Sunday, 20 January 2008

ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်)

အခဏ်း (၄)
နံပါတ် လေးရာသေရာမှ ပြန်၍ထခြင်းကား အတော်ပင်ထူးခြားသော ကိစ္စတရပ်ဖြစ်ပေသည်။ ဖော်ပြရန်မစွမ်းလောက်အောင် ထူးခြားလှသည်။ အိပ်ရေးဝခဲ့သည့် နေ့ တနေ့တွင်နေကလည်း သာနေမည်ဆိုက ကမ္ဘာကြီးမှာ လှပနေတတ်သည်။ သို့သော် သေရွာမှပြန်လာခြင်းကား နေက လည်းခါတိုင်းထက်ပို၍သာယာနေကာ၊ ခင်ဗျားကလည်း ခါတိုင်းထက်ပို၍ နှစ်ခြိုက်စွာအိပ်ခဲ့ ရသည်နှင့် တူလေသည်။ ခင်ဗျားက ဘ၀၏ဇာတ်ခုံကို သိကျွမ်းလှပြီဟုထင်သည်။ သို့သော် အသက်ပြန်ရှင် ခြင်းသည်ကား၊ မီးမောင်းထိုးသူတဦးက မီးလုံးကြည်ကြည်များကို ဖွင့်လိုက် ကာ၊ လင်းသွားသောဇာတ်စင်တခုလုံးကို ခင်ဗျားအား ပြလိုက်သည်နှင့်တူသည်။ ခင်ဗျားက ဘ၀ဇာတ်ခုံကို ကောင်းစွာမြင်ခဲ့ပြီဟု ယူဆသည်။
သြို့သော် အသက်ပြန်ရှင်ခြင်းသည်ကား မျက်လုံးများဆီသို့ မှန်ပြောင်းများပင့်၍ ကြည့်ရှုရုံမျှသာမက၊ ဓာတ်မှန်ဘီလူး ထပ်၍ဆင့်လိုက် သည်နှင့်လည်း တူလေသည်။ သေရာမှ ပြန်၍ထခြင်းသည် နွေဦးအဖြစ်အပျက်တမျိုးပင်ဖြစ် သည်။ နွေဦးရာသီ၏ ဗီဇအတိုင်း မမြှော်လင့်သော မျက်လှည့်အကွက်များကို ခင်ဗျားအား ခင်း ကျင်းပြသလာလေသည်။
အသက်ပြန်၍ ရှင်ရသည်မှာ ယာယီမျှသာဖြစ်သည်ဟု ခင်ဗျားအနေနှင့် သိထားစေဦးတော့ ဤသို့ပင် သရုပ်ပေါ်လေသည်။ ခင်ဗျား၏ ပတ်ဝန်းကျင်သည် ပန်းကရာ့စ်ထောင်ရှိ အကျဉ်း ခန်းတခန်းကဲ့သို့ ကြည်နူးဝေဖြိုးနေစေကာမူ ဤသို့ပင်သရုပ်ပေါ်လေသည်။ တနေ့သော အခါတွင်ကား ခင်ဗျားကို ကမ္ဘာကြီးအတွင်းသို့ပင် ပြန်လည်ခေါ်ဆောင်ကြလေသည်။ တနေ့ တွင် သူတို့ကလူနာတင်ထမ်းစင်မသုံးဘဲနှင့်ပင် ခင်ဗျားအား အစစ်ခံရန် ခေါ်ကြည်သည်ခင်ဗျား က မဖြစ်နိုင်ဟု ထင်သည့်တိုင်အောင် တနည်းနည်းနှင့်ကား အထမြောက်သွားသည်။ စင်္ကြံထဲ တွင် လက်ရန်းများရှိသည်။ လှေခါးများတွင်လည်း လက်ရန်းများရှိသည်။ လမ်း လျှောက် သွားသည်ဟု ဆိုခြင်းထက် လေးဘက်ထောက်သွားရသည်ဟု ဆိုလျှင် ပို၍မှန်ပေလိမ့် မည်။ အောက်သို့ ရောက်သော် ထောင်ကျဘော်ထောင်ကျဘက်များက ခင်ဗျားထောင်လော်လီ အတွင်းရောက်သွားရန် တာဝန်ယူကြသည်။ နောက် ... တနေရာတွင် ထိုင်မိသည်။ ဘီးတပ် ထားသော အကျဉ်းခန်းမှောင်မဲမဲတွင်၊ လူဆယ်ယောက်ဆယ့်နှစ်ယောက်။ လူသစ်မျက်နှာ သစ်များက ခင်ဗျားအား ပြုံးပြကြရာ ခင်ဗျားကလည်း ပြန်၍ပြုံးသည်။ တစုံတယောက်က ခင်ဗျားအား တစုံတရာကို တီးတိုးပြောဆိုလာသည်။ သူဘယ်သူမှန်း ခင်ဗျားကမသိ။ ခင်ဗျား က လူတယောက်၏ လက်ကို ညှစ်၍ နှုတ်ဆက်သည်။ သို့သော် မည်သူ၏လက်ဖြစ်သည်ကို မသိ - နောက်လော်လီသည် ပက်ချက်နန်းတော် ဆင်ဝင်အတွင်းသို့ ဆောင့်ဝင်သွားသည်။ မိတ်ဆွေများက ခင်ဗျားအား သယ်ယူသွားကြသည်။ ခင်ဗျားလည်း ထရံပြောင်တလင်းများ ၀န်းရံသော အခန်းတွင်းသို့ ရောက်သွားသည်။ အခန်းတွင်း၌ကား ခုံတန်းလျားရှည်ငါးလုံး၊ တလုံးနောက် တလုံးစီ၍ ချထားသည်။ ၎င်းခုံများပေါ်တွင် လူများသည် သတိအနေအထား နှင့်ထိုင်၊ ဒူးများပေါ်တွင် လက်များကပ်လျက်၊ ရှေ့တည့်တည့်မှ ထရံဟာလာဟင်းလင်းကို မလှုပ်မယှက်ကြည့်ရှုနေကြသည် ... အဲဒါကတော့ မောင်ရင်ရေ၊ မင်းကမ္ဘာသစ်ရဲ့ တစိတ်တပိုင်း၊ဘိုင်စကုပ်ရုံလို့ခေါ်သတဲ့။
(၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ကြားဖြတ်တူရိယာသံ) ယနေ့ကား ၁၉၄၃ ခုနှစ် မေဒေးနေ့ဖြစ်သည်။ ကံကောင်းချင်တော့ ထောင်စောင့်ကလည်း သူစောင့်ချိန်အတွင်း စာရေး၍ဖြစ်နိုင်သော ထောင်စောင့်ဖြစ်နေသည်။ ဤသို့သောနေ့မျိုးတွင် ကွန်မြူနစ်သတင်းစာဆရာဘ၀သို့ ပြန် ရောက်လျက် ကမ္ဘာသစ်မှ တိုက်ခိုက်ရေး အင်အားစုတို့၏ မေဒေးပွဲသဘင်အကြောင်း သတင်း ရေးနိုင်သည်မှာ ကံကောင်းလေစွတကား။ ဝေ့၍ဝေ့၍နေသော အလံမှားအကြောင်းကို ကြားရ လိမ့်မည် ဟူ၍ကား မမြှော်လင့်လေနှင့်။ ထိုကိစ္စမျိုးကား မဟုတ်။ နားထောင်ကောင်းလှသော ကြွကြွရွရွလှုပ်ရှားမှုအကြောင်းကိုပင် ခင်ဗျားအားပြောမပြနိုင်။ ယနေ့ဘို့ အစစအရာရာကား ရိုးရိုးကလေးမျှသာဖြစ်လေသည်။ အခြားနှစ်များတွင် ပရာဟာမြို့၏ လမ်းမများမပေါ်၌ ကျွန်တော် မြင်ဘူးသကဲ့သို့ ထောင်သောင်းချီသော လူထုကြီး၏ ပေါက်ကွဲအံ့ဆဲဆဲဖြစ်နေသော လှိုင်းများလည်းမဟုတ်။ ကျွန်တော်မြင်ဘူးသည့်အတိုင်း မော်စကိုမြို့၏ ရင်ပြင်နီကိုလွှမ်းကြ သော သန်းပေါင်းများစွာတို့၏ ပင်လယ်မျိုးလည်းမဟုတ်။ ဤနေရာတွင်ကား လူများကို သန်းချီ၍လည်းမမြင်ရ။ ရာ လိုက်လည်း မမြင်ရ။ ဤနေရာတွင်ကား ယောက်ျားမိန်းမရဲဘော် တချို့တို့ကိုသာ မြင်ရသည်။ သို့စဉ်လျက် သေးနုတ်ကား မသေးနှတ်ဟုထင်မိသည်။ တကယ် လည်း မသေးငယ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်လည်းအင်အားပြပွဲ တရပ်ပင်ဖြစ် သည်။ အဟုန်အပြင်းထန်ဆုံးသော မီးပုံအတွင်းသို့ ဖြတ်ဝင်ယင်းက၊ ပြာအဖြစ်သို့ မကြွေ သွားမူ၍ သံမဏိအဖြစ်သို့ပြောင်းလဲနေသော အင်အားများ ဖြစ်လေသည်။ စစ်မြေကတုတ်များ အတွင်း၌ ပြုလုပ်သော ဗိုလ်ရှုသဘင်ဖြစ်သည်။ ကတုတ်ရင်တားများတွင်ကား စစ်မြေမှ မီးခိုးရောင်ညို့ညို့မှိုင်းကိုဝတ်ဆင်ကြသည်။
အစစအရာရာဟာ အသေးအမွှားကိစ္စကလေး တွေသာ ဖြစ်နေလို့ တနေ့ဒီဘ၀မျိုးမှာမနေခဲ့ ရဘဲ ဒီစာကိုသာဖတ်ရမဲ့ ခင်ဗျားလိုလူမျိုးဟာ ဒီစာကိုနား လည်ပါ့မလား။ ဒါပေမယ့် နားလည် ဘို့ကြိုးစားပါ။ ဒီအသေးအဖွဲကလေးတွေမှာ အင်အားရှိတယ်ဆိုတာ ယုံပါ။ ဘဲထောဗ်န် ၏ ဂီတသံနှစ်ကြောင်းကို ထရံတွင် ခေါက်လျက်တဘက်အကျဉ်းခန်းမှ နှုတ်ဆက်လိုက်ပုံကား ယနေ့အဘို့ပိုမို၍ ခန်းနားလေးနက်သည်။ ထရံများလည်း အသံလှိုင်းများကိုမြှင့်၍ ပြန်ကြား ကြလေသည်။
ကျွန်တော်တို့သည် အ၀တ်အစားရှိစုမဲ့စုမှ အကောင်းဆုံးတို့ကို ရွေး၍၀တ်ဆင်ကြသည်။ အကျဉ်းခန်းတိုင်းတွင်လည်း ဤသို့ပင် ပြုလုပ်ကြသည်။ နံနက်စာလာ၍ ပို့ကြသောအခါတွင် ကျွန်တော်တို့ကား ကျော့ကျော့မော့မော့ကြီး ဖြစ်နေကြလေပြီ။ ဖွင့်ထားသော တံခါးပေါက်တွင် ပေါင်မုန့် ကာဖီ အမြည်းနှင့် ရေတို့ကိုဆောင်ယူလာသည့်ထောင်ဘာယာများပေါ်လာကြသည်။ ရဲဘော် စကော်ယျှက်ပါသည်၊ ပေါင်မုန့်ကလေးနှစ်လုံးအစား သုံးလုံးထုတ်ပေး သည်။ ဤကား သူ၏ မေဒေးနေ့နှုတ်ခွန်းဆက်ပင်ဖြစ်လေသည်။ ဂရုစိုက်တတ်သော သူတဦး၏ အသက်ဝင် သော နှုတ်ဆက်နည်းဖြစ်လေသည်။ ပေါင်မုန့်များ၏ အောက်တွင် တယောက်လည်းချောင်း များက တယောက်လက်ချောင်းများကို ဖိနှိပ်လိုက်သည်။ စကားမပြောရဘူးလို့ ပိတ်ပင်ထား ကြတယ်။ မျက်လုံးတွေကို တောင် အလစ်မပေးကြဘူး ဒါပေမယ့် ဆွံ့အနေတဲ့လူတွေတောင် လက်ချောင်းတွေနဲ့ ပြတ်ပြတ်သားသား စကားပြောနိုင်ကြတယ်မဟုတ်လား။ အမျိုးသမီးများ သည် နံနက်ခင်းနာရီဝက် ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ရန် ကျွန်တော်တို့ အကျဉ်းခန်း ပြူတင်းပေါက်အောက်တည့်တည့်ရှိ ကွက်လပ်ထဲသို့ပြေးထွက်နေကြသည်။ ကျွန်တော်သည် စားပွဲပေါ်သို့တက်ကာ၊ သံတိုင်များအကြားမှနေ၍ အောက်သို့ငုံ့ကြည့်သည်။ ကျွန်တော့်အား မြင်ကောင်း မြင်ကြမည်။ မြင်လည်း မြင်ကြပေသည်။ သူတို့သည် နှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ်များကို မြှောက်နေကြသည်။ ကျွန်တော်တို့ကလည်း ထို့အတူ ပြန်လည်နှုတ် ဆက်သည်။ ယနေ့သော်ကား အောက်ဘက်ရှိ ကွက်လပ်တွင် အစစအရာရမှာ အသက်ဝင် လှုပ်ရှားနေသည် အခြားနေ့များနှင့် လုံးဝကွာခြားနေ သည်။ ပိုမိုရွှင်မြူးလန်းဆန်းနေသည်။ ထောင်စောင့်ပုလိပ်မကား ဘာကိုမျှမမြင် သို့မဟုတ် ဘာကိုမျှမမြင်လိုသည်လည်း ဖြစ်ကောင်း ဖြစ်ပေမည်။ ဤသည်ပင်လျှင် ယခုနှစ်မေဒေးပွဲသဘင်အတွင်းသို့ အကြုံးဝင်လေသည်။
ယခု ကျွန်တော်တို့၏ နာရီဝက်လေ့ကျင့်ခန်း။ ကျွန်တော်က လေ့ကျင့်ခန်းများကို ခေါင်းဆောင် သည်။ ဒို့လူတို့ ဒီနေ့ဟာ မေဒေးနေ့။ ထောင်စောင့်တွေ အံ့အားသင့်ချင်သင့်ကြပါစေ။ ငါတို့ကတော့ လေ့ကျင့်ခန်းကို တမျိုးတဖုံစကြစို့။ ပဌမလေ့ကျင့်ခန်း တစ် ... နှစ် ... တစ် ... နှစ်၊ တူနှင့်ထုချက်၊ ရိုက်ချက်များ။ နောက် ဒုတိယလေ့ကျင့်ခန်း ကောက်ရိတ်ဟန်။ တူနှင့် ကောက်ရိတ်တံဇဉ် ... အနည်းငယ်ကလေး နက်သွားအောင်တွေးလိုက်လျှင် ရဲဘော်များနား လည်လောက် ကြပေသည်။ တူနှင့် တံဇဉ်။ ဘေးပတ်လည်သို့ အကဲခတ်ကြည့်လိုက်သည်။ သူတို့သည် ပြုံးလျက် လေ့ကျင့်ခန်းကို အားတိုက်အင်တိုက် ထပ်၍လုပ်ကြသည်။ ရိပ်မိကြ လေသည်။ ဒါပဲ ... ဒို့လူတို့ ... ဒါဟာ ငါတို့ရဲ့ မေဒေးအစည်းအဝေးကြီးပဲ၊ ဒီပန်တော်မိမာ ရဲ့အဓိပ္ပာယ်က ဘာလဲ။ ငါတို့ဟာ သေမင်းခံတွင်းထဲ ဆင်းနေကြရတာတောင် သစ္စာကိုစောင့် ထိန်းကြမယ်ဆိုတဲ့ မေဒေးနေ့ကျမ်းကျိန်ပွဲပဲ။ပန်တော်မိမာ - မူရာပြ ပြဇာတ်။ စကားမပြောဘဲ ခြေပြလက်ပြ အမူအရာပြယင်း ဇာတ်ကြောင်းခင်းသွားသော ပြဇာတ်တို။အကျဉ်းခန်းသို့ ပြန်ရောက်ကြပြီ။ ကိုးနာရီ။ ယခု ကရဲမလင် မှ နာရီစင်သည် ဆယ်ချက်မျှ ရိုက်ဆော်လိုက် ပြီဖြစ်သည်။ ယင်ပြင်နီတွင် ဗိုလ်ရှုသဘင်ကြီး စပေပြီ။ ကရဲမလင် - မော်စကိုမြို့လည်ရှိ နန်းတော်မြို့။ ဆိုဗိယက်အစိုးရ၏ ဗဟိုဌာနဖြစ်သည်။ ဘရေ ... သူတို့နဲ့ လိုက်ကြရ အောင်လေ။ အခုဆိုရင် အင်တာနေရှင်နယ် သီချင်းကြီးကို ဆိုနေကြပြီ။ ကမ္ဘာတ၀ှမ်းလုံးမှာလဲ ဒီအင်တာနေရှင်နယ် သီချင်းသံ ၀ဲပျံပြီးနေတာမို့ ကျွန်တော်တို့ အကျဉ်းခန်းထဲမှာလဲ ဒီသီချင်း သံ ပြည့်နက်သွားပစေ။ ကျွန်တော်တို့ကား သီချင်းဆိုကြသည်။ ၎င်းနောက် တော်လှန်ရေး သီချင်း တပုဒ်ပြီးတပုဒ် ပေါ်လာသည်။ ကျွန်တော်တို့ကား အဖော်ကွဲ၍မနေလိုကြ။ အမှန်အား ဖြင့် ကျွန်တော်တို့သည် အဖော်ကင်းမဲ့နေကြသည်မဟုတ်။ စင်စစ်အားဖြင့် ကျွန်တော်တို့ကား ယခုအချိန်တွင် လွတ်လွတ်လပ်လပ် နေထိုင်ယင်း အချုပ်အချယ်မရှိဘဲ သီချင်းဆိုနေယင်းက၊ ကျွန်တော်ကဲ့သို့ပင် တိုက်ပွဲဝင်နေကြသူများနှင့် တဂိုဏ်းတည်း တဖွဲ့တည်း ဖြစ်ကြပေသည်...
အင်တာနေရှင်နယ် - ကမ္ဘာ့ ပစ္စည်းမဲ့တို့၏ သီချင်း၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကွန်မြူနစ်များ တော်လှန်ရေးသမားများ၏ သီချင်းဖြစ်သည်။ စာသားကိုရေးစပ်သူမှာ အဲဇဲန် ပေါ်တယဲ ခေါ် ပြင်သစ်အလုပ်သမား၊ တော်လှန်ရေးသမားဖြစ်၍ ပါရီကွန်မြူးန်တွင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဂီတကိုဖွဲ့နွဲ့သူမှာ ပီယဲရ်ဒဂေတဲရ် ခေါ် ပြင်သစ်အလုပ် သမား၊ သီချင်းရေးဆရာတဦးဖြစ်သည်။
(တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊
ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... )“ဒါး ... မီ ဆဗားမီ။”
ကျွန်တော်တို့သည် ၁၉၄၃ ခုနှစ် မေဒေးနေ့ပွဲသဘင်ကို အကျဉ်းခန်း ၂၆၇ ၌ ဤသို့လျှင် အဆုံးသတ်ရန် ကြံစည်ခဲ့ကြပါသည်။ သို့သော် အမှန်အားဖြင့် ထိုသို့အဆုံးသတ်ခဲ့ပါသလော။ အကျဉ်းခန်းများရှိ ယောက်ျားများအားတက်ကြစေရန် တပ်နီတော် စစ်သီချင်းကို လေချွန်ရင်း၊ ပြောက်ကျားတပ်သားသီချင်းကို လေချွန်ရင်း၊ အခြားဆိုဗိယက်သီချင်းများကို လေချွန်ရင်း ယခုနေ့လည်ပိုင်းတွင် မြေကွက်လပ်တလျှောက် လမ်းလျှောက်နေသော ထောင်ဘာယာအမျိုး သမီးအကြောင်းအကိုလည်း ထည့်ပြောရန် မလိုတော့ပြီလော။ ကျွန်တော့်ထံ စက္ကူနှင့် ခဲတံယူလာကာ ယခုလည်း တစုံတယောက်က ရုတ်တရက်ဝင်လာ၍ ကျွန်တော်စာရေးနေ သည်ကို အလစ်မဖမ်းနိုင်ရန် စင်္ကြံတွင် စောင့်ကြပ်ပေးနေသောသူ၊ ချက်အမျိုးသား ထောင်စောင့်တို့၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ယောက်ျားတယောက်၏ အကြောင်း ကိုလည်း မပြော၍ဖြစ်ပါ့မည်လော။ ဤစာရေးခြင်းကို အကယ်ပင် အစပျိုးပေးလိုက်ကာ၊ ဤစာရွက်ကလေးများကိုလည်း ယူထုတ်သွားလျက် အချိန်ကျသောအခါတွင် အလင်းသို့ပေါ် ထွက်လာအောင် စေ့စေ့စပ်စပ်သိမ်းဝှက်ပေးနေသော အခြားယောက်ျားတယောက်၏အကြာင်း ကိုလည်း မကျန်တော့သလော။ ဤစာရွက်ကလေး တပိုင်းတစကြောင့်ပင်၊ သူတို့ ခေါင်းပြုတ်သွားနိုင်သည်။ တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... - ဖူးချစ်သည် ဤသီချင်းကို မူရင်းရုရှား အသံထွက်ဖြင့် ရေးခဲ့သည်။“ထောင်များအတွင်းက ရဲဘော်တို့ရယ်အေးစက်လှတဲ့ တံတိုင်းများ နောက်ဝယ်ငါတို့နဲ့အတူတူ မချီတက်နိုင်ပေမယ့်လဲမင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ၊ မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ။
“ဒါး ... မီ ဆဗားမီ။” - (ရုရှားစကား) အေး ... ငါတို့ဟာ မင်းတို့နဲ့ အတူတကွပဲ။
သူတို့ကား သံတိုင်များကာထားသော ယနေ့နှင့် လွတ်လပ်သော မနက်ဖြနအကြား ပေါင်းကူးတံတားများ ဖြစ်ကြရန် စွန့်စားနေကြသည်။ သူတို့ကား တိုက်ပွဲဝင်နေ ကြသည်။ မြေ၏ အနေအထားအလိုက်၊ ရှိသမျှသောနည်းလမ်းများကိုသုံးကာ ရောက်နေရာ၌ ရပ်တည်ရင်း သစ္စာရှိစွာတိုက်ခိုက်နေကြသည်။ ကြောက်စိတ်ကင်းမဲ့စွာ တိုက်ပွဲဝင်နေကြ သည်။ သူတို့တွင် ဟိတ်ဟန်ဟူ၍မရှိ၊ မသင်္ကာစရာလည်း မပေါ်၊ ဂရုဏာပြသော အမူအရာမျိုးပင် လုံးဝကင်းမဲ့နေသည်။ ထို့ကြောင့်လည်း အသက်နှင့်သေဘေးတို့၏ ရင်ဆိုင် တိုက်ပွဲတွင် ထိုသူများကား မိတ်ဆွေများဘက်မှ ရပ်တည်နေကြသည်၊ တိုက်ပွဲအတွင်း ကျဆုံး ရန်အလားအလာနှင့် အောင်မြင် ရန်အလားအလာများ သူတို့တွင် ဆတူရှိနေကြသည်ဟူသော အချက်တို့ကို ခင်ဗျားအနေနှင့် လုံးဝရိပ်မိနိုင်မည် မဟုတ်ပေ။ မေဒေးဗိုလ်ရှုသဘင်များ၌ တော်လှန်ရေးတပ်မတော်သားများ ချီတက်ကြသည်ကို ခင်ဗျားဆယ်ကြိမ် အကြိမ်နှစ်ဆယ်မျှ မြင်ခဲ့ရသည်။ ခမ်းနားပေစွ တကား။ သို့သော် တကယ့်တိုက်ပွဲအတွင်းသို့ ရောက်ခါမှ ဤတပ်မတော်ကြီး၏ အင်အားအစစ်အမှန်ကို တန်ဘိုးဖြတ်နိုင်တော့သည်။ သေခြင်းဟူသည် ကား ခင်ဗျားထင်ခဲ့သည့်ထက် ပို၍ရိုးနေသေးသည်။ သတ္တိရှိခြင်း၏ မျက်နှာမှလည်း ရောင်ခြည် များဖြာထွက်သည်ထက်ပင် ပိုမို၍ရက်စက်ကြမ်းကြုတ်သည်။ တိုက်ပွဲအတွင်း ကြန့်ကြန့် ခံလျက် အောင်ပွဲအထိ ချီတက်သွားရန်အလို့ငှာ အတိုင်းမသိသော အင်အားများရှိရန် လိုပေသည်။ ယင်းသို့သော အင်အားများ လှုပ်ရှားနေသည်ကို နေ့စဉ်နှင့်အမျှ မျက်မှောက်ပြု နေရသော်လည်း အမြဲတစေအားဖြင့်သော်ကား ထိုအင်အားတို့ကို ခင်ဗျားအနေနှင့်အပြည့် အ၀သတိပြုမိသည် မဟုတ်ပေ။ အစစအရာရာကား ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပေါ်နေ ကြသည် ဟု ထင်ခဲ့သည်။ ယနေ့ ၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ဗိုလ်ရှုသဘင်တွင် ...အဆိုပါ အင်အားစိုတို့ကို ခင်ဗျားသတိပြုမိပြန်လေပြီ။
၁၉၄၃ ခုနှစ်၊ မေဒေးနေ့သည် ဤဇာတ်ကြောင်းကို ခေတ္တမျှဝင်၍ဖြတ်ခဲ့ပါသည်။ သို့ဖြစ်သည် ကား ကောင်းပင်ကောင်းနေသေးသည်။ ပွဲလမ်းသဘင် ကျင်းပသောနေ့များဝယ်၊ လူတို့သည် အတိတ်မှ အဖြစ်အပျက်တို့ကို တမျိုးတဖုံ လှီးလွှဲ၍ သတိရတတ်ကြသည်။ ယနေ့လွှမ်းမိုး နေသော ပျော်ရွှင်မှုသည်လည်း ကျွန်တော်၏ စမြုံ့ပြန်ခြင်းတို့ကို အရောင်တမျိုး ချယ်ကောင်း ချယ်ပေလိမ့်မည်။
ပက်ချက်နန်းတော်ရှိ “ဘိုင်စကုပ်ရုံ” သည်ကား၊ မည်သည့် ရှုထောင့်မှကြည့်ကြည့် ရွှင်မြူးဘွယ်ရာ အကယ်ပင် ကင်းမဲ့နေသော နေရာတနေရာဖြစ် လေသည်။ ဤသည်ကား ညှဉ်းပမ်းရာ အခန်းတွင်းသို့မ၀င်မီ စောင့်နေရသည့် အရှေ့ခန်းဖြစ်သည်။ ထိုနေရာမှနေ၍ အခြားသူများ၏ ညီးတွားသံများ၊ တုန်လှုပ်စွာ အော်ဟစ်သံများကို ကြားရသည်။ ခင်ဗျားကို ဘာလုပ်ကြမည်မသိ။ လူတို့သည် ဤအခန်းမှ ကျန်းမာသန်စွမ်း၊ သွက်လက်စွာ ထွက်ခွာသွား သည်ကို ခင်ဗျားတွေ့ လိုက်ရသည်။ နှစ်နာရီ၊ သုံးနာရီမျှ အစစ်ခံရပြီးသည့်နောက်ပိုင်းတွင်ကား ပေါက်ပြဲကျိုးပဲ့လျက် ပြန်လာကြသည်ကို တွေ့ရသည်။ အစစ်ခံရန် နာမည်ကို ခေါ်လိုက် သည်တွင် ပြတ်ပြတ်သားသား ထူးလိုက်သောအသံကို ကြားရသည် တနာရီအကြာတွင် နာကျင်ခြင်း၊ အဖျားတက်ခြင်းတို့ဖြင့် ဖျော့နေသော အသံသဲ့သဲ့သည် အသံရှင်၏ ပြန်ထွက်လာခြင်းကို ကျေညာလေသည်။ ထို့ထက်ဆိုးသော အရာတရပ်ရှိသေးသည်။ လူတို့သည် ငြိမ်သက်ဖြောင့်မတ်သော မျက်နှာထားဖြင့် ၀င်သွား ကြသည်ကို တွေ့လိုက်ရလျက်၊ ၎င်းတို့ပြန်လာကြသောအခါတွင်ကား ခင်ဗျားနှင့်မျက်လုံးချင်း မဆိုင်ကြ တော့ပေ။ အပေါ်ထပ်တနေရာ၊ စစ်ဆေးသောအခန်းတခန်းဝယ် ပျော့သွားသောအချိန် ကလေးတချိန် ယုတ်စွအဆုံး မဆုံးဖြတ်နိုင်သော အခိုက်ကလေးတခိုက်၊ ကြောက်စိတ်လွှမ်း ခဲ့သော တဒင်္ဂ၊ သို့မဟုတ် ငါတည်းဟူ သော ကိုယ်ကာယကို ကာကွယ်လိုစိတ်ကြောင့် ယနေ့ ဖြစ်စေ၊ နက်ဖြန်ဖြစ်စေ၊ ဤနေရာသို့ လူသစ်များရောက်လာကြတော့မည်။ တုန်လှုပ်ဘွယ် ရာများကို အစမှ နေ၍ ခံစားကြရတော့မည်။ ထိုလူသစ်များကား တိုက်ပွဲအတွင်း ရဲဘော် ရဲဘက်တယောက်က၊ ရန်သူ့လက်တွင်း ထိုးအပ်ခြင်းကို ခံလိုက်ရသော သူများပင်ဖြစ်လေ သည်။
စိတ်ဓာတ် အချိုးခံလိုက်ရသောသူများကို ကြည့်ရခြင်းသည်၊ ကိုယ်ကာယထုထောင်းနှိပ်စက် ခြင်းခံသော သူများအား မြင်ရခြင်းထက် ပို၍ဆိုးဝါးလေ သည်။ အနီးအပါး၌ရစ်ဝဲနေသော သေခြင်းသဘောတရားဖြင့် ဆေးကျောထားသည့် မျက်လုံးများလည်းရှိ၍၊ သေရာမှပြန်ထလာ ခြင်းကြောင့် ခါးနေသောခံစားမှု လည်းရှိမည်ဟုဆိုက၊ မည်သူသည်ယိုင်သွားခဲ့ပြီ၊ မည်သူသည် မိမိ၏၀ိဉာဉ်တနေရာကလေးတွင် ငါ၏တိုက်ပွဲဝင်ဘက်တော်သားများအနက် အရေးမကြီးဆုံး သော ဖော်ထိုက်လိုက်ရလျှင်၊ ငါ၏ကိုယ်အတွက် သက်သာမှုအနည်းငယ်ရစေလိမ့်မည်ဟု စိတ်ကူးမိခဲ့ပြီ၊ စသောအကြောင်းတို့ကို ခင်ဗျားအားမည်သူက မပြောဘဲ နှင့် စိတ်တွင်းကသိရှိနိုင်သည်။ အသဲကြောင်လိုက်တဲ့ သတ္တ၀ါတွေ။ ရဲဘော်ရဲဘက်တယောက်ရဲ့ အသက်ကိုပေးပြီး ၀ယ်ခဲ့ရတဲ့နောက်၊ မင်းတို့ရဲ့ဘ၀ဟာ သတီစရာ ရှိပါတော့မလား။
ဤသည်ကား “ဘိုင်စကုတ်ရုံ”တွင်ပဌမဆုံးအချိန်ထိုင်ခဲ့စဉ်က ဦးဦးဖျားဖျားပေါ်ပေါက်လာသော စိတ်ကူးများ ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း ထို စိတ်ကူးများသည် ဤနေရာတွင် ထပ်ခါထပ်ခါပေးလာတတ်သည်။ ထိုနေ့နံနက်တွင် ရောက်သွားသည့်အခြားနေရာ တနေရာ ၌ကား ထိုစိတ်ကူးသည် အကယ်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာကား “ဘိုင်စကုတ်ရုံ” နှင့်အနည်းငယ်ကွာခြားသည်။ ထိုနေရာကားသိမြင်မှုတို့၏ အကြွယ်ဝဆုံးရေသောက် မြစ်ဖြစ် လျက်၊ နံပါတ် “လေးရာ” ဟု အမည်တွင်လေသည်။ကျွန်တော်သည် “ဘိုင်စကုတ်ရုံ” ထဲတွင် ကြာမြင်စွာထိုင်မနေခဲ့ရ၊ တနာရီသို့မဟုတ် တနာရီခွဲသာကြာမည်။ နောက်ကျွန်တော်၏ ကျောဘက်မှ ကျွန်တော်၏အမည်ကို ခေါ်သံပေါ်လာကာ၊ အရပ်ဝတ်အရပ်စားနှင့် ချက်စကား ပြောတတ်သူ ပုလိပ်နှစ်ယောက်က ကျွန်တော့်အားဓာတ်လှေခါးသို့ ခေါ်ဆောင်သွား သည်။ လေးထပ်ပေါ်အထိတက်၍ ကျယ်ပြန့်သော အခန်းကြီးတခန်းအတွင်းသို့ ခေါ်သွားကြသည်။ ထိုအခန်း၏ တံခါးပေါ်တွင် တပ်ဆင်ထားသည့် ဂဏန်းကား ...၄၀၀ ဟူ၍ဖြစ်ပသည်။
ရောက်စက သူတို့၏မျက်စေ့အောက်တွင် ကျွန်တော်တယောက်ထီးတည်းသာ ထိုင်နေရ သည်။ နောက်ဆုံးထရံမှာ သီးသန့်၍ချထားသော ကုလား ထိုင်တလုံးတွင် ထိုင်နေရသည်။ ထိုနေယင်းက၊ ယခုဖြစ်ပျက်နေသော အတွေ့အကြုံကို ယခင်တခါ ကြုံတွေ့ခဲ့ရဘူးသည်ဟူ သောခံစားမှုဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုမိသည်။ ဒီနေရာကို ငါရောက်ခဲ့ဘူးသလား၊ မရောက်ဘူးပါဘူး။ ဒါပေမဲ့ ဒီအခန်းကိုငါသိပါတယ်။ ဤအခန်းကို ကျွန်တော်မှတ်မိသည်။ အိပ်မက်ထဲ၌မက်ဘူး သည်။ ဤနေရာအကြောင်း ကြမ်းကြုတ်လှသော ချောက်အိပ်မက်ကြီး မက်ဘူးသည်။ ချောက်အိပ်မက်ကြောင့် အသွင်အပြင်လည်း ရွဲ့စောင်း၊ အနေအထားလည်း စက်ဆုတ်စရာကောင်းနေခဲ့သည့်တိုင်အောင် ထိုနေရာကို မမှတ်မိနိုင်သည့် အထိကားမ ရောက်။ ယခုသော် ဤအခန်းသည် ဖော်ဖော်ရွေရွေဖြစ်နေသည်။ နေ့၏ အလင်းရောင်နှင့် ကြည်လင်သောရောင်စုံများ သန်းနေကြသည်။ သံတိုင်များ ခပ်ကြဲကြဲတပ်ထားသော ပြူတင်း ပေါက် ကျယ်ကျယ်ဝန်းဝန်းများ၏အလွန်တွင်၊ တင်း ဘုရားရှိခိုးကျောင်း၊ စိမ်းစိုသော လဲ့တနာ နှင့် ဟရာ့ဒချန်နီ ရဲတိုက်တို့ကို မြင်နိုင်ပေသည်။ ကျွန်တော်၏ အိပ်မက်ထဲတွင်ကား၊ အဆိုပါ အခန်းတွင် ပြူတင်း ပေါက်များမရှိ၊ မှုန်မှုန်သိုးသိုးဖြစ်နေသည်။ ညစ်ပတ်သော အလင်းရောင်ဝါ ကျင့်ကျင့်သာ ပက်ဖြန်းထားသည်။ လူများသည်လည်း အရိပ်များနှင့် တူနေခဲ့သည်။ ဟုတ် သည်၊ ဤနေရာတွင် လူများရှိခဲ့သည်။ ယခုသော် တခန်းလုံး ဗလာဟင်းလင်းဖြစ်နေလျက်၊ တလုံးနောက်တလုံး စီ၍ချထားသော ခုံတန်းရှည်ခြောက်လုံး ကား၊ ပန်းဝါ၀ါ၊ ပန်းဖြူဖြူကလေး များပေါက်နေသည့် မြက်ခင်းကလေးနှင့်တူနေလေသည်။ အိပ်မက်ထဲတွင်မူ၊ ခုံတန်းများမှာ တယောက်ဘေးတယောက်ကပ်၍ ထိုင်နေရသော လူများဖြင့် ပြည့်နေခဲ့သည်။ ၎င်းတို့၏ မျက်နှာများမှာလည်း ဖျော့ရော့နေသည်၊ သွေးများစွန်းနေသည်။ ထို့နောက် တံခါးဘေး ထိုတနေရာဝယ် အလုပ်သမားဝတ်စုံအပြာရောင်ကို ၀တ်ထားသော လူတယောက်။ သူသည် ရေ ... ရေကို တောင့်တယင်းရပ်နေကာ၊ လျှောကျလာသော ကုလားကာကဲ့သို့ မြေ ပေါ်သို့ ဖြည်းညင်းစွာ ခွေကျသွားလေသည်။ဟုတ်သည်။ ဤသို့ပင်ဖြစ်သည်။ အိပ်မက်ကားမဟုတ်။ ယခုအကြောင်းမှန်ကို သိပြီ။ ထိုရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်၊ အဖျားသွေးများ တက်စေသည့် အဖြစ်အပျက်ကား၊ အကယ်ပင်ဖြစ်ပွားခဲ့သည်။ ကျွန်တော်အဖမ်းခံရ၍ ပဌမဆုံးအကြိမ် အစစ်ဆေးခံရသော ညက ဖြစ်လေသည်။ သူတို့အနားယူလိုသော အချိန်၊ သို့မဟုတ် အခြားသူများအား ကိုင် တွယ်လိုကြသည့် အချိန်များတွင် ကျွန်တော့အား ဤနေရာသို့ခေါ်၍ ခေါ်၍လာကြသည် - သုံးကြိမ်လား၊ ဆယ်ကြိမ်လားမသိ၊ သိနိုင်ပါဘူးလေ။ ကျွန်တော့တွင် ဘိနပ်များမပါ။ အကွက်ရိုက်ထားသော အုပ်ကျွတ်ကြမ်းခင်းများက၊ ပွန်းပဲ့နေ သော ခြေဖ၀ါးများကို၊ နူးနူးညံ့ညံ့အေးမြ စေခဲ့သည်ကို သတိရပါသည်။ ထိုစဉ်အခါက ခံတန်းလျားများမှာ ယွန်ကားစ် လက်နက်စက်ရုံများမှာ အလုပ်သမားတို့ဖြင့်ပြည့်လျှံနေခဲ့သည်။ ဂက်စတာပိုက တညနေခင်းပိုက်ဆွဲရာတွင် ပါလာသူများဖြစ်သည်။ အလုပ်သမား အ၀တ်ပြာ ကို ၀တ်ထားသည့် တံခါးနားမှလူကား ယွန်ကားစ် စက်ရုံအတွင်းရှိ စက်ရုံကလာပ်စည်းမှ ရဲဘော် ဘာရတော် ည်ဖြစ်သည်။ ကျွန်တော်အဖမ်းခံရသည့်အကြောင်းမှာ သူနှင့်တနည်းအား ဖြင့် ဆက်စပ်နေသည်။ ဤအချက်ကိုရေးသည်မှာ ကျွန်တော်၏ကိစ္စတွင် တစုံတယောက် ၏ သစ္စာဖောက်ခြင်း၊ သူရဲဘော်ကြောင်ခြင်းတို့မပါဝင်၊ သတိလစ်ဟင်းမှုနှင့် ကံမကောင်း အကြောင်းမလှခြင်းတို့ကြောင့်သာ ဖြစ်ရသည်ကို ရှင်းလင်းစွာသိကြစေ ရန်ဖြစ်သည်။ ရဲဘော် ဘာရတော်ည်သည် မိမိ၏ကလာပ်စည်းနှင့် ပါတီခေါင်းဆောင်မှုအကြား အဆက်အသွယ်များ ရရန် ရှာဖွေနေခဲ့သည်။ သူ၏ မိတ်ဆွေဖြစ်သူ ရဲဘော် ယဲလီနက် က အဆက်အသွယ်ရအောင် စီစဉ်ပေးပါမည်ဟု ကတိပြုလိုက်လေသည်။ ရဲဘော် ယဲလီနက်သည် ရှေးဦးပဌမ ကျွန်တော်နှင့် တိုင်ပင်သင့် သည်။ သူနှင့် လုံးဝမပတ်သက်စေပဲ၊ ကိစ္စကို ပြီးမြောက်အောင်လုပ်သင့်သည်။ ထိုသို့ပြုလုပ်ရမည့်အစား လျှို့ဝှက်မှုစည်းကမ်းကို တနည်းအားဖြင့် ဂရုမမူဘဲ ဖွင့်ဟ ၍ ကတိပေးလိုက်ခြင်းကား အမှားတရပ်ဖြစ်လေသည်။ ဒုတိယ - ပို၍ ကြမ္မာငင်သော အမှားကား ရဲဘော်ဘာရတော်ည်သည် ထိုအကြောင်းကို လူတယောက်အားယုံစား၍ ဖွင့်ပြောမိခြင်းဖြစ် သည်။ ထိုသူကား ရန်သူ့တလျှိုတယောက်ဖြစ်လျက် ဒဗောယျတ် ဟုခေါ်သည်။ ရဲဘော် ဘာရတော်ည်က၊ ယဲလီနက်၏အမည်ကို ထိုသူ့အား ဖွင့်ပြောမိသည့်အတွက် ယဲလီနက်တို့၏ အကြောင်းသည် ဂက်စတာပိုထံသို့ ရောက်သွားလေသည်။ နှစ်နှစ်ကြာမျှ ကောင်းမွန်စွာထမ်း ဆောင်ခဲ့သော တာဝန်လုပ်ငန်းများကြောင့်ကား ဘာမျှမဖြစ် တနေရာတွင်အကူအညီကလေး တခုပေးပါရန်၊ လျှို့ဝှက်မှုစည်းကမ်းများမှ ခြေလှမ်းကလေးတကွက်မှား၍ နင်းလိုက်မိသော ကြောင့် ဤသို့ဖြစ်သွားရပေမည်။ ကျွန်တော်လာမည်ဟု ချိန်းထားသောညတွင်မှ ပက်ချက် နန်းတော်မှ ဂက်စတာပိုများက၊ ယဲလီနက်တို့လင်မယားအား ဖမ်းဆီး ရန်ဆုံးဖြတ်ကြခြင်း၊ ဤမျှလောက် အင်တိုက်အားတိုက် တပ်ချီလာခြင်းတို့ကား၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မျှ သာ ဖြစ်သည်။ အမှန်အားဖြင့် အစီအစဉ်အတိုင်း ဆိုလျှင် ယဲလီနက်တို့အား နောက်တနေ့မှ ဖမ်းဆီးကြရမည်ဖြစ်သည်။ သို့သော် ယွန်ကားစ်များအတွင်းရှိ ကလာပ်စည်းကိုအောင်မြင်စွာ မြေလှန်လိုက်မိကြသဖြင့်၊ သွေးတကြွကြွဖြစ်နေကြကာ၊ ယဲလီနင်တို့ထံမတော်တဆ “လေကောင်း လေသန့်ရှာရန်” ထွက်လာကြသည်ဟူ၍ပင်ဆိုနိုင်သည်။ပုလိပ်များဝင်လာသဖြင့် ကျွန်တော်တို့အံ့အားသင့်သွားခဲ့သည်မှာ သူတို့အနေနှင့် ကျွန်တော့်အားတွေ့ရသောကြောင့် အံ့အားသင့်သွားထက်မပိုပါပေ။ သူတို့ကား မည်သူ့ကိုဖမ်းကြောင်း ပင်မသိ။ စင်စစ်အားဖြင့် ကျွန်တော်မည်သူဖြစ်သည်ကို နောင်တွင်လည်း သိနိုင်စရာအကြောင်းမရှိ။ သို့သော် ကျွန်တော်နှင့် တချိန်တည်း ...သို့သော်လည်း အခန်းနံပါတ်လေးရာမှ၊ ပထမစိတ်ကူးများနှင့် ဆက်သွယ်နေသော ဤအချက်ဆီသို့ နောက်အတော်ကလေးကြာတော့မှ ဆိုက်ရောက် လာပါသည်။ ထိုအချိန်တွင်ကျွန်တော်ကား တယောက်ထီးတည်းလည်းမဟုတ်တော့။ ခုံတန်း ရှည်များပေါ်တွင်သာမက၊ အခန်းပတ်လည်ရှိ နံရံများတွင် လည်း လူများပြည့်နေသည်။ နာရီများရွေ့လျားသွားတိုင်း အံ့သြဖွယ်ရာအချက်အလက်များလည်း တိုး၍တိုး၍လာပါသည်။ ကျွန်တော်နားမလည်နိုင်လောက်အောင် ထူးခြားသောအံ့အားသင့်စရာများကိုလည်း တွေ့ရ သည်။ နားလည်နိုင်လွန်းလောက်အောင် ဆိုးဝါးသော အံအားသင့်စရာများကိုလည်း တွေ့ရသည်။
ပထမဦးစွာ ကြုံတွေ့ရသော အံ့အားသင့်ဖွယ်ရာ အဖြစ်အပျက်ကား အထက်ပါနှစ်မျိုးနှစ်စား အနက် မည်သည့်အမျိုးအစားသို့မှ အကြုံးမ၀င်ပါ။ လူ့ စိတ်ကို ကြည်နူးစေသော အသေးအဖွဲ ကိစ္စကလေးတရပ်မျှသာဖြစ်လျက် မည်သူ့အတွက်မျှ အရေးကြီးသော ကိစ္စမဟုတ်ပါပေ။
ကျွန်တော့်အနီးတွင် ဂက်စတာပိုတယောက် ရပ်နေပါသည်။ ကျွန်တော့်အား ဖမ်းဆီးစက ကျွန်တော်၏အိတ်များကို လှန်လှောရှာဖွေဖြစ်ကြောင်း မှတ် မိပါသည်။ ယခုသည် ကျွန်တော့်အား စောင့်ကြည့်နေရာမှ သောက်လက်စ စီးကရက်တလိပ်ကို ကျွန်တော့်ထံ ပစ်ပေးလိုက်ပါသည်။
ရက်သတ္တသုံးပတ်အတွင်း ပထမစီးကရက် ... ကမ္ဘာမြေပေါ်သို့ ဒုတိယအကြိမ်ပြန်ရောက် လာသူအတွက် ပထမစီးကရက် ... ကောက်ယူလိုက်ရမ လား၊ ဒါမှမဟုတ် စီးကရက်တလိပ်နဲ့ ကျွန်တော့်ကိုဝယ်လို့ရပြီးဆိုပြီး ယူဆမှာလား။ သို့ရာတွင် စီးကရက်နှင့်အတူပါလာသည့် သူ၏ အကြံတွင် ဤသဘောမျိုးကို လုံးဝမတွေ့ရ။ သူကား မည်သူ့ကိုမျှ ၀ယ်ယူလိုပုံမပေါ်ချေ။ သို့သော်ကျွန်တော်ကား စီးကရက်တလိပ်လုံးကုန်သည်အထိ မသောက်နိုင်၊ မွေးကာစ ကလေးများကား စီးကရက် အသောက်ကြူးသူများ မဟုတ်ပေ။ ဒုတိယအံအားသင့်စရာ ကိစ္စကား ဤသို့တည်း။ လူလေးယောက်သည် တယောက်နောက် တယောက်စီတန်းလျက်ဝင် လာကြကာ စောင့်ကြပ်နေကြ သော အရပ်ဝတ်အရပ်စားပုလိပ်များကိုသာမက ကျွန်တော့်ကိုပါ ချက်စကားဖြင့် နှုတ်ဆက်ကြသည်။ ၎င်းနောက်စားပွဲများတွင် ထိုင်၊ စာရွက်ဖိုင်တွဲများဖွင့်၊ စီးက ရက်များသောက်၊ ရုံးအလုပ်သမားများကဲ့သို့ လွတ်လွတ်လပ်လပ်မှ တကယ့်ကိုလွတ်လွတ် လပ်လပ်ကြီး ပြုမူကြသည်။ ဟာ ... ဒီလူတွေကို ငါအသိသားပဲ၊ အနည်းဆုံး သုံးယောက်ကို ဖြင့် သိပါတယ်။ ဂက်စတာပို ဘက်တော်သားတွေတော့ ဖြစ်မသွားနိုင်ပါဘူး။ ဒါမှမဟုတ် ရန်သူတွေများ ဖြစ်ကုန်ကြပြီလား။ သူတို့လိုလူတွေ တောင် ဒီလိုဖြစ်ကုန်ကြပြီလား။ ကြည့်စမ်းပါလား ဟိုလူဟာ ၇ ... ပါ။ တခါတုန်းက ပါတီနဲ့အလုပ်သမားသမဂ္ဂအတွင်းရေးမှူး။ လူက အရိုင်းလိုလို၊ ဒါပေမယ့် သစ္စာ ရှိတယ် မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဒီဘက်က အန်ကာဗိကောဗား၊ ခါတိုင်းလိုပဲ ကိုယ်က ခပ်တောင့်တောင့်လှတုန်း၊ ပတုန်း၊ ဆံပင်ကတော့ လုံးလုံးဖြူနေပြီ။ ခိုင်ခိုင်မြဲမြဲနဲ့ တိုက်ပွဲထဲခေါင်းမာမာနဲ့ဝင်ခဲ့တဲ့ မိန်းမတယောက် မဟုတ်သေး ပါဘူး၊ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ ဗားရှက်၊ မြောက်ပိုင်း ဘောဟီးမီးယား၊ မီးသွေးတွင်း တွေက ပန်းရံသမားတယောက်၊ ခရိုင်ပါတီအတွင်းရေးမှူးလဲ လုပ်ခဲ့သေးတယ်။ သူ့ကိုဘယ်နဲ့ လုပ်ပြီး မသိဘဲနေနိုင်ပါ့မလဲ။ သူနဲ့ငါနဲ့ တူတူတွဲပြီး ခါးကျိုး မတတ် အလုပ်လုပ်ယင်း၊ မြောက်ပိုင်းဒေသ တိုက်ပွဲတွေကို မျက်နှာချင်းဆိုင်ခဲ့ကြတယ် မဟုတ်လား။ မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီမှာဘာလာ လုပ်နေကြတာလဲ၊ ဘာတွေလုပ်နေကြသလဲ။
ဘာတွေလုပ်နေကြသလဲ။ - ဂက်စတာပိုများသည် နံပါတ်လေးရာ၌ အကျဉ်းသမားများအား ဘာသာပြန်အလုပ် စသည်တို့ကို လုပ်ခိုင်းကြသည်။ အကျဉ်းသမားများ ကလည်း ထိုအခွင့်အရေးကိုသုံး၍ ရန်သူဆန့်ကျင်ရေးလုပ်ငန်းများ လုပ်ကြသည်။ နံပါတ်လေးရာတွင် ပုလိပ်အချို့တို့ကိုပင် စည်းရုံးထားနိုင်သဖြင့် အချို့သော အချိန်များတွင် ကွန်မြူနစ်အကျဉ်း သမားများကို ချုပ်နှောင်ထားရာအခန်းနှင့် မတူတောဘဲ၊ တော်လှန်ရေးသမားများ၏ ဌာနချုပ်သဖွယ် ဖြစ်နေတတ်သည်။ ထိုမေးခွန်းများအတွက် အဖြေရှာ၍ မရသေးမီပင်၊ အခြားသူများတစုတဝေးကြီး ပေါက်လာကြသည်။ မီးရက်အပြင်၊ ယဲနီလက်တို့ လင်မယားနှင့် ဖရီးဒ်တို့လင်မယားကိုလည်း ခေါ်သွင်းလာကြသည် ဟုတ်သည်။ ဤသည်ကိုကား ကျွန်တော် သိသည်။ ဤသူများကား ကျွန်တော်နှင့်အတူ အဖမ်းခံရသည်။ သို့သော် ပညာတတ်များ အကြား အလုပ်လုပ်ရန် မီးရက်အား အကူအညီပေးခဲ့သော အနုပညာသမိုင်းဆရာ ပါဗ်လ် ကရောပါးချက်တယောက် အဘယ့်ကြောင့် ပါလာရ သနည်း။ သူ့အကြောင်းကို ကျွန်တော်နှင့် မီးရက်မှတပါး အခြားဘယ်သူမျှ မသိကြ။ ၎င်းပြင် မျက်နှာတခုလုံး ကွဲပြဲနေသော အရပ်ရှည်ရှည် လူငယ်တယောက်က၊ ကျွန်တော်တို့အချင်းချင်း မသိဟန်ဆောင်နေဟူ၍ ကျွန်တော့်အား အဘယ့်ကြောင့် လက်ဟန်ခြေဟန်ပြနေသနည်း။ အမှန်စင်စစ် သူ့အား ကျွန်တော်မသိ။ နေစမ်း ... ဘယ်သူများပါလိမ့်။ ရှတစ်ခ်လား။ ဒေါက်တာရှတစ်ခ်။ ဇဒိညက်ပါလား။ ဘုရား ... ဘုရား ... ဒါဆိုယင် ဆရာဝန်တွေရဲ့ အုပ်စုပါလား။ ဒီအုပ်အကြောင်းကိုကော ကျွန်တော်နဲ့မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အကျဉ်းခန်းထဲကို လာပြီး စစ်ကြတုန်းက ကျွန်တော့်ကို ချက်ပညာတ်တွေအကြောင်း ဘာဖြစ်လို့မေးခဲ့တာလဲ။ ကျွန်တော်နဲ့ ပညာတတ်တွေရဲ့လုပ်ငန်းကို ဘယ်လိုဆက်သွယ်မိကြသလဲ။ ဒီကိစ္စကိုကော ကျွန်တော်နဲ့ မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အဖြေပေးရန်ကားမခက်၊ သို့သော် ထိုအဖြေ ကား ကြမ်းတမ်းလှသည် ရက်စက်လှသည်။ မီးရက်ကား ယောင်းမမြင်းစီး၍ ထွက်ခဲ့လေပြီ။ ဖွင့်၍ပြော ခဲ့ပြီ။ အကုန်လုံးကို ဖွင့်၍မပြေတန်ရာဟု ခေတ္တခဏမျှမြှော်လင့်နေခဲ့သေးသည်။ သို့သော် အပေါ်ထပ်သို့ အခြားအကျဉ်းသမားများကို ထပ်မံခေါ်ဆောင်လာကြသည်။ ကျွန်တော်မြင်လိုက်ရသော သူများကား ...ဗလာဂျီလော့ဗ်၊ ဗန်ချူးရား၊ ပါမောက္ခ ဖဲလဘာနှင့် ၎င်း၏သား။ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းထားသည့် ဘက်ဒရစ်၊ ဗားစလာဗက်။ ဘောဇဲနာ၊ ပူလပါနောဗား။ ယင်းဒရစ်အဲလ်ဘလ်။ ပန်းပုဆရာ ဒဗောယျတ် - ချက်ပညာ တတ်များ၏ အမျိုးသားတော်လှန်ရေးကော်မတီကိုဖွဲ့ခဲ့သြူ သို့မဟုတ် ထိုအဖွဲ့တွင် ပါဝင် ကြမည့်သူ အားလုံးကား ဤနေရာသို့ ရောက်လာကြပြီ။ ပညာတတ်များအကြား လုပ်ငန်းဟူသ၍ကို မီးရက်သည်အလုံးစုံ ဖွင့်ပြောလိုက်လေပြီတကား။ပက်ချက်နန်းတော်သို့ ရောက်ခါစနေ့များတွင် ကျွန်တော်ကား သက်တောင့်သက်သာမနေခဲ့ရ။ သို့သော် ယခုကဲ့သို့ မြင်လိုက်ရခြင်းသည်ကား ဤနေရာတွင်ခံခဲ့ရသော ဒဏ်ချက်များအနက်၊ အပြင်းထန်ဆုံးသော ဒဏ်ချက်ဖြစ်ပါသည်။ ကျွန်တော်ကား သေဘေးကိုမြင်ခဲ့သည်၊ သစ္စာဖောက်မှုကိုကား မမြှော် လင့်ခဲ့။ မည်မျှပင် ငဲ့ငဲ့ညှာညှာဆန်းစစ်စေကာမူ သက်သာစေသည့် ပတ်ဝန်းကျင်အခြေအနေ များကို မည်မျှပင်ထည့်တွက်စေကာမူ၊ မီးရက်အနေနှင့် ဖော်မထုတ်ပဲ ထိန် ၀ှက်ထားခဲ့သော အချက်များကို မည်မျှပင်ပြန်လည်တွေးတောစေကာမူ သစ္စာဖောက်ခြင်းတည်းဟူသော စကား မှလွဲ၍ အခြားစကားအသုံးအနှုန်းကို ရှာမတွေ့ခဲ့ပါ။ ယိမ်းယိုင်မှုကလေးတချက်မျှသာမဟုတ်၊ နုနယ်ပျော့ရော့မှုမဟုတ်၊ သေလုအညှဉ်းခံရသဖြင့် ဂယောင်ဂတန်း သက်သာမှုရှာဖွေမိသော သူ၏ပြိုဆင်းမှုမဟုတ်။ သူ့အား ခွင့်လွှတ်နိုင်စရာ အကွက်ကလေးတကွက်မျှမရှိ။ ရောက် ရောက်ချင်း ပထမညကတည်းက ကျွန်တော့်နာမည်မည်သို့သိသွားကြသည်ကို ယခုနားလည် ပါပြီ။ အာညိခ်ျကာ၊ ယီရားစကောဗား ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသည်ကို ယခုနားလည်ပါပြီ။ သူ၏အိမ်တွင် ကျွန်တော်သည် မီးရက်နှင့်အကြိမ်ကြိမ်အခါခါတွေ့ဆုံခဲ့ဘူး သည်။ ကရောပါးချက်နှင့် ဒေါက်တာ ရှတစ်ခ် တို့ အဘယ့်ကြောင့်ဤသို့ရောက်လာကြရသည် ကိုလည်း ယခုသဘောပေါက်ပါပြီ။ နောက်ကျွန်တော်သည် နေ့စဉ်နှင့်အမျှလိုလို နံပါတ်လေး ရာသို့သွားရသည်။ နေ့စဉ်နှင့်အမျှလိုလိုပင် အသေးစိတ်အချက်အလက်တို့ကို ထပ်မံသိရှိလာ ရသည်။ ၀မ်းနည်းဖွယ်ရာလည်း ကောင်းသည်။ တုန်လှုပ်ဘွယ်လည်းကောင်းသည်။ ကြည့်စမ်း ... အရင်တုန်းက သိပ်ပြီးသတ္တိကောင်းခဲ့တဲ့လူတယောက်။ စပိန်ပြည်စစ်မျက်နှာတွင် တိုက်ပွဲဝင်ခဲ့စဉ်ကကျည်ဆံများကို မရွံ့မကြောက်ခဲ့သောသူ။ ပြင်သစ်ပြည်အကျဉ်းစခန်းမှကြမ်း ကြုတ်လှသော အတွေ့အကြုံများအောက် ဒူးမထောက်ခဲ့သူတယောက်။ ယခုဂက်စတာပို၏ လက်တွင်းမှ ကြိမ်လုံးကိုမြင်သည်နှင့်တပြိုင်နက် မျက်နှာတွင်သွေးများဆုတ်ယုတ်သွားကာ၊ မိမိ၏ သွားတချောင်း မကျိုးအောင် ဖော်ကောင်လုပ်ခဲ့လေပြီ။ အရိုက်အပုတ်ကလေး အနည်း ငယ်ခံရသည်နှင့်တပြိုင်နက် ပျက်ပျယ်သွားနိုင်သော သူ၏သတ္တိအား စကောလေက်ပင် စောက်မနက်သည်တကား။ သူ၏ယုံကြည်မှုသည်လည်း ဤသို့အပေါ်ယံကြောမျိုးဖြစ်လေ သည်။ ယုံကြည်ချက်ချင်းတူသော ရဲဘော်များ၏အလယ်၊ လူအုပ်ကြီး အတွင်း၌ကား ကြံ့ခိုင် ခြင်းဖြစ်လေသည်။ ယခုအဖော်ကင်း၍ တယောက်တည်းဖြစ်သွားကာ၊ ထိုးနှက်လျက်ရှိသော ရန်သူများက ၀ိုင်းလိုက်သည်နှင့် ရှိသမျှအား အင်တို့လည်း ကုန်ခန်းသွားလေသည်။ တကိုယ် ကောင်းကိစ္စများကို စ၍တွေးလိုက်သည်နှင့်တပြိုင်နက်အစစအရာရာကို ဆုံးရှုံးသွားလေ သည်။ ကိုယ့်အသား မနာစေရန် ရဲဘော် ရဲဘက်များကို ယဇ်ပူဇော်လိုက်သည်။ သူရဲဘောကြောင်စိတ် ၀င်လာကာ၊ ကြောက်စိတ်နှင့်သစ္စာဖောက်ခဲ့လေသည်။ သူနှင့်အတူ မိသွားသော လျှို့ဝှက်ရေးစာလုံးများ၏ အဓိပ္ပာယ်ကိုရှင်းပြမည့်အစား အသေခံရသည်ဟု ကိုယ့်ကိုယ်ကိုယ်နားမချ လျှို့ဝှက်သော စာဖတ် နည်းကိုဖွင့်ထုတ်လိုက်သည်။ လျှို့ဝှက်သော အိမ်တအိမ်ကို ဖော်ပြလိုက်သည်။ ရှတစ်ခ်နှင့်ချိန်း၍ ထိုနေရာသို့ ဂက်စတာပိုစုံထောက်များကို ခေါ်သွားကာ မျက်နှာ ချင်းဆိုင်ပေးလိုက်သည်။ ဗားစကာဗက်နှင့် ကရောပါ့ခ်တို့ကိုတွေ့ရန် ရန်သူများအား ဒဗောယျတို့၏အိမ်သို့ လွှတ်လိုက်သည်။ အာညိခ်ျကာကို ထိုးအပ်လိုက်သည်။ ခိုင်ခိုင်မြဲမြဲနှင့် သတ္တိကောင်းလှသော လီဒါ၊ သူ့အား ချစ်ခဲ့ရှာသည့် ကလေးမလေးလီဒါကိုပင် ထိုးအပ်လိုက်လေသည်။ အနည်းငယ်မျှ အရိုက်အနှက်ခံရလျှင်ပင် သိသမျှအနက်တ၀က်ကို ဖွင့်ပြောလိုက်သည်။ ကျွန်တော်သေပြီဟု ယုံကြည်သွားသောအခါဝယ်၊ ဖြေရှင်းမည့်လူမရှိ တော့ပြီဟု သဘောပိုက်ကာ၊ ကျန်သမျှ အချက်အလက်အလုံးစုံကို ဖော်ထုတ်လိုက်လေသ တည်း။
ဤသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ကျွန်တော့အပေါ်အန္တရာယ်မရောက်စေခဲ့။ ကျွန်တော်ကား ဂက်စတာပိုလက်တွင်းသို့ ရောက်ပြီးသားဖြစ်သည် - ထို့ ထက်ပို၍ ဆိုးစရာအကြောင်းမရှိ။ အန္တရာယ်မရောက်စေသည်သာမက အကျိုးပင်တမျိုးရှိနေသေးသည်။ သူ၏ ဖြောင့်ချက်များ ကား အမှုတခုလုံးတွင် သက်သေခံ အထောက်အထားများအဖြစ် အကောင်အထည်အပေါ်ဆုံး လည်း ဖြစ်လာသည်။ ထိုအချက်အလက်များသည် သံကြိုး၏ အစွန်းအစများနှင့်လည်း တူလေသည်။ သင်းတို့သိလိုက်သော အခြားကွင်းဆက်အားလုံးတို့ကား ကျွန်တော်၏ လက်တွင်း၌သာ ရှိနေခဲ့လေသည်။ ထို့ကြောင့် မာရှယ်လေ ကျေညာပြီးသည့်နောက်တွင် ပင် ကျွန်တော့်မှာ အသက်နှင့်ခန္ဓာမြဲနေခဲ့ရလေသည်။ ကျွန်တော်သာမက ကျွန်တော်တို့လူစုမှာ လူအတော်များများလည်း အသက်ရှင်၍ကျန်ရစ်ကြလေသည်။ သို့သော် မီးရက်ကသာ ကိုယ့် တာဝန်ကိုကျေပြွန်ခဲ့လျှင် ဤနေရာတွင် ဤသို့သော်လူစုဟူ၍ပင် ပေါ်ပေါက်လာရန်အကြောင်း မရှိ။ သူရောကျွန်တော်ပါ အသက်ပျောက်ခဲ့သည်မှာ ကြာလှတော့မည်။ သို့သော် အခြားသူများ ကား ကျွန်တော်တို့ ကျဆုံးပြီးသည့်နောက်တွင်ပင် ဆက်လက်နေထိုင်ယင်း လုပ်စရာအလုပ် များကိုလည်း ဆက်လက်လုပ်ကိုင်သွားကြမည် ဖြစ်လေသည်။ လူကြောက်ဟူသည်ကား မိမိ၏အသက်တချောင်းကိုသာ ဆုံးရှုံးသည်မဟုတ်။ အစစအရာရာ အဘက်ဘက်တွင် ဆုံးရှုံး လေသည်။ ဂုဏ်သတင်း ပြောင်ဝင်းသော တပ်မတော်ကြီးမှ ထွက်ပြေးရာတွင် အညစ်ပတ် ဆုံးသော ရန်သူ၏ နှာခေါင်းရှုံ့ခြင်းကိုလည်း ခံယူရလေသည်။ အသက်ရှင်နေသေးသည်ဆိုဦး တော့ လူ့လောကတွင် မနေနိုင်တော့။ မိမိကိုယ်ကိုယ် အစုအဝေးအတွင်းမှ မိမိဖာသာ ထုတ်ပစ်ခဲ့သောကြောင့် ဤသို့ဖြစ်ရလေသည်။ နောင်သော် မီးရက်သည် သူ၏နေပုံထိုင်ပုံကို ပြုပြင်ရန်အနည်းအပါး ကြိုးစားသေးသည်။ သို့သော်သူ့အား ဘယ်တော့မျှပြန်၍ လက်မခံကြတော့။ ဤသို့သောဘ၀မျိုးကား အခြားနေရာ များတွင်ပင် ဆိုးဝါးလှသည်။ ထောင် ထဲ၌ကားပို၍ပင်ဆိုးဝါးနေပေသည်။
..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....
အကျဉ်းသမားနှင့်အဖော်မဲ့ခြင်း - ဤအမှတ်သညာနှစ်ရပ်တို့ကို လူတို့သည်တွဲ၍စဉ်းစား လေ့ရှိကြသည်။ သို့သော် ထိုအယူအဆကား မဟာအမှားတော်ပုံကြီး ဖြစ်လေသည်။ အကျဉ်း သမားသည် အပေါင်းအဖော်ကင်းမဲ့နေသည်မဟုတ်။ ထောင်သည် ကြီးမားသော အစုအပေါင်း ကြီးဖြစ်သည်။ ကြပ်တည်းစွာ တိုက်ပိတ်ခြင်းခံရစေဦးတော့၊ မိမိကိုယ်တိုင်က ဂိုဏ်းခွဲမထွက် သမျှ ကာလပတ်လုံး၊ မည်သူတဦးတယောက်မျှ ထိုအစုအဝေး၏ အပြင်သို့ ပဲ့ထွက်မသွားနိုင် ပေ။ အဖိနှိပ်ခံရသူတို့၏ သွေးသောက်စိတ်ဓာတ်သည် ဤနေရာတွင် ဖိနှိပ်ခြင်းဒဏ်ကို ခံရ သည်။ ယင်းဖိနှိပ်ခြင်းသည်ပင် ထိုစိတ်ဓာတ်ကို အနယ်ထိုင်စေသည်၊ ခိုင်မြဲစေသည်၊ ထက် သန်လာစေသည်။ ထရံများတွင် အသက်ရှိသည်။ ထရံများသည် စကားလည်း ပြောသည်၊ အချက်ပေးချက်များကိုလည်း ပြန်ကြားသည်။ ဤထရံများကို သွေးသောက်စိတ်ဓာတ်က ဖောက်ထွင်းဆက်သွယ်ထားသည်။ ဤစိတ်ဓာတ်သည် စင်္ကြံတလျှောက်ရှိ အကျဉ်းခန်းအား လုံးတို့ကို ထွေးပိုက်ထားသည်။ ဤအကျဉ်းခန်းများကား ဒုက္ခများကို ညီတူညီမျှခံစားကြရ သည်။ ရစရာရှိသမျှကိုလည်း ထပ်တူဆင်တူရရှိကြသည်။ စင်္ကြံအတွင်းရှိ အကျဉ်းခန်းတခန်း နှင့် ဆက်ဆံရသော ထောင်ဘာယာများသည် ထိုစင်္ကြံအတွင်းရှိ အခြားအကျဉ်းခန်းများနှင့် လည်း ဆက်ဆံရသည်။ ထို့ပြင် စင်္ကြံအလိုက် အပြင်ဘက်တွင် စုဝေးကာ၊ ကျန်းမာရေးလေ့ ကျင့်ခန်းများကို နာရီဝက်မျှ ပြုလုပ်ရသည်။ ထိုအချိန်မျိုးတွင် စကားလုံးကလေးတလုံးဖြစ်စေ၊ သို့မဟုတ် အမူအရာကလေးတခုဖြစ်စေ အသုံးပြု လျက် သတင်းပေးလို ပေးနိုင်သည်။ လူတယောက်၏အသက်ကို ကယ်ကောင်း ကယ်နိုင်သည်။ ထိုမျှသာမကသေး အစစ်ခံရာသို့ အတူယှဉ်တွဲ၍ခရီးသွားရခြင်း “ဘိုင်စကုပ်ရုံ” တွင် အတူယှဉ်၍ ပြန်လာရခြင်းစသည်တို့ဖြင့် ဆက်စပ်နေသောအခါဝယ် ဆိုခဲ့သောသွေးသောက်စိတ်ဓာတ်သည် တထောင်လုံးကို စုစည်း ထားလေသည်။ စကားလုံးနည်းသော်လည်း အကျိုးကျေးဇူးများ ကြီးစွာပြုတတ်သည့် သွေး သောက်စိတ်ဓာတ်ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် လက်လက်ချင်း တချက်ကလေးမျှ ညှစ်လိုက်ခြင်း၊ သို့မဟုတ် စီးကရက်တလိပ်ကို တိတ်တဆိတ်လှမ်းလိုက်ခြင်းသည်ပင် ခင်ဗျား အားသွတ်သွင်းထားသော လှောင်အိမ်ကို ချိုးဖောက်ပစ်လိုက်သည်။ ခင်ဗျားဒူးထောက်သွား လောက်အောင် ဖိစီးနေသည့် အဖော်မဲ့စိတ်ဓာတ်မှ ခင်ဗျားအားလွတ်မြောက်သွားစေသည်။ အကျဉ်းခန်းများတွင် လက်များရှိကြသည်။ အစစ်ခံရာမှ နာကျင်တုန်ရီစွာပြန်၍အလာ ခွေကျမ သွားအောင် ဖေးပေးနေကြသည့် လက်များကို ခံစားထိတွေ့ရသည်။ ရန်သူက ခင်ဗျားအစာ ပြတ်၍ ငတ်သေအောင် တွန်းနေစဉ် ထိုလက်များက ခွန့်ကျွေးသော အစားအစာများကို စားသောက်ရသည်။ အကျဉ်းခန်းများတွင် မျက်လုံးများရှိကြသည်။ သေဒဏ်အပေးခံရာသို့ အသွား ထိုမျက်လုံးများက ခင်ဗျားအားဝိုင်း၍ကြည့်ကြသည်။ ထိုအခါမျိုးတွင် ခြေလှမ်းဖြောင့် ဖြောင့်လှမ်း၍ ထွက်သွားရန်လိုသည်ကို ခင်ဗျားသိသည်။ အဘယ့်ကြောင့်ဆိုသော် ခင်ဗျား သည်သူတို့နှင့် ညီအကိုတော်သည်။ သူတို့စိတ်ဓာတ်ပြော့သွားအောင် ခြေလှမ်းတလှမ်းမျှပင် တွန့်မပြစကောင်း ပေ။ ဤသည်ကား သွေးပေါက်ပေါက်ယိုစီးနေသော အဖွဲ့အစည်းဖြစ်သည်။ သို့သော်လည်း အနိုင်မခံသည့် စိတ်ဓာတ်က စုစည်းထားသည်။ ဤစိတ်ဓာတ်၏ အကူ အညီကိုသာမရပါက ခင်ဗျားသည် မိမိကံကြမ္မာ၏ ဆယ်ပုံတပုံကိုပင် ခံနိုင်လိမ့်မည်မဟုတ်။ ခင်ဗျားသာမက၊ မည်သူတဦးတယောက်မျှလည်း ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤဇာတ်ကြောင်း ကို ကျွန်တော်သည် ဆက်၍ ပြောနိုင်မည်ဆိုပါက (ဘယ်နေ့သေမယ် ဘယ်နှစ်နာရီသေမယ် ဆိုတာကိုမှ မပြောနိုင်ကြဘဲဟာ) ဤ အခန်း၏ ခေါင်းစဉ်တွင်ရေးထားသော “နံပါတ်လေးရာ” ဟူသော ဂဏန်းအမှတ်အသားသည် မကြာခဏပေါ်ပေါက်လာပေလိမ့်မည်။ အစ ပထမတွင် “နံပါတ် လေးရာ” ကိုအခန်းတခန်းအဖြစ် သိနားလည်ခဲ့သည်။ ထိုအခန်းထဲတွင်နေခဲ့ရသော ပထမနာရီများ၊ ထိုအခန်းထဲတွင် ပေါ်ပေါက်လာခဲ့သော ပထမအယူအဆများ၊ ဤသည်တို့ ကား စိတ်ချမ်းမြေ့ဖွယ်ရာတကွက်မျှမရှိခဲ့။ သို့သော် “နံပါတ်လေးရာ” ကား အခန်းတခန်း မဟုတ် အစုအပေါင်းတရပ် ဖြစ်လေသည်။ ရွှင်လန်းသော အစုအဝေးတခု၊ ရဲရဲတောက်သော အစုအပေါင်းတရပ်ဖြစ်လေသည်။
၁၉၄၀ ခုနှစ်အတွင်း ကန်မြူနစ်ဆန့်ကျင်ရေးဌာန၏ လုပ်ငန်းများကျယ်ပျံ့လာသောအခါတွင် “နံပါတ်လေးရာ” ပေါ်ပေါက်လာရလေသည်။ “နံပါတ် လေးရာ” မှာ “ဘိုင်စကုတ်ရုံ” ဟူသော အိမ်တွင်းထောင်၏ ဌာနခွဲဖြစ်သည်။ အစစ်ခံရမည့်လူများ ကိုယ့်အလှည့်ကို စောင့်ရာအခန်းခွဲ။ ကွန်မြူနစ်များအတွက် သီးသန့်ထားသောနေရာဖြစ်သည်။ မေးစရာအချက်တချက်ပေါ်လာ တိုင်း အောက်ဆုံးအထပ်မှ လေးထပ်ပေါ်အထိခေါ်၍ ခေါ်၍မနေရန်၊ အမှုစစ်ဆေးသူ ဂက်စတာပို အရာရှိများ၏ လက်လှမ်းမီရာတွင် အမြဲမပြတ်ရှိကြေရန် ပြုလုပ်ထားသော အခန်း တခန်းဖြစ်လေသည်။ ထိုသို့ ထွင်လိုက်သဖြင့် သူတို့အဖို့ အလုပ်သက်သာစေ မည်ဟု တွက်ဆ ကြလေသည်။
သို့သော် အကျဉ်းသမားနှစ်ယောက်ကိုတွဲထား အထူးသဖြင့်ကွန်မြူနစ်အကျဉ်းသမား နှစ် ယောက်ကိုတွဲထားလိုက်လျှင် ငါးမိနစ်အတွင်းရန်သူ၏ အကြံအစည်ဟူသမျှကို နှောင့်ယှက် ဖျက်ဆီးနေသော အစုအပေါင်းတရပ် ထိုနေရာ၌ ပေါ်ပေါက်လာတော့သည်။ ၁၉၄၂ ခုနှစ်သို့ ရောက်သည့်အခါတွင်ကား “နံပါတ် လေးရာ” ကို “ကွန်မြူနစ်ဗဟို” ဟူသော အမည်ဖြင့်သာ ခေါ်ဝေါ်ကြတော့သည်။ ဤနေရာတွင် အပြောင်းအလဲကား များပြားလှသည်။ ခုံတန်းလျားများ ပေါ်တွင် ယောက်ျား မိန်းမရဲဘော်ပေါင်း ရာလိုက်ထောင်လိုက်ချီ၍ တယောက်နေရာ တယောက်ယူကြရသည်။ သို့သော် အချက်တချက်ကားမပြောင်း။ အရေးတော်ပုံကို သစ္စာ စောင့်လျက်၊ အဆုံးသတ်၌ အောင်ပွဲခံရမည်ဟု ယုံကြည်နေသော အစုအပေါင်းဝိဉာဉ်ကား ပြောင်းမသွားပေ။
“နံပါတ်လေးရာ” ဤသည်ကား အဝေးသို့ ဖောက်ထွင်းဝင်ရောက်ထားသော ကတုတ်ရင်တား ဖြစ်သည်။ အဘက်ဘက်မှလည်း ရန်သူများဝိုင်းထား သည်။ သဲသဲမဲမဲပစ်ခတ်ခြင်းကိုလည်း အလူးအလဲခံနေရသည်။ သို့သော် လက်နက်ချရမည်ဟု ခေတ္တခဏလေးပင်မတွေးတောခဲ့ပေ။ ဤကတုတ်ရင်တား၏ အထက်တွင်နီရဲသော အလံသည် တဝေ့ဝေ့လွင့်နေခဲ့သည်။ သို့သော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော တမျိုးသားလုံး၏ ယိုင်းပင်းညီညာစိတ်လည်း ဤနေရာတွင်ပေါ်လွင်နေလေသည်။
အောက်ထပ်ရှိ “ဘိုင်စကုတ်ရုံ” တွင် အက်ဆက်စ်ထောင်စောင့်များသည် ဖိနပ်ရှည်များဖြင့် လမ်းသလားယင်း၊ ခင်ဗျားမျက်စောင်းတချက်ခတ်တိုင်း ခင်ဗျားအား ငေါက်ငန်းအော်ဟစ်ေ နသည်။ ဤနေရာ “နံပါတ်လေးရာ” တွင်ကားချက်လူမျိုး ပုလိပ်အင်စပိတ်တော်များ၊ ပုလိပ် မင်းကြီးရုံးမှ စုံထောက်များက အကျဉ်းသားများကို စောင့်ကြပ်ရသည်။ ဤအရာရှိများ၏ အမိန့်အရဖြစ်စေ၊ စကားပြန်များအဖြစ် ဂက်စတာပိုဝန်ထန်းများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဤ နေရာ၌ အလုပ်လုပ်ရာတွင် ဂက်စတာပိုဝန်ထမ်းပီပီ အမှုထမ်းသူကထမ်းကြသည်။ သို့မဟုတ် ချက်အမျိုးသားပီပီ အမှုထမ်းသူကထမ်းကြသည်။ လှေနံနှစ်ဖက် နင်းသူက နင်းကြသည်။ ဤနေရာတွင်ကား လက်များကိုဒူးပေါ်တင်၊ မျက်လုံးများကိုရှေ့တည့်တည့် စိုက်လျက် သတိအနေအထားနှင့် ထိုင်နေရန်မလိုပေ။ ဤနေရာ တွင် အနည်းငယ်ပို၍ လွတ်လပ်စွာထိုင်နေနိုင်သည်။ ဘေးပတ်လည်ကိုလည်း ကြည့်နိုင်သည်။ လက်ဟန်ခြေဟန် တောင် ပြနိုင်သည် - အရာရှိ သုံးမျိုးအနက် မည်သည့်အရာရှိမျိုး တာဝန်ကျသည်နေသည် ဟူသည့် အပေါ်၌တည်၍ ထို့ထက်ပင် အများကြီးပို၍ လုပ်နိုင်သေးသည်။“နံပါတ်လေးရာ” ဤနေရာကား လူဟူသော သတ္တ၀ါကို နက်နက်ရှိုင်းရှိုင်းကြီး သိနားလည်နိုင်သည့် နေရာဖြစ် သည်။ သေဘေး၏ နီးကပ်မှုသည် မည် သူ့ကိုမဆို ကိုယ်တုံးလုံးဖြစ်သည့်အထိ အဖုံးအကာ များဆွဲချွတ်လိုက်သည်။ လက်ပတ်အနီရောင်များကို ပတ်ထားရသော ကွန်မြူနစ်တရားခံများ၊ သို့မဟုတ် ကွန် မြူနစ်များနှင့် ဆက်သွယ်သည်ဟု သင်္ကာမကင်း အဖြစ်ခံရသူများလည်း သရုပ်ပေါ်လာသည်။ ထိုတရားခံများကို ဤနေရာ၌ စောင့်ကြပ်ရသူများအပြင် မနီးမဝေးရှိ အခန်းတခန်းတွင်း၌ တရားခံများစစ်ဆေးရာတွင် ပါဝင်ခဲ့သူများလည်းသရုပ်ပေါ်လာသည်။ အစစ်ခံသည့်နေရာတွင် စကားလုံးများသည် ဒိုင်းလဲဖြစ်နိုင်သည်။ လက်နက်လည်းဖြစ်နိုင် သည်။ သို့သော် “နံပါတ်လေးရာ” တွင်ကား စကားလုံး၏နောက်တွင် ပုန်းကွယ်၍မရ။ ဤနေရာတွင်ကား ခင်ဗျားပြောသော စကားထက် ခင်ဗျား ၀မ်းတွင်း၌ရှိသော သဘ၀ကပို၍ တာသွားသည်။ ခင်ဗျား၏ ဗီဇအရင်းခံကို ဖျော့စေ၊ လျော့စေ၊ သို့မဟုတ် မွန်းမံစေသော ဘေးပန်းအချက်အလက် အားလုံးတို့ကား ကွယ်ပျောက်သွားသည်။ သေမင်း၏ ရှေ့တော်ပြေး မုန်တိုင်းက ထိုအချက်တို့ကို တိုက်ထုတ်လိုက်ပြီဖြစ်သည်။ ဤနေရာတွင် ၀ိသေတနမပါသော ကတ္တားနှင့် ကြိယာသာကျန်တော့သည်။ သစ္စာရှိသူ ကြံ့ကြံ့ခံ၏။ သစ္စာမဲ့သူဖော်ကောင်လုပ်၏။ အသဲကြောင်သူ စိတ်ဓာတ်ကျ၏။ သူရဲကောင်းတိုက်ပွဲဝင်၏။ လူတိုင်းတွင် အင်အားနှင့်ပျော့ ရော့မှု၊ သတ္တိနှင့် ကြောက်စိတ်၊ ခိုင်မြဲမှုနှင့် ယိမ်းယိုင်ခြင်း၊ သန့်ရှင်းမှုနှင့်အညစ်အထေးဟူ၍ ရှိသည်။ သို့သော် ဤနေရာတွင်ကား တခုမဟုတ် တခုသာ ကျန်နိုင်တော့သည်။ ဟိုယောင် ယောင် သည်ယောင်ယောင်လုပ်ရန် ကြိုးစားသူက ကြိုးစားသည်။ သို့သော် ထိုသို့သော်မသာ မျိုးကား မသာချလာသောအခါ၌ ဦးထုပ်တွင် ငှက်မွှေးအ၀ါရောင်ကိုထိုး၊ လက်ထဲတွင်လဲရ ကွင်းများကိုင်ကာ ကခုန်သောထက်ပင် ထင်ထင်ရှားရှားမြင်သာ သိသာလေသည်။
ဤသို့သော သူများကား အကျဉ်းသမားများအကြား၌လဲရှိသည်။ ချက်လူမျိုး ပုလိပ်အင်စပတ် တော်များနှင့် စုံထောက်များအကြား၌လည်း ရှိပေ သည်။ စစ်ဆေးမေးမြန်းနေသည့်နေရာတွင် ဤသို့သောသူမျိုးသည် ဂျာမန်အင်ပါယာ ဘုရားသခင်အတွက် ဖယောင်းတိုင်ပူဇော်သည်။ နံပါတ်လေးရာတွင်မူ ဘော်လရှီဗစ်တစ္ဆေအတွက် ဖယောင်းတိုင်နောက်တတိုင် ထွန်းညှိလေ သည်။ ဂျာမန်အရာရှိ၏ မျက်စိအောက်တွင် ခင်ဗျားနှင့်ဆက်သွယ်သော သူ၏အမည်ကို ညှစ် ထုတ်ရန်၊ ခင်ဗျား၏သွားများကို ရိုက်ချိုးသည်။ နံပါလေးရာတွင်ကား ရင်းနှီးသောအမူအရာပြ၍ ခင်ဗျားအားအဆာပြေရန် ပေါင်မုန့်တချပ်လာပေးသည်။ ခင်ဗျား၏ အိမ်တွင်းသို့ဝင်ရောက် ရှာဖွေကြသည့်အခါတွင် ခင်ဗျား၏ပစ္စည်းများကို လုယူသယ်ဆောင်သွားသည်။ နံပါတ်လေးရာ တွင်ကား ခင်ဗျားအပေါ် မည်မျှကိုယ်ချင်း စာကြောင်းကိုဖော်ပြရန် တိုက်ခိုက်လာသော ပစ္စည်းများအနက်မှ စီးကရက်တပိုင်းကို တိတ်တိတ်လာ၍ပေးသည်။ ဤသို့သော အမျိုးအစား အတွင်း သေးစိတ်အားဖြင့် အနည်းငယ်သာမူကွဲသော လူတစုလည်းရှိသေးသည်။ ဤသူများ ကား မိမိတို့အလျောက်ဆိုလျှင် ခင်ဗျားဒုက္ခရောက်အောင် ဘယ်တော့မျှလုပ်ကြ။ ကူညီရ မည်ဆိုလျှင်လည်း သာ၍ပင်ဝေးသေးသည်။ သူတို့ကား ငတေမာလျှင်ပြီးသည့် သူများဖြစ် သည်။ ၎င်းတို့သည် ကိုယ်ကျိုးကို ထက်မြက်စွာကြည့်တတ်ကြသဖြင့် နိုင်ငံရေးရာသီတိုင်း သည့် ပြဒါးတိုင်များဖြစ်လာကြသည်။ ကြည့်စမ်း ခပ်တင်းတင်းနဲ့ အရာရှိစတိုင်ဖမ်းနေကြ သလား။ ဒါဆိုရင် ဂျာမန်တွေ စတာလင်ဂရက်မြို့ကို ချီတက်နေကြပြီဆိုတာ သေချာတယ်။ ဖော်ဖော်ရွေရွေဖြစ်လာပြီး အကျဉ်းသမားတွေနဲ့တောင် စကားပြောဖော်ရလာသလား။ ဒါဆိုရင် တို့အခြေအနေကောင်းလို့ပဲ။ ဂျာမန်တွေ စတာလင်ဂရက်က တပ်လန်သွားပြီထင်တယ်။ ကျုပ်တို့ဟာ ချက်အမျိုးအနွယ်ပါ၊ ဇွတ်အတင်းခိုင်းလို့သာ ဂက်စတာပိုထဲဝင်ပြီး အလုပ်လုပ်နေ ရပါတယ်လို့ ပြောလာကြပြီလား။ ဒါဆိုရင် လက်ခမောင်းခတ်ပေတော့။ တပ်နီတော်ဟာ ရော့စတော့ဗ်မြို့ကိုတောင် ကျော်တက်လာပြီဆိုတာ သေချာတယ် - ဤ အမျိုးအစားအတွင်း သို့ပင် အကြုံးဝင်သော အခြားသူတချို့ကား ခင်ဗျားရေနစ်နေသည် ကိုတွေ့လျှင် လက်ပိုက်၍ ကြည့်နေတတ်သည်။ ခင်ဗျားဖာသာ ခင်ဗျား ကမ်းပေါ်သို့တက်လာ သောအခါတွင်ကား ပြာပြာသလဲနှင့်လက်ကိုလှမ်း၍ဆွဲကြသည်။
ဤအမျိုးအစားသည် နံပါတ်လေးရာမှ အစုအပေါင်းအကြောင်းကို အကဲခတ်မိကြ၍ ၎င်းနံပါတ် လေးရာကိုလည်း သိနားလည်လာကြသည်။ ထို့ကြောင့်ထိုအစုအဝေးကိုချဉ်းကပ်ရန် ကြိုးစား ကြသည်။ သို့သော်ထိုအစုအပေါင်း၏ အဖွဲ့ဝင်များအဖြစ်သို့ကား ဘယ်သောအခါမျှရောက်လာ ကြ။ နံပါတ်လေးရာတွင် ယင်းသို့သော အစုအပေါင်းတရပ်ရှိနေသည်ကို အနည်းငယ်ကလေးမျှ မရိပ်မိသော အမျိုးအစားတမျိုးလည်း ရှိသေးသည်။ ၎င်းတို့အား လူသတ်သမားဟု ခေါ်နိုင် သည် - သို့သော် လူသတ်သမားဟူသည်ကား မနုဿလူသားများပင် ဖြစ်နေသေးသည်။ အမှန်အားဖြင့် ၎င်းတို့ကား ချက်စကားပြောတတ်သော အဟိတ်တိရိစ္ဆာန် များသာ ဖြစ်ကြ သည်။ လက်ထဲ၌ကြိမ်လုံးများ၊ သံဒုတ်များကိုင်ထားကြသည်။ချက်အကျဉ်းသမားများကို နှိပ်စက် ညှဉ်းပမ်းကြပြီဆိုလျှင် ဂျာမန်အရာရှိအများအပြား ပင် မကြည့်ရဲသဖြင့် ထွက်ပြေးကြ ရသည်။ သင်းတို့ကား ကိုယ့်အမျိုးကိုချစ်သည် သို့မဟုတ် ဂျာမန်အင်ပါကြီးကိုချစ်သည်ဟူ၍ အပြင်ပန်းအားဖြင့် ဟန်မဆောင်နိုင် ကြ။ ညှဉ်းပမ်းခြင်း၊ သတ်ဖြတ်ခြင်းသက်သက်တွင် အရသာခံတတ်ကြသည်။ သွားများကို ရိုက်ချိုးကြသည်။ နားအုံများကို ရိုက်ခွဲကြသည်။ မျက်လုံးများကို ညှစ် ထုတ်ကြသည်။ အင်္ဂါဇာတ်များကို ကန်ကျောက်ကြသည်။ ဥဏှောက်အရေခွံများကိုလှန်ကာ လူသေသည့်အထိ ရိုက်ကြနှက်ကြသည်။ အကြောင်းရှိ၍ ရက်စက် သည်မဟုတ်၊ ရက်စက်လို၍ ရက်စက်ကြခြင်းဖြစ်လေသည်။ ခင်ဗျားသည်နေ့စဉ် နှင့်အမျှ သူတို့နှင့်ဆက်ဆံရသည်။ ပတ်ဝန်းကျင်တခုလုံးသွေးများ၊ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားစေသော သူတို့၏အရှိန်အ၀ါကို ခင်ဗျားခံစားရသည်။ ခင်ဗျားအတွက် ဖြေစရာတကွက်သာရှိသည်။ ထိုအချက်ကား ၎င်းတို့၏ ရာဇ၀တ်ပြစ်မှု များကို မြင်ခဲ့ကြသည့် သက်သေဟူသ၍ရွေ့ကို သတ်ပစ်လိုက်ကြသည်ဆိုဦးတော့၊ တနေ့တွင် တရားစီရင်ချက်မှ သင်းတို့တတွေ ပြေး၍လွတ်လိမ့်မည်မဟုတ်ဟူ သောခိုင်မြဲသည့် ယုံကြည်ချက်ပင်ဖြစ်လေ သည်။
သင်းတို့နှင့် တစားပွဲတည်းတွင် ထိုင်နေကြသော လူများလညှ်းရိသည်။ ထိုသူများကား အပြန်ပန်းအားဖြင့် သင်းတို့နှင့်ရာထူးချင်းတူညီကြသည်။ သို့သော် ဤပုဂ္ဂများကား တကဲ့လူ အစစ်များဖြစ်လျက်၊ စာလုံးကြီးကြီးဖြင့် လူဟူ၍ပင်ရေးပြထိုက်ပေသည်။ ဤသူများသည် ထောင်တွင်းအစီအစဉ်များကို အကျဉ်း သမားအတွက် အကျိုးစေမည့်အစီအစဉ်များဖြစ်အောင် တည်ဆောက်ပေးကြသည်။ ဤသူများသည် နံပါတ်လေးရာတွင် အတွင်။မှအစုအပေါင်းကို ကူညီဖွဲ့စည်း ပေးကြသည်။ ကိုယ်တိုင်လဲ စေတနာအရရော၊ သတ္တိအလိုက်ပါ ဤအစုအပေါင်း ၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ကွန်မြူနစ်များ မဟုတ်ကြသဖြင်းလည်း သူတို့အပေါ်ပို၍ တန်ဘိုးထားသင့်ပေသည်။ ကွန်မြူနစ်များ မဟုတ်ကြသည်သာမက၊ ယခင်ကဆိုလျှင် ချက် ပုလိပ်အဖွဲ့အတွင်း အမှုထမ်းယင်း ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ငန်း များ လုပ်ခဲ့ဘူးသည်။ သို့သော် နိုင်ငံခြားသားများ၏ အုပ်စိုးမှုကို ကွန်မြူနစ်များက ခံ၍တိုက်ပုံကို မြင်လာကြသော အခါတွင် တမျိုးသားလုံး၏ အရေးတော်ပုံအတွက် ကွန်မြူနစ်တို့၏အရာရောက်ပုံကို သဘော ပေါက်လာကြသည်။ ကွန်မြူနစ်တို့၏အင်အားကို သိမြင်လာကြသည်။ ထိုအချိန်မှစ၍ ထောင်ခံတန်းလျားများပေါ် ရောက်သည့်အထိ သစ္စာရှိနေကြသောသူဟူသ၍ကို သစ္စာရှိစွာ ကူညီကြသည်။ အကျိုးဆောင်ပေးကြသည်။ ဂက်စတာပိုလက်တွင်းသို့ ရောက်နှင့်တပြိုင်နက် မည် မျှရုန့်ရင်းစွာ ခံကြရမည်ကိုသိနိုင်ကြလျှင်၊ အပြင်ဘက်တိုက်ပွဲဝင်နေသူအများအပြားပင် နောက်တွန့်သွားပေလိမ့်မည်။ ဤသူတို့ကား ယင်းသို့ရက်စက်မှုတို့ကို နေ့စဉ်နှင့်အမျှ၊ နာရီနှင့် အမျှ၊ မျက်စေ့အောက်တွင် မြင်တွေ့နေကြရသည်။ နေ့မရွေး၊ နာရီမရွေး၊ ၎င်းတို့အား အကျဉ်း သမားများဘေးသို့ ချလိုက်ကြကာ၊ အခြားအကျဉ်းသမားများထက်ပင် ပိုမိုရက်စက်စွာ အစမ်း အသပ်ခံရလိမ့်မည်ကိုလည်း တွက်ထားနိုင်ပေသည်။ သို့စဉ်လျက် သူတို့ကား နောက်မ တွန့်ကြ။ ထောင်ပေါင်းများစွာသော အသက်တို့ကိုကယ်တင်ရန် ၀င်ရောက်ကူညီကြသည်။ သူတို့မကယ်ဆယ်နိုင်သော သူတို့အတွက်လဲ၊ သက်သာမှုရစေရန် ၀င်ရောက်ကူညီကြသည်။ သူရဲကောင်းဟူသော ဘွဲ့နှင့်ထိုက်တန်သော သူများဖြစ်လေသည်။ သူတို့သာမကူညီခဲ့လျှင် နံပါတ်လေးရာကား ရာလိုက်ထောင်လိုက်ချီသောကွန်မြူနစ်များ သိရှိနားလည်ကြသည့် လက်ရှိပုံစံအနေအထားသို့ ရောက်လာမည်မဟုတ်ပေ။ ယခုသော်ကား နံပါတ်လေးရာသည် မှောင်မိုက်သော အိမ်အတွင်းမှလင်းနေသော အခန်းကလေးတခန်း၊ ရန်သူ၏အနောက်သို့ ထိုးဖောက်ထားသော ကတုတ်ရင်တားတခု၊ ၀င်ရောက်ကျူးကျော်နေသူများ၏ သားရဲတွင်း အလည်တည့်တည့်မှ လွတ်မြောက်ရေးတိုက်ပွဲဆင်ရာ ဌာနတရပ်ဖြစ်ပေသတည်း။


No comments: