ရက်ပိုင်းမျှသာလိုတော့တဲ့ “ဆန္ဒခံယူပွဲ” အတွက် နအဖဟာ ခက်ခက်ခဲခဲ တက်လှမ်းနေတာ တွေ့နေရတယ်။ ခြိမ်း ခြောက်တာ ချော့မြူတာတွေအပြင်
ဖမ်းချုပ်တာ၊ ချောင်းရိုက်တာတွေပါ ဖောဖောသီသီကြီးလုပ်နေတယ်။ မရှက် - မကြောက် - မကွယ် - မ၀ှက်။
တဖက်မှာတော့ ပြည်သူလူထုတွေထဲမှာတော့ ကန့်ကွက်မဲထည့်ဖို့ ကြက်ခြေခတ်ဖို့ဆိုတဲ့ သဘောထားဟာ ပြတ် ပြတ်သားသားချမှတ်ပြီးသွားပြီ။ ဆိုလိုတာ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီ။ ဘယ်ကမှ ရှောင်ဖယ်လို့မရတော့။
“နအဖဟာ သူတို့နိုင်အောင် တနည်းမဟုတ်တနည်းနဲ့ညစ်မှာပဲ” ဆိုတဲ့စကားတွေ နေရာတကာမှာ ပေါ်နေတယ်။ (ဒီ လေသံကို သူတို့လူတွေကတဆင့် မသိမသာလွှင့်နေတာလဲ ရှိနိုင်တယ်။) ဟုတ်တယ်သူတို့ကတနည်းမက နည်းပေါင်းသောင်း ခြောက်ထောင် ကျင့်သုံးကြလိမ့်မယ်။ သံသယမရှိနဲ့။ အာဏာရသူဖက်က လက်နက်နဲ့ အာဏာနဲ့ပေါင်းပြီး ညစ်တာဖြစ်တဲ့အ တွက် သူတို့က နိုင်ကောင်းနိုင်သွားနိုင်တယ်။ ဒါမဆန်းဘူး။ တိုက်ပွဲတရာ အောင်ပွဲတရာဆိုတာ နာေးထာင်လို့သာ ကောင်းပြီး လက်တွေ့မှာမရှိဘူး၊ ကိုယ်တိုက်ချင်တဲ့ ဂွင်၊ ကိုယ်တိုင်ချင်တဲ့ အချိန်မှာ၊ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီးတိုက်ရရင် တမျိုးဖြစ် တယ်။ ဒီတခါ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီးမှာ အကြီးအကျယ်အထိနာသွားတဲ့ နအဖဟာ နိုင်ငံရေးလက်ဦးမှု ရယူရေးအတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုကဖက်ပြောရရင် ဒီတပွဲဟာ ကိုယ်ကခံစစ်ကနေ လက်ဦးမှုရအောင် ပြန်လုပ်ရတာ ဖြစ်တယ်။
ဒါပေမဲ့ ဒါဟာစစ်ရေးတိုက်ပွဲမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲမှာ မတူတာတွေ အများကြီးရှိတယ်။ စစ်ရေးတိုက်ပွဲမှာ စစ်ရှုံးရင် လူပါ၊ နယ်မြေပါဆုံးရှုံးသွားတာမို့ နာလံမထူအောင် ဖြစ်တတ်တယ်။ နိုင်ငံရေးတိုက်ပွဲမှာ အဲဒီလို အကျအဆုံးမရှိအောင် တိုက်လို့ရတယ်။ ဒီတချီတိုက်ပွဲရဲ့ ထူးခြားမှုတခုကိုက ပြည်သူတွေဖက်က အရင်းအနှီးနည်းနည်းနဲ့ နအဖရဲ့ မသမာမှုကို ဖွင့်ချနိုင်တာ၊ သူတို့ချင်းကွဲလွဲမှုကို ပိုနက်ရှိုင်းစေတာ ဖြစ်တယ်။
ဒီတိုက်ပွဲမှာ နအဖက ထိုးစစ်ဆင်လာတာဖြစ်ပေမယ့် သူ့ဖက်က အခြေအနေကောင်းလှလို့ မဟုတ်ဘူး။ သူ့အဖို့ပြောရရင် ဒါဟာ ပွဲသိမ်းတိုက်ပွဲမဟုတ်ဘူး။ တောင်ကုန်းတကုန်း ရယူရေးတိုက်ပွဲသာ ဖြစ်တယ်။ ဒီခြေလှမ်းကို လှမ်းဖို့အတွက် နအဖထဲမှာ အကြာကြီး ပြင်ဆင်ချိန်ဆနေတဲ့ကြားကနေ နောက်ဆုံးမှာ စွတ်ရွတ်ပြီး ဆုံးဖြတ်ချက်ချလိုက်ရတာ ဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ သူ့အပါးတော်မြဲတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကြေငြာပြီးမှ တခြားနအဖအဖွဲ့ဝင်တွေကို အသိပေးအကောင်အထည် ဖော်ခိုင်းကြတယ်။ တကယ်တော့ စစ်အုပ်စုတခုဆိုတာ ထိပ်သီးပုဂ္ဂိုလ်နဲ့ သူ့ရဲ့အတွင်းစည်းဝိုင်းသာပဲ ဖြစ်တယ်။ ဗမာပြည်မှာဆိုရင် ဗိုလ်သန်းရွှေနဲ့ သူ့ပတ်ဝန်းကျင်က အနည်းစုလေးသာ ဖြစ်တယ်။ သူတို့အထဲမှာ ဒီမိုကရေစီမရှိဘူး။ ဗိုလ်သန်းရွှေလက်ညှိုးညွှန်ရာ ရေဖြစ်ရတာ။ ဒါကြောင့် ဒီတပွဲဟာ ဗိုလ်သန်းရွှေရဲ့ အရှက်ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်နေတာမို့ သူ့လက်စွဲတွေဟာ အပြတ်ကြမ်းရမ်းလုပ်ကိုင်နေကြတယ်။
အခုလာတော့မယ့် ဆန္ဒခံယူပွဲဆိုတာဟာ ဗိုလ်သန်းရွှေအစုက စွတ်ရွတ်လုပ်ချလိုက်တာဖြစ်တဲ့အတွက် အကုန်အိုးနင်းခွက်နင်း ဖြစ်နေတာတွေတွေ့ရတယ်။ ဆန္ဒခံယူပွဲကို နောက်သုံးလမှာ ကျင်းပမယ်ပြောတယ်။ ဖွဲ့စည်းပုံမူကြမ်းဆိုတာက စာအုပ်ဖြစ်မလာသေးဘူး။ စာအုပ်ရယ်လို့ ရိုက်ထွက်လာတော့လဲ အမှားမှားအယွင်းယွင်းတွေ ဖြစ်နေတယ်။ မှားတာမှ စာရိုက်စာစီမှားတာ မဟုတ်ဘူး။ စာရိုက်စာစီမှားတာဆိုရင် စာလုံးမှားတာပဲ ဖြစ်မယ်။ အခုဟာက ၀ါကျလိုက်တွေ မှားနေတာ။ မှားတာမှ အယူအဆအရ ကပြောင်းကပြန်ဖြစ်နေအောင် မှားတာဖြစ်တယ်။ သူတို့ချင်းမှ ပြတ်အောင်ဆွေးနွေးလိုက်ကြရရဲ့လား စဉ်းစားစရာပဲ။ ဒါမှမဟုတ်၊ သူတို့ကိုယ်တိုင်ရော အသေအချာဖတ်ကြရဲ့လား။
ဘာပဲပြောပြော ဒီတချီမှာလဲ နအဖအဖို့ အင်မတန်ကြပ်ကြပ်တည်းတည်း လုပ်နေရတာတွေကို မြင်နေရတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံကို ဝေဖန်ဆန့်ကျင်သူတွေကို တရားဥပဒေအရ အရေးယူမလိုလိုပြောပေမယ့် အခု အရေးမယူရဲဘူးဖြစ်နေတယ်။ ပြည်သူတွေက ဗြောင်ဆန့်ကျင်၊ ဟားတိုက်ပြောနေကြတယ်။ ဒီအစား နအဖဟာ တရားမဲ့ ချောင်းရိုက်တာ၊ ဗြောင်ရိုက်တာ၊ ကားနဲ့တိုက်တာတွေ လုပ်နေတယ်။ တပြည်လုံးကို စည်းရုံးတာကနည်းနည်း၊ ခြိမ်းခြောက်တာကများများ လုပ်နေတယ်။ ရဲဆိုတာကလဲ ဗုံးခွဲတာဖမ်းမမိ၊ လူသတ်တာ၊ လူရိုက်တာအမှုမဖွင့်နဲ့၊ ပေထိုင်နေတယ်။ မီးသတ်က မီးမသတ်၊ လူသတ်နေတယ်။ စွမ်းအားရှင်ဆိုတာတွေက လက်နက်မဲ့ပြည်သူလူထုအပေါ် စွမ်းအားတွေ အမျိုးမျိုးပြနေကြတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲဟာ မင်းမဲ့စိုးမဲ့ နိုင်ငံတခုမှာကျင်းပတာနဲ့ အတူတူပဲဖြစ်မယ်။
တတိုင်းပြည်လုံးကို ဧရာမစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့်အုပ်ချုပ်သလိုပဲ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ဆိုတာတွေကိုလဲ အရေအတွက် ဂဏန်းအကြီးကြီးပြပြီး တပြည်လုံးကို ခြိမ်းခြောက်ပြန်တယ်။ တချို့မသိနားမလည်သူက ယုံပြီးကြောက်ရှာကြတယ်။ တချို့ကတော့ ဒီဂဏန်းတွေကို အသုံးချပြီး နအဖရဲ့ခွင်ထဲကို မောင်းပို့ကြတယ်။ ဒီတိုင်းပြည်က လူတွေလို ဒါလောက်တာရှည် တထိတ်ထိတ် တလန့်လန့် အသက်ရှင်နေထိုင်ရတဲ့ နိုင်ငံသားတွေ တခြားနိုင်ငံတွေမှာ ရှိမှရှိပါ့မလားဆိုတာ စဉ်းစားစရာပဲ။
တဖက်ကပြောရင်လဲ ဒီနိုင်ငံသားတွေလောက် အမှားအမှန်ခွဲခြားတတ်တာ၊ သတ္တိရှိတာ ကမ္ဘာမှာရှားတယ်။ ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲဟာ နအဖဖက်ကစတဲ့ ထိုးစစ်ဖြစ်တာမှန်ပေမယ့် ဒီလိုပြည်သူလူထုနဲ့ရင်ဆိုင်ရတာမို့ သတို့တတွေ ကသောင်းကနင်း၊ မရှက်နိုင်၊ မကြောက်နိုင် လုပ်ကိုင်နေကြတာဖြစ်တယ်။ စိုးရိမ်နေ၊ ကြောက်ရွံ့နေတာဟာ သူတို့ပဲဖြစ်တယ်။
ဒီလိုအခါမှာ နအဖက နည်းမျိုးစုံနဲ့ညစ်မှာမို့ သူတို့နိုင်မှာပဲလို့ တွေးပူနေစရာ မလိုဘူး။ သူတို့ မုချဒီလိုလုပ်မှာပဲ။ သူတို့က ထိုးစစ်ဆင်လာတာကို ရင်ဆိုင်တဲ့ပြည်သူတွေအဖို့ ကိုယ့်ဖက်က အကျအဆုံးနည်းနည်းနဲ့ သူတို့ကို နိုင်ငံရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရင်၊ နောက်ပြီး သူတို့တွင်းမကျေလည်မှုတွေ ပိုများပြားစေနိုင်တယ်ဆိုရင် ဒီတိုက်ပွဲဟာ နိုင်ပြီပဲ။ ဒါ့အပြင် အခြေအနေပေးရင် ဒီထက်ကြီးမားတဲ့အောင်ပွဲတွေတောင် ရနိုင်သေးတယ်။ ကိုယ့်ဖက်က လောဘကြီးလို့ မဖြစ်ဘူး။ သူ့အမှားတွေ များသထက်များလာအောင် ဖန်တီးရမယ်။ ကိုယ့်အတွက် တပ်လေ့ကျင့်ရေးတခုလို သဘောထားသင့်တယ်။ ပြည်သူတွေအဖို့ ဒီတခါဟာ တိုက်ပွဲနည်းမျိုးပေါင်းစုံကို တိုက်နိုင်၊ တိုက်တတ်အောင်လေ့ကျင့်ဖို့ အခွင့်အလမ်းကောင်းတခုပါ။ ဒီတိုက်ပွဲပြီးသွားတဲ့နောက်မှာ လူထုကြီးဟာ ကြောက်သွားတာ မဖြစ်ဘို့နဲ့ သူ့အကြပ်အတည်းက ကိုယ့်အကြပ်အတည်းဖြစ်မသွားဘို့ပဲ အရေးကြီးတယ်။
နအဖစစ်အုပ်စုကို ခြေလှမ်းရှိရှိနဲ့ တလုပ်ချင်းဝါးစားသွားမယ့် သဘောထားချမှတ်ထားရမယ်။
ဗသြ
Friday, 2 May 2008
ကိုယ်ကခံစစ်ဆိုပေမဲ့မရှုံးနိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment