Sunday 24 August 2008

ဂမ္ဘာရီဆိုတဲ့ ဂန္ဘလား

ဂါမဏိ http://www.naytthit.com ... မွ

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ်အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။
အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေလုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးကပြောခဲ့ပါသေးတယ်။
အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီတိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ ဒီလိုမပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ်လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံး မှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရကငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့်မရတာတွေကိုတော့ ထည့်မပြောပါဘူး။
ကင်ဆာရိုနဲ့ အိုဂိုနီတိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စလက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယားဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့်အသတ်မဲ့ရင်းမြစ်တွေရှိတယ်လို့ သတင်း တွေ ထွက်ခဲ့ပါတယ်။
၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြားတာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်ကခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန်ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကိုပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက်လမ်းကဝင် စီးပွားရေးသောင်းကျန်းခဲ့ပါ သေးတယ်။)
အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာအာဏာသိမ်းလို့ သမတမဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမင်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေးခဲ့တာဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမတမဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွားခဲ့ပါတယ်။
ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက်နိုင်ဂျီးရီးယားအသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေးကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံ ကာကွယ်လျှောက်လဲပေးခဲ့သူဖြစ်ပါတယ်။
ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယားပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားပါတယ်။
အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြမြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူးကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကိုလာတယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက်အောင်မြင်သွားအောင်လုပ်ဖို့ ခယဝယလုပ်ခဲ့သေးတယ် မဟုတ်ပါလား။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေတပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင်တိုက်ထုတ်ရမှာဖြစ်ပါကြောင်း။

အပြည့်အစုံသို့...

Saturday 23 August 2008

သနပ်ခါး

ကမာပုလဲ
Saturday, August 23, 2008 ..... http://www.naytthit.com ...မှ


သဘာဝရဲ့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။

နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွံမြ ဆူးတွေထုတ်လို့ အာခံ
ဘ၀ကို ဒီလို ရှင်သန်တယ်။

အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘ၀ကို မှတ်ကျောက်တင် အသွေးခံလို့…။

အိုမင်း တွန့်ရွ
အမေ့ အသားအရည်ပေါ်မှာ ဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင် ကလေးပေါ်မှာ ဖြစ်စေ
သူဟာ
ပန်းတွေနဲ့ အပြိုင် မွှေးတယ်။ ။

ကမာပုလဲ
၂ ၀ ၀ ၈။

အပြည့်အစုံသို့...

Friday 22 August 2008

ရေလည်းမနောက်စေချင် ငါးလည်းမမူးစေချင်

ခန့်အောင် .... http://www.naytthit.com .... မှ

ကျနော် အိမ်ထောင်ကျတော့ ကျနော့်အသက်က ၂၅ နှစ်။ အခုဆိုရင်ပဲ သားကြီးက ၁၂ နှစ်တောင်ရှိပြီ။ ၄ တန်း တက်နေတယ်။ ကျနော်ကတော့ အဖွဲ့အစည်းက တာဝန်ပေးချက်နဲ့ မြို့ပေါ်မှာနေရတယ်။ တခါ တလေလောက်ပဲ မိန်းမနဲ့ကလေးတွေနေတဲ့ရွာကို ပြန်ရောက်ဖြစ်တယ်။ မြို့နဲ့ရွာကို ဆိုင်ကယ်နဲ့ အသွား အလာလုပ်ရတယ်။ သွားရလာရလွယ်ကူအောင် ဆိုင်ကယ်တစီးလဲ ၀ယ်သုံးရသေးတယ်။ မြို့က အလုပ်တွေ တာဝန်တွေကို လုပ်နေရတယ်ဆိုတော့ ရုံးနဲ့၊ဖုံးနဲ့၊ ကွန်ပြူတာအင်တာနက်နဲ့ပေါ့ဗျာ။

မြို့မှာ ရုံးအဖြစ်နဲ့ အိမ်တလုံးလဲ ငှားထားရသေးတယ်။ ငှားနေတဲ့အိမ်က အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ ဘိုထိုင်အိမ်သာခွက်ပါတဲ့ အိမ်သာခန်းလဲ ပါသပေါ့။ မနေနိုင်မထိုင်နိုင်နဲ့ အိမ်ရှေ့ မှာလည်း ဂမုန်းပင်တွေ၊ ပန်းပင်တွေ စိုက်ထားလိုက်သေး တယ်။ ကိုယ်ငှားနေတဲ့အိမ်ကို အပြင်ကနေ လူစိမ်းတယောက် ကြည့်တဲ့အကြည့်မျိုးနဲ့ တခါမှ ဂရုတစိုက် ပြန်မကြည့်မိခဲ့ဖူးပါဘူး။ တခါတလေ ဧည့်သည် တွေ လာလည်ရင် အိမ်ရှေ့ဆင်ဝင်အောက်မှာ ဆိုင်ကယ်တွေ စက်ဘီးတွေ သုံးလေးစီးဖြစ်နေတတ်သေး တယ်။ တခါတရံ ဧည့်သည်လာလည်လို့ ကားငှားရမှာစိုးရိမ်ပြီး ကားကို ကိုယ့်အိမ်ကိုယ်မထားကြဘဲ ကျနော် တို့အိမ်မှာ လာအထားခံရတဲ့ အခါမျိုးလည်း ရှိတတ်သေးတယ်ပေါ့။
Rest of your post
လမ်းထဲက စက်ချုပ်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမတွေကတော့ အိမ်ရှေ့ကဖြတ်သွားတိုင်း အိမ်ကို ကြည့် ကြည့်သွားကြတယ်။ သူတို့က ကျနော်တို့လို ဗမာပြည်သားတွေ။ ဟိုဘက်မှာ လုပ်ကိုင်စားရတာ အခြေအနေမကောင်းလို့ ဒီဘက်မှာ အလုပ်လာလုပ်နေကြတာ။

အိမ့်ရှေ့က ဖြတ်လျှောက်သွားတဲ့ အလုပ်သမတွေက မနက်ဆိုရင် ရှစ်နာရီ၊ နေ့လည် ဆယ့်နှစ်နာရီ၊ ညနေ လေးနာရီ ခြောက်နာရီ အဲ့ဒီအချိန်တွေမှာ အမြဲပဲ ကျနော်တို့အိမ်ရှေ့ကနေ အလုပ်ဆင်းအလုပ်ပြန် ဖြတ်ဖြတ် သွားနေကျ။ ည ဆယ်နာရီ ဆယ့်တစ်နာရီအချိန် သူတို့ဖြတ်သွားတဲ့ အသံတွေကို အိပ်ယာထဲကနေ ကြား နေကျ။

ကျနော်တို့အိမ်ကို တခါတလေ လာလည်တတ်တဲ့ ဧည့်သည်တယောက်လဲ ရှိသေးတယ်။ သူကတော့ အသက် ငါးဆယ်လောက် ရှိတဲ့ အဒေါ်ကြီးတဦးပါ။ သံချေးတက်နေတဲ့ ဂျပန်လုပ် စက်ဘီးကိုစီးပြီး အိမ်ကို လာတတ်တယ်။ ကွမ်းကလဲ အမြဲဝါးတဲ့ပုံစံပါပဲ။ သူလာပြီဆိုရင် ကြားနေကျအသံကတော့

“ဆရာတို့ ပုလင်းတွေ ရှိလား” တဲ့။

သူမေးတာက ပုလင်းတခုတည်းကို မေးတာမဟုတ်ဘူး။ ကျနော်တို့အိမ်က စွန့်ပစ်မယ့် ပစ္စည်းအမှိုက်တွေ ထဲက အမှိုက်စက်ရုံကို ပြန်ရောင်းလို့ရတဲ့ ပစ္စည်းတွေကို ယူလို့ရမလားဆိုတဲ့ အဓိပ္ပါယ်ပါ။ စွန့်ပစ်မယ့် ပစ္စည်း တွေထဲ သူစိတ်ဝင်စားတာတွေကတော့ စက္ကူဖာအစုတ်အပြဲ၊ စက္ကူစုတ်၊ အရက်ပုလင်း၊ ဘီယာပုလင်း၊ ပလပ်စတစ်ဗူးခွံ။ အဲဒီပစ္စည်းတွေကို တောင်းလို့ရတာတောင်းတယ်၊ လမ်းထောင့်တွေမှာ ထောင်ထားတဲ့ အမှိုက်ပုံးတွေကို အားရပါးရ ရှာဖွေမွှေနှောက် ကောက်လို့ရတာ ကောက်တယ်။ ဒါတွေကို စုပြီး အမှိုက် စက်ရုံမှာ အလေးချိန်နဲ့ပြန် ရောင်းတယ်။ အဲဒီက ရတဲ့ငွေနဲ့ ရပ်တည်စားသောက်နေကြတယ်လေ။ တခါ တလေ ဈေးထဲမှာ သွားရင်းလာရင်းနဲ့ အဲဒီအဒေါ်ကြီးကို လင်ဗန်းတခု ရှေ့ချပြီး ထိုင်နေတာကို တွေ့ရ တတ်တယ်။ လင်ဗန်းထဲမှာတော့ ကျနော်တို့နေတဲ့ ရပ်ကွက်ဘေးက ရေအိုင်တွေ၊ လယ်တွေထဲက လယ်ခရု လုံးတွေကို အခွံခွါ အပုံလေးတွေပုံပြီး ထိုင်ရောင်းနေတာ။ တခါက သူ့ကို ကျနော် မေးကြည်ခဲ့ဖူးတယ်။

“ဘာအလုပ်လုပ်လဲ” လို့မေးတော့ သူက ကျနော့်ကိုခပ်တည်တည်နဲ့ဖြေတယ်။
“အရင်းမဲ့ စီးပွားရေးလုပ်ငန်း” တဲ့လေ။

ဒါ ကျနော်တို့အိမ်ကို လာလည်တတ်တဲ့ မိတ်ဆွေတယောက်အကြောင်းနဲ့ ရပ်ကွက်ထဲမှာ နေ့စဉ်မြင်တွေ့ ကြုံဆုံနေရတဲ့ မြင်ကွင်းတွေပေါ့ဗျာ။

ကျနော်က မြို့မှာ အိမ်နဲ့၊ ရုံးနဲ့ အတည်တကျလို ဖြစ်နေတယ်။ မြို့မှာ အနေများလာတယ်ဆိုတော့ မိသားစုနဲ့ အနေကျဲလာတယ်။ သားအကြီးကလည်း ဒီနှစ်ကျောင်းဖွင့်ရင် မြို့မှာ ကျောင်းနေချင်တယ် ပူဆာလာတာနဲ့ သူ့တယောက်လောက်နဲ့တော့ ကိစ္စမရှိလောက်ဘူးဆိုပြီး ဒီနှစ်တော့ သားအကြီးကောင်ကို မြို့ခေါ်ပြီး ကျောင်းထားလိုက်တယ်။ ကျောင်းတက်တော့ လေးတန်းကနေ စတက်ရတယ်။ ကျောင်းသွားကျောင်းပြန် ကတော့ ကျောင်းဖယ်ရီကားနဲ့ပေါ့။ မနက်လင်းတာနဲ့ သူ့ဟာသူ ထမင်းချက်၊ ဟင်းတထုပ်ဝယ်၊ ရေချိုး၊ ထမင်းစား၊ အ၀တ်အစားလဲပြီး ကျောင်းကားလာရင် ကျောင်းသွားတယ်။ တခါတလေ ကျောင်းကား နောက်ကျရင် ကျနော်က အကြိုအပို့လုပ်ပေးရတာလဲ ရှိတတ်တယ်။ ညနေ ကျောင်းကပြန်လာရင်လဲ ငါးနာရီလောက်မှ ပြန်ရောက်လာတတ်တယ်။ ရောက်တာနဲ့ ရေချိုး၊ အ၀တ်လျှော်၊ ထမင်းစားပြီး စာကျက်။ ဒီလိုနဲ့ အိပ်ချိန်ရောက်တော့တာပါပဲ။ စနေ၊ တနင်္ဂနွေနေ့တွေမှာ သူ့ကို ဆော့ချိန်လုပ်ပေးထားတယ်။ သူလဲ သူ့ဟာနဲ့သူ လည်ပတ်နေရောပဲ။

ရွာက သူ့အမေဆီ ကျနော်ပြန်တဲ့အခါဆိုရင် သူ့အတွက်မုန့်ဘိုးကို ရက်နဲ့တွက်ပေးခဲ့ပြီး ရုံးကရဲဘော်တွေနဲ့ အပ်ခဲ့ပြီး ပြန်လာခဲ့ရတာပေါ့။ ဒါတောင် ဖုန်း ခဏခဏဆက်ပြီး ရေချိုး၊ ထမင်းစား၊ အ၀တ်လျှော်၊ စာကျက် ဆိုတာတွေကို လှမ်းလှမ်း မှာနေရသေးတယ်။

ကျနော်က အိမ်ကို တလတခေါက်လောက်တော့ ပြန်ဖြစ်တယ်။ တခေါက်တော့ ကျနော်မြို့ကိုပြန်ရောက် တုန်း ကျနော်တို့ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီး အခြေအနေလေးဘာလေး မေးမြန်း။ ကိုယ့်အခြေအနေလဲ ပြောပြပေါ့။ စကားပြောနေကြရင်းနဲ့ စကားလမ်းကြောင်းက ကျနော့်သားဆီကို ရောက်သွားတယ်။ ဥက္ကဋ္ဌကပြောတယ်။

“မင်းသားကွာ တော်တော်ဆိုးတဲ့ကောင်”

“ဒီကောင် တကယ်မလွယ်တဲ့ကောင်ကွာ” ဟု ဥက္ကဋ္ဌက ညည်းပြောပြောတော့ ကျနော်လဲ ပူထူသွားတာပေါ့။ ဒီကောင် ဘာမွှေထားပြန်သလဲပေါ့။ ကျနော်က ပြန်မေးလိုက်တယ်။

“ဘာဖြစ်လို့လဲ ဥက္ကဋ္ဌ”

“မင်းသားလေ ငါ့ကို လူကြားထဲမှာ ဥက္ကဋ္ဌကြီးလို့ခေါ်တယ်ကွာ၊ ငါကလည်း ဒီကောင်က ငါ့ကိုဥက္ကဋ္ဌ လို့ခေါ်တယ်ဆိုတော့ ဒီကောင် တယ်ဟုတ်ပါလားပေါ့ စိတ်ထဲထင်နေတာ။ နောက်တအောင့်လောက် ကြာ တော့မှ ဒီကောင် ဘာစိတ်ကူးပေါက်တယ်မသိဘူး ငါ့ကို ဥက္ကဋ္ဌကြီး ယောက္ခမကြီးလို့ ထပ်ခေါ်ပြီး ထွက်ပြေး သွားတယ်။ ဒီကောင်တော့ မလွယ်ကြောပဲဟေ့” ဟု ဥက္ကဋ္ဌ မှတ်ချက်ပေးလိုက်တယ်။ ကျနော်လဲ သွားလိုက် လာလိုက်နဲ့ ကျနော်သားကို မျက်ခြည်ပြတ်သွားတယ်။ မြို့မှာနေပြီး ရပ်ကွက်ထဲမှာ ဒီကောင် အခြေအနေ တိုးတက်နေတာ သတိမထားမိလိုက်ဘူး။

တနေ့တော့ သူကျောင်းသွားနေတုန်း သူ့အ၀တ်အစားထည့်တဲ့ အံဆွဲကို မွှေလိုက်တော့ စာတစောင် ထွက် လာတယ်။ စာက ခလေးလက်ရေးနဲ့ ရေးထားတဲ့ကလေးရည်းစားစာပါ။ သေချာကြည့်လိုက်တော့မှ ကလေး မလေး တယောက်က သူ့ဆီကို ရေးတဲ့စာဖြစ်နေတယ်။ စာထဲမှာ ကလေးမလေး ရေးထားတာတွေက ခလေးလက်ရေးဆိုတော့ အတော်ကလေးဖတ်ယူရတယ်။ ရည်းစားစာတို့ ထုံးစံအတိုင်း ပါပဲ။

“သို့”
“ဘယ်သူဘယ်ဝါ”
“ဘာညာ” နဲ့ အစချီထားတာပေါ့။ စာကို ကြိုးစားပြီး ဖတ်နေရင်းနဲ့ စာအလယ်လောက်ရောက်တော့ ကျနော် မျှော်လင့်မထားတဲ့ အရာတခုသွားတွေ့တယ်။ ကောင်မလေးရေးတာက
“နင့်ကို ငါမချစ်နိုင်ဘူး” တဲ့
“ဘာဖြစ်လို့လဲဆိုတော့ နင်ကသူဌေးသား” တဲ့
အဲဒီလို ကလေးမလေးက သုံးသပ်ပြီး ရေးထားတယ်။ ကျနော်လည်း စာကိုဖတ်နေရင်းနဲ့ ရယ်ရမလို၊ ငိုရမလို၊ ၀မ်းသာရမလို၊ သူဌေးအထင်ခံရလို့ ထပဲ က ရတော့မလို ဖြစ်သွားတယ်။

ကိုယ့်တာဝန်တွေ၊ အလုပ်တွေကို သွားလာလုပ်ကိုင်နေရင်းနဲ့ ကိုယ့်သား ဘာဖြစ်နေတယ်ဆိုတာ ပြန် မကြည့်ဖြစ်၊ သတိမထားဖြစ်မိခဲ့ဘူး။ ကျနော့်သား ကြိုက်နေတဲ့ ကလေးမလေးရေးတဲ့ ရည်းစားစာ၊ ပြန်စာ ဖတ်မိတော့မှပဲ ဟ… ငါ သူဌေးဖြစ်နေပါပေါ့လားပေါ့။ စာကိုဖတ်ပြီး ဟိုးခပ်လှမ်းလှမ်းက လယ်ကွင်းတွေ ဘက်ကို လှမ်းကြည့်လိုက်တော့ လယ်ကွင်းထဲမှာ ကလေးတအုပ် အိုင်ပက်ပြီး ငါးဖမ်းနေတာ တွေ့ရတယ်။ အိုင်ပက်လို့ ရေနည်းသွားတော့ ကျန်တဲ့ရေအချို့နဲ့ ဗွက်တွေကို ရေထောက်တွေနဲ့ လိုက်ရမ်း မွှေနှောက် ကြပြီး ခေါင်းလေးတွေ ပေါ်လာတဲ့ငါးတွေကို ကုန်းပေါ်ကို ဆယ်ဆယ်ပြီး ပစ်တင်နေကြတယ်။ ကျနော် သက်ပြင်းချလိုက်မိတယ်။ ကျနော် ချလိုက်တဲ့ သက်ပြင်းရှည်ဟာ အဲဒီ ငါးပက်နေတဲ့ ကလေးတွေ ရဲ့ ဘ၀အမောကနေ တိုက်ရိုက်စီးဆင်းလာသလိုပဲ။ အင်း… ငါးကလေးတွေ ဆီကလည်း ဖြစ်နိုင်ပါတယ်…။

အပြည့်အစုံသို့...

Saturday 16 August 2008

ပုစွန်ဆိတ် ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် နှင့် ခွပ်ဒေါင်းစစ်သည် ဘယ်ညာချီ …

(ခန့်အောင်)
http://www.naytthit.com ... မှ


အချိန်က ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီး န၀တ(နအဖ) စစ်အုပ်စုကို လက်နက်ကိုင် ပြန်တိုက်မယ် ဆိုပြီး တက်ကြွတဲ့လူငယ်များဟာ ဗမာပြည်ရဲ့ အရှေ့ဘက် လူမျိုးစု လက်နက်ကိုင် ဒေသတွေကို ရောက်ရှိ နေချိန်ပါ။ စစ်အုပ်စု နအဖကိုလက်နက်ကိုင်ပြီး တိုက်ပစ်မယ်ဆိုတဲ့ စိတ်ကူးပုံဖေါ်မှု အမျိုးမျိုးနဲ့လေ။ ကျနော် ဆိုရင်လဲ နှစ်ပတ်လောက် သင်တန်းတက်ပြီး ကျနော်တို့နယ်ဘက်မှာ ပြန်ချမယ်လို့ စိတ်ကူးထားတာ။

ဒီလိုနဲ့ တောထဲမှာ စစ်သင်တန်းတွေ တက်ကြပါပြီ။ သင်တန်းပေးတဲ့ ဆရာတွေက အရေးတော်ပုံမှာ ပြည်သူ လူထုဘက်က ရပ်တည်ခဲ့ကြတဲ့ မျိုးချစ်စစ်သည်တွေ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ လူမျိုးစုမဟာမိတ် တပ်ဖွဲ့တွေက စစ်သင်တန်းပေးပါတယ်။ သင်တန်းမှာ ၀တ်စရာ စစ်ယူနီဖေါင်းကမရှိသေးတော့ ဘောင်ဘီ ရှည် ၀တ်တဲ့သူက၀တ်၊ တချို့က ဘောကန်ဘောင်းဘီတို၊ ပုဆိုး၊ စကတ်၊ ထမီ အစုံပဲဝတ်ပြီး သင်တန်း တက်ကြတယ်။ စစ်သင်တန်းမှာ သေနတ်ကလည်း ကိုင်းစရာမရှိတော့ ၀ါးရင်းတုတ်ကိုင်ကြတယ်။

သင်တန်းရိက္ခာတွေကတော့ မျှစ်နဲ့ ငှက်ပျောအူစားရတဲ့နေ့က ခပ်များများပါ။ မြို့ပေါ်ကနေ တောထဲလာ အစာဆင်းရဲ၊အနေဆင်းရဲကြပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်နေရတော့ ဒုက္ခ ဆင်းရဲတွေကို ရယ်စရာ အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ဒီလိုနဲ့ပဲ သင်တန်းတွေဆင်းခဲ့ကြ၊ တိုက် ပွဲတွေ ၀င်ခဲ့ကြတယ်။ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်မှာ အဘဦးအေးမြင့် တော်လှန်ရေးဒေသကို ရောက်လာတယ်။ အဘက ပြည်သူဘက်ကို ရပ်တည်ခဲ့တဲ့ မျိုးချစ်စစ်သားကောင်းတဦးဖြစ်ပါတယ်။ နအဖ စစ်အုပ်စုမှာ အမှုထမ်းနေစဉ်တုန်းက ဗိုလ် သင်တန်းကျောင်းကိုတောင်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ စည်း စနစ်ကြီးပြီး တိကျတဲ့နေရာမှာ နာမည်ကြီး ခဲ့သူပါ။ အဘ တော်လှန်ရေးဒေသကို ရောက် ရောက်ချင်းပဲ ကေအန်ယူ ဗိုလ်သင်တန်းတွေကို စိတ်အား တက်ကြွစွာနဲ့ ကူညီသင်ကြားပေး ပါတယ်။ အဘရဲ့ သင်တန်းတွေ၊ တိုက်ပွဲဖေါ်နည်းတွေ၊ ခံစစ်ထိုင်နည်း တွေဟာ အဲဒီကာလမှာ အလွန်အသုံးဝင်ခဲ့တယ်။

စစ်ပညာ မကျွမ်းကျင်ပဲ တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို အထူးစိုးရိမ်ပါတယ်။ အဲဒီစိုးရိမ်စိတ်နဲ့ပဲ ကျနော်တို့ကို အဘဦးစီးပြီး စစ်သင်တန်းတခု ပြုလုပ်ဖြစ်ခဲ့တယ်။ သင်တန်းတက်မယ့် သင်တန်းသားထဲက အဆင့်လိုက် သင်တန်းအကြပ်၊ အမှူးတွေခန့် သင်တန်းသားတပ်စုတွေဖွဲ့၊ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်တယ်။ အဘကတော့ သင်တန်းနည်းပြချုပ် လုပ်တယ်။

သင်တန်းမစခင် လေးငါးရက်အလိုလောက်ကစပြီး ဆံပင်တွေညှပ်ထားရပါတယ်။ ဆံပင်ညှပ်ရတော့လဲ တော်လှန်ရေးဒေသရဲ့ တခုတည်းသော ဆံသဆိုင်မှာ အလကား ညှပ်ရတာပါ။ ဆံသဆရာတွေက ဗမာ စကားကို သိပ်မပြောတတ်ကြပါဘူး။ ဆံပင်ညှပ်မယ့် သင်တန်းသားတွေက မြို့သားတွေလေ သိတယ် မဟုတ်လား။ ခုံပေါ်ထိုင်ပြီး ဆံသဆရာကို ဘာကေ၊ ညာကေ၊ ဘယ်မင်းသားကေပေါ့။ ဘေးက သိပ်မပြောင် နဲ့။ နောက်က နည်းနည်းရှည်ပေးပါ။ တောင်းဆိုတော့ တော်လှန်ရေး ဆံသဆိုင်က ဆရာကဆိုင်မှာ ချိတ်ထားတဲ့ မှန်တွေကို ဖြုတ်ပြီး သိမ်းလိုက်ပါတယ်။ ပြီးမှ စက်ကပ်ကြေးကိုယူပြီး တခေါင်းပြီးတခေါင်း အပီကြွေးလွှတ်လိုက်တယ်။ ညနေ သောင်ရင်းချောင်းမှာ ရေချိုးဆင်းချိန် အားလုံးပြန်ဆုံတော့မှ တယောက် ခေါင်း တယောက်လက်ညှိုးထိုး ဟားကြရတယ်။

မနက် လေးနာရီခွဲမှာ ၀ီစီသံကို စကြားရပါတယ်။ ၀ီစီသံကြားတယ်ဆိုရင်ပဲ ကမန်းကတန်းထ အိပ်ယာသိမ်း ပြီး တန်းစီတဲ့နေရာကို ရောက်အောင်သွားတန်းစီ၊ လူစုံမစုံစစ်ဆေး ပြီးတာနဲ့ ကြံ့ခိုင် ရေးအတွက် ပီတီပြေး ကြရပါတယ်။ ပီတီပြေးပြီး ဆန်ပြုတ်သောက်၊ ခဏနားပြီး စစ်ရေးပြ ၀င်ရတယ်။ စစ်ရေးပြလုပ်ရာမှာလည်း အဘကိုယ်တိုင် ကြီးကြပ်ပြီး သင်ပေးပါတယ်။ လမ်းလျှောက်ပုံ၊ သတိအနေအထားရပ်နေပုံကအစ ပုံစံ မကျကျအောင် ဆဲဆိုကြိမ်းမောင်း သင်ပါတယ်။ စစ်ရေးပြပြီးရင် နေ့လည်ထမင်းစားချိန် ဖြစ်ပါတယ်။ ထမင်းစားပြီး ခဏနားရတယ်။ ပြီးရင် စစ်နဲ့ပတ်သက်တဲ့ သဘောတရားတွေကို အဘကိုယ်တိုင် လက်ချာ ရိုက်တယ်။

သင်ပေးတာတွေကတော့စုံလို့ပဲ။ စစ်သားကောင်းတယောက်ရဲ့စိတ်ဓါတ်ကစပြီး လုံခြုံရေးကိစ္စ တိုက်စစ် နည်းဗျူဟာတွေ၊ မြေပုံဖတ်၊ လက်နက်ကြီးပစ်နည်းတွေအပြင် တခါတရံ တိုက်ပွဲပုံစံတွေပါ လက်တွေ့လုပ် ကြရတယ်။ ဒီသင်တန်းက တက်ခဲ့သမျှထဲမှာ အပင်ပန်း ဆုံးလို့ထင်တယ်။ မသိသေးတာတွေသိခဲ့တာလဲ အများကြီးပဲ။ သင်တန်းကာလကို သုံးလသတ်မှတ်ထားတယ်။ သုံးလပြည့်လို့ သင်တန်းဆင်းပွဲကိုလည်း သေချာလုပ်မယ်ဆိုတာ သတင်းကြားထားတယ်။ အဘဦးအေးမြင့်ပေးတဲ့ သင်တန်းဆိုတော့ သင်တန်း ဆင်းပွဲကိုလည်း သေသေချာချာ ခမ်းခမ်းနားနားလုပ်ချင်ကြတယ်။

သင်တန်းဆင်းရက် နီးတဲ့အခါကျတော့ အခမ်းအနားနေ့ကျရင် လုပ်ရမယ့် စစ်ရေးပြတွေပါ ကြိုတင်လေ့ ကျင့်မှုတွေပါ ထည့်လုပ်ပေးရတယ်။ အစီအစဉ်အကြမ်းပြင်းက သင်တန်းသား ရဲဘော်တွေက အခမ်းအနား လုပ်မယ့်ကွင်းထဲမှာ တန်းစီရပ်နေရမယ်။ တာဝန်ရှိလူကြီးတွေက အမှာစကားတွေပြောမယ်။ တာဝန်ရှိ လူကြီးက တပ်ကိုစစ်ဆေးမယ်။ နောက်ဆုံးတခုက သင်တန်းစစ်ကြောင်းက တာဝန်ရှိလူကြီးကို ချီတက် အလေးပြုမယ် ဒီလောက်ပဲ။

အစီအစဉ်တွေထဲက နောက်ဆုံးအစီအစဉ်ဖြစ်တဲ့ ချီတက်အလေးပြုတဲ့အခါမှာ စစ်ကြောင်းမှူးရဲ့ `ချီတက်´ ဆိုတဲ့ အမိန့်သံဆုံးတာနဲ့ အရေးကြီးပြီသီချင်းကို အသံချဲစက်က ကွက်တိဖွင့်ပေးရမယ်။ အရေးကြီးပြီ သီချင်းရဲ့ အင်ထရို တီးလုံးအစမှာ…
`တော်.. တီ.. တော်.. တော်….. တော်.. တော်.. တော်.. တူ´
`ဒုန်း ဒုန်း ဒုန်း´ `ဒုန်း ဒုန်း ဒုန်း´
အဲဒီ `ဒုန်း ဒုန်း ဒုန်း´ စတာနဲ့ စစ်ကြောင်းက စလျှောက်ရမှာ ဖြစ်တယ်။ ကျန်တဲ့အစီအစဉ်တွေက အိုကေ နေပြီ။ ချီတက်အလေးပြု အစီအစဉ်တခုပဲ ထစ်နေတာ။ သီချင်းဖွင့်ပေးမယ့်လူရယ် စစ်ကြောင်းရယ် အမိန့် ပေးသံရယ် ကွက်တိဖြစ်ဖို့ အတော် လေ့ကျင့်ယူလိုက်ရတယ်။ ရဲဘော်တွေအားလုံးလဲ အကောင်းဆုံးဖြစ် အောင် စိတ်ကိုဆန့်ပြီး လိုက်လုပ်ပေးကြတယ်။

အသံချဲ့စက်ဖွင့်ဖို့ တာဝန်ယူထားတဲ့ ရဲဘော်ကလဲ သူလုပ်ရမယ့်တာဝန်ကို အပီလေ့ကျင့်တော့တာပေါ့။ သီချင်းတီးလုံးစတဲ့နေရာကို သေချာအောင် ခဏခဏပြန်ရစ်ပြီး ဖွင့်နားထောင်လိုက်။ ` တပ်ဖွဲ့…. ချီတက် ´ဆိုတဲ့အမိန့်ပေးသံကို အော်ပြီး ကက်ဆက်ခလုပ်ကိုနှိပ်ပြီး သီချင်းစဖွင့်လိုက်နဲ့ ကွက်တိဖြစ်အောင် အပြတ် လေ့ကျင့်နေတယ်။ ဒီပွဲမှာ သူက အခရာပဲမဟုတ်လား။ အဲဒီသီချင်းခွေကို ကက်ဆက်ထဲ အမြဲထည့်ပြီး လေ့ကျင့်နေရောပဲ။ အခွေ၊ ကက်ဆက်၊ ဓါတ်ခဲ အမြဲရယ်ဒီပြင်ထားတယ်။ သီချင်းဖွင့်ရမယ့်စက်က နားကြပ် ကက်ဆက်သေးလေးနဲ့ အသံချဲ့စက်ကို ဆက်သွယ်ပြီး ဖွင့်ရမှာဖြစ်တယ်။

အဲဒီရက်တွေက အသံချဲ့စက် တာဝန်ယူထားတဲ့ ရဲဘော်နားမှာ အိပ်တဲ့ရဲဘော်တွေကတော့ သင်တန်းဆင်းပွဲ မပြီးမချင်း အတော်လေးခံစားနေရတယ်။ အမိန့်ပေးလိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ရစ်လိုက်၊ အမိန့်ပေးလိုက်၊ ပြန်စဖွင့်လိုက်နဲ့ ဘာကို နားထောင်လို့ ထောင်ရမှန်း မသိတော့ဘူးပေါ့ ….
`တပ်ဖွဲ့….ချီတက်´
`ကလစ်´
`တော်…တီ…တော်…တော်´
`ဒုန်း..ဒုန်း..ဒုန်း´ `ဒုန်း..ဒုန်း..ဒုန်း´
`ဂျောက်´
`ကလစ်´
`ရှလွတ်…ရှလွတ်…ရှလွတ်´
` တပ်ဖွဲ့….ချီတက် ´ …
အဲဒီအသံတွေပဲ တနေကုန် ပတ်ချာလည်ပြီး ကြားနေရတာ …
သင်တန်းဆင်းပွဲ ချောချောမောမောနဲ့ အဆင်ပြေဖို့အတွက် လေ့ကျင့်နေတာဆိုတော့ ရဲဘော်တွေကလည်း သီးခံကြပါတယ်။

သင်တန်းဆင်းပွဲနေ့ မနက်စောစောမှာ အခမ်းအနား ပြင်ဆင်ရေး တာဝန်ရှိရဲဘော်တွေက အလုပ်တွေ ရှုပ်နေကြတယ်။ အချိန်ကလည်းစောသေးတော့ နှင်းတွေကလည်းကျနေတုန်းပဲ။ အခမ်းအနားစဖို့ကလည်း အချိန်က လိုသေးတယ်။ သင်တန်းသားရဲဘော်တွေ တာဝန်ရှိသူတွေ ကတော့ စကားတပြောပြောနဲ့ ကွင်း ဘက်ကို လျှောက်လာနေကြတယ်။ မဟာမိတ်ဧည့်သည် တွေလည်း တဖြည်းဖြည်း တွေ့လာရပါတယ်။ နေထွက်လာတယ်ဆိုရင်ပဲ နှင်းအကျလည်းကြဲသွားတယ်။ အခမ်းအနား ပြင်ဆင်ထားပုံက ခုမှ ပြတ်ပြတ် ထင်ထင် ပေါ်လာတယ်။ နောက်ခံမှာ ခွပ်ဒေါင်းအလံတော်တွေ စိုက်ထားတဲ့ စကားပြောစင်တခုရယ် ဘေး တဘက်တချက်မှာ …
`တော်လှန်ရေးသည်ငါတို့ကျောင်း ငါတို့တက္ကသိုလ်´
`တိုက်ပွဲဝင် အလံတော်ကို အမြင့်မားဆုံးလွှင့်တင်ကြ´ … ဆိုတဲ့ စာတန်းကြီးနှစ်ခုက နေရာယူထားတယ်။

အခမ်းအနားမှူးလုပ်သူရဲ့အသံ ထွက်ပေါ်လာပါတယ် ...
`သင်တန်းဆင်းပွဲအခမ်းအနား စတင်တော့မှာ ဖြစ်တဲ့အတွက် နေရာယူပေးကြပါခင်ဗျာ´ ဟု ကြေငြာလိုက် တယ် ဆိုရင်ပဲ စစ်ကြောင်းမှူးနဲ့သင်တန်းသားတွေက တန်းစီဖို့သတ်မှတ်ထားတဲ့ နေရာ၊ စကားပြောဖို့ တာဝန်ရှိတဲ့ လူကြီးတွေကလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ နေရာယူကြပါတယ်။ အခမ်းအနားမှူးက သင်တန်းဆင်းပွဲ အခမ်းအနား အစီအစဉ်ကို ကြေငြာသွားပါတယ်။ အစီအစဉ်ရ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်းတို့ကို ပြုလုပ်ပြီး အစီ အစဉ်အတိုင်း တာဝန်ရှိလူကြီးများက အမှာစကားများ ကိုယ်စီပြောသွားကြပါတယ်။

ပထမ တာဝန်ရှိလူကြီးတဦး အမှာစကား ပြောသွားတဲ့အထဲမှာ မှတ်မိလိုက်တာတွေက နအဖ စစ်အုပ်စုကို လက်နက်ကိုင် တိုက်ပွဲနည်းဖြင့်သာအောင်နိုင်မယ်ဖြစ်ကြောင်း၊ တော်လှန်စစ်မှာ စစ်ခရီးစဉ်ကြီး သုံးခုရှိ ကြောင်း၊ အဲဒီအဆင့်သုံးဆင့်ကို ဖြစ်သန်းရမှာဖြစ်ကြောင်း၊ ရဲဘော်တွေအနေနဲ့ စိတ်ဓါတ်မကျဖို့၊ သီးခံစိတ်ရှည်ဖို့တွေပြောပြီး ဆင်းသွားပါတယ်။ အစီအစဉ်အရ တာဝန်ရှိတဲ့နောက်တဦး အမှာစကားတက် ပြောပါတယ်။ သူကတော့ သံတမန်ရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲ၊ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၊ အဲဒီတိုက်ပွဲနည်းနာတွေဟာလည်း ဗမာပြည်တော်လှန်ရေးမှာ လွန်စွာမှ အရေးပါပြီးထိရောက်ကြောင်း ပြောပြီးဆင်းသွားပါတယ်။

စကားပြောဖို့ ကျန်နေသေးတဲ့ နောက်ထပ် တာဝန်ရှိသူတဦး ထပ်တက်လာပါတယ်။ သူကလည်း လက်နက် ကိုင်တိုက်ပွဲနည်းနာ၊ သံတမန်ရေးတိုက်ပွဲ၊ လူအခွင့်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ၊ အဲဒီလိုတိုက်ပွဲနည်းလမ်း ပေါင်းစုံနဲ့ ဆက်စပ်ပြီးလုပ်မှ အောင်မြင်မယ်ပြောပြီး ဆင်းသွားပါတယ်။

ကွင်းလယ်မှာ မတ်တတ်ရပ်ပြီး နာခံနေရတဲ့ ရဲဘော်တွေမှာ အဲဒီတာဝန်ရှိသူ သုံးဦးနဲ့ မတ်တတ်ရပ်ပြီး တိုက်ပွဲဝင်ရတာ သုံးနာရီလောက် ကြာသွားခဲ့ပြီမို့ ခြေထောက်တွေလဲ အတော်အီစိမ့်နေပါပြီ။ ဒါတောင် သူတို့ပြောတဲ့ တိုက်ပွဲနည်းနာတွေနဲ့ မပေါင်းစပ်ရသေးဘူး။ ရဲဘော်တွေခမျာ ငိုက်သလိုလို၊ မူးပြီး ပစ်လဲချင် သလိုလို ဖြစ်ကုန်ကြတယ်။ ပြောနေတာတွေကိုလည်း သေသေချာချာမကြားနိုင်တော့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်လဲမသွားအောင် ထိမ်းထားနိုင်ဖို့က အဓိကဖြစ်နေပါတယ်။

အစီအစဉ်အရ တပ်စစ်ဆေးမယ့် အချိန်ကို ရောက်လာပါတယ်။ စစ်ကြောင်းမှူးက အင်အားစာရင်း သတင်း ပို့ပါတယ်။ တာဝန်ရှိသူတဦးက တပ်မှူးလေးယောက်ရံပြီး တန်းစီနေတဲ့ ရဲဘော်တွေနားလျှောက် လာပါတယ်။ အနားရောက်တော့ စစ်ကြောင်းထိပ်ကနေစပြီး ဇတ်တောက် ဇတ်တောက် လျှောက်နေတဲ့ တပ်မှူး လေးဦးရံပြီး ရဲဘော်တွေကို တခါမှမမြင်ဘူးတဲ့ မျက်နှာမျိုးနဲ့ ကြည့်ပြီး တတန်းပြီးတတန်း စစ်ဆေး သွားတယ်။ တပ်စစ်ဆေးပြီး သူ့နေရာသူ ပြန်ရောက်တဲ့အချိန်မှာ ချီတက်အလေးပြု အစီအစဉ်အလှည့်ပါ။

`တပ်ဖွဲ့ … ရှေ့ ……ကြည့်´
ဆိုတဲ့ စစ်ကြောင်းမှူး အမိန့်ပေးသံ ထွက်ပေါ်လာပါတယ်။ ဒီအစီအစဉ်ပြီးရင် အခမ်းအနားပြီး ဆုံးတော့မယ် ဆိုတော့ ရဲဘော်တွေလဲ နည်းနည်းလန်းလာတာပေါ့။ ခုအပိုင်းက ရဲဘော်တွေ အပိုင်းပဲကျန်တော့တယ်။ ဒီအစီအစဉ်က ရဲဘော်တွေရဲ့အစွမ်းကိုပြရတော့မှာ ဖြစ်တဲ့အတွက် အပီအပြင်စစ်ကြောင်းလျှောက်ပြလိုက် မယ်ဟဲ့ဆိုပြီး စိတ်ကိုတင်းထားတာပေါ့။ အလေးပြုခံမယ့် ပုဂ္ဂိုလ်ကလည်း သူနေရာမှာအသင့်၊ သီချင်းဖွင့်ဖို့ တာဝန်ရှိတဲ့ရဲဘော်ကလည်း သူနေရမှာ အသင့်အနေအထားတွေ့နေရတယ်။

`တပ်ဖွဲ့….. သတိ´
အမိန့်သံဆုံးတာနဲ့ ကွင်းတခုလုံးငြိမ်သက်သွားပါသည်။ စစ်ကြောင်းမှူးက အမိန့်ဆက်ပေးပါတယ်။
`တပ်ဖွဲ့ … သေ….နတ်…. ထမ်း´
`ဗြောင်း´ `ဗြောင်း´
ဆိုတဲ့အသံဆုံးတာနဲ့ ရဲဘော်တွေရဲ့ ဘယ်ဘက်ပခုံးပေါ် သေနတ်တွေရောက်ပြီး သေနတ်ထမ်း အနေ အထားဖြစ်သွားပါတယ်။ သေနတ်ထမ်းလှုပ်ရှားမှုမှာ ရဲဘော်တွေလက်မှာ ၀တ်ထားတဲ့လက်အိပ်အဖြူတွေရဲ့ ရိပ်ကနဲရိပ်ကနဲ ဖြစ်သွားတာဟာ အလွန်ကြည့်ကောင်းတယ်။
`တပ်ဖွဲ့ … ညာ……. လှည့်´
သင်တန်းစစ်ကြောင်းဟာ သုံးယောက်တန်း ညာဘက်လှည့်ပြီး လမ်းလျှောက်ဘို့ဖို့ အသင့်ဖြစ်နေပါတယ်။ စစ်အကြောင်းမှူးက စစ်ကြောင်းရဲ့ထိပ်ကိုလျှောက်လာပြီး စစ်ကြောင်းထိပ်မှာ နေရာယူပါတယ်။ သင်တန်း နည်းပြ တယောက်က စစ်ကြောင်းနောက်မှာ ပိတ်ပြီးနေရာယူတယ်။

အားလုံးအသင့်အနေအထားရောက်တာနဲ့ စစ်ကြောင်းမှူးက ချီတက်ဖို့အမိန့်ပေးမှာဖြစ်တယ်။ အမိန့် ပေးတာနဲ့ အရေးကြီးပြီ သီချင်းဘင်သံနဲ့စထွက်မယ်။ အလေးပြုခံပုဂ္ဂိုလ်ရှေ့ရောက်ရင်အလေးပြုဖို့ အမိန့် ပေးမယ် အဲဒီအခါမှာ အလေးပြုခံပုဂ္ဂိုလ်ဘက်ကိုကြည့် သေနတ်ဒင်ပေါ် ညာလက်တင်၊ လမ်းဆက် လျှောက်၊ ပြီးရင် နေမြဲ အမိန့်ပေး၊ မူလတန်းစီတဲ့ နေရာကို ပြန်ရောက်ရင်ပြီးပြီ။ ကျနော်တို့ဆက်လုပ်ရမှာ က ဒီလောက်ပဲ။

`တပ်ဖွဲ့… ချီ….. တက်´ အမိန့်ပေးသံဆုံးတာနဲ့ ရဲဘော်တွေဟာ အရေးကြီးပြီ အင်ထရိုတီးလုံးသံကို စောင့် နေပါတယ်။ အဲဒီအချိန်မှာ အသံချဲ့စက်က ထွက်လာတဲ့အသံကို ကြားလိုက်ရတာကတော့ ….
`ပုစွန်ဆိတ်ကလေး ဘယ်လို ငယ်ငယ် ပင်လယ်ကူးတတ်တယ် … ´
`ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးတတ်တယ် ….´
လျှောက်ဖို့ခြေလှမ်းပြင်နေတဲ့ စစ်ကြောင်းက စစ်သွေးစစ်မာန်နဲ့လျှောက်ရမယ့် အနေအထားကနေပြီး ပုစွန် စိပ်ခုန် ခုန်ရမလိုလို စည်းချက်အတိုင်း ဖင်လိမ်ပြီ လျှောက်ရမလို ဖြစ်ကုန်ကြတယ်။

ရဲဘော်တွေလဲ ရယ်ချင်ကြတာပေါ့။ ဒါပေမဲ့ ဘယ်သူကမှ မရယ်ရဲကြဘူး။ အားလုံးပွစိပွစိ နဲ့ အသံတွေ ထွက် လာတာပေါ့။ မျက်စိတွေအားလုံးကလည်း ကက်ဆက်ဖွင့်တဲ့ ရဲဘော်ဆီရောက်သွားတာပေါ့။ သူ့ခမျာလည်း ချွေးတွေပြန်၊ ခေါင်းလဲအတော်ပူသွားပုံရတယ်။ အရေးကြီးပြီသီချင်းခွေကို ဟိုလှန် ဒီနှိုက်နဲ့ ပြန်ရှာနေတယ်။ အခွေပြန်တွေ့တာနဲ့ စစ်ကြောင်းကို စဆုံးအမိန့်ပြန်ပေးပြီးမှ အခမ်းအနားပြီးဆုံးသွားတော့တယ်။

အဲဒီလိုကမောက်ကမဖြစ်နေတဲ့အချိန်မှာ ကျနော်တို့သင်တန်းအုပ်ကြီး အဘဦးအေးမြင့်ကတော့ ဆဲနည်း ပေါင်းစုံတွေ လွှတ်တော့တာပေါ့။ အဘအနားကို ဘယ်သူမှ မကပ်ရဲကြတော့ဘူး။

အခမ်းအနားမှာ စစ်ကြောင်း ပုစွန်ဆိတ်ခုန်နည်းနဲ့ ခုန်ပြီး လျှောက်ရမလိုဖြစ်သွားရခြင်းက ဒီလို.. သင်တန်း ဆင်းပွဲမလုပ်ခင်ညက မနက်ဖြန်မှာ ဖွင့်ဖို့အသင့်ပြင်ထားတဲ့ကက်ဆက်ကို မေဆွိခရေဇီ ရဲဘော်တယောက် က ကက်ဆက်ကိုခိုးပြီး မေဆွိအခွေထည့်နားထောင်တယ်။ ပြီးတော့ အခွေကို မထုတ်ဘဲ ဒီအတိုင်းပြန်ထား လိုက်တယ်။ မနက်ရောက်တော့ ဓါတ်စက်ဖွင့်မယ့် ဆရာကလည်း ကက်ဆက်အထဲကအခွေဟာ သူအသင့် ပြင်ထားတဲ့အခွေပဲလို့ထင်နေတယ်။ ဒါနဲ့ အားလုံးအသင့် ဖြစ်နေတဲ့အချိန်မှာ လွှတ်ပေးလိုက်တာလေ …
`ကံကောင်းလို့ ပုစွန်ဆိတ်တွေ မဖြစ်ကုန်တယ် ….´

အပြည့်အစုံသို့...

Thursday 7 August 2008

ကမ္ဘာတခု အိပ်မက်တခု တကယ်ဖြစ်စေဖို့

(ဂါမဏိ)
http://naytthit.com ...မှ


“ကမ္ဘာတခု အိပ်မက်တခု” ဆိုတဲ့ဆောင်ပုဒ်နဲ့ အိုလံပစ်ပွဲတော်ကျင်းပဖို့ တနှစ်တိတိအလို ၂၀၀၇ ခု သြဂုတ်(၈)ရက် ည ၈ နာရီ ၈ မိနစ်ဆိုတဲ့ မင်္ဂလာအချိန်မှာ တရုတ်နိုင်ငံပီကင်းမြို့ တော်ရဲ့ တိန်အန်မင်ရင်ပြင်မှာ အိုလံပစ်အကြို တနှစ်လိုအခမ်းအနားကိုကျင်းပခဲ့တယ်။ မော်စီ တုံးဓာတ်ပုံကြီး ချိတ်ဆွဲထားတဲ့ ကောင်းကင်ဘုံငြိမ်းချမ်းရေးမုခ်ဦးကို အခမ်းအနားအတွက် ရွှေ ရောင်နဲ့အနီရောင်မီးတွေ ထွန်းထားပြီး အကအခုန်အမျိုးမျိုး၊ နာမည်ကျော်အဆို တော်အမျိုး မျိုးနဲ့ မီးရှူးမီးပန်းတွေ ပါဝင်ခဲ့ပါတယ်။

လာမယ့် ၂၀၀၈ အိုလံပစ်ပွဲဟာ အာဏာရတရုတ်ခေါင်းဆောင်တွေအတွက် သူတို့နိုင်ငံကို ဂုဏ်တင်ဖို့ အခွင့်အလမ်းဖြစ်ပေမဲ့ တကမ္ဘာလုံးက လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ပျော်ရွှင်ဝမ်းသာစရာ ပွဲလမ်းသဘင်အဖြစ် မယူဆကြပါဘူး။ ဒါကြောင့် ဒီတနှစ်အကြိုသမယမှာ ဆန္ဒပြပွဲတွေကို တခဲနက်စတင်ခဲ့ကြပါတယ်။

မဟာတံတိုင်းကြီးပေါ်မှာ တိဘက်လွတ်လပ်ရေးထောက်ခံသူ (၆)ဦးက “ကမ္ဘာတခု အိပ်မက် တခု တိဘက်လွတ်လပ်ရေး ချက်ချင်းပေး ၂၀၀၈” ဆိုတဲ့ နဖူးစည်းစာတမ်းကို ချိတ်ဆွဲခဲ့တယ်။ ပီကင်းအိုလံပစ် ဦးစီးကော်မတီရုံးဝင်းအပြင်မှာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က အရာရှိတွေက အကျဉ်းခံ တရုတ်သတင်းထောက်တွေလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဖြစ် ချင်တော့ တရုတ်ပုလိပ်ကလဲ အဲဒီမှာသတင်းယူနေတဲ့ နိုင်ငံခြားသတင်းထောက်တဖွဲ့ကိုဖမ်း လိုက်သေးတယ်။ တက်ကြွလှုပ်ရှားသူတချို့ကလဲ မြန်မာနိုင်ငံနဲ့ ဆူဒန်နိုင်ငံလို ဖိနှိပ်ချုပ်ချယ် လွန်းတဲ့အစိုးရတွေကို ထောက်ခံအားပေး နေတဲ့ တရုတ်ပေါ်လစီ မပြောင်းရင် အိုလံပစ်ပွဲကို သပိတ်မှောက်ကြဖို့အထိ လှုံ့ဆော်စည်းရုံး လှုပ်ရှားနေကြတယ်။
တရုတ်အစိုးရပိုင်းကတော့ အိုလံပစ်ပွဲကို နိုင်ငံရေးမပတ်သက်ဖို့ ထပ်တလဲလဲတောင်းဆိုနေ လေရဲ့။ ဒါပေမဲ့ ဒီမျှော်လင့်ချက် ကတော့ မဖြစ်နိုင်တဲ့စိတ်ကူးပါ၊ သမိုင်းကိုပြန်ကြည့်ရင် ၁၉၃၆ ခု ဘာလင်အိုလံပစ်ကို ဟစ်တလာက ၀ါဒဖြန့်ချိရေးအတွက် စအသုံးချခဲ့တယ်။ ၁၉၆၈ ခု မက္က ဆီကိုအိုလံပစ်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့လူမည်းအားကစားသမား နှစ်ယောက်က အမေရိကန်နိုင်ငံရဲ့ လူဖြူလူမည်းခွဲခြားရေးဝါဒ ကန့်ကွက်တဲ့ဆန္ဒပြမှုကို ဆုယူနေရင်းနဲ့လုပ် ခဲ့တယ်။

ဟန်ဂေရီတော်လှန်ရေးကို ဆိုဗီယက်ပြည်ထောင်စုက သွေးချောင်းစီးနှိမ်နင်းခဲ့တာကို ကန့် ကွက်တဲ့ အနေနဲ့ နယ်သာလန်၊ စပိန်၊ ဆွစ်ဇာလန်တို့က ၁၉၅၆ ခု မဲလ်ဘုန်းအိုလံပစ်ကိုသပိတ် မှောက်ခဲ့သလို ဆူးအက်တူးမြောင်းအရေးအခင်းမှာ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးတို့ရဲ့ စွက်ဖက် မှုကို ကန့်ကွက်တဲ့အနေနဲ့လဲ ကမ္ဘောဒီးယား၊ အီဂျစ်၊ အီရတ်၊ လက်ဘနွန်တို့က အဲဒီ မဲလ်ဘုန်း အိုလံပစ်ကို သပိတ်မှောက်ခဲ့ကြတယ်။ အသား အရောင်ခွဲတဲ့တောင်အာဖရိကနိုင်ငံကို ပါဝင် ခွင့်ပြုလို့ ၁၉၇၂ ခု မြူးနစ်အိုလံပစ်ပွဲနဲ့ ၁၉၇၆ ခု မွန်ထရီယယ်အိုလံပစ်ပွဲတွေကို အာဖရိကနိုင်ငံ (၂၈)နိုင်ငံက သပိတ်မှောက်ခဲ့တယ်။ တရုတ်နိုင်ငံကလည်း နိုင်ငံတကာအိုလံပစ် ကော်မတီ (အိုင်အိုစီ)က တရုတ်တနိုင်ငံတည်းမူကို လက်မခံလို့ဆိုပြီး ၁၉၇၆ အိုလံပစ်ကို သပိတ်မှောက် ခဲ့တယ်။ ဒီ့အရင်ကလည်း တိုင်ဝမ်(တရုတ်ဖြူ)ကို တရုတ်နိုင်ငံအဖြစ် အသိအမှတ်ပြု ပြိုင်ပွဲဝင် ခွင့်ပေးထားလို့ဆိုပြီး အိုလံပစ်ပွဲတွေမှာ ၀င်ပြိုင်ဖို့ဖိတ်တာတွေကို တရုတ်(နီ)က ၁၉၅၂ အိုလံ ပစ် ကစပြီးတောက်လျှောက် သပိတ်မှောက်ခဲ့ပါတယ်။ ၁၉၈၄ ကျမှ တရုတ်နိုင်ငံဟာ ကမ္ဘာ့ အိုလံပစ်ပြိုင်ပွဲတွေမှာ စတင်ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၈၀ ခု မော်စကိုအိုလံပစ်ကိုတော့ အမေရိကန်ခေါင်းဆောင်တဲ့ နိုင်ငံ (၆၂)နိုင်ငံက အာဖဂန် နစ္စတန် အရေးကြောင့် သပိတ်မှောက်ခဲ့သလို ၁၉၈၄ ခု လော့စ်အိန်ဂျယ်လိအိုလံပစ်ပွဲကိုတော့ ဆိုဗီယက်ရုရှ ခေါင်းဆောင်တဲ့ (၁၅)နိုင်ငံက ၈၀ ခုနှစ်အတွက် လက်စားချေတဲ့အနေနဲ့ သပိတ် မှောက်ခဲ့တယ်။ အာဖဂန်ကိစ္စကြောင့် မော်စကိုအိုလံပစ်ကို သပိတ်မှောက်တဲ့ အထဲမှာ တရုတ် ပြည်သူ့သမတနိုင်ငံလည်း ပါခဲ့ပါတယ်။

၁၉၇၂ မြူးနစ်အိုလံပစ်မှာဘဲ ပါလက်စတိုင်းအကြမ်းဖက်သမားတွေက အစ္စရေးအားကစား သမားတွေကို ၀င်ရောက် ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့အတွက် အစ္စရေးအားကစားသမား (၁၁) ယောက်၊ ဂျာမန်ရဲ(၁)ယောက်၊ အကြမ်းဖက်သမား(၅)ယောက် သေခဲ့တယ်။ ၁၉၉၆ အတ္တလန် တာအိုလံပစ်မှာတော့ အမေရိကန်အကြမ်းဖက်သမားတယောက်ကဗုံးခွဲလို့ လူနှစ်ယောက်သေ (၁၁၁)ယောက်ဒဏ်ရာခဲ့တယ်။

၂၀၀၈ ဧပြီ(၂၄)ရက်မှာ အိုင်အိုစီက နိုင်ငံအသီးသီးက အိုလံပစ်ကော်မတီတွေဆီ တရားဝင်စာ တစောင်ပို့ခဲ့ရာမှာ အိုလံပစ်ပွဲတော်ဝင်းအတွင်း ဘယ်နေရာမှာမဆို အားကစားသမားတွေရဲ့ နိုင်ငံရေးသဘောထားဖော်ထုတ်မှုကို တားမြစ်ထားပါတယ်။ စကားအားဖြင့်(သို့မဟုတ်)စာအား ဖြင့် လွတ်လပ်စွာဖော်ပြမှုတင်မက အသံတိတ် အမူအရာဟန်ပန်အားဖြင့် ဖော်ပြမှုကိုပါတား မြစ်တာဖြစ်ပါတယ်။ ဒီနေရာမှာ အိုင်အိုစီက အိုလံပစ်ပဋိညာဉ်စာတမ်း ပုဒ်မ ၅၁/၃ ကို ရည် ညွှန်းပြီး “မည်သည့် အိုလံပစ်ပွဲခင်းများ သို့မဟုတ် ပြိုင်ပွဲကွင်းများ သို့မဟုတ် အခြားနေရာများ တွင်မှ ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးဝါဒဖြန့်မှု သို့မဟုတ် ဘာသာရေးဝါဒဖြန့်မှု သို့မဟုတ် လူမျိုး ရေးဝါဒဖြန့်မှုမှန်သမျှကို ခွင့်မပြု”လို့ ထောက်ပြထားပါတယ်။ ဒါဟာ အင်မတန့်ကို ကျယ်ကျယ် ပြန့်ပြန့် အဓိပ္ပာယ်ကောက်လို့ရတာ ဖြစ်တဲ့အတွက် ပုဂ္ဂိုလ် တဦးတယောက်ကဖြစ်စေ ဒါမှမ ဟုတ် ပုဂ္ဂိုလ်တစုကဖြစ်စေ ပြုလုပ်တဲ့လုပ်ရပ်တွေ၊ တုံ့ပြန်မှုတွေ၊ သဘောထားတွေ သို့မဟုတ် ဘယ်လိုဖော်ပြပုံမျိုးမဆို အကြုံးဝင်နေပြီး အဲဒီလူတွေရဲ့ပုံသဏ္ဌာန် အပြင်အဆင်အ၀တ်အစား ကိုယ်ဟန်မူရာ၊ စာဖြင့်ထုတ်ပြန်ကြေညာချက်၊ နှုတ်အားဖြင့်ထုတ်ပြန်ကြေညာချက်တွေ အား လုံး ပါဝင်ပါတယ်။

ဂျော့အော်ဝဲလ်ရေးတဲ့ “၁၉၈၄” ၀တ္ထုဆံဆံ မနောကံပြစ်မှုတွေကို အိုင်အိုစီက စာရင်းထုတ်ပြန် တာဟာ တိဘက်အရေး လှုပ်ရှားမှုတွေ၊ မြန်မာ့အရေးလှုပ်ရှားမှုတွေကို တရုတ်အလိုကျ ဟန့် တားဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ပြင်သစ်အားကစား သမားတွေက “ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ ကြီးအတွက်” လို့ ခပ်ပျော့ပျော့ရေးထားတဲ့ ရင်ထိုးတံဆိပ်တွေ တပ်ဖို့ကြံရွယ်ထားတာတောင် ပိတ်ပင်ခံရဖို့ ဖြစ်သွားပါတယ်။ ဒါ့အပြင် ခြေဟန် လက်ဟန်ပြတာမျိုး၊ မျက်နှာအမူအရာ ပြတာ မျိုးကိုပါ အရေးယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ တချိန်တုံးကလည်း ဗြိတိန်နဲ့ နယူဇီလန်နိုင်ငံ အိုလံပစ်ကော်မတီတွေက ဒီလို အမိန့်မျိုးတွေ ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူထု ဖိအားတွေကြောင့် အဲဒီအိုလံပစ်ကော်မတီတွေ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ကတော့ အားကစားသမားတွေဟာ တခြားနိုင်ငံသားတွေလိုဘဲ ပီကင်းအပါအ၀င် ဘယ်နေရာမှာဖြစ်ဖြစ် လူ့အခွင့်အရေးနဲ့အညီ ငြိမ်းချမ်းစွာနဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိရမယ် လို့ရပ်တည်ထားပါတယ်။ (၁၉၆၈ ခုတုံးကတော့ အိုလံပစ်ပွဲမှာဆန္ဒပြတဲ့ လူမည်းအားကစား သမားနှစ်ယောက်ကို အမေရိကန်အိုလံပစ်ကော်မတီက ရာသက်ပန် အားကစားပြိုင်ခွင့် ပိတ် ပစ်ခဲ့ပါတယ်။)

အိုင်အိုစီက အဲသလိုမီးစိမ်းပြပြီးတဲ့နောက် ဇွန်(၄)ရက်မှာ ပီကင်းအိုလံပစ်ပွဲတော်ဦးစီး ကော်မ တီက အိုလံပစ်ပွဲလာ နိုင်ငံခြားသားတွေအတွက် ရှောင်ရန် ဆောင်ရန် စည်းကမ်းချက်တွေ တသီကြီးထုတ်ခဲ့ပါတယ်။ ဒီထဲမှာ ဟော်တယ်မှာ မတည်းတဲ့သူတွေ ရဲစခန်းမှာ ဧည့်စာရင်း တိုင်ရမယ်၊ အဆောက်အဦးပြင်ပ လေဟာပြင်မှာ မအိပ်ရ၊ အိုလံပစ်လက်မှတ် ၀ယ်ထားသူ တိုင်းကို ဗီဇာအလိုအလျောက် မထုတ်ပေးနိုင်၊ အိုလံပစ်ပွဲခင်းအတွင်း နိုင်ငံရေး ဘာသာရေး လူမျိုးရေး ကြွေးကြော်သံများ အော်ဟစ်ခြင်း နဖူးစည်းစာတန်းများ ပိုစတာများ ကိုင်ဆောင် ခြင်း မပြုရ၊ တရုတ်နိုင်ငံတော်အလံကို မီးရှို့ခြင်း ဖျက်ဆီးခြင်း မလုပ်ရ၊ ‘စိတ်ရောဂါ’ ရှိသူများ မလာရ၊ တိဘက်အကြောင်း လုံးဝ ပါးစပ်မဟရ စသည်တို့ ဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေ ကို အင်္ဂလိပ်ဘာသာနဲ့ မထုတ်ဘဲ တရုတ်ဘာသာနဲ့ဘဲ ထုတ်တာလည်း ထူးဆန်းနေပါတယ်။

အိုင်အိုစီကတော့ မိမိတို့ဟာ နိုင်ငံရေးအသွင်မဆောင်တဲ့ အိုလံပစ်အစဉ်အလာကို ထိန်းသိမ်း ရပ်ခံနေတာသာ ဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမဲ့ အိုလံပစ်ပဋိညာဉ်ထဲမှာ “အားကစားဖြင့် လူသား၏ သဟဇာတကျ ပြေပြစ်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးဆောင်ပြီး လူ့ဂုဏ် သိက္ခာ ထိန်းသိမ်းခိုင်မြဲရေးနှင့်ဆိုင်သည့် ငြိမ်းချမ်းသောလူ့ဘောင် ဖြစ်ထွန်းရေးကို အားပေး မြှင့်တင်ရန်”လို့လည်း အတိအလင်းကြေညာထားပါတယ်၊ တကယ်တော့ ဒါဟာ နိုင်ငံရေးဘဲ မဟုတ်ပါလား၊ ငြိမ်းချမ်းရေးရချင်ရင် စေ့စပ်ဆွေးနွေးရပါတယ်၊ လူ့ဂုဏ်သိက္ခာခိုင်မြဲဖို့ဆိုရင် တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့် အရေးတို့ လိုအပ်ပါတယ်။

အိုင်အိုစီက ၂၀၀၈ ခု အိုလံပစ်ပွဲအိမ်ရှင်အဖြစ် တရုတ်နိုင်ငံကိုရွေးခဲ့စဉ်တုံးက အကြောင်း တချက်က ဒီ အိုလံပစ်ပွဲကြောင့် တရုတ်နိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတိုးတက်အောင် အားပေးနိုင်လိမ့်မယ်ဆိုတဲ့ စဉ်းစားချက်နဲ့ရွေးခဲ့တာဖြစ်ပါတယ်။ အခုတော့ အိုင်အိုစီက ငြိမ်း ချမ်းစွာတိုက်ပွဲဆင်မှုတွေကို ပိတ်ပင်နေတာဟာ(၁၉၃၆ ခု ဟစ်တလာရဲ့ ဘာလင်အိုလံပစ်တုံး ကလို) တရုတ်နိုင်ငံရဲ့ စီးပွားရေးကြော်ငြာဆံဆံ ၀ါဒဖြန့်ပွဲကြီး အကျိုးအတွက်သာဖြစ်ပြီး အားကစားပြိုင်ဆိုင်မှုထက် အများကြီးပိုအရေးကြီးတဲ့ တန်ဖိုးစံတွေကို မြေမြှုပ်စတေးပစ်ရာ ရောက်နေပါတယ်။

“အိုလံပစ်ဆိုတာ လူ့သဘာဝနဲ့ ပတ်သက်နေတယ်”လို့ ယခင် တရုတ်ကွန်မြူနစ်ပါတီ အထွေ ထွေအတွင်းရေးမှူး ကျောက်ကျိယန်ရဲ့ အကြံပေးအရာရှိဟောင်း ပေါက်တုံး ကိုယ်တိုင်က ပြော ပါတယ်၊ “ဒီတော့ အိုလံပစ်ကို လူ့အခွင့်အရေး နဲ့ ခွဲခြားပစ်ဖို့ မဖြစ်နိုင်ဘူးဗျ”တဲ့။ တကယ်တော့ တရုတ်ဟာ သူ့တိုင်းပြည်မှာ အိုလံပစ်ပွဲလုပ်ဖို့ လျှောက်လွှာမတင်မီ ကတည်းက အဲဒါကို စဉ်း စားခဲ့ဖို့ ကောင်းပါတယ်။ အခုတော့ တရုတ်အစိုးရဟာ ပီကင်းအိုလံပစ်နဲ့ မြန်မာ့ရွှေဝါရောင် တော်လှန်ရေး၊ တိဘက်ရွှေဝါရောင်တော်လှန်ရေးတွေ၊ ဆူဒန်နိုင်ငံ ဒါဖာလူသတ်ပွဲတွေ ချိတ် ဆက်မိမှာကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်နေပြီး အဲဒါမျိုးချိတ်ဆက်တာဟာ “တာဝန်မဲ့ လုပ်ရပ်” ဖြစ်တယ်လို့ သွေးရူးသွေးတန်းပြောနေပါတယ်။

မြန်မာ့အရေးနဲ့ တိဘက်အရေးတွေကြောင့် ပီကင်းအိုလံပစ်ပွဲကို သပိတ်မှောက်ဖို့ ငြိမ်းချမ်း ရေးနိုဘယ်ဆုရှင် တောင်အာဖရိက ဂိုဏ်းချုပ်ဘုန်းတော်ကြီးဒက်စမွန်တူးတူးက လှုံ့ဆော်ထား ပါတယ်။ နော်ဝေး၀န်ကြီးချုပ်ဟောင်း ဘွန်ဒီဝစ်ကတော့ မြန်မာနိုင်ငံအခြေအနေကို အာရုံစိုက် လာအောင် ပီကင်းအိုလံပစ်ကို ကမ္ဘာကအသုံးချရမယ်လို့ ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၀၇ အောက်တိုဘာလမှာ ဆော်သြခဲ့ပါတယ်။ ပီကင်းအိုလံပစ်ပွဲဟာ တရုတ်ပြည်ရဲ့အိမ် နီးချင်း မြန်မာနိုင်ငံအခြေအနေ တိုးတက်လာစေနိုင်တဲ့ နည်းလမ်းဖြစ်နိုင်တယ်လို့ နော်ဝေး ၀န်ကြီးချုပ်ဟောင်းက ယုံကြည်ပါတယ်။ ဒီအတွက် အိုလံပစ်ပွဲမတိုင်မီမှာရော အိုလံပစ်ပွဲ ကာလအတွင်းမှာပါ အိုလံပစ်နဲ့ချိတ်ဆက်ပြီး လှုပ်ရှားမှုတွေလုပ်ရမယ်လို့ အော်စလို ငြိမ်းချမ်း ရေးနဲ့လူ့အခွင့်အရေးဗဟိုဌာနရဲ့ လက်ရှိအကြီးအကဲဖြစ်နေတဲ့ ဘွန်ဒီဝစ်က ဆိုပါတယ်။ အား ကစားနဲ့ နိုင်ငံရေးကို လုံးလုံးလျားလျား ခွဲခြားရမယ်ဆိုတဲ့ ခေတ်ဟောင်းအမြင်ဟာ ဒီနေ့ ခေတ်ကမ္ဘာနဲ့ မကိုက်ညီတော့ဘူးလို့ ဘွန်ဒီဝစ်က ပြောပါတယ်။

ဂါမဏိ
ရည်ညွှန်း၊တိုင်းမဂ္ဂဇင်း၊ သြဂုတ် ၂၀၊ ၂၀၀၇၊
နော်ဝေပို့စ်၊ အောက်တိုဘာ ၂၊ ၂၀၀၇၊
ဝါရှင်တန်ပို့စ် သတင်းစာ၊ မေ ၁၁၊ ၂၀၀၈၊
wikipedia


အပြည့်အစုံသို့...

Wednesday 6 August 2008

ရှစ်လေးလုံးအမှတ်တရ(၁)...

အပြည့်အစုံသို့...

ရှစ်လေးလုံးအမှတ်တရ(၂)...

အပြည့်အစုံသို့...

နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ဖဲကြိုးနီဆု SAW အဖွဲ့ မှရရှိ …

၂၀၀၈ခုနှစ် မက္ကဆီကိုမြို့တွင်ကျင်းပနေသော UN AIDS တိုက်ဖျက်ရေးညီလာခံမှ ကမ္ဘာတ၀ှမ်း AIDS တိုက်ဖျက်ရေးမှာ စံပြ ပါဝင်ခဲ့ကြတဲ့ လူထု အခြေပြုအဖွဲ့အစည်း၂၅ ဖွဲ့ကိုဖဲကြိုးနီ ဆုချီးမြှင့်ခဲ့ပါတယ်။ ဆုချီးမြှင့်ခံရတဲ့ အဖွဲ့တွေထဲမှာ ထိုင်းမြန်မာနယ်စပ်မှ Social Action for Women (SAW) အဖွဲ့လည်းအပါ အ၀င်ဖြစ်ပါတယ်။ (SAW) အဖွဲ့က ထိုင်းမြန်မာနယ်စပ်တွင် ရွှေ့ပြောင်းအလုပ်သမားများကို ကျန်းမာရေးပညာပေး လုပ်ငန်းများ၊ HIV/AIDS ဝေဒနာရှင် များအားစောင့်ရှောက်မှု၊ ခိုကိုးရာမဲ့အမျိုးသမီးများကလေးများ ကူညီစောင့်ရှောက်ပေးမှုများနှင့် မိဘမဲ့ကလေးများစောင့်ရှောက်မှု စသည့်များကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ ဒီဆုကို SAW အဖွဲ့ရဲ့အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာဒေါ်ဝင်းမြင့်သန်း မှ အဖွဲ့ကိုယ်စားတက်ရောက်ယူမှာ ဖြစ်ပါတယ်။
http://socialactionforwomen.blogspot.com

အပြည့်အစုံသို့...

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင် ထာဝရ ထွန်းပြောင်ပါစေ

(၀င်းတင့်ထွန်း)

၈ - ၈ - ၈၈ မှ
၁၈ - ၉ -၈၈ နေ့အထိ
၁၃၅၀ပြည့် အရေးတော်ပုံ
ရှစ်လေးလုံးအရေးတော်ပုံ -
ဒီ အရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ဟာ
စစ်အာဏာရှင်တွေ ဘယ်လိုဖြို ဖြို
ဘယ်တော့မှ မပြို ပျက်
ဆက်လက်ပြီးပဲ ရှင်သန်
သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာတယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာပြည်ရဲ့ သမီးသား
ခွပ်ဒေါင်းများက စတင်လိုက်
လူထုတိုက်ပွဲပေါင်းစုံတို့ရဲ့ စုစည်းရာ
သမိုင်းဝင် မဟာအရေးတော်ပုံကြီး ဖြစ်ပါတယ် ။


ဒီအရေးတော်ပုံကြီးဟာ
သမိုင်းဂုဏ် အလွန်မြင့်မား
စံထားရမယ့် မှတ်ကျောက်နီ ။

ဒီအရေးတော်ပုံကြီးဟာ
အာဇာနည်များစွာကို မွေးဖွား
သွေးနဲ့ရေးထားရတဲ့ မော်ကွန်းရှည် ။

ဒီအရေးတော်ပုံကြီးကနေ
အမိမြေ ရဲ့ ဒီမိုကရေစီရေး
ဟစ်ကြွေး ရှေ့ရှုနိုင်ခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
လူတန်းစားအထွေထွေရဲ့ ဆန္ဒပြ
ဖေါ်ထုတ်ပြရာ အစုအစည်း
သမဂ္ဂအသီးသီး ပေါ်ထွန်းလာခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
နိုင်ငံရေးပါတီ များစွာ
မွေးဖွားပေးခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေရဲ့ မူလ
ဗကသ
တကသ
ရကသ တို့အပြင်
သမိုင်းစဉ်မှာ မရှိဖူးသေး
အခြေခံပညာရေးကျောင်းသားများသမဂ္ဂ
အကသ ကို မွေးဖွားပေးခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေအတွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF
ကျောင်းသားလက်နက်ကိုင်တပ်မတော်
ထွန်းပေါ် ပေါက်ဖွားလာခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးဟာ
ဗမာ့သမိုင်းသာမက
ကမ္ဘာ့သမိုင်းအထိ မှတ်တမ်းဝင်
မော်ကွန်းတင်ထားရမယ့် အရေးတော်ပုံကြီးဖြစ်ပါတယ်။။

ဒီအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ကို
ဘယ်အချောင်သမား ဘယ်အုပ်စိုးသူ
ဘယ်ဖေါက်ပြန်သူကမှ ချေ ဖျက်မရ
သမိုင်းတလျောက် ထာဝစဉ်
ဥဒါန်းတွင်ရစ်ပါစေသောဝ် ။ ။

( ၀င်းတင့်ထွန်း )
(မှတ်ချက်။၁၉၉၅ ခုနှစ်က။ တက္ကသိုလ်စိန်ရတု အထိမ်းအမှတ်အဖြစ်။ ဗကသများအဖွဲ့ချုပ်မှ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ‘ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ’ လုံးချင်းကဗျာစာအုပ်မှ၈၈၈၈ ရှစ်လေးလုံးအ ရေးတော်ပုံအပိုင်းကဏ္ဍပါကဗျာပိုဒ်များကိုထုတ်နှုတ်ပြီး ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀) မြောက်ကို အထိမ်းအမှတ်ပြုလိုက် ခြင်းဖြစ်ပါတယ်။)

အပြည့်အစုံသို့...