Saturday, 14 June 2008

“အောင်ပွဲအတွက်ပြင်ဆင်ကြပါစို”့ 

ကောင်းဇေ
(http://www.naytthit.com) မှကူးယူဖေါ်ပြပါသည်

နအဖစစ်အုပ်စုကတော့ သိန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေတာကိုလည်း ဂရုမစိုက်၊ နိုင်ငံတကာ က တောင်းဆို မေတ္တာရပ်ခံနေတာကိုလည်း ဂရုမစိုက်ဘဲသူတို့လုပ်ချင်တာလုပ် မည်။ ကြမ်းချင်သလို ကြမ်းမည်ဆိုပြီး ဘီလူးဆိုင်းတီးပြီး ထွက်လာလေပြီ။
နအဖအာဏာပိုင်တွေရဲ့  တာဝန်ယူမှုမဲ့စွာ၊ ပစ်စလက်ခတ်နိုင်မှုများကြောင့်ပြည်သူတွေ သိန်း၊သန်း ပေါင်းများစွာရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ ဘ၀များ နာဂစ်မုန်တိုင်းအောက်တွင် ချေဖျက်ခံခဲ့ရသည်။ ခံလည်းခံနေရဆဲဖြစ်သည်။ အဲဒီအတွက် သူတို့ကိုယ်တိုင်လည်း ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်၊ အခြေအနေမှ အမြတ်ထုတ်ရန်သာစဉ်းစားနေပြီး စေတနာနဲ့ ကူညီပေးဖို့လည်း ဆန္ဒကမရှိ။ ဒုက္ခရောက်နေ သောပြည်သူ တွေကို တကယ်ကူညီချင်သူတွေ၊ ထိထိ ရောက်ရောက် ကူညီနိုင်သူတွေ၊ အလှုရှင် တွေကိုကြတော့ ပိတ်ပင်တားဆီးထားပြီး ဒုက္ခသည် ပြည်သူ တွေကို ခွေးစားစား၊ ကျီးထိုးထိုး၊ (ငါးပူတင်းထိုးထိုး) ဆိုပြီး ပစ်ထားသည်။
ထို့အပြင် တတိုင်းပြည်လုံးအား စစ်ကျွန်ဇာတ်သွင်းမည့် သူတို့ရဲ့  ဆန္ဒခံယူပွဲကိုတော့ ဒုက္ခရောက် နေတဲ့ ပြည်သူတွေကို မှ မထောက်ထားဘဲ အမြတ်ထုတ်ပြီး အရှက်မဲ့စွာဖြင့် တွန်းတင်လုပ်ဆောင်ခဲ့သည်။ အောက်လမ်းနည်းမျိုးစုံ၊ ညစ်ပတ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံကို အသုံးချ၍ မရှက်မကြောက် လုပ်ဆောင်ခဲ့ သည်။ ဒီလို အခြေအနေမျိုးမှာတောင် မဲမေးနိုင်သူ အားလုံး၏ ၉၂ ရာခိုင်နှုန်း က ထောက်ခံပါသည်ဆိုပြီး ကြေညာရဲသည်မှာလည်း တကယ်တော့ အထူးအဆန်း မဟုတ်တော့ချေ။ ကြိမ်းသေတာကတော့ရှိသည၊် သူတို့ ဘယ်လိုပင် အတင်းအဓမ္မ ကြေညာနေပါစေ ဒီရလဒ်ဟာ လူထုရဲ့ဆန္ဒအစစ်အမှန် မဟုတ်မှန်း သူတို့ကိုယ်တိုင်လည်း သိသည်၊ ထို့အပြင် ဒါကို ကမ္ဘာကလည်း သိနေသည်။ လူထုအနေနဲ့ကတော့ ပြောစရာပင်မလို။
တကယ်တော့ နှစ်ပေါင်းများစွာ တလျှောက်လုံး အတိုက်အခံဘက်က တောင်းဆိုလာခဲ့သည်မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေး၍ စားပွဲဝိုင်းတွင် တိုင်းပြည်ပြဿနာကို အဖြေရှာရေး ဖြစ်သည်။ သို့သော် နအဖ က မသိကျိုးကျွံပြုပြီး အတိုက်အခံကို အတင်း သူတို့ရဲ့လမ်းပြမြေပုံအောက်ကိုဝင်လာပြီး လက်နက်ချခိုင်း သည်။ တွေဆုံဆွေးနွေးရေးကို မလုပ်ဘဲ တံခါးတွေကို တဖက်သတ်ပိတ်ပစ်ထားသည်။ ယခုလည်းသူတို့  ရဲ့လမ်းပြမြေပုံကို တဖက်သတ် ဆက်သွားနေသည်။ သည်လိုတဖက်သတ် ဆက်သွားနေရင်တော့ဖြင့် ဘာ တွေဆက်ဖြစ်လာမယ် … ဘယ်လမ်းကြောင်းကိုဦးတည်နေတယ် ဆိုတာကတော့ ဗေဒင်မေးရင်တောင် ဆန်ကုန်အုံးမှာဖြစ်သည်။ ကြိမ်းသေသည် လူထုတိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်လာတော့မည်။ အထွေထွေရှားပါးမှု၊ နိုင်ငံရေးအရအနိုင်ကျင့်ခံရမှု မျိုးစုံတို့ကြောင့် ပြည်သူထူထုတွေရဲ့ ဒေါသမှာ ကြိမ်အုံးမီးဖြစ်နေတာကြာပြီ။ စက်တင်ဘာတုံးက သံဃာတော်တွေအပေါ် ကိုပြုမူလုပ်ဆောင်ခဲ့ပုံတွေက မီး ဇာကိုမြှင့်စေခဲ့သည်။ ယခုတော့ ဒီဒေါသတွေကို ဒီမေလ မှာ တိုက်ခတ်သွားခဲ့သည့် မုန်တိုင်း၂ခု(နာဂစ်နှင့် နအဖ၏ နိုင်ငံရေးမုန်တိုင်း) နှင့် အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့လိုက်ပြီ။
ဆန်အကြပ်အတည်း၊ လောင်စာဆီ၊ ကုန်ဈေးနှုန်း၊ လစာကိစ္စ၊ ကျောင်းလခကိစ္စ၊ ဆုတောင်းပွဲ၊ မျိုး စုံက တိုက်ပွဲ အစတွေ ဖြစ်လာနိုင်သည်။ မုန်တိုင်းဒဏ်ခံ ဒေသတွေမှာလည်း အကူအညီတွေကို မတရား ပိတ်ပင်နေတာတွေ၊ ဒေသခံအာဏာပိုင်တွေက အကူအညီတွေကို ခေါင်းပုံဖြတ်သိမ်းယူတာတွေ အာခံပြီး လူထုကိုကယ်ဆယ်ကူညီနေရတဲ့ တိုက်ပွဲငယ်လေးတွေကလည်း နေ့စဉ်လိုတခြိမ်းခြိမ်း ဖြစ်နေသည်။ ဒီတော့ တိုက်ပွဲရဲ့အစဟာ အမျိုးမျိုးဖြစ်နိုင်ပြီး၊ မထင်မှတ်တဲ့ ပုံစံအမျိုးမျိုးနဲ့ လာတော့မှာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးပန်းတိုင်ကတော့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဦးတည်တဲ့ တိုက်ပွဲကြီးတွေကိုသာ ဦးတည်မှာပဲ ဖြစ်သည်။ ဤသည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။

ဒီတော့ အခုအချိန်မှာ ကိုယ့်ကိုကိုယ် မညှာဘဲ မေးခွန်းထုတ်ရတော့မည်။ မေးရမဲ့မေးခွန်း က ဘယ် လမ်းကြောင်းတွေ ကိုအသုံးပြုမှာလဲ။ ဘာ way တွေ ညာ way တွေမဟုတ်၊ ကြွေးကြော်သံတွေ အတွက် အငြင်းပွားနေရမယ့် အချိန်လည်းမဟုတ်။ (လက်နက်ကိုင်မှတို့ ၊စားပွဲဝိုင်းမှတို့ ၊ ပူးသတ်မှတို့ ၊ နိုင်ငံတကာ အကူ အညီယူမှတို့မဟုတ်။ လူထုရဲ့အင်အားနဲ့တိုက်ပွဲပုံသဏ္ဌာန်တွေကပဲ နောက်ဆုံးပိတ်တိုက်ပွဲရဲ့ လမ်း ကြောင်းကို ပြဋ္ဌာန်းပေးသွားလိမ့်မည်။) အဓိက,က ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးစုံ၊တိုက်ပွဲမျိုးစုံ အတွက် ဘယ်လောက်လက်တွေ့ကျကျနဲ့ စနစ်တကျပြင်ဆင်ထားပြီးပြီလဲဆိုတာသာ ဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ ဒီတိုက်ပွဲငယ်လေးတွေကို ဘယ်လို တစက်ကနေ တမျက်နှာ လုပ်ပစ်နိုင်မလဲ၊ ဒီတိုက်ပွဲတွေနဲ့ လူထုကို ဘယ်လိုစနစ်တကျပေါင်းစပ်ပါဝင်စေနိုင်မလဲ၊ အဲဒီအတွက် စည်းရုံးရှေ့ဆောင်နိုင်မယ့်သူတွေ၊ အဖွဲ့အစည်းတွေ လူထုကြားထဲမှာဘယ်လောက် ခိုင်ခိုင်မာမာ ထိုးဖေါက်ထားနိုင်ပြီလဲ ဆိုတာမျိုးတွေ ဖြစ်သည်။ တကယ်လို့ ရန်သူက နည်းမျိုးစုံနဲ့ဖြိုခွင်းလာပြီဆိုရင် လည်း ဘယ်လိုဆက်လုပ်သင့်တယ် ဆိုတာမျိုးတွေကိုလည်း စဉ်းစားပြင်ဆင်ထားရမည်။ တော်လှန်ရေးအနု ပညာကို လှလှပပ ကပြတင်ဆက်နိုင်ဖို့  ဖြစ်သည်။
ပွဲသိမ်းတိုက်ပွဲကြီးဖြစ်လာဖို့အတွက် ပုံစံအမျိုးမျိုးသောတိုက်ပွဲငယ်တွေက တဆင့်ပြီးတဆင့် တက်လှမ်းယူရမှာဖြစ်သည်။ ဒီမှာသတိပြုရမှာ တခုလည်းရှိသည်။ အင်အားကြီးပြီး ကြိုတင်ပြင်ဆင်မှုရှိနေ သောရန်သူကို တိုက်နေရခြင်းဖြစ်တဲ့အတွက် ကိုယ့်ဖက်ကလည်း စနစ်တကျကြိုတင် ပြင်ဆင်မှုရှိဖို့၊ ညီ ညွတ်ဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့ လိုတာပဲဖြစ်သည်။ ပြင်ဆင်မှုမရှိဘဲ မထိတထိနဲ့ တပွဲတိုး ကိုယ့်ဘက်က သွားလုပ်တိုင်း သူတို့ဘက်က (တန်ပြန်တော်လှန်ရေးဖက်က) အင်အားပိုကြီးလာတယ်ဆိုတဲ့ အချက်ကို လည်း မမေ့သင့်ပေ။ ဒါကြောင့် ဘယ်လောက်လက်တွေ့ကျကျ နဲ့  စနစ်တကျ ပြည်သူလူထုကြားထဲမှာ ပြင်ဆင်ထားပြီးပြီလဲဆိုတာနှင့် အဲဒီလို တွေးဆပြင်ဆင်ထားတာ အားနဲနေသေးသည်၊ ပြည့်စုံရန် လိုသေးသည် ဆိုရင် ဒီအတွက် အားသွန်ခွန်စိုက်နဲ့ ညီညွတ်ရေးမှာအခြေခံပြီး ပြင်ဆင်ဖို့လိုနေသည်။ ဒီနေရာမှာ ၈-လေးလုံးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းတွေမှာ တွေ့ကြုံခဲ့ရတဲ့ အားသာချက် အားနဲချက် တွေကို ပြန်လည်လေ့လာကြည့်သင့်တယ်။ သင်ခန်းစာယူစရာတွေ အများကြီးရှိသည်။
Statement တွေ ကြွေးကြော်သံတွေ ထုတ်ပြီး action ဆို တဲ့ လုပ်ဆောင်ချက်တွေ နောက်က မပါ လာဘူးဆိုရင် ကြာလာရင် သင်္ကြန်အမြောက်ဖြစ်သွားလိမ့်မည်။ လူထုကလည်း ကိုယ့်အပေါ်လေးစားမှု ကျလာနိုင်သည်။ နောက်အင်အားနဲ့လုပ်ငန်းစဉ်မပါတဲ့ ကြေညာချက်တွေကို နအဖ က ဘယ်လိုမှ ဂရုမစိုက် ဘူးဆိုတာကို အနှစ်၂၀ သင်ခန်းစာက ထုတ်နှုတ်ယူပြီးသား ဖြစ်နေသင့်ပြီ။ ဒီလို ပြင်ဆင်မှုတွေကို ဒီလောက် ဖိနှိပ်တဲ့ အစိုးရအောက်မှာ ပေါ်ပေါ်ထင်ထင်လုပ်လို့မရနိုင်တာ ကတော့ ကြိမ်းသေသည်။ ထို့ကြောင့် လျှို့ဝှက်ရမယ်။ တနည်းပြောရရင်မြေအောက်လှုပ်ရှားမှုပုံသဏ္ဌာန်မျိုး ဖြစ်ရလိမ့်မည်။ မလုပ်တတ်သေး ရင်လည်း လုပ်တတ်အောင်သင်ယူရလိမ်မည်။ လုပ်ချင်တဲ့ဆန္ဒရှိပြီး လျှို့ဝှက်ရေးကိုသာ အခြေခံရင် အလုပ်ကပဲ သင်သွားပေးလိမ့်မယ်။ ဒီလုပ်ငန်းမှာ အတွေ့အကြုံရှိသူတွေနှင့်လည်း ပူးတွဲလုပ်ဆောင်သင့်သည်။
ထို့အပြင် နိုင်ငံတကာအခြေအနေကိုလည်း မှန်မှန်ကန်ကန် ရှုမြင်ဖို့လိုသည်။ တခါတရံလိုတာထက် ပိုပြီး အားကိုးမိနေ၊ ရနိုင်တာထက်ပိုပြီး မျှော်လင့်နေသလိုဖြစ်နေသည်။ ပြည်သူလုထုကို အခြေအနေမှန်ကို တင်ပြဖို့နဲ့မျှော်လင့်ချက်အမှားတွေ မပေးမိစေဖို့က အားလုံးမှာတာဝန်ရှိသည်။ တကယ်တော့ နိုင်ငံတကာ အခြေအနေက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး။ ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့ဆိုရင် မြန်မာပြည် သူတွေကို ကိုယ့်ဖာသာကိုယ် လုံးပန်းတိုက်ခိုက်မှရတော့မယ်ဆိုတာကို ပြဋ္ဌာန်းနေတယ်။ အကူအညီ ပေး ချင်လွန်းလို မြန်မာရေပိုင်နက်အစပ်မှာ စောင့်နေတဲ့သူတွေလည်း လှည့်ပြန်သွားရပြီ။ UN၊ ဘန်ကီမွန်း၊ အီး ယူနဲ့အာစီယံလည်း လုပ်ပေးချင်သလောက်၊ ဆန္ဒရှိသလောက် မလုပ်နိုင်သေး။ ဘာလို့လဲဆိုလျှင် နအဖ ဟာ အကျိုးစီးပွားကို အခြေခံတဲ့ ဒီနေ့ခေတ်နိုင်ငံတကာအခင်းအကျင်းမှာ ကောင်းကောင်း ကစားတတ်နေ ပြီး၊ ကစားနိုင်တဲ့ အနေအထားလည်းရှိနေလို့ ဖြစ်သည်။ ရှေ့မှာလည်း ဒီလိုကစားနိုင်ခဲ့၊ အမြတ်ထုတ်နိုင်ခဲ့၊ အချိန်တွေကိုလည်း ၀ယ်ယူနိုင်ခဲ့တဲ့ သာဓကတွေ က အများကြီး ရှိခဲ့ပြီးပြီ။ ဒီတခေါက်မရရင် နောက် တခေါက်တော့ ရမှာပဲ ဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်နဲ့ မြန်မာကပြည်လူထုရဲ့ကံကြမ္မာကို ပုံအပ်ထားလို့ မရတော့ပေ။ တကယ်တော့ အချိန်က ကိုယ့်ဖက်မှာ ဒီလောက် ရှိမနေတော့တာလည်းပါသည်။
နိုင်ငံတကာအကူအညီတွေကို ပစ်ပယ်လို့ ဆိုလိုချင်တာ မဟုတ်ပေ။ နိုင်ငံတကာက ဖိအားတွေ ၊ ဒီ မိုကရေစီလှုပ်ရှားမှုပေါ်မှာ ထောက်ခံစာနာတာတွေကြောင့် ဒီနေ့အထိနအဖဟာ နိုင်ငံတကာအလယ်မှာ မျက်နှာသာမရနိုင်တာ၊ လူယောင်သူယောင်မပြောင်နိုင်တာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ ဖိအား က နအဖကို အသက်ရှုမ၀အောင်လည်ပင်းညှစ်ထားနိုင်တဲ့ အနေအထားမှာပဲ ရှိသေးသည်။ ဒူးထောက်လာ နိုင်အောင်တော့မလုပ်နိုင်သေးပေ။ ဒူးထောက်လာနိုင်အောင်လုပ်နိုင်တဲ့ အင်အားဟာ ပြည်တွင်းမှာပဲ ရှိနေ သည်။ ပြည်သူလူထုရဲ့အားပဲဖြစ်သည်။ ဒီတော့ နိုင်ငံတကာ ဖိအားနဲ့အကူအညီတွေကို အသုံးချ၊ ပြည် တွင်းကလူထုအားနဲ့ ပေါင်းစည်းပြီး ဟန်ချက်ညီညီနဲ့ အပြောင်းအလဲကို ဖန်တီးယူကြရမှာပဲ ဖြစ်သည်။
တကယ်တော့ ပြည်သူလုထုကြီးက အသင့်ဖြစ်နေပြီ။ ဒါကို စက်တင်ဘာလနဲ့ ပြီးခဲတဲ့ ဆန္ဒခံယူပွဲမှာ ဒီလောက်ဖိနှိပ်မှုတွေကြားထဲက ကန့်ကွက်မဲတွေကိုပေးခဲ့ပြီး သက်သေပြခဲ့ပြီးဖြစ်သည်။ အသင့်မဖြစ်သေးတာ ကိုယ့်ဘက်ကသာ ဖြစ်သည်။ အောင်ပွဲဆီကိုရောက်အောင် ခေါ်ဆောင်သွားနိုင်တဲ့ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ၊ ပြင်ဆင်မှုတွေ၊ ဦးဆောင်မှုတွေ၊ ညီညွတ်မှုတွေကို သေသေချာချာ လူထုကြီးကို မချပြနိုင်သေးရင်တော့ လူထုကြီးက တိုက်ပွဲထဲကို လိုက်လာအုံးမှာမဟုတ်ပေ။ statement တွေ၊ ကြွေးကြော်သံတွေလောက် ထုတ်ပြီး လူထုကိုခေါ်လို့ လူထုကလိုက်လာမှာ မဟုတ်ပေ။ ထို့ ကြောင့် လူထုထဲမှာရှိနေပြီး၊ လူထုနဲ့ တသားထဲဖြစ်နေဖို့ လိုသည်။ ဒီနေရာမှာ ခေါင်းဆောင်တွေမရှိလို့၊ အဖမ်းခံထားရလို့ ဆိုတဲ့ဆင်ခြေလောက်နဲ့ က မပြည့်စုံတော့ပေ။ ခေါင်းဆောင်မရှိရင် ကိုယ့်ဖာသာကိုယ် ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ယူရမှာပဲ ဖြစ်သည်။ တိုက်ပွဲသာရှိနေပါစေ အဲဒီထဲကနေ ခေါင်းဆောင်ဆိုတာ ပေါ်လာပါလိမ့်မည်။ တကယ်တော့ လူတိုင်းဟာ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုနေသလို နောက်လိုက်ကောင်းလည်း ဖြစ်ဖို့ လိုနေသည်။
ဤတွင် ပြည်သူလူထုဆိုတာကို နဲနဲပြောဖို့လိုသည်။ ပြည်သူလူထုဆိုသည့်ထဲ မှာ နအဖရဲ့စနစ်ကြီး ထဲမှာ မလှုပ်သာ မလူးသာဖြစ်နေရတဲ့ တပ်မတော်သားတွေ ၊ ၀န်းထမ်းတွေလည်းပါသည်။ အခွင့်အရေး ကြောင့်ဖြစ်စေ၊ ပညာမဲ့မှုနဲ့ ဆင်းရဲချို့တဲ့မှုတို့ကြောင့်ဖြစ်စေ၊ ဘ၀ရပ်တည်ရေးကြောင့်ပဲ ဖြစ်စေ အခြေနေအမျိုး မျိုးတို့ကြောင့် ကြံ့ဖွတ်ထဲကို ရောက်နေရတဲ့သူတွေကိုလည်း မမေ့ထားသင့်ပေ။ သူတို့ဟာ အနှစ်၂၀ဆိုတဲ့ အချိန်အတွင်းက စနစ်ရဲ့သားကောင်တွေ ဖြစ်သည်။ တချို့ကြတော့လည်း အခြေအနေတွေအရ မချစ်သော်လည်း အောင့်ခါနမ်းဆိုတဲ့ အနေအထားမှာ နေနေရသူတွေ ရှိနေသည်။ ဒီတော့ အခြေအနေပေးလာတဲ့ အချိန်မှာ သူတို့ကြားနေလာအောင်၊ ကိုယ့်ဖက်ကအင်အားတွေ ဖြစ်လာနိုင်အောင်လည်း ကြိုတင်ပြင်ဆင် ထားရလိမ့်မည်။ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်ပြီး၊ အပြောင်းအလဲကို မျှော်နေတဲ့ တပ်မတော်အရာ ရှိကြီးတွေ အစိုးရအရာရှိကြီးတွေ အများကြီး ရှိနေတယ် ဆိုတာကို ကြားနေရသည်။ တခါတလေ ဒီလူတွေ မီဒီယာပေါ် အထိတောင် တက်လာ၊ ရောက်လာတက်သည်။ သူတို့လို လူတွေ များများပေါ်လာအောင် သူတို့ လှုပ်သာရှားသာ ရှိလာအောင် လုပ်ပေးဖို့လိုသည်။ ကိုယ့်လှုပ်ရှားမှုအတွက် သူတို့ကို အသုံးချတတ် ဖို့လည်း လိုသည်။
တကယ်တော့ ဖြစ်လာမှ ပြည်သူစစ်သား တို့စစ်သား အော်လို့မရနိုင်ပေ။ အဲဒီလို အချိန်မှာ သစ္စာ အရှိဆုံးတပ်ကိုသာ လူထုကိုဖြိုခွင်းဖို့ရွေးလွှတ်တာချည်းဖြစ်သည်။ ဒီမှာဆရာကြီးဒဂုန်တာရာပြောတဲ့ စကား တခုဟာ အရမ်းတန်ဖိုးရှိပါသည်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာ” ဆို၍ ဖြစ်သည်။ ဒီစကားရဲ့အနှစ်သာရကို လိမ်မာပါးနပ်စွာနဲ့  အကောင်အထည်ဖေါ်နိုင်ဖို့ လိုအပ်သည်။ ဒီလို ဆို လို့ ရန်သူကို မတိုက်ရတော့ဘူးတော့ မဟုတ်ပေ။ တိုက်ပွဲတိုင်းမှာတော့ နောက်မဆုတ်တမ်း ရန်သူကို ပြတ် ပြတ်သားသားတိုက်ဖို့ရင်ဆိုဖို့ လိုပါသည်။ ဒါပေမဲ့ တချိန်ထဲမှာလည်း အမြင်မှန်ရပြီး ဘက်ပြောင်းလာသော ရန်သူအပေါ်ကို သဘောထားကြီးဖို့လည်းလိုတယ်။ ခေတ်နဲ့စနစ်ကို ပြောင်းဖို့တော်လှန်ရေးလုပ်နေ ကြတာ ဖြစ်သည်။ ကလဲ့စားချေရေးအတွက်မဟုတ်ပေ။ လက်တဆုပ်စာ စစ်အုပ်စု က သူတို့အာဏာနဲ့ သူတို့ရဲ့ ဆွေစဉ်မျိုးဆက်အခွင့်အရေးတွေအတွက် တပ်မတော်နဲ့၊ တိုင်းပြည်ရဲ့ယန္တရားတွေကို ချုပ်ကိုင်ပြီး အသုံး ချနေတာဆိုတာကို ခွဲခြားသိမြင်ဖို့လိုသည်။ ဒီလူတွေကတော့ သူတို့စိုက်တာကို သူတို့ ရိတ်သိမ်းရမှာပဲ ဖြစ်သည်။
နအဖတွင် အတွင်းရော၊အပြင်ပန်းမှာရော ဖြေရှင်းဖို့ခက်နေတဲ့ ပဋိပက္ခပေါင်းစုံကို ရင်ဆိုင်နေရ သည့် အချိန်ဖြစ်နေသည်။ ဒါကြောင့်လည်း သူတို့ အတိုင်း အတာနဲ့ အပေါ်ယံ အပြောင်းအလဲတခု ကို ဖန်တီး လာသည်။ အဲဒီအချိန်မှာ လူထုကလည်း အပြောင်းအလဲ အတွက် စတင်ရုန်းကန် လှုပ်ရှား လာနေသည်။အခုအချိန်ကဒီနှစ်ခုထိပ်တိုက်တွေ့နေတဲ့ အချိန်ဖြစ်နေသည်။ ဒါကြောင့်မို့လည်း အနာဂတ်ဟာတိုက်ပွဲပုံစံမျိုးစုံနဲ့ပြည့်လွှမ်းနေတော့မှာဖြစ်သည်။ဒီတော့တဦးတယောက်ခြင်းအနေနဲ့ရော၊ အဖွဲ့အစည်းတခုခြင်းအနေနဲ့ရော၊လှုပ်ရှားမှုတခုလုံးကိုလွှမ်းခြုံတဲ့အနေနဲ့ရောဘယ်လောက်စနစ်တကျ ပြင်ဆင်ထားပြီးပြီ၊ တိုက်ပွဲနဲ့ လူထုကိုပေါင်းစပ်ပေးလိုက်ဖို့ ဘယ်လောက်အသင့်ဖြစ်နေပြီ၊ အောင်ပွဲကိုရယူဖို့ ဘယ်လောက် အသင့်ဖြစ်နေပြီ စတဲ့ စတဲ့မေးခွန်းတွေကို မေးလည်းမေး၊ အကောင်အထည်လည်း ဖေါ်နိုင်အောင် ညီညွတ်ရေးကိုရှေ့ တန်းတင်ပြီး အပူတပြင်း လုပ်ဆောင် ကြရတော့မှာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုကြီးကအသင့်အနေအထားနှင့် စောင့်မျှော်နေကြလို့ပဲ ဖြစ်သည်။

ကောင်းဇေ

No comments: