာ တင်လာကြပါတယ်။ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ တယောက်ကရိုက်လာပါတယ်။ အစိုးရက ငါတို့အထဲကို စိမ့်ဝင်ထိုး ဖောက်ထားပြီလို့ နောက်တယောက်က ရေးလာတယ်။ အခုလုပ်နေတာက မိုက်မဲဉာဏ်နည်းရာရောက်တယ်လို့ တတိယတယောက်က စာ ရိုက်ပါတယ်။
မတ်လကုန်ပိုင်းလောက်ကစပြီး မာဟာနဲ့တခြားအိဂျစ်လူငယ် လေး - ငါးယောက် ဖန်တီးလွှင့်တင်ထိန်းချုပ်ခဲ့တဲ့ ဖေ့စ်ဘွတ်က် Facebook စာမျက်နှာမှာ အိဂျစ်ပြည်သူ ၇၄၀၀၀ စာရင်းသွင်းမှတ်ပုံတင်ခဲ့ပါတယ်။ အများစုဟာ နိုင်ငံရေး လှုပ်ရှားတက်ကြွရေးနယ်ပယ်မှာ လူ သစ်တွေဖြစ်ပါတယ်။ အိဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီအလားအလာကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သက်ကြီးပိုင်းအိဂျစ်လူမျိုးတချို့ကတောင် အမေရိကန်ကောလိပ်ကျောင်းသားတွေ စတီထွင်ခဲ့တဲ့ လူမှုရေးပေါင်းသင်း သဟာယဖွဲ့မှု ၀က်ဘ်ဆိုက်ဟာ သမတ ဟော့စ်နီမူဘာရတ်ရဲ့ ၂၇ နှစ်တာအုပ်စိုးမှုကို ဆန့်ကျင်ဖို့ အီလက်ထရွန်နစ် နည်းပညာနဲ့စုစည်းတဲ့ အစပြုမှတ်ဖြစ်နိုင်လေမလားလို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဖေ့စ်ဘွတ်က် လှုပ်ရှားတက်ကြွသူတွေရဲ့ အတွေ့အကြုံက ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရတရပ်ကို ဆန့်ကျင် အတိုက်အခံပြုရာ မှာ နည်းပညာပိုင်းရဲ့ အကန့်အသတ်တွေကို ပြသခဲ့ပါတယ်။ မာဟာ ဟာ ပြီးခဲ့တဲ့နှစ်လအတွင်း နိုင်ငံရေးလှုပ်ရှားတက်ကြွမှုကြောင့် အဖမ်းခံရ တဲ့ အိဂျစ်နိုင်ငံသား ၅၀၀ ထဲမှာဘဲ လမ်းဆုံးသွားပြီး ကိုင်ရိုမြို့က ရဲစခန်းတခုထဲမှာ ကိုယ်တုံးလုံးချွတ် ထုတ်မှာဆွဲ အရိုက်ခံတဲ့အခြေ ဆိုက်ဖို့ သာများပါတယ်။
စီစဉ်ထားတဲ့သပိတ်တိုက်ပွဲရက်ဖြစ်တဲ့ မေ ၄ ရက် တနင်္ဂနွေနေ့ အရုဏ်မတက်မီမှာတော့ မာဟာရဲ့ ဖေ့စ်ဘွတ်က် လှုပ်ရှားမှုဟာ အချည်းနှီးဖြစ်သွားတဲ့အကြောင်း တစတစ ပေါ်လွင်လာပါတယ်။ မာဟာနဲ့ တခြားစည်းရုံးရေးသမားတွေက မိမိတို့နောက်လိုက်တွေရဲ့ စိတ်ဓာတ်တွေ ပြန်တက်လာအောင် ကြိုးစားကြပါတယ်။ တခုခုတော့လုပ်မှဖြစ်မယ်လို့ မာဟာက အင်တာနက်ပေါ်မှာပြောပါတယ်။ မနက် ၇ နာရီမှာတော့ မာဟာ ဟာ ကုလားထိုင်နောက်မှီပေါ်လှဲပြီး အဲဒီညအတွက် ပထမဆုံးအဖြစ်မျက်စိမှတ် တရေးအိပ်ခဲ့ပါတယ်။ နောက်တနာရီအ ကြာ ပြန်နိုးလာတော့ ကွန်ပျူတာမြင်ကွင်းမှာ သူ့စာမျက်နှာပိတ်ခံရပြီဖြစ်ကြောင်း စာတန်းကိုတွေ့ရပါတယ်။ သူဟာ အီးမေးတွေ စာတွေအ များကြီးပို့ခဲ့တာကြောင့် ဖေ့စ်ဘွတ်က်က သူ့ကို စပမ် (ကြော်ငြာ အမှိုက်စာ) စာပို့သမားလို့ သံသယဖြစ်ပြီး ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
အစ္စရာအက်ဘ်ဒဲလ်ဖာတာ ဟာ အသက် ၂၇ နှစ်အရွယ် လူသားရင်းမြစ်စီမံခန့်ခွဲရေးကျွမ်းကျင်သူဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံ ဘာမှမရှိပါဘူး။ “ဖေ့စ်ဘွတ်က်မိန်းကလေး” လို့လူသိများတဲ့ သူမဟာ မာဟာနဲ့တွဲပြီး အင်တာနက်ပေါ်က စည်းရုံးလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပါ တယ်။ အိဂျစ်နိုင်ငံရဲ့ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကန့်ကွက်ဆန္ဒပြတဲ့ ဧပြီ ၆ ရက်ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲကြဖို့ ပြည်သူအားလုံးကို အ တိအလင်းဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ ချည်မျှင်အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး အလုပ်ရပ် သပိတ် မှောက်ပွဲနဲ့ တိုက်ဆိုင်မိသွားတဲ့အခါ အိဂျစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အထူးခြားအကြီးကျယ်ဆုံး နိုင်ငံရေးဆန္ဒပြပွဲ ဖြစ်ပေါ်သွားပါတယ်။
ကိုင်ရိုမြို့တော်ကနေ နှစ်နာရီခရီးမှာရှိတဲ့ အဲလ်မာဟာလာအဲလ်ကူဘရာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြအရပ်သားတွေကို နှိမ်နင်းတဲ့အခါ အနည်းဆုံး နှစ်ယောက်သေပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မူဘာရတ်ရုပ်ပုံ ပိုစတာကြော်ငြာ ဘုတ်ကြီးတခုကို တွန်းလှဲပစ်တာကိုတွေ့ရတဲ့ အိဂျစ်ပြည်သူအများအပြားဟာ အံ့သြတကြီး ကြက်သီးမွှေးညှင်းထမိပြီး ဒါဟာ အိဂျစ်နိုင်ငံရဲ့ အလှည့်အပြောင်းဆုံချက်တခုကို ရောက်သွားပြီလားလို့ ထင်မိကြတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတလွှားမှာ အက်ဘ်ဒဲလ်ဖာတာ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ သူမ ထောင်ကထွက်လာတဲ့အခါမှာတော့ နိုင်ငံရေးကိုစွန့်လွှတ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီအခါ မာဟာကဘဲ မူဘာရတ်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ချိန်ရွယ်တဲ့ မေ ၄ ရက်ဆန္ဒပြပွဲကို ဦးစီးစီစဉ်ခဲ့ပါတယ်။
“ဖေ့စ်ဘွတ်က်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းဟာ အရင်က ဘယ်နိုင်ငံရေးပါတီမှာမှ မပါခဲ့ဖူးဘူး၊ ကျနော်တို့ဟာ နိုင်ငံရေးအုပ်စုမဟုတ် ဘူး” လို့ မာဟာက မေ (၄) ရက်ဆန္ဒပြပွဲမတိုင်မီ နှစ်ရက်အလိုက ပြောပြခဲ့တယ်။ “ကျနော်တို့ရဲ့ အဓိကလုပ်ငန်းတာဝန်က ပြည်သူလူထုတွေ မိမိတို့အခွင့်အရေးကို သိမြင်နားလည်လာပြီး ကိုယ့်ကိုတုပ်နှောင်ထားတဲ့ လက်ထိပ်တွေ သံခြေကျင်းတွေကို ဘယ်လိုရိုက်ချိုးရမလဲဆိုတာ သိလာအောင်လုပ်ဖို့ဖြစ်တယ်” လို့ဆက်ပြောပါတယ်။
အစိုးရက သူတို့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတယ်လို့ တွက်ဆမိတဲ့အတွက် ခေါင်းဆောင်တွေက ခရမ်းသီး၊ သခွားသီး စတဲ့ နိုင်ငံရေးပုံမပေါက်တဲ့ နာမယ်တွေနဲ့ ဖေ့စ်ဘွတ်က်အုပ်စုခွဲလေးတွေ ထပ်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ အင်တာနက်ပေါ်မှာ အယူအဆတွေ ဖလှယ်ကြ၊ မဟာဗျူဟာတွေ ဆွဲကြပါတယ်။ မွတ်စလင်နိုင်ငံရဲ့ အလုပ်ပိတ်ရက် မဟုတ်တဲ့ တနင်္ဂနွေနေ့ မေ (၄) ရက်မှာ အိမ်ပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲမှာဘဲ နေကြဖို့ပြည်သူလူထုကို ပန်ကြားဆော်သြခဲ့ပါတယ်။ သတ္တိအရှိဆုံးလူတွေကတော့ သတ်မှတ်ထားတဲ့နေရာတွေမှာ စုဝေး ပြီးဆန္ဒပြကြဖို့ဖြစ်ပါတယ်။ စုဝေးဖို့နေရာ တွေကို ဖုံးမက်ဆေ့ဂ်ျတွေနဲ့ အကြောင်းကြားဖို့ စီစဉ်ထားပါတယ်။ သတ္တိသိတ်မရှိသူတွေကိုတော့ အ နက်ရောင်တီရှပ်တွေ ၀တ်ကြဖို့သို့မဟုတ် အိဂျစ်နိုင်ငံတော်အလံတွေ မိမိတို့အိမ်တံခါးပေါက်တွေ အိမ်ခေါင်မိုးတွေမှာ ထောင်ဖို့ဆော်သြထားပါ တယ်။ အကြမ်းဖက်ရေးလှုံ့ဆော်မှုတွေအားလုံးကို ဆန္ဒပြပွဲစည်းရုံးစီစဉ်သူတွေက ပယ်ဖျက်ပစ်ခဲ့ပါတယ်။
မာဟာ့အပြောအရ အတက်ကြွဆုံး အခိုင်မာဆုံးလူ အများအပြားဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ ကိုင်ရိုကောလိပ် ဒုတိယနှစ်ကျောင်းသူ အစဏရားမူစတာဖာ ဟာ အသက် ၁၈ နှစ်ရှိပြီး တခါမှဆန္ဒမပြခဲူ့း၊ လှုပ်ရှားမှုတခုခုမှာ မပါခဲ့ဖူး၊ မဲမပေးခဲ့ဖူးပါဘူး။ သူမဟာ ဖေ့စ်ဘွတ်က်အုပ်စုထဲ စကတည်းကပါခဲ့ပါတယ်။ သူမကို ဧပြီ ၆ ရက်မှာ ရဲက ခဏထိန်းသိမ်းခဲ့ပါတယ်။ အဲသလို အဖမ်းခံရလို့ သူမစိတ်ဓာတ်က ပိုခိုင်မာသွားပါတယ်။ “ကျမလုပ်နေတာ ကျမရဲ့ ဥပဒေနဲ့ညီတဲ့အခွင့်အရေးဖြစ်တယ်ဆိုတာ ကျမသဘော ပေါက်သွားတယ်” လို့ မူစတာဖာက ပြောတယ်။
လှုပ်ရှားသူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲက တချို့ကို သဘောပေါက်ကြပါတယ်။ စိန်ခေါ်မှုတခု ကတော့ အိဂျစ်ပြည်သူ သန်း ၈၀ မှာ လေးပုံတပုံကျော်ဟာ စာမတတ်ဘဲ လူဦးရေရဲ့ ၈ ရာခိုင်နှုန်းဘဲ အင်တာနက်သုံးနိုင်တယ်ဆို ဖြစ်ပါ တယ်။ ဒါကြောင့် ဆန္ဒပြပွဲအကြောင်း သတင်းပျံ့နှံ့အောင် ဖေ့စ်ဘွတ်က်အုပ်စုဝင်တွေက နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ကြွေးကြော်သံတွေ လှုံ့ ဆော်စာတွေရေးဖို့၊ နဖူးစည်းစာတမ်းတွေ အလံတွေ တံခွန်တွေလွှင့်ထူဖို့ အားပေးခဲ့ပါတယ်။ ငွေစက္ကူတွေ၊ အထူးသဖြင့် ဆင်းရဲသားပြည် သူတွေ အသုံးများတဲ့ တန်ဖိုးနိမ့်ငွေစက္ကူတွေပေါ်မှာ ကြွေးကြော်သံတွေရေးတာမျိုးလည်း လုပ်ကြပါတယ်။
မေ ၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မာဟာ၊ မူစတာဖာနဲ့ ဖေ့စ်ဘွတ်က်အုပ်စုဝင်နောက်တယောက်ကို ကိုင်ရိုမြို့လယ်မှာ ပထမ တော့ နောက်ယောင်ခံလိုက်ခဲ့ပြီး နောက်ပိုင်းမှာ အတင်းလိုက်ဖမ်းခဲ့ပါတယ်။ မာဟာက ဆိုင်တဆိုင်ထဲဝင် ကိုယ်ရောင်ဖျောက်ပြီး လွတ်သွားပါ တယ်။ မူစတာဖာကတော့ ကိုင်ရိုမြေအောက်ရထားဘူတာရုံထဲ ၀င်ပြေးပြီး အမျိုးသမီးသီးသန့်တွဲပေါ်တက်ပြေးတဲ့အခါ နောက်ကလိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေကို တခြားရထားစီး အမျိုးသမီးတွေက ပိတ်ဆို့ကာဆီးပေးလို့ လွတ်သွားပါတယ်။ မာဟာ ဟာမိမိရဲ့ သုံးလသမီးနဲ့ ဇနီးကို နှုတ်ဆက်ပြီး မြေအောက်ပုန်းလျှိုးရပါတော့တယ်။
ဝါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်သူလူထုတွေကို အိမ်ပြင်မထွက်ဘဲနေဖို့ ဖေ့စ်ဘွတ်က်အဖွဲ့က ဆော်သြတာကို ပျက်ရယ် ပြုကြပါတယ်။ ဒါဟာ မလှုပ်မယှက်မတက်မကြွလူမျိုးတမျိုးက ပိုပြီးမလှုပ်မယှက် မတက်မကြွတဲ့နည်းနဲ့ ဆန္ဒပြတာဖြစ်တယ် လို့ဝေဖန်ပါတယ်။
မေ ၄ ရက်နီးလာတာနဲ့အမျှ အစိုးရဘက်ကလည်း လှုပ်ရှားလာပါတယ်။ မဟာလာချည်မျှင်စက်ရုံအလုပ်သမားတွေကို ဘောနပ်စ် ဆုကြေးတွေပေးတာ၊ အစိုးရ၀န်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးပေးတာတွေလုပ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုအပေါ် မကျေနပ်မှုတွေကို တစုံတရာလျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဆဲလ်ဖုံးကုမ္ပဏီတွေကို မက်ဆေ့ဂ်ျ ပို့တာတွေအားလုံး ပိတ်ပင်ဖို့၊ နာမည်မှတ်ပုံမတင်တဲ့ ဖုံးပိုင်ရှင်တွေအတွက် အသံပို့ဆက်သွယ်မှုအားလုံးကို ပိတ်ပင်ဖို့အမိန့်ထုတ်ပါတယ်။ မူဘာရတ်ရုပ်ပုံ ကြော်ငြာဘုတ်ကြီးကို ဖြိုလှဲချနေတဲ့ ဓာတ်ပုံတွေ ဖြန့်ချိထုတ်လွှင့်တဲ့ ရုပ်သံလွှင့်သမား တဦးကိုလည်း တရားစွဲခဲ့ပါတယ်။
မေ ၄ ရက်မနက် အိပ်ရာကနိုးလာတော့ ကိုင်ရိုမြို့သားတွေဟာ အဓိကလူစည်ကားရာနေရာတွေမှာ ကြော်ငြာ ဘုတ်အသစ်ကြီး တွေ မြင်ရပါတယ်။ “လူငယ်တွေ အိဂျစ်ပြည်ကို ချစ်ကြသည်။” “တွေးခေါ်တတ်သောပြည်သူများက ဖန်တီးကြသည်၊ မဖျက်ဆီးကြ။” လို့ ရေးထားပါတယ်။
မေ ၄ ရက် နေ့လည် ၂ နာရီမှာ ကိုင်ရိုမြို့လယ်လမ်းတွေပေါ်မှာ ထုံးစံအတိုင်း ကားတွေပြည့်ညပ်နေပါတယ်။ လူထုဆန္ဒပြပွဲဖြစ် မယ့်လက္ခဏာတော့ လုံးဝမတွေ့ရပါဘူး။ မာဟာကမြို့ထဲ ကားတစီးနဲ့လှည့်ကြည့်နေရင်း ဇနီးဆီကဖုံးခေါ်တာကို ပြန်ဖြေရပါတယ်။ ဇနီးသည် က သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အင်မတန့်ကို စိုးရိမ်ပူပန်နေပါတယ်။ သူမဟာ ကလေးငယ်ကိုခေါ်ပြီး မိဘတွေအိမ် ပြန်သွားနေခဲ့တယ်လို့ မာဟာကို ပြောပြတယ်။
အဓိကဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ကိုင်ရိုမြို့ထဲကနေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသင့်နေရာယူထားပါတယ်။ အဲဒီမှာ အ နက်ရောင်တီရှပ်တွေ ၀တ်ထားတဲ့ လူငယ်လေး - ငါးယောက်က လက်ကမ်းစာရွက်တွေ ဝေကြပါတယ်။ အမျိုးသမီးတချို့က ရဲတွေ လုံထိန်း တွေဝိုင်းထားတဲ့ကြားထဲက ကြွေးကြော်သံတွေအော်ကြတယ်။ လူငယ်အမျိုးသားနှစ်ယောက်က အဲဒီအမျိုးသမီးတွေဆီ သွားပေါင်းဖို့လုပ်တဲ့အ ခါ ရဲတွေက တွန်းထုတ်ပစ်လိုက်ပါတယ်။ မြို့တော်တွင်း တခြားနေရာတွေမှာလည်း တချို့ကတော့ ဆန္ဒပြဖို့လှုံ့ဆော်ထားတဲ့အတိုင်း လိုက် လုပ်ကြပါတယ်။
ဆင်းရဲသားတွေက လူလတ်တန်းစားတွေထက်ပိုပြီး ဆန္ဒပြပွဲရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်လို့ အင်ဘာဘာ ဆင်းရဲသားရပ် ကွက်က အသက် ၂၂ နှစ်အရွယ် ဟစ်ဘာအီမမ်က ပြောပါတယ်။ “အင်တာနက်တက်တဲ့လူတွေက တကယ့်ဒုက္ခကို မခံစားရဘူးရှင့်။ ဆန်ရဖို့ တန်းစီတိုးရတာတွေကို သူတို့မသိဘူး” လို့သူမကပြောတယ်။ သူမဟာ တနင်္ဂနွေနေ့ခင်းကျမှ အိမ်ပြင်ထွက်လာတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က် အကြောင်း သူမကြားဖူးတယ်။ ဒါပေမဲ့ သူမနေတဲ့ ရပ်ကွက်က လူအများကတော့ ဖေ့စ်ဘွတ်က်ဆိုတာကို တခါမှမကြားဖူးပါဘူး။
ညနေစောင်းခါနီးတော့ ဖေ့စ်ဘွတ်က်ဝက်ဘ်ဆိုက် ဆန္ဒပြရေးစာမျက်နှာမှာ မှတ်ပုံတင်ထားသူ ၇၄၀၀၀ မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဘဲ လူစုဝေးပြီးဆန္ဒပြဖို့ စိတ်အားထက်သန်တာ ကျန်ပါတော့တယ်။ အဲဒီထဲမှာ မာဟာ မပါ ပါဘူး။
မူစတာဖာကို ရဲတွေက ပင်မဆန္ဒပြနယ်မြေက မောင်းထုတ်ခံလိုက်ရပြီးနောက် မာဟာဆီဖုံးဆက်ပါတယ်။
“ငါ ဘာလုပ်ရမလဲ။”
“အိမ်ဘဲပြန်လိုက်ပါ” လို့ မာဟာကပြောလိုက်တယ်။
ညနေစောင်းတဲ့အခါမှာတော့ မူစတာဖာငိုနေပါပြီ။ နာကျည်းခါးသီးစွာနဲ့ သူမနာမည်ကိုဖေ့စ်ဘွတ်အုပ်စုထဲက ပယ်ဖျက်ပစ်လိုက်ပါ တယ်။ ဒါပေမဲ့ နာရီအနည်းငယ်ကြာပြီးနောက်မှာ အုပ်စုထဲပြန်ဝင်ဖို့ မှတ်ပုံတင်ပြန်ပါတယ်။
နောက်တနေ့ဖြစ်တဲ့ မေ ၅ ရက်မှာတော့ အိဂျစ်အစိုးရက လောင်စာဆီဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းမက တိုးမြှင့်လိုက်ခြင်းဖြင့် အိဂျစ်ပြည်သူတွေကို အငိုက်မိသွားစေခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ မာဟာက သူ့မိသားစုမနေတော့တဲ့အိမ်ကို ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အသွားမှာ ရဲတွေဖမ်းတာ ကို ခံလိုက်ရပါတယ်။ ဒီနောက် ရဲတွေနဲ့လုံထိန်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီကနေ ကြာသပတေးနေ့ မနက် ၃ နာရီအထိ သူ့ကိုရိုက် နှက်ပါတယ်၊ ကိုယ်တုံးလုံးချွတ်၊ ကြိုးချည်ပြီး ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲပါတယ်၊ ယောက်ျားချင်း မုဒိမ်းကျင့်မယ်လို့လည်း ခြိမ်းချောက်ခဲ့ပါ တယ်။ သူတို့က ဖေ့စ်ဘွတ်က်အုပ်စုထဲဝင်တဲ့ ပါ့စ်ဝါဒ်တွေတောင်းတယ်။ အုပ်စုဝင်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ နာမယ်ရင်းတွေတောင်း တယ်။ တကယ်တော့ ဖေ့စ်ဘွတ်က် အုပ်စုတွေမှာ ပါ့စ်ဝါဒ်မလိုပါဘူး။
မာဟာ ပြန်လွတ်လာတဲ့အခါ ပွန်းပဲ့ရာတွေ အသဋိုးရာတွေ ပါလာတဲ့အပြင် နားတဖက်လည်းလေးသွားပါတယ်။
“ဒီတခါတော့ မင်းနားရွက်ကို ဆွဲရုံဘဲဆွဲလိုက်တာကွ။ နောက်တခါကျရင်တော့ တကယ်ချမှာ” လို့ လုံထိန်းအရာရှိ တယောက်က မာဟာကို ပြောလိုက်ပါသတဲ့။

ဂါမဏိ
ရည်ညွှန်း။ ။ ၀ါရှင်တန်ပို့စ် သတင်းစာ၊ မေ ၁၈ ရက် ၂၀၀၈

အပြည့်အစုံသို့...

Monday 1 September 2008

မြင့်မြင့်စန်း ဇာတ်လိုက်ဖြစ်ပြီ

http://www.naytthit.com ..... မှ

မာရေကျောရေနိုင်တဲ့ကောင်လေ
ဘာဖြစ်လဲ
ချော်ကျရင်တောင် မှော်ထနေဦးမယ့်ကောင်။

ဆန္ဒစွဲအရ ပြောကြစတမ်းဆိုရင်
သူပုန်ထပွဲကြီး ချိမ့်ချိမ့်သဲသဲ ကျင်းပလိုက်ချင်တာပါပဲ။

ငါ့ကို
ကန့်လန့်တိုက်တယ်လို့ မပြောကြနဲ့
ရန်သူကို ရန်သူလို့ မခေါ်ရဲတဲ့ကောင်တွေကို တိုက်မယ်
မြေထုလိုမစွဲမြဲရင် လေထုလို အသဲကွဲရမယ်
ဘုရားသခင်က မောင်ရင်တို့ကို ကျော်မကြည့်ခဲ့
ဘယ်လောက်ပဲ ပူလောင်ပါစေ ရင်ခွဲရုံမှာတော့ ဇိမ်မရှိဘူး
တပ်ကြပ်ကြီးအထာ လာလုပ်မနေနဲ့။

မြင့်မြင့်စန်းရေ …
မင်းက ငါ့ကို
တင့်တင့်တယ်တယ် လူရာဝင်စေချင်သတဲ့
ဟုတ်စ
မင်းက ငါ့မိန်းမဆက်ဖြစ်နေဦးမယ့်သူပါကွယ်
မညံ့နဲ့။

မြင့်မြင့်စန်းရေ … မိန်းမရေ
မင်းသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ
ဟိုစာစောင် ဒီစာစောင်မှာပါလာတော့
မင်းရဲ့မျက်နှာ တညှို့တထွာ
အားမငယ်စမ်းပါနဲ့ မိန်းမရာ
မင်းကို ငါ
ကဗျာထဲမှာ ထည့်ရေးပြီ။

ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံသို့...

အရက်သောက်ရင် ယူအန်လျှောက်မယ်

http://www.naytthit.com ..... မှ

ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ကျနော်တို့ကျောင်းသားလူငယ်တွေ တောထဲတောင်ထဲကို ရောက်လာခဲ့ကြပြီး အဲဒီကမှ အကြောင်းအမျိုးမျိုးနဲ့ အကြောင်းကြောင်းကြောင့် တတိယနိုင်ငံတွေမှာသွားပြီး အခြေချဘို့ဖြစ်လာ ကြတယ်မဟုတ်လား။
အစပိုင်းတုန်းက ယူအန် ဒုက္ခသည်အဖြစ်လျှောက်တယ်ဆိုတာ ဗန်ကောက်မှာပဲရှိတာ အဲဒီတော့ ဒုက္ခသည်လျှောက်ချင်ရင် ဗန် ကောက်တက်ကြရတယ်။ ယူအန်ရုံးက လက်ခံတယ်ဆိုရင် ဘတ်ငွေ ၃၀၀၀ ရမယ်။ နေစရာကတော့ ကိုယ့်ဟာကိုယ်ငှားနေပေါ့။ ဒီလိုနည်းနဲ့ ဗန်ကောက်ထဲမှာ ဗမာပြည်က ကျောင်းသားလူငယ်တွေ ပြန့်နှံ့နေကြတယ်။

နောက်ပိုင်း ထိုင်းအစိုးရနဲ့ယူအန်က ဗန်ကောက်ထဲမှာ ဗမာပြည်သားတွေအတွက် မနီလွိုင်း ဒုက္ခသည်စခန်းဆိုတာဖွင့်လိုက်တယ်။ ဗန်ကောက်မှာ ဒုက္ခသည်အဖြစ်တင်ထား သူလျှောက်ထားသူးမှန်သမျှ ဒီစခန်းကိုဝင်ကြရတယ်။ ဒီစခန်းက နေစရာ စားစရာပေးမယ် အသုံး စားရိတ်အဖြစ်ငွေနည်းနည်းပေးတယ်။ ဒီစခန်းကိုဝင်တဲ့ ဒုက္ခသည်ကိုပဲ တတိယနိုင်ငံထွက်ဘို့ စဉ်းစားပေးမယ်ဖြစ်လာတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ရောက် နေတဲ့သူတွေရော ကျနော်တို့ကျောင်းသားလူငယ်တွေပါ ယူအန်ဒုက္ခသည်အဖြစ်ခံယူချင်ရင် မနီလွိုင်း စခန်းကိုဝင်ကြရတယ်။ နယ်စပ်က လျှောက်ချင်တဲ့သူတွေကလည်း နယ်စပ်နဲ့နီးတဲ့မြို့တွေကနေတဆင့် ဗန်ကောက်ကိုတက်ကြတယ်။
အဲဒီအချိန် လူတွေက တက်ကြွတဲ့အရွယ်တွေလေ လုပ်မယ်ဆိုလဲဇွတ်ပဲ မလုပ်ဘူးဆိုလဲ အရှင်းဒိုးမယ်ဆိုလဲမြန်တယ်။ တခုခုလုပ် တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင် လှည့်ကြည့်စရာ အတွယ်အတာတွေ ချိုင့်တွေအဆင့်တွေ မရှိသေးဘူး။ ခုတော့ အချိန်တွေကြာလာတာ နဲ့အမျှ အိမ်ထောင်တွေကျ သားသမီးတွေရ အရင်လို ဒုန်းဒုန်းဒိုင်းဒိုင်းလုပ်မရတော့ဘူးလေ တခုခုလုပ်တော့မယ်ဆို အတွေစအမျှင်တန်းတွေ တသီတတန်းနဲ့ပေါ့။
၂၀၀၃/၂၀၀၄ ကာလမှာ ယူအန်ဒုက္ခသည်ရုံးတွေဟာ ထိုင်းနယ်စပ်မြို့တွေထိရောက်လာကြတယ်။ နယ်စပ်ကလူတွေရော ဒုက္ခ သည်စခန်းမှာ နေထိုင်နေတဲ့လူတွေပါ ဒုက္ခသည်အဖြစ်နဲ့ တတိယနိုင်ငံသွားချင်တယ်ဆိုရင် ယူအန်ရုံးရှိတဲ့နယ်စပ်မြို့တွေမှာ သွားရောက် နေ ထိုင်ပြီးဆက်သွယ်ကြတယ်။ တတိယနိုင်ငံထွက်ခွင့်ရရင်လည်း သွားကြပေါ့။ အရင်လို ဗန်ကောက်ရောက်အောင် သွားစရာမလိုတော့ဘဲ နယ် စပ်မြို့တွေမှာတင် ကိစ္စပြီးတဲ့အတွက် အလွန်အဆင်ပြေတယ်လေ။ ဒုက္ခသည်အဖြစ်လျှောက်တဲ့လူတွေထဲမှာ နယ်စပ်ဒုက္ခသည်တွေ တောထဲ ကရဲဘော်တွေချည်းမဟုတ်ဘူး။ နယ်စပ်မြို့တွေမှာ နေထိုင်နေကြတဲ့ လူတွေပါလျှောက်ကြတာ။ တောထဲကရဲဘော်တွေ နယ်စပ်ဒုက္ခသည် ခန်း လူတွေကတော့ ရှင်းတယ် ယူအန်လျှောက်တဲ့ရည်ရွယ်ချက်ကိုက တတိယနိုင်ငံသွားမှာဖြစ်တယ်။ မြို့ပေါ်က ဒုက္ခသည်အဖြစ်လျှောက်တဲ့ လူတွေထဲမှာတော့ တတိယနိုင်ငံကို သွားချင်ကြတာလဲပါတယ်။ ထိုင်းရဲအဖမ်းမခံရအောင် လျှောက်ထားချင်တာလဲပါတယ်။ ထိုင်းရဲက စစ် လားဆေးလားနဲ့ရစ်လာရင် ယူအန် ဒုက္ခသည် လက်မှတ်ပြလိုက်တာနဲ့ နည်းနည်းတော့သက်သာတယ်။
အရင်တုန်းက လူတွေက တကိုယ်တည်းသမားတွေမဟုတ်လား။ လုပ်စရာရှိရင် ပြတ်ပြတ်ပဲ။ ခုတော့အိမ်ထောင်တွေနဲ့။ ယူအန် လျှောက်ထားတော့လည်း ကိုယ်တယောက်တည်း မဟုတ်တော့ဘူး။ အတွယ်အတာတွေနဲ့လေ။ တတိယနိုင်ငံကို ကိုယ်ကမသွားချင်တောင်မှ ကိုယ့်ရဲ့မိန်းမက သွားချင်းရင်သဘောထားခွဲပြီးသွားပေးလို့ရတယ်။ ကိုယ့်သားသမီးကလည်း အသက် ၁၈ နှစ်ပြည့်ရင် ခွဲပြီးသွားချင်သွားလို့ရ နေတယ်။ ကိုယ်မလိုက်လည်း မိန်းမက “ဘိုင့်ဘိုင်” လုပ်ပြီး လစ်သွားလဲဖြစ်နေတဲ့အခြေအနေ။
၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ တရားဝင် ဒုက္ခသည်ဖြစ်ရေးနဲ့ တတိယနိုင်ငံသွားအခြေချရေးတွေဟာ နယ်စပ်ဒုက္ခသည်စခန်း တွေထဲထိရောက်လာတယ်။ အဲဒီအချိန်မှာတော့ ယူအန်ဒုက္ခသည် ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ ဒီစခန်းတွေမှာနေမယ်ဆိုရင် တရားဝင်ဒုက္ခအဖြစ် အသိမှတ်ပြုခံထားရသူမှ နေထိုင်ခွင့်ရှိတယ် တတိယနိုင်ငံသွားပြီး အခြေချဖို့ သဘောထားပေးပိုင်ခွင့်ရှိတယ်။ ဒီလိုနဲ့ပဲ စခန်းတွင်းမှာ နေထိုင်နေကြတဲ့လူတွေအားလုံး တရားဝင်ဒုက္ခတွေလည်းဖြစ် တတိယနိုင်ငံကိုသွားခွင့်ရှိသူတွေလည်း ဖြစ်ကုန်ဆိုပါတော့။ ခု ကာလက တတိယနိုင်ငံကိုသွားပြီး အခြေချဘို့ အခွင့်အရေးတွေရကြတော့၊ တအိမ်ထောင်တည်းမှာပဲ တယောက်ကသွားမယ် တယောက်က မသွားဘူး။ လင်မယားနှစ် ယောက်စလုံးကသွားချင်တာတောင် ယောက္ခမလုပ်သူက ငါသေမှပဲသွားလို့ ဆိုတာမျိုးတွေ လည်းရှိသေးတယ်။
အရင်က ကျနော်တို့အိမ်ထောင်ရေးတွေမှာ ယောက်ကျားနဲ့မိန်းမ စကားများတာပဲဖြစ်ဖြစ် ရန်ဖြစ်တာပဲဖြစ်ဖြစ် ရက်အတော်ကြာ တယောက်နဲ့တယောက် စိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောဘဲနေကြရုံပဲ။ ယောက်ကျားကိုစိတ်တိုင်းမကျတာ စိတ်တိုစရာတွေတွေ့ရင် ဆောင့်အောင့်ပြီး အိုးခွက်တွေကို ဂလုံးဂလွမ် လုပ်ပြီးအသံပေးလိုက်တယ် အဲဒီလောက်ပဲ။
နေညိုရင်ဖြင့် လေပြိုတတ်တဲ့ အပေါင်းအသင်းရောင်းရင်း ယမကာဆွေသဟာတိုင်း “ညမူကလိုး” နဲ့ အဖေါ်လုပ်ရမြဲလေ။ ကျနော် တို့နေတဲ့စခန်းထဲမှာက “ညမူကလိုး” ဆိုတဲ့ တောအရက်ကလည်း ဈေးပေါတော့ ကျနော်တို့အဖွဲ့တွေနဲ့ အကိုက်ဖြစ်နေတာပေါ့။ ညနေစောင်း ပြီဆိုရင်ပဲ ပလပ်စတစ်အိတ်ထဲက အရက်ကို အချိုရည်ဗူးခွံကြီးထဲကိုထဲ့ အချိုရည် သုံးဘတ်တန်တဗူးနဲ့ရော လူလေးငါးယောက်ဝိုင်းထိုင်ပြီး ခွက်သေးတလုံးနဲ့ ပတ်ကြတယ်။ “ညမူကလိုး”အရှိန်ရလာတော့ တွေ့ကရာရှစ်သောင်းပြောရင်းနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး ဒုက္ခသည်အရေး၊ အရေးတကာ့အရေးတွေကို “ညမူကလိုး” နဲ့ မြည်းကြ အရက်ကုန်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပေါ့။
အိမ်ရောက်တော့ မိန်းမမျက်နှာမကောင်းတော့ဘူး။ ဘယ်ကောင်းမလဲ မကြိုက်တာလုပ်လာတာကိုး။ အရင်က ဒီလိုအခြေအနေ ဖြစ်လာရင် စိတ်ကောက်ပြီး နှစ်ရက်လောက် စကားမပြောပဲနေရောမဟုတ်လား။ ဒီညတော့ မိန်းမပြောလာတာက … “တော် ဒီအရည်တွေ သောက်နေအုံးမယ်ဆိုရင် ကျမယူအန်တင်ပြီး နိုင်ငံခြားသွားမယ်” ဟု ပြောလာပါတော့တယ်။ ယူအန်တင်မယ်အသံကြားလိုက်တာနဲ့ ဆံပင် တွေဘာတွေထောင် အမူးတွေဘာတွေပျောက်ပေါ့။ ဒီကိစ္စကအလွန်အရေးကြီးတယ်လေ မြန်မြန်ရှင်းရမယ်။
“မိန်းမနဲ့ကွာ မသောက်နဲ့တော့ဆိုလည်း ရပါတယ်ကွ မင်းတင်မယ့် ယူအန်ကြီးတော့ မလုပ်လိုက်ပါနဲ့ကွာ” ဟု မိန်းမကိုသွက်သွက် ကလေးချော့လိုက်ရတယ်။ မသောက်တော့ဘူးလို့ ကတိပေလိုက်ရတော့ ညမူကလိုးနဲ့ ဝေးရမယ့်အရေး စိတ်လေးနေမိတယ်။ တော်တော်နဲ့ လည်းအိပ်မပျော်နိုင်ဘဲ တောင်တွေးမြောက်တွေး စဉ်းစားစရာ အမျှင်တန်းတွေ ခေါင်းထဲရောက်လာတယ်။
ကျနော်တို့တွေ ကျနော်တို့တွေ နအဖရဲ့ တိုင်းပြည်အပေါ် လူထုအပေါ်ကိုစနစ်တကျ ယုတ်မာခဲ့ပုံတွေကို အသံနဲ့တမျိုး ဓါတ်ပုံနဲ့ တသွယ် သတင်းနဲ့တဖုံ ဗွီဒီယိုနဲ့တနည်း နောက်ဆုံးခံစားခဲ့ရသူကိုယ်တိုင်တွေ့ဆုံမေးမြန်းနည်းနဲ့တချိမ့် ဒီလိုနည်းပေါင်းစုံနဲ့ တကမ္ဘာ လုံးကိုရော ယူအန်ကိုပါသိအောင် ယူအန်အနေနဲ့ နအဖကို အရေးယူဖိအားတွေပေးလို့ရအောင် နည်းအမျိုးမျိုးနဲ့တင်ပြခဲ့ကြတယ်မဟုတ်လား။
နအဖ က ယူအန်ကိုအရေးမစိုက်တဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှု ဒီပဲရင်အရေးအခင်း ရွှေဝါရောင်တော်လှန်ရေး စသည့် ရဟန်ရှင်လူကျောင်းသားပြည်သူ လှုပ်ရှားမှုများကို နှိမ်နင်းရင်း ထပ်ခါထပ်ခါ ညှဉ်းပမ်းသတ်ဖြတ် ဖမ်းဆီးမှုတွေကို ဆက်လက်လုပ်ပြနေဆဲပါ။ နအဖ ကတော့ ယူအန်ကို မကြောက်ရေးချမကြောက်။ ခုတော့ နအဖ က ယူအန်ကိုမကြောက်ရပဲ ယူအန်ကို နအဖ က အရေးစိုက်လာအောင်လုပ်ခဲ့တဲ့ ကြိုးစားခဲ့ကြတဲ့ ကျနော်တို့သာ ယူအန်နဲ့ အနီးကပ်ချိမ်းခြောက် တာကိုခံနေရပါရောလား။ နဖူးပေါ်လက်တင်စဉ်းစားလိုက်တာ မိုးလင်းတာတောင်သတိမထားမိလိုက်ဘူ့။ “တုံ” “တုံ” “တုံ” “တုံ” “တုံ” “တုံ” ရပ်ကွက် ဂိုဒေါင်ဘက်က တုံးခေါက်သံကြားရတယ်။
“ယောက်ကျားရေ … ဒီနေ့ဆန်ထုတ်မယ်ထင်တယ်တော့ ဂိုဒေါင်မှာတုံးခေါက်နေပြီ”

(ခန့်အောင်)

အပြည့်အစုံသို့...