Monday 10 December 2007
အမျိုးသားနေ့
အင်္ဂလိပ်လိုနေရှင်နယ်ဒေး ဗမာလိုအမျိုးသားနေ့ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာ ကိုဖော်ကြူးတယ်လို့ယူဆကြတဲ့နေ့ရက်ကို သတ်မှတ်ကြတတ်တယ်။ တရုတ်အမျိုးသားနေ့ဆို တာ ပီအာစီလို့ အင်္ဂလိပ်လိုသိကြတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့နေ့၊ အမေရိ ကန်တွေအတွက်ကျတော့ သူတို့ရဲ့လွတ်လပ်ရေးနေ့ဟာ အမျိုးသားနေ့ဖြစ်ပြန်ရော။ နောက် တခါ ပြင်သစ်တွေအတွက်ကျတော့ ပြင်သစ်တွေရဲ့ သုံးရောင်ခြယ်အလံမှာ ဖော်ကြူးနေတဲ့ liberty/ equality၊ နောက် fraternity ဆိုတဲ့လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ညီရင်းအကိုစိတ် ဓာတ်ရှိမှုတွေက အကြွင်းမဲ့ဘုရင်စံနစ်ပေါ် အနိုင်ရလိုက်တဲ့နေ့။ ဘုရင်မနှစ်သက်တဲ့စာတွေရေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားလေ့ရှိတဲ့ ဘာစတီးအကျဉ်းထောင်ကို ၀င်စီးတဲ့နေ့။ တနည်းအားဖြင့်
အကြွင်းမဲ့စနစ်နဲ့အုပ်စိုးမှုကို မခံနိုင်လွန်းလို့သူပုန်ထတဲ့နေ့ပဲ။ အဲဒီနေ့ ကနေ့ ပြည်သူတွေရဲ့တောင့်တချက်တွေကို ဆောင်ကြဉ်းပေးမဲ့ ပြင်သစ်ပြည်ကြီးမွေးဖွားလာတယ်လို့ ပြင်သစ်တွေကယုံကြည်ကြတဲ့အတွက် ဘာစတီးနေ့ဟာပြင်သစ်တွေရဲ့ အမျိုးသားနေ့ဖြစ်လာ တယ်။ မြန်မာပြည်အတွက်တော့ ကောလိပ်ကျောင်းသားတွေ အင်္ဂလိပ်အစိုးရရဲ့ပညာရေးစနစ် ကိုစဘွိုင်းကောက်လုပ်တဲ့နေ့။ ပထမကျောင်းသားသပိတ်ရယ် ဆိုပြီးနောက်ပိုင်းမှာသတ်မှတ် လာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့ပဲ။ ဆိုတော့ ဒီနေ့ဟာအမျိုးသားရေး လက္ခဏာ ဘယ်လိုဆောင်သလဲဆိုတာကိုကြည့်မယ်။ အမျိုးသားနေ့ကို ကောလိပ်ကျောင်း သားတွေ စသပိတ်မှောက်တဲ့နေ့အဖြစ်သတ်မှတ်ဘို့ စအဆိုပြုတာ နေရှင်နယ်ဦးမြင့် လို့သိကြ တဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ် ကိုမြင့်ပဲ၁။ အဲဒါပေမဲ့ တို့မြန်မာတွေမှာ နေရှင်နယ် ဒေး၊ အမျိုးသားနေ့ရယ်ဆိုပြီး ရှိသင့်တယ်လို့ အဆိုသွင်းတာကတော့ န၀မအကြိမ် ဂျီစီဘီအေ အစည်းအဝေးမှာ ကန်ကြီးထောင့်က ကိုယ်စားလှယ်တယောက်က အဆိုတင်သွင်းတာဖြစ် တယ်၊ အဲဒိမှာတချို့ကလဲ သီပေါဘုရင်နန်းကျတဲ့နေ့၊ တချို့ကလဲ ဦးဥတ္တမထောင်ကျတဲ့နေ့ကို သတ်မှတ်ရင်ကောင်းမယ် စသဖြင့်တင်ပြကြတယ်၊ အဲဒိမှာ ကျောင်းသားကိုယ်စားလှယ် ကိုမြင့် က ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်တဲ့နေ့ဟာဖြင့် ပိုသင့်တော်တယ်ဆိုပြီး အကြံပြု တာဖြစ်တယ်။ သူရဲ့ ကြောင်းကျိုးပြဆိုချက်က မှတ်သားစရာကောင်းတယ်၊ ‘ယူနီဘာစတီ အက် ဥပဒေကို သပိတ်မှောက်တဲ့ကိစ္စဟာ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်သြဇာအာဏာဥပဒေ ကို ပဌမဆုံးတော်လှန်ပုန်ကန်တဲ့ ကိစ္စဖြစ်ပါတယ်၊ တနိုင်ငံလုံးကိုနိုးကြားထကြွသတိရပြီး ၀ံသာ နုရိက္ခိတတရားထွန်းကားလာပါတယ်’ တဲ့၊၂
အဝေးကနေလှမ်းကြည့်မယ်။ အပေါ်ယံရှပ်ကြည့်မယ်ဆိုရင်တော့ ဒါကောလိပ်ကျောင်းသား တွေရဲ့ ဟန်းတားပညာရေး၃ဥပဒေကို မကျေမနပ်ဘွိုင်းကော့ လုပ်တဲ့ကိစ္စဘဲ။ (တချို့ စက်တင် ဘာ လူထုအုံကြွမှုကို ဆီဈေးတက်တာမခံနိုင်လို့ ဆန္ဒပြတဲ့ပွဲသက်သက်လို့ ယောင်တီး ယောင် တောင်ပြောတာတွေနဲ့ခပ်ဆင်ဆင်လို့ပြောရမလားဘဲ၊ ကြားစကားချပ်၊) ဒါပေမဲ့ သတိပြုရမှာ က အဲဒိအချိန်ကာလမှာ မြန်မာတွေဟာ အင်္ဂလိပ်က အိန္ဒိယလောက်မသာဘူးဆိုတဲ့ ဆုံးဖြတ် ချက်ကြောင့် မခံချိမခံသာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်စနိုးကြားလာစချိန်၊ ဦးဥတ္တမကြီးက ‘ကရက်ဒေါက်ပြန်သွား’ဆိုပြီး ခပ်တည်တည်နဲ့ဟိန်းဟောက်တာကို သဘောခွေ့နေတဲ့အချိန်၊ မစ္စတာမောင်မှိုင်းအမည်ခံ ဆရာကြီးဦးလွန်းက နောင်သော် ဟုမ္မရူးဘက်တော်သားတွေ ကောင်းစားကြပါလိမ့်လို့ ၄ထုထိသြဘာပေးနေတဲ့အချိန်ဖြစ်တယ်။ အင်္ဂလန်မှာမွေးတဲ့ အင်္ဂလိပ် ထက်ပိုပြီးလူမျိုးကြီးစိတ်ဓာတ်ရှိတဲ့ ကုလားပြည်ပေါက် အိုင်စီအက်စ်ဗျူရိုကရက် ကရက်ဒေါက် နဲ့ အမျိုးသားစိတ်ပြင်းထန်တဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ အဲ အဲဒိအချိန်ကတော့ ၀ံသာနုများ ပေါ့ဗျာ။ ၀ံသာနုအရေးလှုပ်ရှားသူတွေ တချိန်မဟုတ်တချိန် ငြိကြမှာဘဲ၊ ဆိုတော့နိုင်ငံရေး နောက်ခံကိုကြည့်ရင် ဂျီစီဘီအေ၀ံသာနုအသင်းကြီးရဲ့ ဟုမ္မရူးတောင်းဆိုချက်နဲ့ အိုင်စီအက်စ် ဗျူရိုကရက် ကရက်ဒေါက်အစိုးရရဲ့ အင်္ဂလိပ်သြဇာခံသက်သက် အုပ်ချုပ်ရေးတို့အားပြိုင်နေကြ တာတွေ့ရမယ်။ အဲ့ဒိအားပြိုင်မှုဟာ ကောလိပ်ပညာရေးမှာလာကူးစက်သွားပြီး ကောလိပ် ကျောင်းသားကြီးများက သူတို့နယ်ပယ်မှာ စတိုက်ပွဲဝင်ကြရာကနေ သမိုင်းဝင် တန်ဆောင်မုန်း လပြည့်ကျော်ဆယ်ရက်နေ့ဆိုတာ ပေါ်လာတာပဲ။ ဒါ့ကြောင့် ကျောင်းသားကိုယ်စားလှယ် ကိုမြင့်ပြောသလို ယူနီဘာစတီဘွိုင်းကော့ဟာ အင်္ဂလိပ်သြဇာအာဏာဥပဒေကို ပထမဆုံး တော်လှန်ပုန်ကန်မှုပဲ။ ဒီတော်လှန်ပုန်ကန်မှုမှာ ၀ံသာနုအရေးလှုပ်ရှားသူတွေက အင်္ဂလိပ် အစိုးရမင်းတွေကို ဘာကိုပြလိုက်သလဲဆိုတော့ ဟေ့ မင်းတို့သင်ပေးမှ တို့စာတတ်မှာ မဟုတ် ဘူး။ ဒို့လူမျိုးမှာ ကိုယ့်လူမျိုးကိုယ်သင်ပေးနိုင်တဲ့ စာတွေရှိတယ်။ မင်းတို့သင်မှ ဒို့စာတတ်မှာ မဟုတ်ဘူး ဆိုပြီးအားနဲ့မာန်နဲ့ကြွေးကြော်လိုက်တာဘဲဖြစ်တယ်၊ ပြောပြောဆိုဆိုပဲ အမျိုးသား ကောလိပ်နဲ့ အမျိုးသားကျောင်းတွေ နိုင်ငံအနှံ့ပေါ်လာတယ်။ ဒီချက်ချင်းဆိုသလို ပေါ်လာတဲ့ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေရဲ့ ရည်ရွယ်ချက်တွေ၊ အဲဒိကောလိပ်၊ ကျောင်း တွေမှာ သင်ကြားပေးတဲ့စာတွေကိုကြည့်ရင် တို့လူမျိုးဟာ သူများနှာခေါင်းပေါက်နဲ့မှ ရပ်တည် နိုင်မဲ့လူမျိုးမဟုတ်ဘူးဆိုတာကို ပြချင်တဲ့စေတနာက လွှမ်းမိုးနေတာကို ရှင်းရှင်းလင်းလင်းတွေ့ နိုင်တယ်။ ဗမာရာဇ၀င်၊ ဗမာစာပေကို ဗမာတွေ ဂုဏ်ယူတတ်အောင်ရည်ရွယ်ပြီး သင်ပေးတာ ဖြစ်တယ်။ သင်တဲ့အကြောင်းအရာတွေဟာ သမိုင်းဖြစ်ရပ်မှန်ဆိုတာထက် လူမျိုးခြားအောက် ရောက်နေတဲ့ ကိုယ့်လူမျိုးကိုယ် ဂုဏ်ယူစိတ်ရှိလာဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းတွေကို တည်ထောင်ကြတာဖြစ်တယ်။ ကိုယ့်လူမျိုးချင်းရိုင်းပင်ရမယ်၊ သူများအားမကိုးဘဲ ကိုယ့်အရေး ကို ကိုယ့်ဘာသာ ကိုယ်အားကိုးရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒီနေရာမှာအထင်အရှားတွေ့ နိုင် တယ်။ ဝေးဝေးမကြည့်နဲ့ ဆရာကြီးမှိုင်းရဲ့ ဟောဒိစာချိုးလေးမှာ ဒီစိတ်ဓာတ်ဟာအထင်းသားပဲ။ ဘယ်လောက် အားမာန်ပြည့်သလဲဆိုတာ ရွတ်ကြည့်။
‘အနောက်ဂိုက်နဲ့ အတူတညီမကွာကြွားကြစေဘို့ 
(အို - ဘေဒါရီရဲ့) မြှောက်လိုက်မကွဲ့ မောက်လိုက်မဟဲ့လို့ 
ဆောက်လိုက်မဲ့ ယူနီဘာစတီတွေအများ’ ၅ တဲ့၊
အမျိုးသားကောလိပ်ထောင်ပြီ၊ အမျိုးသားကျောင်းတွေဖွင့်ပြီဆိုရင်ဘဲ ဆရာကြီးဦးလွန်းဟာ သူရိယသတင်းစာကနေထွက်ပြီး အခမဲ့စာလာသင်ပေးတယ်။ နောက်ဦးဘချို၊ ဦးဘလွင်တို့ ဟာလဲ အစိုးရကျောင်းအုပ်တွေအဖြစ်ကထွက်ပြီး အမျိုးသားကျောင်းတွေ မှာပညာဒါနလာဖြန့် ကြတယ်။ အလားတူပဲ၊ ဆရာကြီးဦးရာဇတ်၊ ဦးဖိုးကြားတို့ဟာလဲ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အမျိုးသားကျောင်းတွေမှာ လာဝိုင်းကြသူတွေဖြစ်တယ်။ ဟုမ္မရူးအရေးဆိုသူတွေ၊ အမျိုးသား ကျောင်းတည်ထောင်သူတွေဆီက ပေါ်ထွက်လာတဲ့ နောက်အချက်တချက်ကတော့ အင်္ဂလိပ် အစိုးရဟာ ဒို့ကိုအုပ်ချုပ်နေပင်နေသော်ငြားလဲ ဒို့တကယ်အလိုရှိတာက အင်္ဂလိပ်အုပ်ချုပ်မှု မ ဟုတ်ဘူး၊ အင်္ဂလိပ်မအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဆိုတာကိုဘဲ ဒို့အလိုရှိတယ်ဆိုတာဘဲ။ နောက် ပိုင်း အမျိုးသားကျောင်းတွေ ပျက်ရှာပေမဲ့ အမျိုးသားနေ့ကနေ အရင်းခံလိုက်တဲ့ စိတ်ဓာတ် ကတော့ အမျိုးသားကျောင်းတွေကနေ တိုင်းပြည်အတွက်အားထားရမဲ့ သခင်အောင်ဆန်းတို့ မျိုးဆက် သခင်လူငယ်ကျောင်းသားတွေကို မွေးထုတ်ပေးခဲ့တဲ့ထိရှင်သန်ခဲ့တယ်။ ဒါ့ကြောင့်လဲ တချို့ကပြောကြတယ်။ အမျိုးသားနေ့ဟာ ကိုယ့်တိုင်းကိုယ့်ပြည်ရယ်လို့ပေါ်လာဘို့ ကြိုးပမ်းမှုရဲ့ အစတဲ့။
သူရိန်ကျော်ဇော
၁ ။ တိုက်စိုး ဂျူဘလီဟော
၃ ။ ပညာမင်းကြီး မက်သယူးဟန်းတားရဲ့ ရန်ကုန်ယူနီဘာစီတီအက်ဥပဒေ
၎ ။ သခင်ကိုယ်တော်မှိုင်း ဒေါင်းဋီကာ
၅ ။ သခင်ကိုယ်တော်မှိုင်း မျောက်ဋီကာ (၁၉၂၀ ပြည့်နှစ်၊ ယူနီဘာစီတီသပိတ်)
No comments: