Saturday 28 June 2008

မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု

(၀င်းတင့်ထွန်း)
နယ်စပ်ဘ၀ ၀တ္ထုတိုများ အမှတ်(၉)
(http://naytthit.com မှ ကူးယူဖေါ်ပြပါသည်)

( ၁ )
‘မောင်မောင်’ ဆိုတဲ့ကောင်ဟာ စီးပွားရေးသမားတယောက်ပါ။စီးပွားရေးသမားတွေထဲမှာ‘ဘနဖူးသိုက်တူးချင်’တဲ့ကောင်တွေ တော်တော်များများရှိတာမှန်ပေမဲ့၊ အဲသလောက်လောဘ ဇောတိုက်တဲ့စီးပွားရေး သောင်းကျန်းသူမျိုးတွေထဲမှာ မောင်မောင် တယောက်မပါခဲ့ဖူးဘူးဆိုတာ တော့ကျမ်းကျိန်ပြောရမယ်ဆိုရင်လဲပြော ရဲပါတယ်၊ တကယ်ပါ။ဒါကြောင့်လဲ ကိုယ့်ဟာကိုယ် အမြဲလိပ်ပြာသန့်သန့်နဲ့နေနိုင်ခဲ့သလို မောင်မောင့်အပေါ် ယုံကြည်သူတွေလဲရှိခဲ့ပါတယ်။ စီးပွားရေးကလဲဖြစ် ထွန်းသင့် သလောက်တော့ ဖြစ်ထွန်းခဲ့ပါတယ်။ ကျောင်းကနေဘွဲ့ရပြီးကတည်းက စီးပွားရေးလောကထဲ ခြေစုန်ပစ်ရောက်လာတော့လဲ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကြီးကြီးကျယ်ကျယ် ပြသာနာမရှိခဲ့ပါဘူး။ မိဘတွေဆွေမျိုးသားချင်းတွေ ကိုယ်တိုင်ကလဲ ကုန်သည်ကြီးမျိုးရိုးတွေ မဟုတ်လား။
လူကတရုတ်သွေးပါတော့။ ကျောင်းကပြီးလို့ စီးပွားရေးလုပ်တော့ မယ်ဆိုတော့။ မိဘတွေကရော ဆွေမျိုးသားချင်းတွေကပါ တရုတ်-ဗမာနယ်စပ်သွား လုပ်ဖို့ပဲ တိုက်တွန်းကြတာပေါ့။တရုတ်စာ တရုတ်စကားကလဲ တတ်ပြီးသားဆိုတော့။ နယ်စပ်မှာ ဘာမှသိပ်ပြီးမကြာလိုက်ပါဘူး။ ကိုယ်လဲ ရာဘရိတ်ထောင်ဘရိတ်လောက် တော့ကိုင်နိုင်တဲ့ စီးပွားရေးသမားတယောက် ဖြစ်လာခဲ့တာပေါ့။ မိဘဆွေမျိုးအ၀န်း အ၀ိုင်း တွေဖက်က ရေခံ မြေခံရှိပြီးသားဆိုတော့။ တရုတ်ပြည်ဖက်က ဘယ်ကုန်ယူချင်သလဲ။ ကြိုက်သလောက် ယူလို့ရပါတယ်။ ရောင်းပြီးငွေချေ ဒါမှမဟုတ် နှစ်ကုန်မှ စာရင်းရှင်း၊ ကြိုက်တဲ့ကုန်ကိုကြွေးယူလို့ ရပါတယ်။ ဒါနဲ့ နှစ်ဆယ်နဲ့ချီပြီး ကြာလာတဲ့အခါ ကိုယ်လဲ ကုန်သည်ကြီးတယောက် စီးပွားရေး သမားကြီးတယောက်အဖြစ်တော့ ရောက်လာခဲ့ရပါတယ်။ ကုန်သည်ဆိုတာ မြတ်မယ့်ဥစ္စာ လိုက် လုပ်ကြလေ့ရှိ တယ်ဆိုပေမဲ့ ကျနော်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ ကိုယ်သန်ရာ သန်ရာ တလိုင်းကောင်း နှစ်လိုင်းကောင်းပဲ လုပ်ခဲ့ပါတယ်။ နယ်စပ်မှာ ကုန်သည်ကြီးတွေ တော်တော်များများဟာ သွင်းကုန်ရော ပို့ကုန်ပါ လုပ်ကြလေ့ရှိပေမဲ့။ ကျနော်ကတော့ သွင်းကုန်ပဲ အဓိက ထား လုပ်ခဲ့ပါတယ်။ သွင်းကုန်ဆိုတာ ဗမာပြည်ဖက်က သွင်းမယ့်ကုန်။ တရုတ်ကုန်ကိုပဲ သွင်းပြီး လက်ကားဖြန့်တဲ့အလုပ်ကို ပြောတာပါ။ အဲဒီတော့ ကုမ္မဏီတော့ ထောင်ရ တာပေါ့။ဒီခေတ်က ကုမ္မဏီခေတ် မဟုတ်လား။ကိုယ်ပိုင်ကုမ္မဏီမရှိပဲ ဘယ့်နှယ်လုပ် သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်မလဲ လက်ကားဖြန့်တဲ့အခါ ပိုပြီးအဆင်ပြေအောင် ရန်ကုန် မှာလဲ ကုမ္မဏီခွဲတခု ထောင်ထားပါတယ်။ ကိုယ်တိုင်ကတော့ နယ်စပ်မှာပဲ ထိုင်ထားလိုက်တယ်။ ဒီဖက်ကနေ ဖုန်းနဲ့ပြော ဖုန်းနဲ့လုပ်ပေါ့ ။
လူက နယ်စပ်မှာပဲ အနေကြာလာတော့ ရန်ကုန်တို့မန္တလေးတို့မှာလဲ မနေချင်ဘူး။ ကိစ္စ၀ိစ္စရှိလို့ သွားရတာတောင် ရာသီဥတုကကိုယ်နဲ့သိပ် သဟဇာတမတည့် သလို ဖြစ်ဖြစ်လာတယ်။ နယ်စပ်ကမှ ကိုယ်နဲ့ပိုတည့်သလိုလို ခံစားလာရတယ်။ ဒါပေမဲ့ လူက တရုတ်သွေးတာ ပါတာ ကိုယ့်ကိုမွေးလာခဲ့တာက ရန်ကုန်လဲ မဟုတ်သလို မန္တလေးလဲ မဟုတ်ပါဘူး။ မြို့ကြီး ပြကြီးလဲ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်မှာတောင် ပင်လယ်ဝမှာ မွေးလာခဲ့တာဗျ မူလတန်း ကျောင်းသားထိအောင် ပင်လယ်ဝမှာပဲ နေ လာခဲ့ရတာဗျ အရွယ်ရောက်တော့ ရန်ကုန်မှာလဲ အကြာကြီး ဘွဲ့ရတဲ့အထိနေခဲ့ဖူးသလို။ မန္တလေးမှာလဲနေခဲ့ထိုင်ခဲ့ဖူးပေမဲ့ ရင်ထဲမှာစွဲနေမိတာက မြစ်ဝကျွန်းပေါ်ပဲ၊ ပင်လယ် ၀ ပဲ။ မကြာမကြာ သတိတရ ဖြစ်ဖြစ်နေတတ်တာကလဲ ပင်လယ်ဝ ပဲ။ အုပ်လိုက်မျောသွားတတ်တဲ့ ဗေဒါအုပ်တွေကို သတိရတယ်။ လမုတောနဲ့ဓနိတောကို သတိရတယ်။ တရှဲရှဲ အသံပေးရင်း ဘယ်ညာယိမ်းထိုးနေတတ်တဲ့ အုန်းတန်းအုန်းတော အုန်းလက် အုန်းရွက်တွေကိုလဲ သတိရတယ်။ အိပ်မက်တွေထဲထိအောင် သတိရနေတတ်တာက တော့။ နေ၀င်ခါနီးမှာ နေလုံးနီနီကြီး ပင်လယ်ထဲ တရွေ့ရွေ့ငုပ်ဆင်းသွားတဲ့ မြင်ကွင်းပါပဲ။ ကဗျာ ဆန် ဆန်ပြောရရင်တော့ ၀င်တော့မယ့်ဆည်းဆာမှာ နေလုံးနီနီကြီး ပင်လယ်ထဲ ရေသောက်ဆင်း သွားတဲ့ မြင်ကွင်းပါပဲ။ ငယ်ငယ်တုန်းကဆိုရင် အဲဒီအချိန် အဲဒီမြင်ကွင်းကို တမေ့တမောကို ထိုင်ထိုင်ကြည့်နေတတ်ဖူးတာ ခဏခဏပါပဲ။ ပြောချင်တာက ကျနော်ဟာ ကျနော့်မွေးရာဇာတိ ကိုဘယ်တော့မှ မမေ့နိုင်ခဲ့ဘူးဆိုတာပါပဲ။ လူကရှမ်းကုန်းပြင်မြင့်မှာ လာပြီးအခြေချမိထားတော့။ စိတ်ကသာ ရောက်ပေမဲ့။ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ဝကို ကိုယ်တိုင်မရောက်နိုင်တာ တော့ ကြာပြီပေါ့ဗျာ။ ဟော...ရောက်မယ့်ရောက်ရတော့လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့စိတ်မ ကောင်းခြင်းကြီးစွာနဲ့ တက်သုတ်ရိုက်ပြီး ရောက်ခဲ့ရတော့တယ်ဗျာ။ ဘာလို့လဲ သိလား။ နာဂစ် ကြောင့် ပေါ့ဗျာ - နာဂစ်ကြောင့် -နာဂစ်ကြောင့် ...

( ၂ )
နာဂစ် ၀င်မွှေသွားတဲ့အတွက် ရန်ကုန်ရော မြစ်ဝကျွန်းပေါ်တခုလုံး တော်တော်ကို ခံလိုက်ရတယ်ဆိုတဲ့သတင်း စ၀င်လာတော့။ တော်တော်ကို တုန်လှုပ်သွားမိ တယ်။ စီးပွားရေး အရ ရန်ကုန်ကကုမ္မဏီခွဲ ပြုတ်ပြုတ်ပြုန်းသွားနိုင်တာကို တွေးမိပြီး စိုးရိမ်သွားလို့ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်ဖက်မှာ အထူးသဖြင့် ပင်လယ်ဝနဲ့ ဘိုကလေးနယ်ဖက်မှာ လူတွေ တော်တော်ကို သေကြေကြတယ် ဆိုတဲ့သတင်း ကြားလိုက်ရလို့ပါ။ ရန်ကုန်က ကုမ္မဏီက လူတွေက နာဂစ်ဝင်မွှေပြီး နောက်နှစ်ရက်မှာပဲ နည်းအမျိုးမျိုးနဲ့ကြိုးစားပြီး ချက်ချင်းသတင်းပို့လို့ ကိုယ့်ကုမ္မဏီကဘာမှ ထိခိုက်ဆုံးရှုံးမှု မရှိလိုက်တာကိုလဲ သိလိုက်ပါတယ်။ ဘယ်သူသေသေ စိတ်သာရှိရင် အမြတ်ထုတ် ချင်တောင် အမြတ်ထုတ်လို့ရတဲ့အခြေအနေတွေတောင် ပေါ်လာပါသေးတယ်။ ဟုတ်တယ်လေ...ကျနော့်ကုမ္မဏီက စက်ပစ္စည်းတွေ ဖြန့်နေတဲ့ကုမ္မဏီလေ ရေစုပ်စက်၊ မော်တာ၊ပန့်နဲ့ ချိန်းစော လို့ခေါ်တဲ့ လွှစက်တွေ အဓိကဖြန့်နေတဲ့ ကုမ္မဏီပဲ။ တချို့ ကုမ္မဏီတွေများ စက်တွေကို ဈေးနှစ်ဆသုံးဆ ခုန်တက်ပစ်လိုက်ကြတယ်။ အရင်က ရောင်း ဈေးတသိန်းနှစ်သောင်းသုံးသောင်းရှိတဲ့ ချိန်းစောလွှစက်တလုံးကို နှစ်သိန်းခွဲသုံးသိန်း ဖြစ်သွားတယ်။သွပ်တချပ်တသောင်းဖြစ်သွားတယ်။ အိမ်ရိုက်သွပ်သံတချောင်း သုံးရာအထိ ဖြစ်သွားတယ်။ အိမ်ခေါင်မိုးတွေအကုန်လန် သွပ်ပြားတွေ ပြုတ်ပျက်ထွက်ကုန်ကြတော့ မ၀ယ်မဖြစ် ပစ္စည်းတွေ မဟုတ်လား။ ရောင်းတာတောင် တံခါးပိတ်ပြီး ရောင်းရတဲ့ပစ္စည်းတွေ ဖြစ်သွားတာ ခင်ဗျားလဲ ကောင်းကောင်းကြားမှာပါ။ကုန်သည်ဆိုတာ လုပ်ငန်းရှင်ဆိုတာ အမြတ်ကောင်း ကောင်းရချင်တယ်ဆိုပေမဲ့ သူများတွေ ဒုက္ခ သုက္ခအကြီးအကျယ် ရောက်နေကြတုန်း အမြတ်ထုတ်မှ ရမယ့်အမြတ်ငွေမျိုး ကျနော်မယူချင်ဘူး။ မောင်မောင်ဆိုတဲ့ကောင် မယူချင်ဘူး။ ဒါကြောင့် ကျနော် ဘယ်လို လှမ်း အမိန့်ပေးခဲ့သလဲ သိလား။ ဒို့ကုမ္မဏီက စက်ပစ္စည်းတွေဘာမှထပ်ပြီး ဈေးမတက်နဲ့အရင် ရောင်းမြဲဈေးအတိုင်းရောင်း။ ဘယ်ကုမ္မဏီတွေ ဈေးတက် တက်ဈေးတက် မ ရောင်းနဲ့လို့ ချက်ချင်း အမိန့်ပေးခိုင်းလိုက်တယ်။ အဲဒီမှာ ကျနော့်လိုပဲ စက်ပစ္စည်းတွေပဲ ရောင်းနေတဲ့ကုမ္မဏီတချို့က ကုန်သည်ကြီးတချို့က ‘မောင်မောင် မင်းရူးနေ သ လား - တဲ့။ အရောင်းအ၀ယ်ဆိုတာ ၀ယ်လိုအားနဲ့ ရောင်းလိုအား ကြည့်ပြီး။ ၀ယ်လိုအား Demand ကသိပ်များနေပြီး ရောင်းလိုအား သွင်းနိုင်အား Supply က သိပ်နည်း နေရင်။ ကုန်ဈေးနှုန်းဟာ တက်လာရမှာပဲ။ တက်ရောင်းရမှာပဲ။ ဒါ တရားပဲ။

ဒါမှမဟုတ် မင်းက ဒို့ဈေးတက်ရောင်းတာကို တမင်ဂွတိုက်ပြီး လုပ်ပြလိုက်တာလား-တဲ့။ ပြီးတော့ ထပ်ပြောကြသေးတယ်။ အဲဒီလိုဆိုရင် -မင်းကုမ္မဏီထဲကရော ဂိုဒေါင်ထဲလှောင် ထားတာတွေ ရှိသမျှကိုပါ။ ဒို့ ကုမ္မဏီတွေ အခုမင်းရောင်းနေတဲ့ ဈေးနှုန်းအတိုင်းလွှဲပေးလိုက်၊ ဒို့အကုန်ချုပ်ပြီး ၀ယ်မယ်။ မင်းရောင်းနေတဲ့ ဈေးနှုန်း အတိုင်း အကုန်ပေးမယ်။ မင်း ပစ္စည်းတွေအားလုံးကို ဒို့ဝယ်မယ်-တဲ့ ’။ မကျေမနပ် နဲ့ပြောလိုက်ကြတာဗျာ။ မောင်မောင် ပြုံး နေလိုက်တယ်။ပြီးတော့ မောင်မောင် ပြော လိုက်တယ်။ ဟေ့ ဘယ်သူ့မှ ပစ္စည်းတွေအားလုံး ချုပ်ပြီးမရောင်းဘူး။ ကိုယ့်ပစ္စည်း ကိုယ့်ဟာကိုယ်ပဲ ရောင်းမယ်ပြောပြီး။ တကယ်လိုအပ်လို့ မလွှဲသာလွန်းလို့ လာဝယ်ကြ သူတွေကိုပဲ ဈေးမတက်ပဲ အရင်ရောင်းနေကြဈေးအတိုင်းပဲ လက်လီ နှစ်လုံးချင်းသုံးလုံးချင်းပဲ ဆက်အရောင်းခိုင်းလိုက်တယ်။ ကျနော် ပိုက်ဆံမလိုချင် လို့ မဟုတ်ဘူးဗျ။ ပိုက်ဆံတွေတအားကြီးကို ချမ်းသာနေလို့လဲ မဟုတ်ပါဘူး။ဒါပေမဲ့ လူတွေအ သက်တွေသေကြ၊ ဒါလောက်တောင် ဒုက္ခသုက္ခတွေရောက်နေကြတဲ့အချိန်မှာ မတန်တဆ ဈေးတက်ရောင်းလဲ မလွှဲသာမရှောင်သာဝယ်ကြရရှာတော့ မယ့်အချိန်မျိုးမှာ ကျနော် သူတို့ အပေါ်လည်မြိုညှစ်မယူချင်ဘူးဗျာ။ မတော်မတရားအမြတ်ထုတ် မယူချင်ဘူး ဗျာ။ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမယ့်သူတွေလက်ထဲလဲ ရောက်မသွားရအောင် ကုမ္မဏီက ကောင်တွေကိုလဲ လှမ်းပြောထားလိုက်တယ်။ တကယ်ဒုက္ခရောက်လို့ တကယ်သုံးမယ့်သူတွေလက် ထဲ ရောက်အောင်ရောင်းကြကွာ - လို့။ ဈေးလဲ လုံးဝ မတက်ရဘူး-လို့။ အဲဒီတော့ ရန်ကုန်က ကျနော့်ကုမ္မဏီမှာ လာ လာ ၀ယ်လိုက်ကြပုံများ ဘာပြောကောင်းမလဲ။ ဒီဆိုင်က ဈေး ချိုတယ် ဟ၊ သဘောထားကောင်းတယ် ဟ-နဲ့ တဲ့။ ဘုန်းကြီးတွေ ဦးပဇင်းတွေပါ ဆိုင်ကိုလာပြီး ၀ယ် ကြသတဲ့။ ခင်ဗျားတို့လဲ ကြားကြ သိကြတဲ့အတိုင်းပဲလေ။ နာဂစ် ၀င်ပြီးမွှေသွား ရက်စက်သွားလို့ ရန်ကုန်ရော မြစ်ဝကျွန်းပေါ်ရော တုန်းလုံးပက်လက်ဖြစ်သွားရတာတွေက သစ်ပင်ကြီးတွေ ဧရာမသစ်ပင် ကြီးတွေ ကုန်သလောက်နီးပါး မဟုတ်လား။ လမ်းတွေပေါ်ရော အိမ်တွေ ပေါ်မှာပါမြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်ကုန် ဖိမိကုန် ထိခိုက်ကုန်ကြရတယ် မဟုတ် လား။ မုန်တိုင်းစဲတာနဲ့ မရှင်းမဖြစ် စရှင်းကြရတဲ့ ပြသာနာက အမြစ်ကနေပါ ကျွတ်ထွက်လဲပြိုနေတဲ့ ဒီတုံးလုံးပက်လက် သစ်ပင်အိုကြီးတွေကို မဟုတ်လား။ ဒါလောက်ကြီး တဲ့ သစ်ပင်ကြီးတွေမျိုးစုံကို လက်ထိုးလွှလေးတွေလောက်နဲ့ ရှင်းနေလို့ကတော့ ဘယ်ပြီးတော့မလဲ။ ချိန်းစောကြီးတွေ စက်လွှကြီးတွေနဲ့ ရှင်းရတော့တာဗျ။ အဲဒီတော့ အဲဒါ ကြီးတွေ ဘယ့် လောက်ရောင်းကောင်းလိုက်မလဲ။ ခင်ဗျားစဉ်းစားကြည့်၊ ပုံမှန်ဈေးထက် နှစ်ဆကျော် ခုန်တက်တောင် ရောင်းကြတယ်။
ကျနော်လဲ ဈေးတက် ရောင်းရင် ရတာပဲ။ လာ လာ ၀ယ်ကြတဲ့အထဲ ဘုန်းကြီးတွေ ဦးပဇင်းတွေကိုယ်တိုင် လာကြတယ်ဗျာ။တပါး နှစ်ပါး။တကျောင်းနှစ်ကျောင်းနဲ့ ပိုက်ဆံမတတ် နိုင်တော့တဲ့ ကိုယ်တော်တွေ ကျောင်းတွေက။ စုပေါင်းပြီးတောင် လာဝယ်ကြသတဲ့။ ပြီးတော့ အဲဒီသံဃာတော်တွေကိုယ်တိုင် သင်းပိုင်ကို ခါးတောင်းကျိုက် ပြီး လွှဆွဲကြ အမြင်မတော်တာတွေ ရှင်းပေးကြတော့တာလဲ အားလုံးတပြည်လုံးအသိ၊ တပြည်လုံးအမြင်ပါပဲဗျာ။ အဲဒီလို အခြေအနေမှာ သံဃာတော်တွေ လူထုတွေ အပေါ်မှာ ကျနော်ဘယ်လိုမှ အမြတ်မထုတ်ချင် ဘူး။အမြတ်မထုတ်နိုင်ဘူးဗျာ။ ဒါကြောင့်မို့ တချို့လူတွေက သောက်ရူးလို့ ကင်ပွန်းတပ်ပေးကြ ပြောနေကြတဲ့အထဲကကို ကျနော် အဲသလိုပုံမှန်အတိုင်းပဲ ရောင်းခဲ့တာဗျ။ကျနော့်ဘ၀မှာ တသက်နဲ့တကိုယ် ပီတိအဖြစ်ရဆုံးအချိန်ကို ပြပါဆိုရင်။ ကျနော် အဲဒါကို ပြလိုက်မှာပဲ။ စိတ်မကောင်းတဲ့ ကြားကနေ ဖြစ်လိုက်ရတဲ့ ပီတိပေါ့ဗျာ။ ခင်ဗျားတို့ အနုပညာသမားတွေရဲ့ ဝေါဟာ ရ နဲ့ဆိုရင်- ကြေကွဲ ပီတိ ပေါ့ဗျာ။ အဲ-အဲ-နောက်ထပ် ပီတိတခု ရှိသေးတယ်။ အဲဒါကိုလဲ ဘယ်လို ပြောရမလဲ။ ကျနော်တော့ ဝေါဟာရရှာလို့ မရဘူး။ တသက်နဲ့တကိုယ် ဒီလိုအ ကြီးအကျယ် ဒုက္ခရောက်နေကြချိန်မှာ တကယ်ဒုက္ခရောက်နေကြသူတွေကို ကိုယ် တိုင်ကိုယ်ကျ ကြိုးစားပန်းစားနဲ့မရောက်ရောက်အောင် သွားပြီးတတ်နိုင်သမျှ အောင်အောင်မြင်မြင် အ ကူအညီ ပေးနိုင်ခဲ့တာကိုပဲ ပြောရ မှာဗျ၊ အောင်အောင်မြင်မြင် ကြိုးစားပန်းစား ရောက်အောင် သွားပြီး ကူညီနိုင်ခဲ့တာ အကူအညီပေးနိုင်ခဲ့တာအပေါ်မှာတော့ တဖက်ကနေပြောရရင် ကျေနပ်တယ်။ ၀မ်းသာတယ်။ ပီတိဖြစ်ရတယ်။ ဒါပေမဲ့...
တဖက်ကနေပြောရရင်လဲ တော်တော်ကို စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေရော။ အကြီးအကျယ် ဒေါသထွက်စရာ အော့နှလုံးနာစရာတွေပါတွေ့ခဲ့ရတယ်ဗျာ။ ပီတိက အေးအေး မြမြ ကြည်ကြည်လင်လင်လေး ဖြစ်နေရမယ့်အစား။ ပူလောင်ရတာတွေရော- နောက်ကျိ ရတာတွေပါအကုန်ကို ရောနေရတော့တာပါပဲဗျာ။ သောမန တွေရော...ဒေါမနတွေပါ အကုန် ခံစားလိုက်ရတော့တာပါပဲဗျာ။ အဲဒီတော့...ဒီလို ပီတိမျိုးကိုဘာပီတိလို့ ကင်ပွန်းတပ်ရမလဲ၊ ခင်ဗျားဟာခင်ဗျားပဲ ကြိုက်သလိုသာ နာမည်တပ်ပေရော့။ ကျနော်ကတော့ ကျနော်လက် တွေ့ကြုံတွေ့ခဲ့ရသလို၊ ခံစားရသလိုပဲ ပြောပြမယ်။
မုန်တိုင်းဝင်ပြီးပြီးချင်း ရန်ကုန်ရဲ့အခြေအနေပဲ စကြားကြရတာလဲ အားလုံးအသိပါပဲ။ နောက်မှ မီဒီယာတွေကျေးဇူးနဲ့ တဖြေးဖြေးချင်းကြားလိုက်ကြရတာက နာဂစ်ကြောင့် အထိ အနာဆုံးနေရာဟာ မြစ်ဝကျွန်းပေါ်ဆိုတာပဲ။ မြစ်ဝကျွန်းပေါ်မှာမှ ဘိုကလေးနဲ့လပွတ္တာဟာ ကျောကော့အောင် ခံလိုက်ကြရတာ သိလိုက်ရတယ်။ သေဆုံးသွားကြရရှာသူတွေလဲ သောက် သောက်လဲမဟုတ်လား။ ဘိုကလေးနဲ့ပင်လယ်ဝ လို့ကြားလိုက်ရတာနဲ့ ရင်ထဲ ကျင်ကနဲနေအောင် ခံစားလိုက်ရပြီး။ တော်တော် ကိုစိတ်မချမ်းမသာ ဖြစ်မိတယ်။ ဘိုကလေးနယ်နဲ့ ပင်လယ်ဝဟာမောင်မောင့် ချက်မြှုပ်မွေးရာဒေသမဟုတ်လား။ မောင်မောင် ဆိုတဲ့ ကောင်ဟာ တရုတ်သွေးပါတဲ့ ကောင် ပေမဲ့။ ဇာတိသွေးကပဲ စကားပြောလာသလား မသိပါဘူးဗျာ။ ငါ့ ဇာတိချက်မြှုပ်နယ်ကိုတော့ မရောက်ရောက်အောင်သွားပြီး ငါတတ်နိုင်သမျှ အကူအညီသွားပေးမယ်။ လှူနိုင်သမျှလှူဒါန်းမယ်ဆိုတဲ့ စိတ်ကတဖွားဖွားနဲ့ ၀င်လာခဲ့တယ်ဗျ။ ကိုယ်နဲ့ရင်းတဲ့ ကုန်သည်ကြီးတွေထဲက သဒ္ဒါတရားထက်သန်သူတချို့ကိုလဲ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေး နွေးပြီး ကျနော်ကိုယ်တိုင်က သိန်း(၁၀၀)မတည်လိုက်တယ်ဗျာ။ ကျနော်လုပ် ချင်တာကို နားလည်ယုံကြည်တဲ့လူ လေးငါးဦးကလဲ အသီးသီးဝိုင်းဝန်းထည့် ၀င်ပါဝင်ကြ တော့။ သိန်း(၂၀၀)လောက် ဖြစ်သွားတယ်။ ဒီထဲက လိုက်နိုင်တဲ့သူ အလှူရှင်နှစ်ယောက်ကိုပါအတူခေါ်ပြီး။ နာဂစ်အပြီး တပတ်အကြာမှာပဲ ရန်ကုန်အရောက် ဆင်းခဲ့ကြတယ်။ နယ်စပ်က ရနိုင်သမျှ သင့်တော်မယ်ထင်ရတဲ့ အ၀တ်အထည်လေးတွေကိုလဲ သိမ်းကျုံးပြီးဆွဲခဲ့ ၀ယ်ခဲ့ကြတယ်ဗျ။ လေဘေးဒုက္ခသည်တွေ ဝေဖို့အတွက် ဆိုတော့။ ကလေးဝတ်ရော လူကြီးဝတ်ရော။ ယောက်ကျားဝတ်ရော မိန်းမ၀တ်ပါ ရသမျှအစုံပါပဲဗျာ။ ပီနံအိတ်ကြီးတွေနဲ့(၁၈)လုံး အပြည့်အသိပ်ထည့်ပြီး သယ်သွား ခဲ့ကြတယ်ဗျ။ အဓိကကျတဲ့ဆန်နဲ့ရေသန့်ပုလင်းတွေကိုတော့ ရန်ကုန်ကျမှ ၀ယ်မယ်ဆိုပြီး တက်သုတ်ရိုက်သွားကြတယ်။ အဲ...ရန်ကုန်မှာ စိတ်ချ ရတဲ့နေရာ သွားပြီး ဆန် သွား ၀ယ်တော့။ ဆန်ရောင်းတဲ့ ဆန်ကုန်သည် အမျိုးသမီးက ‘လေဘေးဒုက္ခသည်တွေကို ဝေဖို့ လှူဖို့ ဆန်ဝယ်ချင်တာ မဟုတ်လား...တဲ့။ ဒုက္ခသည်တွေ ဝေဖို့ ဆိုရင်။ ဒီလို ဈေးပေါပေါ ဆန်ကိုပဲဝယ်သွားလို့’ အကြံပေးပြီး ကျနော်တို့ကို ထိုးပြတာက တော်တော်ကို ညံ့တဲ့ဆန်တွေဗျာ။ဆန်တွေက ဖုံစုတ်စုတ် ၀ါတာတာအရောင်တွေဗျ။ ရေစို ဆန်တွေပေါ့ဗျာ။ ဈေးလဲအနိမ့်ဆုံး အမျိုးအစားတွေပေါ့။သူကတော့ အိတ်များများရတော့ လူများများ ပြီများများ ဝေနိုင်အောင် အကြံကောင်း ဥာဏ်ကောင်း ပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မောင်မောင်က မြစ်ဝကျွန်းပေါ် မွေးလာတဲ့ကောင်ပဲ။ ဒီလိုဆန်မျိုးက မြစ်ဝကျွန်းပေါ်မှာ ၀က်ကျွေးတဲ့ ဆန် လောက်ပဲ အဆင့်ရှိတာ သိတာပေါ့။အဲဒီတော့ ..ဟာ..ဒီဆန်မျိုးတော့ ကျနော် မဝေဘူး။ မပေးဘူး။ ဆန်ဖြူဖြူပဲပေး။ လူစားလို့သင့်လျော်မယ့် ဆန်ပဲ လိုချင်တယ်လို့ပြောပြီး ကောင်းတဲ့ဆန်ပဲဝယ် လိုက်တယ်။ ဆန်ချောမဟုတ်ပေမဲ့ ဆန်ကြမ်းထဲမှာတော့ လူစားလို့ကောင်း မယ့်ဆန် မျိုးပဲ ရွေးပြီး အိတ်(၅၀၀)၀ယ်လိုက်တယ်။ ပြီးတော့ ကဒုံ ဧရာ ပင်လယ်ဝအထိ လိုက်မယ့် မော်တော်ကြီးကြီးတစီး လိုက် ရှာရ ငှါးရ ပြန်တယ်ဗျ။မော်တော်ကလဲ ရှားလိုက်တာဗျာ။ ပင်လယ်ဝအထိ လိုက်ချင်တဲ့ မော်တော်က တော်တော်ကို ရှာရတယ်။ အကြောင်းက အပြန်မှာ ဟိုသတ္တ၀ါတွေကမော်တော်ကိုပေါ်တာဆွဲလိုက်မှာကိုလကြောက်သလို။ ရာသီဥတုကလဲ သိပ်ငြိမ်သေးတာမဟုတ်တော့ နည်းနည်းတော့ စိုးရိမ်နေ ကြသေးတာကိုး၊နောက်တကြောင်းကတော့ ..ဟိုကသည်က အာဏာပိုင်အဆင့်ဆင့်ဆိုတဲ့ကောင်တွေကလဲ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တာတားမြစ်တာ ဟန့်တားနှောက် ယှက်တာတွေအကြီးအကျယ် လုပ်နေတဲ့အချိန်ကြီး မဟုတ်လား။ ပြီးတော့ ဆီဈေးတွေကလဲ ခေါင်ခိုက်အောင်ကို ထိုးပြီးတက်နေချိန်ဗျာ၊ ဆီဈေးက တဂါလံကို တသောင်း အထိတောင် ခုန်တက်သွားတယ် မဟုတ်လား။ နာဂစ်လက်ချက်နဲ့ မော်တော်တွေ စက်လှေတွေ သင်္ဘောတွေ တော်တော်များများကလဲ ဆုံးရှုံးပျက်စီးသွားကြ တာတွေက မနည်းမနောဆိုတော့ ရေယာဉ်တွေကလဲ သိသိသာသာကို နည်းနေတဲ့အချိန်ဖြစ်နေပြန်တယ်ဗျာ။အဲဒီကြားထဲကပဲ မဖြစ်ဖြစ်အောင် သွားမယ်ဆိုပြီး ကြိုးစားပန်းစား လိုက်ပြီး ရှာကြတော့။ မော်တော်ကြီးကြီးတစင်းကို ရှာလို့ရလာတယ်ဗျာ။မော်တော်ပိုင်ရှင်က သူလိုက်ပို့မယ်...တဲ့။ ဈေးကတော့ တပြားမှ မဆစ်နဲ့။ ဆီဈေးက ဒီလောက်တောင်ကြီး နေတာ။ အသွားအပြန် သိန်း(၃၀)ပေးရ မတဲ့။ ဒါတောင်...ကျနော်တို့သွားမှာက ပင်လယ်ဝဖက်ဆီက မုန်တိုင်းသင့်ဒုက္ခရောက်နေသူတွေဆီ အကူအညီသွားပေးမှာ။ အလှူ အတန်းသွားလုပ်မှာ ဖြစ်လို့၊ မွန်မြတ်တဲ့ကုသိုလ်ခရီး ဖြစ်နေလို့လိုက်မှာဖြစ်တယ်လို့ဆိုသဗျ။ ကျနော်ကလဲ - ကိုင်း -မထူးဘူး။ သုံးဆယ်ဆိုလဲသုံးဆယ်ပေါ့ဗျာ၊ လိုအပ်တဲ့ဆီ လုံလုံလောက် လောက်သာထည့်ထား။ ရာသီဥတုအခြေအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကောင်းကောင်းမွန်မွန်သင့်တော်မယ့် စက်ဆရာနဲ့အလုပ်သမားတွေသာ လုံလုံ လောက်လောက်ဖြစ်အောင် ထည့်သွင်းစီစဉ်ပေးလိုက်၊ ကျနော်ငှါးမယ် ဆိုပြီး စင်းလုံးပြတ်အော်ဒါ ငှါးလိုက်တယ်။ အဲ...အဲဒီလို မော်တော်လဲ ရှာပြီးပြီ ၊ဆန်အိတ်တွေလဲ အိတ်(၅၀၀)တင်ထားပြီးပြီ၊ တရုတ်ဖက်ခြမ်းကနေ ဆွဲလာခဲ့တဲ့ အ၀တ်အစားမျိုးစုံ ပီနံအိတ်ကြီး(၁၈)လုံးလဲ တင်ထားပြီးပြီ။ လမ်းခရီးစားစရာ သောက်စရာ တွေလဲ တပတ် ဆယ်ရက်စာ မပူရအောင် ဖြည့်ဆည်းထားပြီးပြီ ဆိုတဲ့အချိန်မှာ ဘယ်လိုထွက် မှာလဲ။ လမ်းမှာ အကုသိုလ်တွေ သတ္တ၀ါတွေ မိစ္ဆာတွေ ဂြိုလ်ဆိုးတွေက တနေရာရာကနေ တားဆီးပြီး ရစ်လာရင် နှောက်ယှက်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူ့ခွင့်ပြု မိန့်နဲ့ထွက်လာ သလဲဆိုပြီး ၀ိုင်းပြီး ဗျင်းကြရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြသာနာကြီးက ထပ်ပြီး ပေါ်လာပြန် တယ်ခင်ဗျ။လှူချင်တာတောင် လွယ်မှတ်သလား။ အဲ...အဲဒီမှာ ကိုယ့်စေတနာ ကိုယ့်အကျိုး ပေးလာတယ်လို့ပဲပြောရမလား။ ဘယ်လိုပြောရမလဲ မသိပါဘူး။ နာမည်ကြီး ဆရာတော်ကြီး တပါးနဲ့သွားပြီး တိုက်တိုက်ဆိုင်ဆိုင်ကြုံလိုက်ရတယ်။ ဘယ်ကနေဘယ်လို တိုက်ဆိုင်သွားရ သလဲဆိုတော့။ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် နော်၊ ကျနော်တို့ အဲဒီလို ဖြစ်နေတာ ဆရာတော်က ကြားသွားတော့။
‘ဟ...အဲဒီကုမ္မဏီက ကောင်တွေလား...တဲ့။ လွှစက်တွေ ဈေးမတက်ပဲ ရောင်းနေတဲ့ ကုမ္မဏီကကောင်တွေလား...တဲ့။ ဒို့သံဃာတွေ ဦးပဇင်းတွေတချို့ သစ်ပင် ကြီးတွေ တုံးလုံးပက် လက်ဖြစ်နေတာ ရှင်းပစ်ဖို့ မရှိရှိတဲ့ငွေလေးတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်ပြီး လွှစက်တွေ ၀ယ်ရာမှာဈေးမတက်ပဲနဂိုဈေးအတိုင်း ရောင်းပေးလို့ သူတို့ ကိုယ်တိုင် ကိုယ်တော်တွေအချင်း ချင်းကြား ပြောဆိုနေသံတွေ သာဓုခေါ်သံတွေ ထွက်လာနေတဲ့ကုမ္မဏီက တကာတွေလား’တဲ့။ ‘ဟုတ်ပါတယ် ဘုရား’လို့လျှောက် ထားသူတွေက လျှောက်ထားလိုက်ကြတော့။ အဲဒီ ဆရာတော်ကြီးကပဲ ‘ငါ လုပ်ပေးမယ်။ ငါ ဆောင်ရွက်ပေးမယ်။ ငါ့အစီအမံနဲ့ လာတယ်ဆိုတာ ပြော-’ဆိုပြီး သူ့နည်း သူ့ဟန်နဲ့သူ စီစဉ်ကူညီပေးလိုက်တော့ ကျနော်တို့လဲ တက်သုတ်ရိုက်ပြီး ထွက်နိုင်တော့တာပေါ့ဗျာ။ နာဂစ်ပြီးလို့တပတ်အကျော်(၁၁)ရက်နေ့မှာပဲ ကျနော်တို့ မော်တော်ကြီး ရန်ကုန်ကနေအောင်အောင်မြင်မြင် ထွက်နိုင်လာခဲ့တာပေါ့ ဗျာ။ ကျနော်နဲ့အတူ အလှူရှင်တွေလဲဖြစ်တဲ့ ကျနော့်မိတ်ဆွေလေးယောက် ကိုယ်တိုင်ကိုယ်ကျမော်တော်နဲ့ လိုက် လာခဲ့ကြတယ်ဗျ။ မော်တော်ထွက်ခါနီးမှာပဲ သောက်ရေသန့်ပုလင်းအတွဲလိုက် အတွဲလိုက် (၂၀၀) ကျော်လောက်ကိုလဲ ဆွဲပြီးတင်လာခဲ့ကြသေးတယ်ဗျ။ ခေါက်ဆွဲခြောက် ထုပ်ဖာတွေ ကိုလဲ အနားကနေ ရနိုင်သမျှ တော်တော်များများ ဆွဲပြီးတင်လာခဲ့ကြသေးတယ်ဗျ။
အင်း...လမ်းခရီးတလျောက် သိပ်ပြီး ထူးထူးထွေထွေ ဘာပြ၏နာမှ မပေါ်ခဲ့ပေမဲ့၊ ကိုယ့်ဇာတိ ကိုယ်ပြန်ပြီး အောင်အောင်မြင်မြင်လှူနိုင်တော့မယ်ဆိုပြီးပီတိလေး တောင်ဖြစ်လိုက်မိသေးပေမဲ့။ မော်ကျွန်းကျော်ကတည်းက ရင်ထဲကို ထစ်ဆို့ဆို့ကြီး ဖြစ်လာတာပါပဲ၊ ပတ်ဝန်းကျင်တခုလုံးဟာ မြင်မကောင်းအောင်ပါပဲဗျာ။ ဘာတခုမှ ရှုရက် စရာ မရှိတော့အောင်ကို အပျက်အစီးတွေက နေရာတိုင်းလိုလိုပါပဲ။ ရန်ကုန်ကအထွက်ကတည်းက အပျက်အစီးတွေ နာဂစ်ရဲ့ခြေရာလက်ရာတွေကိုတော့ နေရာအနှံ့တွေ့ခဲ့ ရပေမဲ့။ ဘိုကလေးနယ်ထဲဆီ ၀င်လာလေလေ အပျက်အစီးတွေက မြင်မကောင်းရှုမကောင်းအောင် များလာလေလေလို့ခံစား လိုက်ရတယ်ဗျာ၊ တကယ်ဗျာ...တကယ် တကယ်၊ မြစ်ဝကျွန်းပေါ်ဇာတိ မဟုတ်တဲ့ ကျနော့် မိတ်ဆွေတယောက်ကတောင် ဟင်းကနဲ ဟင်းကနဲ သက်ပြင်းရှည်ကြီးကို ခဏခဏချနေရ လောက်အောင် မြင်ကွင်းတွေ က ဆို့နင့်စရာကြီးတွေချည်းဖြစ်နေတော့။ မြစ်ဝကျွန်းပေါ်သား ဇာတိစစ်စစ်ဖြစ်ခဲ့တဲ့ ကျနော့်လိုကောင်ရဲ့ရင်ထဲ ဘယ့်နှယ်ဖြစ်နေမလဲဆိုတာ ခင်ဗျားဟာ ခင်ဗျားပဲ မှန်းကြည့် ပေရော့။ ဘိုကလေးနား နီးလာလေ အလောင်းတွေက ဟိုနားတလောင်း ဒီနားတလောင်း စပြီးတွေ့လာရတယ်ဗျ။ရေပေါ်မှာ ပေါလောပေါလောနဲ့ပေါ့။ဘိုကလေးလဲ ကျော် ရော အလောင်းတွေက ပိုပိုပြီးများလာလိုက်တာ ဟိုနားတစု ဒီနားတစု ခပ်စိပ်စိပ်ကို တွေ့လာရတယ်။ စိတ်မကောင်းစရာဗျာ။ အလောင်းတွေထဲမှာ ကလေးလေးတွေရော သက်ကြီးရွယ်အိုတွေရော အစုံမှ အစုံဗျာ။ အလောင်းတွေကလဲ ဖေါင်းကား ဖူးရောင်လို့။ မှောက်ရက်ရော ပက်လက်ပါ ရေပေါ်မှာ ပေါလောပေါလောနဲ့။ မော်တော်ပေါ် ပါလာတဲ့ မော်တော်အလုပ်သမားလေးတယောက်က ပြောတယ်။ ‘ ဒါ...ဘာ များအုံးမလဲ။ ပြီးခဲ့တဲ့ သုံးလေးရက်ကဆိုရင် မော်တော်တွေစက်လှေတွေ ဖြတ်သွားရတာ အလောင်းတွေနဲ့ချည်း တိုးတိုးနေရလို့။ စက်နဲ့ လာမငြိရအောင် ဟိုဖက်ဒီဖက် နှစ်နေရာကနေ ထိုးဝါးကြီးတွေကိုယ်စီကိုင်ပြီး မျောလာနေတဲ့ အလောင်းတွေ ကိုထိုးဝါးတွေ နဲ့ချည်း ထိုးထိုးဖယ်ဖယ်ပစ်ပြီးတောင် သွားရတာ။ အခုဟာက ဘာဟုတ်သေးလဲ’တဲ့။ ကဲ ခင်ဗျားဟာ ခင်ဗျား မှန်းသာ ကြည့်ပေရော့ဗျာ။ ကျနော်တို့မော်တော်ကြီး သွားနေ တော့လဲ ရေလယ်မှာသာ အလောင်းတွေက ဒီလောက်မများ တော့တာ။ ဟိုနား တမျောမျော ဒီနား တမျောမျော - ကြည့်လေရာ တွေ့နေရတုန်း။ ဒီထဲမှာ ကျွဲသေကြီးတွေ နွားသေ ခွေးသေတွေကလဲ မနဲဘူး။ ကျွဲ ဆိုတာ တော်တော်ကို ခံနိုင်ရည်ရှိတဲ့ သတ္တ၀ါ၊ ရေ လဲ အင်မတန်ကြိုက်၊ ရေထဲလဲ တနေကုန် ရေစိမ်ခံပြီး နေနိုင်တဲ့ အကောင်မျိုး၊ အဲဒီလိုအကောင်မျိုးတွေတောင် ဒီနာဂစ်နဲ့ ကျတော့ အတုံးအရုံးဖြစ်ပြီး သေသွားရတယ်ဆို တော့ ဒီမုန်တိုင်းဟာ ဘယ့်လောက်ပြင်းမလဲ ဆိုတာ စဉ်းစားသာ ကြည့်ရော့ဗျာ။ အဲ...မိန်းမလှကျွန်းနားလဲရောက်ကရော။အလောင်းတွေကတော့ မြင်မကောင်းအောင်ကို တွေ့ရတော့တာပါပဲ။ ကမ်းစပ်တွေမှာရော ကျွန်းပေါ်တွေမှာပါ။ သစ်ပင်ကြားတွေ မှာရော။
တောစပ်တွေမှာပါ ဘယ်နေရာကြည့်ကြည့် လူသေအလောင်းတွေချည်းပါပဲဗျာ။ စစ်ဖြစ်ထား တဲ့စစ်မြေပြင်မှာ အလောင်းတွေ တုန်းလုံးပက်လက်ဖြစ်နေတဲ့ မြင် ကွင်းတွေ ဓါတ်ပုံတွေ ကင်မရာရိုက်ချက်မျိုးတွေကို ကျနော် အများကြီးမြင်ဖူးတွေ့ဖူးတာပေါ့။ အဲဒီမြင် ကွင်းတွေက သွေးရဲရဲ သံရဲရဲတွေပဲပိုမယ်။ ဒါလောက် ခြောက်ချားစရာ မကောင်းဘူးလို့တောင် ပြောလိုက်ချင်တယ်။ အခုဟာကဗျာ...အလောင်းတွေကိုက ဖူးရောင်ဖေါင်းကားပြီး သပြေသီးမှည့်ရောင် ပေါက်နေကြပြီး တကယ့်ကို အလောင်း ဒိုက်ပုံတောကြီးလိုကို ဖြစ်နေတာ။ တကယ့်ကို မြင်မကောင်းရှုမကောင်းအောင်ပါဗျာ၊ မော်တော်ကလဲ ဖြေးဖြေးချင်းခုတ်နေရတာဆိုတော့၊ ပထမတော့ ကျနော် စိတ်နဲ့လိုက် ပြီး တလောင်းနှစ်လောင်း လိုက်ပြီးရေတွက်ကြည့်နေမိသေးတယ်။ ထောင်ဂဏန်းလောက်ရောက်လာတော့ ဆက်ပြီးတော့ကို မရေနိုင်တော့ဘူးဗျာ၊ အနဲဆုံး ဟောဒီမိန်းမ လှကျွန်းတ၀ိုက်မှာကို ကျနော် တို့မော်တော်ပေါ်ကနေ မြင်ရတာကို အနဲဆုံးငါးထောင်အထက်ရှိတယ်။ ရန်ကုန်ကနေ ကျနော်နဲ့လိုက်လာခဲ့တဲ့ ကျနော့်သူငယ်ချင်း တရုတ် မျက်နှာတောင် တုန်တုန်ရီရီနဲ့ ဖြူပတ်ဖြူလျော် ဖြစ်သွားတယ်။ လူက တရုတ်သွေး ပါတဲ့အပြင် အစားကောင်းအသောက်ကောင်းတွေ ကြိုက်လွန်းစားလွန်း လို့အမြဲလိုလို ပန်းရောင်သန်းနေတဲ့ ကျနော့်သူငယ်ချင်းရဲ့မျက်နှာဟာ တကယ်ကို ဖြူပတ်ဖြူရော်ဖြစ်သွားတယ်။ အလောင်းတွေကို ကြည့်ပြီးသွေးမရှိတော့သလိုကို ဖြစ်သွားတယ်။ ဘယ်နေရာ ကြည့်ကြည့်။ အလောင်းတွေချည်းလေဗျာ။ မိန်းမလှကျွန်းဆိုတာ မိုင်နှစ်ဆယ်ပတ်လည် လောက်ရှိတဲ့ တကယ့်ကျွန်းကြီးဗျ။ ဟိုတုန်းကဆိုရင် အမြဲတန်းစိမ်း လန်းစိုပြေနေတဲ့ တကယ့် ဒီရေတောကြီး။ ဘေးမဲ့တောကြီးဗျ။ အဲဒီမှာလူနေအိမ်ခြေမရှိပဲနဲ့ ဒီအလောင်းတွေက ဘယ်ကနေရောက်လာသလဲဆိုတော့ ဘိုကလေးနယ်တ လျောက် ပတ်ပတ်လည်က ဓါးမြချောင်း လောက်အထိ ရွာတွေရွာတွေက ရွာလုံးပြုတ် ကွင်းလုံးပြုတ်သွားရတဲ့နေရာတွေကနေလာတင်ရတဲ့ အလောင်းတွေပဲဗျ။ ဒီ မိန်းမလှ ကျွန်း တလျောက်ကအခြေအနေ မြင်ရရှုရတာတွေနဲ့ မော်တော်သမားလေးတွေ ပြောတာတွေနဲ့တင် ချိန်ထိုးကြည့်ရရင်။ ကျနော့်အထင်...ဒီ ဘိုကလေးနယ်တခုထဲမှာတင် အနဲဆုံး သေဆုံးရသူ သိန်းဂဏန်း ရှိလောက်တယ်ဗျာ။ အဲဒါ သူတို့က ပြောတယ်။ ဒါ ခင်ဗျားမြင်ရတာ ကမ်းစပ်လောက်ပဲ ရှိသေးတယ်။ ကမ်းစပ်ကနေ မြင်ရတာလောက် ရှိသေးတယ်။ ကျွန်းပေါ်မှာလဲ အများကြီး ရှိသေးသတဲ့။ ကဲ...စဉ်းစားသာ ကြည့်တော့ဗျာ။ ဘုန်းကြီးကျောင်းလေး တကျောင်းပဲ ကျန်ခဲ့တဲ့ရွာမှာ ဘုန်းကြီးကျောင်းတောင် ကျောင်းတိုင် တိုင်ငုတ်လောက်ပဲ ကျန်ခဲ့တာတို့။ တရွာလုံး အိမ်တိုင်ငုတ်တိုလေး သုံးလေး ငုတ်ပဲ ကျန်ခဲ့တာတို့။ ဘာမှတောင် မကျန်ခဲ့ပဲ ရေပြင်ဖြစ် ကျန်ခဲ့တာတို့ အို... ကြားရ ကြားရ နားဝမသက်သာတွေကလဲ အများကြီးမှအများကြီးဗျာ။ တယောက် ပြောတာကတော့ဗျာ။ အဲဒီတုန်းက ရေတက်နေတုန်းကများ။ ရေပြင်ပေါ် ရောက်နေတဲ့ မော်တော်ပေါ် သင်္ဘော ပေါ်ကနေအောက်ကို ခြေထောက်ချ ကြည့်လိုက်မိရင်။ တချို့နေရာတွေများ အိမ်ခေါင်မိုး ခြေထောက်နဲ့တိုက်မိ စမ်းမိတာမျိုးအထိတောင် ရှိသတဲ့။
မုန်တိုင်းပြီးလို့တပတ်ကျော်မှ ကျနော်တို့ ရောက်တာတောင် အလောင်းတွေက ဒီလောက်များ နေသေးတယ်ဆိုတော့။ ဒီတပတ်ကျော်အတွင်းလှိုင်းတွေ ဒီရေတွေ နဲ့ ပင်လယ်ထဲအထိ ရောက်သွား မျောသွား ပါသွားပြီးသားကလဲ ဘယ်လောက်တောင်ရှိနေပြီလဲ။ ဘယ်သူမှရေတွက်လို့ရနိုင်မှာ မဟုတ်ဘူး။ ရွာလုံးကျွတ်သွားရတဲ့ နေရာ တွေမှာ ရွာတောင်မရှိတော့တာ ဒီအလောင်းတွေကို ဘယ်သူကမှလဲလာပြီး ဆယ်တော့ မြှုပ်တော့မယ့်သူ မရှိတော့ဘူးဆိုတော့ စဉ်းစားကြည့်လိုက်မိရင်။ တော်တော်ကို ကြေကွဲစရာ စိတ်မချမ်းမြေ့စရာ ကြီးပါဗျာ။ အဲ...ဒီကြားထဲမှာ...လူမဆန်တဲ့ကောင်တွေကလဲ ရှိလိုက်သေးဗျာ။ ဘယ်လို လူမဆန်တယ်မှတ်သလဲ။ လှေတွေသမ္မာန်တွေ လေးငါးစင်းလောက်နဲ့ အလောင်းတွေကို လှန်လှောရှာဖွေပြီး ရွှေတိုရွှေစ လိုက်လံရှာဖွေ ဖြုတ်ယူနေကြတဲ့ အကောင်တွေလေဗျာ၊ကျွန်းပေါ်အထိတက်ပြီး လိုက်လံရှာ ဖွေနေကြတဲ့ကောင်တွေကလဲ အယောက်နှစ်ဆယ် လောက်တောင်ရှိမတဲ့။ အဲဒီလို ရွှေတိုရွှေစ ရှာနေကြတဲ့အကောင်တွေကို ကျနော်တို့ ကိုယ်တိုင်လှမ်းမြင်ရတယ်။ သူများမှာ ကံဆိုးမိုးမှောင်ကျလို့သေကြရ ရှာတဲ့အကြားမှာ သူတို့မှာ အတော်တွက်ခြေကိုက်တဲ့ လုပ်ငန်းကြီးတခု ရလိုက်ကြသလိုပါ့။ ဘယ့်လောက်များ လူမဆန်လိုက်တယ် မှတ်သလဲ။ အလောင်းကလက်မှာ လက်ကောက်ပါတာတွေ့ရင်။ လက်ကနေတောင် ချွတ်မယူဘူး။မြန်မြန်ဆန်ဆန်ယူရအောင် လက်ကိုဖြတ်ယူတယ်။ နားက နားကပ်ပါတာ တွေ့ရင် နားရွက်ကို ဖြတ်ယူ သတဲ့ဗျာ။ တောက်...လူက မွေးတဲ့ကောင်တွေမှ ဟုတ်ရဲ့လား မသိပါဘူးဗျာ။ တချို့လူတွေကတော့ ‘သေပြီးသွားမှပဲဗျာ။ ဒီလို လုပ်ယူသွားလို့ အဲဒီလိုယူတဲ့သူတွေအဖို့ ရွှေ ငွေအဖိုးတန်ပစ္စည်းတွေ ရလိုက်တယ်ဆိုရင်လဲ အလကားမဖြစ်တော့ပဲ သူတို့မှာ သုံးစရာ စွဲစရာလေးတွေ ဖြစ်သွားသေးတယ်လို့သဘောထား ကြည့်လိုက်ပေါ့ဗျာ’လို့ပြောချင် ပြောကြမယ်။ ကျနော်ကတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ဒါ...လူမဆန်တာပဲဗျ။အဲဒီတုန်းက အဲဒီလို ရလာတဲ့ ရွှေတို ရွှေ စတွေကို အဲဒီလို လူတွေက ဘိုကလေးမြို့ပေါ်အထိ တက်ရောင်းကြတာ ရှိသတဲ့ဗျ။ အဲဒီလို ရွှေတိုရွှေစကို ၀ယ်တဲ့သူတွေကလဲ လက်ခံပြီးဝယ်တာ ရှိသတဲ့ဗျ။ ဈေးကောင်းကောင်း နှိမ်ပြီး ခိုးကြောင်ခိုးဝှက်ဝယ်ကြရာမှာ ရွှေဈေးက တကျပ်သား တသိန်းတောင်မပေးရဘူးဆိုပဲ။ အပြင်ပေါက်ဈေးက ရွှေဈေး(၅)သိန်းကျော်ဖြစ်နေချိန်မှာ တသိန်းတောင် မပေးရပဲ ၀ယ်ကြဆိုပဲ။ ကျနော်တို့နိုင်ငံမှာ ဒီလောက်တောင်ဖြစ်နေကြပြီလားလို့တောင် တွေးလိုက်မိပြီး တဖက်က တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ စာရိတ္တတွေ အဖျက်စီးခံထားလိုက်ကြရတာဟာ တော်တော်နဲ့ကုစားလို့တောင် ရတော့မှာ မဟုတ်ပါဘူးဗျာ။ သူဌေးဆိုတဲ့ကောင်ကလဲ သူဌေးအလျောက်။ အခြေအနေမဲ့ဆိုတဲ့ကောင် ကလဲ အခြေအနေမဲ့ ဆိုတဲ့အလျောက် တော်တော်ကို စာရိတ္တတွေက ထိခိုက်ကုန်ကြပြီဗျ။ ဒီမင်း ဒီစိုး ဒီသူခိုးနဲ့ ဒီမိုးဒီလေ ဒီလူတွေ...ဖြစ်ကုန်ကြရတော့တာပါပဲဗျာ။
အဲ...လမ်းခရီးအတွေဏ္ဍအကြုံတွေ ဆက်ပြောအုန်းမယ်။ လမ်းမှာ လှေအိုလေးတွေရရာ သမ္မာန်စုတ်လေးတွေနဲ့ အပြေးအလွှား လှော်ခတ်လာကြပြီး စားစရာ သောက်စရာ ၀တ်စရာလေးတွေ တတ်နိုင်သမျှ ကူညီခဲ့ပါဗျာ...လို့ကျနော်တို့ မော်တော်နားအထိ ကပ်လာပြီး တောင်းကြတယ်။ တချို့လဲ ခပ်လှမ်းလှမ်းဆီကနေ အော်ပြီး အကူအညီတောင်းကြတယ်။ ကျနော်တို့လဲ ရေသန့်ပုလင်းအတွဲတွေ ခေါက်ဆွဲခြောက်ထုပ်ဖာလေးတွေ ပစ်ပေးခဲ့ပါတယ်။ အနားထိ ရောက်လာတဲ့ အကူအညီတောင်းလာ သူတွေကိုတော့ ဆန်တအိတ်စ နှစ်အိတ်စ ချပေးခဲ့တာတွေ ရှိသလို။ အ၀တ်အိတ်ထုပ်ဖေါက်ပြီး သင့်သလို စွန့်ကြဲဝေငှပေးခဲ့တာတွေ ရှိပါတယ်။ ဘယ်သူမှတော့ လက်ချည်း ဗလာဖြစ်မသွားရအောင် ချင့်ချိန်ပြီး ပေးပစ်ဝေပစ်ခဲ့ပါတယ်။ အဓိက ဝေဖို့လှူဖို့ ရည်မှန်းသွားခဲ့တာက ကျနော့်ဇာတိမွေးရာ ကဒုံကနိဖက်ကိုဆိုတော့။ လမ်းမှာ တွေ့ရတာ တွေ များများစားစားတော့ မဝေခဲ့နိုင်ဘူးပေါ့ဗျာ။ တတ်နိုင်သမျှ မလွတ်ရအောင်တော့ ပေးခဲ့ ကမ်းခဲ့ ကူခဲ့ပါတယ်။ ဘိုကလေးတနယ်လုံးဟာလဲ ကိုယ့်နယ်ပဲ မဟုတ်လား။
ကျနော့် မွေးရပ် ဇာတိရွာလေး ရောက်တော့။ တော်တော်ကို ၀မ်းနည်းဝမ်းသာ ခံစားရတယ်။ နာဂစ်ရဲ့ဒဏ်ကို ဘယ်သူမှမလွတ်အောင်ခံထားရတယ်။ ဒါပေမဲ့ အဆိုးဝါးဆုံး ခံလိုက်ရတဲ့ တခြားရွာတွေနဲ့စာရင်တော့ တော်တော် တော်သေးတယ်လို့ပြောရမှာပဲ။ ရွာလုံးပြုတ်ဖြစ် သွားတဲ့အထဲမပါဘူး။ ဒဏ်ရာတွေ ကြားထဲမှာ ရွာအဖြစ် ရပ်အဖြစ်တော့ ပီပီသသကျန်နေရစ် ပါသေးတယ်။ တခြားတခြားသော ဆိုးဆိုးဝါးဝါး ခံလိုက်ကြရတဲ့ရွာတွေက ပြေးလာကြ တက်လာကြတဲ့ ဒုက္ခသည်တွေတောင် တော် တော်များများ ရောက်လို့ဗျ။ဒီဖက်ကနေ ဘိုကလေး တက်သွားကြ။ မအူပင်ရောက်သွားကြသူတွေလဲရှိလို့။ ကျနော်တို့ရောက်တဲ့အချိန်မှာတော့ တခြားရွာက ဒုက္ခသည် တွေ အရင်ရက်တွေကလောက် မများတော့ပဲ ရွာခံရပ်ခံတွေပဲ အများ ဆုံး ရှိတော့တယ်လို့ပြောကြသဗျ။ဟာ...ဒုက္ခသည်တွေကတော့ ရှိတာပေါ့။ဒီမှာလဲ ထိတော့ ထိထားတာပဲ ဟာ။ နာဂစ်လက်ချက်နဲ့တော့ ဘယ်လွတ်မလဲ။ နည်းတာနဲ့များတာ၊ ကုန်းကောက်စရာ မကျန်အောင် ခံလိုက်ကြရတာနဲ့ အဲသလောက်အထိ မခံလိုက်ကြရတာ။ ဒါ လောက်ပဲကွာတာ။ ခံတော့ ခံလိုက်ကြရတာ ချည်းပါပဲ။ အခံရ ကြီးနဲ့ အခံရလေးပဲကွာတာ။ အဆိုးဆုံး ခံလိုက်ကြရသူတွေဟာ အဆင်းရဲဆုံးလူတွေချည်းပေါ့ဗျာ။ မုန်တိုင်းရဲ့ ပြင်းအားက အတူတူဆိုရင်။ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ တိုက်တွေ အိမ်တွေက ခေါင်မိုးလန်တာ မှန်တွေ တံခါးတွေ ကွဲအက်ယိုင်ရွဲ့သွားတာလောက်ပဲ ရှိမယ့်အချိန်မှာ။ အိမ်အိုနဲ့ တဲစုတ်တွေ။ အဖြစ်လောက် ဆောက်ထားရတဲ့ ဆင်းရဲသားအိမ်တွေမျိုးကတော့ စုတ်ပြတ်သတ်သွားရတော့မှာပေါ့။ တဲလေးတွေ ထရံကာလေးတွေကတော့ ဘယ်ရောက်သွားမှန်းမသိရအောင်ကို တစစီ လွင့်စင်သွားရတော့တာပေါ့။ဆင်းရဲလေလေခံရလေလေသာမှတ်။ ကျနော်တို့ရွာမှာလဲ နာဂစ်ပြီးတော့ အကြမ်းဖျင်းအားဖြင့် လူ အတန်းအစား သုံးမျိုးလောက် ဖြစ်လာတာ တွေ့ရတယ်။ ချမ်းသာတဲ့လူတွေနဲ့အာဏာပါဝါ ရှိတဲ့ကောင်တွေ။ အာဏာပိုင်အဆင့်ဆင့်ရဲ့ လက်ကိုင်ဒုတ် လိုကောင်မျိုးတွေက တအုပ်စု။ ဆင်းရဲ မွဲတေပြီး အကြီးအကျယ်ဒုက္ခရောက်နေကြသူ လက် တွေ့ကပ်ဆိုးဒဏ်သင့်နေကြရသူတွေက တအုပ်စု။ အစက ဒီရွာကမဟုတ်ပဲ မုန်တိုင်းဒဏ်ကြောင့် ရွာလုံးပြုတ်သွားကြရရွာပျက်သွားကြရတဲ့ အနီးအပါး နေရာပေါင်းစုံ ရွာပေါင်းစုံကနေ ဒုက္ခသည်တွေအဖြစ် ရောက်လာကြသူတွေက တအုပ်စု။ အုပ်စုသုံးစုလောက် ဖြစ်နေ တာ သွားတွေ့ရတယ်။ အဲဒီထဲမှာ ငယ်တုန်းက ကျောင်းနေဖက်တချို့ ငယ်သူငယ်ချင်းတချို့ သိဟောင်း ကျွမ်းဟောင်းတွေတချို့လဲ ပြန်တွေ့ရတယ်ဗျ၊ တယောက်နဲ့ တယောက်ကတော့ ဘယ်ထပ်တူ တူမလဲဗျာ၊ သူတို့ဘ၀တွေ အခြေအနေတွေကလဲ အမျိုးမျိုးပဲ၊ ဘာပဲဖြစ်ဖြစ် ခုတင်ကပြောတဲ့ အုပ်စုသုံးမျိုးထဲက တမျိုးမျိုးတွေချည်းပါပဲ။ ကျနော်ရောက်လာတာမြင်တော့ အားလုံးလိုလိုကတော့ ၀မ်းသာအားရ ဖြစ်သွားကြတယ်လို့ပြောရမှာပဲ။ ဘာပဲပြောပြော ကျနော်က ကျနော် တတ်နိုင်သလောက် ရွာကိုကူ ညီဖို့လာတဲ့သူကိုးဗျ။အဲဒီထဲမှာ လက်ရှိရွာမှာ အာဏာပါဝါရှိနေ တဲ့ကောင်တချို့လဲပါတယ်။ ကျနော်ကလဲ ခင်ဗျားသိတဲ့အတိုင်းပဲ။လူအမှမဟုတ်တာ။ကုန်သည်ကြီး မျက်စေ့ ကလဲ ရှိပြီးသားပဲဟာ။ အဲဒီတော့ ကိုယ်လှူမယ့်တန်းမယ့်ဟာလေး အဖု အထစ်မရှိရအောင်ရော။ သူတို့တွေလဲ ကျေကျေနပ်နပ်ဖြစ်သွားအောင်ပါ တွက်ချက်ပြီး။ အဲဒီ အာဏာပါဝါ ရှိနေတဲ့ အသိကောင်တွေကိုရောက်ရောက်ချင်း ‘ငါကတော့ ကိုယ့်ရွာကိုယ် မမေ့လို့။ ဒုက္ခရောက်နေ}ကတဲ့သူတွေကို လာပြီး သံယောဇဉ်စိတ်နဲ့ လာလှူတာ တန်းတာ ကူညီတာပဲကွာ။ အဲဒါ...မင်းတို့လဲ ငါ့ကို ၀ိုင်းကူညီကြအုန်း’ လို့ပြောလိုက်တယ်။ ပြီးတော့ ဦးဦးဖျားဖျား အဲဒီကောင်တွေအိမ်အတွက်လဲ ဆန်အိတ်တအိတ်စီ အရင်ဆုံး ပေးပစ်လိုက်တယ်။ ယူလာတုန်းက ပီနံအိတ်ကြီး(၁၈)လုံးပေမဲ့။ လမ်းမှာ တလုံးဖေါက်ပြီး ဝေငှပစ်ခဲ့လို့(၁၇) လုံးကျော်ကျော်ပဲ ရှိတော့တဲ့တရုတ်နယ်စပ်က အ၀တ် အထည်အိတ်ကြီးတွေကိုလဲ အဲဒီထဲက တယောက်ရဲ့အိမ်ထဲအထိသယ်ပြီး ချထားလိုက်တယ်။ သင့်မယ်အ၀တ်အထည်လေးတွေ ရွေးပြီးတယောက်မကျန် ထိုက်သင့် သလောက်စီ အရင်ဆုံး လက်ဆောင်ပေးပစ်လိုက်တယ်။ ပြီးတော့မှ အခုရွာမှာ လူဘယ်နှယောက်လောက် ရှိနေသလဲ။ အိမ်ထောင်စုက ဘယ်နှအိမ်ထောင် စုလောက် ရှိနေသလဲ။ ဘယ်ကနေ ရောက်လာ ရောက်လာ အခုရှိနေတဲ့ ဒုက္ခသင့်နေကြသူအားလုံး ရွာရှိလူကုန်သာ အကုန်ပါအောင် တွက်ချက်ကြည့်ပေးကွာ...လို့ပြောပြီး။ နယ်စပ် ကတည်းကပါလာတဲ့ ကျနော့်မိတ်ဆွေ ကုန်သည်ကြီးနှစ်ယောက်ရော။ ရန်ကုန်က လိုက်လာတဲ့ မိတ်ဆွေကိုပါ အတူခေါ်ပြီး ရွာလည်လမ်းကနေ နေရာအနှံ့လိုက် ကြည့် မိတယ်။ ပြီးတော့ အိမ်ပြန်ရောက်တော့ သူပြောတဲ့ လူဦးရေနဲ့ ကျနော်တို့သယ်လာတဲ့ ဆန်အိတ်(၅၀၀)နီးပါးကို ပြီဖွဲ့ပြီး။ တယောက် ဘယ်နှပြီလောက် ဝေလို့ရနိုင်မလဲ ဆိုတာ တခါတည်းတွက်ကြည့်လိုက်မိတယ်။ လမ်းမှာနည်းနည်းပါးပါး ချပေးခဲ့တာတွေလဲ ရှိသေးတော့ ဆန်ကအိတ်(၅၀၀)နီးပါးပဲ ကျန်တော့တာပေါ့ဗျာ။ တွက်ကြည့်လိုက် တော့ တယောက် နှစ်ပြီ နှုန်းတော့ ကောင်းကောင်းဝေနိုင်သေးတာ တွက်မိပြီး။ လူတယောက် နှစ်ပြီနှုန်း လိုက်ပြီး အဝေခိုင်းလိုက်တယ်။ကျနော်တို့ကိုယ်တိုင်လဲ ကိုယ်တိုင် ကိုယ်ကျ ချင်ပြီး ဝေပေးတာတွေ လိုက်ဝေပေးတာ တွေ ရှိသလို။ သူတို့တွေကိုလဲ အဝေခိုင်းလိုက်ရတာ ရှိတာပေါ့။
ဘယ်လိုလုပ်ပြီး ကိုယ့်ဟာကိုယ်ချည်းတော့ နေရာစုံရောက်အောင် နှံ့အောင် လူစေ့အောင် ဝေပေးနိုင်မလဲဗျာ။ ပြီးတော့ ကိုယ်တိုင်ကလဲ မြန်မြန်ဆန်ဆန် ပြီး အောင် ဝေလိုက်ချင်တာပါတော့။ ကိုယ်ကိုယ်တိုင်လဲဝေ။ သူတို့ကိုလဲ လိုက်ဝေပေးပါလို့ပြောလိုက်ရတာပေါ့ဗျာ။ အဲဒီမှာ...ဘာ ထပ်တွေ့လိုက်ရ ပြန်သလဲ သိလား။ ဒီခေတ် မှာ ရွာလူကြီး ရပ်လူကြီး လူတွင်ကျယ်လုပ်နေကြသူတွေထဲမှာ အကျင့်ဆိုး ဥာဉ်ဆိုးက ဘယ်လောက်ပါနေကြသလဲ သိလား။ သူတို့ကို ဦးဦးဖျားဖျား တအိမ် ဆန်တအိတ်စီ ပေးထားပြီးသား ဖြစ်တဲ့ကြားထဲက။ ဆန်အိတ်ကို ထပ်ပြီး ကဲ့ထား ခိုးထားလိုက်ကြသေးတယ်ဗျာ။ ကိုယ်ကိုယ်တိုင်က ဆန်အိတ် ထမ်းပြီး အိမ်ပေါက်စေ့ လူတိုင်းစေ့အောင် လိုက်ဝေနိုင်တာ မဟုတ်တော့။ သူတို့တွေကိုပါ လိုက်အဝေခိုင်းရတာဆိုတော့။ အဲဒီလို သူတို့ကိုယ်တိုင်လိုက်ဝေပေးရတဲ့အချိန်လေး နေရာလေးတွေကြားထဲမှာ မဖြစ်ဖြစ် အောင် ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာပေါ့ဗျာ။ ကျနော်တို့က ဒီဖက်ခြမ်း သွားဝေနေရင်။ သူတို့က ဟိုဖက်ခြမ်း သွားဝေနေရင်းက။ ရသမျှအချိန် လေးတွေကြားထဲမှာ သူတို့အတွက် ထပ်ပြီး ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာမျိုးပေါ့။ အကြံအဖန်လုပ်ပြီး ကဲ့ထား ယူထားလိုက်ကြတာမျိုး ပေါ့။အိတ်(၁၀၀)လောက်နဲ့လောက်ရမယ့် ရပ်ကွက်တခုမှာ (၁၀၂)အိတ်လောက် ကုန်သွားတာမျိုးလုပ်ပြီး (၂)အိတ်လောက်က ကိုယ် တွက်ချန်ထားပြီး ဝေပေးလိုက်တာမျိုးပေါ့ ဗျာ။ ကိုယ်ကလဲသူတို့ကို ဟုတ်မဟုတ် ဘယ်လို သွား စာရင်းစစ်ကြည့်လို့ဖြစ်မတုန်း။ ဒုက္ခသည်တွေကလဲ ကိုယ်ရတာလေးပဲ ကိုယ်ယူပြီး။ ဆန်တွေ ဘယ်လောက်စာရင်းကွာနေပါတယ်။ ဘုံးသွားတာတွေ ရှိနေပါတယ်လို့ဘယ်လိုလုပ်ပြီး စောဒက တက်မတုန်း။ ရတာလေးနဲ့ပဲ ယူသွားရမယ့်သဘောချည်းဆိုတော့။ အဲဒီကောင်တွေ ကြိုက်သလို ကဲ့ဖို့ အခွင့်အလမ်းကလဲ ပွင့်နေတာကိုးဗျ။ရှိသမျှ လူတွေ ကြီးကြီးငယ်ငယ် အကုန်လာကြပါ ။ ကျနော် ဆန်လှူချင်လို့ပါ...လို့ပြောပြီး။ တန်းစီလာ သမျှတွေကို ဆွမ်းကြီးလောင်းသလို တယောက်ချင်း ကိုယ်ကိုယ်တိုင် အကုန်ဝေပေးနိုင်တယ် ဝေခွင့်ရတယ်ဆိုရင်တော့လဲ။ အဲဒီလို ဘယ် ကဲ့လို့ခိုးလို့ရ မလဲဗျာ။ အခုဟာက သူခိုးကို သွားပြီး အကူအညီတောင်း အဝေခိုင်း ရတာမျိုး ဖြစ်နေတယ်။ ယုန်ကို မုံလာဥ ဂိုဒေါင်အစောင့် ခိုင်းထားလိုက်ရသလိုမျိုး ဖြစ်နေတာကိုး။ များများမခိုးတာ အကုန်မဘုံးလိုက်တာကိုပဲ ကြံဖန် ပြီး ကျေးဇူးတင် ရဦးမယ့်ကိန်းမျိုး ဖြစ်နေတယ်။
လှူချင်တာတောင် စိတ်တိုင်းကျ ကြိုက်တဲ့ပုံစံနဲ့မှ လှူလို့မရတာ။ နဲနဲပါးပါး အဲဒီလို အကဲ့ခံလိုက်ရတာ အဘုံးခံလိုက်ရတာ ရှိပေမဲ့။ အလှူကတော့အလှူ မြောက် သွားခဲ့ပါတယ်။ လူတိုင်းလူတိုင်း ဆန်နှစ်ပြီစီတော့ အကုန်ရသွားကြတယ်ဗျ။မရလိုက်တဲ့သူ မရှိဘူး။ ကျန်သွား တဲ့လူတော့ မရှိဘူး။ ခိုးတဲ့ကောင်တွေ ခိုးလိုက်ကြတာ ကိုတော့ သူ့အကုသိုလ်နဲ့သူ။ သူ့အပြစ် နဲ့သူ...လို့ပဲ သဘောထားလိုက်ရတော့တာပဲ။ ဒုက္ခသည်တွေအတွက်ထဲကတောင်။ သူတပါးရဲ့ အလှူအတန်း ဒါနထဲကတောင်။ ရက်ရက်စက်စက် ခိုးရက်လိုက်တာ။ မျက်နှာပြောင်လိုက် တာ-လို့ပဲ သဘောထားလိုက်ပါတယ်။ အဲ...အဲဒီလိုပဲ။ ဆန်တွေမှ မဟုတ်ဘူးဗျ။တရုတ်နယ် စပ်ကနေ ဆွဲလာခဲ့တဲ့ အ၀တ်အထည်အိတ် ပီနံအိတ်ကြီး(၁၈)လုံးထဲက(၁၇)လုံးခွဲကျော်ကျော်လောက်ထဲကလဲ နည်းနည်းပါးပါးတော့။ သမခံလိုက်ရတယ်။ ချထားရတဲ့အိမ်က မိသား စုဝင်တွေက သူတို့ကြိုက်တဲ့အ၀တ်အစားလေးတွေ ကောင်းတာလေးတွေကို စိတ်တိုင်းကျ ရွေးချယ် ယူထားလိုက်ကြပြီး။ ကိုယ့်ဟာကိုယ် ခွဲတမ်းယူထားလိုက်ကြတာမျိုး။ ဦးဦးဖျားဖျား ရထားပြီးသား ဖြစ်တာတောင်။ အားမရနိုင်သေးပဲ ထပ်ပြီး နှိုက်ထားလိုက်ကြတာမျိုးပေါ့ဗျာ။ တရုတ်နယ်စပ်ကနေ အသစ်တွေချည်း ၀ယ်သွားတာဖြစ်ပေမဲ့။ အားလုံးက တမျိုးတစားထဲတွေချည်းမှ မဟုတ်တာ။ အမျိုးမျိုးအစားစားကိုးဗျ။ဈေးပေါတာလဲပါ။ ဈေးသင့်တာလဲပါ။ လှတာလဲပါ မလှတာလဲပါ။ အရောင်အသွေး ဒီဇိုင်းမျိုးစုံ ဆိုက်စုံဆို တော့။ လူကြီးအိမ်က မိသားစုဝင် တွေကတော့ အရင်ဦးအောင် ဖေါက်ပြီး။ ဘိုးဘွားပိုင်ပစ္စည်း စိတ်တိုင်းကျ ခွဲယူသလို ယူထား လိုက်ကြတာဗျ။ကျန်တာမှ တွေ့သမျှ ဒုက္ခ သည်တွေကို ရော့..အင်..ဆိုပြီး။ စေတနာသုံးတန် ပြဌာန်းပြီး မြန်မြန်ဆန်ဆန် ဝေငှ ပေးလိုက်ရတယ်။ တော်တော်များများတော့ရသွားကြပါတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ သာဓု ခေါ်သွားကြ ၀မ်းသာသွားကြတာတွေလဲ ကိုယ်တိုင်ကိုယ်ကျမြင် လိုက်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပေးလိုက်ရရင်း ပီတိသောမန၏တွေ ခံစားလိုက်ရတာလဲ ရှိပါတယ်။ ခုတင်က ပြောသလို နဲနဲပါးပါးတော့ စိတ်မကောင်းဖြစ်စရာတွေ ဒေါမနဿ ဖြစ်စရာတွေလဲ ရှိတော့ရှိတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အလှူအတန်းတော့ မြောက်ပါတယ်။ နယ်စပ်ကလိုက်လာတဲ့ အလှူရှင်တွေရော ရန်ကုန်ကမှ ပါလာတဲ့ ကျနော့်မိတ်ဆွေတွေရော။ အခုလို လှူလိုက်ရ ကမ်းလိုက်ရ ပေးလိုက်ရ ဝေလိုက်ရတာအပေါ်မှာတော့ စိတ်မကောင်းစရာ တွေကြားထဲကနေ ၀မ်းသာပီတိတွေတော့အားလုံး ကိုယ်စီကိုယ်ငှ ခံစားလိုက်ကြရပါတယ်။ အောင်အောင်မြင်မြင် လှူဒါန်းလိုက်နိုင်တယ်ပေါ့ဗျာ။
အဲ...ရွာမှာ အဲဒီလို ရောက်ပြုနေရတုန်း ဘာထပ်ပြီး တွေ့ခဲ့ရသေးလဲဆိုတော့။ နိုင်ငံတော်အစိုးရမင်းများက မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေအတွက်ဆိုပြီး စစ်တပ်ကတပ်ခွဲ တခွဲ ချထားတယ်ခင်ဗျ။လုံခြုံရေးတို့ ဘာတို့ဆိုတဲ့ခေါင်းစဉ်နဲ့ နေမှာပေါ့ဗျာ။ တပ်မ(၆၆)က တပ်ခွဲဆိုလား ဘာလား မသိပါဘူး။အဲဒီက တာဝန်ရှိသူ အရာရှိ ဆိုတဲ့ကောင်ကလဲ မနက်လင်း ကတည်းက အရက်တစွတ်စွတ်သောက်ပြီး တနေကုန်မူးနေတာ ခင်ဗျ။ ရွာက တာဝန်ရှိတဲ့ လူကြီးဆိုတဲ့သူတွေက သူ့ကိုပဲ ကျေနပ်အောင် ဧည့်ခံပြုစုနေရတာလဲ တွေ့ခဲ့ရတယ်။ အဲဒီအရာရှိ ဆိုတဲ့ကောင်ဆီက ဘာအကူအညီမှ မရပဲ သူ့ကိုပဲ ပြုစုဧည့် ခံနေရတာနဲ့ အချိန်ကုန်တဲ့သူက ကုန်။ အရက်နဲ့မြည်းဖို့ ကြက်ရှာပေးရ ငါး ရှာပေးရပေါ့ဗျာ။ ကျနော့်ကျောင်းနေဖက်တယောက်ကလဲ ရွာမှာ အာဏာပါဝါရှိသူတယောက်အဖြစ် ပါနေတော့။ ကျနော်တို့ လှူခဲ့တန်းခဲ့ရာမှာ ဘာပြဿနာမှ မပေါ်ခဲ့ရပါဘူး။ စောစောက ပြောခဲ့သလို ကျနော်တို့ကလဲ အုတ်အော်သောင်း တင်းဖြစ်အောင် ဘာမှမလုပ်ပဲ တက်သုတ်ရိုက်ပြီး မြန်မြန်ဆန်ဆန် လှူခဲ့ တန်းခဲ့ ဝေခဲ့ငှခဲ့တာ လဲဖြစ်တော့။ အရက်မူးနေတဲ့ အဲဒီတပ်ခွဲမှူးဆိုတဲ့ကောင်ဆီက ဘာပြဿနာရှာတာမှလဲ မကြုံခဲ့ရပါဘူး။ ကျနော်တို့ကလဲ ညဆိုရင် ရွာထဲတောင် မအိပ် ခဲ့ပါဘူး။ ကိုယ့်မော်တော်ပေါ် ကိုယ်ပြန် အိပ်ခဲ့ကြပြီး နှစ်ရက်ထဲနဲ့ အကုန်အောင်အောင်မြင်မြင် ပြီးမြောက်လာခဲ့ကြပါတယ်။ နှစ်ရက်ပဲကြာပြီး ပြန်လာခဲ့ကြတော့။ အပြန်လမ်း မှာ ဘိုကလေးကို ခဏတော့ဝင်ကပ်ခဲ့ ကြည့်ခဲ့ကြ သေးတယ်ဗျ။ဘိုကလေးမှာကတော့ ဒုက္ခသည်တွေ အများကြီးပေါ့ဗျာ။ ကျနော်တို့ ရောက်တဲ့အချိန်မှာ ဦးတေဇတို့ ဘာတို့ဆိုတဲ့ ထူးကုမ္မဏီကဟာတွေလဲ ရောက်နေတဲ့ အချိန် ကြီးပေါ့။ဟိုကုမ္မဏီ ဒီကုမ္မဏီက ဆိုတဲ့ဟာတွေလဲ အများကြီး တွေ့ခဲ့ရသပေါ့။တချို့ကလဲ လှူ တာတန်းတာက နဲနဲရယ်။ပစ္စည်းတွေ ရှေ့ကချပြီး ဓါတ်ပုံရိုက်ခံတဲ့သူက ဓါတ်ပုံရိုက်ခံကြ။ မှတ်တမ်းတင် ဗီဒီယို ရိုက်တဲ့သူက ရိုက်ပေါ့ဗျာ။ ရှိုးပြနေတဲ့သူက ခပ်များများပါ။လမ်းမှာတွေ့ လိုက်ရတဲ့ ဒုက္ခသည် သုံးလေးဦးပြောပြတာကတော့။ သူတို့မှာ အခုမှ ဆန်နို့ဆီဗူး နှစ်လုံးစီနဲ့ အာလူးက သုံးလုံးလားပဲ ရသေး ဆိုပဲဗျ။ဒါ -ရီစရာ ပြောတာမဟုတ်ဘူးနော်။ အဲဒီဒုက္ခသည် တွေကိုယ်တိုင် ပြောပြသွားတာ။ ကျနော် ပြောတာမဟုတ်ဘူး။ ကျနော်တို့မှာကလဲ ပင်လယ်ဝ ဖက်မှာ ယူသွားတာတွေ အကုန်လှူခဲ့ပြီးပြီဆိုတော့။ သြော် - ဒုက္ခ ဒုက္ခ...လို့ပဲ စိတ်မ ကောင်းခြင်းကြီးစွာနဲ့ ကိုယ့်ဟာကိုယ် ရင်ထဲညည်းပြီး သက်ပြင်းချရင်း အသာတပ်ခေါက် ပြန်လာခဲ့ရတယ်။ ဘိုကလေးမြို့ကနေ ပြန်အလာမှာ ကျနော့် သူငယ်ချင်း တယောက်က ကျနော် ငယ်ငယ်ကတည်းကပုစွန်တုပ် ကြိုက်တတ်တာ သိလို့။ မော်တော်ပေါ်ကို ပုစွန်တုပ် ခြောက်ကောင်လားပဲ ၀ယ်တင်လာခဲ့တယ်။ ကျနော် စားရအောင်ဆိုတဲ့ စေတနာနဲ့ပေါ့။ဘိုကလေးဈေးထဲကပဲ ၀ယ်လာတာနဲ့တူပါတယ်။ ပုစွန်ထုပ်ကြီးတွေက အကြီးကြီးဗျာ။ ခြောက်ကောင်ကို တပိသာလောက်တောင် ရှိမလားပဲ။အမှန်အတိုင်း ပြောရရင်။ ပထမတော့ ကျနော်လဲ တော်တော်ကို ပျော်သွားတယ်ဗျ။အပြန်လမ်းမှာ ကနေ့ညစာ တော့ ပုစွန်ထုပ်ကြီး တွေနဲ့အားရပါးရ စား လိုက်ကြမယ်ပေါ့။ကိုယ်ရည်မှန်းထားတဲ့အတိုင်း ကိုယ့် ကိုမွေးခဲ့တဲ့ ဇာတိ ရပ်ရွာအထိ ရောက်အောင်သွားပြီး ကိုယ်ပဲ ကမကထပြုပြီး။ အခုလို အချိန်ကြီးမှာ ကိုယ်တတ် နိုင်သမျှ အောင်အောင်မြင်မြင် လှူဒါန်းကူညီနိုင်ခဲ့ပြီးပြီ။ တတ်နိုင်သ လောက် ကျေးဇူးဆပ်နိုင် ကျေးဇူးပြုနိုင်ခဲ့ပြီးပြီ ဆိုတဲ့အတွေးနဲ့ စိတ်ညစ်ညူးစရာတွေကိုလဲ ခေါင်းထဲ ကနေ ဖယ်ထုတ်ပစ်လိုက်တယ်ဗျ။ အစက သိန်း(၁၀၀)ပဲ မတည် ရည်စူးထားခဲ့တာက နောက်ထပ် (၃၀)ကျော် လောက် ထပ်ဆောင်းလိုက်ရပြီး ကိုယ်ကပဲ သိန်း(၁၃၀)။ ကျန်တဲ့ ကိုယ့်မိတ်ဆွေရင်းတွေကလဲ စေတနာပေါက်ပြီး ပါကြထည့်ကြနဲ့စုစုပေါင်း သိန်း(၂၀၀)ဖိုး လောက်တော့ လှူနိုင်ခဲ့ကြပြီပြီဆိုပြီး ပီတိဖြစ်စရာတွေဆီပဲ လှည့်ပြီး အာရုံပြုနေလိုက်မိပါတယ်။ တရုတ်တွေဆိုတာ အထူး သဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ကြကိုင်ကြတဲ့ တရုတ်တွေဟာ ရည်မှန်းထားကြတဲ့ လုပ်ငန်းဆောင်တာတခုခု ပြီးမြောက်ပြီးပြီဆိုရင်။ ညစာစားပွဲကြီးလိုဟာမျိုးနဲ့ စားတတ်သောက်တတ် အထိမ်းအမှတ်ပြုတတ်ကြတယ် မဟုတ်လား။ ကျနော်ကလဲ ဗမာပြည်မှာမွေးပြီး ဗမာပြည်ကို ချစ်တတ်တဲ့ကောင်ပေမဲ့။ တရုတ်သွေးတော့ ပါတဲ့ကောင်မဟုတ်လား။ စီးပွားရေး လုပ်တော့လဲ တရုတ်နယ်စပ်မှာပဲ အခြေစိုက်ပြီး တရုတ်တွေနဲ့ပဲ တော်တော်ဆက်နွယ်လုပ် ကိုင်နေရပြန်တော့ တရုတ်အကျင့်တွေ ဓလေ့တွေနဲ့ကလဲ တော်တော်ကို ကျင့်သားကျ နေရ တဲ့ကောင်မဟုတ်လား။ ဒီတော့ ကနေ့ည ညစာကိုတော့ ကိုယ့်အကြိုက်ဆုံး ပုစွန်ထုပ်ကြီး တွေနဲ့လဲ ကြုံနေရပြန်တော့။ ကောင်းကောင်းစားပစ် လိုက်မယ်လို့လဲ စိတ်ကို ဒုံးဒုံးချပစ်လိုက် မိတယ်ဗျ ။
မော်တော်အုံနာကိုယ်တိုင်ကလဲ မော်တော်သမားလေးတွေကို ကောင်းကောင်းခိုင်းထားတော့ ကောင်လေးတွေကလဲ ပုစွန်ထုပ်ကြီးတွေကို စပယ်ရှယ်ချက်ပြုတ် နေကြတယ်ပေါ့ဗျာ။ နယ်စပ်ကနေ လိုက်လာတဲ့မိတ်ဆွေတွေရော။ ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းတွေ ကိုပါ ကြည့်လိုက်တော့လဲ။ သူတို့အားလုံး ရင်ပေါ့သွားကြသလို ပုံမျိုးတွေ့ရတယ်ခင်ဗျ။ လမ်းမှာ တချက်တချက် စိတ်အနှောက်အယှက်ဖြစ်ရတာကတော့ တခါတခါ တွေ့နေရသေးတဲ့ လူသေအလောင်းတွေနဲ့ အပုပ်နံ့တွေပဲ။ မိန်းမလှ ကျွန်းနားတ၀ိုက်တုန်းက ပင်လယ်ဝအသွား တုန်းက တွေ့ခဲ့ရသလောက်။ ရန်ကုန်အပြန်လမ်းမှာ လူသေအလောင်းတွေ တွေ့ရတာမများ တော့ပေမဲ့။ အပုပ်နံ့တွေကတော့ ဗျာ...လေအဝှေ့မှာ သိသိသာသာကို နံနေတုန်း ရနေတုန်းဗျ။ ထမင်းစားဖို့အသင့်ဖြစ်ပြီလို့မော်တော်သမားလေးတွေ ပြောလာလို့ထမင်းစားပွဲကြီး ပြင်ထားရာဆီ ကျနော်တို့ မိတ်ဆွေတသိုက် လာခဲ့ကြတော့။ ထမင်းဝိုင်းက မော်တော်အုံနာအပါအ၀င် ကျနော်တို့ခြောက်ယောက်စာအတွက်ပဲ သီးသီးသန့်သန့် ကောင်းကောင်းမွန်မွန်ပြင်ထားတာ ခင်ဗျ။အဲဒီမှာ ပုစွန်ထုပ်ကြီးတွေကိုစပယ်ရှယ်ချက်ထားတဲ့ပန်းကန်ကြီးကို သပ်သပ်အုပ်ဆောင်း နဲ့တောင်အုပ်ပြီး အလယ်တည့်တည့်မှာ ခင်းကျင်းထားတာ တွေ့ရတယ်။ အမှန်အတိုင်း ပြောရရင် ကျနော့်အကြိုက်ပေါ့ ဗျာ။ အဲ...အဲ...အုပ်ဆောင်းလေး အသာမလိုက်ပြီး ပုစွန်ထုပ်ကြီး ပန်းကန်ကိုလဲ ကြည့်လိုက်ကရော။ အခုမှ အိုးပေါ်က ချထားခါစ အငွေ့တထောင်း ထောင်းထနေတုန်းပုစွန်ထုပ်တွေဆီက အနံ့တမျိုး ထောင်းကနဲရလိုက်တယ်။ ဘာနံ့မှတ်သလဲ။ လမ်းတလျောက်လုံးရနေရတဲ့ လူသေ အလောင်းတွေဆီက ပုပ်နံ့မျိုးဗျာ။ တကယ့်ကို လူသေပုပ်နံ့မျိုး။ ကိုယ်မှ စိတ်ထဲစွဲနေလို့ဒီအနံ့မျိုး ရတာလား ထင်မိပြီး။ တခြားသူတွေမျက်နှာ ဆီကြည့်လိုက်မိတော့လဲ။ သူတို့တတွေလဲ စိတ်မသက်သာဖြစ်သွားကြတဲ့ပုံ အထင်းသားပေါ် နေတယ်။ တယောက်က ပုစွန်ထုပ်တကောင်ရဲ့ခေါင်းကို ဇွန်းနဲ့ဖိပြီး ဖဲ့လိုက်တော့။ အနံ့က ပိုပြီးတောင် စူးကနဲဖြစ်ပြီး သိသိသာသာ အဲဒီအနံ့ကြီးထွက်လာတယ်။ စားချင်စိတ်ကို တခါထဲ ပျောက်သွားရတာပါပဲဗျာ။ ဒါတောင် ပုစွန်ထုပ်နော်။ ဂဏန်းလိုအကောင်မျိုးသာ ဆိုလို့က တော့။ ဒိထက် ပိုဆိုးနိုင်တယ်။ လူသေအလောင်းတွေ ထိုးဆွ ကိုက်ဖဲ့စားပြီးကြီးထွားလာရလို့ လားတော့မသိပါဘူးဗျာ။ အနံ့ကတော့ အဲဒီအနံ့မှ အဲဒီအနံ့အစစ်။ ကျနော်က မြစ်ဝကျွန်း ပေါ်မှာမှ ပုစွန်ပေါတဲ့ ပင်လယ်ဝမှာ မွေးလာကြီးလာရတဲ့ကောင်ပဲ။ ပုစွန်ရဲ့အနံ့ဟာ ဘယ်လို အနံ့ဆိုတာ ကောင်းကောင်းကျွမ်းပြီးသိပြီးသားပဲ။ တချက်တောင် ပြို့ကနဲ ဖြစ်သွားမိတယ်။ ထမင်းဝိုင်းက လူတွေအားလုံးမျက်နှာဟာလဲ ဇာတ်မတိုက်ထားရပဲ တပုံစံထဲ ဖြစ်သွားတယ်။ အားလုံး သက်ပြင်းကြီးတွေ ကြိတ်ချလိုက်မိကြတယ်။ ဘယ်လိုလုပ်ထမင်းစားနိုင်တော့မလဲဗျာ။ ထမင်းဝိုင်းကို အသိမ်းခိုင်းလိုက်ရပြီး။ အဲဒီနေ့ညစာကို ခေါင်ဆွဲခြောက်ထုပ်လေး ရေနွေး စိမ်ပြီး ဗိုက်ပြည့်ပြီးရော စားလိုက်ကြရ တော့တာပေါ့။
(၃)
အဲဒါတွေကတော့ ကျနော့်ရဲ့ နာဂစ်ဒဏ်သင့် အလှူခရီးအတွေ့အကြုံတွေပေါ့ဗျာ။ လူဆိုတာ ကိုယ်ရွေးချယ်ခွင့်မရှိပဲ မွေးဖွားလာခဲ့ကြရတယ်ဆိုပေမဲ့။ ကိုယ့်ကို မွေးဖွားလာခဲ့ရာ ဇာတိရပ်မြေဆိုတာ မမေ့ကောင်းတဲ့အရပ်။ တတ်နိုင်သမျှ ကျေးဇူးဆပ်အပ်တဲ့အရပ်ဆိုတော့ ကျနော်တတ်နိုင်သမျှလှူခဲ့တန်းခဲ့ ပေးကမ်းခဲ့ပြီးပါပြီ။ အောင်အောင်မြင်မြင် သွားရောက် နိုင်ခဲ့တာအပေါ် ကျနော် ကျေနပ်ပါတယ်။ ပီတိလဲ ဖြစ်ခဲ့ရပါတယ်။ ပီတိနဲ့အတူ စိတ်မကောင်း စရာ ၀မ်းနည်းစရာတွေလဲ တွေ့ခဲ့ရတာ တော့ အမှန်ပါပဲ။ ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ ပြောရရင် ကိုယ်ပြုနိုင်သမျှ ကုသိုလ်လေး စေတနာသုံးတန် ပြဌာန်းပြီး ပြုခဲ့ရပြီးပါပြီ။ ခိုးကြ ၀ှက်ကြ ကဲ့ကြ ယူကြတာ တွေအပေါ်လဲ ကောင်းကောင်းမြင်သိ ရှုမြင်လိုက်ရပြီး တရားရမိ ပါတယ်။ ဘယ်လိုနှလုံးသွင်းရမယ်ဆိုတာလဲ သဘောပေါက်ပါတယ်။ ဒီမင်း ဒီစိုး ဒီသူခိုးနဲ့ ဒီမိုး ဒီလေ ဒီလူ တွေကိုးဗျ။အဲဒီတော့ ကျနော့်ရဲ့ ဒီအလှူ ဒီခရီးစဉ်တခုလုံးအပေါ် နိဂုံးချုပ်ပြီး ပြောရမယ်ဆိုရင်။
ကျနော့်တယောက်ချင်းအနေနဲ့ကတော့ ... ‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု ရ ပြီး။ နိဗ္ဗာန ပစ္စယော ဟောတု ’ ပါပဲခင်ဗျာ။
ဟုတ်တယ် ... မိစ္ဆာ ဗာလ အလစ်တော ရော ရှု ။ နိဗ္ဗာန ပစ္စယော ဟောတု ... ပါပဲ ခင်ဗျာ။

( ၀င်းတင့်ထွန်း )
၂၂-၆-၂၀၀၈
( မှတ်ချက်။ တရုတ်-မြန်မာနယ်စပ်မှ ကုန်သည်ကြီး ‘ကို - -’သို့ ရည်ညွှန်းအပ်ပါတယ်။ )

အပြည့်အစုံသို့...

Thursday 26 June 2008

ကိုယ်မစည်းရုံးနိုင်ရင် ကိုယ်ခံ

(ကိုရင်ဒေါင်း)

၁၉၆၂ ခုနှစ်က စတွက်ရင် တိုင်းပြည်ကို စစ်အုပ်စုမင်းဆက် တဆက်ပြီးတဆက် ကြီးစိုးမင်းမူခဲ့တာ ၄၆ နှစ် တောင်ရှိနေပြီ။ လက်ရှိအနေအထားအတိုင်း နိုင်ငံရေးအင်အားစုတွေ ကျဲကျဲကွဲကွဲ မညီမညွတ်ဆက်သွား နေကြဦးမယ်ဆိုရင် နအဖစစ်အုပ်စုရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေအောက်မျာ ပြည်သူတွေနောက်ထပ် အနည်းဆုံးရာစုနှစ် တ၀တ်လောက် ဒုက္ခပင်လယ်ဝေကြရဦးမယ်လို့ ယူဆရတယ်။ တိုင်းပြည်ဟာလည်း အလုံးစုံ ပျက်စီးရေး နွံကြီးထဲမှာ တရိပ်ရိပ်နစ်သွားရမယ့် အနေအထားပဲ။
ဒီဆောင်းပါးမှာ ပြည်သူလူထုကြီးတရပ်လုံးက နည်းမျိုးစုံနဲ့ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက နအဖစစ် အာဏာရှင်စနစ် ဘာ့ကြောင့်သက်ဆိုးရှည်စေနိုင်တာမှာ အကြောင်းတရား အများအပြားရှိမှာ ဖြစ်ပေမယ့် စစ်အုပ်စုလက်တဆုတ်စာရဲ့ မတရားတဲ့အမိန့်တွေကို တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ)က မငြင်းဆန် နိုင် ဘဲ နာခံနေရတာဟာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။
စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးဟာ စစ်တပ်ဖြစ်တယ်။ စစ်အုပ်စုလက်တဆုတ်စာရဲ့ ပြည်သူအပေါ် ဖိနှိပ် သတ်ဖြတ်ရေးအမိန့်တွေကို တပ်မတော်က မနာခံတော့ဘူးဆိုရင် တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ) ရဲ့ အင်အားတ၀တ် ဒါမှမဟုတ် သုံးပုံတပုံလောက်ဖြစ်စေဦးတော့ စစ်အာဏာရှင်စနစ် ယိုင်ယဲ ပျက်စီးရမှာဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ပေါင်းမိပြီဆိုတာနဲ့ ဒီမိုကရေစီအရေးတော်ပုံလည်း အောင်ပွဲ ခံရမှာ သေချာတယ်။ ဒါဟာ သဘောတရားအရသာမဟုတ်ဘဲ လက်တွေ့အရလည်း အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါလျက် ဘာကြောင့် ဒီနေ့အထိဖြစ်မလာနိုင်သေးလဲလို့ မေးရင် နိုင်ငံရေးအင်အားစုတွေဟာ ယေဘူယျ ဆော်သြချက် (ဒါတောင် သိပ်တက်တက်ကြွကြွ လုပ်တာ မဟုတ်) လောက်သာလုပ်ပြီး တိကျတဲ့လက်တွေ့နဲ့ မပေါင်းစပ်ကြလို့ ဖြေရမှာပဲ။
တပ်မတော်ကို စစ်အုပ်စုလက်တဆုတ်စာရဲ့ အမိန့်ကိုဖီဆန်ပြီး ပြည်သူလူထုနဲ့ပူးပေါင်းလာအောင် စည်းရုံး လို့ ရနိုင်တယ်လို့ပြောတာဟာ အချက်အလက်မဲ့၊ အထောက်အထားမရှိ လေဖမ်းဒန်းစီးနေတာ မဟုတ်ဘူး။ ကိုယ်တိုင်က တပ်မတော်သားတဦးအဖြစ် (ပထစ နဲ့ တော်လှန်ရေးကောင်စီခေတ်မှာ) စစ်မှုထမ်းခဲ့ရတဲ့ လက်တွေ့ဘ၀ အတွေ့အကြုံ၊ တပ်တွင်းယူဂျီဘ၀နဲ့ ဗိုလ်နေ၀င်းစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ အတွေ့ အကြုံနဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ အရင်းခံစိတ်ဓာတ်တွေကို အနီးကပ် မြင်တွေ့ခဲ့ရတဲ့ အပေါ်ကပြောတာ။ စစ်မိန့်၊ စစ်စည်းကမ်းဆိုတဲ့ ဖိနှိပ်ချုပ်ချယ်နေတဲ့ သူတို့ဘ၀တွေကို သိမြင်လာရတဲ့အပေါ်ကနေ ပြောတာဖြစ်တယ်။
စစ်အုပ်စုလက်တဆုတ်စာနဲ့ သာမန်တပ်မတော် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးအကြားမှာ ကြီးမားတဲ့ အကျိုးစီးပွားခြားနားမှုရှိတယ်။ တပ်အပြင်လောကမှာဆိုရင်လည်း စစ်အုပ်စုရဲ့ မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းနဲ့ သာမန်အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြား ကြီးမားတဲ့ အကျိုးစီးပွား ခြားနားမှုရှိတယ်။ ဒီလို အကျိုးစီးပွားအရ မိုးနဲ့မြေလောက် ကွာခြားနေတဲ့ မတရား မှုကြီးကို တပ်မတော်သားအများစုကြီးက မသိလို့ ဒါမှမဟုတ် ကျေနပ်လို့ ငြိမ်ခံနေကြတာတော့မဟုတ်ဘူး။ အကျိုးအကြောင်း၊ အဆိုးအကောင်း ဘာကိုမှစဉ်းစားနိုင်စွမ်းမရှိတဲ့ ကြေးစားစစ်သား လူမိုက်အနည်းစုက လွဲပြီး အများစုကြီးဟာ သူတို့ရင်ဆိုင်ဖြတ်သန်းနေရတဲ့တပ်မတော်သားဘ၀ကို ကျေနပ်ကြတာ မဟုတ်ဘူး။ အားမတန်လို့ မာန်လျော့နေကြတာဖြစ်တယ်။ နိုင်ငံရေးအတွေးအခေါ်အရ၊ လက်တွေ့ စည်းရုံးရေးအရ သူတို့ကို ဦးဆောင်မှုပေးမယ့် ခေါင်းဆောင်မှုမရှိလို့ဖြစ်တယ်။
လက်ရှိကာလမှာ တပ်မတော်အတွက် မှန်ကန်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ လက်တွေ့ကျတဲ့ စည်းရုံး လှုပ်ရှားမှု မရှိမဖြစ်လိုအပ်နေတယ်။ အဖိနှိပ်ခံ ဘ၀တူ တပ်မတော်သားအချင်းချင်း ဘယ်လိုစုစည်းရမယ်။ လူထုတိုက်ပွဲနဲ့ မပူးပေါင်းဘဲ တပ်မတော်အတွင်း ဦးတည်ချက်ရှိရှိ၊ စီမံကိန်းရှိရှိ မစည်းရုံး မလှုပ်ရှား ကြသေးလို့ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် မစွမ်းဆောင် နိုင်ကြတာဖြစ်တယ်။
တပ်မတော်ကို ပြည်သူတွေနဲ့အတူ ရပ်တည်လာစေချင်ရင် ယေဘူယျ လှုံဆော်စည်းရုံးရုံနဲ့တော့ မရနိုင်ဘူး။ မှန်ကန်တဲ့ နိုင်ငံရေးမူ၊ ပေါ်လစီတွေအပေါ် အခြေခံပြီး လက်တွေ့ကျကျ အဆင်းရဲအပင်ပန်းခံ စည်းရုံး လှုပ်ရှားမှ ဖြစ်မယ်။ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် စည်းရုံးဖို့ နိုင်ငံရေး အင်အားစုမှန်သမျှမှာ တာဝန်ရှိတယ်။ တပ်မတော်ကို ကိုယ်က မစည်းရုံးနိုင်ရင် စစ်အုပ်စုက အမိန့်၊ စည်းကမ်းဆိုတာနဲ့ရော လိမ်ညာမှိုင်းတိုက်မှုနဲ့ပါ စည်းရုံးမှာပဲ။ ဒီလိုဆို တပ်မတော်တခုလုံး စစ်အုပ်စု လက်တဆုတ်စာ လက်အောက်က ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ လူထုဘ၀လည်း အလားတူဖြစ်မှာပဲ။
နိုင်ငံရေးအင်အားစုများအဖို့ တပ်မတော်ကို စည်းရုံးရေးဟာ လူထုစည်းရုံးရေး စစ်မျက်နှာတခုဖြစ်တယ်။ ဒီလို ပြောရတာက စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်နိုင် မတိုက်နိုင်၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲရ မရဆိုတာ တပ်မတော်အင်အားအများစုကြီး ပြည်သူလူထုဘက် ရပ်တည်၊ မရပ်တည်ဆိုတဲ့အချက်ပေါ်မှာ တည်နေလို့ပဲ။ တပ်မတော်ဆိုတာ လက်နက်ကိုင်ထားတဲ့ လူထုပဲ။ စစ်အုပ်စုနဲ့ တပ်မတော်ကို တတန်း တည်းထားစဉ်းစားတာ မမှန်ဘူး။
ကျနော်တို့တိုက်ဖျက်နေတာ တပ်မတော်ကိုမဟုတ်ဘူး။ တပ်မတော်ကိုသူတို့ လူတစုအကျိုးအတွက် အသုံး ချနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကိုသာ ဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးမှာ အခြား လူထု၊ လူတန်းစား၊ လူ့အလွှာတွေကို ပေါ်လစီချ စည်းရုံးသလို တပ်မတော် ကိုလည်း အခိုင်အမာထူးခြားချက်အရ ပေါ်လစီချ စည်းရုံးရမှာဖြစ်တယ်။ တပ်မတော်စည်းရုံးရေးကို တပါတီ၊ တသင်း၊ တဖွဲ့တည်းကလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူး။ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအင်အားစု အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ တပ်မတော်သားဘ၀ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ကြဖူးတဲ့၊ ဒီမိုကရေစီလိုလားတဲ့ တိုင်းချစ်၊ ပြည်ချစ် တပ်မှူး၊ တပ်သားဟောင်းတွေထဲက တရားမျှတမှုကို လိုလား သူတွေရဲ့ ပူုးပေါင်းကူညီမှုကို ရယူကြရမှာပဲ။
တပ်မတော်တွင်း ဘယ်လိုအခိုင်အမာ ထိုးဖောက်စည်းရုံးမလဲဆိုတာနဲ့ ပတ်သက်လို့ ကျနော်စဉ်းစားမိတဲ့ ယေဘူယျပုံကြမ်းတခုကို တင်ပြချင်တယ်။ စိတ်ဝင်စားသူတွေ စဉ်းစားနိုင်ဖို့ပါ။ တပ်မတော်တွင်းထိုးဖောက် စည်းရုံးနိုင်ရေးအတွက် သီးသန့် စည်းရုံးဖွဲ့စည်းမှု သဏ္ဍန်တခုရှိရမယ်။ ဥပမာ - မြန်မာနိုင်ငံလုံးဆိုင်ရာ တပ်မတော်အတွင်း ထိုးဖောက်စည်းရုံးရေးကော်မတီ ဆိုတာမျိုးဖြစ်တယ်။ အဲဒီကော်မတီမှာ ဖွဲ့စည်းမှု ဆိုင်ရာ စည်းမျဉ်းရှိရမယ်။ လုပ်ငန်းစဉ်ရှိရမယ်။ လုပ်ငန်းလမ်းညွှန် ပေါ်လစီရှိရမယ်။ ရေတို၊ ရေရှည် စီမံကိန်းရှိရမယ်။ ကြည်း၊ ရေ၊ လေ ယူနစ်အလိုက် တာဝန်ခွဲဝေမှုမျိုး ရှိရမယ်။ ယူဂျီစနစ်ကျင့်သုံးရမယ်။ ယူဂျီလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများရှိရမယ်။ ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖွဲ့စည်းမှုစနစ် ရှိရမယ်။ မိမိတပ်တွင်း ယူဂျီများ အရေးကြုံလာက ရန်သူ့လက်မကျရေးအတွက် ထွက်ပေါက်လမ်းကြောင်း များ ဖောက်လုပ်ထားရေး စတာတွေ အခိုင်အမာ ပြင်ဆင်ရမယ်။
တပ်မတော်အတွင်း လျှို့ဝှက်ထိုးဖောက်စည်းရုံးရေးကို အထောက်အကူပြုနိုင်ဖို့ ဗြောင်လုပ်ငန်း ယေဘူယျ လှုံ့ဆောင်စည်းရုံးမှုနဲ့ ပေါင်းစပ်ရမယ်။ သတင်းစာ၊ ဂျာနယ်၊ အထူးသဖြင့် အသံလွှင့်ဌာနများရဲ့ အကူအညီ ကို ဖြစ်နိုင်သမျှရယူပြီး တပ်မတော်တွင်း နိုင်ငံပညာပေးရေးကို အလေးထားလုပ်ရမယ်။
တပ်ပြင်ရောက် စစ်ပြန်၊ စစ်မှုထမ်းတွေထဲက တရားမျှတမှုကို လိုလားတဲ့ စစ်မှုထမ်းဟောင်းတွေ၊ တာဝန် ထမ်းဆောင်ဆဲ စစ်မှုထမ်းတွေရဲ့ မိဘ၊ ညီအကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေကို စနစ်တကျ ဦးတည် ချက်ရှိရှိ ချဉ်းကပ်ရေး၊ သူတို့ကတဆင့် တပ်တွင်းသို့ ထိုးဖောက်ရေးဖြစ်တယ်။ ဒီနည်းနဲ့ ကြည်း၊ ရေ၊ လေ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအတွင်း ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖြန့်ကျက်တည်ဆောက်နိုင်ရေး ဖြစ်တယ်။
အတွေ့အကြုံအရ တပ်ရင်းတရင်းမှာ ငွေကြေးအရ အခစားလုပ်စားတဲ့ ကြေးစားယူဂျီမဟုတ်ဘဲ နိုင်ငံရေး အတွေးအခေါ်အရ ကိုယ်ပိုင်နိုးကြားမှုနဲ့လုပ်တဲ့ ဒီမိုကရေစီအမာခံ ယူဂျီတယောက်ရပြီဆိုရင် အဲဒါဟာ မဟာအောင်မြင်မှုပဲ။ အဲဒီအမာခံကတဆင့် တစက်က တမျက်နှာ ဖွံ့ဖြိုးယူဖို့မခက်တော့ဘူး။ အဲဒါ ကိုယ်တွေ့ပဲ။ အရေးကြီးတာက အဲဒီလို အမာခံယူဂျီတွေကို ရေရှည်မြှပ်နှံထားဖို့ပဲ။ ဖော်ပြပါအချက်တွေဟာ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေးနဲ့ပတ်သက်လို့ စဉ်းစားနိုင်အောင် အကြမ်းဖျမ်း တင်ပြချက် သာဖြစ်တယ်။ တကယ်လက်တွေ့မှာ စုပေါင်းစဉ်းစားကြရင် ကျယ်လည်း ကျယ်ပြန့်၊ လက်တွေ့လည်းကျပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်စနစ်တွေရလာမှာသာ ဖြစ်တယ်။ လက်တွေ့လုပ်ရင်လည်း လုပ်နိုင်သလောက် အောင်မြင်မှာပဲ။
နိုင်ငံတကာအကူအညီတွေကိုယူပြီး လူမှုရေးဆန်ဆန် အသင်းတွေကိုတောင် လုပ်နိုင်ကြသေးတာပဲ။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲခံရေးအတွက် တိုက်ရိုက်ဆက်စပ် ပတ်သက်နေတဲ့ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေး မြေအောက်လုပ်ငန်းမျိုးကို ဘာ့ကြောင့် မလုပ်နိုင် ကြတာလဲ။ ဘာ့ကြောင့် တာဝန်ပျက်ကွက်နေကြတာလဲ။
ပြည်တွင်းရှိ ရဲဘော်တယောက်ကတဆင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတချို့ရဲ့စကားကို ပြန်ကြားရတာရှိတယ်။ `နိုင်ငံရေးပါတီတွေက တပ်မတော်သားတွေကိုမှ မစည်းရုံးကြဘဲ။ တပ်မတော်သား အများစုကလည်း လက်ရှိအခြေအနေကို ပြောင်းလဲချင်နေကြတာ။ အားကိုးလောက်တဲ့ ခေါင်းဆောင်မှုသာ တို့ကို ခေါင်းဆောင်ရင် တို့လဲ လုပ်ရဲပါတယ်´တဲ့။ စစ်အုပ်စုကတော့ တပ်မတော်ကို အမိန့်ပေးစေခိုင်းပြီး ပြည်သူတွေကို ဆက်လက်သတ်ဖြတ် ဒုက္ခပေးနေဦးမှာပဲ။ ကိုယ်က တပ်မတော်ကို မစည်းရုံးနိုင်ရင် ကိုယ်ပဲ နာဖို့ရှိတယ်။

ကိုရင်ဒေါင်း
ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၆)

အပြည့်အစုံသို့...

Sunday 22 June 2008

ဇာဂနာ့ စာကြွင်း

အငြိမ့်ခန်း ရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့ ဖောက်သည်ချချင်လာပါတယ်။ မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလမှာ အဖမ်းခံခဲ့ရတုန်းကပေါ့။ ထောင်ထဲမှာ အခန်းဖော်လည်း မရှိ၊ အပြင်လည်း မထွက်ရ၊ လူစကား မေ့သွားမှာစိုးလို့ အခန်းထဲ ရောက်လာတဲ့ ကြွက်တွေ ပိုးဟပ်တွေ အိမ်မြောင်တွေ ပုရွက်ဆိတ်တွေနဲ့ စကားလိုက်ပြောနေရတာ။ သူတို့က ပြန်မပြောပေမယ့် ကိုယ်ကတော့ ဇွတ် လိုက်ပြောနေရတာ။ တဖြေးဖြေးနေရင်းနဲ့ ပုရွက်ဆိတ်တွေကို ကျနော် ကြည့်မရတော့ဘူး။ ကြည့်ရစရာလည်း တစက်မှ မရှိဘူး။ စဉ်းစားလေ။ ဘဲ့နဲ့။ ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ ငါးခြောက်ဖတ်လေး တဖတ်လောက် သိမ်းထားတာ ဒီပရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။ ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ ညနေစာ တ၀က်စီ ခွဲထားတာ နေ့လည် အိပ်နေတုန်း ဒီအကောင်တွေက ၀ိုင်းအုံပြီး သမကြပြန်ပါရော။ ဒီတော့ ကြည့်မရတာ အဆန်းလားဗျာ။ သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။ ဒါနဲ့ အစဉ်သင့် ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ အဲဒီကောင်တွေ ပထမတော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့ လှည့်ပြန်မယ် လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ် အထဲမှာတင် ပတ်ပြေးနေတော့တာ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။

တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျနော် စမ်းသပ်ခဲ့တာ အကြိမ်တိုင်း အခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီ စက်ဝိုင်းထဲက ထွက်ဖို့တခါမှ မစဉ်းစားဘဲ အချင်းချင်းကိုက်ရင်း အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။ အဲဒါ အများလည်း စဉ်းစား နိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျနော်တို့ဟာ အခု ပရုတ်ဆီ အ၀ိုင်းခံနေရတာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။ ။

အပြည့်အစုံသို့...

Saturday 21 June 2008

Saturday 14 June 2008

“အောင်ပွဲအတွက်ပြင်ဆင်ကြပါစို”့ 

ကောင်းဇေ
(http://www.naytthit.com) မှကူးယူဖေါ်ပြပါသည်

နအဖစစ်အုပ်စုကတော့ သိန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေတာကိုလည်း ဂရုမစိုက်၊ နိုင်ငံတကာ က တောင်းဆို မေတ္တာရပ်ခံနေတာကိုလည်း ဂရုမစိုက်ဘဲသူတို့လုပ်ချင်တာလုပ် မည်။ ကြမ်းချင်သလို ကြမ်းမည်ဆိုပြီး ဘီလူးဆိုင်းတီးပြီး ထွက်လာလေပြီ။
နအဖအာဏာပိုင်တွေရဲ့  တာဝန်ယူမှုမဲ့စွာ၊ ပစ်စလက်ခတ်နိုင်မှုများကြောင့်ပြည်သူတွေ သိန်း၊သန်း ပေါင်းများစွာရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ ဘ၀များ နာဂစ်မုန်တိုင်းအောက်တွင် ချေဖျက်ခံခဲ့ရသည်။ ခံလည်းခံနေရဆဲဖြစ်သည်။ အဲဒီအတွက် သူတို့ကိုယ်တိုင်လည်း ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်၊ အခြေအနေမှ အမြတ်ထုတ်ရန်သာစဉ်းစားနေပြီး စေတနာနဲ့ ကူညီပေးဖို့လည်း ဆန္ဒကမရှိ။ ဒုက္ခရောက်နေ သောပြည်သူ တွေကို တကယ်ကူညီချင်သူတွေ၊ ထိထိ ရောက်ရောက် ကူညီနိုင်သူတွေ၊ အလှုရှင် တွေကိုကြတော့ ပိတ်ပင်တားဆီးထားပြီး ဒုက္ခသည် ပြည်သူ တွေကို ခွေးစားစား၊ ကျီးထိုးထိုး၊ (ငါးပူတင်းထိုးထိုး) ဆိုပြီး ပစ်ထားသည်။
ထို့အပြင် တတိုင်းပြည်လုံးအား စစ်ကျွန်ဇာတ်သွင်းမည့် သူတို့ရဲ့  ဆန္ဒခံယူပွဲကိုတော့ ဒုက္ခရောက် နေတဲ့ ပြည်သူတွေကို မှ မထောက်ထားဘဲ အမြတ်ထုတ်ပြီး အရှက်မဲ့စွာဖြင့် တွန်းတင်လုပ်ဆောင်ခဲ့သည်။ အောက်လမ်းနည်းမျိုးစုံ၊ ညစ်ပတ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံကို အသုံးချ၍ မရှက်မကြောက် လုပ်ဆောင်ခဲ့ သည်။ ဒီလို အခြေအနေမျိုးမှာတောင် မဲမေးနိုင်သူ အားလုံး၏ ၉၂ ရာခိုင်နှုန်း က ထောက်ခံပါသည်ဆိုပြီး ကြေညာရဲသည်မှာလည်း တကယ်တော့ အထူးအဆန်း မဟုတ်တော့ချေ။ ကြိမ်းသေတာကတော့ရှိသည၊် သူတို့ ဘယ်လိုပင် အတင်းအဓမ္မ ကြေညာနေပါစေ ဒီရလဒ်ဟာ လူထုရဲ့ဆန္ဒအစစ်အမှန် မဟုတ်မှန်း သူတို့ကိုယ်တိုင်လည်း သိသည်၊ ထို့အပြင် ဒါကို ကမ္ဘာကလည်း သိနေသည်။ လူထုအနေနဲ့ကတော့ ပြောစရာပင်မလို။
တကယ်တော့ နှစ်ပေါင်းများစွာ တလျှောက်လုံး အတိုက်အခံဘက်က တောင်းဆိုလာခဲ့သည်မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေး၍ စားပွဲဝိုင်းတွင် တိုင်းပြည်ပြဿနာကို အဖြေရှာရေး ဖြစ်သည်။ သို့သော် နအဖ က မသိကျိုးကျွံပြုပြီး အတိုက်အခံကို အတင်း သူတို့ရဲ့လမ်းပြမြေပုံအောက်ကိုဝင်လာပြီး လက်နက်ချခိုင်း သည်။ တွေဆုံဆွေးနွေးရေးကို မလုပ်ဘဲ တံခါးတွေကို တဖက်သတ်ပိတ်ပစ်ထားသည်။ ယခုလည်းသူတို့  ရဲ့လမ်းပြမြေပုံကို တဖက်သတ် ဆက်သွားနေသည်။ သည်လိုတဖက်သတ် ဆက်သွားနေရင်တော့ဖြင့် ဘာ တွေဆက်ဖြစ်လာမယ် … ဘယ်လမ်းကြောင်းကိုဦးတည်နေတယ် ဆိုတာကတော့ ဗေဒင်မေးရင်တောင် ဆန်ကုန်အုံးမှာဖြစ်သည်။ ကြိမ်းသေသည် လူထုတိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်လာတော့မည်။ အထွေထွေရှားပါးမှု၊ နိုင်ငံရေးအရအနိုင်ကျင့်ခံရမှု မျိုးစုံတို့ကြောင့် ပြည်သူထူထုတွေရဲ့ ဒေါသမှာ ကြိမ်အုံးမီးဖြစ်နေတာကြာပြီ။ စက်တင်ဘာတုံးက သံဃာတော်တွေအပေါ် ကိုပြုမူလုပ်ဆောင်ခဲ့ပုံတွေက မီး ဇာကိုမြှင့်စေခဲ့သည်။ ယခုတော့ ဒီဒေါသတွေကို ဒီမေလ မှာ တိုက်ခတ်သွားခဲ့သည့် မုန်တိုင်း၂ခု(နာဂစ်နှင့် နအဖ၏ နိုင်ငံရေးမုန်တိုင်း) နှင့် အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့လိုက်ပြီ။
ဆန်အကြပ်အတည်း၊ လောင်စာဆီ၊ ကုန်ဈေးနှုန်း၊ လစာကိစ္စ၊ ကျောင်းလခကိစ္စ၊ ဆုတောင်းပွဲ၊ မျိုး စုံက တိုက်ပွဲ အစတွေ ဖြစ်လာနိုင်သည်။ မုန်တိုင်းဒဏ်ခံ ဒေသတွေမှာလည်း အကူအညီတွေကို မတရား ပိတ်ပင်နေတာတွေ၊ ဒေသခံအာဏာပိုင်တွေက အကူအညီတွေကို ခေါင်းပုံဖြတ်သိမ်းယူတာတွေ အာခံပြီး လူထုကိုကယ်ဆယ်ကူညီနေရတဲ့ တိုက်ပွဲငယ်လေးတွေကလည်း နေ့စဉ်လိုတခြိမ်းခြိမ်း ဖြစ်နေသည်။ ဒီတော့ တိုက်ပွဲရဲ့အစဟာ အမျိုးမျိုးဖြစ်နိုင်ပြီး၊ မထင်မှတ်တဲ့ ပုံစံအမျိုးမျိုးနဲ့ လာတော့မှာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးပန်းတိုင်ကတော့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဦးတည်တဲ့ တိုက်ပွဲကြီးတွေကိုသာ ဦးတည်မှာပဲ ဖြစ်သည်။ ဤသည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။

ဒီတော့ အခုအချိန်မှာ ကိုယ့်ကိုကိုယ် မညှာဘဲ မေးခွန်းထုတ်ရတော့မည်။ မေးရမဲ့မေးခွန်း က ဘယ် လမ်းကြောင်းတွေ ကိုအသုံးပြုမှာလဲ။ ဘာ way တွေ ညာ way တွေမဟုတ်၊ ကြွေးကြော်သံတွေ အတွက် အငြင်းပွားနေရမယ့် အချိန်လည်းမဟုတ်။ (လက်နက်ကိုင်မှတို့ ၊စားပွဲဝိုင်းမှတို့ ၊ ပူးသတ်မှတို့ ၊ နိုင်ငံတကာ အကူ အညီယူမှတို့မဟုတ်။ လူထုရဲ့အင်အားနဲ့တိုက်ပွဲပုံသဏ္ဌာန်တွေကပဲ နောက်ဆုံးပိတ်တိုက်ပွဲရဲ့ လမ်း ကြောင်းကို ပြဋ္ဌာန်းပေးသွားလိမ့်မည်။) အဓိက,က ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးစုံ၊တိုက်ပွဲမျိုးစုံ အတွက် ဘယ်လောက်လက်တွေ့ကျကျနဲ့ စနစ်တကျပြင်ဆင်ထားပြီးပြီလဲဆိုတာသာ ဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ ဒီတိုက်ပွဲငယ်လေးတွေကို ဘယ်လို တစက်ကနေ တမျက်နှာ လုပ်ပစ်နိုင်မလဲ၊ ဒီတိုက်ပွဲတွေနဲ့ လူထုကို ဘယ်လိုစနစ်တကျပေါင်းစပ်ပါဝင်စေနိုင်မလဲ၊ အဲဒီအတွက် စည်းရုံးရှေ့ဆောင်နိုင်မယ့်သူတွေ၊ အဖွဲ့အစည်းတွေ လူထုကြားထဲမှာဘယ်လောက် ခိုင်ခိုင်မာမာ ထိုးဖေါက်ထားနိုင်ပြီလဲ ဆိုတာမျိုးတွေ ဖြစ်သည်။ တကယ်လို့ ရန်သူက နည်းမျိုးစုံနဲ့ဖြိုခွင်းလာပြီဆိုရင် လည်း ဘယ်လိုဆက်လုပ်သင့်တယ် ဆိုတာမျိုးတွေကိုလည်း စဉ်းစားပြင်ဆင်ထားရမည်။ တော်လှန်ရေးအနု ပညာကို လှလှပပ ကပြတင်ဆက်နိုင်ဖို့  ဖြစ်သည်။
ပွဲသိမ်းတိုက်ပွဲကြီးဖြစ်လာဖို့အတွက် ပုံစံအမျိုးမျိုးသောတိုက်ပွဲငယ်တွေက တဆင့်ပြီးတဆင့် တက်လှမ်းယူရမှာဖြစ်သည်။ ဒီမှာသတိပြုရမှာ တခုလည်းရှိသည်။ အင်အားကြီးပြီး ကြိုတင်ပြင်ဆင်မှုရှိနေ သောရန်သူကို တိုက်နေရခြင်းဖြစ်တဲ့အတွက် ကိုယ့်ဖက်ကလည်း စနစ်တကျကြိုတင် ပြင်ဆင်မှုရှိဖို့၊ ညီ ညွတ်ဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့ လိုတာပဲဖြစ်သည်။ ပြင်ဆင်မှုမရှိဘဲ မထိတထိနဲ့ တပွဲတိုး ကိုယ့်ဘက်က သွားလုပ်တိုင်း သူတို့ဘက်က (တန်ပြန်တော်လှန်ရေးဖက်က) အင်အားပိုကြီးလာတယ်ဆိုတဲ့ အချက်ကို လည်း မမေ့သင့်ပေ။ ဒါကြောင့် ဘယ်လောက်လက်တွေ့ကျကျ နဲ့  စနစ်တကျ ပြည်သူလူထုကြားထဲမှာ ပြင်ဆင်ထားပြီးပြီလဲဆိုတာနှင့် အဲဒီလို တွေးဆပြင်ဆင်ထားတာ အားနဲနေသေးသည်၊ ပြည့်စုံရန် လိုသေးသည် ဆိုရင် ဒီအတွက် အားသွန်ခွန်စိုက်နဲ့ ညီညွတ်ရေးမှာအခြေခံပြီး ပြင်ဆင်ဖို့လိုနေသည်။ ဒီနေရာမှာ ၈-လေးလုံးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းတွေမှာ တွေ့ကြုံခဲ့ရတဲ့ အားသာချက် အားနဲချက် တွေကို ပြန်လည်လေ့လာကြည့်သင့်တယ်။ သင်ခန်းစာယူစရာတွေ အများကြီးရှိသည်။
Statement တွေ ကြွေးကြော်သံတွေ ထုတ်ပြီး action ဆို တဲ့ လုပ်ဆောင်ချက်တွေ နောက်က မပါ လာဘူးဆိုရင် ကြာလာရင် သင်္ကြန်အမြောက်ဖြစ်သွားလိမ့်မည်။ လူထုကလည်း ကိုယ့်အပေါ်လေးစားမှု ကျလာနိုင်သည်။ နောက်အင်အားနဲ့လုပ်ငန်းစဉ်မပါတဲ့ ကြေညာချက်တွေကို နအဖ က ဘယ်လိုမှ ဂရုမစိုက် ဘူးဆိုတာကို အနှစ်၂၀ သင်ခန်းစာက ထုတ်နှုတ်ယူပြီးသား ဖြစ်နေသင့်ပြီ။ ဒီလို ပြင်ဆင်မှုတွေကို ဒီလောက် ဖိနှိပ်တဲ့ အစိုးရအောက်မှာ ပေါ်ပေါ်ထင်ထင်လုပ်လို့မရနိုင်တာ ကတော့ ကြိမ်းသေသည်။ ထို့ကြောင့် လျှို့ဝှက်ရမယ်။ တနည်းပြောရရင်မြေအောက်လှုပ်ရှားမှုပုံသဏ္ဌာန်မျိုး ဖြစ်ရလိမ့်မည်။ မလုပ်တတ်သေး ရင်လည်း လုပ်တတ်အောင်သင်ယူရလိမ်မည်။ လုပ်ချင်တဲ့ဆန္ဒရှိပြီး လျှို့ဝှက်ရေးကိုသာ အခြေခံရင် အလုပ်ကပဲ သင်သွားပေးလိမ့်မယ်။ ဒီလုပ်ငန်းမှာ အတွေ့အကြုံရှိသူတွေနှင့်လည်း ပူးတွဲလုပ်ဆောင်သင့်သည်။
ထို့အပြင် နိုင်ငံတကာအခြေအနေကိုလည်း မှန်မှန်ကန်ကန် ရှုမြင်ဖို့လိုသည်။ တခါတရံလိုတာထက် ပိုပြီး အားကိုးမိနေ၊ ရနိုင်တာထက်ပိုပြီး မျှော်လင့်နေသလိုဖြစ်နေသည်။ ပြည်သူလုထုကို အခြေအနေမှန်ကို တင်ပြဖို့နဲ့မျှော်လင့်ချက်အမှားတွေ မပေးမိစေဖို့က အားလုံးမှာတာဝန်ရှိသည်။ တကယ်တော့ နိုင်ငံတကာ အခြေအနေက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး။ ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့ဆိုရင် မြန်မာပြည် သူတွေကို ကိုယ့်ဖာသာကိုယ် လုံးပန်းတိုက်ခိုက်မှရတော့မယ်ဆိုတာကို ပြဋ္ဌာန်းနေတယ်။ အကူအညီ ပေး ချင်လွန်းလို မြန်မာရေပိုင်နက်အစပ်မှာ စောင့်နေတဲ့သူတွေလည်း လှည့်ပြန်သွားရပြီ။ UN၊ ဘန်ကီမွန်း၊ အီး ယူနဲ့အာစီယံလည်း လုပ်ပေးချင်သလောက်၊ ဆန္ဒရှိသလောက် မလုပ်နိုင်သေး။ ဘာလို့လဲဆိုလျှင် နအဖ ဟာ အကျိုးစီးပွားကို အခြေခံတဲ့ ဒီနေ့ခေတ်နိုင်ငံတကာအခင်းအကျင်းမှာ ကောင်းကောင်း ကစားတတ်နေ ပြီး၊ ကစားနိုင်တဲ့ အနေအထားလည်းရှိနေလို့ ဖြစ်သည်။ ရှေ့မှာလည်း ဒီလိုကစားနိုင်ခဲ့၊ အမြတ်ထုတ်နိုင်ခဲ့၊ အချိန်တွေကိုလည်း ၀ယ်ယူနိုင်ခဲ့တဲ့ သာဓကတွေ က အများကြီး ရှိခဲ့ပြီးပြီ။ ဒီတခေါက်မရရင် နောက် တခေါက်တော့ ရမှာပဲ ဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်နဲ့ မြန်မာကပြည်လူထုရဲ့ကံကြမ္မာကို ပုံအပ်ထားလို့ မရတော့ပေ။ တကယ်တော့ အချိန်က ကိုယ့်ဖက်မှာ ဒီလောက် ရှိမနေတော့တာလည်းပါသည်။
နိုင်ငံတကာအကူအညီတွေကို ပစ်ပယ်လို့ ဆိုလိုချင်တာ မဟုတ်ပေ။ နိုင်ငံတကာက ဖိအားတွေ ၊ ဒီ မိုကရေစီလှုပ်ရှားမှုပေါ်မှာ ထောက်ခံစာနာတာတွေကြောင့် ဒီနေ့အထိနအဖဟာ နိုင်ငံတကာအလယ်မှာ မျက်နှာသာမရနိုင်တာ၊ လူယောင်သူယောင်မပြောင်နိုင်တာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ ဖိအား က နအဖကို အသက်ရှုမ၀အောင်လည်ပင်းညှစ်ထားနိုင်တဲ့ အနေအထားမှာပဲ ရှိသေးသည်။ ဒူးထောက်လာ နိုင်အောင်တော့မလုပ်နိုင်သေးပေ။ ဒူးထောက်လာနိုင်အောင်လုပ်နိုင်တဲ့ အင်အားဟာ ပြည်တွင်းမှာပဲ ရှိနေ သည်။ ပြည်သူလူထုရဲ့အားပဲဖြစ်သည်။ ဒီတော့ နိုင်ငံတကာ ဖိအားနဲ့အကူအညီတွေကို အသုံးချ၊ ပြည် တွင်းကလူထုအားနဲ့ ပေါင်းစည်းပြီး ဟန်ချက်ညီညီနဲ့ အပြောင်းအလဲကို ဖန်တီးယူကြရမှာပဲ ဖြစ်သည်။
တကယ်တော့ ပြည်သူလုထုကြီးက အသင့်ဖြစ်နေပြီ။ ဒါကို စက်တင်ဘာလနဲ့ ပြီးခဲတဲ့ ဆန္ဒခံယူပွဲမှာ ဒီလောက်ဖိနှိပ်မှုတွေကြားထဲက ကန့်ကွက်မဲတွေကိုပေးခဲ့ပြီး သက်သေပြခဲ့ပြီးဖြစ်သည်။ အသင့်မဖြစ်သေးတာ ကိုယ့်ဘက်ကသာ ဖြစ်သည်။ အောင်ပွဲဆီကိုရောက်အောင် ခေါ်ဆောင်သွားနိုင်တဲ့ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ၊ ပြင်ဆင်မှုတွေ၊ ဦးဆောင်မှုတွေ၊ ညီညွတ်မှုတွေကို သေသေချာချာ လူထုကြီးကို မချပြနိုင်သေးရင်တော့ လူထုကြီးက တိုက်ပွဲထဲကို လိုက်လာအုံးမှာမဟုတ်ပေ။ statement တွေ၊ ကြွေးကြော်သံတွေလောက် ထုတ်ပြီး လူထုကိုခေါ်လို့ လူထုကလိုက်လာမှာ မဟုတ်ပေ။ ထို့ ကြောင့် လူထုထဲမှာရှိနေပြီး၊ လူထုနဲ့ တသားထဲဖြစ်နေဖို့ လိုသည်။ ဒီနေရာမှာ ခေါင်းဆောင်တွေမရှိလို့၊ အဖမ်းခံထားရလို့ ဆိုတဲ့ဆင်ခြေလောက်နဲ့ က မပြည့်စုံတော့ပေ။ ခေါင်းဆောင်မရှိရင် ကိုယ့်ဖာသာကိုယ် ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ယူရမှာပဲ ဖြစ်သည်။ တိုက်ပွဲသာရှိနေပါစေ အဲဒီထဲကနေ ခေါင်းဆောင်ဆိုတာ ပေါ်လာပါလိမ့်မည်။ တကယ်တော့ လူတိုင်းဟာ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုနေသလို နောက်လိုက်ကောင်းလည်း ဖြစ်ဖို့ လိုနေသည်။
ဤတွင် ပြည်သူလူထုဆိုတာကို နဲနဲပြောဖို့လိုသည်။ ပြည်သူလူထုဆိုသည့်ထဲ မှာ နအဖရဲ့စနစ်ကြီး ထဲမှာ မလှုပ်သာ မလူးသာဖြစ်နေရတဲ့ တပ်မတော်သားတွေ ၊ ၀န်းထမ်းတွေလည်းပါသည်။ အခွင့်အရေး ကြောင့်ဖြစ်စေ၊ ပညာမဲ့မှုနဲ့ ဆင်းရဲချို့တဲ့မှုတို့ကြောင့်ဖြစ်စေ၊ ဘ၀ရပ်တည်ရေးကြောင့်ပဲ ဖြစ်စေ အခြေနေအမျိုး မျိုးတို့ကြောင့် ကြံ့ဖွတ်ထဲကို ရောက်နေရတဲ့သူတွေကိုလည်း မမေ့ထားသင့်ပေ။ သူတို့ဟာ အနှစ်၂၀ဆိုတဲ့ အချိန်အတွင်းက စနစ်ရဲ့သားကောင်တွေ ဖြစ်သည်။ တချို့ကြတော့လည်း အခြေအနေတွေအရ မချစ်သော်လည်း အောင့်ခါနမ်းဆိုတဲ့ အနေအထားမှာ နေနေရသူတွေ ရှိနေသည်။ ဒီတော့ အခြေအနေပေးလာတဲ့ အချိန်မှာ သူတို့ကြားနေလာအောင်၊ ကိုယ့်ဖက်ကအင်အားတွေ ဖြစ်လာနိုင်အောင်လည်း ကြိုတင်ပြင်ဆင် ထားရလိမ့်မည်။ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်ပြီး၊ အပြောင်းအလဲကို မျှော်နေတဲ့ တပ်မတော်အရာ ရှိကြီးတွေ အစိုးရအရာရှိကြီးတွေ အများကြီး ရှိနေတယ် ဆိုတာကို ကြားနေရသည်။ တခါတလေ ဒီလူတွေ မီဒီယာပေါ် အထိတောင် တက်လာ၊ ရောက်လာတက်သည်။ သူတို့လို လူတွေ များများပေါ်လာအောင် သူတို့ လှုပ်သာရှားသာ ရှိလာအောင် လုပ်ပေးဖို့လိုသည်။ ကိုယ့်လှုပ်ရှားမှုအတွက် သူတို့ကို အသုံးချတတ် ဖို့လည်း လိုသည်။
တကယ်တော့ ဖြစ်လာမှ ပြည်သူစစ်သား တို့စစ်သား အော်လို့မရနိုင်ပေ။ အဲဒီလို အချိန်မှာ သစ္စာ အရှိဆုံးတပ်ကိုသာ လူထုကိုဖြိုခွင်းဖို့ရွေးလွှတ်တာချည်းဖြစ်သည်။ ဒီမှာဆရာကြီးဒဂုန်တာရာပြောတဲ့ စကား တခုဟာ အရမ်းတန်ဖိုးရှိပါသည်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာ” ဆို၍ ဖြစ်သည်။ ဒီစကားရဲ့အနှစ်သာရကို လိမ်မာပါးနပ်စွာနဲ့  အကောင်အထည်ဖေါ်နိုင်ဖို့ လိုအပ်သည်။ ဒီလို ဆို လို့ ရန်သူကို မတိုက်ရတော့ဘူးတော့ မဟုတ်ပေ။ တိုက်ပွဲတိုင်းမှာတော့ နောက်မဆုတ်တမ်း ရန်သူကို ပြတ် ပြတ်သားသားတိုက်ဖို့ရင်ဆိုဖို့ လိုပါသည်။ ဒါပေမဲ့ တချိန်ထဲမှာလည်း အမြင်မှန်ရပြီး ဘက်ပြောင်းလာသော ရန်သူအပေါ်ကို သဘောထားကြီးဖို့လည်းလိုတယ်။ ခေတ်နဲ့စနစ်ကို ပြောင်းဖို့တော်လှန်ရေးလုပ်နေ ကြတာ ဖြစ်သည်။ ကလဲ့စားချေရေးအတွက်မဟုတ်ပေ။ လက်တဆုပ်စာ စစ်အုပ်စု က သူတို့အာဏာနဲ့ သူတို့ရဲ့ ဆွေစဉ်မျိုးဆက်အခွင့်အရေးတွေအတွက် တပ်မတော်နဲ့၊ တိုင်းပြည်ရဲ့ယန္တရားတွေကို ချုပ်ကိုင်ပြီး အသုံး ချနေတာဆိုတာကို ခွဲခြားသိမြင်ဖို့လိုသည်။ ဒီလူတွေကတော့ သူတို့စိုက်တာကို သူတို့ ရိတ်သိမ်းရမှာပဲ ဖြစ်သည်။
နအဖတွင် အတွင်းရော၊အပြင်ပန်းမှာရော ဖြေရှင်းဖို့ခက်နေတဲ့ ပဋိပက္ခပေါင်းစုံကို ရင်ဆိုင်နေရ သည့် အချိန်ဖြစ်နေသည်။ ဒါကြောင့်လည်း သူတို့ အတိုင်း အတာနဲ့ အပေါ်ယံ အပြောင်းအလဲတခု ကို ဖန်တီး လာသည်။ အဲဒီအချိန်မှာ လူထုကလည်း အပြောင်းအလဲ အတွက် စတင်ရုန်းကန် လှုပ်ရှား လာနေသည်။အခုအချိန်ကဒီနှစ်ခုထိပ်တိုက်တွေ့နေတဲ့ အချိန်ဖြစ်နေသည်။ ဒါကြောင့်မို့လည်း အနာဂတ်ဟာတိုက်ပွဲပုံစံမျိုးစုံနဲ့ပြည့်လွှမ်းနေတော့မှာဖြစ်သည်။ဒီတော့တဦးတယောက်ခြင်းအနေနဲ့ရော၊ အဖွဲ့အစည်းတခုခြင်းအနေနဲ့ရော၊လှုပ်ရှားမှုတခုလုံးကိုလွှမ်းခြုံတဲ့အနေနဲ့ရောဘယ်လောက်စနစ်တကျ ပြင်ဆင်ထားပြီးပြီ၊ တိုက်ပွဲနဲ့ လူထုကိုပေါင်းစပ်ပေးလိုက်ဖို့ ဘယ်လောက်အသင့်ဖြစ်နေပြီ၊ အောင်ပွဲကိုရယူဖို့ ဘယ်လောက် အသင့်ဖြစ်နေပြီ စတဲ့ စတဲ့မေးခွန်းတွေကို မေးလည်းမေး၊ အကောင်အထည်လည်း ဖေါ်နိုင်အောင် ညီညွတ်ရေးကိုရှေ့ တန်းတင်ပြီး အပူတပြင်း လုပ်ဆောင် ကြရတော့မှာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုကြီးကအသင့်အနေအထားနှင့် စောင့်မျှော်နေကြလို့ပဲ ဖြစ်သည်။

ကောင်းဇေ

အပြည့်အစုံသို့...