Sunday, 22 June 2008

ဇာဂနာ့ စာကြွင်း

အငြိမ့်ခန်း ရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့ ဖောက်သည်ချချင်လာပါတယ်။ မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလမှာ အဖမ်းခံခဲ့ရတုန်းကပေါ့။ ထောင်ထဲမှာ အခန်းဖော်လည်း မရှိ၊ အပြင်လည်း မထွက်ရ၊ လူစကား မေ့သွားမှာစိုးလို့ အခန်းထဲ ရောက်လာတဲ့ ကြွက်တွေ ပိုးဟပ်တွေ အိမ်မြောင်တွေ ပုရွက်ဆိတ်တွေနဲ့ စကားလိုက်ပြောနေရတာ။ သူတို့က ပြန်မပြောပေမယ့် ကိုယ်ကတော့ ဇွတ် လိုက်ပြောနေရတာ။ တဖြေးဖြေးနေရင်းနဲ့ ပုရွက်ဆိတ်တွေကို ကျနော် ကြည့်မရတော့ဘူး။ ကြည့်ရစရာလည်း တစက်မှ မရှိဘူး။ စဉ်းစားလေ။ ဘဲ့နဲ့။ ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ ငါးခြောက်ဖတ်လေး တဖတ်လောက် သိမ်းထားတာ ဒီပရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။ ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ ညနေစာ တ၀က်စီ ခွဲထားတာ နေ့လည် အိပ်နေတုန်း ဒီအကောင်တွေက ၀ိုင်းအုံပြီး သမကြပြန်ပါရော။ ဒီတော့ ကြည့်မရတာ အဆန်းလားဗျာ။ သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။ ဒါနဲ့ အစဉ်သင့် ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ အဲဒီကောင်တွေ ပထမတော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့ လှည့်ပြန်မယ် လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ် အထဲမှာတင် ပတ်ပြေးနေတော့တာ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။

တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျနော် စမ်းသပ်ခဲ့တာ အကြိမ်တိုင်း အခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီ စက်ဝိုင်းထဲက ထွက်ဖို့တခါမှ မစဉ်းစားဘဲ အချင်းချင်းကိုက်ရင်း အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။ အဲဒါ အများလည်း စဉ်းစား နိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျနော်တို့ဟာ အခု ပရုတ်ဆီ အ၀ိုင်းခံနေရတာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။ ။

No comments: