ကျနော်ဆိုလိုတာက စစ်အုပ်စုရဲ့ခေါင်းထဲမှာ၊ စစ်ဗိုလ်ထိပ်သီးတွေရဲ့ ခေါင်းထဲမှာ အာဏာသိမ်းဖို့အကြံအစည်ဟာ နေ့ချင်းညချင်းအခြေအနေတခုအရ ပေါ်ပေါက်လာတာမဟုတ်ပါဘူး။
တကယ်က ဆိုရှယ်လစ်ပါတီထဲမှာ တိုင်းပြည်ကသိတဲ့တပ်မှူးရယ်လို့ သိပ်ရှိတာမဟုတ်ပါဘူး။ နောက်ပြီး သူတို့ကိုယ်တိုင်ကလည်း ဂျပန်တော်လှန် ရေးမှာ ဘာမှ ရွပ်ရွပ်ချွံချွံလုပ်ခဲ့တဲ့လူတွေမဟုတ်ဘူး။ အဲတော့ သူတို့မှာရုပ်ပြအနေနဲ့ ဗိုလ်နေ၀င်းကိုလိုလို့ ဗိုလ်နေ၀င်းကိုခေါ်ယူတာဖြစ်ပါတယ်။ ဗိုလ်နေ၀င်းကိုပဲ သန့်ရှင်းလက်ကနေ အာဏာသိမ်းခိုင်းလိုက်ရတာပဲ။ ဒီလိုနဲ့ ဗိုလ်နေ၀င်းဟာ အစိုးရလုပ်တဲ့အရသာကို သိသွားတယ်။ အစိုးရလုပ်တဲ့နည်းကို သိသွားတယ်။ အာဏာသိမ်းတဲ့နည်းကိုလည်း သိသွားတယ်။ ဒီလိုနဲ့ပဲ ဆိုရှယ်လစ်ပါတီကလူတွေဟာ သူရဲမွေးမိတာဖြစ်သွားပါတယ်။
အဲလိုနဲ့ ၅၈ ခုနှစ် အာဏာသိမ်းတဲ့အခါကျတော့ ဗိုလ်နေ၀င်းက သူကိုယ်တိုင်တောင် မသွားတော့ဘူး။ သူ့လက်ထောက်နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ် မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ကိုလွှတ်ပြီး ဦးနုကို လက်နက်ချခိုင်းတာပဲ။ ဒီအခါကျတော့ ဦးနုမငြင်းနိုင်တော့ဘူး။ ဗိုလ်နေ၀င်းဟာ နောက်နေတာမဟုတ်ဘူး ဆိုတာ သူသိသွားပြီ။ ဒါဟာ ဗမာပြည်သမိုင်းကဏ္ဍရဲ့ အစလို့ပဲ ပြောလို့ရမယ်ထင်ပါတယ်။
၁၉၅၈ ခုနှစ်အစောပိုင်းမှာ မိတ္ထီလာမှာကျင်းပလိုက်တဲ့ တပ်မှူးများညီလာခံဆိုတာတခုကို သာမန်လူတွေ သိပ်ပြီးမသိလိုက်ကြဘူး။ အခုခေတ်လူတွေ ဆိုရင် ကြားတောင်ကြားဖူးမှာ မဟုတ်ဘူးထင်ပါတယ်။ ဒါပေမယ့် အဲဒီညီလာခံဟာ နောင်ဗမာပြည်သမိုင်းအတွက် အင်မတန်မှ အရေးပါတဲ့ညီလာခံတခုဖြစ်နေ တယ်။ ဗမာပြည်သမိုင်းရဲ့ အကွေ့အချိုးတခုကို အဲဒီညီလာခံကနေ ဆုံးဖြတ်ပြဌာန်းလိုက်တာလို့ ဆိုနိုင်တယ်။
ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အဲဒီဆွေးနွေးပွဲတွေမှာ စစ်တပ်က ဗမာပြည်နိုင်ငံရေးထဲကို ခြေစုံပစ်ဖို့ ဗိုလ်နေ၀င်းတို့တစုက ဆုံးဖြတ်လိုက် တာပါ။ နောက်ပိုင်းမှာပြောတဲ့ ဗိုလ်နေ၀င်းမိန့်ခွန်းရဲ့ မိန်းခွန်းတခုထဲမှာ ... “မိမိတို့ တပ်ကထွက်ပြီး နိုင်ငံရေးပါတီတည်ထောင်၊ တိုင်းပြည်ကို ဦးဆောင်ဖို့ စီစဉ်ခဲ့ကြ သော်လည်း အချိန်မရပေ” လို့ ပြောခဲ့တာရှိပါတယ်။ သူညွှန်းတာက အဲဒီညီလာခံကို ညွှန်းတာဖြစ်တယ်။ ဒါကြောင့်မို့ စစ်တပ်ကအာဏာယူဖို့ဆိုတဲ့ စဉ်းစားနည်း ဖြစ်တယ်။ တလျှောက်လုံးသူတို့ခေါင်းထဲမှာ ကိန်းအောင်နေတဲ့အကြံဉာဏ်ဖြစ်တယ်လို့ ပြောနိုင်တယ်။ အပြင်မှာကျတော့သူတို့က ဦးနုကအာဏာလွှဲလို့ အာဏာ ကိုလက်ခံယူရတာပါလို့ ရှင်းပြနေတယ်။ ဒါပေမယ့်တကယ်က သူတို့ခေါင်းထဲမှာ တလျှောက်လုံးရှိနေတာ။ သူတို့တပ်တွင်းမှာ ဗိုလ်နေ၀င်းတို့က ၅၈ ခုနှစ် အာဏာ သိမ်းပွဲကို ရှင်းပြတဲ့အခါကျတော့ ကွန်မြူနစ်သူပုန်တွေ အစိုးရစည်းဝိုင်းထဲ ၀င်လာတာကို လက်မခံနိုင်လို့ အာဏာသိမ်းရတာပါလို့ ရှင်းပြတယ်။ ဆိုလိုတာ သူတို့ ညွှန်းတာက သန့်ရှင်းကို ပမညတက ထောက်ခံတာအပေါ်မှာ ရည်ညွှန်းတာလို့ ထင်ရပါတယ်။
အဲဒီလိုနဲ့ ကိုလိုနီအောက်ကလွတ်ကာစ ကျနော်တို့နိုင်ငံဟာ လွတ်လပ်ပြီးလို့ နှစ်လကျော်ကျော်အကြာမှာ ပြည်တွင်းစစ်လည်းဖြစ်ခဲ့ရတယ်။ ဆယ်နှစ် အကြာကျတော့ ပထမဆုံး အာဏာသိမ်းတာနဲ့ ကြုံရပြန်တယ်။
အဲဒီ အိမ်စောင့်အစိုးရလက်ထက် တနှစ်ခွဲဆိုတာသမိုင်းသဘောအရပြောရရင် ဘာမှမကြာဘူးလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီတနှစ်ခွဲဟာ နောင်နှစ် ပေါင်း ၄၀ ကျော်တည်တံ့နေမယ့် စစ်အာဏာရှင်တရပ် တည်ထောင်ရေးအတွက် ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရသွားတယ်လို့ပြောနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဓိက အကြောင်းရင်းတခုက ပြည်တွင်းမှာ ပြည်တွင်းစစ်ဖြစ်နေတယ်။ နောက်တခုက အာဏာရ ဖဆပလရဲ့ ပြဿနာ။
ဖဆပလဟာ ခေါင်းနှစ်လုံးနဂါးကြီးဗျ။ အဲဒီနဂါးကြီးရဲ့ ခေါင်းနှစ်လုံးဟာ တခေါင်းနဲ့တခေါင်း မတည့်ကြတော့ တခေါင်းကိုတခေါင်းက မကျေနပ်တာနဲ့ တခေါင်းက အဆိပ်သောက်သေလိုက်တာလိုပဲ။ အဆိပ်သောက်လိုက်တော့ နှစ်ခေါင်းလုံးတခါတည်း သေသွားရော။ အဲဒီလိုဖြစ်တာ။ တည်မြဲဖဆပလဟာ ခုနလို အဆိပ်သောက်သလိုပဲ စစ်အုပ်စုနဲ့ ပေါင်းလိုက်တဲ့အခါမှာ ဖဆပလနှစ်ခုလုံး (သန့်ရှင်းရော တည်မြဲရော) သေသွားရတာပဲဖြစ်တယ်။
ဖဆပလ အုပ်စိုးမှု ဆယ်နှစ်ဆယ်မိုးဟာ အဲဒီကာတုန်းက ဒီမိုကရေစီကလည်း ပျူစောထီးဒီမိုကရေစီလိုဖြစ်နေတာ။ ဒါကြောင့်မို့ ပြည်သူလူထုကလဲ အဲဒီဒီမိုကရေစီကို သိပ်မယုံကြည်ကြဘူးဖြစ်နေတာ။ ဒါကြောင့် ဒီမိုကရေစီရဲ့ အခန်းကဏ္ဍဟာလဲ မှေးမှိန်နေသလို လူထုဘက်မှာ သိပ်အားမရကြသလို ဖြစ်နေတာ။ အဲဒီအချိန်မှာ ဗိုလ်နေ၀င်းတို့ လုပ်ချင်တာလုပ်ဖို့ အခွင့်ပိုသာသွားစေတယ်လို့ ပြောလို့ရပါတယ်။
လမ်းခွဲမှုကြီးနှစ်ခု
ဒီကာလအတွင်းမှာ အထူးခြားဆုံးအဖြစ်အပျက်နှစ်ခု ရှိပါတယ်။ အိမ်စောင့်အစိုးရအဖြစ် အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ။
တခုက ဘာလဲဆိုတော့ ၁၉၆၀ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲဖြစ်တယ်။ အဲဒီရွေးကောက်ပွဲမှာ ပထစလို့ခေါ်တဲ့ ဦးနုရဲ့ပါတီက ၁၅၉ နေရာရတယ်။ ဖဆ ပလက ၄၁ နေရာရတယ်။ ဖဆပလရဲ့ ၄၁ နေရာဆိုတာ ၅၆ ခုနှစ်ရွေးကောက်ပွဲတုန်းက ပမညတ ရတာထက်တောင် နည်းသေးတယ်။ အဲတော့ ဒီရွေးကောက်ပွဲ မှာ ဦးနုကို (ပထစကို) လူထုက မဲတွေပုံအောပေးခဲ့တာဟာ တည်မြဲကို မကြိုက်တာသက်သက်မဟုတ်ဘူး။ တည်မြဲနောက်မှာ စစ်တပ်ပါနေတာကို လူထုကသိလို့ မကြိုက်တာဖြစ်တယ်။ ဦးဗဆွေက “ရွေးကောက်ပွဲ နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်” လို့ ပြောနေတာ။ သူပြောတာဟာ တပ်ထဲက ဆိုရှယ်လစ်ပါတီ ကလူတွေကို အားကိုးပြီးပြောနေတယ်ဆိုတာ ပြည်သူလူထုတရပ်လုံးက သိနေတယ်။
ဒါကို ကျနော်တခု ထောက်ပြချင်ပါတယ်။ ဒေါက်တာမောင်မောင်ရဲ့ “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ဆိုတဲ့ စာအုပ်ထဲမှာ ... “တချို့တည်မြဲဖဆပလ ခေါင်းဆောင်တွေက စစ်တပ်ထဲက တပ်မှူးတွေကိုညွှန်းရင် “တို့လူတွေ” လို့ ညွှန်းတတ်တယ်” လို့ ရေးထားပါတယ်။
နောက်တခါ အခုအမေရိကမှာ ရောက်နေတဲ့ကာနယ်ချစ်မြိုင်ကို Burma Debate က အင်တာဗျူးလုပ်တဲ့အခါမှာ ကာနယ်ချစ်မြိုင်က အခုလိုပြောပါ တယ်။ “တည်မြဲတွေ ရှုံးပြီးတဲ့နောက် တပ်မှူးတွေရန်ကုန်မှာ အစည်းအဝေးလုပ်ကြတော့ တပ်မှူးကြီးတချို့က “ဟာ ... တို့နိုင်မယ်လို့ထင်တာ” လို့ပြောကြသတဲ့။ “တည်မြဲ” လို့မသုံးဘူး။ “ငါတို့” လို့သုံးတာ” လို့ ကာနယ်ချစ်မြိုင်က ထောက်ပြတာဖြစ်ပါတယ်။ အဲဒီအင်တာဗျူးမှာပဲ ဗိုလ်နေ၀င်းက CIA ရဲ့လူလို့ အားလုံးနားလည် နေတဲ့ နေးရှင်းဦးလောရုံကို သက်သေထားပြီး တပ်မှူးကြီးတွေကို “မင်းတို့ ပုံအောတာမှားပြီလို့” ကြိမ်းတယ်ဆိုတာလဲ ဗိုလ်ချစ်မြိုင်က ပြောပြထားပါတယ်။ ဆိုလို တာက ဗိုလ်နေ၀င်းဟာ ဦးလောရုံရဲ့ သတင်းစာကိုလည်း အသုံးချတယ်။ ဦးလောရုံကတဆင့် အမေရိကန်ကိုလည်း ပြောပါလို့ အပြောခိုင်းပြီးတော့ ဒီလိုကြိမ်းပြ တာဖြစ်ပါတယ်။
နောက်တခုက ဗိုလ်နေ၀င်းဟာ အရေးကြီးတဲ့လမ်းခွဲမှုကြီး လုပ်ခဲ့တာပါ။ လမ်းခွဲမှုကြီးနှစ်ခုလို့ပြောရင်ရတယ်။ တခုက သူ့ကို အာဏာသိမ်းခိုင်းခဲ့တဲ့ ဆိုရှယ်လစ်ပါတီအုပ်စု။ သူ့အနေဲ့ အဲဒီအချိန်မှာ ဆိုရှယ်လစ်ပါတီအုပ်စုနဲ့ လမ်းခွဲတာ မခက်ခဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုရှယ်လစ်ပါတီဟာ ဗမာပြည်ထဲ မှာ လုံးဝနာမည်ပျက်နေပြီ။ လူထုမျက်စိထဲမှာ ဒီပါတီနဲ့ ပတ်သက်လို့အမြင်သိပ်ရှင်းသွားပြီ။ ၆၀ ခုနှစ်၊ ရွေးကောက်ပွဲမှာ ညစ်တဲ့အခါကျတော့ ပိုပြီးရှင်းသွားတယ်။ ခုနကပြောသလို ရွေးကောက်ပွဲနိုင်ဖို့အတွက် စစ်တပ်နဲ့ ပေါင်းလုပ်လိုက်တော့ အကျိုးဆက်က ဗြောင်းပြန်ဖြစ်သွားတာပေါ့။
အဲဒီလိုလူထုက မြောင်းထဲကိုပစ်လိုက်သလိုဖြစ်သွားတဲ့ ဖဆပလကိုဗိုလ်နေ၀င်းဟာ ဘာမှထောက်ထားစရာ၊ တွယ်တာစရာ မရှိတော့ဘူးလို့ ဆုံးဖြတ် လိုက်တယ်။ အဲဒီ ဖဆပလနဲ့သူဆက်ပြီး အမြီးချင်းတွယ်ထားရင် သူ့နာမည်ပျက်တော့မယ်ဆိုတာ သိလိုက်တယ်။ အဲတော့ တခါတည်း လမ်းခွဲပစ်လိုက်တယ်။
နောက်အကြောင်းရင်းတခုကလည်း ဖဆပလဟာအာဏာရှိသူတွေ မဟုတ်တော့ဘူး။ အာဏာမရှိရုံတင်မကဘူ၊ နောက်လည်း အာဏာနားပြန်မကပ် နိုင်တော့ဘူးဆိုတာလည်း ရှင်းသွားပြီ။ ဒါကြောင့် အဲဒီလူတွေနဲ့ပေါင်းနေရင် ကိုယ့်အတွက်အကျိုးမရှိဘူးဆိုတာ ဗိုလ်နေ၀င်းကသိသွားတယ်။ ဒါကြောင့်မို့လည်း ၆၂ ခုနှစ်၊ အာဏာသိမ်းတဲ့အခါမှာ ဖဆပလခေါင်းဆောင်တွေကို အများကြီးအရင်ဆုံးဖမ်းပစ်လိုက်တာ။ အဲလို ဖမ်းလိုက်တာဟာ “ခင်ဗျားတို့နဲ့ကျုပ်နဲ့ ပြတ်ပြီ” လို့ ပြော လိုက်တာတင်မကဘူး။ ကမ္ဘာကိုရော၊ ပြည်သူလူထုကိုပါ ကြေညာလိုက်တာဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ လုပ်တဲ့ မင်္ဂလာဒုံစစ်ရုံးချုပ်မှာ ၃ ရက်ကြာ အစည်းအဝေးတခုကျင်းပတယ်။ အဲဒီအစည်းအဝေးမှာ ဗိုလ်နေ၀င်း က တပ်မတော်ထိပ်သီး ၁၃ ဦးကို တပ်ကထုတ်ပစ်တယ်လို့ လုပ်လိုက်တယ်။ အဲဒီက ၈ ဦးကိုတော့ တည်မြဲဖဆပလနိုင်ဖို့အတွက် လူသိရှင်ကြားကူညီလို့ဆိုပြီး အ ကြောင်းပြတယ်။ ကျန် ၅ ဦးကိုတော့ ငွေရေးကြေးရေးပြဿနာကြောင့်လို့ အကြောင်းပြတယ်။ ဒါဟာ ဗိုလ်နေ၀င်းအနေနဲ့ စစ်အုပ်စုမျိုးဆက်သစ်တခု တည်ထောင် တော့မှာမို့ မျိုးဆက်ဟောင်းနဲ့ လမ်းခွဲလိုက်တာဖြစ်ပါတယ်။
နံပါတ်ဝမ်း
ဒီနေရာမှာ စစ်အုပ်စုရဲ့ လက္ခဏာတခုကို ပြောပြချင်ပါတယ်။
စစ်အုပ်စုဆိုတာမှာ နံပါတ်ဝမ်းရှိရပါတယ်။ အဲဒီနံပါတ်ဝမ်းဆိုတာ အတိအကျသတ်သတ်မှတ်မှတ်ရှိရတယ်။ သူ့ကို ကျန်တဲ့လူတွေအားလုံးက ၀န်းရံရ တယ်။ သူက သေဆိုသေ၊ ရှင်ဆိုရှင်။ Godfather လိုဟာမျိုးပဲ။ ဒါ ဗမာပြည်မှာသာမဟုတ်ဘူး။ အာဏာရှင် စပိန်က ဖရန်ကို၊ ချီလီက ပိုနိုရှေး၊ အာဖရိကက မိုဘူတူ၊ အကုန်လုံးဒါမျိုးတွေချည်းပါပဲ။ ၁၉၅၈ ခုနှစ်တုန်းကအာဏာသိမ်းကာစတုန်းက ဗိုလ်နေ၀င်းဟာ အာဏာရှင်အပြည့်မဖြစ်သေးဘူး။ ဆိုရှယ်လစ်ပါတီကို အားကိုးနေ ရသေးတယ်။ ဆိုရှယ်လစ်ပါတီက တပ်မှူးတွေကို ဖယ်ပြီး ၆၂ အာဏာသိမ်းတော့မှ သူဟာ အာဏာရှင်အပြည့်ဖြစ်လာတယ်လို့ ပြောရင်ရမယ်ထင်တယ်။
သူဟာ အဲဒီလို နံပါတ်ဝမ်းဖြစ်ဖို့အတွက် ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်အောင်ရွှေစတဲ့လူတွေကို တပ်ထဲကဖယ်ပစ်တာပဲ။ အဲဒါတွေဖယ်ပစ်နိုင်မှ သူ့ဘေး မှာ သူ့ကိုပခုံးချင်းယှဉ်နိုင်မယ့်သူ တဦးမှမရှိတော့မှာ။ အာဏာရှင်ဆိုတာတွေက ဘယ်တော့မှသူတို့နဲ့ ပခုံးချင်းယှဉ်မယ့်သူ မမွေးဘူး။ အာဏာရှင်လက်ထက်မှာ အိမ်ရှေ့မင်းသားမရှိဘူး။ သူ့ရာဇပလ္လင်အခြိမ်းခြောက်ခံရပြီဆိုရင်၊ သူဆင်းပေးရတော့မလိုလို ဖြစ်ပြီဆိုတဲ့အခါမျိုးကျမှ သူ့စိတ်ကြိုက်လူကို သူ့ရဲ့အမွေဆက်ခံသူအ ဖြစ် ရွေးချင်ရွေးမယ်။ ဒါပေမယ့် ယှဉ်လျက်တော့ ဘယ်တော့မှ မထားဘူး။ ရှင်းပစ်တာချည်းပဲ။
ဒီနေရာမှာစပ်မိလို့ ဗိုလ်အောင်ကြီးအကြောင်း ထည့်ပြောချင်ပါတယ်။ ဗိုလ်နေ၀င်းဟာဆိုရှယ်လစ်ပါတီက စစ်ဗိုလ်တွေကို ဖြုတ်ရာမှာသူတဦးတည်းနဲ့ ရင်ဆိုင်လို့သိပ်ပြီးအားမလောက်တာနဲ့ ဗိုလ်အောင်ကြီးကို အသုံးချတဲ့သဘောရှိတယ်။ ဗိုလ်အောင်ကြီးကို အဲဒီထဲကခွဲထုတ်ခဲ့တယ်။ ကျန်တဲ့ဆိုရှယ်လစ်ပါတီခေါင်း ဆောင်တွေအကုန်လုံး တပ်ထဲကထုတ်ပစ်လိုက်တယ်။ ဗိုလ်အောင်ကြီးကိုတော့ ချန်ထားတယ်။ နောက်ပြီး ဗိုလ်အောင်ကြီးကိုယ်တိုင်လဲ သူနဲ့အတူတူလုပ်ခဲ့တဲ့တ လျှောက်မှာ ဗိုလ်မောင်မောင်တို့ထက် ဗိုလ်နေ၀င်းကို ပိုပြီးသစ္စာရှိတဲ့ပုံတွေလဲ ဖော်ပြတာရှိပါတယ်။ ဒါကြောင့်လဲ ဟိုတလောက ဗိုလ်ချုပ်မောင်မောင်ကို BBC က အင်တာဗျူးလုပ်တဲ့အခါကျတော့ ၅၈ ခုနှစ်၊ အာဏာသိမ်းတာနဲ့ပတ်သက်ပြီး ဗိုလ်အောင်ကြီးရဲ့ အခန်းကိုမေးတဲ့အခါမှာ ဗိုလ်ချုပ်မောင်မောင်က ... “ကိုအောင်ကြီး ဖယ်ထားလိုက်ပါဗျာ။ ကိုအောင်ကြီးမရှိပါဘူး။ သူကလည်း အာဏာသိမ်းတာတို့ ဘာတို့ဆိုတာမှာ တကယ်တမ်းသူကိုယ်တိုင် စွမ်းစွမ်းစစ မလုပ်နိုင်ပါဘူး” လို့ပြော ခဲ့တယ်။ ဆိုလိုတာက ဗိုလ်ချုပ်မောင်မောင်တို့နဲ့ ဗိုလ်အောင်ကြီးနဲ့ အဲဒီကတည်းက သိပ်တထပ်တည်း မဟုတ်လှဘူး ဆိုတာကိုပြောချင်တာ။
၆၂ အာဏာသိမ်းပြီးတဲ့အခါ၊ တပ်ထဲကနေ ဆိုရှယ်လစ်စစ်ဗိုလ်တွေကို ဖယ်ပြီးတဲ့အခါမှာ၊ အဲဒီစစ်ဗိုလ်တွေရဲ့အန္တရာယ်၊ ဖဆပလ ရဲ့အန္တရာယ်မရှိ တော့ဘူးဆိုတဲ့အခါမှာ ဗိုလ်နေ၀င်းအဖို့ ဗိုလ်အောင်ကြီးရဲ့ အသုံးဝင်တဲ့အခန်းကဏ္ဍဟာ မရှိတော့သလောက် ဖြစ်သွားပြီ။ တကယ်ကျတော့ ဗိုလ်အောင်ကြီးဟာ ၆၂ ခုနှစ်နောက်ပိုင်းမှာ သူ့ကိုယ်သူ ဗိုလ်နေ၀င်းပြီးရင် နံပါတ်တူးလို့ ယူဆထားတာ။ တချိန်မှာ နံပါတ်ဝမ်းဖြစ်ရမယ်လို့လဲ တွက်ချင်တွက်ထားမှာပေါ့။
ဒါပေမယ့်ခုနကပြေခဲ့တဲ့ ဗိုလ်ချုပ်ချစ်မြိုင်ရဲ့အင်တာဗျူးထဲမှာကျတော့ ဗိုလ်နေ၀င်းဟာ သမဂ္ဂအဆောက်အဦကြီးကိုဖြိုပြီးတဲ့နောက် နိုင်ငံခြားကိုထွက် သွားတယ်။ ဒါဟာ ဗိုလ်နေ၀င်း လုပ်လေ့လုပ်ထရှိတဲ့အတိုင်း သူတခုခုမဟုတ်တာလုပ်ပြီးရင် (ဒါမှမဟုတ်) လုပ်တော့မယ်ဆိုရင် အပြင်သွားပြီး ခေါင်းရှောင်နေတာ။ သူမပါဘူးဆိုတာမျိုး။ သူအဲလို နိုင်ငံခြားထွက်သွားတော့ သူ့နေရာဆက်ခံဖို့အတွက် ဘယ်သူတာဝန်ယူမလဲ။ သူမရှိဘဲ ဘယ်သူတာဝန်ယူမလဲဆိုတာကို ဗိုလ် အောင်ကြီးနဲ့ ဗိုလ်တင်ဖေတို့ကို တဖက်စီ ရန်တိုက်ပေးခဲ့တယ်။ ဒါကခုနက ကာနယ်ချစ်မြိုင်ရဲ့ စာအုပ်ထဲမှာပါတယ်။ အဲတော့ ဗိုလ်နေ၀င်းဟာ အဲဒီကတည်းကစပြီး သူ့ရဲ့လက်အောက်တွေအပေါ်မှာ သွေးခွဲအုပ်ချုပ်တဲ့ပေါ်လစီ စပြီးကျင့်သုံးနေပြီလို့ ပြောနိုင်ပါတယ်။
အဲဒီလိုနဲ့ ဗိုလ်အောင်ကြီးဟာ သူ့ကိုယ်သူသတ်မှတ်တဲ့ နံပါတ်တူးဘ၀နဲ့ဂျပန်ပြည်ကို သွားပါတယ်။ ဂျပန်ပြည်ရောက်တော့ ဂျပန်အစိုးရက စစ်အစိုးရ အဖြစ် ကြာရှည်လုပ်နေရင်မကောင်းဘူး။ သူတို့ဂျပန်နိုင်ငံရဲ့အတွေ့အကြုံကို ဇာတ်ကြောင်းလှန်ပြီး ဗိုလ်အောင်ကြီးကိုနားချတယ်။ သူတို့ဆိုလိုတဲ့အဓိပ္ပာယ်ကသူတို့ ဂျပန်ဟာလဲဒုတိယကမ္ဘာစစ်တုန်းက စစ်အစိုးရ၊ ဖက်ဆစ်အစိုးရဖြစ်တယ်။ ဒါကြောင့် စစ်ရှုံးရတယ်ဆိုပြီးပြောပြတာ။ ဗိုလ်အောင်ကြီးကလဲ ဂျပန်တွေရဲ့စကား မ ငြင်းနိုင်ဘူး။ သူကလဲ “စစ်အစိုးရ ကြာကြာလုပ်မှာ မဟုတ်ပါဘူး။ အာဏာပြန်အပ်မှာဖြစ်ပါတယ်” လို့ ပြောခဲ့တယ်။
ဒါကို သူနဲ့အတူပါသွားတဲ့ ဗိုလ်ကျော်စိုးကကြားပြီး ရန်ကုန်ပြန်ရောက်တော့ ဗိုလ်နေ၀င်းကိုတွန်းတယ်။ အဲဒီအချိန်မှာက ဗိုလ်နေ၀င်းကလဲ ဗိုလ် အောင်ကြီးတယောက် ဦးဗဆွေနဲ့ အဆက်မပြတ်ဘူးဆိုတာကို MI ကပြောထားလို့ သိနေတာ။ အဲတော့ ဗိုလ်အောင်ကြီးဟာ အာဏာကို ဦးဗဆွေတို့ထံ ပြန်အပ်ဖို့ အကောက်ကြံတယ်လို့ ယူဆဟန်တူတယ်။ အဲဒီတလောမှာပဲ ဗိုလ်အောင်ကြီးကလဲ ဗိုလ်နေ၀င်းကိုပြောဖူးတယ်။ “ဗိုလ်ချုပ် မလုပ်နိုင်ရင် ကျနော်လုပ်မယ်” ဆိုတဲ့ အပြောမျိုး ပြောဖူးတယ်။
ဒီလိုနဲ့ပဲ ၁၉၆၃ ခုနှစ်၊ (ဖေဖော်ဝါရီလမှာ ထင်တယ်) ဗိုလ်အောင်ကြီး အဖြုတ်ခံလိုက်ရတာပဲ။ အာဏာသိမ်းပြီးလို့ တနှစ်တောင်မပြည့်ဘူး ပြုတ်သွား တာ။ ဗိုလ်အောင်ကြီးဟာ သူ့ဟာသူ သူ့ရုံးခန်းကနေ နှုတ်ထွက်စာတင်တယ်ဆိုပြီး ရေးတယ်။ ပြီးတော့ မြစ်ကြီးနားအထက်က ဘိုးဘွားရိပ်သာမှာ သွားနေတယ်လို့ ဆိုတယ်။ အဲဒါကို ဗိုလ်နေ၀င်းက ဗိုလ်စောမြင့်လွှတ်ပြီး ပြန်ခေါ်တယ်။ အမှန်ကတော့ လွှတ်မထားချင်လို့။ နီးနီးနားနားဆိုတော့ ထောင်ထဲထည့်လိုက် ပြန်လွှတ် လိုက် လုပ်ချင်တာလုပ်လို့ရလို့ ပြန်ခေါ်ထားလိုက်တာ။ တကယ်လဲ မကြာခင်မှာ ဗိုလ်အောင်ကြီးကို ထောင်ထဲ ထည့်ထားလိုက်တာပါပဲ။
နောက်ပိုင်းမှာ“ဗိုလ်နေ၀င်းရဲ့သား” လို့တောင်သူများတွေက တင်စားကြတဲ့မျက်မှန်ဗိုလ်တင်ဦး။ တချို့ကဆိုရင် ဗိုလ်နေ၀င်းကနံပါတ၀မ်း၊ သူကနံပါတ် “တစ်ဒဿမငါး” လို့တောင် ခေါ်ကြသေးတယ်။ အဲဒီ မျက်မှန်ဗိုလ်တင်ဦးလဲ လွှားလွှား လွှားလွှားနဲ့ တက်လာတဲ့အခါမှာ ဗိုလ်နေ၀င်းဟာ သူနဲ့ ပခုံးချင်းအယှဉ်မခံဘဲ ဖြုတ်ပစ်ခဲ့ရပါတယ်။
ဒါနဲ့တဆက်တည်း အလျဉ်းသင့်လို့၊ ဗိုလ်နေ၀င်း အာဏာသိမ်းတာနဲ့ပတ်သက်လို့ပြောရာမှာ အခြေခံကျတဲ့ သူတို့တွေးခေါ်နည်းတခုကို ပြောချင်တာရှိ ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဗမာပြည်စစ်အုပ်စုက၊ ဖဆပလထဲက ဆိုရှယ်လစ်ပါတီထဲကလူတွေရဲ့ လူမျိုးစုတွေအပေါ် ထားတဲ့ သဘောထားပါ။ သူတို့မှာ စစ် မှန်တဲ့ပြည်ထောင်စုကိုလိုလားတဲ့စိတ် ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ အခု န၀တ - နအဖ လဲအဲဒီအတိုင်းပဲ။ သူတို့ဟာ လွတ်လပ်ရေးမရခင်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းကို မလှန်နိုင်လို့သာ၊ သူတို့ကိုယ်တိုင်ကလဲ အဲဒီတုန်းက ဘာမှအရေးမပါသေးတဲ့လူတွေ ဖြစ်နေလို့သာ အောင့်နေခဲ့ရတာ။ သူတို့ ဘယ်တုန်းကမှ စစ် မှန်တဲ့ ပြည်ထောင်စုစစ်စစ်ကို မလိုလားပါဘူး။
၁၉၆၀ ခုနှစ်မှာ လူမျိုးစုတွေက ဦးနုရဲ့ဒီမိုကရေစီကိုယုံပြီး ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေပါ အချက်တွေကို ပြင်ဖို့လုပ်ကြပါတယ်။ ဦးနုကလဲ တာဝန်ရှိတဲ့ လူပီပီ ဒီကိစ္စကို ပြင်ဖို့လုပ်ကြပါတယ်။ ဒီလို လူမျိုးစုတွေလှုပ်ရှားလာတဲ့အခါမှာ နဂိုကမှ အာဏာသိမ်းချင်လို့ လက်ယားနေတဲ့ ဗိုလ်နေ၀င်းတို့အဖို့ ငိုချင်ရက် လက် တို့ဖြစ်သွားတာပဲ။
တကယ်ကျတော့ ဗိုလ်နေ၀င်းဟာ ၆၀ ခုနှစ်ရွေးကောက်ပွဲအပြီးမှာ ဦးနုကို အာဏာပြန်အပ်တယ်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံကို တကယ်လေးစားလို့ မ ဟုတ်ပါဘူး။ သူ့အနေနဲ့ အဲဒီအခါတုန်းက တဦးတည်း အပိုင်မကိုင်နိုင်သေးလို့ဖြစ်ပါတယ်။ တပ်မတော်ကို သူ့ရဲ့ အိမ်တော်ပါတွေနဲ့အတူ အပြတ်ကိုင်ဖို့ဖြစ်ပါတယ်။ အဲဒါကို အရင်လုပ်ဖို့ လိုပါတယ်။ အိမ်တော်ပါတွေဆိုတာက သူ့ရဲ့တပ်ရင်း ၄ တို့ ဘာတို့ကဟာတွေကို ပြောတာပါ။ သူ့အနေနဲ့တပ်မတော်ထဲမှာ မီးသေမှအာဏာ ကို ထိန်းရတာမြဲမယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်တယ်။ ဒါကြောင့်မို့သူဟာ သူ့ကိုပခုံးနဲ့ထမ်းတင်ခဲ့ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်မောင်တို့ ဆိုရှယ်လစ် ပါတီက တသိုက်ကို ဖယ်ပစ်တာပဲ။ ဒါမှ သူ့ကို စိန်ခေါ်မယ့်သူမရှိတော့ဘူးလို့ သူက တွက်တာပါ။ အဲဒီ “ဘုရားပြီး ငြမ်းဖျက်” အကြံအစည်ကို အမြန်ဆုံးအကောင် အထည် ဖော်လိုက်တာ။ အဲဒါ ခုနကပြောတဲ့ မိတ္ထီလာ CO ကွန်ဖရင့်။ ဗိုလ်နေ၀င်းဟာ အဲဒီလို သူနဲ့ပခုံးချင်းယှဉ်နိုင်မယ့်လူတွေကို ဖယ်ရှားပြီးတဲ့နောက်မှာ စိတ် အေးလက်အေးနဲ့ အာဏာသိမ်းပွဲကို စီစဉ်တာဖြစ်ပါတယ်။
အိမ်စောင့်အစိုးရလက်ထက် ၁၈ လဆိုတဲ့ ကာလအတွင်းမှာ သူလုပ်ခဲ့တာကို ပြန်ကြည့်ပါ။ အခု နအဖ လုပ်နေတဲ့၊ အင်မတန် အပေါ်ယံဆန်တဲ့ လမ်း သန့်ရှင်းရေးတို့၊ စည်းကမ်းထိန်းသိမ်းရေးတို့ အဲဒါတွေပဲ လျှောက်လုပ်နေတာဖြစ်ပါတယ်။ အခု ကြံ့ဖွတ်နဲ့တူတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတာလဲ အဲဒီတုန်းကဖွဲ့ခဲ့းဖူးတယ်။ အဲဒီကာလအတွင်းမှာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို BSDC တို့၊ ဘဏ်တွေ၊ သတင်းစာတိုက်တွေ၊ နိုင်ငံတကာ သင်္ဘောလိုင်းတွေအထိ ဖြစ်တာတယ်။ တပ်မ တော်သားတွေကိုပုံမှန်အစိုးရကပေးတဲ့ လစာအခွင့်အရေးတွေအပြင် တခြားကရတဲ့ငွေနဲ့ထောက်ပံ့တယ်ဆိုတဲ့ အစဉ်အလာထွန်းကားစေခဲ့တယ်။ တပ်သားတွေကို အခွင့်အရေးနဲ့ ငွေနဲ့စည်းရုံးတဲ့အစဉ်အလာ ထူထောင်လာခဲ့တယ်။ သူတို့ဟာ သာမန်တပ်မတော်သားတွေရဲ့ အာဏာသိမ်းတာတွေကို ထောက်ခံအောင် ဒီလိုနည်း နဲ့လုပ်တာဖြစ်တယ်။ ဒါ ဒီနေ့အထိပဲ။ စစ်အာဏာရှင်စနစ် တည်မြဲအောင်၊ စစ်အာဏာရှင်စနစ်ကို တပ်သားတွေက ထောက်ခံနေအောင် ဒီလိုပဲစီးပွားရေး အခွင့် အရေးတွေနဲ့ ဆွဲဆောင်တာပဲဖြစ်တယ်။
အဲဒီ အိမ်စောင့်အစိုးရကာလအတွင်းမှာ စစ်ဗိုလ်တွေဟာ ၀န်ကြီးဌာနတိုင်းမှာ ၀န်ကြီးဝင်လုပ်ကြတယ်။ နောက်ပြီး အထူးအရာရှိလုပ်တဲ့ စစ်ဗိုလ်တွေ ကလဲ အများကြီးပဲ။ သူတို့ဟာ အဆင့်အမြင့်ဆုံး တာဝန်တွေယူနေကြတာ။ သန့်ရှင်းအစိုးလက်ကနေ အာဏာသိမ်းတယ်ဆိုပေမယ့် ၀န်ကြီးတွေကို ဖြုတ်ပစ်တယ်၊ ဒါပေမယ့် အတွင်းဝန်တွေ အပါအ၀င် ၀န်ကြီးဌာနကလူတွေကိုတော့ မူအတိုင်းထားပြီး အသုံးချခဲ့တယ်။ အဲဒီလိုအချိန်မှာ သူတို့က အစိုးရလုပ်ငန်းတွေကို သင်ယူ နေကြတယ်။ ဒါကို ၅၈ ခုနှစ်မှာရော၊ ၆၂ ခုနှစ်မှာရော ၀န်ကြီးဖြစ်ခဲ့တဲ့ ကာနယ်ချစ်မြိုင်က “တပ်မတော်ဟာ နိုင်ငံတော်ယန္တယားကို လည်ပတ်အောင် ကောင်း ကောင်း လုပ်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရသွားစေတယ်” လို့ပြောပြခဲ့တယ်။
ဒီလိုနဲ့ ဗိုလ်နေ၀င်းတို့ စစ်အုပ်စုဟာ မိမိကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စလုပ်နိုင်တယ်၊ ပြည်ပနဲ့ စီးပွားရေးအဆက်အသွယ်တွေလည်း ရခဲ့တယ်။ ဂျပန် စစ်လျော်ကြေးက ရခဲ့တဲ့ ပြည်ပအဆက်အသွယ်တွေဟာ ဆိုရှယ်လစ်ပါတီလက်ထဲကနေ စစ်အုပ်စုအဆက်အသွယ်တွေ ဖြစ်လာခဲ့တယ်။ ပြည်တွင်းမှာလဲ သူတို့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ ရှိလာတယ်။ တနည်းအားဖြင့် စစ်တပ်ဗျူရိုကရက် အရင်းရှင်စနစ်ဟာ ပိုပြီးတော့ခိုင်မာသည်ထက် ခိုင်မြဲလာတယ်၊ ကြီးထွားသည်ထက် ကြီးထွားလာတယ်လို့ ဆိုနိုင်တယ်။
စစ်ဗျူရိုကရက် အရင်းရှင်စနစ်
ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဘာကြောင့် သက်တမ်းရှည်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောနေ ကြတာရှိလို့ပါ။ ဒါကို ပြည်တွင်း/ပြည်ပ ပညာရှင်တွေ အမျိုးမျိုးချဉ်းကပ်ကြတာ၊ ဒီမေးခွန်းကို ဖြေကြားကြတာလဲ အမျိုးမျိုးပါပဲ။ ကျနော့်အမြင်ကတော့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် တည်မြဲနေတာ၊ ခိုင်မာနေတာရဲ့ အဓိကအကြောင်းရင်းဟာ စစ်ဗျူရိုကရက် လူတန်းစားတရပ် မွေးပေးထားနိုင်လို့ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာကို တည်ရှိနေပြီလို့ပြောလို့ရတယ်။ ဒါဟာ အခြေခံအကျဆုံးပဲ။ ကျန်တာတွေက သာမညထင်ပါတယ်။ ဗိုလ်နေ၀င်း လူရည်လည်တာတို့၊ လူမဆန်အောင်ရက်စက်တာ တို့၊ အမျိုးမျိုးမြှောက်စားတတ်တယ် စတဲ့ဟာတွေက အရံတွေပါ။ စစ်ဗျူရိုကရက်အရင်းရှင်စနစ်ဆိုတာက နေ့ချင်းညချင်း မွေးလို့ရတာမဟုတ်ပါဘူး။ ဖြစ်စဉ်တွေ အရှည်ကြီးရှိတာပါ။ အဲဒီဖြစ်စဉ်ကို ဒီနေရာမှာ နည်းနည်းလေးပြောချင်ပါတယ်။
DSI ကို ၁၉၅၁ ခုနှစ်မှာ ဗိုလ်အောင်ကြီးက ကမကထပြုပြီးဖွဲ့တယ်။ စစ်ဗိုလ်စစ်သားတွေသုံးတဲ့ ကုန်သေးကုန်မွှားတွေကို ရောင်းနေတဲ့ Canteen တွေ အတွက် ပြည်ပနဲ့တိုက်ရိုက် အရောင်းအ၀ယ်လုပ်ဖို့ဆိုပြီး ပေါ်လာတာဖြစ်တယ်။ DSI က ပြည်ပကုန်တွေကို အောတိုက်ပြီးသွင်းတယ်။ စစ်သုံး/အရပ်သုံး မခွဲဘူး။ အစိုးရက အထူးအခွင့်အရေးပေးထားလို့ “အရှင်မွေး နေ့ချင်းကြီး” ဖြစ်လာတယ်။ စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့လူတွေ၊ ပိုက်ဆံရှိတဲ့လူတွေ ကျနော်တို့မန္တလေး မှာဆိုရင် နန်းတွင်းထဲသွားပြီး DSI မှာ ၀ယ်ရတာကိုပဲ အခွင့်အရေးတခုလို ဖြစ်နေတာ။ အဲဒီတုန်းက တခြားတိုင်းရင်းသား ပုဂ္ဂိလအရင်းရှင်တွေဆိုရင် လိုင်စင် လျှောက်တာကစပြီး စည်းကမ်းကလနားတွေ၊ လာဘ်ပေးလာဘ်ယူတွေက အများကြီးဖြတ်သန်းရတော့ မကြီးပွားနိုင်ဘူး။ အင်မတန် ခက်ခဲတယ်။ DSI ကျတော့ သူတို့လူတွေမို့လို့ အမြန်ကြီးထွားတယ်။
အဲဒီတုန်းက တိုင်းရင်းသား ပုဂ္ဂလိကအရင်းရှင်လူတန်းစား ဆိုတာကလဲ အရပ်သားအစိုးရ၀န်ကြီးတွေကို မှီခိုအားထားရတာ။ အဲဒီဝန်ကြီးတွေက အားပေးမှပဲ သူတို့လဲ ချမ်းသာကြတာ။ အဲဒီအထဲမှာ တရုတ်၊ ကုလားတွေလဲ အများကြီးပဲ။ ဒါကြောင့်မို့လို့ ဗိုလ်နေ၀င်းအစပြုတဲ့ စစ်အုပ်စုဟာ တရုတ် - ကုလားအ ပေါ်မှာ လူမျိုးရေးအရ ဘာကြောင့်မုန်းတီးတယ်ဆိုတာ ဒီဟာလဲ အရေးကြီးတဲ့ အချက်တချက်ဖြစ်တယ်။ သူတို့နဲ့အရင်ကတည်းက စီးပွားပြိုင်ဘက်လို ဖြစ်နေခဲ့လို့။ တကယ်ကျတော့ လက်တွေ့မှာ စစ်ဗျူရိုကရက်အရင်းရှင်ကို အရပ်သားဗျူရိုကရက်အရင်းရှင်က မပြိုင်နိုင်ပါဘူး။
DSI ဟာလဲသူများနည်းတူ လိုင်စင်တော့လျှောက်ရပါတယ်။ အရပ်သားဝန်ကြီးက ဆိုရှယ်လစ်ပါတီက ၀န်ကြီးဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဦးရာရှစ်လို ၀န်ကြီးဆိုရင်တော့ အရစ်ရှည်နေတော့တာ။ ဒါကို စစ်တပ်က သေသေချာချာ ငြိုးထားတယ်။ ဒီလိုနဲ့ DSI က သိပ်ကြီးလာတဲ့အခါကျတော့ BEDC ဆိုပြီး ကော်ပိုရေးရှင်းဖွဲ့တယ်။ အဲဒီတုန်းက အရပ်သားဝန်ကြီးတိုင်းမှာ ကိုယ်ပိုင်ကိုင်ထားတဲ့ ကော်ပိုရေးရှင်းတွေ ရှိကြတယ်။ ဦးဗဆွေဆိုရင် တနင်္သာရီတိုင်းကို အခြေခံ တယ်။ ဗိုလ်ခင်မောင်လေးကဆို မန္တလေးတိုင်းကို အခြေခံတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းဝန်ကြီးတွေကိုင်တဲ့ ကော်ပိုရေးရှင်းတွေရှိကြတယ်။ ၀န်ကြီးတိုင်းလိုလိုမှာ လက်ကိုင်ကော်ပိုရေးရှင်းတွေရှိသလို၊ လယ်သမား၊ အလုပ်သမားလူတန်းစားနာမည်ခံထားတဲ့ ကော်ပိုရေးရှင်းတွေလဲ ရှိကြတယ်။ ဦးကျော်ငြိမ်း၊ သခင်တင်၊ သခင် ပန်းမြိုင်၊ သခင်ကျော်ဒွန်း စသဖြင့် အပိုင်စားကော်ပိုရေးရှင်းတွေက လူ့အလွှာလူတန်းစားနာမည်ခံ ကော်ပိုရေးရှင်းတွေချည်းပါပဲ။
ဒါပေမဲ့ ဘယ်ကော်ပိုရေးရှင်းမှ BEDC ကိုမပြိုင်နိုင်ဘူး။ ဘာကြောင့်လဲ။ ဒါဟာ ဗိုလ်အောင်ကြီးတို့၊ ဗိုလ်ခင်ညိုတို့ စီးပွားရေးလုပ်တတ်လို့လားဆိုတော့ မဟုတ်ပါဘူး။ တချက်က သူတို့မှာစစ်တပ်ရှိတယ်။ ဒါကြောင့်မို့ ရောက်လေရာဒေသတိုင်းမှာ တပြည်လုံးကို ချုပ်ကိုင်ပြီးလုပ်နိုင်တယ်။ တပ်မတော်သားတွေကို လိုသလိုခိုင်းလို့ရတယ်။ လခပေးဖို့မလိုဘူး။ တပ်မတော်သားတွေကို ကြိုက်သလို ခေါင်းပုံဖြတ်လို့ရတယ်။ နောက်ပြီး သူတို့နဲ့ပြိုင်ဆိုင်တဲ့လူ မရှိဘူး။
ဒုတိယတချက်က အရပ်သားဝန်ကြီးတွေကိုင်တဲ့ ကော်ပိုရေးရှင်းတွေက အကုန်အကျများတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ရွေးကောက်ပွဲအ တွက်လဲ စဉ်းစားရသေးတယ်။ မဲရဖို့ စည်းရုံးရေးကလဲ လုပ်ရသေးတယ်။ မဲရုံစောင့်တွေ၊ စည်းရုံးရေးမှူးတွေမွေးရတယ်။ အဲဒါတွေကျတော့ အလကားခိုင်းလို့မရ ဘူး။ ပေးရကမ်းရတယ်။ စစ်ဗိုလ် စစ်သားကျတော့ BEDC က အလကားခိုင်းလို့ရတယ်။ တပြားမှပေးဖို့မလိုဘူး။ နောက်တခါ အရပ်သားဝန်ကြီးတွေကျတော့ မဲ ဆွယ်ဖို့အတွက် တန်ဆောင်တိုင်ပွဲတို့၊ သီတင်းကျွတ်ပွဲတို့၊ သင်္ကြန်တို့၊ ထီးတင်ပွဲတို့အတွက်လဲ ပိုက်ဆံကုန်ရတယ်။ BEDC က ဒါတွေ ဘာမှလုပ်ဖို့မလိုဘူး။ ရသမျှ ကို စုထားလိုက်ဖို့ပဲ။ ဒီလိုနဲ့ BEDC ကြီးထွားတဲ့နှုန်းက အရမ်းမြန်တာ။
အဲဒါကြောင့် BEDC နဲ့ ကျန်တဲ့ အရပ်သားကော်ပိုရေးရှင်းတွေရဲ့ ပြိုင်ဆိုင်မှု၊ အပြန်အလှန်မုန်းတီးမှုဟာ တဖြည်းဖြည်းကြီးသည်ထက် ကြီးထွားလာ တယ်။ ဒါပေမဲ့အဲဒီတုန်းက ဖဆပလက တစည်းတလုံးတည်းရှိနေလို့ စစ်တပ်က အားမစမ်းရဲသေးဘူးဖြစ်နေတာ။ ဒါကြောင့်လဲ စစ်အုပ်စုဟာ ပါလီမန်ဒီမိုကရေစီ စနစ်၊ ပါလီမန်ထဲမှာရှိတဲ့ ပါတီကိုမုန်းတာရဲ့ အဓိကကျတဲ့အချက်ဟာ အဲဒါပါ။ ဒါဟာ လူတန်းစားအခြေခံလို့ပြောရင်ကို ရပါတယ်။
အဲတော့ အရပ်သားဝန်ကြီးတွေကို ဖြတ်သန်းပြီး BEDC ဟာ စီးပွားရေးလုပ်နေရတာကို စစ်ဗျူရိုကရက်တွေက ကြာတော့မကြိုက်ဘူး။ အောက်ကျို့ရ တယ်လို့ထင်တယ်။ ဒါကြောင့် သူတို့ကငါတို့သာ အာဏာရရင်ဒီပြဿနာတွေ မရှိတော့ဘူးလို့ထင်ကြတယ်။ ဒီလိုနဲ့ ဖဆပလကွဲတာဟာသူတို့ကို သိကြားမင်းပေး တဲ့အခွင့်အရေးပဲလို့ ပြောလို့ရတယ်။ စစ်အုပ်စုဟာ ယူနီဖောင်းချွတ် ရွေးကောက်ပွဲမ၀င်ဝံ့ဘူး။ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူတို့ရှုံးချင်တိုင်းရှုံးမယ်ဆိုတာ အရူး တောင်သိတယ်။ အဲဒါကြောင့် သူတို့က အခုလို ဖဆပလ ကွဲတဲ့အခါကျတော့ ယူနီဖောင်းလဲ ချွတ်ဖို့မလိုဘူး၊ အာဏာကိုလဲ ၀င်ရလိုက်တာဖြစ်တယ်။
ဒီနေရာမှာ အိမ်စောင့်အစိုးရလက်ထက်တုန်းက စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားက နိုင်ငံ့စီးပွားရေးကို ချုပ်ကိုင်လာပုံ၊ နာမည်ကောင်း ယူပုံနမူနာ နည်းနည်းပြောချင်တယ်။ BPI ကိုဆေးဝါးသွင်းကုန်တွေ မသွင်းရအောင်ဆိုပြီးတော့ ကိုယ့်ဟာကိုယ်ထုတ်မယ်ဆိုပြီး ဖဆပလအစိုးရက ထူထောင်ခဲ့တယ်။ နှစ်တိုင်း အရှုံးပေါ်တယ်။ အရှုံးပေါ်မှာပေါ့၊ နိုင်ငံခြားဆေးနဲ့မှမပြိုင်နိုင်တာ။ BPI ဆိုတာ ကုန်ကြမ်းဟူသမျှလဲ နိုင်ငံခြားက၀ယ်နေရတာ။ စက်အပိုပစ္စည်းကလဲ နိုင်ငံခြားက၀ယ် နေရတာ။ အိမ်စောင့်အစိုးရကျတော့ BPI က မရှုံးတော့ဘူး။ ဘာကြောင့်လဲ။ စစ်တပ်က မျက်လှည့်ပြလိုက်တာပဲ။ ကာကွယ်ရေးဝန်ကြီးဌာနကနေ BPI မှာ ရောင်းမ ကုန်လို့ပိုနေတဲ့ B 1 တို့၊ Yeast တို့စတဲ့စားဆေးတွေကို သိမ်းကြုံးဝယ်လိုက်တယ်။ ပြီးတော့မှ သူတို့ထိုးစစ်ကြီးတွေဝင်လာတဲ့အခါမှာ ကွန်မြူနစ်အခြေစိုက်တဲ့ ဒေသ ကလူထုတွေကို စည်းရုံးတဲ့အနေနဲ့ အခမဲ့ဝေပေးတယ်။ တချက်ခုန် နှစ်ချက်ပြတ်ပဲ။ လူထုကိုလဲ စည်းရုံးရာကျတယ်၊ သူတို့ဆေးတွေလဲ ရောင်းထုတ်ရာကျတယ်။ အစကတော့ လူထုတွေက အဲဒီဆေးတွေကို မစားဝံ့ဘူး။ ဒါပေမဲ့ လက်နက်ကိုင်နေတဲ့ ကွန်မြူနစ်တွေက “ဟာ ... ပေးရင် ယူသာယူ၊ အလကားရရင် ယူသာယူ။လူ အတွက်လဲစားလို့ရတယ်။ ခင်ဗျားတို့မစားချင်ရင် ၀က်တောင်ကျွေးလို့ရတယ်၊ နောက်ပြီးအရက်ချက်တဲ့ စိမ်ရည်အဖြစ်လဲသုံးလို့ရတယ်” လို့ပြောလိုက်တော့ လူထု ကလဲယူတယ်။ လူထုက နောင်လာရင် များများယူခဲ့ပါလို့တောင် မှာလိုက်သေးတယ်။ အဲဒီလိုနဲ့ BPI မှာပုံနေတဲ့ ရောင်းမကုန်တဲ့ဟာတွေ အကုန်လုံးရောင်းထွက် သွားတယ်။ “BPI အမြတ်ပေါ်ပြီ” လို့ စစ်အစိုးရက သတင်းစာမှာ ၀ါဒဖြန့်နိုင်သွားတယ်။
နောက်တခုက ဓာတ်ခဲသုံး “ကြံ့ခိုင်ရေး” ရေဒီယို။ အဲဒါကို စစ်တပ်ကသတင်းပေးတွေနဲ့ သူတို့ရဲ့လူကြီးတွေကို စစ်တပ်က၀ယ်ပေးတယ်။ အဲတော့ ဗမာပြည်မှာတပ်ဆင်တဲ့ ကြံ့ခိုင်ရေးရေဒီယိုဟူသမျှ အကုန်လုံးရောင်းစွံသွားတယ်။ ရောင်းမထွက်ဘူးဆိုတဲ့ ပြဿနာမရှိဘူး။ အဲဒါကြောင့် ကျနော်တို့ကွန်မြူနစ်ပါ တီရဲ့ စစ်တပ်တွေ၊ တပ်ရင်းတွေမှာလဲ အကုန်လုံးအဲဒီ ကြံ့ခိုင်ရေးရေဒီယိုတွေပဲ ဖြစ်ကုန်တယ်။
ဗိုလ်အောင်ကြီးတို့၊ ဗိုလ်ခင်ညိုတို့ စီးပွားရေးလုပ်တတ်တယ်ဆိုတာ အဲဒါမျိုးပါ။ အဲလို စီးပွားရေးမျိုးကတော့ အာဏာရှိတဲ့လူတိုင်း လုပ်တတ်ပါတယ်။ အာဏာနဲ့စီးပွားရေးလုပ်လို့လဲ ဗျူရိုကရက်အရင်းရှင်လို့ခေါ်တာပါ။ စစ်ဝတ်စုံဝတ်ထားတော့ စစ်ဗျူရိုကရက်အရင်းရှင်ဖြစ်တာပါပဲ။
“ဆိုရှယ်လစ်” - “ပြည်သူပိုင်”
အထက်မှာပြောခဲ့တဲ့အတိုင်း ၁၉၆၂ ခုနှစ်ကျတော့ ဒီစစ်ဗိုလ်တွေလဲ ၀န်ကြီးလုပ်တတ်သွားကြပြီ။ တော်လှရေးကောင်စီအစိုးရဆိုတာကလဲ ပါလီမန် ရွေးကောက်ပွဲ လုပ်မပေးရအောင် ၁၉၄၇ အခြေခံဥပဒေကို ဖျက်ပစ်လိုက်တယ်။ အာဏာကို စစ်ဗျူရိုကရက်လူတန်းစားက ရာခိုင်နှုန်းပြည့် ချုပ်ကိုင်လိုက်ပြီလို့ ပြောလို့ရတယ်။ အဲတော့ လုပ်ရကိုင်ရတာလဲ လွယ်တယ်။ ဘာလုပ်ချင်လုပ်ချင် အမိန့်ဒီဂရီထုတ်လိုက်ရင် ပြီးတာပဲ။ ပထမ၀န်ကြီးတွေ ဖမ်းလိုက်၊ အခြေခံဥပဒေ ဖျက်လိုက်၊ အကုန်လုံးအမိန့်ကြေညာချက်ဆိုတာကနေ လုပ်သွားတာ။ ဒါပေမဲ့ ပြိုင်ဖက်ကော်ပိုရေးရှင်းတွေ ဖျက်ဖို့အတွက် နည်းနည်းခက်နေတယ်။ အဲတော့ လုပ်နည်းတမျိုးထွင်ရတယ်။ အဲဒါ ဘာလဲဆိုတော့ “ဆိုရှယ်လစ်တော်လှန်ရေး” ဆိုတဲ့ အလံထူပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုပြီး လုပ်လိုက်တာပဲ။ ဆိုရှယ်လစ် တော်လှန်ရေး သူတို့ဘာကြောင့်လုပ်တယ်ဆိုတဲ့အကြောင်းရင်းက အဲဒါပါပဲ။ ဒေသန္တရကော်ပိုရေးရှင်းတွေလဲ အဖျက်ခံရတယ်။ ကျန်တဲ့ လူထုလူတန်းစားဆိုတာ တွေကို အခြေခံထားတဲ့ ကော်ပိုရေးရှင်းဆိုတာတွေလဲ အကုန်လုံးဖျက်ရတယ်။ အရင်တုန်းက ဆိုရှဝ်လစ်ပါတီနဲ့မကင်းတဲ့ စစ်ဗိုလ်တွေ (ဗိုလ်ချုပ်အောင်ကြီးတို့၊ ဗိုလ်ချုပ်မောင်မောင်တို့) လုပ်ထားတဲ့ BDEC လဲ ပြည်သူပိုင်စာရင်းထဲ ပါသွားတယ်။
တကယ်ကျတော့ စစ်အုပ်စုတခုကို နောက်စစ်အုပ်စုတခုက အစားထိုးတယ်ဆိုရင် တသိုက်တမြုံလုံး ရှင်းပစ်ရတာဖြစ်တယ်။ အစအနချန်ထားလို့ မရ ဘူး။ အဲလိုဖျက်သိမ်းတဲ့အခါမှာ အဲဒီအချိန်တုန်းကတော့ စီးပွားရေးအဆောက်အအုံတွေကိုပါ ဖျက်ဆီးပစ်လိုက်တာ။ အဲလိုဖျက်သိမ်းလိုက်တဲ့ အကြောင်းအရင်းတ ခုကလဲ “ပြည်သူပိုင်” ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ ကော်ပိုရေးရှင်းမှန်သမျှ စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားပိုင် ဖြစ်နေပြီ။ အဲတော့ စစ်တပ်ပိုင်ကော်ပိုရေးရှင်း ရယ်လို့လဲ သပ်သပ်ထားနေစရာ မလိုတော့ဘူး။ အဲဒါကြောင့်ပဲ။ သူတို့ “ဆိုရှယ်လစ်” အလံ ဘာကြောင့်ထူလဲဆိုရင်တခုက ပြိုင်ဘက်တိုင်းရင်းသားအရင်းရှင်တွေ ပိုင်တဲ့ကော်ပိုရေးရှင်းတွေနဲ့ အရင်ဆိုရှယ်လစ်စစ်ဗိုလ်တွေရဲ့ အရင်းအနှီးတွေကို မဆလ စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစား တဦးတည်းပိုင်လုပ်နိုင်တယ်။ နောက် တခုက တချက်ခုတ် - နှစ်ချက်ပြတ်ဆိုသလို နလဗိန်းတုံး နိုင်ငံရေးသမားတွေကိုလဲ “ဆိုရှယ်လစ်” တော်လှန်ရေးမှိုင်းတိုက်လို့ရသွားတယ်။ တချို့လူတွေကတော့ နလဗိန်းတုံးနိုင်ငံရေးသမား မဟုတ်ပါဘူး။ “ဆိုရှယ်လစ်” တော်လှန်ရေးကို ယုံကြည်ဟန်ဆောင်ပြီး ၀င်ပြီးနေရာယူကြတာပါ။ အဲတော့ ကော်ပိုရေးရှင်းအသစ်တွေရဲ့ ဘုတ်အဖွဲ့တွေဖြစ်ကြတာ မနည်းဘူး။ ဗိုလ်နေ၀င်းတို့ စစ်အုပ်စုမှာလဲ သုံးမကုန် ယူမခမ်း “ပြည်သူပိုင်” သိမ်းထားတာတွေက မနည်းဘူး။ အဲဒီအခါမှာ လက်နက်ချ ကွန်မြူနစ်တွေကလဲ ပွဲကြီးပွဲကောင်း တွေ့ကြတာပဲ။
ချုပ်လိုက်ရင် စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားဟာ ပေါ်စက DSI နဲ့စတာ၊ ဖွတ်ဘ၀။ BDEC ဖြစ်တော့ ဖွတ်ကြီး။ “ဆိုရှယ်လစ်” တော်လှန်ရေးလုပ် တော့ မိကျောင်းဖြစ်တာပဲ။ အဲဒီမိကျောင်း မပြုတ်မချင်း လူထုချမ်းသားမှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ၁၉၅၈ ခုနှစ်၊ အာဏာသိမ်းတုန်းက၀န်ကြီးတွေနဲ့ အာဏာရပါတီခေါင်းဆောင်တွေကို စစ်အစိုးရဟာမဖမ်းခဲ့ပါဘူ။ ၆၂ ခုနှစ်၊ အာဏာသိမ်း တဲ့အခါကျတော့ ပထစ၊ ဖဆပလ အကုန်လုံးထောင်ထဲဂျောင်းရပါတယ်။ ဒီတကြိမ်အာဏာသိမ်းတာဟာ လက်တည့်စမ်းတာ၊ ဇာတ်တိုက်တာ မဟုတ်တော့ပါဘူး။
Thursday, 31 January 2008
စစ်တပ်နဲ့ နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း) ဒုတိယပိုင်း
Posted by HinLinPyin at 00:11
Subscribe to:
Post Comments (Atom)
No comments:
Post a Comment