Tuesday, 1 January 2008

ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၃)

အကျဉ်းခန်း ၂၆၇
တံခါးမှသည် ပြူတင်းပေါက်သို့ ခြေလှမ်းခုနှစ်လှမ်း၊ ပြူတင်းပေါက်မှသည် တံခါးသို့ ခြေလှမ်းခုနှစ်လှမ်း။
ဒါကို ကျွန်တော်ကြုံဘူးပြီ။
ပန်းကရာ့စ်ထောင် အကျဉ်းစခန်းအတွင်းရှိ၊ ထင်းရူးပျဉ်ခင်းများ၏ ခရီးတာအကွာအဝေးကို
ကျွန်တော်သည် အကြိမ် ပေါင်းမရေမတွက်နိုင်လောက်အောင် ခေါက်တုန့်ခေါက်ပြန် နင်းခဲ့ဘူးပြီ။ ဟောသည်အခန်းကျဉ်းထဲ၌ပင် ကျွန်တော်တခါတုန်း က ၀င်ထိုင်ခဲ့ရဘူးသည် ထင်သည်။ ထိုစဉ်က၀င်ထိုင်ခဲ့ရသော အကြောင်းရင်းမှာ၊ ချက်ဓနရှင်တို့ကျင့်သုံးသည့် အန္တရာယ်ပြွမ်း သော နိုင်ငံရေးဝါဒ၏ အကျိုးသက်ရောက်ပုံတို့ကို ကျွန်တော်က ကွင်းကွင်းကွက်ကွက်ကြီး မြင်တတ်လွန်းသောကြောင့်ဖြစ် သည်။ ယခုလည်း သင်းတို့သည် ကျွန်တော်၏တမျိုးသားလုံးကို ကားစင်တင်နေကြသည်။ အကျဉ်းခန်း၏ရှေ့တွင် ဂျာမန် ထောင်စောင့်များ ကင်းလှည့်နေကြသည်။ အပြင်ဘက်တနေရာတွင်ကား မျက်စိကန်းသော နိုင်ငံရေးကြမ္မာကောင်တို့သည် သစ္စာဖောက်ပင့်ကူမျှင်များကို ရစ်သွယ်ယှက်လိမ်လျက်ရှိကြသည်။ လူသတ္တ၀ါဟာ
မျက်စိပွင့်ဖို့နှစ်ပေါင်းဘယ်နှစ်ရာလိုသလဲ။ လူသားတွေဟာ တိုးတက်ရေးလမ်းခရီးမှာ အကျဉ်းခန်းပေါင်း ဘယ်နှစ်ထောင်ကို ဖြတ်တက်ခဲ့ရပြီလဲ။ နောက် ဘယ်နှစ်ခန်း ကျန်သေးသလဲ။ အို … နဲရုဒါရဲ့ ယေရှုကလေး။ လူ့လောကကြီးတခုလုံး အလင်းကိုရောက်အောင် ချီတဲ့လမ်းဟာ၊ ဆုံးကိုပဲ မဆုံးနိုင်သေးပါကလား။ ဒါပေမယ့် ခုတော့ဖြင့် အိပ်မနေနဲ့တော့၊ အိပ်မနေနဲ့တော့။
နဲရုဒါရဲ့ ယေရှုကလေး - ချက်ကဗျာဆရာကြီး ယန်နဲရုဒါသည် `ခရစ္စမတ်စ် ကလေးချော့သီချင်း´ ဟူသော ကဗျာထဲတွင် `လူ့ လောကကြီးတခုလုံး အလင်းကိုရောက်အောင် ချီတဲ့လမ်းဟာ ဆုံးကိုပဲ မဆုံးနိုင်သေးဘူး။ ဒီလမ်းတလျှောက်မှာ လုပ်စရာအ လုပ်တွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် အားပြည့်သွားအောင် အိပ်လိုက်ပါအုံး၊ ယေရှုကလေး၊ အိပ်လိုက်ပါကလေး´ ဟု ရေးစပ်ခဲ့ဖူးသည်။
အသွားခုနှစ်လှမ်း၊ အပြန်ခုနှစ်လှမ်း၊ တဘက်နံရံတွင် ခေါက်၍ရသော အိပ်စင်တလုံး၍၊ တဘက်တွင်ကား စိတ်ပျက် စရာအညိုရောင်ကြီး သုတ်ထားသည့် စင်ကလေးတစင်ရှိသည်။ ဟုတ်သည် ဤသည်ကို ကျနော်ကြုံဖူးပြီ။ ယခုသာ အနည်း ငယ်ပို၍ စက်ဆံလာသည်။ (ဆောင်းရာသီတွင် အခန်းလိုက်မီးမဖိုရတော့ဘဲ) ဗဟိုဌာနမှ အနွေးငွေ့ပေးသော ရေနွေးပိုက်များ တပ်ဆင်ထားသည်။ ဂံဖုလား၏နေရာတွင် ရေဆွဲအိမ်သာကမုတ်ရောက်နေသည် - အထူးခြားဆုံးကား လူများပင်ဖြစ်လေ သည်။ အထူးသဖြင့် လူများကိုယ်၌ စက်ကိရိယာဆန်နေကြသည်။ အော်တိုမစ်တစ် စက်ကရိယာများကဲ့သို့ ဖြစ်နေကြသည်။ ခလုပ်တစ်ခု နှိပ်လိုက်သည်နှင့် ဆိုလိုသည်မှာ သော့အိမ်အတွင်း သော့သွင်းလိုက်သည်ဖြစ်စေ၊ တံခါးမှ ချောင်းကြည့်ပေါက် ကလေးကို ဖွင့်လိုက်သည်ဖြစ်စေ - အကျဉ်းသမားများသည် ဘာလုပ်နေရာမှမဆို ဗြုံးကနဲ ခုန်ထကြလျက်၊ တယောက်နောက် တယောက် စီတန်း၍ရပ်လိုက်ကြသည်။ တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက်လည်း၊ အကျဉ်းခန်းအတွင်းရှိ အကြီးအကဲ လုပ်သူက အသက်မရှူ၊ မရပ်မနားဘဲ (ဂျာမန်ဘာသာဖြင့်) ဟစ်အော်လိုက်သည်။
- “သတိ။ ။ အကျဉ်းခန်း နှစ်ရာခြောက်ဆယ့်ခွန် လူသုံးယောက် အားလုံးကောင်းပါသည်ခင်ဗျား။”
ဤသည်ပင်လျှင် - ၂၆၇။ ဤသည်ကား ကျွန်တော်တို့၏ အကျဉ်းခန်းဖြစ်သည်။ သို့ရာတွင် ဤအကျဉ်းခန်းတွင်းရှိ အော်တိုမစ်တစ် စက်ကရိယာများကား ကျကျနနမလည်။ လူနှစ်ယောက်သာ ခုန်၍ထသည်။ ကျွန်တော်ကား ထိုအချိန်ကာလ တွင် ပြူတင်းပေါက်အောက် ကောက်ရိုးမွေ့ရာပေါ်တွင် အလျားလိုက်ဆန့်ခဲ့သည်။ မှောက်လျက်သား လဲနေခဲ့သည်။ တပတ်၊ ဆယ့်လေးရက်၊ တလ၊ ခြောက်သီတင်း - ပြီးတော့ ကျွန်တော်သည် အသစ်တဖန်ပြန်လည် မွေးဖွားလာသည်။ ခေါင်းကိုလည်း လှုပ်နိုင်ပြီ။ လက်ကိုလည်း မနိုင်ပြီ။ ကိုယ်ကိုလည်း တံတောင်များဖြင့် ထောက်ကာ ပင့်နိုင်။ မှောက်ရာမှ ပက်လက်လှန်ရန်ပင် ကြိုးစားခဲ့ဘူးပြီ … ယခု ရေးပြရခြင်းကား ထိုစဉ်အခါ လက်တွေ့လုပ်ရသည်ထက် ပို၍မြန်ဆန်လှသည်။
အကျဉ်းခန်းအတွင်း၌လည်း ပြောင်းလဲ၍နေသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ဂဏန်း ၃ အစား ၂ ကို ပြင်၍တပ် လိုက်ကြပြီ။ ယခုအခန်းထဲတွင် လူနှစ်ယောက်တည်းသာ ရှိတော့သည်။ ကျွန်တော့အား စိတ်မချမ်းမြေ့စရာ သီချင်းတပုဒ်ဖြင့် မြှုပ်နှံခဲ့ကြသော လူနှစ်ယောက်အနက်မှ အငယ်ဖြစ်သူ ကားရလစ်ကား ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ၏ သဘောထား ကောင်းပုံများသာ တငွေ့ငွေ့ ကျန်ရစ်တော့သည်။ အမှန်ဆိုရလျှင်၊ ကျွန်တော့်အနေနှင့် သူ့အား အိပ်မက်လိုလို၊ တကယ်လိုလို သာ မြင်နိုင်မှတ်မိနိုင်တော့်သည်။ သူသည် မိမိ၏ အဖြစ်အပျက်များကို စိတ်ရှည်လက်ရှည်နှင့် ထပ်ကာထပ်ကာ ပြောပြနေ တတ်သည်။ ကျွန်တော်ကလည်း ဇာတ်လမ်းတ၀က်သို့ရောက်တိုင်း ရောက်တိုင်း အိပ်ပျော်သွားလေ့ရှိသည်။
သူ့အမည်ကား ကားရဲလ် (ကားရလစ်)၊ မားလဲ့စ် ဟုခေါ်သည်။ စက်ဆရာတယောက်ဖြစ်သည်။ ဟုဒလိစဲ မြို့နားမှ မိုင်းတွင်းတတွင်း၏ လှောင်အိမ်ထဲတွင် အလုပ်လုပ်ခဲ့သည်။ ထိုနေရာ၌ အလုပ်လုပ်နေစဉ် ပြည်တွင်းတိုက်ပွဲအတွက် လိုအပ်သောယမ်းများကို တိတ်တဆိတ်ခိုးထုတ်ခဲ့သည်။ တနှစ်က အဖမ်းခံခဲ့ရသည်။ ယခုရုံးတင်စစ်ဆေးရန် ဘာလင်မြို့သို့ လောမသိ သွားရမည်ဖြစ်သည်။ သူတို့တအုပ်ကြီးကို ဖမ်းထားသည်။ မည်သို့အဆုံးသတ်မည်ကို မည်သူပြောနိုင်ပါ့မည်နည်း။ သူ့တွင် ဇနီးနှင့်ကလေးနှစ်ယောက်ရှိသည်။ သူတို့အား ချစ်သည်၊ နှစ်နှစ်ကာကာကြီးချစ်သည် ဒါပေမယ့်၊ အဲဒါက တာဝန်ကိုး ဗျ။ သိလား။ ဒီတော့ ကျွန်တော်လည်း မလုပ်ဘဲ ဘယ်နေနိုင်ပါ့မလဲ။
သူသည် ကျွန်တော့်ဘေးတွင်ထိုင်ကာ ကျွန်တော့်အား အတင်းအကြပ် အစာစားခိုင်းသည်။ ကျွန်တော်က လည်း မစားနိုင်။ စနေနေ့တွင် - အလို ဒီရောက်တာ ရှစ်ရက်တောင် ရှိပြီလား - သူသည် အကြမ်းဆုံးသောလမ်းစဉ်ကို လိုက် တော့သည်။ ပေါလိစိုင်းမိုင်စတဲရ်အား ကျွန်တော်ရောက်ကတည်းက ဘာတခုမှမစားသေးကြောင်းဖြင့် ပြောပြလိုက်လေ သည်။ ပေါလိစိုင်းမိုင်စတဲရ်ကား အမြဲတမ်းအစိုးရိမ်ကြီးနေတတ်သည့် ပန်ကရာ့စ်ထောင်မှ အက်ဆက်စ်ယူနီဖောင်းဝတ် ဗိန္ဓော ဆရာဖြစ်သည်။ သူ့ကိုအသိမပေးပဲ ချက်အမျိုးသားဆရာဝန်သည် အက်စပရင်ကလေးတစ်ခဲမျှပင် ဆေးညွှန်းရေးမပေးနိုင်ပေ။ သူသည် လူမမာများသောက်သည့် ဟင်းချိုတခွက်ကို ကိုယ်တိုင်ယူလာ၍ ကျွန်တော် အကုန်သောက်ပြီးသည်အထိ စောင့် ကြည့်နေလေသည်။ ကားရလစ်ကား မိမိ၏အောင်မြင်မှုကြောင့် ကျေနပ်သွားလေသည်။ နောက်နေ့တွင် ကျွန်တော့်ပါးစပ်ထဲ သို့ တနင်္ဂနွေနေ့ ဟင်းချိုတခွက်ကို သူကိုယ်တိုင်လောင်းထည့်ပေးသည်။
နောက်ထပ်ကား ဘာမျှစား၍မရတော့။ ကျွန်တော်၏ သွားဖုံးများမှာကျေနေသဖြင့် တနင်္ဂနွေနေ့ ဂူးလာ့ရှ် ထဲမှ ပျော့် ပြဲပြဲအာလူးဖတ်များကိုပင် မ၀ါးနိုင် မချေနိုင်ဖြစ်နေခဲ့သည်။ ကျဉ်းနေသော လည်ချောင်းကလည်း အသေးဆုံးသော အဖတ် တိုင်းကိုပင် ပိတ်ဆို့နေပါတော့သည်။
- ဂူးလာ့ရှ် ... ဂူးလာ့ရှ်တောင်မှ မစားချင်ဘူးတဲ့ ... ကားရလစ်က ကျွန်တော့်ကိုယ်ပေါ်မိုးလျက် ညီးညူယင်း၊ ခေါင်းကိုလည်း ၀မ်းနည်းစွာခါ၍နေလေသည်။
၎င်းနောက် ကျွန်တော့်အတွက် ရထားသောပုံစံကို “အဘ” နှင့်ညီညီမျှမျှခွဲကာ မြိန်မြိန်ယှက်ယှက်ကြီး စားပစ်လိုက် ပါသည်။
သြော် - ခင်ဗျားတို့က ၁၉၄၂ ခုနှစ်၊ ပန်းကရာ့စ်ထောင်ထဲမှာမှ မနေခဲ့ရဘဲကိုး။ ခင်ဗျားတို့အနေနဲ့တော့ အဲဒီတုန်းက ဂူးလာ့ရှ်ဆိုတဲ့ ဟင်းဟာ ဘယ်လောက်တာသွားတယ်ဆိုတာ သိမှာမဟုတ်ဘူး။ သိလဲ ဘယ်သိနိုင်မလဲလေ။ ဆာလွန်းသဖြင့် ၀မ်းထဲမှ တကြုတ်ကြုတ်မြည်နေသည့် အခါမျိုး။ ရေချိုးထွက်ကြသည့်အခါများတွင် အကျဉ်းသမားများသည် လူ့အရေများဖုံး ထားသည့် အရိုးကောင်များအဖြစ် သရုပ်ပေါ်လာသည့် အခါမျိုး။ ရဲဘော်တိုင်းသည် မိမိ၏ရဲဘော်ထံမှ ပုံစံအချို့ကို ယုတ်စွအ ဆုံးမျက်စိများဖြင့် ခိုးယူလေ့ရှိကြသည့်အခါမျိုး။ ဟင်းသီးဟင်းရွက်ခြောက်ကို၊ ခရမ်းချဉ်သီးရည်ကျဲကျဲနှင့် ရောနှောမွှေထား လျှင်ပင် အလွန်မက်စရာကောင်းသော ဇိမ်ခံအစားအစာဟု ထင်နေကြရသည့်အခါမျိုး။
ဂူးလာ့ရှ် - သာမန်ချက်ပြုတ်သော ဂူးလာ့ရှ်မှာ အမဲသားနှင့် အာလူးဟင်းမျိုးဖြစ်သည်။ အရည်ကျဲကျဲနှင့် ဂူးလာ့ရှ် ဟင်းချိုလည်း ချက်ကြသည်။
ယင်းသို့သော်အခါမျိုးတွင်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ ကြာသာပတေးနှင့် တနင်္ဂနွေနေ့တိုင်း တပတ်လျှင် နှစ်ကြိမ်မှန်မှန်ဂူးလာ့ရှ် ဟင်းချက်သည်။ ဟောက်ဆာရ်ဘိုင်တာရ် တို့သည် ပန်းကန်ထဲသို့ အာလူးများမကို ယောက်မတကော်စာထည်၍ မဖြစ်စ လောက်သော အသားဖတ်အနည်းပါသည့် ဂူးလာ့ရှ်ဟင်းရည်တဇွန်းကို အပေါ်ကဆမ်းနေသည်။ ထိုအစာကား အရသာရှိလှပါ ဘိတောင်း။ မှန်သည် အရသာရှိမျှမကသေး၊ လူ့လောကကို ထိထိတွေ့တွေ့ကြီးအမှတ်ရစေသည့် အရာဖြစ်သည်။ ဂက်စ်တာ ပိုထောင်၏ ရက်စက်ကြမ်းကြုတ်လှသည့် မူမမှန်လောကကြီးတွင် ဤအစားအစာကား ယဉ်ကျေးသိမ်မွေ့မှု၏ အထိမ်းအမှတ် ဖြစ်သည်။ နေရိုးထိုင်ရိုးလူ့ဘ၀၏ အထိမ်းအမှတ်ဖြစ်နေသည် - အိုလေ အမြဲမပြတ်ခြိမ်းခြောက်နေတဲ့ သေဘေးအန္တရာယ်ကြီး က ဟင်းမွှေးခတ်ထားတဲ့အတွက်၊ ဒီဟင်းရည်ကောင်းတဇွန်းဟာ ဘယ်လောက်တာသွားတယ် ဆိုတာကို ဘယ်သူခန့်မှန်း နိုင်ပါ့မလဲ။
နှစ်လမျှကြာခဲ့ပြီ။ ယခုသော ကျွန်တော်ကိုယ်တိုင်ပင် ကားရလစ် အံ့အားသင့်မှုကို သဘောပေါက်ပါပြီ။ ကျွန်တော် ကား ဂူးလာ့ရှ်ကိုမစားချင်ခဲ့ - ကားရလစ်အတွက် ဆိုလျှင်၊ ကျွန်တော်၏သေနေ့စေ့ပုံကို အခြားအခြားသော အချက်များထက် ဤတချက်တည်းက အခိုင်အမာသက်သေ ထူခဲ့ပြီးဖြစ်လေသည်။
နောက်တနေ့ည နှစ်နာရီအချိန်တွင် သူတို့သည် ကားရလစ်အား နှိုးကြသည်။ ငါးမိနစ်အတွင်းခရီးထွက်ရန် အသင့် ပြင်ဆင်ထားရမည်ဟု ဆိုသည်။ လာပြောပုံမှာ ခဏတဖြုတ်မျှအပြင်ထွက်၍ လည်ရမည့်ပုံမျိုးဖြစ်လေသည်။ လမ်းခရီး၏ အဆုံးတွင် လူတယောက်၏ဘ၀ အဆုံးသတ်ချင်သတ်တော့မည် မဟုတ်သကဲ့သို့ပင် ဖြစ်သည်။ ထောင်သစ်၊ အကျဉ်းစခန်း၊ ကွပ်မျက်ရာနေရာ၊ မည်သို့သွားရမည်ကို မည်သူမျှမသိ။ ကားရလစ်သည် ကျွန်တော်၏ ကောက်ရိုးမွေ့ရာဘေး၌ ဒူးထောက် ကာ ကျွန်တော့်ခေါင်းကိုပွေ့လျက် နမ်းသွားပါသေးသည် - ထိုခဏ၌ စင်္ကြံဘက်ဆီမှ ယူနီဖောင်းဝတ် ထောင်စောင့်၏ ငေါက် ငမ်းသံကား၊ ပန်းကရာ့စ်သည် နူးညံ့သောစိတ်မျိုးမွေးထားရမည့် နေရာမဟုတ်ကြောင်းကို ဖော်ပြသလိုပေါ်ထွက်လာခဲ့သည် - ကားရလစ်လည်း တံခါးပေါက်မှ အပြေးကလေးထွက်သွားရှာသည်။ ၎င်းနောက် သော့ခလောက်ပိတ်သံလည်းပေါ်လာလျက် ...
ဟောက်ဆာရ်ဘိုင်တာရ် - ထောင်ဘာယာ။ ပန်းကရာ့စ်ထောင်တွင် စင်္ကြံအလိုက် ထောင်ဘာယာများတာဝန်ချထားသည်။ နိုင်ငံရေးသမားများလည်း ထောင်ဘယာများအဖြစ် အလုပ်လုပ်ကြသည်။ အခဏ်း ၇ အဆုံးပိုင်းတွင် ဘာယာများအကြောင်း တွေ့နိုင်သည်။
... အကျဉ်းခန်းတွင်းဝယ် ကျွန်တော်တို့နှစ်ယောက်တည်း ကျန်ရစ်ခဲ့ကြပါတော့သည်။
ကျွန်တော်တို့အချင်းချင်း ပြန်၍တွေ့ကြဦးမည်လော။ ဘယ်သောအခါတွင် ဒုတိယအကြိမ်မြောက် ခွဲခွာပွဲပြုလုပ်ရဦး မည်နည်း။ ကျန်ခဲ့သော ကျွန်တော်တို့နှစ်ယောက်အနက် မည်သူက အလျင်ထွက်ခွာသွားရမည်နည်း။ မည်သည့်အရပ်သို့သွား ရမည်နည်း။ သွားရမည့်သူကို မည်သူက လာ၍ခေါ်မည်နည်း။ အက်ဆက်စ် ယူနီဖောင်းဝတ်ထားသည့် ထောင်စောင့်လော။ သို့မဟုတ် ယူနီဖောင်းမ၀တ်ထားသည့် သေမင်းလော။
ကျွန်တော်ဤစာများကို ရေးနေသည်မှာ၊ ထိုပထမဆုံးအကြိမ် ခွဲခွာရခြင်း၏နောက်ပိုင်း ကျွန်တော်တို့ထံ၌ကျန်ရစ်ခဲ့ သော အတွေးများ၏ ပဲ့တင်သံများဖြင့်သာ ရေးနေခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍တွက်လျှင် တနှစ်လုံးလုံး ရွေ့ခဲ့ပြီဖြစ်သည်။ ခွဲ ထွက်သွားရသော မိတ်ဆွေအား လိုက်၍ပို့လိုသည့် စိတ်ကူးစိတ်သန်းများသည် ကြီးတခါ ငယ်တလှည့်ဖြင့် ပြန်ပြန်၍ လည်နေ ပါသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ချိတ်ထားသည့် နှစ်ဂဏန်းမှာလည်း သုံးသို့တဖန်ပြောင်းသွား၍၊ တဖန် နှစ်၊ တဖန် သုံး၊ နှစ်၊ သုံး၊ နှစ် အကျဉ်းကျဘော်ကျဘက် လူသစ်များ ရောက်လာ၍၊ တဖန်ပြန်ထွက်သွားကြပြန်ကာ - ထိုယခင် တနေ့က အ ကျဉ်းခန်း ၂၆၇ တွင် ကျန်ရစ်ခဲ့သော လူနှစ်ယောက်သာ၊ သံယောဇဉ်ကြီးစွာဖြင့်၊ အတူတကွ၊ ထိုင်မြဲထိုင်လျက် ကျန်ရစ် ကြသည်။
“အဘ” နှင့်ကျွန်တော်။
... ... ... ... ... ... ... ... ... ... ... ...
“အဘ” ကား ကျောင်းဆရာများ၏ နာယက၊ အသက်ခြောက်ဆယ်အရွယ်ရှိ ယိုးဇက်၊ ပက်ရှက်ခေါ် ကျောင်းဆရာ တယောက်ဖြစ်သည်။ ကျွန်တော့အလျင်၊ ရှစ်ဆယ့်ငါးရစ်စော၍ အဖမ်းခံရသည်။ လွတ်လပ်သော ချက်စာသင်ကျောင်းများ ပြု ပြင်ပြောင်းလဲရေးစီမံကိန်းကို ရေးဆွဲခြင်းအားဖြင့် (ဂျာမန်) အင်ပါယာကြီးအား ဆန့်ကျင်ကြံစည်သည်ဟု စွပ်စွဲခဲ့ကြသည်။
“အဘ” ထိုသူကား ...
ဒါပေမယ့် သူ့အကြောင်းကို မင်းဘယ်လိုလုပ်ရေးမှာလဲ မောင်ရင် ဒါကတော့ အတော်ခက်လိမ့်မယ်။ လူနှစ်ယောက်၊ အကျဉ်းခန်းတခန်းနှင့် တနှစ်တာသောအချိန်။ ထိုအချိန်၏ နောက်ပိုင်းဝယ် “အဘ” ဟူသော အမည်မှာစကားအရဖြင့် တင် စားခေါ်ဝေါ်ခြင်းသာမဟုတ်တော့။ ထိုအချိန်အတွင်းဝယ်၊ အသက်အရွယ်ကွာခြားသော အကျဉ်းသမားနှစ်ယောက်တို့သည်၊ အ ကယ်ပင် အဖေနှင့်သား ဖြစ်လာခဲ့ကြသည်။ ထိုအချိန်အတွင်းဝယ် ကိုယ်စွဲဗီဇ၊ နှုတ်စွဲစကားလုံးများအပြင် အသံနေအသံထား ပါ ရောနှောဖလှယ်မိကြသည် - ဒီနေ့မတော့ ဘယ်ဟာက ကျွန်တော့်မူရင်း၊ ဘယ်ဟာက အဖေရဲ့ပါရင်းစွဲ၊ အကျဉ်းခန်းထဲကို သူက ဘာယူခဲ့တယ်၊ ကျွန်တော်က ဘာပါခဲ့တယ်ဆိုတာကို ခွဲနိုင်ယင် ခွဲခြားကြည့်လိုက်ပါအုံး။
အဘသည် ကျွန်တော့်အား တညပြီးတည စောင့်ရှောက်ပြုစုခဲ့သည်။ သေမင်းကြီးနီးလာတိုင်း ဖြူဖွေးသော ပတ်တီး ရေစိုများဖြင့် သေမင်းအား ခြောက်လှန့်မောင်းထုတ်နေခဲ့သည်။ အနွံအတာခံလျက် ကျွန်တော်၏ဒဏ်ရာများမှပြည်များကို ဆေးကျောပေးသည်။ ကျွန်တော်၏ကောက်ရိုးမွေ့ရာတ၀ိုက် ပျံ့နှံ့ထွက်ပေါ်နေသော ပြည်ပုပ်နံ့စိမ်းရွှေရွှေကြီးကိုပင် နှာခေါင်းရှုံ့ မပြခဲ့ပါ။ ပထမဆုံးအကြိမ် အစစ်ခံခဲ့စဉ်က ဒဏ်ထိသွားသော ရှပ်အင်္ကျီအစုတ်စုတ် အမွှာအမွှာကို လျှော်လည်း လျှော်ပေး သည်။ ချုပ်ဖာ၍လည်း ပေးသည်။ နောက်ထိုအင်္ကျီကိုအဖတ်ဆည်၍မရသောအခါ သူ့အ၀တ်အစားများ ဆင်ပေးပါသည်။ ပန်း ကရာ့စ်ထောင်တွင်း မြေကွက်လပ်တွင် နံနက်နာရီဝက်မျှ ကိုယ်လက်လှုပ်ရှားရေး ပြုလုပ်ကြစဉ် ဒေစီပန်းတပွင့်နှင့် မြက်တပင် ကို ကျွန်တော့အတွက် အသက်ဆံဖျား စွန့်စား၍ ခူးယူလာသည်။ အစစ်ခံရန် ထွက်သွားရတိုင်း သူသည် ကြင်နာသော မျက် လုံးများဖြင့် ကျွန်တော့်အားကြည့်ရင်း ကျန်ရစ်သည်။ ပြန်လာသောအခါ ဒဏ်ရာအသစ်များကို ပတ်တီးအသစ်များဖြင့် စည်း ပေးသည်။ ညဘက်တွင် ကျွန်တော့်အားခေါ်ထုတ်သွားကြလျှင် မအိပ်ဘဲ စောင့်နေ၍ ကျွန်တော်ပြန်လာသော် ကျွန်တော့်အား ကောက်ရိုးမွေ့ရာပေါ်ချ စောင်လုံလုံခြုံပေးပြီးမှ ကိုယ်တိုင်လည်း အိပ်ရာဝင်လေသည်။
ဤသည်တို့ကား နှစ်ယောက်သားတွေ့ဆုံစက အဖြစ်အပျက်များဖြစ်သည်။ နောင် ကျွန်တော့အနေနှင့် မိုးတိုးမတ် တတ်လည်း ရပ်နိုင်၊ သားပီပီမွေးကျေးဇူးလည်း ဆပ်နိုင်လာသည့်အထိ တယောက်နှင့်တယောက် ဆက်ဆံပုံမှာ မပြောင်းမလဲ ရှိနေခဲ့ပါသည်။
ဒါပေမယ့် တအောင့်ကလေးအတွင်းမှာ စုံစုံလင်လင်ပါသွားအောင် မင်းနှယ့်လုပ်ရေးမှာလဲ မောင်ရင်။ ထိုနှစ်အတွင်း အကျဉ်းခန်း ၂၆၇ မှာ အထူးတလည် အသက်ဝင်နေခဲ့သည်။ ထိုလှုပ်ရှားမှုများတွင် ဘလည်း သူ့အခန်းမှနေ၍ သူ့သဘာဝအ တိုင်း ပါဝင်ခဲ့သည်။ ဤအချက်ကိုထည့်၍ ပြောရပေမည်။ ထိုမျှမကသေး ဇာတ်ကြောင်းသည်လည်း ဤနေရာတွင် အဆုံး သတ်မည်မဟုတ်သေး (ဒီလိုဆိုလိုက်တော့ဖြင့် မြှော်လင့်ချက် အသံကလေးတွေတောင် မြည်သွားလေရော့သလား။)

... ... ... ... ... ... ... ... ... ... ... ...

အကျဉ်းခန်း ၂၆၇ ကား အထူးတလည် အသက်ဝင်နေခဲ့သည်။ နာရီတိုင်းလိုလိုပင် တံခါးပွင့်သွားလျက် စစ်ဆေး ကြည့်ရှုမည့်သူများ ရောက်လာတတ်သည်။ ထိုသို့ပြုလုပ်သည်မှာ အပြစ်ကြီးသော ကွန်မြူနစ်ရာဇ၀တ်ကောင်ကို တင်းကြပ်စွာ စောင့်ထိန်းရမည်ဟူသော အမိန့်ကြောင့်လည်းဖြစ်သည်။ ဤနေရာတွင် သေရန်မဟုတ်သော လူများပင်မကြာခဏသေကြရ သည်။ သို့သော် သေမည်ဟု လူတိုင်းက တထစ်ချယူဆထားသော လူတယောက်မသေပဲ သောင်တင်နေသည်မှာ ကြုံခဲလှ သော အဖြစ်အပျက်တရပ်ဖြစ်လေသည်။ အခြားစင်္ကြံများမှထောင်စောင့်များပင် ဤနေရာသို့ ရောက်လာကြကာ၊ စကားစရာ လိုရှာ သို့မဟုတ် စကားတခွန်းမျှမပြောဘဲ စောင်ကိုလှစ်၍ လူတတ်တို့၏ အကြည့်မျိုးဖြင့် ဒဏ်ရာများကို အရသာခံကြည့်ရှု ကြသည်။ နောက် ဥာဉ်အလိုက် ငေါ့သူကငေါ့၊ မိတ်ဆွေဖွဲ့သံ ပေးသူကပေးသည်။ ၎င်းတို့အနက်မှ ထောင့်စောင့်တယောက်ကို ကျွန်တော်တို့က “ဖိုးစပ်စု” ဟူ၍ပင် ခေါ်စပြုပြီ။ သူသည် အခြားသူများထက်လည်း ပို၍လာတတ်သည်။ ရွှန်းရွှန်းစားစားကြီး လည်းပြုံးရင်း “တစ္ဆေနီ” ဘာအလိုရှိသည်ကို မေးတတ်သည်။ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ဘာမှမလိုပါဘူးခင်ဗျား။ နောက် ရက်များမကြာမီတွင်ပင်၊ ဖိုးစပ်စုသည် တစ္ဆေနီတကယ်ပင်လိုအပ်နေသော အရာတရပ်ကို တွေ့ရှိသွားသည်။ ထိုကိစ္စကား မုတ်ဆိတ်ရိတ်ရမည့် ပြဿနာဖြစ်လေသည်။ ထိုကြောင့် ဆတ္တာသည်ကို ခေါ်လာသည်။
အကျဉ်းခန်းထဲရှိ လူများမှလွဲလျှင် ဤဆတ္တသည်မှာ ကျွန်တော်ပဌမဆုံးတွေ့ဆုံရသည့် အကျဉ်းသမားဖြစ်သည်။ ရဲဘော် ဘောချက်ဟု ခေါ်သည်။ ဖိုးစပ်စု၏စေတနာသည်လည်း မီးစတဖက် ရေမှုတ်တဖက်အဖြစ် ပေါ်လာလေသည်။ ဘက ကျွန်တော်၏ခေါင်းကို ကိုင်ထားကာ ရဲဘော်ဘော့ချက်က ကောက်ရိုးမွေ့ရာနံဘေး ဒူးထောက်လျက် သင်တုန်းဓား တုန်းတုန်း ဖြင့် အမွေးကြမ်းဘုတ်သိုက်ကြီးကို ခုတ်ထွင်ပစ်ရန် အားထုတ်ရသည်။ သူ၏လက်များကား တုန်၍နေသည်။ မျက်လုံးများတွင် လည်း မျက်ရည်များဝိုင်း၍နေသည်။ သူကား လူသေကောင်ကို မုတ်ဆိတ်ရိတ်ပေးနေရသည်ဟု တထစ်ကျစွဲနေလေသည်။ ကျွန်တော်က သူစိတ်သက်သာအောင် ဖျောင်းဖျပေးရသည်။
- “ရဲရဲသာအုပ်ပါ ကိုရင်ရ။ ပက်ချက်နန်းတော်မှာ စစ်ကြဆေးကြတာတွေကိုတောင် ခံနိုင်ခဲ့သေးတာ၊ ကိုယ့်လူမုတ်ဆိတ် ရိတ် တာလောက်တော့ သိပ်ဖြုံမယ် မထင်ဘူး။”
သို့သော် သူရောကျွန်တော်ပါ အားမရှိကြသဖြင့် နှစ်ယောက်လုံး အနားယူကြရသည်။
နောက်နှစ်ရက် ကြာသောအခါ အကျဉ်းသမားများအနက်မှ နောက်နှစ်ဦးကိုသိကျွမ်းလာရပြန်သည်။ ပက်ချက်နန်း တော်ရှိ အရာရှိမင်းများကား စိတ်မရှည်ကြ။ သူတို့က အခေါ်လွှတ်လိုက်တိုင်း ပေါလိစိုင်းမိုင်စတဲရ်က နေ့စဉ်နှင့်အမျှ ဆင့်စာ ပေါ်တွင် တရန်စပေါ့ရ်တွန်ပဟီးဂိ ဟူ၍ချည့် ရေးရေးလွှတ်သည်။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် အရောက်ပို့မည်ဟု အမိန့်ချမှတ် တော်မူကြသည်။ ထို့ကြောင့် ဟောက်ဆာရ်ဘိုင်တာရ် သို့မဟုတ် ထောင်ဘာယာ ယူနီဖောင်းများဝတ်ထားသော အကျဉ်း သမားနှစ်ယောက်လည်း ကျွန်တော်တို့အခန်းတွင်းအရောက် လူနာထမ်းစင်ဖြင့် ပေါက်လာကြသည်။ ဘက ကျွန်တော့်အား ပင်ပန်းကြီးစွာဖြင့် အ၀တ်ဝတ်ပေးသည်။ မိတ်ဆွေနှစ်ဦးကလည်း ကျွန်တော့်အား ထမ်းစင်ပေါ်သို့တင်၍ ခေါ်ဆောင်သွားကြ သည်။ ထိုသူနှစ်ယောက်အနက် တယောက်ကား နောင်တချိန်တွင် စင်္ကြံတလျှောက်လုံးရှိ အကျဉ်းသားများအပေါ် ဂရုစိုက် မည့် အဖေကြီးရဲဘော် စကော်ယျက်ပါ ဖြစ်၍ အခြားတယောက်ကား - - - - ဖြစ်သည်။ လှေခါးမှအဆင်းတွင် ကျွန်တော်သည် နိမ့်လျောကြီးဖြစ်နေသော ထမ်းစင်ပေါ်မှ လျှောကျသွားမည်ကဲ့သို့ဖြစ်ရာ ဒုတိယလူက ကျွန်တော့်ကိုပေါ်သို့ ကိုင်းငုံ့ယင်း
-“ ထိန်းထား”
ဟုပြောလေသည်။ နောက်အသံခပ်အုပ်အုပ်ဖြင့် တီးတိုးပြောဆိုလိုက်သေးသည်။
- “ဒီမှာရော၊ ဟိုမှာရော”
ဤတခေါက်တွင်ကား ထောင်ရုံးခန်းသို့ မ၀င်ကြတော့။ ကျွန်တော့်အား ရှည်လျားသော စင်္ကြံကြီးတလျှောက်မှနေ၍ ထောင်ဘူးဝအထိ သယ်ဆောင်သွားကြသည်။ စင်္ကြံကား လူများဖြင့် ပြည့်နေသည် - ကြာသပတေးနေ့ဖြစ်၍ လူတို့သည် ထောင်ကျနေသော ဆွေမျိုးသားချင်းများ၏ အ၀တ်ဟောင်းများကို လာယူနေကြသည် - အားလုံးတို့သည် ကျွန်တော်တို့၏ စိတ်မချမ်းမြေ့ဘွယ်ရာ လှည့်လည်ပွဲကို ကြည့်ရှုယင်း မျက်လုံးများတွင် ၀မ်းနည်းခြင်း အရိပ်အရောင်များ ပြလာကြသည်။ ဤ သည်ကို ကျွန်တော့်အနေနှင့် များစွာအားမလိုအားမရကြီး ဖြစ်မိသည်။ ထိုကြောင့် လက်ကို ခေါင်းဆီသို့ပင့်ကာ၊ လက်သီးကို ဆုပ်၍ပြလိုက်သည်။ မြင်ကောင်းမြင်ကြပေလိမ့်မည်။ သူတို့အား နှုတ်ဆက်ခြင်းဖြစ်သည်ကိုလည်း နားလည်ကောင်း နားလည် ကြပေလိမ့်မည်။ ကြောင်တက်သော အမူအရာတခုလည်း ဖြစ်ကောင်းဖြစ်နေမည်။ သို့သော် ကျွန်တော်ကား ထို့ထက်ပို၍မ တတ်နိုင်၊ ယခုထက်ထိ အင်အားဆို၍ ကောင်းစွာမရှိသေးပေ။
တရန်စပေါ့ရ်တွန်ပဟီးဂိ - သယ်ယူပို့ဆောင်ရန် မသင့်။
ပန်းကရာ့စ်ဝင်းတွင်းရှိ မြေကွက်လပ်တွင်၊ လူနာတင်ထမ်းစင်ကို လော်လီကြီတစီးပေါ်သို့ တင်လိုက်ကြသည်။ အက် ဆက်နှစ်ယောက်က ကားမောင်းသူ၏ဘေးတွင် ထိုက်လိုက်ကြသည်။ အခြားအက်ဆက်နှစ်ယောက်က ဖွင့်ထားသော ခြောက် လုံးပြူးအိတ်များပေါ် လက်တင်လျက် ကျွန်တော်၏ ဦးခေါင်းအနီးတွင် ကားကားရားရား ရပ်ကြသည်။ ဤသို့လျှင် ခရီးထွက် သွားခဲ့ကြပါသည်။ လမ်းကား ပြေပျစ်ပုံမရ၊ ဟုတ်သည်၊ တကယ်ကိုပင် မပြေပျစ်။ ချိုင့်တချိုင့်၊ နောက်ချိုင့်တချိုင့် - ဂိုက်နှစ်ရာ မျှ မသွားရသေးမီ ကျွန်တော်လည်း သတိလစ်သွားပါတော့သည်။ ပရာဟာမြို့တော်ရှိ လမ်းမကြီးများပေါ်၌ ယင်းသို့ ခရီးသွားခဲ့ ရသည်ကား ရယ်စရာကြီးပင် ဖြစ်နေသည်။ အကျဉ်းသားသုံးဆယ်အတွက် သတ်မှတ်ထားသော ငါးတန်မော်တော်ကားကြီးကို အကျဉ်းသမားတယောက်တည်းအတွက် ဓာတ်ဆီဖြုန်းယင်း၊ ရှေ့တွင်လည်း အက်ဆက်စမန်းနှစ်ယောက်၊ နောက်တွင်လည်း နှစ်ယောက်၊ ပြူးပြူးပြဲပြဲ အစိမ်းစားတော့မည့် ဟန်များဖြင့် လူသေကောင်တကောင် ထွက်မပြေးရန် စောင့်ကြပ်နေခဲ့ကြသ တည်း။
နောက်တနေ့တွင် အဆိုပါ ပျော်တော်ဆက်ဇာတ်လမ်းရွှင်ကို တဖန်ပြန်၍ ခင်းကျင်းပြသကြပြန်သည်။ ဤအခါတွင် ကား ကျွန်တော်သည် ပက်ချက်နန်းတော်ရောက်သည်အထိ တောင့်ခံနေခဲ့သေးသည်။ စစ်ဆေးမေးမြန်းခြင်းကား မကြာလှ။ အရာရှိ ဖရီးဒစ်က ကျွန်တော့်ကိုယ်ကို မယုမယ ကိုင်တွယ်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော့်အား သတိလစ်လျက်သား ပြန်ခေါ်သွားကြရပါတော့သည်။
ယခုသော် ကျွန်တော်၏အသက်သည် ကိုယ်ခန္ဓာနှင့်မြဲနေပြီဖြစ်ကြောင်းကို ယုံမှားသံသယရှိစရာ မလိုတော့သည့်နေ့ များသို့ ရောက်လာခဲ့ပေပြီ။ အသက်၏အမွှာပူးညီမဟု ဆိုရမည်ဖြစ်သော နာကျင်ခြင်းသည် ဤအချက်ကို ပြတ်သားစွာ သတိ ပေးနေပါသည်။ ပန်းကရာ့စ်သည်လည်း ကျွန်တော်တယောက် လက်ချော်ခြေချော်၊ မတော်တဆနှင့် အသက်ရှင်နေကြောင်း ကို သိခဲ့ပြီ။ ထိုကြောင့် ပဌမ နှုတ်ခွန်းဆက်များလည်း ရောက်လာစပြုသည်။ ထရံထူထူကြီးများကို တဒေါက်ဒေါက်ခေါက်ခြင်း ဖြင့်၎င်း၊ အစာဝေကြသည့် စင်္ကြံဘာယာများ၏ မျက်လုံးများတွင် သယ်ယူ၍၎င်း၊ နှုတ်ခွန်းဆက်စကားများ ရောက်လာကြလေ သည်။
ကျွန်တော်၏ ဇနီးသာ ကျွန်တော့်အကြောင်းကို ဘာမျှမသိ။ ကျွန်တော့်အကျဉ်းခန်း၏ အောက်တည့်တည့်မှနေ၍ သုံးလေးခန်းအကွာ အကျဉ်းခန်းတခန်းထဲတွင် တယောက်တည်းနေရရှာသည်။ စိုးရိမ်တလှည့် မြှော်လင့်တခါ နေရရှာသည်။ နောက်ဆုံးတွင်ကား ဤမြှော်လင့်ချက်ပင်ပျောက်ကွယ်သွားလေသည်။ တခါ နံနက်ပိုင်းနာရီဝက်မျှ ကိုယ်လက်လှုပ်ရှားရေး လုပ်ကြရစဉ် သူ့ဘေးခန်းမှ အဖော်တယောက်နှင့် ဆုံမိကြသည်။ ထိုအမျိုးသမီး၏ အဆိုအရ ကျွန်တော်ကား အနိစ္စရောက်ခဲ့ ပြီ။ အစစ်ခံရစဉ်က ရရှိခဲ့သော ဒဏ်ရာများကြောင့် ကွယ်လွန်ဟန်တူသည်ဟု သတင်းကြားရလေသည်။ ထို့နောက်ပိုင်းတွင် သူ့ခမြာ မြေကွက်လပ်တလျှောက် လှည့်လည်၍နေမိသည်။ သူ၏ကမ္ဘာမှာလည်း ခြာခြာလည်နေခဲ့သည်။ ထောင်၏မူမှန်လောကဖြစ်သော တန်းစီရာသို့ပြန်ဝင်ရန် ထောင်စောင့်ပုလိပ်မက မျက်နှာကိုရိုက်ပုတ်လိုက်သည်။ ဤသို့ဖြောင်းဖျပေးသည့်တိုင်အောင် နာရကျင်ရမှန်းမသိရှာခဲ့ပေ။ အဲဒီနောက် အကျဉ်းခန်းက ထရံအဖြူကြီးကို ကောင်းမွန်တဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေမှာ မျက်ရည်တွေဝိုင်းမနေနိုင်တော့ဘဲ စိုက်ကြည့်နေလိုက်တာ၊ ဘာတွေကိုများ မြင်ခဲ့ပါလိမ့်။ နောက်တနေ့တွင် သူ့ထံသို့ အခြားသတင်းတရပ်ရောက်လာပြန်သည်။ ယခင်သတင်းကား မမှန် ကျွန်တော်သည် အရိုက်ခံရသော ဒဏ်ရာများကြောင့် သေသည်မဟုတ်၊ အနာအကျင်များကို မခံနိုင်တော့သောကြောင့် ကျွန်တော်၏အကျဉ်းခန်းအတွင်း၌ပင် ကြိုးဆွဲချသေလေသည်ဟူသတည်း။
ထိုအချိန်တလျှောက်လုံးတွင် ကျွန်တော်ကားချူချာလှသော ကောက်ရိုးမွေ့ရာပေါ်တွင် အစန့်သားလဲနေသည်။ ညနေတိုင်း နံနက်တိုင်းတွင်မူ မရမကကြိုးစား၍ ဘေးတစောင်း စောင်းယင်း ဂုစတီနာအတွက် သူနှစ်သက်သော သီချင်းများကို ဆိုနေခဲ့ပါသည်။ ဒီလောက်တောင် စိတ်ပါလက်ပါနဲ့ လှိုက်လှိုက်လှဲလှဲကြီး ဆိုနေတာကို သူဘယ့်နဲ့မကြားဘဲနေပါလိမ့်။
ယခုသော် ယခင်နေခဲ့သည့်နေရာထက် ပို၍ ဝေးသွားပြီဖြစ်သည့်တိုင်အောင် ဂုစတီနာသည် သတင်းအမှန်များကို ကြားရပါပြီ၊ သိရပါပြီ။ ထိုမျှမကသေး ယခုအခါတွင်မူ ထောင်စောင့်များပင် အကြောင်းသိလာကြသည်။ အကျဉ်းခန်း ၂၆၇ မှ သီချင်းဆိုခြင်းကို ကျင်းသားရကြကာ၊ တိတ်တိတ်နေရန် တံခါးကိုထု၍ အော်ငေါက်ခြင်းပင် မပြုလုပ်ကြတော့ပါ။
အကျဉ်းခန်း ၂၆၇ ကား သီချင်းဆိုနေလေသည်။ ကျွန်တော်သည် တသက်လုံး သီချင်းဆိုခဲ့သည်။ ဘ၀၏ အဆုံး သတ်ချိန်၊ ဤမျှအသက်ပြင်းသောအခါတွင်မှ အဘယ့်ကြောင့် သီချင်းမဆိုရမည်ကို နားမလည်ပါ။ အဘပက်ရှက်ကကော ဘယ့်နဲ့လဲ။ အလိုလေး ... သူကတော့ ထူးဆန်းပေသည်။ သီချင်းဆိုခြင်းကို လှိုက်လှိုက်လှဲလှဲကြီး ၀ါသနာပါသည်။ သို့သော် ဂီတဆန်သည့် နားလည်းမရှိ၊ အသံလည်းမကောင်း၊ ဂီတမှတ်ဥာဏ်လည်း ဝေလာဝေး။ သို့သော်သီချင်းကို မြတ်နိုးတွယ်တာ စွာ ကြိုက်တတ်၍ သီချင်းသံဝယ် စိတ်ချမ်းသာနေတတ်ရကား နားက ၇ သံကို တမက်တမော တောင့်တနေချိန်ဝယ် ခေါင်းမာ မာနှင့် ငါးပေါက်ကြီးချ၍ ဆိုလိုဆို၊ တသံမှတသံပြောင်းလိုပြောင်း၊ စသည်ဖြင့် လျှောက်လုပ်သည်ကိုပင် ကျွန်တော်က ဂရုမ ထားမိတော့သည်အထိ ဖြစ်လာသည်။ သို့နှင့် လွမ်းစပျိုးလာသော အချိန်များတွင် သီချင်းဆိုကြသည်။ နေပွင့်သော အချိန်များ တွင် သီချင်းဆိုကြသည်။ နောက်ပြန်၍ တွေ့ကောင်းတွေ့ရတော့မည့် ရဲဘော်တယောက် ခွဲထွက်သွားရတော့မည့်အခါ သီချင်း နှင့်လိုက်ပို့ကြသည်။ အရှေ့ဘက် စစ်မြေပြင်များမှသတင်းကောင်းများ ကို သီချင်းနှင့် ကြိုဆိုကြသည်။ စိတ်သက်သာမှုအတွက် လည်း သီချင်းဆိုသည်။ ပျော်ရွှင်မှုအတွက်လည်း သီချင်းဆိုသည်။ ဤဓလေ့အတိုင်း လူတို့သည် တခေတ်ပြီးတခေတ် သီချင်း ဆိုခဲ့ကြသည်။ လူသတ္တ၀ါဟူ၍ တည်မြဲနေသမျှကာလပတ်လုံးလည်း သီချင်းဆိုနေကြမည်သာ ဖြစ်ပေသည်။
သီချင်းမပါသော အသက်ဟူသည်မရှိ၊ အသက်ဟူသည်လည်း နေမင်းကြီးမပါဘဲနှင့် မတည်ရှိနိုင်ပေ။ ကျွန်တော်တို့ ကား သီချင်းကိုနှစ်ဆတိုး၍ တောင့်တကြသည်။ အဘယ်ကြောင့်ဆိုသော နေရာင်သည် ကျွန်တော်တို့ထံ မရောက်တတ်သော ကြောင့်ဖြစ်ပေသည်။ အမှတ် ၂၆၇ သည် မြောက်ဘက်ကို မျက်နှာပြုထားသည်။ နွေလများ၌သာ ညနေစောင်းနေရောင်သည် ပြူတင်းပေါက်သံတိုင်အရိပ်တို့ကို အရှေ့ဘက်ထရံပေါ်၌ ခဏတဖြုတ်ထင်စေသည်။ ထိုအခါ ဘသည် အိပ်ရာစင်ကိုမှီ၍ မတ် တတ်ရပ်ယင်း လာလာသွားသွား ထွက်ခွာသွားသည့် ဧည့်သည်ရောင်ခြည်တန်းကို ကြည့်ရှုရှာလေသည် ... ဤကား၊ ဤ နေရာတွင် တွေ့နိုင်သမျှအနက် ကြေကွဲဘွယ်ရာ အကောင်းဆုံးသော ရှုခင်းတရပ်ဖြစ်လေသည်။
နေမင်းသူရိယာ... ၀ိုင်းစက်သော မျက်လှည့်ဆရာသည် ရက်ရောစွာထွန်းတောက်ယင်း အံ့သြစရာအမြောက်အများ ကို လူတို့၏ မျက်စိအောက်၌ပင် ဖန်ဆင်းပြတတ်သည်။ နေရောင်အောက်တွင် နေရသောလူတို့ကား နည်းပါးလှစွာသည်။ နောင်သော် နေမင်းကြီးသည် အပြည့်အ၀ထွန်းလင်းတောက်ပ လာပေလိမ့်မည်။ ဟုတ်သည်၊ လူများသည်လည်း နေရောင် ခြည်များအောက်တွင် နေကြရပေတော့မည်။ ဤအချက်ကို သိရခြင်းကား ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ သို့စဉ်လျက် ခင်ဗျားသည် ထိုအချက်နှင့် မနှိုင်းသာ မယှဉ်သာလောက်အောင် သေးမွှားလှသော အချက်ကလေးတချက်ကိုလည်း အလွန် အမင်းသိလိုလှသေးသည် - ငါတို့အတွက်ကော၊ နေမင်းကြီးထွန်းလင်းပါလိမ့်အုံးမလား။
ကျွန်တော်တို့၏ အကျဉ်းခန်းကား မြောက်ဘက်သို့ မျက်နှာမူသည်။ နွေရာသီအချိန်၊ နေသာသောနေ့များတွင်သာ နေ၀င်သည်ကို ခဏတဖြုတ်တွေ့ကြရသည်။ ဘရယ် ... ကျွန်တော်လေ၊ နောက်တခါကလေးလောက်တော့ နေထွက်တာကို မြင်ချင်စမ်းပါဘိတော့တယ်ဗျာ ....

No comments: