Tuesday, 19 February 2008

ကြိုးစင်ပေါ်မှမှတ်တမ်းများ(ဂျူးလီးယက်ဖူးချစ်)အခဏ်း(၆)

၁၉၄၂ - ခုနှစ်၊ မာရှယ်လော
၁၉၄၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့။
လွန်ခဲ့သော တနှစ်တိတိက ဖြစ်လေသည်။
သူတို့သည် စစ်ဆေးမေးမြန်းရာဌာနမှ ကျနော့်အား “ဘိုင်စကုပ်ရုံ” သို့ခေါ်ချသွားကြသည်။ ဤသည်ကား နံပါတ်လေးရာမှလူသိုက်၏ နေ့စဉ်ကျင့်ဝတ် ဖြစ်လေသည်။ မွန်းတည့်တွင် ပန်းကရာ့စ်မှ ယူလာကြသော နေ့လည်စာကို ဆင်း၍စားကြရသည်။ မွန်းလွဲပိုင်းတွင် လေးထပ်ပေါ်သို့ ပြန်တက်ကြရသည်။ သို့သော် ထိုနေ့တွင်ကား ကျနော်တို့သည် အပေါ်ထပ်သို့ ပြန်၍ မတက်ကြရပေ။
ခင်ဗျားသည် တနေရာတွင်ထိုင်၍ အစာစားရသည်။ ဇွန်းများဖြင့်တမျိုး၊ ဝါးမြုံ့ ခြင်းဖြင့်တဖုံ၊ အလုပ်များနေကြသော အကျဉ်းသမားတို့သည် ခုံတန်း ရှည်များပေါ်၌ ပြည့်၍နေသည်။ အတော်ကလေးပင် လူ့လောကဆန်နေသည်။ နံနက်ဖြန်တွင် သေကြတော့မည့် သူအားလုံးသည် အရိုးစုများဘဝသို့ ယခုတမ ဟုတ်ချင်း ကူးပြောင်းသွားမည်ဆိုပါက ဇွန်းသံ မြေပန်းကန်သံများသည် အရိုးခြစ်သံ၊ ခြောက်သွေ့သော မေးရိုးရိုက်သံများအလည်တွင်၊ ပျောက်ကွယ်သွားပေလိမ့် မည်။ သို့သော်ထိုအကြာင်းကို မည်သူမျှမရိပ်မိကြသေး။ လူတိုင်းလူတိုင်းသည် ရက်သတ္တပတ်များ၊ လများ၊ နှစ်များကြာမြင့်စွာနေထိုင်ကြရန် ကိုယ်ခန္ဓာကိုအစာခွန့် ၍ နေကြလေသည်။
စည်းစိမ်ရှိလိုက်တာဟူ၍ပင် ပြောနိုင်လောက်ပေသည်။ ထို့နောက် လေအဟုန်သည်ဗြုံးကနဲ ပြင်းထန်စွာတိုးဝင်လာသည်။ ထို့နောက် တဖန်ငြိမ်သက် သွားပြန်သည်။ ထောင်စောင့်များ၏ မျက်နှာရိပ်မျက်နှာကဲများ အရသာတစုံတခုဖြစ်နေပြီကို ခန့်မှန်း၍ရမည်။ ထို့နောက် ကျနော်တို့အား ခေါ်ထုတ်ကြ၍ ပန်းက ရာ့စ် ပြန်ရန်တန်းစီခိုင်းကြသည့်အတွက်၊ တခုခုဖြစ်နေပြီဆိုသည်မှာ ပို၍ပင်ရှင်းလာတော့သည်။ နေ့လည်မွန်းတည့်ကြီးမှာ ပါကလား။ ဒီလိုတခါမှ မဖြစ်ဖူးဘူး။ နေ့ ဝက်မျှ အစစ်အဆေး မခံရတော့ခြင်းဟူသည်မှာ အဖြေပေးရန်မရှိသော မေးခွန်းများကြောင့် ပင်ပန်းနွမ်းနယ်နေဆဲတွင် ထာဝရသခင်၏ မေတ္တာလက်ဆောင် ရောက်လာ သည်နှင့်ပင် တူနေလေသည်။ ထိုသို့လည်း ထင်လောက်ပေသည်။ အမှန်ကား ထိုသို့မဟုတ်။
စင်္ကြံထဲတွင် ကျနော်တို့သည် ဗိုလ်ချုပ်ကြီး အဲလိယာရှ် ကိုတွေ့ကြသည်။ သူ၏ မျက်လုံးများတွင် တုန်လှုပ်မှုများပေါ်နေသည်။ ကျနော့်ကို မြင်သော အခါ ထောင်စောင့်တအုပ်ကြီး၏ အလည်၌ပင် တီးတိုး၍ပြောဖြစ်အောင်ပြောလိုက်သည်။
အဲလိယာရှ် - ဗိုလ်ချုပ်ကြီး အလောအိစ်၊ အဲလိယာ့ရှ် ဆိုသူမှာ ဂျာမန်များထူထောင်သော ရုပ်သေးအစိုးရတဖွဲ့တွင် ၀န်ကြီးချုပ်လုပ်ခဲ့သည်။ တော်လှန်ရေးသမား များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သောကြောင့် ၁၉၄၁ ခုနှစ်တွင် အဖမ်းခံရသည်။ နောက် အသတ်ခံရသည်။

- မာရှယ်လော။

အကျဉ်းသမားများသည် အရေးကြီးသော သတင်းများကို ဖောက်သည်ချရန် စက္ကန့်၏ တစိတ်တပိုင်းမျှသာရကြသည်။ သူကား အသံမထွက်သော မေးခွန်းကိုဖြေရန် အခွင့်အရေးမရတော့။
မာရှယ်လော - စစ်အုပ်ချုပ်ရေး။ မာရှယ်လောကြေငြာထားသော အချိန်တွင် သေးငယ်သောအပြစ်များအတွက်ပင် ကြီးမားသော အပြစ်ဒဏ်များခတ်လေ့ရှိသည်။
ပန်းကရာ့စ်ရှိ ထောင်စောင့်များကား အချိန်မကျမီ ကျနော်တို့ပြန်လာကြသဖြင့် အံ့အားသင့်နေကြသည်။ ကျနော့်အား အကျဉ်းခန်းအတွင်းသို့ ပြန် ခေါ်သွားသည့် ထောင်စောင့်သည် ယုံကြည်စိတ်ချစေလောက်သော အမူအရာကိုပြသည်။ သူ မည်သူမည်ဝါဖြစ်မှန်း ယခုထက်ထိမသိသေး။ သို့သော်ကျနော် ကြားခဲ့ရသောသတင်းကို သူ့အားပြောပြလိုက်သည်။ သူက ခေါင်းခါပြသည်။ ဘာမျှမသိ။ ကျနော် နားကြားလွဲသည် ဖြစ်ကောင်းဖြစ်ပေမည်။ ဟုတ်သည်၊ နာကြား လွဲကောင်း လွဲခဲ့မည်။ ဤအယူအဆကား လူကိုစိတ်သက်သာခွင့် ရစေလေသည်။
သို့သော် ထိုနေ့ညနေပိုင်းတွင်ပင် အထက်ပါထောင်စောင့်သည် အကျဉ်းခန်းတွင်းသို့ ပေါက်လာသည်။
ခင်ဗျားကြားတာ ဟုတ်တယ်။ ဟိုင်းဒရစ် ရဲ့ အသက်ကိုလုပ်ကြံဖို့ ကြိုးစားကြတယ်။ အပြင်းအထန် ဒဏ်ရာရသွားတယ်။ ပရာဟာမြို့မှာမာရှယ်လော။
နောက်တနေ့ နံနက်တွင် စစ်ဆေးရေးဌာနသို့ ခေါ်သွာရန် ကျနော်တို့အား အောက်ထပ်စင်္ကြံထဲ၌ တန်းစီခိုင်းကြသည်။ ကျနော်တို့ လူသိုက်ထဲတွင် ရဲဘော် ဗစ်ကတောရ်၊ ဆင်းနက် လည်းပါသည်။ သူကား ၁၉၄၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အဖမ်းခံရသော ပါတီဗဟိုကော်မတီဝင်များအနက်၊ အသက်နှင့်ခန္ဓာ မြဲ လျက်သား နောက်ဆုံးကျန်ရစ်သောသူဖြစ်သည်။ အက်ဆက်စ် ယူနီဖေါင်းဝတ် ပိန်ပိန်ညှောင်ညှောင် ထောင်မှူးတယောက်သည် သူ၏မျက်လုံးရှေ့တွင် စက္ကူဖြူ တရွက်ကို ဝှေ့ရမ်း၍နေသည်။ စက္ကူပေါ်တွင် “အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” ဟု စာလုံးမဲမဲကြီးများဖြင့် ရိုက်နှိပ်ထားသည်ကို ခင်ဗျားတွေ့နိုင်သည်။
ဟိုင်းဒရစ် - ရိုင်းဟာ့ရ်တ်၊ ဟိုင်းဒရစ်ခ်။ ထင်ရှားသော နာဇီခေါင်းဆောင်တယောက်။ ချက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အထူးဖိနှိပ်ညှဉ်းပမ်းခဲ့သူဖြစ်သည်။ မျိုးချစ်များက ၁၉၄၂ ခုနှစ်၊ မေလတွင် ၎င်းအား လုပ်ကြံသုတ်သင်လိုက်ကြသည်။
“အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” - (ဂျာမန်စကား) လွှတ်မိန့်။
ထောင်စောင့်က ရက်စက်စွာရယ်မောနေသည်။
“ဟေ့၊ ဂျူးအကောင်၊ ဒီမှာတွေ့လား။ အချိန်တန်တော့ နွားပိန်ကန်ပြီလေ။ လွှတ်မိန့်တဲ့ကွ...ဖစ်...”
သူသည် ဗစ်ကတောရ်၏ ဦးခေါင်း လွင့်ထွက်သွာရမည့် နေရာဖြစ်သော လည်ချောင်းကို လက်ညှိုးထိုး၍ ပြလေသည်။ ၁၉၄၁ ခုနှစ်၊ မာရှယ်လော ကြေညာစဉ်က ပထမဆုံး သေဒဏ်ပေးခံရသူမှာ အစ်ကိုဖြစ်သူ အောတော၊ ဆင်းနက် ဖြစ်သည်။ ၁၉၄၂ ခုနှစ် မာရှယ်လောတွင် ၎င်း၏ညီ ဗစ်ကထောရ် ပင် ပထမ ဆုံး သေဒဏ်သင့်လေသည်။ သူ့အား မောင်ထောင်ဇင် သို့ခေါ်သွားကြသည်။ သေနတ်နှင့်ပစ်သတ်ရန်ဟု ဆိုကြသည်။ ဤကားစကားအလှသုံးခြင်း ဖြစ်လေ သည်။
မောင်ထောင်ဇင် - သြစတြီးယားပြည်ရှိ နာဇီများ၏ အကျဉ်းစခန်း။
ပန်းကရာ့စ်မှ ပက်ချက်နန်းတော်သို့ သွားကြပြန်ရာ လမ်းတလမ်းလုံးကား ထောင်ပေါင်းများစွာသော အကျဉ်းသမားတို့အတွက် နေ့စဉ်အမျှ ကားစင် တင်၊ လှံချွန်နှင့် ထိုးရာဖြစ်လာသည်။ လော်လီကားများပေါ်တွင် တာဝန်ကျနေကြသော အက်ဆက်စ်တို့သည် “ ဟိုင်းဒရစ်အတွက်လက်စားချေ” နေကြလေသည်။ အကျဉ်းထောင် မော်တော်ကား တမိုင်မျှမောင်းမသွားရသေးမီပင်၊ အကျဉ်းသမား အများအပြားမှာ အထိုးခံသောပါးစပ်များမှ၎င်း၊ ခြောက်လုံးပြူးဒင်များဖြင့် အဆောင့်ခံရသဖြင့် ကွဲသွားသောခေါင်းများမှ၎င်း၊ သွေးများယိုစီး၍ လာကြရတော့သည်။ လော်လီထဲတွင် ကျနော်ပါလာက အခြားအကျဉ်းသားများ အနေဖြင့် သက်သာခွင့်ရကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်၏မေးမှမုတ်ဆိတ်များသည် အက်ဆက်စ်တို့၏ အာရုံစူးစိုက်ရာများ ဖြစ်လာသည်။ ကြံကြီးစီရာ နောက် ကြပြောင်ကြစရာကြီးဖြစ်လာသည်။ သူတို့ အကြိုက်ဆုံး ပျော်ပွဲတခုကား တဂျုံးဂျုံး တဂျိုင်းဂျိုင်းနှင့် ဆောင့်နေသော လော်လီကားထဲတွင် ကိုယ်ကိုထိန်းသည့် ကြိုး ကွင်းကဲ့သို့ ကျနော်၏ မုတ်ဆိတ်ကို အသုံးချကြခြင်းပင် ဖြစ်လေသည်။ ဤသည်ကား ကျနော့်အတွက်လည်း အသုံးကျသည်။ အစစ်ဆေးမခံရမီ ပြင်ဆင်ထားသ ကဲ့သို့ ဖြစ်နေသည်။ စစ်ဆေးခဏ်းများမှာလည်း “ နက်ဖြန်မှ မလိမ္မာသေးဘူးဆိုရင်တော့ မင်းကို သတ်ပစ်မယ်” ဟူသောစကားများဖြင့် မှန်မှန်ကြီး အဆုံးသတ် တတ်လေသည်။ ညနေတိုင်းညနေတိုင်း အောက်ဆုံးအထပ်ရှိ စင်္ကြံများထဲတွင် နာမည်များ ဟစ်အော်ခေါ်ထုတ်နေသည်ကို ခင်ဗျားဆက်တိုက်ကြီးကြားနေရ သည်။ လူငါးဆယ်၊ တရာ၊ နှစ်ရာ၊ တခဏချင်းတွင်ပင် နွားသတ်ရုံသို့ ပို့ရမည့် ကျွဲ,နွားများပမာ၊ ၎င်းတို့အား ကြိုးများဖြင့် တုပ်နှောင်ကြသည်။ နောက်လော်လီကား များဖြင့် တင်ဆောင်ကာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ရန် ကောဘီလီဆီ သို့ခေါ်သွားကြသည်။ ၎င်းတို့၏ အပြစ်ကား အဘယ်နည်း။ ၎င်းတို့၏ အပြစ်ကား အပြစ် မရှိခြင်းတည်း ဟူသော အပြစ်ပင်ဖြစ်လေသည်။ သူတို့ကား အဖမ်းခံထားရသောသူများ ဖြစ်သည်။ ကြီးမားသော အမှုအခင်းတခုနှင့်မျှ မပတ်သတ်။ သူတို့ အားစစ်ဆေးနေရန် လုံးဝမလို။ ထို့ကြောင့်လည်း သူတို့အား သတ်ပစ်ရန် သင့်တော်လာလေတော့သည်။ ရဲဘော်တစ်ယောက်သည် အခြားလူကိုးယောက်အား ကဗျာပြောင်တပုဒ်ကို ဖတ်ပြသည်။ ထို့ကြောင့် ဆယ်ယောက် စလုံးအဖမ်းခံကြရသည်။ ဤအဖြစ်အပျက်ကား ဟိုင်းဒရစ်ကို မလုပ်ကြံမီ နှစ်လကဖြစ်လေသည်။ ယခုသူတို့အား လုပ်ကြံမှုကိုထောက်ခံသောသူများဟု သေဒဏ်ပေးရန် ခေါ်သွားကြလေသည်။ လွန်ခဲ့သော ခြောက်လက ဥပဒေနှင့်ဆန့်ကျင်သော စာတမ်းများကို ဝေငှသည်ဟု သင်္ကာမကင်း ရှိသောကြောင့် အမျိုးသမီး တဦးအဖမ်းခံခဲ့ရသည်။ သူကမဟုတ်ကြောင်း ငြင်းဆိုနေ ခဲ့သည်။ ယခုသူ၏ညီမများ၊ သူ၏မောင်များ၊ သူ့ညီမများ၏ ယောက်ျားများနှင့် သူ့မောင်များ၏ မိန်းမများပါ ဖမ်းဆီး၍ အကုန်သတ်ပစ် လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မိသားစုအလိုက် မျိုးရိုးအလိုက် အမျိုးဖြုတ်ခြင်းကား ဤမာရှယ်လော၏ ကြွေးကြော်သံ မဟုတ်ပါလော။ မှား၍အဖမ်းခံခဲ့ရသော စာတိုက်မှမင်းစေတယောက်သည် အောက်ထပ်ထရံဘေးတွင်ရပ် လျက်၊ လွှတ်မိန့်ကို စောင့်၍နေသည်။ နောက် အမည်ခေါ်သံကိုကြားသဖြင့် ရှေ့သို့ထွက်လာသည်။ ဤတွင် သူ့အား သေဒဏ်ပေးမည့်သူများ တန်းစီထားရာသို့ သွတ်သွင်းလိုက်သည်။ နောက်အပြင်သို့ ခေါ်ထုတ်သွားကာ ပစ်သတ်လိုက်လေသည်။ နောက်တနေ့ကျတော့မှ သေဒဏ်ခံရမည့်သူမှာ နာမည်ဆင်တူနှင့် အခြား သူတယောက်ဖြစ်ကြောင်း သိလာကြလေသည်။ ထို့အတွက် ကျန်နေသေးသော သူကိုလည်း ကွပ်မျက် လိုက်ကြလေသည်။ သည်တော့မှ အစစအရာရာမှာ နေသားတကျ ဖြစ်သွာလေသည်။ အသတ်ခံရမည့် သူတို့၏ ပုဂ္ဂိုလ်အမှတ်အသားများကို သေချာစေ့ငုစွာ စစ်ဆေးရန် ဒါမျိုးတွေနဲ့ ဘယ်သူကသွားပြီး အချိန်ဖြုန်း နေနိုင်ပါ့မလဲ။ တမျိုးသားလုံးရဲ့ အသက်တွေကို နှုတ်ယူ ပစ်တော့မဲ့အတူတူ၊ ဒီလိုကိစ္စတွေဟာ အပိုတွေပဲ မဟုတ်လား။
ကောဘီလီဆီ - ပရာဟာမြို့ရှိ ရပ်ကွက်တခု။ ၁၉၄၂ ခုနှစ်၊ မာရှယ်လောအချိန်အတွင်းဝယ် နာဇီတို့သည် ဤနေရာ၌ ချက်အမျိုးသားများအများအပြားကို သတ် ဖြတ်ခဲ့ကြသည်။
ညနေခင်း အတော်မှောင်နေမှကျနော်သည် အစစ်ခံရာမှ ပြန်လာသည်။ အောက်ဘက်ထရံဘေးတွင် ဗလာဂျီစလာ့ဗ်၊ ဗန်ချူးရား သည် သူ့ပစ္စည်း ကလေးများပါသော အထုပ်တထုပ်ကို ခြေထောက်များ အနားတွင်ချထားကာ မတ်တတ်ရပ်နေသည်။ အဓိပ္ပါယ်ကို ကျနော်ကောင်းစွာနားလည်သည်။ သူလည်း နားလည်သည်။ ကျနော်တို့ လက်ချင်းဆွဲ၍ နှုတ်ဆက်ကြသည်။ အပေါ်ထပ်စင်္ကြံပေါ်သို့ရောက်သည်အထိ သူ့အားမြင်နေနိုင်သေးသည်။ သူကား ခေါင်းကိုအနည်း ငယ်ညွှတ်လျက်၊ ဘဝတခုလုံး၏အလွန်၊ အဝေး...အဝေးသို့ အာရုံစိုက်နေလေသည်။ နာရီဝက်မျှကြာသော် သူ၏အမည်ကို ခေါ်ထုတ်လိုက်ကြလေသည်။
ထို့နောက် ရက်အနည်းငယ်အတွင်း ထိုထရံ၌ပင် ရပ်၍နေရသူကား မီးလောရှ်၊ ကရားဆနီ။ သူကားရဲရင့်သော တော်လှန်ရေး စစ်သားတယောက် ဖြစ်သည်။ ယခင်နှစ် အောက်တိုဘာလက အဖမ်းခံရသည်။ ညှဉ်းပန်းခြင်း၊ တိုက်ပိတ်ခြင်းတို့၏ နောက်ပိုင်းတွင်ပင် မာန်မကျိုးခဲ့သူဖြစ်သည်။ ထရံဆီမှကိုယ်ကို တဝက်လှည့်လျက် သူ့နောက်တွင် ရပ်နေသော ထောင်စောင့်အား၊ တစုံတရာကို အေးဆေးစွာရှင်းပြနေလေသည်။ ကျနော့်ကို မြင်သောအခါ တချက်မျှပြုံးလိုက်၍ နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့်လည်း ခေါင်းကိုဆက်၍ပြလိုက်သည်။ ပြီးလျှင် ထောင်စောင့်အား ဆက်၍ ပြောပြနေပြန်သည်။
“ ဒီလိုလုပ်လို့ မင်းတို့မှာ ဘာကလေးတခုမှ သက်သာသွားမှာမဟုတ်ဖူး။ ဒို့တတွေထဲကလည်း လူတွေအများကြီး ကျကြလိမ့်အုံးမယ်၊ ဒါပေမယ့်စစ်ရှုံး ကြရမှာကမင်းတို့...”
တဖန်၊ မွန်းတည့်ပိုင်းအချိန်။ ပက်ချက်နန်းတော်အောက်ထပ်တွင် ကျနော်တို့သည် နေ့လည်စာစားရန် ရပ်စောင့်နေကြသည်။ အဲလိယာ့ရှ် အားခေါ် သွင်းလာကြသည်။ သူ၏ချိုင်းအောက်တွင် သတင်းစာတစောင်ပါလာသည်။ သူကပြုံး၍ သတင်းစာကိုညွှန်ပြသည်။ သတင်းစာထဲတွင် ဟိုင်းဒရစ်ကို လုပ်ကြံသူ များနှင့် သူနှင့်အဆက်အသွယ်ရှိကြောင်းကို ယခုပင်ဖတ်ရှုခဲ့ရလေသည်။
- ဖြီးနေတာချည့်ပဲ - သူသည် တိုတိုပဲပြောကာ အစားအသောက်ဘက်သို့ အာရုံစိုက်လေတော့သည်။
ထိုနေ့ညနေ အခြားသူများနှင့် ပန်းကရာ့စ်သို့အပြန်တွင်လဲ ထိုကိစ္စအကြောင်းရယ်မော၍ ပြောဆိုနေခဲ့သေးသည်။ ထောင်သို့ရောက်ပြီး နောက်တ နာရီ အကြာတွင် သူ့အား အကျဉ်းခန်းထဲမှထုတ်၍ ဘောဘီလိဆီသို့ ခေါ်ဆောင်သွားကြလေသည်။
အလောင်းများကား တောင်လိုပုံလာလေသည်။ တခုသော်ကား အလောင်းများကို တဆယ်၊ နှစ်ဆယ်၊ တရာ၊ နှစ်ရာဟု ရေတွက်၍မဖြစ်တော့၊ ထောင်နှင့်ချီ၍ ရေတွက်ရလေပြီ။ အမြဲတမ်းလတ်ဆတ်၍နေသော သွေးနံ့သည် အဟိတ်တိရိစ္ဆာန်တို့၏ နှာဝများကိုဆွနေသည်။ ၎င်းတို့ကား သန်းခေါင်သန်းလွဲအထိ “အလုပ်လုပ်” ကြသည်။ တနင်္ဂနွေနေ့များ၌ပင် “အလုပ်လုပ်” ကြသည်။ ယခုသော် ၎င်းတို့အားလုံးပင် အက်ဆက်စ်ယူနီဖောင်းများကို ၀တ်ဆင်ကြသည်။ ဤသည် ကား သူတို့၏ နေ့ကြီးရက်ကြီး၊ သတ်ဖြတ်ရေးပွဲတော်ကြီး ဖြစ်လေသည်။ အလုပ်သမားများ၊ ကျောင်းဆရာများ၊ လယ်သမားများ၊ စာရေးဆရာများ၊ ရုံးစာရေးများ ကို သေမင်း၏ ခံတွင်းသို့ပို့ကြသည်။ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များကိုပါ သတ်ဖြတ်ပစ်ကြသည်။ အိမ်ထောင်လုံးကျွတ် သတ်ဖြတ်ပစ်ကြသည်။ ရွာလုံး ကျွတ် သတ်ဖြတ်ကြသည်။ မီးတိုက်ပစ်ကြသည်။ ကျည်ဆန္တရကပ်သည် ပလိပ်ရောဂါသဖွယ် တပြည်လုံးတွင် လှည့်ပတ်လျက်ရှိ သည်။ ဘယ်သူဘယ်ဝါဟူ၍ပင် ရွေးချယ်ခြင်း မပြုတော့။
ဤမျှလောက် တုန်လှုပ်ဖွယ်ကောင်းသော အချိန်ကြီးတွင် လူဟူသည်ကား .....
အသက်ရှင်၍ နေလေသည်။
ယုံနိုင်ဖွယ်ရာပင်မရှိ၊ သို့သော် လူသည် အသက်ရှင်နေသည်၊ စားသည်၊ အိပ်သည်၊ ချစ်သည်၊ အလုပ်လုပ်သည်၊ သေခြင်းနှင့် လုံးဝမပတ်သက်သော ကိစ္စပေါင်းတထောင်ကို စဉ်းစားသည်။ သူ၏ ဂုတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဖိစီး၍နေလျှင်နေမည်။ သို့သော် ထိုဝန်ထုပ်ကို သယ်ဆောင်၍ထားသည်၊ ခေါင်းညွှတ်၍မသွား၊ ခွေပျော့၍မသွား။
မာရှယ်လောကျေညာထားသော အချိန်အတွင်းက၊ အရာရှိတယောက်သည် ကျနော့်အား ဘရားညစ်အရပ်သို့ ခေါ်ဆောင်သွားသည်။ လှပသော ဇွန်လသည် သမ္ဘာရာပင်အနံ့များ၊ အချိန်နှောင်းသော နန်းလုံးကြိုင်ပန်းရနံ့များဖြင့် ကြိုင်နေလေသည်။ အချိန်ကား တနင်္ဂနွေနေ့ညနေဖြစ်သည်။ နောက်ဆုံး ဓာတ် ရထားဘူတာရုံအနီးရှိ လမ်းမကြီးမှာ၊ ပျော်ပွဲစားထွက်ရာမှ ပြန်လာကြသော ပျာယီးပျာယာလူအုပ်ကြီးဖြင့် ပြည့်ကြပ်၍နေလေသည်။ နေ၏အကြည်အဖြူ၊ ရေ၏ အယုအယ၊ ချစ်သူတို့၏အပွေ့အပိုက်တို့ကို ခံထားရသူများဖြစ်သည်။ ဆူဆူညံညံ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ကြေနပ်စွာပင်၊ ပင်ပန်းနေကြသည် - သူတို့အကြားတွင် လှည့်လည်ကာ သူတို့အတွင်းမှ လူများကိုလဲ ချိန်ရွယ်နေသည့် သေမင်း၊ ထိုသေမင်းကိုသာ သူတို့၏ မျက်နှာများပေါ်တွင် မတွေ့ရ။ သူတို့သည် ယုန်ကလေးများ ကဲ့သို့ ချစ်စဖွယ်တိုးဝှေ့ခုန်ပေါက်နေကြသည်။ ယုန်ကလေးတွေလိုပဲ။ သူတို့တအုပ်ကြီးထဲကို လက်လှမ်းလိုက်ပြီး တကောင်ကို ဟင်းချက်စားဘို့ ဆွဲထုတ်လိုက်စမ်း - သူတို့ဟာ ထောင့်တထောင့်ကို ကပ်သွားလိမ့်မယ်။ ဒါပေမဲ့ တအောင့်လောက် ကြာရင်တော့ သူတို့ရဲ့သောကတွေ၊ ပျော်စရာတွေနဲ့ ဆက်လက်တိုးဝှေ့ယင်း၊ ဘ၀ရဲ့အရသာကို ခံနေကြဦးမှာပါပဲ။
ကျနော်ကား တံတိုင်းခတ်ထားသော ကမ္ဘာအတွင်းမှနေ၍ ယင်းကဲ့သို့ ဟောကနဲ ဟောကနဲ ဆင်းနေသော ရေစီးအတွင်းသို့၊ ဗြုံးကနဲပြောင်းရွေ့ခြင်း ကို ခံလိုက်ရပါသည်။ ထို့ကြောင့်လဲ အစပထမတွင် သူတို့၏ ချိုဆိမ့်သောပျော်ရွှင်မှုကို ခါးခါးသီးသီး အရသာခံမိပါသည်။
မှားလေစွ၊ မှားလေစွ။
ဤနေရာတွင် ကျနော်မြင်ရသည်ကား ဘ၀ပင်ဖြစ်လေသည်။ ကျနော်ပေါက်ဖွားခဲ့ရာဘ၀ပင်ဖြစ်သည်။ ခြုံ၍ကြည့်က ဤသည်ပင်လျှင် ဘ၀ဖြစ်သည်။ ကြောက်မက်စဖွယ် ဖိနှိပ်ထားသည်ကို ခံနေရသော်လဲ ဖျက်ဆီးတိုင်း မပျက်သည့်အသက်။ တခါအသတ်ခံရလျှင် အကြိမ်တရာပြန်၍ တိုးလာသောအသက်။ သေမင်း ထက်ပို၍ အင်အားကောင်းသော အသက်ဖြစ်လေသည်။ ဤဘ၀၊ ဤအသက်ကို ခါးသည်ဟု ဆိုရမည်လော။
ဤမျှသာ မကသေး။ တုန်လှုပ်ဖွယ်ရာများ၏ ဗဟိုတည့်တည့်၊ အကျဉ်းခန်းအတွင်း၌ နေထိုင်ကြရသော ကျနော်တို့ကိုယ်တိုင်လဲ ပြန်၍ကြည့်ကြဦး လော့ - ဒီအသားနဲ့မလုပ်လို့ ဘယ်အသားနဲ့လုပ်ထားတာမို့လို့လဲ။
တခါတရံ အစစ်ခံရာသို့အသွားတွင် ကျနော်သည် ပုလိပ်မော်တော်ကားဖြင့်သွားရသည်။ ထိုကားမှ အစောင့်ပုလိပ်များကား များစွာမချုပ်ချယ်ကြ။ ထို့ကြောင့် ကျနော်လဲ မော်တော်ကား ပြူတင်းပေါက်များမှနေ၍ လမ်းမများ၊ ဆိုင်ရှေ့မျက်နှာစာများ၊ ပန်းဆိုင်ကလေးတဆိုင်၊ လမ်းသွားလမ်းလာ လူစုလူဝေးများ၊ အမျိုးသမီးများကို ကြည့်ရှုနိုင်ပါသည်။ ခြေသလုံး လှလှကလေး ကိုးစုံကိုသာရှာတွေ့ယင်၊ ငါဒီနေ့အသတ်မခံရဘူးဟု ရေတွက်ကာ၊ စစ်ကာဆေးကာ၊ နှိုင်းကာယှဉ် ကာနှင့် ခြေသလုံးတို့၏ မျဉ်းကြောင်းများကို ကျကျနနလေ့လာနေမိသည်။ စိတ်ဝင်စား အလုပ်များနေမိသည်။ ထိုကိစ္စပေါ်၌ ကျနော်၏ အသက်တည်နေသည်ဟူ သော သဘောနှင့်ကားမဟုတ်၊ အသက်နှင့်လုံးဝ မပတ်သက်သကဲ့သို့ပင် ဖြစ်လေသည်။
ကျနော်သည် အကျဉ်းခန်းသို့ အမြဲတမ်းနောက်ကျ၍ ပြန်ရသည်။ ဘ, ပက်ရှက်ကား ပြန်မှပြန်လာပါ့မလားဟူ၍ အမြဲတစေ စိတ်ပူနေတတ်သည်။ ကျနော်ပြန်လာလျှင် ကျနော့်အား ဆီးဖက်၍နှုတ်ဆက်တတ်သည်။ ကျနော်ကလဲ ဘာသတင်းထူးသည်၊ ကောဘီလိဆီတွင် ဘယ်သူဖြင့် ကျဆုံးပြန်ပြီ စသည်တို့ ကို တိုတိုတုပ်တုပ်ပြောပြသည် - နောက်အံချင့်စဖွယ် ဟင်းရွက်ချောက်များကို လွေးကြမြိုကြ၍၊ လန်းဆန်းသော သီချင်းများကို ဆိုသည့်အခါ ဆိုကြသည်။ သို့မ ဟုတ် ဉာဏ်တုန်းလှသော အံစာလှိမ့်ကစားခြင်းတွင် စိတ်တိုစွာဖြင့်ကစားယင်း စိတ်ဝင်စားသွားကြသည်။ ထိုသို့ပင် ညဥ့်ဦးအချိန်တိုင်း လုပ်နေကိုင်နေတတ်ကြ သည်။ သို့သော် ထိုသို့သောအခါ၌ပင် အကျဉ်းခန်းတံခါးလဲ အချိန်မရွေး ပွင့်ထွက်လာနိုင်ကာ၊ ကျနော်တို့နှစ်ယောက်အနက် တယောက်ယောက်အတွက် သေမင်း ခေါ်သံကြီး ပေါ်လာနိုင်ပေသည်။
- မင်း ... ဒါမှမဟုတ် ... မင်း၊ အောက်ကို ဆင်းရမယ်၊ ရှိသမျှပစ္စည်းတွေအကုန်ယူခဲ့။ မြန်မြန်လုပ် ...
ထိုအခါတွင်ကား ကျနော်တို့ကို ခေါ်မထုတ်ကြ။ ကျနော်တို့ကား ထိုတုန်လှုပ်ဖွယ်ရာ အချိန်ကြီးကို ကျော်လွန်နိုင်ခဲ့ကြသည်။ ယနေ့သော် ကျနော်တို့ သည် ထိုကာလကြီးကို ပြန်လည်သတိရကြလျက် မိမိတို့ ထိပုံတွေ့ပုံခံစားပုံတို့ကိုလဲ အံ့သြနေမိကြသည်။ မခံနိုင်လောက်သော အရာတို့ကိုပင် တောင့်ခံနိုင်သည့် မနုဿလူသားကား ထူးထွေဆန်းကျယ်သော တန်ခိုးများဖြင့် ပြည့်ဝပေသည်တကား။
ကျနော်တို့၏ ကိုယ်၊ ကျနော်တို့၏ စိတ်အတွင်းတနေနေရာ၌ကား ဤအချိန်များသည် နက်ရှိုင်းသော အမှတ်အသားများကို ချန်မထားဘဲ နေမည်မ ဟုတ်ပေ။ ဦးဏှောက်ထဲတွင် ဖလင်လိပ်တလိပ်သဖွယ် ခိုအောင်း၍နေကောင်း နေလိမ့်မည်။ တကယ့် ဘ၀၊ အကယ်၍ ကျနော်တို့သာ တကယ့်ဘ၀သို့ ပြန်ရောက် ကြမည်ဆိုလျှင် တနေ့သောအခါတွင် ဖလင်လိပ်သည် ပြန့်ထွက်လာနိုင်သည်။ လူကို ရူးသွပ်သွားလောက်အောင် ပြန့်ထွက်လာနိုင်သည်။ သို့တည်းမဟုတ်၊ ကျနော်တို့သည် ထိုကာလကြီးကို ကြီးမားသော သုဿန်ကြီးအဖြစ်ဖြင့်သာ မြင်ကောင်း မြင်နေကြပေတာ့မည်။ ထိုသုဿန်ကြီးကား စိမ်းလန်းသော ဥယျာဉ်ကြီး ဖြစ်သည်။ ထိုဥယျာဉ်ထဲတွင် အဖိုးမဖြတ်နိုင်သော မျိုးစေ့များကို ပျိုးကျဲ၍ထားသည်။
အဘိုးမဖြတ်နိုင်သော ထိုမျိုးစေ့များကား အညွန့်အတက်များ ပေါက်လာမည့်မျိုးစေ့များဖြစ်ပေသည်။



No comments: