Friday, 7 December 2007

အဝေးကပေးစာတစောင်

၂၀၀၇ခုနှစ်။ နိုဝင်ဘာ ၂၆ရက်၊
ကိုဟိုဒင်းရေ-

“သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင်။ မသိုး အလှ မြတ်သင်္ကန်းကပ်ဖို့။ ရွှေတိဂုံ ကုန်းတော်ပေါ်မှာပြိုင်”ဆိုတဲ့ ကျနော်တို့ငယ်ငယ်တုန်းက ဒီလိုအချိန်မှာကြားရလေ့ရှိတဲ့ ကိုမြကြီးရဲ့သီချင်းလေး ကိုမှတ်မိတယ် မဟုတ်လားဗျာ၊ ရန်ကုန် တန်ဆောင်တိုင်ပွဲတော်။ လေးဆူဓာတ်ပုံ ရွှေတိဂုံနဲ့ အလှူရေစက် လက်နဲ့မကွာ၊ ရက်ရောလှ တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ၊ ခွဲလို့ရနိုင်ရိုးလားဗျာ၊ အခုတော့ ရွှေတိဂုံကုန်းတော်ပေါ်ကို သံဃာတော်တွေဟာ ခွင်ပြုချက်လက်မှတ်နဲ့ တက် ရသတဲ့။ ဘုရားဖူးကြည်ညိုသူတွေ လူစုလူ ဝေးနဲ့ မတက်ရဘူးတဲ့၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်ထက်ဆိုးတဲ့ ကာလတခုကို ရောက်နေပါပေါ့ လားဗျာ။
သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်၊ ဘုန်းကြီးကျောင်းတွေကနေ မောင်းထုတ်။ ပြန်ခိုင်း။ သာသနာ့စောင်းထက် နအဖစောင်းက ပိုထက်တယ်လို့ ပြောဖို့လုပ်နေတဲ့ ကာလ ကြီးမှာ ကျနော်ဖြင့်ဗမာပြည်က ကထိန် အလှူပွဲတော်များအတွက် စိုးရိမ်ပူပန်မိတာ အမှန်ပါပဲ၊ ဒီကနေ ပြန်စဉ်းစားလိုက်တိုင်း ကထိန်ပွဲကြီးတွေ ခြိမ့်ခြိမ့်သဲကျင်းပပြီး လမ်းတကာ၊ ရပ်တကာ မှာ ကထိန်ညှပ်ကြီးတွေ အပြိုင်အဆိုင်ဆင်ယင်။ ခင်းကျင်းကြ။ ပွဲတွေလမ်းတွေ ကျင်းပကြ။ ရန်ကုန်မှာဆိုရင် (ကာတွန်း)ဦဘဂျမ်းလမ်းမှာ ကာတွန်းပြပွဲတွေလုပ်ကြ။ မန္တလေးဘက်မှာဆို ရင် စစ်ကိုင်းတောင် တောင်လုံးညွှတ်မျှကထိန်သွားခင်းကြ။ ဈေးချိုထဲက အေရုံ၊ ဘီရုံ စတာ ကြီးတွေက အငြိမ့်တွေပွဲတွေနဲ့ နေ့ခင်းကြီးဧည့်ခံကြ။ ဒီလိုချစ်စရာ။ ဂုဏ်ယူစရာအစဉ် အလာ လေးတွေဟာ နအဖစစ်အစိုးရရဲ့စစ်မိန့်တွေကြောင့် ပျောက်ကုန်တော့မှာပါလားဗျာ။
ကျနော်တို့ဗမာနိုင်ငံသားများဟာ ကိုယ့်မှာရှိရင် ကိုယ်ချည်းမစားသုံးပဲ သူများကိုလည်း ပေးကမ်းဝေမျှချင်တယ်ဆိုတဲ့စိတ် စေတသိက်လေးရှိနေတော့ စပါးသိမ်း။ ပဲသိမ်းပြီးရင် လှူကြ တန်းကြတာဟာ နှစ်ထောင်နဲ့တောင်ရှိပြီနဲ့ တူပါတယ်ဗျာ၊ ဘယ်သူကမှ ရိုက်ခိုင်းဖို့မလို။ အမိန့် ပေးခိုင်းဖို့မလိုတဲ့ အစဉ်အလာကောင်းပါ၊ မင်းမှ စိုးမှ လုပ်တာမဟုတ်ပါဘူး။ ဆင်းရဲသားလဲ တတ်နိုင်ရင် တတ် နိုင်သလောက်လှူကြတမ်းကြတဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေပါဗျာ၊ အခုတော့ လှူချင်လို့မလှူရ။ လှူချင်သူကိုမလှူရ။ ၀ဋ်ဒုက္ခတမျိုးလိုပါပဲ။
ဒီကြားထဲမှာ နအဖအစိုးရရဲ့ဝါဒဖြန့်ယန္တရားများနဲ့ နောက်လိုက်ခွေး မီဒီယာများထဲမှာ သူတို့လက်ပါးစေ ကြံ့ဖွတ်တွေက ဘုန်းကြီးကျောင်းတွေကိုသွားပြီး ကထိန်ပစ္စည်းတွေအတင်း လက်ခံခိုင်း။ အတင်းရေစက်ချ။ အတင်းကထိန်လိုက်ခင်းနေကြတယ်လို့ ကြားရတော့ ပိုပြီးစိတ် မချမ်းမသာဖြစ်ရတယ်၊ အေးဓားပြတိုက်တယ်ဆိုတာနဲ့ ပြောင်းပြန် ကုသိုလ်ဓားပြတိုက်တယ် လို့ ဆိုရမလား မသိပါဘူး၊ တချို့သံဃာတော်များကတော့ ပတ္တနိက္ကုဇ္ဇနကံဆောင်ထား တာမို့ သူတို့ပေးတဲ့အခါ လက်ခံထားလိုက်ပေမဲ့ သူတို့သွားတဲ့နောက် ကိုယ်တိုင်မသုံးပဲ သူများကိုစွန့် ကြဲလိုက်ကြတယ်လို့လဲ ကြားရတယ်၊ နအဖကြောင့်မို့ သံဃာတော်များလုပ် နေရပုံအတွက် လည်း စိတ်မကောင်းဖြစ်ရတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာမှာ အလှူဒါနဖြစ်မြောက်ဖို့အတွက် အချက်သုံးချက်လိုအပ် တယ်ဆိုတာ ခင်ဗျားမှတ်မိတယ်မဟုတ်လား၊ အဲဒါတွေက လှူတဲ့သူရယ်၊ လှူတဲ့ပစ္စည်းရယ်၊ အလှူခံတဲ့လူရယ်လို့ ဆိုသမို့လား၊ အခုတော့ သံဃာတော်များကလက်မခံချင်တာကို အာဏာ နဲ့ အတင်းယူခိုင်းနေတယ်ဆိုတော့ အလှူဒါနဖြစ်မြောက်ဖို့အတွက် လိုအပ်တာဟာ စစ်တပ် အာဏာအပါ အချက်လေးချက်ဖြစ်သွားပြီပေါ့ဗျာ၊ မူလသုံးချက်နဲ့တင် မရတော့တာလည်း အမှန်ပဲ၊ စစ်အာဏာပိုင်တွေကခွင့်မပြုလို့ မခင်းရတဲ့ ကထိန်တွေ၊ မကျင်းပရတဲ့အလှူပွဲတွေ နည်းမှမ နည်းတော့ပဲ၊ ဗုဒ္ဓဘာသာပြော ပြောရရင် ဒါနမမြောက်အောင် နှောင့်ယှက်ဖျက်ဆီး တယ်ဆိုတဲ့ အပြစ်ဟာ ဘယ်လောက်ကြီးသလဲ စစ်ဗိုလ်ချုပ်တွေ စဉ်းစားမိရဲ့လားမသိဘူး။
ဒီစာကိုရေးနေရင်းပဲ ကိုဟိုဒင်းရေ။ သတင်းတခုဝင်လာသဗျ၊ ကောင်းသတင်းပြော ရမ လား။ ဆိုးသတင်းပြောရမလားမသိဘူး၊ ခင်ဗျားမို့ မျှရအုန်းမယ်၊ အဲဒါ(ဦး)မြတ်ခိုင်ရဲ့ လျှပ်တစ် ပြက်ဂျာနယ်ပိတ်လိုက်ရပြီတဲ့ဗျ၊ ထုတ်ဝေခွင့်ပိတ်လိုက်တာလို့ ဆိုတာပဲ၊ ဘာကြောင့်လဲဆိုတာ တော့ မသိရသေးဘူး၊ ပြန်ကြားရေးဝန်ကြီး (ဗိုလ်ကျော်ဆန်း) ကို ပိုင်လှတယ်ဆိုတဲ့လူ။ သူ လည်းကမ်းနားသစ်ပင်ပဲကိုး၊ ကိုယ့်ကိုယ်အမှီကောင်းရှိ။ အကာအကွယ်ကောင်းရှိတယ်ဆိုပြီး သူတကာကိုတွယ်။ စာပေအနုပညာသည်တွေကို တပည့်မွေး။ ရန်သူထား လုပ်ချင်သလိုလုပ် နေတဲ့လူရယ်လေဗျာ၊ နအဖကိုယ်စား တရားမ၀င်ဝါဒဖြန့်တာ။ တိုက်ခိုက်တာတွေလည်း လုပ်မှ လုပ်၊ လျှပ်တစ်ပြက်ဆိုတာက ဗမာပြည်ရဲ့နံပတ်ဝမ်း အ၀ါရောင်စာနယ်ဇင်းရယ်လို့ ဆိုင်းဘုတ် ချိတ်ဆွဲမထားယုံတမယ် နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ “အတွင်းရေး” ဆိုတဲ့ ကောလာဟာလတွေ ကိုဘုံးဘောလအော။ ရက်ရက်ရောရာကြီးဖော်ပြနေတဲ့ ဂျာနယ်ပါကလားဗျာ၊ သူနဲ့မတည့် လို့ကတော့ ရုပ်ရှင်လောကသားတွေ။ ဂီတလောကသားတွေ သွားပေရော့ပဲ၊ တယ်လဲပြောင် မြောက်ဆိုကိုးဗျ။
အရင်လတုန်းက ကျနော့်စာထဲမှာ သူ့ဂျာနယ်ကနေ နိုင်ငံရေးကျားသေတွေကို နအဖရဲ့ စီမံကိန်းနဲ့ အသက်သွင်းလာတာကို ရေးလိုက်မိသေးတယ်မှတ်တယ်၊ ဦးအောင်ကြီး။ သခင် တင်မြ။ ဦးချစ်လှိုင်တို့သုံးဦးကို ခမ်းခမ်းနားနားကြီးပွဲထုတ်ပြီး အတိုက်အခံတွေကို တိုက်တာ လေဗျာ၊ ပြည်တွင်းက နိုင်ငံရေးလောကနဲ့ စာပေလောကမှာကို တော်တော်ပြောစရာဖြစ်ခဲ့ တာပေါ့၊ အခုတော့သူများပျက်စီးတဲ့အတွက် ၀မ်းသာတယ်လို့တော့ မပြောချင်ပါဘူးဗျာ၊ ဒါပေမဲ့ ‘လျှပ်တစ်ပြက်ဘာကြောင့် အပိတ်ခံ ရတာလဲ’ ဆိုတာလို ကျနော့်ခေါင်းထဲမှာ မရှင်း တာလေးတွေ ကျန်နေခဲ့တဲ့အတွက်ပဲ အစာမကြေသလိုဖြစ်နေတာပါ၊ သူကမင်းသမီး တယောက်အကြောင်း ပုတ်ခတ်ရေးသားလို့ အဲဒီမင်းသမီးက ကြပ်ပြေးအထိတက်တိုင်တာနဲ့ အပိတ်ခံရသလိုလိုတော့ ကြားတာပဲ၊ ကြပ်ပြေးက အာဏာပိုင်များက မင်းသမီးလေး ကိုပိုစာ နာသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ အလွယ်သာမာန် အရပ်သားပြော ပြောရင်တော့ လည်လွန်းတဲ့ဘီး ချေးသင့်တာပါပဲ၊ အခုလိုအခါကြီးရက်ကြီးမှာ ဗမာပြည်သားတွေအဖို့ တရား သံဝေယူစရာ ဖြစ်တာပေါ့လေ။
ဒါလောက်ပဲဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။

ယာတောကသာဗြော

No comments: