Saturday 4 April 2009

အကျိုးမျှော်ကာ နှိုးဆော်လိုက်ပါကြောင်း

ကိုရင်ဒေါင်း

မြန်မာနိုင်ငံမှာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ တပြည်လုံးလက္ခဏာဆောင်တဲ့ ပြဿနာကြီး ၃-ရပ် တည်ရှိနေတယ်။ အဲဒါတွေကတော့ ၁- ဒီမိုကရေစီရေး ၂- ပြည်တွင်းငြိမ်းချမ်းရေး ၃- လူ မျိုးတိုင်း တန်းတူသွေးစည်းရေးတို့ဖြစ်သည်။ ဒီပြဿနာကြီး ၃ ရပ်ဟာ လွတ်လပ်ရေးခေတ်ဦး အာဏာရ ဖဆပလ အစိုးရရဲ့ ၎င်းတို့အာဏာ သက်ဆိုးရှည်ရေး ရပ်တည်ချက်အခြေခံပေါ်က ချမှတ်ကျင့်သုံးတဲ့ အထွေထွေပေါ်လစီများအရ သန္ဓေတည်ပေါက်ဖွားလာတာလည်းဖြစ်တယ်။

ဖဆပလဟာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်ဆိုပေမယ့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဒီမိုကရေစီစနစ် မကျင့်သုံးဘဲ နှိပ်ကွပ်ရေးပေါ်လစီကိုသာ ကျင့်သုံးခဲ့ တယ်။ လူမျိုးတိုင်း တန်းတူသွေးစည်းရေးကိုအာမခံတဲ့ ပြည်ထောင်စုစနစ်ကို မကျင့်သုံးဘဲ တ ပြည်ထောင်စနစ်ကိုသာ ကျင့်သုံးပြီး လူမျိုးစုတွေရဲ့ ရပိုင်ခွင့်ကို လျစ်လျူရှုခဲ့တယ်။ အဲဒီ၂ချက် ကို အာမခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြည်တွင်းစစ်ဆိုတဲ့ ဖြေရှင်းရ အလွန်ခက်ခဲတဲ့ ပြဿနာ သစ်တရပ် ထပ်တိုးလာခဲ့တယ်။ ပြဿနာ ၃-ရပ် တပေါင်းတစည်းတည်းဖြစ်မှုရဲ့ အကျိုးဆက် အဖြစ် ဖဆပလ အစိုးရဟာလည်း တည်မြဲ၊ သန့်ရှင်းအဖြစ် နှစ်ခြမ်းကွဲသွားခဲ့တယ်။ ဖဆပလ နှစ်ခြင်းဟာ ၎င်းတို့အာဏာမြဲရေးအတွက် စစ်တပ်ကို အပြိုင်ချော့မြှူခဲ့ကြတယ်။ ဒီနည်းနဲ့ စစ် တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ရလာရုံမက နိုင်ငံရေးပါတီတွေအပေါ် သြဇာပေးနိုင် တဲ့ အခြေအနေထိဖြစ်လာခဲ့တယ်။ ၅၈ ခုနှစ်မှာ စစ်တပ်ဟာ အိမ်စောင့်အစိုးရအမည်နဲ့ သူရဲ့ အခန်းဝင်မှုကို ပြသလာခဲ့တယ်။ ၁၉၆ဝ-ခုနှစ်မှာ တက်လာတဲ့ ပထစ အစိုးရဟာလည်း စစ် တပ်အပေါ် မလွန်ဆန်နိုင်ခဲ့ဘူး။ ၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်နေဝင်း စစ်အုပ်စုက အပြီးအပိုင် အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်မှာ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက် ယန္တရား တစုံလုံး ဖြစ်တည်လာခဲ့တယ်။ ဖဆပလ အစိုးရနဲ့အတူ မပီမသ ပါတီစုံ ဒီမိုကရေစီ စနစ်ဟာလည်း ဇီဝိန်ချုပ်သွားရတော့တယ်။

အခြေခံပြသနာကြီး ၃-ရပ် တပေါင်းတစည်းတည်းဖြစ်လာပြီး သက်တန်းရှည်ကြာလာတဲ့အခါ တိုင်းပြည်ဟာ ဘက်ပေါင်းစုံ အကြပ်အတည်းဆီကို ဦးတည်လာခဲ့တယ်။ ဒီမိုကရေစီမရှိရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုးတိုင်း တန်းတူသွေးစည်းရေးလည်း မရှိနိုင်တဲ့အတွက် စစ်အာ ဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးဟာ အဓိကတိုက်ပွဲ ဦး တည်ချက်ဖြစ်လာခဲ့တယ်။ ၈၈ အရေးတော်ပုံကြီးဟာ မြန်မာပြည်သူတွေရဲ့ ကမ္ဘာကျော် ဒီမိုက ရေစီအရေးတော်ပုံကြီးဖြစ်တယ်။ ၈၈ နောက်ပိုင်းဖြစ်လာသမျှ လူထုတိုက်ပွဲမှန်သမျှဟာ ရှစ် လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်တွေပဲဖြစ်တယ်။

နိုင်ငံရေးပါတီ အဟောင်းအသစ်အများအပြားဟာ ၎င်းတို့ ကိုယ်စားပြုရာ လူတန်းစား၊ လူ့အ လွှာ၊ လူမျိုးများကို ရှေ့ဆောင်ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ ဥပ ဒေတွင်း လူထုတိုက်ပွဲ နှစ်ရပ်ကို အပြန်အလှန် ပေါင်းစပ်နိုင်အောင်လည်း ကြိုးပမ်းခဲ့ကြတယ်။

ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်မှာ လူမျိုးစုံပြည်သူတရပ်လုံးဟာ သူတို့ရဲ့ ရှေ့ဆောင် ပါတီတွေနဲ့အတူ နှစ်ရှည်လများ အဆက်မပြတ် တက်တက်ကြွကြွပါဝင်ခဲ့ကြတယ်။ အသက်၊ သွေး၊ ချွေး၊ ဘဝတွေကိုပါ စတေးစွန့်လှူ (လုံးဝ)တာဝန်ကြေခဲ့တယ်လို့ ပြောရမှာဖြစ်တယ်။

လူထုကြီးဘက်က တာဝန်ကြေခဲ့ပေမယ့် ရှေ့ဆောင်နေတဲ့ နိုင်ငံရေးအင်အားစုများ ဘက်က တော့ လူထုကြီးရဲ့ မျှော်မှန်းချက် ဆန္ဒတွေကို အကောင်အထည်ဖေါ်ပေးနိုင်စွမ်း မရှိကြဘူး။ လက်နက်ကိုင်တိုက်ပွဲဒီရေဟာ အနိမ့်ဆုံးအထိ ကျဆင်းလာခဲ့ရတယ်။ ဒီလိုလက်နက်ကိုင် တိုက်ပွဲဒီရေ ကျဆင်းသွားရမှုမှာ နိုင်ငံတကာအခြေအနေတို့ အရေးပါတဲ့အကြောင်းအချက် တ ခုအဖြစ် ထည့်တွက်ရမှာဖြစ်ပေမယ့် အဓိကကတော့ အတွင်းပိုင်းအကြောင်းအချက်ဖြစ်တဲ့ နိုင် ငံရေးအင်အားစုများရဲ့ အမြော်အမြင်နည်းမှုဟာ အဓိကဖြစ်တယ်၊ ဒီရေနိမ့်နဲ့အတူ လက်နက် ကိုင်တော်လှန်ရေး အင်အားစုအများအပြားဟာ နအဖ စစ်အစိုးရရဲ့ အပစ်ရပ် ထောင်ခြောက် အတွင်းမှာ မလူးသာမလွန့်သာဘဝ ကျရောက်သွားခဲ့ရတယ်။ တစိတ်တပိုင်းလက္ခဏာဆောင် တဲ့ လူထုရဲ့ စီးပွားရေးတိုက်ပွဲများဟာလည်း နိုင်ငံရေးတိုက်ပွဲအထိ မတိုးမြင့်နိုင်ဘဲ စစ်အစိုးရ ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ခံခဲ့ကြရ၊ ခံနေကြရတယ်။ တချိန်တည်းမှာ နအဖ စစ်အစိုးရဟာ သူ အာဏာတည်မြဲရေးအတွက် လမ်းပြမြေပုံ ၇ ဆင့်ဆိုတာကို တဆင့်ပြီးတဆင့် အဓမ္မ အကောင် အထည်ဖေါ်လာနိုင်ခဲ့တယ်။ ဒီနည်းနဲ့ မြန်မာနဲ့ကမ္ဘာ့အတိုင်းအတာအရ အသိအမှတ်ပြုခံခဲ့ရတဲ့ ၉ဝ ပြည့်ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းပြီး ၂ဝ၁ဝ-ရွေးကောက်ပွဲသစ်ဆိုတာကို ကျင်းပနိုင် ဖို့ လုံးပမ်းလာတယ်။

အားမနာတမ်းပြောရရင် ဒီမိုကရေစီအင်အားစုတွေဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ အကြပ်အ တည်းက လွတ်မြောက်အောင် လူထုကြီးကို ဘယ်လို ညီညီညွတ်ညွတ် ခေါင်းဆောင်မှုပေးမ လဲဆိုတာနဲ့ ပတ်သက်လို့ခုထိ အဆင်သင့်မဖြစ်နိုင်ကြသေးဘူး။

တကယ်တော့ ဒီအားနည်းချက်ကို နိုင်ငံရေးအင်အားစုတွေ သင်္ခန်းစာမယူနိုင်ကြတာ၊ မပြင်နိုင် တာ ခုမှ မဟုတ်ဘူး၊ တလျောက်လုံးလိုလို ဖြစ်တယ်။

တကယ့် ပကတိဘဝမှာ စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုဟာ တတိုင်းပြည်လုံး လက္ခ ဏာအရဖြစ်တယ်။ ဒါကြောင့် စစ်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်ရာမှာလည်း တပြည်လုံးအတိုင်း အတာဆောင်ဖို့လိုတယ်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကလွဲပြီး လှုပ်ရှားမှု (လက်နက်ကိုင်၊ လက်နက်မကိုင်) အများစုဟာ ဒေသန္တရလက္ခဏာ၊ တစိတ်တပိုင်းလက္ခဏာ ဘောင်အတွင်း မှာသာရှိနေတယ်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးမှာတောင် နိုင်ငံရေးအင်အားစုများဟာ တပါ တီချင်း လက္ခဏာက ရုန်းထွက်ပြီး တပြည်လုံးလက္ခဏာ လိုအပ်ချက်အရ ညီညွတ်ရေး မတည် ဆောက်နိုင်ခဲ့ကြဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီး လမ်းတဝက်မှာ အရေးနိမ့်သွားရတာဟာ အဓိကအားဖြင့် အဲဒီအကြောင်းကြောင့်ဖြစ်တယ်။

လူမျိုးစုံတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေဟာလည်း ဒေသန္တရ လက္ခဏာဥခွံကို ဖေါက်မ ထွက်နိုင်ခဲ့ကြဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဗမာ ဗမာတွေချင်းချတဲ့ ပွဲအဖြစ်တောင် လက်ခုပ်တီးကြ၊ အားရဝမ်းသာဖြစ်ကြတာတွေ ရှိခဲ့တယ်။ လူမျိုးစုအရေးနဲ့ ဒီမိုကရေစီအရေး ကို ထဲထဲဝင်ဝင် ပေါင်းစပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ ဗမာအုပ်စိုးသူ ဆန့်ကျင်ရေးဆိုတဲ့ တိမ်း စောင်းတဲ့အမြင်အရ လူမျိုးစု၊ အင်အားစုများအချင်းချင်း သွေးစည်းသယောင်ထင်ရပေမယ့် တ ကယ်တန်းညီညွတ်နိုင်ကြတာတော့ မဟုတ်ဘူး။ အချင်းချင်း လက်နက်ကိုင်တိုက်တာတွေ၊ တဖွဲ့ချင်းအတွင်းမှာပဲ ဂိုဏ်းအုပ်စုတိုက်ပွဲတွေနဲ့ ကွဲပြဲနေကြတယ်။

ဖေါ်ပြပါ အခြေအနေတွေကြောင့် စစ်အာဏာရှင်စနစ်ကို ခါးသီးရွံမုန်းနေတဲ့ လူထုကြီးဟာ ပွဲ ကြည့်ပရိတ်သတ် အသွင်ဆောင်လာခဲ့ရတယ်။ သူတို့ကို ဦးဆောင်နေတဲ့ တကွဲတပြား၊ မညီမ ညွတ်နိုင်ငံရေးအင်အားစုများအပေါ် သို့လော၊ သို့လော အကဲခတ်လာကြတယ်။ သူတို့ အကျိုး စီးပွားအတွက် အမှန်တကယ် အောင်ပွဲအရောက် ရှေ့ဆောင်မှုပေးနိုင်မယ့် နိုင်ငံရေးစုဖွဲ့မှု အ သစ်တခုကို လိုလားတောင့်တလာကြတယ်။

နိုင်ငံရေးအင်အားစုများဟာ ပကတိအခြေအနေနဲ့ ပြည်သူလူထုကြီးတရပ်လုံးက တောင်းဆိုနေ တဲ့ ရှေ့ဆောင်နိုင်ငံရေး စုဖွဲမှုအသစ်တခုကို စုဖွဲ့တည်ဆောက်ဖို့ ခုထိ အသင့်မဖြစ်ကြသေး ဘူး။ ဝဲ၊ ယာ လက်နက်ကိုင်၊ လက်နက်မကိုင် အင်အားစုအားလုံး (စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး တသီးပုဂ္ဂလများအပါအဝင်) အများစုကြီးလက်ခံနိုင်တဲ့ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်တခု ချမှတ်ရေးဟာ လူထုကြီးလိုလားတောင့်တနေတဲ့ ရှေ့ဆောင်နိုင်ငံရေး စုဖွဲ့မှုအသစ်ဆိုတာ သေ ချာတယ်။ လူထုကြီးလိုလားတောင့်တနေတဲ့ ဖေါ်ပြပါ နိုင်ငံရေးစုဖွဲ့မှု အသစ်နဲ့သာ တပြည်လုံး အတိုင်းအတာနဲ့ လူမျိုးစုံပြည်သူကြီးတရပ်လုံးကို စုစည်းသိမ်းသွင်းနိုင်မှာဖြစ်တယ်။ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအရေးတော်ပုံကြီးကို ရှေ့ဆောင် အကောင်အထည်ဖေါ်နိုင်မှာဖြစ်တယ်။ တပြည်လုံးလက္ခဏာအရ မစုစည်း၊ မပြင်ဆင်နိုင်ရင် ဖြစ်ပေါ်လာတဲ့ တခုချင်းလှုပ်ရှားမှုလေးတွေဟာ စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ခံကြရမှာ သာဖြစ်တယ်။ တပြည်လုံးလက္ခဏာဆောင်တဲ့ လူထုအုံကြွမှုကြီးကသာ နိုင်ငံတကာ အကူအ ညီကို အရေးပါအရာရောက်စေမှာဖြစ်တယ်။ ကုလသမဂ္ဂအတွင်းမှာ မြန်မာ့အရေး သေးသိမ် အောင်လုပ်နေတဲ့ ဗီတိုအာဏာရှင်တွေကိုယ်တိုင် ခန့်ညားလေးစာလာမှာ ဖြစ်တယ်။

လက်ရှိအနေအထားအတိုင်း မညီမညွတ်၊ တကွဲတပြား ခေါင်းဆောင်မှုပေးနေလို့ကတော့ လူ ထုကြီးအနေနဲ့ တတိုင်းပြည်လုံးအတိုင်းအတာအရ ပါဝင်လာနိုင်စရာ အကြောင်းမဖြစ်ဘူး။ နိုင် ငံတကာအကူအညီဆိုတာကလဲ အရာရောက်လာစရာမရှိဘူး။ ကုလသမ္ဂအတွင်းမှာလည်း ဗီ တိုအာဏာဗိုက်လက်သီးကို ရှောင်နိုင်မှာမဟုတ်ဘူး။

ဒီတော့ နိုင်ငံရေးအင်အားစုများအနေနဲ့ တာဝန်ကြေစေဖို့ ဝဲ၊ ယာ စစ်အာဏာရှင်စနစ် တိုက် ဖျက်ရေး (တသီးပုဂ္ဂလများအပါအဝင်) အင်အားစုများကို စုစည်းညီညွတ်စေနိုင်မယ့်၊ အခိုင်အ မာတိုက်ပွဲဝင်ရာမှာလည်း ခြေလှမ်းညီစေမယ့် ဘုံလုပ်ငန်းစဉ်တခု အမြန်ချမှတ်နိုင်ရေး၊ လက် တွေ့အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရ ပါကြောင်း။ ။

ကိုရင်ဒေါင်း
၁၅၊ ၁၂၊ ဝ၈
ဒေါင်းအိုးဝေ အတွဲ(၁)၊ အမှတ်(၈)၊ မတ်လ ၂၀၀၉ မှ

No comments: