Sunday, 16 December 2007

ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်)

အခဏ်း (၂)

အသက်ငင်ခြင်း
`နေမင်း၏ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏အလင်းရောင်များသာ
ငါတို့အတွက်ကွယ်ပျောက်ခဲ့သော်
ငါတို့အတွက်ကွယ်ပျောက်ခဲ့သော်´
လူနှစ်ယေက်သည် စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်းမညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။ သူတို့သည် အောက်ဘက်သို့ ဆန့်တန့်ထား သောလက် များကို ကိုယ်အရှေ့တွင် ယှက်ထား၍၊ ဖြူဖွေးသော လိုဏ်ဂူအတွင်း လေးဆေး သောခြေလှမ်းများဖြင့် ၀ိုင်းကြီးပတ်လည် လှည့်နေကြသည်။

`... ၀ိဥာဉ်များလည်း နှစ်သိမ့်စဘွယ်
ဆောင်ကျဉ်း၍ သွားတော့မည်
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း ... ´
တစုံတယောက်ကား အနိစ္စရောက်ခဲ့ပြီ။ ဘယ်သူများပါလိမ့်။ ကျွန်တော်သည် ဦးခေါင်းကိုလှည့် ရန် ကြိုးစားသည်။ အလောင်းထည့်ထားသော ခေါင်းနှင့်၊ ခေါင်းရင်းတွင် ထောင်နေသော ဖယောင်းနှစ် တိုင်ကို တစေ့တစောင်းဖြင့် မြင်ကောင်းရာသည်။
`... ထိုဌာနီတွင် ည၏မှောင်မိုက်မှုလည်းကင်း
ထာဝရရောင်ခြည်လည်း
ထွန်းလင်းနေလေသည် ...´
မျက်လုံးများကိုကား ဖွင့်၍ရခဲ့ပြီ။ အခြားမည်သူ့ကိုမျှ မတွေ့။ ဤနေရာတွင် ဤလူနှစ်ယေက်နှင့် ကျွန်တော်မှလွဲ၍၊ အခြားမည်သူ တဦးတယောက်မျှမရှိ။ သို့ဖြစ်လျှင် အသုဘတွေးချင်းကို မည်သူ့ အတွက် ဆိုနေကြသနည်း။
`... ထာဝစဉ်လက်နေသော ထိုကြယ်ပွင့်ကား
ယေရှုသခင်ကိုယ်တော်တိုင်တည်း
ယေရှုသခင်ကိုယ်တော်တိုင်တည်း။´
ဤသည်ကား အသုဘ၊ ဟုတ်သည်။ အကယ်ပင် အသုဘဖြစ်လေသည်။ မည်သူ့အား မြှုပ်နှံ နေကြသနည်း။ ဤနေရာတွင် မည်သူရှိသနည်း။ သူတို့နှစ်ယောက်နှင့် ကျွန်တော်သာရှိသည်။ ဟုတ် သည် - ကျွန်တော်သာ ရှိသည်။ ဤသည်ကား ကျွန်တော်၏ အသုဘပင်ဖြစ်ပေသလော။ ဒီမှာ ... မိတ်ဆွေတို့ ... နားထောင်ကြစမ်းပါ။ မှားနေပြီထင်တယ်။ ကျွန်တော်မသေသေးပါဘူး။ အသက်ရှင်နေ တာ မတွေ့ဘူးလား။ ခင်ဗျားတို့ကိုကြည့်ပြီး ခင်ဗျားတို့ကို စကားပြောနေတာ မြင်တယ်မဟုတ်လား။ တော်ကြပါတော့ဗျာ၊ ကျွန်တော့်ကို မြေမမြှုပ်ကြပါနဲ့အုံး။
`ကျွန်ုပ်တို့အား တစုံတဦးက
နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့်
နှုတ်ဆက်နေသည့်အခါ
နှုတ်ဆက်နေသည့်အခါ ...´
မကြားကြ၊ နားပင်းနေကြသလော။ ကျွန်တော်ကပင် အသံခပ်ကျယ်ကျယ်မပြော၍လော။ သို့မ ဟုတ် ကျွန်တော်သည် အကယ်ပင် သေဆုံးခဲ့ပြီဖြစ်၍၊ ရုပ်မရှိတော့သော အသံကို မကြားနိုင်ကြခြင်း လော။ ကျွန်တော်၏ ကိုယ်လုံးကြီးကား မှောက်လျက်သားငြိမ်နေသည်။ ကျွန်တော်ကလည်း မိမိ၏ အသုဘကို မိမိပြန်ကြည့်နေရသည်။ ရယ်ဘွယ်ကောင်းလေစွ။
`... လျှမ်းလျှမ်းတောက် မျက်လုံးများဖြင့်
မော်၍ကြည့်သည်မှာ
ကောင်းကင်ဘုံ ထိုအဝေးသို့
ကောင်းကင်ဘုံ ထိုအဝေးသို့တည်း ...´
မှတ်မိပါပြီ။ တစုံတဦးက ကျွန်တော့်အား ခဲခဲယဉ်းယဉ်းပင့်မ၍ အ၀တ်များ ၀တ်ပေးခဲ့သည်။ နောက် လူနာတင်ထမ်းစင်ဖြင့် ကျွန်တော့အား သယ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်တွင် သံခွာသံများ ဟိန်းနေခဲ့သည်။ ထို့နောက် ... ထို့ထက်လွန်၍ကား ဘာမျှမသိတော့၊ ထို့ထက်လွန်၍ကား ဘာမျှမသိ၊ ဤသည်ကား ကျွန်တော်၏ အစွမ်းကုန်ပစ်ဖြစ်သည်။
`... ထိုဌာနိအား ထာဝရအလင်းရောင်
အမြဲတစေ ၀င်းနေသည်လည်း ... ´
သို့သော် ဤကိစ္စကား အဓိပ္ပာယ်လုံးဝမရှိ။ ကျွန်တော်ကား အသက်ရှင်နေသည်။ ဝေးလံသော နာကျင်မှုတရပ်ကိုခံစားနေရသည်။ ရေလည်း ငတ်သေးသည်။ လူသေကောင်ဟူသည်ကား ရေမဆာတတ်။ ရှိသမျှအားတို့ကို အစွမ်းကုန်ညှစ်ထုတ်လျက်၊ လက်ကိုလည်း လှုပ်ရှားရန် ကြိုးစားလိုက်သည်တွင်၊ သဘာဝမကျသော အသုံးစိမ်းကြီးတသံသည် ကျွန်တော့်ကိုယ်တွင်းမှ ပွင့်ထွက်သွားသည်။
- ရေ
အခုမှပဲလေ၊ လူနှစ်ယောက်လည်း ၀ိုင်းကြီးပတ်လည်လျှောက်နေရာမှ ရပ်သွားသည်။ ယခု ကျွန်တော့်ကိုယ်ပေါ်သို့ ငုံ့မိုးလျက်ကြည့်နေကြသည်။ တယောက်က ကျွန်တော့်ခေါင်းကို ပင့်လျက် ရေခရားကို ပါးစပ်သို့ တေ့ပေးသည်။
- မောင်ရင်၊ တခုခုဖြင့် စားအုံးမှပေါ့။ နှစ်ရက်ပြီ၊ ရေချည့်ပဲ သောက် ... သောက်နေတာ။
ဘာတွေပါလိမ့်၊ နှစ်ရက်ရှိပြီတဲ့လား။ ဒီနေ့ ဘာနေ့လဲ။
တနင်္လာနေ့။
တနင်းင်္လာနေ့။ ကျွန်တော်အဖမ်းခံရသည်မှာ သောကြာနေ့ဖြစ်သည်။ ခေါင်းကလည်း လေးလှ ချည့်။ ရေကဖြင့် ရင်ကိုအေးစေလိုက်တာ။ အိပ် ... အိပ်ပါရစေ။ ရေတွင်း၏ မှန်သာရင်ပြင်ကို ရေတ ပေါက်က ဆင်းသက်လှုပ်ရှားလိုက်သည်။ ဤသည်ကား တောင်ပေါ်ရှိ မြက်ခင်းစိမ်းစိမ်းကလေးမှ စမ်း ရေဦး။ ကျွန်တော်သိပါသည်၊ ရောကလန်တောင်ခြေရှိ တောစောင့်၏ တဲနံဘေး၌ဖြစ်ပါသည်။ ထင်းရှူး တောထဲတွင်ကား မိုးတစိမ့်စိမ့် တဖျောက်ဖျောက်ရွာနေသည် ... အိပ်ရတာ အရသာရှိလိုက်တာလေ ...
... နောက်တကြိမ် ပြန်၍နိုးလာသောအခါတွင်ကား အင်္ဂါနေ့ညနေသို့ ရောက်နေလေပြီ။ ခွေး ကြီးတကောင်သည် ကျွန်တော့်ကိုယ်ပေါ်သို့ မိုး၍ရပ်နေသည်။ ခွေးဝံပုလွေမျိုးဖြစ်သည်။ လှပနက်နဲ သော မျက်လုံးများဖြင့် ကျွန်တော့အား စူးစမ်းကြည့်ရှုနေသည်။
- မင်း ဘယ်အိမ်မှာနေခဲ့သလဲ။
အို ဟုတ်သေးပါဘူးလေ။ ခွေးကမေးနေတာ မဟုတ်ပါဘူး။ အသံကား တစုံတယောက်၏ အ သံဖြစ်သည်။ မှန်သည် ဤနေရာတွင်အခြားသူတယောက် ရပ်နေသည်။ ဘွတ်ဖိနပှ်ရှည်ကြီးတရံကို မြင် ရသည်။ နောက်ထပ် ဖိနပ်ရှည်တရံနှင့် စစ်သားဘောင်းဘီများ သို့သော် ... အထက်သို့ကား မကြည့် နိုင်တော့။ မော့်ကြည့်ရန် ကြိုးစားသည့်အခါဝယ် ခေါင်းဆီက ယစ်၍ယစ်၍မူးလာသည်။ အမယ်လေး ... ဂရုစိုက်နေရမှာလား။ အေးအေးဆေးဆေး အိပ်စမ်းပါရစေအုံး ...
ဗုဒ္ဓဟူးနေ့။
ဓမ္မသီချင်းများကို သီဆိုခဲ့ကြသည့် လူနှစ်ယောက်ကား ယခုအခါတွင် စားပွဲ၌ထိုင်ကာ မြေပန်း ကန်များထဲမှ တစုံတရာကို နှိုက်၍နှိုက်၍စားနေကြသည်။ ယခုတော့ သူတို့အား ခွဲခွဲခြားခြားမှတ်မိပါပြီ။ တယောက်ကား ခပ်ငယ်ငယ်၊ ဒုတိယတယောက်ကား အရွယ်ပို၍ရင့်သည်။ ယခုမူ ဘုန်းကြီးများနှင့် လည်း မတူကြတော့။ လိုဏ်ဂူသည်လည်း လိုဏ်ဂူမဟုတ်တော့၊ သာမန် အကျဉ်းခန်းတခန်းသာဖြစ် သည်။ ကြမ်းပြင်မှ ပျဉ်ချပ်များကား ကျွန်တော်မျက်စေ့အောက်မှ တပြေးတည်းပြေး၍ စုသွားကာ၊ ၎င်း တို့၏အဆုံးတွင်မူ လေးလံနက်မှိုင်းသော တံခါးကြီး .....
သော့ခလောက်အတွင်းသို့ သော့သွင်းသံကြားရသည်။ လူနှစ်ယောက်လည်း ထိုင်နေရာမှ ခုန် ၍ထကြကာ၊ သတိအနေအထားနှင့် ရပ်လိုက်သည်။ အက်ဆက်စ်ယူနီဖောင်းဝတ် နှစ်ယောက် ၀င်လာ ၍ ကျွန်တော့်ကိုအ၀တ်အစားများဝတ်ပေးရန် အမိန့်ပေးကြသည်။ ထိုအချိန်အထိ - ဘောင်းဘီခြေအိုး တဘက်တဘက်၊ ရှပ်အင်္ကျီလက်အိုး တဘက်တဘက်တွင် နာကျင်မှုများ မည်မျှခိုအောင်းနေသည်ကို ကျွန်တော်မသိခဲ့ဘူး - သူတို့သည် ကျွန်တော့်အား လူနာထမ်းစင်ပေါ်သို့ တင်ကာ၊ လှေခါးတလျှောက်မှ နေ၍ အောက်ဘက်သို့ ခေါ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်လုံး သံခွာသံများ ဟိန်းနေခဲ့သည် … တခါ ကျွန်တော့်ကို သယ်ဆောင်သွားတုန်း သတိလစ်သွားတာတောင် ဆက်ပြီးသယ်သွားကြတဲ့ လမ်းဒီလမ်းကိုး။ ဘယ်ကိုခေါ်သွားကြမလို့လဲ၊ ဘယ်ငရဲမှာ အဆုံးသတ်မှာလဲ။
ပန်းကရာ့စ် ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ ရှိ သုန်သုန်မှုန်မှုန်နှင့် ဘော်ရွှေခြင်းကင်းမဲ့လှသော ဧည့်ခံရုံး ခန်း။ သူတို့လည်း ကျွန်တော့်အား ကြမ်းပြင်ပေါ်သို့ ချလိုက်ကြသည်။ ဒေါသဖြင့် မှုတ်ထုတ်လိုက်သော ဂျာမန်အသံ၏ မေးခွန်းကိုချက်အသံက စိတ်ရင်းကောင်းသကဲ့သို့ ဟန်ဆောင်ယင်း ဘာသာပြန်ပေး သည်။
- မင်း သူ့ကို သိသလား။
ကျွန်တော်သည် ကျွန်တော်၏မေးကို လက်ဖြင့်ထိန်း၍ ကြည့်လိုက်သည်။ လူနာတင်ထမ်းစင် ရှေ့တွင် ပါးမို့ကလေးများနှင့် မိန်းကလေးခပ်ရွယ်ရွယ်တယောက် ရပ်နေသည်။ ၀င့်ဝင့်ကြွားကြွား၊ မား မားမတ်မတ်ကလေး ရပ်နေသည်။ အာခံသည့်အနေဖြင့် မဟုတ်ပဲမွန်မြတ်သော အမူအရာဖြင့်ခေါင်းကို ခပ်မော့မော့ ပင့်ထားရာမှ၊ ကျွန်တော့်အား မြင်သာရုံနှုတ်ဆက်သည့် အမူအရာပြနိုင်ရုံသာ မျက်လွှာများ ကို နှိမ့်ချထားသည်။
- မသိဘူး။
ထိုရုန့်ရင်း ကြမ်းတမ်းသော ညတုန်းက၊ သူ့အား ပက်ချက်နန်းတော်ထဲတွင် ရိပ်ကနဲတွေ့မိ ကောင်း တွေ့မိခဲ့မည်ဟု အမှတ်ရသည်။ ယခု ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ တတိယအကြိမ် အဖြစ်နှင့်ကား မတွေ့ရတော့။ တွေ့များသာ တွေ့ရလျှင်၊ ဤနေရာ၌ ကျက်သရေရှိစွာ ရပ်တည်နေခဲ့ပုံအ တွက် သူ၏လက်ကိုညှစ်၍ နှုတ်ဆက်လိုလှပေသည်။ ထိုအမျိုးသမီးကား အာရ်နော့ရှိ၊ လောရဲန့်ဇ်၏ ဇနီးဖြစ်၍၊ ၁၉၄၂ ခုနှစ် မာရှယ်လောကျေညာပြီး ရက်အနည်းငယ်အတွင်း ကွပ်မျက်ခြင်းခံရသည်။
ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ - (ဂျာမန်စကား - ပုလိပ်အချုပ်ထောင်ကြီး)
- ဒါပေမယ့်သူ့ကိုတော့ မင်းမုချသိရမယ်။
အာညိခ်ျကာ၊ ယီရာစကောဗား။ ဘုရားရေ၊ အာညိခ်ျကာ … ခင်ဗျား ဘယ့်နဲ့ ဒီကိုရောက်လာရ တာလဲ။ ခင်ဗျားနာမည်ကို ကျွန်တော်ဖွင့်မပြောခဲ့ပါဘူး။ ခင်ဗျားနဲ့ကျွန်တော် ဘယ်လိုမှ မပတ်သက်ဘူး နော်၊ ခင်ဗျားကို ကျွန်တော်မသိဘူး။ နားလည်လား။ မသိဘူးနော်။
- မသိဘူး။
- လိမ္မာစမ်းပါ၊ ကိုယ့်လူရာ။
- မသိဘူး။
- ယူးလာ၊ ဖုံးနေလို့လဲမထူးတော့ပါဘူးရှင် - အာညိခ်ျကာက ၀င်၍ပြောလိုက်သည်။ လက်ကိုင်ပုဝါကို ဆုတ်ကိုင်ထားသော လက်ချောင်းများ၏ မသိမသာတုန်ဆက်မှုကလေးကသာ သူ၏စိတ်လှုပ်ရှားမှုကို မလုံမလဲဖြစ်စေသည် - မထူးတော့ပါဘူး၊ ကျွန်မကိုဖော်တဲ့ ဖော်ကောင်က ရှိနေပြီပဲ။
- ဘယ်သူလဲ။
- တိတ် - ပေါ်လာမည့်အဖြေကို တစုံတယောက်က ၀င်၍တားလိုက်သည်။ ထို့နောက် သူကကျွန်တော့် အားနှုတ်ဆက်ရန် ငုံ့၍လက်လှမ်းပေးသည့်အခါတွင်၊ သူ့အားကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်ကြ သည်။
- အာညိခ်ျကာရယ်။
ကျွန်တော်သည် နောက်ပေါ်လာသည့် မေးခွန်းများကိုမကြားတော့။ အက်ဆက်စမန်းနှစ် ယောက်က ကျွန်တော့်အား အကျဉ်းခန်းသို့ သယ်ယူသွားပုံ။ ထမ်းစင်ကို ရုန့်ရင်းစွာ ခါယင်းတော့ယင်း၊ ထိုသို့အနာမည့်အစား လည်ပင်းကြိုးတန်းလန်းနှင့် ယီးလေးမခိုချင်သလောဟု မေးပုံတို့ကိုပင် အဝေးမှ မနာမကျင်နိုင်သော ပွဲကြည့်သမားကဲ့သို့သာ ထိတွေ့ပါတော့သည်။
ယူးလာ - ဗမာအမည်များကို အဖျားဆွတ်ခေါ်ကြသကဲ့သို့ ချက်ကိုယ်ပိုင်အမည်မျာကို ရင်းနှီးသည့်သ ဘော၊ ချစ်စနိုးသဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြသည်။ သို့ဖြင့် ယူးလိယုစ်အစား ယူးလာ သို့မဟုတ် ယူးလက်။ ဂုစတာအစား ဂုစတီနာ။ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
ကြာသာပတေးနေ့။
ကျွန်တော်သည် ပတ်ဝန်းကျင်ကို သိတတ်စပြုပါပြီ။ ကျွန်တော်နှင့်ထောင်ကျဘက် တဦးဖြစ် သော သူငယ်မှာ ကားရလစ် ဟုခေါ်သည်။ အရွယ်ပို၍ရင့်သော အခြားသူကား `အဘ´ ဟုအမည်တွင် သည်။ သူတို့က မိမိတို့၏ ဇာတ်လမ်းအဖြစ်အပျက်များကို ကျွန်တော့အား ပြောပြကြသည်။ သို့သော် အစစအရာရာတို့သည် ကျွန်တော်၏ခေါင်းတွင်း၌ ရှုပ်ထွေးကုန်လေသည်။ မိုင်းတွင်းတတွင်း။ ခုံတန်း လျားပေါ်တွင် ထိုင်နေကြသော ကလေးများ။ ခေါင်းလောင်းထိုးသံကို ကြားရသည်။ တနေရာ၌ မီး လောင်နေသည် ထင်သည်။ ဆရာဝန်တယောက်နှင့် အက်ဆက်စ် သူနာပြုတယောက် ကျွန်တော့်ထံ လာကြသည်ဟု ဆိုသည်။ ကျွန်တော်၏ အခြေအနေမှာ ထင်သလောက်မဆိုး၊ ပစ်တိုင်းထောင် ပြန်၍ ဖြစ်လိမ့်မည်ဟု ဆိုသွားကြသည်ဟူ၍ပြောသည်။ ယင်းသို့လျှင် `အဘ´ ကပြောသည်။ သူကလည်း အရေးတယူပြန်ပြော၊ ကားရလစ်ကလည်း အားတက်သရောကြီး ထောက်ခံပြန်သောကြောင့်၊ ဝေဒနာ ကို ကိုယ်တိုင်ခံစားနေရသော ကျွန်တော့်မှာ စေတနာနှင့်လည်ဆယ်ကြရှာသည်တကား ဟူ၍သာ သဘောပိုက်ရပါတော့သည်။ ကောင်းမွန်လှသော အသိုင်းအ၀ိုင်းပါပေ။ သူတို့ပြောသမျှ မယုံကြည်နိုင် သည့်အတွက်ပင် စိတ်မကောင်းဖြစ်ရပါသေးသည်။
နေ့လည်ပိုင်း
အကျဉ်းခန်းတံခါးပွင့်သွားကာ ခွေးတကောင်သည် အသံမမြည်ဘဲ ခြေဖျားထောက်၍ ပြေးဝင် လာသည်။ ကျွန်တော်၏ခေါင်းနားတွင်ရပ်တန့်ကာ စူးစူးစမ်းစမ်းကြည့်ရှုပြန်ပါသည်။ တဖန်ဖိနပ်ရှည်ကြီး နှစ်ရံ၊ ယခုတော့သိပါပြီ။ ဖိနပ်တရံကား ခွေးပိုင်ရှင်၊ ပန်းကရာ့စ် ထောင်မှူး၏ ဖိနပ်များဖြစ်လျက် အခြား ဖိနပ်တရံကိုပိုင်သူကား ထိုတညကျွန်တော့်ကို စစ်ဆေးမေးမြန်းကြစဉ် ကြီးမှူးခေါင်းဆောင်ခဲ့သော ကွန်မြူနစ်ဆန့်ကျင်ရေး ဌာနမှူးပင်ဖြစ်သည်။ ထို့ပြင် အရပ်ဝတ် အရပ်စားဘောင်းဘီ။ ကျွန်တော်၏ မျက်လုံးများသည် ထိုဘောင်းဘီတလျှောက် မော့၍ကြည့်လိုက်သည် ဟုတ်သည်၊ သူ့ကို ကျနော်သိ သည်။ ထိုသူကား ဖမ်းဆီးသည့်တပ်စိတ်ကို ခေါင်းဆောင်ခဲ့သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်ဖြစ် သည်။ သူသည် ကုလားထိုင်တလုံး၌ ၀င်၍ထိုင်ကာ ကျနော့်အား စစ်ဆေးမေးမြန်းပြန်ပါသည်။
- မင်းရဲ့ဇာတ်ကတော့ ပျက်ပါပြီကွာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့တော့ ရအုံးမယ်၊ ဖွင့်သာပြော ပေတော့။
သူက စီကရက်တလိပ်ထုတ်ပေးသည်။ ကျွန်တော်က လက်မခံ။ ထိုစီးကရက်ကို နိုင်အောင် ကိုင်နိုင်မည်လည်းမဟုတ်။
- မင်း ဘာ့က်စ် တို့အိမ်မှာ ဘယ်လောက်ကြာကြာနေခဲ့သလဲ။
ဘာ့က်စ်တို့အိမ် … ဒါကိုလဲ သိသကိုး … သူတို့ကို ဘယ်သူကများ ဖွင့်ပြောလိုက်ပါလိမ့်။
- ကဲ၊ မြင်တယ်မဟုတ်လား၊ ဒို့ အားလုံးသိတယ်ကွ။ အကုန်သာ ဖွင့်ပြောပေတော့။
ခင်ဗျားတို့ အကုန်လုံးသိတယ်ဆိုယင်၊ ကျုပ်က ဘာများထပ်ပြီးပြောနေရအုံးမှာလဲ။ ကျုပ်ဟာ ကျုပ်ရဲ့ဘ၀ကို အလဟဿဖြုန်းတီးခဲ့တဲ့ လူစားးမဟုတ်ဘူး၊ ဒီဘ၀ရဲ့ အဆုံးသတ်ကိုလဲ အပျက်ဆီးခံ မှာမဟုတ်ဘူး။
စစ်ဆေးခြင်းကား တနာရီကြာသည်။ မငေါက်မငန်း။ မေးခွန်းကို စိတ်ရှည်လက်ရှည် ထပ်၍ ထပ်၍ ကြော့သည်။ အဖြေမရလျှင် ဒုတိယမေးခွန်း၊ တတိယမေးခွန်း၊ ဒဿမ။ ဆင့်၍ဆင့်၍လာသည်။
- ဒါလောက်တောင် ထိုင်းရသလားကွ။ ဒါအဆုံးသတ်ပဲဟာ။ နားလည်လား။ မင်းတို့ လုံးလုံးကြီးရှုံးပြီပဲ။
- ရှုံးတာက ကျုပ်တယောက်တည်း ရှုံးတာပါ။
- ကွန်မြူးန်တွေ နိုင်လိမ့်မယ်လို့ ယုံတုန်းပဲလား။
- ဒါပေါ့။
- ခုထက်ထိ ယုံတုန်းပဲတဲ့လား - တာဝန်ခံက ဂျာမန်ဘာသာဖြင့် မေးသည်ကို၊ အရာရှိ အရပ်ရှည်ရှည် က ဘာသာပြန်ပေးသည် - ရုရှတွေ အနိုင်ရလိမ့်မယ်လို့ ယုံတုန်းပဲတဲ့လား။
- ဒါပေါ့၊ အဆုံးသတ်ဟာ ဒီတလမ်းပဲရှိတာ။
ကျွန်တော်ကား နွမ်းနယ်လျက်ရှိပြီ။ အငိုက်မိမသွားစေရန် ရှိသမျှအင်အားများဖြင့် တောင့်ထား ခဲ့သည်။ ယခုမူ ဒဏ်ရာနက်နက်မှ သွေးဒလဟောထွက်သကဲ့သို့ သတိလည်း ကျွန်တော့်ထံမှ လွတ်စ ပြုလေပြီ။ ကျွန်တော်အား လက်လှမ်းပေး၍ နှုတ်ဆက်သွားကြသည်ကို တွေ့ထိလိုက်သေးသည် - ပုံ ပန်းအားဖြင့် ကျွန်တော်၏ နဖူးပြင်ပေါ်တွင် သေမင်း၏အမှတ်အသားကို ဘတ်ကြားမိကြဟန်တူသည်။ မှန်ပေသည်။ အချို့သော် တိုင်းပြည်များမှ အာဏာပါးကွက်သားတို့သည်၊ အမိန့်အတိုင်း မကွပ်မျက်မီ၊ သေဒဏ်သင့်သူ၏နဖူးကို နမ်းရှုံ့သောဓလေ့မျိုးပင် ထားခဲ့ဘူးကြသည် မဟုတ်လော။
ညနေပိုင်း။
လက်ယှက်ထားသည့် လူနှစ်ယောက်သည်၊ တယောက်နောက်မှ တယောက် ၀ိုင်းကြီးပတ် လည် လျှောက်နေကြသည်။ စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်း မညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။
“နေမင်း၏ ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏ အလင်းရောင်များသာ
ကျွန်ုပ်တို့အတွက် ကွယ်ပျောက်ခဲ့သော် ...”
အမလေး ... ကိုယ့်လူတို့ ... ကိုယ့်လူတို့ကလဲဗျာ။ တော်ကြစမ်းပါတော့။ ခင်ဗျားတို့သီချင်းက ကောင်းယင်တော့ ကောင်းမှာပါ၊ ဒါပေမယ့် ဒီနေ့ဟာ မေဒေးအကြိုနေ့ခင်ဗျ။ မေဒေးဆိုတာ လူ့လောက တ၀ှမ်းလုံးမှာ အလှပဆုံး၊ အရွင်ပြဆုံးပွဲတော်မဟုတ်လား။ ကျွန်တော်သည် လန်းဆန်းသော သီချင်း တပုဒ်ကို ဆိုကြည့်သည်။ သို့သော် ကားရလစ်က တဘက်သို့လှည့်သွား၍ အဘခမြာ မျက်ရည်သုတ်ရ သည့်အထိ၊ ပို၍စိတ်မချမ်းမြေ့စရာဖြစ်သွားပုံရသည်။ သို့သော် ကျွန်တော်က အညံ့မခံဘဲ ဆက်၍ဆို သွားသည်တွင်၊ သူတို့လည်း ရော၍၀င်လာကြသည်။ ကျွန်တော်လည်း စိတ်ကျေနပ်စွာ အိပ်ပျော်သွားပါ တော့သည်။
မေဒေးနေ့၏၏ နံနက်စောစောပိုင်း။
ထောင်မြှော်စင်မှ နာရီသည် သုံးချက်တိတိ ရိုက်ခတ်လိုက်လေသည်။ ထိုအသံကို ပဌမဦးဆုံး အကြိမ် ကြည်ကြည်လင်လင်ကြီးကြားရသည်။ အဖမ်းခံရသည့် အချိန်မှစ၍တွက်လျှင် ပြည့်ပြည့်၀၀ သတိပြန်လည်သည်မှာ ယခအခါ ပဌမဆုံးအကြိမ်ဖြစ်လေသည်။ သန့်ရှင်းသောလေပြေသည် ပြူတင်း ပေါက်မှလျှံဆင်းလာလျက်၊ ကြမ်းပေါ်ရှိကျွန်တော်၏ ကောက်ရိုးမွေ့ရာကို ဆွ၍နေသည်။ တမဟုတ်ချင်း ပင်၊ ကောက်ရိုးစများသည် ကျွန်တော်၏ ရင်ပတ်နှင့်ဝမ်းဗိုက်အား တင်းတင်းကြပ်ကြပ်ကြီး တွန်းထိုးနေ ကြသည်ကို ခံစားရသည်။ တကိုယ်လုံးတွင်လည်း တကွက်မျှမလပ်အောင် အကိုက်အခဲပေါင်း တ ထောင်ဖြင့် ကိုက်ခဲနာကျင်နေကာ၊ အသက်ရှူရလည်း ကြပ်တည်းလာသည်။ ထိုအခိုက်၊ ပြူတင်းပေါက် ကိုဖွင့်လိုက်သကဲ့သို့ ရှင်းလင်းပြတ်သားသော အသိဓာတ်လည်းပေါ်လာသည်။ ကျွန်တော်ကား အသက်ငင်နေလေပြီ။
သေမင်းကြီး ခင်ဗျားကို စောင့်နေလိုက်ရတာဗျာ၊ ကြာလှပါပြီကော။ ဒါနဲ့များတောင် ဟိုတ လောတုန်းကဆိုရင် ခင်ဗျားနဲ့တွေ့ဘို့နှစ်တွေ အမြောက်အများလိုသေးတယ်လို့ ထင်နေသေးတယ်။ လွတ်လပ်တဲ့လူ့ရဲ့ဘ၀ကို ပြန်ရောက်လိမ့်အုံးမယ်၊ အလုပ်တွေအများကြီး လုပ်နိုင်အုံးမယ်၊ အချစ်စိတ် တွေအများကြီးမွေး၊ သီချင်းတွေအများကြီးဆို၊ ကမ္ဘာတ၀ှမ်းလုံးကိုလဲ လျှောက်ပြီးလေလွင့်လိုက်အုံးမယ် လို့တောင် မျှော်လင့်နေခဲ့သေးတယ်၊ အမှန်က ကျွန်တော်ဟာ အခုမှ အတောင်အလက်စုံစပြုရတာပါ။ အားတွေလဲ အများကြီး ... အများကြီးရှိနေခဲ့သေးတယ်။ အခုတော့ ဒီအားတွေ ဘာမှမရှိတော့ဘူး။ ကုန်လုပါပြီ။
ကျွန်တော်ဟာ ဘ၀ကိုချစ်ခဲ့တယ်။ ဘ၀ရဲ့အလှအတွက် စစ်မြေပေါ်ကို ကျွန်တော်ထွက်ခဲ့တယ်။ လူအပေါင်းတို့၊ ခင်ဗျားတို့ကို ကျွန်တော်ချစ်ခဲ့တယ်။ ဒီအချစ်ကို ခင်ဗျားတို့က တုံ့ပြန်ကြတဲ့အခါမှာ ကျွန် တော်ဟာ ပျော်ရွှင်နေခဲ့တယ်။ ကျွန်တော့်ကို ခင်ဗျားတို့နားမလည်ကြတဲ့အခါမှာတော့၊ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ တစုံတယောက်ကို ထိခိုက်စရာလုပ်မိခဲ့မယ်ဆိုရင် ကျွန်တော့်ကိုခွင့် လွှတ်ကြပါ။ ကျွန်တော်က တစုံတဦးကို စိတ်ချမ်းမြေ့စရာပြုလုပ်ခဲ့တယ်ဆိုရင် အဲဒီကိစ္စကို မေ့သာပစ် လိုက်ပါတော့။ ၀မ်းနည်းမှုဆိုတာဟာ ကျွန်တော့်န်ာမည်နဲ့ ဘယ်တော့မှ တွဲမနေပါစေနဲ့။ အဲဒါပဲ ကျွန်တော့်ရဲ့ သေတမ်းစာ။ ဒီသေတန်းစာဟာ ဖေဖေ၊ မေမေ၊ ကိုကို့ညီမလေးတို့ဘို့။ ပြီးတော့ မင်းဘို့ကွဲ့ မောင့်ဂုစတီနာ။ ရဲဘော်တို့၊ ဒီသေတန်းစာဟာ ခင်ဗျားတို့ဘို့၊ ကျွန်တော်ခင်မင်ခဲ့တဲ့ လူတွေအားလုံး အတွက်ပါပဲ။ ပူဆွေးမှုဆိုတဲ့ သဲမှုန့်တွေ မျက်လုံးထဲဝင်နေတာကို၊ မျက်ရည်က ဆေးကျောပစ်နိုင် တယ်ဆိုယင်တော့၊ ခဏတဖြုတ်လောက်ငိုကြပေါ့။ ဒါပေမယ့် ယူကြုံးမရဖြစ်မနေကြပါနဲ့။ ကျွန်တော် လောကကြီးမှာ နေခဲ့တာဟာ ပျော်ရွှင်မှုအတွက်ပါ။ အခုလဲ ပျော်ရွှင်မှုအတွက် အသက်ကိုပေးတော့ မယ်။ ကျွန်တော့်ဂူပေါ်မှာ ၀မ်းနည်းမှုနတ်သ္မီးရဲ့ရုပ်တုကို တင်ထားကြမယ်ဆိုရင်တော့ ကျွန်တော့်အပေါ် မတရားရာကျနေလိမ့်မယ်။
မေဒေးနေ့။ ဤအချိန်များဝယ်၊ ကျွန်တော်တို့သည် မြို့ဆင်ခြေဖုံးများ၌ အိပ်ရာမှထ၊ အလံများ ကို ပြင်ဆင်ခဲ့ကြသည်။ ဤအချိန်များတွင် မေဒေးနေ့ စီတန်းလမ်းလျှောက်ပွဲအတွက်၊ မော်စကိုမြို့တော် လမ်းမများပေါ်၌ ပဌမလူစုလူဝေးများ ပေါ်လာစမြဲဖြစ်သည်။ ယခုအချိန်တွင်ကား သန်းပေါင်းများစွာ သောလူတို့သည် မနုဿလူသား၏ လွတ်မြောက်ရေးအတွက် နောက်ဆုံးတိုက်ပွဲကြီး ဆင်နွှဲနေကြ လေပြီ။ ယင်းတိုက်ပွဲတွင် လူပေါင်း ထောင်ပေါင်းများစွာလည်း ကျဆုံးနေကြသည်။ ထိုကျဆုံးသူတို့တွင် ကျွန်တော်လည်း တယောက်အပါအ၀င်ဖြစ်သည်။ ဤစာရင်းထဲတွင် ပါဝင်ရခြင်း၊ နောက်ဆုံးတိုက်ပွဲ ၀င်နွှဲသူတို့၏ စာရင်းတွင် ပါဝင်ရခြင်းကား ကောင်းမွန်လှပေစွ။
သို့သော် သေဇောင်နေခြင်းကား မကောင်း။ မွန်း၍နေသည်။ အသက်မရှူနိုင်။ လည်ချောင်းထဲ တွင်လည်း ဂလိုင်ခြစ်သံကို ကြားရသည်။ ဒီအသံကြောင့် ထောင်ကျဘော် ထောင်ကျဘက်များ နိုးသွား မည်ကို စိုးရသေးသည်။ အကယ်၍ ရေအနည်းငယ်နှင့် ဆွတ်လိုက်ရမည်ဆိုလျှင် ... သို့သော် ခရား တွင်းမှရေကား ကုန်နေလေပြီ။ ကျွန်တော်နှင့် ခြေလှမ်းခြောက်လှမ်းမျှအကွာ၊ အကျဉ်းခန်းထောင့်ရှိ ကမုတ်ထဲတွင်ကား ရေလိုချင်သလောက်ရနိုင်မည်။ သို့သော် ထိုနေရာသို့ အရောက်သွားရန် အားရှိမှ ရှိပါမည်လော။
သေခြင်း၏ဂုဏ်ရည်သည် မည်သူတဦးတယောက်ကိုမျှ မနှိုးမိခြင်းအပေါ်တွင်တည်နေဘိသည့် အလား၊ ကျွန်တော်သည် တိတ်ဆိတ်ငြိမ်သက်စွာ တွား၍တွား၍သွားသည်။ သို့နှင့် လိုရာသို့ရောက် သွားကာ၊ ရေဆွဲအိမ်သာ ကမုတ်တွင်းမှရေကို တကျိုက်ပြီးတကျိုက် သောက်နေခဲ့ပါသည်။ ထိုသို့ရေ သောက်နေသည်မှာ မည်မျှကြာသွားသည်မသိ၊ ပြန်၍တွားသွားသည်မှာလည်း မည်မျှကြာသည်မသိ။ သတိဟူသ၍ကား ကျွန်တော့်ထံမှ ဖယ်ခွာစပြုနေပြန်သည်။ ကျွန်တော်သည် လက်မောင်းမှ သွေးကျော ကို စမ်းကြည့်မိသည်။ အထိအတွေ့ဟူ၍ လုံးဝမခံစားရ။ ကျွန်တော်၏နှလုံးသည် လည်ချောင်းအထိ ထိုး တက်သွား၍ ယခုပြင်းထန်သော အဟုန်ဖြင့် အောက်သို့ကျလာသည်။ ကျွန်တော်သည် ထိုနှလုံးသား နှင့်အတူ ကျဆင်းလာသည်။ အကြာကြီးပင် ကျဆင်းနေခဲ့သည်။ လမ်းခုလတ်တွင် ကားရလစ်၏အသံ ကို ကြားလိုက်ရသေးသည်။
- အဘ၊ အဘ၊ ကြားလားဗျို့၊ ဒီလူ့ခမျာ တည်းတည်းကလေးပဲ ကျန်တော့တယ်။
... ... ... ... ... ... ... ... ... ... ...
နံနက်ပိုင်းတွင် ဆရာဝန်ရောက်လာသည်။
သို့သော် ထိုအဖြစ်အပျက်များကား နောက်အတော်ကြီးကြာမှ ပြန်လည်ကြားသိရခြင်းဖြစ် သည်။
ဆရာဝန်ရောက်လာ၍ ကျွန်တော့်အား စမ်းသပ်ကြည့်ကာ၊ ခေါင်းကိုခါလေသည်။ နောက်ဆေး ခန်းသို့ပြန်သွား၍၊ ယမန်နေ့ညက ကျွန်တော့်အမည်တပ်ကာ၊ အသင့်ပြင်ထားခဲ့သော သေစာရင်းလက် မှတ်ကို ဆုတ်ပစ်လိုက်သည်။ ၎င်းနောက် ကျွမ်းကျင်သော ပညာရှိ၏၀န်ခံချက်အနေဖြင့် ကျေညာသမှု ပြုလိုက်လေသည်။
- သန်လိုက်တဲ့ ဖြစ်ခြင်း၊ မြင်းနဲ့တောင် နင်လားငါလားပဲ။

No comments: