လာမယ့် စက်တင်ဘာလ ၁၆ရက်နေ့ဆိုရင် ဆရာမြို့မငြိမ်း (ငယ်မည် - မောင်ကျော်ငြိမ်း) ကွယ်လွန်တာ အနှစ် ၅၀ တင်းတင်း ပြည့်ပါပြီ၊ ရာစုနှစ်တ၀က်ပါ၊ သူ့နာမည်နဲ့ သူ့အကြောင်းကို စလိုက်တယ်ဆိုတာနဲ့ တွေ့ဖူးကြတဲ့ သူ့ရဲ့ခပ်မှုံမှုံ အပြုံးလေးနဲ့ ရုပ်ပုံရယ်။ အားလုံးစွဲလန်းနေ ကြတဲ့ သူ့သီချင်းတွေရယ်ကို ပြန်သတိရကြမှာပါ၊ နောက်တဆက်တည်း တွေးမိကြမှာက သူ့ဘ၀အဆုံးသတ်ပုံ။ သူ့မျှော်လင့် ရည်မှန်းချက်တွေ၊ အားလုံးဟာ “ပြာရီမှိုင်းကာ မို့မို။ ညို့ညို့ညိုလွင်” ဆိုတဲ့သူ မသေခင် ကလေးတင်မှာ ရေးသွားတဲ့သီချင်းလေး တပုဒ်ရဲ့အစမှာ ပါသလို ဝေရီရီ။ အုံ့မှိုင်းမှိုင်းသာ ဖြစ်နေရတယ်ဆိုတာတွေ။
၁၉၀၉ခု။ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာမွေးခဲ့တဲ့ ဆရာငြိမ်းဟာ သူ့ရဲ့ ၄၆ နှစ်ဆိုတဲ့ အင်မတန် တိုတောင်းတဲ့ သက်တမ်းလေး အတွင်းမှာ အံ့မခမ်းလက်ရာတွေ၊ အနုပညာအမွေအနှစ်တွေ တိံပံတခေါင်းကြီးကို ရတနာသိုက်တခုလို ချန်ထားခဲ့ပါတယ်၊ တပါတည်းမှာပဲ သူ့တန်ဘိုးကို သိသူ။ သူ့လက်ရာတွေကို ချစ်မြတ်နိုးသူတွေအတွက် သူ့ကိုယ်စား မကျေနိုင်မချမ်းနိုင်၊ အားမ ရ မကျေနပ်စရာ ဟာကွက်တွေ ချန်ထားခဲ့ပါတယ်။ တခါတခါများ သူကနှောင်းလူတွေကို သူ့ ကိုယ်စား ဆက်ဖြည့်ဆည်းပေးကြပါလို့ မှာခဲ့လေသလားလို့တောင် အောက်မေ့မိပါတယ်။
သူ့အလောင်းကို တွေ့ကြတဲ့ အဲဒီနေ့ နေ့လည်မှာ သတင်းစာဆရာမ တဦးဖြစ်တဲ့ ကျနော့်အမေ (အဲဒီတုန်းက ကျနော့်အဖေ က ထောင်ထဲမှာ) စိတ်မကောင်းစွာနဲ့ ပြာပြာသလဲ လှုပ်ရှားနေ ကြတာကို အခုအထိ သတိရနေမိပါတယ်။ အဲဒီနေ့က နေ လည်းအလွန်ပူပါတယ်။ အညာမှာ က မိုးတွင်းဆိုတာ မိုးရွာတဲ့နေ့တွေကိုသာ မိုးတွင်းလို့ ခေါ်လောက်ပြီး ကျန်တဲ့နေ့တွေက နွေပဲ မဟုတ်လား။ ၁၉၅၅ ခု နှစ်တုန်းက ကျနော်ဟာ ဆရာငြိမ်းကို သိလောက်တဲ့ အရွယ်မဟုတ် သေးပါဘူး၊ အတော်ငယ် ပါသေးတယ်။ ဒါပေမဲ့ နောက်တနေ့ ကျောင်းကိုသွားတဲ့အခါ သူငယ်ချင်းတွေကို အင်မတန် တန်ဘိုးရှိတဲ့ ပုဂ္ဂိုလ်တယောက် အသေဆိုးနဲ့သေရတယ်၊ သူသေတဲ့ နေရာလေးကိုက အင်မတန် ကဗျာဆံတယ်စသဖြင့် ပြောပြခဲ့မိတာ မှတ်မိနေပါ တယ်။
ဒီနေ့အခါမှာ သူ့အကြောင်း၊ သူ့အရည်အချင်းကို လူထုကသိနေကြပြီမို့ သူသာဒီနေ့လိုအချိန် မှာ ကွယ်လွန်ရင် ဘယ်အထိအုတ်အော်သောင်းနင်း ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။ အခု တော့ သူ့ခမျာလူသူပြတ်တဲ့ (အဲဒီတုန်းက) ဆင်ခြေဖုံးသာသာ နေရာတခုမှာ မရှုမလှ အသက် ထွက်ရှာရတယ်။ ဘယ်အထိ မရှုမလှ ဖြစ်သလဲဆိုရင် အရပ်ထဲကလူတွေက ကားနင်းလို့ပြား နေတဲ့ သူ့ခေါင်းနဲ့မျက်နှာကို ဖျာစုတ်တချပ်နဲ့ အုပ်ပေးထားရတယ်၊ အာဏာပိုင်တွေက ဘယ်လောက် အရေးတယူ ရှိလိုက် သလဲဆိုရင် ဂါတ်တဲက်ု တိုင်တာ ဂါတ်တဲကလာတောင် မကြည့်လို့ အဲဒီလိုဖျာနဲ့အုပ်ထားရတာ၊ နောက်ပြီး ကျနော်တို့ လူထုသတင်းထောက်က ဓာတ်ပုံသွားရိုက်တော့ ဆရာထိုင်ခဲ့တဲ့ တမာပင်လေးနဲ့ ၀ါးကွပ်ပြစ်လေးအပြင် ဆရာ ကား အောက်ကို ပြေးဝင်တော့ ကျန်နေရစ်တဲ့ဖိနပ်လေးပါ ဓာတ်ပုံထဲမှာပါလာပါတယ်၊ ဒီလိုနဲ့နောက် တခေါက် သွားရိုက်ပြန်တော့ ဖိနပ်ကလေး မရှိတော့ပါဘူး။ သူများ ကောက်သွားပြီ။ လူတွေက ဆင်းရဲကြတာကိုး။
ဆရာတယောက် သေကံမကောင်းဘူး ဆိုတာကတော့ ဟုတ်ပါပြီ။ မွေးကံရော ကောင်းသလား ဆိုရင် သူ့ကိုမွေးတဲ့အချိန်ဟာ ပါတော်မူပြီး ၂၄နှစ် အကြာ၊ သူ့ကျွန်ဘ၀ပါ၊ ဒါပေမဲ့ သူလူ့ လောကထဲကို ရောက်လာတဲ့အချိန်နဲ့။ သူ့အသိကို တည်ဆောက်ခဲ့ တဲ့အချိန်ဟာ ဗမာပြည် တပြည်လုံး ကိုလိုနီဘ၀ ကျရောက်ပြီးနောက် ဗမာပြည် ပြည်သူတွေရဲ့ ကိုလိုနီတံပိုးအောက် က လွတ်မြောက်ရေးလှုပ်ရှားမှုတွေ စတင်လူးလွန့်ပေါ်ပေါက် လာနေချိန်ဖြစ်ပါတယ်၊ အဲဒီ အချိန်မှာ ဗမာပြည်သားတွေဟာ ကိုလိုနီလက်အောက်မို့ မိမိတို့ရဲ့အမျိုးသားလက္ခဏာ (National Identity) မပျောက်ပျက်ရေးအတွက် အမျိုးသားမူ၊ အမျိုးသားဟန်တွေကို ထိန်းသိမ်းဖော်ထုတ်တာတွေ လုပ်နေကြရပါတယ်။ နဂိုက နန်းတွင်းနဲ့သံဃိကအဆောက် အအုံတွေထဲမှာသာ ကိန်းဝပ်နေတဲ့ အနုပညာတွေ အပြင်ကိုရောက်ချလာတဲ့ အချိန်လည်းဖြစ် ပါတယ်၊ ဒါတွေကို လူထုက ထီးကျိုးစည်ပေါက် ဖြစ်သွားလို့ ပျောက်ပျက်သွား တာမဖြစ်အောင် ထိန်းသိမ်းဖော်ထုတ်ပြီး တချိန်တည်းမှာလည်း ပြည်ပက၀င်လာတဲ့ အသစ်တွေနဲ့လည်း ထိန်း ညှိပေါင်းစပ်ယူနေကြချိန်ဖြစ်ပါတယ်။
ဒါဟာတနိုင်ငံလုံး လက္ခဏာဆောင်တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာက ၀ံသာနု လှုပ်ရှားမှုက စလို့ ၁၉၂၀ ခုနှစ်။ အမျိုးသားသပိတ်ကြီး ပေါ်ပေါက်ပါပြီ၊ စာနယ်ဇင်းလောကမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး စသူတွေက အစဉ်အလာ ဟန်နဲ့ အကြောင်းအရာသစ်တွေကို ပေါင်းစပ်ဖော်ထုတ်နေပြီး၊ ပီမိုးနင်းလို၊ ဂျိမ်စ်လှကျော်လို လူတွေက ပုံစံအသစ်နဲ့ ပြည်တွင်းယဉ်ကျေးမှုတို့ကို ပေါင်းစပ်ဖော်ထုတ်နေချိန်ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ခေတ်စမ်းစာပေလည်း ထွက်ပေါ်လာတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ ပညာ တတ်မဟုတ်တဲ့ သာမာန်လူထုနဲ့ အနီးစပ်ဆုံးလို့ ဆိုရမယ့် ၀ါဂီနစ်လောကမှာလည်း ရုပ်သေး၊ ဇာတ်အငြိမ့်တို့ကအစ ဂီတ၊ ရုပ်ရှင်အထိ မိမိတို့အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းတန်တာ ထိန်းသိမ်း။ ဖော်ထုတ်တန်တာ ဖော်ထုတ်။ တီထွင်တန်တာတီထွင် လုပ်နေကြချိန်ဖြစ်ပါတယ်၊
လူနာမည်တွေ ရေးနေရင် ရှည်နေတော့မှာမို့ ဒီနေရာမှာ မရေးတော့ပါဘူး။ အချုပ်ဆိုလိုတာက အဲဒီအချိန်ဟာ ပြည်သူလူထု ကြီးရဲ့ အမျိုးသားရေး ရေစီးကြောင်းကြီး အားကောင်းနေချိန် ဖြစ်ပါတယ်။ ဒီခေတ်စကားနဲ့ ပြောရရင် မြန်မာမှု၊ မြန်မာအသွေး အတွက် ရွှေခေတ်ငွေခေတ် လို့ ဆိုရပါမယ်၊ ကိုယ့်အိတ်ထဲပိုက်ဆံ ထုတ်ပြီး တည်ထောင်ကြတဲ့ မြို့မတီးဝိုင်းက အသင်း သားတွေဟာ ကိုယ့်အတွက်လစာလည်းမယူ။ ဘာမှလည်းမခံစား အပျော်တမ်းသက်သက် လိုက်တီးကြတာတဲ့၊ အဲဒါ အဲဒီလို ခေတ် မို့ဖြစ်နိုင်တာပါ။
ဗမာပြည်သမိုင်းမှာ အဲဒီကာလနဲ့ နှိုင်းယှဉ်နိုင်တာဆိုလို့ (ပုံတူဆွဲယူတာမဟုတ်ပါ) ဒုတိယ ကမ္ဘာစစ်ကြီးအပြီးကာလပဲရှိပါတယ်။ လွတ်လပ်ရေးအတွက် လုံးပမ်းကြတဲ့အချိန်ပေါ့၊ဒါတောင် အဲဒီကာလဟာ တိုတောင်းလို့အထက်မှပြောခဲ့တဲ့ စာပေအနုပညာလက်ရာမျိုးတွေ သိပ်များ များမပေါ်ထွက်ခဲ့ပါဘူး၊ အကြောင်းအရာအရလူထုနဲ့နီးစပ်၊ လူထုကိုကိုယ်စားပြုပြီး ပုံ သဏ္ဌာန်အနေနဲ့လည်း အမျိုးသားဟန်ရော၊ ခေတ်မှီလက္ခဏာပါဆောင်တဲ့ စာပေအနုပညာ တွေ အများဆုံး ထွက်ပေါ်နိုင် တာဟာ ဒီလို ကာလမျိုးသာ ဖြစ်ပါတယ်။ ဒါ ဗမာပြည်သာမက၊ အမျိုးသားတိုင်းပဲ ဖြစ်ပါတယ်။ တိုင်းပြည်မှာ တကယ်တမ်း တိုင်းချစ်ပြည်ချစ်စိတ်တွေ ရှင်သန် တက်ကြွနေမှသာ ဒီလိုတခွင်တပြင် လက္ခဏာဆောင်တဲ့ အနေအထားမျိုး တွေ့နိုင် ပါတယ်။
ဒါပေမဲ့ အဲဒီ ဒီလှိုင်းကြီးဟာ ဗမာပြည်လွတ်လပ်ရေး ရပြီးတဲ့နောက်မှာတော့ အံ့သြ၀မ်းနည်း စရာ ကောင်းလောက်အောင် အားလျော့ကျသွားတာ တွေ့ရပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံ ကိုယ် ထူထောင်ရေးအတွက် ရွှင်လန်းအားတက်မှုတွေ တဖွားဖွားနဲ့ စာပေအနု့ညာတွေ ထုတ်လုပ်နေကြရမှာပါ။ ဆရာငြိမ်းလိုလူဆိုရင် သူ့အသဲနှလုံးထဲအထိ စွဲနေတဲ့ ဆင်ဖိုနီတီး ၀ိုင်းကြီးဟာ ကိုလိုနီဘ၀က လွတ်မြောက်လို့ ကိုယ့်တိုင်းနဲ့ ကိုယ့်အစိုးရဖြစ်လာရင်ဖြင့် အကောင်အထည် ပေါ်လာနိုင် ကောင်း ရဲ့လို့ အောက်မေ့မှာပါ၊ ဒါပေမဲ့ သမိုင်းဟာ သဝေထိုး ထွက်သွားပါတယ်။
လွတ်လပ်ရေး ရပြီးတယ်ဆိုမှ ဆရာငြိမ်း မိသားစုလေးဟာ သားသမီးလည်းပိုများလာ စားဝတ် နေရေးလည်း ပိုကြပ်တည်းလာ ပါတယ်။ ဆရာငြိမ်းတယောက် ကလေးကစားစရာ အရုပ်လေး တွေ လုပ်ရောင်းရတယ်ဆိုတာ ဒီကာလမှာပါ၊ လွတ်လပ်လို့ ကိုယ့်အစိုးရနဲ့ကိုယ် ဖြစ်ပြီဆိုပါမှာ ဆရာငြိမ်းကို “ငြိမ်းချမ်းရေးသီချင်း” ရေးလို့ မျက်တယ်ဆိုတာမျိုးတွေ ကြုံလာ ရပါတယ်၊ အဲဒီသီချင်းမျိုး ဟိုတုန်းကရေးခဲ့ရင် ဒီလိုကြုံချင်မှ ကြုံရမှာပါ၊ သူမျှော်မှန်းခဲ့တဲ့ ဆင်ဖိုနီကြီး အကောင်အထည်ပေါ်ဖို့ နေနေသာသာ မြို့မတီးဝိုင်းတောင်မှ ဂယိမ်းဂယိုင် ဖြစ်လာပါတယ်၊ (နောင်မှာတော့ ကွဲသွားပါတယ်)။
ဆရာငြိမ်းတယောက် ဗမာချင်းသွေးစုပ်တာကို နာနာကျည်းကျည်း ကြုံတွေ့ရတဲ့အခါမှာတော့ ကိစ္စတွေဟာ လွန်ကုန်ပါပြီ၊ ဆရာ့ခမျာ “သူတို့က ဘဘ ခေါင်းကိုပဲဖြတ်ပြီး လိုချင်ကြတာ၊ ဘဘ တကိုယ်လုံးလည်း ခေါင်းပဲအဖိုးတန်တာ”ဆိုတဲ့ စကားမျိုး သာ ပြောနိုင်ပါတော့တယ်။ လောကဓံရဲ့ အချောက်အချားကို ခံနိုင်လှပါတယ်ဆိုတဲ့ ဆရာဟာစနစ်ကို လက်မြှောက်အရှုံး ပေး လိုက်ရှာပါတယ်။ သူ့ခေါင်းကိုဖြတ်ကြိတ်သွားတာဟာ အုတ်သယ်တဲ့ကားတစင်း မဟုတ် ပါဘူး၊ စနစ်ကြီးဖြစ်တယ် ဆိုတာလူတိုင်းသိပါတယ်။
တလောက နအဖအစိုးရက ကျင်းပတဲ့ ဆို-က-ရေး-တီး ပြိုင်ပွဲတွေမှာ ဆရာ့သီချင်းတွေကို ဆိုတီးပြီး ပြိုင်စေတာတွေ့ရပါတယ်။ အမျိုးသားအလံလွှင့်ပြီး တပြည်လုံးကို မှိုင်းတိုက်လိမ်ညာ နေတဲ့လုပ်ငန်းမို့ တော်ရုံလူက သတိတောင်ပြုလိုက်မိမယ် မထင်ပါ။ အဲဒီမှာ ဆရာ့သီချင်း တွေထဲက ဘာသာရေးမှိုင်းတိုက်ရာမှာ အသုံးကျမယ့် ထိုသုံးပါး၊ ပါရမီတော် လို သီချင်းမျိုး၊ သူတို့ စစ်တပ်ကို ရောင်တော်ပြန်ပွဲထုတ်နိုင်လောက်မယ် ထင်ရတဲ့ နတ်သျှင်နောင်လို သီချင်းမျိုးတွေကို ရွေးပြီးဆိုခိုင်းတာပါ။ အထက်မှာ ပြောခဲ့တဲ့ ငြိမ်းချမ်းရေးလို သီချင်းမပါ ပါဘူး။ မဆလခေတ်တုန်းကလည်း စစ်အစိုးရက သူ့လူရည်ချွန်စီမံကိန်းကို ၀ါဒဖြန့်ဖို့အတွက် ဆရာ့ လူချွန်လူကောင်း သီချင်းကို အသုံးချခဲ့တာ သတိရမိပါသေးတယ်။
ဒီနေ့အခါမှာ ဆရာ့သီချင်းတွေ ခေတ်စားဆဲ၊ သီဆိုနေကြဆဲဆိုတာ မြင်တွေ့ရရင် ဆရာဘယ် လိုများခံစားရမလဲ၊ ဆရာက “ဟား- ဟား-ဟား။ ငါတို့ကို ကျော်အောင် မလုပ်နိုင်ကြပါဘူး”လို့ လက်မထောင်နေမယ်မထင်ပါဘူး။ အသစ်ကို ကြိုဆိုပြီး အမြဲ တီထွင်နေချင်တဲ့ ဆရာငြိမ်း ဟာ အကြံတူ နောက်လူသာစမြဲ ဖြစ်ရမယ့်အစား ခေတ်ရေစီးကြောင်းကြီး တန့်သလို ဖြစ်နေ ရတာကို သူဝမ်းသာမှာမဟုတ်ပါဘူး။ လမ်းရိုးဟောင်းထွင် ဆင့်ကာထင်ဆိုတာ သူ့မူပဲမဟုတ် လား။
သူချစ်မြတ်နိုးခဲတဲ့ ဒီနိုင်ငံကြီးကို ကြည့်လိုက်တော့ သူသေလွန်လို့ အနှစ်ငါးဆယ်ကြာတာ တောင်မှ သူမျှော်မှန်းခဲ့တဲ့ ဆင်ဖိုနီတီးဝိုင်းကြီးမရှိသေးဘူး။ ဆရာ တယောကိုတင်ရီတို့ လုံးပမ်း နေကြတာတော့ရှိပါရဲ့၊ တကယ့် စံချိန်မှီတီးဝိုင်းကြီးလို့ ဆိုနိုင်ဖို့ ကတော့ အဝေးကြီးလိုပါသေး တယ်၊ ၀န်ကြီးဦးထွန်းဖေတို့၊ ဆရာဦးခင်ဇော်တို့ အမှူးပြုမှုအောက်မှာ မန္တလေးက ဆရာ ရွေပြည် ဦးဘတင်၊ ဆရာဘကလေး၊ ဆရာငြိမ်းစသူတွေ၊ ရန်ကုန်က ဒေါ်စောမြအေးကြည်၊ ဒေါ်အောင်ကြည်။ ဦးဟန်ပ စသူတွေ အပတ်တကုတ်ဿကးစား ပြုစုခဲ့ကြတဲ့ ကမ္ဘာ့သင်္ကေတ နဲ့မြန်မာကြိုးသီချင်းဆိုတဲ့ စာအုပ်လည်း ထွက်မလာဘူး။ စာမူတွေ ပျောက်များ ပျောက်ကုန် လေပလားပဲ။ ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ တခန်းတကဏ္ဍပါဝင်ခဲ့တဲ့ ဆရာတို့ခေတ် က ဂီတအနုပညာရှင်များအတွက် အထိမ်းအမှတ် ဗိမာန်၊ ဒါမှမဟုတ် ပြတိုက်ဆိုတာကတော့ ဝေလာဝေး။ မန္တလေးက ရွာဟိုင်းသင်္ချိုင်း ကိုဖျက် တော့ ဆရာ့ အုတ်ဂူလေးတောင် ပျောက် သွားတယ်။
အဆိုးဆုံးက ဒီနေ့ဂီတလောကမှာ မြန်မာသံတွေ ပျောက်ကုန်မယ့် ဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတာပါပဲ။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ကြီးမှာ ဒီအန္တရာယ်ကို လျှော့တွက်လို့ မဖြစ်ပါဘူး၊ သူများတိုင်းပြည်တွေမှာ ဒီပြ၏နာကို အလေးအနက် ထား၊ ပြင်ဆင်နေကြတယ်၊ ဒါဟာ ဒီခေတ်ရဲ့ အမျိုးသားရေး တာဝန်တခု ဖြစ်ပါတယ်၊ နအဖလုပ်နေသလို ပုဆိုးတောင် ရှည်ဝတ်။ ခေါင်းပေါင်းပေါင်းပြီး စောင်းကောက်ကို တီးတာလောက်နဲ့ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ တမျိုးသားလုံးကို လှုံ့ဆော်ကြပြီးလုပ်ပါမှ တော်ရုံကျမှာပါ၊ အချိန်တွေလွန်သွားရင် ဘာမှမတတ်နိုင်ပါဘူး၊ ဒီနေ့လို အခြေ အနေကိုသာ ဆရာငြိမ်း တွေ့ရ ရင် “ဦးလေးမောင် (ဦးစိန်ဗေဒါ)ရေမြင်လှည့်ပါဦး”။ “ကိုကြီးတင် (နန်းတော်ရှေ့ ဆရာတင်)ရေ ကယ်ပါဦး”၊ “ဆရာရွှေတိုင်ညွန့်ရေ ကောင်းကြသေးရဲ့လားခင်ဗျ” စသဖြင့် တကြော်ကြော် မြည်တမ်းနေမလား မသိပါ။
ဒါမှမဟုတ်လည်း သူ့ရဲ့ဝမ်းနည်းကြေကွဲမှုကို ဖွဲ့ကျူးတဲ့ ဆင်ဖိုနီကြီးတခုကို ကြိတ်ပြီးရေးဖွဲ့ နေကောင်း ရေးဖွဲ့နေပါလိမ့်မယ်။
ဖိုးသံ (လူထု)
(မှတ်ချက်။ ။ စာရေးသူ အကိုဖိုးသံ(လူထု)ရဲ့ ဆရာမြို့မငြိမ်းအကြောင်း ဆောင်းပါးကို အမှတ် တရ ပြန်လည်ဖေါ် ပြလိုက်တာပါ )
Sunday, 6 January 2008
သူ သို့မဟုတ် မပြီးသေးသော ပန်းချီကား
Posted by HinLinPyin at 08:11
Subscribe to:
Post Comments (Atom)
No comments:
Post a Comment