http://www.naytthit.com ..... မှ
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ကျနော်တို့ကျောင်းသားလူငယ်တွေ တောထဲတောင်ထဲကို ရောက်လာခဲ့ကြပြီး အဲဒီကမှ အကြောင်းအမျိုးမျိုးနဲ့ အကြောင်းကြောင်းကြောင့် တတိယနိုင်ငံတွေမှာသွားပြီး အခြေချဘို့ဖြစ်လာ ကြတယ်မဟုတ်လား။
အစပိုင်းတုန်းက ယူအန် ဒုက္ခသည်အဖြစ်လျှောက်တယ်ဆိုတာ ဗန်ကောက်မှာပဲရှိတာ အဲဒီတော့ ဒုက္ခသည်လျှောက်ချင်ရင် ဗန် ကောက်တက်ကြရတယ်။ ယူအန်ရုံးက လက်ခံတယ်ဆိုရင် ဘတ်ငွေ ၃၀၀၀ ရမယ်။ နေစရာကတော့ ကိုယ့်ဟာကိုယ်ငှားနေပေါ့။ ဒီလိုနည်းနဲ့ ဗန်ကောက်ထဲမှာ ဗမာပြည်က ကျောင်းသားလူငယ်တွေ ပြန့်နှံ့နေကြတယ်။
နောက်ပိုင်း ထိုင်းအစိုးရနဲ့ယူအန်က ဗန်ကောက်ထဲမှာ ဗမာပြည်သားတွေအတွက် မနီလွိုင်း ဒုက္ခသည်စခန်းဆိုတာဖွင့်လိုက်တယ်။ ဗန်ကောက်မှာ ဒုက္ခသည်အဖြစ်တင်ထား သူလျှောက်ထားသူးမှန်သမျှ ဒီစခန်းကိုဝင်ကြရတယ်။ ဒီစခန်းက နေစရာ စားစရာပေးမယ် အသုံး စားရိတ်အဖြစ်ငွေနည်းနည်းပေးတယ်။ ဒီစခန်းကိုဝင်တဲ့ ဒုက္ခသည်ကိုပဲ တတိယနိုင်ငံထွက်ဘို့ စဉ်းစားပေးမယ်ဖြစ်လာတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ရောက် နေတဲ့သူတွေရော ကျနော်တို့ကျောင်းသားလူငယ်တွေပါ ယူအန်ဒုက္ခသည်အဖြစ်ခံယူချင်ရင် မနီလွိုင်း စခန်းကိုဝင်ကြရတယ်။ နယ်စပ်က လျှောက်ချင်တဲ့သူတွေကလည်း နယ်စပ်နဲ့နီးတဲ့မြို့တွေကနေတဆင့် ဗန်ကောက်ကိုတက်ကြတယ်။
အဲဒီအချိန် လူတွေက တက်ကြွတဲ့အရွယ်တွေလေ လုပ်မယ်ဆိုလဲဇွတ်ပဲ မလုပ်ဘူးဆိုလဲ အရှင်းဒိုးမယ်ဆိုလဲမြန်တယ်။ တခုခုလုပ် တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင် လှည့်ကြည့်စရာ အတွယ်အတာတွေ ချိုင့်တွေအဆင့်တွေ မရှိသေးဘူး။ ခုတော့ အချိန်တွေကြာလာတာ နဲ့အမျှ အိမ်ထောင်တွေကျ သားသမီးတွေရ အရင်လို ဒုန်းဒုန်းဒိုင်းဒိုင်းလုပ်မရတော့ဘူးလေ တခုခုလုပ်တော့မယ်ဆို အတွေစအမျှင်တန်းတွေ တသီတတန်းနဲ့ပေါ့။
၂၀၀၃/၂၀၀၄ ကာလမှာ ယူအန်ဒုက္ခသည်ရုံးတွေဟာ ထိုင်းနယ်စပ်မြို့တွေထိရောက်လာကြတယ်။ နယ်စပ်ကလူတွေရော ဒုက္ခ သည်စခန်းမှာ နေထိုင်နေတဲ့လူတွေပါ ဒုက္ခသည်အဖြစ်နဲ့ တတိယနိုင်ငံသွားချင်တယ်ဆိုရင် ယူအန်ရုံးရှိတဲ့နယ်စပ်မြို့တွေမှာ သွားရောက် နေ ထိုင်ပြီးဆက်သွယ်ကြတယ်။ တတိယနိုင်ငံထွက်ခွင့်ရရင်လည်း သွားကြပေါ့။ အရင်လို ဗန်ကောက်ရောက်အောင် သွားစရာမလိုတော့ဘဲ နယ် စပ်မြို့တွေမှာတင် ကိစ္စပြီးတဲ့အတွက် အလွန်အဆင်ပြေတယ်လေ။ ဒုက္ခသည်အဖြစ်လျှောက်တဲ့လူတွေထဲမှာ နယ်စပ်ဒုက္ခသည်တွေ တောထဲ ကရဲဘော်တွေချည်းမဟုတ်ဘူး။ နယ်စပ်မြို့တွေမှာ နေထိုင်နေကြတဲ့ လူတွေပါလျှောက်ကြတာ။ တောထဲကရဲဘော်တွေ နယ်စပ်ဒုက္ခသည် ခန်း လူတွေကတော့ ရှင်းတယ် ယူအန်လျှောက်တဲ့ရည်ရွယ်ချက်ကိုက တတိယနိုင်ငံသွားမှာဖြစ်တယ်။ မြို့ပေါ်က ဒုက္ခသည်အဖြစ်လျှောက်တဲ့ လူတွေထဲမှာတော့ တတိယနိုင်ငံကို သွားချင်ကြတာလဲပါတယ်။ ထိုင်းရဲအဖမ်းမခံရအောင် လျှောက်ထားချင်တာလဲပါတယ်။ ထိုင်းရဲက စစ် လားဆေးလားနဲ့ရစ်လာရင် ယူအန် ဒုက္ခသည် လက်မှတ်ပြလိုက်တာနဲ့ နည်းနည်းတော့သက်သာတယ်။
အရင်တုန်းက လူတွေက တကိုယ်တည်းသမားတွေမဟုတ်လား။ လုပ်စရာရှိရင် ပြတ်ပြတ်ပဲ။ ခုတော့အိမ်ထောင်တွေနဲ့။ ယူအန် လျှောက်ထားတော့လည်း ကိုယ်တယောက်တည်း မဟုတ်တော့ဘူး။ အတွယ်အတာတွေနဲ့လေ။ တတိယနိုင်ငံကို ကိုယ်ကမသွားချင်တောင်မှ ကိုယ့်ရဲ့မိန်းမက သွားချင်းရင်သဘောထားခွဲပြီးသွားပေးလို့ရတယ်။ ကိုယ့်သားသမီးကလည်း အသက် ၁၈ နှစ်ပြည့်ရင် ခွဲပြီးသွားချင်သွားလို့ရ နေတယ်။ ကိုယ်မလိုက်လည်း မိန်းမက “ဘိုင့်ဘိုင်” လုပ်ပြီး လစ်သွားလဲဖြစ်နေတဲ့အခြေအနေ။
၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ တရားဝင် ဒုက္ခသည်ဖြစ်ရေးနဲ့ တတိယနိုင်ငံသွားအခြေချရေးတွေဟာ နယ်စပ်ဒုက္ခသည်စခန်း တွေထဲထိရောက်လာတယ်။ အဲဒီအချိန်မှာတော့ ယူအန်ဒုက္ခသည် ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ ဒီစခန်းတွေမှာနေမယ်ဆိုရင် တရားဝင်ဒုက္ခအဖြစ် အသိမှတ်ပြုခံထားရသူမှ နေထိုင်ခွင့်ရှိတယ် တတိယနိုင်ငံသွားပြီး အခြေချဖို့ သဘောထားပေးပိုင်ခွင့်ရှိတယ်။ ဒီလိုနဲ့ပဲ စခန်းတွင်းမှာ နေထိုင်နေကြတဲ့လူတွေအားလုံး တရားဝင်ဒုက္ခတွေလည်းဖြစ် တတိယနိုင်ငံကိုသွားခွင့်ရှိသူတွေလည်း ဖြစ်ကုန်ဆိုပါတော့။ ခု ကာလက တတိယနိုင်ငံကိုသွားပြီး အခြေချဘို့ အခွင့်အရေးတွေရကြတော့၊ တအိမ်ထောင်တည်းမှာပဲ တယောက်ကသွားမယ် တယောက်က မသွားဘူး။ လင်မယားနှစ် ယောက်စလုံးကသွားချင်တာတောင် ယောက္ခမလုပ်သူက ငါသေမှပဲသွားလို့ ဆိုတာမျိုးတွေ လည်းရှိသေးတယ်။
အရင်က ကျနော်တို့အိမ်ထောင်ရေးတွေမှာ ယောက်ကျားနဲ့မိန်းမ စကားများတာပဲဖြစ်ဖြစ် ရန်ဖြစ်တာပဲဖြစ်ဖြစ် ရက်အတော်ကြာ တယောက်နဲ့တယောက် စိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောဘဲနေကြရုံပဲ။ ယောက်ကျားကိုစိတ်တိုင်းမကျတာ စိတ်တိုစရာတွေတွေ့ရင် ဆောင့်အောင့်ပြီး အိုးခွက်တွေကို ဂလုံးဂလွမ် လုပ်ပြီးအသံပေးလိုက်တယ် အဲဒီလောက်ပဲ။
နေညိုရင်ဖြင့် လေပြိုတတ်တဲ့ အပေါင်းအသင်းရောင်းရင်း ယမကာဆွေသဟာတိုင်း “ညမူကလိုး” နဲ့ အဖေါ်လုပ်ရမြဲလေ။ ကျနော် တို့နေတဲ့စခန်းထဲမှာက “ညမူကလိုး” ဆိုတဲ့ တောအရက်ကလည်း ဈေးပေါတော့ ကျနော်တို့အဖွဲ့တွေနဲ့ အကိုက်ဖြစ်နေတာပေါ့။ ညနေစောင်း ပြီဆိုရင်ပဲ ပလပ်စတစ်အိတ်ထဲက အရက်ကို အချိုရည်ဗူးခွံကြီးထဲကိုထဲ့ အချိုရည် သုံးဘတ်တန်တဗူးနဲ့ရော လူလေးငါးယောက်ဝိုင်းထိုင်ပြီး ခွက်သေးတလုံးနဲ့ ပတ်ကြတယ်။ “ညမူကလိုး”အရှိန်ရလာတော့ တွေ့ကရာရှစ်သောင်းပြောရင်းနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး ဒုက္ခသည်အရေး၊ အရေးတကာ့အရေးတွေကို “ညမူကလိုး” နဲ့ မြည်းကြ အရက်ကုန်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပေါ့။
အိမ်ရောက်တော့ မိန်းမမျက်နှာမကောင်းတော့ဘူး။ ဘယ်ကောင်းမလဲ မကြိုက်တာလုပ်လာတာကိုး။ အရင်က ဒီလိုအခြေအနေ ဖြစ်လာရင် စိတ်ကောက်ပြီး နှစ်ရက်လောက် စကားမပြောပဲနေရောမဟုတ်လား။ ဒီညတော့ မိန်းမပြောလာတာက … “တော် ဒီအရည်တွေ သောက်နေအုံးမယ်ဆိုရင် ကျမယူအန်တင်ပြီး နိုင်ငံခြားသွားမယ်” ဟု ပြောလာပါတော့တယ်။ ယူအန်တင်မယ်အသံကြားလိုက်တာနဲ့ ဆံပင် တွေဘာတွေထောင် အမူးတွေဘာတွေပျောက်ပေါ့။ ဒီကိစ္စကအလွန်အရေးကြီးတယ်လေ မြန်မြန်ရှင်းရမယ်။
“မိန်းမနဲ့ကွာ မသောက်နဲ့တော့ဆိုလည်း ရပါတယ်ကွ မင်းတင်မယ့် ယူအန်ကြီးတော့ မလုပ်လိုက်ပါနဲ့ကွာ” ဟု မိန်းမကိုသွက်သွက် ကလေးချော့လိုက်ရတယ်။ မသောက်တော့ဘူးလို့ ကတိပေလိုက်ရတော့ ညမူကလိုးနဲ့ ဝေးရမယ့်အရေး စိတ်လေးနေမိတယ်။ တော်တော်နဲ့ လည်းအိပ်မပျော်နိုင်ဘဲ တောင်တွေးမြောက်တွေး စဉ်းစားစရာ အမျှင်တန်းတွေ ခေါင်းထဲရောက်လာတယ်။
ကျနော်တို့တွေ ကျနော်တို့တွေ နအဖရဲ့ တိုင်းပြည်အပေါ် လူထုအပေါ်ကိုစနစ်တကျ ယုတ်မာခဲ့ပုံတွေကို အသံနဲ့တမျိုး ဓါတ်ပုံနဲ့ တသွယ် သတင်းနဲ့တဖုံ ဗွီဒီယိုနဲ့တနည်း နောက်ဆုံးခံစားခဲ့ရသူကိုယ်တိုင်တွေ့ဆုံမေးမြန်းနည်းနဲ့တချိမ့် ဒီလိုနည်းပေါင်းစုံနဲ့ တကမ္ဘာ လုံးကိုရော ယူအန်ကိုပါသိအောင် ယူအန်အနေနဲ့ နအဖကို အရေးယူဖိအားတွေပေးလို့ရအောင် နည်းအမျိုးမျိုးနဲ့တင်ပြခဲ့ကြတယ်မဟုတ်လား။
နအဖ က ယူအန်ကိုအရေးမစိုက်တဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှု ဒီပဲရင်အရေးအခင်း ရွှေဝါရောင်တော်လှန်ရေး စသည့် ရဟန်ရှင်လူကျောင်းသားပြည်သူ လှုပ်ရှားမှုများကို နှိမ်နင်းရင်း ထပ်ခါထပ်ခါ ညှဉ်းပမ်းသတ်ဖြတ် ဖမ်းဆီးမှုတွေကို ဆက်လက်လုပ်ပြနေဆဲပါ။ နအဖ ကတော့ ယူအန်ကို မကြောက်ရေးချမကြောက်။ ခုတော့ နအဖ က ယူအန်ကိုမကြောက်ရပဲ ယူအန်ကို နအဖ က အရေးစိုက်လာအောင်လုပ်ခဲ့တဲ့ ကြိုးစားခဲ့ကြတဲ့ ကျနော်တို့သာ ယူအန်နဲ့ အနီးကပ်ချိမ်းခြောက် တာကိုခံနေရပါရောလား။ နဖူးပေါ်လက်တင်စဉ်းစားလိုက်တာ မိုးလင်းတာတောင်သတိမထားမိလိုက်ဘူ့။ “တုံ” “တုံ” “တုံ” “တုံ” “တုံ” “တုံ” ရပ်ကွက် ဂိုဒေါင်ဘက်က တုံးခေါက်သံကြားရတယ်။
“ယောက်ကျားရေ … ဒီနေ့ဆန်ထုတ်မယ်ထင်တယ်တော့ ဂိုဒေါင်မှာတုံးခေါက်နေပြီ”
(ခန့်အောင်)
Monday, 1 September 2008
အရက်သောက်ရင် ယူအန်လျှောက်မယ်
Posted by HinLinPyin at 19:55
Labels: ရယ်စရာ မောစရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment